
ဆရာကြီးမင်းသုဝဏ်နှင့် ဆရာကြီးဇော်ဂျီတို့၏စာပေလက်ရာများနှင့် စာပေသြဇာအရှိန်အဝါကြီးမားသောအခြားစာပေပညာရှင်တို့၏စာပေလက်ရာများအခြေခံပညာအဆင့် မြန်မာစာပြဋ္ဌာန်းစာအုပ်များ၌ ထည့်သွင်းပြဋ္ဌာန်းထား
အခြေခံပညာအဆင့် မြန်မာစာပြဋ္ဌာန်းစာအုပ်များတွင် ဆရာကြီး မင်းသုဝဏ်နှင့် ဆရာကြီးဇော်ဂျီတို့၏စာပေလက်ရာ များနှင့် စာပေသြဇာအရှိန်အဝါကြီးမားသောအခြားစာပေ ပညာရှင်တို့၏စာပေလက်ရာများအား ထည့်သွင်းပြဋ္ဌာန်းပြုစု ခြင်းများဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။
သြဂုတ် ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းမေးမြန်းသောမေးခွန်းကို ရှင်းလင်းစဉ် ပြောကြားခြင်းဖြစ်သည်။ ဦးမင်းသိန်းက ဆရာကြီးမင်းသုဝဏ်နှင့် ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေသြဇာအရှိန်အဝါကြီးမားသော စာပေပညာရှင်များ၏ စာပေလက်ရာများကိုအခြေခံပညာအလယ်တန်းနှင့်အထက်တန်း မြန်မာစာပြဋ္ဌာန်းစာအုပ်များ၌ ထည့်သွင်းပြဋ္ဌာန်းရန်အစီအစဉ်ရှိ၊ မရှိ မေးမြန်းခြင်းဖြစ်သည်။
ရသစာပေ
ဆရာကြီးမင်းသုဝဏ်၏ စကားပြေများ၊ ကဗျာများက ပျောက်ချင်းမလှပျောက်နေတာ ဘာကြောင့်ပါလဲ။ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့နဲ့အတူ မြန်မာစာပေကိုအခြေတင့်စေခဲ့ သလိုအခြားသော ဆရာဆန်းထွန်း၊ လူထုဒေါ်အမာ၊ ဆရာ တင်မိုး၊ ဆရာအောင်သင်း စတဲ့စာပေကျေးဇူးရှင်ကြီးတွေရဲ့ စာပေ၊ ကဗျာတွေ၊ ရသစာပေတွေဟာလည်း မြန်မာစာကိုအခြေမြှင့်စေခဲ့ပါတယ်။ ဒီကနေ့ ဖေ့စ်ဘွတ်ခ်ခေတ်ကြီးမှာ မြန်မာစာပေဟာ ရသစာပေဘက်ကိုအားနည်းလာပြီးတော့ မြန်မာစာပေဟာအကျဘက်ကိုဦးတည်နေပါတယ်။ ဒါကြောင့် မြန်မာစာပေဦးမော့လာစေရန်ရည်ရွယ်ချက်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်ဟု ဦးမင်းသိန်းက တင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင်အခြေခံ ပညာမူလတန်းအဆင့် ပထမတန်းမြန်မာစာဖတ်စာ၌ ဆရာကြီး မင်းသုဝဏ်၏ သပြေသီးကောက်နှင့် ကြာဆစ်ချိုးကဗျာတို့ကို လည်းကောင်း၊ ဒုတိယတန်း မြန်မာစာဖတ်စာ၌ ဆရာကြီးမင်း သုဝဏ်၏ရွှေဥသြကဗျာကိုလည်းကောင်း၊ တတိယတန်း မြန်မာ စာဖတ်စာ၌ ဆရာကြီးမင်းသုဝဏ်၏ လယ်စောင့်တဲကဗျာကို လည်းကောင်း ထည့်သွင်းသင်ကြားလျက်ရှိပါကြောင်း ဖြေကြား ခဲ့သည်။
ထို့အပြင်အခြေခံပညာအလယ်တန်းအဆင့်တွင် ဆဋ္ဌမ တန်း သင်ရိုးသစ်မြန်မာစာ၌ ဆရာဇော်ဂျီ၏ ပိတောက်နွယ် ကဗျာကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊အခြေခံပညာအထက်တန်းအဆင့်တွင်လည်း နဝမတန်း မြန်မာကဗျာ လက်ရွေးစင်၌ ဆရာဇော်ဂျီ၏ လှိုင်းကလေးသင်ကဗျာနှင့် မြန်မာစကားပြေ၌ ဆရာကြီးမင်းသုဝဏ်၏ လူလည်း တစ်ထွေ၊ ရေလည်းတခြား စကားပြေတို့ကိုလည်းကောင်း၊ ဒသမတန်း မြန်မာကဗျာလက်ရွေးစင်၌ ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာကိုလည်းကောင်း ထည့်သွင်းပြဋ္ဌာန်းသင်ကြားပေးလျက် ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားခဲ့သည်။
ဆက်လက်စီစဉ်ဆောင်ရွက်
ဥပမာအနေနဲ့ဆိုရင် ဆရာတင်မိုးရဲ့ စံပယ်ပွင့်ကလေး ကဗျာဆိုရင် ပထမတန်းစာမျက်နှာ ၈၉ မှာ ပါပါတယ်။ ဆရာ ပျဉ်းမနား မောင်နီသင်းရဲ့ဆုတောင်းဆိုတဲ့ကဗျာဟာ စာမျက်နှာ ၁၃၄ မှာပါပါတယ်။ ဒုတိယတန်းမှာလည်း ဒီလိုပဲ။ ဆရာ တင်မိုးရဲ့မေ့သားလှဆိုတဲ့ကဗျာဟာ စာမျက်နှာ ၁၅ မှာ ပါပါ တယ်။ ဆရာတင်မိုးရဲ့ ယုန်ကလေးကနားရွက်ထောင်ကဗျာ ကလည်း စာမျက်နှာ ၂၇ မှာအသီးသီးထည့်သွင်းသင်ကြားပေး လျက်ရှိကြောင်းနဲ့အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ဟု ပြည်ထောင်စုဝန်ကြီးကရှင်းလင်းဖြေကြားခဲ့သည်။