ရွှေသိမ်တော်က ထွန်းကားလာတဲ့ ကန်တော့ပွဲဓလေ့
mmtimes.com
|
2019-09-12

ကန်တော့ပွဲ လှူဒါန်းသူတစ်ဦးကို ရှေ့မှ ရွတ်ဖတ်ပေးနေသော ဦးချစ်ညွန့်။ ဓာတ်ပုံ - ဖြိုးဝေကျော်

ကန်တော့ပွဲ လှူဒါန်းသူတစ်ဦးကို ရှေ့မှ ရွတ်ဖတ်ပေးနေသော ဦးချစ်ညွန့်။ ဓာတ်ပုံ - ဖြိုးဝေကျော်

ရွှေသိမ်တော်က ထွန်းကားလာတဲ့ ကန်တော့ပွဲဓလေ့


မန္တလေးသား ကိုရွှေတစ်ယောက် သူသိပ်ကြိုက်တဲ့အရက်ကို နှစ်တိုင်း ဝါတွင်းကာလတွေမှာ မသောက်ဘဲ ရှောင်လေ့ရှိသည်။ ထိုသို့အနားပေးရာမှာ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်တဲ့အတိုင်း မသောက်တော့ဘူးဆိုပြီး နေလိုက်ခြင်းမဟုတ်။ ကျောက်ဆည်မြို့မြောက်ဘက်တွင်ရှိသော ရွှေသိမ်တော်ဆီကို တကူးတကသွား၍ ကန်တော့ပွဲဆက်ပြီးမှအသောက်နားခြင်းဖြစ်သည်။

"ရွှေသိမ်တော်ကို သွားတာက ကိုယ့်စိတ်ကို ပိုပြီးအလေးအနက်ဖြစ်စေပါတယ်။ ဒါက ကျွန်တော် တစ်ယောက်တည်းတင် မဟုတ်ဘူး။ တခြားစီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးအစစအရာရာအတွက်အဓိဋ္ဌာန်ပြီး လုပ်လိုသူမှန်သမျှ ရွှေသိမ်တော်ကို သွားကြတယ်"ဟု ကိုရွှေက ပြောသည်။

ကိုရွှေပြောတာအမှန်ပင်။ ကိုရွှေလိုအရက်ကို ခဏသာနားမည့်သူများသာမကအရက်ကို ရာသက်ပန်လှူမည့်သူများ၊ လုပ်ငန်းကိုင်ငန်းကြီးများ စတင်တော့မည့်သူများ စသဖြင့်အကြောင်းအမျိုးမျိုးရှိသူများ ရွှေသိမ်တော်ဆီ ရောက်ဖြစ်ကြသည်။

ရွှေသိမ်တော်ဘုရားသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကြီးရွာတွင် တည်ရှိသည်။အနော်ရထာမင်းတည်ခဲ့သော ဘုရားဖြစ်ကာ သိမ်သမုတ်တော်မူခဲ့သော ပုဂ္ဂိုလ်မှာလည်း မင်းကြီးကိုးကွယ်ခဲ့သောအရှင်အရဟံ ဖြစ်သည်။

အနော်ရထာမင်းနောက်ပိုင်း ရွှေသိမ်တော်ဘုရားကို ခေတ်အဆက်ဆက်ကိုးကွယ်ခဲ့ကြသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝ ခန့်က ရွာသူရွာသားများ ပေါ့လျော့မှုကြောင့် ဘုရားသည် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းခဲ့ကြောင်း သမိုင်းသုတေသီအချို့က ဆိုသည်။

mdy_18b.jpg

ရွှေသိမ်တော်ဘုရားမှ လှူဒါန်းထားသော ကန်တော့ပွဲများ။ ဓာတ်ပုံ - ဖြိုးဝေကျော်

ရွှေသိမ်တော်ဘုရားမှ လှူဒါန်းထားသော ကန်တော့ပွဲများ။ ဓာတ်ပုံ - ဖြိုးဝေကျော်

ထိုကာလတွင် ရွာသို့ ကပ်ရောဂါကျရောက်ခဲ့ရာ ရွာမှ ထွက်ပြေးသောသူများကို ပြန်စုစည်းပြီး ဘုရားအနီးက ချုံနွယ်များကို ရှင်းလင်းရသည်။ ထိုသို့ ရှင်းလင်းပြီးမှသာ ရွှေသိမ်တော်မြတ်စွာဘုရားမှာ သန့်ရှင်းစွာ သီတင်းသုံးခဲ့ရကာ ရွာသည်လည်း ယနေ့တိုင် ကပ်ရောဂါကင်းရှင်းသွားခဲ့ကြောင်း ပါးစပ်ရာဇဝင်အခိုင်အမာရှိခဲ့သည်။

"၁၉၈၇ လောက်မှာ မန္တလေးမြို့က ဦးတိုက်ကြီးမောင်၊ ဒေါ်ညိုညိုညိမ်းဆိုသူတွေက သူတို့ကြုံနေရတဲ့အခက်အခဲတွေကို ပြေလည်စေဖို့ ဘုရားမှာလာပြီးအဓိဋ္ဌာန်ပြုဆုတောင်းတယ်။ သူတို့ငယ်စဉ်ကလည်း ဒီကိုလာဖူးတာကြောင့် ထပ်လာကြတာ။ လာကြတော့ မန္တလေး-ကျောက်ဆည်ကားခတောင် မတတ်နိုင်ဘူးလို့ ကြားဖူးတယ်။ နှစ်လခွဲအတွင်း သူတို့အခက်အခဲတွေ ပြေလည်သွားတော့ သိမ်တိုက်ကို လ·ခဲ့ကြတယ်။အဲဒီကနေ တောင်ပေါ်မြေပြန့် ဘုရားဖူးတွေ မပြတ်လာကြတော့တာပဲ" ဟုအသက် ၆၉ နှစ်ရွယ် ဦးချစ်ညွန့်က ပြောသည်။

ဦးချစ်ညွန့်သည် ဘုရားသို့လာရောက်ကာအဓိဋ္ဌာန်ပြုဆုတောင်းသူများက ကန်တော့ပွဲဆက်ကပ် လ·ဒါန်းရာတွင် ထိုသူများအတွက် ရှေ့မှ တိုင်ပြီး ရွတ်ဖတ်ပေးရသော"အကျိုးဆောင်" ဖြစ်သည်။ ယခင်က နေဝင်လျှင် ဘုရားအနီးအနားမှ ဖြတ်ကာ မည်သူမျှ မသွားဝံ့ခဲ့ကြသော်လည်း ယခုအခါအခါကြီးရက်ကြီးများတွင် ခြေချစရာနေရာလွတ် မရှိလောက်အောင်ပင် ဘုရားဖူးများဖြင့် နေ့စဉ် စည်ကားနေသည်။

"များသောအားဖြင့် စနေ၊ တနင်္ဂနွေ၊ ဥပုသ်ရက်တွေမှာ စည်စည်ကားကားပဲ။ ပိုထူးတာက နှစ်ဆန်းတစ်ရက်ကနေ ခုနစ်ရက်အထိက တိုးမပေါက်အောင်စည်တယ်။ ကဆုန်လပြည့်၊ ဝါဆိုလပြည့်၊ သီတင်းကျွတ် တန်ဆောင်မုန်းလပြည့်နေ့တွေရောပဲ။ စနေ၊ တနင်္ဂနွေရက်တွေနဲ့ ဆုံသွားရင် ကန်တော့ပွဲပေါင်းကအရေအတွက်သောင်းကျော်သွားတယ်။ "စေတီပွဲ" ပေါင်းက ရာချီသွားတတ်တယ်"ဟု ဦးချစ်ညွန့်က ပြောသည်။

ကန်တော့ပွဲများမှာ ငှက်ပျောသီးသုံးဖီးပါ တစ်ပွဲကျပ် ၄ဝဝဝ၊ ငါးဖီးပါတစ်ပွဲကျပ် ၆ဝဝဝ၊ ၁၁ ဖီးပါ တစ်ပွဲ ကျပ် ၁၃ဝဝဝ၊၁၀၈ ဖီးပါ "စေတီပွဲ" တစ်ပွဲလျှင် ကျပ် ၁၃၀ဝဝဝ ဈေးနှုန်းရှိသည်။ ထိုကန်တော့ပွဲများမှာအခါကြီးရက်ကြီးတွင် ဘုရားအတွင်း ပတ်ပတ်လည်အပြည့်ဖြစ်သွားတတ်ကာ ဦးချစ်ညွန့်အပါအဝင်အကျိုးဆောင် ၁၄ ဦးမှာ လုံးဝအနားမရတတ်ပေ။

"လာကြတာတော့ မြန်မာပြည်အနှံ့က လူမျိုးဘာသာမရွေးပဲ။ ထူးထူးခြားခြားအောင်မြင်တယ်လို့လည်း ပြောကြတယ်။ ဒါကြောင့်လည်းအဓိဋ္ဌာန်ပြုကြ၊ လှူကြတာပဲ။အနုပညာရှင်တွေထဲကလည်း လာကြတာ နာမည်ကြီးတွေ လူစုံသလောက်ပဲ။ ထေရဝါဒက ဆုတောင်းတာမရှိပေမဲ့ ဘုရားဖူးတွေရဲ့အကျိုးအရ လုပ်ဆောင်ပေးရပါတယ်"ဟု ဦးချစ်ညွန့်က ပြောသည်။

ဘုရားတွင် ကန်တော့ပွဲရောင်းသော ကိုယ်စားလှယ်ဆိုင် ၄၅ ဆိုင်ရှိကာ လ·ထားသော ကန်တော့ပွဲများကို ပြန်မသုံးရန် ဂေါပကအဖွဲ့က ကြီးကြပ်စီမံသည်။ လှူဒါန်းပြီးသော ကန်တော့ပွဲများကို မိဘမဲ့ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များသို့ ပြန်လ·ကြောင်း ဦးချစ်ညွန့်က ပြောသည်။

ယုံကြည်ကိုးကွယ်မှု ပိုများလာသော ရွှေသိမ်တော်မှာ ယခင်ကလည်း ထူးခြားချက်များရှိခဲ့ကြောင်း သူက ပြောသည်။ ရှေးက တစ်ဦးနှင့် တစ်ဦးစွပ်စွဲစရာအမှုကိစ္စများ ရှိလာပါက တရားရုံးတွင် တရားပြိုင်ခြင်းထက် ရွှေသိမ်တော်သို့သွားကာ တရားပြိုင် (ရွှေသိမ်တော်ဝင်) ကြလေ့ရှိခဲ့သည်။ တရားပြိုင်နှစ်ဦးကဖယောင်းတိုင် တစ်ယောက်တစ်ချောင်းစီ၊ သို့မဟုတ် ပန်းတစ်ပွင့်စီအတွက်သာ ကုန်ကျစရိတ်ရှိကာ ချဲ့ထွင်လိုပါက ကန်တော့ပွဲတစ်ပွဲသာ ကုန်ကျစရိတ်ရှိသည်ဟုဦးချစ်ညွန့်က ပြောသည်။ ဂေါပကအဖွဲ့မှာအမှုအတွက် ကြားဝင်ဆောင်ရွက်ပေးကာ တရားလို တရားခံ နှစ်ဖက်စလုံးဆီမှ လာဘ်စားခြင်းမပြုဝံ့ပဲ သမာဓိတည်ကြည်စွာနှင့် လုပ်ဆောင်ပေးကြရသည်။ ဒေသခံများက ကျိန်ဆိုကြရာတွင်ပင် မိုးကြိုးပစ်၊ ြွမေကိုက်ဟုသာ ကျိန်ဆိုရဲကြပြီး ရွှေသိမ်တော်စူးပါစေဟူ၍ကား မကျိန်ဆိုဝံ့ကြပေ။

mdy_18c.jpg

ကန်တော့ပွဲပို့ပေးသူတစ်ဦး ကန်တော့ပွဲများရှေ့မှ ဖြတ်လျှောက်သွားစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်

ကန်တော့ပွဲပို့ပေးသူတစ်ဦး ကန်တော့ပွဲများရှေ့မှ ဖြတ်လျှောက်သွားစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်

ဘုရားဖူးများအကြား ထင်ရှားသော ရွှေသိမ်တော်ဘုရားမှာ ယခင်က ကျောက်စာတိုင်ရှိသော်လည်း ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ကျောက်စာတိုင်ပျောက်ဆုံးသွားခဲ့သောကြောင့် ကျောက်စာပါအကြောင်းအရာများကို သိရှိနိုင်ခြင်း မရှိတော့ပေ။ သို့ရာတွင် ရွှေသိမ်တော်မှာအမှားအမှန်ကို ယခုအချိန်ထိစောင့်ရှောက်သည်ဟု ယုံကြည်ကြောင်းကိုအဓိဋ္ဌာန်ပြု ဆုတောင်းသူများ၏ နေ့စဉ်များပြားလှသော ကန်တော့ပွဲများက သက်သေခံနေသည်။

"တရားပြိုင်တွေက သစ္စာပြုဖို့ ဘုရားရဲ့ မြောက်ဘက်မုခ်ကနေ လာကြရတယ်။ဂေါပကအဖွဲ့တွေကလည်း ရက်ရှည် ဥပုသ်စောင့်ပြီးမှ လုပ်ဆောင်ပေးရတယ်။ ဖယောင်းတိုင်မီး ငြိမ်းသွားတဲ့သူ၊ ပန်းပွင့် ညှိုးသွားတဲ့သူကအရှုံးပဲ။ ဒီလိုအဖြစ်အပျက်တွေကိုအခုအထိ မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်"ဟု ဦးချစ်ညွန့်က ပြောသည်။


#ကန်တော့ပွဲ
#ရွှေ
#အဓိဋ္ဌာန်
#ဘုရား
#ကျောက်ဆည်

Some text some message..