“ ညစ်ညမ်းတယ် မဟုတ်ဘဲနဲ့ အနုပညာတစ်ခုလို့ သက်ဝင်ယုံကြည်လာစေချင်တာပါပဲ”
mizzimaburmese.com
|
2019-09-25

ခန်းမအတွင်း ဝင်လိုက်သည်နှင့် တွေ့မြင်လိုက်ရသည်က အဝတ်ဗလာနှင့်အမျိုးသမီးများကို သဘာဝဆန်ဆန် ဖျော့တော့နေသော အရောင်မျိုးတွင် ရေးဆွဲထားသည့် ပန်းချီကားအများအပြားကို တွေ့မြင်လိုက်ရသည်။

ခန္ဓာကိုယ်ကောက်ကြောင်း ခပ်သွယ်သွယ် မဟုတ်ဘဲ ဝဖိုင့်သည့် အသက် ခပ်လတ်လတ်အရွယ် အမျိုးသမီး ပုံများ ပါဝင်ပြီး အိပ်နေသည့်ဟန်၊ ထိုင်နေသည့်ဟန်၊ မတ်တပ်ရပ်နေသည့်ဟန်များဖြင့် ရေးဆွဲထားသည်။

ပန်းချီဇော်မောင်၏ Solo Art Exhibition ပြပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ရှိ The Yangon Gallery မှာ ပြသနေခြင်း ဖြစ်ပြီး ပန်းချီဆရာက အမျိုးသမီးခန္ဓာကိုယ်ဆိုသည်ထက် လူသားခန္ဓာကိုယ် (Human Body) တစ်ခုအနေဖြင့် ရေးဆွဲထားသည်ဟု ဆိုသည်။

“ ကျွန်တော် ပန်းချီဆွဲနေတဲ့ အနေအထားတစ်ခုမှာပဲ အဲဒီနေရာကို ရောက်သွားပြီးတော့ ကျွန်တော် အဲဒါကို မရအရ ဖမ်းဆုပ်ပြီးတော့ ဆွဲနေရတဲ့ဟာမျိုးပေါ့” ဟု ပန်းချီဇော်မောင်က ပြောသည်။




“ ပန်းချီဆွဲတဲ့အခါမှာ အမျိုးသမီးရယ်၊ ဘာရယ်လို့တော့ မရှိတော့ဘူး။ ကျွန်တော်တို့မှာ အလုပ်တော်တော် ရှုပ်နေပြီ အဲဒီမှာ။ ဒီလိုပုံတွေဟာ ဒီလိုမြင်ရတဲ့ အခိုက်အတန့်မှာ လှသားပဲ၊ မလှဘူး ၊ ဘယ်လိုပုံပေါက်နေတယ်၊ သို့ပေမယ့် လူဟာ လူကို ဘယ်လို အနေအထားမျိုးမှာ ကြည့်ကြည့် အချိုးမကျဘူးဆိုတာ လူတိုင်း ခန့်မှန်းလို့ ရတယ်။ အခက်အခဲက အဲဒါပဲ” ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်ကတည်းက ရေးဆွဲထားသည့် Nude Art ပန်းချီကားများကို ပြသရန် စဉ်းစားလိုက်ပြီးသည့်နောက် ပြပွဲအိပ်မက် အကောင်အထည်ဖော်ရန် ပန်းချီဇော်မောင်က ကြိုးစားခဲ့သည်။

အဆိုပါ ပန်းချီပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၅၉ ကား ပြသထားပြီး ယင်းပန်းချီကားများအတွက် အမျိုးသမီး သုံးဦးကို အကူညီတောင်းကာ တစ်ကားလျှင် အချိန် နှစ်ရက်၊ သုံးရက်ယူကာ ရေးဆွဲထားသည်။ ထို့ပြင် ရေးဆွဲရသည့် စတူဒီယို ငှားရမ်းရန် အခက်အခဲ ရှိသည်ဟုလည်း ပန်းချီဆရာက ဆိုသည်။

အဝတ်ဗလာနှင့်မြန်မာအမျိုးသမီးတစ်ယောက်ကို သရုပ်ပြခိုင်းပြီး ပန်းချီဆွဲရသည့်အကြောင်းကို ပန်းချီဇော်မောင်က ပွင့်လင်းစွာ ပြောသည်။

“ ရတဲ့ အခိုက်အတန့်မှာ ရအောင်ဆွဲထားလိုက်တဲ့ သဘောပဲ” ဟု ပြောသည်။

“ အဲလို မှီထိုင်နေတာတောင်မှ ၁၅ မိနစ်တစ်ခါ ပြောင်းရတယ်။ လူဟာ တရားထိုင်နေတာ မဟုတ်ဘူး။ လူက မခံနိုင်ဘူး။ ခဏ ခဏ ပြောင်းပြီး ထိုင်ရတယ်” ဟု ပန်းချီဆွဲသည့် အတွေ့အကြုံကို ပြောသည်။

ထိုသို့ ပန်းချီကားများ ရေးဆွဲပြီးစီးပြီး ယင်းပန်းချီကားများကို ပြန်မြင်ရသည့်အခါ ပန်းချီဆွဲခံသူ အမျိုးသမီး ကိုယ်တိုင်က လိုလားနှစ်ခြိုက်စွာ ထပ်မံဆွဲရန် ခွင့်ပြုခဲ့သည်။

လက်ရှိတွင် Nude Art ဟု ဆိုသည်နှင့် အဝတ်ဗလာနှင့်အမျိုးသမီးပုံကို အများစုက တွေးမြင်ကြပြီး အမျိုးသား ကိုယ်ဟန်ပြသူများကို မတွေးကြသည်က များသည်။ ယင်းအတွေးကို ပန်းချီဆရာက ဖမ်းဆုပ်မိဟန် ရှိသည်။

“ ဒါကြောင့် ကျွန်တော်က အမျိုးသမီးပုံမှ မဟုတ်ဘူး၊ အမျိုးသားပုံလည်း ရတယ်။ ကျွန်တော်လိုချင်တဲ့ Figure ရှိတဲ့ အမျိုးသားပုံလည်း ဆွဲမယ်။ အဲဒါမျိုးပေါ့” ဟု သူက သူ့ပန်းချီကားတွေ၏ အလယ် ၊ ခန်းမထဲက ခုံတန်းမှာ ထိုင်ရင်း ပြောသည်။

အဆိုပါ ပန်းချီကားများကို ရောင်းဈေး သတ်မှတ်ထားသော်လည်း ရောင်းရ၊မရောင်းခြင်းထက်၊ ဈေးကွက် သဘောတရားများထက် အနုပညာအနေဖြင့် ဖန်တီးခဲ့ကြောင်း ပန်းချီဆရာထံမှ သိရသည်။

“ စိတ်ထဲမှာ ရောင်းရခြင်းတို့၊ စီးပွားဖြစ်တာတို့ အကုန်ဖျောက်ထားလိုက်တယ်။ သေချာပါတယ် လှပတဲ့ Nude တွေမှ မဟုတ်တာ။ ဒါက တင်ပြခြင်း တစ်ခုပေါ့။ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့၊ နောက်ပြီး လုပ်ဖို့ အခွင့်အရေး ရလို့ပါ။ မိသားစုတွေရဲ့ ကျေးဇူးလည်းပါတယ်။ မော်ဒယ်ထိုင်ပေးတဲ့သူရဲ့ ကျေးဇူးလည်း ပါ ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာတွင် Performance Artist များ ရှိနေပြီး Nude Art များအတွက် ကိုယ်ဟန်ပြနိုင်သော်လည်း အရှေ့တောင်အာရှနိုင်ငံဖြစ်သော၊ အရှက်အကြောက်ကြီးသော၊ ရိုးရာယဉ်ကျေးမှုဓလေ့များ အထပ်ထပ် ရစ်ပတ်ထားသော မြန်မာနိုင်ငံတွင်မူ မော်ဒယ်၊ စတူဒီယို အခက်အခဲများ ရှိနေသည်။

အဆိုပါ ပန်းချီများအတွက် အခြား အတားအဆီးတစ်ခုလည်း ရှိနေသေးသည်။ စတူဒီယို မရှိသောကြောင့် နေအိမ်တွင် ရေးဆွဲရပါက ပန်းချီဆရာ၏ မိသားစုက နားလည်မှု ရှိပေးရန် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် Nude Art ကို လက်ခံရန် အချိန်ယူရဦးမည့် သဘောမှာရှိနေသေးကြောင်း ပန်းချီဆရာက ဆိုသည်။

“ ဒီ တိုင်းပြည်မှာ မွေးပြီး ကြီးပြင်းတဲ့လူဆိုတော့ လက်ခံလိမ့်မယ်လို့တော့ အရမ်းကြီး မပြောနိုင်ဘူး” ဟု ဆိုသည်။

ပန်းချီပြခန်းကို တစ်ချက် ဝေ့ကြည့်ရင်း ကာတွန်းဇော်မောင်၊ သရုပ်ဖော်ဇော်မောင်၊ ပန်းချီဇော်မောင်ဆိုပြီး အနုပညာဖန်တီးခဲ့သူ ပန်းချီဆရာကတော့ Nude Art နှင့်ပတ်သက်ပြီး ခပ်ရှင်းရှင်းပြောလိုက်သည်။

“ ညစ်ညမ်းတယ်တို့၊ ဘာတို့ မဟုတ်ဘဲနဲ့ အနုပညာတစ်ခုလို့ သက်ဝင်ယုံကြည်လာစေချင်တာပါပဲ။ ပန်းချီဆရာတစ်ယောက်ရဲ့ အလုပ်ပဲလေလို့ ထားပေးလိုက်ရင်ကို မဆိုးဘူး” ။


#ပန်းချီဆရာ
#ပန်းချီကား
#ပန်းချီ
#စတူဒီယို
#အမျိုးသမီး

Some text some message..