
အမြင်အာရုံချို့တဲ့နေသော ဇနီးမောင်နှံနှင့်အတူ တွေ့ရသော ၎င်းတို့၏သမီးငယ်။ ဓာတ်ပုံ-အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
မျက်မမြင် ကလေးတွေကို စာဖတ်စေချင်သူ
ကိုထွေးလို့ သူ့မိခင်က ချစ်စနိုးခေါ်တတ်တဲ့ ကိုဇော်ထွေးဦးတို့မိသားစုဟာ သာမန်မိသားစုတွေလိုပဲ သွားအတူ လာအတူနဲ့ ချစ်ချစ်ခင်ခင် ဖေးဖေးမမ ရှိလှပါတယ်။
ကိုဇော်ထွေးဦးဟာ ကျောင်းမှာ စာသင်တဲ့ အလုပ်ပြီးရင် သူ့ဇနီးသည်ရဲ့အလုပ်ကို တက္ကစီနဲ့သွားပြီး အလုပ်က အပြန်လည်း အတူတူပြန်လာတတ်ကြပါတယ်။
အမြင်အာရုံချို့တဲ့မှုဟာ သူတို့မိသားစုခရီးလမ်းမှာ ခလုတ်တံသင်း လို့တောင် မထင်ရပါဘူး။
"သောက်ရေခပ်တာ အမှိုက်ပစ်တာကအစ သူပဲ လုပ်တယ်" လို့ အသက်၂၂ နှစ်အရွယ်မှာ မျက်စိကွယ်သွားတဲ့ သူ့ဇနီးသည် မရတနာထွေးက ပြောပါတယ်။
ကိုထွေးတစ်ဖြစ်လဲ ကိုဇော်ထွေးဦးဟာ ကြည့်မြင်တိုင်မျက်မမြင် ကျောင်းမှာ တတိယတန်းအင်္ဂလိပ်စာပြ ကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ မွေးရာပါမျက်မမြင်တစ်ဦးဖြစ်ပြီး အမှီအခိုကင်းပြီး ဘဝတူကျောင်းသားတွေ အားထားရာ ဆရာသမားကောင်းတစ်ယောက်ဖြစ်အောင် ငယ်စဉ်ကတည်းက ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။
"ကျွန်တော်ကိုယ်တိုင်က မျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း တိုးတက်အောင်ကြိုးစားသလို ဘဝတူမျက်မမြင်ကလေးတွေကို တိုးတက်စေချင်တဲ့ဆန္ဒနဲ့ ကျောင်းမှာ လက်မှုပညာကနေ စာပေပညာထိ ကြိုးစားပြီးသင်ပေးတယ်" လို့ ကိုဇော်ထွေးဦးက ပြောပါတယ်။
ကိုဇော်ထွေးဦးဟာ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ အင်္ဂလိပ်စာသင်ပြနေတာ ခုဆို ၁၈ နှစ်ရှိနေပြီး သူကိုယ်တိုင်ကတော့ အသက် ၁၀ နှစ်အရွယ်မှာ အဲဒီကျောင်းမှာပဲ အတန်းပညာစတင်သင်ယူခဲ့ရပါတယ်။
p29_ahh_5458.jpg

မျက်မမြင်ဖတ်စာ။ ဓာတ်ပုံ-အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
"ကျွန်တော် အသက် ၁၀ နှစ်အရွယ်မှာ ရပ်ကွက်ထဲမှာ တခြားကလေးတွေနဲ့ ကစားနေတုန်း လူတစ်ယောက်က ကျွန်တော့်ကိုအိမ်လိပ်စာတစ်ခု လာမေးတယ်။ကျွန်တော်က လမ်းညွှန်ပေးလိုက်တော့ သူက ကျွန်တော့်ကို မျက်စိမမြင်ဘူးလား၊ မင်းအိမ်ကို လိုက်လည်ချင်တယ် ခေါ်သွားမလားလို့မေးတယ်" လို့ ကိုဇော်သက်ထွေးကပြောပါတယ်။
သူက အဲဒီအမျိုးသားကို အိမ်အထိခေါ်လာခဲ့ပြီး မိခင်ရဲ့ခွင့်ပြုချက်နဲ့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကို ရောက်ရှိလာတာပါ။
မျက်စိမမြင်တဲ့အတွက် ကျောင်းစာသင်ကြားမှုမှာ ထုံးစံအတိုင်း သာမန်လူတွေထက် နည်းနည်းပိုပြီး ဝီရိယစိုက်ရပါတယ်။ မျက်မမြင်ကျောင်းသားတွေအတွက် အခက်ခဲဆုံးဘာသာရပ်က သင်္ချာဖြစ်ပြီး တြိဂိုနိုမေတြီ (တြိဂံ၏အနားများထောင့်များနှင့်ဆိုင်သောသင်္ချာ)ကို ဖယ်ထားကာ အက္ခရာသင်္ချာကိုသာ ကြိုးစားတွက်ရပါတယ်။ သင်္ချာဘာသာရပ်မှာ အမှတ် ၁၀ဝ ဖိုးမှာ အက္ခရာ သင်္ချာက ၆၅ မှတ်ဖိုးပဲပါတော့ သင်္ချာဘာသာရပ်ဟာ ဂုဏ်ထူးထွက်ဖို့ မဖြစ်နိုင်ပါဘူး။ လက်ရှိအချိန်ထိ အမြင်အာရုံချို့ယွင်းနေသူတွေအတွက် တြီဂိုနိုမေတြီကို ပြပေးမယ့် ဆရာကောင်းကောင်း မရှိသလို သင်ထောက်ကူကိရိယာတွေ လည်း အစုံအလင်မရှိပါဘူး။
"ကျွန်တော်တို့တုန်းကတော့ ခုလို အသံဖမ်းစက်တွေ၊ အမ်ပီသရီးတွေ မပေါ်သေးဘူး။ ကက်ဆက်ကလေးနဲ့ တက္ကသိုလ်အထိ သုံးခဲ့ရတယ်။ ခုကျတော့ ကွန်ပျူတာတွေ၊ အမ်ပီသရီးတွေ သုံးနိုင်တော့ စာကျက်ရ မှတ်ရတာ ပိုလွယ်သွားတယ်။ တစ်ဖက်က ဘယ်လိုအားနည်းသွားသလဲဆို အသံနားထောင်ပြီးကျက်ရတဲ့အတွက် စာရေးတဲ့အခါ မြန်မာစာနဲ့ အင်္ဂလိပ်စာသတ်ပုံတွေ ကျသွားတယ်။ ခုခေတ်ရဲ့ဆုတ်ယုတ်မှုပေါ့" လို့ သူက ပြောပါတယ်။
ဆရာဇော်ထွေးဦးဟာ အင်္ဂလိပ်စာကို ကြိုးစားလေ့လာခဲ့ပြီး သူ ကိုးတန်းအရွယ်မှာကတည်းက Wuthering Heights (လေထန်ကုန်း)လို ဂန္ထဝင်ဝတ္ထုရှည်တွေကို အင်္ဂလိပ်ဘာသာနဲ့ စတင်ဖတ်ရှုနေခဲ့ပါပြီ။ ဝတ္ထုစာအုပ်ကို အင်္ဂလိပ်စာသင်ပေးတဲ့ဆရာက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဖတ်ချင်လွန်းလို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ မျက်မမြင်ဖတ်လို့ရတဲ့ စာအုပ်အဖြစ် ရိုက်ထုတ်ပေးဖို့ အကူအညီတောင်းခဲ့ရတာပါ။
နည်းပညာရဲ့ ဆိုးကျိုးတစ်ခုကတော့ ဝတ္ထု၊ မဂ္ဂဇင်းစတဲ့ ဗဟုသုတတွေကို အသံကိုပဲ နားထောင်ရတဲ့ အသံစာအုပ်တွေ အများကြီးရှိလာတဲ့အတွက် ကလေးတွေက လက်နဲ့စမ်းပြီးဖတ်ရတဲ့အလေ့အထကို သိပ်မလုပ်ကြတော့ပါဘူး။ ကလေးတွေအတွက် ကျောင်းစာကြည့်တိုက်မှာ ကောင်းမွန်တဲ့ စာအုပ်စာပေတွေ မရှိသလို ကလေးတွေကလည်း စာကြည့်တိုက်ကို ဘယ်လိုအသုံးချရကောင်းမှန်း မသိတော့ဘူးလို့ သူကပြောပါတယ်။
"မျက်မမြင်စာအုပ်တွေက ဈေးသိပ်ကြီးတယ်။ စာလုံးတွေက ဖောင်းပွတယ်။ အမြင်စာတစ်မျက်နှာကို မျက်မမြင်စာသုံးမျက်နှာလောက် ရေးနေရတဲ့အတွက်စာရွက်တွေက ပိုကုန်တယ်။ မျက်မမြင်စာနဲ့ ဖတ်ရဖို့ စာအုပ်ဖြစ်လာဖို့ဆို အကုန်အကျလည်း အလွန်များတယ်။ မျက်မမြင်စာအုပ်တွေကို ထုတ်တော့ ထုတ်ပေးကြတယ်။ သို့သော် ပြည့်စုံအောင် လုံလောက်အောင် မထုတ်ပေးနိုင်သေးဘူး"လို့ ဆရာဇော်ထွေးဦးက ပြောပါတယ်။
"ကျွန်တော်တို့ တတိယတန်းမှာ ဖတ်စာအုပ်က ဆရာကိုင်တစ်အုပ်တည်း ရှိတဲ့အတွက် စာလုံးပေါင်းတွေ ခေါ်ပေးရတယ်။ ပြီးမှ ဝေါဟာရနဲ့ သဒ္ဒါတွေ ရှင်းပြရတယ်။ သင်ထောက်ကူပစ္စည်းတွေ များများရရင်တော့ ပိုကောင်းတာပေါ့။ စာရွက်တွေ လုံလုံလောက်လောက်ရဖို့၊ ဖတ်စာအုပ်တွေ လုံလုံလောက်လောက် ရနိုင်ရင်တော့ အဆင်ပြေနိုင်ပါတယ်" လို့ သူက ပြောပါတယ်။
ဆရာဇော်ထွေးဦးဟာ ၂၀ဝ၇ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ အကြောပြင်ပညာကို သွားရောက်သင်ယူခဲ့ပြီး ရန်ကုန်ပြန်ရောက်တော့ အကြောပြင်ဆရာအဖြစ် သင်တန်းပေးခဲ့ပါတယ်။ အကြောပြင်သင်တန်းကို လာတက်တဲ့ မရတနာထွေးနဲ့ သံယောဇဉ်ဖြစ်ခဲ့ပြီး လက်ထပ်ခဲ့ကြပါတယ်။
လက်ရှိမှာ တစ်နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ရှိတဲ့ သူတို့မိသားစုအတွက် ဆရာဇော်ထွေးဦးဟာ စာပေသင်ကြားရေးအပြင် အကြောပြင်အလုပ်ကိုပါတွဲပြီး အချိန်ပိုင်း လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူ့အမျိုးသမီးကတော့ ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၂ လမ်းမှာ ဖွင့်လှစ်ထားတဲ့ Genky မျက်မမြင်အကြောပြင်ဆိုင်မှာ အချိန်ပြည့်အကြောပြင်ဆရာမအဖြစ် လုပ်ကိုင်နေပါတယ်။ အချိန်ပိုင်းအကြောပြင်ဆရာ ဖြစ်တဲ့အတွက် ကျောင်းဆင်းချိန်မှ သူ့ဇနီးရှိရာဆိုင်ကိုသွားပြီး အတူတူအလုပ်တွဲလုပ်ကြပြီး ညနေခင်းမှာ အတူပြန်လာတတ်ကြပါတယ်။ နှစ်ယောက်သား တစ်နေကုန် အလုပ်ထွက်လုပ်ကြရတဲ့အတွက် သမီးလေးကိုတော့ နှစ်ဖက်အဘွားတွေက စောင့်ရှောက်ပေးပါတယ်။
မေလဝန်းသာ လို့အမည်ပေးထားတဲ့ ချစ်စရာသမီးငယ်လေးကို ကုလသမဂ္ဂအထွေအတွင်းရေးမှူးချုပ်တောင် ဖြစ်စေချင်တယ်လို့ ဖခင်မေတ္တာအပြည့်နဲ့ ကိုဇော်ထွေးဦးက ပြောပါတယ်။
"အင်္ဂလိပ်စာမတတ်ရင် နိုင်ငံတကာနဲ့ ဆက်သွယ်လို့မရဘူး။ စာကတော့ အမြဲဖတ်နေရမယ်။ ဝတ္ထု၊ ကာတွန်း၊ သုတ၊ ရသစာတွေ ဖတ်နိုင်ဖို့ဆိုရင်တော့ စာဖတ်တတ်အောင် သင်ကြပါလို့ တိုက်တွန်းချင်ပါတယ်" လို့ သူက ဘဝတူမျက်မမြင်တွေကို တိုက်တွန်းလိုက်ပါတယ်။