
ဓာတ်ပုံ- အောင်သန့်ခိုင်/မြန်မာတိုင်းမ်နေ့စဉ်
မန္တလေးမြို့ မဟာမုနိဘုရား ဂန္ဓကုဋိမျက်နှာကြက်အတွင်းမှ စေတီနှင့် သံသေဓာတ်ဆည်းလည်း
မြန်မာတို့၏ လူနေမှုဖြစ်စဉ်များတွင် ဟူးရားဗေဒင် နက္ခတ်ဆန်းကျမ်း၊ ဓာတ်ကျမ်းများ၊ လက်ဖွဲ့၊ အင်းအိုင်နှင့် အစီအရင် စသည့်ဂမ္ဘီရနည်းများ ယှက်နွှယ်နေသည်ကို သမိုင်းရာဇဝင်များအရ သိရသည်။ ရွှေတိဂုံစေတီတော် မြတ် အတွင်းပိုင်းမြေအောက်၌ သာမန်လူသားများ မသိနိုင်သော အစီအရင်များရှိနေသကဲ့သို့ မန္တလေးမြို့မှ မဟာမုနိရုပ်ပွားတော် ဦးခေါင်းတော်အထက် မျက်နှာကြက် တော်အဆောက်အအုံအတွင်း၌ လူသိနည်း ထူးခြားသည့် အရာများရှိပေသည်။
"ဦးခေါင်းတော်အထက်က မျက်နှာကြက်တော်ကို ရွှေသားမျက်နှာကြက်လှူဖို့ ဘော်သားမျက်နှာကြက်ဖြုတ် တုန်းက အတွင်းပိုင်းကို ကြည့်ခွင့်ရခဲ့တယ်။ အပေါ်မှာ စေတီတော်တစ်ဆူနဲ့ ထီးတော်ရဲ့ဆည်းလည်းကိုးလုံးတွေ့ရ တယ်။ ဆည်းလည်းတစ်လုံးစီကိုတီးကြည့်ပြီး အသံကိုမှတ် သားထားဖို့ ရွှေရင်ကျော်ဂိုဏ်းအုပ်ဆရာ ဦးချစ်ခိုင်က ပြောတယ်။ ဆည်းလည်းတစ်လုံးရဲ့အသံဟာ ၁၀ မိနစ် လောက်အထိမြည်နေတယ်။ တစ်နည်းပြောရရင် ထွက်ရပ် ပုဂ္ဂိုလ်တွေရဲ့အစီအရင်တွေပေါ့"ဟု မြင်တွေ့ခဲ့ရသူ စိန်ပန်း ရပ်ကွက်နေ ဦးမောင်ကိုက ပြောဆိုသည်။
ဦးမောင်ကိုသည် ရေကြောင်းပို့ဆောင်ရေးရေယာဉ် စက်ခန်းအုပ်ဖြစ်၍ သက်ပြည့်ပင်စင်ယူခဲ့ပြီး လက်ရှိတွင် သာသနာပြုလုပ်ငန်းများ တစိုက်မတ်မတ်လုပ်နေသူဖြစ် သည်။ သူကိုယ်တိုင်မြင်တွေ့ခဲ့သည့်အကြောင်းမှာ ဥပုသ်နေ့ ရင်ပြင်တော်သန့်ရှင်းရေးအသင်းခေါင်းဆောင် ဆရာ ဦးချစ်ခိုင်၏ခေါ်ဆောင်မှုဖြင့် ၁၃၄၆ ခုနှစ်က ရွှေသား မျက်နှာကြက်တော်လှူဒါန်းရေးအတွက် မဟာမုနိဂေါပက အဖွဲ့နှင့် ဆောင်ရွက်ခဲ့သည်။ ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲ၍ နိဗ္ဗာန်ဆော်လုပ်ခဲ့သည်။
မဟာမုနိမျက်နှာကြက်တော်များတွင် ၁၂၅၆ ခုနှစ်အထိ သီပေါမင်းလှူဒါန်းခဲ့သည့် မှန်သားမျက်နှာကြက်တော်နှင့် ပိတ်သားမျက်နှာကြက်တော်မှာ ၁၂၆၃ ခုနှစ်ဝန်းကျင်အထိ ရှိခဲ့ပြီးနောက် ၁၂၉၃ ခုနှစ်တွင် တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန်နှင့် မဟာဒေဝီတို့က ၁၀ ပေပတ်လည် ဘော်သားမျက်နှာကြက်လှူဒါန်းခဲ့သည်။ ၁၃၄၆ ခုနှစ်တွင် ရွှေချိန် ၂၄ ပိဿာ ၆ ကျပ်သားကျော်ရှိ ရွှေသားမျက်နှာ ကြက်တော်ကို အများပြည်သူကောင်းမှုဖြင့် လှူဒါန်းနိုင်ခဲ့ သည်။ ရွှေသားမျက်နှာကြက်တော်တပ်ဆင်ရန် မျက်နှာကြက် အတွင်းတော်သန့်ရှင်းရာ လင်းနို့ချေးများ တင်းတောင်းနှင့် ချီ၍ရရှိခဲ့ပါ၏။
"မျက်နှာကြက်တော်အတွင်းပိုင်း အပေါ်မှာ အုပ်ဆောင်း ပုံလေးထောင့် အောက်ခြေကနေ အပေါ်ကို ရှူးတက်သွား တဲ့အတိုင်း စေတီတော်က အလိုက်သင့်နဲ့ ဉာဏ်တော်ကိုး ပေလောက်ရှိမယ်။ အချိန်အကြာကြီးမြည်တာက အရှေ့ရပ် ဆည်းလည်းဖြစ်ပြီး သံသေဓာတ်ဆည်းလည်းဖြစ်တယ်။ ဘိုးဘိုးအောင်လှူထားခဲ့တာ။ ဒီလိုသံသေဓာတ်ဆည်းလည်း မျိုးက ရွှေစည်းခုံဘုရား(ပုဂံ)၊ ရွှေတိဂုံဘုရား(ရန်ကုန်)တို့မှာ တစ်လုံးစီလှူထားတယ်လို့ ဆရာဦးချစ်ခိုင်က ပြောတယ်"ဟု ဦးမောင်ကိုက ပြောဆိုသည်။
တစ်ရက်သောအခါ အလှူခံဌာနသို့ အရပ်မြင့်မြင့်၊ အသားခပ်ညိုညို ထူးဆန်းသောအလှူရှင်အမျိုးသမီး တစ်ဦးရောက်ရှိလာပုံကို ပြောပြသည်။ ထူးခြားသည်က သူမ၏အမည်ကို ပြောကြားခြင်းမရှိဘဲ ပထမတစ်ကြိမ် တွင် ပွင့်တော်မူပြီးသော ဘုရားအဆူအရေအတွက်အတိုင်း တစ်ဆူလျှင် ၂၅ ကျပ်တန်တစ်ရွက်စီ ထွက်ရပ်ပုဂ္ဂိုလ် ၆၉ ဦးမှ တစ်ဦးစီရည်မှန်း၍ ၂၅ ကျပ်နှုန်းဖြင့် ငွေသားများ လှူဒါန်းသည်။ နောက်တစ်ကြိမ်တွင် မျက်နှာကြက်တော် အတွက် ရွှေ ၂၁ ပိဿာ ၅၄ ကျပ်သား လှူဒါန်းခဲ့သည်။
"အဲဒီအလှူရှင် အမျိုးသမီးနာမည်ကို မေးတယ်၊ မပြောဘူး။ မင်းလည်း ကုသိုလ်လိုချင်လို့မဟုတ်လား၊ ငါလည်း ကုသိုလ်လိုချင်လို့လှူတာ၊ နာမည်မမေးနဲ့လို့ ပြောသွားတာ။ နောက်ဥပုသ်နေ့မနက် ၁၀ နာရီမှာ မင်းဆီ ကိုပဲ လာလှူလိမ့်ဦးမယ်လို့ ဆရာဦးချစ်ခိုင်က ကြိုပြော တယ်။ သူရောက်လာပြီး ရွှေ ၂၁ ပိဿာကျော်လာလှူသွား တယ်။ နာမည်ဇွတ်မေးတော့ နောက်ထပ်တွေ့ရင်မမေးနဲ့ ဆိုပြီး နာမည်ပြောသွားတယ်"ဟု ၎င်းက ပြောဆိုသည်။
မဟာမုနိရုပ်ပွားတော်သမိုင်းအရ ဓညဝတီ(ရခိုင်)ကို အစိုးရသော စန္ဒသူရိယမင်းကြီးသည် ဂေါတမဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ရှေ့တော်မှောက်၌ သွန်းလုပ်ခဲ့ရာ တန်ခိုးတော်ကြီးမားပြီး မင်းအဆက်ဆက်ကိုးကွယ်ခဲ့ကြသည်။ ရင်ငွေ့တော်လှုံခဲ့၍ ရုပ်ရှင်တော်ဟုလည်း ယုံကြည်ကြပြီး ရုပ်ပွားတော်ကြီးကို အနော်ရထာမင်းနှင့် အလောင်းစည်သူ မင်းလက်ထက်က ပင့်ဆောင်ရန်ကြိုးစားခဲ့သေးကြောင်း သိရသည်။
မဟာမုနိဘုရားကြီးသည် သမိုင်းရာဇဝင်များအရ အေဒီ နှစ်ရာစုလောက်က အိန္ဒိယပြည် ဂန္ဓာရဒေသတွင် ထုလုပ်ပူဇော်သည်ဟု ဖော်ပြထားခြင်း၊ အေဒီ ၃၉၉ ခုနှစ် တွင် တရုတ်ပြည်မှ အိန္ဒိယသို့ ခရီးသွားရဟန်းတော် ဖာဟီ ယန်၏မှတ်တမ်းတွင်လည်းပါရှိရာ မြန်မာနိုင်ငံအတွင်း ရုပ်ပွားတော်များအနက် ဝါတော်အကြီးဆုံးတစ်ဆူဖြစ်သည် ဟု ဆိုလေသည်။
အမရပူရ ပထမမြို့တည် ဘိုးတော်ဘုရားသည်အိမ်ရှေ့ ဥပရာဇာသီရိမဟာဓမ္မာဘိဇယသီဟသူရကို ဓညဝတီ(ရခိုင်) သို့ မြန်မာနှစ် ၁၁၄၆ ခုနှစ်တွင်စေလွှတ်၍ ပင့်ဆောင်စေခဲ့ သည်။ တောင်ကုတ်လမ်းမှ ကုန်းကြောင်းဖြင့် ပင့်ဆောင်ပြီး ပန်းတောင်းမြို့၊ ထိုမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဖောင်တော်နှစ်စင်းတွဲဖြင့် ပင့်ဆောင်လာရာ မြန်မာနှစ် ၁၁၄၇ ခုနှစ်တွင် အမရပူရမြို့တော်မြောက်ဘက် သာယာ ညီညွတ်သော လက်ရှိနေရာသို့ ခက်ခဲစွာပင့်ဆောင်လာခဲ့ရ သည်။ မဟာမုနိရုပ်ပွားတော်၏ ဉာဏ်တော်မှာ ၁၂ ပေ ခုနစ်လက်မနှင့် ပလ္လင်တော်အမြင့် ခုနစ်ပေရှိပါသည်။
မဟာမုနိရုပ်ပွားတော်ပင့်ဆောင်ခဲ့သည့်နှစ်မှ နှစ် ၁၀ဝ ခန့်အကြာ ၁၂၄၅ ခုနှစ်တွင် မန္တလေးမြို့ ရတနာဘုမ္မိရပ်မှ စတင်လောင်ကျွမ်းသည့်မီးကူးစက်ခံရ၍ ရုပ်ပွားတော် ကိန်းဝပ်တော်မူရာ တန်ဆောင်းပြာသာဒ်တော်ကြီးနှင့် တကွ စောင်းတန်းလေးသွယ်အပြင် ဘုရားကြီးပတ်ဝန်းကျင်ရှိ ကျောင်းတိုက်အချို့ မီးဘေးသင့်ခဲ့သည်။ ရုပ်ပွားတော်မှ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် အများကပ်လှူပူဇော်ထားသော ရွှေသင်္ကန်းများပျက်စီးခဲ့ သော်လည်း ရုပ်ပွားတော်တွင် ထိခိုက်ပျက်စီးမှုမရှိ ပကတိ အတိုင်းဖြစ်သည်။ စီးကျလာသည့် ရွှေများကို အရာရှိ မှူးမတ်တို့က ကြီးကြပ်သိမ်းဆည်းခဲ့ရသည်။ ၁၂၄၆ ခုနှစ် တွင် သီပေါမင်းက ပျက်စီးသမျှသော ရွှေသားမကိုဋ်တော် စသည်တို့ကိုလှူဒါန်းခဲ့ပြီး မျက်နှာတော်ဖွင့်ခဲ့သည်။
ကိုးကွယ်ယုံကြည်မှုနှင့်အတူ ဝိဇ္ဇာပညာရပ်၏ ထူးခြားသည့်ဖြစ်စဉ်များ မြန်မာ့သမိုင်းမှတ်တမ်းများ၌ ရှိနေ သည်ကို ငြင်းပယ်၍မရနိုင်ပါ။ ပုဂံခေတ် ရှင်အဇ္ဇဂေါဏ ကဲ့သို့ပင် ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် စသူတို့သည် ဘုရားတည်၊ ကျောင်းဆောက် သာသနာမပျောက်အောင် နည်းအမျိုးမျိုးအသုံးပြုနေသည့် ဂမ္ဘီရဆန်သောဖြစ်စဉ် များစွာထဲမှာ မဟာမုနိရုပ်ပွားတော် ရွှေသားမျက်နှာကြက် အတွင်းက စေတီနှင့်သံသေဓာတ်ဆည်းလည်းများသည် လည်း တစ်ခုအပါအဝင်ဖြစ်မည်ဟု ဆိုချင်ပါ၏။