
စိတ်ပညာပါမောက္ခ ပန်းချီဆရာကြီး ဒေါက်တာကိုကိုကြီး။ ဓာတ်ပုံ-ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
စိတ်ရဲ့လွတ်လပ်မှုကို အရောင်တွေနဲ့ ခြယ်မှုန်းသူ ဒေါက်တာကိုကိုကြီး
လွတ်လပ်လွင့်မြောနေတဲ့ စိတ်ရဲ့ခံစားချက်တွေကို အရောင်တွေရဲ့အားနဲ့ ပေါင်းစပ်ပြီး အပြားလိုက် စုတ်ချက်တွေအဖြစ် ပိတ်ကားပေါ်မှာ ရဲရဲဝံ့ဝံ့ဖန်တီး ရေးဆွဲတတ်သူ ပန်းချီဆရာတစ်ဦးအဖြစ် သူ့ကို သိကြပါတယ်။
အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မော်ဒန်ပန်းချီဆရာကြီး ဦးကိုကိုကြီးက ဟန်ဂေရီနိုင်ငံက စိတ်ပညာ ပါရဂူဘွဲ့ရ ဒေါက်တာတစ်ယောက်ဖြစ်သလို မန္တလေးတက္ကသိုလ်၊ စိတ်ပညာဌာနရဲ့ ပါမောက္ခဟောင်းတစ်ဦး လည်း ဖြစ်ပါတယ်။ စိတ်ရဲ့သဘောတရားကို နားလည်ခံစားနိုင်တဲ့အလျောက် သူ့ရဲ့ ဒြပ်မဲ့(Abstract)ပန်းချီကားတွေဟာလည်း သွက်လက်လှုပ်ခတ်နေပြီး ကြည့်သူကို ထပ်တူကျတဲ့ခံစားမှုမျိုး ပေးစွမ်းခံစားစေ နိုင်တဲ့ ပန်းချီဆရာတစ်ယောက်လည်း ဖြစ်ပါသေးတယ်။
"ဒါတွေက ပေါလောမျောခြင်း (Floating) ပဲ။ လူတွေက ငှက်မဟုတ်လို့ မပျံနိုင်ဘူး။ လူတွေက ငါးမဟုတ်လို့ ရေထဲမှာ တစ်ချိန်လုံး မနေနိုင်ဘူး။ ငါးလည်းမဟုတ် ငှက်လည်းမဟုတ်တဲ့ လူတွေဟာ နောက်ဆုံးတော့ ပေါလောမျာနိုင်တဲ့ သတ္တိရှိတယ်။ ဒါကြောင့်မို့လို့ ပေါလောမျောနေတာပါ" လို့ဆရာ ဒေါက်တာကိုကိုကြီးက သူ့ပန်းချီကားတွေနဲ့ပတ်သက်လို့ ပြောပါတယ်။
ပေါလောမျောခြင်းရဲ့အရသာကို ပီပီပြင်ပြင်ခံစားနိုင်ဖို့ ကမ္ဘာကျော်ပန်းချီဆရာကြီး မာ့ခ်ရိုကိုဟာ color field လို့ခေါ်တဲ့ရောင်ပြင်တွေနဲ့ ရေးဆွဲနိုင်ခဲ့သလို ကမ္ဘာကျော်ပန်းချီဆရာကြီး ဂျက်စင်ပေါလ်လော့ခ်ဟာလည်း Action painting (အားနှင့်မာန်နှင့်ရေးဆွဲ နည်း)နဲ့ ရေးဆွဲကြပါတယ်။ ၈၃ နှစ်အရွယ် ဒေါက်တာ ကိုကိုကြီးကတော့ ဂျက်စင်ပေါလ်လော့ခ်လို အားမာန်အပြည့်နဲ့ အနုပညာတစ်ခုဖန်တီးတာထက် မန္တလေးက သူ့ခြံဝိုင်းလေးထဲက ကိုယ်ပိုင်စတူဒီယိုထဲမှာ ငြိမ်ငြိမ် သက်သက်ထိုင်ပြီး အနုပညာကို မွေးဖွားတတ်သူပါ။
"ဂျက်စင်ပေါလ်လော့ခ်လို ခန္ဓာကိုယ်ပါ လှုပ်ရှားပြီး သက်ဝင်တဲ့ပန်းချီတွေ ရေးဖို့ဆိုတာ မလွယ်ကူဘူး။ဆွဲတဲ့သူကိုယ်တိုင်က မလှုပ်နိုင်ဘူးဆိုတော့ ကိုယ်မလှုပ်ရင် သူလှုပ်ဆိုပြီး ပန်းချီကားကိုပဲ ပေးလှုပ်ရတာပေါ့" လို့ ဆရာဒေါက်တာကိုကိုကြီးက ဆိုပါတယ်။
သူကိုယ်တိုင်က ငြိမ်ပြီးဖန်တီးနေပေမဲ့ သူ့ရဲ့ လှုပ်ခတ်နေတဲ့စိတ်ကို အရောင်တွေနဲ့ပေါင်းပြီး ဖန်တီးထားတာဖြစ်တဲ့အတွက် သူ့ရဲ့ သက်ဝင်ပန်းချီကားတွေမှာ ပေါလောမျောခြင်းရဲ့အရသာကို ခံစားသူရဲ့ ရင်ထဲရောက်အောင် ပီပီပြင်ပြင်ပေးစွမ်းနိုင်တာဖြစ်ပါလိမ့်မယ်။
p26_smm7624.jpg

ဒေါက်တာကိုကိုကြီး ရေးဆွဲထားသော ပန်းချီကားတစ်ကား။ ဓာတ်ပုံ-ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
အရောင်တွေထဲမှာ စီးမြောမှု
အဝါနဲ့အပြာလို ဆန့်ကျင်ဘက်အရောင်တွေ၊ အနီနဲ့ ခရမ်းလို လိုက်ဖက်တဲ့ အရောင်အတွဲအစပ်တွေ၊ တစ်ခါတစ်ခါ အားကောင်းလှတဲ့အရောင်တွေ အချင်းချင်း အားပြိုင်အောင် ဖန်တီးထားတဲ့ ဆရာကိုကိုကြီးရဲ့ပန်းချီကားတွေဟာ အရောင်တွေထဲမှာ ပန်းချီဆရာကိုယ်တိုင် လိုက်ပါ စီးမြောခံစားနေတယ် ဆိုတာ မြင်သာစေပါတယ်။
ပန်းချီဆရာဟာ အရောင်တွေထဲမှာ စီးမြောပြီး အရောင်အားပြုတဲ့ပန်းချီကားကို ဖန်တီးထားတဲ့အတွက် ပျော်ခြင်း၊ မပျော်ခြင်း၊ ချစ်ခြင်းစတဲ့ ခံစားမှုတွေကို အရောင်တွေကနေတစ်ဆင့် ခံစားသူနဲ့ ဖန်တီးသူကြား ချိတ်ဆက်ခံစားစေမှာ ဖြစ်ပါတယ်။
လူတိုင်း သတိမထားမိတဲ့ ပန်းချီကားထဲက အရောင်တွေဆီကနေ ကြားလာရမယ့်အသံတွေ အကြောင်းကိုလည်း သူက ထပ်ဖြည့်ပြောသွားပါသေးတယ်။ အရောင်ကိုကြည့်ရင် အရောင်တွေက ပြောလာတဲ့ အသံတွေကိုပါ ကြားလာရမယ်။ အနီဟာ ပူပြင်းတယ်။ အနီရဲ့ ပူပြင်းမှုကို ခံစားရင်း သွေးဆူလှုပ်ရှားလာတဲ့အသံတွေပါ ကြားလာရမှာဖြစ်ပါတယ်။ အရောင်တွေထဲ စီးမြောခံစားကြည့်တဲ့အခါ အရောင်တွေပြောတဲ့ အသံတွေကို ခံစားသူကိုယ်တိုင် ကြားလာရမှာပါ လို့လည်း ဆရာကြီးက ဆိုပါတယ်။
အရောင်တွေထဲမှာ ပျော်မွေ့လာအောင် ဆွဲခေါ်သူ
ဆရာဒေါက်တာကိုကိုကြီးကို အရောင်အား ကောင်းကောင်းနဲ့ ပန်းချီကားတွေဖန်တီးတတ်အောင် ဆွဲခေါ်ခဲ့တဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီးတွေက ဟင်နရီမားတီးစ် (Henri Matisse) ၊ မာ့ခ်ရိုကို (Mark Rothko) ၊ ဗင်းဆင့်ဗန်ဂိုး (Vincent Van Gogh) တို့ဖြစ်သလို အားလုံးထဲမှာ သူ့ကိုအလွှမ်းမိုးဆုံးကတော့ ပေါလ်ဂေါ်ရင် (Paul Gauguin) ပဲ ဖြစ်ပါတယ်။ ဘယ်လောက်များလဲဆိုရင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာရှိတဲ့ Kiscelli Museum က ဂေါ်ဂင်ပန်းချီကားချပ်ကို နေ့တိုင်းနီးပါး အချိန်အကြာကြီး ကြိမ်ဖန်များစွာ သွားကြည့်ခဲ့လို့ နောက်က ပြတိုက်စောင့်တွေက ပန်းချီကားတွေကို တစ်ခုခုလုပ်မှာ စိုးရိမ်စိတ်နဲ့ ရပ်စောင့်နေတဲ့အထိပဲ ဖြစ်ခဲ့ပါတယ်။
ဂေါ်ဂင်က ကျွန်းပေါ်က အုန်းပင်လေးကို ဆွဲတယ်။
အပင်အောက်မှာ မြင်းကလေးကို လူတစ်ယောက်က စီးနေပုံဖြစ်ပြီး ပန်းချီကားထဲမှာ ဝက်မည်းလေး တစ်ကောင်ပါ ထည့်ဆွဲထားပါတယ်။
"အဲဒီပန်းချီကားကို ပြတိုက်မှာ တစ်နေ့သုံးဒေါ်လာ ပေးပြီး သွားသွားကြည့်တယ်။ ကြည့်ရင်လည်း တစ်ကားတည်းသော အဲဒီဂေါ်ဂင်ကားဆီ တန်းသွားတာပဲ။ ရက်ကြာလာတဲ့အထိ ဒါကိုပဲ ထပ်ကာထပ်ကာကြည့်နေတော့ ပန်းချီကားကြီးကို ကျွန်တော် တစ်ခုခု လုပ်လိုက်မှာစိုးလို့ ပြတိုက်ရဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဝန်ထမ်းနှစ်ယောက်က ကျွန်တော့်နောက်မှာ သက်တော်စောင့်လိုပဲ အမြဲရောက်ရောက်လာနေတော့ တာပဲ" လို့ ဂေါ်ဂင်ရဲ့ပန်းချီကားကို သူဘယ်လောက် စွဲလမ်းခဲ့ကြောင်း ရယ်ကာမောကာနဲ့ ပြောပြခဲ့ပါတယ်။
"ကျွန်တော် အင်မတန်ချစ်မြတ်နိုးတဲ့ ပေါ်သစ် ကလောင်နဲ့ ပန်းချီဆောင်းပါးတွေရေးတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ကျွန်တော့်ပန်းချီကားတွေ ကြည့်ပြီး သတင်းစာထဲက သူ့ဆောင်းပါးမှာ 'ကိုကိုကြီးကို ဂေါ်ဂင် လွှမ်းမိုးနေတယ်' လို့ ရေးခဲ့တယ်လို့လည်း ဂေါ်ဂင်နဲ့ ဒေါက်တာကိုကိုကြီးကြားက ဆက်နွှယ်မှုကို မြင်ပြီးရေးခဲ့တဲ့ ဆရာကြီး ဦးဝင်းတင်အကြောင်းကို ပြောပါတယ်။
သိစိတ်နဲ့ မသိစိတ်ကြားက အနုပညာဖန်တီးမှု
သိစိတ်နဲ့ မသိစိတ်ကြားက ဆက်နွှယ်မှုက စိတ်ဝင်စားစရာကောင်းတာမို့ စိတ်ကိုအခြေပြုပြီး အရောင်တွေနဲ့ လှုပ်လှုပ်ခတ်ခတ်ပန်းချီကားတွေ ဖန်တီးတတ်တဲ့ဆရာဒေါက်တာကိုကိုကြီးက သိစိတ်ကို အခြေခံဖန်တီး ထားတာလား။ မသိစိတ်ရဲ့လွှမ်းမိုးမှုတွေနဲ့ ဖန်တီးထား သလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
"ဦးနှောက်နှင့်အာရုံကြောပါရဂူ Sigmund Freud ပြောသလိုပဲ လူ့စိတ်ဆိုတာ ရေခဲတောင်ကြီးနဲ့ တူပါတယ်။ အပေါ်မှာ မြင်နေရတာ နည်းနည်းလေးပါ။ အောက်မှာနစ်မြုပ်နေတဲ့ အစိုင်အခဲက အကြီးကြီးပဲ။ နစ်မြုပ်နေတဲ့အပိုင်းဟာ မသိစိတ်ဖြစ်ပြီး အပေါ်မှာ မြင်နေရတဲ့ သေးသေးလေးကသာလျှင် သိနေတဲ့ သိစိတ်နဲ့အတ္တ ဖြစ်ပါတယ်။ ကျွန်တော် တစ်ခါတလေ မသိစိတ်ထဲက ဖြစ်လာတဲ့ဟာတွေ သိစိတ်မှာ ရှိမလားလို့ စဉ်းစားကြည့်ဖူးတယ်။ သိစိတ်သည် မသိစိတ်ထဲက နှိုက်ယူတာ မဟုတ်ဘူးလို့တွေ့ရတယ်။ ဘာကြောင့်လဲဆို မသိစိတ်ကမှ အမှန် အသိစိတ်ဆိုတာသည် လူမှုဝန်းကျင်ထဲမှာ အဆင်ပြေအောင် နေ့စဉ်ဖြစ်ပျက်ကျင့်သုံးနေတဲ့ အရာသာဖြစ်သည်။ ဒါမှသာ တင့်တယ်မှာကိုး။ မသိစိတ်ထဲကအတိုင်းသွားရင် အရာအားလုံးပေါ်နေမှာ အထင်းသားမြင်နေရမှာဆိုတော့ အဲဒါက မဖြစ်နိုင်ဘူးလေ"လို့ သိစိတ်နဲ့ မသိစိတ်ကြားက အနုပညာဖန်တီးမှုကို ခွဲခြမ်းစိတ်ဖြာပြပါတယ်။
နောက်ထပ် ထူးခြားတာတစ်ခုကတော့ ဆရာဒေါက်တာကိုကိုကြီး ရေးသမျှ ပန်းချီကားအားလုံးကို မန္တလေးက အနုပညာချစ်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုစောငြိမ်းက တောက်လျှောက်ဝယ်ယူစုဆောင်းတာပဲ ဖြစ်ပါတယ်။ ပန်းချီစုဆောင်းသူအနေနဲ့ ပန်းချီဆရာ ရေးထားတဲ့ကားတွေထဲက သူကြိုက်တဲ့လက်ရာအချို့ကိုသာ ဝယ်ယူစုဆောင်းတာမျိုးမဟုတ်ပါဘူး။ ဒီပန်းချီဆရာ ရေးသမျှ ပန်းချီကားတိုင်းကို ပန်းချီဆရာနဲ့ထပ်တူကျအောင် သဘောကျနှစ်ခြိုက်ကာ ဝယ်ယူစုဆောင်းတယ်ဆိုတာကလည်း ပန်းချီဆရာနဲ့ပန်းချီစုဆောင်းသူကြားက ထူးခြားတဲ့ အနုပညာခံစားမှုချင်း ဆက်သွယ်မှုတစ်ခုပါပဲ။
ဆရာဒေါက်တာကိုကိုကြီးရဲ့ တစ်ကိုယ်တော်ပြပွဲကို လာမယ့်နိုဝင်ဘာလထဲမှာ ရန်ကုန်က Myanm/art ပြခန်းမှာ ပြသသွားဖို့ရှိတာမို့ ဆရာ့ရဲ့ အရောင်တွေနဲ့ လွတ်လပ်နေတဲ့ စုတ်ချက်တွေကို သဘောကျတဲ့ မည်သူမဆိုသွားရောက်ကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်။