ကိုယ်တိုင်ဖန်တီးထားသော ရာမယဏဇာတ်တော်ကြီးထဲမှ ပုံတော်ခေါင်းများနှင့် ဆရာစိန်ကို နေအိမ်တွင် တွေ့ရစဉ်။ ဖိုးဝ/မြန်မာတိုင်း(မ်)
ဆရာစိန် (သို့မဟုတ်) ဒဿဂီရိ ခေါင်းတော်ကိုင်
မြန်မာနိုင်ငံတွင် ကြမ်းတမ်းခက်ထန်သော အသွင်သဏ္ဌာန်ရှိသည့် ဘီလူးရုပ်များကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးသူကို ပြပါဆိုလျှင် 'ဆရာစိန်' ကိုပဲ ညွှန်ပြရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဆရာစိန်က သူ၏ အနုပညာသမားဘဝကို ဘီလူးဖြင့်ပင် စတင်ခဲ့ပြီး ဘီလူးပေါင်းမြောက်မြားစွာတို့၏ ကြားထဲတွင်သာ အစဉ်ပျော်ရွှင် နှစ်မြှုပ်ထားခြင်းကြောင့်ပင် ဖြစ်သည်။
ဖြူဝင်းစိုပြည်သော အသားအရေ၊ မဝမပိန် အလောတော် ခန္ဓာကိုယ်၊ နဖူးပေါ် ထွေးလိမ်ကာ ဝဲကျနေသော ဆံစနက်နက်တို့ဖြင့် စကားကို ဖြည်းဖြည်းနှင့်အေးအေး ပြောတတ်သော ဆရာစိန်သည် ပန်းပုဆရာပုံစံထက် နူးညံ့သိမ်မွေ့သည့် အကသမားတစ်ဦးဟန် ပေါက်နေသည်။
အထက်ပုဇွန်တောင် လမ်းမကြီးပေါ်က ကုန်သွယ်ရေးရုံးဟောင်းကြီး၏ ရှေ့တည့်တည့်တွင် ရှိနေသော ဆရာစိန်၏ အိမ်ရှေ့မျက်နှာပြင်သည် ဘုရား၊ ရဟန္တာ၊ နတ်သမီး၊ နတ်သား၊ ဘိုးတော်၊ မယ်တော် ရုပ်လုံးရုပ်တုများနှင့် အစဉ်ပြည့်နေပြီး ယင်းကပင် ပန်းပုဆရာတစ်ဦး၏ ဂုဏ်သိက္ခာကို ဖော်ညွှန်းနေသော အဆင်တန်ဆာများဟု ဆိုရမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဘီလူးရုပ်ကို အိမ်ရှေ့ထား၍ လာသူမှန်သမျှကို ကြိုဆိုသောအိမ်ဟူ၍ 'ဆရာစိန်' ၏ အိမ်တစ်လုံးသာရှိသည်ဟု ဆိုရလောက်အောင် အစွယ်တကားကားနှင့် ဘီလူးခေါင်းများက အိမ်ရှေ့ဝင်ပေါက်တွင် တန်းစီနေရာယူထားသည်။ အိမ်ရှေ့တွင်ပဲလား ဆိုတော့ မဟုတ်သေးပါ။ ရာမယဏဇာတ်တော်ကြီးထဲက ဒဿဂီရိ၏ မျိုးနွယ်ဝင်ဘီလူးများကအစ ဒဿဂီရိ၏မြေးမြစ် ဘီလူးပေါက်စလေးအထိ ဆရာစိန်၏ အိမ်ခန်း၊ မီးဖိုချောင်နှင့် ထပ်ခိုးတို့တွင် မင်းမူထားသည်။
အမှန်တကယ်က ရာမယဏဇာတ်တော် တစ်စင်လုံးက ပုံတော်ခေါင်းအားလုံး ထိုအိမ်တွင်ရှိနေခြင်းဖြစ်ပြီး ဆရာစိန်က မြန်မာနိုင်ငံတွင် တစ်ဦးတည်းသာကျန်ရှိသည်ဟု ဆိုရလောက်အောင် ရှားပါးသွားပြီဖြစ်သည့် ရာမာယဏပုံတော်ခေါင်းများ ပြုလုပ်သူ ဖြစ်သည်။
ရာမယဏသည် မြန်မာဘုရများလက်ထက်က နန်းတွင်း၌သာ ကပြခွင့်ရသည့် ဇာတ်တော်ကြီးဖြစ်ခဲ့သည်။ မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းအပြီး ရာမဇာတ်အဖွဲ့သားများ အောက်ပြည်ကို ထွက်ပြေးမှသာ ကျေးလက်နေပြည်သူများနှင့် စတင်ထိတွေ့ခွင့်ရခဲ့ကြရသည်။ နအဖ စစ်အစိုးရလက်ထက် နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ကျင်းပပေးသော ရာမယဏဇာတ်တော်ပြိုင်ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသောအခါ လူထုက ပို၍ရင်းနှီးခဲ့ကြသည်။
ရာမာယဏဇာတ်၏ အဓိကဇာတ်ကောင်များဖြစ်သည့် ရိုးသားသော မျက်နှာဖုံးစိမ်းနှင့်ရာမ၊ အစ်ကိုနှင့်မရီးဖြစ်သူအပေါ် သစ္စာရှိရှိချစ်ခင်ပြီး အနစ်နာခံတတ်သော ရွှေရောင်မျက်နှာဖုံးရှင် လက္ခဏတို့ကို ကလေးလူကြီးမကျန် ချစ်မြတ်နိုးခဲ့ကြသည်။ အစွယ်ဖြူငေါငေါ၊ ကြမ်းတမ်းသော အသွင်ရှိသည့် အဓမ္မဝါဒီသမား ဒဿဂီရိလူကြမ်းကြီးကိုတော့ လူတိုင်းလိုလို မုန်းခဲ့ကြသည်။
ထိုကဲ့သို့ ကြမ်းတမ်းသော ရုပ်ဆင်းသဏ္ဌာန်ရှိသည့် ဒဿဂီရိကိုမှ ဆရာစိန်က ငယ်စဉ်ကတည်းက သဘောကျခဲ့သည်။
ဆရာစိန်ငယ်စဉ်က ပုဇွန်တောင်နေအိမ်မှ ဗိုလ်တထောင်(၃)သို့ နေ့စဉ် ကျောင်းသွားတက် ရသည်။ ထိုစဉ်က ကျောင်းသို့အသွားအပြန် ရေကျော်လမ်းမပေါ်တွင် အိုးဘိုရာမအဖွဲ့ကြီး စတည်းချရာ နေရာရှိပြီး ရာမယဏဇာတ်တော်ကြီးများထဲက မျက်နှာဖုံးခေါင်းများကို အိမ်ရှေ့မျက်နှာစာတွင် အမြတ်တနိုး ပြသထားတတ်သည်။
ထိုမျက်နှာဖုံးများအနက် ခေါင်းဆယ်လုံးဒဿဂီရိ ဘီလူးခေါင်းကြီးသည် လမ်းသွားလမ်းလာ များကို အထူးသဖြင့် မောင်စိန်ကို သူ့အနီးသို့ မရောက်ရောက်အောင် ဆွဲဆောင်နိုင်ခဲ့သည်။
p24_pw-77170.jpg
အနုစိတ်ဖန်တီးထားသည့် စက္ခုပါလ ကျွဲဘီလူး။ ဖိုးဝ/မြန်မာတိုင်း(မ်)
"ဆရာက အဲဒီ ဒဿဂီရိဘီလူးရဲ့ ပုံစံကို သိပ်ကြိုက်တာ၊ ဘီလူးဆိုင်း၊ ဘီလူးအကဆိုလည်း အကုန်ကြိုက်တာပဲ" ဟု ဆရာစိန်က ရယ်လျက်ဆိုသည်။
သို့ဖြင့် အခြားကျောင်းသားများကဲ့သို့ အိမ်နှင့်ကျောင်း မဟုတ်တော့ဘဲ အိမ်၊ အိုးဘိုရာမ ထို့နောက်မှ ကျောင်း ဖြစ်သွားသည်။ အိမ်ပြန်ရောက်လျှင် သူမြင်ခဲ့သည့် ဘီလူးခေါင်းတော်များကို ရွှံ့များနှင့် ပြုလုပ်တတ်ရာ ကျောင်းသားမောင်စိန်ဘဝထဲသို့ အိမ်စာအလုပ်အပြင် ဝါသနာအလုပ် လေးများပါ တိုးလာခဲ့တော့သည်။
နောင်တွင်မှ အိုးဘိုရာမအဖွဲ့က နာမည်ကျော် ရာမဦးအုန်းမောင်နှင့် ခင်မင်ခွင့်ရကာ ခေါင်းတော်များကို စနစ်တကျပြုလုပ်နည်းကို သင်ယူခွင့်ရခဲ့ပြီး သူကြိုက်သည့် ဒဿဂီရိခေါင်းတော်များနှင့်တကွ ရာမယဏဇာတ်တော် ကြီးတွင် ပါဝင်သည့် ခေါင်းတော်များကို ပုံဖော်တော့သည်။
p24_pw-77418.jpg
ဘီလူးခေါင်း အကြမ်းထည်များနှင့် ပန်းပုဆရာ ဆရာစိန်။ ဖိုးဝ/မြန်မာတိုင်း(မ်)
ရာမဇာတ်တော်ကြီးတွင် စာရင်းအတိအကျဆိုရလျှင် ခေါင်းတော်ပေါင်း ၆၄ ခေါင်း ရှိသည်။ အများစုမှာ ဘီလူးခေါင်းများ ဖြစ်သည်။ သို့သော် ယှဉ်ပြိုင်ချိန်၊ ကပြချိန်ပေါ် မူတည်၍ ဇာတ်လမ်းဇာတ်ကွက် တချို့ မြုပ်သွားပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုသည့်ခေါင်းမှ ၂၀ ကျော်ခန့်သာ ရှိတော့သည်။
ရာမဇာတ်တော်ကြီးထဲက ခေါင်းတော်များထဲတွင် ဒဿဂီရိခေါင်းတော်ချိုးရခြင်းက လက်အဝင်ဆုံးနှင့် အခက်ဆုံးဖြစ်သည်။ အခြားပုံတော်ခေါင်းများ ခေါင်းတစ်လုံးတည်းရှိပြီး ဒဿဂီရိက ခေါင်း ၁၀ လုံးဖြစ်ရာ အဓိကခေါင်းတစ်လုံးပေါ်တွင် အခြားသော ခေါင်းများ လှပစွာအချိုးကျ အထိုင်ကျရန် လိုသည်။
ခေါင်းတစ်ခု ပြုလုပ်တော့မည်ဆိုလျှင် မည်သည့် ခေါင်းကို ဘယ်ပုံအထွဋ်မကိုဋ် ပြုလုပ်တပ်ဆင်ရမည်၊ မည်သည့် အဆင်တန်ဆာများ တပ်ဆင်၍ မည်သည့်အရောင်များကို စပ်ကာရေးဆွဲရမည်၊ မည်ကဲ့သို့သစ်စေးသုတ်၊ သရိုးကိုင်ကာ ကျောက်စီရွှေချရမည် ဆိုသည်တို့ကို ငယ်စဉ်ကတည်းက ကျွမ်းကျင်ခဲ့သည့် ဆရာစိန်က ခေါင်းထဲတွင် သံမှိုရိုက်ထားသလို စွဲမြဲနေသည်။
ဆရာစိန်က ခေါင်းတော်များကို ရှေးလူကြီးများ စီမံခဲ့သည့် စနစ်တစ်ခုဖြစ်သည့် 'ထွာတော်စား၊ မိုက်တော်စား' အချိုးအစားနှင့် ပြုလုပ်သည်။
ဥပမာ လူတစ်ဦး၏မျက်နှာသည် တစ်ထွာ ရှိပါက ပခုံးအထိ ရင်ညွန့်နှစ်ဖက်သည် တစ်ထွာ၊ လည်ပင်းမှချက်အထိ နှစ်ထွာ၊ ချိုင်းမှတစ်ထောင်ဆစ်အထိ တစ်ထွာ၊ တံတောင်မှလက်ထိပ်ထိ နှစ်ထွာတိုင်းတာပြုလုပ်ခြင်းဖြစ်သည်။
ထိုအရာအားလုံးသည် ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာ ဟူသည့် ရှေးမြန်မာ့ရိုးရာပန်းချီဆွဲနည်း အပေါ်တွင် အခြေခံသည်။ ကနုတ်သည် ခြူးပန်းခြူးနွယ်များကို ရေးဆွဲပြုလုပ်ခြင်းကို ဆိုလိုသည်။ နာရီက လူပုံကို ဆိုလိုခြင်းဖြစ်ပြီး ကပီသည် ဘီလူး၊ မျောက်၊ ဟင်္သာကဲ့သို့သော သတ္တဝါများကို ဆိုလိုသည်။ ဂဇာသည် ကြီးမားသောဆင်၊ အဆောက်အအုံတို့ကို ပြုလုပ်ရေးဆွဲခြင်း ဖြစ်သည်။
ရွှေအစစ် ကျောက်အစစ်ဖြင့် အဆင့်တန်းမြင့်မြင့် ပြုလုပ်ထားသော ရာမဦးခေါင်းတစ်လုံးလျှင် ငါးသိန်းမှ ခုနစ်သိန်းကြား တန်ဖိုးရှိသည်။ အနုစိတ်သော ဒဿဂီရိဦးခေါင်းဆိုလျှင် ခုနစ်သိန်းအထက်တွင် ရှိသည်။ ထိုသို့မဟုတ်ဘဲ ခေတ်ပေါ်ဖန်စီများဖြင့် ပြုလုပ်ထားသည့် ဦးခေါင်းများ ဆိုလျှင်တော့ တစ်သိန်းခွဲ နှစ်သိန်းဖြင့် ရနိုင်သည်။ သို့သော် ရာမဦးခေါင်း ပြုလုပ်သူများကြားတွင် တန်းမဝင်ပေ။ ပုံမှန်ခေါင်းဆိုလျှင် ငါးရက် တစ်ပတ်ကြာပြီး သစ်စေးသရိုးခေါင်း ဆိုလျှင်တော့ တစ်လကျော် ကြာသည်။
p24_pw-77392.jpg
ဘီလူးခေါင်း အကြမ်းထည်များနှင့် ပန်းပုဆရာ ဆရာစိန်။ ဖိုးဝ/မြန်မာတိုင်း(မ်)
ဆရာစိန်၏ လက်ရာများကို ရာမဇာတ်ဝင်ခန်းအချို့ ကလေ့ရှိသောဇာတ်အဖွဲ့များက မှာသည်။ အစိုးရ၏ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ရာမယဏဇာတ်တော်ကြီးများ ပြိုင်လျှင်လည်း မှာကြသည်။ ထိုပြိုင်ပွဲများတွင် ဆရာစိန်၏ ဦးခေါင်းများက ပထမဆုရတတ်သေးကြောင်း သူက မှတ်မှတ်ရရဆိုသည်။
ယခုအချိန်တွင် ကြီးကျယ်ခမ်းနားသော ရာမဇာတ်ကြီး ကချင်လျှင်တောင်မှ ထိုဇာတ်တော်ကြီး၏ အဓိကဇာတ်ကောင်ဦးခေါင်းများကို လုပ်တတ်သူက မရှိသလောက် ရှားပါးသွားခဲ့ပြီဖြစ်သည်။ အချို့က ပုံတော်ခေါင်းများနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်း လုပ်တတ်သော်လည်း ဆရာစိန်ကဲ့သို့ အစမှအဆုံးထိ ပြုလုပ်နိုင်သောသူ ရှားသည်။
"ရာမဇာတ် ခေါင်းတော်ထဲက တစ်ခုခုလုပ်ပေးပါဆိုရင် မလုပ်တတ်ကြတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အရင်ကလုပ်ခဲ့တဲ့ အခြေခံမရှိကြတော့လို့၊ အဲဒီတော့ ကိုယ်တွေလို လုပ်တတ်လိမ့်မယ် မထင်တော့ဘူး" ဟု ဆရာစိန်က ခေါင်းကို ဖြည်းငြင်းစွာခါယမ်းလျက် ဆိုသည်။
ဆရာစိန်ထံတွင် ဝါသနာပါသဖြင့် လာရောက် ပညာဆည်းပူးသော တပည့်တပန်းများစွာ ရှိသည်။ ၎င်းတို့က ဝါသနာပါသည် ဆိုသော်လည်း ဝါသနာ၏ နောက်တွင် စီးပွားရေးကပ်ပါလေ့ရှိသည့် သဘောတရားအတိုင်း တချို့ကလည်း ဆရာစိန်ထံတွင် လာရောက် သင်ယူပြီး စီးပွားရေးလုပ်လို့ရသည့် အနေအထားထိ တတ်မြောက်သွားလျှင် သင်ယူမှုကို ရပ်ပစ်လိုက်ကြသည်။ ဆရာစိန်ကတော့ ဝါသနာလည်း ကြီးရမည်၊ စီးပွားလည်း ဖြစ်ရမည်။ ကဏ္ဍတိုးတက်အောင်လည်း လုပ်တတ်သည့်တပည့်မျိုးကို ပို၍ သဘောကျသည်။ သို့သော် ထိုသို့သော တပည့်မျိုးရရန်ကတော့ အလွန် ရှားပါးသည်။
"ငါတို့တုန်းက ဆရာကို ရှာရတယ်၊ အခုကျတော့ ဆရာက တပည့်ကို ပြန်လိုက်ရှာနေရတယ်" ဟု ခေတ်၏ကမောက်ကမ ဖြစ်ပုံများကို ဆရာစိန်က ဆိုသည်။
၁၄ နှစ်သားကတည်းက ရာမဇာတ်တော်ယဉ်ကျေးမှုထဲ ခေါင်းနှစ်ထားခဲ့သော်လည်း အစိုးရ၏ အသိအမှတ်ပြုမှု မရသည့်အပေါ် ဆရာစိန်က မကျေနပ်၊ ပညာရှင်များ သေမှ တန်ဖိုးထားပြမည်လောဟု ဆရာစိန်က မေးခွန်းထုတ်တတ်သည်။
"ထိန်းသိမ်းမှုအားမှာ တို့မြန်မာတွေက သိပ်နည်းတယ်၊ သက်ရှိထင်ရှားရှိနေတုန်းမှာ မထိန်းသိမ်းချင်ကြဘူး၊ ဂရုလည်း မစိုက်ဘူး၊ အဲဒီလူ သေသွားပြီးနောက်မှာမှ အမွှမ်းတင် ဂရုစိုက်တာ မြန်မာတွေမှာ အကျင့်ပါနေတယ်၊ ဒါက ကောင်းတဲ့ဟာတော့ မဟုတ်ဘူး" ဟု ဆရာစိန်က မြန်မာလူမျိုးတို့၏ အကျင့်ဆိုးအကြောင်းကို မချိတင်ကဲဆိုသည်။
နအဖ အစိုးရလက်ထက် ဆိုကရေးတီးပြိုင်ပွဲတွင် ရာမဇာတ်တော်ကြီးကို နှစ်နှစ်တစ်ကြိမ် ကျင်းပပေးသော အချိန်သည် ရာမဇာတ်တော်ကြီး ရွှေထီးဆောင်းခဲ့သော ကာလများဖြစ်သည်။
ယခင်က ရန်ကုန်မြို့၌ အိုးဘိုရာမ၊ ရေကျော်ရာမ၊ သီရိရာမ၊ ကြည့်မြင်တိုင်ရာမ၊ စကော့ရာမ၊ ဗိုလ်တထောင်ရာမ၊ အနောက်ပိုင်းရာမ ဇာတ်အဖွဲ့ကြီးများက ရာမယဏဇာတ်တော်ကြီးကို တွင်ကျယ်စွာ ကပြခဲ့သည်။ နောင်တွင် တဖြည်းဖြည်းပျောက်ကွယ်လာကာ ယခုဆိုလျှင် ပုသိမ်က ဖျာပုံရာမအဖွဲ့သာ ရိုးရာမပျက်ကပြရင်း သက်တမ်းရှည်လျက်ရှိသည်။
ထို့ကြောင့်လည်း ဆရာစိန်က "တို့မြန်မာပြည်မှာ ရာမဇာတ်ကတာကို ကြည့်ဖို့မဖြစ်နိုင်တော့ဘူး" ဟု မကြာခဏ ဆိုခြင်းဖြစ်သည်။
ယခုဆိုလျှင် ရာမယဏ ရွှေထီးဆောင်းခဲ့သော အချိန်ကာလများလည်း ကုန်ဆုံးသွားခဲ့ပြီ။ နာမည်ကြီး ရာမဇာတ်အဖွဲ့များလည်း ကွယ်ပျောက်ကုန်ကြပြီ။ ခေါင်းတော်များ လုပ်တတ်သော ဆရာများလည်း နည်းပါးသွားခဲ့ပြီဖြစ်သလို ပညာကို အမှန်တကယ်လိုချင်သောတပည့်လည်း ရှားသွားခဲ့ပြီ။ သို့သော် ဒဿဂီရိ ခေါင်းတော်ကိုင် ဆရာစိန်၏အိမ်ထဲတွင်တော့ ရာမယဏဇာတ်ကြီး အမြဲပင် ကနေလေသည်။