ငွေလမင်း ဥပမာ
mmtimes.com
|
2019-11-28



ငွေလမင်း ဥပမာ

''ကျွန်တော်ကတော့ လူနဲ့ အနုပညာ ခွဲမမြင်ဘူး။ လူတစ်ယောက်ရဲ့ အနုပညာ ဘယ်လောက်ကောင်းကောင်း၊ စိတ်ဓာတ် မကောင်းရင်၊ ယုတ်မာတဲ့ စိတ်ရှိရင်၊ အတ္တသိပ်ကြီးရင် သူ့အနုပညာဆိုတာလည်း လုံးဝ လက်မခံနိုင်ဘူး။ လူကို ရွံမိသလို သူ့အနုပညာကိုလည်း ရွံတယ်''

''ကျွန်တော်ကတော့ လူနဲ့ အနုပညာ ခွဲခြားမြင်တတ်သူဆိုတော့ ခင်ဗျားနဲ့ သဘောမတူ နိုင်ပါဘူး။ သူ့ပုဂ္ဂလိကဘဝ ဘယ်လိုပဲဖြစ်နေ ပါစေ၊ သူ့အနုပညာက တန်ဖိုးထားသင့်တယ်။ မြတ်နိုးသင့်တယ်ဆိုရင် တန်ဖိုးထားရမှာပါပဲ။ မြတ်နိုးရမှာပါပဲဗျာ''




ငွေလမင်းကို ကမ္ဘာသူကမ္ဘာသားတွေ အားလုံးက တောင့်တကြ၊ ချစ်မြတ်နိုးကြရတယ်။ မသာလည်းတ သာလည်း တကြရတယ်။ သုံးရက်လ ခုံးမျက်စတဲ့။ ဆန်းစ သော်တာတဲ့ . . .

အနုပညာသည်ဆိုတာကလည်း လူထဲက လူတစ်ယောက်ပါပဲ။ လောကဓံထဲက လူသား တစ်ယောက်ပါပဲ။ ငွေကြေး၊ မိန်းမ၊ လူမှု အရှုပ်အထွေးများနဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းခဲ့တယ်ဆိုရင်လည်း သူ့ဘဝနဲ့သူ၊ သူ့ဒုက္ခနဲ့သူ။ သူ့ပြစ်ဒဏ်သူခံရမှာပဲလို့သာ သဘောထားမိပါရဲ့။အတိုင်းအတာတော့ ရှိပါလိမ့်မယ်။ မိမိ အပြုအမူအကျင့်အကြံ မကောင်းမှုကြောင့် တိုင်းပြည်ပျက်၊ နိုင်ငံပျက်၊ လူများစွာ အသက်ဆုံးရှုံးဆိုတာမျိုးကတော့ လက်ခံနိုင်စရာမရှိပါဘူး။

ဒါပေမဲ့ 'ဟစ်တလာ'လို လူမျိုးကိုပဲသာဓကထား ပြောလို့ရပါတယ်။ ဟစ်တလာဟာ မကောင်းဆိုးရွား မိစ္ဆာပါ။ ဒါပေမဲ့ ဟစ်တလာ ရေးဆွဲခဲ့တဲ့ ပန်းချီလက်ရာတွေကိုတော့ အနုပညာပစ္စည်း တစ်ခုအနေနဲ့ သိမှတ်ကြရတာပါပဲ။

လူ့သမိုင်းကိုပြန်ကြည့်ရင် အနုပညာထက် နိုင်ငံရေးအယူဝါဒ၊ အပြုအမူ အကျင့်အကြံ မှားခြင်းတွေကသာ ပြည်သူတွေအသက်အကြိမ်ကြိမ် သေဆုံးကြရတာပါ။ အနုပညာကြောင့်သာ အသက်တွေ အကြိမ်ကြိမ် ပြန်လည်ရှင်သန်ခဲ့တာလို့ ကျွန်တော်ကတော့ ယုံကြည်နေဆဲပါပဲ။

ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်၊နာဇီဝါဒ၊ ကွန်မြူနစ်ဝါဒတွေနဲ့ ကမ္ဘာ့သမိုင်းကိုပဲ ပြန်ကြည့်ကြပါ။ အကြွင်းမဲ့ အာဏာရှင်ဘုရင် တွေ။ ကမ္ဘာကို လူမျိုးတစ်မျိုးတည်းကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ နာဇီဝါဒ၊ ဖက်ဆစ်ဝါဒတွေ။ ကမ္ဘာကို လူတန်းစားတစ်မျိုးတည်း၊ တစ်ပါတီတည်းကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ကွန်မြူနစ် ဝါဒ။ ဒီစနစ်ဒီဝါဒတွေကြောင့်သာ လူ့အသက်သွေးချွေးမြောက်မြားစွာ စတေးခဲ့ ကြရတာပါ။ ဒီတော့ အနုပညာသမား မှားတာက နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရ၊ အယူဝါဒတွေ များတာနဲ့ မနှိုင်းယှဉ်သာပါဘူး။

ကျွန်တော်တို့ မြန်မာစာပေသမိုင်းမှာ တောင်ငူဘုရင်နတ်သျှင်နောင်နဲ့ စလေဆရာ ဦးပုညတို့ဘဝဇာတ်ကြောင်းကိုပဲ ပြန်ကြည့်ပါ။သူတို့ အပြုအမူအကျင့်အကြံ၊ သူတို့ ဘဝက တစ်ကန့်၊ သူတို့ရေးဖွဲ့ခဲ့တဲ့ ကဗျာ အနုပညာက တစ်ကန့်။ သူတို့ ရတုကဗျာ၊ တေးထပ်လင်္ကာတွေဟာ မြတ်နိုးတန်ဖိုးထားရတဲ့ အနုပညာ အမွေအနှစ်တွေပဲ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့စာပေမှာလည်း သာဓကပြစရာ အနုပညာရှင်တွေ အများအပြားရှိခဲ့တာပါပဲ။ ပြင်သစ်ကဗျာဆရာ အာသာရင်းဘိုး (Arthur Rimbaud (၁၈၅၄−၁၈၉၁) ဆိုရင် သူ့ခေတ်သူ့အခါက ကျွန်ကုန်ကူးတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ နော်ဝေက ကဗျာဆရာ၊ စာရေးဆရာကြီး Knut Hamsun ဆိုရင်လည်း ၁၉၂ဝ နိုဘယ်စာပေဆုရှင်ပါ။သူဟာ ဟစ်တလာနဲ့ နာဇီဝါဒကို ထောက်ခံခဲ့သူပါ။သူတို့အပြုအမူ အကျင့်အကြံတွေကိုပြည်သူက လက်မခံခဲ့ပေမဲ့ သူတို့ကဗျာတွေ စာပေလက်ရာတွေကို ငြင်းပယ်လို့ မရခဲ့ပါဘူး။ ကိုယ်ကျင့်သီလမကောင်းတာ အနုပညာသမားကျမှ ခွင့်လွှတ်ရမယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။

ရှေးရှေးက ဂန္ထဝင် အမွေအနှစ်တွေမှာ'အမည်မသိ'အနုပညာရှင်တွေ အမြောက်အမြားရှိခဲ့ကြပါတယ်။ အမည်တောင် မသိခဲ့တာ သူတို့ ကိုယ်ကျင့်တရား၊ သူတို့ သီလကို ကျွန်တော်တို့ ဘယ်လိုသိနိုင်မှာလဲ။ ဒါကြောင့်အနုပညာပစ္စည်းတစ်ခုကို တန်ဖိုးထားမြတ်နိုး တယ်ဆိုတာ အဲဒီအနုပညာပစ္စည်းနဲ့ပဲဆိုင်ပါလိမ့်မယ်။

ရောဘတ်လူးဝစ္စစတီဗင်ဆင် (Robert Louis Stevenson) ရဲ့ ကမ္ဘာကျော် ဝတ္ထုကြီး တစ်ပုဒ် ''ဒေါက်တာဂျက်ကီးနဲ့ မစ္စတာဟိုက်'' ဖတ်ဖူးတယ်မဟုတ်လား။ဒေါက်တာဂျက်ကီးနဲ့ မစ္စတာဟိုက်ဆိုတာ လူနှစ်ယောက်မဟုတ်ပါဘူး။ လူတစ်ယောက်တည်းက နာမည် နှစ်မျိုးခံယူပြီး စိတ်နှစ်ခွ ဖြစ်တည်နေတယ်။ ဒေါက်တာဂျက်ကီးက လူကောင်းစရိုက်လက္ခဏာ၊ မစ္စတာဟိုက်ကလူဆိုး၊ လူသတ်သမား စရိုက်လက္ခဏာ။

လူ တစ်ကိုယ်တည်း ဒေါက်တာဂျက်ကီးဖြစ်လိုက် မစ္စတာ ဟိုက်ဖြစ်လိုက် ဘဝကို ရေးဖွဲ့ပြသွားတာ။ စိတ်ပညာမှာ ဒါကို ကွဲပြားကိုယ်ရည် ကိုယ်သွေး (Split Personality) လို့ ခေါ်တွင်ပါတယ်။ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး ခရစ်တော် (Jesus Christ) ဇာတ်လမ်းတစ်ပုဒ်ကလည်း မှတ်သားဖွယ်ပါပဲ။

တစ်နေ့သ၌ပေါ့ဗျာ...ဘာသာရေးဆရာတွေနဲ့ လူအုပ်စုတစ်စုဟာ ပြည့်တန်ဆာမတစ်ယောက်ကို ဖမ်းဆီးပြီး ခရစ်တော်ဆီ ခေါ်လာကြသတဲ့။ မကောင်းမှု ကျူးလွန်တဲ့ ပြည့်တန်ဆာမကို သေဒဏ်စီရင်ဖို့ပေါ့။ ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်ကြပြီး သေဒဏ်စီရင်မယ် အသင်ယေရှုကရော သဘောတူရဲ့ မဟုတ်လားလို့ မေးမြန်းတဲ့အခါ ခရစ်တော်က ...''သင်တို့အထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းစင်တယ်။ သူတော်စင်ဖြစ်တယ်လို့ ယုံကြည်သူက အဲဒီပြည့်တန်ဆာမကို ခဲနဲ့စပစ်ပါ''လို့ ပြောလိုက်ပါတယ်။ ဘယ်သူမှ ပြည့်တန်ဆာမကို ခဲနဲ့ မပစ်ပေါက်နိုင်ကြတော့ပါဘူး။

ကိုယ်ကျင့်သီလမြဲမြံဖို့အတွက် ဘာသာတရားတိုင်းမှာ အဆုံးအမတွေရှိပြီးသားပါ။ ဗုဒ္ဓဘာသာမှာလည်း ငါးပါးသီလရှိနေပါတယ်။ ဒဿနဗေဒမှာလည်း ကိုယ်ကျင့်တရား (Ethics) ကို ဘာသာရပ်တစ်ခုအနေနဲ့ လူ့တန်ဖိုးအနေနဲ့ အကျယ်တဝင့်ပါရှိပါတယ်။

ကျွန်တော်ကတော့ ဖန်တီးနိုင်စွမ်းအားကြီးတဲ့ အနုပညာနဲ့ အနုပညာသမားဘဝကို မိုးကောင်းကင်မှာ တည်ရှိနေတဲ့ ငွေလမင်းကြီးနဲ့ ခိုင်းနှိုင်းချင်တာပါပဲ။ ငွေလမင်းကြီးနဲ့ ဥပမာပေးချင်တော့တာပါပဲ။ အနုပညာ၊ အနုပညာသမားနဲ့ အထိုက်တန်ဆုံး ဥပမာဟာ လမင်းပါပဲ။ငွေလမင်းကို ကမ္ဘာသူကမ္ဘာသားတွေ အားလုံးက တောင့်တကြ၊ ချစ်မြတ်နိုးကြရတယ်။ မသာလည်းတ၊သာလည်းတ ကြရတယ်။ သုံးရက်လ ခုံးမျက်စတဲ့။ ဆန်းစ သော်တာတဲ့။ မောင့်လပြည့်ဝန်းတဲ့။မောင့်မေတ္တာ လရောင်ဆမ်းမှ ပွင့်လန်းလာမယ့် ပန်းအလှ ကုမုဒြာတဲ့။

ဒါကကမ္ဘာမြေနဲ့ မိုင်အားဖြင့် နှစ်သိန်းငါးသောင်းလောက် ဝေးကွာတဲ့ ငွေလမင်းကို ကမ္ဘာသူကမ္ဘာသားတွေရဲ့ နှလုံးစိတ်ဝမ်းချမ်းမြေ့မှု၊ ကြည်နူးပျော်ရွှင်မှု၊ ငြိမ်းချမ်းရေး ခံစားရမှုပါပဲ။ ဒီလို စိတ်အခြေအနေ၊ ဒီလို ခံစားရမှုဟာ မမှန်ဘူးလားဆိုတော့မှန်နေတာပါပဲ။

ဟုတ်ပြီ...မိုင်ပေါင်း နှစ်သိန်းခွဲဝေးတဲ့ ငွေလမင်းရှိရာကို ကျွန်တော်တို့ အရောက် သွားကြမယ်၊ ငွေလမင်းရဲ့ ရင်ခွင်အတွင်းကို ကျွန်တော်တို့ ဆင်းသက်ခိုလှုံကြရတော့မယ် ဆိုရင်တော့ စောစောက ခံစားနေရမှုတွေအစအနမကျန် ပျောက်ပျက်သွားရတော့မှာပါပဲ။

လပေါ်မှာ ကျောက်သားမျက်နှာပြင်တွေ၊ ဖုန်မှုန့်တွေနဲ့ လူတွေ သက်ရှိတွေအတွက် ရှူရှိုက်စရာ အောက်ဆီဂျင်ဆိုတာလည်းမရှိ၊ သောက်စရာ ရေကလည်း နတ္ထိ၊ ရာသီဥတု အပူ၊ အအေးကလည်း ပြင်းထန် လွန်းတာမို့ အသက်ရှင်ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။

လပေါ်ကို အမှန်တကယ် ရောက်သွားခဲ့ရင် ငွေလမင်းရဲ့ ကြည်လင်အေးမြခြင်းတို့၊စိတ်နှလုံးငြိမ်း ချမ်းမွေ့လျော်ဖွယ် ကောင်းခြင်းတို့ဆိုတာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားရမှာပါ။ဒီတော့ ကမ္ဘာမြေကနေ မြင်ရတွေ့ရခံစား ရမှုဟာလည်း အမှန်ဖြစ်သလို၊ လရဲ့ ပကတိ ဖြစ်တည်နေပုံ၊ ကြမ်းတမ်းခက်ထန် အရုပ်ဆိုး မှုတွေဟာလည်း အမှန်ပဲ ဖြစ်ပါတယ်။ဒါကြောင့် အနုပညာနဲ့ အနုပညာရှင် အချို့ကို ငွေလမင်းနဲ့ ဥပမာပေးခြင်းကတော့ အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မယ်။သူနားလည်မှု ရပါစေတော့ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြပြောပြနေရပေမဲ့ ကိုယ့်လူကတော့ ခေါင်းကို လေးလေးပင်ပင် ခါရင်း၊ နှုတ်ခမ်းကို မဲ့ပြီး တုံ့ပြန်ပြောလာပါတယ်။

''ကျွန်တော်ကတော့ လူတစ်ယောက်ကို မုန်းမိပြီဆိုရင် သူ့အနုပညာကိုသာမက၊ သူ့မိသားစု၊ သူ့အိမ်၊ သူ့လမ်းကိုလည်း မုန်းတတ်တဲ့ ကောင်ပဲဗျ''သူ့တုံ့ပြန်စကားကြားရတော့ ကျွန်တော်သည်လည်း ပုခုံးတွန့်ရုံကလွဲပြီး ဘာများ တတ်နိုင်တော့မှာလဲ...။ ငွေလမင်းကြီးရယ် ...။


#လမင်း
#အနုပညာ
#ပြည့်တန်ဆာ
#အနုပညာသမား
#ဝါဒ

Some text some message..