ပန်းချီပန်းပု အနုပညာရှင် နန်းနန်း။ ဓာတ်ပုံ • သီရိလူ
အနုပညာပါရမီနဲ့ ပန်းချီပန်းပုဆရာမ နန်းနန်း
ခဲစာလုံး ပုံနှိပ်တဲ့နေရာမှာသုံးတဲ့ ဘလောက်အတုံးလေးတွေနဲ့ ဓားတွေပတ်လည် ဝိုင်းထားတဲ့"Nann Art Studio" ဆိုင်းဘုတ်က အနုပညာဆန်နေသလို စတူဒီယိုပိုင်ရှင် ပန်းချီပန်းပုဆရာမ နန်းနန်းရဲ့ အနုပညာဖန်တီးမှုတွေကလည်း အခြားအနုပညာသမားတွေရဲ့ ဖန်တီးမှုတွေနဲ့ မတူကွဲပြားကာ နန်းနန်းဆိုတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဖြစ်တည်မှုကို ပြသနေပါတယ်။ သူဟာ လူတွေထဲမှာ နေသားတကျရှိနေတဲ့ သက်မဲ့အရာတွေကို အနုပညာမြောက် သွားအောင် အသက်သွင်း ပုံဖော်တတ်သူလည်း ဖြစ်ပါတယ်။
အနက်ရောင် ကင်းဗတ်စပေါ်နဲ့ ယွန်းပြားအနက်ပေါ်မှာ ရွှေအစစ်ချပြီး ဖန်တီးထားတဲ့ သူ့ပန်းချီအနုပညာလက်ရာတွေကလည်း အောင်မြင်ကျော်ကြား ကာ နိုင်ငံခြားသား အနုပညာစုဆောင်းသူတွေရဲ့ နှလုံးသားကို လှုပ်ခတ်စေ နိုင်တဲ့ ဖန်တီးမှုတွေ ဖြစ်ပါတယ်။
မြန်မာပြည်မှာ မော်ဒန်ပန်းပုပညာရှင်ဆိုတာ အရေအတွက်နည်းတဲ့ စာရင်းထဲမှာပါပြီး အဲဒီထဲကမှ အမျိုးသမီးမော်ဒန်ပန်းပုပညာရှင်တွေက ပိုပြီး ရှားပါးပါတယ်။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ပန်းချီပန်းပုအနုပညာရှင် နန်းနန်းဟာ ပန်းချီ၊ အင်စတော်လေးရှင်း၊ ပန်းပုစတဲ့ အနုပညာအလုပ်တွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက တစိုက်မတ်မတ်လုပ်လာခဲ့သူဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်"Nann Art Studio" ကို လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက စတင်ခဲ့သူလည်းဖြစ်ပါတယ်။
"အစ်မရဲ့အိပ်မက်က မင်းသမီးဖြစ်ချင်တာ။ အဲဒီအချိန်က ဦးကျော်ဟိန်း ကလည်း မင်းသမီးသစ်ခေါ်တော့ သွားလျှောက်လိုက်သေးတယ်။ ဆန်ခါတင် ရွေးတဲ့ထဲလည်း ပါတယ်။ ဒါပေမဲ့ အမေက လုံးဝ အားမပေးဘူး။ ပန်းချီမှပန်းချီပဲ artist ပဲ ဖြစ်စေချင်တာ။ တစ်ချိန်လုံး အမေက ပန်းချီပဲ အတင်းရေးခိုင်းနေတော့ အစ်မကလည်း မရေးချင်တော့ဘူး။ ဒါပေမဲ့Modern Art ကိုတော့ စိတ်ဝင်စားတယ်။ အသစ်အသစ်တွေ ဖန်တီးရတာ ကြိုက်တယ်။ အခုလည်း အဲဒီစိတ်ကြောင့် အသစ်တွေ တစ်ခုပြီးတစ်ခု စမ်းသပ်ဖန်တီးဖြစ်နေတာ" လို့ အနုပညာရှင် နန်းနန်းက ပြောပါတယ်။
မနန်းနန်းအနုပညာဗီဇဟာ သူ့မိဘနှစ်ပါးဖြစ်တဲ့ ပန်းချီဆရာကြီး ဦးမြအေးနဲ့ ပန်းချီဆရာမကြီး ဒေါ်နွဲ့နွဲ့ရီတို့ဆီက မြစ်ဖျားခံ စီးဆင်းလာခဲ့တာဖြစ်ပြီး ကလေးဘဝကတည်းက ဂျပန်နိုင်ငံက ရှန်ကာပန်းချီပြိုင်ပွဲနဲ့ တခြားပြည်တွင်းနဲ့ နိုင်ငံတကာ ပန်းချီပြိုင်ပွဲတွေမှာ တောက်လျှောက် ဆုရခဲ့သူလည်း ဖြစ်ပါတယ်။ ဆယ်တန်းအောင်ပြီးတော့ ၁၉၉၃ ခုနှစ်မှာ ရန်ကုန်ပန်းချီပန်းပုကျောင်းမှာ ပန်းချီသုံးနှစ် သင်တန်းတက်ခဲ့သလို အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်ရန်ကုန်ကလည်း ၁၉၉၈ ခုနှစ်မှာ ပန်းပုမေဂျာနဲ့ ဘွဲ့ရခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ခုချိန်မှာ နိုင်ငံခြားသွားပြီး နိုင်ငံတကာက အနုပညာလက်ရာတွေ သွားကြည့် တယ်ဆိုတာ အဆန်းတကြယ်မဟုတ်တော့ပေမဲ့ အနုပညာရှင်နန်းနန်းကတော့ ၁၉၉၃၊ ၁၉၉၄ ခုနှစ် ဆယ်တန်းအောင်ပြီးချိန်လောက်ကတည်းက ခေတ်သစ်မော်ဒန်အနုပညာတွေ လေ့လာဖို့ အင်္ဂလန်နိုင်ငံကို တစ်ယောက်တည်း စိတ်ဝင်တစားသွားခဲ့သူပါ။
ခေတ်ပြိုင်နဲ့ မော်ဒန်အနုပညာတွေကို အင်္ဂလန်မှာ အနုပညာကျောင်းတက်ပြီး သင်ယူဖို့ ပြင်ဆင်ခဲ့ပေမဲ့ သူတကယ်တမ်း ရောက်သွားတဲ့အချိန်မှာ သူရွေးချယ်ခဲ့တဲ့ကျောင်းမှModern Art နဲ့ပတ်သက်ပြီး အထူးပြုသင်ကြားမယ့် အနုပညာမေဂျာက လူပြည့်နေပါတယ်။ နောက်ဆုံးFine Art နဲ့ပတ်သက်တဲ့ အနုပညာမေဂျာပဲ ရတော့တာကြောင့် မော်ဒန်အနုပညာကိုပဲ မြန်မာပြည်မှာ ရအောင် ဖန်တီးမယ်ဆိုပြီး အင်္ဂလန်က အနုပညာလက်ရာတွေကိုသာ လေ့လာမှုသက်သက်လုပ်ပြီး ပြန်လာခဲ့သူပါ။
ဆယ်တန်းအောင်ပြီးချိန်လောက်ကတည်းက ခေတ်သစ်မော်ဒန်အနုပညာတွေ လေ့လာဖို့ အင်္ဂလန်နိုင်ငံကို တစ်ယောက်တည်း စိတ်ဝင်တစားသွားခဲ့
"အစ်မ တက်ချင်တဲ့ မော်ဒန်အနုပညာတန်းက လူပြည့်နေတယ်ဆိုတဲ့ အချိန်မှာ အစ်မ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ အနုပညာဆိုတာကို အင်္ဂလန်မှာ မရှာတော့ဘူး၊ အနုပညာဆိုတာ အင်္ဂလန်မှာပဲ ရှိတာမဟုတ်ဘူး။ အနုပညာ ဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတာဆိုတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာ၊ ဒီနေ့ တကယ်လည်း ကိုယ့်လက်နဲ့ အနုပညာဖန်တီးမှုတွေ ဖန်တီးနိုင်လာခဲ့တယ်" လို့ မနန်းနန်းက သူ့ရဲ့ငယ်ဘဝအတွေ့အကြုံ၊ ဆုံးဖြတ်ချက်နဲ့ လက်ရှိအနေအထားကို ယှဉ်ပြီး ပြောပြခဲ့ပါတယ်။
ခုအချိန်မှာလည်း သူ့စိတ်ထဲ ရည်ရွယ်ကြုံးဝါးထားတဲ့အတိုင်း ထူးခြား ပြောင်မြောက်တဲ့ မော်ဒန်အနုပညာတွေကို သူ့လက်နဲ့ တစိုက်မတ်မတ် ဖန်တီး နိုင်တဲ့ အောင်မြင်တဲ့ ရှားရှားပါးပါး မော်ဒန်ပန်းချီပန်းပုအနုပညာရှင် နန်းနန်း ဖြစ်လို့နေပါပြီ။ ပန်းချီဆရာမနန်းနန်းဟာ ၁၉၇၈ ခုနှစ် ပန်းချီပညာကို စတင် ချဉ်းကပ်ခဲ့စဉ်ကတည်းက ခုချိန်ထိ အစိုးရအဖွဲ့အစည်းတွေကပေးတဲ့ ဆုပေါင်း ၃၀ ကျော်နဲ့ နိုင်ငံတကာကပေးတဲ့ ဆုပေါင်း ၄၅ ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အမျိုးသမီးအနုပညာရှင် ဖြစ်ပါတယ်။ ၂၀ဝ၄ ခုနှစ်မှာတော့ မြန်မာတိုင်း(မ်)က ကျင်းပတဲ့The Myanmar Times Contemporary Art Contest" မှာ နောက်ဆုံးအဆင့် ဆန်ခါတင်ရွေးချယ်မှုအထိ ပါဝင်ခဲ့သူပါ။ ၂၀ဝ၄ ခုနှစ်မှာ မနန်းနန်းရဲ့ ကိုယ်ပိုင် အနုပညာဖန်တီးမှုအသစ်တစ်ခုအဖြစ် သူနဲ့အမြဲတွဲမြင်တဲ့အထိ အောင်မြင်ခဲ့တဲ့ အနက်ရောင်ကင်းဗတ်စပေါ်မှာ ရွှေပြားတွေကပ်ပြီး ပုံစံမျိုးစုံ ဖန်တီးထားတဲ့ သူ့ပန်းချီကားတွေကို စတင်ဖန်တီးနိုင်ခဲ့ပါတယ်။
p27_photo-hein-latt.jpg
ရွှေပြားများနှင့် ဖန်တီးထားသည့် လက်ရာတစ်ခု။ ဓာတ်ပုံ • ဟိန်းလတ်အောင်
အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ရန်ကုန်က ကျောင်းဆင်းပြီး အိမ်မှာ ပန်းချီသင်တန်းဖွင့်သလိုThe International School Yangon (ISY) မှာလည်း ပန်းချီသင်တဲ့ဆရာမအနေနဲ့ ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ မနန်းနန်းရဲ့ အောင်မြင်ကျော်ကြားတဲ့ ရွှေပြားကပ်အနုပညာဖန်တီးမှုကိုnternational School Yangon (ISY) ကျောင်းက နိုင်ငံခြားသားဆရာမတွေနဲ့အတူ ရွှေသင်္ကန်းကပ်တဲ့ရွှေပြားတွေကို စိတ်ဝင်စားလို့ ပန်းချီကားပေါ်မှာ စစမ်းသပ်ရင်း စိတ်ကူးရလာခဲ့ပါတယ်။ ဒါနဲ့ပဲ ရွှေသင်္ကန်းချတဲ့ ရွှေပြားအစစ် တွေနဲ့ ကင်းဗတ်စအနက်နဲ့ အနီခံပေါ် ရွှေပြားအနုပညာဖန်တီးမှုတွေ စတင် ဖန်တီးဖြစ်ခဲ့ တာလို့လည်း မနန်းနန်းက ပြောပါတယ်။
၂၀၁၆ ခုနှစ်ကလုပ်ခဲ့တဲ့ မြန်မာမှုပန်းပုတွေကို သူ့ရဲ့ ဆန်းသစ်တဲ့ အတွေး အခေါ်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ "Art in Me, Sculptured from
found Objects" ပန်းပုပြပွဲကလည်း မနန်းနန်းရဲ့ ထူးခြားတဲ့အနုပညာပြပွဲ တစ်ပွဲ ဖြစ်ပါတယ်။
"အစ်မက ပန်းချီထက် သုံးဘက်မြင် three dimensional artworksတွေဖြစ်တဲ့ ပန်းပုတို့ အင်စတော်လေးရှင်းတို့ ဖန်တီးရတာ ပိုသဘောကျတယ်။ အနုပညာတစ်ခုခုကို ဖန်တီးနေတဲ့အချိန်မှာ အစ်မဆီမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်လက်ထဲမှာ ထူးခြားတဲ့ စွမ်းအင်တစ်ခုခု ရှိနေသလို အမြဲခံစားရတယ်။ အဲဒါ Artist တစ်ယောက်မှာ ရှိနေတဲ့ ပါရမီပဲခေါ်မလား။ ထူးခြားတဲ့ ပါဝါလို့ ခေါ်မလားမသိဘူး။ အစ်မဆီမှာ အဲဒါလေးတစ်ခု ရှိတယ်လို့ ယုံကြည်တယ်"
လို့လည်း မနန်းနန်းက ဆိုပါတယ်။
Read More