ပရောဟိတ်ဆရာကြီး ဦးအောင်မင်းအောင်နှင့် ဝတ်ပြုဆုတောင်းနေသည့် ဂေါပကအဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ • ဖိုးဝ
ပီလခတ်က ပေးသည့် ရတနာ
စိတ်များလှုပ်ရှားနေသဖြင့် ကလေးငယ်ကို ပွေ့ချီထားသော မမေသဉ္ဇာကျော်၏လက်များ တုန်ရီနေသည်။ မမေသဉ္ဇာကျော်က ဆွတ်ဆွတ်ဖြူနေသည့်အနှီးထုပ်ကို ရင်ခွင်ထဲတွင် ခပ်ဖွဖွထွေးပွေ့ထားပြီး နှုတ်မှလည်း ဆီမန်း မန်းသကဲ့သို့ တတွတ်တွတ် ရေရွတ်နေသည်။
အနှီးထုပ်အတွင်းတွင်မူ သက်ရှိမဟုတ်သော နီရဲရဲ ကော်ပတ်ရုပ်ကလေးက မိခင်တစ်ယောက်၏ရင်ခွင်ထဲတွင် အေးချမ်းစွာအိပ်ပျော်နေသော ကလေးငယ်ကဲ့သို့ မလှုပ်မယှက် ငြိမ်သက်လျက်။
ထိုကဲ့သို့ ကလေးအနှီးထဲတွင် ကော်ပတ်ရုပ်လေးကိုထည့်ကာ မိမိ၏ ရင်ဝယ်သားအဖြစ် အမြတ်တနိုးပိုက်ထွေးထားသော မမေသဉ္ဇာကျော်သည် စိတ်နောက်နေသူတစ်ဦးတော့ မဟုတ်ပါ။ 'ရတနာ'ဟု မြန်မာလူမှုအဖွဲ့အစည်းက သတ်မှတ်ထားကြသည့် 'သားသမီး'ရရန်အတွက် ကလေးကော်ပတ်ရုပ် လေးကိုပိုက်ကာ ကျောက်တန်းမြို့နယ်တွင်းက ပီလခတ်ဘုရားကျောင်းကြီးထဲ၌ 'သားဆုပန်'နေခြင်းပင် ဖြစ်သည်။
p24_pw-77851.jpg
ပီလခတ်ဘုရားကျောင်းအတွင်း ဆိတ်ဘေးမဲ့ လာလွှတ်သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ • ဖိုးဝ
မမေသဉ္ဇာကျော်က လူပုံလယ်တွင် စရီ မဟာမူနိ(စ်) ဝရရ်ရုပ်တုကို မျက်နှာမူကာ ရပ်နေခြင်းဖြစ်ပြီး ညှို့ခံထားရသည့်အလား ရုပ်တု၏ မျက်နှာပေါ်မှနေ၍ ၎င်း၏မျက်လုံးများ မခွာနိုင်ဘဲ ဖြစ်နေသည်။ တစ်ချက်တစ်ချက်တွင်တော့ အနှီးထုပ်တွင်းက ကော်ပတ်ရုပ်လေးကို ငုံ့ကြည့်ပြီး 'ကျွတ်..ကျွတ်' ဟု ချော့သိပ်နေသည်မှာ သားသည်မိခင်တစ်ဦးအလားပင် ဖြစ်သည်။
မမေသဉ္ဇာကျော် ရှိနေသည့် လူအုပ်ကြီး၏အနောက်တွင် ဟိန္ဒူဘာသာဝင်များက ဗုံများကို အဆက်မပြတ်တီးခတ်၍ ဘုရားကို ပူဇော်နေကြသည်။ မမေသဉ္ဇာကျော်သည် ပတ်ဝန်းကျင်၌ သူတစ်ဦးတည်းသာ ရှိနေသည့်အတိုင်း အဆက်မပြတ်ထွက်ပေါ်နေသော ဗုံသံများ၊ ခေါင်းလောင်းသံများကို လျစ်လျူရှုကာ ရွတ်စရာရှိသည်ကိုသာ ဆက်တိုက်ရွတ်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ မမေသဉ္ဇာကျော်၏ နှုတ်ခမ်းနားကပ်၍ နားထောင်ကြည့်လျှင် "သားသမီးရတနာ အမြန်ဆုံးရပါစေ" ဟူသော အဖန်တလဲလဲ ဆုတောင်းသံကို ကြားရမည်ဖြစ်သည်။
မိနစ်နှစ်ဆယ်ခန့် ဆုတောင်းပြီးသွားသည့်အခါတွင်တော့ ဗုံသံများလည်း ရပ်သွားသည်။ ခေါင်းလောင်းသံများလည်း ကျဲသွားသည်။ မမေသဉ္ဇာကျော်၏ မျက်လုံးတစ်စုံကတော့ ရုပ်တု၏မျက်နှာပေါ်မှ စိုးစဉ်မျှပင်မရွေ့။ ထိုစဉ် တဒင်္ဂလေးတွင် ဘုရားရုပ်တု၏မျက်နှာက ပြုံးသွားသည်ဟု မမေသဉ္ဇာကျော် ထင်လိုက်မိသည်။ ထိုသို့တွေးထင်မိသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် 'နေသည် အရှေ့မှ ထွက်ပေါ်ပြီးလျှင် အနောက်အရပ်သို့ ဝင်မည်' ဆိုသည်မှာ သေချာသကဲ့သို့ မကြာသောအချိန်တွင် ၎င်း၏ဝမ်းတွင်း၌ ပဋိသန္ဓေတည်တော့ မည်ဟူ၍လည်း စိတ်ချလက်ချ ယုံကြည်လိုက်လေတော့သည်။
မမေသဉ္ဇာကျော်က ဖျာပုံမြို့နယ်တွင် နေထိုင်ကာ ကုန်ခြောက်ဆိုင်ဖွင့်လျက် အသက်မွေးသူတစ်ဦးဖြစ်ပြီး အသိတစ်ယောက်၏ ညွှန်ပြမှုဖြင့် ပီလခတ်ဘုရားကျောင်းသို့ သားဆုပန်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
p24_pw-77956.jpg
ယုံကြည်အားကိုးစိတ်ဖြင့် သားဆုပန်လာသူတစ်ဦးနှင့် ဝတ်ပြုနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ • ဖိုးဝ
လွန်ခဲ့သော နှစ်နှစ်ကျော်က အိမ်ထောင်ကျခဲ့သော်လည်း သူ့မှာ လက်ရှိအချိန်ထိ သားသမီးမထွန်းကားသေး။ အိမ်ထောင်သက်တမ်းအတွင်း ပဋိသန္ဓေတစ်ကြိမ်တည်ခဲ့သော်လည်း ကံမကောင်းစွာဖြင့်ပင် ကိုယ်ဝန်မှာ ပျက်ကျသွားခဲ့သည်။ သဘာဝအတိုင်း ထပ်ရနိုင် မရနိုင်ကို ဆေးခန်း၊ ဆေးရုံများတွင် အကြိမ်ကြိမ်စစ်ဆေးခဲ့ပြီး ချို့ယွင်းချက်မရှိဟု အဖြေထွက်သော်လည်း ကလေးမရနိုင်ဘဲ ဖြစ်နေသောအခါ ၎င်း၏စိုးရိမ်မှုသည် သားဆုပန်ခြင်းဘက်သို့ မြားဦးလှည့်လာခဲ့တော့သည်။
ဖျာပုံမြို့တွင်းရှိ ဘုရားများ၊ ဗေဒင်ဆရာများထံတွင် အလျဉ်းသင့်သလို သားဆုပန်ခဲ့သော်လည်း ထူးခြားမှုမရှိသေးသည့်အတွက် လတ်တလော နာမည်ကြီးနေသည့် ပီလခတ်ဘုရားကျောင်းသို့ ရောက်လာ ခဲ့ခြင်းဖြစ်သည်။
အိမ်၏ဆည်းလည်းရတနာလေး ရရှိရန်အတွက် အလွန်အမင်း စိတ်အားထက်သန်လျက်ရှိရာ ခယောင်းဆူးမြေ ကျော်ရလျှင်တောင် သားသမီးရရေးအတွက် ကျော်ဖြတ်ရန် လက်ရှိတွင် အသင့်ဖြစ်နေ လေသည်။
p24_pw-77872.jpg
နေ့စဉ် သက်သတ်လွတ်ထမင်း စတုဒီသာများ ကျွေးမွေးလျက်ရှိပြီး လာရောက် ဆုတောင်းဝတ်ပြုသူများနှင့် စည်ကားနေသည့် ပီလခတ်ဘုရားကျောင်း။ ဓာတ်ပုံ • ဖိုးဝ
"သားသမီး သေလောက်အောင် လိုချင်နေတယ်" ဟူသော မမေသဉ္ဇာကျော်၏ မေးတိုင်းပြန်ဖြေသောစကားက ရင်သွေးမည်မျှလိုချင် နေသည်ကို သက်သေခံလျက်ရှိသည်။
ထိုဘုရားကျောင်းတွင် သားဆုပန်ပြီးနောက် ကိုယ်ဝန်ဆောင်ကလေးမွေးသူများကို မျက်စိရှေ့တွင်ပင် တွေ့ထားပြီးဖြစ်ရာ မမေသဉ္ဇာ ကျော်အနေဖြင့်လည်း သေချာပေါက်ရတော့မည်ဟု ယုံကြည်နေသည်။
ခါးတွင် ပိတ်ဖြူပတ်ထားသော ပုရောဟိတ်ကြီးသည် ဘုရားရှိခိုးပူဇော်ပြီးသွားသောအခါ ဘုရားရေများ၊ ပြာများကို လိုက်လံတိုက်ကျွေး သည်။ မမေသဉ္ဇာကျော်လည်း လူအုပ်ကြီးထဲ အလုအယက်တိုးကာ ပုရောဟိတ်ကမ်းပေးသော ရေများကို သောက်ချလိုက်ပြီးနောက် သားဆုပန်ခြင်းအမှုလည်း ပြီးဆုံးသွားလေတော့သည်။
ပုရောဟိတ်ကြီး၏ အဆိုအတိုင်းဆိုလျှင် များမကြာမီအချိန်အတောအတွင်း မမေသဉ္ဇာကျော်တွင် ကိုယ်ဝန်ဧကန်ရှိလိမ့်မည်ဖြစ်ပြီး ကလေးမွေးပြီးလျှင် တစ်ခေါက်ပြန်လာကာ ဘုရားကို ပူဇော်ရ ဦးမည်ဖြစ်သည်။ ထို့နောက် ထိုကျောင်းတွင်ပင် ဆံဦးချရမည်ဟု ပုရောဟိတ်ဆရာကြီးက မှာထားရာ မမေသဉ္ဇာကျော်တစ်ယောက် သားသမီးရလျှင် ပြုလုပ်ရမည့်ကိစ္စရပ်များကိုသာ ကြိုတွေးရင်း ဝမ်းသာကြည်နူးနေလေတော့သည်။
ထိုဘုရားကျောင်းကြီးသည် မမေသဉ္ဇာကျော်ကဲ့သို့ သားသမီးရလိုသည့် ဇနီးမောင်နှံစုံတွဲပေါင်း မြောက်မြားစွာကို ဝမ်းသာစေခဲ့ပြီးဖြစ်သည်။
"ဒီကိုလာပြီးတော့ ကလေးမရဘူးဆိုတာ မရှိဘူး၊ တစ်နှစ် ခြောက်လအတွင်းကလေးရသွားတာပဲ"ဟု ပုရောဟိတ်ဆရာကြီး ဦးအောင်မင်းအောင်က ဆိုသည်။ အသားညိုညို အပေါ်ပိုင်းအင်္ကျီဗလာနှင့် ခန္ဓာကိုယ်ပေါ်တွင် ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်များ ဝတ်ဆင်ထားသော ဦးအောင်မင်းအောင်သည် ပီလခတ်ဘုရားကျောင်း၌ ဆုပန်ပေးရသည့် ပုရောဟိတ်ဆရာကြီးအဖြစ် လုပ်ကိုင်နေသည်မှာ သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။
p24_pw-77857.jpg
နေ့စဉ် သက်သတ်လွတ်ထမင်း စတုဒီသာများ ကျွေးမွေးလျက်ရှိပြီး လာရောက် ဆုတောင်းဝတ်ပြုသူများနှင့် စည်ကားနေသည့် ပီလခတ်ဘုရားကျောင်း။ ဓာတ်ပုံ • ဖိုးဝ
၁၈၆၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ပီလခတ် စရီအန်ကလဲ အီစ်ဝရီစရီ မဟာမူနိ(စ်) ဝရရ်ဟိန္ဒူဘုရားကျောင်းကြီး၏သက်တမ်းမှာ နှစ်ပေါင်း ၁၆၀ ကျော်ခဲ့ပြီဖြစ်သည်။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်သို့ ရောက်ပါက မြို့အဝင်တွင်ရှိသည့် ၂၄ နာရီဆေးခန်း၏ မျက်နှာချင်းဆိုင်လမ်းမှနေ၍ လေးမိုင်ခန့် ဝင်သွားပြီးလျှင် လယ်ကွင်းပြင်တွင် တည်ရှိနေသော ဘုရားကျောင်းသို့ ရောက်မည်ဖြစ်သည်။
ဟိန္ဒူရိုးရာအဆောက်အအုံများစွာဖြင့် ထည်ဝါနေသောဘုရားကျောင်းသည် ညောင်ပင်ငယ်တစ်ပင်မှနေ၍ အစပြုဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ သမိုင်းမှတ်တမ်းအရ ထိုဒေသတွင် နေထိုင်သော ဟိန္ဒူဘာသာဝင် လယ်သမားကြီး ဦးကူပူးဆာမိက အိပ်မက်အရ ညောင်ပင်ငယ်ကို စတင်ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဦးကူပူးဆာမိ၏အကူအညီဖြင့် များစွာသော ဟိန္ဒူဘာသာဝင်များသည် ထိုညောင်ပင်ငယ်သို့ လာရောက်၍ သားဆုပန်ခဲ့ကြသည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအခက်အခဲများ ပြေလည်ရန်အတွက်လည်း ဆုတောင်း၊ ဆုပန်ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က ဦးကူပူးဆာမိက ကန်တော့ပွဲ တစ်ပွဲလျှင် တစ်မတ် ယူသည်။
သူ မကွယ်လွန်ခင်နှစ် ၁၉၂၃ တွင် ဦးကူပူးဆာမိက ၎င်းပိုင်ဆိုင်သည့် လယ် ၂၅ ဧက၊ ကန်တော့ပွဲမှရရှိငွေ ဗြိတိသျှငွေကျပ် ၁ç၆၀ဝ ကို မ တည်၍ ဘုရားကျောင်းဆောင်များ ဆောက်လုပ်ပြီး ဂေါပကအဖွဲ့ဖွဲ့ကာ စောင့်ရှောက်စေခဲ့သည်။ ဘုရားကျောင်းဝင်းထဲတွင် ထမင်းစားဆောင်ကြီးတစ်ခုရှိပြီး ၎င်းရှိစဉ်ကတည်းက သက်သတ်လွတ် စတုဒီသာထမင်းဟင်းများကို နေ့စဉ်မပြတ် ကျွေးမွေးခဲ့သည်။
လက်ရှိတွင် ဘုရားကျောင်းပတ်ဝန်းကျင်တွင် တမီလ်အိမ်ထောင်စု ၁၈၀ ခန့်ရှိပြီး ပီလခတ်ဘုရားကျောင်းကို အစွဲပြု၍ ထိုအရပ်ဒေသကို ကုလားပီလခတ်ရွာ ဟုခေါ်ကြောင်း ဘုရားကျောင်းဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးလင်းလင်းနိုင်က ဆိုသည်။
"အရင်က ဒီနေရာက ဓနိတောကြီးလေ၊ ဦးကူပူးဆာမိကြောင့် ဒီမှာ ဒီလိုစည်ကားလာတာ၊ ဒီကိုလာပြီး မအောင်မြင်တဲ့ လူဆိုတာ မရှိဘူး၊ ဒီကို လာပြီးရင် အနှေးနဲ့အမြန် အောင်မြင်တာပဲ"ဟု သူက ပြောသည်။
သူ၏စကားက မှန်မမှန်မသိသော်လည်း ဘုရားကျောင်းသို့လာသူ များသည်မှာတော့ အမှန်ပဲဖြစ်သည်။ သားဆုပန်သောသူ၊ လူမှုအခက် အခဲများ၊ ပစ္စည်းပျောက်တိုင်လိုသူများဖြင့် ဘုရားကျောင်းက နေ့စဉ်စည်ကားနေတတ်ပြီး ပျမ်းမျှ ကန်တော့ပွဲလေးရာခန့် နေ့စဉ်ပေးရသည်။ ဟိန္ဒူဘာသာဝင်တို့၏အထွတ်အမြတ်နေ့များဖြစ်သော အင်္ဂါနှင့် သောကြာနေ့ တို့တွင် လူထောင်ချီ လာရောက်တတ်ကြောင်း သိရသည်။
ဟိန္ဒူဘုရားကျောင်း ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်လည်း လာသည်၊ ခရစ်ယာန်၊ မွတ်စလင်များလည်း လာကြသည်။ လာသူမှန်သမျှမှာ ရေနစ်နေချိန် ကောက်ရိုးတစ်မျှင်ဆွဲ၍ ရလိုရငြားလားကြသော အပူသည်များ ဖြစ်လေသည်။ ဘုရားကျောင်းတွင် သားဆုပန်ခြင်းမှ လွဲလျှင် ကျန်သောရေးရာကိစ္စများကိုတော့ ၎င်းတို့က 'အမှုအပ်သည်' ဟု သုံးနှုံးကြသည်။
အမှုအပ်သည်ဆိုရာဝယ် ရာထူးတိုး၊ ပစ္စည်းပျောက်၊ လိမ်လည်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ အနိုင်ကျင့်ခံရမှု အစရှိသည့် လောကီရေးရာ ပြဿနာအားလုံး ပါဝင်သည်။
"မြန်မာတစ်နိုင်ငံလုံးမှာ အမှုအပ်လို့ရတဲ့ကျောင်းဆိုတာ ဒီကျောင်းပဲ ရှိပါတယ်၊ နိုင်ငံခြားကလူတွေတောင် ဒီမှာ အမှုအပ်တာရှိပါတယ်" ဟု ပုရောဟိတ်ဆရာကြီး ဦးအောင်မင်းအောင်က အခိုင်အမာဆိုသည်။
အကယ်၍ လိမ်လည်မှုခံရသောသူတစ်ဦး လာသည်ဆိုလျှင် ဘုရားကျောင်း တွင်းရှိ ဂေါပကအဖွဲ့ဝင် ဦးမောင်လတ်ကို အရင်ဦးဆုံးတွေ့ကာ အမှုဖွင့်ရမည် ဖြစ်သည်။
၎င်းက လာရင်းကိစ္စအကြောင်းစုံကို စစ်စစ်ပေါက်ပေါက် မေးမြန်းပြီးသွား ပါက စာရွက်တစ်ရွက်ထဲတွင် ကာယကံရှင်၏အမည်နှင့် အကြောင်းရင်းကို ရေးမှတ်ကာ ပုရောဟိတ်ထံသို့ ပို့ပေးရမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ပြုလုပ်လိုသည့်အကြောင်းရင်းနှင့် ပတ်သက်သည့် ကန်တော့ပွဲအမျိုးအစားကို စိစစ်ရွေးချယ်ပေးမည်ဖြစ်သည်။ လက်ရှိ၌ ကန်တော့ပွဲတစ်ပွဲလျှင် ကျပ် ၅çဝဝဝ ကျသင့်သည်။
p24_pw-77978.jpg
နေ့စဉ် သက်သတ်လွတ်ထမင်း စတုဒီသာများ ကျွေးမွေးလျက်ရှိပြီး လာရောက် ဆုတောင်းဝတ်ပြုသူများနှင့် စည်ကားနေသည့် ပီလခတ်ဘုရားကျောင်း။ ဓာတ်ပုံ • ဖိုးဝ
ပုရောဟိတ်ဆရာကြီးက ကာယကံရှင် ယူလာပေးသည့် စာရွက်ကိုကြည့်ကာ အကြောင်းအရာနှင့်သင့်လျော်သော ဂါထာမန္တာန်များရွတ်၍ ဘုရားထံတွင် အောင်မြင်အောင် ဆုတောင်းပေးမည်ဖြစ်သည်။
ဆုတောင်းပေးပြီးလျှင် အောင်မြင်မည်ဟူသည့် အကြောင်းကိုပြောကာ ကိစ္စအားလုံးပြီးသွားလျှင် တစ်ခေါက်ပြန်လာကာ ဘုရားအား ထပ်မံပူဇော်ရန် သေချာမှာသည်။
"ဒီမှာ အခက်အခဲမှန်သမျှ အကုန်ဆုတောင်းလို့ရတယ်၊ တောင်းတဲ့ဆု မှန်ဖို့တော့ လိုတယ်၊ တခြားလူကို မတော်မတရားလုပ်ချင်လို့ ဆုတောင်းလို့တော့ မရဘူး"ဟု ဦးအောင်မင်းအောင်က ဆက်၍ဆိုသည်။
တောင်သူများဆိုလျှင်လည်း စပါး၊ မြေပဲ မည်ရွေ့မည်မျှထွက်လျှင် လာကန်တော့မည်ဟု ပထမဦးစွာ အဓိဋ္ဌာန်ဆုတောင်းပြီး ပြည့်သွားလျှင် လာကန်တော့သည်။ ရောဂါဖိစိးနေသူများလည်း ကျန်းမာရေးကောင်းအောင် လာ၍အဓိဋ္ဌာန်ကြသည်။ အဓိဋ္ဌာန်သူများတွင် ကောင်းသွားသူလည်း ရှိသည်။ မကောင်းသေးသော သူများလည်း ရှိသည်။
သာကေတမြို့နယ်တွင် နေထိုင်သည့် မဝေမာက လွန်ခဲ့သောနှစ်နှစ်ခန့်က သားဆုပန်ပြီး သားယောကျာ်းလေးတစ်ဦး ရရှိထားသော်လည်း မွေးပြီးကတည်းက ကလေးငယ်မှာ ကျန်းမာရေး သိပ်မကောင်းပေ။ ထိုသို့ဖြစ်ခြင်းမှာ ကလေးရပြီးသွားသော်လည်း ပြန်လာပူဇော်ရန် မေ့လျော့နေသောကြောင့်ဟု မဝေမာက ယုံကြည်သည်။
"မွေးပြီးသွားတော့ မလာလို့တဲ့ အိပ်မက်ပေးတယ်လေ၊ ကျွန်မတို့လည်း မသွားဖြစ်လိုက်ဘူး၊ ဒါကြောင့် ကလေးက တရှောင်ရှောင်ဖြစ်တာနေမှာ"ဟု မဝေမာက ဆိုသည်။
'အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ ကြုံရ' ဟူသည့်စကားအတိုင်း ကမ္ဘာ့လူသားတိုင်း အသက်ရှင်နေသမျှကာလပတ်လုံး အမှုကိစ္စမျိုးစုံ ရင်ဆိုင်ကြုံတွေ့ကြရသည်။ ထိုအမှုကိစ္စတိုင်းကို ကိုယ်တိုင် ဖြေရှင်းနိုင်သည်လည်း ရှိသည်။ မဖြေရှင်းနိုင်သည်လည်း ရှိသည်။ မဖြေရှင်းနိုင်လျှင်တော့ အားကိုးရာတစ်ခုခု ရှာမြဲဖြစ်ပြီး ဆုတောင်းခြင်းသည် အခက်အခဲဖြေရှင်းခြင်း၏ အရေးကြီးသော တစ်စိတ်တစ်ပိုင်းအဖြစ် ပါလာတတ်စမြဲဖြစ်သည်။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတစ်ခုခု၏အောက်တွင် နေထိုင်သူမှန်သမျှ ဆုတောင်းခြင်းနှင့် ကင်းသူမရှိနိုင်ဘဲ ဘာသာမဲ့အဖြစ် ခံယူထားသူများပင်လျှင် ကိစ္စတစ်ခုခုဖြစ်ပေါ်လျှင် "အဆင်ပြေပါစေ" ဟူ၍ သိစိတ်ကရော၊ မသိစိတ်ကပါ ရွတ်ဆိုမိ တတ်ကြလေသည်။
ပီလခတ်ဘုရားကျောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ကျော်ကတည်းက အခက်အခဲမှန်သမျှ ဖြေရှင်းနိုင်သည်ဟူသော နေရာအဖြစ် စွဲစွဲမြဲမြဲရှိခဲ့ရာ ထိုယုံကြည်မှုသည် မှားသည်၊ မှန်သည်ဟူ၍ ပြောရန်ခက်သည်။ မယုံကြည်သူအတွက် ထိုကိစ္စသည် မှားယွင်းသောကိစ္စသာ ဖြစ်နေဦးမည်ဖြစ်ပြီး ယုံကြည်သူအတွက် ၎င်းတို့၏အပူမီး ခေတ္တအေးငြိမ်းရာနေရာအဖြစ် ဆက်လက်ဖြစ်တည် နေဦးမည်သာ ဖြစ်သည်။
ဒေသန္တရဗဟုသုတရှာမှီးရန် ပီလခတ် ဟိန္ဒူဘုရားကျောင်းကြီးထဲသို့ ရောက်နေသည့် ဦးပဉ္စင်းတစ်ပါးကတော့ "ကံ၊ ကံ၏အကျိုးပါပဲ၊ ကိုယ်က ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်း တာဖြစ်မှာပဲ၊ ပြီးတော့ မိမိသည်သာ မိမိ၏အားကိုးရာပါ" ဟူ၍ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသည့် အပူသည်များကိုကြည့်လျက် ဆိုလေသည်။
Read More