ရွှေချည်ထိုးပညာရှင် ဦးစိန်မြင့် ထိန်းသိမ်းထားသည့် ရှေးဟောင်းပုရပိုက်များ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)
နှစ်ပေါင်း ၁ဝဝ ကျော်က ပုရပိုက်ပန်းချီ
မြန်မာ့ရှေးရိုးရာ ပန်းချီလို့ပြောလိုက်ရင် ပန်းကနုတ်အနုအနွဲ့တွေ၊ ကြာမှောက်ကြာလန်တွေ၊ ဘီလူးပန်းဆွဲတွေ၊ ဘီလူးပန်းကိုက်တွေ၊ ဗုဒ္ဓဝင်ဇာတ်နိပါတ်တွေနဲ့ ရှေးဟောင်းဘုရားတွေထဲက နံရံပန်းချီတွေကို ပြေးမြင်ကြမှာပါ။
ရှေးခေတ်နံရံပန်းချီတွေအားလုံးဟာ မြန်မာတွေရဲ့ အနုပညာတန်ဖိုးမြင့်မားမှုကို ပြသနေသလို မြန်မာတွေရဲ့ဂုဏ်သိက္ခာဆိုလည်း မမှားပါဘူး။ ပုဂံခေတ်အပြီး ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တွေမှာ နံရံပန်းချီတွေ တောက်လျှောက်တွေ့ရသလို ဒီနံရံပန်းချီတွေမှာ အဲဒီခေတ်အခါက သမိုင်းတွေအနုပညာတန်ဖိုးတွေကို ပြန်လည်လေ့လာနိုင်ပါတယ်။
မန္တလေးရတနာပုံခေတ် အစောပိုင်းမှာတော့ 'ပုရပိုက်ပန်းချီ' တွေဟာ နံရံပန်းချီထက် ပိုပြီးခေတ်စားလာခဲ့ပါတယ်။ မြန်မာဘုရင်တွေရဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ မင်းခမ်းမင်းနားတွေ၊ မြန်မာ့ရိုးရာပွဲတော်တွေကို နန်းတွင်းပန်းချီတော်တွေက ပုရပိုက်ထက်မှာ မှတ်တမ်းတင်ပြီး ရတနာပုံခေတ်ရဲ့ ပုရပိုက်ပန်းချီတွေအဖြစ် သမိုင်းတွင်ကျန်ရစ်စေခဲ့ကြပါတယ်။
'' 'ပုရပိုက်' ဟူသောဝေါဟာရကို ပုဂံခေတ်နောက်ပိုင်းမှစ၍ သုံးခဲ့ခြင်းကို ကျောက်စာတွင် တွေ့ရသည်။ လက်တွေ့တွင်လည်း အမှန်တကယ်ပင် ပုရပိုက်ကို အသုံးပြုနေခဲ့သောကြောင့်သာ ဖြစ်ရပါမည်။ ပုရပိုက်ကို စာရေးသားရန်အတွက်သာမဟုတ်၊ ပုံရေးရန်၊ ပုံကြမ်းရေးရန်အတွက် အသုံးပြုခဲ့ကြမည်မှာ အမှန်ပင်ဟု တွက်ဆနိုင်ပါသည်။ သို့ရာတွင် ပြသရန် အထောက်အထားအဖြစ် ကျန်နေခဲ့သည့် ပုရပိုက်ဟူ၍ ရှာဖွေမတွေ့ ရှိရတော့ပါ။ ပုဂံခေတ်နောက်ပိုင်း အင်းဝ၊ ပင်းယ၊ ကုန်းဘောင်ခေတ်ရေး ပုရပိုက်ပန်းချီများကိုလည်း ရှာဖွေမတွေ့ရပါ။ တွေ့နိုင် မြင်နိုင်သေးသည့် ပုရပိုက်ပန်းချီများမှာ ရတနာပုံခေတ်ရေးများသာ ဖြစ်သည်။ အချို့မှာ ပြန်ရေးပုရပိုက်များ ဖြစ်ကြပါသည်'' လို့ စာရေးသူ မောင်မောင်သိန်း (UCL) ရဲ့ ပခုက္ကူဦးအုန်းဖေစာပေဆုရ 'ပုရပိုက်ပန်းချီလေ့လာချက်' စာအုပ်ထဲမှာ ရေးသားထားပါတယ်။
ပုရပိုက်ပန်းချီတွေကို နန်းတွင်းပန်းချီကျော်တွေဖြစ်တဲ့ ဆရာဦးကြာညွန့်နဲ့ တပည့်ဖြစ်သူ ဆရာချုံတို့ ရေးသားခဲ့ကြပေမဲ့ ထူးခြားချက်က ပုရပိုက်ပန်းချီတွေမှာ ပန်းချီရေးဆွဲသူရဲ့နာမည် မပါဝင်တာ များပါတယ်။ ကိုလိုနီခေတ်ဦးမှာလည်း ရှေးခေတ်က ပုရပိုက်ပန်းချီတွေကို ပြန်ကူးရေးကြတယ်လို့လည်း သိရပါတယ်။
''ပုရပိုက်ပန်းချီတွေက ကုန်းဘောင်ခေတ်လောက်ကမှ စတာ။ ပုရပိုက်ပန်းချီမှာ ပုရပိုက်ဖြူနဲ့ ပုရပိုက်နက် နှစ်မျိုးရှိတယ်။ ပုရပိုက်နက်ကတော့ ဆေးကျမ်းတို့၊ နက္ခတ်တို့၊ လယ်မြေပိုင်ဆိုင်မှုတို့၊ စာချုပ်စာတမ်း မှတ်တမ်းမှတ်ရာအနေနဲ့ ပုရပိုက်နက်ပေါ်မှာ ကံ့ကူဆံနဲ့ ရေးမှတ်ဖို့ သုံးကြတယ်။ ပုရပိုက်ဖြူကိုတော့ ဆေးရောင်စုံနဲ့ ပန်းချီရေးဖို့ အသုံးပြုကြတယ်''လို့ ရှေးဟောင်းပစ္စည်းစုဆောင်းသူ ပန်းချီဦးစိန်မြင့် (ရွှေချည်ထိုး)က ပြောပါတယ်။
နာမည်ကျော်ပန်းချီပညာရှင် ရွှေချည်ထိုးပညာရှင် ဆရာဦးစိန်မြင့်က ရှေးဟောင်းပစ္စည်းတွေကို ကိုယ်ပိုင်ပြတိုက်တစ်ခုအဖြစ် မန္တလေးမြို့က သူ့နေအိမ်ရှိရာ အမှတ် ၄၂၊ ၆၂ လမ်း၊ ၁၆ လမ်းနဲ့ ၁၇ လမ်းကြား၊ နန်းရှေ့ရပ်ကွက်မှာ ဝါသနာအရင်းခံပြီး ဖွင့်လှစ်ထားပါတယ်။
ပုရပိုက်နက်ကို ရှမ်းပုရပိုက်၊ သရက်ချဉ်ပုရပိုက်၊ ဝါးရှာထိုးပုရပိုက်၊ ဝါးရိုးရိုးပုရပိုက်ဆိုပြီး ပုရပိုက်လေးမျိုး ရှိပါတယ်။ ပုရပိုက်နက်ရအောင် ပုရပိုက်ကို ထမင်းရည်နဲ့ မီးသွေးရောပြီး ဖန်တီးရပါတယ်။ ပုရပိုက်နက်က ပုရပိုက်ဖြူထက် စက္ကူသားညံ့ပါတယ်။ ပုရပိုက်ဖြူကိုတော့ စက္ကူသား ချောမွေ့အောင် ခုံညင်းနဲ့ ပွတ်တိုက်ပေးပြီးမှ စက္ကူသားအရောင် ဝါကျင့်ကျင့်ကို ဖြူဖို့နဲ့ စက္ကူပေါ်အရောင်တင်တဲ့အခါ ပြန့်ပြီးအခြားတစ်ဖက် စိမ့်ထွက်မသွားအောင် အဖြူရောင်အောက်ခံသုတ်ပြီးမှ ဆေးရောင်စုံနဲ့ ပြန်ဆွဲရပါတယ်။
''ပုရပိုက်ဖြူမှာ ဖန်တီးရေးဆွဲကြတာ အမျိုးမျိုးရှိတယ်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွေ ရေးထားတဲ့ပုရပိုက်၊ နန်းတွင်းမိသားစုတွေရဲ့ ရွှေနန်းလက်သုံးပုံ၊ ထွက်တော်မူပုံနဲ့ မင်းပွဲသဘင်ပုရပိုက်၊ ဆင်ကြန်မြင်းကြန်လို့ခေါ်တဲ့ ဆင်တွေရဲ့ ကြန်အင်လက္ခဏာတွေ၊ ကြေးနန်းသွယ်တန်းပုံပုရပိုက်၊ အပျိုတော် ၁ဝဝ ပုရပိုက်၊ ပုံသွင်ပြပုရပိုက်၊ သစ်ပင် ၁ဝဝ ပုရပိုက်နဲ့ ၃၁ ပုံပြပုရပိုက်စတာတွေ'' ဆိုပြီး ပုရပိုက်ဖြူနဲ့ပတ်သက်လို့ ရှေးဟောင်းပုရပိုက်ပန်းချီနဲ့ ပတ်သက်လို့ လေ့လာထားသူ ရန်ကုန်ပန်းချီပြခန်းရဲ့ ပြခန်းတာဝန်ခံ ကိုထက်နိုင်လင်းက ရှင်းပြပါတယ်။
ပုရပိုက်ပန်းချီတွေဟာ ပုံမှန်အားဖြင့် အကြီးဆုံး အလျား ၄ ပေ၊ အနံ ၁ ပေခွဲကစလို့ အသေးဆုံး အလျား ၃ လက်မ၊ အနံ ၁ လက်မခွဲအထိ ရှိပါတယ်။ ပုံမှန်ပုရပိုက်ပန်းချီတွေကတော့ အလျား ၁၇ လက်မ၊ ၁၈ လက်မနဲ့ အနံအားဖြင့် ၇ လက်မ၊ ၈ လက်မ ဆိုက်တွေပါပဲ။ ပုရပိုက်ကို တစ်ခု၊ နှစ်ခုလို့ မသုံးဘဲ တစ်ဆူ နှစ်ဆူလို့ ခေါ်ဝေါ်သုံးစွဲပါတယ်။
ပန်းချီပညာရှင် ဆရာဦးစိန်မြင့်(ရွှေချည်ထိုး) ဆီမှာတော့ ပုရပိုက်နက်နှစ်ဆူနဲ့ ပုရပိုက်ဖြူသုံးဆူ စုစုပေါင်း ပုရပိုက်ငါးဆူ စုဆောင်းထိန်းသိမ်းထားပါတယ်။ ပုရပိုက်ဖြူနှစ်ဆူကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်ကတည်းက စုဆောင်းခဲ့ပြီး ပုရပိုက်တစ်ဆူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ ကျော် မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်လို့ ရေးသားထားပြီး နောက်ထပ် ပုရပိုက်တစ်ဆူကတော့ ခုနှစ် မပါဝင်ပါဘူး။ ဒါပေမဲ့ ပုရပိုက်ပန်းချီပေါ်က ပန်းချီအနုပညာ လက်ရာတွေကို ကြည့်ရင် ပထမပုရပိုက်ထက် သက်တမ်းအားဖြင့် ပိုစောနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။
မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်လို့ သက်တမ်းပါတဲ့ လွန်ခဲ့တဲ့ နှစ် ၁ဝဝ ကျော်က ပုရပိုက် ပန်းချီမှာ အလှူပွဲသဘင်အခမ်းအနားတွေကို ရေးသားထားပြီး ပန်းချီပြကွက်အားဖြင့် ၂၅ ကွက်ပါဝင်ကာ စာမျက်နှာပေါင်း ၅ဝ ပါဝင်ပါတယ်။ ပုရပိုက်ဆိုက်က အလျား ၁၈ လက်မနဲ့ အနံ ၈ လက်မဝန်းကျင် ရှိပါတယ်။ ခုနှစ်မပါတဲ့ ပုရပိုက်ပန်းချီမှာတော့ သိဒ္ဓတ္ထမင်းသား ကြာချည်ထွက်ခန်း၊ ဝေဿန္တရာဇာတ်တော်တို့လို ဇာတ်ခန်း ၁၂ ခန်း ပန်းချီပါဝင်ပြီး စာမျက်နှာပေါင်း ၂၄ မျက်နှာ ပါဝင်ပါတယ်။ သက္ကရာဇ်မပါဝင်ပေမဲ့ ပန်းချီတွေက ပြောပြနေတဲ့ အနေအထားအရ ဒီပုရပိုက်ဟာ ခုနှစ်ပါတဲ့ပရပိုက်ပန်းချီထက် ပိုပြီးစောနိုင်ဖွယ်ရှိပါတယ်။
''ဒီပုရပိုက်ပန်းချီနှစ်ခုကို စုဆောင်းခဲ့တာတော့ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကပါ။ ကိုယ်စုဆောင်းထားတာတွေကြောင့် ပီတိဖြစ်ရသလို သူများတွေလာကြည့်ရင်လည်း ပီတိဖြစ်ပါစေဆိုတဲ့ဆန္ဒနဲ့ ပြတိုက်လေး လုပ်ထားတာပါ'' လို့ ဆရာဦးစိန်မြင့် (ရွှေချည်ထိုး)က ပြောပါတယ်။
''ရှေးဟောင်းပစ္စည်းနဲ့ ပြတိုက်ဆိုတာ နောင်လာနောက်သားတွေအတွက် သက်သေတွေပဲလေ။ ဒါတွေမရှိရင် နောင်လာနောက်သားတွေက သူတို့ဘိုးဘွားတွေ ဘယ်လိုနေခဲ့တယ်၊ ဘယ်လိုထိုင်ခဲ့တယ်ဆိုတာ သက်သေ မရှိဘူးလေ။ သက်သေမရှိရင် ပြောလို့မရဘူး။ ပြတိုက်ရဲ့တန်ဖိုးက အဲဒါပဲ'' လို့ သူက ဆက်ပြောပါတယ်။
''သီပေါမင်း ပါတော်မူပြီး ရွှေတိုက်ထဲက ပုရပိုက်တွေကို အင်္ဂလိပ်တွေက မီးရှို့ထားခဲ့တယ်။ တချို့လက်ကျန်တွေကိုတော့ မြန်မာပြည်ပြန်လက်ဆောင်ပေးဖို့ အင်္ဂလိပ်တွေက ယူသွားတာတွေလည်း ရှိတယ်။ ဒါကြောင့် ဗြိတိသျှပြတိုက်မှာ ခုထိ မြန်မာ့ပုရပိုက်ပန်းချီတွေ ရှိနေသေးတယ်။ ပြည်တွင်းက စုဆောင်းသူတွေလက်ထဲမှာ သိပ်အများကြီး မရှိလှဘူး'' လို့လည်း ကိုထက်နိုင်လင်းက ဆိုပါတယ်။
ရှေးမြန်မာ့ပန်းချီရဲ့ အဓိကနဲ့ အခြေခံမှာ ကောက်ကြောင်း သို့မဟုတ် တစ်ကြောင်းဆွဲမျဉ်းဖြင့် ရေးခြယ်ပြီးမှ အရောင်သွင်းတဲ့စနစ်ဖြစ်ကြောင်း ပုဂံခေတ်အဆက်ဆက် ရေးခြယ်ခဲ့တဲ့ နံရံဆေးရေးပန်းချီတွေမှာ တွေ့နိုင်ပါတယ်။ ပုရပိုက်ပန်းချီမှာလည်း ဒီလိုပါပဲ ကောက်ကြောင်းတွေကို ဦးစားပေးပြီး ရေးသားထားပါတယ်။ ပုရပိုက်ပန်းချီတွေရဲ့ ထူးခြားချက်ကတော့ နန်းတွင်းပန်းချီကျော်တွေဟာ ပုရပိုက်ပန်းချီထဲမှာ ရွှေအစစ်နဲ့ ဆေးရောင်စုံတွေကို ရောနှောဖန်တီးရေးသားခဲ့တာပါပဲ။ နှစ်ပေါင်းရာချီနေပေမဲ့ သုံးခဲ့တဲ့ ရွှေအစစ်နဲ့ ဆေးရောင်စုံတွေရဲ့ အရည်အသွေးကြောင့် နှစ်ပေါင်း ၁ဝဝ ကျော်ကြာတဲ့ ခုချိန်ထိ ပုရပိုက်ပန်းချီကားထဲကပန်းချီတွေဟာ အရောင်တွေ ကျမသွားဘဲ စိုတောက်လှပနေပါတယ်။
''ပုရပိုက်ပန်းချီတွေက တော်တော်လေး ရှားပါးလာတယ်။ ထိန်းသိမ်းဖို့လည်း ခက်တယ်။ ရေငွေ့များတဲ့နေရာမှာ ထားလို့မရဘူး။ သိပ်ခြောက်နေလို့လည်း မရဘူး။ မျှတတဲ့ အခန်းအပူချိန် လိုတယ်။ ပုရပိုက်ပန်းချီတွေက စက္ကူတွေဟာ လက်လုပ်စက္ကူဖြစ်ပြီး ရိုးရာဆေးတွေက ကာလကြာတာကြောင့် ထိန်းသိမ်းဖို့ အတော်ခက်ခဲပါတယ်'' လို့လည်း ထိန်းသိမ်းထားဖို့ ခက်ခဲတဲ့အပိုင်းကို ကိုထက်နိုင်လင်းက ရှင်းပြခဲ့ပါတယ်။
မြန်မာ့ပေစာပုရပိုက်စာတွေဟာ မြန်မာ့စာပေအဆင့်အတန်းကို ပြသနေသလို မြန်မာ့ရှေးရိုးရာ ပုရပိုက်ပန်းချီလက်ရာတွေဟာလည်း မြန်မာတွေရဲ့အနုပညာအဆင့်အတန်းကို ဖော်ကျူးလှစ်ဟပြနေပါတယ်။ ဒါကြောင့် ခုလိုရှားပါးအဖိုးတန်လှတဲ့ ပုရပိုက်ပန်းချီတွေကို တတ်နိုင်သမျှ ထိန်းသိမ်းကြဖို့လိုပါတယ်။ ပုရပိုက်တွေနဲ့ ပုရပိုက်ပန်းချီတော်တော်များများကိုတော့ 'တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်'မှာ ခုချိန်ထိ စုဆောင်းထိန်းသိမ်းထားပါတယ်။
ပုရပိုက်ပန်းချီနဲ့ ပတ်သက်တဲ့အချက်အလက်တချို့ကို စာရေးသူမောင်မောင်သိန်း (UCL) ရဲ့ ပခုက္ကူဦးအုန်းဖေစာပေဆုရ 'ပုရပိုက်ပန်းချီလေ့လာချက်' စာအုပ်က အချက်အလက်တချို့ကို မှီငြမ်းရေးသားပါတယ်။