မှော်ဘီမြို့နယ်က အယူတော်မင်္ဂလာ မရမ်းတလင်းခြံ။ ဓာတ်ပုံများ - အောင်ဌေးလှိုင်
ဂမ္ဘီရ..အစီအရင်တွေနဲ့..မင်းသိင်္ခရဲ့ မရမ်းတလင်း
"ဗေဒင် မယုံကြည်သူများ ဤခြံအတွင်းသို့မလာရ" ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကြီးက မရမ်းတလင်း အယူတော်မင်္ဂလာခြံလို့ နာမည်ကြီးတဲ့ စာရေးဆရာ၊ ဗေဒင်ဆရာကြီး မင်းသိင်္ခရဲ့ ခြံဝင်း အဝင်ပေါက်မှာ ခပ်ထင်းထင်းကြီး နေရာယူထားပါတယ်။
ဆရာကြီးမင်းသိင်္ခ ရှိစဉ်အချိန်က ဗေဒင်မေးသူတွေ၊ ယတြာယူသူတွေ၊ ဗေဒင်လက္ခဏာ သင်ကြသူတွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့တဲ့ မရမ်းတလင်းခြံကြီးဟာ ထွက်ရပ်ပေါက် သွားတယ်လို့ ယုံကြည်ကြတဲ့ မင်းသိင်္ခကွယ်လွန်ခဲ့တဲ့ အချိန်ကစလို့ တစ်စတစ်စ တိတ်ဆိတ်ခြောက်ကပ် သွားခဲ့ပါပြီ။
အအေးကြိုက်တဲ့ မင်းသိင်္ခအတွက် မီးလာတိုင်း အဲကွန်းဖွင့်ပေးထားရတဲ့ အိပ်ခန်း။
၁၉ ဒသမ ၆ ဧက ကျယ်ဝန်းတဲ့ မရမ်းတလင်း ခြံဝင်းကြီးထဲမှာထနောင်း၊ သီဟိုဠ်၊ ဝါးပင်၊ သရက်၊ မရမ်းနဲ့ အုန်းပင်တွေကလည်း အများအပြား ပေါက်ရောက်နေပြီး စိမ်းစိုအေးမြနေပေမဲ့ ဆရာကြီးမင်းသိင်္ခ ရှိစဉ်အခါတုန်းကလိုတော့ သက်ဝင်လှုပ်ရှားမှု မရှိတော့ပါဘူး။
မရမ်းတလင်းဖြစ်လာပုံ
၁၉၉၇ ခုနှစ်၊ မတ် ၂၅ ရက် ညသန်းခေါင်အချိန်မှာ ဆရာကြီးမင်းသိင်္ခက အရင်းနှီးဆုံးတပည့်တွေနဲ့ အတူ မဟာဂန္ဓာရီခရီးအဓိဋ္ဌာန် သုံးနှစ်ကြာထွက်ပြီးလို့ ပြန်ရောက်လာခဲ့ပါတယ်။ ခရီးက ပြန်ရောက်ရောက်ချင်းမှာ မြို့ထဲက သူနေထိုင်နေတဲ့ သုဝဏ္ဏနေအိမ်မှာမနေတော့ပဲ မှော်ဘီမြို့နယ်က အယူတော်မင်္ဂလာ မရမ်းတလင်းခြံရယ်လို့ဖြစ်လာမယ့် ဒီခြံဝင်းကြီးကို ဝယ်ယူခဲ့ပြီး အဲဒီအချိန်ကစလို့ မင်းသိင်္ခဟာ ခြံထဲမှာ တပည့်ပေါင်းများစွာနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့ပါတယ်။
ဆရာကြီးမင်းသိင်္ခဟာ အချက်အပြုတ်လည်း ဝါသနာပါသူတစ်ဦးဖြစ်ပြီး မရမ်းတလင်းခြံထဲကို လာတဲ့ဧည့်သည်တွေကို ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။ သူ့ရဲ့တပည့်လေး တောက်တဲ့ကို မှော်ဘီဈေးထဲလွှတ်ပြီး ဈေးဝယ်ခိုင်းတယ်၊ ပြီးရင် အရိပ်ရတဲ့ သီဟိုဠ်ပင်ကြီးအောက်မှာ အကျအနထိုင်ပြီး အိုးခွက်တွေနဲ့ စိတ်ပါလက်ပါ ချက်ပြုတ်ပြီး ဧည့်သည်တွေကို ကျွေးမွေးလေ့ရှိတယ်လို့ မနောမယထမင်းဝိုင်းဆောင်းပါးတွေမှာ သူကိုယ်တိုင် ရေးသားခဲ့ဖူးပါတယ်။
"အဘ (မင်းသိင်္ခ) ရှိတုန်းက လာတဲ့ဧည့်သည်တွေက တစ်နေ့ကို၅၀ဝ ကနေ ၆၀ဝ ကျော်အထိ ရှိတယ်။ လာသမျှ လူကုန် ထမင်းကျွေးပြီး လက်ဖက်ရည်တိုက်တယ်။ ၂၀ဝ၀ ပြည့်နှစ်ကနေ အဘမဆုံးခင် ၂၀ဝ၈ ခုနှစ်အထိပေါ့။ အဲဒီခေတ်အနေအထားနဲ့ တစ်နေ့ကို ခြံကြီးရဲ့ ကုန်ကျစရိတ်က ၁၀ သိန်းကျော်တယ်။ ခြံကြီးတစ်ခြံလုံးကိုလည်း ညဘက်ဆို မီးတွေလင်းထိန်နေအောင် ထွန်းထားပြီး ဗေဒင်အကြောင်း ဗဟုသုတရဖွယ်ရာ အကြောင်းတွေကို ပြောကြတယ်။ ဒီဇယ် တစ်ပီပါကို သုံးရက်ပဲ သုံးရတယ်။ ကုမ္ပဏီကြီးတွေတောင် ငါ့လိုမလုပ်နိုင်ဘူးလို့ အဘက ပြောဖူးတယ်" ဟု မရမ်းတလင်းခြံကို တာဝန်ယူထားတဲ့ ဆရာကြီးရဲ့ ဗေဒင်ပညာကို အမွေဆက်ခံခဲ့သူ ဆရာအုန်းချစ်မြိုင်က ပြောပါတယ်။
ဆရာကြီးမင်းသိင်္ခ မရှိတော့ပေမဲ့ ခြံထဲမှာ ဆရာကြီးရဲ့ ဆန်းကျယ်တဲ့ စိတ်ကူးတွေ ထင်ဟပ်နေသေးသလို၊ ဂမ္ဘီရဆန်တဲ့ အဆောက်အအုံတွေ၊စိတ်ကူးဆန်းဆန်းနဲ့ ဆောက်ထားတဲ့ ဗေဒင်သင်တန်းခန်းမတွေက ဝင်လာတဲ့ ဧည့်သည်တွေကို မှင်တက်မိနေဆဲပါပဲ။
မရမ်းတလင်းခြံထဲမှာ အတောင် ၃၀ လောက်မြင့်တဲ့ နတ်ဘီလူးရုပ်တုကြီး၊ ဧရာမကန်တော့ပွဲကြီးနဲ့ စိပ်ပုတီးကြီး၊ကျောက်မှိုတွေ၊ ပုဏ္ဏားလေးဒက္ခဏေလို့ နာမည်ပေးထားတဲ့ ဆရာကြီး တရားထိုင်တဲ့ လိုဏ်ဂူ (လိုဏ်ဂူရှေ့မှာ နွားကြီးတစ်ကောင် လဲလျောင်းနေပါတယ်) နဲ့ ဧရာမ မီးအိမ်ကြီးတွေက ထူးထူးခြားခြား ဂမ္ဘီရနယ်ပယ်နဲ့ဆိုင်တဲ့ အစီအရင်တွေဆိုတာ သက်သေပြနေပါတယ်။
"မိတ်ဆွေ မယုံကြည်ရင် အစကတည်းက မလာပါနဲ့လားဗျာ၊ရောက်လာပြီးမှ ဟိုပြော ဒီပြော မပြောပါနဲ့ မိတ်ဆွေ၊ အရှင်လတ်လတ် ကာလနာတိုက်တတ်တယ် မိတ်ဆွေရေ"လို့ ခြံကိုလာတဲ့ ဧည့်သည်တွေကို သဘောတကျ ပြုံးရွှင်သွားစေနိုင်တဲ့ ခြံအဝင်က စာသားက စာလည်းအရေးကောင်းတဲ့ ဆရာကြီးမင်းသိင်္ခရဲ့ လက်စလက်နကို ရိပ်စားမိစေပါတယ်။ ဒါက ဗေဒင်ကို မယုံတယုံနဲ့ လာမေးတဲ့သူတွေကို ဆိုလိုခဲ့ပုံရပါတယ်။
နောက်စာသားတစ်ခုကတော့ ပြုံးစရာ ပိုကောင်းပါတယ်။"မြို့ပေါ်မှာ မနေနိုင်လို့ တောမှာနေတဲ့သူကို မြို့ထဲက သင်က ပိုက်ဆံလာမချေးသင့်ပါဘူး" တဲ့။
ခြံဝင်းထဲကို ဝင်သွားရင်တော့ ဗေဒင်နဲ့ လက္ခဏာပညာရပ်တွေသင်ကြားပို့ချတဲ့ အဆောက်အအုံတွေကို တွေ့ရပါတယ်။ အဆောက်အအုံတွေကိုလည်း နာမည်အသီးသီးပေးထားပါတယ်။ နာလန္ဒာခန်းမကတော့ နှစ်ထပ်အဆောက်အအုံကြီးဖြစ်ပြီး ကျွန်းသစ်သားတွေနဲ့ ဆောက်လုပ်ထားပါတယ်။ နာလန္ဒာခန်းမထဲမှာ လက္ခဏာကိုသင်ကြားပေးတာလို့ ဆရာကြီးရဲ့ တပည့်တွေက ဆိုပါတယ်။
ခန်းမထဲမှာ လက်ပုံတွေ၊ ထူးခြားတဲ့ အဆောင်အစီအရင်တွေကို မြေဖြူတွေနဲ့ နံရံတွေမှာ ရေးထားပါတယ်။ ခန်းမထဲမှာလည်း ဆရာကြီးရဲ့ အတွေးအခေါ်စာသားတွေကို ဗီနိုင်းထုတ်ပြီးကပ်ထားပါတယ်။ "မပျင်းနဲ့၊ချမ်းသာအောင်လုပ်၊ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်"၊ "သင့်ရဲ့စိတ်ဟာမိုးတိမ်လို လွင့်ပြီး စမ်းရေလို စီးနေစမ်းပါစေ၊ ဘဝဟာ အလိုလို လှပလာပါလိမ့်မယ်"၊ "မျက်နှာက လိမ်ချင်လိမ်လို့ရမယ် လက်ဝါးကတော့ မလိမ်ဘူး၊ လက်ဝါးက လိမ်လို့ရချင်ရမယ် မျက်နှာက မလိမ်ဘူး" စတဲ့အတွေးဆန်းဆန်းတွေကို ခန်းမထဲမှာ ရေးကပ်ထားပါတယ်။
အိမ်ဖြူတော်ဆိုတဲ့ အဆောက်အအုံကတော့ ခြံကြီးရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး ဆရာကြီးမင်းသိင်္ခ အနားယူအိပ်စက်တဲ့နေရာလို့ သိရပါတယ်။အိမ်ဖြူတော်အပြင် နာလန္ဒာအဆောင်ရဲ့ အောက်ဘက်က အခန်းမှာလည်းဆရာကြီး အိပ်စက်လေ့ရှိပြီး အခန်းထဲမှာ ယနေ့ထက်ထိ ဆရာကြီးရှိစဉ်ကအတိုင်း ခြေရာလက်ရာမပျက် ထားတာကို တွေ့ရပါတယ်။
အဲဒီအခန်းထဲမှာ ဆရာကြီး ဗေဒင်အမြဲတွက်တဲ့ ကျောက်သင်ပုန်း၊ အအေးဓာတ်ကို ကြိုက်တဲ့ ဆရာကြီးအတွက် ယနေ့အချိန်အထိ မီးလာတိုင်း ဖွင့်ပေးထားတဲ့ အဲကွန်းနဲ့ ဆရာကြီး အသုံးပြုခဲ့တဲ့ မီးခံသေတ္တာတွေအပြင် စာအုပ်ဗီရိုတစ်လုံးနဲ့ ဆရာကြီးရဲ့ ဓာတ်ပုံတွေကိုမှန်ဘောင်သွင်းပြီး ချိတ်ထားပါတယ်။ အခန်းရဲ့ နံရံတစ်ဖက်မှာWork is worship ဆိုတဲ့ စာသားကိုလည်း ခဲစာလုံးထွင်းပြီး ချိတ်ထားပါသေးတယ်။
ဆရာကြီးရှိစဉ်က ရောက်လာတဲ့ ဧည့်ပရိသတ်တွေကို ယတြာပေးတဲ့ခန်းမကတော့ သျှန်တိနိကေတန်လို့ အမည်ရတဲ့ တစ်ထပ်အဆောက်အအုံဖြစ်ပါတယ်။ ဆရာကြီးရှိစဉ်က သျှန်တိနိကေတန်ခန်းမထဲမှာ ခြံကိုလာတဲ့ ဧည့်သည်တွေကို ထမင်းကျွေးပြီး လက်ဖက်ရည်တိုက်လေ့ ရှိတယ်လို့ ဆရာအုန်းချစ်မြိုင်က ဆိုပါတယ်။
ဆရာကြီးမင်းသိင်္ခဆီကို လာကြတဲ့ ဧည့်ပရိသတ်တွေများလွန်းလို့ မရမ်းတလင်းခြံကို သွားတဲ့လမ်းမှာ ဖွင့်လှစ်ရောင်းချကြတဲ့ထမင်းဆိုင်၊ အအေးဆိုင်၊ မုန့်ဆိုင်လေးတွေနဲ့ ကွမ်းယာဆိုင်တွေလည်းတစ်ချိန်က အလွန်ရောင်းကောင်းခဲ့တယ်လို့ မှော်ဘီဒေသခံတွေကဆိုကြပါတယ်။
"အခုတော့ ဈေးဆိုင်တွေ မရမ်းတလင်းဘက်သွားတဲ့လမ်းမှာ မဖွင့်ကြတော့ဘူး။ အရင်က ခြံထဲမှာလည်း ရောင်းကြတယ်။ လူကတော့ တော်တော်လေးကို ပါးသွားတယ်။ အခု နောက်ပိုင်းမှာ ဆရာကြီးရဲ့တပည့်တွေ ဗေဒင်ဟောနေကြတော့ လူအနည်းအပါး ပြန်လာနေတယ်" လို့ မှော်ဘီဒေသခံ ဒေါ်မာမာက ပြောပါတယ်။
ဆရာကြီးမင်းသိင်္ခရှိစဉ်က အတူနေ သန္ဓေတပည့် ၈၀ ကျော်ရှိပြီးတပည့်များနေထိုင်ဖို့အတွက် လူပျို အပျိုဆောင်နှင့် အိမ်ထောင်သည်ဆောင်များကို စနစ်တကျ ဆောက်လုပ်ထားပေးပြီး ဗေဒင်နှင့်ဂမ္ဘီရပညာရပ်များကို ဆရာကြီးနှင့်အတူ နေ့စဉ် သင်ကြားကြရတယ်လို့လည်း သိရပါတယ်။
စာရေးဆရာမင်းသိင်္ခ
ဆရာကြီးမင်းသိင်္ခကို ၁၉၃၉ ခုနှစ်၊ ဇွန် ၂၅ ရက်မှာ ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းမှာ မွေးဖွားခဲ့ပြီး အဘက ပန်းချီဆရာကြီး ဦးစံရှိန်နဲ့ အမိကတော့ ဒေါ်တင်တင်တို့ ဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်မှာ တပ်မတော်ကို ဝင်ရောက်ပြီး ငါးနှစ်ကြာအမှုထမ်းခဲ့ပြီးနောက်မှာ တပ်မတော်ကထွက်ပြီး ချောက်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ချောက်မှာ ဆီစက်ညစောင့်ဘဝ၊ စပါးအင်စပက်တော်ဘဝ၊ဆန်စက်မန်နေဂျာ ဘဝတို့နဲ့ ကျင်လည်ခဲ့ပါတယ်။ မွေးကတည်းက ဆင်းရဲကျပ်တည်းတဲ့ ဘဝအခြေအနေတွေနဲ့ ကြီးပြင်းရှင်သန်ခဲ့ပြီး မွေးချင်း ခြောက်ယောက်ထဲမှာ အကြီးဆုံးဖြစ်လို့ မိသားစုတာဝန်တွေကို အမြဲဦးဆောင်ပြီး ယူခဲ့ရပါတယ်။
၁၉၇၅ ခုနှစ်မှာတော့ အိမ်အငှားနေနေရတဲ့ မိဘတွေကို အိမ်ရှင်က တရားစွဲပြီး နှင်ထုတ်နေတာကြောင့် မိဘတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်အောင် တောင်ကြီးမြို့ကို အလုပ်အကိုင်ရှာဖွေဖို့ထွက်ခဲ့ပါတယ်။ တောင်ကြီးမှာ ဗေဒင်ပညာတွေကို ဗေဒင်ဆရာကြီးဦးကျော်စိန်ထွန်း ဆီက သင်ကြားပြီး တောင်ကြီးမြို့မှာပဲ ဗေဒင်ဆရာဘဝကို စတင်ခဲ့ရင်း မိသားစုကို လုပ်ကျွေးခဲ့ပါတယ်။ တောင်ကြီးမြို့မှာ ဗေဒင်ဟောနေရင်းနဲ့ပဲ ပထမဦးဆုံး လုံးချင်းဝတ္တုဖြစ်တဲ့ ]မနုစာရီ} ဝတ္ထုကို ၁၉၇၆ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။
မနုစာရီ ဝတ္ထုက စထုတ်တဲ့အချိန်မှာ မအောင်မြင်ခဲ့ပါဘူး။ ပုဏ္ဏားဘကွန်းဝတ္ထု ထုတ်ဝေပြီးတဲ့အချိန်မှာ စာရေးဆရာ မင်းသိင်္ခရယ်လို့ လူတွေ စိတ်ဝင်တစားနဲ့ ဖတ်ရှုသူ များလာတဲ့အချိန်မှာတော့ မနုစာရီဝတ္ထုဟာ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့ရပြီး အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့တဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ မနုစာရီ ဝတ္ထုဟာ ဂျပန်ဘာသာ ပြန်ဆိုခြင်းလည်း ခံခဲ့ရပါတယ်။ ဆရာကြီးရဲ့နာမည်ကျော် ဝတ္ထုဇာတ်ကောင်တွေက ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ ပုဏ္ဏားဘကွန်း၊ ဦးဂွမ်တီ ၊ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ၊ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားတို့ဖြစ်ပြီး ၁၉၇၈ ခုနှစ်ကနေ ၂၀ဝ၈ ခုနှစ် သူကွယ်လွန်ချိန်အထိ လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသား ထုတ်ဝေခဲ့ပါတယ်။
စာလည်း အရေးကောင်းတဲ့ ဆရာကြီး မင်းသိင်္ခက သူ့ဝတ္ထုထဲကဇာတ်ကောင်တွေကို ခြံထဲမှာ ကျောက်သားအရုပ်တွေအဖြစ် ထုလုပ် ပြသထားပြီး အဲဒီအရုပ်တွေနဲ့အတူ ခြံထဲ လာရောက်လေ့လာသူတွေက အမှတ်တရ ဓာတ်ပုံရိုက်ကူးကြတယ်လို့ ဆရာကြီးရဲ့တပည့်တွေက ဆိုပါတယ်။
အင်မတန် စာရေးကောင်းတဲ့သူတစ်ဦးဖြစ်လို့ ဆရာကြီးရဲ့ စာပေလက်ရာတွေကို တမြတ်တနိုး ဖတ်ရှုသူ ပရိသတ်တွေကလည်း ဒုနဲ့ဒေးပါပဲ။ စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ပုဏ္ဏားဘကွန်းလို စာအုပ်မျိုးကိုဖတ်ပြီး ဝတ္ထုထဲက ဇာတ်ကောင် ဘကွန်းလိုကြိုးစားပြီး လူချမ်းသာဖြစ်သွားတဲ့သူတွေက ဆရာကြီးမင်းသိင်္ခဆီ လာတွေ့ပြီး"ကျွန်တော်က ပုဏ္ဏားဘကွန်းပါ၊ ကျွန်မကတော့ ပုဏ္ဏားဘကွန်းပါ"လို့ သူတို့ကိုယ် သူတို့ သဘောတကျ ဂုဏ်ယူပြီး လာကန်တော့ကြတယ်လို့လည်း ဆရာကြီးရဲ့တပည့် ဆရာဇင်ယော်နီကပြောပါတယ်။
"အဘ မင်းသိင်္ခက ပါရမီရှင်ပါ။ စာရေးလည်းကောင်းတယ်။ စိတ်ကူးလည်းကောင်းတယ်၊ ဗေဒင်ဝေဒဂမ္ဘီရမှာလည်း ထူးချွန်တယ်။ အဘကိုတော့ ဆရာမတို့က သေသွားတယ်လို့ မသုံးပါဘူး၊ အဘက ထွက်ရပ်ပေါက်သွားတာပါ။ ဒါကြောင့် မရမ်းတလင်းခြံကြီးကို ၂၀၁၅ ခုနှစ်မှာ ဆရာမတို့ အထွေထွေလွှဲစာ(General Power) နဲ့ထိန်းသိမ်းလုပ်ကိုင်ခွင့်ရတော့ အဘရဲ့ ထွက်ပွဲတွေကို ခြံထဲမှာ ပြုလုပ်ခဲ့ပါတယ်" လို့ လက်ရှိ မရမ်းတလင်းခြံမှာ နေထိုင်ပြီး ဗေဒင်ဟောပေးကာ လက္ခဏာပညာများ သင်ကြားပေးနေတဲ့ ဆရာမ ဒေါ်ဝင်းမာအေးက ပြောပါတယ်။
ဆရာကြီးက ၁၉၆၅ ခုနှစ်ကနေ ၁၉၇၀ ပြည့်နှစ်အထိ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်မှာ အကျဉ်းကျခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်အတွင်းမှာလည်း လူထုလှုပ်ရှားမှုတွေမှာ ဟောပြောမှုကြောင့် စစ်အစိုးရက ဆရာကြီးမင်းသိင်္ခကို အကျဉ်းထောင်ကို ထပ်မံပို့ဆောင်ခဲ့ပါတယ်။ အကျဉ်းကျနေစဉ် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်ရှေ့အလားအလာတွေကို ဒက်ထိမှန်ကန်စေတဲ့ ဟောကိန်းတွေလည်း ဟောကြားခဲ့တယ်လို့ ဆရာကြီးနဲ့ထောင်ထဲမှာ အတူဆုံခဲ့တဲ့ စာရေးဆရာတွေက ဆရာကြီးကွယ်လွန်ပြီးတဲ့အခါ မနောမယဂျာနယ်မှာ ရေးသားခဲ့ကြပါတယ်။ မနောမယဂျာနယ်ကို ဆရာကြီးမင်းသိင်္ခ ဦးစီးပြီး ၁၉၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ဂျာနယ်ထဲမှာ ဆရာကြီး အပတ်စဉ်ရေးတဲ့ မနောမယထမင်းဝိုင်း ဆိုတဲ့ ကဏ္ဍကလည်း ဖတ်ရှုသူအများအပြားရဲ့ နှစ်ခြိုက်အားပေးမှုကို ခံရပါတယ်။
မနောမယထမင်းဝိုင်း
"မင်းသိင်္ခရေးတဲ့ မနောမယထမင်းဝိုင်းထဲက ဆိတ်ခေါင်းနဲ့ ဂေါ်ရင်ဂျီမာဆလာနိုင်နိုင် ချက်ထားတဲ့ဟင်းကို ဖတ်ပြီး စားချင်လိုက်တာဗျာ၊အပတ်စဉ် ဒီတစ်ပတ် ဘာဟင်းတွေချက်လဲလို့ မနောမယဂျာနယ်ကိုစောင့်ဖတ်ခဲ့ရတာလည်း အမောပါပဲ" ဟု ဆရာကြီးရဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ ကိုအောင်ဌေးလှိုင်က ဆိုပါတယ်။
ဆရာကြီးမင်းသိင်္ခရဲ့ စာပေနယ်ပယ်မှာရော ဗေဒင်လက္ခဏာနယ်ပယ်မှာပါ အထွတ်အထိပ်အောင်မြင်မှုတွေက ဆရာကြီး အသက်၄၀ ကျော်မှ စတင်ခဲ့တယ်လို့ တပည့်ရင်းဖြစ်တဲ့ ဆရာအုန်းချစ်မြိုင်ကဆိုပါတယ်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်က ပေးအပ်တဲ့ရိုးရာဗေဒင်ပညာပါရဂူဘွဲ့နဲ့ မြန်မာမင်း ၁၂၂ ပါး၏ကံကြမ္မာကျမ်းစာအုပ်နဲ့ နက္ခတ်ဗေဒပါရဂူဘွဲ့နှစ်ခုကိုလည်း ရရှိထားပြီး ဆုသွားရောက် လက်ခံမရယူခင်မှာ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ ဆရာအုန်းချစ်မြိုင်က ပြောပါတယ်။ ဆရာကြီးဟာ အောင်မြင်မှုနဲ့အတူ မင်းသိင်္ခတပည့်ဆိုတဲ့ နာမည်နဲ့ ဗေဒင်ပညာကျောင်းဆင်း တပည့်ပေါင်းမြောက်မြားစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
"ကျွန်တော်က အဘရဲ့ တပည့်မဖြစ်ခင် အချိန်တုန်းက ဘာပိုင်ဆိုင်မှုမှမရှိခဲ့ဘူး။ အဘဆီမှာ ဗေဒင်ပညာသင်ပြီးမှ တိုက်ပိုင် ကားပိုင်ဖြစ်လာတာ။ ဒါကြောင့် အဘကို ကျွန်တော်က ချစ်ခင်လေးစားတာ။အဘက ဘာပြောဖူးသလဲဆိုရင် ဗေဒင်ပညာက ထမင်းတစ်အိုးချက်တဲ့နေရာမှာ ဖိုခနောက် သုံးခုလိုသလို၊ ဗေဒင်မှာလည်း ဗေဒင်ရယ်၊ လောကီရယ်၊ ဂမ္ဘီရရယ် ပေါင်းစပ်ပြီး တွက်ချက် ဟောပြောမယ်ဆိုရင် အဲဒီဗေဒင်ဆရာ ချမ်းသာပြီတဲ့။ အဘနဲ့ စကားပြောတဲ့အခါတိုင်း ပညာခန်းတွေ အမြဲပါတယ်။ အခု အဘမရှိတော့တဲ့အချိန်မှာ တစ်ခုခုအခက်အခဲဖြစ်ပြီဆိုရင် အဘများရှိရင် ဘယ်လိုများ ပြောမလဲဆိုပြီး တမ်းတမိတယ်။ သတိရမိတယ်" ဟု ဆရာအုန်းချစ်မြိုင်က ဆိုပါတယ်။
ဆရာကြီးမင်းသိင်္ခဟာ အသက် ၆၀ ကျော်နောက်ပိုင်းမှာ ဗေဒင်ဟောပြောပေးခြင်းထက် ယတြာပေးခြင်းနဲ့ ကလေးနာမည်ပေးခြင်းကိုသာအဓိက လုပ်ကိုင်ခဲ့ပါတယ်။ သူ မရှိတော့တဲ့အချိန်မှာ သူ့တပည့်တွေအတွက်အကျိုးရှိပြီး ရေရှည်တိုးတက် စည်ပင်စေဖို့အတွက် အမြော်အမြင်နဲ့ တပည့်များအတွက်သာ ဆိုတဲ့ ဓနသိဒ္ဓိကျင့်စဉ် အသံသွင်းကက်ဆက်ခွေကို ထားခဲ့တယ်လို့လည်း ဆရာအုန်းချစ်မြိုင်က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဆရာကြီးရဲ့ မရမ်းတလင်းခြံကြီးမှာ ဆရာအုန်းချစ်မြိုင်နဲ့ ဆရာမဒေါ်ဝင်းမာအေး ဇနီးမောင်နှံက အထွေထွေလွှဲစာနဲ့ ဆရာကြီး မင်းသိင်္ခရှိစဉ်တုန်းကလို ခြံထဲ လာရောက်သူတွေကို ထမင်းကျွေး၊ လက်ဖက်ရည်တိုက်ခြင်းနဲ့ ဗေဒင်ဟောပြောပေးခြင်းအပြင် ဗေဒင်နဲ့ လက္ခဏာသင်ကြားပေးခြင်းတွေကို လုပ်ကိုင်နေပါတယ်။
လျှို့ဝှက်ထူးဆန်းတဲ့ ဂမ္ဘီရနယ်မြေဖြစ်တဲ့ မရမ်းတလင်းခြံကြီးထဲကို ဖြတ်သန်းသွားနိုင်ဖို့ လူသွားလမ်းတွေလည်း ဆရာကြီးမင်းသိင်္ခကပေးထားခဲ့ပါတယ်။ ဒါပေမဲ့ ခြံထဲက ဝါးလုံးတစ်လုံးကိုတောင် ယောင်လို့မယူရဲဘူးလို့ မရမ်းတလင်းခြံနဲ့ အနီးပတ်ဝန်းကျင်က လူတွေကပြောပါတယ်။
"မရမ်းတလင်းခြံကြီးက စွမ်းအားရှိတယ်။ မဟုတ်တာ မလုပ်ရဲဘူး။ အဘမင်းသိင်္ခကလည်း ထူးခြားတဲ့ပုဂ္ဂိုလ်လေ၊ နတ်ဘီလူးရုပ်တုကြီးကို အဘက မိုက်ကယ်ကြီးလို့ နာမည်ပေးထားတာ၊ မိုက်ကယ်ကြီးက အသက်ရှိတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ မဟုတ်တာလုပ်ရင် ဖမ်းစားခံရမှာစိုးလို့ ခြံထဲကပစ္စည်း ဘာမှ မယူရဲဘူး"ဟု မရမ်းတလင်းခြံထဲမှာ ဈေးရောင်းခဲ့ဖူးသူ ဦးအောင်မျိုးက ပြောပါတယ်။
ဆရာကြီးမင်းသိင်္ခရဲ့ ဝတ္ထုတွေကို ရုပ်ရှင်တွေ ရိုက်ကူးခဲ့ကြပြီးတော့ ဆရာကြီးရှိစဉ်က အနုပညာနယ်ပယ်က နာမည်ကျော် မင်းသားတွေဖြစ်တဲ့ ကျော်ဟိန်း၊ ကျော်သူ၊ မိုးဟေကို၊ ဒါရိုက်တာ ခင်စောမျိုး၊ ဒါရိုက်တာ မင်းသီဟတို့လည်း မရမ်းတလင်းခြံကြီးကို မကြာခဏဆိုသလိုရောက်လာတတ်တယ်လို့ ဆရာကြီးရဲ့ တပည့်တွေက ဆိုပါတယ်။ အနုပညာနယ်ပယ်မှာ နာမည်ရဖို့ ကြိုးစားနေတဲ့သူတွေလည်း ဆရာကြီးဆီမှာ အကြံဥဏ်လာတောင်းတတ်ကြပြီး ဆရာကြီးက အနုပညာနာမည်ပြောင်းပေးလို့ အောင်မြင်သွားကြတဲ့ အနုပညာရှင်တွေလည်း အမြောက်အမြားပါပဲလို့ ဆရာကြီးရဲ့ တပည့်တွေက ပြောပါတယ်။
မင်းသိင်္ခက ဧည့်သည့်တွေကို သူကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။
ဆရာကြီး ကွယ်လွန်ပြီးခါစ အချိန်မှာ မရမ်းတလင်းခြံကြီးနဲ့ ပတ်သက်ပြီး အမွေမှုတွေ ဖြစ်ခဲ့တာလည်း ယနေ့ထက်ထိ ပြီးပြတ်မှုမရှိသေးဘူးလို့ ဆရာအုန်းချစ်မြိုင်က ဆိုပါတယ်။
ဆရာကြီးရဲ့ မရမ်းတလင်းခြံကြီးကို ဆရာကြီး ကြံစည်ခဲ့တဲ့အတိုင်း ဗေဒတက္ကသိုလ်ကြီးဖွင့်ဖို့ စိတ်ကူးတွေလည်း ရှိပြီး အကောင်အထည်ဖော်ဖြစ်ဖို့ကတော့ အချိန်ယူပြင်ဆင်ရဦးမယ်လို့ ဆရာအုန်းချစ်မြိုင်က ဆိုပါတယ်။
ဆရာကြီးမင်းသိင်္ခကတော့ မရမ်းတလင်းခြံကြီးအပါအဝင် ပိုင်ဆိုင်မှုတွေကို ချန်ထားရစ်ခဲ့ပြီး ဘဝတစ်ပါးကို ရောက်သွားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီဖြစ်ပါတယ်။ တစ်ချိန်က အလွန်စည်ကားခဲ့တဲ့ မရမ်းတလင်းခြံကြီးကို ရောက်ဖူးသူတိုင်းကတော့ သူတို့ရဲ့ အဘဆရာကြီး
မင်းသိင်္ခမရှိတော့တဲ့ ခြံကြီးကို ပြန်ရောက်လာတိုင်း အရင်ကအချိန်တွေကို တမ်းတမိမှာ ဧကံမုချပါပဲ။