Shutterstock/ chairoij
ဒီနေ့မှာတော့ ရာသီခွင်အလိုက် ကိုယ့်ကိုစိတ်ဝင်စားနေတဲ့သူကို ဘယ်လိုအထာတွေပေးပြီး ချဉ်းကပ်လဲဆိုတာ ဒီ Quiz လေးကနေ ပြောပြပေးသွားမှာပါ။ ဒါကြောင့် ကိုယ့်ရာသီခွင်အလိုက် ဘယ်လိုအထာတွေပေးပြီး ချစ်သူကို ချဉ်းကပ်လဲဆိုတာ ကြည့်လိုက်ရအောင်နော်…
(၁) Aries ~ March 21 - April 19
Aries တွေက ဖြောင့်မတ်တည်ကြည်ပြီး သမာဓိရှိတဲ့လူစားမျိုးပါ။ သူတို့နဲ့ မရင်းနှီးသေးခင်တော့ သူတို့ဟာ အသဲနှလုံးမရှိတဲ့ မာကျောခတ်ထန်တဲ့လူမျိုးလို့ ထင်ရပေမယ့် တကယ်တမ်း ရင်းနှီးသွားပြီဆိုရင် သူတို့တွေဟာ ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ လူမျိုးတွေပါ။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် သူတို့ခံစားချက်တွေကို ကွယ်ဝှက်ထားတာမျိုးမရှိပဲ စကားနဲ့ဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ တိုက်ရိုက်ပြောတတ်ပါတယ်။ ပြဿနာက သူတို့ဟာ ခံစားချက်တွေကို တဖက်လူသိအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ချစ်ဖို့ကောင်းအောင် မပြောတတ်တာပါပဲ။ ပြောရရင် ထေ့ငေါ့တဲ့စကားလုံးတွေ၊ လှောင်ပြောင်သရောတဲ့ အမှုအရာအပြောအဆိုတွေနဲ့ ပြောတတ်တာမျိုးပါ။ ဒါကြောင့် စိတ်မဆိုးတတ်တဲ့လူမျိုး၊ စကားအထအနမကောက်တတ်တဲ့လူမျိုးနဲ့မှ Aries တွေနဲ့ အဆင်ပြေမယ်ထင်ပါတယ်နော်….
(၂) Taurus ~ April 20 - May 20
Taurus တွေက အဆိုးမြင်ဝါဒီများပြီး အတ္တဆန်ကြီးတဲ့လူမျိုးတွေလို့ ပြောလို့ရပါတယ်။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် သူတို့ခံစားချက်တွေကို ရိုးရိုးရှင်းရှင်းပဲ ထုတ်ဖော်ပြပါတယ်။ ပြောရရင် ချစ်တယ်ဆိုလည်း ချစ်တယ် မချစ်ဘူးဆိုလည်း မချစ်ဘူး တုံးတိကြီးပေါ့။ အတ္တကြီးတဲ့လူတစ်ယောက်မို့လို့ သူတို့တွေဟာ တဖက်လူရဲ့ခံစားချက်တွေကို သိပ်ဂရုစိုက်လေ့မရှိပဲ သူတို့ဖြစ်ချင်တာကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ ဒါ့အပြင် တဖက်လူရဲ့အရည်အချင်းတွေ၊ မေတ္တာတွေ စေတနာတွေကို ခဏခဏချီးကျူးပြီး အသိအမှတ်ပြုလေ့ မရှိပေမယ့် သူတို့ဘက်က တကယ်ချစ်ရှာပါတယ်။
(၃) Gemini ~ May 21 - June 20
Gemini တွေဟာ တစ်ခါတစ်လေ ခေါင်းမာတတ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေပါ။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် သဘောမကျချင်သယောင်ဆောင်ပြီး ရင်းနှီးပြီးနားလည်ပေးတဲ့ သာမန်သူငယ်ချင်းပုံစံမျိုးနဲ့ ချဉ်းကပ်တတ်ပါတယ်။ တစ်ခါတစ်လေကျ နောက်သလို ပြောင်သလိုလိုနဲ့ သူတို့စိတ်ဝင်စားတဲ့လူကို ချစ်တယ်၊ သဘောကျတယ်ဆိုပြီး ပြောပါလိမ့်မယ်။ ဒါကြောင့် တဖက်လူဘက်က သူတို့အချစ်ကို ဝေခွဲမရဖြစ်တတ်ပါတယ်။ ပြဿနာကတော့ သူတို့တွေဟာ လွယ်လွယ်ချစ်တတ်ပြီး လွယ်လွယ်လမ်းခွဲတတ်ပါတယ်။ ပြောရရင် အချစ်ကိုကစားတဲ့လူမျိုးတွေပေါ့။
(၄)Cancer ~ June 21 - July 22
Cancer တွေဟာ အရမ်းချစ်ပြီး ဂရုစိုက်တတ်တဲ့လူမျိုးတွေပါ။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ပန်းစည်းလေးတွေ ပေးတာမျိုး၊ လက်ဆောင်လေးတွေ ပေးတာမျိုး စတဲ့ နူးနူးညံ့ညံ့ပုံစံမျိုးလေးတွေနဲ့ ချဉ်းကပ်တတ်ပါတယ်။ ဒါ့အပြင် တဖက်လူနဲ့ပတ်သက်တာမှန်သမျှကို အသေးစိတ် မှတ်ထားလေ့ရှိပါတယ်။ သူတို့ဘက်က ချစ်ရသူကို သူတို့မိဘတွေနဲ့ တွေ့ဖို့ခေါ်သွားခဲ့ရင် အဲဒီလူဟာ သူတို့တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားသူ ဖြစ်ပါတယ်။
(၅) Leo ~ July 23 - August 22
Leo တွေဟာ ရမ္မက်ကြီးပြီး သြဇာကြီးမားတဲ့လူမျိုးတွေပါ။ သူတို့တွေဟာ ဒရမ်မာခင်းရတာမျိုး၊ လူတွေအာရုံစိုက်ခံရတာမျိုးကို နှစ်သက်ကြတဲ့အတွက် သူတို့အချစ်တွေကို တဖက်လူသိအောင် ဖော်ပြတဲ့နေရာမှာလည်း လူတွေအာရုံစိုက်အောင် ဒရမ်မာတွေခင်းပြီး ဖော်ပြပါလိမ့်မယ်။ သူတို့တွေဟာ သူတို့ချစ်ရသူရဲ့ဘဝမှာ အရေးပါတဲ့လူ ဖြစ်ချင်ကြပြီး ချစ်သူနဲ့အတူတူ မလုပ်ဖူးတဲ့အရာတွေလုပ်ဖို့ အမြဲကြိုးစားနေပါလိ့မ်မယ်။ ဒါ့အပြင် သူတို့တွေဟာ တစ်ခါတစ်လေ ချစ်ရသူကိုပိုင်ဆိုင်ချင်စိတ်တွေ အရမ်းများပြီး လုပ်မိလုပ်ရာတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် တဖက်လူအနေနဲ့ သူတို့နဲ့ပတ်သက်မိရင် အနေအထိုင်ဆင်ခြင်ပြီး ဂရုစိုက်သင့်ပါတယ်။
(၆) Virgo ~ August 23 - September 22
Virgo တွေဟာ လက်တွေ့ကျကျ တွေးခေါ်စဉ်းစားပြီး ဘယ်အရာကိုမဆို စေ့စေ့စပ်စပ် လုပ်ဆောင်တတ်သူတွေပါ။ ဒါပေမယ့် သူတို့တွေဟာ အရှက်အကြောက်ကြီးပြီး သူတို့ခံစားချက်တွေကို တဖက်လူသိအောင် ဖော်ပြလေ့မရှိပါဘူး။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် တဖက်လူရှေ့ရောက်ရင် သူတို့တွေဟာ ရှက်ကိုးရှက်ကန်းဖြစ်ပြီး အလွဲလွဲအချော်ချော်တွေ လုပ်မိနေပါလိမ့်မယ်။
(၇) Libra ~ September 23 - October 22
Libra တွေဟာ အချစ်ခံရတာကို သဘောကျသူတွေပါ။ ဒါကြောင့် သူတို့တွေဟာ လူတွေအမြင်မှာ ဆွဲဆောင်မှုရှိအောင် တတ်နိုင်သလောက် ကြိုးစားနေထိုင်ကြပါတယ်။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်သူနှစ်သက်တဲ့အရာတွေကို သူတို့မုန်းနေရင်တောင်မှ သည်းခံပြီး ချစ်ရသူပျော်ရွှင်စိတ်ချမ်းသာအောင် လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် တဖက်လူရဲ့ဘဝမှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်ချင်ကြပါတယ်။ ဒါကြောင့် ချစ်ရသူဘက်က သူတို့ကို သူငယ်ချင်းအနေနဲ့ပဲ လက်ခံနိုင်မယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ခံယူပါလိမ့်မယ်။
(၈)Scorpio ~ October 23 - November 21
Scorpio တွေဟာ တစ်ခါတစ်လေ တဏှာမကင်းတဲ့ အပြုအမူနဲ့ အပြောအဆိုတွေကြောင့် တဏှာကြီးသူလို့ တချို့က ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်ရသူအပေါ်ထားရှိတဲ့ သူတို့ခံစားချက်တွေ၊ အတွေးတွေကို ဖြူဖြူစင်စင် ဖော်ပြပါလိမ့်မယ်။ သူတို့တွေ အဓိပ္ပာယ်မရှိတဲ့ အချစ်ရေးမျိုးနဲ့ သူတို့အချိန်တွေကို အကုန်မခံတတ်ပါဘူး။ ဒါကြောင့် အစထဲက သူတို့တစ်ဘဝလုံး လက်တွဲသွားမယ့်သူကို သေချာရွေးချယ်ကြပါတယ်။
(၉) Sagittarius ~ November 22 - December 21
Sagittarius တွေဟာ ဖော်ဖော်ရွေရွေနေတတ်ပြီး ကြင်နာသနားတတ်ပြီး အဲဒီခံစားချက်တွေကို ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေနဲ့ ပြသတတ်ပါတယ်။ ဒါကြောင့် သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်ရသူဘေးနားလေးမှာ လာထိုင်တာမျိုး၊ ချစ်သူကိုဆံပင်လေးတွေ သပ်ပေးတာမျိုး အစရှိတဲ့ အထိအတွေ့လေးတွေနဲ့ ပြသပါလိမ့်မယ်။ သူတို့တွေဟာ သူတို့ချစ်တဲ့လူဘေးနားမှာ အမြဲနေချင်ကြသူတွေပါ။ သူတို့အပြုံးက တဖက်လူကို ဆွဲဆောင်နိုင်တဲ့ သူတို့လက်နက်ပါ။ ဒါကြောင့် အဲဒီအပြုံးကို အသုံးချပြီး သင့်ဘက်ကသူတို့ကိုကြွေအောင် လုပ်ပါလိမ့်မယ်။
(၁၀) Capricorn ~ December 22 - January 19
Capricorn တွေဟာ စိတ်ရှည်သည်းခံတတ်ပြီး တစ်ခါတစ်လေ အရှက်အကြောက်ကြီးပါတယ်။ ဒါကြောင့် တဖက်လူအနေနဲ့ သူတို့ဘက်က သဘောကျတယ်၊မကျဘူးဆိုတာ တပ်အပ်ကြီး မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် တခြားလူတွေ ဘာပြောပြော ချစ်ရသူရဲ့ဆန္ဒတွေ၊ဆုံးဖြတ်ချက်တွေနဲ့ အကြံတွေကို ချီးမွမ်းပြီး အသိအမှတ်ပြုပါလိ့မ်မယ်။
(၁၁) Aquarius ~ January 20 - February 18
Aquarius တွေဟာ ခန့်မှန်းရခက်တဲ့လူမျိုးတွေပါ။ သူတို့ဘာတွေတွေးနေပြီး ဘာတွေလုပ်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်ရသူနဲ့ပတ်သက်သမျှ အရာရာကို ပိုပြီးရူးသွပ်လာပါလိမ့်မယ်။ ဒါ့အပြင် တဖက်လူမမျှော်လင့်တဲ့နေရာတွေမှာ အံ့သြသွားအောင် ပေါ်လာတာမျိုး၊ မမျှော်လင့်တဲ့ လက်ဆောင်တွေ ပေးတာမျိုး စတာတွေ လုပ်လာပါလိမ့်မယ်။ သူတို့ဟာ တဖက်လူဘက်က သူတို့ရဲ့မကောင်းတဲ့အချက်တွေကို လက်ခံပေးပြီး ချစ်လာတာမျိုးကို အလိုရှိပါတယ်။
(၁၂) Pisces ~ February 19 - March 20
Pisces တွေဟာ အရမ်းချစ်တတ်ပြီး စိတ်ခံစားချက်လွယ်တဲ့ လူမျိုးတွေပါ။ သူတို့ခံစားချက်တွေကို လူမသိအောင် ဖုံးကွယ်ရတဲ့နေရာမျိုးမှာ ညံ့ဖျင်းတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဘက်က စိတ်ဝင်စားနေလားဆိုတာ အတိအကျပြောနိုင်ပါတယ်။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် အမြဲဂရုစိုက် စောင့်ကြည့်နေတတ်ပြီး နွေးထွေးမှုတွေ၊ ဂရုစိုက်မှုတွေ ပေးပါလိမ့်မယ်။ တစ်ခါတစ်လေ သူတို့တွေဟာ ရင်နဲ့အမျှခံစားပြီး ကဗျာလေးတွေ ရေးတတ်ပါသေးတယ်။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်