
ရှေးဟောင်းဝိဇ္ဇာပညာရပ်တွေမှာ လောကကြီးကို မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတယ်လို့ ယူဆထားကြပြီး အဲဒီဓာတ်တွေက လူသားတွေရဲ့ ဘဝအပေါ်မှာပါ သက်ရောက်မှုတွေရှိတယ်လို့ ဆိုပါတယ်။ ဓာတ်ကြီးလေးပါးရဲ့ လူသားတွေအပေါ် သက်ရောက်မှုကို စမ်းစစ်ဖော်ပြတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲက စိတ်ဝင်စားစရာနည်းလမ်းတစ်ခုကို ဖော်ပြချင်ပါတယ်။ အဲဒါကတော့ လက်ဖဝါးအပူချိန်ပေါ်မူတည်ပြီး ဓာတ်ကြီးလေးပါး ဆက်သွယ်ချက်က ဖော်ပြနေတဲ့ သင့်အကြောင်းကို စမ်းစစ်ကြည့်တာပါ။
ပုံထဲမှာ အနီရောင်နဲ့ အပြာရောင်တွေ ရေးခြယ်ထားတဲ့ လက်ဝါးပြင်ပုံ ၄ ခု ဖော်ပြထားပါတယ်။ အဲဒီမှာ အနီရောင်က ပူနွေးနေတဲ့ နေရာဖြစ်ပြီး အပြာရောင်က အေးနေတဲ့ နေရာဖြစ်ပါတယ်။ ပုံတစ်ပုံအလိုက် ဓာတ်ကြီးလေးပါးထဲက သက်ရောက်မှုရှိတဲ့ဓာတ်ကို ဖော်ပြထားပါတယ်။ ကိုယ့်လက်ဖဝါးပြင်ရင် အပူချိန်ကို စမ်းကြည့်ပြီး သက်ရောက်မှုဓာတ်အရ ဘာတွေဖော်ပြနေလဲဆိုတာ စမ်းကြည့်လိုက်ရအောင်။
၁။ ရေဓာတ်လက်ဖဝါး

နံပါတ်တစ်ပုံမှာ ပြထားတဲ့အတိုင်း လက်ဖဝါးတစ်ခုလုံး အေးနေတတ်သူတွေကတော့ ရေဓာတ်သက်ရောက်လွှမ်းမိုးမှု များသူတွေ ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ နံပါတ်တစ်ပုံမှာလို လက်ဖဝါးမျိုး ရှိရင်တော့ စိတ်ခံစားလွယ်သူလို့ ပြောနိုင်ပါတယ်။ သင်ဟာ တခြားသူတွေအပေါ် ကရုဏာစိတ် ကြီးမားသူလည်း ဖြစ်ပါတယ်။ ရေဓာတ်လွှမ်းမိုးမှု များသူတွေကို “ကုသသူတွေ”လို့လည်း ရည်ညွှန်းကြပါတယ်။ သူတို့ဟာ တခြားသူတွေရဲ့ စိုးရိမ်ပူပမ်မှုတွေ၊ နာကျင်မှုတွေကို သက်သာစေနိုင်သူတွေ ဖြစ်ပါတယ်။
ရေဓာတ်သက်ရောက်သူတွေဟာ စွန့်စားရတာတွေ၊ အပြင်းအထန် စိတ်လှုပ်ရှားရတာတွေကို မနှစ်သက်ပါဘူး။ အဖွဲ့အစည်းတွေ၊ အများနဲ့လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေမှာလည်း နောက်တန်းကနေသာ ကူညီထောက်ပံ့တာမျိုး လုပ်လေ့ရှိသူတွေ ဖြစ်ပါတယ်။
၂။ လေဓာတ်လက်ဖဝါး

သင့်ရဲ့လက်ဖဝါးက နံပါတ်နှစ်ပုံမှာလိုမျိုး လက်ချောင်းတွေက အေးနေပြီး လက်ဖဝါးပြင်က နွေးနေတယ်ဆိုရင်တော့ လေဓာတ်သက်ရောက်မှုများသူလို ဆိုနိုင်ပါတယ်။ လေဓာတ်လက်ဖဝါးပြင် ရှိသူတွေဟာ အနုပညာလက်လို့ ခေါ်လေ့ရှိတဲ့ လက်ချောင်းသွယ်သွယ်တွေ ရှိတတ်ပြီး ဖန်တီးမှုအားကောင်းသူတွေ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာတောင် သပ်သပ်ရပ်ရပ်နဲ့ နေထိုင်တတ်သူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေဟာ ဘယ်လိုပြဿနာမျိုးကိုမဆို အလွယ်တကူဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိကြတာကြောင့် မှော်ဆရာတွေလို့လည်း တင်စားခံရပါတယ်။
လေဓာတ်သက်ရောက်မှုများသူတွေရဲ့ အားနည်းချက်ကတော့ စည်းမျဉ်းစည်းကမ်းတွေ၊ သတ်မှတ်ချက်တွေကို လိုက်နာနိုင်မှု အားနည်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြောင်းအရာတစ်ခုမှာ ကြာရှည်အာရုံစိုက်ဖို့လည်း စိတ်မပါတတ်ကြပဲ စိတ်ဝင်စားစရာအသစ်တွေ အမြဲလိုလိုရှာဖွေနေတတ်သူတွေလည်း ဖြစ်ကြပါတယ်။
၃။ မြေဓာတ်လက်ဖဝါး

နံပါတ်သုံးပုံမှာ ဖော်ပြထားသလို လက်ချောင်းတွေနဲ့ လက်ဖဝါးတစ်ခုလုံး ပူနွေးနေတတ်သူတွေကတော့ မြေဓာတ်သက်ရောက်မှု များသူတွေ ဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ လက်ဖဝါးတွေရှိတတ်တဲ့ မြေဓာတ်သက်ရောက်သူတွေဟာ နှိမ့်ချတတ်သူတွေ၊ အာရုံစူးစိုက်မှု အားကောင်းသူတွေ၊ စည်းစနစ်ကျနသူတွေ အဖြစ်လည်း သတ်မှတ်ခံရပါတယ်။ မြေဓာတ်သက်ရောက်မှုများသူတွေဟာ ယုံကြည်စိတ်ချရသူတွေ ဖြစ်တတ်ကြပြီး လူတွေရဲ့ယုံကြည်မှုကို ရယူနိုင်ကြတာကြောင့် ခေါင်းဆောင်ကောင်းတွေလည်း ဖြစ်ကြပါတယ်။
မြေဓာတ်လက်ဖဝါးပိုင်ရှင်တွေဟာ တရားသေဆန်တာ၊ ပြုပြင်ပြောင်းလဲဖို့ ခက်ခဲတာတွေတော့ ရှိတတ်ပါတယ်။ ဒါ့အပြင် အရာရာကို အလေးအနက်ထားလွန်းတာကြောင့် ပျော်ရွှင်ရမယ့်အခွင့်အရေးတွေ ဆုံးရှုံးရတတ်တာကို သတိထားဖို့ လိုပါမယ်။
၄။ မီးဓာတ်လက်ဖဝါး

တကယ်လို့ သင့်ရဲ့လက်ဖဝါးဟာ နံပါတ်လေးပုံမှာ ပြထားသလို လက်ချောင်းတွေက ပူနွေးပြီး လက်ဖဝါးပြင်က အေးနေတယ်ဆိုရင် မီးဓာတ်သက်ရောက်မှုများသူ ဖြစ်ပါတယ်။ ဒီလိုမီးဓာတ်သက်ရောက်မှု များသူတွေဟာ ဆုံးဖြတ်ချက်ခိုင်မာသူ၊ ဇွဲကောင်းသူ၊ စိတ်အားထက်သန်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ရည်မှန်းချက်ကြီးပြီး အဲဒီရည်မှန်းချက် အထမြောက်အောင် မဆုတ်မနစ် ကြိုးစားတတ်ကြပါတယ်။ မီးဓာတ်သက်ရောက်မှု များသူတွေဟာ ဘဝရဲ့စိန်ခေါ်မှုတွေကို နောက်မတွန့်စတန်း ရင်ဆိုင်တတ်တဲ့ တိုက်ပွဲဝင်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးရင် အခက်အခဲ၊ အတားအဆီးအားလုံးကို ကျော်ဖြတ်ဖို့ ဝန်မလေးကြပါဘူး။
မီးဓာတ်သက်ရောက်မှုများသူတွေရဲ့ အားနည်းချက်ကတော့ တခြားသူတွေရဲ့အမြင်ကို လက်ခံစဉ်းစားပေးတတ်မှု အားနည်းတာပါ။ ကိုယ့်ရည်မှန်းချက်တစ်ခုကိုသာ အာရုံစိုက်နေတတ်တဲ့အတွက် ဘဝရဲ့ တခြားအစိတ်အပိုင်းတွေမှာ အားနည်းတတ်ကြတာ ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz