
သင်နေ့စဉ်ရွေးချယ်နေတဲ့အရောင် ဒါမှမဟုတ် သင်ကြိုက်တဲ့အရောင်က သင့်စိတ်ခံစားချက်ကို သက် ရောက်မှုရှိတယ်ဆိုတာသိပါသလား။ ဒီအကြောင်းအရာကို သုတေသနအထပ်ထပ်ပြုလုပ်ပြီး အချက်အလက်တွေနဲ့သုတေသီတွေက Bright Side မှာဖော်ပြထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သင်လည်းလေ့လာစမ်းစစ်လို့ရအောင် ဖော်ပြရခြင်းဖြစ်တယ်။ သင်က ဘာအရောင်ကိုနှစ်သက်ပါသလဲ။ သင်ဝတ်ထားတဲ့အရောင်က သင့်တစ်နေ့တာမှာ ခံစားရတဲ့၊ ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေနဲ့ ဘယ်လောက်တိုက်ဆိုင်နေသလဲ၊ သင့်စိတ်အခြေအနေ ဘယ်လိုပြောင်းလဲနေသလဲသိရအောင် အောက်မှာဖော်ပြထားတဲ့အရောင်တွေနဲ့ စစ်ဆေးကြည့်လိုက်ပါနော်။ ကဲ . . သင် အခု ဘာရောင်ဝတ်ဆင်ထားသလဲ။ လက်ရှိမှာ သင့်စိတ်အခြေအနေနဲ့ သင်ဘာတွေကြုံတွေ့နေရသလဲဆိုတာ စစ်ဆေးလိုက်ကြရအောင်။
၁ ။ အနီရောင်

သင်ကအနီရောင်မှအနီရောင်ပဲဆိုရင် ရန်လိုမှုနဲ့ကြီးစိုးလိုမှု နည်းနည်းစီရှိနေပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေတာကို ဖော်ဆောင်သလို အနီရောင်ကို ဝတ်ဆင်တဲ့ အားကစားသမားတွေဟာ အနိုင်ရဖို့ ၅ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အနီရောင်ဟာ နှလုံးခုန်နှုန်းကိုထိန်းညှိပေးပြီး Testosterone ကို မြှင့်တင်ပေးတာကြောင့် ကိုယ်လုပ်တဲ့အလုပ်ရဲ့စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ရှိချက်တစ်ခုကတော့ အနီရောင်ဝတ်စုံဝတ်ထားတဲ့ စားပွဲထိုးတွေက ဧည့်သည်အမျိုးသားတွေဆီကနေ ဘောက်ဆူးပိုရပါသတဲ့။ ဒီအရောင်က အမျိုးသားတွေကို ဆွဲဆောင်တယ်လို့ လေ့လာမှုတွေက အတည်ပြုခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းသင်းဆက်ဆံရေးမှာချောမွေ့ချင်ရင် အနီရောင်ကို စမ်းကြည့်ပါလို့အကြံပေးချင်ပါတယ်။
၂။ ခရမ်းရောင်

ခရမ်းရောင်ကတော့ မင်းမျိုးမင်းနွယ်တွေ၊ တော်ဝင်အခမ်းအနားတွေနဲ့ဆက်စပ်နေပါတယ်။ ဒါအပြင် မှော်ပညာနဲ့စိတ်ကူးယဉ်ဆန်မှုတို့နဲ့လည်းပတ်သက်တယ်။ ခရမ်းရောင်ဟာ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးတယ်လို့ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ ထိလွယ်ရှလွယ်တဲ့ စိတ်ခံစားမှုနဲ့ဆက်စပ်နေတယ်ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်နော်။
၃။ လိမ္မော်ရောင်

လိမ္မော်ရောင်ကို သင်က ကြိုက်ပြီး အဝတ်များရင်တော့သင်က အရမ်းတက်ကြွနေတဲ့သူပါ။ လိမ္မော်ရောင်ဝတ်ဆင်ထားတဲ့သင်က ဒီနေ့အတွက်တော့ တက်ကြွဖျတ်လတ်နေပါတယ်။ ဒါကြောင့် ဒီအရောင်ကို စိတ်အားတက်ကြွစေတဲ့ အားဆေးကောင်းတစ်ခုအဖြစ် ဆေးပြားတွေမှာတောင် အသုံးပြုကြပါတယ်။ လိမ္မောရောင်ဟာ အလွန်အားကောင်းပြီး တက်ကြွတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။ စိတ်လှုပ်ရှားမှုနဲ့စွမ်းအင်ကိုလည်းပေးပါတယ်။ အဲဒါကြောင့် အားကစားအသင်းတော်တော်များများက သူတို့ရဲ့ ယူနီဖောင်းအတွက် အသုံးပြုကြတာဖြစ်ပါတယ်နော်။
၄။ အဖြူရောင်

သင်ကအဖြူရောင်ကိုနှစ်သက်သူဆိုရင်တာ့ စိတ်ထားနူးညံ့ပြီး စိတ်ကျေနပ်မှုကိုပဲလိုချင်သူဖြစ်တယ်။ အလုပ်မှာစနစ်တကျလုပ်လေ့ရှိပြီး ကျိုးကြောင်းဆီလျော်တဲ့ အသေးစိတ်အချက်အလက်ကို ဦးတည်လေ့ရှိပါတယ်။ အဖြူရောင်ဟာ အလုပ်လုပ်တဲ့အခါ လွတ်လပ်စွာဖန်တီးလုပ်ကိုင်တတ်တာနဲ့ဆက်စပ်နေပါတယ်။ ပြီးတော့ ဒီအရောင်ဝတ်ဆင်ထားတဲ့သင့်တစ်နေ့တာမှာ သန့်ရှင်းမှုနဲ့ ရိုးရှင်းတဲ့ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်တစ်ချို့ကုမ္ပဏီတွေက အဖြူရောင်ကို သူတို့ရဲ့နောက်ခံသမိုင်းအကြောင်း အရည်အသွေးအဖြစ်မှတ်ယူထားကြတာဖြစ်တယ်။ ဥပမာပြောပြရရင် Apple ဟာ ရိုးရှင်းတဲ့ အဖြူရောင်နောက်ခံကိုအသုံးပြုထားပါတယ်။ သူ့ Product ဟာ နှစ်တွေဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲတဲ့၊ ရိုးရှင်းတဲ့မူပိုင်နည်းပညာကိုအခြေခံပြီး နှစ်စဉ်နှစ်တိုင်းထုတ်ကုန်အသစ်တွေကို မိတ်ဆက်လေ့ရှိပါတယ်။ သူ့ရဲ့ရိုးရှင်းမှုဟာ အခြား ဘယ်ပစ္စည်းနဲ့မှမတူဘဲ အမြဲလတ်ဆတ်နေတဲ့ ဂုဏ်ကို အဖြူရောင်နဲ့မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
၅။ အနက်ရောင်

အနက်ရောင်ကတော့ နယ်နိမိတ်အရောင်၊ အာဏာစက်ကိုထင်ပေါ်စေတဲ့အရောင်ဖြစ်တယ်။ အနက်ရောင်ဟာ ခိုင်ခံ့ပြီးကျက်သရေရှိမှု၊ ပုံစံကျနမှုနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ဖြစ်ပေါ်စေတဲ့အရောင်ဖြစ်တယ်။ အနက်ရောင်ဟာ လက်တွေ့ကျမှုကို ထင်ဟပ်စေတာကြောင့် လုပ်ငန်းခွင်မှာယူနီဖောင်းအဖြစ်အသုံးပြုများကြတဲ့အရောင်ဖြစ်တယ်။ အနက်ရောင်ဟာထိန်းချုပ်မှုကို ကိုယ်စားပြုပေမယ့် တရားမျှတတဲ့ လွတ်လပ်မှုကိုလိုလားတဲ့အရောင်ဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူးတဲ့။
၆။ အပြာရောင်

အပြာရောင်ကိုနှစ်သက်သူကတော့ စိတ်ကူးယဉ်ဆန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ ဩဇာအာဏာရှိခြင်းနဲ့တီထွင်ဖန်တီးမှုအားကောင်းခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီအရောင်ရဲ့သဘောက အသေးစိတ်အချက်အလက်တွေကို အာရုံစိုက်တတ်တာပါပဲ။ ပြီးပြည့်စုံတဲ့အရာတွေကို ဖြစ်ပေါ်စေပြီး အပြစ်ကင်းတဲ့ အမူအကျင့်တွေကိုလည်းဖော်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ကလေးတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေက အပြာရောင်ကို အသုံးများကြတာဖြစ်တယ်။ သူတို့စိတ်ထဲမှာ အပြစ်ကင်းကင်းနဲ့ ပြီးပြည့်စုံတဲ့ရလဒ်ကိုရဖို့ ပုံဖော်နိုင်တဲ့စိတ်တွေကိန်းအောင်းနေအောင် အပြာရောင်ကို အသုံးပြုကြတာဖြစ်တယ်။
လူသစ်စုဆောင်းသူတွေဟာ စိတ်ဖိစီးမှုများတဲ့ရာထူးနေရာတွေအတွက် အပြာရောင်အ၀တ်အစားကိုရွေးချယ်ဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရှာဖွေကြတယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်။ သူတို့ရွေးချယ်ထားတဲ့အရောင်က သူတို့ရဲ့စိတ်ကို ဖော်ပြနေတာကြောင့် အပြာရောင်ကြိုက်နှစ်သက်တဲ့ သူတို့ရဲ့စိတ်ဟာ စိတ်ဖိစီးမှုများတဲ့လုပ်ငန်းခွင်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ကြတယ်လို့ သုတေသနပြုချက်အရ လက်ခံထားကြလို့ပဲဖြစ်ပါတယ်နော်။
၇။ အဝါရောင်

အဝါရောင်ကို နှစ်သက်သူဆိုရင်တော့ စွန့်စားခန်းတွေကို တောင့်တကြပါတယ်။ အဖြူရောင်က လွတ်လပ်မှုနဲ့ပတ်သက်တယ်ဆိုရင် အဝါရောင်ကတော့ လွတ်လပ်မှုအတွက်လိုအပ်တဲ့အကြောင်းအရာပါပဲ။ ဒီအရောင်ဟာ ဟာသဉာဏ်ရှိပြီး အကောင်းမြင်စိတ်ရှိမှု၊ စိတ်အားထက်သန်မှုတို့နဲ့လည်းဆက်စပ်နေပါတယ်။ အဝါရောင်ကြိုက်နှစ်သက်သူတွေဟာ တီထွင်ဖန်တီးနိုင်ကြပြီး စိတ်အားထက်သန်သူတွေလည်းဖြစ်တယ်။
၈။ အစိမ်းရောင်

အစိမ်းရောင်ဟာ သဘာဝတရားကြီးနဲ့ သစ်ပင်၊ ဟင်းသီးဟင်းရွက်တွေနဲ့လည်းဆက်စပ်နေပါတယ်။ အေးချမ်းလုံခြုံမှုရရှိစေတဲ့ အမျိုးအစားများဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။ အစိမ်းရောင်ဟာ အောင်မြင်မှုနဲ့လည်းဆက်စပ်မှုရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုအနေနဲ့ကတော့ အပန်းပြေခြင်းနဲ့ ငြိမ်သက်ခြင်းကိုဖြစ်ပေါ်စေတယ်။ လန်းဆန်းတဲ့အရောင်ဖြစ်တာမို့ သင်ယူမှုကိုအားကောင်းစေတာကြောင့် စာသင်ကျောင်းတွေမှာ ယူနီဖောင်းအဖြစ်အသုံးပြုနေကြတာဖြစ်တယ်။ ဒီအရောင်ဟာ ဝတ်ဆင်သူကို လန်းဆန်းတက်ကြွပြီး အသေးစိတ်တည်ထွင်ဖန်တီးနိုင်စွမ်းပေးတာကြောင့် ကျန်းမာရေးနဲ့ပတ်တဲ့အရေးကြီးတဲ့ ခွဲစိတ်ခန်းလိုနေရာမျိုးမှာ တွင်တွင်အသုံးပြုကြပါတယ်နော်။
၉။ ပန်းရောင်

ပန်းရောင်ဝတ်ဆင်ထားတဲ့ရာဇဝတ်သားတစ်ဦးဦးများသင်တွေ့ဖူးသလား။ ဘယ်နိုင်ငံမှာမှမရှိလို့ သင်တွေ့ဖူးမှာမဟုတ်ပါဘူး။ ပန်းရောင်ဆိုတာ ရန်လိုမှုကိုလျော့ပါးစေတဲ့အရောင်ဖြစ်တယ်။ ပန်းရောင်ဝတ်ဆင်တဲ့အချိန် သင့်စိတ်ကအလိုလို ငြိမ်းချမ်းနေပါလိမ့်မယ်။ ပန်းရောင်ကြိုက်သူ သင့်စိတ်ကလည်း နူးညံ့ပြီး အေးအေးချမ်းချမ်းနေတတ်သူတစ်ဦး ဖြစ်ပါလိမ့်မယ်။ ဒီအရောင်ဟာ စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့အပြင် ဝတ်ထားစဉ်မှာလည်း စိတ်ကို ပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ပန်းရောင်ကနေ ဖန်တီးပေးတဲ့ အရာတွေကတော့ချစ်ခြင်း၊ သိမ်မွေ့ခြင်း၊ စေတနာထားခြင်းနဲ့ ကြင်နာခြင်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီအရောင်ကြိုက်တဲ့သူက ကိုယ်နှစ်သက်တဲ့သူကို အသက်ပေးပြီးကာကွယ်တတ်ပါသတဲ့။
ကဲ့ သင်ရော. . ဘယ်အရောင်တွေနှစ်ကသက်ပြီး အခု . . ဘယ်လိုအရောင်ဝတ်ဆင်ထား ပါသလဲ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz