၃ မိနစ်အတွင်းဖော်ထုတ်ရမယ့် နေပူထဲမှာသေဆုံးခဲ့ရသူနဲ့ အချစ်ဇာတ်လမ်းလေးတစ်ခန်းရပ်သွားရခြင်း
lotaya.mpt.com.mm
|
2024-06-19

အခုဖော်ပြထားတဲ့မေးခွန်းတွေဟာ ၃ မိနစ်အတွင်း ဖြေရတဲ့မေးခွန်း တွေမို့ အခက်အခဲတစ်ခုနဲ့ရင်ဆိုင်နေရပြီဆိုရင်အတက်နိုင်ဆုံးစိတ်ကို တည်ငြိမ် အောင်ထားတတ်ဖို့ လေ့ကျင့်ပေးတဲ့အရာတွေပဲဖြစ်ပါတယ်။ လက်တွေ့ဘဝက အဖြစ်အပျက်တွေမှာ မမြင်နိုင်တဲ့ နောက်ကွယ်ကတိမ်မြှုပ်နေတာတွေကို ရှာတွေ့ဖို့လေ့ကျင့်ရတဲ့မေးခွန်းတွေမို့ “ ၃ မိနစ်အဖြေ လို့ ခေါင်းစဉ်ပေးထားတာပါ။ ဒီလိုမေးခွန်းတွေကို နောင်လည်းဆက်လက်ဖော်ပြဦးမှာမို့လို့ စောင့်မျှော် ကြည့်ရှုကြပါဦးနော်. . . 

 ၁။ နေပူပူထဲမှာသေဆုံးခဲ့ရသူ. . . ( အချိန် ၁ မိနစ် ၃၀ စက္ကန့် ) 
၂။ အချစ်ဇာတ်လမ်းလေးတစ်ခန်းရပ်သွားရခြင်း . . . ( အချိန် ၁ မိနစ် ၃၀ စက္ကန့် )
 
 
၁။ နေပူပူထဲမှာသေဆုံးခဲ့ရသူ
 


သူဌေးကြီးက သူ့အိမ်မှာပဲ တုံးတိတိ အရာတစ်ခုနဲ့ ဦးခေါင်းကို ထိခိုက်မိထားတာဖြစ်ပြီး အဲဒါနဲ့ပဲ အသတ်ခံခဲ့ရတာလို့ ယူဆရပါတယ်။ ဘာလက်နက်မှန်း သဲလွန်စရှာမတွေ့ခဲ့ဘူး။  ဒါကြောင့် စုံထောက်ကြီးလည်း နည်းနည်းအချိန်ယူ စဉ်းစားလိုက်ပြီး သေဆုံးသူ သူဌေးကြီးနား သွားရပ် လိုက်ပါတယ်။ ပြီးတော့ သူ့ဖိနပ်ပေါ်က ပေနေတဲ့ရေတွေကို သုတ်လိုက်ပြီး စားဖိုမှုးကို ဖမ်းလိုက်ပါ တယ်။ အဲဒီတော့ ဘာကြောင့် စာဖိုမှုးကိုဖမ်းလိုက် ရတာလဲဆိုတာ ပြောပြပေးပါဦး။
 
ဖြေရှင်းချက်  - စားဖိုမှုးက ရေခဲတွေဖြတ်ပြီး ရေခဲတုံးတွေ လုပ်နေဟန်တူပါတယ်။ အဲဒီအချိန်မှာ သူဌေးကြီးနဲ့ တစ်ခုခု စကားများခဲ့ပုံပေါ်ပြီး ရေခဲတုံးနဲ့ ထုရိုက်ခဲ့ပါလိမ့်မယ်။ နေကလည်းပူနေတော့ ရေခဲတုံးက ရေတွေကခြောက်သွားတာဖြစ်ပြီး သူဌေးကြီးကို ဘာနဲ့လုပ်ကြံလိုက်မှန်း ခန့်မှန်းလို့မရ ဖြစ်သွားရတာပဲဖြစ်တယ်။ သေဆုံးရတဲ့ ဒါဏ်ရာကလည်း တုံးတိတိအရာတစ်ခုနဲ့ အားပြင်းပြင်း ထိမိထားတာသေချာတာမို့ ရေခဲတုံးပဲဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
 

၂။ အချစ်ဇာတ်လမ်းလေးတစ်ခန်းရပ်သွားရခြင်း


သီတာနဲ့ အောင်အောင်ဟာ ချစ်သူတွေဖြစ်ကြပါတယ်။ တစ်ယောက် တစ်နေရာစီနေထိုင်ကြရင်း အနာဂတ်အတွက် စုဆောင်းနေကြတာပေါ့။ မိဘတွေကလည်း သိနေကြတာမို့ အချိန်တစ်ခုရောက်တဲ့ အခါ လက်ထပ်ဖို့ ဆုံးဖြတ်ထားကြ တဲ့သူတွေ ဖြစ်ပါတယ်။ ညတိုင်း စကားလက်ဆုံကျတတ်ပြီး အတွေ့အကြုံတွေကို ဖလှယ်တတ်ကြတယ်။ တစ်နေ့မှာတော့ သီတာဟာ အောင်အောင့်ကို မပြောမဆိုဘဲ လမ်းခွဲရအောင်လို့ဖုန်းဆက်လာပါတယ်။ အသံတွေကလည်းတုန်ခါရင်း ငိုသံပေါက် နေတယ်။ ဘာကြောင့်လဲဆိုတာကို အောင်အောင်က မေးမြန်းခဲ့ပေမယ့် သီတာက လုံးဝကို ခါးခါး သီးသီးနဲ့ အဆက်အသွယ်ဖြတ်လိုက်ပါတော့တယ်။ ဒီပြဿနာမဖြစ်ခင် အောင်အောင်က ထုံးစံအတိုင်း သီတာ့ဆီကို ပုံလေးတွေ ပို့ခဲ့ပါတယ်။ အောင်အောင် ဘာများမှား သွားပါသလဲ။ ပုံလေးမှာအဖြေရှာကြည့်ပါနော်။

ဖြေရှင်းချက်

အောင်အောင်က သီတာ့ဆီကို ပုံ ၂ ပုံပို့ခဲ့ပါတယ်။ တစ်ပုံကတော့ သူဟင်းချက်နေကြောင်းကို သိဖို့အတွက် ချက်ပြုတ်နေတဲ့ပုံကို ရိုက်ပို့ခဲ့တာပါ။ ဖြစ်ချင်တော့ သောက်လက်စရေဖန်ခွက်မှာ မိန်းကလေးတစ်ဦးရဲ့နုတ်ခမ်းပုံစံ နုတ်ခမ်းနီကိုတွေ့သွားတာပဲဖြစ်တယ်။ အောင်အောင်က အဲဒီမိန်းကလေးနဲ့ အတူရှိနေကြောင်း သီတာက သုံးသပ်လိုက်တာဖြစ်တယ်။ ညဖက် အိပ်ခါနီး ပုံတစ်ပုံပို့တဲ့အခါမှာလည်း သွားပွတ်တံက ၂ ချောင်းဖြစ်နေတာကို မြင်ခဲ့ရပြန်တယ်။ ဒီအချက် ၂ ခုကြောင့် သီတာက အောင်အောင့် ကို လမ်းခွဲလိုက်တာပဲဖြစ်ပါတယ်။ စကားလုံးတွေနဲ့ရှင်းပြဖို့ မလိုလောက်အောင်ရှင်းလင်းနေတဲ့အရာကို ပုံမှာ တွေ့ခဲ့ရတာကြောင့် သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးတစ်ခန်းရပ်သွားရတာပါ။ အောင်အောင့်ကို တွေ့ရင်လည်း ဒီအချက်တွေကိုရှင်းပြပေးလိုက်ပါဦးနော်။

အခုဖော်ပြခဲ့တဲ့ ပြဿနာတွေကို အချိန် ၃ မိနစ်အတွင်းဖြေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှ ပြန်ဆုံပါ့မယ်ရှင်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#အခက်အခဲ
#မေးခွန်း
#မိဘ
#မိန်းကလေး
#ဘဝ

Some text some message..