
သင်က သီချင်းတွေ နားထောင်တဲ့အခါ ဘယ်ဂီတအမျိုးအစားကို အကြိုက်ဆုံးလဲ။ သင့်အကြိုက်ဆုံး ဂီတအမျိုးအစားက သင့်အကြောင်းကို ဖော်ပြနေပါတယ်။
၁။ Rock

၁၉၄၀ ပြည့်လွန်နှစ်တွေရဲ့ rock and roll ဂီတကနေ အခြေခံလာတဲ့ rock ဂီတဟာ ဆယ်စုနှစ်တွေအတွင်း ပုံစံကွဲမျိုးစုံ ပေါ်ပေါက်ခဲ့သလို ကမ္ဘာကျော်အနုပညာရှင်တွေလည်း ပေါ်ပေါက်စေခဲ့ပါတယ်။ Rock ဂီတပရိသတ်တွေဟာ စွန့်စားရတာကို နှစ်သက်သူ၊ အစဉ်အလာလမ်းကြောင်းတွေကနေ ဖောက်ထွက်လိုသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ပုံစံနဲ့ ခံယူချက်တွေအတိုင်း နေထိုင်တတ်ကြပြီး ဖန်တီးမှုအားကောင်းသူတွေလည်း ဖြစ်ပါတယ်။
၂။ Hip-hop and rap

စာသား၊ ကာရံနဲ့ စည်းချက်တွေကို အဓိကထားတဲ့ hip-hop ဂီတက ၂၀ ရာစုနှောင်းပိုင်းမှာ ကမ္ဘာအနှံ့ လူကြိုက်များလာပြီး အဓိကအားဖြင့် လူငယ်တွေအကြိုက် ဖြစ်ခဲ့ပါတယ်။ အကြိုက်ဆုံးဂီတအဖြစ် hip-hop ကို ရွေးချယ်သူတွေကတော့ ပွင့်လင်းပြီး တက်ကြွသူတွေ ဖြစ်တတ်ပါတယ်။ အပေါင်းအသင်းခုံမင်ပြီး အသိုင်းအဝိုင်းနဲ့ နေထိုင်ရတာကို နှစ်သက်ကြပါတယ်။ ပွဲတော်တွေ၊ စွန့်စားမှုူတွေကို နှစ်သက်သူတွေလည်း ဖြစ်ပါတယ်။
၃။ Pop

Pop ဂီတကတော့ အချိန်တိုင်းလိုလိုမှာ လူကြိုက်အများဆုံး ဂီတအမျိုးအစား ဖြစ်ပါတယ်။ Pop ဂီတပရိသတ်တွေက အလုပ်ကြိုးစားပြီး ပျော်တတ်သူတွေ ဖြစ်တတ်ပါတယ်။ သူတို့က အပေါင်းအသင်းများသလို ကိုယ့်ကိုယ်ကိုယ် အလေးထားတတ်ပါတယ်။ Pop ဂီတပရိသတ်တွေက ရှုပ်ထွေးမှုတွေကို မနှစ်သက်ဘဲ အလွယ်တကူ ငြီးငွေ့တတ်သူတွေလည်း ဖြစ်ပါတယ်။
၄။ Classical

အချိန်ရဲ့စမ်းစစ်မှုကို ကျော်ဖြတ်ပြီး ရာစုနှစ်နဲ့ချီ သက်တမ်းရှိတဲ့ classical ဂီတတွေကို စွဲစွဲလမ်းလမ်း နှစ်သက်သူတွေလည်း အများအပြား ရှိပါတယ်။ Classical ဂီတပရိသတ်တွေဟာ စံနှုန်းမြင့်မြင့် ထားတတ်သူတွေဖြစ်ပြီး သပ်သပ်ရပ်ရပ်နေတတ်သူ၊ အကောင်းကြိုက်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တစ်သီးတစ်သန့်နဲ့ လွတ်လွတ်လပ်လပ် နေရတာကို နှစ်သက်သူတွေလည်း ဖြစ်ပါတယ်။
၅။ Heavy metal

အော်ဟစ်ပေါက်ကွဲသံနဲ့ သံစဉ်ကြမ်းကြမ်းတွေ ပေါင်းစပ်ထားတဲ့ heavy metal ဂီတရဲ့ ပရိသတ်တွေကတော့ အသွင်အပြင်ပိုင်းကလွဲရင် classical ပရိသတ်တွေနဲ့ တူညီမှုများပါတယ်။ သူတို့က သီးသန့်နေရတာကို နှစ်သက်ပြီး ထင်ရတာထက် ပိုနူးညံ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တီထွင်ဖန်တီးမှုပိုင်းမှာ ထူးချွန်သူတွေလည်း ဖြစ်ပါတယ်။
၆။ EDM

မြူးကြွတဲ့ စည်းချက်တွေကို အဓိကထားတဲ့ EDM ဂီတကတော့ ပွဲတော်တွေမှာ မပါမဖြစ်ပါ။ EDM ဂီတပရိသတ်တွေက လွတ်လပ်ပွင့်လင်းပြီး ပျော်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့က ဖန်တီးမှုအားကောင်းသလို ခင်မင်စရာကောင်းသူ၊ နှစ်လိုဖွယ်ကောင်းသူတွေလည်း ဖြစ်ပါတယ်။ EDM ပရိသတ်တွေက လူမှုရေးကောင်းပြီး အသင်းအဖွဲ့တွေနဲ့ လုပ်ရတဲ့အလုပ်တွေမှာ ထူးချွန်ကြပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz