ဝိတ်ချတော့မယ်
lotaya.mpt.com.mm
|
2020-03-07

(၁)

အခုတလော တော်တော်လေး စိတ်ဆင်းရဲမိသည်။ အထူးသဖြင့် ကိုယ်လုံးပေါ်မှန်ရှေ့ရောက်တိုင်း ပိုမိုစိတ်ဆင်းရဲမိ၏။ တစ်နေ့တစ်ခြား အဆီတွေစုစုလာတဲ့ ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်ပြီး တော်တော်လေးစိတ်ပျက်မိသည်။

“မိန်းမ.. မနက်ဖြန်ကျရင်တော့ ကိုယ် ဝိတ် စ လျှော့ပြီကွာ”

“ဒီနေ့ကတည်းက လျှော့လိုက်ပါလား”

“ဒီနေ့တော့ အဆင်သင့်မဖြစ်သေးဘူးလေ”

“အပိုတွေ ပြောပြန်ပြီ ဝက်သားနဲ့မျှစ်ချဉ်ဟင်း မစားရတော့မှာစိုးလို့မဟုတ်လား”

မိန်းမ ရဲ့ ရယ်ကျဲကျဲနဲ့ လှောင်သလိုလိုအပြောအောက်မှာ ဒီတစ်ခါတော့ ရုန်းထွက်ဖို့စိတ်ပိုင်းဖြတ်လိုက်သည်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ မနက်ဖြန်မနက်စောစောလေး ထ ပြေးမယ် ဂျင်ဆော့မယ် ညနေစာလျှော့စားမယ် လက်ဖက်ရည်လျှော့သောက်မယ် ဝက်သားဒုတ်ထိုးဖြတ်မယ် ဘီယာသောက်ရင်ဘယ်တော့ အဆီအစိမ့်တွေနဲ့ မမြည်းတော့ဘူး။ စာရွက်ပေါ်မှာ ချ ရေးလိုက်သည်။ အချိန်ကိုကြည့်လိုက်တော့ ည ၇နာရီ။ ဗိုက်ထဲမှာ တဂွီဂွီမြည်လာသည်။ မနက်ဖြန် ဝိတ် စ လျှော့တော့မှာဆိုတော့ ဒီနေ့တော့ အားရပါးရစားထားဖို့လိုသည်။ ဝက်သားနဲ့မျှစ်ချဉ်ရယ်၊ သရက်ကင်းလေးတွေကိုတို့စရာလုပ်၊ ငပိရည်ကိုပြစ်ပြစ်လေးဖျော်ပြီး အားရပါးရစားလိုက်တာ သုံးပန်ကန်လောက်ကုန်သွားတော့ ဗိုက်က အင့်သွားသည်။ ထမင်းဝိုင်းမှာ ငါးမိနစ်လောက်ငြိမ်ငြိမ်လေးထိုင်ပြီး အစာအိမ်ထဲကို အစာတွေ ရှောရှောရှုရှုဝင်သွားအောင် စီမံရသေးသည်။ ထမင်းစားပြီး အားသွင်းထားတဲ့ဖုန်းကိုကြည့်လိုက်တော့ ဖုန်းအားက ၁၀၀%။

“မိန်းမရေ .. အစာကြေအောင် လက်ဖက်ရည်ဆိုင်ဘက် လမ်းလျှောက်လိုက်ဦးမယ်” ဟု ပြောပြီး တစ်ထောင်တန်နှစ်ရွက်ကိုအိတ်ထဲထည့်ပြီး လက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့လေသည်။

လက်ဖက်ရည်ဆိုင်ရောက်တော့ ဘယ်သူမှမရောက်သေး။ ကျဆိမ့်တစ်ခွက်၊ ဆေးလိပ်တစ်ပွဲမှာပြီး မိုဘိုင်းလိဂျန့်ဆော့ဖို့ ဖုန်းဒေတာကို ဖွင့်လိုက်သည်။ မိုဘိုင်းလိဂျန့်ထဲ မဝင်ခင် ဘာတွေများထူးခြားလည်း သိရအောင် ဖေ့စဘွတ်ဆယ်မိနစ်လောက်တော့ ပွတ်ဦးမှဟု တွေးကာ ဖေ့စ်ဘွတ်ထဲတင်ကြည့်မိသည်။ ထူးထူးခြားခြားသတင်းမျိုးတွေမတွေ့ရဘဲ ဂျင်ရုံ ကြော်ငြာတွေသာ အများအပြားတွေ့ရလို့ AI နည်းပညာအကြောင်းကိုတွေးမိပြီး ပခုံးတွန့်ရုံ ပြုံးမိသည်။ စားပွဲထိုးလေးလာချပေးတဲ့ ကျဆိမ့်လေးငုံလိုက်၊ ဆေးလိပ်လေးဖွာလိုက်နဲ့ မိုဘိုင်းလိဂျန့်ဆော့နေလိုက်တာ ဘယ်နှစ်ပွဲမှန်းတောင် မမှတ်မိတော့။ ဖုန်း ဘတ်ထရီက ၁၀% ပဲ ကျန်တော့တယ်လို့ နိုတီတက်တော့မှ ဖုန်းကိုချလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်မိလိုက်သည်။ ညဆယ်နာရီတောင်ထိုးတော့မည်။ ဆိုင်ထဲမှာ လူတွေကနည်းနည်းရှင်းသွားသလို ဗိုက်ထဲကလည်း နည်းနည်းဟာလာသည်။ မနက်ဖြန်ဝိတ်လျှော့မယ်လို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်တာကြောင့် ဒီနေ့မှာတော့ ဒီပါးစပ်နဲ့ ဒီဗိုက်ကိုအလိုလိုက် လိုက်ဦးမယ်ဟု ဆုံးဖြတ်ပြီးသကာလ

“ညီလေးရေ .. နံပြားထောပတ်သုပ်တစ်ပွဲနဲ့ ကြက်ဥပေါင်မုန့်ကြော်တစ်ပွဲလောက်ချပေးပါ”

(၂)

မနက်ခင်း ငါးနာရီခွဲလောက်မှာ နာရီ Alarm က ထမြည်လာသည်။ ရေတစ်ခွက်သောက်သည် ပေါင်ချိန်စက်ပေါ်တက်လိုက်သည် ၂၁၆ပေါင်။ ပြက္ခဒိန်စာရွက်ရဲ့ ဒီနေ့ဒိတ်မှာ ၂၁၆ လို့ရေးလိုက်သည်။ ဆုံးဖြတ်ချက်တွေက ပြတ်သားပြီဆိုရင် ဘုရားရှင်ဆင်းတားတာတောင် မရတော့တဲ့အထိ သူ့ ဆုံးဖြတ်ချက်တွေခိုင်မာပြတ်သားခဲ့လေသည်။ အိမ်က ထွက်ထွက်ချင်းတော့ ပြေးလို့မဖြစ်သေးဘူး။ လမ်းထဲမှာ ခွေးတွေက များတယ် မတော်လို့လိုက်ဆွဲမှ ခွေးရူးကာကွယ်ဆေးထိုးရမယ့်အဖြစ်ကိုတွေးမိတာကြောင့် ပုံမှန်ခြေလှမ်းဖြင့်သာ လမ်းလျှောက်လာသည်။ လမ်းထိပ်ရောက်တော့ လက်ဖက်ရည်ဆိုင်က တရားခွေပင်ဖွင့်နေပြီ။ အကြော်ဆရာက စမူဆာကြော်နေပုံရသည် အေးမြတဲ့နံနက်ခင်းလေးမှာ စမူဆာတစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်၊ ဆေးလိပ်တစ်ပွဲနဲ့ငြိမ့်လိုက်လို့ကတော့ လောကစည်းစိမ်ပဲဟု တွေးမိသေးသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် လေးစားကြည်ညိုဖို့ဆိုရင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ်လိုက်နာနိုင်ဖို့လိုသည်။ ပုံမှန်လေး စ ပြေးသည်။ လက်ဖက်ရည်ဆိုင်ကို ကျော်လုကျော်ခင်အချိန်မှာပဲ ပဲပြုတ်သည်က ထ အော်သည်။

“ပဲပြုတ်ပူပူလေး”

ဒီအသံကိုကြားတော့ သူ့ခြေလှမ်းတွေ နှေးကွေးသွားသည်။ ငယ်ငယ်တုန်းကဆိုရင် သူ့အဘိုးက မနက်ခင်းတိုင်း ပဲပြုတ်နဲ့ထမင်းပူပူလေးကို နယ်ပြီး ငါးရံ့ခြောက်ကလေးနှင့် စားခဲ့ရတဲ့ အရသာကို ပြန်လည်သတိရသွားသောကြောင့်ဖြစ်သည်။ အခုလည်း ပဲပြုတ်ဝယ်သွားပြီး အိမ်မှာရှိတဲ့ အာပြဲခြောက်လေးကိုပဲ ပဲပြုတ်နဲ့ထမင်းနဲ့ နယ်စားရင်ကောင်းမလားဟု တွေးမိပြန်သည်။ ဒီအတွေးတွေကိုလည်း ဝိတ်လျှော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နှင့် ပယ်ချလိုက်ရပြန်သည်။

ဝိတ်ချတယ်ဆိုတာ အပြောသာလွယ်တာ တကယ်တမ်းတော့ စစ်တိုက်ရတာထက်ပင် ပင်ပန်းသေးသည်။ မနက်ခင်း နာရီဝက်ခန့်လောက်ပြေးပြီးတော့ မစ်ရှင်တစ်ခုအောင်မြင်သွားသလို ခံစားရသည်။ ချွေးတွေလည်းတော်တော်လေး ထွက်သွားသည်။ ဗိုက်ထဲမှာလည်း တကျုံ့ကျုံ့နဲ့မြည်လာပြီ ဆာရှာပြီကိုး။ နောက်ပြီးကြားဖူးတာက မနက်ခင်းကို များများစားပေးရတယ်တဲ့။ အဲဒီတော့ ခုနအသွားတုန်းက မျိုသိပ်ခဲ့ရတဲ့အရာကို အခုအပြန်မှာ ဝင်စားမည်ဟုတွေးလိုက်သည်။

“ညီလေးရေ စမူဆာတစ်ပွဲ၊ အီကြာကွေးနှစ်ချောင်းနဲ့ လက်ဖက်ရည်ရှယ်ချိုဆိမ့်တိုင်ကီ တစ်ခွက်လောက်”

(၃)

ဂျင်ရုံထဲကိုဝင်လိုက်တော့ တော်တော်လေးအားတက်သွားသည်။ ကိုယ့်ထက်ဝတ့သူတွေ၊ ကိုယ့်ထက်ပုံပျက်ပန်းပျက်တွေကိုမြင်လိုက်ရတော့ စိတ်သက်သာရာရသွားသည်။

“ဘရိုက ဘယ်က လာဆော့တာလဲ”

“ဒီနားကပဲ”

“ကွာပီလား”

“တစ်ပတ်လောက်ပဲရှိသေးတာ”

ပထမဆုံးစဆော့တဲ့နေ့မှာတင် ဘဝတူဝိတ်ချနေတဲ့ သုံးယောက်နဲ့ခင်မင်သွားသည်။ ဂျင်ထဲမှာလည်း တော်တော်လေးအပင်ပန်းခံပြီးဆော့လိုက်သည်။ ဂျင်ဆော့လို့ပြီးတော့

“ကျနော်တို့ ခင်မင်ခြင်း အထိမ်းအမှတ်အနေနဲ့ တစ်ခုခုသွားစားကြမလား”

“သွားလေ”

“ဒီနားတစ်ဝိုက်မှာတော့ အစားအသောက်ကောင်းကောင်းဆိုလို့ ကြေးအိုးဆိုင်ပဲရှိတယ် အဲဒီကိုပဲသွားကြတာပေါ့”

ကြေးအိုးဆိုင်ရောက်တော့

“ညီလေးရေ ကြေးအိုးပွဲကြီးလေးပွဲ နဲ့ ဖက်ထုပ်လေးပွဲချပေးပါ”

သူမှာတာကိုကြည့်ပြီး ကျန်တဲ့သုံးယောက်မျက်လုံးပြူးသွားကာ အဝဆုံးလို့ထင်ရတဲ့တစ်ယောက်က

“ဟေ့လူ ကျနော်တို့ ဝိတ်လျှော့နေကြတာလေ”

“ဒီနေ့ ကျနော်တို့စတင်ခင်မင်ခြင်း အထိမ်းအမှတ်အနေနဲ့ ကျနော်ကျွေးပါရစေ ဒီလောက်လေးနဲ့ ကျနော်တို့ ပြဿနာမရှိလောက်ပါဘူးဗျာ”

(၄)

မနက်က ထ ပြေးတယ် ၊ နေ့ခင်း ဂျင် သွားတယ် ၊ ညနေအစားလျှော့ဖို့နဲ့ လက်ဖက်ရည်လျှော့သောက်ဖို့ ကျန်နေသေးတယ်။ ထုံးစံအတိုင်း ည ၇နာရီလောက်ဆိုတော့ ဗိုက်ထဲက တဂွီဂွီမြည်လာပြန်သည်။ ညနေစာလုံးဝမစားပြန်ရင်လည်း အစာအိမ်ဖြစ်မှာကြောက်ရသည်။ စားပြန်ရင်လည်း ဝိတ်တက်မှာ ကြောက်ရပြန်သည်။

“မိန်းမ ဘာချက်”

“ရှင် ဝိတ်လျှော့နေတယ်ဆိုလို့ ဘာမှမချက်ဘူးလေ ကျွန်မ မစားရတာကြာလို့ အခု ဝက်သွားဒုတ်ထိုးသွားမလို့”

“ငါလည်း လိုက်မယ်”

“ရှင်ပြောတော့ ဝိတ်လျှော့နေတယ်ဆို”

“လမ်းလျှောက်ခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်တဲ့ ဝက်သားဒုတ်ထိုးဆိုင်ကို လမ်းလျှောက်ပြီးသွားမယ်လေ အဲဒါဆို ငါစားတာနဲ့ကယ်လိုရီလောင်ကျွမ်းတာနဲ့ ပြန်ချေပြီးသားဖြစ်သွားတာပေါ့”

“အွန်း”

ဒုတ်ထိုးဆိုင်ရောက်တော့ ဗန်းထဲမှာမြင်မြင်သမျှက စားချင်စရာတွေချည်းပဲ။ ကိုယ့်စိတ်ကိုယ်မနည်းထိန်းချုပ်ပြီးစားလိုက်တာ ၁၈၀၀၀ ဖိုးလောက် ရှင်းလိုက်ရသည်။

“ရှင်ကလည်း ဝိတ်ချနေလို့သာပဲနော်”

ဒုတ်ထိုးစားပြီး အိမ်ပြန်ရောက်တော့ လက်ဖက်ရည်ဆိုင်မထွက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့

“တူ …တူ….တူ….”

ဖုန်းခေါ်လာသူက လွန်ခဲ့တဲ့လေးနှစ်လောက်က သင်္ဘောတက်သွားတဲ့ ဘော်ဒါရဲ့ဖုန်း။

“ဟေ့ကောင် ပြော..”

“အေး ငါဒီနေ့ပဲ သင်္ဘောပေါ်က ဆင်းလာတာ မင်းတို့ကိုတိုက်ချင်လို့”

သူ မိန်းမကို မဝံ့မရဲလှမ်းကြည့်လိုက်သည်။ မိန်းမက မျက်စောင်းထိုးပြီး တစ်ဖက်ကိုလှည့်သွားသည်။ ဘော်ဒါအရင်းကြီးမို့ ငြင်းရတာလည်းခက်သည်။

“အေး ..အေး ..လာခဲ့မယ်လေ”

ဘီယာဆိုင်ရောက်တော့

“ညီလေးရေ ..ငါးကင်းတစ်ကောင်၊ ဝက်ချိုချဉ်တစ်ပွဲနဲ့ နံရိုးကင်လေးချောင်းချပေးပါ”

သူ သက်ပြင်းကိုသာ မသိမသာလေးချလိုက်မိသည်။

(၅)

ည အိပ်ရာဝင်ခါနီးတော့ သူ စဉ်းစားသည်။ ငါဒီလိုမျိုးသာ ဆက်သွားနေရင် ဝိတ်ကျဖို့သေချာနေပြီ။ ဒီနေ့ မနက်အစောကြီးထပြေးတယ် ဂျင်ဆော့တယ် ညနေစာထမင်းမစားဘူး လက်ဖက်ရည်မသောက်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်အားရပီတိဖြစ်မိသည်။ အဲဒီလိုနဲ့ မနက်ခင်းတွေထပြေးလိုက် စားလိုက်၊ ဂျင်ရုံကို လူသစ်ရောက်လာတိုင်း မိတ်ဆက်စားပွဲလေးလုပ်လိုက်နဲ့ ညနေဘက်တွေဆို အချိုတွေများတဲ့ လက်ဖက်ရည်ဆိုင်ကိုရှောင်ပြီး ဘီယာဆိုင်ဘက်ပဲ ခြေဦးလှည့်ဖြစ်တော့သည်။

၂၁၆ပေါင်နဲ့ ဒိတ်မှတ်ထားပြီး တစ်လတိတိမှာ သူပေါင်ချိန်စက်ပေါ်ကိုပြန်တက်သည်။ ဒီတစ်ခါပေါင်ချိန်စက်ပေါ်ကိုတက်တာတော့ အရင်တစ်ခါလို ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခြင်း၊ အားမလိုအားမရဖြစ်ခြင်းတွေနဲ့ တက်တာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခြင်း၊ စိတ်ချရခြင်းတွေနဲ့ တက်ကြည့်ခြင်းဖြစ်သည်။ ဒီတစ်လလုံးလုံး မနက်ခင်းတိုင်းတစ်ရက်မှမပျက်ကွက်ဘဲ ထ ပြေးခဲ့သလို၊ ဂျင်ရုံကိုလည်း လုံးဝရက်ပျက်မရှိသွားခဲ့သလို၊ ဒီတစ်လလုံးလုံးလည်း လက်ဖက်ဆိုင်ကိုလုံးဝမသွားခဲ့တာကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိနေခြင်းပင်ဖြစ်သည်။ သူပေါင်ချိန်စက်ပေါ်ကို တက်ခါနီးမှာ သူ့မိန်းမက ဘေးနားရောက်လာသည်။ သူက ဝင့်ကြွားစွာပြုံးလိုက်ရင်း ပေါင်ချိန်စက်ပေါ်ကိုတက်လိုက်ချိန်မှာ …

သူ့မိန်းမက

“ပေါင်ချိန်စက်ပျက်နေတာလားမသိဘူး”

“ဘာလို့လဲ”

“၂၂၈ပေါင်လို့ပြနေတယ်”

“ဘာ…”

ခြူသစ်မောင်


#ဒုတ်ထိုး
#ပေါင်ချိန်
#လက်ဖက်ရည်ဆိုင်
#မနက်ခင်း
#မိန်းမ

Some text some message..