ခြံစောင့်
lotaya.mpt.com.mm
|
2020-03-18



ခြံစောင့်

********

ရက်ရာဇာကျရောက်သည့်စနေနေ့တွင် အိမ်ပြောင်းရွှေ့နိုင်ရန်အတွက် ဦးစိုးမင်းအောင်တို့ဇနီးမောင်နှံနှစ်ယောက်ဝယ်ယူထားသည့်အိမ် ကို သောကြာနေ့မနက်ကတည်းက လာရောက်ရှင်းလင်းနေကြသည်။ ဦးစိုးမင်းအောင်သည် အစိုးရဌာနတစ်ခုတွင် အဆင့်မြင့်ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်မှာတစ်နှစ်ကျော်ခန့်ရှိခဲ့လေပြီ။ ဦးစိုးမင်းအောင်၏ဇနီး ဒေါ်လဲ့လဲ့စိုးသာည် ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်သော်လည်း အစိုးရဌာနတွင်ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းမရှိဘဲ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ကာ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေခဲ့သည်။ ဦးစိုးမင်း အောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့တွင် သမီးတစ်ယောက်သာရှိပြီး ထိုတစ်ဦးတည်းသောသမီးဖြစ်သည့် မအေးအေးစိုးသည် အိမ်ထောင်ကျကာ သားနှစ် ယောက်ထွန်းကားခဲ့သည်။ ဦးစိုးမင်းအောင် အငြိမ်းစားယူပြီးနောက်တွင် ဒေါ်လဲ့လဲ့စိုးဖွင့်လှစ်ထားသည့် ‘ လဲ့ ’ လျှပ်စစ်ပစ္စည်းဆိုင်အား မအေး အေးစိုးတို့ဇနီးမောင်နှံကို လွှဲပြောင်းလုပ်ကိုင်စေခဲ့ပြီး မှော်ဘီတွင် ခြံတစ်ခြံဝယ်ယူခဲ့လေသည်။

“အခုလိုခြံနဲ့ဝင်းနဲ့နေချင်နေတာကြာပြီ အဖေကြီးရယ်”

“ဟုတ်တယ် လဲ့ရေ။ ရန်ကုန်မြိုံမှာတော့ အခုလိုခြံနဲ့ဝင်းနဲ့နေနိုဖို့ဆိုတာမလွယ်တော့ဘူး။ အသက်ရလာတော့ နားအေးပါးအေးနေချင် တယ်ကွာ။ ကားသံ လူသံတွေကိုနားမခံနိုင်တော့ဘူး”

“ဟုတ်တယ်အဖေကြီးရယ်။ လဲ့လည်း အသက်ကြီးလာရင်ရန်ကုန်မြို့နဲ့ဝေးတဲ့နေရာမှာနေမယ်လို့စိတ်ကူးထားတာ။ အဖေကြီးက ဟော ဒီခြံကိုဝယ်မယ်ပြောတော့ ဘယ်လိုဝမ်းသာသွားမှန်းမသိဘူး”

“အိမ်က သစ်သားအိမ်ဆိုတော့ နည်းနည်းပြုပြင်ဖာထေးစရာလေးတွေရှိတယ် လဲ့ရေ”

“မိုးလုံလေလုံ နေလို့ရရင်ပြီးတာပဲအဖေကြီးရယ်။ ပိုက်ဆံအကုန်ခံမနေပါနဲ့တော့”

”တို့နှစ်ယောက်တည်းဆိုရင်တော့ကိစ္စမရှိဘူး။ သမီးတို့လာလည်တဲ့အခါ ကလေးတွေအဆင်ပြေဖို့လိုတယ်”

“ အဖေကြီးမြေးတွေက ဒီမှာညအိပ်မယ်လို့ထင်သလား”

“ခြံနဲ့ဝင်းနဲ့မနေဖူးကြလို့ပါကွာ။ ရန်ကုန်မှာလွတ်လွတ်လပ်လပ်ကစားလို့ရတဲ့နေရာမရှိဘူးဗျ။ ဟောဒီခြံထဲမှာပြေးဆော့ စမ်းပါလေ့။ ကားတိုက်မှာလည်းမပူရ။ စက်ဘီးတိုက်မှာလည်းမပူရ”

“ဟုတ်တော့ဟုတ်ပါတယ်။ အဖေကြီးရဲ့မြေးတွေက မီးမရှိရင်မနေနိုင်ကြလို့ပါ”

“မီတာက လျှောက်ထားပြီးပြီလို့ပြောတယ်။ အမြန်ကျအောင်လိုက်ရတော့မှာပေါ့”

“လဲ့ကတော့ ဟောဒီခြံကိုအရမ်းသဘောကျနေပြီ။ စံပယ်အိုးပုတ်တွေစိုက်မယ်”

“အဲဒါအရေးမကြီးဘူးကွ။ ကားထားဖို့ဂိုထောင်တစ်ခုတော့ဆောက်ရဦးမယ်။ သစ်နဲ့တော့ဆောက်မနေတော့ပါဘူးကွာ။ ဓနိမိုးထရံကာ လောက်ဆိုတော်ပါပြီ”

“ကားဂိုထောင်ကို အိမ်ဘေးမှာပဲကပ်ဆောက်လိုက်ပေါ့။ အိမ်ဘေးမှပဲနေရာလွတ်ရှိတာ။ ကျန်တဲ့နေရာဆို အပင်တွေခုတ်ပစ်ရလိမ့်မယ်”

“ကိုယ်လည်း လဲ့ပြောသလိုပဲစဉ်းစားထားပါတယ်။ အပင်တွေကိုခုတ်ပစ်ရမှာနှမြောတယ်။ ဒီအရွယ်ဖြစ်ဖို့ဆိုရင် နှစ်အတော်ကြာတဲ့အထိ စောင့်ရမှာ”

“ လဲ့က ပိန္နဲသီးကြိုက်တဲ့သူဆိုတော့ ခြံထောင့်က ပိန္နဲပင်ကြီးကို သဘောအကျဆုံးပဲ”

ဒေါ်လဲ့လဲ့စိုးပြောသည့် ခြံထောင့်မှပိန္နဲပင်ကြီးကို ဦးစိုးမင်းအောင် လှမ်းကြည့်လိုက်သည်။ သက်တမ်းမည်မျှရှိကြောင်းမသိသော်လည်း ပင်စည်မှတွဲလောင်းကျနေသည့် ပိန္နဲသီးများကအားရစရာကောင်းလှသည်။ ခြံဝယ်ရန်လာရောက်ကြည့်ရှုစဉ် ဇနီးသည်ကြိုက်နှစ်သက်သည့် ပိန္နဲ ပင်ကြီးကိုမြင်လိုက်ကတည်းက သဘောကျခဲ့မိသည်။ ပေရှစ်ဆယ်ပတ်လည်ကျယ်ဝန်းပြီး ပိန္နဲပင်၊ မာလကာပင်၊ သရက်ပင်များဖြင့် အုံ့အုံ့ဆိုင်း ဆိုင်းရှိနေသည်။ ခြံထောင့်တစ်ဖက်စီတွင် ပိန္နဲပင်ကြီးနှင့် ကံ့ကော်ပင်ကြီးတို့က ထီးထီးမားမား နေ ရာယူထားကြပြီး ဆယ့်ရှစ်ပေ၊ ပေသုံးဆယ်ခန့် ရှိသည့် သုံးပင်နှစ်ခန်း သွပ်မိုးပျဉ်ကာအိမ်လေးအား ခြံစည်းရိုးတစ်ဖက်သို့ကပ်ပြီးဆောက်ထားသဖြင့် အခြားတစ်ဖက်တွင်နေရာကျယ်ကျယ်ပြန့် ပြန့်ရှိနေပေသည်။ စီးတော်ယာဉ် ဗောက်စ်ဝက်ဂွန်ကားလေးထားရန်အတွက် အိမ်ဘေးတွင်ဆောက်လုပ်ရန်ဆုံးဖြတ်လိုက်သည်။

“အိမ်ရှင်းပြီးပြီဆိုတော့ ပြန်ကြစို့ကွာ။ ခြံရှင်းဖို့ကတော့ အိမ်ပြောင်းပြီးမှပဲ အလုပ်သမားငှားပြီးရှင်းတော့မယ်”

“ ဟုတ်ကဲ့ အဖေကြီး။ စနေနေ့မနက်ပြောင်းကြမယ်မဟုတ်လား”

“ဟုတ်တယ်လဲ့။ စနေနေ့မနက်ဆယ်နာရီလောက်ပြောင်းကြမယ်။ ရုံးက ရိန်ဂျားကားတစ်စီးအကူအညီပေးမယ်လို့ပြောတယ်”

“ရိန်းဂျားကားကြီးမလိုပါဘူး အဖေကြီးရယ်။ ဒေါ့ဂျစ်ကားလောက်ဆိုရင်ရပါပြီ”

“ကားငှားခသက်သာတော့ မကောင်းဘူးလားလဲ့ရယ်။ အိမ်ပြန်ဖို့ပြင်တော့ကွာ”

“ဟုတ်ကဲ့ အဖေကြီး”

***********************

( ၂ )

“အဖေတို့နေရာက ကားလမ်းမနဲ့ဝေးတော့ နည်းနည်းခေါင်သလိုပဲနော်”

“နားအေးပါးအေးနေချင်လို့ ဒီနေရာကိုရွေးလိုက်တာပေါ့သမီးရယ်”

“ခြံကတော့ တော်တော်ကျယ်တယ်။ အိမ်ကသစ်သားအိမ်ဖြစ်နေတာကိုတော့ သဘောမကျဘူး။ မီးလည်းမရှိတော့ အဖေတို့အဆင်ပြေ ကြပါ့မလား”

“မီတာလျှောက်ထားပြီးသား။ တစ်လနှစ်လတော့ ဒီလိုပဲနေရမှာပေါ့သမီး။ အဖေကတော့ သစ်သားအိမ်ပဲကြိုက်တယ်”

“အဖေ့မြေးနှစ်ကောင်ကတော့ ခြံထဲမှာလျှောက်ပြေးနေကြပြီ”

ခြံထဲတွင် ပြေးလွှားဆော့ကစားနေကြသည့် မြေးနှစ်ယောက်ကို ဦးစိုးမင်းအောင်ကြည့်ပြီး သဘောကျနေသည်။

“ရန်ကုန်မြို့မှာ အခုလိုခြံဝင်းကျယ်ကျယ်နဲ့နေဖို့ဆိုတာမလွယ်ဘူးသမီး။ လွတ်လွတ်လပ်လပ်ပြေးလွှားလို့ရတော့ ကလေးတွေလည်း ပျော်နေရှာတာပေါ့။ သမီးတို့ နေမစောင်းခင်ပြန်ဖို့လုပ်ကြဦးနော်”

“ခဏနေရင်ပြန်မှာအဖေ။ ဆိုင်မှာ သူတို့အဖေတစ်ယောက်တည်းကျန်ခဲ့တော့ ပြန်မှဖြစ်မယ်။ အမေနဲ့အတူ ပစ္စည်းတွေနေရာကူချပေး လိုက်ဦးမယ်။ အဖေ့မျောက်နှစ်ကောင်ကို ကြည့်ထားလိုက်နော်”

“အေး...အေး သမီး။ အဖေကြည့်ထားလိုက်မယ်”

မအေးအေးစိုးအိမ်ပေါ်သို့တက်သွားသည့်အချိန်တွင် ဦးစိုးမင်းအောင်က ဆော့ကစားနေသည့်မြေးနှစ်ယောက်ကိုစောင့်ကြည့်ရင်း တံ မြက်စည်းတစ်ချောင်းဖြင့် သစ်ရွက်ကြွေများကို လှည်းကျင်းနေသည်။

“ဘိုးဘိုးရေ.......”

“ဗျား........”

“ဘိုးဘိုးတို့ခြံက အကျယ်ကြီးနော်”

“သားသုက သဘောကျလို့လား”

“ဟုတ်ကဲ့”

“သဘောကျရင် ဘိုးဘိုးတို့နဲ့လာနေလေ”

“ဟင့်အင်း၊ နေဘူး။ ဘိုးဘိုးတို့ဆီမှာ မီးမရှိဘူးလို့ မေမေကပြောတယ်။ သားတို့က မီးမရှိရင်မနေချင်ဘူးဘိုးဘိုးရဲ့။ ဘိုးဘိုးတို့ဆီမှာလာ နေရင် ကျောင်းတက်လို့လည်းမရတော့ဘူးလေ။ သားက ကျောင်းမှာသူငယ်ချင်းတွေနဲ့ဆော့ချင်တာ”

“ကျောင်းပိတ်တဲ့ရက်တွေ ဘိုးဘိုးတို့ဆီလာနေပေါ့ကွ”

“ဖေဖေနဲ့ မေမေပါလာနေရင် သားတို့ပါလာနေမှာပေါ့။ ဖေဖေတို့မပါရင် သားကမနေချင်ဘူး”

“ဘာဖြစ်လို့လဲ ”

“ဖေဖေနဲ့မေမေ့ကိုလွမ်းလို့လေ”

“ဟား...ဟား.....အတော်လည်တဲ့ကောင်”

စကားကြွယ်သည့် အသက်ခြောက်နှစ်အရွယ်မြေးအကြီးဆုံးမောင်သုတလေး၏ဆံပင်ကို ပွတ်သပ်ပေးလိုက်ပြီး ကံ့ကော်ပင်ပေါ်သို့မော့ ကြည့်နေသည့် မြေးအငယ် မောင်အာကာဆီသို့လျှောက်သွားလေသည်။

“သားလေး၊ ဘာတွေကြည့်နေတာလဲ”

“သစ်ပင်ပေါ်မှာ လူတစ်ယောက်တက်ထိုင်နေတယ် ဘိုးဘိုး”

“ဟေ......”

မြေးအငယ် မောင်အာကာက ကံ့ကော်ပင်ပေါ်သို့လက်ညှိုးထိုးပြနေသဖြင့် အပင်ပေါ်သို့မော့ကြည့်လိုက်သော်လည်း မည်သူမျှမရှိပေ။

”ဘာမှမရှိပါဘူးသားရယ်”

“သားတကယ်ပြောနေတာ။ ဟိုမှာရှိတယ်။ သစ်ပင်ပေါ်မှာထိုင်နေတယ်”

“မရှိပါဘူးကွ။ ဘိုးဘိုးတော့မမြင်ပါဘူး”

“သားတကယ်ပြောတာ။ လူကမည်းမည်းကြီး။ မုတ်ဆိတ်တွေနဲ့ဘိုးဘိုးရ”

“မဟုတ်ပါဘူးဖိုးသားရာ ။ လာ.....လာ...အိမ်ပေါ်တက်ကြမယ်”

သရဲတစ္ဆေဟုအသံကြားရုံဖြင့်ကြောက်လန့်တတ်သည့်ဦးစိုးမင်းအောင်သည် ကံ့ကော်ပင်ပေါ်သို့မကြည့်တော့ဘဲ မြေးနှစ်ယောက်ကို လက်ဆွဲကာ အိမ်ပေါ်သို့တက်သွားလေသည်။ တစ္ဆေသရဲများကို ခွေးနှင့်ကြောင်များက ပိုမြင်တွေ့ကြပြီး ကလေးသူငယ်များ လည်းမြင်တွေ့တတ် ကြသည်ဟုကြားဖူးသောကြောင့် ဦးစိုးမင်းအောင် အနည်းငယ်စိုးထိတ်မိသည်။ ယခုခြံကိုဝယ်ယူခဲ့စဉ်က မိတ်ဆွေတစ်ယောက်ထံမှ ဈေးသက် သက်သာသာဖြင့်ရလိုက်သောကြောင့် ပတ်ဝန်းကျင်ကိုမေးမြန်းစုံစမ်းခဲ့ခြင်းမရှိဘဲ အလျင်စလိုဝယ်ယူခဲ့မိသည်။ ခြံပိုင်ရှင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ထိုအမျိုးသမီးက လောင်းကစားခုံမင်သည်။ လောင်းကစားရှုံးသဖြင့် ဦးစိုးမင်းအောင်၏မိတ်ဆွေထံတွင် ခြံကိုပေါင်နှံခဲ့သည်။ ထိုအမျိုးသမီး က အတိုးနှင့်အရင်း လစဉ်မဆပ်နိုင်တော့သဖြင့် တစ်လုံးတစ်ခဲတည်းပေးဆပ်နိုင်ရန်အတွက် ခြံရောင်းပေးရန်အကူအညီတောင်းခံခဲ့သဖြင့် ဦးစိုး မင်းအောင်၏မိတ်ဆွေက စကားလက်ဆုံကျသည့်အခိုက်ပြောဆိုခဲ့သောကြောင့် ယခုခြံကိုလိုက်လံကြည့်ရှုခဲ့သည်။ ကာလပေါက်ဈေးထက်သက် သာ သည့်အပြင် အမွေဆိုင်အရှုပ်အရှင်းလည်းမရှိ၊ ခြံကို လည်းသဘောကျသောကြောင့် ချက်ချင်းဝယ်ယူခဲ့ပေသည်။

“အဖေကြီး...၊ ဒီမှာပစ္စည်းတွေနေရာချနေတယ်လေ။ ကလေးတွေကိုခြံထဲမှာပဲ ကစားခိုင်းထားပါလား”

“ညီလေးက ဟိုအပင်ပေါ်မှာလူတစ်ယောက်တွေ့လို့ဆိုပြီးပြောလို့ ဘိုးဘိုးက သားတို့ကိုအိမ်ပေါ်ခေါ်လာတာဘွားဘွား”

“ဟုတ်တယ်ဘွားဘွား... ဟိုအပင်ပေါ်မှာ လူမည်းမည်းကြီးရှိတယ်။ မုတ်ဆိတ်မွေးတွေနဲ့”

“ဟင်.....”

ပစ္စည်းများနေရာချနေကြသည့် ဒေါ်လဲ့လဲ့စိုးနှင့် မအေးအေးစိုးတို့၏အကြည့်များက ဦးစိုးမင်းအောင်ထံသို့ရောက်လာကြသည်။

“မင်းမြေးက မဟုတ်တာပြောနေတာပါကွာ။ အပင်ပေါ်မှာ ဘာမှမရှိပါဘူး”

“ဘိုးဘိုးကလည်း၊ သားတကယ်မြင်ရတာပါဆို။ မည်းမည်းကြီးဘိုးဘိုးရ။ မျက်လုံးကြီးတွေက ပြူးနေတာပဲ”

“သားငယ်...။ မဟုတ်တာမပြောနဲ့၊ တော်တော့”

“သားတကယ်ပြောတာ မေမေ။ မယုံရင် သားလိုက်ပြမယ်”

“အဖေကြီး......အိမ်တက်အမြန်လုပ်ပြီး ကမ္မဝါရွတ်ကြရအောင်”

“လုပ်ကြတာပေါ့ကွာ”

“အဖေ....ဖိုးသားကတကယ်မြင်ရလို့ပြောနေတာဖြစ်မယ်”

“အဖေလည်းအပင်ပေါ်ကိုကြည့်တာပဲ။ ဘာမှမရှိပါဘူးသမီးရာ။ နေ့ခင်းကြောင်တောင်ကြီးကိုကွာ”

“ကလေးနဲ့ခွေးတွေကြောင်တွေက သရဲကိုမြင်ရတယ်လို့ကြားဖူးတယ်။ အဲဒီအပင်မှာတကယ်ရှိနေသလားမှမသိတာ”

“သမီး......ညည်းအဖေက သိပ်မကြောက်တတ်ဖူးဆိုတော့ အားရပါးရသာပြော။ သိလား”

ဒေါ်လဲ့လဲ့စိုးက သမီးဖြစ်သူ မအေးအေးစိုးအား မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ရွဲ့ပြောလိုက်သည်။

“အဖေကြောက်တတ်တာမေ့သွားလို့ ဟီး....”

“နေ့လယ်သုံးနာရီထိုးတော့မယ် သမီး။ ပြန်ဖို့ပြင်ကြတော့။ ကျန်တာ အဖေတို့အေးအေးဆေးဆေးလုပ်လို့ရတယ်”

စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့် သမီးကိုပြောဆိုလိုက်ရသော်လည်း ဦးစိုးမင်းအောင်၏စိတ်ထဲတွင် ကြောက်ရွံ့စိတ်အနည်း ငယ်ဝင်နေမိသည်။ ဦးစိုးမင်းအောင်သည် ငယ်စဉ်ကတည်းက တစ္ဆေသရဲကိုအလွန်ကြောက်လန့်ခဲ့သည်။ ထိုသို့ကြောက်လန့်ခဲ့ရခြင်းက တစ္ဆေ သရဲကိုမြင်တွေ့ဖူးခြင်းကြောင့်မဟုတ်ဘဲ ဦးကြီးနှင့်အဒေါ်များက ခြောက်လှန့်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ အသက်အရွယ်ရလာပြီး ယခုအရွယ် ထိတိုင် ညအချိန်အိမ်သာသွားမည်ဆိုပါက ဇနီးသည်ဒေါ်လဲ့လဲ့စိုးကို အဖော်ခေါ်ပြီးမှ သွားတတ်သည်။ ဖြူသည်လား မည်းသည်လားမသိသော် လည်း တစ္ဆေသရဲဟုအသံကြားရုံဖြင့် အလိုလိုကြောက်ရွံ့နေတတ်သည်။ ဆွေမျိုးဖြစ်စေ၊ ခင်မင်ရင်းနှီးသူဖြစ်စေ၊ ထိုသူကွယ်လွန်သွားပါက နာရေး ပို့ဆောင်ခြင်း၊ အသုဘအိမ်သို့သွားရောက်ကာ သတင်းမေးမြန်းခြင်း၊ လူမှုရေးအရလုပ်ကိုင်ကူညီပေးခြင်းများ မည်သည့်အခါမှမလုပ်ပေ။ မိဘ များကွယ်လွန်ခဲ့သည့်အချိန်မှာပင် မတတ်သာ၍ အသုဘပို့ဆောင်ခဲ့ရသော်လည်း သင်္ချိုင်းမြေကိုမနင်းဘဲ ကားပေါ်၌သာထိုင်နေခဲ့သည်အထိ ကြောက်ရွံ့တတ်သည်။ ကြောက်တတ်သည့် ဦးစိုးမင်းအောင်အား ဦးကြီးများနှင့်အဒေါ်များက ပို၍စကြ နောက်ကြသည် ။

ဦးစိုးမင်းအောင် အသက်ဆယ့်တစ်နှစ်ခန့်တွင် အဘွားသေဆုံးသွားခဲ့သည်။ အဘွား၏အလောင်းအား အိမ်၌ပြင်ဆင်ထားသောကြောင့် အဒေါ်တစ်ယောက်၏အိမ်တွင် ခေတ္တသွားရောက်နေထိုင်ခဲ့သည်။ တစ်နေ့သော် ဦးစိုးမင်းအောင် အိပ်ပျော်နေသည့်အခိုက် အဒေါ်ဖြစ်သူက ဦး စိုးမင်းအောင်၏ဆံပင်တွင် အဘွား၏ဆံညှပ်အား ညှပ်ပေးထားခဲ့သည်။ ဦးစိုးမင်းအောင် နိုးလာသည့်အချိန်တွင် ခေါင်းမှဆံညှပ်ကိုစမ်းမိပြီး ကြောက်လန့်ကာ သတိလစ်သွားခဲ့ဖူးသည်။ ထိုအချိန်မှစတင်၍ ဦး စိုးမင်းအောင်အား ခြောက်လှန့်ခြင်းမပြု ကြတော့ပေ။ သို့ပါသော်လည်း ငယ်စဉ်ကတည်းက အရိုးစွဲလာခဲ့သည့် အကြောက်တရားက ဦးစိုးမင်းအောင်၏စိတ်ထဲတွင် ကိန်းအောင်းနေခဲ့လေသည်။

“အဖေ.....သမီးတို့ပြန်တော့မယ်”

“အေး...သမီး။ ကားကိုဖြည်းဖြည်းမောင်းနော်။ ကလေးတွေပါတယ်”

“စိတ်ချအဖေ။ မနက်ဖြန်မနက် ထမင်းချိုင့်လာပို့ပေးမယ်နော်။ ဈေးလည်းဝယ်လာခဲ့မယ်”

“ရပါတယ်သမီးရယ်။ ကလေးတွေတစ်ဖက်နဲ့ ဒုက္ခမခံစမ်းပါနဲ့”

“လဲ့ပို့ခိုင်းထားတာ အဖေကြီး။ လောလောဆယ် တစ်ရက်နှစ်ရက်လောက်က ဈေးသွားဖို့နဲ့ချက်ဖို့ပြုတ်ဖို့ ကသီကရီဖြစ်မယ်။ ကြက်သွန် နီတို့ ဆီတို့ ငါးခြောက်ငါးခြမ်းတို့တော့ သမီးနဲ့မှာလိုက်မှဖြစ်မှာပေါ့”

“မင်းသဘောပဲကွာ”

“သားတို့...ဘိုးဘိုးနဲ့ဘွားဘွားကို နှုတ်ဆက်လိုက်ကြဦးလေ”

“ဘိုးဘိုး....ဘွားဘွား....သားတို့ပြန်တော့မယ်နော်”

“အေး...မြေးလေး...အေး..အေး”

“ဘိုးဘိုး... ”

“ဗျား.... ”

“ဟိုအပင်ပေါ်ကမည်းမည်းကြီး ဘိုးဘိုးဆီလာရင်ဘယ်လိုလုပ်မလဲ”

“ဟမျ......”

“ဟဲ့ကောင်လေး....ဘာတွေပြောနေတာလဲ။ ကားပေါ်တက်ကြတော့”

“ဟုတ်ကဲ့ မေမေ”

”သမီး.....။ မနက်ဖြန်လာရင် ဘုရားစင်ပေါ်က ပရိတ်ရေယူလာခဲ့စမ်းပါ”

“ဟုတ်ကဲ့။ အမေ့မြေးမျောက်နှစ်ကောင်တော့ ခေါ်မလာတော့ဘူး”

“ဟင့်အင်း...မရဘူး။ သားတို့လည်းလိုက်မယ်”

“လိုက်ချင်လည်း ခေါ်လာခဲ့ပါသမီးရယ်။ ဒီမှာက လွတ်လွတ်လပ်လပ်ဆော့ရတော့ ပျော်ကြမှာပေါ့ကွာ”

“ဟုတ်ကဲ့ဖေဖေ”

“မနက်ဖြန်လာရင် ရော့ကီပါခေါ်လာခဲ့မယ်နော်ဘိုးဘိုး”

“မခေါ်ဘူး။ မျောက်တွေထိန်းရတဲ့အပြင် ခွေးပါမထိန်းနိုင်ဘူး”

“မေမေကလည်း၊ ခြံထဲမှာရော့ကီနဲ့ဆော့လို့ရတာပေါ့”

“ခေါ်လာခဲ့လိုက်ပါသမီးရယ်။ ရော့ကီလေးလည်းအညောင်းအညာပြေတာပေါ့”

“အဖေကတော့ မျောက်နှစ်ကောင်ရောခွေးရော ထိန်းချင်တယ်တဲ့တူတယ်”

“ခြံထဲမှာလွှတ်ထားလို့ရတာပဲကွာ။ ရော့ကီလည်း တိုက်ခန်းပေါ်မှာနေတာကြာတော့ ချည့်တော့မယ်”

“ဟုတ်ကဲ့အဖေ၊ သမီးတို့ပြန်တော့မယ်။ အမေ...ဘာမှာဦးမလဲ”

“မမှာတော့ဘူးသမီး။ ပရိတ်ရေယူလာဖို့မမေ့နဲ့”

“ဟုတ်ကဲ့အမေ..... ”

သမီးနှင့်မြေးများကို ကားပေါ်သို့လိုက်ပို့ပေးပြီး ကားထွက်သွားသည့်အခါမှ အိမ်ပေါ်သို့တက်ရန်ပြင်လိုက်စဉ် ဦးစိုးမင်းအောင်၏မျက် လုံးများက ခြံထောင့်မှကံ့ကော်ပင်ကြီးဆီသို့ မသိမသာရောက်သွားလေသည်။ အုံ့အုံ့ဆိုင်းဆိုင်းဖြင့်ကြီးမားသည့်ကံ့ကော်ပင်ကြီးသည် သက်တမ်း အတော်ကြာခန့်ရှိလောက်ပြီဟု ဦးစိုးမင်းအောင်တွေးလိုက်မိသည်။

“အဖေကြီးရဲ့မြေးတွေကတော့ ချွေးသံတရွှဲရွှဲနဲ့ပြန်သွားကြပြီ”

“သူတို့လည်း အခုလိုလွတ်လွတ်လပ်လပ်ကစားရတော့ ပျော်ကြမှာပေါ့”

“ခြံထဲဆင်းဦးမလား။ မဆင်းတော့ရင်လည်း ခြေလက်ဆေးကြောပြီး အဝတ်အစားလဲတော့”

“ရေချိုးရင်ကောင်းမလားလို့”

“မချိုးနဲ့တော့ အဖေကြီး။ လဲ့ ရေဖတ်တိုက်ပေးမယ်။ ရေချိုးမတော်လို့ လေဖြတ်သွားမှဟုတ်ပေ့ဖြစ်နေဦးမယ်”

“အေး...အေး။ ဒါဆိုလည်း ရေဖတ်ပဲတိုက်လိုက်တော့မယ်”

“ခဏစောင့်နော်။ အဝတ်အစားအရင်ထုတ်ထားလိုက်ဦးမယ်”

************************

( ၃ )

နွေဦးပေါက်ဆိုသော်လည်း သစ်ရိပ်ဝါးရိပ်များကြောင့် ညနေစောင်းသည်နှင့်အေးစိမ့်စိမ့်ဖြစ်လာသည်။ အရှေ့ဘက်သို့မျက်နှာပြုထားသ ဖြင့် အနောက်ဘက်ဂေါ်ယာကျွန်းသို့မေးတင်သွားသည့် နေမင်း၏အလင်းရောင်ကို မမြင်တွေ့ရတော့ပေ။ အလုအယက် အိပ်တန်းတက်နေကြ သည့်ကျီးကန်းများ၏အသံကိုကြားရသည်မှာ တောရွာသို့ရောက်နေသကဲ့သို့ ထင်မှတ်ရပေသည်။ သစ်ပင်ဝါးပင်များရှိနေသဖြင့် ကျေးငှက်သရ ကာများ ပျော်မြူးကျက်စားကြသည်။

“အဖေကြီး၊ ကျီးကန်းတွေဆူလို့နားငြီးနေပြီလား”

“နားမငြီးပါဘူးကွာ။ အခုလိုအသံတွေကြားရတာ တောကိုရောက်နေတဲ့အတိုင်းပဲ”

“ဟုတ်တယ်နော်။ လဲ့တောင် ရွာကိုသတိရနေမိတာ”

“ခိုငြီးတာထက်တော့ တော်ပါသေးတယ်ကွာ။ ခိုငြီးသံကို ဘယ်လိုမှမခံနိုင်ဘူး”

“အနွေးထည်လေးဝတ်ထားပါလား”

“အရက်နည်းနည်းသောက်မလားလို့”

“လုပ်ပြီ။ ချမ်းတာကိုအကြောင်းပြတော့မယ်ဆိုတာသိသားပဲ”

”ဟဲ...ဟဲ...။ ရာသီဥတုက ကိုယ့်ဘက်ပါနေတယ်လေ”

“အင်းပါ။ ဆင်ခြေဆင်လက်တွေကတော့ ဖိုးသုရဲ့အဘိုးလို့မပြောရဘူး”

“ဟား....ဟား။ နည်းနည်းပါးပါးလောက်ပါကွာ။ ခြံရှင်းလိုက်တာ နည်းနည်းပင်ပန်းသွားလို့”

“အမလေးနော်၊ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခြံထဲပတ်လျှောက်နေတာ မတွေ့တာလိုက်လို့”

“မင်းမြေးတွေကိုကြည့်နေရတယ်လေကွာ”

“ကလေးတွေက လွှတ်ထားလို့ရပါတယ်။ နောက်နေ့ကျရင် လဲ့ရှင်းပေးပါ့မယ်”

“လဲ့...... ”

“ရှင်....... ”

“ကံ့ကော်ပင်ကြီးကို ရှင်းပစ်လိုက်ရင်ကောင်းမလား”

“ဟင်.....၊ ဘာလုပ်ဖို့လဲ”

“ဘာမှအသုံးဝင်တာမှမဟုတ်တာ။ အရွက်ကြွေရင်အမှိုက်ရှုပ်တာပဲရှိမယ်”

“အိမ်တက်လုပ်ပြီးမှ ရှင်းချင်ရှင်းပါလား အဖေကြီး”

”ဘာဖြစ်လို့လဲ”

“အဲဒီအပင်မှာရှိနေတဲ့ မမြင်အပ်တဲ့သူတွေကို အမျှအတန်းပေးပြီးမှလုပ်စေချင်လို့ပါ”

“မင်းသဘောပဲ။ ကိုယ်ကတော့ အဲဒီအပင်ကြီးကိုကြည့်ပြီးကြောက်နေပြီ”

“အဖေကြီးက မြေးအငယ်ပြောလို့ကြောက်နေတာမဟုတ်လား။ ကလေးဆိုတာက ပြောချင်ရာပြောတတ်တယ်။ မြေးအငယ်ကောင်က သိတဲ့အတိုင်းပဲ။ ပေါက်ကရပြောတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ ကြီးလာရင်တော့မလွယ်ဘူး”

“သူတကယ်မြင်ရလို့ဖြစ်မယ်ကွ”

“အဲဒီအကြောင်းကို စဉ်းစားမနေနဲ့တော့။ အရက်သောက်မယ်ဆိုလည်းသောက်။ လဲ့ပြင်ပေးမယ်”

“အိမ်သာက အိမ်နဲ့တစ်ဆက်တည်းမဟုတ်တာ အတော်ဆိုးတယ်ကွာ။ ညရေးညတာ အိမ်သာသွားရရင် အဆင်ပြေမှာမဟုတ်ဘူး”

“အဲဒါသိလို့ ဆီးအိုးယူလာခဲ့တယ်။ ညရေးညတာ ကိစ္စပေါ်လာရင် ဆီးရောအီးရော ဆီးအိုးထဲသာပါချ။ မနက်မှ လဲ့ရှင်းပေးမယ်”

“ဟာ....ဆီးအိုးနဲ့မသွားတတ်ပါဘူးကွာ”

“အဖေကြီးနဲ့တော့ခက်တာပဲ။ ဆီးအိုးထဲမသွားချင်ရင်လည်းနောက်ဖေးရေကပြင်ကနေ ကလေးတွေလိုကော့ပန်းလိုက်”

“အမ်.....မင်းကတော့လုပ်ပြီ”

“ဟုတ်တယ်လေ။ အဲဒီလိုမှမလုပ်ရင် ဘယ်လိုလုပ်ချင်လို့လဲ။ ကြောက်လို့မသွားရဲရင်လည်း တစ်ညလုံးအောင့်ထားပေါ့”

“သန်ဘက်ခါကျရင် ရန်ကုန်သွားပြီးလက်သမားရှာမယ်။ ကားဂိုထောင်ဆောက်ရင်း အိမ်သာပါတစ်ခါတည်းလုပ်ခိုင်းရမယ်”

“ခုနတုန်းက သမီးနဲ့မှာလိုက်ရင်ပြီးရော”

”ပစ္စည်းတွေပါ တစ်ခါတည်းဝယ်လာမလို့ မမှာလိုက်တာ”

“ဒီမှာလည်း အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေရှိမှာပါ။ မနက်ဖြန်ကျမှ လျှောက်ကြည့်ကြတာပေါ့”

“အေးကွာ။ လောလောဆယ် နွေးသွားအောင် ဆေးတော်ကြီးသောက်လိုက်ဦးမယ်”

“ဆေးတော်ကြီးလည်းသောက်၊ အနွေးထည်လည်းဝတ်ထား။ နည်းနည်းအေးလာပြီ”

“အေးပါကွာ”

“မီးဖိုဆောင်သွားပြီး အဖေကြီးအတွက်ပြင်လိုက်ဦးမယ်”

“အေး...အေး”

ဒေါ်လဲ့လဲ့စိုး နောက်ဖေးမီးဖိုဆောင်သို့ဝင်သွားသည့်အချိန်တွင် ဓာတ်ခဲသုံးရေဒီယိုကိုဖွင့်ပြီး မြန်မာ့အသံမှထုတ်လွှင့်နေသည့် အစီအစဉ် များကို နားထောင်နေသည်။ ခဏအကြာတွင် အိမ်နောက်ဖေးမှ ဒေါ်လဲ့လဲ့စိုးထွက်လာသဖြင့် ထိုင်ရာမှအမြန်ထကာ ဒေါ် လဲ့လဲ့စိုး၏လက်ထဲမှ ပစ္စည်းများကို ကူသယ်ပေးလိုက်သည်။

“ရေဒီယိုက လိုင်းသိပ်မမိဘူးထင်တယ်နော်။ တဂျစ်ဂျစ်နဲ့ဖြစ်နေတယ်”

“ဝေးတာကိုးကွာ”

“ဒီနားကခြံတွေကလည်း လူရောရှိရဲ့လားမသိဘူးနော်။ အသံတောင်မကြားရဘူး”

“မပြောတတ်ပါဘူးကွာ။ လူသံသူသံမကြားရတော့ ပိုမကောင်းဘူးလား။ အခုနေ ရန်ကုန်မှာဆိုရင် ကားသံတွေ၊ လူသံ တွေဆူညံနေ လောက်ပြီ”

“အဖေကြီးရဲ့မြေးနှစ်ကောင်အသံကပိုဆိုးတာပေါ့”

“အေး....ဟုတ်တယ်ကွ။ ဟား...ဟား”

“အဖေကြီးသောက်နှင့်။ အနွေးထည်သွားယူရင်း ဖယောင်းတိုင်နဲ့မီးခြစ်ရှာလိုက်ဦးမယ်”

“အေး...အေး။ ဘုရားမီးပူဇော်လိုက်တော့”

“ဟုတ်ကဲ့ အဖေကြီး”

**********************

( ၄ )

တစ်နေ့လုံးပင်ပန်းထားသဖြင့် ညစာထမင်းစားပြီးကတည်းက ဦးစိုးမင်းအောင်တို့ဇနီးမောင်နှံ ငိုက်မျဉ်းနေကြသည်။

“ဝါး.......အိပ်ချင်လိုက်တာ အဖေကြီးရာ”

“အေးကွ၊ ရှစ်နာရီကျော်ပဲရှိသေးတာ။ ကိုယ်လည်း အိပ်ချင်နေပြီ။ ဘယ်လိုဖြစ်သလဲမသိဘူး။ သွေးတက်စာလည်း မပါပါဘူး”

“တစ်နေကုန်လည်းပင်ပန်း အေးစိမ့်စိမ့်ကလည်းဖြစ်နေတာဆိုတော့ ငိုက်လာတာနေမှာပေါ့”

”ဟုတ်မယ်။ အိပ်ရာပြင်ထားလိုက်တော့လဲ့ရာ။ သတင်းနားထောင်ပြီးတာနဲ့အိပ်ကြတာပေါ့”

“ဟုတ်ကဲ့ အဖေကြီး”

အနားမှ ဒေါ်လဲ့လဲ့စိုးထွက်သွားသည်နှင့် မြန်မာ့အသံမှ ညရှစ်နာရီသတင်းကို နားထောင်နေသည်။ ညရှစ်နာရီအချိန်သည် ရန်ကုန်မြို့ ပေါ်တွင် စည်ကားနေသည့်အချိန်ဖြစ်သော်လည်း ယခုနေရာမှာတော့ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ နားအေးပါးအေးနေချင်သည်ဆိုပေမယ့် နေသားမကျသေးသဖြင့် ခြောက်ကပ်ကပ်ဖြစ်နေသည်။ ဆူညံမှုများဖြင့် ကျင့်သားရနေခဲ့သည့်နားများက တိတ်ဆိတ်ခြင်းဖြင့်ယဉ်ပါးမှုမရှိကြ သေးသဖြင့် နားအူသကဲ့သို့ခံစားနေရသည်။ အနီးပတ်ဝန်းကျင်၌ရှိနေကြသည့် အိမ်များမှ စကားပြောဆိုသံ၊ ကလေးငိုသံသာမက ခွေးဟောင်သံ ပင်မကြားရအောင်တိတ်ဆိတ်နေသည်။

“အဖေကြီး....၊ အိပ်ရာပြင်ပြီးပြီ။ အိပ်ရာထဲမှာနားထောင်ပါလား”

“သတင်းက ဘာမှမထူးပါဘူးကွာ။ ကိုယ်လည်းအိပ်ချင်နေပြီ။ အိပ်ကြစို့”

“ဖေကြီး အိပ်ရာထဲဝင်နှင့်နော်။ လဲ့ တံခါးတွေပိတ်လိုက်ဦးမယ်”

“တံခါးတွေကို ကိုယ်ပိတ်လိုက်မယ်။ ဘုရားမီးပူဇော်ထားတဲ့ ဖယောင်းတိုင်ကို မီးငြိမ်းဖို့မေ့မယ်နော်”

“မမေ့ပါဘူး အဖေကြီး”

ရေဒီယိုလေးကိုခလုတ်ပိတ်၍အနားပေးလိုက်ပြီး ပြူတင်းပေါက်တံခါးများကိုပိတ်ရင်း အပြင်ဘက်ကိုကြည့်လိုက်မိသည် ။ အပြင်ဘက်၌ မှောင်မည်းပြီ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။

“အဖေကြီး...၊ တံခါးတွေပိတ်ပြီးပြီလား”

“အေး...။ တံခါးတွေအကုန်လုံးပိတ်လိုက်ပြီ”

“အကုန်လုံးပြီးပြီဆိုရင်အိပ်ကြစို့ အဖေကြီးရေ။ ဖယောင်းတိုင်ယူလာခဲ့ဦး။ အခန်းထဲမှာ မှောင်နေတယ်”

“အေး...အေး..”

ဒေါ်လဲ့လဲ့စိုးက အခန်းဝ၌ရပ်စောင့်နေသဖြင့် ဦးစိုးမင်းအောင်လည်း ဖယောင်းတိုင်ကိုင်၍ အိပ်ခန်းဆီသို့သွားလေသည်။ အခန်းဝအ ရောက်၌ ဖယောင်းတိုင်မီးက လေနှင့်မှုတ်လိုက်သလိုဖြစ်ပြီး မီးငြိမ်းသွားလေသည်။

“ဟ..ဘယ်လိုဖြစ်တာလဲ”

“အဖေကြီး အသက်ရှုတာပြင်းလို့ မီးငြိမ်းသွားတာနေမှာပေါ့”

“မဟုတ်တာကွာ။ ဖယောင်းတိုင်နဲ့ မျက်နှာက အဝေးကြီးပါ။ မီးခြစ်ဘယ်မှာထားသလဲ”

“အဖေကြီးပဲကိုင်တာလေ”

“လုပ်ပြန်ပြီ။ ဘုရားမီးပူဇော်ဖို့ မင်းယူသွားတာလေ”

“ဟယ်....ဟုတ်သား။ ဘုရားစင်ပေါ်မှာလား စားပွဲပေါ်မှာလားမသိဘူး”

“ရော့......ဖယောင်းတိုင်ကိုင်ထား၊ ကိုယ်သွားရှာလိုက်မယ်။ ဓာတ်မီးမပါလာတာ ဆိုးတာပဲ။ စောစောစီးစီးသိရင်လည်း သမီးကိုမှာလိုက် ရကောင်းသား”

ဦးစိုးမင်းအောင်က မကျေမချမ်းဖြင့်ပြောဆိုပြီး အိမ်ရှေ့သို့စမ်းတဝါးဝါးဖြင့်ထွက်သွားလေသည်။

“အဖေကြီး...သတိထားနော်”

“ဟေ...ဘာ...ဘာလဲ....”

ဒေါ်လဲ့လဲ့စိုးက မှောင်နေသဖြင့် သတိထားသွားရန်ပြောဆိုခြင်းဖြစ်သော်လည်း ဦးစိုးမင်းအောင်က တစ်မျိုးထင်ပြီး အထိတ်တလန့်ဖြစ် သွားသည်။

“မှောင်နေလို့ ခလုတ်တိုက်မှာစိုးလို့ သတိထားပြီးသွားလို့ပြောတာပါ”

“မင်းကလည်းကွာ.....”

အမှောင်ထဲတွင် မျက်ကန်းတစ်ယောက်ကဲ့သို့ လက်ကိုဝှေ့ယမ်းပြီး စမ်းတဝါးဝါးသွားနေရသည်။ အိမ်ပြောင်းရွှေ့ခါစမို့ နေရာတကျ မ ထားသိုရသေးသည့်ပစ္စည်းများကိုခလုတ်တိုက်ပြီးလဲနိုင်သဖြင့် ရှေ့တစ်လှမ်းတိုးခါနီးတိုင်း ခြေထောက်ကိုဝှေ့ယမ်းနေရသည်။ စားပွဲခုံရှိမည့်နေ ရာကိုမှန်းဆပြီးသွားနေရာမှ ဝှေ့ယမ်းနေသည့်လက်က တစ်စုံတစ်ခုကိုကိုင်တွယ်လိုက်မိသည်။ အေးစက်သည့်အထိအတွေ့နှင့်အတူ အမွေးဟု ထင်မှတ်ရသည့်အရာကို ပွတ်သပ်ကြည့်သည်။ အမွေးက ခွေးများ၊ ကြောင်များကဲ့သို့မဟုတ်ဘဲ ကြမ်းတမ်း နေသဖြင့် ဦးစိုးမင်းအောင် သံသယ ဝင်လာလေသည်။

“လဲ့ရေ.....လဲ့”

“ရှင်.....အဖေကြီး။ ဘာဖြစ်လို့လဲ”

“ကိုယ့်ရှေ့မှာ ဘာကောင်လဲမသိဘူးကွ။ အမွေးတွေနဲ့။ အေးစက်စက်ကြီး”

“ဟင်......။ မကိုင်နဲ့အဖေကြီး။ လဲ့ လာခဲ့မယ်”

“မလာနဲ့လေ။ မှောင်မည်းနေတာ နှစ်ယောက်ဝင်တိုက်ကုန်မယ်”

“အဖေကြီး အဲဒီမှာပဲထိုင်ချလိုက်။ လဲ့လာခဲ့မယ်”

“အေး...အေး...”

ဦးစိုးမင်းအောင်က ဒေါ်လဲ့လဲ့စိုးပြောသည့်အတိုင်း နေရာတွင်ထိုင်ချလိုက်သည့်အချိန်တွင် ဒေါ်လဲ့လဲ့စိုးက ဆောင့်ကြောင့်ထိုင်၍ ခြေ တစ်လှမ်းချင်းရွှေ့ကာ ဦးစိုးမင်းအောင်ထံသို့လာနေသည်။

“အဖေကြီး....လဲ့လာနေပြီနော်”

“အေး....လာစမ်းပါကွာ။ ဘာကောင်လဲတော့မသိဘူးကွ။ အမွေးတွေကလည်း ကြမ်းထော်ပြီး အေးစက်စက်ကြီး”

“အဲဒီမှာပဲထိုင်နေ”

“အေး...ထိုင်နေတယ်”

မကြာခင်မှာပင် ဦးစိုးမင်းအောင်ထံသို့ ဒေါ်လဲ့လဲ့စိုးရောက်သွားလေသည်။

“အဖေကြီးပြောတ့ဟာက ဘယ်မှာလဲ"

“ကိုယ့်အရှေ့မှာ”

“သွားမကိုင်နဲ့ဦး။ လဲ့ စားပွဲခုံကိုစမ်းလိုက်ဦးမယ်”

ဒေါ်လဲ့လဲ့စိုးက ထိုင်လျက်မှ ြေခတစ်လှမ်းချင်းရွှေ့ကာ ရှေ့သို့တဖြည်းဖြည်းတိုးသွားပြီး လက်ဖြင့်စမ်းသပ်လိုက်သည့်အခါ စာကြည့် စားပွဲခုံကို စမ်းသပ်မိလေသည်။

“စားပွဲခုံတော့တွေ့ပြီ။ မီးခြစ်ရှာလိုက်ဦးမယ်”

စားပွဲခုံပေါ်သို့ လက်ဖြင့်စမ်းလိုက်သည့်အခါ မီးခြစ်ကိုစမ်းသပ်မိလိုက်သည်။

“တွေ့ပြီအဖေကြီး”

“ဖျောက်....ဖျောက်”

ဒေါ်လဲ့လဲ့စိုးက မီးခြစ်ကိုခြစ်လိုက်ပြီး ဖယောင်းတိုင်ကို မီးထွန်းညှိလိုက်သည်။ အိမ်ရှေ့ခန်းသို့ ဖယောင်းတိုင်မီးဖြန့်ကျက်သွားသည့်အခါ အိမ်ရှေ့ခန်းအလယ်၌ ငုတ်တုပ်ထိုင်နေသည့် ဦးစိုးမင်းအောင်ကိုတွေ့လိုက်ရသည်။

“ထတော့အဖေကြီး.....။ သွားအိပ်ကြစို့”

“ခုနက ငါ့ရှေါမှာဘာကောင်ကြီးလဲမသိဘူးကွ။ အခုမရှိတော့ဘူး”

“ဘာမှမဟုတ်ပါဘူး အဖေကြီးရယ်။ စိတ်ထင်လို့နေမှာပါ”

“ဘယ်ကလာ စိတ်ထင်ရမှာလဲ။ ဟောဒီလက်နဲ့ အသေအချာစမ်းမိလိုက်တာ”

ဦးစိုးမင်းအောင်က ညာဘက်လက်ကိုမြှောက်ပြပြီး ဒေါ်လဲ့လဲ့စိုးကို မကျေမနပ်ဖြင့်ပြောလိုက်သည်။

“အင်းပါ...။ အခုဘာမှမရှိဘူးမဟုတ်လား။ လာ....အိပ်ကြမယ်”

ဒေါ်လဲ့လဲ့စိုးက အိပ်ဖို့ခေါ်နေသဖြင့် ဦးစိုးမင်းအောင်လည်း ဆက်မပြောတော့ဘဲ ဒေါ်လဲ့လဲ့စိုးအနောက်မှလိုက်သွားလေတော့သည်။

***********************

( ၅ )

“တီ...တီ...တီ....”

မနက်ကိုးနာရီလောက်တွင် အိမ်ရှေ့မှဟွန်းတီးသံကြားသဖြင့် ခြံရှေ့သို့ကြည့်လိုက်သည့်အခါ ပိတောက်ခြောက်ရောင်ဒတ်ဆန်းကားကို တွေ့လိုက်လေသည်။

“ဘိုးဘိုးရေ…ဘွားရေ….”

“ဟော......သမီးတို့လာပြီနဲ့တူတယ်အဖေကြီးရေ။ ခြံတံခါးသွားဖွင့်ပေးလိုက်ပါဦး”

“အေး...ဟုတ်တယ်”

ဦးစိုးမင်းအောင်က ထိုင်ရာမှထကာ အိမ်အောက်သို့ဆင်းသွားပြီး ခြံတံခါးသွားဖွင့်ပေးလိုက်သည်။

“ဘိုးဘိုးရေ........”

“ဟား......ငါ့မြေးနှစ်ကောင်ရော ရော့ကီရောပါလာကြပါလား”

“ဝုတ်......ဝုတ်....ဝုတ်.....”

“ဟုတ်တယ် အဖေရေ။ အဖေ့မြေးတွေက အဖေတို့ဆီကိုလာချင်လို့ဆိုပြီး မနက်အစောကြီးကတည်းက နိုးနေတာ။ အငယ်ကောင်က ရော့ကီကိုပါခေါ်ချင်တယ်ဆိုလို့ ခေါ်လာရတယ်။ ကားခေါင်းခန်းမှာ ကလေးနှစ်ယောက် ခွေးတစ်ကောင်နဲ့ပွက်လောကိုရိုက်နေတာပဲ အဖေရေ”

“အဟေးဟေး......။ အဖေလည်း ပျင်းနေတာနဲ့အတော်ပဲပေါ့ကွာ။ ကျော်ဆန်းက ဆိုင်မှာလား”

“ဟုတ်တယ်အဖေ။ သူလည်းလိုက်ချင်နေတာ။ ဆိုင်ကပိတ်ထားလို့မရလို့။ အမေရော အဖေ”

“အ်မ်နောက်ဖေးမှ ပစ္စည်းတွေနေရာချနေတယ်”

“အဖေ့မြေးတွေကြည့်ထားလိုက်နော်။ အမေ့ဆီသွားလိုက်ဦးမယ်။ သားသုရေ.....မေမေ့ကို ပစ္စည်းတွေကူသယ်ပေးပါဦး”

“ဟုတ်ကဲ့ မေမေ”

“အဖေသယ်လာမယ် သမီး။ ကလေးတွေ ခြံထဲမှာလွတ်လွတ်လပ်လပ်ဆော့ပါစေ”

“ဘိုးဘိုး....သားတို့ဘောလုံးကန်မလို့ ဘောလုံးပါလာတယ်။ ဟောဒီမှာကြည့်.....”

“ဟေ....တယ်ဟုတ်ပါလား။ နေဦး.....ဘိုးဘိုး ပစ္စည်းတွေအိမ်ပေါ်ပို့ပြီးရင်လာခဲ့မယ်”

“ဟုတျကဲ့ ဘိုးဘိုး”

*********************

မြေးနှစ်ယောက်နှင့်ခွေးတစ်ကောင် ခြံထဲတွင်ပြေးလွှားဆော့ကစားနေကြတာကိုကြည့်ပြီး ဦးစိုးမင်းအောင် သဘောကျနေလေသည်။

“ညီလေးက ဂိုးဖမ်း။ ကိုကိုက ဂိုးသွင်းမယ်”

“ဟုတ်ကဲ့ ကိုကို”

“ဝုတ်......ဝုတ်….ဝုတ်..”

မောင်သုတနှင့် မောင်အာကာတို့က ဘောလုံးဆော့ကစားနေကြပြီး ရော့ကီကလည်း ခြံထဲတွင်ပြေးလွှားပြီး ပျော်မြူးနေသည်။

“ဘိုးဘိုး....သားတို့နဲ့ ဘောလုံးလာကန်ပါလား”

“မကန်ပါဘူးသားရယ်။ ဘိုးဘိုးက သားလောက်ဘောမကန်တတ်ဘူး”

“ဟုတ်လည်းဟုတ်ဘဲနဲ့”

“တကယ်ပြောတာ။ သားသုက ဘောလုံးကန်တာတော်တယ်။ သားတို့ညီအစ်ကိုပဲဆော့ပါကွာ”

မြေးနှစ်ယောက် ဘောလုံးဆော့ကစားနေသည်ကို ပက်လက်ကုလားထိုင်တွင်ထိုင်ပြီးကြည့်နေသည့်အချိန်တွင် ရော့ကီက ကံ့ကော်ပင် ပေါ်သို့မော့ပြီး ထိုးဟောင်နေသဖြင့် ဦးစိုးမင်းအောင် ရော့ကီကိုလှမ်းကြည့်လိုက်သည်။

“ရော့ကီ......ရော့ကီ...လာ....လာ....”

ဦးစိုးမင်းအောင်ခေါ်သော်လည်း ရော့ကီကလှည့်၍ပင်မကြည့်ဘဲ ကံ့ကော်ပင်ပေါ်သို့မော့ကြည့်ပြီး တရစပ်ဟောင်နေလေသည်။

“ဟေ့ကောင်...ရော့ကီ....။ နားငြီးလိုက်တာ”

မောင်သုတ ဟန့်လိုက်သည့်အခါ တစ်ချက်လှည့်ကြည့်ပြီး အပင်ပေါ်သို့ထိုးဟောင်လိုက် မာန်ဖီလိုက်လုပ်နေပြန်သည်။

“ဟာ.....ဒီကောင်တော့...”

“ရော့ကီဘာဖြစ်တာလဲ အဖေကြီး”

“မသိဘူးကွ။ ဟိုအပ်ပေါ်ကိုမော့ကြည့်ပြီး မာန်ဖိလိုက် ဟောင်လိုက်လုပ်နေတယ်”

ဒေါ်လဲ့လဲ့စိုးက ပြူတင်းပေါက်မှမေးနေရာက ဦးစိုးမင်းအောင်ပြောလိုက်သည့်စကားကြောင့် အိမ်အောက်သို့ဆင်းလာလေသည်။

“ရော့ကီ.....သား...ရော့ကီ....လာ.....လာ....”

“ဂီး......ဂီး.......ဝုတ်....ဝုတ်......”

“အမေ....ဘာဖြစ်လို့လဲ”

“ပရိတ်ရေပါလာလားသမီး”

“ပါလာတယ်အမေ”

“အမေ့ကိုယူလာပေးစမ်း”

“ဟုတ်ကဲ့ အမေ”

ခဏအကြာတွင် မအေအေးစိုးက ပရိတ်ရေပုလင်းယူလာပြီး ဒေါ်လဲ့လဲ့စိုးကိုပေးလိုက်သည်။ ဒေါ်လဲ့လဲ့စိုးက ပရိတ်ရေပုလင်းကိုယူကာ ကံကော်ပင်ကြီးဆီသို့ထွက်သွားလေသည်။

“သမီးပါလိုက်မယ်အမေ”

“မလိုကျနဲ့သမီး”

ကံ့ကော်ပင်ကြီးအောက်သို့ရောက်သည့်အခါ ရော့ကီက ဒေါ်လဲ့လဲ့စိုးကိုမော့ကြည့်ပြီး အားကိုးရသွားသည့်ပုံဖြင့်အမြီးနံ့ကာ ကံ့ကော်ပင် ကြီးကို လက်သည်းဖြင့်ကုတ်ဖြစ်လေတော့သည်။

“ရော့ကီ...သွား....။ သမီးရေ....ရော့ကီကိုခေါ်ထားလိုက်”

“ရော့ကီ........လာ......မေမေ့ဆီလာ...”

ရော့ကီက မအေးအေးစိုးကိုတစ်ချက်လှည့်ကြည့်ပြီး ကံကော်ပင်ကြီးကိုကုတ်ဖြစ်ပြန်လေသည်။ ဒေါ်လဲ့လဲ့စိုးက ပရိတ်ရေပုလင်းကိုဖွင့် ပြီး ကံ့ကော်ပင်ကြီးကိုပက်ဖျန်းကာ အပင်ကြီးတွင်ရှိနေသည့် မမြင်အပ်သည့်အရာကို မေတ္တာပို့ပေးနေလေသည်။

“အပင်မှာ တစ်ကောင်ကောင်တော့ရှိမယ်ထင်တယ်”

“ဟေ....ဘာကောင်ရှိလို့လဲ”

“သမီးပြောတာ ရှဉ့်တို့ ပုတ်သင်ညိုတို့ကိုပြောတာပါ အဖေရာ”

“ကလေးတွေကို အိမ်ပေါ်တင်လိုက်တော့သမီး”

ဒေါ်လဲ့လဲ့စိုးက ကံကော်ပင်ကြီးကိုမော့ကြည့်နေရာမှ မအေးအေးစိုးဘက်သို့လှည့်ပြောလိုက်သည်။

“ဟုတ်ကဲ့ အမေ။ သားတို့......လာ...အိမ်ပေါ်တက်ကြမယ်”

“ဟင့်အင်း.....မတက်ချင်သေးဘူး”

“မေမေ့စကားကိုနားမထောင်ရင် နောက်တစ်ခါခေါ်မလာတော့ဘူး”

“မေမေကလည်း.....”

“ဘွားမြေးတွေက လိမ္မာပါတယ်။ အိမ်ပေါ်တက်ကြနော်”

ဒေါ်လဲ့လဲ့စိုးက ကံ့ကော်ပင်ကြီးဆီမှပြန်လာပြီး မြေးများကိုနှစ်သိမ့်နေသည်။

“ဝုတ်…..ဝုတ်....ဝုတ်......ဂီး.....”

အပင်ပေါ်သို့မော့ကြည့်ပြီးဟောင်လိုက် အပင်ကိုပတ်ပြေးလိုက်လုပ်နေသည့် ရော့ကီကို ဦးစိုးမင်းအောင် မျက်မှောင်ကုတ်ပြီးကြည့်နေ သည်။

“သားသု....အိမ်ပေါ်တက်ရအောင်”

“ဟာ......မမေရော......”

“ဘုံး......”

မောင်သုတက မိခင်ကိုစိတ်ဆိုးပြီး ဘောလုံးကိုပြေးကန်လိုက်သည်။ ရာဘာဘောလုံးလေးက လေထဲသို့မြောက်တက်သွားပြိး ကံ့ကော် ပင်ကြီးအနားသို့ရောက်သွားလေသည်။

“မေမေ.....သားရဲ့ဘောလုံး”

“ဘာဖြစ်လို့ကန်လိုက်တာလဲ။ နောက်မှကောက်ပေးမယ်။ အခု အိမ်ပေါ်တက်တော့။ သားငယ်....လာ....”

“အဖေကြီးလည်း အိမ်ပေါ်တက်တော့နော်”

“ကိုယ်က ဘာလို့တက်ရမှာလဲ”

“လာပါဆို....။ ကလေးတွေထက်ပြောရခက်ပါလားနော်”

မအေးအေးစိုးက ကလေးနှစ်ယောက်ကိုခေါ်ကာ အိမ်ပေါ်သို့တက်သွားပြီးနောက် ဒေါ်လဲ့လဲ့စိုးက ဦးစိုးမင်းအောင်၏လက်ကိုဆွဲပြီး အိမ် ပေါ်သို့အတင်းခေါ်သွားလေသည်။

“ဘာတွေလဲကွာ...”

“ဘာမှမဟုတ်ဘူး။ အဖေကြီး အိမ်မှာခဏနေခဲ့။ လဲ့နဲ့သမီးတို့ အပြင်ခဏသွားမယ်”

“ဟေ...ဘာလုပ်ဖို့လဲ”

“ကိစ္စလေးရှိလို့။ ကလေးနှစ်ယောက်ပါ ခေါ်သွားမယ်။ တစ်ယောက်တည်းနေရဲတယ်မဟုတ်လား”

“နေရဲပါတယ်”

“လဲ့တို့ပြန်လာမှ ထမင်းစားကြတာပေါ့”

“အေး........”

***********************

မနက်စာစားသောက်ပြီးနောက် မအေးအေးစိုးတို့ အိမ်ပြန်ဖို့ပြင်ဆင်နေသဖြင့် ဦးစိုးမင်းအောင် အံ့အားသင့်နေသည်။

“သမီးတို့က ပြန်တော့မလို့လား”

“ပြန်တော့မယ် အဖေ”

“အစောကြီးရှိသေးတယ်။ ကလေးတွေ ဝအောင်ကစားပါစေဦးလား”

“အရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့အဖေရေ”

“သားတို့ ကစားချင်တာ မေမေက ခြံထဲကိုမဆင်းရဘူးတဲ့”

“ကျောင်းပိတ်တဲ့ရက်ကျမှ လာကစားပေါ့သားရယ်”

“ဟုတ်သားပဲ သမီးရာ။ ညနေလောက်မှ ပြန်ကြပါလား”

“အရေးကြီးတဲ့ကိစ္စရှိလို့ လဲ့ပြန်လွှတ်လိုက်တာ အဖေကြီး”

“အေး...အေး...။ ကိစ္စရှိရင်လည်း ပြန်ကြပေါ့ကွာ”

“သမီးရေ.....ရော့ကီကို ထမင်းမကျွေးရသေးဘူးနော်”

“ဟယ်....ဟုတ်သားပဲ။ သမီးမေ့နေတယ် ကြည့်စမ်း”

မအေးအေးစိုးက ရော့ကီကိုခေါ်ရန် အိမ်အောက်သို့ဆင်းသွားလေသည်။

“ရော့ကီရေ....ရော့ကီ...အို့.အို့......အို့....”

“ရော့ကီ..ရော့ကီ.....သားရေ...ထမင်းစားမယ်လေ......လာ...လာ....အို့...အို့.....”

“သမီး....ရော့ကီမလာဘူးလား”

“မလာဘူးအဖေ......ဘယ်ရောက်နေသလဲမသိဘူး”

“အပြင်များထွက်သွားသလားမသိဘူး”

“ခြံတံခါးပိတ်ထားတာ ဘယ်လိုထွက်မှာလဲ”

“တစ်နေရာရာက တိုးထွက်သွားမှာပေါ့ကွာ။ ပြန်လာပါလိမ့်မယ်”

“နေရာစိမ်းတော့ ဘယ်လိုလုပ်ပြီးမှတ်မိမှာလဲအဖေရယ်။ သမီး လိုက်ရှာလိုက်ဦးမယ်”

“သမီး....မရှာနဲ့တော့။ နောက်တော့မှ အမေလိုက်ရှာမယ်။ သမီးတို့ပြန်ဖို့လုပ်ကြတော့။ အမေပြောထားတဲ့ကိစ္စလုပ်ဖို့ ပြန်တော့”

“ရော့ကီ့ကိုယဘ်လိုလုပ်မလဲ”

“ခွေးကအရေးမကြီးဘူး။ သူ့ဟာသူပြန်လာချင်လည်းလာ၊ မလာချင်လည်းနေပါစေ”

“ဟာ...အမေကလည်း။ အဲဒီလိုတော့မလုပ်ပါနဲ့”

“နောက်တော့မှ အမေလိုက်ရှာပါ့မယ်။ ပြန်ဖို့လုပ်တော့။ အမေမှာတဲ့ကိစ္စက ခွေးထက်ပိုအရေးကြီးတယ်”

“ဟုတ်ကဲ့ အမေ”

မအေးအေးစိုးက အိမ်ပေါ်ပြန်တက်လာပြီး အိမ်ပြန်ဖို့ပြင်ဆင်လေသည်။

“လဲ့...။ မင်းတို့သားအမိ ဘာတွေဖြစ်နေကြတာလဲ”

“ဘာမှမဖြစ်ပါဘူး အဖေကြီးရယ်”

“တစ်ခုခုတော့ရှိနေတယ်။ တိုးတိုးတိတ်တိတ်တိုင်ပင်ပြီး ဘာတွေလုပ်နေကြတာလဲ”

“မိန်းမတွေကိစ္စပါ အဖေကြီးရာ။ ဘာလို့သိချင်နေရတာလဲ”

“အဲဒါဆိုလည်း ပြီးရောကွာ”

“သားဘောလုံးကျန်ခဲ့မယ်နော်”

“ဒီကလေးကလည်းတစ်မျိုး။ အသစ်ပြန်ဝယ်ပေးမယ်။ လာ...အဝတ်အစားလဲမယ်”

************************

( ၆ )

မအေးအေးစိုးတို့ပြန်သွားပြီးနောက် တစ်အိမ်လုံးတိတ်ဆိတ်သွားလေသည်။

“မြေးတွေပြန်သွားတော့ ပျင်းလိုက်တာ အမေကြီးရာ”

“မြေတွေနဲ့အတူနေတုန်းကတော့ နားငြီးလို့ဆိုပြီးပြောနေတဲ့သူက ဆူသံပူသံမကြားရတော့ပျင်းနေပြီတဲ့လား”

“ဟိုအိမ်မှာက ကားသံရော ကလေးသံရောဆိုတော့ နားပူတာပေါ့ကွာ”

“အဖေကြီးပဲ နားအေးပါးအေးနေချင်တယ်ဆိုပြီး ဒီခြံကိုတဝည်လိုက်တာမဟုတ်လား”

“ဒါတော့ဒါပေါ့ကွာ”

“နောက်ဆိုရင် နေသားကျသွားမှာပါ အဖေကြီးရယ်”

“အေးပေါ့ကွာ.....”

“ရစ်ကီလေးကို လိုက်ရှာလိုက်ဦးမယ်”

“ကိုယ်ပါ လိုက်ရှာမယ်”

“အတူတူရှာကြရအောင်...”

ဒေါ်လဲ့လဲ့စိုးနှင့်ဦးစိုးမင်းအောင်တို့ တစ်ခြံလုံးအနှံ့ရှာဖွေသော်လည်း ရစ်ကီ၏အသံကိုလည်းမကြားရ၊ အရိပ်အယောင်ကိုလည်း မမြင်ရ သဖြင့် လက်လျှော့လိုက်ကြသည်။

“အပြင်ထွက်သွားပြီး ပြန်မလာတတ်တော့တာများလား”

“ဟုတ်မယ်ထင်တာပဲ အဖေကြီးရယ်။ ခြံစည်းရိုးက တိုးထွက်ရအောင်ကလည်း ကြခတ်ဝါးပင်တွေရှိနေတော့ တိုးလို့ရမှာမဟုတ်ဘူး”

“ခေါင်းဝင်ရင် ကိုယ်ဆန့်တယ်ကွ။ ခွေးကတော့ ရတဲ့အပေါက်ကနေ တိုးထွက်မှာပဲ။ ပြန်မလာလည်း နေပါစေတော့”

“မျက်စိလည်ပြီး ဒုက္ခရောက်နေမှာစိုးလို့ပါ”

“သူ့ကံပေါ့ကွာ......”

ဦးစိုးမင်းအောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့ အိမ်ပေါ်သို့ ပြန်တက်လာကြပြီး ကုလားထိုင်တွင်ထိုင်ကာ အမောဖြေကြလေသည်။

“လဲ့......ကိုယ့်ကိုပြောစမ်းပါ”

“ဘာကိုလဲ အဖေကြီး”

“လဲ့နဲ့သမီးတို့ ဘာတွေတိုးတိုးတိတ်တိတ်လုပ်နေကြတာလဲဆိုတာ သိချင်လို့မေးနေတာ”

“အဖေကြီးသိဖို့မလိုပါဘူး”

“ကိုယ်သိဖို့မလိုဘူးဆိုတဲ့စကားက ဘာအဓိပ္ပါယ်လဲ။ ကိုယ်က အိမ်ထောင်ဦးစီးကွ။ မင်းတို့သားအမိ ဘာတွေကြိတ်လုပ်နေကြတယ်ဆို တာပြောစမ်းပါဦး”

“အဖေကြီးသိလို့မဖြစ်တဲ့ကိစ္စမို့ မပြောတာပါ”

“ကိုယ် စိတ်တိုလာပြီ။ ကိုယ့်ကိုမတိုင်ပင်ဘဲ ကြိတ်လုပ်နေကြတာတော့ မဟုတ်သေးဘူးကွ။ ကိုယ်က ငပေါကြီးဖြစ်နေပြီ”

“ကဲ...သိချင်လည်းပြောပြမယ်”

“ပြောစမ်းပါဦး”

“သမီးကို ဆရာတစ်ယောင်ပင့်ခိုင်းလိုက်တာ။ သိပြီလား”

“ဘာဆရာလဲ။ ဆရာဝနျလား”

“ခက်တာပဲ။ သမီးနဲ့ရင်းနှီးတဲ့ အထက်လမ်းဆရာတစ်ယောက်ကိုပင့်ခိုင်းလိုက်တာ”

“ဘာလုပ်ဖို့ အထက်လမ်းဆရာပင့်ရတာလဲ”

“လဲ့ပြောရင် အဖေကြီးကြောက်မှာစိုးလို့မပြောတာ”

“အဲဒီလိုမပြောရင် ကိုယ်ဘယ်သိပါ့မလဲ။ ကြောက်တော့လည်းကြောက်ပေါ့ကွာ။ သိထားမှဖြစ်မှာပေါ့”

“ကဲ...ဒါဆို ပြောပြမယ်”

“ပြောစမ်းပါဦး”

“မနက်က ရော့ကီက ကံ့ကော်ပင်ကြီးကိုဟောင်နေလို့ လဲ့က ပရိတ်ရေသွားဖြန်းတယ်လေ”

“အေးလေ”

“ပရိတ်ရေဖျန်းပြီး မေတ္တာပို့နေတဲ့အချိန် ကံ့ကော်ပင်ပေါ်မှာထိုင်နေတဲ့လူကို ရိပ်ခနဲမြင်လိုက်ရတယ်”

“ဟေ......”

“အဖေကြီးကြောက်နေပြီလား”

“မကြောက်ပါဘူး။ နေ့ခင်းကြောင်တောင်ကြီးမြင်ရလို့လားကွာ။ ဘယ်လိုပုံစံမျိုးလဲ”

“လဲ့ အသေအချာမြင်လိုက်ရတယ်။ ဘာနဲ့တူသလဲဆိုတော့ မှန်အကြည်လိုပဲ။ အနောက်က သစ်ရွက်သစ်ကိုင်းတွေကို ဖောက်ပြီးမြင်နေ ရတယ်။ လဲ့ကြည့်နေတဲ့အချိန်မှာ ပျောက်သွားတယ်”

“ဒါဆို အဲဒီအပင်မှာ သရဲရှိနေတာပေါ့”

“အဲဒါသိချင်လို့ သမီးနဲ့လဲ့တို့ ဒီခြံအကြောင်း ထွက်စုံစမ်းကြတာ”

“ဟေ......မင်းတို့သားအမိ အပြင်ထွက်သွားကြတာ အဲဒါလား”

“ဟုတ်တယ် အဖေကြီး”

“ဘာကြားခဲ့သလဲ။ ကိုယ်စိတ်ဝင်စားနေပြီ”

“အင်း......ကြားခဲ့တယ် အဖေကြီး။ လဲ့တို့ အတတ်နိုင်ဆုံးလုပ်ကြည့်တာပေါ့။ မရတော့လည်း ဒီမှာမနေတော့ရုံပေါ့”

“ပြောစမ်းပါဦးကွာ။ ဘာတွေကြားလာခဲ့ကြသလဲ”

“ဒီခြံပိုင်ရှင်အမျိုးသမီးက ဒီမှာနေတာမဟုတ်ဘူးတဲ့”

“အဲဒါ ကိုယ်သိတယ်လေ”

“ဒီခြံရဲ့မူလပိုင်ရှင်က ဦးအုန်းခိုင်တဲ့။ ဟိုမျက်စောင်းထိုးကခြံလည်း ဦးအုန်းခိုင်ပိုင်တာပဲ။ ဦးအုန်းခိုင်က အဲဒီမှာနေတာ။ ဦးအုန်းခိုင်က ဟိုခြံကိုအရင်ရောင်းပြီး အခုခြံမှာ ဟိန္ဒူလူမျိုး လင်မယားနှစ်ယောက်ကို ခြံစောင့်ထာခဲ့ပြီး နတ္တလင်းကိုပြောင်းသွားတယ်တဲ့”

“အင်း....မူလပိုင်ရှင်က ဦးအုန်းခိုင်ဆိုတာ ကိုယ်သိတယ်”

“ဟိန္ဒူလူမျိုးလင်မယားက ဒီခြံမှာဆယ့်ငါးနှစ်လောက်နေခဲ့ရတော့ သူတို့ခြံလိုဖြစ်နေပြီ။ နေရာတကျဖြစ်နေပြီပေါ့။ ဦးအုန်းခိုင်က ဒီခြံကို ရောင်းဖို့လုပ်တော့ သူတို့ကိုဖယ်ခိုင်းတယ်။ သူတို့က မဖယ်ပေးချင်တော့ဘူး။ ဦးအုန်းခိုင်က ပုလိပ်တွေခေါ်ပြီးဆွဲထုတ်တယ်တဲ့။ တရားလည်းစွဲ တယ်လို့ပြောတယ်။ အဲဒီမှာတင် ယောက်ျားက စိတ်သောကရောက်ပြီး ကံ့ကော်ပင်မှာ ကြိုးဆွဲချသေသွားတယ်။ မိန်းမကတော့ ဘယ်ရောက်သွား တယ်မသိဘူးတဲ့။ ကုလားအဘိုးကြီးရဲ့နာမည်က ပရာဆပ်တဲ့”

“ဟေ...မင်းကို ဘယ်သူပြောတာလဲ လဲ့”

“ဦးအုန်းခိုင်ရဲ့ခြံမှာနေတဲ့ အမေကြီးပြောတာလေ။ လဲ့တို့သားအမိလည်း ဒီနားတစ်ဝိုက်မှာနေတဲ့သူတွေကို မိတ်ဆွေဖွဲ့ပြီး စုံစမ်းရတာ ပေါ့ ။ တချို့က မပြောချင်ကြဘူး။ ဒီခြံမှာ ဘယ်သူမှမနေရဲလို့ ခြံစောင့်တောင်ထားလို့မရဘူးတဲ့။ ညဆို ကံ့ကော်ပင်ပေါ်ကဆင်းလာပြီး ခြံထဲမှာ လျှေက်သွားနေတဲ့ ကုလားအဘိုးကြီးကိုတွေ့ရတယ်တဲ့။ လဲ့တို့ကိုခြံရောင်းသွားတဲ့အမျိုးသမီးက ဦးအုန်းခိုင်ရဲ့ဇနီး ဒေါ်ါမြင့်မြင့်အေးတဲ့ ”

“အဲဒီကုလားကြီးသေတာ ကြာပြီလား”

“ဆယ်နှစ်ကျော်ပြီတဲ့ အဖေကြီး”

“ကိုယ်လည်း အသေအချာမစုံစမ်းဘဲ ဈေးချိုလို့ဝယ်လိုက်မိတာ။ ဒုက္ခပဲကွာ”

“အဲဒါကြောင့် လဲ့လည်း သမီးနဲ့တိုင်ပင်ပြီး အမြန်စီစဉ်ရတာပေါ့”

“လုပ်ကြစမ်းပါဦးကွာ”

“ဆရာအားရင်တော့ မနက်ဖြန်ပင့်လာလိမ့်မယ်။ မကြောက်နဲ့အဖေကြီး။ လဲ့စီစဉ်ထားတယ်နော်။ နေမစောင်းခင် ရေချိုးတော့”

“အေးပါကွာ”

************************

ညနေစောစော ထမင်းစားသောက်ကြပြီးနောက် ဦးစိုးမင်းအောင်က အိမ်ပေါ်၌ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း ရေဒီယို နား ထောင်နေသည်။ ဒေါ်လဲ့လဲ့စိုးက အဝတ်အစားများခေါက်သိမ်းပြီး ဗီရိုထဲသို့ထည့်နေသည်။ ထိုအချိန်တွင် ရာဘာဘောလုံးတစ်လုံးက ပြူတင်း ပေါက်မှအရှိန်ဖြင့်ဝင်ရောက်လာပြီး နံရံကိုထိမှန်ကာ ကြမ်းခင်းပေါ်၌ခုန်နေလေသည်။

“ဘုံး.......ဘုတ်….ဘုတ်...ဘုတ်....”

“ဟ...သောက်ခွေး......”

ဦးစိုးမင်းအေင် အလန့်တကြားရေရွတ်လ်ုက်ပြီး ဘောလုံးကိုတအံ့တဩကြည့်နေစဉ် ဒေါ်လဲ့လဲ့စိုးက ဘောလုံးကိုကောက်ယူလိုက်သည်.

“သားသုရဲ့ဘောလုံးလေးပါလား”

“ဟုတ်တယ်လဲ့...ဘယ်သူပစ်လိုက်တာလဲ မသိဘူး”

ဦးစိုးမင်းအောင်က ဒေါ်လဲ့လဲ့စိုးကိုပြောလိုက်ပြီး ပြူတင်းပေါက်အပြင်သို့ ခေါင်းထွက်ကြည့်လိုက်သည်။ အပြင်ဘက်၌ အလင်းရောင် အနည်းငယ်ရှိနေသေးသော်လည်း သည်းသည်းကွဲကွဲမမြင်ရတော့ပေ။

“အဖေကြီး.....ဘာကြည့်နေတာလဲ။ တံခါးပိတ်လိုက်တော့”

ဒေါ်လဲ့လဲ့စိုးက ဦးစိုးမင်းအောင်ကိုပြောရင်း ပြူတင်းပေါက်တံခါးများကို လိုက်ပိတ်နေသည်။

“အိမ်ပေါ်ကို ဘောလုံးပစ်တင်တဲ့သူကိုရှာနေတာ”

“မရှာနဲ့တော့။ တံခါးပိတ်ပြီး ငြိမ်ငြိမ်ထိုင်နေ”

“အေးပါကွာ......”

ပြူတင်းပေါက်တံခါးကိုပိတ်ပြီး ကုလားထိုင်၌ထိုင်မည်ပြုစဉ် အိမ်ရှေ့တံခါးကိုကုတ်ခြစ်သံကြားလိုက်ရသည်။

“လဲ့...ဘာသံတုန်း”

“လဲ့လည်း နားထောင်နေတာ’

“အီ....အီ..အီ......”

“လဲ့ရေ...ရော့ကီ့အသံမဟုတ်လား”

“ဟုတ်တယ်....ဟုတ်တယ်....။ လဲ့ တံခါးဖွင့်ကြည့်လိုက်မယ်”

ဒေါ်လဲ့လဲ့စိုးက အမြန်သွားကာ တံခါးဖွင့်ပေးလိုက်သည်။

“ဟဲ့......ရော့ကီ။ တစ်နေ့လုံး ဘယ်တွေလျှောက်သွားနေတာလဲ”

ဒေါ်လဲ့လဲ့စိုး တံခါးပိတ်နေသည့်အချိန်တွင် ရော့ကီက အိမ်နောက်ဖေးသို့ပြေးသွားသည်။

“ဟိုကောင် ဆာနေပြီထင်တယ်”

“ဟုတ်မှာပေါ့....။ တစ်နေ့လုံး ဘာမှမစားရသေးဘူးထင်တယ်။ ထမင်းသွားကျွေးလိုက်ဦးမယ်”

မိနစ်အနည်းငယ်အကြာတွင် အိမ်ရှေ့သို့ ဒေါ်လဲ့လဲ့စိုး ပြန်ထွက်လာသည်။

“ကြက်သားဟင်းနဲ့နယ်ကျွေးတာ တစ်ပန်းကန်ကုန်တာတောင်မဝလို့ ထပ်ပြီးနယ်ပေးခဲ့ရတယ်”

“တစ်နေ့လုံး ဘာမှမစားရသေးတော့ ဆာနေတယ်နဲ့တူတယ်။ ဒီနားမှာ ခွေးတွေမရှိလို့ တော်သေးတာပေါ့ကွာ”

“ဝုတ်……ဝုတ်…..”

“ဟာ…….လဲ့။ ရော့ကီက ဘယ်လိုလုပ်ပြီး အပြင်ရောက်သွားတာလဲ။ နောက်ဖေးတံခါးဖွင့်ထားလို့လား”

“ဟင်……….”

အိမ်ရှေ့တံခါးဝမှ ခွေးဟောင်သံကြားလိုက်သဖြင့် ဦးစိုးမင်းအောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့ အံ့အားသင့်သွားကြသည်။

“နောက်ဖေးတံခါးပိတ်ထားပါတယ်။ နေဦး…..လဲ့ နောက်ဖေးကိုသွားကြည့်လိုက်ဦးမယ်”

“ဝုတ်…….ဝုတ်……”

အဆက်မပြတ်ဟောင်နေသဖြင့် ဦးစိုးမင်းအောင်လည်း မနေသာတော့ဘဲ အိမ်ရှေ့တံခါးကိုဖွင့်ကြည့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် ရော့ကီက ဝမ်းသာအားရဖြင့် ဦးစိုးမင်းအောင်၏ကိုယ်ပေါ်သို့ခုန်တက်လိုက် ပတ်ပြေးလိုက်လုပ်နေသည်။ ထိုအချိန်မှာပင် အိမ်နောက်ဖေးမှ ဒေါ် လဲ့လဲ့စိုး ပြန်ထွက်လာသည်။ ရော့ကီက ဒေါ်လဲ့လဲ့စိုးထံသို့ပြေးသွားပြီး ကိုယ်ပေါ်ခုန်တက်လိုက် ဦးစိုးမင်းအောင်ထံသို့ပြေးပြီး ခုန်တက်လိုက်ဖြင့် ပျော်မြူးနေသည်။

“ဝုတ်….ဝုတ်….”

“ဒီကောင် ဘယ်ကြားထဲကနေထွက်သွားတာလဲ လဲ့”

“ရော့ကီ……လာ…အမေ့ဆီလာ..”

ဒေါ်လဲ့လဲ့စိုးက ထိုင်ချလိုက်ပြီး အနားသို့ရောက်လာသည့် ရော့ကီ၏နှုတ်သီးကို အနံ့ခံကြည့်ပြီး မျက်စိမျက်နှာပျက်သွားသည်။

“ဘာလုပျနတောလဲ လဲ့”

ဒေါ်လဲ့လဲ့စိုးက ဦးစိုးမင်းအောင်ကိုမော့ကြည့်ပြီး ပြောသင့် မပြောသင့်စဉ်းစားနေလေသည်။

“လဲ့……မင်းဘာဖြစ်နေတာလဲ”

“ခုနက အိမ်ပေါ်တက်လာတာ ရော့ကီမဟုတ်ဘူး အဖေကြီး”

“ဟေ…..ဒီ…ဒီကောင်ကရော…””

“သူ့နှုတ်သီးကိုနမ်းကြည့်တာ ဟင်းနံ့မရဘူး။ သူက ရော့ကီအစစ်”

“ဟာ………..”

“ဟိုတစ်ကောင်က တံခါးဖွင့်ပေးလိုက်တာနဲ့ သခင်ကိုတောင်ဂရုမစိုက်ဘူး။ နောက်ဖေးကိုပြေးသွားတယ်။ သူက အဖေကြီးနဲ့လဲ့ကိုမြင် တာနဲ့ ခုန်ပေါက်နေတာတွေ့လား”

“အေး…..ဟုတ်တယ်”

“ခွေးတွေက သခင်နဲ့ကွဲသွားပြီးပြန်တွေ့ရင် ဆာလောင်တာတွေမေ့ပြီး သခင်ကိုပဲအတင်းကပ်တော့တာ။ အားကိုးအားထားနေရတဲ့ သ ခင်ကိုပြန်တွေ့လို့ ဝမ်းသာတဲ့သဘောပေါ့။ ရော့ကီက တစ်နေရာရာကိုထွက်သွားပြီး ပြန်မလာတတ်တာလားတော့မသိဘူး။ ပြန်ရောက်လာတော့ သခင်ကိုမြင်တာနဲ့ အားရဝမ်းသာဖြစ်ပြီး လူးနေတော့တာ”

“အေး…။ လဲ့ပြောမှ ကိုယ်သတိထားမိတော့တယ်။ ဒါဆို…ဟိုကောင်က….”

“ဟုတ်တယ် အဖေကြီး။ အယောင်ဆောင်ပြီးအိမ်ပေါ်တက်လာတာ”

“ဟာ……”

“လဲ့ နောက်ဖေးဝင်သွားတော့ လဲ့ကိုမြင်တာ အမြီးမနန့်ဘူး။ ထမင်းစားပွဲပေါ်တက်ဖို့လုပ်နေတယ်။ လဲ့က ကြက်သားဟင်းနဲ့နယ်ဖတ် နေတဲ့အချိန်မှာ လဲ့ကိုမော့မကြည့်ဘူး။ ကျောပေးထားတယ်။ ရော့ကီက အစာစားရင်ဣန္ဒြေရတယ်။ ဟိုကောင်က ပန်းကန်စောင်းကို လက်နှစ် ဖက်နဲ့ဖိပြီးစားတယ်။ သူစားနေတာကိုထိုင်စောင့်နေတော့ လဲ့ကိုကျောပေးပြီးစားတယ်အဖေကြီး။ လဲ့ နယ်ပေးထားတဲ့ထမင်းက တစ်ပန်းကန် အပြည့်ပဲ။ စားလိုက်တာ တစ်မိနစ်တောင်မကြာဘူး။ ထမင်းကုန်တော့ ပန်းကန်ကိုကိုက်နေတာနဲ့ နောက်ထပ်ထမင်းနည်းနည်းထပ်နယ်ပေးခဲ့ တယ်။ ခုနကသွားကြည့်တော့ ပန်းကန်ထဲမှာ ထမင်းတစ်စေ့မှမရှိတော့ဘူး။ ထွက်စရာအပေါက်လည်းမတွေ့တော့ စိတ်ထဲမှာ သံသယဖြစ်နေ တုန်း အိမ်ရှေ့ကိုထွက်လာတော့ ရော့ကီက လဲ့ကိုယ်ပေါ်ကိုခုန်တက်တယ်။ ဒီတော့မှ ခုနကကောင်က ရော့ကီမဟုတ်ဘူးဆိုတာသေချာသွားတာ”

“ဝုတ်……ဝုတ်……..”

“ဟိုမှာတွေ့လား အဖေကြီး။ သားသုရဲ့ဘောလုံးကိုနမ်းပြီး လဲ့တို့ဘက်ကိုလှည့်ဟောင်နေတာ”

“တွေ့တယ်”

“အနံ့ခံပြီး သားသုတို့ကိုမတွေ့လို့ လဲ့တို့ကို မေးနေတာ”

“ဟူး…….ဘယ်လိုလုပ်ကြမလဲကွာ”

“စိတ်မပူပါ့နဲ့။ လဲ့စီစဉ်ထားပါတယ်”

“မင်းစီစဉ်ထားတာက နောက်နေ့မှလာမှာ။ ဒီညဘယ်လိူအိပ်ရမလဲဆိုတာ စဉ်းစားနေတာ”

“မကြောက်ပါနဲ့ အဖေကြီးရယ်။ ကြောက်လေ ခြောက်လေဆိုတဲ့စကားကို ကြားဖူးတယ်မဟုတ်လား”

“အင်း……”

“ဘာမှကြောက်မနေနဲ့။ သား…..ရော့ကီ….ကိုကိုကြီးတွေကိုမတွေ့လို့ အမေ့ကိုအေမးနေတာလား”

“ဝုတ်…….ဝုတ်…..”

ရော့ကီက ရှေ့ခြေနှစ်ဖက်ခုန်ပြီး ခေါင်းကိုဘယ်ညာယိမ်းပြနေသည်။

“သားက ဘယ်တွေလျှောက်သွားနေလဲမှမသိတာ။ ကိုကိုတို့ပြန်တော့ သားကျန်ခဲ့တာပေါ့”

“ဝုတ်…ဝုတ်…..”

ရော့ကီက ဒေါ်လဲ့လဲ့စိုးပြောသည့်စကားကို နားလည်သည့်အလား စိတ်ပျက်သည့်ဟန်ဖြင့် ကြမ်းပြင်ပေါ်ကို ပစ်လှဲချလိုက်သည်။

“အမေတို့နဲ့နေနော်။ မနက်ဖြန်မှ သားအမေနဲ့ ကိုကိုတို့လာကြမယ်။ လာ….မန်မန်စားမယ်”

“ဝုတ်….ဝုတ်….”

ဒေါ်လဲ့လဲ့စိုးနောက်မှ အမြီးနန့်ပြီးလိုက်သွားသည့် ရော့ကီကိုကြည့်ကာ ဦးစိုးမင်းအောင် သက်ပြင်းချလိုက်လေသည်။

*********************

အိပ်ရာပေါ်တွင်လှဲနေသော်လည်း ဦးစိုးမင်းအောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့ အိပ်မပျော်နိုင်ကြသေးဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ သည်။ ဦးစိုးမင်းအောင်ဘက်မှ ခုတင်ဘေးတွင် အိပ်နေသည့် ရော့ကီထံမှ ခြင်ကိုက်၍တဗြင်းဗြင်းကုတ်နေသည့်အသံကိုကြားနေရသည်။

“ဖယောင်းတိုင် မီးငြိမ်းလိုက်တော့ အဖေကြီး။ အိပ်ပျော်သွားရင် မီးလောင်နေဦးမယ်”

“မအိပ်သေးပါဘူးကွာ။ အိပ်လို့လည်းမရပါဘူး”

“ခေါင်းရင်းမှာ ဓာတ်မီးရှိပါတယ်”

“ကိုယ်အိပ်ခါနီးမှ မီးငြိမ်းလိုက်မယ်။ မင်းက အိပ်တော့မလို့လား”

“မအိပ်သေးပါဘူး။ မေတ္တာသုတ်ရွတ်နေတာ”

“ရော့ကီလည်း ခြင်ကိုက်နေတယ်နဲ့တူတယ်”

“ဟုတ်မယ် အဖေကြီး။ သူခြင်ကိုက်တာကအရေးမကြီးဘူး။ တဗြင်းဗြင်းနဲ့ကုတ်နေတော့ အဖေကြီးအိပ်လို့ ဘယ်ရမလဲ။ အပြင်ထုတ် လိုက်ရမလား”

“နေပါစေကွာ….၊ ထားလိုက်ပါ”

“ဂလွမ်း……….”

“ဘာသံလဲ…….”

စကားပြောဆိုနေကြစဉ် အိမ်နောက်ဖေးမှ အသံကြားလိုက်သဖြင့် ဦးစိုးမင်းအောင်တို့နှစ်ယောက်နားစွင့်နေကြသလို ရော့ကီကလည်း နားရွက်ကိုဖွင့်ပြီးနားစွင့်နေသည်။

“ဂလောက်…ဂွမ်………”

“ရှုး…..ရှုး……”

အသံထပ်မံပေါ်လာသည့်အခါ ရော့ကီက အခန်းတံခါးဝသို့သွားပြီး တံခါးကြားမှ အနံ့ခံနေလေသည်။

“အဖေကြီးနေခဲ့….။ လဲ့သွားကြည့်မယ်”

“မင်းတစ်ယောက်တည်းမသွားနဲ့။ ကိုယ်ပါလိုက်ခဲ့မယ်”

ဦးစိုးမင်းအောင်က ခေါင်းရင်းမှလက်နှိပ်ဓာတ်မီးကိုယူကာ ခြင်ထောင်အပြင်သို့ထွက်လိုက်သည့်အချိန်တွင် ရော့ကီက ဦးစိုးမင်းအောင် ကိုမော့ကြည့်ပြီး အခန်းတံခါးကို လက်သည်းဖြင့်ကုတ်ခြစ်လိုက်သည်။

“ကြွက်လားမသိဘူး အဖေကြီး။ ရော့ကီက ကြွက်နံ့ရရင် အဲဒီလိုပဲ”

“ဘာပဲဖြစ်ဖြစ် သွားကြည့်တာ ကောင်းပါတယ်”

“လကင်နှိပ်ဓာတ်မီးပါရဲ့လား အဖေကြီး”

“ပါတယ်…ဒီမှာ”

“လဲ့လည်း လိုရမယ်ရ ဖယောင်းတိုင် ယူလာတယ်”

ဦးစိုးမင်းအောင် အခန်းတံခါးဖွင့်လိုက်သည့်အခါ ရော့ကီက နောက်ဖေးသို့ အရင်ဆုံးပြေးသွားလေသည်။

“ဂီး……ဂီး……..”

“ဒုံး……ဂွမ်း….”

“အီ….အီ…..”

အိမ်နောက်ဖေးအပေါက်ဝနား၌ရပ်ပြီး မာန်ဖီနေသည့် ရော့ကီထံသို့ ဒန်ဇလုံတစ်ခုလွင့်လာပြီးထိမှန်သွားသဖြင့် ရော့ကီက ဦးစိုးမင်း အောင်၏အနောက်သို့ပြေးပုန်းကာ တအီအီဖြင့် ညည်းနေလေသည်။

“အဖေကြီး……လဲ့ကို ဓာတ်မီးပေး။ အဖေကြီး ဒီမှာပဲနေခဲ့တော့”

“နေစမ်းပါကွာ။ ကိုယ်ကြည့်ပါ့မယ်”

“မသွားနဲ့လို့ပြောနေတာ မရဘူးလား။ ရော့ကီကို ဒန်ဇလုံနဲ့ပစ်လိုက်တာ မြင်တယ်မဟုတ်လား”

“မြင်တယ်။ ကိုယ့်နောက်က လိုက်ခဲ့”

ဦးစိုးမင်းအောင်က ဓာတ်မီးကငိုခလုတ်ဖွင့်လိုက်ပြီး အိမ်နောက်ဖေးမီးဖိုဆောင်သို့ ဝင်သွားလေသည်။

“အမလေးဗျ……….”

“အဖေကြီး…ဘာဖြစ်တာလဲ…..အမလေး…ဘုရား….ဘုရား…”

အထိတ်တလန့်အော်ဟစ်လိုက်သည့် ဦးစိုးမင်းအောင်၏လက်ထဲမှဓာတ်မီးကို ဒေါ်လဲ့လဲ့စိုးက အမြန်ယူပြီး နောက်ဖေးမီးဖိုဆောင်သို့ ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည့်အခါ မျက်လုံးနီရဲပြီး တစ်ကိုယ်လုံး အမွေးအမှင်များဖုံးအုပ်နေသည့် သဘက်ကြီးကိုမြင်တွေ့လိုက်ရလေသည်။

“အဖေကြီး….လာ…လာ…..”

ကြောင်တောင်တောင်ဖြင့် သတိလက်လွတ်ဖြစ်နေသည့် ဦးစိုးမင်းအောင်ကို လက်ဆွဲပြီး အိမ်ရှေ့သို့ဆွဲခေါ်သွားလေသည်။ ရော့ကီက အိမ်နောက်ဖေးသို့ကြည့်ကာ အမြီးကုပ်ပြီး တအီအီအော်နေလေသည်။

“ရော့ကီ…..သား…..အိမ်ရှေ့ကိုလာခဲ့”

ဒေါ်လဲ့လဲ့စိုးက ဦးစိုးမင်းအောင်ကို ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ခိုင်းလိုက်ပြီး ဘုရားစင်သို့အမြန်ပေးကာ ဖယောင်းတိုင်များကို ယူပြီး မီးပူဇော်လိုက်သည်။

“ဘုရား တရား သံဃာ…ရတနြာမတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ပါသည်။ သာသနာစောင့်နတ်မင်းကြီးလေးပါးနှင့် နတ်ကောင်း နတ် မြတ်တို့အား မေတ္တာပို့၍ဥ ပင့်ဖိတ်ပါသည်။ ဤမြို့ ဤရပ်ကွက် ဤလမ်း ဤအိမ်ကိုစောင့်ရှောက်ကြကုန်သော နတ်ဒေဝါများကိုလည်း မေတ္တာပို့ ၍ ပင့်ဖိတ်ပါသည်။ ဤအိမ်သည် တပည့်တော်မတို့ပိုင်ဆိုင်သည့်အိမ်ဖြစ်ကြောင်း သစ္စာပြုပါသည်။ တပည့်တော်မတို့ကို သနားသဖြင့် စောင့် ရှောက်တော်မူကြပါ။ အဖေကြီး……လဲ့ ဘုရားစာရွတ်မယ်။ မျက်လုံးမှိတ်ထားပြီး စိတ်ထဲကလိုက်ရွတ်နော်”

ဦးစိုးမင်းအောင်က ဒေါ်လဲ့လဲ့စိုးကို ခေါင်းညိတ်ပြလိုက်သည်။ ဒေါ်လဲ့လဲ့စိုးက ဘုရားစင်ပေါ်မှ ပရိတ်ကြီးစာအုပ်ကိုယူပြီး ငါးပါးသီလခံ ယူ၍ သမ္မာဒေဝနတ်များကိုပင့်ဖိတ်ကာ ပရိတ်ရွတ်လေတော့သည်။ ဒေါ်လဲ့လဲ့စိုး ပရိတ်ရွတ်ဆိုနေချိန်တွင် ရော့ကီက အိမ်နောက်ဖေးမှ ဖင်တ ရွတ်သီပြီး တအီအီဖြင့် နောက်ဆုတ်လာနေလေသည်။ မျက်လုံးမှိတ်ထားသော်လည်း တအီအီအော်နေသည့် ရော့ကီကြောင့် မျက်လုံးဖွင့်ကြည့် လိုက်မိသည်။

ဒေါ်လဲ့လဲ့စိုးအနောက်တွင်ရပ်နေသည့် သဘက်ကြီးကိုမြင်လိုက်ရသည့်အခါ ကြောက်လန့်ပြီး မအော်နိုင်တော့ဘဲ ဆီးများထွက်ကျလာ လေသည်။ တစ်ကိုယ်လုံး အမွေးအမှင်များဖုံးနေသည့် သဘက်ကြီးက ပရိတ်ရွတ်နေသည့် ဒေါ်လဲ့လဲ့စိုးနောက်တွင်ရပ်နေသည်။ ဦးစိုးမင်းအောင် က ဆီးများထွက်ကျနေသလို ရော့ကီက ဖင်သီပြီး ပက်လက်ကုလားထိုင်အောက်သို့ တိုးဝင်နေလေသည်။ ဦးစိုးမင်းအောင်လည်း မကြည့်ရဲတော့ သဖြင့် မျက်လုံးကိုစုံမှိတ်ပြီး ဒေါ်လဲ့လဲ့စိုးရွတ်ဆိုနေသည့် ပရိတ်တော်ထဲတွင် စိတ်နှစ်ထားလိုက်သည်။

“တပည့်တော်မသည် ငယ်စဉ်ကတည်းက သူတစ်ပါးအသက်ကို သေစေလိုသည့်ဆန္ဒဖြင့် မသတ်ဖြတ်ခဲ့ပါ။ သူတစ်ပါးပစ္စည်းမခိုးခဲ့ပါ။ သူတစ်ပါးလင်သားအား ကိုယ်စိတ်နှလုံးသုံးပါးဖြင့် မပစ်မှားခဲ့ပါ။ လိမ်လည်ပြောဆိုခဲ့ခြင်းလည်း မရှိခဲ့ပါ။ အရက်သေစာသောက်စားခြင်းလည်း မရှိခဲ့ပါ။ တပည့်တော်မ၏လင်သားအား ကျေးဇူးရှင်တစ်ယောက်အဖြစ်သတ်မှတ်ကာ မဖောက်မပြန်ဘဲ ဝတ္တရားကျေပွန်ခဲ့ပါသည်။ တပည့်တော် မ၏ သစ္စာမှန်ကန်ပါက သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့နှင့် ဝိဇ္ဇာအပေါင်းသူတော်ကောင်းတို့က ဤအိမ်သို့ကြွရောက်ကြပြီး ဤခြံတွင်း ဤ အိမ်အတွင်း၌ရှိသော အနှောက်အယှက်မှန်သမျှ မဆိုင်းမတွ ဖယ်ရှားပေးတော်မူကြပါ။ တပည့်တော်မပြုခဲ့သည့် ကုသိုလ်အဝဝတို့အား အမျှပေး ဝေပါ၏…အမျှ…အမျှ..အမျှ.. ယူတော်မူကြပါကုန်လော့…..”

ပရိတ်ရွတ်ဆိုပြီး၍ သစ္စာဆိုနေသည့်အချိန်မှာပင် ပန်းပေါင်းစုံနှင့် နံ့သာနံ့တို့ ရောယှက်နေသည့် ရနံ့တစ်မျိုးက တစ်အိမ်လုံးမွေးပျံ့သွား လေသည်။ ဦးစိုးမင်းအောင် မရဲတရဲဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ဒေါ်လဲ့လဲ့စိုးအနောက်တွင်ရပ်နေသည့် သဘက်ကြီးကို မတွေ့ရတော့ ပေ။ ဘုရားစင်ရှေ့တွင် ငြိမ်သက်စွာထိုင်နေသည့် ဒေါ်လဲ့လဲ့စိုးအနီး၌ မီးခိုးငွေ့ကဲ့သို့ အငွေ့များက ဝေ့ဝဲနေသည်။

“ကလောက်….ကလောက်….ကလောက်…”

“ပက်လက်ကုလားထိုင်အောက်မှ ရော့ကီက ခြင်ကိုက်၍ကုတ်လိုက်သဖြင့် ဦးစိုးမင်းအောင်၏တင်ပါးကို ကုတ်မိသွားလေသည်။

“အမလေးဗျ…..အောက်..အောက်မှာ….”

ငယ်သံပါအောင်အော်လိုက်ပြီး ပက်လက်ကုလားထိုင်မှအမြန်ထလိုက်သည့်အခါ ရော့ကီကလည်း အလန့်တကြား ပြေးထွက်လာလေ သည်။

“ဘာဖြစ်တာလဲ အဖေကြီး”

“ပက်လက်ကုလားထိုင်အောက်မှာ ရော့ကီရှိတာမသိဘူး။ ခြင်ကုတ်တော့ ဖင်ကိုကုတ်မိလို့ လန့်ပြီးအော်လိုက်မိတာ”

“တော်တော်သတ္တိကောင်းကြတာပဲ။ ရော့ကီကလည်း အားကိုးရမလားမှတ်တယ်။ သူကပိုကြောက်ပြီး လူနောက်ကို ပြေးပုန်းနေသေး တယ်”

“မကြောက်ဘဲနေမလားကွာ။ အသက်ထွက်မသွားတာကံကောင်း။ အဲဒါကြီးက မင်းအနောက်မှာ ရပ်နေတာ”

“ပရိတ်ရွတ်၊ သစ္စာဆိုပြီး မျက်လုံးမှိတ်ထားတဲ့အချိန်မှာ သူ့ကို လဲ့မြင်လိုက်တယ်”

“မျက်လုံးမှိတ်ထားတာ ဘယ်လိုလုပ်ပြီးမြင်ရသလဲ”

“မဟုတ်ဘူး။ အာရုံထဲမှာပေါ်လာတာ”

“ဟေ….”

“လဲ့က သစ္စာဆိုပြီးနတ်တွေကိုပင့်လိုက်တော့ နတ်ကောင်းနတ်မြတ်တွေလာတယ်နဲ့တူတယ်။ လဲ့ကိုတောင်းပန်နေတဲ့ပုံပဲ။ အဘိုးကြီးက အသက်တော်တော်ကြီးနေပါပြီ။ အင်္ကျီဝတ်မထားဘူး။ ပိန်ပိန်ရှည်ရှည် အသားမည်းမည်း”

“တော်ပါတော့ကွာ။ မပြောပါနဲ့တော့။ ဒီမှာ သေးတွေထွက်ကျထားတယ်ကွ”

“ဟယ်……ဖြစ်ရလေ အဖေကြီးရယ်။ လာ..လာ။ ရေဆေးပြီး ပုဆိုးလဲရအောင်”

ဒေါ်လဲ့လဲ့စိုးက အိမ်နောက်ဖေးသို့သွားရန်ခေါ်နေသဖြင့် ဦးစိုးမင်းအောင် တွန့်ကနဲဖြစ်သွားလေသည်။

“မင်းရှေ့ကသွား။ မင်းက သတ္တိလည်းရှိတယ်။ နတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တော့ မင်းအနားကို ဘယ်သူမှမကပ်နိုင်ဘူး”

“အဲဒီလိုမဟုတ်ပါဘူး အဖေကြီးရယ်။ အမေပြောဖူးတာကို သတိရလို့လုပ်ကြည့်လိုက်တာပါ”

“အမေက ဘာပြောခဲ့တာလဲ”

“အရေးကြုံလို့ ဘုရားစာမရွတ်တတ်ရင်ပဲဖြစ်ဖြစ်၊ မေ့နေတာပဲဖြစ်ဖြစ်၊ သစ္စာဆိုပြီး နတ်ကောင်းနတ်မြတ်တွေကိုပင့်ပြီး မေတ္တာပို့ အမျှ ဝေပါတဲ့။ သစ္စာစကားမှန်ကန်ရင် မကူအညီပေးကြတယ်ဆိုလို့ လုပ်ကြည့်လိုက်တာ”

“ဟုတ်တယ်ကွ။ မင်း သစ္စာဆိုနေတဲ့အချိန်မှာ နံ့သာဖြူနံ့ရော ပန်းပေါင်းစုံနံ့လိုလို အမွှေးတိုင်နံ့လိုလိုရောရလိုက်တယ်။ မင်းအနားမှာ မီးခိုးငွေ့တွေ ဝေ့နေတယ်”

“ဟုတ်လား…..သစ္စာမှန်လို့ နတ်ကောင်းနတ်မြတ်တွေရောက်လာတယ်ထင်တယ်။ အဘိုးကြီးက လဲ့ကို မျက်နှာငယ်လေးနဲ့ကြည့်နေ တယ်။ ဘာမှတော့မပြောဘူး။ တောင်းပန်နေတဲ့ပုံမျိုးပဲ။ သူ့ကိုလည်း မီးခိုးငွေ့လိုလိုအငွေ့တွေထဲမှာ မြင်နေရတာ”

“ဒါဆို မင်းအနားမှာဝေ့နေတဲ့ မီးခိုးက သူပဲဖြစ်မယ်ထင်တယ်”

“လောဘစိတ်ကြောင့်တော့ဟုတ်မယ်မထင်ဘူး အဖေကြီး”

“ဘာကိုပြောတာလဲ”

“ဪ…ဒီခြံမှာနေတာ လောဘစိတ်ကြောင့်တော့ဟုတ်မယ်မထင်ဘူးလို့ပြောတာ။ အနေကြာတော့ ခြံကိုသံယောဇဉ်လည်းဖြစ်နေပြီနဲ့ တူပါတယ်။ ဒီခြံကနေထွက်သွားရရင် နေစရာမရှိမှာစိုးလို့ပေကပ်ပြီးနေတာများလား”

“မပြောတတ်ပါဘူးကွာ။ သူများပစ္စည်းကို အလကားလိုချင်တာလည်း လောဘပေါ့ကွာ”

“သူ့ကိုယ်သူ သတ်သေသွားတာဆိုတော့ လောဘကြောင့်မဟုတ်ဘူးထင်တာပဲ"

“ထားလိုက်ပါတော့ကွာ……ပုဆိုးလဲရအောင်။ ရှေ့ကသွား”

“ဟုတ်တော့ဟုတ်နေပါပြီ”

“ဘာကိုဟုတ်တာလဲ”

“လဲ့က ရှေ့ကသွားတယ်။ လဲ့နောက်က အဖေကြီး။ အဖေကြီးရဲ့နောက်မှာ ရော့ကီ။ ကိုယ်က အားကိုးရမလားမှတ်တယ်။ သူတို့က ကိုယ့်ကိုပြန်အားကိုးနေကြတာကိုး….”

“အေးပါ လဲ့ရာ။ မင်းကို အားကိုးပါတယ်”

ထိုနေ့ညက ဦးစိုးမင်းအောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့ အနှောက်အယှက်ကင်းစွာဖြင့် အေးချမ်းစွာအိပ်စက်နိုင်ခဲ့ကြလေသည်။

********************

ဇာတ်သိမ်း

“တီ……တီ….”

“ဘိုးဘိုးရေ……”

“ဘိုးဘိုးရေ….”

“ဝုတ်……ဝုတ်…..ဝုတ်…..”

“အဖေကြီးမြေးတွေလာပြီနဲ့တူတယ်”

“ဝါး…….ဟုတ်လား”

“ဘိုးဘိုးရေ……”

“ဝုတ်……ဝုတ်…..”

မောင်သုတတို့အသံကြားသဖြင့် ရော့ကီက အခန်းတံခါးကိုကုတ်ခြစ်ပြီး ဟောင်နေသည်။

“ဟုတ်တယ်ကွ”

ဦးစိုးမင်းအောင်က အိပ်ရာထဲမှအမြန်ထွက်ပြီး အခန်းတံခါးဖွင့်လိုက်သည့်အချိန်တွင် ရော့ကီက အိမ်ရှေ့သို့ပြေးသွားပြီး အိမ်ရှေ့တံခါးကို ကုတ်ခြစ်ပြန်သည်။

“ဝုတ်…ဝုတ်……”

“ရော့ကီရေ…မေမေ…ရော့ကီ့အသံကြားတယ်”

ဦးစိုးမင်းအောင် တံခါးဖွင့်ကြည့်လိုက်သည့်အခါ အိမ်ရှေ့တွင်ရပ်နေကြသည့် မအေးအေးစိုးတို့သားအမိနှင့်အတူ အမျိုးသားနှစ်ယောက် ကို မြင်လိုက်ရသည်။

“အဖေက အခုမှနိုးတာလား။ ဆယ်နာရီတောင်ကျော်နေပြီ”

“အေး….သမီး။ ဆယ်နာရီတောင်ကျော်နေပြီလား”

“ခြံတံခါးလည်း ပိတ်မထားဘူး”

“ဟေ….. အဖေ အသေအချာပိတ်ထားပါတယ်။ မသေချာမှာစိုးလို့ ဣှစ်ခါတောင်ပြန်စစ်ထားတာ”

“ရော့ကီက ပြန်ရောက်လာတာလား အဖေ”

“ဟုတ်တယ်။ မနေ့ညက တံခါးကိုကုတ်ပြီး ဟောင်နေလို့ ဖွင့်ပေးလိုက်ရတယ်”

“တော်သေးတာပေါ့။ အငယ်ကောင်က ရော့ကီပျောက်သွာူပြီဆိုပြီး ငိုနေတာ။ ဆရာ…..အဲဒါကျွန်မရဲ့အဖေ။ အဖေ…ဧည့်သည်ပါလာ တယ်။ အမေရော”

“လာပြီသမီးရေ…..အိပ်ရာသိမ်းနေလို့။ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်လေ အဖေကြီး”

“ဪ..အေး…။ အိမ်ပေါ်ကြွကြပါခင်ဗျာ…”

“အမေတို့က အခုမှနိုးတာလား”

“ဟုတ်တယ်သမီး။ ညက ညဉ့်နက်မှ အိပ်ကြရတာလေ”

“ဘာဖြစ်လို့လဲ အမေ”

“ဟိုဟာကြောင့်ပေါ့။ နောက်တော့မှ ပြောပြမယ်”

ဧည့်သည်အမျိုးသားကြီးနှစ်ယောက်က ကုလားထိုင်တွင်မထိုင်လိုဘဲ အိမ်ဦးခန်းဘုရားစင်အောက်တွင်ဖျာခင်းပေးရန်ပြောသဖြင့် ဒေါ်လဲ့ လဲ့စိုးက သင်ဖြူးဖျာခင်းပေးလိုက်သည်။ တစ်ယောက်က ဦးစိုးမင်းအောင်နှင့်သက်တူရွယ်တူမျှရှိပြီး ကျန်တစ်ယောက်က အသက်ငါးဆယ်ခန့်ရှိ ပေသည်။ အသက်ကြီးကြီး အမျိုးသားကြီးက အိမ်ရှေ့တစ်ခုလုံးကို စေ့စေ့စပ်စပ်ကြည့်နေသည်။

“သားတို့…ခြံထဲမှာရော့ကီနဲ့သွားဆော့ကြ”

“ဟုတ်ကဲ့ မေမေ”

“အဖေတို့မနိုးသေးလို့ ဆရာတို့က ဟိုအပင်ကြီးကိုသွားကြည့်ပြီးပြီ”

“ဟုတ်လား…။ ကျွန်တော်တို့ ညဉ့်နက်မှ အိပ်ကြရတာ ဆရာတို့လာမှပဲနိုးတော့တယ်”

“ဟိုဒင်း…ဟိုဒင်းကြောင့်လေ”

“ဗျာ….”

“ကဲ..အဖေကြီး အသာနေတော့။ လဲ့ပဲပြောပြလိုက်တော့မယ်”

“မင်းပဲပြောလိုက်တော့ကွာ။ မင်းက ငါ့ထက်ပိုတော်တယ်”

ဒေါ်လဲ့လဲ့စိုးက ဦးစိုးမင်းအောင်ကို ပြုံးပြီးကြည့်လိုက်ရင်း မနေ့ညကဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ပြောပြလိုက်လေသည်။

“မအေးအေးစိုးပြောပြထားလို့ ကျွန်တော်တို့သိပြီးပါပြီ။ ဒါက ကျွန်တော့်ထက် အတွေ့အကြုံပိုရင့်တဲ့ ဆရာဦးသောင်းဝေပါ”

“ဟုတ်ကဲ့ဆရာ။ ကျွန်မကတော့ သူ့ကို ကျွတ်လွတ်သွားစေချင်ပါတယ်”

“အမျှအတန်းပေးရင်တောင် ကျွတ်လွတ်မှာမဟုတ်ဘူးထင်တယ်”

“ဘာဖြစ်လို့လဲ ဆရာ”

“အစွဲအလန်းက သိပ်ကြောက်ဖို့ကောင်းတယ်။ သာဓုခေါ်မှာမဟုတ်ဘူးဗျ။ ကြိုးဆွဲချပြီးသတ်သေထားတာဆိုတော့ ခြံရှင်ကလည်း ပရိတ်ရွတ်ပြီး အမျှပေးမှာပါ။ မအေးအေးစိုးပြောတာကို နားထောင်ကြည့်တော့ သူက ဒီခြံကနေ ဘယ်မှမပြောင်းချင်ဘူး။ ခြံပိုင်ရှင်က တရား စွဲတာ၊ ပုလိပ်တွေနဲ့ဆွဲထုတ်တာတွေလုပ်တော့ သူအတော်ကြောက်သွားပုံရတယ်။ သူမသေရင် ဒီနေရာကနေဖယ်ပေးရတော့မယ်။ ကျွန်တော့် အမြင်ပြောရရင် ဒီနေရာကလွဲလို့ သူတို့မှာ နေစရာမရှိဘူးထင်တယ်”

“ကျွန်မလည်း အဲဒီလိုပဲထင်တယ်။ မနေ့က အာရုံထဲမှာပေါ်လာတဲ့ပုံက ကျွန်မကို တောင်းပန်တဲ့အကြည့်နဲ့ကြည့်နေသလိုပဲ”

“တောင်းပန်တာက သူမှားလို့တောင်းပန်တဲ့ပုံမဟုတ်လောက်ဘူး။ အစ်မကြီးက သစ္စာဆိုပြီး နတ်မြတ်နတ်ကောင်းတွေကိုပင့်ဖိတ်လိုက် တော့ သူဒုက္ခရောက်လို့ မလုပ်ဖို့တောင်းပန်တာပဲဖြစ်လိမ့်မယ်”

“ဒါဆို ထွက်မသွားသေးဘူးပေါ့”

“ထွက်မသွားသေးပါဘူး။ နှစ်ချို့နေတော့ အစွမ်းအစကလည်းကြီးနေပြီ၊ သူ့ကို နှင်ထုတ်မှရတော့မယ်”

“ကူညီပါဦးဆရာရယ်”

“ကျွန်တော်တို့ လုပ်ပေးပါ့မယ်။ ကိစ္စတွေအားလုံးပြီးရင် သံဃာတော်တွေပင့်ပြီး ပရိတ်ရွတ် အမျှဝေလိုက်ပေါ့”

“လုပ်ပါ့မယ်ဆရာ။ ဘာတွေလိုအပ်သေးလဲရှင့်”

“ဘာမှမလိုအပ်ပါဘူး။ ကန်တော့ပွဲပြင်ဖို့ ကားပေါ်မှာပါလာပါတယ်”

“ဆရာတို့က တစ်ခါတည်းပြင်ဆင်ပြီးလာကြတာကိုး။ ဝမ်းသာလိုက်တာ ဆရာတို့ရယ်”

“မအေးအေးစိုးပြောကတည်းက ဘာလုပ်ရတော့မယ်ဆိုတာ ကျွန်တော်တို့သိပြီးသားပါ”

“ဟုတ်ကဲ့ဆရာ”

“ဟုတ်တယ်အမေ။ ဒီကပြန်တော့ ဆရာဦးခင်ကြိုင်ဆီ တစ်ခါတည်းဝင်လိုက်တယ်။ ဟောဒီဆရာကြီးလည်းရှိနေတယ်။ ဆရာတို့ကို သ မီးအကုန်ပြောပြလိုက်တော့ ဆရာတို့အချင်းချင်းတိုင်ပင်ပြီး သမီးကို လိုအပ်တာတွေဝယ်ခိုင်းလို့ မနေ့ညနေကတည်းက ဝယ်ထားလိုက်တာ”

“ကောင်းတာပေါ့ သမီးရယ်”

“ကျွန်တော်တို့ ပွဲပြင်မယ်။ ကျွန်တော်တို့ အလုပ်စတဲ့အချိန်မှာ ကလေးတွေကို အပြင်ခေါ်ထုတ်သွားစေချင်တယ်။ ကြွက်မနိုင် ကျီမီးနဲ့ရှို့ မှာစိုးလို့”

“ဗျာ….ဆရာပြောတာ နားမလည်ဘူးခင်ဗျ”

“အဖေကြီးရယ်….ဆရာတို့ကိုမလုပ်နိုင်လို့ ကလေးတွေကို တစ်ခုခုလုပ်မှာစိုးတယ်လို့ပြောတာ”

“ဪ…..ဟုတ်ကဲ့……ဟုတ်ကဲ့..”

“ကလေးတွေရော ခွေးရော သမီး အပြင်ခေါ်သွားပေးမယ်အမေ”

“အေးအေး…..သမီး…”

“ဆရာကိုခင်ကြိုင်ရေ…ပွဲပြင်ဖို့လုပ်တော့ဗျာ……”

“ဟုတ်ကဲ့ ဆရာ..”

****************************

ဆရာဦးသောင်းဝေနှင့်ဆရာဦးခင်ကြိုင်တို့ ပွဲပြင်ပြီး သရဲနှင်ကြသည့်အချိန်တွင် အိမ်ပြူတင်းပေါက်များ တဂျိမ်းဂျိမ်းနှင့် ရိုက်ကုန်သည်။ ကုလားထိုင်ကို ဆွဲလှန်သည်။ နောက်ဖေးမှ အိုးခွက်ပန်းကန်များကျကွဲကုန်သည်။ ဆရာဦးသောင်းဝေက ထွက်ရပ်ပုဂ္ဂိုလ်ကြီးများကိုပင့်ဖိတ်ပြီး နှင်ထုတ်သည့်အခါ တစ်အိမ်လုံးသွက်သွက်ခါသွားပြီး မကြာခင်မှာပင် ငြိမ်သက်သွားလေသည်။

ကိစ္စပြီးမြောက်၍ ကံ့ကော်ပင်ကြီးအောက်သို့ သွားကြည့်ကြသည့်အခါ မြေပြင်ပေါ်၌ အကိုင်းအခက်များနှင့် ကံ့ကော်ရွက်များပြန့်ကြဲနေ သည်ကို မြင်တွေ့လိုက်ရလေသည်။ ခြံစောင့်ကြီးအား နှင်ထုတ်ပြီးစီးသွားသည့်နောက် သံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်းသင်္ကန်းကပ်လှူ၍ အ မည်ခေါ်ကာ အမျှပေးဝေခဲ့သည်။ ထိုအချိန်မှစ၍ ဦးစိုးမင်းအောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့နေထိုင်သည့်အိမ်နှင့်ခြံသည် ခြောက်လှန့်ခြင်းမရှိတော့ပေ။

ဦးစိုးမင်းအောင်နှင့်ဒေါ်လဲ့လဲ့စိုးတို့သည် ညစဉ်ညတိုင်း နတ်ကောင်းနတ်မြတ်များအားပင့်ဖိတ်ကာ ပရိတ်တော်များကို ရွတ်ဆို၍ အမျှ ပေးဝေကြသဖြင့် ကျက်သရေတိုးကာ စီးပွားတက်ခဲ့ကြလေတော့သတည်း။

**************************

ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#ဦးစိုးမင်း
#လဲ့လဲ့
#အဖေ
#ကံ့ကော်ပင်
#ဘိုးဘိုး

Some text some message..