ကလေးချင်းလဲဖို့ ကြိုးစားတဲ့သဘက်ကြီး
lotaya.mpt.com.mm
|
2020-03-20

ကလေးချင်းလဲဖို့ ကြိုးစားတဲ့သဘက်ကြီး
စာရေးသူ : Scary Myanmar-Chilli 

(ငါ့နေရာလွတ်အောင်လုပ်ပေးရဲ့ အဆက်လေး တင်လိုက်ပါတယ်)



“မိစုရေ လမ်းလျှောက်ထွက်ရအောင်ဟေ့”

“ဟုတ်ကဲ့ မမ လာပါပြီ…”

ခိုင်တစ်ယောက် အိမ်ထဲမှာပဲနေရတာ ငြီးစီစီနိုင်လွန်းပြီး အခုတလောဘုရားတရား လုပ် လိုစိတ်လည်းမရှိတာ ကိုယ့်ကိုယ်ကိုယ်သတိထားမိပါတယ်။ အခုလည်းညနေစောင်းရင် ခိုင့်အမျိုးသားကိုကြီးပြန်လာကာ နီးပြီမို့ ရေမိုးချိုးပြီး သူ့ကိုလဲကြိုရင်း ခြေခင်းလက်ခင်း သာအောင် လမ်းလျှောက်ပြီး ကြိုနေဖို့ စဉ်းစားထားပါတယ်။

ဒီဒေသလေးက နေလို့ ကောင်းပါတယ်။ တောင်တန်းကြီးကိုနောက်ခံထားပြီး တောင်ခြေမှာ စစ်တပ်ဝန်းကြီးတည်ဆောက်ထားပါတယ်။ ဒီအထဲက အရာရှိတွေ နေတဲ့အိမ်လုံးချင်းကြီးတစ်လုံးမှာ ခိုင်ခိုင်တို့ နေပါတယ်။ ခိုင့်အမျိုးသားက ရာထူး ကြီးကြီးထဲကမို့ ခိုင်ကိုယ်တိုင်မှာလဲ တပ်ထဲလိုက်နေရပါတယ်။ ပြီးတော့ တပ်ထဲ နေရ သူတို့ရဲ့ ထုံးစံအတိုင်း ဓမ္မစကြာရွတ်တာမှ အစပြုလို့ တပ်တွင်းစည်းကမ်းချက်တွေ ထုတ်တာ၊ ကတော်တွေအနေနဲ့ အချက်အပြုတ်တွေမှာ ကူညီရတာမျိုးတွေနဲ့ မအား မလပ်ရအောင် အလုပ်တွေက အမြဲရှိနေတတ်ပါတယ်။

အခုနောက်ပိုင်းတော့ ခိုင်က မီးဖွားကာနီးနေပြီမို့ လှူထားတဲ့ကျောင်းဖက်တောင် မရောက် ဖြစ်ပဲ ခိုင့်အမျိုးသားကသာ ဘုန်းဘုန်းဆီသွားပြီး လိုအပ်တာတွေ ဝတ်ဖြည့် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ခိုင်တောင် ပြီးခဲ့တဲ့ လကမှ လှူထားတဲ့ ဘုန်း ကြီးကျောင်းကို ခင်ပွန်းသည်နဲ့ တူတူသွားပြီး ဆီတစ်ပုံးလှူခဲ့ပါသေးတယ်။

“မမ လမ်းလျှောက်မယ်ဆို သွားလို့ရပါပြီ”

မိစုလာပြောမှပဲ အတွေးတို့ကိုဖြတ်လို့ အနွေးထည်လေးကို တင်းတင်းစေ့ရင်း လမ်းလျှောက်ဖို့ ပြင်လိုက်ပါတယ်။ ခိုင်တို့ အိမ်မှာ အိမ်ရှေ့ဝင်ဝင်ခြင်းလှေကားသုံးထစ် လောက်တက်ရပြီး ဝရံတာလေးတစ်ခုကို ဖြတ်ပြီးမှ အိမ်ထဲရောက်တာပါ။ ဒီဝရံတာမှာ ထိုင်ပြီး လမ်းမဘက်ကိုငေးနေရတဲ့ အရသာကို ခိုင်က ကြိုက်လှပါတယ်။

အရင်တုန်းကဆို အားနေရင် ဘုရားစာဆို၊ ပုတီးစိပ်ခြင်းတို့ကို ဒီဝရံတာလေးမှာထား တဲ့ လှုပ်ကုလားထိုင်လေးပေါ်မှာ ထိုင်ရင်းပြုလုပ်နေကြ။ ဒီလိုမလုပ်ဖြစ်လဲ အားနေရင် သိုးမွှေးထိုးတံလေးနဲ့ မွေးလာမယ့် သားသားလေးအတွက် ဦးထုပ်လေးတွေ၊ ခြေအိတ် လေးတွေကို ထိုင်ပြီးထိုးနေတတ်တာပေါ့။ အခုကျတော့ နောက်ဆုံးတစ်ခေါက်ဘုန်း ကြီးကျောင်းက ပြန်လာပြီးမှ ဘုရားလည်း မကန်တော့ချင်၊ စိတ်တွေကလည်းလေးလံ နေ၊ ဘုရားရှိခိုးလိုက်မယ်ဆိုရင်လည်း တစ်စုံတစ်ခုက ခိုင့်ကိုယ်ထဲကို ပူးဝင်ချင်လာသလိုလို ကတုန်ကယင်တွေဖြစ်ပြီး မျက်ရည်တွေက ကျလာတဲ့ဝေဒနာကို ခံစားနေရတာမို့ ဘာမှကိုမလုပ်ပဲအိပ်ယာထဲမှာပဲ လှဲနေဖြစ်တာ အချိန်တစ်လကျော် လောက်တောင်ရှိနေပါပြီ..။

အိမ်ရှေ့မှဆိုရင် ခြံကျယ်ကြီးကိုဖြတ်ပြီးရင် ကုက္ကိုလ်ပင်တွေ တန်းစီနေတဲ့ လမ်းလေး အတိုင်း ကိုကြီးရဲ့ ဂျစ်ကားလေးပြန်လာမှာကို မျှော်လို့လဲ ရပါတယ်။ ဒါကြောင့် ဒီနေ့ မှာ အဲဒီကုက္ကိုလ်ပင်တန်းလမ်းလေး အတိုင်း လမ်းလျှောက်မယ်လို့ စိတ်ကူးထားတာ လည်း ဖြစ်ပါတယ်။

“မမအခုတလောမျက်နှာလည်း မကောင်းဘူး။ အစားလည်းမစားဘူးနော်”

“ဟုတ်တယ်..မမအခုတလော စိတ်တွေလေးလံရှုပ်ထွေးနေတာ..အဓိကက ဘုရားတရား မလုပ်ချင်တဲ့စိတ်ဖြစ်နေတာ။ ဒီစိတ်ကိုသိလို့ သတိထားပြီးလုပ်တော့လဲ အဆင်မပြေဘူး။ ငိုချင်လာတယ်”

“မမတို့ ဆရာနဲ့ ပြကြည့်ပါလား..ဒါက ရိုးသားရဲ့လားမှမသိ”

မိစုပြောမှ သတိရသွားပါတယ်။ ကိုယ်လည်း ဒီလိုခံစားနေရတာမို့ ကိုကြီးအလုပ်အားတဲ့ အချိန်ကြရင် ဆရာရာဇာဆီဖုန်းဆက်ခိုင်းဦးမယ်လို့ အတွေးတစ်ချက်ဝင်လာပါတယ်။

နှစ်ယောက်သားစကားတပြောပြောနဲ့ လမ်းလျှောက်ပြီး တော်တော်ဝေးဝေးရောက်မှ ပြန်လှည့်လာကြပါတယ်။ ဒီအချိန်မှာပဲ ပတ်ဝန်းကျင်ကဗြုန်းဆို ညိုမှိုင်းသွားပါတယ်။ လေတွေက နည်းနည်း ခပ်ပြင်းပြင်းတိုက်လာပါတယ်။

“ဟယ် မမ မြန်မြန်လျှောက်နိုင်လား..ဒါလေနီကြမ်းလာတော့မှာလားမသိဘူး”

“ဟင်ဘာလဲ လေနီကြမ်း..ဘာဖြစ်တာလဲ”

“လာလာ မမ ခပ်သွက်သွက်လျှောက်..လေနီကြမ်းဆိုတာ ဒီဒေသမှာ ညနေပိုင်းတွေမှာ ဖြစ်တတ်တယ်။ အမှန်တော့ လေပွေအကြီးစားပါပဲ..ဖုန်တွေသဲတွေ အလုံးလိုက်သယ် လာတာ လာလာ မြန်မြန်”

နှစ်ယောက်သားမပြေးယုံတစ်မယ်ခြေလှမ်းတွေနဲ့ လျှောက်လာချိန်မှာပဲ “ဝူး…ဝေါ” ဆိုတဲ့ စိတ်နှလုံးနောက်ကျိဖွယ် အသံကြီးကိုကြားလိုက်ရပါတယ်။ ဒီအသံကြားတဲ့ အချိန်မှာ ခြံရှေ့ကိုရောက်နေပါပြီ။

ခိုင်က နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ လေပွေလုံးနီရဲရဲ အရောင်ကြီးက ခပ်သွက်သွက်နဲ့ ခိုင်တို့နားကိုရောက်နေသလိုတွေ့လိုက်ရပါတယ်။ ခိုင်တို့ ဘယ်လိုမှ မလွတ်တော့ပဲ အဲဒီလေပွေလှိုင်းက ဖြတ်သန်းသွားသံနဲ့ အတူ ဆံပင်တွေ အင်္ကျ ီတွေ ကို သဲတွေ ဖုန်တွေနဲ့ စုပ်ပက်လိုက်သလိုဖြစ်ပြီး မတ်တပ်တောင်မနည်း ရပ်နေရ ပါတယ်။

မိစုက ကျစ်ကျစ်ပါအောင် ဖက်ထားပေးရင်း ခိုင့်ခန္ဓာကိုယ်ကို သူ့ကိုယ်နဲ့ စီးမိုးထားရာက နေ ရုတ်တရက် ဖြောင်းဆိုတဲ့ အသံကြီးကြောင့် ခိုင့်ကို ဆောင့်တွန်း လိုက်ပါတယ်။

“အမလေး ငါ့ဗိုက်ငါ့ဗိုက်…” ဆိုပြီး အော်ရင်းနဲ့ လဲကျသွားတာမှာ သတိထားပြီးဘေးကို စောင်းလိုက်တာကြောင့် ခိုင်ဟာ ပစ်လဲ သွားပေမယ့် ဗိုက်ကို ကာကွယ်လိုက် နိုင်ပါတယ်။

“မမ အဆင်ပြေရဲ့လား… ကန်တော့ပါ.. ဗိုက်ကိုထိသွားသေးလား.. သမီးအမှားပါ”

ငိုသံပါကြီးနဲ့ မိစုရဲ့ အော်သံကြောင့်ခိုင်စိတ်ကို တင်းပြီး

“ဟယ်မငိုနဲ့ မငိုနဲ့ ဘာမှမဖြစ်ဘူး..နင် မမအသက်ကိုကယ်လိုက်တာ။ ကျိုးကျတဲ့ သစ် ကိုင်းက နည်းတာမဟုတ်ဘူး.. ဘယ်နားထိသွားသေးလဲ”

“ကျောကုန်းပေါ်ကျပြီး အစ်မခြေထောက်ကို ပါ ပိတာပဲ..ပြဦး ပြဦး မမဘယ်နေရာထိ သွားလဲ”

အဲဒီလိုတွေ နှစ်ယောက်သားကမ္ဘာပျက်မတတ်လန့်ဖြန့်ပြီး မေးနေရပေမယ့် တိုက်ထား တဲ့လေအရှိန်ကြောင့် ပတ်ဝန်းကျင်က မှုန်ဝါးနေပြီး နှစ်ယောက်သား ဝေဝဝါးဝါးသာ မြင်ရပါတယ်။

“ကျွီ..ဂလုံး…ဂလုံး”

နှစ်ယောက်သား အသံတစ်ခုကြားတော့ ကြားတဲ့နေရာဆီလှမ်းကြည့်လိုက်ပါတယ်။ လေအရှိန်ကြောင့် လှုပ်ကုလားထိုင်ဟာ တဒုန်းဒုန်း မြည်နေပြီး သေချာကြည့်လိုက် တော့ အမွှေးအမျှင် မည်းမည်းနဲ့ တစ်ကောင်ထိုင်နေပါတယ်..ပြီးတော့ ခိုင်တို့ နှစ် ယောက်ဆီ လက်ညှိုးလှမ်းထိုးလိုက်ပါတယ်။

သွေးပျက်ဖွယ်မြင်ကွင်းကြောင့် လန့်ဖြန့် ပြီး ခိုင်တို့ အော်လိုက်တဲ့ အသံဟာ စစ် တပ် တစ်ခုလုံးတောင် ကြားရလောက်တဲ့အထိပါပဲ။


“ဟေးလာကြဟေ့ ဗိုလ်မှူးကတော်လဲနေလို့..ဗိုလ်မှူးကတော်ချော်လဲနေလို့.. ဆေး တပ်သားသယ်စရာယူပြီးအမြန်လာ..တပ်ဆေးရုံကိုပို့ဖို့လုပ်”
ရဲဘော်လေးတွေရဲ့ အော်သံနဲ့ အတူ ခိုင်တို့ လည်းပတ်ဝန်းကျင်ကိုလင်းလင်းထင်း ထင်းမြင်လိုက်ရပါတယ်။

“အစ်မ ဘယ်လိုဖြစ်ရတာလဲ အစ်မရယ်”

“အေး လေနီကြမ်းတိုက်ပြီးသစ်ကိုင်းကျိုးကျတာပဲ..မိစုကိုကြည့် မိစုက ငါ့ကိုတွန်းပြီး ကယ်လိုက်တာ.. သူအရိုးတွေများကျိုးကုန်ပြီလား..ငါ့ခြေထောက်လဲ သစ်ကိုင်းခြောက်နဲ့ ရိုက်မိတာ သွေးတွေ ထွက်ကုန်ပြီ”

“ခင်ဗျာ..လေနီကြမ်းဟုတ်လား.. သစ်ကိုင်းကျိုးကျတယ်ဟုတ်လား..အဲဒီသစ်ကိုင်း ကောဘယ်မှာလဲ”

“အစ်မတို့လမ်းလျှောက်နေတာကော နောက်လှည့်ကြည့်လှည့်ကြည့်နဲ့ ပြေးလာတာ ကော မြင်လိုက်လို့ ဘာများဖြစ်လဲလို့ ကျွန်တော်ပြေးလာတာပဲ..ဘာလေနီကြမ်းမှ မတိုက်သလို ဘာသစ်ကိုင်းကျိုးတာမှလည်း မမြင်ဘူး..မိစုတွန်းထည့်လိုက်တာပဲ မြင်တာ”

“အမလေး မမကယ်ပါ..နာရတဲ့ကြားထဲ သူပြောမှ အမှုပိုကြီးနေပြီ..ခုဏကလဲ သရဲ လား တွေ့သေးတယ်”


“ဟုတ်တယ် မိစုတွန်းတာ မဟုတ်ဘူး လျှောက်မပြောနဲ့။ ငါ့ကိုကယ်တာ”
“ဒါဆို အစ်မတို့ပြောတဲ့ သစ်ကိုင်းခြောက်က ဒီလောက်တောင်ကြီးတာ အခုဘယ်မှာလဲ”

ခိုင်တို့ ကိုယ်ပေါ်မှာလည်း ခုဏတုန်းကလို သဲတွေဖုန်တွေ တစ်စက်မှပေမနေပါဘူး။ ဒါပေမယ့်လည်း ခဏအကြာမှာ ဆေးရုံသွားဖို့ကားတွေပါရောက်လာတာမို့ နှစ်ယောက် စလုံးကို ထူမသယ်ပေးပြီး ဆေးရုံရောက်သွားပါတယ်။

အရင်းစစ်လိုက်တော့ မိစုနောက်ကျောမှာ အညိုမည်းစွဲပြီးထိတ်လန့်တုန်လှုပ်နေတာ ကြောင့် အိပ်ဆေးထိုးလိုက်ပြီး ဆေးခန်းမှာပဲ အိပ်ပျော်နေပါတယ်။ ခိုင်ကတော့ ကိုယ် ဝန်ကို အာထရာဆောင်းပြန်ရိုက် ခြေထောက်အဆစ်လွဲသွားတဲ့အတွက် ဆေးစည်းပြီး ဆေးရုံမှာ တစ်ရက်နားရမယ်လို့ ပြောပါတယ်။

သတင်းကြားတဲ့ ကိုကြီးဟာခိုင့်ဆီ အပြေးအလွှားရောက်လာပါတယ်။

“ကိုကြီး ခိုင်ရန်ကုန်မှာ ပြန်ပြီးကလေးမွေးမယ်။ ဒီမှာ နည်းနည်းမှမနေနိုင်တော့ဘူး။ ကြောက်လွန်းလို့ သေတော့မယ်။ သရဲကိုလည်းတွေ့လိုက်တယ်”

“ခိုင် ဆရာဝန်ကပြောတယ်။ ကိုယ်ဝန်မွေးကာနီးနေပြီမို့ ဘယ်မှသွားလို့မရတော့ ဘူး။ ခိုင့်မေမေကို ဖုန်းဆက်ထားတယ်နော်..သဘက်ခါလောက်ရောက်လိမ့်မယ်။ ကိုကြီး သွားကြိုပေးမယ်..ခိုင်အားမငယ်နဲ့..မိစုက ခိုင့်ကို ဆောင့်တွန်းလိုက်တာဆို”

“သူကယ်လိုက်တာပါဆိုမှ ..ကိုကြီးစဉ်းစားကြည့်။ သစ်ကိုင်းပြုတ်ကျလို့ သာ သူ့ ကျော ကုန်းမှာ အညိုမည်းစွဲနေတာပေါ့။ ပြီးတော့လှုပ်ကုလားထိုင်မှာ တကယ်ကို သရဲရှိ နေတာ”

“ကဲ ခိုင်စိတ်မသန့်ရင် ကိုယ်အထက်ကိုတင်ပြပြီး ရဲဘော်လေးနှစ်ယောက်ကို ခိုင်မီးဖွား ပြီးချိန်ထိ ခေါ်ထားပေးမယ်။ ဘေးနားမှာလဲ မေမေလဲရှိမယ်။ ကိုကြီးလဲရှိမယ်။ မိစု လည်းရှိမယ်။ ဒေါ်စောကိုလည်းစောင့်ခိုင်းမယ် ဘယ်လိုလဲ”

ဒီလောက်ဆိုမှတော့ ခိုင်လည်းဆက်မပြောနိုင်တော့ပါ။ ကိုကြီးကလက်တွေ့သမား ဆိုတော့ တော်ကြာခိုင်အရမ်းကြောက်ပြနေရင် မိစုကိုပဲ အပြစ်မြင်လာမှာစိုးရိမ်တာ လည်းပါပါတယ်။ အခုတောင် မိစုကတွန်းတယ်ဆိုပြီး ဖြစ်နေတာမို့ ခိုင့်မှာမနည်းရှင်း ပြနေရတာကိုး။

ဆေးရုံမှာအခန်းတစ်ခန်းရတော့ ဒေါ်စောကော၊ မိစုကော၊ တပ်မိသားစုဝင်တွေပါ ဒီတစ်ညကို ဝိုင်းစောင့်ပေးကြတော့ ခိုင်လည်းနည်းနည်းအားရှိသွားပါတယ်။ ခိုင် ဟာလဲကျတဲ့ အရှိန်နဲ့မို့ သွေးနည်းနည်းဆင်းချင်သလိုဖြစ်နေတာကြောင့် ဆေးတွေ သွင်းထားရပါတယ်။ ကလေးကိုမထိခိုက်တာ သေချာတယ်ပြောလို့ စိတ်အေးရ ပါ တယ်။

ညဆယ်နာရီလောက်မှာ ဘေးကုတင်မှာ မိစုကတော့ ဆေးအရှိန်နဲ့ အိပ်ကောင်းဆဲ။ ရဲဘော်လေးနှစ်ယောက်ရဲ့ မိန်းမတွေလည်း ပြန်သွားကြပါပြီ။ ဒေါ်စောကတော့ တစ်နေကုန်ပင်ပန်းထားသူမို့ ခုံနှစ်လုံးကို ဆက်ပြီးအဲဒီပေါ်မှာ သဘက်လေးခေါင်း အုံးလို့ အိပ်နေပါတယ်။

ကိုကြီးက ညဆယ့်နှစ်နာရီလောက်မှ ပြန်လာမယ်ဆိုပြီး လိုတာတွေ ယူသွားပါတယ်။ ခိုင်တစ်ယောက်ထဲကျန်တော့တာမို့ အိပ်ပျော်အောင်ကြိုးစားလိုက်ပါတယ်။ ဒီအချိန် မှာပဲ ဆေးရုံကော်ရစ်တာဆီကနေ အသံအချို့ကြားလာရပါတယ်။

“ဘုတ်..ဘုတ်..ဘုတ်”

ပြီးတော့ ပိတ်ထားတဲ့ အခန်းတံခါးကိုတွန်းဖွင့်တဲ့အခါ ဖွင့်မရပဲ တံခါးက ဂျောင်းဂျောင်း မြည်လာပါတယ်။

“ဒေါ်စောထပါဦး”

“ဟင် ငါ့အသံမထွက်ပါလား..ဟာတကိုယ်လုံးလည်းလှုပ်မရဘူး..။ ကယ်ကြပါ။ ကယ်တော်မူကြပါ”

အော်နေပေမယ့် အသံကမထွက်ပါဘူး.. ဒီအချိန်မှာပဲ တံခါးတစ်ချက်ကပွင့်လာပြီး လူမည်းမည်းကောင်ကြီး ဝင်လာပါတယ်။ ခိုင်မျက်လုံးစုံမှိတ်ပြီး ဘုရားစာဆိုလည်း သူကထွက်မသွားပါဘူး။

အဲဒီလူကြီးက ခိုင့်ဗိုက်ကိုလက်လာတင်ပြီး အထဲက တစ်ခုခုကို ဆွဲထုတ်ယူမလို လုပ်နေ ပါတယ်။ ခိုင်ကြောက်လန့်စိတ်တအားများနေပေမယ့် ငါ့ကလေးကို သူယူတော့မယ်ဆို ပြီး ရသမျှကာကွယ်ရမယ်ဆိုတဲ့ လှုပ်ကြည့်လိုက်တော့ လက်က လှုပ်လို့ ရသွားပါတယ်။

ကျန်တဲ့ အစိတ်အပိုင်းတွေ့ လှုပ်လို့မရသလို အသံလည်း မထွက်နိုင်သေးပါဘူး။ ဒီမည်း မည်းအကောင်ဟာ ခိုင့်လက်လှုပ်ရသွားတာသိတော့ ခိုင့်လက်ကို လိုက်ဖိပါတယ်။ ခိုင်က လွတ်နေတဲ့ လက်တစ်ဖက်က နေ ခေါင်းရင်းမှာထပ်ထားတဲ့ ပုဝါလေးတွေကို ယူပြီးလုံပြီး ဒေါ်စောနဲ့ မိစုမျက်နှာနားကို လှမ်းပစ်ပေါက်ပါတယ်။

လက်ကိုင်ပုဝါကခြောက်ထည်လောက်ပဲ ထပ်ထားတာပါ..။ မည်းမည်းအကောင်ကလည်း အံတကျီကျီ ကြိတ်ပြီးကို ခိုင့်လက်တွေကိုဖမ်းပါတယ်။ နောက်ဆုံးမှာ သူ့လက်ဟာ ခိုင့်ပါးစပ်နားရောက်လာတာမို့ ဘာဘာ ညာညာ စဉ်းစား မနေတော့ပဲ ကိုက်ချထည့်လိုက်ပါတယ်။


သားရေပြားကို ကိုက်ရသလိုဖြစ်ပေမယ့် ခိုင်လုံးဝမလွှတ်ပါဘူး။
“ဝူး အူး အူး” ဆိုတဲ့အသံကြီးနဲ့ အော်ပြီး ခိုင့်နဖူးကို တခြားလက်တစ်ဖက်နဲ့ ဖိထားပါ တယ်။ နောက်ဆုံးတော့ သူ့လက်က ခိုင့်ပါးစပ်ကလွတ်ထွက်ပြီး သူအော်ပြေးတော့ တာပဲ။ သူထွက်ပြေးသွားတာ ဒယီးဒယိုင် နဲ့ မို့ တံခါးရွက်ကြီးကိုတိုက်ချထည့်လိုက်တာ “ခွမ်း” ကနဲ မြည်အောင် တံခါးမှန်က ကျကွဲ သွားပါတယ်။

“မမ ဘာဖြစ်တာလဲ.. သမီးဘာဖြစ်တာလဲ” တံခါးပေါက်ကမှန် ကျကွဲသံကြားမှ နိုးလာ ပြီး မေးကြပါတယ်။

ဝိုင်းမေးကြတဲ့အချိန်မှာ ခိုင်ဟာ ချွေးစေးတွေနဲ့ မောပန်းစုတ်ပြတ်သပ်နေပါပြီ။ ကိုကြီး လည်း ရောက်လာတာမို့ အရမ်းကို အံ့သြနေပါတယ်။ ခိုင်ဟာ ဆေးရုံကုတင်ပေါ် မှာ သက်တောင့်သက်သာနေရပေမယ့် အင်္ကျ ီတွေတွန့်ကြေ။ ဆံပင်ဖွာလန်ကြဲပြီးတကယ့် ကိုသရဲရုပ်ပေါက်နေတော့တာကိုး။

ပြီးတော့ အခန်းတံခါးဟာလေမတိုက်ပါပဲ ကျကွဲသွားသေးတာကိုး။ ကိုကြီးဟာ တစ်ခုခု ကို အလေးအနက် စဉ်းစားနေပြီး ခိုင့်ကိုခြေဆုံးခေါင်းဆုံးကြည့်ပါတယ်။ပြီးတာနဲ့

“ခိုင် ဒီလက်မှာ ဘာလက်စွပ်ဝတ်ထားတာလဲ..တစ်ခါမှမမြင်ဖူးဘူး”

“အော် ဆင်မြှီးလက်စွပ်လေးပါကိုကြီး”

“ဘာအတွက်ဝတ်ထားတာလဲ။ အရင်ကမမြင်မိပါဘူး။ ဘယ်သူပေးတာလဲ”

“ဘုန်းကြီးကျောင်းကို နောက်ဆုံးတစ်ခေါက်သွားတုန်းက နတ်လမ်းမှာ အဖွားတစ် ယောက် ကတွေ့လို့ပေးထားတာပါ”

ဟုတ်ပါတယ်။ ဒီလက်စွပ်ကို ခိုင်ရလိုက်တုန်းက ခိုင်တို့ ဆောက်လုပ်လှူတန်းထား တဲ့ ဘုန်းကြီးကျောင်းကို ဆီပုံးသွားလှူစဉ်ကပါ။ အဲဒီအခေါက်တုံးက ခိုင်က ကားမူးလာ တာမို့ မပြန်ခင် ကျောင်းဝန်းထဲမှာ လမ်းဆင်းလျှောက်တဲ့အချိန်မှာ ရခဲ့တာပါ။

အဲဒီတုန်းက ဥစ္စာစောင့်တွေ သွားတဲ့လမ်းနဲ့ မလွတ်ဘူးဆိုတဲ့နတ်လမ်းနေရာလေးက အုတ်ခုံမှာ အဖွားတစ်ယောက်ကထိုင်နေတာပါ။ ထိုင်ပြီးထလိုက်တော့ ထမရတော့ ပဲ ဖြစ်နေလို့ ခိုင်က သွားတွဲထူပေးခဲ့တာပါ။ အဖွားက ခိုင့်ကိုချစ်လို့ ဆိုပြီး ဒီလက်စွပ် လေးကို ပေးလိုက်တာပါ။

ခိုင်မယူဘူးအတန်တန်ငြင်းတော့ သူက တန်ဖိုးနည်းလို့ မကြိုက်တာလား မေးတာနဲ့ အားနာပြီး ဝတ်ထားမိတယ်ဆိုတဲ့အကြောင်း၊ လက်စွပ် မှာ အစွမ်းရှိတယ်ဆိုပြီး ပြောကြောင်း၊ ကလေးလွယ်လွယ်ကူကူဖွားမြင်နိုင်ကြောင်း၊ တကယ်လို့ မဝတ်ထားပဲ ချွတ်ထားမိ ရင် အန္တရာယ်တွေနဲ့ တွေ့နိုင်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ဟာခက်တယ် ခိုင်ရယ်..ဘာမှန်းညာမှန်းမသိပဲနဲ့ ဒုက္ခပါပဲ..ကဲကဲအခုချွတ်ထားကြည့် လိုက်ရအောင်”

ခိုင်လက်စွပ်ကိုချွတ်မယ်လုပ်နေချိန်မှာပဲ ခိုင့်ဗိုက်ထဲကထိုးအောင့်လာပါတယ်။ ဒါနဲ့ အရေးပေါ်ဆရာဝန်ခေါ်ရပြန်ပါတယ်။ လက်စွပ်ချွတ်မယ်လုပ်တိုင်းဖြစ်နေတော့ ခိုင် ချွေးသီးချွေးပေါက်တွေ ကျတဲ့အထိ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရပါတယ်။

နောက်ဆုံးမှာတော့ မချွတ်တော့ပဲ ဒီတိုင်းသာထားလိုက်ပါတယ်။ ဒီဖြစ်ရပ်တွေဖြစ်နေ တဲ့အချိန်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ကမို့ ဖုန်းတွေကလည်း ကြိုးဖုန်းတွေသာရှိ ပြီး ဆက်သွယ်ရေးက မလွယ်ကူသေးတဲ့အချိန်ဆိုတော့ ကိုကြီးကခိုင့်အတွက် တရားခွေ ဖွင့်လို့ ရတဲ့ကက်ဆက်လေးကို ဝယ်ပေးပါတယ်။

နောက်တစ်နေ့ညဆေးရုံမှာထပ်နေရမှာ မို့ အားလုံးဝိုင်းစောင့်ပေးပြီး တရားနားထောင် နေကြဖို့ စဉ်းစားထားပါတယ်။ ခိုင်ကတော့ ကြောက်ပြီး လက်စွပ်ကို ချွတ်လို့ရလိုရ ငြား ထိုင်နေရင်းတောင် ချွတ်ကြည့်နေတာ အသားနီတွေတောင်လန်ထွက်နေပါတယ်။

“ခိုင်မလုပ်နဲ့..မလုပ်နဲ့တော့..ဆရာရာဇာက ခရီးသွားနေတယ်…ဒီတော့ သူပြန်လာမယ့် အချိန်ထိစောင့်လို့လဲ မဖြစ်ဘူး။ အမေမနက်ဖြန်ရောက်လာရင် ကိုကြီးဘုန်းဘုန်းကို သွားလျှောက်မယ်..ပြီးရင် တစ်ခုခု အဖြေထွက်အောင်လုပ်ပေးမယ်။ ကိုကြီးကိုယုံပါ။ ခိုင် အိပ်ရေးဝအောင်အိပ်လိုက်ပါ”

“မဖြစ်ဘူး..သရဲ့ အိပ်မွေ့ချတတ်တယ်။ ကိုကြီးတို့ အိပ်ပျော်သွားမှာ။ခိုင်ပဲကျန်ခဲ့မှာ။ မအိပ်ရဲဘူး။လုံးဝမအိပ်ရဲဘူး”

နောက်ဆုံးမှာတော့ ခိုင့်ကိုအိပ်ဆေးထိုးပေးလိုက်ပြီး ရဲဘော်တွေကော မိစုကော ဒေါ် စောကော အခန်းထဲမှာ မအိပ်ပဲ စောင့်ပေးနေကြပါတယ်။ ဒီအချိန်မှာပဲ ညဆယ့်နှစ် နာရီကျော်တော့ တရားခွေဖွင့်ထားတဲ့ကက်ဆက်က ထောက်ကနဲဆိုပြီး ပိတ်သွား ပါတယ်။

“ဗိုလ်မှူး..စပြီလားမသိဘူး”

“ပြန်ဖွင့်လိုက်”

“ချောက်”

ဖွင့်လိုက်ပိတ်လိုက်နဲ့ လုပ်နေရလို့ ကက်ဆက်ပျက်သွားပါတယ်။ ဒါ့အပြင်တိတ်ခွေကပါ ညပ်ပြီး ထပ်ဖွင့်လို့မရတော့ပါဘူး။ လေတွေကလည်းခပ်ပြင်းပြင်းလေးတိုက်နေပါတယ်။

“ဟေ့ကောင်တွေ မင်းတို့ ပရိတ်ကြီးဆယ့်တစ်သုတ်ရလား”

“ဟာ ဗိုလ်မှူးကလည်း မရဘူး”

“စာအုပ်ကြည့်ပြီး ဆိုကြမယ်လေကွာ”

စိတ်ထဲမှာလည်း ဒီလောက်ခြောက်ချင်တဲ့ သရဲ.. လူကြံရင် ဘယ်ခံနိုင်မလဲဆိုပြီး နေမ ကောင်းတဲ့ မိစုကတော့ အိပ်လျှက်သား၊ဒေါ်စောနဲ့ ရဲဘော်မိန်းမနှစ်ယောက်ကော ရဲဘော်တွေကိုကော ဘုရားစာအုပ်တွေယူခိုင်းပြီး ရွတ်ကြပါတော့တယ်”

ခိုင်က အဲဒီအချိန်မှာ အိပ်မက်မက်နေတာပါ။ မည်းမည်းအကောင်ကြီးက အခန်းတံခါး ရှေ့မှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်ပြီး ဝင်မရလို့ တအားတွေ ဒေါသထွက်နေတဲ့ ပုံကို မြင်ရပါတယ်။ ပြီးတော့ သုတ်ကနဲ ပျောက်သွားပြီး ခိုင်တို့ နေတဲ့ အိမ်မြင်ကွင်းမျက်စိ ရှေ့မှာ မြင်လာရပါတယ်။


သူက ပန်းအိုးထဲက ပန်းပင်တွေ ကို နှုတ်ပစ်ပါတယ်။ ပြီးတော့ အိမ်ထဲကို ဝင်သွားပြီး ရှိသမျှပစ္စည်းတွေကို မုန်တိုင်းတိုက်သလို ဖျက်ဆီးပစ်နေပါတယ်။ နောက်တော့ခိုင်လဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပါတော့တယ်။
ခိုင်းနိုးလာတော့ မနက်လေးနာရီထိုးနေပါပြီ။ ကိုကြီးနဲ့ ရဲဘော်တွေကတော့ ပရိတ်ကို အပြန်ပြန်အလှန်လှန် ရွတ်လို့ ကောင်းတုန်းပဲ ဖြစ်ပါတယ်။

“ခိုင်နိုးလာပြီလား..အိပ်ပျော်ရဲ့လား”

“အိပ်ပျော်ပါတယ်ကိုကြီးရယ်..။ ခိုင်ကြောင့် ကိုကြီးတို့တွေအလုပ်များရပြီ။ သရဲကြီးက လေ ဒီမှာလုပ်လို့ မရလို့ စိတ်ဆိုးပြီး အိမ်မှာ သောင်းကျန်းနေတာ”

“ဟာမဟုတ်တာ ခိုင်ကလဲ..ဘာသရဲမှမရှိဘူး..ဟုတ်ပြီလား”

နောက်တော့ ကိုကြီးနဲ့ ရဲဘော်လေးတွေအိမ်ကိုပြန်သွားပြီး ရေမိုးချိုးပြီးကိုကြီးက မေမေ့ကို သွားကြိုပေး ပါတယ်။ ခိုင်ကော မိစုကော ဆေးရုံကဆင်းရတာမို့ တပ်မိသားစုတွေ အကူအညီနဲ့ပဲ အိမ်ကိုပြန်ပြီးတော့ မေမေတို့ကို စောင့်နေလိုက်ပါတယ်။

မေမေကတော့ ဘုရားတရားမြဲတဲ့သူမို့ ခိုင်အားတက်လှပါတယ်။ မေမေ့ကိုသွားကြို နေတဲ့ ကိုကြီးတို့ပြန်မလာခင် ခိုင်တို့ က ဆေးရုံကနေအရင်အိမ်ရောက်နေပါပြီ။

အိမ်ထဲမှာ တပ်ထဲက မိန်းကလေးတော်တော်များများကိုတွေ့တာကြောင့် ခိုင်က အော် ငါဆေးရုံကဆင်းလာလို့ သတင်းလာမေးကြတယ်လို့ပဲ ထင်လိုက်တာပါ။


“ဒေါ်စော ကလေးတွေအတွက် ရေနွေးအိုးအမြန်ကျိုပြီး ကော်ဖီဖျော်တိုက်လိုက်ပါဦး။ ပြီးတော့ မုန့် တွေဘာရှိလဲ အကုန်ချပြီးကျွေးလိုက်”
ခိုင်ကပြောပြီးဧည့်ခန်းမှာ နားနေတုန်း မိစုက ကတုန်ကရီနဲ့ ခိုင့်နားကိုလာပါတယ်။

“မမ တကယ်တော့ မမပြောတာဟုတ်တယ်…”

“ဟဲ့ဘာဟုတ်တာလဲ..ဘာကိုပြောချင်တာလဲ”

“မနေ့က သရဲကြီးက အိမ်မှာသောင်းကျန်းတယ်ဆိုတာလေ..ဗိုလ်မှူးတို့ အိမ်ပြန်ရောက်တော့ အိမ်ထဲမှာ သဲတွေ၊ဖုန်တွေရောက်နေရုံမက အပင်တွေကိုလည်းဆွဲ နှုတ်ထားတယ်တဲ့..မမပြန်လာရင် လန့်မှာဆိုးလို့ တပ်ထဲက အားတဲ့လူတွေကိုအကုန် ခေါ်ပြီး မမတို့ အိမ်ကိုရှင်းခိုင်းထားတာတဲ့”

“ဘုရားရေမိစု..ငါဒါကိုဘယ်လိုရှင်းမလဲ…ငါကြောက်လိုက်တာ”

“အိုမမကလဲ အခု မမအမေလဲလာမှာ.. ဗိုလ်မှူးကလည်း ဘုန်းဘုန်းဆီသွားမှာဆိုတော့ ဒီလောက်မစိုးရိမ်ပါနဲ့..အခုပြောတာလဲ မသိချင်ယောင်ဆောင်နေနော်..တော်ကြာမိစု အဆူခံထိဦးမယ်”

ခဏကြာတော့ မေမေတို့ ရောက်လာပါတယ်။ မေမေ့ကိုမြင်တော့ ခိုင်ဝမ်းနည်းပြီး မေမေ့ကိုဖက်ကာ ငိုကြွေးလိုက်ပါတော့တယ်။

“မောင်တင်စိုး..ဆရာတော်ဆီသွားရင် အမေပါလိုက်မယ်ကွဲ့။ ဘာဖြစ်ဖြစ် အမေပါ တော့ ဘုန်းဘုန်းကိုလည်းလျှောက်လို့ ကောင်းတာပေါ့ကွယ်”

“ဟုတ်ရပါတယ်အမေ.. သားတို့ ညနေပိုင်းလောက်သွားတာပေါ့..အခုတော့အမေ့သမီး နားနေပါဦး..သူကချွဲချင်နေတာ..ကျွန်တော်တော့ရုံးသွားလိုက်ဦးမယ်။ ပြီးရင်ပြန်လာ မယ်နော်အမေ။ ညနေစောင်းလောက်ကျမှ အမေရေမိုးချိုးပြီး ပြင်ဆင်ထားလိုက်ပေါ့”

ခိုင်ကလည်းမေမေ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါတယ်။ မေမေဟာခိုင့်လက် ကဆင်မြှီးလက်စွပ်လေးကို ဘုရားစာတွေ ဆိုပြီး ချွတ်ပေမယ့်လည်းမရတဲ့အတွက် ကတ်ကြေးနဲ့ဖြတ်မယ်လို့ လည်းလုပ်ရော ခိုင့်ဗိုက်က မတရားထိုးအောင့်နာလာပါ တယ်။

ဒီမှာပဲ လက်စွပ်ကချွတ်မရဘူးဆိုတာ သိသွားပါတယ်။ နောက်တော့ ညနေပိုင်းမှာ ကိုကြီးပြန်လာခဲ့ပြီး ခိုင်တို့ အိမ်မှာ ဓမ္မစင်္ကြာ ရွတ်ဖို့ စီစဉ်ပေးခဲ့ပြီး မေမေနဲ့ ထွက် သွားပါတယ်။


ကိုကြီးတို့ ဘုန်းကြီးကျောင်းကိုရောက်တော့ ညနေခြောက်နာရီထိုးကာနီးနေပါပြီ။
“အဖြစ်အပျက်ကတော့ အဲဒါပါပဲ ဘုန်းဘုန်း”

“ဟဲ့ ဒကာ အုန်းဝင်းကို သွားခေါ်ကြစမ်းဟဲ့”

ဘုန်းဘုန်းက လက်သမားခေါင်းကိုအုန်းဝင်းကို သွားခေါ်ခိုင်းလိုက်ပါတယ်။ သူ့ကို စောင့်နေတုန်း ဘုန်းဘုန်းက ပြောပါတယ်။

“ဒကာကြီးတို့နောက်ဆုံးတစ်ခေါက်လာတဲ့နေ့က ဒကာမကြီးပါလာတယ်မဟုတ်လား။ အဲဒီနေ့က ဒကာကြီးတို့ ပြန်သွားပြီးတဲ့အချိန်မှာ တောင်ပေါ်ကနေ လူတွေ စုပြီး အောင်ပြီ..အောင်ပြီ ဆိုပြီး အော်ဟစ်နေသံကို ကြားရတာပဲ ဒကာ..ဘုန်းကြီးက အုန်း ဝင်ကိုတောင် သွားကြည့်ခိုင်းလိုက်ပါသေးတယ်။ ဒီလို ကျတ်တွေစုပြီး အော်တာမျိုးကို ဘုန်းဘုန်းက မကြိုက်ဘူး။ ဒါကြောင့်သူတို့ ဆီကို မေတ္တာပို့ပါသေးတယ်”

စကားပြောဆိုနေတုန်းမှာပဲ ကိုအုန်းဝင်းရောက်လာပါတယ်။ ဖြစ်ပျက်နေတာတွေကို ပြောပြတော့ သူက ဆရာရာဇာလုပ်သလို နတ်လမ်းနားမှာ အစာကျွေးပြီး မေးကြည့် ရရ မရရပေါ့ဆိုပြီး ပြောလို့ ချက်ချင်းစီစဉ်ကြပါတယ်။

အချိန်က ညခုနစ်နာရီထိုးလောက်ရှိနေချိန်မှာ ဦးတင်စိုးနဲ့ ကိုအုန်းဝင်းတို့က ကြက်သား ဟင်းအိုးနဲ့ သွားပြီး ဖိတ်ခေါ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ တောထဲက အရင်တစ်ခါလာ တဲ့ အဖိုးကြီးက ခပ်သွက်သွက်ထွက်လာခဲ့ပါတယ်။

“အရင်ကတည်းက အဖိုးပြောခဲ့တယ်။ ဒီနေရာမှာ ကျောင်းဆောက်တာကို ကြိုက်တဲ့သူ တွေရှိသလို မကြိုက်တဲ့သူတွေလဲရှိပါတယ်လို့။ အခုကျတ်တွေက ဘုရားသံတရားသံ မကြားနိုင်လို့ လုပ်မလို့ စောင့်နေတုန်း ဒီကဆရာရဲ့ မိန်းမကံနိမ့်တဲ့အချိန်အမီ သူတို့ ကလေးလဲ ဖို့ လုပ်တာ။ သူတို့ ထဲက လူ့ပြည်ကိုသွားချင်တဲ့ကလေးလေးနဲ့ မင်းရဲ့ ကလေးလေးကို လဲချင်နေတာ။ ဒီလက်စွပ်က ချွတ်လို့ရလဲ မင်းမိန်းမ အသက်ပေး ရမှာ။ ချွတ် လိုက်တာနဲ့ သေမှာ..ကလေးအချင်းနဲ့ ဆက်နေအောင်လုပ်ထားတာ”

“ခင်ဗျာ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ..ကျွန်တော်တော့ တော်တော်လန့်နေပါပြီ”

“ချွတ်မရမှတော့ ဝတ်ထားရမှာပဲ။ မင်းမိန်းမကလေးမွေးပြီးတာနဲ့ ကျွတ်သွားလိမ့်မယ်။ ဒါပေမယ့် အဖိုးပြောတယ်လေ နောက်များအကူညီလိုရင်လည်း ကူညီပေးမယ်ဆိုတာ။ အခုဆင်မြှီးလက်စွပ်တစ်ကွင်းပေးခဲ့မယ်။ ငါပေးတာ အဖြူရောင်လက်စွပ်နော်။ အဲဒီလက်မှာပဲ နဂိုအမည်းရောင် ရှိ တဲ့ ကွင်းဝတ်ထားတဲ့ လက်မှာပဲ စွပ်ထားလိုက်ပါ။ ပြီးတော့ကလေးမလေးကို ဘုရားတရား ပြန်လုပ်ခိုင်းတော့..။ ကလေးမွေးပြီးတဲ့ အထိ ဒီလက်စွပ်က စောင့်ရှောက်လိမ့်မယ်။ ကလေးမွေးပြီးရင်တော့ သက်ဆိုင်ရာက လာကယ်ပါလိမ့်မယ်..ကဲသွားပြီ” ဆိုပြီးတောထဲ ဝင်ရောက်သွားပါတော့တယ်။

တစ်ခါတစ်လေမှာ ကြုံရတဲ့အဖြစ်အပျက်တွေက ထူးခြားဆန်းပြားလွန်းတာကြောင့် ကိုယ်လည်း လိုက်မမီတော့တဲ့အခါ ဗိုလ်မှူးတစ်ယောက် လက်ခံလိုက်ရပါတယ်။ အိမ်ကိုမြန်မြန်ပြန်ပြီး ခိုင့်လက်မှာ စွပ်ထားပေးလိုက်ပါတယ်။


ဘုန်းဘုန်းကလည်း မိန့်လိုက်ပါတယ်။ ခိုင်ကလေးမွေးတာနဲ့ ချက်ချင်းဆေးရုံကိုလိုက် လာမယ်လို့ ပြောတာကြောင့်အားတက်သွားပါတယ်။
အိမ်ပြန်ရောက်တော့ အိမ်မှာလူတွေ တော်တော်လေးယောက်ယက်ခတ်နေတာ တွေ့ရပါတယ်။ ခိုင်ဟာရုတ်တရက်ဗိုက်နာလာလို့ ဆိုပါတယ်။
“ကိုကြီး ခိုင့်ကိုဆေးရုံပို့ ခိုင်မွေးချင်နေပြီနေမှာ..အခု ခိုင်သရဲကြီးကိုမြင်နေရတယ်။ သူကကလေးလုမလို့ စောင့်နေတာ”

“ခိုင်ဘုရားတရား အာရုံပြုထား..ရော့ဒီမှာ ကိုကြီးတို့ နတ်လမ်းလှူပေးထားတဲ့ အဖိုး က ခိုင့်ကိုပေးလိုက်တဲ့ လက်စွပ် အခုဝတ်ထား”

ခိုင့်လက်မှာ ဆင်မြှီးလက်စွပ်အဖြူလေးကို ထပ်ဝတ်ပေးလိုက်ပြီး ပစ္စည်းတွေထည့်လို့ ဆေးရုံကိုပြေးပါတော့တယ်။ ဘုန်းဘုန်းဆီကိုလည်း မနက်စောစောမှာကားကိုလွှတ် ပြီးပင့်လာခဲ့ဖို့ ရဲဘော်အချို့ကိုမှာထားရပါတယ်။ မှာကြားနေတုန်းခိုင်ကကားခေါင်း ထဲကို အရောက် နောက်ဖေးအိမ်သာသွားတဲ့မေမေ့ ဆီက ချော်လဲ ကျတဲ့အသံ ကြား လိုက်ရပါတယ်။

“ဝုန်း..အမလေး..။ လာကြပါဦး..ဒီမှာ အန်တီချော်လဲသွားလို့”


“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ..လာကြီဦး ဒီမှာခိုင်နားကိုလာစောင့်ဦး”
ကိုကြီးမှာ ပြေးပြီး အမေ့ကိုထူတော့ အမေက ခပ်တိုးတိုးပြောလိုက်ပါတယ်။


“သား သမီးပြောတဲ့သရဲ အမည်းကောင်က အမေ့ကို တွန်းချလိုက်တယ်”
“လာအမေ တစ်ခါတည်းဆေးရုံသွားမယ်..ဟေ့ဒီမှာ အမေ့ကို လာတွဲကြပါဦး”

ဒီလိုနဲ့ ဝရုန်းသုန်းကားဆေးရုံရောက်သွားပါတယ်။ ခိုင်က သားဦးမို့ မမွေးနိုင်သေး ပါဘူး။ နာနေဆဲအချိန်မှာ ဘေးနားမှာ အမေကလဲ ဝှီးချဲနဲ့ ထိုင်ပေးပြီး ဘုရားစာ ဆိုပေးနေပါတယ်။


ခိုင် မောလို့ ခဏနားနေချိန် အခန်းတံခါးကိုဝုန်းကနဲ ဆောင့်ဖွင့်သံနဲ့ အတူ သရဲ မည်း မည်းကြီးဝင်လာပါတယ်။ ပြီးတော့ ခိုင့်နားကိုလာပြီး ခိုင့်ကို လည်ပင်းအတင်းညှစ်ပါ တော့တယ်။ ခိုင်လန့်ပြီး အော်နေပေမယ့် အမေက မသိပဲ ဖြစ်နေပါတယ်။ နောက်ပိုင်းမ ှ မေမေပြန်ပြောပြတော့ ခိုင်က မျက်လုံးမှိတ်ပြီး ညီးနေတာကိုပဲ တွေ့ရတယ်လို့ ဆိုပါ တယ်။
ခိုင့်မှာ အသက်ရှူတွေ ကြပ်လာတဲ့အချိန်မှာပဲ ဝုန်းဆို ဘေးနားမှာ နှင်းလူနဲ့ တူတဲ့ အမွှေး ဖြူဖြူရှည်ရှည်တစ်ကောင်ရောက်လာပြီး မည်းမည်းအကောင်ကို ဂုတ်ကနေ ဆွဲထုတ်သွားပါတော့တယ်။ ပြီးတော့ ဆေးရုံကော်ရစ်တာမှာ သတ်ပုတ်လုံးထွေး နေတဲ့ အသံကို ကြားရပါတယ်။

“အမေ အမေ..သရဲကြီးသရဲကြီး”


“ဘာမှ မရှိဘူးသမီး..မကြောက်နဲ့..မေမေ ဘုရားစာဆိုတာနားထောင်နေ”
ခဏကြာတော့ အပြင်မှာ အချိန်အခါမဟုတ်လေနီကြမ်းတွေကျလာပြီး ဆေးရုံကမီးတွေ လည်း မှိတ်တလှဲ့ လာတလှည့်တွေ ဖြစ်ကုန်ပါတယ်။

သားလေးကိုချောချောမောမောပဲ မနက်လေးနာရီမှာ ရိုးရိုးမွေးခဲ့ပါတယ်။ မွေးပြီးပြီးချင်း သရဲအမည်းကောင်ဟာ ဝင်လာ ပါသေးတယ်။ သူပေါ်လာတိုင်း ဘေးနားက ဖြူဖြူတစ်ကောင်ရောက်လာပြီး လုံးထွေး သတ်ပုတ်ကြပြန်တာပဲ။

ဒီမြင်ကွင်းကို ခိုင်က ကွက်ကွက်ကွင်းကွင်းမြင်နေရပေမယ့် မေမေနဲ့ ကိုကြီးကတော့ အသံတွေသာကြားနေရတာဖြစ်ပါတယ်။ တစ်ခါခါမှာ လူနာစောင့်တဲ့ခုံတွေတောင် လဲ ြ့ပိုကျပါတယ်။ ဘာမှမမြင်ရပဲ ဒီလိုတွေ ဖြစ်နေတာ တော်တော်ကို လန့်စရာကောင်းပါ တယ်။

မနက်ခြောက်နာရီလောက်မှာ ဘုန်းဘုန်းဟာဆေးရုံကိုရောက်လာပါတယ်။

“ဒကာမကြီး ဘုန်းဘုန်းကို မင်းရဲ့ သားလေးကိုရောင်းပါ”

“ရောင်းပါတယ်ဘုရား”

“အေးအေး..ရော့ရော့ ငွေတစ်ထောင်..မင်းရဲ့ သားလေးမဟုတ်တော့ဘူး။ ဘုန်းဘုန်း ရဲ့ သား၊ ဘုရားသားတော်လေးဖြစ်သွားပြီနော်..လောလောဆယ် မင်းတို့ခဏပြန်မွေး ထား..ပြီးတော့ လက်စွပ်နှစ်ကွင်းလုံးဘုန်းဘုန်းကို လှူပါ”


ထူးဆန်းလိုက်တာ… လက်စွပ်နှစ်ကွင်းလုံးရှောရှောရှူရှူ ချွတ်လို့ ရသွားတဲ့အတွက် ဘုန်းဘုန်းကို လှူလိုက်ပါတယ်။ ဘုန်းဘုန်းက ကလေးနဲ့ အမေအတွက် အန္တရာယ် ကင်း အဆောင်လေးတွေဆွဲပေးပါတယ်။
ပြီးတော့ တပ်ထဲကနေအိမ်ပတ်ဝန်းကျင်မှာလဲ သံပုံးတီးတာတွေလုပ်ပြီး ခြောက်လိုက် အန္တရာယ်ကင်းပြီလို့ မှာကြားတာနဲ့ ခိုင်ဆေးရုံကဆင်းတဲ့ညမှာပဲ လုပ်လိုက်ပါတယ်။ နောက်နေ့မှာ ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာ အိမ်သန့်မင်္ဂလာတွေလုပ်လိုက် ပြီးတဲ့နောက်တော့ ဘာမှ အခြောက်အလှန့်မရှိတော့ပါဘူး။

ခိုင်ဟာ အလှူတစ်ခုလုပ်ချင်လွန်းလို့ ဘုန်းကြီးကျောင်းဆောက်လှူခဲ့တယ်။ အမြဲလဲ ဘုရားတရားမြဲခဲ့တဲ့လူတောင်မှ အခန့်မသင့်တဲ့အခါ ဒီလိုအဖြစ်မျိုးတွေ ကြုံကြိုက်ခဲ့ ရတယ်။ ဒါကြောင့်လူတိုင်းလူတိုင်း ဘုရားတရားကို မမေ့မလျော့ လုပ်ဆောင်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းလေးကို အမြဲ ပြောပြနေခဲ့တာဖြစ်ပါတယ်..။

https://www.facebook.com/Scary-Myanmar-Chilli-336517150312232/ အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#လက်စွပ်
#မမ
#ဒေါ်စော
#သရဲ
#သစ်ကိုင်း

Some text some message..