
တောကြက်တို့က ဟိုမှသည်မှအပြိုင်အဆိုင်တွန်ကျူးနေကြသည်။ အလင်းရောင်ပေါ်လာသဖြင့် တစ်ညလုံးထိန်ထိန်သာခဲ့သည့် လမင်း ကြီးလည်း ပုန်းလျှိူးကာ တစ်နေ့တာအနားယူဖို့ပြင်နေလေပြီ။ အေးမြလတ်ဆတ်သည့်လေနှင့်အတူပါလာသည့် တောပန်းရနံ့တို့က သင်းမြမြ လေး မွှေးပျံ့နေသည်။ တောင်ကျရေစီးသံနှင့် ကျေးငှက်သာရကာတို့ အော်မြည်သံများက တောင်တောင်သဘာဝအလှကို တေးသီဆို၍ ဖော်ကျူး နေကြသကဲ့သို့ရှိနေသည်။ တစ်ညလုံး ပုန်းအောင်းနေခဲ့ကြသည့် တွင်းအောင်းသတ္တဝါငယ်လေးများက ရေစပ်သို့အပြေးအလွှားဆင်းလာပြီး အရပ် ရှစ်မျက်နှာမှ မထင်မှတ်ဘဲပေါ်လာမည့်အန္တရာယ်ကို သတိထားစောင့်ကြည့်ရင်း တောင်ကျရေကို အလုအယက်သောက်သုံးနေကြသည်။
“ဝက်ချေးတွေတော့တွေ့ပြီ ခေါင်းကြီးရေ။ တောဝက်တွေ ဒီနားတစ်ဝိုက်မှာပဲ ရှိရမယ်”
“ဖြစ်နိုင်ပါ့မလား ဖိုးထိန်။ ဒီနေရာက အောက်ခြေရှင်းတယ်။ ချုံသိပ်မရှိဘူး”
“ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဒီကောင်တွေ ဝေးဝေးလံလံမသွားဘူး။ ဆားမြေရော သောက်ရေရော ဆီးဖြူသီးရောအဆင်သင့်ရှိနေတဲ့စား ကျက်ကို အပိုင်စီးထားကြမှာ။ ချေးတွေက နွေးနေတုန်းကွ။ ခုနကမှ လာသွားကြတယ်ထင်တယ်”
“အကောင်ပေါက်လေးတွေလည်းပါတယ်ကွ။ ဒီခြေရာက အခြားခြေရာတွေနဲ့မတူဘူး။ မြေကြီးထဲကိုနစ်ဝင်နေတော့ အလေးချိန်တော် တော်စီးပုံရတယ်”
“မင်းပြောတာ ဖြစ်နိုင်တယ် ခေါင်းကြီး။ ဒီကောင်တွေ ဘယ်နေရာကထွက်လာသလဲမသိဘူး”
“ငါတို့ ရေအိုင်ဘက်ကို သွားကြည့်ရအောင်ဖိုးထိန်။ ဒီကောင်တွေလာနိုင်တာဆိုလို့ အဲဒီလမ်းကြောင်းပဲရှိတယ်။ အင်ပင်တောဘက်မှာက ခြုံရှင်းတယ်။ အပင်ကြီးတွေများတယ်။ ဝက်ပေါက်လေးတွေလည်းပါတော့ ရန်သူလာရင်ပြေးပုန်းဖို့ချုံတွေရှိမှဖြစ် မယ်”
“အဲဒီဘက်ကို မသွားချင်ဘူးကွာ”
“ဘာလဲ......မင်းက ကြောက်လို့လား။ ရေတံခွန်နားကို မသွားပါဘူးကွ”
“ကြောက်တယ်လို့တော့ မဟုတ်ပါဘူး။ မင်းလည်း ကြားဖူးထားတာပဲ”
“ငါကတော့ အဲဒါတွေကို အယုံအကြည်မရှိဘူးကွ”
“မယုံလို့တော့မရဘူး ခေါင်းကြီး။ ဒီနယ်တစ်ဝိုက်က တောလိုက်တဲ့သူတော်တော်များများ ခမောက်တောင်ကိုရှောင်ကြတာ မင်းလည်း သိတယ်။ ကျောက်ရေတွင်းရွာက အဘဦးစံတင်အကြောင်းကိုလည်း မင်းသိနေတာပဲ။ မင်းက တောဝက်ပစ်ချင်တယ်ဆိုလို့သာ လိုက်လာပေးရ တာ”
“ဘယ်သူမှမလာရဲလေ သားကောင်ပေါလေပေါ့ကွာ။ မင်းမလိုက်ချင်ရင် စောစောကပြောပါတော့လား။ နောက်တစ်ခါ ဘယ်တော့မှမ ခေါ်တော့ဘူး။ ရေအိုင်ဘက်ကို ငါတစ်ယောက်တည်းသွားမယ်။ မင်းဒီမှာနေခဲ့”
“လာပြီးမှတော့ သွားအတူ လာအတူပေါ့ခေါင်းကြီးရာ။ လာ....သွားကြစို့”
ဖိုးထိန်နှင့်ခေါင်းကြီးတို့နှစ်ယောက် ရေအိုင်ဘက်သို့ ဦးတည်လိုက်ကြသည်။ ထိုနေရာသည် သစ်ပင်ကြီးများနည်းပါးပြီး သစ်ပင်ငယ်များ ပေါများသည်။ ကျောက်တုံးကျောက်စိုင်ပေါများသည်။ အပင်များ၏အောက်ခြေ၌ ချုံနွယ်များဖြင့် ရှုပ်ထွေးနေသည်။ ရေတံခွန်မှရေကျသည့်နေ ရာတွင် ရေအိုင်တစ်ခုဖြစ်နေပြီး ထိုရေအိုင်မှနေ၍ ချောင်းငယ်သဖွယ်စီးဆင်းသွားသည်။ ရေတံခွန်နှင့် ရေအိုင်ရှိနေသဖြင့် မြေသားစိုစွတ်သည်။ သစ်ရွက်ဆွေးများအောက်၌ပုန်းအောင်းပြီး သားကောင်ခြောင်းမြောင်းနေသည့် တောကြီးမြွေဟောက်အန္တရာယ်က တောဝက်ထက်ပို၍ကြောက် စရာကောင်းသည်။ ထိုထက်ပိုပြီးကြောက်စရာကောင်းသည်က ရေအိုင်အနီးမှ ရေတံခွန်ရှိသည့်နေရာဖြစ်သည်။ ရေတံခွန်သို့ရောက်သွားသူတိုင်း ပြန်ရောက်မလာတော့ဘဲ ပျောက်ချင်းမလှ ပျောက်သွားတတ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ပြန်ရောက်လာသူတစ်ယောက် တော့ရှိပေသည်။ ထိုသူက ကျောက်ရေတွင်းရွာမှ မုဆိုးကြီး ဦးစံတင်ဖြစ်ပေသည်။ အသက်မသေဘဲ ပြန်ရောက်လာသော်လည်း ရူးသွပ်သွားခဲ့ သည်။ ခမောက်တောင်တစ်ဝိုက်သည် တောကြမ်း တောင်ကြမ်းသဖြင့် တောလိုက်သူများ ရှောင်ရှားကြသည်။ ခမောက်တောင်ခြေရှိ ရေတံခွန်နေ ရာသည် သွားရေးလာရေး ခက်ခဲသည်။ ခမောက်တောင်၏တစ်ဖက်တွင် ကရင်လူမျိုးများနေထိုင်သည့် ကရင်ရွာကြီးတစ်ရွာရှိသော်လည်း ထိုရွာမှ ကရင်လူမျိူးများသည် ခမောက်တောင်ခြေသို့လာရောက်အမဲလိုက်ခြင်းမရှိကြဘဲ ပဲခူးရိုးမပေါ်၌သာအမဲလိုက်ကြသည်။ ထိုရွာမှကရင်လူမျိုး အ များစု က တောင်ယာလုပ်ငန်းဖြင့်သာအသက်မွေးကြသည်။ ခေါင်းကြီးတို့နေထိုင်သည့် ရေငန်ရွာသည် ခမောက်တောင်နှင့်အနီးဆုံးဖြစ်ပြီး နှစ်မိုင် မျှသာဝေးပေသည်။ ခမောက်တောင်သည် ပဲခူးရိုးမနှင့်နီးစပ်နေသော်လည်း ဆက်နေခြင်းမရှိသည့် ရိုးမအစွယ်အပွားတစ်ခုဖြစ်ပြီး ခမောက်ကြီး တစ်ခုကဲ့သို့ဖြစ်နေသဖြင့် ခမောက်တောင်ဟုခေါ်ဆိုကြပေသည်။
အသက်မသေဘဲပြန်ရောက်လာခဲ့သည့် မုဆိုးကြီးဦးစံတင်အား ကြုံတွေ့ခဲ့ရသည့်အကြောင်းများကို မေးမြန်းသည့်အခါတိုင်း ခါးခါးသီး သီးငြင်းဆန်တတ်ပြီး မေးမြန်းသူကိုလည်း ထိုးကြိတ်ရိုက်နှက်တတ်သဖြင့် မည်သူမျှမမေးရဲကြတော့ပေ။ ခမောက်တောင်ခြေရှိ ရေတံခွန်အနီး၌ အမဲလိုက်မည်ဟု အသံကြားလျှင် ဦစံတင်ရောက်လာပြီး ဒေါသတကြီး တားမြစ်တတ်သည်။ ခေါင်းကြီးနှင့်ဖို;ထိန်တို့ ခမောက်တောင်ခြေ၌ တော ဝက်ပစ်မည့်အကြောင်း မည်သို့သတင်းရသွားသည်မသိ၊ ခေါင်းကြီးတို့နေထိုင်သည့် ရေငန်ရွာသို့ မနက်စောစောရောက်လာပြီး ခေါင်းကြီးတို့ကို လိုက်လံရှာဖွေသော်လည်း ခေါင်းကြီးနှင့်ဖိုးထိန်တို့က မနက်သုံးနာရီကတည်းက ထွက်သွားနှင့်ကြလေပြီ။
“သတိထားနော် ဖိုးထိန်။ ဒူးလေးကို အသင့်ပြင်ထား။ မြေအနေအထားက ငါတို့တစ်ပန်းရှံးနေတယ်။ လှစ်ကနဲပေါ်လာတာနဲ့ပစ်ထည့်လိုက်”
“အေးပါ....။ ငါတို့ ခြုံတွေဘက်က မသွားဘဲ ကျောက်တုံးတွေဘက်ကနေသွားကြမလား။ တောဝက်ထက် တောကြီမြွေဟောက်က ပို ကြောက်စရာကောင်းတယ်”
“မသွားနဲ့ ဖိုးထိန်။ လေက တောင်ဘက်ကတိုက်နေတော့ ငါတို့က လေတင်ဘက်ကဖြစ်သွားလိမ့်မယ်။ ကျောက်တုံးတွေပေါ်ကနေသွား ရင် ငါတို့အနံ့ကိုရသွားလိမ့်မယ်”
“ဒါဆိုလည်း အထဲအထိမဝင်နဲ့ကွာ။ အပြင်ကနေပဲ အခြေအနေကြည့်ပြီး စားကျက်ကနေ စောင့်ပစ်ကြမယ်”
“အေး....”
ဖိုးထိန်နှင့်ခေါင်းကြီးတို့ ဒူးလေးကို အသင့်ပြင်ကာ ခြုံတောစပ်အနီးသို့ တိုးကပ်သွားကြသည်။
“ခေါင်းကြီး......”
“ဘာလဲ......”
“ဒီဘက်ကလာတာ မဟုတ်လောက်ဘူးကွ”
“ဘာလို့လဲ ဖိုးထိန်”
“ခြေရာတွေလည်း မရှိဘူး။ ချုံတိုးထားတဲ့ပုံစံလည်း မတွေ့ရဘူး။ ငါတို့တွေ့တဲ့ခြေရာတွေအတိုင်းသာဆို အနည်းဆုံးဆယ်ကောင်အ ထက်မှာရှိလိမ့်မယ်။ ဝက်အုပ်ကြီးသာ ဒီချုံတွေကိုတိုးလာခဲ့ရင် ချုံတွေလည်း ဖရိုဖရဲဖြစ်နေလောက်ပြီ”
“မင်းက ဘယ်လိုလုပ်ချင်လို့လဲ”
“ငါတို့ အင်ပင်တောဘက်ကိုသွားကြည့်ကြမယ်”
“သွားမယ်လေ”
ဖိုးထိန်တို့နှစ်ယောက် ရေအိုင်ဘက်မှ အင်ပင်တောဘက်သို့ ပြန်လှည့်လာခဲ့ကြသည်။ အင်ပင်တောဆိုသည့်အတိုင်း အင်ပင်ကြီးများက နေပြောက်မထိုးနိုင်လောက်အောင် တစ်ပင်နှင့်တစ်ပင်ယှက်နေကြသည်။ အင်ပင်ကြီးများ၏အောက်ခြေသည် ခြောက်သွေ့ပြီး အင်ရွက်ကြွေများ မှလွဲ၍ ခြုံနွယ်ပိတ်ပေါင်းများမရှိဘဲ ရှင်းလင်းနေသည်။ ရေအိုင်ရှိရာနေရာက မြေပြန့်လွင်ပြင်ဖြစ်နေသော်လည်း အင်ပင်တောက တောင်စောင်း ဖြစ်နေသည်။ အင်ပင်တောကိုလွန်လျှင်ခမောက်တောင်သို့ရောက်သည်။ ရေတံခွန်သည် ခမောက်တောင်ပေါ်မှကျလာသည့်ရေများက တောင်ခါး ပန်းနှစ်ခုပေါ်မှတဆင့်ပြီးတစ်ဆင့်ရေအိုင်ထဲသို့ကျနေသည့် ရေတံခွန်ဖြစ်ပေသည်။
“ဖြောင်း....ဖြောင်း...ဖြန်း.....”
“ဖိုးထိန်....ဘာသံလဲကွ”
“အတောင်ခတ်တဲ့အသံကွ”
“သွားကြည့်ကြရအောင်။ ငါ့အထင် တောကြက်ချင်းခွပ်နေတယ်နဲ့တူတယ်”
ခေါင်းကြီးက ပြောပြောဆိုဆိုဖြင့် ဒူးလေးအသင့်ပြင်၍ အသံကြားရာသို့ တဖြည်းဖြည်းချဉ်းကပ်သွားသည်။ ဖိုးထိန်က ခေါင်းကြီးအ နောက်မှမလိုက်ဘဲ ခွဲထွက်သွားပြီး အင်ပင်ကြီးတစ်ပင်ကို အကာအကွယ်ယူကာ အသံလာရာကို ကြည့်လိုက်သည်။ တောကြက်ဖတစ်ကောင်က တစ်ကောင်တည်းခွပ်နေသည်။ လည်ဆံမွေးများထောင်ပြီး တိုက်ခိုက်ရန်အလစ်ခြောင်းလိုက်၊ ပြေးခွပ်လိုက်ဖြင့် တစ်ကောင်တည်းခွပ်နေသော် လည်း အတောင်ရိုက်သံ၊ ခြေခတ်သံတို့ကိုကြားရပြီး လည်ဆံမွေးအချို့ကျွတ်ထွက်သွားသည်။ တော ကြာက်ဖက အနိုင်မခံအရှုံးမပေးဘဲ အသေ အကြေခွပ်နေသော်လည်း တစ်ဖက်မှသတ္တဝါကိုမမြင်ရသဖြင့် ဖိုးထိန်အံ့အားသင့်နေသည်။ တောကြက်ဖ၏အမြီးသည် အလွန်ရှည်လျားပြီး အ သွေးအမွေးအတော်လှသည်။ အကောင်သေးသော်လည်း သတ္တိကောင်းသလို အမောလည်းလုံသည်။ တစ်ဖက်မှရန်သူကို အလစ်မပေးဘဲ လည် ဆံမွေးများထောင်၍ အလစ်ခြောင်းနေစဉ် ခေါင်းကြီးက လွယ်အိတ်ထဲမှ လောက်လေးခွနှင့်လောက်စာခဲကိုထုတ်ပြီး ချိန်ရွယ်လိုက်သည်။ ခေါင်း ကြီးကို မပစ်ရန်လက်ကာပြလိုက်သော်လည်း နောက်ကျ သွားခဲ့လေပြီ။ သားရေမျှော့ကြိုးအသံနှင့်အတူ တောကြက်ဖ ခေါင်းလည်ထွက်သွားပြီး မြေပြင်ပေါ်တွင် အတောင်ပံတဖြန်းဖြန်းခပ်ကာ အကြောဆွဲနေသည်။
“ဘာဖြစ်လို့ပစ်လိုက်တာလဲ ခေါင်းကြီး”
“တောကြက်သားကင်နဲ့ မနက်စာစားကြမယ်လေ”
“မင်းကတော့ စည်းဖောက်လိုက်ပြီ”
“စည်းဖောက်ရအောင် တောတက်လာတုန်းက ကတိခံထားလို့လား ဖိုးထိန်”
“မင်းကို ဘာမှမပြာချင်တော့ဘူး ခေါင်းကြီးရာ။ ဒီတောင်အကြောင်းကို မင်းလည်းသိပါတယ်။ တောဝက်ပစ်မယ်ဆိုရင် တောဝက်ပဲပစ် ပေါ့ကွာ။ မုဆိုးဆိုတာ တောစည်းကမ်း တောင်စည်းကမ်းကို လိုက်နာရတယ်လေကွာ”
“ငါ့ကိုဆရာမလုပ်စမ်းပါနဲ့ ဖိုးထိန်ရာ။ မင်းထက်အရင် မုဆိုးလုပ်လာတဲ့ကောင်ပါ”
ဖိုးထိန်က ခေါင်းကြီးကိုဘာမှပြန်မပြောတော့ဘဲ မျက်နှာတစ်ခြမ်းကြေမွပြီး ငြိမ်သက်နေသည့် တောကြက်ဖကို နှမြောတသစွာကြည့် နေသည့်အချိန်တွင် ခေါင်းကြီးက ဒူးလေးကိုထမ်း၍ တောကြက်ဖဆီသို့လျှောက်သွားသည်။
“ဖြန်း...ဖြန်း...ဖြန်း....”
“အောက်အီး...အီး...အွတ်”
“ဟာ.......”
“ဟင်.....”
တောကြက်ဖကို ကောက်ယူရန်လက်ရွယ်လိုက်သည့်အချိန်တွင် သေပြီဟုထင်မှတ်ခဲ့သည့်ကြက်ဖက ရုတ်တရက်ထပြီး အတောင်ပံ ခတ်ကာ တွန်လိုက်သဖြင့် ခေါင်းကြီးနှင့်ဖိုးထိန်တို့ အံ့အားသင့်သွားကြသည်။ ခေါင်းကြီးတို့နှစ်ယောက် တအံ့တဩဖြစ်နေစဉ် တောကြက်ဖက ထပျံသွားလေသည်။
“သေနေတဲ့ကြက်က ထတွန်ပြီးပျံသွားတယ်ဆိုတော့ တစ်ခုခုမှားနေပြီခေါင်းကြီးရေ”
“ဘာမှမမှားဘူးဟေ့ကောင်။ မသေသေးဘဲသတိလစ်နေတာကွ။ ဒီကောင် ဝေးဝေးမပျံနိုင်ဘူး”
“မျက်နှာတစ်ခြမ်းလုံးစုတ်ပြတ်သွားတဲ့ကြက်က တွန်နိုင်ပါ့မလားကွ။ စဉ်းစဉ်းစားစားပြောဦး”
မကြာခင်မှာပင် ခေါင်းကြီးပြောသည့်အတိုင်း တောကြက်ဖက မလှမ်းမကမ်းအရောက်၌ ပြုတ်ကျသွားလေသည်။
“တွေ့လား..ငါပြောတာမှန်တယ်မဟုတ်လား”
ခေါင်းကြီးက ဖိုးထိန်ကို ဂုဏ်ယူဝံ့ကြွားစွာပြောရင်း တောကြက်ဖကိုပြေးကောက်လိုက်သည်။
“အတော်ပဲ ဖိုးထိန်ရေ။ ငါ့မှာ ကောက်ညှင်းပေါင်းပါလာတယ်။ တောကြက်ကင်နဲ့ မနက်စာစားကြမယ်။ ချောင်းစပ်ဘက်ကို ပြန်သွားကြ စို့”
ခေါင်းကြီးက တောကြာက်ကိုခြေထောက်မှကိုင်ပြီး ချောင်းစပ်သို့ထွက်သွားသဖြင့် ဖိုးထိန်လည်း ခေါင်းကြီးအနောက်မှလိုက်သွားရလေ သည်။ ချောင်းစပ်သို့ရောက်သည့်အခါ ခေါင်းကြီးက တောကြက်ကို အမွေးနှုတ်ပြီး ဖိုးထိန်ကို ထင်းခြာက်ရှာခိုင်းသဖြင့် ဖိုးထိန်တစ်ယောက် ထင်း ခြောက်ရှာပုံတော်ဖွင့်ရလေသည်။ ထင်းခြောက်အတော်များများစုမိသည့်အခါ ခေါင်းကြီးရှိရာသို့ပြန်လာခဲ့သည်။ ဖိုးထိန်ရောက်လာသည့်အချိန် တွင် တောကြက်ဖက အမွေးစင်ကာ ရင်ခွဲ၍ တံစို့ထိုးပြီးနေလေပြီ။
“ခေါင်းကြီး....”
“ဘာလဲ.....”
“မင်းကြက်က ဟုတ်ရောဟုတ်သေးရဲ့လား”
“ဘာဖြစ်လို့လဲ”
“အသားက ဘာဖြစ်လို့ ညိုမည်းနေရတာလဲ”
“ကြက်တိုင်းဖြူရမယ်လို့ ဘယ်သူကပြောထားလို့လဲ”
“ငါတွေ့ဖူးသမျှ ကြက်တိုင်းဖြူပါတယ်ကွာ။ ဗျိုင်းအောက်သာ နည်းနည်းညိုတာ”
“မသင်္ကာရင် မစားနဲ့ပေါ့ကွာ”
ခေါင်းကြီးက ထင်းခြောက်များကို အသေအချာစီ၍ မီးမွေးလေသည်။ ခဏအကြာတွင် မီးတောက်အားကောင်းလာသဖြင့် ရေဖြင့် တောက်ပြီး မီးညွန့်ချိုးလိုက်သည်။ ထို့နောက် ကြက်ကိုထိုးထားသည့် တံစို့ကိုကိုင်ကာ မီးကင်လေတော့သည်။
“ငါတို့ တောဝက်လာတဲ့လမ်းကြောင်းကိုရှာရဦးမယ်နော် ခေါင်းကြီး။ အချိန်ဆွဲမနေနဲ့။ ညနေစောင်းလို့မှ တောဝက်မရရင် ပြန်ကြမယ်”
“ဘာလို့ပြန်ရမှာလဲ။ ညနေမလာရင် လာတဲ့အချိန်အထိ စောင့်ပစ်မှာပေါ့ကွ”
“ခက်တာပဲ ခေါင်းကြီးရာ”
“မင်းက ကြောက်နေတာလား”
“လင့်ထိုးပြီးပစ်ဖို့ အဆင်မပြေဘူးကွ”
“လင့်ထိုးစရာမလိုပါဘူးကွာ။ တောင်သရက်ပင်ပေါ်ကနေစောင့်ပြီး ပစ်မယ်”
ဖိုးထိန်က ခေါင်းကြီးကို ဆက်မပြောတော့ဘဲ ချောင်းနံဘေးသို့ထွက်လာခဲ့သည်။ တောင်ကျချောင်းရေက ကြည်လင်နေသည်။ ချောင်း ဆိုသော်လည်း ခြေသလုံးမျှသာနက်ပြီး ငါးလံမျှသာကျယ်သည်။ ချောင်းအစမို့ ငါးလံမျှကျယ်သော်လည်း စီးဆင်းသွား ရာလမ်းတစ်လျှောက်၌ တ ဖြည်းဖြည်းကျဉ်းမြောင်းသွားပြီး နှစ်လံအကျယ်မျှသာရှိတော့သည်။ တောင်ကျရေသည် ခေါင်းကြီးတို့နေထိုင်သည့်ရွာကိုဖြတ်သန်းစီးဆင်းသွား သော်လည်း ရေက အနည်းငယ်ငန်သဖြင့် သောက်သုံးရေအဖြစ် အသုံးမပြုကြပေ။ ထို့ကြောင့် လည်း ခေါင်းကြီးတို့နေထိုင်သည့်ရွာသည် ရေငန် ရွာဟု အမည်တွင်ခဲ့ရပေသည်။
အချိန်အနည်းငယ်ကြာသည့်အခါ မီးကင်ထားသည့်ကြက်က ရဲရဲနီလာလေပြီ။ သို့သော်လည်း အသားကင်နံ့က တစ်မျိုးဖြစ်နေသဖြင့် ဖိုး ထိန် နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေသည်။
“အနံ့က တစ်မျိုးဘဲကွနော် ဖိုးထိန်”
“ငါလည်း ပြောမလို့ပဲ။ မင်းမကြိုက်မှာစိုးလို့ မပြောတာ”
ခေါင်းကြီးက ကြက်ကင်မှ အသားတစ်ဖဲ့ကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။
“ဖွီး.........ထွီ......”
ပါးစပ်ထဲသို့ ကြက်ကင်ထည့်ပြီးပြီးချင်း ထွေးထုတ်လိုက်ပြီး ချောင်းစပ်သို့ပြေးကာ ပလုပ်ကျင်းနေသည့်ခေါင်းကြီးကို ဖိုးထိန် တအံ့တဩ ကြည့်ရင်း ခေါင်းကြီး လွှင့်ပစ်ခဲ့သည့်ကြက်ကင်ကိုကောက်ယူ၍ နမ်းကြည့်လိုက်သည်။ ဆိုးရွားသည့်အပုပ်နံ့ကြောင့် အော်ဂလီဆန်ကာ ပြို့တက် လာသဖြင့် ကြက်ကင်ကို အမြန်လွှင့်ပစ်လိုက်သည်။
“ထွီ……….ငါ့လခွား.....။ မသေခင်ကတည်းက ပုပ်နေတဲ့ကြက်။ သေတာပဲအေးတယ်”
“ငါပြောသားပဲ ခေါင်းကြီးရာ။ မင်းက ယုံမှမယုံတာ။ တစ်ကောင်တည်းခွပ်နေကတည်းက မသင်္ကာလို့ကြည့်နေတာ”
“မင်းက ဘယ်လိုထင်လို့လဲ”
“ကြက်ဖက တစ်ကောင်တည်းခွပ်နေပေမယ့် ခြေရိုက်တဲ့အသံ၊ အတောင်ရိုက်တဲ့အသံထွက်နေတယ်ကွ။ ငါတို့မမြင်ရတဲ့အကောင်က ဘာကောင်လဲတော့ မသိဘူး။ ခေါင်းတစ်ခြမ်းလုံးကြေမွသွားတာတောင်တွန်နိုင်သေးတယ်၊ ပျံနိုင်သေးတယ်”
“ထားလိုက်တော့ကွာ။ တောဝက်လာတဲ့လမ်းကိုရှာကြရအောင်”
“ရေအိုင်ဘက်လည်းကြည့်ပြီးပြီ၊ အင်ပင်တောလည်းကြည့်ပြီးပြီ။ ဘယ်နေရာကျန်သေးလဲ ခေါင်းကြီး”
“ငါကတော့ စားကျက်ကျနေတဲ့နေရာမှာပဲ စောင့်တော့မယ်လို့စိတ်ကူးထားတယ်။ လိုက်ရှာလည်း ပုန်းနေကြမှာ။ ရုတ်တရက်ထွက်လာ ရင် ရှောင်ဖို့တိမ်းဖို့မလွယ်ဘူးကွ။ တောဝက်ဆိုတဲ့ကောင်က ချက်ကောင်းမထိရင် တော်ရုံနဲ့လဲတဲ့အကောင်မဟုတ်ဘူး။ ရန်သူကို အသေတိုက် မယ့်ကောင်တွေ။ ဆီးဖြူပင်တွေနားမှာ တောင်သရက်ပင် သုံးလေးပင်ရှိတယ်။ မင်းနဲ့ငါ တစ်ယောက်တစ်ပင်နေရာယူပြီး အပေါ်စီးကနေ စောင့် ပစ်ကြမယ်”
“သဘောပဲ ခေါင်းကြီးရာ”
“မနက်စာကို ကောက်ညင်းပေါင်းပဲစားကြတာပေါ့”
“ငါ့မှာ ထမင်းခြောက်ကြော်နဲ့ ထန်းလျက်ခဲပါတယ်”
“ထမင်းခြောက်ကြော်က အထားခံတော့ ညနေစာအတွက်သိမ်းထားလိုက်။ ကောက်ညင်းပေါင်းပဲ စားကြတာပေါ့။ ငါတို့ ဟိုနေရာမှာ ခ ဏနားပြီး စားကြမယ်”
ခေါင်းကြီးက အရှေ့မှဦးဆောင်ပြီး အင်ပင်တောအစပ်မှနေရာသို့ထွက်သွားသဖြင့် ဖိုးထိန်လည်းခေါင်းကြီးနှင့်အတူလိုက်သွားလေသည်။ ထိုနေရာသည် တောဝက်များစားကျက်ကျနေသည့် ဆီးဖြူပင်များနှင့်လည်းအလှမ်းသိပ်မဝေးသလို ရေအိုင်ဘက်သို့လည်း ကောင်းစွာမြင်တွေ့ရ သည်။ ခေါင်းကြီးနှင့်ဖိုးထိန်တို့နှစ်ယောက် အင်ပင်အောက်တွင်နေရာယူလိုက်ကြပြီး ခေါင်းကြီးက လွယ်အိတ်ထဲမှ ကောက်ညင်းပေါင်းကိုထုတ် ယူလိုက်သည်။
“ဒီနေရာကို ဘယ်နှစ်ခေါက်ရောက်ဖူးသလဲ ခေါင်းကြီး”
“ဒါ ဒုတိယအကြိမ်။ ပထမတစ်ခေါက်က ကိုမြဝင်းနဲ့လာဖူးတယ်။ တောလိုက်ဖို့မဟုတ်ဘူး။ ဘယ်သူမှမလာရဲတဲ့နေရာမှာ သားကောင် ပေါမယ်ဆိုပြီး အခြေအနေလာကြည့်တာ”
“ကိုမြဝင်းဆိုတာ သပိတ်အိုင်ရွာကလား”
“ဟုတ်တယ်”
“အင်း..သူလည်း ဒီနေရာမှာပျောက်သွားတာ။ ရွာတန်းရှည်က ကိုသိန်းဝင်းလည်း ငါ့ကိုလာခေါ်သေးတယ်။ ငါလိုက်မသွားဘူး။ ကိုသိန်း ဝင်းက အဘဦးစံတင်ကိုအဖော်ညှိပြီးသွားတာ အဘဦးစံတင်ပဲ ပြန်ရောက်လာပြီး ကိုသိန်းဝင်းပြန်မပါလာခဲ့ဘူး။ အဘဦး စံတင်လည်း ပြန်ရောက် လာပေမယ့် လူကောင်းတစ်ယောက်မဟုတ်တော့ဘူး”
“အသုံးမကျလို့ဖြစ်မှာပေါ့ကွ”
“သူတို့နှစ်ယောက်စလုံးက နာမည်ကြီးမုဆိုးတွေလေကွာ။ ဘာအသုံးမကျစရာရှိသလဲ။ အဘဦးစံတင်ဆိုလည်း ဒါနဲ့ပဲလုပ်စားနေတာ။ တောလိုက်တဲ့နေရာမှာ အဘဦးစံတင်ပြီးရင် ကိုသိန်းဝင်းက အတော်ဆုံးပဲ”
“မင်းမှတ်ထား ဖိုးထိန်။ မုဆိုးဆိုတာမျိုးက ကိုယ့်ကိုယ်ကို အထင်ကြီးလို့မရဘူး။ မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုးဆိုတဲ့ စကားကိုကြားဖူးတယ်မဟုတ်လား”
“ကြားဖူးပါတယ်။ မင်းထင်သလိုတော့ မညံ့လောက်ပါဘူးကွာ”
“တစ်ချက်မှားတာနဲ့ မုဆိုးက သားကောင်ဖြစ်သွားမှာပဲ”
“အဲဒါကို ငါလက်ခံတယ်”
“မင်းက ဘယ်နှစ်ခေါက်ရောက်ဖူးလဲ ဖိုးထိန်”
“ငါက သုံးခေါက်ရောက်ဖူးတယ်။ သုံးခေါက်စလုံး ငါ့အဖေနဲ့ပဲ။ တောလိုက်ဖို့မဟုတ်ဘူး”
“ဘာလုပ်ဖို့လဲ”
“ကရင်ရွာကိုသွားရင်း ရောက်ဖူးတာ။ ရေတံခွန်ဘက်ကိုတော့ ဒီတစ်ခါပဲရောက်ဖူးသေးတယ်”
“မင်းနဲ့ငါက အခုမှတွဲပြီးဒီနေရာကိုလာဖူးတော့တယ်”
“မင်းနဲ့လိုက်မယ့်အဖော်မရှိလို့ ငါ့ကိုလာခေါ်တာမဟုတ်လား။ ငါလည်း တောမလိုက်တာကြာပြီ”
“ကြောက်နေကြတာကိုးကွ။ စကားပြောရင်း ကောက်ညင်းပေါင်းစားလိုက်တာ ဘယ်လိုဝင်သွားမှန်းမသိဘူး”
“ကြောက်လည်းကြောက်ချင်စရာလေကွာ။ ငါ့မှ ကောက်ညင်းပေါင်းပိုသေးတယ်။ မဝသေးရင် ယူလိုက်လေ”
“မင်းစားလိုက်တော့၊ ငါဝပြီ။ လက်ဆေးပြီး ရေသွားသောက်လိုက်ဦးမယ်”
“ခေါင်းကြီး......ဒူးလေးယူသွား”
“မယူတော့ဘူး။ ချောင်းက နီးနီးလေးပဲဟာ”
ခေါင်းကြီးက လက်ဆေးပြီးရေသောက်ရန် ချောင်းသို့ထွက်သွားသဖြင့် ဖိုးထိန်လည်း စားလက်စကိုရပ်ကာ ဒူးလေးနှစ်လက်ကိုထမ်း၍ ချောင်းရှိရာသို့ ထွက်လာခဲ့သည်။
“ဖရူး.........”
ရေအိုင်ဘက်မှ အသံကြားလိုက်သဖြင့် ခေါင်းကြီးနှင့်ဖိုးထိန်တို့ ပြိုင်တူလှည့်ကြည့်လိုက်ရာ တောဝက်ကြီးတစ်ကောင်ကိုမြင်တွေ့လိုက် ရသည်။ တောဝက်ကြီးက ခေါင်းကြီးတို့ဘက်သို့မျက်နှာမူကာ မလှုပ်မယှက်ရပ်နေသည်။
“ဖိုးထိန်......ဒူးလေး.....ဒူးလေး...”
“နည်းနည်းဝေးတယ်ကွ။ ချက်ကောင်းကို ထိမှာမဟုတ်ဘူး”
“ငါ့ကို တော်တော်အထင်သေးတာပဲ။ ပေးမှာသာပေးစမ်းကွာ”
ဖိုးထိန်က ခေါင်းကြီးကို ဒူးလေးတစ်လက်ပေးလိုက်ပြီး မုဆိုးဒူးထောက်ထိုင်ချကာ ညှို့ကိုဆွဲတင်လိုက်ပြီး မြားတပ်လိုက်သည်။ ထို့ နောက် တောဝက်ကို ချိန်ရွယ်ထားလိုက်သည်။ ခေါင်းကြီးကလည်း ဒူးလေးကိုအသင့်ပြင်ကာ ဝမ်းလျားမှောက်ချလိုက်သည်။ ခေါင်းကြီးတို့ နှစ်ယောက် ဟန်ရေးပြင်နေသည့်အချိန်မှာပင် တောဝက်ကြီးက ရန်သူကိုမြင်တွေ့သွားသဖြင့် နောက်သို့ပြန်လှည့်သွားလေသည်။
“တောက်.......မပစ်လိုက်ရတာ နာလိုက်တာကွာ”
ကြိတ်မနိုင်ခဲမရဖြစ်နေသည့် ခေါင်းကြီးကို ဖိုးထိန်က ရယ်ကြဲကြဲဖြင့် လှည့်ကြည့်လိုက်သည်။
“ဘာလဲ ဖိုးထိန်”
“ဘာမှမဟုတ်ပါဘူး”
“ဘာမှမဟုတ်ရင် ငါ့ကို ဘာလို့အဲဒီလိုကြည့်ရတာလဲ”
“ဝမ်းလျားမှောက်ပြီး တောဝက်ကို ဒူးလေးနဲ့ပစ်ဖို့လုပ်နေလို့ သဘောကျနေတာပါ”
“ဝမ်းလျားမှောက်မပစ်ရဘူးလို့ ဘယ်သူကပြောထားလဲ”
“ငါတို့ပစ်တာ ချက်ကောင်းထိမယ်မထိဘူးဆိုတာ ပြောလို့ရသလား။ တောဝက်သာလွတ်ပြီးပြေးလာရင် မင်းအသေပဲ ခေါင်းကြီး”
“ဘာဆိုင်လို့လဲ၊ တစ်ချက်မထိရင် နောက်တစ်ချက်ထိမှာပေါ့”
“မထင်ပါနဲ့ကွာ။ ငါတို့က ဒူးလေးနဲ့ပစ်ရမှာကွ။ မြားတစ်ချောင်းကုန်လို့ နောက်တစ်ချောင်းမတပ်နိုင်ခင်မှာ တောဝက်က ငါတို့ဆီရောက် နေပြီ။ မင်းက ဝမ်းလျားမှောက်ထားတော့ တရကြမ်းပြေးဝင်လာရင် ထပြေးဖို့ခက်တယ်။ မုဆိုးဒူးထောက်ပုံစံဆိုတာ အလကားသတ်မှတ်ထား တာမဟုတ်ဘူး။ သားကောင်ကိုပစ်ခတ်ဖို့အတွက် ချိန်ရွယ်တဲ့အခါ ဒူးလေးကိုင်ထားတဲ့လက်ဖျံက ထောင်ထားတဲ့ပေါင်ပေါ်မှာတစ်သားတည်းကျ နေရမယ်။ ဒူးခေါင်းပေါ်ကိုအားပြုမထားရဘူး။ ရုတ်တရက် ထပြေးလို့လည်းရတယ်။ ခန္တာကိုယ် အလေးချိန်က ထောက်ထားတဲ့ဒူးခေါင်းနဲ့ခြေဖဝါး ပေါ်မှာရှိမနေဘဲ ဒူးထောက်ထားတဲ့ခြေထောက်ရဲ့ ခြေသလုံးနဲ့ခြေဖနောင့်ပေါ်မှာပဲရှိနေတဲ့အတွက် ကိုယ်ကို ဘယ်ညာယိမ်းပြီး လိုသလိုထိန်းလို့ ရတယ်။ သားကောင်ပစ်ရင် မုဆိုးဒူးထောက်ပုံစံက အကာင်းဆုံးပဲ။ ဝမ်း လျားမှောက်ပြီးပစ်တာက အန္တရယ်များတယ်။ လှိမ့်ပြီးရှောင်ရုံကလွဲရင် ထပြေးဖို့မလွယ်ဘူး ခေါင်းကြီး။ နောက်တစ်ခုက မုဆိုးဆိုတာ လက်နက်ကို ကိုယ်နဲ့မကွာထားရတယ်”
“ဖိုးထိန်......ငါ့ကို ဆရာမလုပ်နဲ့”
“မကြိုက်ရင်လည်း မပြောတော့ဘူးကွာ”
ခေါင်းကြီးကို ဆက်မပြောချင်တော့သဖြင့် ဒူလေးကိုထမ်းကာ အင်ပင်အောက်သို့ထွက်သွားလေသည်။ ခေါင်းကြီးလည်း နောက်မှလိုက် လာပြီး ဖိုးထိန်နှင့်မနီးမဝေးတွင်ထိုင်ကာ လွယ်အိတ်ထဲမှဆေးလိပ်ထုတ်ပြီးဖွာနေသည်။ ဖိုးထိန်က ဆေးလိပ်မသောက် ကွမ်းမစားသော်လည်း ဆေးငုံလေ့ရှိတာကြောင့် ခါးပုံစထဲမှဆေးရွက်ကြီးကိုထုတ်ကာ တစ်ဲဖဲ့ဖဲ့ပြီး ပါးစောင်ထဲသို့ထည့်လိုက်လေသည်။
************************
ဖိုးထိန်တို့နှစ်ယောက် စကားမပြောကြဘဲ အတွေးကိုယ်စီနှင့်ငြိမ်သက်နေကြသည်။ ကျေးငှက်သာရကာတို့အော်မြည်သံ၊ ရေတံခွန်မှရေ ကျသံ၊ ချောင်းရေစီးသံတို့က တောတောင်နှင့်ပနံရလှသည်။ ညနေစောင်းလာသည်နှင့် လေက ပိုပြီးတိုက်လာသည်။ တောရိပ်တောင်ရိပ်ကြောင့် အအေးပိုလာသဖြင့် ဖိုးထိန်က လွယ်အိတ်ထဲမှ စစ်ဆွယ်တာကိုထုတ်ဝတ်လိုက်သလို ခေါင်းကြီးကလည်း ဂျပ်ခုတ်စောင်ပါးလေးကို လွယ်အိတ် ထဲမှထုတ်ယူပြီးခြုံလိုက်သည်။
“ညနေစောင်းနေပြီ။ ဘာဆက်လုပ်ကြမလဲ ခေါင်းကြီး”
“နည်းနည်းမှောင်တာနဲ့ နေရာယူကြမယ်”
“ဘယ်အချိန်အထိ စောင့်ပစ်မှာလဲ”
“မလာမချင်းစောင့်မယ်”
“သဘောပဲကွာ။ အခုကတည်းက နေရာအနေအထား သွားကြည့်ကြရင်ကောင်းမယ်”
“ကြည့်မယ်ဆိုလည်း သွားကြတာပေါ့ကွာ”
ခေါင်းကြီးက ထိုင်ရာမှထပြီး ဒူးလေးကို ပခုံးပေါ်တင်ပြီးထွက်သွားသဖြင့် ဖိုးထိန်လည်း ခေါင်းကြီးနောက်မှလိုက်သွားလေသည်။ တောင် ဆီးဖြူပင်များအနီးသို့ရောက်သည့်အခါ ခေါင်းကြီးက နေရာယူရမည့်တောင်သရက်ပင်နှစ်ပင်ကို အသေအချာကြည့်နေသည်။ တောင်သရက်ပင် ၏ပင်စည်လုံးပတ်သည် လေးထွာစိုင်မျှသာရှိပြီး လူလေးရပ်စာအမြင့်၌ အလက်နှစ်ခုဖြာထွက်သွားကာ ခွဆုံကဲ့သို့ဖြစ်နေသည်။ ခေါင်းကြီးက ထို အပင်ကို သူ့အတွက်ရွေးချယ်လိုက်ပြီး မလှမ်းမကမ်းမှ တောင်သရက်ပင်ကို ဖိုးထိန်အတွက် သတ်မှတ် လိက်သည်။ ( တောင်သရက်သီးသည် ဝါ ဆိုလ၌သာသီးလေ့ရှိသဖြင့် ဝါဆိုသရက်သီးဟုလည်းခေါ်ကြသည်။ အသီးမှည့်သည့်အခါ အညှာပိုင်းတွင် အနီရောင်သမ်းနေသည်။ မချစ်စုနှင့်ပုံ သဏ္ဌာန်တူသော်လည်း တောင်သရက်သီးက လက်သီးဆုပ်မျှသာရှိပြီး အမျှင်ထူသည်။ အလွန်ချိုပြီးမွှေးသဖြင့် အသီးမှည့်သည့်အချိန်တွင် ရှဉ့်နှင့် ငှက်များ အလုအယက်စားသောက်တတ်ကြသလို လင်းနို့များလည်း စားသောက်တတ်ကြသဖြင့် သရက်ပင်၌လင်းနို့များတွယ်ခိုနေလေ့ရှိသည် )
“မင်းက ဟိုက တောင်သရက်ပင်ပေါ်မှာနေရာယူ။ ငါက ဒီအပင်ပေါ်ကနေ စောင့်ပစ်မယ်”
“ခေါင်းကြီး.......”
“ဘာလဲ....”
“ငါတို့တွေ့လိုက်တဲ့တောဝက်က ဟိုနေရာမှာရပ်နေတာနော်။ အဲဒီနေရာက မနက်ကငါတို့သွားခဲ့တဲ့ လမ်းကြောင်းပဲ။ ဒီကောင်တွေ ရေ အိုင်ဘက်က ချုံတွေထဲမှာအောင်းနေနိုင်တယ်။ ဆီးဖြူပင်တွေက တောင်သရက်ပင်တွေကြားမှာ။ မင်းနဲ့ငါက တစ် ယောက်နဲ့တစ်ယောက်မမြင် နိုင်ဘူး။ အပင်နှစ်ပင်က ဘေးချင်းယှဉ်နေတော့ စားကျက်ဘက်ကိုမျက်နှာမူလိုက်ရင် မင်းနဲ့ငါက မျက်နှာချင်းဆိုင်ဖြစ်သွားကြလိမ့်မယ်”
“အဲဒါဘာဖြစ်သလဲ”
“မြားလမ်းကြောင်းလွဲသွားတာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် မြားထိသွားမှာစိုးရတယ်”
“တောဝက်က မြေကြီးပေါ်ကျနေတဲ့ ဆီးဖြူသီးကိုပဲလာစားမှာ။ သစ်ပင်ပေါ်တက်စားမှာမဟုတ်ဘူး ဖိုးထိန်။ ဒီလောက်လည်း မစိုးရိမ်နဲ့။ ပစ်ကွင်းက အောက်မှာ။ အပေါ်ကလူကိုမှန်တယ်ဆိုရင်တော့ သက်သက်လုပ်ကြံတာပဲဖြစ်မယ်”
“သတိထားဖို့ပြောတာပါ။ မင်းနဲ့ငါ ဘယ်လိုအချက်ပြကြမလဲ”
“ဘာမှပြမနေနဲ့။ မင်းဦးရင်မင်းပစ်၊ ငါဦးရင်ငါပစ်မယ်။ ဘယ်အကောင်ကိုပစ်တယ်၊ ဘယ်နေရာကိုပစ်တယ်ဆိုတာ ကိုယ့်ဟာကိုယ်မှတ် ထားပေါ့ကွာ”
“မဟုတ်ဘူးလေကွာ။ ငါမမြင်ရတာရှိသလို မင်းမြင်ရတာလည်းရှိမှာပဲ။ အရင်မြင်ရတဲ့သူက အခြားတစ်ယောက်ကို အသံနဲ့အချက်ပြရ မှာပေါ့။ ဒါမှ နောက်တစ်ယောက်က အသင့်ပြင်ထားလို့ရမှာ။ ကြားတဲ့သူကလည်း သိတဲ့အကြောင်း အချက်ပြန်ပေးပေါ့ကွာ”
“ဒါဆိုလည်း လေချွန်ပြီးအချက်ပြကြတာပေါ့”
“အေး.......”
ဖိုးထိန်က ခေါင်းကြီးကို စကားထပ်မပြောတော့ဘဲ မြေအနေအထားနှင့်ပစ်ကွင်းကို အသေအချာလေ့လာနေသည်။ တောင်သရက်ပင်၏ လုံးပတ်သည် ခေါင်းကြီးရွေးချယ်ထားသည့်ပင်စည်ထက် အနည်းငယ်သေးပြီး လူသုံးရပ်စာအမြင့်၌ အကိုင်းအလက် တစ်ခုသာရှိပေသည်။
“သစ်ကိုင်းပေါ်မှာတစ်ညလုံးထိုင်ရရင်တော့ အဆင်မပြေလောက်ဘူး။ သစ်ကိုင်းကိုခွထိုင်ပြီးပစ်ရင် ပြုတ်ကျသွားနိုင်တယ်”
“မင်းက တော်တော်စကားများတဲ့ကောင်ပဲ ဖိုးထိန်။ တစ်ညလောက်ပဲဒုက္ခခံရတာကို ဘာဖြစ်နေတာလဲ။ တောဝက်တွေ စောစောလာ ရင် စောစောကိစ္စပြီးပြီ။ မင်းကိုခေါ်လာမိတာမှားပြီ”
“မင်းကိုပြောတာမဟုတ်ပါဘူး။ ငါ့ဟာငါပြောနေတာပါကွာ။ အဖက်ဖက်ကတွေးထားမှတော်ကာကျမှာပေါ့ ခေါင်းကြီးရာ။ ငါလည်း နောက်တစ်ခါလာခေါ်ရင် မလိုက်တော့ပါဘူး”
ခေါင်းကြီးက ဖိုးထိန်ကိုမကျေမနပ်ဖြင့်ကြည့်ပြီး ဒူးလေးကိုလွယ်၍ တောင်သရက်ပင်ပေါ်သို့တက်သွားသည်။ ဖိုးထိန်က အပင်ပေါ်သို့ မတက်သေးဘဲ မြေပေါ်တွင်ကြွေကျနေသည့် ဆီးဖြူသီးများကို အသေအချာကြည့်နေသည်။ ထို့နောက် ရေတံခွန်ဘက်သို့ မျက်နှာမူပြီး လက်အုပ် ချီကာ ပါးစပ်က တတွတ်တွတ်ဖြင့် ရွတ်ဆိုနေသည်။ ဖိုးထိန်လုပ်ကိုင်နေသမျှ တောင်သရက်ပင်ခွဆုံတွင်ထိုင်နေသည့်ခေါင်းကြီးက ပြုံးစိစိဖြင့် ကြည့်နေလေသည်။
********************
အလင်းရောင်ပျောက်ကွယ်၍ အမှောင်ကြီးစိုးလာသည်နှင့် တောခြင်ကြီးများ အလျှိုလျှိုရောက်လာကြပြီး တဝီဝီညာသံပေးကာ သွေးစုပ် ရမည့်နေရာကို အလုအယက်ရှာဖွေနေကြသည်။ နေရာလွတ်တွေ့သည်နှင့် အသေခံသွေးစုပ်တတ်သည့် ခြင်ကြားကြီးများကို မရိုက်ရဲပေ။ လက် တစ်ဖက်က ဒူးလေးကိုင်ထားပြီး ကျန်လက်တစ်ဖက်က သစ်ပင်ပေါ်မှပြုတ်မကျအောင် ထိန်းထားရသဖြင့် ခြင်ကြားကြီးများပြုသမျှ နုရမည့်ဘဝ မို့ အံကြိတ်ခံနေရသည်။ မှတ်များကလည်း ခြင်ကြားကြီးများနှင့်အပြိုင် လစ်လျှင်လစ်သလို ဝင်တွယ်နေကြသည်။ စိတ်မရှည်တော့သည့်အဆုံး ဆေးများများငုံပြီး ဆေးငုံထားသည့်တံတွေးဖြင့် နေရာလွတ်များကို ပွတ်လိမ်းထားရသည်။ ခေါင်းကြီးထံမှ ခြင်ရိုက်သံတဖြန်းဖြန်းကြားနေရသ ဖြင့် ဖိုးထိန်စိတ်ပျက်နေသည်။ တောဝက်ဆိုသည့်သတ္တဝါက နားပါးသည်။ အနံ့ခံကောင်းသည်။ ခေါင်းကြီးသည် မုဆိုးတစ်ယောက်ဖြစ်ပေမယ့် လိုက်နာရမည့်စည်းကမ်းများကို ဖောက်ဖျက်နေသည်။ လှမ်းပြီးသတိပေးလိုက်ပြန်လျှင်လည်း အသံထွက်သွားမည်စိုးသဖြင့် အသြာငိမ်နေလိုက် သည်။
တဖြည်းဖြည်းထွက်ပေါ်လာသည့်လမင်းကြီးက ငွေရောင်အလင်းများဖြင့် ဖြန့်ကျက်ပေးထားသဖြင့် တောတောင်တစ်ခုလုံး လင်းထိန် နေသည်။ တသွင်သွင်စီးနေသည့်ချောင်းရေက လရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ ထိုအချိန်မှာပင် ချောင်းစပ်မှ ဆီးဖြူပင် များအောက်သို့လာနေသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဖိုးထိန်မြင်တွေ့နေရသည့်အရာသည် တစ်ကိုယ်လုံးမည်းနက်နေပြီး ခန္တာကိုယ် က ကျွဲတစ်ကောင်နီးပါးမျှရှိသော်လည်း ဦးခေါင်းက ခွေးဦးခေါင်းမျှသာရှိပေသည်။ တစ်ခါမျှ မမြင်တွေ့ဖူးသည့်သတ္တဝါဖြစ်နေသည့်အတွက် ဒူး လေးကိုအသင့်ပြင်ကာ ခေါင်းကြီးကို အသိပေးလိုက်သည်။
“ရွှီ.......”
လေချွန်ပြီး အသိပေးလိုက်သော်လည်း ခေါင်းကြီးထံမှ လေချွန်သံမကြားသဖြင့် ဖိုးထိန် စိတ်ထဲကသိကအောက်ဖြစ်သွားသည်။ ထပ်မံ အသိပေးလိုသော်လည်း သတ္တဝါကြီးက နီးကပ်လာသဖြင့် အသိမပေးတော့ဘဲ အခြေအနေကိုစောင့်ကြည့်နေလိုက်သည်။ သတ္တဝါကြီးက ဆီးဖြူ ပင်များအောက်သို့ရောက်သည့်အခါ ပျောက်သွားသဖြင့် ဖိုးထိန် တအံ့တဩဖြစ်သွားသည်။ ခေါင်းကြီးက အိပ်ငိုက်နေ၍ လေချွန်သံကို မကြား လိုက်သလို သတ္တဝါကြီးကိုလည်း မမြင်တွေ့လိုက်ခြင်းဖြစ်နိုင်သည်ဟု ဖိုးထိန်တွေးလိုက်သည်။ ထိုသတ္တဝါမျိုးကို တစ်ခါမျှမမြင်ဖူးသဖြင့် မည် သည့်သတ္တဝါဖြစ်ကြောင်း စဉ်းစားနေချိန်တွင် ဖိုးထိန်ရှိနေသည့် အပင်အောက်သို့ လူတစ်ယောက်ရောက်လာလေသည်။ အပင်အောက်သို့ရောက် လာသူကို ဖိုးထိန်က ငုံ့ကြည့်လိုက်သလို အပင်အောက်မှလူကလည်း ဖိုးထိန်ကို မော့ကြည့်လိုက်သည်။
“ဟာ.........ကို...ကိုသိန်းဝင်း......”
အပင်အောက်၌ရပ်ပြီး ဖိုးထိန်ကိုမော့ကြည့်နေသူသည် မုဆိုးကြီးဦးစံတင်နှင့်အတူ ခမောက်တောင်ခြေ၌အမဲလိုက်ရင်း ပျောက်ဆုံးသွား သည့် ကိုသိန်းဝင်းဖြစ်နေသဖြင့် ဖိုးထိန်ပါးစပ်မှ လွှတ်ကနဲထွက်သွားလေသည်။ ကိုသိန်းဝင်းက ဖိုးထိန်ကိုမော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ဟန် ဖြင့်ပြောဆိုနေသည်။ ထို့နောက် ဖိုးထိန်ကို အပင်ပေါ်မှဆင်းလာခဲ့ဖို့ လက်ယက်ခေါ်နေသည်။ လရောင်က ကိုသိန်းဝင်း၏ခန္တာကိုယ်အောက်ပိုင်း သို့ကျရောက်နေသော်လည်း အရိပ်မထွက်သဖြင့် ကိုသိန်းဝင်းအစစ်အမှန်မဟုတ်ကြောင်း ဖိုး ထိန်သိလိုက်ရသည်။
“ရွှီ......”
ကိုသိန်းဝင်းနှင့် ဖိုးထိန်တို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြစဉ် ခေါင်းကြီးထံမှ လေချွန်သံကြားလိုက်ရသည့်တစ်ပြိုင်နက် ကို သိန်းဝင်းက အပင်အောက်မှ ချောင်းစပ်သို့ထွက်သွားလေသည်။ ကိုသိန်းဝင်းအား စောင့်ကြည့်နေစဉ်မှာပင် ချောင်းစပ်သို့ အရောက်၌ ပျောက် ကွယ်သွားလေသည်။
“ရွှီ......”
ခေါင်းကြီးထံမှ လေချွန်သံခပ်အုပ်အုပ်တစ်ချက်ထပ်ကြားလိုက်သဖြင့် ဖိုးထိန်လည်း လေချွန်၍ အကြောင်းပြန်လိုက်သည်။
“ရွှီ.....”
“ကှိ…..ကှိ......”
ခြုံတိုးသံများနှင့်အတူ တောဝက်သံများကြားလိုက်သဖြင့် ဖိုးထိန် နားထင်ကြောများထောင်ထသွားသည်။ မကြာခင်မှာပင် တောဝက် ကြီးတစ်ကောင် ဆီးဖြူပင်အောက်သို့ရောက်လာလေသည်။ တောဝက်ကြီးက ဆီးဖြူသီးများကိုမစားသေးဘဲ ပတ်ဝန်းကျင်အခြေအနေကို လေ့ လာနေသည်။ ထိုတောဝက်ကြီးသည် ခေါင်းဆောင်ဖြစ်လိမ့်မည်ဟု ဖိုးထိန်တွက်ဆလိုက်သည်။ ဒူးလေးကို အသင့်ပြင်လိုက်ပြီး မလှုပ်မယှက်ရပ် နေသည့် တောဝက်ကြီး၏လက်ပြင်နောက်သို့ချိန်ရွယ်ထားလိုက်သည်။ ပစ်ကွင်းက ရှင်းသော်လည်း စိတ်ထဲ၌လေးလံနေသဖြင့် ပစ်သင့်မပစ်သင့် စဉ်းစားနေသည်။ တောဝက်ပေါ်ပြီးရောင်းချပါက ပိုက်ဆံမြိူးမြိုးမြက်မြက်ရမည်ကိုသိသော်လည်း မပစ်ချင်ပေ။ သူတစ်ပါးအသက်ကို မသတ်ချင် တော့၍ အမဲလိုက်ခြင်းကို ရပ်နားထားခဲ့သည်မှာ တစ်နှစ်နီးပါးရှိခဲ့လေပြီ။ အိမ်ထောင်ရှိသူလည်းမဟုတ်သည့်အတွက် ငွေကြေးများများစားစားမ လိုအပ်ပေ။ မိမိရှေ့မှောက်ရောက်နေသည့် အစားအသောက်ကို မစားသောက်ဘဲ ခေါင်းဆောင်ပီသစွာဖြင့် နောက်ချန်မျိုးတူများ၏အန္တရာယ်ကို အသက်ပေး၍ မားမားမတ်မတ်ရပ်ပြီး အခြေအနေ လေ့လာနေသည့် တောဝက်ကြီးကိုမပစ်လိုတော့သဖြင့် ဒူးလေးမှမြားကိုဖြုတ်လိုက်ပြီး တီးတိုး ပြောဆိုလိုက်သည်။
“နင့်အသက်ကိုတစ်ခါလွှတ်၊ ငါ့အသက်ဆယ်ခါလွတ်ပါစေ”
“ဖြောင်း.........”
“ကွိ.......ကွီး...”
ဒူးလေးပစ်ခတ်သံက ရုတ်တရက်ပေါ်ထွက်လာပြီး တောဝက်ကြီးတွန့်ကနဲဖြစ်ကာ ထခုန်သွားလေသည်။ ထို့နောက် တောဝက်ကြီးက အသံလာရာဆီသို့ လှည့်ကြည့်ပြီး ရန်သူကိုတိုက်ခိုက်ရန်ပြေးလေတော့သည်။
“ဒုန်း...ဒုန်း......ဒုန်း...”
သစ်ပင်ကို ဆောင့်တိုက်နေသည့်အသံကြောင့် ခေါင်းကြီးအတွက် စိတ်ပူသွားမိသည်။ သစ်ပင်ပေါ်မှဆင်းလျှင်လည်း တောဝက်အစွယ် ဖြင့် အသက်ထွက်သွားနိုင်သည်။ မည်သို့လုပ်ရမည်ကို မစဉ်းစားတတ်ခင်မှာပင် ဒူးလေးပစ်ခတ်သံတစ်ချက် ပေါ်ထွက်လာသည်။
“ဖြောင်း............”
“ဖိုးထိန်.......ဖိုးထိန်.....ပစ်လေ....”
ခေါင်းကြီးအသံကိုကြားလိုက်သဖြင့် မြေပြင်ကိုကြည့်လိုက်သော်လည်း တောဝက်ကိုမမြင်ရပေ။
“တောက်.......ပြေးသွားပြီ....။ ဖိုးထိန်....ဆင်းလာခဲ့တော့”
ခေါင်းကြီးက ဖိုးထိန်ရှိသည့်သစ်ပင်အောက်သို့ရောက်လာပြီးဆင်းခိုင်းနေသော်လည်း ဖိုးထိန်က အောက်သို့မဆင်းသေးဘဲ ခေါင်းကြီးကို အသေအချာကြည့်နေသည်။
“ဟေ့ကောင်....ဆင်းလာခဲ့တော့။ မင်းပထွေးက ပြေးသွားပြီ”
ခေါင်းကြီးဟုတ်မှန်ကြောင်းသေချာသည့်အခါမှ အပင်ပေါ်မှဆင်းလာလေသည်။
“ဒီလောက် အခွင့်အရေးရတာ ဘာဖြစ်လို့မပစ်တာလဲ”
“ငါထိုင်နေရတဲ့နေရာကိုလည်းကြည့်လိုက်ဦး ခေါင်းကြီး။ တောဝက်ကိုပစ်လိုက်တာနဲ့ ငါပါ အောက်ကိုပြုတ်ကျမှာ။ ဒူးလေးကို လက် တစ်ဖက်တည်းနဲ့ပစ်လို့ရသလား ခေါင်းကြီး”
ဖိုးထိန်ပြောတာလည်း ဟုတ်နေသည်မို့ ခေါင်းကြီး ဘာမှဆက်မပြောနိုင်တော့ပေ။
“ငါ လေချွန်ပြီးအချက်ပေးတာကို ဘာဖြစ်လို့ အကြောင်းမပြန်တာလဲခေါင်းကြီး”
“ဘယ်တုန်းကလဲ”
“တောဝက်ကြီး ရောက်မလာခင်က”
“မကြားမိပါဘူး၊ မင်းက ဘာကိုမြင်လို့ အချက်ပြတာလဲ”
“မကြားရင်လည်း ပြီးရောကွာ။ စမ်းပြီးလေချွန်ကြည့်တာ”
ဖိုးထိန်က တောဝက်ကြီးရောက်မလာခင် မြင်တွေ့ခဲ့ရသည့်အကြောင်းကိုပြောပြချင်သော်လည်း ခေါင်းကြီးမယုံကြည်ပါက စကားအ ဖတ်တင်ရုံသာရှိမည်မို့ မပြောတော့ပေ။
“ငါတို့ တောဝက်နောက်ကိုလိုက်ကြမယ် ဖိုထိန်”
“တောဝက်က ဘယ်ဘက်ထွက်သွားလဲ။ ငါတော့မမြင်လိုက်ဘူး”
“ငါပစ်လိုက်တာ လက်ပြင်ထိသွားတယ်။ ငါ့ဆီပြေးလာပြီး အပင်ကိုခေါင်းနဲ့ဆောင့်တယ်။ အစွယ်နဲ့ပက်တယ်။ အပေါ်စီးကနေထပ်ပစ် လိုက်တာ လည်ပင်းကိုမြားစိုက်သွားပြီး မင်းဘက်ကိုပြေးသွားတယ်”
ဖိုးထိန်က မြေပြင်ကိုကြည့်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။
“အထိနာသွားရင် အန္တရာယ်ပိုများတယ်”
“လက်ပြင်ရော လည်ပင်းကိုရော မြားစိုက်သွားတာ ငါမြင်တယ် ဖိုးထိန်”
“မင်းကို မယုံလို့ပြောတာမဟုတ်ဘူး။ တစ်ချက်တည်းနဲ့ပွဲမပြတ်ရင် အန္တရာယ်ရှိတယ်။ အဲဒါကို မင်းသဘောပေါက်ပါတယ်”
“ငါသိပါတယ်”
“ဒါဆို ပြေးနိုင်စရာဆိုလို့ ရေအိုင်ဘက်ပဲရှိတော့တယ်”
“လာကွာ.....ခြေရာခံပြီး လိုက်ကြတာပေါ့”
“မင်းသဘောပဲ”
ဒူးလေးကိုပုခုံးတွင်ထမ်းကာ ရေအိုင်ဘက်ထွက်သွားသည့် ခေါင်းကြီးကို ဖိုးထိန် စိတ်ပျက်လက်ပျက်ကြည့်လိုက်မိသည်။ ပစ်ခတ်လိုက် သည့်သားကောင်သည် ယုန်သူငယ်မဟုတ်၊ ရန်သူကိုအသေအကြေတိုက်ခိုက်တတ်သည့်သားကောင်ဖြစ်သည်။ အထိနာသွားလျှင် မည်းမည်းမြင် ရာတိုက်ခိုက်တတ်သည်။ သားကောင်ကိုလျှော့တွက်ပြီး လက်နက်ကိုအသင့်ပြင်မထားခြင်းက အသက်ဘေးနှင့်အလွန်နီးစပ်သည်။
“ဖိုးထိန်....ဒီမှာလာကြည့်။ သွေးကွက်တွေ”
ခေါင်းကြီး လက်ညှိုးထိုးပြနေသဖြင့်နေရာသို့ကြည့်လိုက်သည့်အခါ သွေးစက်များကို မြင်တွေ့လိုက်ရသည်။ ရေအိုင်ဘက်သို့ ဦးတည် သွားကြောင်း သွေးစက်များက ညွှန်ပြနေသဖြင့် ခေါင်းကြီးက ရေအိုင်ဘက်သို့ဆက်လျှောက်သွားသည်။
“အထဲအထိလိုက်မလို့လား ခေါင်းကြီး”
“ဒီကောင် ဝေးဝေးမပြေးနိုင်ပါဘူးကွာ။ လာစမ်းပါ...မကြောက်ပါနဲ့”
ခေါင်းကြီးနောက်မှလိုက်ရင်း ဖိုးထိန်၏ စိတ်ထဲ၌ တစ်မျိုးတစ်ဖုံဖြစ်နေသည်။ ထိုနေရာမှ အမြန်ထွက်သွားရန် တိုက်တွန်းနေသလိုမျိုး စိတ်ထဲ၌ခံစားနေရစဉ် ချုံတိုးသံများကြားလိုက်ရသဖြင့် အသံလာရာဆီသို့ ဒူးလေးဖြင့်ထိုးချိန်ပြီး အခြေအနေကိုစောင့်ကြည့်နေသည်။
“ဟေ့ကောင်...ဖိုးထိန်။ လာကြည့်ပါဆိုတာ ဘာလုပ်နေတာလဲ”
ခေါင်းကြီးကို စကားမပြန်နိုင်ဘဲ ချုံနောက်ကွယ်မှ ရဲရဲနီနေသည့်အရာများကို ဖိုးထိန် အသေအချာကြည့်နေသည်။ ရဲရဲနီနေသည့်အရာ များသည် လက်သီးဆုပ်ခန့်ရှိနေသဖြင့် မည်သည့်သတ္တဝါဖြစ်နိုင်ကြောင်း ဖိုးထိန် တွက်ဆနေသည်။ အစုံလိုက်ရှိနေသည့် နီနီရဲရဲအရာများသည် မျက်လုံးများနှင့် အလားသဏ္ထာန်တူနေသဖြင့် ကြီးမားသည့်သတ္တဝါများဖြစ်နိုင်သည်ဟုတွေးလိုက်လေသည်။
“ကွီ.....ခွီး..........”
“ဘုံး.........”
“အမလေးဗျ.........”
ခေါင်းကြီးထံမှ အလန့်တကြားအော်ဟစ်သံကြောင့် ခေါင်းကြီးကိုကြည့်လိုက်သည့်အခါ တောဝက်ကြီးက ခေါင်းကြီးအား အစွယ်ဖြင့် ပက်နေသည်ကို မြင်တွေ့လိုက်ရသည်။ တောဝက်ကြီးကို ဒူးလေးဖြင့်ထိုးချိန်ပြီး ခလုပ်ညှစ်ရန်ပြင်လိုက်သော်လည်း မပစ်တော့ဘဲ ခြောက်လှန့် သည့်အနေဖြင့် တောဝက်ကြီး၏အနီးမှသစ်ပင်ကို ပစ်လိုက်လေသည်။
“ဖြောင်း...”
မြေကြီးပေါ်တွင် သွေးအလိမ်းလမ်းဖြင့် လူးလိမ့်နေသည့် ခေါင်းကြီးအား အစွယ်ဖြင့်ထိုးပက်နေရာမှ ဖိုးထိန်ကိုရပ်ပြီးကြည့်နေသည်။ ဖိုး ထိန်နှင့် တောဝက်ကြီးတို့ မျက်နှာချင်းဆိုင်ပြီး ကြည့်နေကြသည့်အချိန်တွင် တောဝက်ကြီးက ဖိုးထိန်ထံသို့ တစ်လှမ်းချင်းလာနေလေသည်။ ဒူး လေးကိုညှို့တင်ပြီးမြားတပ်ရန် အချိန်မရတော့သည့်အတွက် အန္တရာယ်ပြုလာပါက ခုခံနိုင်ရန် လွယ်အိတ်ထဲမှဓားမြှောင်ကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။
အနားသို့ရောက်လာသည့် တောဝက်ကြီးက အနံ့ခံကာ ပေါင်ကို နှုတ်သီးဖြင့်ထိုးနေသည်။ နှုတ်သီးဖြင့်ထိုးကာ ရှေ့သို့တိုးလာနေသည့် တောဝက်ကြီး၏အပြုအမူသည် ရန်ပြုတိုက်ခိုက်လိုသည့်ပုံမဟုတ်ဘဲ နှင်ထုတ်နေသည့်အပြုအမူမျိုးဖြစ်နေပေသည်။ ဖိုးထိန်ကလည်း ရန်သူမ ဟုတ်ကြောင်းသိစေလိုသဖြင့် လက်ထဲမှဓားမြှောင်ကို အဝေးသို့လွှင့်ပစ်လိုက်သည်။ မြားစိုက်ဝင်နေသည့် တောဝက်ကြီး၏လည်ပင်းမှ သွေးများ တပွက်ပွက်ထွက်ကျနေသည်။ မကြာခင်မှာပင် တောဝက်ကြီးက ဖိုးထိန်ကိုမော့ကြည့်ပြီး ရေတံခွန်ရှိရာသို့ထွက်ပြေးသွားလေသည်။
တောဝက်ကြီးထွက်ပြေးသွားသည့်အခါမှ ခေါင်းကြီးထံသို့ပြေးကာ ခေါင်းကြီး၏အခြေအနေကို ကြည့်ရလေသည်။ ခေါင်းကြီးသည် ဗိုက် ပွင့်ပြီး အူအခွေလိုက်ထွက်နေသည်။ ပေါင်နှင့်လက်များတွင် ဝက်စွယ်နှင့်ထိုးမိထားသည့် ဒဏ်ရာများမှသွေးများထွက်နေသည်။ ခေါင်းကြီး၏ အ ခြေအနေက အတော်ဆိုးနေလေပြီ။
“ခေါင်းကြီး.....ခေါင်းကြီး”
ဖိုးထိန်က ခေါင်းကြီးကိုပွေ့ထားပြီး ခေါ်လိုက်သည့်အခါ မျက်လုံးတစ်ချက်ဖွင့်ကြည့်သည်။ ထို့နောက် ခေါင်းကြီးထံမှ အသက်ပြင်းပြင်းရှုလိုက်သံကြားရပြီး ဇက်ကျိုးကျသွားလေတော့သည်။
“ဖိုးထိန်...........”
အသံလာရာဆီသို့ကြည့်လိုက်ရာ ကျောက်တုံးပေါ်တွင်ရပ်နေသည့် အဘိုးအိုကိုမြင်လိုက်ရသဖြင့် ဖိုးထိန် ကြက်သီးမွေးညင်းထသွား လေသည်။ အဘိုးအိုသည် ဖွေးဖွေးဖြူနေသည့်ဆံပင်ကို သျှောင်တစောင်းထုံးထားသည်။ အင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ အဖြူရောင်ပုဆိုးကို အိန္ဒိယလူမျိုးများဝတ်ဆင်သကဲ့သို့ ဝတ်ထားသည်။ တစ်ခါမျှမြင်တွေ့ဖူးခြင်းမရှိသည့်အပြင် ရင်းနှီးခင်မင်ခြင်းလည်းမရှိခဲ့သည့်အဘိုးအိုက နာ မည်ကိုခေါ်လိုက်သဖြင့် ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်မှာပင် ချုံများထဲမှ အလျှိုအလျှို ထွက်လာနေသည့် ပုပုကွကွ သတ္တဝါကြီးများကိုမြင် တွေ့လိုက်ရသည်။ သတ္တဝါကြီးများ၏မျက်လုံးများက ရဲရဲနီနေသဖြင့် ချုံနောက်ကွယ်မှအရာများသည်မျက်လုံးများဖြစ်ကြောင်း ဖိုးထိန်သိလိုက် ရလေသည်။ ပုပုကွကွသတ္တဝါကြီးများ၏ခန္တာကိုယ်ပေါ်တွင် အမွေးအမှင်မရှိဘဲ ပြောင်ချောနေသည်။ ခေါင်းက မျက်လုံးနှင့်မလိုက်ဖက်အောင် သေးငယ်နေသည်။ ခြေထောက်အဆစ်များကတိုနေပြီး လက်တံကရှည်လျားလွန်းသည်။ ပါးစပ်ပေါက်နှင့် နှာခေါင်းပေါက်များမပါသဖြင့် သတ္တဝါ မဟုတ်ဘဲ နာနာဘာဝများဖြစ်နိုင်သည်ဟုတွေးမိပြီး ဖိုးထိန် ကြောက်ရွံ့လာလေသည်။
“ဖိုးထိန်.....”
“ဗျာ.........”
“မင်းအတော်ကံကောင်းတယ်။ ဒီနေရာမှာ သားကောင်ပစ်ခွင့်မရှိဘူး။ လာပစ်တဲ့ကောင်လည်း ပြန်လမ်းမရှိစေရဘူး။ မင်းရဲ့ကံကြောင့် မင်းကို ငါတို့ဘာမှမလုပ်နိုင်ဘူး။ မင်းပြန်တော့"
“အဘက ဘယ်သူပါလဲခင်ဗျာ”
“ငါ့ကို မေးစရာမလိုဘူး။ မင်းပြန်တော့”
“ကျွန်...ကျွန်တော့်သူငယ်ချင်း....”
“အဲဒီကောင်ကို ထားခဲ့ပြီး မင်းဟာမင်းပြန်”
“မလုပ်ပါနဲ့ အဘရယ်။ ကျွန်တော်နဲ့အတူလာတာမို့ပါ။ ကန်တော့ပြီးတောင်းပန်ပါတယ်”
ဖိုးထိန်က ထိုင်ချလိုက်ပြီး အဘိုးအိုအား လက်အုပ်ချီကန်တော့လိုက်သည်။
“ဒီကောင့်ကို မင်းသယ်နိုင်လို့လား”
“ကျွန်တော် မသယ်နိုင်ဘူးခင်ဗျ။ ရွာကိုပြန်ပြီး လူတွေခေါ်လာခဲ့ပါ့မယ်”
“ဒီနေရာကို ဘယ်သူ့မှခေါ်မလာနဲ့။ ဒီနေရာမှာ အမဲလိုက်တဲ့သူတွေမှန်သမျှ ပြန်လမ်းမရှိဘူး။ ဒီမှာဖြစ်ပျက်ခဲ့သမျှအားလုံး မေ့လိုက် တော့။ ဘယ်သူ့ကိုမှပြန်မပြောရဘူး။ ဒီကောင့်ကိုထားခဲ့ပြီး မင်းအခုပြန်တော့ ”
“ဟုတ်ကဲ့ အဘ”
ဖိုးထိန်လက်အုပ်ချီလိုက်စဉ်မှာပင် အဘိုးအိုက ရေတံခွန်ဘက်သို့ထွက်သွားလေသည်။ သတ္တဝါကြီးများက တဖြည်းဖြည်းချဉ်းကပ်လာ နေကြသဖြင့် ဖိုးထိန်လည်း ကြောက်လန့်ပြီး ခေါင်းကြီးကိုထားခဲ့ကာ ရွာသို့အမြန်ပြန်ပြေးလေတော့သည်။
**********************
ဖိုးထိန်၏တစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲနစ်ပြီး မောဟိုက်နေသည်။ ကြောက်အားလန့်အားဖြင့်ပြေးလွှားလာခဲ့ရသဖြင့် မည်သည့်နေရာသို့ ရောက်နေမှန်းမသိနိုင်တော့ဘဲ လမ်းစပျောက်နေသည်။ ရွာသို့အမြန်ပြန်ရောက်လိုစိတ်ကြောင့် မောဟိုက်နေသော်လည်း မရပ်နားဘဲ ဆက်လက် ပြေးလွှားနေသည်။
“အား.............”
ခြေဖဝါးကို မီးစနှင့်ထိုးလိုက်သကဲ့သို့ ပူကနဲဖြစ်သွားပြီး ဗြိကနဲနစ်ဝင်သွားသလိုခံစားလိုက်ရသဖြင့် ချက်ချင်းထိုင်ချလိုက်ပြီး နာကျင်နေ သည့်ခြေဖဝါးကို ကြည့်လိုက်သည့်အခါ သစ်ငုတ်တစ်ခုစူးဝင်နေလေသည်။
“အမလေးဗျာ.......နာလိုက်တာ....ကျွတ်…ကျွတ်….ကျွတ်….””
သစ်ငုတ်ကို ဆွဲမနှုတ်ရဲသဖြင့် ပုဆိုးကိုဖြဲပြီး ဒဏ်ရာကိုစည်းနှောင်ထားလိုက်သည်။ ဒဏ်ရာမှသွေးသိပ်မထွက်သော်လည်း အသည်း ခိုက်မျှနာကျင်လွန်းသဖြင့် အော်ဟစ်ညည်းညူနေသည်။ လမ်းမလျှောက်နိုင်တော့သဖြင့် ခဏအနားယူရန် အနီးအနားရှိသစ်ပင်အောက်သို့ရွှေ့ သွားပြီး သစ်ပင်ကိုကျောမှီလိုက်လေသည်။ သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမပြုတော့ဟုဆုံးဖြတ်ပြီး တစ်နှစ်နီးပါးမျှ အမဲမလိုက်တော့ဘဲ အ သီးအနှံစိုက်ပျိုး၍အသက်မွေးဝမ်းကျောင်းပြုနေခဲ့သည်။ ဖိုးထိန်အမဲမလိုက်တော့သဖြင့် မိခင်ကြီးကလည်း ဝမ်းသာနေသည်။
ခေါင်းကြီးရောက်လာပြီး တောဝက်ပစ်ရန်အဖော်ညှိသော်လည်း ငြင်းခဲ့သေးသည်။ သို့သော်လည်း ပြိုကျလုနီးနီးဖြစ်နေသည့်တဲလေးကို အသစ်ပြန်ဆောက်ချင်သောကြောင့် ဇွတ်မှိတ်ပြီး ခေါင်းကြီးနှင့်အတူလိုက်လာခဲ့ရသည်။ တစ်သက်မှာတစ်ခါ မကြုံစဖူးကြုံတွေ့ခဲ့ရသည့် ချောက် ချားစရာများကို တစ်သက်မေ့နိုင်တော့မည်မဟုတ်ပေ။ အဘိုးအို မည်သူမည်ဝါဖြစ်သည်ကိုမသိသော်လည်း တောပိုင်တောပိုင်ဖြစ်နိုင်သည်ဟု ဖိုး ထိန်တွေးလိုက်မိသည်။ ထိုနေရာတွင်အမဲလိုက်သဖြင့် ပျောက်ခြင်းမလှပျောက် ဆုံးသွားခဲ့ကြသူများ မည်သို့ဖြစ်သွားခဲ့ကြသည်ကိုလည်း သိချင်မိ သည်။ အဘဦးစံတင် ရူးသွပ်သွားခြင်းကလည်း ယခုလို ကြုံတွေ့ခဲ့ခြင်းကြောင့်လား၊ ယခုထက်ပိုဆိုးရွားစွာတွေ့ကြုံခဲ့၍လားဆိုသည်က အဘဦးစံ တင်သာသိပေလိမ့်မည်။ ငုတ်စူးသည့်ဒဏ်ရာက သေ လောက်အောင်နာကျင်နေလျှင် မြားစိုက်ဝင်သွားသည့် သတ္တဝါများ မည်မျှနာကျင်မည်ဖြစ် ကြောင်းစဉ်းစားလိုက်မိသည်။ သည်တစ်သက် သူတစ်ပါးအသက်ကို မသတ်ဖြတ်တော့ဖို့လည်း အခိုင်အမာဆုံးဖြတ်လိုက်လေသည်။
ဒဏ်ရာက နာကျင်လွန်းသဖြင့် မျက်လုံးမှိတ်ပြီး မှန်းနေသော်လည်း ခြင်များက တဝီဝီပျံသန်းပြီး လွတ်နေသည့်နေရာမှန်သမျှ အလုအ ယက်သွေးစုပ်နေကြသဖြင့် ဆွယ်တာကိုချွတ်ကာ ဘယ်ညာယမ်း၍ မောင်းထုတ်နေရသည်။ လမ်းစပျောက်နေသည့်အပြင် ငုတ်ပါစူးသွားသဖြင့် ရွာပြန်ရောက်ဖို့ခက်ခဲသွားခဲ့လေပြီ။ ကူမည့်သူ ကယ်မည့်သူမရှိသည့်တောတောင်ထဲတွင် အသက်အသေခံမည့်အစား လေးဘက်သွားကာ ရွာသို့ ရောက်အောင်ပြန်မည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း လှုပ်လိုက်တိုင်းနာကျင်လွန်းသဖြင့် အံကြိတ်ကာ စိတ်လျှော့လိုက်ရလေသည်။ ယခု အခြေအနေတွင် ဘုရားရှင်မှတစ်ပါး အားကိုးစရာမရှိတော့သဖြင့် ဘုရားရှင်ကိုတိုင်တည်ပြီး သစ္စာဆိုလိုက်လေသည်။
“မြတ်စွာဘုရားကို တိုင်တည်၍ သစ္စာဆိုပါသည်။ သတ္တဝါများအား သတ်ဖြတ်ညှဉ်းဆဲခြင်းမပြုလုပ်တော့ဘဲ ရာသက်ပန်ရှောင်ကြဉ်ပါ တော့မည်ဘုရား”
နာကျင်မှုက ခြေဖဝါးမှတဆင့်ပေါင်ရင်းသို့တိုင်ရောက်လာပြီး အနာရှိန်ကြောင့် အဖျားဝင်လာခဲ့လေပြီ။ နာကျင်မှုသက်သာစေရန် ခြေသ လုံးကို ဖြစ်ညှစ်ထားသော်လည်း သက်သာမသွားဘဲ ပို၍ဆိုးလာသည်။ ခိုက်ခိုက်တုန်လောက်အောင် အေးစိမ့်လာသဖြင့် ဆွယ်တာကိုပြန်ဝတ် လိုက်ပြီး မိခင်ကြီးကိုမှန်း၍ လက်အုပ်ချီကန်တော့လိုက်သည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ အမေရေ။ သူတစ်ပါးအသက်ကိုသတ်ဖို့လာခဲ့မိလို့ ကျွန်တော် ဒုက္ခနဲ့တွေ့နေရပါပြီ။ သူတစ်ပါးအသက်ကို ဘယ်တော့မှမသတ်တော့ပါဘူးလို့ ကတိပေးပါတယ်”
လက်အုပ်ချီကန်တော့ပြီးနောက် သစ်ပင်ကိုကျောမှီကာ ဘုရားကိုအာရုံပြု၍ မျက်လုံးမှိတ်ထားလိုက်လေတော့သည်။
************************
“အား....အား....အား......”
စူးစူးရှရှအော်ဟစ်နေသည့် ကျီးကန်းအသံများကိုကြားလိုက်သဖြင့် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ စူးရှသည့်အလင်း ရောင်ကြောင့်မျက်လုံးကိုပြန်ပိတ်ပြီး လက်ဖြင့်ကာ၍ကြည့်လိုက်သည်။ ထန်းတဖျားသို့ရောက်နေသည့်နေလုံးကို မြင်လိုက်သဖြင့် ခေါင်းထောင် ကြည့်လိုက်သည့်အခါ ယာခင်းများကို မြင်လိုက်ရသည်။ မနေ့ညက တောထဲတောင်ထဲ၌ရှိနေပြီး ယခုအခါ ယာခင်းများကိုမြင်နေရသဖြင့် ဖိုးထိန် အံ့အားသင့်သွားသည်။
“ဟင်...........”
ခပ်လှမ်းလှမ်းမှ စကားပြောသံများကိုကြားလိုက်ရသဖြင့် အားယူ၍ထထိုင်လိုက်သည်။ ယာခင်းထဲတွင် အလုပ်လုပ်ကိုင်နေကြသူများကို မြင်လိုက်ရသဖြင့် အားတက်သွားပြီး ရှိသမျှအားအင်ကိုထုတ်၍ အော်ဟစ်အကူအညီတောင်းလိုက်လေသည်။
“ကယ်.....ကယ်ကြပါ....ကယ်ကြပါ.....”
ဖိုးထိန်အော်ဟစ်လိုက်သည့်အသံကိုကြားသဖြင့် ယာခင်းထဲ၌အလုပ်လုပ်နေသူများထဲမှ အမျိုးသားကြီးတစ်ယောက် အပြေးအလွှား ရောက်လာသည်။
“ဘာဖြစ်တာလဲ.....”
“ကျွန်...ကျွန်တော် ဘယ်..ဘယ်ရောက်နေတာလဲ”
“မြေပုံကြီးရွာကိုရောက်နေတာလေ”
“ဗျာ...........”
မြေပုံကြီးရွာကို ဖိုးထိန်သိသည်။ မြေပုံကြီးကျေးရွာသည် ဖိုးထိန်နေထိုင်သည့် ရေငန်ရွာနှင့် အလွန်ဝေးသည်။ ဖိုးထိန်၏ဖခင်သည် မြေပုံ ကြီးကျေးရွာသားဖြစ်ပေသည်။ ဖိုးထိန်ငယ်စဉ်က မြေပုံကြီးကျေးရွာကို မိဘများနှင့်အတူ နှစ်ခေါက်ရောက်ခဲ့ဖူးသည်။ ရေငန်ရွာမှလှည်းဖြင့် မနက် စောစောထွက်ပါက ညနေစောင်းမှ မြေပုံကြီးရွာသို့ရောက်သည်။ ရေငန်ရွာနှင့်မြေပုံကြီးရွာကြားတွင် ရွာငယ်လေးများရှိသည်။ မြေပုံကြီးကျေးရွာ သည် ရွာကြီးဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းရှိသည်။ ရေငန်ရွာနှင့်တစ်မိုင်ခန့်ဝေး သည့် သပိတ်အိုင်ရွာတွင်လည်း ဘုန်းကြီးကျောင်း ရှိသည်။ သပိတ်အိုင်ရွာသည် ရွာကြီးဖြစ်သော်လည်း မြေပုံကြီးရွာလောက်မကြီးပေ။ ရေငန်ရွာ၌ ဘုန်းကြီးကျောင်းမရှိသဖြင့် သံဃာတော်များအား ပင့်ဖိတ်လိုပါက သပိတ်အိုင်ရွာရှိ ဘုန်းကြီးကျောင်းမှ သံဃာတော်များကိုပင့်ဖိတ်ရသည်။
“မြေပုံကြီး....ဟုတ်လား”
“ဟုတ်တယ်.....မင်းက ဘယ်ရွာကလဲ”
“ကျွန်....ကျွန်တော် ရေငန်ရွာကပါ”
“ဟေ........ရေငန်ရွာကလား”
“ဟုတ်..ဟုတ်ပါတယ် ဦးကြီး”
“ရွာကိုလာလည်တာလား”
“ဗျာ...ဟုတ်.....ဟုတ်ကဲ့”
“မင်းက ဘယ်လိုကြောင့် ငါ့ယာခင်းထဲကိုရောက်နေရတာလဲ”
“ကျွန်တော့်ခြေထောက်.............ဟင်.....”
ဖိုးထိန်က ခြေထောက်တွင်ငုတ်စူးဝင်နေကြောင်းပြောရန် ခြေထောက်ကိုမြှောက်လိုက်သည့်အခါ ခြေဖဝါး၌စိုက်ဝင်နေသည့် သစ်ငုတ် မရှိတော့ဘဲ ပကတိအကောင်းအတိုင်းဖြစ်နေသည်ကို အံ့ဩစွာမြင်တွေ့လိုက်ရသည်။
“ကျွန်..ကျွန်တော် ခြေခေါက်ပြီး ချော်လဲသွားလို့ပါ”
“အခု ထလို့ရလား”
“ရမယ်ထင်တယ်”
ဖိုးထိန်က ထရပ်လိုက်ပြီး လမ်းလျှောက်ကြည့်သည်။ နာကျင်ခြင်းမရှိသဖြင့် ဝမ်းသာသွားသော်လည်း စူးဝင်နေသည့်ငုတ်နှင့်ဒဏ်ရာက မည်သို့ပျောက်ကင်းသွားမှန်း ဖိုးထိန် နားမလည်နိုင်တော့ပေ။
“လမ်းလျှောက်လို့ရလား”
“ရတယ်ခင်ဗျ”
“လာ...လာ။ တဲမှာ ခဏနားပြီး အကြမ်းသောက်ဦး”
“ဟုတ်ကဲ့ ဦးကြီး”
“မင်းနာမည် ဘယ်လိုခေါ်သလဲ”
“ကျွန်တော့်နာမည် ဖိုးထိန်ပါ”
“ဒီရွာက ဘယ်သူ့ဆီလာတာလဲ...”
“ဟို...အဲ.........။ ကျွန်...ကျွန်တော့်အဖေက ဒီရွာသားပါ။ ငယ်ငယ်က နှစ်ခေါက်ရောက်ဖူးပြီး မရောက်တာကြာလို့ အမျိုးတွေများရှိသေး လားဆိုပြီး လာကြည့်တာပါ”
“အော.......မင်းက ဘယ်သူ့သားလဲ”
“ဦးဖေဝင်းရဲ့သားပါ။ ကျွန်တော့်အဘွားနဲ့ဦးလေးက တောင်ပိုင်းမှာနေတယ်။ အဘွားရဲ့အိမ်က ဘုန်းကြီးကျောင်းနားမှာပါ”
“မင်းက ဖေဝင်းရဲ့သားကိုး......မင်းကိုငါသိပြီ။ မင်းရဲ့အဘွားဆုံးတာ သိလိုက်လား”
“မသိပါဘူး ဦကြီး။ အဖေဆုံးတော့လည်း ဦးလေးမလာဘူးခင်ဗျ”
“ဖေဝင်းဆုံးသွားပြီလား”
“လေးနှစ်ရှိသွားပါပြီ”
“အော.......။ မင်းအဘွားဆုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်”
“ဗျာ...ဟုတ်လား”
“အင်း.....။ ဖေဝင်းက ဘာရောဂါနဲ့ဆုံးတာလဲ”
“ပိုးထိပြီး ဆုံးတာပါ”
“ဪ....ဖြစ်ရလေ။ လာ.....တဲပေါ်တက်ပြီး အကြမ်းသောက်၊ စားစရာတော့ မရှိဘူး”
“ရပါတယ် ဦးကြီး”
ဖိုးထိန်က အမျိုးသားကြီးနှင့်အတူ တဲပေါ်သို့တက်ပြီး ခြေရင်းဘက်တွင်ထိုင်လိုက်သည်။
“ဘာနဲ့လာသလဲ”
“ခြေ...ခြေလျင်လျှောက်လာတာပါ”
“ဟေ........ဒီခရီးကို ခြေလျင်လျှောက်လာတယ်ဆိုတော့ မင်းက ဟုတ်ရောဟုတ်သေးရဲ့လား”
“ဒီလိုပါ ဦးကြီး။ ဒီနားက ရွာကို ကိစ္စတစ်ခုနဲ့လာရင်း ဒီရွာကိုဝင်လာတာပါ"
“အဲဒီလိုလုပ်ပါ။ မင်းတစ်ယောက်တည်းလား”
“ဟုတ်ကဲ့ခင်ဗျ”
“ခဏအမောဖြေပြီးရင် မင်းဦးလေးကို သွားတွေ့လိုက်ပါဦး။ စိုးဝင်းက ဘုန်းကြီးဝတ်တာ ဆယ့်နှစ်ဝါတောင်ရနေပြီ”
“ဗျာ......။ ဦးလေးက ဘုန်းကြီးဝတ်သွားပြီလား”
“ဟုတ်တယ် “
“ဪ.....ကျွန်တော် ဒီရွာကိုမရောက်တာ ဆယ့်ခြောက်နှစ်လောက်တောင်ရှိပြီ”
“ရွာက အတော်ပြောင်းလဲသွားပြီကွ။ အမောဖြေပြီးရင် ကျောင်းကိုလိုက်ပို့ပေးမယ်”
“ဟုတ်ကဲ့ ဦးကြီး။ ဦးကြီးက ကျွန်တော့်အဖေနဲ့ အတော်လေးရင်းနှီးပုံရတယ်”
“ရင်းနှီးဆို မင်းအဖေက ငါ့ညီတစ်ဝမ်းကွဲကွ။ ငါ့ကို မမှတ်မိဘူးလား”
“ဗျာ.....မ...မမှတ်မိဘူး ဦးကြီး”
“အေးပေါ့ကွာ။ မတွေ့တာ နှစ်အတော်ကြာပြီဆိုတော့ ဘယ်မှတ်မိပါ့မလဲ။ မင်းခြောက်နှစ်သားလောက်မှာ ဒီရွာကိုလာသေးတယ်။ အဲဒီ တုန်းက မင်းကိုမြင်းစီးသင်ပေးခဲ့တာ ငါပေါ့ကွာ”
“ဟာ...မှတ်မိပြီ။ ဘကြီးဦးငွေမောင်းမဟုတ်လား”
“မှတ်မိပြီလား”
“ဟုတ်ကဲ့၊ မှတ်မိပြီ။ ဘကြီးက ရုပ်ပြောင်းသွားလို့ မမှတ်မိတော့တာ”
“ခြောက်ဆယ်ကျော်ပြီလေကွာ။ မင်းဦးလေးတောင် ခြောက်ဆယ်နားကပ်နေပြီ။ မင်းနာမည် ထိန်လင်းမဟုတ်လား”
“ဟုတ်တာပေါ့ ဘကြီးရာ။ ဦးလေးကို တွေ့ချင်တယ် ဘကြီး။ ကျွန်တော့်ကို လိုက်ပို့ပေးပါ”
“ကိုင်း....သွားကြစို့”
တဲပေါ်မှဆင်းသွားသည့် ဦးငွေမောင်းနောက်သို့လိုက်သွားရင်း ငုတ်စူးခဲ့သည့်ခြေထောက်ကို မကြာခဏငုံ့ကြည့်နေသည်။ ယာခင်းများ ကိုကျော်လွန်လာသည့်အခါ လူနေအိမ်ခြေများဖြင့်စည်ကားနေသည့် မြေပုံကြီးကျေးရွာထဲသို့ဝင်လာခဲ့ကြသည်။ မကြာခင်မှာပင် ‘ ဝေဠုဝန် ဘုန်း တော်ကြီးကျောင်း ‘ ဟုရေးသားထားသည့် မုခ်ဦးကိုမြင်တွေ့လိုက်ရသည်။
“လာကွ.....ကျောင်းပေါ်တက်ကြရအောင်”
ဘုန်းကြီးကျောင်းက မပြောင်းလဲဘဲ ယခင်အတိုင်း သစ်သားကျောင်းအဖြစ်ရှိနေသေးသည်။ ကျောင်းဝင်းထဲတွင်ဆော့ကစားခဲ့သည့် ပုံ ရိပ်များကို ဖိုးထိန်တစ်ယောက် ပြန်အမှတ်ရနေလေသည်။ ကျောင်းဝင်းထဲတွင် ရဟန်းသံဃာများနှင့် ရှင်သာမဏေအများအပြားရှိသော်လည်း စ ကားပြောဆိုသံမကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကျောင်းပေါ်တက်သွားသည့်အခါ တင်ပြင်ခွေထိုင်၍တရားစာအုပ်ဖတ်နေသည့် သံဃာတော်တစ်ပါးကိုမြင်တွေ့လိုက်ရသည်။ သံဃာ တော်ကြီးက မျက်မှန်ကိုအောက်သို့ချပြီး ဦးငွေမောင်းနှင့် ဖိုးထိန်တို့ကိုအသေအချာကြည့်နေသည်။ ဦးငွေမောင်းက သံဃာတော်ကြီးကို ဦးချလိုက် သဖြင့် ဖိုးထိန်လည်း ဦးငွေမောင်းနောက်မှနေ၍ ဦးချလိုက်သည်။
“အရှင်ဘုရား.....သူ့ကိုမှတ်မိလား”
ဘုန်းတော်ကြီးက ဖိုးထိန်ကို အသေအချာကြည့်ပြီး ခေါင်းခါပြနေသည်။
“ဖေဝင်းရဲ့သား ထိန်လင်းလေ”
“ဟေ........”
ဘုန်းတော်ကြီးက ထိုင်ရာမှထပြီး ဖိုးထိန်အနီးသို့ရောက်လာသည်။
“ဖိုးထိန်..အဲဒါ မင်းရဲ့ဦးလေးစိုးဝင်းပဲ။ အခုတော့ အရှင်ဇောတိပါလဖြစ်နေပြီပေါ့ကွာ”
“မင်းက မောင်ထိန်လင်းလား”
“တင်ပါ့ဘုရား”
“မင်းအဖေရော ပါမလာဘူးလား”
“အဖေဆုံးသွားတာ လေးနှစ်ရှိပါပြီဘုရား”
“ဪ.........၊ အေး...အေး။ သတ္တာဝါဆိုတာ သေမျိုးကြီးပဲကွ။ မင်းအမေရောပါလာသေးလား”
“မပါဘူးဘုရား။ တပည့်တော်က ဒီနားကရွာကို ကိစ္စတစ်ခုနဲ့လာရင်း ဆွေမျိုးတွေနဲ့မတွေ့တာကြာလို့ ဝင်လာတာပါဘုရား”
“လာရမှာပေါ့။ မင်းအဘွားဆုံးတာ တစ်နှစ်ကျော်သွားပြီ”
“တင်ပါ့ဘုရား၊ ဘကြီးပြောလို့သိပြီးပါပြီ”
“အင်း......ဖေဝင်းက ငါတို့ကိုစိတ်ဆိုးပြီး ရွာကို ခြေဦးတောင်မလှည့်တော့ဘူး”
“တင်ပါ့ဘုရား”
“မင်းက ရွာမှာဘာလုပ်နေသလဲ”
“ယာပဲလုပ်ပါတယ်ဘုရား”
“ကောင်းပါတယ်ကွာ။ အခုဘယ်မှာတည်းသလဲ”
“ခုနကမှရောက်တာပါဘုရား”
“ဒါဆို ကျောင်းမှာပဲတည်းကွ။ ဒကာငွေမောင်းက သူ့အလုပ်နဲ့သူရှုပ်နေတာ။ မင်းရဲ့ညီအစ်ကိုမောင်နှမတွေကိုလည်း တွေ့သွားဦး။ ဒကာ ငွေမောင်းရဲ့ သားသမီးတွေလေ”
“တင်ပါ့ဘုရား”
စကားပြောဆိုနေကြစဉ် သံဃာတော်ကြီးတစ်ပါး ကျောင်းပေါ်သို့ကြွလာလေသည်။ အရှင်ဇောတိပါလက ချက်ချင်းလက်အုပ်ချီလိုက်ပြီး ဦးငွေမောင်းက ဦးချလိုက်သဖြင့် ဖိုးထိန်လည်း သံဃာတော်ကြီးကို ဦးချလိုက်လေသည်။ မျက်လွှာချပြီး အေးဆေးတည်ငြိမ်စွာဖြင့်ရပ်တော်မူကာ ကန်တော့ခံတော်မူနေသည့် သံဃာတော်ကြီး၏ ဣန္ဒြေသိက္ခာကိုကြည့်ပြီး ဖိုးထိန် ကြည်ညိုနေမိသည်။ သက်တော်ကြီးပုံရသော်လည်း အသားအ ရေက ဝင်းဝါစိုပြည်နေသည်။
“အဲဒါ ဆရာတော်ကြီးပဲ ဖိုးထိန်။ မင်းကတော့မှတ်မိမှာမဟုတ်ဘူး။ မင်းငယ်ငယ်ကတည်းက ဒီကျောင်းမှာပဲ သီတင်းသုံးနေတာ။ ဆရာ တော်ကြီးက အခုဆို သက်တော်ရှစ်ဆယ်ကျော်ပြီ”
“ကျွန်တော်မမှတ်မိဘူး ဘကြီး”
“ဆရာတော်ကြီးကိုဖူးရတာ မင်းကံကောင်းတယ်။ ဆရာတော်ကြီးက တောထဲမှာပဲ တရားအားထုတ်နေတာ”
“ဟုတ်ကဲ့ ဘကြီး”
“အရှင်ဘုရား..... သူက ဒကာကြီးဖေဝင်းရဲ့သားပါ ဘုရား”
အရှင်ဇောတိပါလ လျှောက်ထားသည့်အခါ ဆရာတော်ကြီးက မျက်လွှာပင့်၍ ဖိုးထိန်ကို အသေအချာကြည့်ရှုလေသည်။ ဆရာတော်ကြီး ၏မျက်လုံးထဲတွင် မေတ္တာအငွေ့အသက်များပါနေသဖြင့် ဖိုးထိန်၏ရင်ထဲ၌အေးချမ်းသွားလေသည်။ ဆရာတော်ကြီးက ဝါးကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ဖိုးထိန်ကို အသေအချာကြည့်နေပြန်သဖြင့် ဖိုးထိန် အနေခက်နေသည်။
“လောကမှာ မထင်မှတ်တာတွေဖြစ်လာတတ်တယ်ကွယ့်။ ဓားပြကြီးလည်းရဟန္တာဖြစ်နိုင်သလို ခမောက်တောင်ပြန် မုဆိုးတစ်ယောက် ကလည်း တစ်ချိန်မှာသာသနာပြုမယ့် ထေရ်တစ်ပါးဖြစ်လာတော့မယ်။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်”
အဆက်အစပ်မရှိဘဲ မိန့်ကြားလိုက်သည့်ဆရာတော်ကြီး၏စကားကို အရှင်ဇောတိပါလနှင့် ဦးငွေမောင်းတို့ နားမလည်သော်လည်း ဖိုး ထိန်က နားလည်သဘောပေါက်လိုက်သဖြင့် တစ်ကိုယ်လုံးဖိန်းရှိန်းပြီး ကြက်သီးမွေးညင်းများထသွားလေသည်။
“လူ့လောကထဲကိုရောက်လာကြတဲ့သူတိုင်း အတိတ်ကံက အရိပ်သဏ္ဌာန်ပါလာကြပြီးသားကွယ့်။ သူ့ဘုန်းသူ့ကံနဲ့လာကြတယ်။ အ တိတ်ဘဝမှာတောင်းခဲ့တဲ့ဆု၊ ပြုခဲ့တဲ့ကံတွေက ချက်ချင်းလက်ငင်းအကျိုးပေးချင်မှပေးလိမ့်မယ်။ ဘဝမျိုးစုံကျင်လည်ကြရပြီး အချိန်သင့်တဲ့အခါ မှ ကံအကျိုးကို ခံစားကြရတယ်။ သတ္တဝါတစ်ခု ကံတစ်ခုလို့ဆိုကြပေမယ့် သတ္တဝါတိုင်းမှာ အကုသိုလ်ကံနဲ့ ကုသိုလ်ကံဆိုတဲ့ ကံနှစ်ခုပါလာပြီး သားကွယ့်။ အဲဒီကံနှစ်ခုက တစ်လှည့်စီ အကျိုးပေးနေကြတယ်။ သတ္တဝါတွေရဲ့ အတိတ်နဲ့ အနာဂတ်ကို ဉာဏ်မျက်စိရှိတဲ့သူတွေမှ သိနိုင် မြင်နိုင် ကြတယ်။ မသေမချင်းခံရတော့မယ့် အကုသိုလ်ကံအကျိုးပေးပြီဆိုရင် ဘယ်သူသတ်လို့မှမသေဘူး၊ ဘယ်လိုအကြောင်းကြောင့်နဲ့မှ မသေဘူး ကွယ့်။ ကံမကုန်မချင်း အမျိုးမျိုးအဖုံဖုံပေးဆပ်ကြရတော့တာပဲ။ အတိတ်ဘဝက တောင်းခဲ့တဲ့ဆုကြောင့် ပါရမီဖြည့်ချိန်တန်လာရင်လည်း ဘယ် လိုနည်းနဲ့မှမပျက်စီးဘဲ ပါရမီဖြည့်ခွင့်ရကြတယ်။ ဇွဲလုံ့လနဲ့ ပါရမီကိုပေါင်းစပ်နိုင်ရင် အရာရာအောင်မြင်ပါလိမ့်မယ်။ သာသာနာအကျိုးအတွက် အာဇာနည်တစ်ပါးတိုးလာဦးမှာပေါ့ကွယ်”
ဆရာတော်ကြီးက မိန့်ကြားပြီးသည်နှင့် ထိုင်ရာမှထကာ ကျက်သရေခန်းထဲသို့ဝင်သွားလေသည်။ အရှင်ဇောတိပါလနှင့် ဦးငွေမောင်း တို့က အတွေးကိုယ်စီနှင့်ငြိမ်သက်နေကြသော်လည်း ဖိုးထိန်ကတော့ ကြက်သီးဖြန်းဖြန်းထနေလေတော့သည်။
*********************
“ဟေ့ကောင် ဖိုးထိန်.....။ ငါ ရွာပြန်တော့မယ်။ နောက်ကလိုက်ခဲ့တော့”
ပခုံးကိုကိုင်လှုပ်ပြီး ပြောဆိုနေသည့် ခေါင်းကြီး၏အသံကိုကြားလိုက်သဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ အနားတွင်မည်သူမျှရှိ မနေသဖြင့် ထိတ်လန့်သွားပြီး မတ်တပ်ရပ်ရန်ပြင်လိုက်သည်။
“အား...ကျွတ်.....ကျွတ်...ကျွတ်....”
ခြေဖဝါးမှဒဏ်ရာက မခံမရပ်နိုင်လောက်အောင်နာကျင်သည့်အခါမှ ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။ အရုဏ်ဦးရောင်နီသမ်းနေပြီမို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ အနားတွင် မည်သူမျှမရှိဘဲ သစ်ပင်များနှင့်ချုံနွယ်များကိုသာမြင်တွေ့ရသည်။ ခေါင်းကြီး၏အသံကိုကြားလိုက်ရပြီး ပခုံးကိုကိုင်လှုပ်သွားသည့်အထိအတွေ့ကိုလည်းခံစားလိုက်ရသည်။ အိပ်မက်လား၊ တကယ်လားဆိုသည်ကို စဉ်းစားလိုက်သည့်အခါမှ မြေပုံကြီးရွာသို့ရောက်နေခြင်းကို သတိရလိုက်မိသည်။ မြေပုံကြီးရွာသို့ ရောက်နေခြင်းသည် အမှန်တကယ်မဟုတ်ဘဲ ဒဏ်ရာအရှိန်ကြောင့်မက်သည့် အိပ်မက်သာဖြစ်ကြောင်း ဖိုးထိန်သဘောပေါက်သွားသည်။ ကယ်မည့်သူမရှိသည့်နေရာတွင် အသေခံမည့်အစား ရွာသို့မရောက်ရောက်အောင်ပြန်မည်ဟု ဆုံးဖြတ်လိုက်သည်။ ခြေဖဝါးတွင်စူးဝင်နေသည့်ငုတ်ကြောင့် လမ်းလျှောက်ရန်အခက်အခဲဖြစ်နိုင်သဖြင့် အံကိုတင်းတင်းကြိတ်ကာ ခြေဖဝါးမှငုတ်ကို ဆွဲနှုတ်လိုက်လေတော့သည်။
“အား..............”
နာကျင်လွန်းသဖြင့် အသံကုန်အော်ဟစ်လိုက်သည့်အသံက တောတောင်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ခြေဖဝါးမှငုတ်ကိုဆွဲနှုတ် လိုက်ပြီးနောက် ပုဆိုးကိုဆုတ်ဖြဲလိုက်ပြီး ဒဏ်ရာကို တင်းနေအောင်စည်းနှောင်လိုက်သည်။ ထို့နောက် သစ်ပင်ကိုကိုင်ကာ မတ်တပ်ရပ်ကြည့် လိုက်သည်။ မခံမရပ်နိုင်အောင်နာကျင်သော်လည်း ငုတ်မရှိတော့သဖြင့် ခြေဖျားထောက်ကာ လျှောက်နိုင်သည်။ မည်သို့ဖြစ်စေ ရွာသို့ရောက် အောင်ပြန်မည်ဟုအားတင်းလိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့လေသည်။ မနေ့ညက ညအချိန်မို့ လမ်းစရှာဖွေ၍မရသော်လည်း ယခုအခါမှာတော့ အရပ်ရှစ်မျက်နှာကိုမြင်တွေ့နိုင်ပြီမို့ လမ်းစရှာဖို့ လွယ်ကူသွားခဲ့လေပြီ။
ခြေထောက်တစ်ဖက်ကိုအားပြုပြီး တဖြည်းဖြည်းလျှောက်လာရာမှ သစ်ပင်နှင့်ချုံပင်များနည်းပါးလာကြောင်း သတိထားမိလိုက်သည်။ နေက ထန်းတစ်ဖျားသို့ရောက်နေလေပြီ။ ခြေထောက်က အတော်နာနေသဖြင့် သစ်ပင်အောက်၌ ခဏနားမည်ပြုစဉ် ခမောက်တောင်ကို သစ် ပင်များကြားမှမြင်တွေ့လိုက်ရသဖြင့် ဖိုးထိန်ဝမ်းသာသွားလေသည်။
“ဟာ.....ငါ...ငါ.......။ ဒါ...ဒါဆို........”
ခမောက်တောင်ကိုမြင်ရပြီဆိုကတည်းက ခမောက်တောင်ခြေနှင့်အလှမ်းဝေးသွားပြီဖြစ်ကြောင်း ဖိုးထိန်သိလိုက်သည်။
“ခမောက်တောင်က ဘယ်ဘက်မှာ။ နေက ညာဘက်မှာ။ ဒါဆို ငါရောက်နေတဲ့နေရာက ကျောက်ရေတွင်းရွာနားက သပြေတောဖြစ် မယ်။ အဲဒါဆိုရင် ညာဘက်ကို တည့်တည့်ဖောက်ထွက်ရမယ်”
ဖိုးထိန် အားတက်သွားပြီး ရှေ့တူရှုသို့မသွားတော့ဘဲ နေထွက်ရာအရပ်ကိုမျက်နှာမူကာ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ အားတင်း ပြီးလျှောက်လာရင်းမှ လူတစ်ရပ်ကျော်ခန့်ရှိသည့် သပြေပင်များကိုမြင်တွေ့လိုက်ရသဖြင့် ထခုန်မိမတတ်ဝမ်းသာသွားလေသည်။ သပြေတောကို လွန်၍ ယာခင်းများကိုဖြတ်ကျော်ပြီးလျှင် ကျောက်ရေတွင်းရွာသို့ရောက်ပေတော့မည်။ နေထန်းတစ်ဖျားသို့ရောက်နေသော်လည်း ယာခင်းထဲ၌ အလုပ်လုပ်နေသူများရှိနိုင်သေးသဖြင့် အကူအညီတောင်း၍ရနိုင်ပေသည်။
ဖိုးထိန်တွေးထားသည့်အတိုင်း သပြေတောထဲမှထွက်လိုက်သည့်အခါ ယာခင်းထဲတွင်အလုပ်လုပ်ကိုင်နေကြသူများကိုမြင်တွေ့လိုက်ရ လေသည်။
“ဗျိုး........ကျွန်တော့်ကို ကူညီကြပါဦး။ ဗျိုး.........ကျွန်တော် ရေငန်ရွာက ဖိုးထိန်ပါ။ ကူညီကြပါဦး”
ဖိုးထိန်အော်ဟစ်လိုက်သည့်အသံကိုကြားလိုက်သည့် ယာသမားများက လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး ဖိုးထိန်ထံသို့ရောက်လာကြ သည်။
“ဟာ.......ဖိုးထိန်..............ဘာဖြစ်လာတာလဲ။ တစ်ကိုယ်လုံး စုတ်ပြတ်နေပါလား”
“ကိုမောင်ထွန်း။ ဝမ်းသာလိုက်တာဗျာ။ ကျွန်တော့်ကို အိမ်လိုက်ပို့ပေးပါဗျာ။ ခြေထောက်မှာ ငုတ်ထိုးမိလို့ လမ်းမလျှောက်နိုင်တော့ဘူး”
“ဟေ.........။ မင်းက ဘယ်ကနေဘယ်လို ဒီကိုရောက်လာရတာလဲ”
“နောက်မှပြောပြမယ်။ ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး”
“မင်းခြေထောက်က ဒဏ်ရာကို အရင်ပြစမ်းပါဦး။ အတော်ဆိုးနေရင် အဘဦးတင့်ဝေဆီသွားကြမယ်”
“ဟာ.....ဟုတ်သားပဲ။ အဘဦးတင့်ဝေဆီလိုက်ပို့ပေးဗျာ”
“လာ.....ငါ့ကိုတွဲ.....”
ကိုမောင်ထွန်းက ဖိုးထိန်ကိုတွဲပြီး ကျောက်ရေတွင်းရွာမှ တိုင်းရင်းဆေးဆရာ အဘဦးတင့်ဝေထံသို့ခေါ်သွားလေသည်။ အဘဦးတင့်ဝေ ထံသို့မရောက်မီ လမ်းခုလပ်၌ ဦးစံတင်နှင့် ထိပ်တိုက်တိုးလေတော့သည်။ ဦးစံတင်က ဖိုးထိန်တို့အရှေ့မှ ပိတ်ရပ်လိုက်ပြီး လက်ကိုပိုက်ကာ ဟား တိုက်ရယ်မောလေသည်။
“ဟား.....ဟား.....ဟား....... စံတင်လို လွတ်လာတဲ့ကောင်လည်းရှိသေးတာကိုး....။ အသက်ကြီးပြီး အချိန်မစီးတဲ့စံတင်ကတော့ ရူးသွား ပြီကွ။ အရူးစံတင်မသေခင်တော့ ကံထူးရှင်အနေနဲ့ ဖူးမြင် ဦးတင်ရဦးမယ်ဟေ့....ဟား...ဟား...ဟား...”
ဦးစံတင်က ရယ်မောပြီး ခုန်ပေါက်ကာ ရွာပြင်သို့ထွက်သွားလေသည်။ ဦးစံတင်ပြောသည့်စကားကို ကိုမောင်ထွန်းနားမလည်သော် လည်း ဖိုးထိန်က သဘောပေါက်နားလည်လိုက်သည်။
*************************
ရွာသို့ပြန်ရောက်ရောက်ချင်း ခေါင်းကြီး၏သတင်းကို အံ့ဩထိတ်လန့်စွာကြားလိုက်ရသည်။
“ဟုတ်တယ် ဖိုးထိန်။ ခမောက်တောင်ခြေမှာ တောဝက်အပက်ခံရတာလို့ ခေါင်းကြီးမသေခင်ပြောသွားတယ်။ ငါ အိပ်ရာကနိုးခါစအချိန် မှာ ရွာထဲကို အော်ဟစ်ပြီးပြေးလာသံကြားလို့ ကြည့်လိုက်တော့ ခေါင်းကြီးဖြစ်နေတယ်။ သူ့အိမ်တောင်မရောက်လိုက်ဘူး၊ လမ်းပေါ်မှာလဲကျ သွားတယ်။ ငါရောက်သွားတော့ စကားပြောနိုင်သေးတယ်ကွ။ ဗိုက်ထဲကထွက်နေတဲ့အူတွေကို လက်နဲ့ပိုက်ထားတယ်။ တစ်ကိုယ်လုံးလည်း ဒဏ် ရာတွေနဲ့။ သွေးတွေလည်းရွှဲလို့”
“ခေါင်းကြီး ဘယ်တုန်းက ပြန်ရောက်လာတာလဲ ကိုထူး”
“မနေ့မနက်အရုဏ်တက်လောက်ပြန်ရောက်လာတာ”
“သူဘာတွေပြောသေးလဲ”
“ဘာမှမပြောဘူး။ အဲဒါပြောပြီး တစ်ခါတည်းအသက်ထွက်သွားတယ်”
ခေါင်းကြီးသည် တောဝက်အပက်ခံရကတည်းက သေဆုံးသွားပြီဖြစ်ကြောင်း ဖိုးထိန်အသိဆုံးဖြစ်သည်။ ရွာသို့ပြန်လာပြီး ရွာရောက်မှ သေဆုံးသည်ဆိုခြင်းက လုံးဝမဖြစ်နိုင်ကြောင်း ဖိုးထိန်တွေးလိုက်မိသည်။ မနေ့မနက် အရုဏ်တက်ချိန်က ပခုံးကိုကိုင်လှုပ်ပြီး ရွာပြန်တော့မည်၊ နောက်ကလိုက်ခဲ့တော့ဟု ခေါင်းကြီးပြောဆိုခဲ့သည့် စကားသံကို ပြန်ကြားယောင်ပြီး ကြက်သီးတဖြန်းဖြန်းထသွားလေသည်။
“မင်းက ဘယ်ရောက်နေတာလဲ ဖိုးထိန်”
“ကျွန်တော်က ကိစ္စတစ်ခုရှိလို့ သပြေတောထဲဝင်တာ။ ငုတ်ထိုးမိလို့ ကျောက်ရေတွင်းရွာကိုဝင်ပြီး အဘဦးတင့်ဝေဆီမှာ ဆေးဝင်ကုနေ တာ”
“အခုသကျသာရဲ့လား”
“မသက်သာသေးဘူးဗျာ”
“ညှော်တော့ရှောင်နော်။ ငန်းဝင်သွားရင် ပိုဆိုးလိမ့်မယ်”
“ဟုတ်ကဲ့ ကိုထူး။ ဒါနဲ့ ....ခေါင်းကြီးကို ဘယ်နေ့သင်္ဂြိုဟ်မှာလဲ”
“ဒီနေ့ချက်ချင်း သင်္ဂြိုဟ်ဖို့လုပ်နေကြတယ်။ မင်းမသွားနဲ့နော်”
“ဟုတ်ကဲ့၊ မသွားဘူး။ ဘာဖြစ်လို့ ချက်ချင်းသင်္ဂြိုဟ်ကြတာလဲ။ သုံးရက်မထားဘူးလား”
“ညိုမည်းပြီး ပုပ်လာလို့ကွ။ အလောင်းကို ရွာပြင်ထုတ်ထားကြတယ်။ လူကြီးတွေပြောတာတော့ အပမှီလာတယ်တဲ့”
“ဗျာ.........”
ဖိုးထိန်၏မျက်လုံးထဲတွင် တောကြက်ဖကိုမြင်ယောင်လာသည်။ တောကြက်ဖသည်လည်း အပမှီနေသည်လားဟု တွေးလိုက်မိသည်။ ကိုထူးပြောသည်က ဖြစ်နိုင်ပေသည်။ သေဆုံးသွားသည့် မသာအလောင်းက ရွာသို့ပြန်လာနိုင်သည်ဆိုခြင်းမှာ ယုတ္တိမရှိပေ။ မည်သို့ဆိုစေ ခေါင်း ကြီးမပြောခဲ့သဖြင့် ခမောက်တောင်၌ အမဲလိုက်ခဲ့ကြောင်း မည်သူမျှမသိခြင်းက ဖိုးထိန်အတွက် အကောင်းဆုံးဖြစ်ပေသည်။
***********************
ခေါင်းကြီးအား မီးသင်္ဂြိုဟ်ပြီးနောက်တစ်ရက်ည၌ ခွေးများအူသဖြင့် တစ်ရွာလုံးထိတ်လန့်ကုန်ကြသည်။ ကလေးသူငယ်များလည်း လန့် ပြီး ငိုကြသည်။ နွားများရုန်းကန်အော်ဟစ်ကြသည်။ နောက်ရက်များတွင် သန်းခေါင်ယံအချိန်၌ ရွာလမ်းပေါ်သွားလာနေသည့်ခေါင်းကြီးကို မြင် တွေ့ကြရသည်။ ခေါင်းကြီးသေဆုံးပြီး တစ်လပြည့်သည့်ညသန်းခေါင်ယံအချိန်၌ ဖိုးထိန်အိပ်နေသည့်ခေါင်းရင်းထရံကို တဘုံးဘုံးထုနှက်သဖြင့် ဖိုး ထိန်နှင့်သူ့မိခင်တို့ လန့်နိုးလာကြသည်။ အိမ်အောက်သို့ဆင်းပြီး ခေါင်းရင်းသို့သွားကြည့်သည့်အခါ မှောင်ရိပ်ထဲ၌ရပ်နေသည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
“ဟေ့လူ...ခင်ဗျားဘယ်သူလဲ”
“..........”
မှောင်ရိပ်ထဲမှလူက ပြန်မဖြေသဖြင့် ဖိုးထိန်က အိမ်ရှေ့တွင်ပုံထားသည့် ထင်းပုံထဲမှထင်းချောင်းကိုပြေးယူလိုက်သည်။ ထိုအချိန်မှာပင် ဖိုးထိန်၏မိခင်က မီးခွက်ကိုင်ပြီးအိမ်အောက်သို့ဆင်းလာလေသည်။
“ဘယ်သူလဲသား.....။ အချိန်မတော်မှ ထရံကိုလာထုရတယ်လို့ကွယ်”
မီးခွက်အလင်းရောင်ကြောင့်အမှောင်ထဲ၌ရပ်နေသူကိုမြင်လိုက်ရသည့်အခါ ဖိုးထိန်က မိခင်၏လက်ထဲမှမီးခွက်ကို အမြန်ဆွဲယူလိုက်ပြီး မိခင်ကိုလက်ဆွဲ၍ အိမ်ပေါ်သို့ အပြေးအလွှားတက်သွာလေသည်။
“ဘာဖြစ်လို့ အမေ့လက်ကို ဆွဲပြေးရတာလဲ။ မတော်လို့မှောက်လဲရင် ကျိုးကန်းကုန်မှာပေါ့”
“ခေါင်းကြီးဗျ။ အမေကြောက်မှာစိုးလို့ အမေမမြင်ခင်ဆွဲပြေးရတာ”
“အမေမကြောက်တတ်ပါဘူးသားရယ်။ ညမှောင်ရင် အမေတို့အိမ်ရှေ့မှာ လာရပ်နေတာ အမေတွေ့နေတာပဲဟာ”
“ဗျာ.......ခေါင်းကြီးက ကျွန်တော်တို့အိမ်ရှေ့မှာ လာရပ်တယ်လား”
“သူလည်း မကျွတ်မလွတ်သေးတဲ့အကြောင်း သားသိအောင်လာပြတယ်နဲ့တူပါတယ်”
“သူ့မိဘတွေလည်း သူ့အတွက်အမျှအတန်းပေးထားတာပဲအမေရာ”
“ခေါင်းကြီးက တောထဲတောင်ထဲမှာ တောဝက်ပက်ခံရပြီးပြေးလာပေမယ့် အပမှီလာတာဆိုတော့ တော်ရုံဘယ်ကျွတ်ပါ့မလဲကွယ်။ အ မေထင်တာ သူတစ်ခုခုအမှားအယွင်းလုပ်ခဲ့ပုံရတယ်”
“ဟုတ်မှာပေါ့ အမေရာ။ ကျွန်တော်တို့ ပြန်အိပ်ကြရအောင်”
“အေး....အိပ်ကြတာပေါ့ သားရယ်။ မေတ္တာပို့ပေးလိုက်ပါ။ သားပြုခဲ့တဲ့ ကုသိုလ်တွေကို အမျှပေးလိုက်ပါ”
“ကျွန်တော့်က ဘယ်တုန်းက ကုသိုလ်လုပ်ခဲ့ဖူးလို့လဲ အမေရာ။ ဒီလောက် သားကောင်တွေသတ်ဖြတ်နေတဲ့ မုဆိုးမှာ အကုသိုလ်ပဲရှိမှာ ပေါ့”
“သားက အမဲမလိုက်တာတစ်နှစ်တောင်ရှိတော့မယ်လေ။ အကြောင်းတစ်ခုခုကြောင့်မလိုက်ဖြစ်တာမဟုတ်ဘဲ သတ်ဖြတ်တာကိုမလုပ် ချင်တော့လို့ရပ်လိုက်တာလည်း ကုသိုလ်ပဲပေါ့”
“ဟုတ်ကဲ့ အမေ။ ကျွန်တော် အမျှပေးလိုက်ပါ့မယ်”
“အမေအိပ်တော့မယ်။ သားလည်း အိပ်တော့”
“ဟုတ်ကဲ့ အမေ”
မိခင်ပြောသလို အမျှပေးဖို့အတွက် ဖိုးထိန်မဝံ့မရဲဖြစ်နေသည်။ အမဲလိုက်ခြင်းကို ဝါသနာထုံသဖြင့် အသက်ဆယ့်လေးနှစ်သားကတည်း က သတ္တဝါငယ်လေးများကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။ အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီးချိန်မှစ၍ ရင်းနှီးခင်မင်သည့်မုဆိုး ရင့်မများနှင့်အတူလိုက် သွားပြီး အမဲလိုက်အတတ်ပညာကိုသင်ယူခဲ့သည်။ ထိုအချိန်မှစ၍ ဖိုးထိန်၏လက်ချက်ဖြင့် ဇီဝိန်ကြွေခဲ့ရသည့် သတ္တဝါပေါင်းမနည်းတော့ပြီ။ ထို နေ့ညက ဟိုလူးသည်လိမ့်ဖြင့် မည်သို့အိပ်ပျော်သွားသည်မသိပေ။
“ဖိုးထိန်.... ငါက မင်းကို လာနှုတ်ဆက်တာပါ။ ဘိုးဘိုးကြီးရဲ့အမိန့်နဲ့ ခမောက်တောင်ကို ငါ စောင့်ရှောက်ရတော့မယ်။ အဲဒီမှာ စောင့် ရှောက်နေရတဲ့သူတွေရှိတယ်။ ကိုမြဝင်းနဲ့ ကိုသိန်းဝင်းတို့လည်းရှိတယ်။ ခမောက်တောင်က ရေတံခွန်နားမှာ ဘယ်သူ့ကိုမှအမဲမလိုက်ခိုင်းနဲ့နော်။ အဲဒီမှာ ငါ့လို အစောင့်တွေအများကြီးရှိတယ်။ မင်းကို တစ်ခုလောက် အကူအညီတောင်းချင်တယ်။ မင်းက တစ်ချိန်မှာခမောက်တောင်ကိုရောက် လာရလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ကို ကျွတ်လွတ်အောင်လုပ်ပေးပါ။ မင်းကိုစောင့်နေကြတဲ့သူတွေထဲမှာ ဘိုးဘိုးကြီးလည်းပါတယ်ဖိုးထိန်”
အိပ်မက်မှလန့်နိုးလာသည့်အချိန်တွင် ဖိုးထိန်၏ရင်ထဲ၌ ဝမ်းနည်းသလိုခံစားနေရသည်။ ကိုယ်တိုင် ဝေဒနာခံစားခဲ့ရသူမို့ သတ္တဝါများကို သနားလာမိသည်။ မကျွတ်မလွတ်ကြသေးသူများကို ကယ်တင်ချင်စိတ်က တားမနိုင်ဆီးမရဖြစ်လာခဲ့လေသည်။ ငုတ်စူး၍ တောထဲတွင်နားနေ ခိုက် အိပ်မက်ထဲ၌ မြေပုံကြီးရွာမှ ဆရာတော်ကြီးမိန့်ခဲ့သည့် ‘ဓားပြကြီးလည်းရဟန္တာဖြစ်နိုင်သလို ခမောက်တောင်ပြန်မုဆိုးတစ်ယောက်ကလည်း တစ်ချိန်မှာ သာသနာပြုမယ့် ထေရ်တစ်ပါးဖြစ်လာတော့မယ်။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ် ပါတယ်’ ဆိုသည့်စကားကို ပြန်ကြားယောင်မိပြီး ကြက်သီးဖြန်းဖြန်းထလာလေသည်။ သတ္တဝါများ၏အသက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ဖူးသည့်အတွက် ငရဲကျရမည့်အရေးကို တွေးမိသည့် အခါ ကြောက်လန့်တုန်လှုပ်လာသည်။ ငရဲမှလွတ်မြောက်ရာလမ်းသည် သာသနာ့ဘောင်သို့ဝင်ပြီး တရားကျင့်ကြံမှသာဖြစ်မည်ဟု တွေးလိုက်မိ လေသည်။ ခေါင်းကြီး၊ ကိုမြဝင်းနှင့် ကိုသိန်းဝင်းတို့သည် နာနာဘာဝများအဖြစ် ခမောက်တောင်ကို စောင့်ရှောက်နေကြရသည်။ ဆရာတော်ကြီး သည် မိမိ၏အတိတ်နှင့်အနာဂတ်ကို မြင်တော်မူ သလို ခမောက်တောင်မှဘိုးဘိုးကြီးဆိုသူကလည်း မိမိအားစောင့်နေသည်ဟုဆိုသဖြင့် ဘိုးဘိုး ကြီးသည် တောစောင့်နတ် တောင်စောင့်နတ်ဖြစ်လိမ့်မည်ဟု ဖိုးထိန်တွေးလိုက်မိသည်။ ခမောက်တောင်၌မကျွတ်မလွတ်ဘဲရှိနေကြသူများကို သာမက သတ္တဝါအပေါင်းကို ကယ်တင်ပြီး အပြစ်များကိုဆေးကြောပစ်တော့မည်ဟု ဖိုးထိန်ဆုံးဖြတ်လိုက်လေတော့သည်။
***********************
“အမေ...ကျွန်တော် သင်္ကန်းစီးချင်တယ်။ အသက်က နှစ်ဆယ်ကျော်နေပြီ။ အခုထိ ကိုရင်လည်းမဝတ်ဖူးသေးဘူး”
“ဝတ်လေ သားရဲ့။ ကောင်းတဲ့အလုပ်ကိုလုပ်တာ အမေမတားပါဘူး”
“လူပြန်မထွက်တော့ရင် ဘယ်လိုလုပ်မလဲ”
“လူပြန်မထွက်ရင် အမေက ပိုတောင်ဝမ်းသာသေး။ ရဟန်းမယ်တော်ဖြစ်ရတာ ဘယ်လောက်ကုသိုလ်ရလိုက်မလဲ။ အပါယ်တံခါးပိတ်တာပေါ့ သားရယ်”
“ကျွန်တော်မရှိရင် ယာအလုပ်ကို အမေလုပ်နေရမှာပေါ့”
“အမေ့အတွက် ဘာမှမပူနဲ့။ ဒီအလုပ်တွေလုပ်လာခဲ့တာ အခုမှမဟုတ်ဘူး။ အမေ့တစ်ယောက်စာ တစ်ဝမ်းတစ်ခါးအတွက်က ပူစရာမလို ဘူး။ အကောင်ပလောင်တွေသတ်မယ့်အစား ရဟန်းအပြီးဝတ်တာ ကောင်းတာပေါ့သားရယ်”
“တကယ်နော် အမေ”
“တကယ်ပြောတာပေါ့။ သားက ဘယ်မှာဝတ်မှာလဲ။ သပိတ်အိုင်မှာလား”
“မဟုတ်ဘူးအမေ။ မြေပုံကြီးမှာ ဝတ်ချင်တာ”
“ကောင်းတာပေါ့သားရယ်။ သားအဖေက သူ့ညီနဲ့စကားများပြီး မြေပုံကြီးကို မသွားတော့လို့ အမေလည်းမရောက်ဖြစ်တော့ဘူး။ အမေ စိန်တို့သားအမိလည်း နေများကောင်းကြရဲ့လားမသိဘူး”
“အဖေက မသွားရဘူးဆိုလို့မသွားဘဲနေတာ။ ကျွန်တော်လည်း မြေပုံကြီးကိုသွားချင်တယ်။ အဲဒီမှာပဲ သင်္ကန်းဝတ်မယ်အမေ”
“အမေကတော့ ဝမ်းသာလွန်းလိူ့ အိပ်တောင်ပျော်ပါ့မလားမသိဘူး။ သားကို ရဟန်းအဖြစ်နဲ့မြင်တွေ့ခွင့်ရတော့မှာပေါ့။ အမေ့ဆီမှာစု ဆောင်းထားတာလေးတွေရှိတယ်။ သင်္ကန်းပဋိက္ခရာဖိုးတော့ လောက်ပါတယ်သားရယ်”
“အမေခွင့်ပြုရင် ကျွန်တော်ဝတ်ပြီအမေရာ”
“သားက ဘယ်တော့ဝတ်မှာလဲ။ ယာခင်းကိစ္စတွေက အမေ့တာဝန်ထား”
“ဒါဆို သန်ဘက်ခါ မြေပုံကြီးကိုသွားကြမယ်အမေ”
“မြန်လိုက်တာသားရယ်။ ပဋိက္ခရာဝယ်ဖို့အချိန်ပေးပါဦးလား”
“ဟိုရောက်မှစီစဉ်ကြမယ်အမေရာ။ ကျွန်တော် သင်္ကန်းစီးချင်လှပြီ”
“အေးပါကွယ်......သာဓု...သာဓု...သာဓု”
“သန်ဘက်ခါမနက်မှာ ကိုထူးကို လှည်းနဲ့လိုက်ပို့ခိုင်းမယ်အမေ။ ကိုထူးကို သွားပြောထားလိုက်ဦးမယ်”
************************
ဖိုးထိန်တို့သားအမိ မြေပုံကြီးရွာသို့ရောက်သည့်အခါ ဖိုးထိန်မက်ခဲ့သည့် အိပ်မက်ထဲကအတိုင်း ဦးစိုးဝင်းအား အရှင်ဇောတိပါလအဖြစ် မြင်တွေ့ရလေသည်။ ဦးငွေမောင်းကလည်း အိပ်မက်ထဲကအတိုင်းဖြစ်နေသည်။ အဘွားဆုံးပါးသွားခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဆိုသည်ကလည်း အမှန်ဖြစ်နေသည်။ မက်ခဲ့သည့်အိပ်မက်သည် အလွန်ထူးဆန်းနေသည်။ ထိုထက်ပိုပြီးထူးဆန်းသည့်အကြောင်းက ဖိုးထိန်တို့သားအမိရောက်လာ မည့်နေ့တွင် ဆရာတော်ကြီးက အရှင်ဇောတိပါလအား မိန့်ကြားသည့်စကားဖြစ်ပေသည်။
“သင်တုန်းဓားနဲ့ ပဋိက္ခရာတွေပြင်ထားလိုက်ပေတော့။ ဒီနေ့ညနေ ဧည့်သည်သုံးယောက်လာလိမ့်မယ်။ အဲဒီအထဲမှာ ထူးခြားတဲ့ဧည့် သည်တစ်ယောက်ပါလာမယ်။ ဒကာကြီးငွေမောင်းကို ဧည့်သည်သုံးယောက်အတွက် ညနေစာချက်ပြုတ်ထားဖို့ပြောလိုက်ပါ”
***********************
ဖိုးထိန်ခေါ်ထိန်လင်းသည် မြေပုံကြီးကျေးရွာမှ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ဓမ္မကိတ္တိဘွဲ့အမည်ဖြင့် သာသနာ့ဘောင်သို့ဝင်ခဲ့သည်။ ငယ်စဉ်က ပညာမသင်ကြားခဲ့ရသဖြင့် ဦးရီးတော် အရှင်ဇောတိပါလထံ၌ စာသင်ကြားပြီး ပရိယတ္တိစာပေကျမ်းဂန်များကို သင်ယူလေ့လာခဲ့သည်။ ပါရမီပါသူဖြစ်သည့်အတွက် အလွယ်တကူတတ်မြောက်ခဲ့ပေသည်။ အရှင်ဓမ္မကိတ္တိ ရဟန်းဖြစ်တော်မူပြီး လေးဝါရသည့်အချိန်တွင် ဆရာတော် ကြီး ပျံလွန်တော်မူသွားလေသည်။
ဆရာတော်ကြီးပျံလွန်သည့်အချိန်တွင် အချိန်အခါမဟုတ်ဘဲမိုးရွာသည်။ ငှက်မျိုးစုံတို့ရောက်လာကြပြီး ကျောင်းဝင်းထဲမှသစ်ပင်များ တွင် နားခိုကြသည်။ ညသန်းခေါင်ယံအချိန်တွင် ရိုးမဘက်မှ မီးလုံးကြီးများတက်လာပြီး ကျောင်းဘက်သို့ပျံသန်းလာသည်ကို မြင်တွေ့ကြရသည်။ ဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် အရှင် ဇောတိပါလ ကျောင်းထိုင်ဆရာတော်ကြီးဖြစ်လာခဲ့သည်။ ဝါတော်ခြောက်ဝါရသည့်အချိန် မယ် တော်ကြီးနေထိုင်မကောင်းသဖြင့် ရွာသို့ခေတ္တပြန်သည့်အခါ အဘဦးစံတင်ရောက်လာပြီး ငှက်ပျောသီးတစ်ဖီးကပ်လှူကာ ရိုသေစွာကန်တော့၍ ခမောက်တောင်တွင် မကျွတ်မလွတ်သေးသူများရှိနေသဖြင့် ကျွတ်လွတ်အောင်လုပ်ပေးပါရန် လျှောက်ထားလေသည်။ အရှင်ဓမ္မကိတ္တိက အဘ ဦးစံတင်အား ပြန်မိန့်ကြားခြင်းမရှိဘဲ မျက်လွှာချ၍ ဆိတ်ဆိတ်နေလေသည်။
အရှင်ဓမ္မကိတ္တိ သက်တော် သုံးဆယ့်ကိုး၊ ဝါတော် ဆယ့်ခြောက်ဝါရချိန်တွင် မယ်တော်ကြီး အနိစ္စရောက်သွားခဲ့လေသည်။ အဘဦးစံ တင် ကွယ်လွန်မည့်နေ့၌ ကျောက်ရေတွင်းရွာသို့ အရှင်ဓမ္မကိတ္တိ ကြွလာခဲ့သည်။ ခမောက်တောင်၌ တရားကျင့်ကြံတော့မည်ဖြစ်ကြောင်း အဘ ဦးစံတင်အား မိန့်ကြားခဲ့သည်။ အဘဦးစံတင်အား မိန့်ခဲ့သည့်အတိုင်း အရှင်ဓမ္မကိတ္တိသည် ကျောင်းတွင်သီတင်းမသုံးတော့ဘဲ ခမောက်တောင်သို့ ကြွ၍ တောရပ်မှီကာ တရားကျင့်ကြံသည်။ အရှင်ဓမ္မကိတ္တိ၏စွမ်းဆောင်မှုကြောင့် ခမောက်တောင်နှင့် ရိုးမအကြားမှ ကရင်ရွာကြီးတွင်နေထိုင် ကြသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာကြသည်။
ရေငန်ရွာနှင့် အနီးအနားရွာများမှ ရွာသူရွာသားများက ရေငန်ရွာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်လှူဒါန်းမည်ဖြစ်ပြီး ထိုကျောင်း၌ ကျောင်းထိုင်အဖြစ်သီတင်းသုံးပါရန်လျှောက်ထားတောင်းပန်ကြသည့်အခါ ကျောင်းထိုင်မလုပ်လိုကြောင်းမိန့်ကြားပြီး မြေပုံကြီးရွာမှ ဆရာတော် အရှင်ဇောတိပါလအား ရေငန်ရွာရှိဘုန်းကြီးကျောင်းအတွက် ကျောင်းထိုင်နှင့်သံဃာတော်များလိုအပ်နေကြောင်းလျှောက်ထားသဖြင့် အရှင်ဇော တိပါလက သံဃာတော်ရှစ်ပါး စေလွှတ်တော်မူလိုက်သည်။
အရှင်ဓမ္မကိတ္တိသည် နေရာဒေသအစုံသို့သွားရောက်၍သာသနာပြုပြီးလျှင် ခမောက်တောင်သို့ပြန်လာပြီး တရားကျင့်ကြံလေသည်။ အ ရှင်ဓမ္မကိတ္တိသည် ခမောက်တောင်ဆရာတော်ဟုထင်ရှားလာခဲ့သည်။ မြန်မာနိုငံသို့ ဒုတိယကမ္ဘာစစ်မီးကြီးကူးစက်လာသည့်အချိန်အထိ ခမောက် တောင်၌ တရားကျင့်ကြံနေသေးသည်။ စစ်ကြီးပြီးဆုံးပြီးနောက် ခမောက်တောင်၌ အရှင်ဓမ္မကိတ္တိကို မတွေ့ရတော့ပေ။ အရှင်ဓမ္မကိတ္တိပြန်ကြွ လာမည့်အချိန်ကို စောင့်မျှော်နေကြသည့် ရေငန်ရွာနှင့်အခြားရွာများမှ ရွာသားအချို့ ခမောက်တောင်အနှံ့ရှာဖွေကြသည့်အခါ ရေတံခွန်အနီး၌ အ ရှင်ဓမ္မကိတ္တိ သီတင်းသုံးခဲ့သည့် တဲကျောင်းလေးကို တွေ့လိုက်ကြရသည်။ အင်ဖက်မိုးထားသည့်တဲကျောင်းလေးသည် ပျက်စီးယိုယွင်းနေလေပြီ။ ထိုဒေသတစ်ဝိုက်တွင် ခမောက်တောင် ဆရာတော်ဟု ကျောဇောခဲ့သည့် အရှင်ဓမ္မကိတ္တိ မည်သည့်နေရာ၊ မည်သည့်ဒေသသို့ကြွချီသွားသည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မပြောနိုင်ကြပေ။ သို့သော်လည်း မုဆိုးဘဝမှ သာသနာအကျိုးကိုသယ်ပိုးခဲ့သည့် အရှင်ဓမ္မကိတ္တိ၏အကြောင်းသည် ကား ထိုဒေသတစ်ဝိုက်၌ ယနေ့တိုင်ပြောစမှတ်တွင်နေလေတော့သတည်း။
**************************************
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။