စိတ်မပြတ်နိုင်လို့ အုတ်ဂူထဲ မဝင်ချင်သူ
lotaya.mpt.com.mm
|
2020-04-24

“မိန်းမရေ…မိန်းမရေ.. ..မိန်းမရေ….”

အိမ်ရှေ့ ခြံဝမရောက်ခင်က ကုန်းအော်နေတဲ့ ယောက်ျားဖြစ်သူအသံကြောင့် ကလေး သိပ်ရင်းကနေ သားကိုထားခဲ့ပြီး အိမ်ရှေ့ဖက်ဆီကိုအပြေးထွက်ကြည့်လိုက်ပါတယ်။ ယောက်ျားဖြစ်သူက ဆိုက်ကားဆရာကို ပိုက်ဆံရှင်းတုန်းတန်းလန်းကနေ အသံပြဲ ကြီးနဲ့ ကုန်းအော်နေတာ ကြောင့် ဘာများဖြစ်သလဲ ဆိုပြီး ကပျာကယာ ခြံထဲ ခပ် သုတ်သုတ်ဆင်းသွားလိုက်ပါတယ်။

“ကိုရယ်..လန့်လိုက်တာ..ဘာဖြစ်လို့လဲ”

“မင်းဘာမှ မဖြစ်ဘူးနော်..နေကောကောင်းရဲ့လား…သားရော နေကောင်းလား”

“အစ်ကိုရေ..ရှင်ဘယ်လိုဖြစ်နေတာလဲ…အခု ကျွန်မလဲ ကောင်းတယ်။ သားလေးလည်း ကောင်းတယ်လေ..ဘာဖြစ်လို့လဲ”

နှစ်ယောက်သားအိမ်ထဲ ကိုတူတူပြန်ဝင်ရင်း အကြောင်းရင်းကိုမေးမြန်းရပါတယ်။

“ဒီလိုကွာ..ကိုယ်ရုံးကနောက်ကျနေတော့ မင်းတို့ သားအမိနှစ်ယောက်ထဲဆိုတဲ့စိတ်နဲ့ လမ်းမလျှောက်တော့ပဲ ဆိုက်ကားငှားစီးလာတယ်။ အဲဒီမှာအိမ်နားရောက် ကာနီးကြ တော့ ငှက်ဆိုးလားဘာလား ငှက်ကြီးကွာ…ကိုယ်တို့ ဆိုက်ကားဖက်ကို တည့်တည့် ကြီး ပျံလာရင်းကိုယ့်မျက်နှာနားရောက်မှ ဂီးကနဲ ငှက်ဆိုးထိုးပြီး အတောင်နဲ့ တောင်ဖြန်းက နဲ ရိုက်မိမလိုဖြစ်တာ”


“ဟယ် ကိုယ်ရယ် ဖြစ်ရလေ..ဘုရားစာမဆိုလိုက်ဘူးလားကိုက”
“ဆိုတာပေါ့ကွာ..စိတ်ထဲလဲ တအားလေးသွားတာ..မနက်က မင်းပြောတော့ မင်းနေလို့ သိပ်မကောင်းဘူးဆိုတော့ ကိုယ်လဲ စိတ်ထဲ မင်းများ တစ်ခုခု ဖြစ်မလားဆိုပြီး ပြေးလာ ရတာပဲ”

မဒီစိတ်ထဲယောကျာ်းဖြစ်သူရဲ့ ဂရုစိုက်မှုကို ကြည်နူးသလိုဖြစ်ရပေမယ့် မဒီတို့ မြန်မာ အယူမှာ ဒီလိုဖြစ်ရင် မကောင်းဘူးဆိုတာကို သိတော့သိနေတာမို့ ဘုရားကျောင်း ဆောင် မှာချက်ချင်းဆိုသလို ဘုရားမီးပူဇော်..ရေချမ်းဆက်ကပ်လို့ ယောက်ျားဖြစ်သူ ရေမိုးချိုးပြီးတာနဲ့ တူတူကန်တော့လိုက်ကြပါတယ်။


ပြီးတော့ မဒီထမင်းခူးနေတုန်း ကိုက နယ်က သူ့အမေနဲ့ အဖေဆီကိုလည်းဖုန်းဆက် မလို့ လုပ်ပါတယ်။ တကယ်တမ်းကို အဲဒီလို ပြောကတည်းက မဒီရဲ့ စိတ်ထဲမှာ နယ်အိမ် ကကို့ ဖေဖေနဲ့ မေမေအတွက်လည်း စိတ်ပူပါတယ်။ ဒါပေမယ့် အားနာတာ နဲ့ ဘာမှ မပြောလိုက်တော့တာပါ..။
“မေမေတို့များ တစ်ခုခု ဖြစ်နိုင်သလားကွာ..ဟင်မိန်းမ”

သူ့အဖေနဲ့ အမေဆီကို ဖုန်းဆက်မလို့ လုပ်ရင်းကနေ လှမ်းပြောလိုက်တာကြောင့် မဒီက အားပေးလိုက်ပါတယ်။ “ကိုရယ် စိတ်အေးအေးထားပါ…ဒီလောက်လဲ မဟုတ် သေးပါဘူး။ မေမေတို့ကိုလည်း အရမ်းကြီးမပြောပြနေပါနဲ့။ ဒီတိုင်းလေးပဲ နေကောင်း လား ဘာလား ဖော့ပြီးတော့မေးနော်..ပြီးရင်ထမင်းစားကြမယ်”

ကိုနိုင်ဦးက မန္တလေးတိုင်းထဲက မြို့ကြီးတစ်ခုဇာတိပါ။ မဒီကတော့ ရန်ကုန်သူပါပဲ။ ရန် ကုန်မှာ အလုပ်လာလုပ်တဲ့ ကိုနိုင်ဦးနဲ့ မဒီတို့ ဖူးစာဆုံပြီးတော့လဲ ရန်ကုန်မှာပဲ လင် မယားနှစ်ယောက် အလုပ်တူတူလုပ်ကိုင်ကြရင်း ကိုနိုင်ဦးမိဘတွေဆီကို တစ်နှစ်ကို နှစ်ခေါက်တော့ အမြဲ ပြန်ဖြစ်အောင် ပြန်ကြလေ့ရှိပါတယ်။

မဒီကတော့ နဂိုကတည်းတစ်ကောင်ကြွက်မို့ မဒီ့မှာ လှည့်ကြည့်စရာ အမျိုးအဆွေ ရယ်လို့လည်းမရှိပါဘူး။ ဒါကြောင့်လည်း ကိုနိုင်ဦးမိဘတွေကို ကိုယ့်မိဘလိုသဘော ထားပြီး တအားချစ်ပါတယ်။ နယ်ပြန်ဖို့ဆို မဒီကတောင် ပိုပြီးတက်ကြွလေ့ရှိသူပါ။


“မေမေ..နေကောင်းလား…ဖေဖေကော….အင်းဖြစ်ရမယ်..ပြောမနေနဲ့ .. မဒီကို ဆက်ခိုင်းလိုက်မယ်..ဟုတ်ကဲ့ မေမေတို့ကိုလွမ်းလို့ဆက်လိုက်တာပါ..သားအခု မှပြန်ရောက်တာ..ထမင်းစားလိုက်ဦးမယ်..ဒါပဲနော်”
“ဘာတဲ့လဲ ကို..မဒီက ဘယ်သူ့ကိုဆက်ပေးရမှာတဲ့လဲ”

“ဖေဖေလေ အခုထိအိမ်ပြန်မရောက်သေးဘူးတဲ့.. ဘုရားပွဲမှာ မတည့်တာတွေ စားမှာ ဆိုးလို့ အဲဒါ မဒီကိုဖုန်းဆက်ပြောပေးပါတဲ့”

မေမေနဲ့ ဖေဖေဟာ သိပ်ကိုချစ်ကြတဲ့စုံတွဲတွေလို့ ဆိုရမှာပါ။ ဘုရားပွဲဆိုတာ ညဖက်မှ လျှောက်လို့ ကောင်းတာဆိုတော့ ဖေဖေကလည်းဆိုင်ပိတ်ပြီး အိမ်မပြန်ပဲနဲ့ ဘုရားပွဲ ဖက်ကိုလမ်းလျှောက်..သူသိပ်ကြိုက်တဲ့ အစားစာတွေကိုလျှောက်စားသောက်ပြီးမှ မေမေ့ဖို့ ဝယ်ခြမ်းလို့ ပြန်မှာပဲ ဖြစ်မှာပါ။


မေမေက သူခဏခဏ မဆက်ချင်တာနဲ့ မဒီကိုဆက်ခိုင်းတာဖြစ်မယ်လို့ ထင်တာနဲ့ ချက် ချင်းဆိုသလို မဒီဖေဖေ့ဆီဆက်လိုက်ပါတယ်။
“ဟယ်လို ဖေဖေလား..။ အခုဘယ်မှာလဲ…”


“အေး သမီးရေ..ဖေဖေဘုရားပွဲဈေးလှည့်ကြည့်နေတာ..ဘာလဲ အိမ်က အမေကြီး ဖေဖေကြာနေလို့ သမီးကိုဆက်ခိုင်းတယ်မှတ်လား. ဟားဟား ဖေဖေအခုပဲပြန်တော့ မှာပါ..ငါ့မြေးလေးရော နေကောင်းရဲ့ မဟုတ်လား”
ဒီလိုနဲ့ ပြောဆိုပြီးဖေဖေအိမ်ပြန်ရောက်တော့ ညဆယ်နာရီလောက်ဖြစ်နေပါပြီ။ နယ် အိမ်နဲ့ ဖုန်းဆက်လိုက်ပြောလိုက် ရီလိုက်မောလိုက်နဲ့ ခုဏက စိတ်ပူခဲ့တာလေး တွေလည်းမေ့လောက်ရှိနေချိန်မှာပဲ…

“ကလင်…ကလင်”

“ဟယ်လို…ဘာဖြစ်တယ်…ဟာ မေမေဒါဆို ဆေးရုံမြန်မြန်ပို့ဦး ..အခုပို့လိုက်နော်… ပြီးရင်သားကိုဖုန်းဆက်ဦး”

“အစ်ကို ဘာဖြစ်တာလဲဟင်..ဘယ်ကဖုန်းလဲ”

“မိန်းမ ဖေဖေ အိပ်ယာဝင်မလို့လုပ်ရင်း ရင်ဘတ်ထဲကအောင့်တယ် အောင့်တယ်ဆိုပြီး ချွေးတွေထွက်ပြီးစကားမပြောနိုင်လို့တဲ..။ အခုဆေးခန်းကို ဆိုင်ကယ်နဲ့သွားကြပြီ”

နောက်ဆယ့်ငါးမိနစ်လောက်ကြာတဲ့ အချိန်မှာပဲ ဖုန်းပြန်ဆက်လာတဲ့အခါ “ဖေဖေ နှလုံး သွေးကြောပိတ်လက္ခဏာနဲ့ ဆုံးသွားပြီ” လို့ သိလိုက်ရပါတယ်။

“ဖြစ်မှ ဖြစ်ရလေကွာ..ကိုယ်တို့ ညတွင်းချင်းကားငှားပြီး ပြန်ရအောင်မိန်းမ..အဝတ်တွေ ထည့်ထားတော့..သားလေးကိုနှိုးထား။ ကို့သူငယ်ချင်းကားသွားငှားလိုက်ဦးမယ်”

ဒီလိုနဲ့ မနက်ဆယ့်တစ်နာရီလောက်မှာ နယ်က အိမ်ကိုရောက်ပါတော့တယ်။ ဖေဖေက ၀ လည်းဝတာကြောင့် အလောင်းစင်ကော အခေါင်းကောကို အကြီးကြီးလုပ်ထား ရပါတယ်။ နှလုံးသွေးကြောပိတ်ပြီး ဆုံးတာကြောင့် အလောင်းကို မပုပ်ခင် အဲဒီနေ့ နေ့လည်သုံးနာရီလောက်မှာ သင်္ဂြ ိုလ်ဖို့ စီစဉ်ထားပါတယ်။

နှာခေါင်းနှစ်ဖက်မှာ ဂွမ်းပေါက်တွေနဲ့ ဆို့ထားတဲ့ မျက်နှာတစ်ခုလုံးသပြေသီးမှည့်ရောင် သန်းနေတဲ့ ဖေဖေ့အလောင်းကိုကြည့်ပြီး မဒီလည်းငို၊ သားလေးလည်းငိုပြီး ကို လည်း ငိုလို့ မဆုံးတော့ပါ။

သူ့မှာ နိမိတ်လက္ခဏာကို ကြိုသိခဲ့လေခြင်း၊ ဒါပေမယ့် မပြင်ဆင်လိုက်နိုင်ခြင်း ဆိုပြီး ယူကြုံးမရတွေလည်းဖြစ်နေပါတယ်။ ဖေဖေဟာ အင်မတန်မှ ပျော်ပျော်နေတတ်တဲ့သူ၊ လူတစ်ဖက်သားကို အားနာတတ်သူ၊ အမြဲကူညီတတ်သူမို့ သူ့ကိုချစ်ခင်သူတွေ တော်တော်လေးကို များလှပါတယ်။

သူ့နာရေးကို လာကူတဲ့ သူတွေ အများကြီးဖြစ်နေတာကိုလည်း တွေ့လိုက်ရပါတယ်။ ရွာက မေမေတို့ဖေဖေတို့ နှစ်ဖက်ဘိုးဘွားပိုင် လယ်ကွင်းအစပ်မှာပဲ မိသားစု သင်္ချ ိုင်းလိုဖြစ်နေတဲ့ နေရာမှ ဂူသွင်းမှာ ဆိုတော့ အုတ်ဂူကိုလည်း လက်သမားတွေ က မနက်အစောကတည်းက အမီလုပ်ပေးနေကြပါတယ်။

မဒီ့အတွက်ကတော့ အရမ်းကိုထူးဆန်းပြီး မမြင်ဖူးတဲ့ မြင်ကွင်းတွေပါပဲ။ မဒီတို့ရန်ကုန် မှာက လူသေတဲ့အခါ နာရေးကူညီမှု တစ်ခုခုကလာသယ်ပေးပြီး ရေခဲတိုက်ထဲထား။ ပြီးရင် အသုဘချမယ့်နေ့မှ စောသွားပြီး ခန်းမထဲမှာပြင်ဒီလိုကိုး။ ဒီမှာတော့ အိမ်မှာပဲ ထားရတာမို့ ဖေဖေ့ အလောင်းကိုစိတ်တိုင်းကျ ကြည့်ခွင့် ပြင်ဆင်ခွင့်ရပါတယ်။

နေ့လည်တစ်နာရီလောက်ရောက်လာတာနဲ့ ဖေဖေ့အလောင်းက ပန်းသီးကြီးလို ဖြစ်လာ ပါတယ်။ ဆရာဝန်တွေကလည်းသေချာမှာထားပါတယ်။ နှလုံးသွေးကြောပိတ်တဲ့လက္ခ ဏာရယ်..ဖေဖေက ဝတဲ့ သူမို့ နေ့တွင်းချင်း သဂြိုလ်ဖို့ လိုတယ်ဆိုတာကြောင့် မဒီတို့ မိသားစုဝင်တွေ ခပ်မြန်မြန်လေး လုပ်ကိုင်ကြပါတယ်။

ရွာက အုတ်ဂူခြောက်ပြီဆိုတာနဲ့နေ့လည် နှစ်နာရီခွဲမှာ အိမ်က ကားတွေ စထွက်ပါပြီ။ ဖေဖေ့ကိုတင်သွားတဲ့ ကားမှာ မဒီ့ ယောက်ျားလိုက်သွားပြီး မဒီက နောက်ကားမှာလိုက် လာခဲ့ပါတယ်။ မေမေက သွေးတွေတိုး ဆီးချိုတွေ တက်တာမို့ အိမ်မှာပဲ ဆရာဝန်နဲ့ အမျိုးတစ်ချို့နဲ့ ထားခဲ့ရပါတယ်။

သားလေးကိုလည်း ကလေးထိန်းနဲ့ အတူအိမ်မှာပဲထားခဲ့လိုက်ပါတယ်။ ရွာဖက်ကို တစ်နာရီလောက်မောင်းလာတဲ့အခါမှာ ဖေဖေမေမေတို့ရဲ့ ဆွေမျိုးတွေပဲ စုသဂြိုလ် လေ့ရှိတဲ့ မိသားစု သင်္ချ ိုင်းကို ရောက်လာပြီး ဖေဖေ့ဂူရှေ့ကိုရောက်လာပါတယ်။

လိုက်ပို့တဲ့ လူတော်တော်များများက နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ ပန်းတွေကို အခေါင်းထဲ ထည့်ပေးကြပါတယ်။ ကိုနဲ့ မဒီနဲ့လည်း ဖေဖေ့အလောင်းကိုသေချာစိုက် ကြည့်ပြီး ရင်ထဲကနေကောင်းရာမွန်ရာရောက်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။


ဖေဖေ့ဆီက ဘာအနံ့မှ မထွက်ပေမယ့်လည်း မျက်နှာတွေက ဖူးယောင်ချင်နေပါပြီ.. အချိန်ကလည်း ညနေသုံးနာရီခွဲလောက်ရှိနေပြီမို့ ကိုက ပဲ စပြီး “ကဲကဲ ဂူသွင်းလိုက် တော့…လာလာ အခေါင်းကိုလာပိတ်တော့”
နောက်ဆုံးနှုတ်ဆက်ချင်းအဖြစ် ထိုင်ကန်တော့ကြပြီးတဲ့နောက်မှာ အခေါင်းကိုပိတ် လို့ ဂူထဲကို ထိုးထည့်ကြပါတယ်။ အသုဘပို့သူတွေ ပြန်ကုန်ကြပါပြီ။ ကို့ သူငယ်ချင်းအချို့ နဲ့ မဒီတို့သာ ဂူပိတ်ပြီးတဲ့ အထိနေကြမှာပါ။

ဒီအချိန်မှာပဲ ဖေဖေ့ အခေါင်းက ဂူထဲကို မဝင်တော့ပဲ သုံးပုံတစ်ပုံလောက်က ဝင်ပြီး နှစ် ပုံက အပြင်မှာကျန်နေပါတယ်။ တစ်ခုခုနဲ့ညိနေသလိုဖြစ်ပြီး ရှေ့ကိုဆက်တိုးလို့မရ ပါ ဘူး။

“ဘာဖြစ်တာလဲ အစ်ကို”

“အခေါင်းက ဘယ်လိုဖြစ်လို့ မဝင်တာလဲ မသိဘူး.. ဂူပေါက်ကလည်း အကျယ်ကြီးပဲ.. သေသေချာချာကို နှစ်ဆလုပ်ထားတာ..လာပါကူတွန်းပေးကြပါဦး”

ပန်းရံဆရာပြောသံနဲ့အတူတူ ကိုနိုင်ဦးရော..သူ့သူငယ်ချင်းတွေကော ကျန်အလုပ် သမားလေးတွေကော ဝိုင်းတွန်းပေမယ့် အခေါင်းက တစ်ဝက်လောက်ပဲဝင်ပြီး တန်းလန်း ကြီးနဲ့ အကုန်မဝင်ပါဘူး။

“ဟာ တစ်မျိုးတော့ တစ်မျိုးပဲ..ပြန်ထုတ်ပြီး ပြန်ထည့်ကြည့်မယ်”

အခေါင်းကို ပြန်ထုတ်ပြီး ဂူထဲကို ဓာတ်မီးနဲ့ ထိုးကြည့်တော့လဲ ဘာဆိုဘာမှ အထစ် အငေါ့ ဖြစ်ရာမရှိတာပါ။ အားလုံးမောလို့ ခဏနားနေတုန်းကိုက ဆော်သြလိုက်ပြန်ပါ တယ်။

“ညနေလေးနာရီကျော်လာပြီ…ခဏလောက် ထည့်ကြည့်ပါဦးဗျာ…ကျွန်တော့် အဖေကျ မှ ဘယ်လို အခက်ခဲဖြစ်ရလဲ မသိဘူး..ဖေဖေရေ စိတ်ချသွားပါဗျာ”

ပြောပြီးထည့်ကြည့်လဲ ဘယ်လိုမှ မရပါဘူး.. တစ်နေကုန်ပူတဲ့ အရှိန်ကြောင့် ပိတ်ထား တဲ့ အခေါင်းဆီက ပုပ်အဲ့အဲ့ အနံ့ကို စတင်ရလာပါပြီ။ အလုပ်သမားတွေကလည်း အား ကျိုးမာန်တက် တွန်းထည့်ပြန်ပါတယ်။ မရပါဘူး။

သင်္ချ ိုင်းထဲမှာပဲ တော်တော်အချိန်ကြာနေပါပြီ..အားလုံးလည်းချွေးတဒီးဒီးနဲ့ ဘာလုပ်ရ မှန်းမသိဖြစ်နေပါတယ်။ အသုဘပို့တဲ့သူတွေက အိမ်တောင်ပြန်ရောက်နေပြီဖြစ်လို့ ကိုယ်တွေ ဘာများဖြစ်နေသလဲလို့ ဆိုပြီးဖုန်းဆက်လာပါတယ်။

မေမေသိရင် စိတ်မကောင်းဖြစ်မှာဆိုးလို့ ပြန်လာနေပြီ ကားကိုဖြေးဖြေးမောင်းနေလို့ ပါဆိုပြီးစိတ်မပူဖို့ ပြောလိုက်ပါတယ်။ အားလုံးမောပြီး အခေါင်းထွက်တစ်ဝက်ဝင်တစ် ဝက်ဖြစ် နေတဲ့ ဂူဘေးမှာ ထိုင်ပြီး စိတ်ဓာတ်ကျနေတုန်း အဘွားအိုလေးတစ်ယောက် တောင်ဝှေးကို တဒေါက်ဒေါက်နဲ့ ထောက်ပြီး ရောက်လာပါတယ်။

“ဟာ အမေကြီး…သားတောင် အမေကြီးဆီကို နက်ဖြန်မှလာကန်တော့မို့လို့..ဖေဖေ့ကို လာပို့တာလား”


နောက်မှသိရတာက အမေကြီးဆိုသူဟာ ဖေဖေရဲ့ ဝမ်းကွဲ အစ်မအကြီးဆုံးဖြစ်ပြီး ရွာ မှာပဲနေတာပါ။ သူ့မောင်ကို သိပ်ချစ်ပါတယ်။
“မဟုတ်ဘူး…ငါ့ထက်ငယ်တဲ့မောင်ရဲ့ အသုဘကို ငါဘယ်တော့မှ မပို့ချင်ဘူး..အခုက ဒီကောင်သေတာတောင် ခေါင်းမာနေပြီး ကောင်းကောင်းမသွားလို့ ငါဆုံးမဖို့လာတာ”

ဆိုပြီး အခေါင်းကို တောင်ဝှေးနဲ့ ခေါက်လိုက်ပါတယ်။ “ဒေါက်ဒေါက်…ဟဲ့ မောင်တင် ဦး..ဝက်သိုး…နင်အခု သေပြီသိရဲ့လား..နင့်ရဲ့ ခန္ဓာကိုယ်ကြီးကို စွဲလမ်းတွယ်တာမနေ နဲ့ တော့…ကလေးတွေ ဘယ်လောက်သနားစရာကောင်းလဲ..သွားလိုက်ပါ…လွှတ်ချ လိုက်ပါတော့…နောက်နေ့နင့်ရက်လည်လုပ်ပေးတဲ့အခါ အမျှဝေရင် သာဓုခေါ်လိုက်၊ ကောင်းရာမွန်ရာကိုသွား..အခုတော့ အစွဲလျှော့တော့..သွားသွားကောင်းကောင်းသွား တော့” ဆိုပြီး ပြောပြောဆိုဆိုနဲ့ ငိုလိုက်ပါသေးတယ်။

“ကဲကဲ ဒီတစ်ခါ သေချာ လေး သွင်းကြည့်ကြတာပေါ့..တစ်…နှစ်…သုံး” ဆိုတွန်းထည့် လိုက်တဲ့ အခါမှာတော့ အခေါင်းဟာရှောရှာရှူရှူ ဝင်သွားပါတော့တယ်။ ဒီတော့မှ ပန်း ရန်ဆရာလည်း အုတ်ဂူကို သေချာပိတ်နိုင်ပါတော့တယ်။

ညနေလေးနာရီလောက်ကတည်းက သွင်းမရတဲ့ အခေါင်းဟာ ညနေခြောက်နာရီကြာမှ သာ အမေကြီးရဲ့ သံယောဇဉ်ဖြတ်တရားနဲ့ သွင်းလို့ရသွားခဲ့ပါတယ်။ မဒီ့အတွက် ဘဝမှာ အမှတ်တရ ပေါင်းများစွာရှိတဲ့အထဲက ဒီဖြစ်ရပ်လေးကလည်း ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရမို့ ပြန်လည်ပြောပြပေးလိုက်တာလဲ ဖြစ်ပါတယ်နော်..။

https://web.facebook.com/Scary-Myanmar-Chilli-336517150312232/

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#ဖေဖေ
#မေမေ
#အမေကြီး
#သင်္ချိုင်း
#ငှက်ဆိုး

Some text some message..