မြယွန်းသွယ် ရောက်လာသည်နှင့် နတ်ဝင်သည်ဒေါ်သိန်းကြွယ်မှာ
အိမ်တံခါးများကို ပိတ်ခိုင်းလိုက်သည်။ ပြီးနောက် သူမထွန်းညှိနေကြ
အမွှေးတိုင်များအားထွန်းလိုက်၏။
" ဆရာမ... အမွှေးတိုင်မထွန်းလို့မရဘူးလား... ကျွန်မအသက်ရှု
ကြပ်လို့ပါ... "
" လေစုပ်ပန်ကာဖွင့်ထားတယ်... ဟိုနေ့လောက်မဆိုးဘူး... မထွန်း
ရင် အာရုံခံရတာခက်လို့ပါသမီးရေ "
နတ်ဝင်သည်ပြောသလိုပင် လေစုပ်ပန်ကာကြောင့်အငွေ့များသက်
သာသလိုရှိသည်။ ထို့နောက် အခန်းထဲတွင် တစ်ယောက်အိပ်ခေါက်
ကုတင်လေးတစ်လုံးကိုလည်းချထားသည်။ ထိုကုတင်ပေါ်သို့ မြယွန်း
သွယ်အား လှဲအိပ်စေ၏။ အနီရောင်ချည်ကြိုးလေးကို မြယွန်းသွယ်၏
ဘယ်ဖက်လက်တွင်ချည်ပေးလိုက်သည်။
" သမီး...စိတ်ကိုလုံးလုံးမလွှတ်ချသေးနဲ့... ဆရာမပြောတာကို
နားစွင့်ရမယ်... ပြီးရင်သမီးမြင်တာကိုပြော... ဆရာမကသွားဆိုမှ
သွားရမယ်နော် "
" ဟုတ်ကဲ့ "
လှဲအိပ်နေသောမြယွန်းသွယ်အနားကပ်လာကာ နှုတ်မှ ဂါထာကိုရွတ်
ဆိုလိုကျ၏။
" မျက်လုံးမှိတ်ပြီးအိပ်တော့... သမီးချက်ချင်းအိပ်မပျော်နိုင်သေးဘူး...
မျက်လုံးထဲအမှောင်ထုကြီးပဲမြင်ရနေမယ် "
" တော်တော်လေးမှောင်တယ်ဆရာမ "
" ဟုတ်တယ်... အရမ်းကိုမှောင်နေတာ... သမီးရုန်းပြီးထကြည့်စမ်း
ပါဦး... ခန္ဓာကိုယ်ကိုအားမထည့်နဲ့... သမီးစိတ်ကိုအားထည့် "
" မရဘူး ဆရာမ "
မြယွန်းသွယ်က ခေါင်းယမ်းကာပြောနေသည်။ အစိမ်းသက်သက်
ဖြစ်နေ၍ မလွယ်ကူနိုင်မှန်းသိသည့်အခါ ဗီဒိုထဲမှ သေတ္တာလေးအား
သွားယူလိုက်တော့၏။ ထိုသေတ္တာလေးကိုဖွင့်လိုက်သည့်အခါ အထဲ
တွင် စလင်းကျောက်တုံးလေးထွက်လာလေသည်။ နတ်ဝင်သည်က
ထိုကျောက်လေးကို ထုတ်ယူလိုက်သည့်အခါ တပည့်ဖြစ်သူမှ ထိတ်
ထိတ်ပျာပျာဖြစ်သွားရ၏။
" ဆရာမ... ဒါဆရာမအတွက်ဆို "
" ဟင်း... သူ့အခြေအနေကိုလည်းကြည့်ဦး... ဒါနဲ့ကူမှရတော့မှာ "
" ဒါဆို ဆရာမကရော "
" မပါဘဲသွားရမှာပေါ့ "
" ဖြစ်ပါ့မလား ဆရာမရယ် "
" ငါအခြေအနေမကောင်းတဲ့ပုံပေါ်လာရင် ဘာလုပ်ရမယ်သိတယ်
မလား "
နတ်ဝင်သည်၏တပည့်မှာ ညိုးငယ်စွာဖြင့်ခေါင်းညိမ့်ပြလာလေသည်။
မြယွန်းသွယ်အနားသို့သွားလိုက်ပြီး ရင်ဘတ်ပေါ်၌ စလင်းကျောက်တုံး
အားတင်လိုက်ကာ ဂါထာကိုထပ်မံရွတ်ဆိုလိုက်တော့သည်။ ထိုအခါ
စလင်းကျောက်လေးက အစိမ်းရောင်ဖန့်ဖန့်သန်းသွားခဲ့သည်။
" သမီး ရုန်းထွက်ကြည့်စမ်း.. "
" ဟာ... ဆရာမ... ကျွန်မဘာဖြစ်တာလဲ... ကျွန်မက နှစ်ယောက်
ဖြစ်နေတယ်ဆရာမ "
" ဟုတ်တယ်... ထထိုင်လို့ရလား "
" ဟုတ်... ခဏ "
မြယွန်းသွယ်ကထိုသို့ပြောပြီး ငြိမ်သက်သွားလေသည်။
" သမီး...မြယွန်းသွယ်... ဆရာမတို့ပြောနေတဲ့အသံ သမီးကြားရ
မယ်လို့ထင်ပါတယ်... သမီးဘယ်ဖက်လက်က ကြိုးအနီလေးကို
မပြတ်သွားစေနဲ့... အမှောင်ထဲဖြည်းဖြည်းချင်းလျှောက်သွားလိုက်
သမီး... ဖြည်းဖြည်းလျှောက်နော်... မနေ့ကဆရာမမှာတာမမေ့နဲ့...
ကြိုးဆုံးသွားရင် ဆက်မသွားဘဲပြန်လှည့်ခဲ့... အခုဆို သမီးမြင်နေရ
တဲ့အမှောင်မှာ ကျင့်သားရလာနေပြီ... တဖြည်းဖြည်းဘေးပတ်ဝန်း
ကျင်ကိုမြင်လာရတော့မယ်... လုံးဝမကြောက်ပါနဲ့...ဟုတ်လား ''
နတ်ဝင်သည်မှာ ငြိမ်သက်နေသည့်မြယွန်းသွယ်ခန္ဓာကိုယ်ဘေး၌
ရပ်ကာ စကားများတရစပ်ပြောလိုက်လေသည်။
" ငါ ဟိုအကောင်ကြီးကိုမျှားခေါ်ရမယ့်အချိန်ပဲ... ဂရုစိုက်ပေး...
မမေ့နဲ့ "
နတ်ဝင်သည်၏တပည့်မှာ ခေါင်းအသာညိမ့်ပြကာ ရင်ထိတ်နေလေ
တော့၏။ နတ်ဝင်သည်ကလည်း ဘေးတွင်ရှိသောနတ်စင်ရှေ့ထိုင်ကာ
ဂါထာရွတ်ဖတ်နေသည်။
" ငါ့ဆီလာတွေ့ပါ ... အသင့်ကိုဖိတ်ခေါ်ပါတယ် "
ထို့နောက်အထိုင်လိုက်အနေအထားဖြင့်ငြိမ်သက်သွားခဲ့သည်။ အခန်း
ထဲတွင် ငြိမ်သက်နေကြသည့် နတ်ဝင်သည်နှင့် မြယွန်းသွယ်ကိုကြည့်
ကာ နတ်ဝင်သည်၏တပည့်မှာ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေ
တော့လေ၏။
အမှောင်ယံကတဖြည်းဖြည်းလင်းလာသလိုရှိသည်။ မြယွန်းသွယ်မှာ
ဖြည်းဖြည်းချင်းလျှောက်လာသည့်အခါ တံတားတစ်ခုကိုလှမ်းမြင်
လိုက်ရလေတော့သည်။ ထိုတံတားကို သူမ မမေ့နိုင်ပေ။ ခင်ပွန်းသည်
သေဆုံးခဲ့သည့် မိုင်တိုင် ( ၁၂၈ ) အနီးမှာတံတားပင်ဖြစ်သည်။ တံ
တားဆီသို့ဦးတည်ပြီးသွားနေရင်း နဘေးတွင် အရိပ်မည်းကြီးများ
ဘွားကနဲ ဘွားကနဲ ပေါ်လာ၏။ ထိုအရိပ်မည်းကြီးများက တဖြည်း
ဖြည်းပုံသဏ္ဍာန်ပေါ်ပေါက်လာနေပြီ။
အချို့ကသာမာန်လူကဲ့သို့ဖြစ်ပြီး အတော်များများက အရုပ်ဆိုး
အကျည်းတန်ကြသည်။ လူမဟုတ်မှန်းသိသာနေခဲ့သည်။ အရပ်အမြင့်
ကြီးလည်းပါသည်၊ သစ်ပင်ကြီးများထက်ပင် အရပ်မြင့်လွန်းနေ၏။
အချို့က တစ်ကိုယ်လုံးအမွှေးအမျှင်များဖုံးနေသည်မှာကြောက်မက်
ဖွယ်အဆင်းသဏ္ဍာန်ကပေါ်လွင်နေ၏။ လူပုံမကျတကျ ပုံသဏ္ဍာန်
မျိုးစုံနှင့် အားလုံးစုစုပေါင်း ရာဂဏန်းအထိရှိပုံရသော အုပ်စုထဲသို့
မြယွန်းသွယ်မှာ တုန်လှုပ်စွာဖြင့်ဝင်ရောက်သွားခဲ့ချေလေပြီ။
" ဟဲ့... မိစ္ဆာကောင်... ငါကနင့်ကိုအကူညီပေးဖို့ခေါ်တာ... ငါ့ကို
ပြန်ရန်ပြုရသလား "
နတ်ဝင်သည်မှာ လူကောင်ထွားထွားနှင့် ခေါင်းတွင်ဂျိုနှစ်ချောင်းပါ
သော မိစ္ဆာဆိုးကြီးနှင့်တွေ့နေရသည်။
" ငါ့ကိုလာမရှုပ်နဲ့.... နင့်အကူညီလည်းမလိုဘူး... ငါ့အစွမ်းပြလိုက်
ရင် နင့်ဝိဉာဉ်ကိုတခါတည်းခေါ်သွားလို့ရတယ်ဆိုတာ သိထား "
" အေး...ငါကလည်းအစွမ်းမရှိဘဲ နင့်ဆီမလာဘူး... နင်ဘာလို့
လူတွေကိုခေါ်နေရတာလဲ... ဝိဉာဉ်တွေကိုဘာလို့ ထိန်းချုပ်ရတာ
လဲ... "
" ဟား...ဟား...ဟား... ဒါငါ့ကိစ္စ... ငါသူတို့ကိုခေါ်ချင်ခေါ်မယ်...
ကြိုက်သလိုလုပ်မယ်...နင်ဝင်ပြောစရာမလိုဘူး... "
" အခု လိုလာပြီလေ... သူရထက်ဝင်းကို လွှတ်ပေးပါ... နင်မလွှတ်
ဘူးဆိုရင် နင့်ဘုံဗိမ္မာန်ကို ငါဖျက်ရလိမ့်မယ် "
နတ်ဝင်သည်စကားကြောင့် မိစ္ဆာဆိုးကြီးမှာ အမျက်ချောင်းချောင်း
ထွက်လာလေတော့သည်။
" မောင်ရေ... မောင်... "
အမှောင်တဖက်ခြမ်း၌ရောက်ရှိနေသည့်မြယွန်းသွယ်မှာ သူရထက်
ဝင်းကိုအသည်းအသန်ရှာဖွေနေသည်။ အချိန်အကြာကြီးမရသဖြင့်
လည်း စိတ်ပူနေမိ၏။
" နင်က အခုရောက်လာတဲ့အသစ်လား "
" ငါတို့ဆီလာလေ..."
" သူ့ကိုကြည့်လိုက်... ငါတို့ဆီကမဟုတ်ဘူး...လက်မှာချည်ကြိုးနဲ့ "
" အော်... ပြန်ရမှာပေါ့... မပြန်နိုင်အောင် ချည်ကြိုးဖြတ်ရအောင် "
ထိုမကောင်းဆိုးရွားများသည် ကြောက်မက်ဖွယ်ကောင်းစွာ မြယွန်း
သွယ်ထံသို့ ဝိုင်းလာကြလေသည်။ ဘယ်ဖက်လက်မှ ချည်ကြိုးအား
အတင်းလိုက်ဖြတ်ကြသည်။ သို့သော်ဖြတ်မရကြပေ။ မြယွန်းသွယ်က
ကြောက်လန့်ကာအော်ဟစ်ပစ်လိုက်သည့်အခါ သူမကို လက်တစ်စုံ
ကဆတ်ကနဲဆွဲခေါ်သွားခဲ့၏။
" ဟင်...မောင်... မောင်ရယ်... ယွန်း...ယွန်းလေ...မောင့်ကိုလာ
တွေ့တာပါ "
" သိတယ်... ပြန်တော့ "
" ဘယ်လို... အန္တရာယ်တွေကြားလာတွေ့တာကို ပြန်ခိုင်းရလား
ဟင်... မောင်နဲ့စကားပြောချင်လို့ပါ "
" မြယွန်း... မောင်ပြောတာသေချာနားထောင်... ဒီနေရာကငရဲလို
ပဲ... မိစ္ဆာကောင်ကြီးကအရမ်းကြမ်းကြုတ်တယ်... ယွန်းရှိတာသိ
သွားရင် ခေါ်ထားလိမ့်မယ်... ပြန်ပါယွန်းရယ်... ဒီဘဝကြီးထဲမလာ
ပါနဲ့ "
" မောင်... ယွန်း မောင့်ကိုဒီလိုကြီးမကြည့်ရက်ဘူး...ယွန်းဘာလုပ်
ပေးရမလဲဟင်... မောင်ဒီကနေလွတ်အောင် ဘာပဲဖြစ်ဖြစ်ယွန်းလုပ်
ပါ့မယ် "
" လွတ်ဖို့မလွယ်ဘူး... နောက်ကြာရင်မောင်လည်းအခုပုံစံပျောက်ပြီး
သူတို့လိုဖြစ်လာတော့မှာ...အဲ့ကြရင်ယွန်းကိုလည်းမှတ်မိတော့မှာ
မဟုတ်ဘူး... ယွန်းကိုမောင်အရမ်းချစ်ပါတယ်...ဒါကြောင့်လည်း ဒီ
လိုဘုံဘဝကြီးထဲ မလာရအောင်မောင်တားရမယ် "
မြယွန်းသွယ်မှာ ခင်ပွန်းသည်အားလွမ်းဆွတ်လွန်းသဖြင့် ငေးကြည့်
ရင်းမျက်ရည်သွင်သွင်စီးကျနေတော့၏။
" ငါ့ကိုတားတဲ့သူမှန်သမျှ ရှင်လျှက်မပြန်ရစေဘူး... နင့်ကိုအခွင့်
အရေးပေးလိုက်မယ်... ငါ့ကိုခေါ်ထားတဲ့စည်းကိုအခုဖျက်စမ်း...
မဖျက်ရင်ငါ့အကြောင်းသိမယ် "
မိစ္ဆာကောင်၏ အသံကအလွန်ပင်ကြမ်းတမ်းနေပြီးကြောက်မက်
ဖွယ် ဟိန်းနေသည်။ ဒေါ်သိန်းကြွယ်မှာကြာကြာတောင့်ခံမထားနိုင်
လာတော့ပေ။ သူမအားကိုးသည့်စလင်းကျောက်လည်းမရှိသဖြင့်
ရင်ထဲမှတုန်လှုပ်နေမိသည်။ သို့သော်စိတ်အားတင်းကာ ရသလောက်
အချိန်ဆွဲမည်ဟုတွေးလိုက်၏။
" စိတ်ထိန်းစမ်းပါ...ငါနင့်ရန်သူမဟုတ်ဘူး...နင့်ကိုကူညီပေးမလို့ "
" ကူညီမယ့်သူက ငါပိုင်တဲ့ဝိဉာဉ်ကိုလွတ်ပေးဖို့ပြောနေရလား...
သြော်...ဒီလိုကိုး...ငါ့ကိုထောင်ချောက်ဆင်တာမလား ပြောစမ်း...
ငါ့နေရာမှာမရှိအောင် တမင်ခေါ်ထားတာပဲ...နင့်အကြံမသိဘူးများ
ထင်လား "
မိစ္ဆာဆိုးကြီးမှာမျက်လုံးနှစ်ဖက် နီရဲတောက်ပလာပြီး နတ်ဝင်သည်
၏လည်ပင်းကိုညှစ်ပစ်လိုက်လေတော့သည်။ နတ်ဝင်သည်မှာ အား
အင်ချိနဲ့ကာ ရုန်းမရဘဲဖြစ်နေရ၏။ အသံပင်မထွက်လာနိုင်တော့ပေ။
အပြင်ဖက်တွင်အခြေအနေအားစောင့်ကြည့်နေသော နတ်ဝင်သည်
တပည့်မှာ နတ်ဝင်သည်မျက်နှာကိုကြည့်ပြီးအခြေအနေမဟန်မှန်း
သိလိုက်သည်နှင့် ဓါးကိုယူကာ ပြေးလာတော့သည်။ထို့နောက် နတ်
ဝင်သည်၏လည်ပင်းနေရာသို့ ဓါးဖြင့်ခြစ်ချလိုက်လေသည်။ ထိုအခါ
မှနတ်ဝင်သည်လည်းသတိပြန်ဝင်လာကာ ကြောက်လန့်ပြီးအော်ဟစ်
ပစ်သလို မိစ္ဆာဆိုးသည်လည်း သူ၏အားနှင့်စည်းကို ဖျက်ပစ်လိုက်
လေ၏။ သတိပြန်ဝင်လာသော နတ်ဝင်သည်မှာတုန်ယင်နေတော့
သည်။
" ဒုက္ခတော့များပြီ... ငါတို့အစီအစဉ်သိသွားတာဆိုးတယ်... မြယွန်း
သွယ်ကိုပြန်ခေါ်တော့... မိစ္ဆာဆိုးကြီးလွတ်သွားပြီ...မြန်မြန် "
နတ်ဝင်သည်တပည့်မှာ မြယွန်းသွယ်ထံသို့ပြေးလာကာ
" ပြန်လာတော့...မြယွန်းသွယ်... ချည်ကြိုးလေးအတိုင်းပြန်လာ
ခဲ့တော့ "
အသံကိုမြယွန်းသွယ်ကြားနေရသည်။ သို့သော်သူမ မပြန်နိုင်ပေ။
ခင်ပွန်းသည်ကိုစိတ်မချနိုင်ဘဲဖြစ်နေ၏။
" ယွန်းနဲ့လိုက်ခဲ့မောင်... လာ...မြန်မြန် "
မြယွန်းသွယ်ကမည်သည်မှမစဉ်းစားတော့ဘဲ သူရထက်ဝင်းကိုအပါ
ဆွဲခေါ်လာလေသည်။ ချည်ကြိုးလေးအတိုင်းလှည့်ပြန်လာရင်း သူရ
ထက်ဝင်းမှာ မြယွန်းသွယ်နောက်သို့ ယက်ကန်ယက်ကန်ဖြင့်ပါလာ
တော့သည်။
" ငါပိုင်တဲ့ဝိဉာဉ်ကို လာခိုးရဲတယ်ပေါ့ "
မြယွန်းသွယ်တို့၏နောက်တွင် မိစ္ဆာဆိုးကြီးနှင့်အတူ သူ၏အခိုင်း
အစေဝိဉာဉ်များအုပ်စုလိုက် လိုက်လာကြနေပြီ။ မြယွန်းသွယ်တို့မှာ
ကြောက်လန့်တကြားနှင့် အမြန်ပြေးသော်လည်း အနောက်မှလိုက်
လာကြသူများက မှီလာကြတော့၏။
" လာစမ်း "
မိစ္ဆာဆိုးကြီး၏တပည့် သုံးလေးယောက်က သူရထက်ဝင်းကိုဖမ်းမိ
သွားပြီး အတင်းပြန်ဆွဲခေါ်ကြသည်။ မြယွန်းသွယ်မှာမူ လက်ကိုတင်း
တင်းဆုပ်ကိုင်ကာ မလွတ်ပေးပေ။
" နင်မလွတ်ရင်...နင်ပါဒီမှာနေခဲ့ရမယ်... "
မိစ္ဆာဆိုးကြီးကအသံနက်ကြီးဖြင့်အော်နေသည်။
" ကျွန်မတောင်းပန်ပါတယ်...ကျွန်မယောကျာ်းကို လွှတ်ပေးပါရှင်...
ရှင်လိုချင်တာ...ဘာပဲဖြစ်ဖြစ်ပေးပါ့မယ်... လွှတ်ပေးပါ ''
" ငါဘာမှမလိုဘူး... ငါပိုင်တဲ့ဝိဉာဉ်ကို လာယူတာ ငါ့ကိုစိန်ခေါ်တာ
ပဲ... ခုချက်ချင်းလွတ်စမ်း "
" မလွတ်ဘူး "
" နင်ကအာခံတယ်ပေါ့ "
မိစ္ဆာဆိုး၏အပြုအမူကြောင့် သူရထက်ဝင်းမှာ အတော်စိတ်ပူသွား
တော့သည်။
" သွားပါတော့ယွန်းရယ်...ဒါမောင့်ကံပဲ... လူ့ဘဝတုန်းက ကုသိုလ်
တရားနည်းပါးခဲ့လို့ ဒီလိုဘုံဘဝမှာခံနေရတာ.. သွားပါတော့နော်
မောင်တောင်းပန်ပါတယ်... "
" ဟီး...အီး...အီး... ယွန်းမောင်နဲ့ပဲနေမယ်... ယွန်းလည်းဒီမှာလိုက်
နေမယ်... မသွားပါရစေနဲ့ "
ခုချိန်အထိ ပြန်လည်နိုးမလာသေးသည့် မြယွန်းသွယ်ကိုကြည့်ပြီး
နတ်ဝင်သည်တို့မှာ ထိတ်လန့်လာနေပြီ။ ပြန်လာရန်အထပ်ထပ်ပြော
သော်လည်း မြယွန်းသွယ်မှာပြန်ရောက်မလာချေ။
" ဒီထက်အချိန်ကြာသွားလို့မဖြစ်ဘူး... ပြန်ခေါ်မှရမယ် ''
" သူပြန်မလာရင်ဘယ်လိုလုပ်မလဲဆရာမ "
" ငါသူ့ကိုစိတ်မချလို့ ဟိုကျောက်ကိုတမင်ပေးလိုက်တာ... သူ့ဝိဉာဉ်
ကိုဆွဲခေါ်မယ်... ပြင်တော့ "
နတ်ဝင်သည်မှာ ဂါထာများရွတ်ဆိုပြီး စလင်းကျောက်ကိုထိထား
သည်။ ထို့နောက်ဆိုင်ရာပိုင်ရာများအား ဆုတောင်းလိုက်၏။ ထိုအခါ
စလင်းကျောက်မှာ စိမ်းဖန့်ဖန့်အရောင်တောက်ပလာလေသည်။
" သူကနေချင်ရင် ပေးနေလိုက်လေ... နင်ဒီမှာနေချင်တယ်မလား..
ငါခွင့်ပေးရမှာပေါ့ "
မိစ္ဆာဆိုးမှာ ကျေနပ်သောမျက်နှာထားဖြင့် တရွေ့ရွေ့တိုးကပ်လာ
ခဲ့သည်။ သူရထက်ဝင်းမှာ တုန်လှုပ်လာပြီး
" သွားတော့လို့ပြောနေတယ်...ခုပြန်တော့...ဒီနေရာမှာ လာ
မနေနဲ့ မြယွန်းသွယ် ''
ခင်ပွန်းသည်၏ဒေါသတကြီးပြောသည့်စကားသံကြောင့် မြယွန်းသွယ်
မှာတုန်ယင်သွားသလို တစုံတရာကသူမအားဆွဲခေါ်နေသကဲ့သို့ခံ
စားလာရလေသည်။ သူမထံတရွေ့ရွေ့တိုးကပ်လာသည့် မိစ္ဆာဆိုး
ကြီးမှာ ဘယ်ဖက်လက်ကိုအသာအယာဆွဲကိုင်လိုက်သည်။
" ဒီကြိုးဖြည်လိုက်ရင် နေလို့ရပြီ "
မိစ္ဆာဆိုးကြီးမှာ ချည်ကြိုးကို ဖြည်းဖြည်းချင်းဖြည်နေလေ၏။
" သူ့ကိုလွှတ်ပေးပါဗျာ...ကျွန်တော်တောင်းပန်ပါတယ်... ကျွန်တော့
ကိုခေါ်ထားပြီးပြီပဲ... ကျွန်တော့မိန်းမကိုလွှတ်ပေးပါ "
" သူကနေချင်နေတာ...ငါအတင်းခေါ်တာမဟုတ်ဘူး... ငါ့ကိုပြန်ခံ
မပြောနဲ့ "
မိစ္ဆာဆိုးက ဒေါသတကြီးအော်ဟစ်လိုက်သည့်အခါ မုန်တိုင်းတိုက်
ခတ်သကဲ့သို့လေကြမ်းများတိုက်လာပြီး သူရထက်ဝင်းမှာအဝေးသို့
လွှင့်ထွက်သွားတော့သည်။ ခင်ပွန်းသည်အဖြစ်ကိုကြည့်ပြီး မြယွန်း
သွယ်မှာ လက်ကိုအမြန်ပြန်ရုတ်လိုက်၏။ သို့သော် မိစ္ဆာဆိုးကလွှတ်
မပေးဘဲ တင်းတင်းဆုပ်ကိုင်ထားလေသည်။
" အား... လွှတ်...ကျွန်မကိုအခုလွှတ် "
ထိတ်လန့်စွာအော်ဟစ်ရုန်းလိုက်သော်လည်း ရုန်းမရပေ။ ထိုစဉ်
အစိမ်းရောင်အလင်းတန်းများသည်မြယွန်းသွယ်ထံရစ်ပတ်လာပြီး
ထိုအလင်းတန်းထဲသို့ မြယွန်းသွယ်မှာစီးမျောပါသွားလေတော့၏။
" နင့်ကိုငါရအောင်ပြန်ခေါ် မှာ...ငါ့ကျွန်ဖြစ်စေရမယ် "
မိစ္ဆာဆိုးကြီးက ဒေါသတကြီးဖြင့်အော်ဟစ်ကာကျန်ရစ်နေခဲ့ချေပြီ။
" အား..."
အားကုန်အော်ဟစ်ပြီးထထိုင်လိုက်သည့်အခါ နတ်ဝင်သည်အိမ်မှ
ကုတင်ပေါ်တွင်ဖြစ်နေလေသည်။
" ဘာလို့ကတိဖျက်တာလဲ မြယွန်းသွယ် "
နတ်ဝင်သည်မှာအလွန်စိတ်ဆိုးသဖြင့် ဆူငေါက်လိုက်၏။ မြယွန်း
သွယ်မှာမျက်နှာငယ်လေးဖြင့်ငိုရှိုက်နေ၏။
" ဟင်...လက်မှာ "
နတ်ဝင်သည်၏တပည့်က မြယွန်းသွယ်လက်ကိုကြည့်ကာပြောသည်။
မြယွန်းသွယ်၏ဘယ်ဖက်လက်ကောက်ဝတ်တွင် ပြာနှမ်းနှမ်းလက်ရာ
ကြီးထင်ကျန်နေရစ်လေသည်။
" ကျွန်မကိုအတင်းခေါ်လို့..."
နတ်ဝင်သည်က မျက်နှာပျက်ယွင်းသွား၏။
" သူထပ်လာတော့မှာ... လာခေါ်တော့မှာ "
နတ်ဝင်သည်စကားကြောင့် မြယွန်းသွယ်မှာ ထိတ်လန့်တုန်လှုပ်
သွားလေသည်။
" ကျွန်မဘာလုပ်ရမလဲ.... မောင့်ကိုလည်းကယ်ထုတ်ရမယ်...ကျွန်မ
ကိုလာမခေါ်နိုင်အောင်လဲလုပ်ရမယ်...ဘယ်လိုလုပ်ရမလဲ...ကယ်ပါ
ဦးဆရာမရယ် "
" ဒါကြောင့် ပြန်လာပါလို့ပြောတာ...နားမထောင်ပဲကို... ငါတစ်
ယောက်တည်းမနိုင်ဘူး... မိစ္ဆာကောင်ကအားသိပ်ကြီးတယ်...
ငါတောင်သေတော့မလို့ "
" ကျွန်မကိုကူညီပေးပါဆရာမရယ် "
" ခုမှတော့မတတ်နိုင်ဘူး... ငါ့အစ်မကိုခေါ်မှရမယ်... တစ်ယောက်
တည်းနဲ့စာရင် ၂ယောက်အားကပိုကောင်းမယ်... ဖုန်းဆက်ပြီးခေါ်
လိုက်... ဒီမိစ္ဆာ ကောင် ညလာမှာငါသိတယ် "
" ဒါ...ဒါဆို... ကျွန်မက "
" ညကြရင် သမီးဝိဉာဉ်ကိုလာခေါ်မှာ... ဆရာမတို့ကြိုတင်ပြင်ဆင်
ထားရမယ်... ဒီစလင်းကျောက်ကို အင်္ကျီ အိတ်ကပ်ထဲထည့်ပြီး
ကိုယ်နဲ့မကွာထားထား... ဒီညတော့ တော်တော်ရုန်းကန်ရမယ့်ည
ပဲဟေ့ ''
နတ်ဝင်သည်ဒေါ်သိန်းကြွယ်မှာ ထိုသို့ပြောပြီး ဆိုင်ရာပိုင်ရာများကို
ပူဇော်ပသနေလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။