ဥဒါန်းမကျေ
lotaya.mpt.com.mm
|
2020-05-15

မရပ်မနားပြေးလွှားနေသည့် ခြေထောက်များကို နှေးကွေးလွန်းသည်ဟုထင်နေမိသည်။ ခရီးတွင်စေရန် ကမ်းစပ်မှပြေးလာခဲ့သော် လည်း ခရီးပိုဝေးနေသကဲ့သို့ခံစားရသည်။ ပြည့်ပြည့်ဝဝသာနေသည့်လမင်းကြီးနှင့်ဖြူလွလွ သဲသောင်ပြင်ပေါ်သို့ တလိမ့်လိမ့် တက်လာနေကြ သည့် ပင်လယ်လှိုင်းလုံးများ၏အလှကို မခံစားနိုင်အား၊ ရဲကင်းသို့အမြန်ရောက်ရန်သာစိတ်စောနေသဖြင့် အားအင်ရှိသမျှထုတ်သုံးကာ ပြေးလွှား နေရသည်။

ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသည့်လေက အေးမြနေသော်လည်း အောင်သန်းဦး၏တစ်ကိုယ်လုံး ချွေးဒီးဒီးကျနေသည်။ ရဲ ကင်းမှ မီးရောင်ပြပြကိုမြင်လိုက်သည့်အခါ ပြေးလွှားနေသည့်ခြေလှမ်းများက အလိုလိုအရှိန်လျော့သွားကြသည်။ လေးဖက်လေးတန်ကာရံ ထားသည့် အုတ်တံတိုင်းကြီးထဲတွင် နှစ်ပေါင်းများစွာနေထိုင်ရမည့်အရေးကိုတွေးပြီး ကြောက်ရွံ့လာခဲ့သည်။ လွတ်လပ်စွာပျံသန်းနေရာမှ လှောင် အိမ်ထဲတွင် အချုပ်အနှောင်ခံလိုက်ရသည့် ငှက်တစ်ကောင်၏ဘဝမျိုးသို့ရောက်ရပေတော့မည်။ အရက်သေစာ၏ဆိုးကျိုး၊ ဒေါသအလျောက်ပြုမူ ခဲ့မိသည့် ဆိုးကျိုးများကြောင့် အုတ်တံတိုင်းကြီးထဲတွင် နှစ်ပေါင်းများစွာနေထိုင်ရမည်ကို စိုးထိတ်နေမိသည်။ သို့သော်လည်း နေ့စဉ်နေ့တိုင်း ကြုံတွေ့ နေရသည့် ထိတ်လန့်ကြောက်ရွံ့စရာများထက်စာလျှင် သံတိုင်ကြားမှာ နေထိုင်ရသည်ကမှ ပို၍အဆင်ပြေပေလိမ့်မည်။ အိပ်မရ၊ စားမရနှင့်မကြာမီ လုံးပါးပါးတော့မည်ထက်စာလျှင် ပြစ်မှုကြွေးကို ပေးဆပ်လိုက်ရသည်ကမှ တော်ပေလိမ့်မည်။

မကြာခင်မှာပင် ရဲကင်းရှေ့သို့ရောက်လာခဲ့သည်။ မျက်နှာပေါ်မှချွေးများကို ပုဆိုးဖြင့်သုတ်လိုက်ပြီး ရဲကင်းတံခါးအနီးသို့ မဝံ့မရဲတိုးကပ် သွားသည်။ ရဲကင်းဆိုသည်မှာ မြို့ပေါ်မှရဲစခန်းကဲ့သို့မဟုတ်ဘဲ ရဲတပ်ဖွဲ့အင်အားအနည်းငယ်ဖြင့် နယ်မြေလုံခြုံရေးအတွက် ချထားသည့်ရဲကင်း ဖြစ်ပေသည်။

“ ရပ်.......ဘယ်သူလဲ”

အမှောင်ထဲမှ လှမ်းအော်လိုက်သည့်အသံနှင့်အတူ လက်နှိပ်ဓာတ်မီးရောင်က မျက်နှာပေါ်သို့ကျရောက်လာသဖြင့် အောင်သန်းဦး ထိတ် လန့်သွားခဲ့သည်။ လှည့်ပြန်ရ ကောင်းနိုး၊ ရပ်နေရကောင်းနိုးဖြင့် ဝေခွဲမရဖြစ်နေသည့်အချိန်တွင် ရဲကင်းမှ အော်ဟစ်မေးမြန်းသည့်အသံကို ထပ် မံကြားလိုက်ရသည်။

“ဘယ်သူလဲလို့မေးနေတယ်”

“ကျွန်...ကျွန်တော် ကင်း..ကင်းမှော်ရွာက အောင်သန်းဦးပါ”

“ဘာကိစ်စလဲ”

“အဖမ်းခံမလို့ပါ”

“ဘာအတွက်လဲ”

“ကင်းမှော်ရွာက ဦးဘတုတ်ကိုသတ်ခဲ့လို့ လာအဖမ်းခံတာပါ”

“ခဏစောင့်”

“ဟုတ်ကဲ့...”

ခဏအကြာတွင် ကင်းတံခါးပွင့်လာပြီး ရဲတပ်သားနှစ်ယောက်ထွက်လာသည်။

“ဘာကိစ်စလဲကှ”

“ကင်းမှော်ရွာက ဦးဘတုတ်ကိုသတ်ခဲ့တဲ့အတွက် လာအဖမ်းခံတာပါ”

“ကင်းမှော်ရွာမှာ လူသတ်မှုဖြစ်တာ ငါတို့မကြားမိပါဘူး။ မညာနဲ့နော် ဟေ့ကောင်။ မင်းဘယ်သူလဲ”

“ကျွန်......ကျွန်တော့်နာမည် အောင်သန်းဦးပါ။ ကျွန်တော့်ကိုဖမ်းကြပါ။ ဦးဘတုတ်ကို ကျွန်တော်သတ်ခဲ့တာပါ”

“ဘယ်လိုလုပ်ကြမလဲ ဆရာသောင်းမြင့်”

“ဘာမှလုပ်မနေနဲ့၊ ဗိုလ်လေးလည်းမရှိဘူး။ လောလောဆယ် အချုပ်ထဲသာထည့်ထားလိုက်”

“လာ....ဟေ့ကောင်”

“အား.....”

ရဲတပ်သားတစ်ယောက်က လက်ကိုနောက်ပြန်ဖမ်းချုပ်လိုက်သဖြင့် အတင်းရုန်းကန်ကာ အော်ဟစ်လိုက်မိသည်။

“ဘာဖြစ်တာလဲ”

“လက်နာနေလို့ပါဗျာ”

“ဖြောင်း.......။ လူသတ်ရဲတဲ့ကောင်က သတ္တိကြောင်လှချည်လားကွ”

ရဲတပ်သားက ဇက်ပိုးကိုခပ်ပြင်းပြင်းရိုက်လိုက်သဖြင့် ပူထူသွားပြီး ရှေ့သို့ငိုက်ဆင်းသွားသည်။ ထို့နောက် လက်ကိုနောက်ပြန်ဖမ်းချုပ် ထားပြီး ရဲကင်းထဲကို ခေါ်သွားလေသည်။ မကြာခင်မှာပင် အချုပ်ခန်းရှေ့သို့ ရောက်လာခဲ့သည်။ အချုပ်ခန်းဆိုသော်လည်း သံတိုင်များဖြင့်ပြု လုပ်ထားသည့် အချုပ်ခန်းမဟုတ်ဘဲ သစ်သားများဖြင့်ပြုလုပ်ထားသည့် ဆယ်ပေပတ်လည်မျှသာရှိသော ယာယီအချုပ်ခန်းသာဖြစ်ပေသည်။

“အထဲဝင် ဟေ့ကောင်”

“ဘုံး.....”

“အမလေးဗျ.......”

အချုပ်ခန်းတံခါးကိုဖွင့်ပြီး အထဲသို့တွန်းသွင်းလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ကျောကိုပါ ဆောင့်ကန်ခြင်းခံလိုက်ရသဖြင့် အချုပ်ခန်း ထဲသို့ မှောက်လျက်လဲကျသွားလေသည်။

ရဲကင်းမှာကတည်းက စတင်ပြီးရိုက်နှက်ခံရပြီဆိုပါလျှင် အကျဉ်းထောင်ထဲ၌ မည်မျှနှိပ်စက်ခံရမည်ကို မတွေးဝံ့အောင်ဖြစ်ပြီး ဝန်ခံ လိုက်မိခြင်းက မှားယွင်းသွားပြီလားဟု တွေးလိုက်မိသည်။ သို့သော်လည်း မမြင်ရသည့်အရာတစ်ခုက နှိပ်စက်ညှဉ်းပန်းနေသည်ထက်စာလျှင် တော်ပေးသေးသည်ဟု တွေးလိုက်မိပြန်သည်။

“မနက်ဖြန် ဗိုလ်လေးပြန်ရောက်တာနဲ့ မင်းကို မေးစရာရှိတာမေးမယ်။ ငါတို့ကို ညာဖို့တော့မကြိုးစားနဲ့။ မဟုတ်ဘဲ ညာပြောလို့ကတော့ နာမယ်မှတ်။ လူမသတ်ဘဲ ညာပြောရင်လည်း ဝတ္တရားနှောက်ယှက်မှုနဲ့ ဖမ်းမယ်။ ထွက်ပြေးဖို့လည်း မကြိုးစားနဲ့ဟေ့ကောင်။ ထွက်ပြေးတာနဲ့ပစ်

သတ်မယ်။ နားလည်လား”

“ဟုတ်.......ဟုတ်ကဲ့”

ရဲတပ်သားနှစ်ယောက် ထွက်သွားသည့်အခါ အချုပ်ခန်းထောင့်တွင်ထိုင်ချလိုက်ပြီး အမောဖြေလိုက်သည်။ အချုပ်ခန်းထဲတွင် အကျဉ်း သားဟူ၍ အောင်သန်းဦးတစ်ယောက်သာရှိပေသည်။ အချုပ်ခန်းကြမ်းခင်းသည် သစ်သားကြမ်းခင်းမဟုတ်ဘဲ မြေကြီးဖြစ်နေသည့်အတွက် အိပ် စက်ရန်အခက်အခဲဖြစ်နေသည်။ ယာယီမြေစိုက် အချုပ်ခန်းဆိုသော်လည်း ထုထည်ကောင်းသည့် ပျဉ်းကတိုးသားများဖြင့်ပြုလုပ်ထားသဖြင့် အ လွယ်တကူ ချိုးဖောက်ထွက်ပြေးရန်မဖြစ်နိုင်ပေ။ ကိုယ်တိုင်လာရောက်အဖမ်းခံသူဖြစ်သည့်အတွက် ထွက်ပြေးရန်လည်းစိတ်ကူးမရှိပေ။ အပြင် မှာနေရသည်ထက် အချုပ်ခန်းထဲတွင်နေရသည်က ပို၍လုံခြုံလိမ့်မည်ဟုထင်သည်။ အချုပ်ခန်းနှင့် မလှမ်းမကမ်းတွင် ရဲတန်းလျားရှိနေသဖြင့် အောင်သန်းဦး အနည်းငယ်အားတက်မိသည်။

ဗိုလ်လေးရောက်လာမည့်မနက်ဖြန်ကိုမျှော်လင့်ရင်း မြို့ပေါ်မှရဲစခန်းကို အမြန်ခေါ်သွားစေရန်သာ ဆုတောင်းနေလေသည်။

********************

“ဗိုလ်လေး.......ဟောဒီကောင်ပဲ”

အသံကြား၍ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မနက် မိုးစင်စင်လင်းနေလေပြီ။ အချုပ်ခန်းအရှေ့သို့ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို မြင်လိုက်ကတည်းက အောင်သန်းဦးတစ်ယောက် အထိတ်တလန့်ဖြစ်နေခဲ့သည်။ ထိုသူများထဲတွင် အရပ် ခြောက်ပေကျော်ခန့်ရှိ ပြီး မေးရိုးကားကားနှင့်လူကို သတိထားမိလိုက်သည်။ စွပ်ကျယ်လက်ပြတ်ဝတ်ဆင်ထားပြီး ကာကီရောင်ဘောင်းဘီရှည်ဝတ်ဆင်ထားသည့် ထိုသူ ၏ခန္တာကိုယ်သည် တုတ်ခိုင်သန်မာပြီး လက်မောင်းနှင့် လက်ဖျံများပေါ်တွင် ကြွက်သားအမြောင်းမြောင်းထနေသည်။ ထိုသူနှင့်အတူပါလာသည့် ရဲတပ်သားများက ဗိုလ်လေးဟုခေါ်ဆိုနေကြသဖြင့် ထိုသူသည် ရဲအရာရှိတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပေသည်။

“လူသတ်မှုအတွက် လာအဖမ်းခံတာ မင်းလား”

ရဲအရာရှိဖြစ်ဟန်တူသူက စူးစူးစိုက်စိုက်ကြည့်ပြီးမေးနေသဖြင့် အောင်သန်းဦးကလည်း ဟုတ်မှန်ကြောင်း ပြောဆိုလိုက်သည်။

“ဟုတ်......ဟုတ်ပါတယ်”

“ပြောစမ်းပါဦး၊ မင်းက ဘယ်သူ့ကိုသတ်လိုက်တာလဲ”

“ကျွန်... ကွန်တော် ဦးဘတုတ်ကို သတ်ခဲ့တာပါ”

“ဦးဘတုတ်ဆိုတာ ဘယ်ရွာကလဲ”

“ကင်းမှော်ရွာကပါ”

“ဘယ်တုန်းက သတ်ခဲ့တာလဲ”

“မနက်ဖြန်ဆို ဆယ်ရက်ပြည့်ပါပြီ”

“ငါ့ကို မလိမ်နဲ့။ ငရွေးရွာကနေ ဒီမနက်မှပြန်လာတာဟေ့ကောင်။ ငရွေးနဲ့ကင်းမှော်က လမ်းလျှောက်သွားရင်ဆယ်မိနစ်ပဲကြာတယ်။ ကင်းမှော်မှာ လူသတ်မှုဖြစ်တယ်ဆိုရင် ငါတို့သိရမယ်။ ကင်းမှော်နဲ့ ငါတို့စခန်းက နှစ်မိုင်သာသာပဲဝေးတယ်”

“ကျွန်တော် မညာပါဘူးဆရာရယ်။ ဦးဘတုတ်ကို ကျွန်တော်တကယ်သတ်ခဲ့တာပါ”

“ခွေးမသား။ မနက်ဖြန်ကျရင် အုန်းတောကိုသွားမယ်။ မဟုတ်လို့ကတော့ သေမယ်မှတ်”

“အုန်းတောကိုတော့ မသွားပါနဲ့ဆရာရယ်။ ကျွန်တော် မလိုက်ရဲလို့ပါ”

“ဘာဖြစ်လို့မလိုက်ရဲတာလဲ။ လူတောင်သတ်ရဲသေးတာပဲကွာ”

“မ...မဟုတ်ပါဘူးဆရာ။ ကျွန်...ကျွန်တော်...ဦးဘတုတ်ကို ကြောက်လို့ပါ”

“ဘာ...မင်းပြောတော့ ဦးဘတုတ်ကို သတ်လိုက်ပြီဆို။ ရူးချင်ယောင်ဆောင်နေတာလား”

“မ...မဟုတ်ပါဘူးဆရာ။ ဦးဘတုတ်က သရဲဖြစ်ပြီး ကျွန်တော့်ကို သတ်မလို့လုပ်နေလို့ ဆရာတို့ဆီမှာ လာအဖမ်းခံတာပါ”

“ဟား...ဟား......ဟား..။ ဆရာသောင်းမြင့်.....ခင်ဗျားတို့ဖမ်းထားတာ အရူးဗျ။ အလုပ်ရှုပ်တယ်ဗျာ။ ပြန်လွှတ်လိုက်ပါ”

“ဟုတ်ကဲ့ ဗိုလ်လေး”

“ကျွန်...ကျွန်တော့်ကို ပြန်မလွှတ်ကြပါနဲ့။ တောင်းပန်ပါတယ်ဗျာ”

“ငါတို့ကို အလုပ်ရှုပ်အောင်မလုပ်စမ်းပါနဲ့ကွာ။ သူ့ကို ပြန်လွှတ်လိုက် ဆရာသောင်းမြင့်။ ဒီကောင် ရူးနေတာဗျ”

“ဟုတ်....ဗိုလ်လေး”

“မလုပ်ကြပါနဲ့။ ကျွန်တော် မရူးပါဘူး။ ရွာထဲသွားဆို သွားပါ့မယ်။ ကျွန်တော် တကယ်သတ်ခဲ့တာပါ။ ဟောဒီမှာကြည့်ပါဗျာ။ ဦးဘတုတ် သရဲဖြစ်ပြီး လုပ်ခဲ့တဲ့ဒဏ်ရာတွေပါ”

ပြောသည့်စကားများကို မယုံကြည်ကြသည့်အတွက် အောင်သန်းဦးက အင်္ကျီချွတ်ပြလိုက်သည့်အခါ ရဲအရာရှိနှင့် ရဲတပ်သားနှစ် ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးစိစိဖြစ်သွားကြသည်။

“မင်းကိုယ်ပေါ်က ဒဏ်ရာတွေက တစ်ယောက်ယောက်နဲ့ရန်ဖြစ်လို့ ရထားတဲ့ ဒဏ်ရာတွေပါကွာ။ သရဲက လူကိုဒဏ်ရာအနာတရဖြစ် အောင်လုပ်တာ တစ်ခါမှ မကြားဖူးပါဘူး....ဟား.....ဟား..”

“ကျွန်တော် လိမ်ပြောနေတာမဟုတ်ပါဘူးဗျာ။ ကျွန်တော်ကြောက်လို့ လာအဖမ်းခံတာပါ။ မနက်ဖြန်တန်ဆောင်မုန်းလပြည့်နေ့မှာ ကျွန်တော့်ကို အသေသတ်မယ်လို့ပြောထားတယ်”

“မင်းကို ဘယ်သူက သတ်မယ်လို့ပြောတာလဲ”

“ဦးဘတုတ်”

“ဟား......ဟား.....။ ရူးနေတာတော့ သေချာပြီ”

“သရဲကိုကြောက်တာလား။ မင်းကိုဆော်လိုက်တဲ့ကောင်ကိုကြောက်လို့ ငါတို့ဆီမှာလာရှောင်နေတာလား”

“ကျွန်တော့်ကို ယုံပါဗျာ”

“ဗိုလ်လေး.....”

“ခဏ ဆရာသောင်းမြင့်။ ကျွန်တော် စိတ်ဝင်စားနေပြီ။ မင်းနာမည်က ဘယ်သူ”

“အောင်သန်းဦးပါဆရာ”

“ကင်းမှော်ကပဲလား”

“မဟုတ်ပါဘူးဆရာ။ ကျွန်တော်က ပုသိမ်ကပါ”

“ဟေ....၊ ပုသိမ်ကနေ ဘယ်လိုလုပ်ပြီး ကင်းမှော်ကို ရောက်လာရတာလဲ”

“ဦး..ဦးဘတုတ်ခေါ်လို့ ဒီမှာ အလုပ်လာလုပ်တာပါ”

“ဒါဆို ဦးဘတုတ်နဲ့ အရင်ကတည်းကသိတာပေါ့”

“ဟုတ်..ဟုတ်ကဲ့။ ဦးဘတုတ်က ကျွန်တော့်ဘကြီးနဲ့ရင်းနှီးပါတယ်။ သူ့ဆီမှာ အလုပ်သမားလိုနေလို့ လုပ်မလားမေးတာနဲ့ ကင်းမှော်ကို ရောက်လာတာပါ”

“ဦးဘတုတ်ရဲ့အုန်းခြံမှာ မင်းက ဘာအလုပ်လုပ်ရတာလဲ”

“ကျွန်တော်က အုန်းသီးတွေခွဲပြီး အုန်းဆံတွေနေလှမ်းပေးရပါတယ်။ အုန်းခွံတွေကို အုန်းဆံကြိုးကျစ်နိုင်ဖို့အတွက် ထုထောင်းပြီး နေ လှမ်းပေးရပါတယ်”

“အုန်းသီးချိုင်တော့ ဘယ်သူချိုင်သလဲ”

“ဦးဘတုတ်ပဲချိုင်ပါတယ်ဆရာ”

“မင်းမရူးတာ သေချာလား အောင်သန်းဦး”

“ကျွန်တော် မရူးပါဘူးဆရာ”

ရဲအရာရှိက အောင်သန်းဦး၏ကိုယ်ပေါ်မှ ဒဏ်ရာများကိုစစ်ဆေးနေပြီး ကျန်သည့်ရဲတပ်သားနှစ်ယောက်က ပြုံးစိစိဖြင့် ကြည့်နေကြ သည်။

“ငါမေးတာ မှန်မှန်ဖြေ။ ငါ့နာမည် စောထီး။ လက်သီးစောထီးလို့လည်းခေါ်ကြတယ်။ ငါ့လက်သီးစာမိရင် အံသွားတွေကျွတ်သွားမယ်။ နားလည်လား”

“ဟုတ်ကဲ့ဆရာ”

“ဦးဘတုတ်ကိုသတ်ခဲ့တာ အမှန်ပဲလား”

“အမှန်ပါ ဆရာ”

“ဘယ်နေရာမှာ သတ်ခဲ့တာလဲ”

“အုန်းတောက သူ့အိမ်ရှေ့မှာသတ်ခဲ့တာပါ”

“အလောင်းက ဘယ်မှာလဲ”

“နတ်သမီးကျောက်ဆောင်အောက်က လျှိုထဲကိုထည့်ထားခဲ့တယ်”

“ဘယ်လို....။ မင်းပြောတာ ငါနားမလည်ဘူး။ ဖြစ်ပုံကို ပြောစမ်းကွာ”

“ဦးဘတုတ်နဲ့ကျွန်တော် စကားများကြရင်း သူ့ခေါင်းကို ထင်းချောင်းနဲ့ရိုက်လိုက်မိတာပါ”

“ဘယ်နှစ်ချက်ရိုက်လိုက်သလဲ”

“တစ်...တစ်ချက်တည်းပါ ဆရာ”

“ဆက်ပြောစမ်းပါဦး”

“ဦးဘတုတ်သေသွားတော့ ကျွန်တော်လည်းကြောက်လန့်ပြီးဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားပါတယ်။ အဲဒါနဲ့ ဦးဘတုတ်ရဲ့အလောင်း ကို လှေပေါ်တင်ပြီး နတ်သမီးကျောက်ဆောင်အောက်က လိုဏ်ဂူထဲကို ထိုးသွင်းခဲ့ပါတယ်”

“နတ်သမီးကျောက်ဆောင်အောက်မှာ လိုဏ်ဂူရှိတာ မင်းကဘယ်လိုလုပ်ပြီးသိတာလဲ”

“ဦးဘတုတ်က အလုပ်ပါးတဲ့နေ့ဆို နတ်သမီးကျောက်ဆောင်နားမှာ ပုစွန်သွားထိုးတတ်ပါတယ်။ သူသွားတဲ့အခါတိုင်း ကျွန်တော့်ကိုခေါ် သွားတတ်တယ်။ အဲဒီလိုဏ်ဂူကလည်း သူပြလို့်သိတာပါ”

“လိုဏ်ဂူက ရေအနက်ဘယ်လောက်မှာရှိတာလဲ”

“ဆယ့်ငါးပေနီးပါးလောက်မှာရှိမယ်ထင်တယ် ဆရာ”

“အကျယ်ကရော”

“ဘယ်လောက်ကျယ်တယ်တော့မသိဘူး။ အထဲကိုလည်း မဝင်ရဲလို့မဝင်ဖူးဘူး။ လူတစ်ကိုယ်စာ ချောင်ချောင်ချိချိဝင်လို့တော့ရတယ် ဆရာ”

“အလောင်းကို ရေအနက်ဆယ်ပေကျော်အထိ သယ်သွားနိုင်တယ်ဆိုတော့ မင်းက ရေကူးရော ရေငုပ်ရော အတော်ကျွမ်းကျင်ပုံရတယ်။ ဟုတ်ရောဟုတ်ရဲ့လား ဟေ့ကောင်”

“ဟုတ်ပါတယ်ဆရာ။ ကျွန်တော် မညာပါဘူး”

“ဟုတ်ပြီလေ။ ဆက်ပြောစမ်းပါဦး။ ဦးဘတုတ်နဲ့ ဘယ်လိုရန်ငြိုးရှိလို့လဲ”

“ဦးဘတုတ်က ကျွန်တော့်ကိုနှိမ်တယ်။ ကျွန်တော့်ကို အမေနဲ့ကိုင်ဆဲတယ်”

“ဒါနဲ့ပဲ သတ်ရရောလား”

“အဲဒီလောက်နဲ့ မလုပ်ပါဘူးဆရာ။ ကျွန်တော့်ကို ဆဲဆိုရုံတင်မကဘူး၊ သူ့မိန်းမကိုပါ ဓားနဲ့ပြေးခုတ်လို့ ထင်းချောင်းနဲ့ရိုက်လိုက်တာပါ”

“ကောင်းပြီ။ ခဏနေရင် ကင်းမှော်ကိုသွားကြမယ်။ မင်းပြောတာ မဟုတ်ခဲ့ရင်တော့ မင်းကိုအရေးယူရလိမ့်မယ်”

“ဟုတ်....ဟုတ်ကဲ့ဆရာ”

“ဦးဘတုတ်မှာ မိသားစုမရှိဘူးလားကွ”

“မရှိပါဘူးဆရာ....အဲ....ရှိပါတယ်”

“ဘာလဲကွ။ မရှိဘူးပြောလိုက် ရှိတယ်ပြောလိုက်နဲ့။ နားရင်းပိတ်အုပ်လိုက်ရရင်တော့လား”

“သူ့….သူ့မိန်းမနဲ့ကလေးတစ်ယောက်ရှိပါတယ်”

“တောက်......။ ငါ စိတ်မရှည်တော့ဘူး။ မိန်းမနဲ့ကလေးက မိသားစုပဲပေါ့ကွ”

“ဟုတ်...ဟုတ်ကဲ့ဆရာ”

“သူ့မိန်းမက သူနဲ့အတူနေတာ မဟုတ်ဘူးလား”

“အရင်ကတော့ အတူနေတယ်။ ဦးဘတုတ်သေသွားတဲ့နေ့ပဲ သူ့မိန်းမက သူ့ရွာကိုပြန်သွားတယ်”

“သူ့မိန်းမက ဘယ်ရွာကလဲ”

“ကျောက်တစ်လုံးရွာကပါ”

“ဘာဖြစ်လို့ ရန်ဖြစ်ကြတာလဲ”

“အဲ...အဲဒါ.....”

“ဟေ့ကောင်......ငါမေးနေတယ်လေ”

“ဟုတ်....ဟုတ်ကဲ့”

“မအူမလည်လုပ်မနေနဲ့။ ငါမေးတာကို ကောင်းကောင်းဖြေစမ်း”

“ဟို...သူ့မိန်းမနဲ့ ကျွန်တော့်ကိုစွပ်စွဲလို့ ရန်ဖြစ်ကြတာပါ ဆရာ”

“နေစမ်းပါဦး။ သူ့မိန်းမက ဘယ်အရွယ်မို့လို့လဲ”

“နှစ်ဆယ့်ရှစ်ပါ ဆရာ။ ကျွန်တော့်ထက် တစ်နှစ်ပဲကြီးပါတယ်”

“ဟေ.....ဦးဘတုတ်က အသက်ဘယ်လောက်ရှိပြီလဲ”

“ငါးဆယ့်လေးပါ ဆရာ”

“ဟာ......။ ဦးဘတုတ်မှာ အရင်အိမ်ထောင်ရှိသလား”

“ရှိ…ရှိပါတယ်…ဆရာ”

“သူ့မယားကြီးက ဘယ်မှာနေတာလဲ”

“ဂွမြို့မှာနေတာပါဆရာ။ သမီးနှစ်ယောက်ရှိပါတယ်”

“ဦးဘတုတ်က ကင်းမှော်ရွာသားလား”

“ဟုတ်ပါတယ် ဆရာ”

“အုန်းတောက ဘယ်သူပိုင်တာလဲ”

“အုန်းတောပိုင်ရှင်က ဦးဘတုတ်ပါ”

“ကောင်းပြီလေ။ မနက်ဖြန်ကျရင် ကင်းမှော်ရွာကို သွားကြတာပေါ့”

“ဟုတ်ကဲ့ဆရာ”

“ဆရာသောင်းမြင့်......မနက်ဖြန်မနက် ကင်းမှော်ကိုသွားကြမယ်။ လောလောဆယ် ဒီကောင့်ကို အချုပ်ထဲထည့်လိုက်ဗျာ”

“ဟုတ်ကဲ့ ဗိုလ်လေး”

********************

“အုန်းတောက အတော်ကျယ်သားပဲ”

လေယူရာတိမ်း၍ယိမ်းနွဲ့နေကြသည့် အုန်းပင်များကိုမော့ကြည့်ရင်း ဗိုလ်လေးစောထီးက ဆရာသောင်းမြင့်ကိုပြောလိုက်သည်။

“ဟုတ်တယ်ဗိုလ်လေး။ ကျွန်တော်လည်း သွားရင်းလားရင်းမြင်ဖူးပေမယ့် အခုမှပဲရောက်ဖူးတယ်။ အခုနေရောင်းလိုက်ရင်ဈေးကောင်း ရနိုင်တယ်”

“ဒီနေရာက ငပလီလိုမဟုတ်ဘူးဗျ။ ချောက်တွေများတယ်။ ကျောက်ဆောင်ပေါတယ်။ ရေကျချိန်မှာ သောင်ပြင်က ပေတစ်ရာထက်ပို မကျယ်ဘူး။ ဂျပ်လည်းပေါတယ်။ သွားရေးလာရေးခက်တယ်။ အုန်းပင်များများစားစားဆိုလို့ ဒီနေရာပဲရှိတယ်။ ဒီနေရာကို ဘယ်သူမှ မဝယ်ဘူး ဆရာသောင်းမြင့်”

“အဲဒါတော့မှန်တယ် ဗိုလ်လေး။ ဟာ…ဟိုမှာကြည့်ဦး”

စကားတပြောပြောနှင့် အုန်းတောထဲသို့ဝင်လာကြစဉ် ဦးဘတုတ်၏အိမ်ရှေ့၌ ဖရိုဖရဲဖြင့် စုပုံနေသည့် ပရိဘာဂများနှင့်ပန်းကန်ခွက် ယောက်များကို မြင်တွေ့လိုက်ကြရလေသည်။

“အောင်သန်းဦး……။ အဲဒါက ဘယ်လိုဖြစ်တာလဲကွ။ မင်းလုပ်ထားတာလား”

“မဟုတ်ပါဘူး ဆရာ။ ဦး…ဦးဘတုတ်လုပ်တာပါ”

“ဘယ်လိုကွ……”

ရဲအရာရှိစောထီးက အောင်သန်းဦးကို မျက်မှောင်ကုတ်ပြီးကြည့်လိုက်သည်။

“ဟုတ်…..ဟုတ်ပါတယ်ဆရာ။ ကျွန်တော်ပြောပြပါ့မယ်”

“အေး….။ ပြီးရင် ငါ့ကို အမှန်အတိုင်းသာပြောပြ”

“ဗိုလ်လေး….၊ အိမ်တံခါးပွင့်နေတယ်ဗျ။ အိမ်ပေါ်တက်ကြည့်ကြမလား”

“သက်သေမပါဘဲ မတက်ဘူးဆရာသောင်းမြင့်။ ခင်ဗျားက ကင်းမှော်ရွာထဲသွားပြီး စနည်းနာဗျာ။ ဒီကောင်နဲ့ကျွန်တော် စကားပြော လိုက်ဦးမယ်။ လိုအပ်မှ ရွာထဲကလူကြီးတွေခေါ်ပြီး တက်ကြည့်ကြတာပေါ့”

“ဟုတ်...ဗိုလ်လေး။ ကျွန်တော် ကင်းမှော်ရွာထဲသွားလိုက်ဦးမယ်”

ကင်းမှော်ရွာသို့ ရဲကြပ်သောင်းမြင့်ထွက်သွားချိန်တွင် ရဲအရာရှိစောထီးက ဦးဘတုတ်၏အိမ်ရှေ့မှ အုန်းတုံးပေါ်တွင်ထိုင်ချလိုက်ပြီး အောင်သန်းဦးအား အနားသို့ခေါ်လိုက်သည်။

“ဟေ့ကောင်....။ ဒီနားမှာထိုင်”

“ဟုတ်ကဲ့ဆရာ”

အောင်သန်းဦးက ဗိုလ်လေးစောထီး၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ပိုက်ထားလေသည်။

“အခုလောလောဆယ် သက်သက်သာသာထိုင်စမ်းပါကွာ။ ပြစ်မှုတကယ်ကျူးလွန်ရင်တော့ ပုံစံလေးတွေ ပုံစံကြီးတွေထိုင်ရမယ်။ အဲဒီ အခါကျရင်တော့ သက်သာမယ်မထင်နဲ့”

“ဟုတ်....ဟုတ်ကဲ့ဆရာ”

“ဟောဒီအိမ်က ဦးဘတုတ်တို့လင်မယားနေတဲ့အိမ်လား”

“ဟုတ်ပါတယ်ဆရာ”

“မင်းက ဘယ်မှာနေတာလဲ”

“ဟိုထောင့်က တဲမှာပါဆရာ”

ဗိုလ်လေးစောထီးက အောင်သန်းဦးနေထိုင်သည့်တဲနှင့် ဦးဘတုတ်၏နေအိမ်ကို တစ်လှည့်စီအသေအချာကြည့်နေသည်။

“ဦးဘတုတ်ကို ဘယ်နားမှာသတ်ခဲ့တာလဲ”

“ဆ…ဆရာထိုင်နေတဲ့ နေ…နေရာမှာပါ”

ဗိုလ်လေးစောထီးက ထိုင်ရာမှထကာ အုန်းတုံးပတ်ပတ်လည်ကို အသေအချာကြည့်သည်။ ထို့နောက် ဦးဘတုတ်၏အိမ်နှင့် အောင်သန်း ဦး၏တဲကို တစ်လှည့်စီကြည့်ပြန်သည်။

“ခြေရာလက်ရာတွေဖျောက်လိုက်တာလား အောင်သန်းဦး”

“ဟုတ်……ဟုတ်ပါတယ်ဆရာ”

“ဦးဘတုတ်ကိုရိုက်တဲ့ ထင်းချောင်းက ဘယ်မှာလဲ”

“မ..မရှိတော့ဘူးဆရာ။ ကျွန်….ကျွန်တော် ထင်းစိုက်လိုက်ပြီ”

“တယ်ဟုတ်ပါလား။ ဦးဘတုတ်ကိုသတ်တာ မင်းတစ်ယောက်တည်းသတ်တာမှ ဟုတ်ရဲ့လားကွ”

“ကျွန်…..ကျွန်တော်တစ်ယောက်တည်းပါဆရာ။ သတ်ဖို့အထိ မရည်ရွယ်ပါဘူး။ သူ့မိန်းမကို ဓားနဲ့ခုတ်ဖို့လုပ်နေလို့ နောက်ကနေ ထင်းချောင်းနဲ့ရိုက်လိုက်မိတာပါ”

“တကယ်သတ်တာသာမှန်ခဲ့ရင် လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ သက်သေခံဖျောက်ဖျက်မှုတွေနဲ့အရေးယူခံရမှာနော် ဟေ့ကောင်”

“ဟုတ်……ဟုတ်ကဲ့ပါဆရာ”

“ကောင်းပြီ..မင်း ဒီကိုစပြီးရောက်လာတာကနေ အခုအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ကိစ္စမှန်သမျှ အကုန်လုံးပြောပြကွာ။ လိမ်ပြောတာ၊ ထိမ် ချန်ထားတာ လုံးဝမလုပ်နဲ့။ မင်းဘက်ကမှန်ရင် ငါအတတ်နိုင်ဆုံးအကူအညီပေးလို့ရတယ်။ လိမ်ပြောရင်တော့ ငါလည်းဘာမှမတတ်နိုင်ဘူး။ ကြားလား”

“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် အကုန်ပြောပြပါ့မယ်”

“အေး.....စပြီးပြောတော့ကွာ”

***********************

“အောင်သန်းဦး...”

“ဗျာ...အဘ”

“ယောင်ခြောက်ဆယ်လုပ်နေမယ့်အစား ကိုဘတုတ်နဲ့လိုက်သွားပြီး အလုပ်လုပ်ပါလား”

“ယောင်ခြောက်ဆယ်လုပ်နေတာမဟုတ်ပါဘူး အဘရာ။ အလုပ်မရှိလို့ အလုပ်ရှာနေတာ။ ဦးလေးဘတုတ်က အလုပ်ပေးမယ်ဆိုရင် လုပ်တာပေါ့”

“မင်းတကယ်လုပ်နိုင်ပါ့မလားကွ”

“ကျွန်တော်က ဘာလုပ်ရမှာလဲဦးလေး”

“အုန်းပင်တက်တတ်သလား”

“မတက်တတ်ဘူးဗျ”

“ကောင်းရောကွာ။ ဒါဆိုလည်း အုန်းဆံချွတ်ပြီး နေလှမ်း၊ အုန်းခွံတွေထုပြီးနွှာရမယ်။ ဖြစ်မလား”

“အဲဒါတော့ဖြစ်ပါတယ်ဦးလေး”

“ထမင်းကျွေးမယ်။ အဝတ်အစားဆင်ပေးမယ်။ နေတာကတော့ ငါ့အုန်းခြံထဲမှာပဲ တဲထိုးနေပေါ့ကွာ။ လစာကတော့ ပုံမှန်မရှိဘူး။ လော လောဆယ် တစ်လနှစ်သောင်းပဲပေးနိုင်မယ်။ ဘယ်လိုလဲ”

“ကိုဘတုတ်၊ သူ့ကိုမေးမနေနဲ့။ ယောင်ခြောက်ဆယ်လုပ်နေမယ့်အစား ကိုဘတုတ်နဲ့လိုက်သွားဟေ့ကောင်။ ကိုဘတုတ်ဆီကပညာ သင်။ အချို့ဆို ကိုယ့်ထမင်းကိုယ်စားပြီး ပညာသင်နေကြရတာ”

“ကျွန်တော် ဘာပြောမိလို့လဲအဘရာ”

“ငါ့ကိုဘာမှထပ်မပြောနဲ့။ လိုက်သွားဆိုလိုက်သွား”

စားရေးသောက်ရေး၊ နေရေးထိုင်ရေးမပူရသည့်အပြင် တစ်လငါးထောင်ပေးမည်ဆိုသဖြင့် အောင်သန်းဦးကျေနပ်သွားလေသည်။ ပု သိမ်မြို့ပေါ်တွင်အလုပ်မရှားသော်လည်း လုပ်အားခနှင့်အသုံးစရိတ်က မမျှတသဖြင့် ရရစားစားဖြင့်သာ ရုန်းကန်နေရသည်။ မိဘများမရှိတော့ သည့်နောက် ဖခင်၏အစ်ကို ဘကြီးက အောင်သန်းဦးအား ခေါ်ယူစောင့်ရှောက်ထားခဲ့သည်။ အစ်မနှစ်ယောက်ရှိသော်လည်း အိမ်ထောင်သည် များဖြစ်ကြသည့်အတွက် အစ်မများနှင့်အတူမနေထိုင်လိုသဖြင့် ဘကြီးထံတွင်နေထိုင်ခဲ့ရသည်။ တူအရင်းဆိုသော်လည်း လူတစ်ယောက်စာအ တွက် အခက်အခဲဖြစ်နေကြမည်ကိုသဘောပေါက်နားလည်သဖြင့် ရရာအလုပ်ကိုလုပ်ကိုင်ခဲ့ရသည်။ ပညာမတတ်သဖြင့် အလုပ်ကြမ်းမှလွဲ၍ အခြားမရှိပေ။ တစ်နေ့လုပ်ခငွေကြေးက အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်၊ အရက်တစ်ခါသောက်ရုံသာရှိသည့်အတွက် ပင်ပင် ပန်းပန်းလုပ်ကိုင်ရကျိုးမနပ်ပေ။

“လိုက်မယ်ဗျာ….”

“လိုက်မယ်ဆိုရင် မနက်ဖြန်အသင့်ပြင်ထားလိုက်။ သန်ဘက်ခါမနက် ငါလာခေါ်မယ်။ တစ်ခုတော့ပြောထားမယ်”

“ဟုတ်ကဲ့ဦးလေး….”

“လက်ကြောမတင်းရင် ချက်ချင်းပြန်ပို့မယ်”

“ကျွန်တော့်ကိုခိုင်းကြည့်လိုက်ပါ။ ဦးလေးမကြိုက်တဲ့နေ့မှာ ကျွန်တော့်စရိတ်နဲ့ကျွန်တော်ပြန်ပါ့မယ်”

“ကြိုက်ပြီကွာ…………”

*******************

ဦးဘတုတ်၏အုန်းတောကို စတင်ရောက်ရှိပြီး သုံးလေးရက်အကြာ၌ အောင်သန်းဦးတစ်ယောက် လိုက်လာမိတာမှားပြီဟုတွေးလိုက် မိသည်။ လည်စရာပတ်စရာဆို၍ ကင်းမှော်ရွာသာရှိပေသည်။ လက်ဖက်ရည်ဆိုင်လည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ၊ ဗီဒီယိုရုံလည်းမရှိသဖြင့် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။ ဦးဘတုတ်နှင့် သူ့ဇနီးခင်ခင်ဦးက သစ်သားအိမ်လေးထဲတွင်နေထိုင်ကြပြီး အောင်သန်းဦးအတွက် အုန်းတော အစွန်တွင် တဲတစ်လုံးထိုးပေးထားသည်။ အလုပ်မပင်ပန်းသော်လည်း စိတ်ပင်ပန်းသည်။ ဦးဘတုတ်က အရက်မူးလာလျှင် သူ့မိန်းမကိုဆဲဆိုရိုက် နှက်သလို အောင်သန်းဦးကိုလည်း ဆဲဆိုတတ်သည်။ နေစရိတ်၊ စားစရိတ်ငြိမ်းအပြင် တစ်လနှစ်သောင်းအသားတင်စုမိသည့်အတွက် စိတ်ကိုချုပ် တည်းပြီး အလုပ်ထဲ၌သာ အာရုံစူးစိုက်ထားသည်။ ဦးဘတုတ်သည် အရက်မသောက်ထားသည့်အချိန်တွင် အောင်သန်းဦးအား ကောင်းကောင်း မွန်မွန်ဆက်ဆံပြီး လုပ်ငန်းနှင့်ပတ်သက်သမျှ သင်ကြားပြသပေးသဖြင့် သင်ဆရာလည်းဖြစ်နေပြန်သည်။ တစ်လနီးပါးကြာသည့်အခါမှာတော့ ပင်လယ်မှလှိုင်းပုတ်သံမကြားလျှင် အိပ်မပျော်သည်အထိ အောင်သန်းဦးတစ်ယောက် နေသားကျသွားခဲ့လေသည်။

“ဘယ်လိုလဲ အောင်သန်းဦး။ ပျင်းနေပြီလားကွ”

“ပျင်းတာပေါ့ ဦးလေးရာ”

“ငါသဘောပေါက်ပါတယ်ကွာ။ ပျော်ရာမှာမနေ၊ တော်ရာမှာသာနေရတယ်ကွ။ မင်းတို့ပုသိမ်မှာတော့ ဘယ်နေရာသွားသွား ပိုက်ဆံကုန် ပေါက်ချည်းပဲပေါ့ကွာ။ ဒီမှာတော့ လက်ဖက်ရည်ဆိုင်လည်မရှိဘူး၊ ဗီဒီယိုရုံလည်းမရှိဘူးကွ။ အရက်သောက်တတ်ရင်တော့ ကင်းမှော်ရွာထဲမှာ ချက်အရက်ရတယ်။ မင်းသောက်ချင်ရင် ငါခွင့်ပြုပါတယ်”

“ဟုတ်ကဲ့ဦးလေး။ ကျွန်တော်လည်း ခွင့်တောင်းမလို့ပါ”

“သောက်ချင်ရင် ကင်းမှော်ရွာက စံရွှေဆီမှာ သွားဝယ်။ ငါလွှတ်လိုက်တယ်လို့ပြော။ ပိုက်ဆံမပေးနဲ့ကွ။ ငါရှင်းလိုက်မယ်”

“ဟုတ်ကဲ့ ဦးလေး။ ကျေးဇူးတင်ပါတယ်ဗျာ”

“ရပါတယ်ကွာ။ ဪ…မနက်ဖြန်နေ့လည်လောက် နတ်သမီးကျောက်ဆောင်ဘက်သွားမလို့။ လိုက်မလား”

“နတ်သမီးကျောက်ဆောင်က ဘယ်နားမှာလဲ ဦးလေး”

“ဟိုးမှာမြင်နေရတဲ့ကျောက်ဆောင်ပေါ့ကွ။ သိပ်မဝေးပါဘူး။ ရေတက်တဲ့အခ်ျန်ဆို အငူလေးပဲပေါ်တယ်ကွ။ ရေကျချိန်မို့ ကျောက် ဆောင်ကိုမြင်ရတာ”

“အဲဒီကို ဘာသွားလုပ်မလို့လဲဦးလေး”

“ပုစွန်သွားထိုးမလို့ကွ။ ခရုလည်းခွာမယ်။ လိုက်ခဲ့ချင်လည်းလိုက်ပေါ့ကွာ”

“လိုက်မည်ဦးလေး”

“အေး…အေး…။ ငါ ဒီနေ့ကျောက်တစ်လုံးရွာကို သွားစရာရှိတယ်။ ငါ့မိန်းမနဲ့ကလေးကတော့ မလိုက်ဘူး။ ညနေပြန်လာခဲ့မယ်”

“ဟုတ်ကဲ့ ဦးလေး။ ကျွန်တော် စောင့်ရှောက်ထားလိုက်ပါ့မယ်”

“အေး…အေး…။ မင်း အရက်သောက်ချင်ရင် စံရွှေ့ဆီသွားယူလိုက်”

“ဟုတ်ကဲ့ဦးလေး။ ခနနေရင် သွားပါ့မယ်”

ဦးဘတုတ်က အရက်သောက်ခွင့်ပြုသည်ဆိုတော့ အောင်သန်းဦးကျေနပ်သွားသည်။ တစ်နေ့တာလုပ်ငန်းများပြီးစီးသွားသည့်နောက် ည နေအနား ယူသည့်အချိန်တွင် စိတ်အပန်းဖြေစရာဟူ၍ ဘာဆိုဘာမျှမရှိပေ။ နေ့စဉ်မြင်တွေ့နေရသည့်ပင်လယ်ပြင်ကြီးကိုလည်း မကြည့်ချင်တော့ ပေ။ အုန်းတောသို့စတင်ရောက်ရှိသည့်ညက ပင်လယ်လှိုင်းများပုတ်ခတ်သည့်အသံနှင့် အုန်းလက်များပွတ်တိုက်သည့်အသံတို့ကြောင့် အိပ်မပျော် ခဲ့သော်လည်း ရက်အနည်းငယ်ကြာသည့်အခါ နေသားကျသွားခဲ့သည်။ ဦးဘတုတ်တို့လင်မယားနှစ်ယောက်နှင့် ကင်းမှော်ရွာသူရွာသားများ မည် သို့နေထိုင်ကြသည်ကို မစဉ်းစားတတ်သော်လည်း ဦးဘတုတ်ပြောသကဲ့သို့ တော်ရာမှာနေကြသူများဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်မိသည်။

ဦးဘတုတ် ကျောက်တစ်လုံးရွာသို့ထွက်သွားပြီးနောက် အောင်သန်းဦးလည်း ကင်းမှော်ရွာသို့ ထွက်လာခဲ့သည်။ ဦးဘတုတ်၏အုန်းတော မှ ကင်းမှော်ရွာသို့ ဆယ်မိနစ်ခန့်လမ်းလျှောက်သွားရသည်။ ကင်းမှော်ရွာနှင့် အုန်းတောကြားတွင် ကျောက်တောင် တစ်လုံးခြားထားသဖြင့် အုန်း တောမှကြည့်လျှင် ကင်းမှော်ရွာကို မမြင်ရပေ။ ကင်းမှော်ရွာသည် အိမ်ခြေတစ်ရာကျော်သာရှိပြီး တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေ သည့် ရွာငယ်တစ်ခုသာဖြစ်သည်။ ကင်းမှော်ရွာမှဆယ်မိနစ်ခန့်ဆက်သွားလျှင် ငရွေးရွာ သို့ရောက်သည်။ ငရွေးရွာသည်လည်း တံငါရွာဖြစ်ပြီး ကင်းမှော်ရွာထက်ကြီးသည့်ရွာကြီးဖြစ်ပေသည်။ ကျောက်တစ်လုံးရွာသည် ဦးဘတုတ်၏ဇနီး မခင်ခင်ဦးနေထိုင်သည့်ရွာဖြစ်ပြီး ကင်းမှော်ရွာမှ စက်လှေဖြင့် တစ်နာရီခန့်သွားရပေသည်။

“ဦးလေး….. အရက်တစ်လုံးရောင်းပါဗျာ”

“မင်းက ဘတုတ်ဆီမှာအလုပ်လုပ်နေတဲ့ကောင်မဟုတ်လား”

“ဟုတ်ပါတယ် ဦးလေး”

“အေးဟ…..ခုနကတင် ဘတုတ်လာမှာသွားတယ်။ သူ့စာရင်းထဲထည့်လိုက်ပါတဲ့။ တစ်လုံးမဟုတ်ဘူး၊ နှစ်လုံးယူသွားဟေ့ကောင်။ ခဏ ခဏ လာနေရမယ်”

“ကောင်းတာပေါ့ ဦးလေးရာ”

“နေဦး…….ခင်ဦးအတွက် ရေကင်းပေးလိုက်မယ်”

“ဗျာ…….ရေကင်းဆိုတာ ဘာလဲဦးလေး”

“ရေကင်းက ရေကင်းပေါ့ကွ”

“ကျွန်တော် မမြင်ဖူးလို့ပါ။ ရေကင်းက ဘာလုပ်တာလဲဦးလေး”

“ရေကင်းက စားရတာလေကွာ။ တော်ရုံမရဘူးကွ။ ဥတွေက စိမ့်နေတာ”

“ဟုတ်ကဲ့ဦးလေး”

“ခဏထိုင်ကွာ၊ အရက်နဲ့ရေကင်းသွားယူလိုက်ဦးမယ်”

တဲနောက်သို့ ဦးစံရွှေဝင်သွားပြီး ခဏအကြာတွင် အရက်ပုလင်းနှစ်လုံးနှင့် ရေသတ္တဝါတစ်ကောင်ကိုင်ပြီးထွက်လာလေသည်။

“ရေကင်းဆိုတာ ဒီမှာကွ”

ဦးစံရွှေ၏လက်ထဲမှ ရေသတ္တဝါကိုကြည့်ပြီး အောင်သန်းဦး အသည်းယားသွားလေသည်။ ရေကင်းဆိုသည့်ရေသတ္တဝါသည် အခွံမာပြီး တစ်ဖက်တစ်ချက်တွင် ခြေလက်များ ရှစ်ချောင်းစီခန့်ပါရှိပေသည်။

“ခင်ဦးကိုပေးလိုက်။ သူအရမ်းကြိုက်တယ်ကွ”

“ဟုတ်ကဲ့ ဦးလေး။ ပေးလိုက်ပါ့မယ်”

*********************

ပုစွန်ဆီရောင်နေလုံးကြီးက ပင်လယ်ထဲသို့ တဖြည်းဖြည်းငုပ်လျှိုးနေလေပြီ။ ရေတက်ချိန်မို့ သဲသောင်ပြင်ပေါ်သို့ ပင်လယ်ရေများဖုံး လွှမ်းနေလေပြီ။ ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသည့် လေနုအေးကိုရှုရှိုက်ရင်း မီးတောက်အရက်ကို မရဲတရဲမြိုချလိုက်သည်။ ရေရောစပ် ထားသော်လည်း လည်ချောင်းအတိုင်းစီးဆင်းသွားသည့် မီးတောက်အရက်ကြောင့် အောင်သန်းဦး အော်ဟစ်ညည်းတွားလိုက်သည်။

“အားပါးပါး…….ပူလိုကျတာဟ….”

“ကိုအောင်သန်းဦး…..”

“ဟော….မခင်ဦး…..လာ….ထိုင်…ထိုင်ပါဗျ….ထွီ….”

အခါလည်ကျော်အရွယ် သားငယ်ကို ခါးတစ်ခွင်ချီထားပြီး လက်တစ်ဖက်တွင် ပန်းကန်လုံးတစ်ခုကိုင်ထားသည့် ဦးဘတုတ်၏ဇနီး မခင်ခင်ဦးက တဲရှေ့သို့ရောက်လာသဖြင့် အရက်ပုလင်းနှင့် အရက်ခွက်ကို အမြန်ဝှက်လိုက်လေသည်။

“ဘာဖြစ်နေတာလဲ….။ နေမကောင်းလို့လား”

“နေ…နေကောင်းပါတယ်။ ဘာခိုင်းမလို့လဲ မခင်ဦး”

“ဘာမှမခိုင်းပါဘူး။ အမြည်းလာပို့တာ”

“ဗျာ…..အမြည်း..”

“အင်းလေ….။ ကိုအောင်သန်းဦး အရက်နဲ့မြည်းဖို့လေ”

“ဟာ….မ….မဟုတ်ပါဘူး…”

“အမလေး….။ အရက်သောက်တာ ခိုးသောက်စရာလား ကိုအောင်သန်းဦးရယ်။ အုန်းတောထဲဝင်လာကတည်းက ပုလင်းနှစ်လုံးကိုင် လာတာ ကျွန်မမြင်ပြီးသားပါ”

“အာ…….”

“ကျွန်မကို အားနာစရာမလိုပါဘူး။ သောက်စရာရှိတာသောက်ပါ။ ဒီကအရက်တွေက မြို့ပေါ်ကအရက်တွေလိုမဟုတ်ဘူး။ မီးတောက် အရက်တွေ။ အရက်တစ်ဆ ရေနှစ်ဆရောရတယ်”

“ဟင်..ဟုတ်လား…။ အဲ..အဲဒါ ကျွန်..ကျွန်တော် မသိဘူး”

“ဦးစံရွှေက မရောရသေးတဲ့အရက်ပေးလိုက်တယ်ထင်တယ်”

“မပြောတတ်ပါဘူးဗျာ”

“ကျွန်မကို ခဏပြပါဦး”

“ဗျာ….”

“အရက်ပုလင်းခဏပြပါလို့ပြောတာ”

“ဟုတ်….ဟုတ်ကဲ့….”

“မီးခြစ်ပါပေးနော်”

အောင်သန်းဦးက အဝတ်အစားထည့်သည့် တင်းရူးသေတ္တာနောက်တွင်ဝှက်ထားသည့် အရက်ပုလင်းနှစ်လုံးကိုယူကာ မခင်ခင်ဦး ရှေ့တွင် ချထားလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ မီးခြစ်ကိုထုတ်ပြီး အရက်ပုလင်းအနီးတွင်ချထားလိုက်သည်။

“ကလေးခဏခေါ်ထားပေးပါလား”

“ဟုတ်ကဲ့……။ သားလေး….ဦးဦးဆီလာ….”

မခင်ခင်ဦးထံမှ ကလေးကိုယူပြီးချီပိုးထားသည့်အချိန်တွင် မခင်ခင်ဦးက အရက်ပုလင်းထဲမှအရက်အနည်းငယ်ကို ဝါးကြမ်းခင်းပေါ်သို့ လောင်းချလိုက်ပြီး မီးခြစ်ကိုဖြစ်ကာ မီးတို့လိုက်သည်။ ကြမ်းခင်းပေါ်မှ အရက်များက မီးနှင့်ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်ချည်းမီးထ တောက်သွားလေသည်။

“ဟာ…..”

ပြာလဲ့လဲ့မီးတောက်များက ခဏတာလောင်ကျွမ်းပြီး မီးသေသွားသော်လည်း ဝါးကြမ်းခင်းကိုမီးမစွဲခဲ့ပေ။

“တွေ့လား…”

“ဟုတ်ကဲ့…..”

“ဦးစံရွှေက မီးတောက်အရက်မှားပေးလိုက်ပြီထင်တယ်။ နေဦး…….အစ်ကိုသောက်တဲ့အရက်ရှိတယ်။ ယူလာပေးမယ်။ ဟောဒီပုလင်း တွေယူသွားမယ်နော်။ အူပြတ်ပြီးသေသွားလိမ့်မယ်”

“ဟုတ်…ဟုတ်ကဲ့”

“ခလေးခဏခေါ်ထားပေး။ ကျွန်မ အခုချက်ချင်းပြန်လာခဲ့မယ်”

ပြောပြောဆိုဆိုဖြင့် အရက်ပုလင်းနှစ်လုံးကိုယူပြီး အိမ်ဘက်သို့ထွက်သွားသည့် မခင်ဦးအား အောင်သန်းဦးက ကလေးချီထားရင်း ငေး ကြည့်နေလေသည်။ ခဏအကြာတွင် မခင်ခင်ဦးတစ်ယောက် အရက်ပုလင်းတစ်လုံးကိုင်ပြီး ပြန်ရောက်လာသည်။

“ရော့….ဒီအရက်ကိုသောက်။ ပျားရည်နဲ့ရောထားတာ”

“အာ…..မ…မလုပ်ပါနဲ့။ ဦးလေးသိရင် ကျွန်တော့်ကို ဆူလိမ့်မယ်”

“အစ်ကို့ကို ကျွန်မပြောလိုက်ပါ့မယ်။ သူသိရင်လည်း ကိုအောင်သန်းဦးကို ဆူမှာမဟုတ်ပါဘူး။ ဦးစံရွှေကိုပဲပြဿနာရှာမှာ။ ကျွန်မ တာ ဝန်ယူပါတယ်”

“ဟုတ်…ဟုတ်ကဲ့”

“ကျွန်မအိမ်မှာပဲရှိမယ်နော်။ လိုအပ်တာရှိရင် လာပြောပါ။ အစ်ကိုက ဘယ်အချိန်ပြန်ရောက်မယ်မသိဘူး။ ညနေတောင်စောင်းနေပြီ”

“ညနေပြန်လာမယ်လို့ ကျွန်တော့်ကိုပြောသွားတယ်”

“ပြောတာပဲ….။ သူ့ယောက်ဖတွေနဲ့တွေ့ရင် အိမ်ပြန်ဖို့သတိမရတော့ဘူး”

“ကျောက်တစ်လုံးက မခင်ဦးရဲ့ရွာလား”

“ဟုတ်တယ်လေ။ အဲဒီမှာ အမေနဲ့ အစ်ကိုနှစ်ယောက်ရှိတယ်။ အစ်ကိုကြီးက အစ်ကိုဦးဘတုတ်နဲ့အတော်ရင်းနှီးတာ။ အစ်ကိုကြီး ကြောင့် ဦးဘတုတ်နဲ့ယူဖြစ်ခဲ့တာပေါ့။ အစ်ကိုဦးဘတုတ် ကျွန်မတို့ရ္ညာကိုသွားရင် ကျွန်မပါလိုက်သွားနေကျ။ ဒီနေ့ကျမှ ကျွန်မကိုခေါ်မသွားတာ”

“ဪ…ဟုတ်ကဲ့….။ အကြောင်းရှိလို့နေမှာပေါ့ဗျာ”

“ဟုတ်မှာပေါ့။ ကျွန်မပြန်မယ်နော်။ ခဏနေရင် ညစာထမင်းလာယူလိုက်ဦး”

“ဟုတ်ကဲ့….လာယူပါ့မယ်”

ကလေးကိုခါးတစ်ခွင်ချီပြီး မခင်ခင်ဦးထွက်သွားသည့်နောက် အရက်ပုလင်းထဲမှအရက်ကို ခွက်ထဲသို့အနည်းငယ်ထည့်ပြီး မြည်းကြည့် လိုက်သည်။ ပျားရည်နံ့သင်းပျံ့ပျံ့နှင့် မီးတောက်အရက်လိုအဝင်မဆိုးသောကြောင့် အောင်သန်းဦး သဘောကျသွားလေသည်။

“တယ်ဟုတ်ပါလား။ နောက်နေ့ကျမှ ဦးလေးဘတုတ်ကို နည်းလေးမေးကြည့်ဦးမှ”

*****************

မခင်ခင်ဦးလာပို့ပေးသည့် ငါကြီးအူဆီပြန်ဟင်းနှင့် ပျားရည်စိမ်အရက်က လိုက်ဖက်လွန်းသဖြင့် ပုလင်းတစ်ဝက်ကျိုးလုနီးပါးဖြစ် နေ လေပြီ။

“ကိုအောင်သန်းဦး…..”

တဲရှေ့မှခေါ်သံကြားသဖြင့်နားစွင့်ကြည့်လိုက်သည့်အခါ မခင်ခင်ဦး၏အသံဖြစ်နေသဖြင့် မီးခွက်ကိုင်ပြီး တဲရှေ့သို့ထွကင်လာခဲ့သည်။

“မခင်ဦး……ဘာဖြစ်လို့လဲဗျ”

“ဘာမှမဖြစ်ပါဘူး။ ညစာထမင်းလာမယူသေးလို့ လာပေးတာ”

“ဟာ…ကျွန်တော် လာယူဖို့မေ့သွားတယ်ဗျာ။ ဦးလေးပြန်မလာသေးဘူးလား”

“ပြန်မလာသေးဘူး”

“ဟာဗျာ…ကလေးရောအိပ်သွားပြီလား”

“အိပ်သွားပြီ”

“ဘယ်အချိန်တောင်ရှိပြီလဲမသိဘူး”

“ညကိုးနာရီထိုးတော့မယ်”

“ဦးလေး ဘာဖြစ်နေလဲမသိဘူး”

“မပြောတတ်ပါဘူး။ ဒီအချိန်ဆိုရင်တော့ ပြန်မလာလောက်တော့ဘူး”

“မခင်ဦးနေရဲရဲ့လား”

“မနေရဲလည်း ဘာတတ်နိုင်မှာလဲ ကိုအောင်သန်းဦးရယ်။ မိုးလင်းတဲ့အထိ မအိပ်ဘဲထိုင်နေရုံပေါ့”

“ဟာဗျာ…..မဟုတ်သေးပါဘူး။ ဒီလိုလုပ်ဗျာ။ ကျွန်တော့်ဆီလာပြီး စကားပြောရင်း ဦးလေးကိုစောင့်ကြတာပေါ့”

“ဟုတ်ကဲ့။ ကျွန်မ ကလေးသွားခေါ်လိုက်ဦးမယ်”

“ကျွန်တော်ပါလိုက်ခဲ့မယ်”

“ရတယ်….နေ…..နေ။ ကျွန်မ ခဏနေလာခဲ့မယ်။ ရော့….ထမင်းချိုင့်ယူထားလိုက်”

မခင်ဦးထံမှ ထမင်းချိုင့်ယူလိုက်ပြီး တဲပေါ်သို့ပြန်တက်လာခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် အိပ်ပျော်နေသည့်ကလေးကိုချီပိုးပြီး မခင်ခင်ဦးပြန်ရောက်လာသည်။ အောင်သန်းဦးက ကလေးအိပ်ဖို့ အိပ်ရာအမြန်ခင်းပေးလိုက်သည်။

“ကျွန်မလုပ်တာနဲ့ ကိုအောင်သန်းဦးဇိမ်ပျက်သွားပြီ”

“ရပါတယ်ဗျ။ မခင်ဦးတစ်ယောက်တည်း ကြောက်နေမှာပေါ့”

“ကြောက်တာတော့ ကြောက်တာပေါ့”

“ဦးလေးက အရင်ကလည်း အခုလိုပဲ မခင်ဦးတို့ကို ထားပြီးညအိပ်ညနေသွားတာပဲလား”

“အလုပ်ကိစ္စနဲ့ညအိပ်ညနေသွားရင် ကျွန်မတို့သားအမိက ကင်းမှော်ရွာက ဒေါ်ကြင်မှီအိမ်မှာ နေခဲ့တယ်။ အခုက ညနေပြန်လာမယ် ဆိုလို့ စောင့်နေတာ”

“အရေးကြီးကိစ္စရှိလို့ ပြန်မလာနိုင်တာနဲ့တူပါတယ်။ ကျွန်တော်ရှိပါတယ်ဗျာ။ မကြောက်ပါနဲ့”

“ဟုတ်ကဲ့။ ကိုအောင်သန်းဦးလည်း ကျွန်မကိုအားမနာပါနဲ့။ သောက်စရာရှိတာသောက်ပါ”

“ကျွန်တော်တို့စကားပြောရင်း ဦးလေးကိုစောင့်ကြတာပေါ့ဗျာ”

“ကောင်းတယ်။ ကျွန်မလည်း စကားပြောဖော်ရတာပေါ့”

“ကျွန်တော်လည်း တစ်ယောက်တည်းပျင်းနေတာနဲ့အတော်ပဲ”

ထိုနေ့ညက မခင်ခင်ဦးနှင့် အောင်သန်းဦးတို့ စကားဖောင်ဖွဲဖြစ်ကြသည်။ မခင်ခင်ဦးတွင် မောင်နှမသုံးယောက်ရှိပြီး အထွေးဆုံး သမီး ဖြစ်ကြောင်း။ အစ်ကိုနှစ်ယောက်က တံငါလုပ်ကိုင်ကြပြီး အစ်ကိုအကြီးဆုံးနှင့် ဦးဘတုတ်တို့က ညီရင်းအစ်ကိုသဖွယ် ရင်းနှီးချစ်ခင်ကြကြောင်း။ အစ်ကိုအကြီးဆုံးက ဦးဘတုတ်နှင့်အတင်းပေးစားသဖြင့် မချစ်မနှစ်သက်ဘဲ လက်ခံခဲ့ရကြောင်းများကို မခင်ခင်ဦးကပြောဆိုခဲ့သလို အောင်သန်း ဦးကလည်း သူ့ဘဝအကြောင်းများကို အပြည့်အစုံပြောပြခဲ့လေသည်။

“မခင်ဦးကို ဦးလေးဘတုတ်ရိုက်နှက်နေတာမြင်ရင် စိတ်မကောင်းဘူးဗျာ”

“အရက်မူးလာရင် လူစိတ်ပျောက်တယ်။ အရက်မမူးရင်တော့ လူကောင်းပါ”

“မခင်ဦးရဲ့အစ်ကိုကြီးကို အဲဒီအကြောင်းမပြောပြဘူးလား”

“အစ်ကိုကြီးနဲ့ အစ်ကိုဦးဘတုတ်က ပုလင်းတူဘူးဆို့တွေလေ။ တိုင်တော့လည်း ဘာထူးမှာလဲ”

“ဦးလေးကလည်းဗျာ”

“အရက်သောက်တာကို ကျွန်မ မပြောပါဘူး။ ကိုအောင်သန်းဦးသောက်တာကျွန်မကြည့်နေတယ်။ ပုလင်းတစ်ဝက်ကျိုးတဲ့အထိ စကား မမှားသေးဘူး။ အစ်ကိုကတော့ လက်လေးလုံးလောက်ဝင်သွားတာနဲ့ သူ့အနားကို ကပ်လို့မရတော့ဘူး။ ရန်သူကိုကြည့်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ရန်ရှာတော့တာပဲ”

“သူ့မှာလည်း စိတ်ညစ်စရာတွေရှိလို့နေမှာပေါ့ဗျာ”

“အမလေး…..၊ ဘာစိတ်ညစ်စရာရှိလို့လဲ။ အုန်းတောကဝင်တဲ့ပိုက်ဆံကနည်းတာမှတ်လို့။ ငါးဖမ်းလှေကလည်း နှစ်စီးတောင်ရှိသေး တယ်”

“ဟား……မခင်ဦးတော့ သူဌေးဖြစ်တော့မယ်”

“ပေါက်ပေါက်ရှာရှာ….။ ကျွန်မကိုပေးတာကနည်းနည်း၊ သူ့မယားကြီးကိုထောက်ပံ့တာကများများ”

“ဗျာ…..။ ဦးလေးဘတုတ်မှာ မယားကြီးရှိသေးတယ်လား”

“ရှိတာပေါ့။ သူ့မယားကြီးက ဂွမြို့မှာ။ သမီးနှစ်ယောက်ရှိတယ်။ သမီးအကြီးကတင် ကျွန်မထက်နည်းနည်းပဲငယ်မယ်”

“ဟောဗျာ…..။ ဦးဘတုတ်မှာ မယားကြီးရှိတာ မခင်ဦးမသိဘူးလား”

“ဘယ်လိုလုပ်သိမှာလဲ။ ကလေးတစ်ယောက်ရမှ သိရတာ”

“ဟာဗျာ………။ မခင်ဦးရဲ့အစ်ကိုတွေကရော မသိကြဘူးလား”

“မသိဘူး။ သူတို့သိသွားရင် ဘာဆက်ဖြစ်ကြမယ်ဆိုတာ မသိဘူး။ ကလေးတစ်ယောက်ရနေမှတော့ ဘာမှပြောမနေတော့ဘူး။ ကိုယ့်ဘ ဝကံအကျိုးပေးလို့ပဲ မှတ်လိုက်တယ်”

“ဖြစ်ရမယ်ဗျာ…….”

တဲထဲသို့တိုးဝင်လာသည့် လေနှင့်အတူဘယ်ညာယိမ်းနေသည့် မီးစာကိုအသေအချာစိုက်ကြည့်နေသည့် မခင်ခင်ဦး၏မျက်နှာကို အောင် သန်းဦး ကြည့်လိုက်မိသည်။ မျက်လုံးမျက်ဖန်များက ရွှန်းစိုနေပြီး နှာတံကဖြောင့်စင်းနေသည်။ မထူမပါး နှုတ်ခမ်းသားများက ဆေးမဆိုးထားဘဲ ပန်းဆီရောင်သမ်းနေသည်။ ကလေးတစ်ယောက်အမေဆိုသော်လည်း ကျစ်ကျစ်လစ်လစ်နှင့် တောင့်တင်းသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ထားသည်။

“ရှေ့ရေးကိုတွေးပြီးရင်လေးနေမိတယ်”

အမှတ်မထင်ပြောလိုက်သည့် မခင်ခင်ဦးစကားကြောင့် အကြည့်ကိုလွှဲလိုက်ပြီး ရေမရောရသေးသည့်အရက်ခွက်ကို ကောက်မော့လိုက် သည်။

“ဘာဖြစ်လို့လဲ မခင်ဦး”

“အစ်ကိုက အသက်ငါးဆယ့်သုံးနှစ်ရှိပြီ။ ကလေးက အခုမှအခါလည်ကျော်ရုံရှိသေးတယ်။ ကလေးအသက် ဆယ့်ခြောက်နှစ်ဆိုရင် အစ်ကိုက ခြောက်ဆယ့်ကိုးနှစ်ဖြစ်နေပြီ။ သားအရွယ်မရောက်ခင် အဖေက ခါးကုန်းနေပြီ”

“မခင်ဦးက အဝေးကြီးကိုတွေးနေတာပဲ”

“မတွေးလို့မရဘူးလေ။ ကျွန်မတို့သားအမိအတွက် ပိုင်ဆိုင်မှုဆိုတာ မရေရာဘူး။ ဟောဒီအုန်းတောကို သူ့မယားကြီးကိုပေးလိုက်ရင် ကျွန်မတို့ခွေးလုံးလုံးဖြစ်ပြီ”

“ဦးလေးဘတုတ်က အဲဒီလောက်အထိ မိုက်မယ့်သူမဟုတ်နိုင်ပါဘူးမခင်ဦးရာ။ ကလေးက သူ့သွေးသားရင်းပဲဟာ။ ပစ်မထားလောက် ပါဘူး”

“မထင်ပါနဲ့ ကိုအောင်သန်းဦးရယ်။ မူးလာတိုင်း ကျွန်မကိုအပြစ်ရှာတယ်။ အကောင်းတစ်ခါမှအပြောမခံရဘူး။ သူ့မယားကြီး ဘယ် လောက်ကောင်းကြောင်းကိုပဲ ချီးမွန်းခန်းဖွင့်နေတာ။ ကြာတော့ သည်းမခံနိုင်တော့ဘူး”

“စိတ်ကို အလိုမလိုက်ပါနဲ့ဗျာ။ ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ။ မခင်ဦး အိပ်ချင်အိပ်နော်။ ကျွန်တော်လည်း ဒီတစ်ခွက်ပြီးရင် ထမင်း စားတော့မယ်”

“ထမင်းစားတော့မယ်ဆိုရင် ကျွန်မ ပြင်ပေးမယ်”

“ဟာ…နေပါစေ။ မလုပ်ပါနဲ့”

“ဘယ်လိုဖြစ်လို့ ခါးခါးသီးသီးငြင်းနေရတာလဲ”

“မခင်ဦးက ကျွန်တော့်အလုပ်ရှင်ပါဗျာ။ မလုပ်ပါနဲ့။ ကျွန်တော့်ဟာကျွန်တော် စားပါ့မယ်”

“ဘာမှမဆိုင်ဘူး။ ကျွန်မက အလုပ်ရှင်မဟုတ်ဘူး။ အစ်ကိုက အလုပ်ရှင်။ ကျွန်မက ထားရာနေ စေရာသွားရတဲ့ကျွန်သာသာမယားပါ”

“ဟာဗျာ………..”

ထိုနေ့ညက မခင်ခင်ဦးခူးခပ်ကျွေးသည့်ထမင်းပွဲကို အနည်းအကျဉ်းသာစားနိုင်သော်လည်း မခင်ခင်ဦးနှင့်အလွန်ခင်မင်ရင်းနှီးသွားခဲ့ကြ သည်။

“ကျွန်မ ခဏလှဲလိုက်ဦးမယ်။ အရုဏ်တက်လို့ ကျွန်မ မနိုးသေးရင် ကျွန်မကိုနှိုးနော်”

“ဟုတ်ကဲ့ မခင်ဦး။ စိတ်ချလက်ချသာအိပ်ပါ။ ကျွန်တော် တဲရှေ့မှာ မအိပ်ဘဲထိုင်စောင့်နေပါ့မယ်”

“ဟင်……မဟုတ်တာ။ လေဒီလောက်တိုက်နေတာ လေဖြန်းသွားလိမ့်မယ်”

“မဖြစ်ပါဘူး မခင်ဦးရာ။ စိတ်ချလက်ချသာအိပ်”

“တဲပြင်ကိုမထွက်နဲ့။ အထဲမှာပဲနေ”

“ဦးလေးဘတုတ်ရောက်လာလို့ တဲထဲမှာ ကျွန်တော်တို့ကိုမြင်သွားရင် တစ်မျိုးထင်သွားလိမ့်မယ်”

“အခုအချိန်ပြန်မလာတော့ဘူး။ မနက်မိုးလင်းမှပြန်လာလိမ့်မယ်။ တဲပေါ်မှာပဲနေနော်”

“ဟုတ်ကဲ့ မခင်ဦး”

မခင်ဦးက တဲပေါ်မှမသွားရန်ပြောသော်လည်း မသင့်တော်သဖြင့် တဲရှေ့လေကွယ်ရာ၌ အုန်းလက်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း ညတာ ကိုဖြတ်သန်းခဲ့လေသည်။

*****************

မနက်ဆယ်နာရီလောက်တွင် ဦးဘတုတ်ပြန်ရောက်လာခဲ့သည်။

“တစ်ညလုံးစိတ်ပူနေတာ ဦးလေးရာ”

“အေး….ငါလည်းညနေပြန်မလို့ပဲကွ။ နာရေးကိစ္စချက်ချင်းပေါ်လာလို့ ပြန်မလာဖြစ်တာ”

“ဘယ်သူဆုံးသွားလို့လဲ အစ်ကို”

“ကိုချစ်ကိုရဲ့ ယောက္ခမ ဦးတင်ဆုံးသွားလို့”

“ဟင်…..အစ်ကိုကြီးရဲ့ယောက္ခမဆုံးသွားပြီလား”

“ဟုတ်တယ်။ ငါရောက်တဲ့အချိန်မှာ သွေးအန်နေပြီ။ နေ့လယ်သုံးနာရီလောက်ဆုံးသွားတယ်”

“ဖြစ်မှဖြစ်ရလေ…….”

“ဒီနေ့ပြန်သွားရမယ်”

“ခင်ဦးပါလိုက်ခဲ့မယ်လေ”

“မလိုက်ခဲ့နဲ့ခင်ဦး။ အသုဘကိစ္တွေနဲ့အလုပ်ရှုပ်နေကြတာ။ မကြင်မှီဆီမှာပဲနေခဲ့”

“မလိုက်ခဲ့နဲ့ဆိုလည်း မလိုက်ပါဘူး။ ဒေါ်ကြင်မှီဆီသွားနေစရာမလိုတော့ဘူး အစ်ကို။ ကိုအောင်သန်းဦးက ကျွန်မတို့သားအမိကို စောင့် ရှောက်ပေးတယ်”

မခင်ခင်ဦး၏စကားကြောင့် အောင်သန်းဦးအနေခက်သွားသော်လည်း ဦးဘတုတ်က အောင်သန်းဦး၏ပခုံးကိုဖက်ကာ ကျေးဇူးတင် ကြောင်းပြောသည့်အခါမှ အောင်သန်းဦးနေသာထိုင်သာရှိသွားခဲ့သည်။

“ကျေးဇူးပဲ အောင်သန်းဦးရာ။ မင်းရှိနေတော့ ငါလည်းစိတ်အေးရတာပေါ့။ မင်းအစ်မနဲ့မင်းတူကို စောင့်ရှောက်ပေးပါကွာ”

“စိတ်ချပါ ဦးလေး”

“အရက်သောက်ချင်ရင် စံရွှေဆီမှာသွားယူ"

“မနေ့က သွားယူပြီးပြီ။ ရင်ထဲကိုမီးစနဲ့ထိုးသလိုဖြစ်သွားလို့ မခင်ဦးက ဦးလေးသောက်တဲ့အရက်ကျွန်တော့်ကိုပေးတယ်”

“ဟေ…..စံရွှေတော့ကွာ။ မီးတောက်နဲ့မှားပေးပြီနဲ့တူတယ်။ ငါ့မှာ သုံးပုလင်းကျန်သေးတယ်။ ခင်ဦး…..သူ့ကို အရက်ပုလင်းတွေပေး လိုက်”

“ဟုတ်ကဲ့ အစ်ကို”

“ငါက ဝီစကီတွေ ရမ်တွေမကြိုက်ဘူးကွ။ ကိုစံရွှေချက်တဲ့ ချက်အရက်ကို ပျားရည်နဲ့စိမ်ပြီးသောက်တာပိုကြိုက်တယ်”

“ဟုတ်ကဲ့ဦးလေး”

ဦးဘတုတ်က သူ့အရက်ယူသောက်ခြင်းအတွက် အပြစ်မတင်သည့်အပြင် လျက်ကျန်အရက်များကိုပါ စေတနာထက်သန်စွာပေးကမ်း နေသဖြင့် အောင်သန်းဦးစိတ်သက်သာရာရခဲ့လေသည်။

“ထမင်းစားပြီးမှသွားမှာလား အစ်ကို”

“မစားတော့ဘူး ခင်ဦး။ ငါ့ကိုစောင့်နေကြတယ်။ သပိတ်သွပ်ဖို့နဲ့ မြေကျဖို့အထိ လုပ်ပေးရဦးမယ်”

“ဟင်…..ဒါဆို အစ်ကိုအသုဘကိစ္စပြီးမှ ပြန်လာမှာလား”

“အေး…..ဟုတ်တယ်။ မြေချပြီးပြီးချင်းပြန်လာမယ်။ ရက်လည်တဲ့အထိမစောင့်တော့ဘူး။ ဦးတင်က ငါ့အလုပ်ကိစ္စတွေအတွက် အများ ကြီး အကူအညီပေးခဲ့လို့ ငါကလည်းသူမြေကျတဲ့အထိအကုန်လုပ်ပေးတာ”

“ခင်ဦးနားလည်ပါတယ် အစ်ကို”

“အောင်သန်းဦးလည်းရှိတယ်ဆိုတော့ ငါစိတ်ချတယ်”

“စိတ်ချပါ ဦးလေး။ မခင်ဦးနဲ့ကလေးကို ဂရုစိုက်လိုက်ပါ့မယ်”

“အေး…အေး…။ သိမ်းလို့ရတဲ့အုန်းဆံတွေကို ဂုံနီအိတ်နဲ့ထုပ်ထားနော် အောင်သန်းဦး”

“ဟုတ်ကဲ့ဦးလေး။ စိတ်ချပါ”

“စိတ်ချပါတယ်ကွာ။ မင်းရဲ့လုပ်ရည်ကိုင်ရည်ကို ငါသဘောကျပါတယ်”

“ကျေးဇူးတင်ပါတယ် ဦးလေး”

“ခင်ဦးရေ…..အဝတ်အစားသုံးလေးစုံလောက်ပဲထည့်ပေးလိုက်”

“ဟုတ်ကဲ့ အစ်ကို”

*********************

ဘော်ငွေရောင်ဆမ်းထားသည့် ပင်လယ်ကြီးက လှိုင်းခေါင်းဖြူများကိုသယ်ဆောင်လာပြီး သောင်ပြင်ပေါ်သို့ပို့ဆောင်ပေးနေသည်။ အုန်း ပင်များကလည်း လရောင်အောက်၌ ယိမ်းကနေကြသည်။ အောင်သန်းဦးတစ်ယောက် တဲရှေ့တွင် အုန်းလက်ကုလားထိုင်ဖြင့်ထိုင်ကာ အရက် သောက်ရင်း သဘဝအလှတရားကို အရသာခံကာနစ်မြောနေသည်။

“ကိုအောင်သန်းဦး…..”

“ဟော….မခင်ဦး”

“ကျွန်မရောက်နေတာကြာပြီ။ ညနေစာတောင် တဲပေါ်တင်ထားလိုက်ပြီ။ ဘာတွေစိတ်ကူးယဉ်နေတာလဲ”

“စိတ်ကူးမယဉ်ပါဘူးဗျာ။ ပင်လယ်ကြီးကိုကြည့်နေတာပါ”

“ကျွန်မကတော့ ပင်လယ်ကိုနေ့တိုင်းမြင်နေရလို့လားမသိဘူး။ ကြည့်လည်းမကြည့်ချင်တော့ဘူး”

“နေ့တိုင်းမြင်နေရလို့ ရိုးအီသွားတာနေမှာပါ”

“ဟုတ်မှာပေါ့။ ငါးကွန်းရှပ်ခြောက်ချက်လာတယ်။ ငရုတ်သီးချက်နဲ့သခွားသီးတို့စရာလည်းပါတယ်”

“ကျွန်တော့်အတွက် ထွေထွေထူးထူးမလုပ်ပါနဲ့ မခင်ဦးရယ်။ ငါးပိချက်နဲ့တို့စရာလောက်ဆိုဖြစ်ပါတယ်”

“ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မတို့စားသလို စားရမှာပေါ့”

“မခင်ဦးရော စားပြီးပြီလား”

“ကလေးကိုထမင်းကျွေးပြီး ညနေစာတစ်ခါတည်းစားလိုက်တယ်”

“မခင်ဦးတို့ အိမ်ပြန်အိပ်ကြမှာမဟုတ်လား”

“မအိပ်ရဲလို့ ဒီမှာလာအိပ်တာ”

“ဪ…ဟုတ်ကဲ့။ ညမှောင်နေပြီ။ ကလေးကငယ်သေးတော့ မကောင်းဘူး”

“ရပါတယ်…..။ ကျွန်မလည်း စကားပြောစရာဆိုလို့ ကိုအောင်သန်းဦးပဲရှိတော့ တဲပေါ်မတက်သေးဘူး”

“ဒါဆိုလည်း ပြောကြတာပေါ့ဗျာ။ ဘယ်အကြောင်းက စပြောကြမလဲ”

“အင်း….ကိုအောင်သန်းဦးရဲ့အကြောင်းကိုသိပြီးပြီဆိုတော့ ကိုအောင်သန်းဦးရဲ့ချစ်သူအကြောင်းပြေြာပ”

“ဟာဗျာ…ပေါက်ကရ။ ကျွန်တော့်မှာယဘ်ကချစ်သူရှိရမှာလဲ။ အလုပ်မရှိအကိုင်မရှိတဲ့ ကျွန်တော့်ကို ဘယ်မိန်းမကကြိုက်မှာလဲဗျာ”

“ခစ်…ခစ်…..”

“မခင်ဦးရဲ့ရည်းစားအကြောင်းပြောပြ”

“အမယ်…….. ကျွန်မက ပိုဆိုးသေး။ ရည်းစားထားဖို့နေနေသာ အိမ်ထဲကအိမ်ပြင်တောင်ထွက်ခွင့်ရတာမဟုတ်ဘူး”

“ဟုတ်လား။ ဒါဆို ဦးလေးဘတုတ်နဲ့ညားခဲ့တဲ့အကြောင်းပြောဗျာ”

“အစ်ကိုနဲ့ညားခဲ့တာလည်း အထူးအဆန်းတော့မဟုတ်ပါဘူး။ အစ်ကိုက အိမ်ကိုတစ်ပတ်တစ်ခါလောက်လာတယ်။ အစ်ကိုကြီးနဲ့ အရက် အတူသောက်တယ်။ အိမ်လာရင် အိမ်မှာပဲညအိပ်တယ်”

“ဦးလေးဘတုတ်က မခင်ဦးကိုရည်းစားစကားမပြောဘူးလား”

“ဟီး……..သူ့ဆီက ချစ်တယ်ဆိုတဲ့စကားကို အခုထိမကြားဖူးသေးဘူး”

“ဟင်…….”

“ရည်းစားစကားမပြောဘဲ ဘယ်လိုလုပ်ပြီးညားသွားကြတာလဲဗျာ”

“ကျွန်မက သူ့ကိုချစ်မှမချစ်တာ။ အသက်ကလည်း အရမ်းကွာတယ်။ ကျွန်မအဖေနဲ့ဆို ဆယ်နှစ်လောက်ပဲငယ်တယ်။ အစ်ကိုဦးဘ တုတ်က အစ်ကိုကြီးလိုအပ်တဲ့ငါးဖမ်းပိုက်တွေဝယ်ပေးတယ်။ လုပ်ငန်းအကျိုးတူလူပ်ကြတယ်။ အစ်ကိုကြီးက ဦးဘတုတ်ပိုက်ဆံရှိမှန်းသိလို့ ကျွန်မကို ထိုးထည့်လိုက်တာ”

“ဟောဗျာ….။ မခင်ဦးက မငြင်းဘူးလား”

“ငြင်းလို့ရမလား ကိုအောင်သန်းဦးရယ်။ မိဘတွေမရှိတဲ့နောက်မှာ အစ်ကိုကြီးက အဖအရာလေ”

“အင်းပေါ့ဗျာ….။ မချစ်ပဲလည်းညားကြသလို ချစ်တိုင်းလည်းမညားကြတဲ့သူတွေရှိပါတယ်”

“အစ်ကိုဦးဘတုတ်က တစ်ကိုယ်ကောင်းအရမ်းဆန်တယ်။ သူ့အတွက်ကလွဲပြီး ကျန်တာဘာမှမသိဘူး။ အစ်ကိုကြီးလည်း အတူတူပဲ။ သူ့လုပ်ငန်းအတွက် အစ်ကိုဦးဘတုတ်က အကူအညီပေးနေတော့ ညီမကိုထိုးထည့်ပေးလိုက်တယ်။ ဒါကြောင့် သူတို့ချင်း စိတ်တူကိုယ်တူ ပေါင်း မိနေကြတာ”

“ကျွန်တော်မြင်တာတော့ ဦးလေးဘတုတ်က မူးတဲ့အချိန်အပြောဆိုးပေမယ့် စိတ်ရင်းကောင်းပါတယ်”

“စောင့်ကြည့်ပါဦး ကိုအောင်သန်းဦးရယ်။ ရောက်တာဖြင့် တစ်လကျော်ပဲရှိပါသေးတယ်”

မခင်ခင်ဦးနှင့် အောင်သန်းဦးတို့ ရောက်တတ်ရာရာစကားများပြောဆိုနေကြသည်မှာ အချိန်အတော်လင့်သွားခဲ့သည်။

“ကလေးအိပ်ချင်နေပြီနဲ့တူတယ် မခင်ဦး”

“ဟုတ်တယ်။ ကလေးသွားသိပ်လိုက်ဦးမယ်”

“ဟုတ်ကဲ့……”

ကလေးချီပြီး တဲပေါ်တက်သွားသည့် မခင်ခင်ဦး၏နောက်ပိုင်းအလှကို အောင်သန်းဦး ခိုးကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ အသက် အရွယ်ကွာခြားပြီး မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းနေရသည့် မခင်ခင်ဦးကို စာနာသနားမိသည်။ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်က ပြောစရာ မလိုအောင် ပြေပြစ်သည့်မခင်ခင်ဦးအနေဖြင့် သက်တူရွယ်တူယောက်ျားတစ်ယောက်ကို ခေါင်းခေါက်ရွေးခြယ်နိုင်သည်။ ရင်းနှီးခင်မင်မှုကြောင့် မခင်ခင်ဦးက အိမ်ထောင်သာယာမှုမရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့သည်။ အိမ်ထောင်သည်ဖြစ်သည့်အပြင် ပွင့်ပွင့်လင်းလင်းပြောတတ် သည့် မခင်ခင်ဦး၏စကားများက အောင်သန်းဦး၏ရင်ကို လှုပ်ခါသွားစေခဲ့သည်။ လှိုင်းထန်သွားသည့်ရင်ကို တည်ငြိမ်သွားစေရန် အရက်ကိုရေ မရောဘဲ မော့ချလိုက်လေတော့သည်။

“ကိုအောင်သန်းဦး…”

“ဗျာ…..”

“မိုးချုပ်နေပြီ။ တဲပေါ်တက်တော့လေ”

“ဟုတ်ကဲ့……”

အောင်သန်းဦးက အရက်ပုလင်း၊ အမြည်းပန်းကန်နှင့်ဖန်ခွက်များကိုယူကာ တဲပေါ်သို့တက်သွားလေသည်။ တဲပေါ်သို့ရောက်သည့်အခါ အိပ်ရာနှစ်ခုကို ယှဉ်လျက်ခင်းထားသည်ကို မြင်တွေ့လိုက်ရသည်။

“အိပ်ရာနှစ်ခုခင်းထားတာလား မခင်ဦး”

“အင်းလေ….။ ဟိုအိပ်ရာက ကျွန်မနဲ့ကလေးအိပ်ဖို့။ ဒီဘက်က ကိုအောင်သန်းဦးအိပ်ဖို့လေ”

“ကျွန်တော့်အတွက် မလိုပါဘူးဗျာ”

“မဟုတ်တာ…..”

“အိပ်ရာနဲ့စောင်တွေ ဘယ်အချိန်က သွားယူလိုက်တာလဲ မခင်ဦး”

“ကျွန်မအိပ်ရာနဲ့စောင်တွေ ခေါက်တုန့်ခေါက်ပြန်သယ်နေတာတောင် သတိမထားမိဘူးမဟုတ်လား”

“ဟုတ်တယ်။ ကျွန်တော် သတိမထားလိုက်မိဘူး”

“ဘာတွေစိတ်ကူးယဉ်နေသလဲမှမသိတာ…..ဟွန်း…..”

“ပင်လယ်ကြီးကိုကြည့်နေတာပါဗျာ”

“ထားပါတော့။ ထမင်းစားတော့မလား”

“မစားသေးဘူးဗျာ။ ကျွန်တော် ဆက်သောက်ချင်သေးတယ်”

“နည်းနည်းသောက်ရင်တော်ရောပေါ့။ မူးတာကိုကြိုက်လို့လား”

“အဲဒီလိုလည်းမဟုတ်ပါဘူး”

“ကိုအောင်သန်းဦးသဘောပါ”

“ဒီတစ်ခွက်သောက်ပြီးရင် တော်ပြီ။ ကျွန်တော် တဲပေါ်မှာမအိပ်ဘူး မခင်ဦး”

“ဟင်…တဲပေါ်မှာမအိပ်ရင် ဘယ်မှာသွားအိပ်မှာလဲ”

“တဲရှေ့မှာ ထိုင်ခုံနဲ့ပဲအိပ်တော့မယ်”

“မရပါဘူး။ တဲပေါ်မှာပဲအိပ်ရမယ်”

“မသင့်တော်လို့ပါ”

“မသင့်တော်တာထက် လေဖြန်းသွားမယ်။ ကျွန်မစကားကိုနားထောင်ပါ”

“ဟုတ်ကဲ့……”

“အဟဲ…..ငါ့စကားကိုနားထောင်မယ့်သူလည်းရှိသေးသားပဲ”

“ဗျာ…..”

“ဘာမှမဟုတ်ဘူး။ သောက်မယ်ဆိုလည်းသောက်။ ကျွန်မလည်း မအိပ်ချင်သေးဘူး။ ထိုင်စောင့်ပေးမယ်”

“ကျွန်တော် မသောက်တော့ဘူး”

“ဟင်…..ကျွန်မကြောင့်လား”

“မခင်ဦးက ထိုင်စောင့်နေမယ်ဆိုလို့ ဆက်မသောက်တာပါ”

“ဒါဆိုလည်း ထိုင်မစောင့်တော့ပါဘူး။ ကလေးဘေးမှာလှဲရင်း စောင့်နေမယ်နော်”

“မခင်ဦးအိပ်ပါ”

“ကျွန်မအိပ်ပျော်သွားရင် ကိုအောင်သန်းဦးက တဲရှေ့မှာဆင်းအိပ်မှာလေ။ မအိပ်ဘူး”

“ဟား…ဟား…”

“ဘာရယျတာလဲ…”

“သဘောကျလို့ပါ……။ ကျွန်တော့်ကို ဂရုစိုက်မယ့်သူရှိသေးသားပဲ”

“လေဖြန်းမှာစိုးလို့။ ငယ်ငယ်ရွယ်ရွယ်နဲ့လေဖြန်းရင် မိန်းမမရဘဲနေဦးမယ်”

“ဒီတစ်သက် မိန်းမရဖို့မရှိတော့ပါဘူးဗျာ”

“ဘာလို့…..။ ကိုအောင်သန်းဦးက ကြည့်ကောင်းပါတယ်။ မိန်းမချောချောရနိုင်ပါသေးတယ်နော်”

“အဟား…။ တယ်ဟုတ်တဲ့ငါပါလား…..”

“သောက်စရာရှိတာသောက်တော့၊ မိုးချုပ်နေပြီ”

“ဟုတ်ကဲ့ မခင်ဦး။ မခင်ဦးလည်း အိပ်တော့နော် “

“တဲရှေ့မှာမအိပ်ဘူးလို့ ကတိပေးမလား”

“ပေးပါတယ်ဗျာ”

“ဒါဆိုပြီးရော……။ ထမင်းမစားတော့ဘူးလား”

“အမြည်းတွေစားထားတာ များနေပြီဗျ”

“တော်ပြီ….။ နောက်နေ့ကစပြီး ထမင်းပိုမချက်တော့ဘူး။ အမြည်းပဲလာပို့တော့မယ်”

“ဗျာ…..”

“မဗျာနဲ့…….ဟွန်း……”

*******************

အတွေးများကိုဖြတ်တောက်ပြီး ခွက်ထဲမှလက်ကျန်အရက်ကို မော့ချလိုက်သည်။ အရက်ပုလင်းကိုကြည့်လိုက်သည့်အခါ ထက်ဝက် ကျော်နေလေပြီ။ စားသောက်ထားသည့် ခွက်များကိုသိမ်းဆည်းရန်အတွက် ထိုင်ရာမှထရန်ပြင်လိုက်သည့်အခါမှ အတော်မူးနေကြောင်း သတိ ထားလိုက်မိသည်။ မခင်ခင်ဦးတို့သားအမိကို လှည့်ကြည့်လိုက်သည့်အခါ သားအမိနှစ်ယောက်စလုံး အိပ်မောကျနေလေပြီ။ စားသောက်ထား သည့်ပန်းကန်ခွက်ယောက်များကို မသိမ်းဆည်းတော့ဘဲ တဲရှေ့သို့သွားရန် မီးခွက်ကိုယူလိုက်စဉ် လူးလွန့်သွားသည့် မခင်ခင်ဦးကြောင့် လက်ကို အသာပြန်ရုတ်ပြီး မခင်ခင်ဦးကို ကြည့်လိုက်မိသည်။ ပက်လက်အိပ်ပျော်နေသည့် မခင်ခင်ဦးကို အသေအချာစိုက်ကြည့်နေသည့် အောင်သန်းဦး ၏မျက်လုံးများက ကာမရမက်ကြောင့် တဖြည်းဖြည်း အရောင်တောက်လာကြသည်။ စိတ်ကိုချုပ်တည်းထားသော်လည်း မျက်လုံးများက မခင် ခင်ဦးထံမှ လွှဲမရဖြစ်နေသည်။

“ဝှုး……..”

မီးခွက်ကို လေဖြင့်မှုတ်၍ ငြိမ်းသတ်လိုက်ပြီး မခင်ခင်ဦးရှိရာသို့ လေးဘက်ထောက်ကာ တဖြည်းဖြည်းချဉ်းကပ်သွားလေသည်။ ထို့ နောက် မခင်ခင်ဦး၏နံဘေးတွင် အသာလှဲချလိုက်ပြီး မခင်ခင်ဦး၏ခန္တာကိုယ်အား မရဲတရဲဖက်ထားလိုက်သည်။

“အင်း……….”

ပက်လက်အိပ်ပျော်နေသည့် မခင်ခင်ဦးက လူးလွန့်လာပြီး အောင်သန်းဦးဘက်သို့ လှည့်လာသဖြင့် အောင်သန်းဦး ထိတ်လန့်သွားပြီး ဖက်ထားသည့်လက်ကို အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်သည်။ ပြဿနာတက်ပြီဟုထင်မှတ်ထားသော်လည်း မခင်မခင်ဦးက အောင်သန်းဦးကို လှမ်းဖက်လိုက်သဖြင့် အောင်သန်းဦးလည်း စိတ်မထိန်းနိုင်တော့ဘဲ ပြန်ဖက်လိုက်တော့သည်။

ပူမှန်းသိပါလျက်နှင့် မီးထဲသို့တိုးဝင်ကြသည့် ပိုးဖလံများသည် အသိတရားမရှိ၍မဟုတ်ပေ။ မီးအလင်းရောင်ကိုနှစ်သက်ကြသဖြင့် အပူ ကိုမကြောက်ကြဘဲ မီးထဲသို့တိုးဝင်ကြခြင်းသာဖြစ်ပေသည်။

****************

“ခင်ဦး……..”

“ရှင့်……။ ဘာပြောမလို့လဲ….ပြောလေ”

“မောင့်ကိုကြည့်ဦးလေ”

“မကြည့်ရဲဘူး….။ ဘာပြောမလို့လဲ….”

“အရမ်းချစ်တယ်လို့ပြောမလို့”

“ကလေးမနိုးခင် ခင်ဦး အိမ်ပြန်ပြီးမနက်စာအတွက် ထမင်းကြော်လိုက်ဦးမယ်”

“မောင့်ကိုချစ်လားလို့….”

“မသိဘူးကွာ…..။ ဘာတွေမေးနေမှန်းမသိဘူး”

“ပြောပါခင်ဦးရာ.....။ မောင်ကြားချင်လို့ပါ”

“ချစ်လို့ပဲ သူဆိုးသမျှခွင့်ပြုခဲ့တာလေ…။ ဘာပြောစရာလိုသေးလို့လဲ”

“တကယ်ချစ်တာပေါ့နော်….”

“အင်း…။ ခင်ဦး အိမ်ခဏပြန်လိုက်ဦးမယ်။ ကလေးကြည့်ထားလိုက်နော် “

“စိတ်ချ…..မောင့်သားကိုကြည့်ထားလိုက်မယ်”

“အမယ်….သူ့သားလည်း မဟုတ်ဘဲနဲ့……။ ခစ်…ခစ်”

တဲပေါ်မှပြေးဆင်းသွားသည့် မခင်ခင်ဦး၏နောက်ပိုင်းအလှကိုငေးကြည့်ရင်း ညကဖြစ်ပျက်ခဲ့သမျှကို စားမြုံ့ပြန်နေလေတော့သည်။

*****************

“အောင်သန်းဦး….၊ ကျောက်ဆောင်ကိုသတိထားနင်းကွ။ ခြေချော်ကျမယ်”

“ဟုတ်ကဲ့ဦးလေး”

ခက်ယင်းခွမှိန်းကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း နတ်သမီးကျောက်ဆောင်ပေါ်သို့ ကျွမ်းကျွမ်းကျင်ကျင်တက်သွားသည့် ဦးဘတုတ်က ကျောက်ဆောင်ပေါ်သို့မရဲတရဲဖြင့်တက်နေသည့် အောင်သန်းဦးကိုလှမ်းအော်ပြောလိုက်သည်။

“ဒီကျောက်ဆောင်အောက်မှာ လိုဏ်ဂူရှိတယ်ကွ”

“ဟုတ်လားဦးလေး။ လိုဏ်ဂူထဲကိုဝင်ဖူးလား”

“လိုဏ်ဂူထဲကိုတော့မဝင်ဖူးဘူးကွ။ အထဲမှာမှောင်မည်းနေတယ်။ အဝင်ပေါက်ကတော့ လူတစ်ကိုယ်စာလောက်ပဲရှိတယ်။ ရေအနက် ဆယ့်ငါးပေလောက်မှာရှိတာဆိုတော့ အသက်ရှုမဝလို့ပြန်ထွက်ချင်ရင် ခက်မှာစိုးလို့မဝင်ဖြစ်ဘူး"

“အထဲမှာ ဘာကောင်တွေရှိသလဲဦးလေး”

“အဆိပ်ပြင်းတဲ့ ရေနတ်သမီးတွေတော့အများကြီးပဲ။ ဒါကြောင့်လည်း နတ်သမီးကျောက်ဆောင်လို့ခေါ်တယ်ထင်တယ်”

“ကျွန်တော်သွားကြည့်ချင်တယ်”

“မင်းက ရေငုပ်တတ်လို့လား”

“ကျွမ်းကျွမ်းကျင်ကျင်ငုပ်တတ်ပါတယ်”

“တယ်ဟုတ်ပါလားကွ။ ငုပ်ချင်ရင် ရေကျတဲ့အချိန်မှငုပ်။ ရေတက်တဲ့အချိန်ဆို ပိုနက်တယ်ကွ”


“ဟုတ်ကဲ့ဦးလေး
 

ထိုနေ့က နတ်သမီးကျောက်ဆောင်အောက်မှ လိုဏ်ဂူဝသို့ရောက်သော်လည်း အထဲသို့မဝင်ရဲသဖြင့် ရေပေါ်သို့ပြန်တက်လာခဲ့သည်။ လိုဏ်ဂူဝသည် လူတစ်ကိုယ်စာဝင်သာရုံရှိသဖြင့် အရေးအကြောင်းဆိုပါက ထွက်ဖို့ခက်ခဲနိုင်သည်။

အုန်းတောသို့ပြန်ရောက်သည့်အခါ ဖမ်းဆီးရမိလာသည့် ပုစွန်များနှင့်ငါးများကို မခင်ခင်ဦးအားချက်ပြုတ်ခိုင်းပြီး ဦးဘတုတ်က သူနှင့် အတူအရက်သောက်ရန်ခေါ်သော်လည်း ဦးဘတုတ်က ရေချိန်ကိုက်လာလျှင် သတိလက်လွတ်ပြောဆိုတတ်သောကြောင့် အတူမသောက်တော့ ဘဲ တဲသို့ပြန်သွားလေသည်။

အောင်သန်းဦးထင်မှတ်ထားသည့်အတိုင်း ညမိုးချုပ်သည်နှင့် ဦးဘတုတ်၏အော်ဟစ်ဆဲဆိုနေသံကိုကြားရလေသည်။ ထိုသို့ဆဲဆိုသံနှင့် မခင်ခင်ဦးကိုရိုက်နှက်သံတို့ကို မကြာခဏကြားနေကျဖြစ်သော်လည်း ယခုအခါ မခင်ခင်ဦးနှင့်ပတ်သက်ခဲ့မိသဖြင့် မခင်ခင်ဦးအတွက်မခံမရပ်နိုင် ဖြစ်နေမိသည်။ သို့သော်လည်း မိမိနှင့်မသက်ဆိုင်ဟုသဘောထားကာ အရက်ကိုမူးအောင်သောက်၍ အိပ်လိုက်လေတော့သည်။

********************

“ငါ ခရီးသွားစရာရှိတယ် အောင်သန်းဦး။ လေးငါးရက်လောက်ကြာမယ်”

“ဟုတ်ကဲ့ဦးလေး”

“အုန်းဆံပို့ရင်း သွားစရာရှိလို့"

“ဟုတ်ကဲ့….”

“အုန်းဆံပို့တဲ့စက်လှေနဲ့လိုက်သွားမယ်။ ခင်ဦးနဲ့ကလေးကို စိတ်ချမယ်”

“စိတ်ချပါဦးလေး”

“ဪ…ဒါနဲ့…မင်းရောပုသိမ်ကိုပြန်ချင်သေးလား”

“လောလောဆယ်တော့ မပြန်ချင်သေးပါဘူး ဦးလေးရာ။ ပုသိမ်ပြန်ရင်လည်း ဘာမှမထူးတာ”

“မင်းသဘောပဲ။ ငါမရှိရင် နတ်သမီးကျောက်ဆောင်ကိုမသွားနဲ့နော်”

“မသွားပါဘူးဦးလေး”

“အေး…..အေး…။ မင်းဘာတွေလိုအပ်သေးလဲ။ လိုအပ်တာရှိရင် ငါ့ကိုမှာလိုက်”

“ကျွန်တော့်အတွက်ဘာမှမလိုပါဘူးဦးလေး။ ဦးလေးသာ အလုပ်တွေအဆင်ပြေအောင်လုပ်ပါ”

“အေး….။ ခဏနေရင် အလုပ်သမားတွေ အုန်းဆံလာယူလိမ့်မယ်။ မင်းပဲစီစဉ်ပေးလိုက်ကွာ”

“စိတ်ချပါ ဦးလေး”

********************

ဦးဘတုတ် ခရီးထွက်သွားသည့်နေ့သည် မခင်ခင်ဦးနှင့် အောင်သန်းဦးတို့အတွက် အပျော်ဆုံးနေ့ဖြစ်ခဲ့လေသည်။ မခင်ခင်ဦးက အောင် သန်းဦး၏တဲသို့မလာတော့ဘဲ အောင်သန်းဦးက ဦးဘတုတ်၏အိမ်တွင်နေထိုင်ပြီး မခင်ခင်ဦးနှင့်ချစ်ရည်လူးကြလေသည်။

“မောင် တဲကိုပြန်နေရင်ကောင်းမယ်ထင်တယ် ခင်ဦး”

“ဘာဖြစ်လို့လဲ မောင်”

“ဦးလေးက လေးငါးရက်ပြောပေမယ့် သုံးလေးရက်နဲ့ပြန်ရောက်လာလို့တွေ့သွားရင် မိုးမီးလောက်ကုန်လိမ့်မယ်”

“အဲဒီအတွက် စိတ်ပူမနေနဲ့။ ဆယ်ရက်လောက်ကြာချင်ကြာဦးမှာ”

“ဟင်…..ဘာဖြစ်လို့လဲ။ မောင့်ကိုပြောတော့ လေးငါးရက်လောက်ပဲကြာမယ်လို့ပြောသွားတယ်”

“သူ့သမီး မင်္ဂလာဆောင်မှာလေ။ မင်္ဂလာဆောင်ကိစ္စအတွက်သွားရင်း အုန်းဆံပါတစ်ခါတည်းပို့တာပေါ့။ အဲဒီပိုက်ဆံကတော့ သူ့သမီး မင်္ဂလာဆောင်အတွက်ဖြစ်သွားမှာပဲ”

“ခင်ဦးကို အဲဒီအတိုင်းပြောသွားတာလာ”

“ဟုတ်တယ် မောင်”

“မောင်က စိုးရိမ်လို့ပါ”

“ကြောက်မနေနဲ့မောင်။ မောင်သာလက်ခံရင် ခင်ဦးမောင့်နောက်လိုက်ခဲ့မှာ။ သူနဲ့မနေချင်တော့ဘူး”

“ဟာ…အဲဒီလိုတော့မဖြစ်သေးဘူးလေ။ မောင့်မှာ အလုပ်အကိုင်မရှိဘူး။ နေဖို့ထိုင်ဖို့လည်းအဆင်မပြေဘူး”

“အဲဒါကြောင့်မို့ပေါ့ မောင်ရယ်။ သူမသွားခင်တစ်ရက်က ခင်ဦးကိုအကြောင်းမရှိအကြောင်းရှာပြီးရိုက်တယ်။ ခြေထောက်နဲ့ဆောင့် ကန်တယ်”

“တောက်….”

“ကျွန်တစ်ယောက်လိုသဘောထားပြီး ရိုက်နှက်နေတာကို မခံစားနိုင်တော့ဘူး။ သူနဲ့လွတ်အောင် ထွက်ပြေးချင်နေပြီ”

“မောင် ပိုက်ဆံစုမယ်ခင်ဦး။ အိမ်လေးတစ်အိမ်လောက်ဝယ်နိုင်ရင် မောင်တို့နှစ်ယောက်ပြေးကြတာပေါ့”

“မောင်ရတဲ့လုပ်အားခနဲ့ အိမ်ဝယ်ဖို့ဘယ်လိုဖြစ်နိုင်မှာလဲ မောင်ရယ်”

“မောင်လည်း မစဉ်းစားတတ်တော့ဘူးခင်ဦးရယ်”

“တစ်ခါတစ်လေ ဖြစ်ချင်ရာဖြစ်ဆိုပြီး သားအမိနှစ်ယောက်သတ်သေပစ်လိုက်ချင်တယ်”

“ဟာ...အဲဒိလိုမလုပ်နဲ့လေခင်ဦး”

“ခင်ဦးခံစားနေရတာ မောင်မသိပါဘူး”

“သိပါတယ် ခင်ဦးရယ်….”

“မောင့်ကို ခင်ဦးအရမ်းချစ်တယ်”

“မောင်လည်း ခင်ဦးကိုချစ်ပါတယ်”

“မောင်က ခင်ဦးကိုနားလည်ပေးနိုင်တယ်။ ကြင်နာတတ်တယ်။ ဦးဘတုတ်ကတော့ သူ့အလိုတစ်ခုကလွဲရင် ကြင်နာရကောင်းမှန်းမသိ ဘူး။ သူ့အလိုပြည့်ပြီးရင် လှည့်တောင်မကြည့်တော့ဘူး။ ခင်ဦးကို မယားလို့သတ်မှတ်ထားတာမဟုတ်ဘူး မောင်။ ခင်ဦးက သူလိုအပ်တဲ့အချိန် ဖြည့်ဆည်းပေးရတဲ့ ပြနည်တန်ဆာတစ်ယောက်လိုဖြစ်နေတယ်”

“စိတ်မကောင်းမဖြစ်ပါနဲ့ခင်ဦးရယ်။ မောင့်ရင်ခွင်ထဲလာ…..”

ရင်ခွင်ထဲသို့တိုးဝင်လာသည့် မခင်ခင်ဦး၏ကိုယ်လုံးလေးကိုတင်းကျပ်စွာဖက်လိုက်ပြီး အနမ်းမိုးများရွာချလိုက်လေတော့သည်။

********************

ရုတ်တရက် အိမ်ပေါ်သို့တက်လာသည့် ဦးဘတုတ်ကို အောင်သန်းဦးနှင့် မခင်ခင်ဦးတို့ သတိမထားလိုက်မိပေ။ အိမ်ရှေ့ခန်းတွင်ဖျာ ခင်းပြီး ကလေးနှင့်အတူအိပ်နေကြသည့် အောင်သန်းဦးနှင့် မခင်ခင်ဦးကို မြင်တွေ့လိုက်သည့်အခိုက် ဦးဘတုတ်၏ဒေါသတို့က ငယ်ထိပ်သို့ ရောက်သွားခဲ့လေပြီ။

“ခွေးမသား……ငါ့အိမ်ပေါ်တက်ပြီး ငါ့မယားကိုဖက်ထားတယ်ပေါ့လေ”

“ဟာ……..ဦး……ဦးလေး…..”

“အမလေး….အစ်…အစ်ကို….”

ဦးဘတုတ်က အဝတ်အစားအိတ်ကိုပစ်ချလိုက်ပြီး အထိတ်တလန့်ဖြစ်နေသည့် အောင်သန်းဦးကို ပြေးကန်လိုက်သည်။ အောင်သန်းဦး က ကိုယ်ကိုတစ်ပတ်လှိမ့်ရှောင်လိုက်ပြီး အိမ်အောက်သို့ဆင်းပြေးသွားသဖြင့် ဦးဘတုတ်က နောက်မှပြေးလိုက်သွားလေသည်။

“အစ်…အစ်ကို….”

“မသာမ…နင်နဲ့နောက်မှစာရင်းရှင်းမယ်။ နှစ်ယောက်စလုံးကို အရှင်မထားဘူးကွ”

အိမ်အောက်သို့ရောက်သည့်အခါ အောင်သန်းဦးကိုမတွေ့ရတော့ပေ။

“ခွေးမသားအောင်သန်းဦး……မအေ……@#....။ ပုန်းမနေနဲ့ဟေ့ကောင်။ သတ္တိရှိရင်ထွက်လာခဲ့။ ငါ @#@။ တွေ့ရင်တော့ အသေပဲ”

ဦးဘတုတ်က ထင်းပုံပေါ်မှ ထင်းခွဲသည့်ဓားမကိုကောက်ယူလိုက်ပြီး အောင်သန်းဦးကို ဆဲဆိုကာ ရှာထွေနေသည်”

“အစ်…အစ်ကို……မ…မလုပ်ပါနဲ့”

“ကောင်မ…..။ လင်ငယ်နေတဲ့ကောင်မ။ ထွီ……”

“ဖြောင်း…..”

“ဘုံး…….”

“အမလေး……”

ဦးဘတ်ုက မခင်ခင်ဦးကို လက်ပြန်ရိုက်ချလိုက်ပြီး ခြေထောက်နှင့်ဆောင့်ကန်လိုက်သဖြင့် မခင်ခင်ဦးတစ်ယောက် မြေကြီးပေါ်သို့ ဖင်ထိုင်လျက်ကျသွားလေသည်။ ထို့နောက် မခင်ခင်ဦးအား ဓားဖြင့်ခုတ်သတ်ရန် ထင်းခွဲသည့်ဓားမကို လွှဲလိုက်သည့်အချိန်တွင် အုန်းပင်နောက် ကွယ်၌ပုန်းနေသည့် အောင်သန်းဦးက ပြေးထွက်လာပြီး ထင်းချောင်းကိုအမြန်ကောက်ကာ ဦးဘတုတ်၏နောက်စေ့ကို အားကုန်ရိုက်ထည့်လိုက် လေတော့သည်။

“ဖောင်း……..”

လျင်မြန်လွန်းသဖြင့် ဦးဘတုတ်တစ်ယောက် မည်သို့မျှရှောင်တိမ်းချိန်မရလိုက်ဘဲ မြေကြီးပေါ်သို့ မှောက်လျက်သား လဲကျသွားလေ တော့သည်။

“ဘုံး………..”

မြေကြီးပေါ်သို့ မှောက်လျက်လဲကျသွားပြီးနောက် အသံမထွက်နိုင်ဘဲ အကြောဆွဲနေရာမှ ခဏအကြာတွင် ငြိမ်သက်သွားသည်။

“အစ်…အစ်ကို…….။ လုပ်…..လုပ်ကြပါဦး…..”

“ခင်…ခင်ဦး….။ မောင်…မောင်…..လက်…လက်လွန်သွားပြီ…”

“ဘယ်…ဘယ်လိုလုပ်ကြမလဲ…..။ လုပ်ကြပါဦး…..”

“အခုမှတော့ မတတ်နိုင်တော့ဘူး။ သူ့ကို မေ င်မလုပ်ရင် ခင်ဦးကို သတ်တော့မှာ”

အထိတ်တလန့်ဖြစ်နေသည့် မခင်ခင်ဦးကိုမကြောက်ရွံ့ရန်ပြောဆိုပြီး ထင်းပုံပေါ်တွင်ထိုင်ချလိုက်သည်။

“မောင်…….ဘယ်…ဘယ်လိုလုပ်ကြမလဲ”

“အခုကိစ္စကို ဘယ်သူမှမမြင်ဘူး။ ဦးလေးဘတုတ်ရဲ့အလောင်းကိုဖျောက်ပြီး မသိသလိုနေလိုက်ကြရင်ကောင်းမယ်ထင်တယ်”

“ဖြစ်ပါ့မလား ……”

“ဒီနည်းပဲရှိတော့တယ်။ ခင်ဦးနဲ့မောင်ပဲသိတာ”

“အစ်ကိုက စက်လှေနဲ့ပြန်လာတာဆိုတော့ အစ်ကိုပြန်လာတာကိုသိတဲ့သူတွေရှိမှာပေါ့”

“သိတာသိပေမယ့် ဦးလေးဘတုတ်ပြန်မရောက်လာဘူးဆိုတာ လုပ်ရမယ်လေ”

“ဟင်…ဘယ်လိုလုပ်ရမှာလဲ”

“ကင်းမှော်က စက်လှေနဲ့ ရွာထဲကိုသွားပြီး ဦးလေးဘတုတ်ပြန်ရောက်မလာသေးလို့ သတင်းစုံစမ်းတဲ့ပုံမျိုးလုပ်ရမှာပေါ့”

“ဒုက္ခပါပဲ မောင်ရယ်။ တစ်ယောက်ယောက်သိသွားရင် နှစ်ယောက်စလုံး ထောင်ကျလိမ့်မယ်”

“ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ ခင်ဦးရယ်။ ဦးလေးဘတုတ်က ခင်ဦးကိုဓားနဲ့ခုတ်တော့မှာလေ”

“ဟုတ်တော့ဟုတ်ပါတယ်။ အစ်ကိုက တကယ်သတ်တော့မှာ။ ခင်ဦးတို့လည်း သူပြန်မလာလောက်သေးဘူးထင်လို့ အမှုမဲ့အမှတ်မဲ့ နေမိသွားတာပါ”

“ထားလိုက်ပါတော့ ခင်ဦးရယ်။ အခု ဦးလေးဘတုတ်ရဲ့အလောင်းကို ဖျောက်ပစ်ရမယ်”

“ဟင်…ဘယ်လိုလုပ်မှာလဲ”

“မောင်စီစဉ်ပါ့မယ်၊ ခင်ဦးက ကလေးဆီသွားတော့”

“ဟုတ်…ဟုတ်ကဲ့မောင်”

မခင်ခင်ဦး အိမ်ပေါ်သို့တက်သွားသည်နှင့် အောင်သန်းဦးက ထိုင်ရာမှထကာ မှောက်လျက်လဲကျနေသည့် ဦးဘတုတ်ကို ပက်လက် အနေအထားသို့ ဆွဲလှန်လိုက်သည်။ ဦးဘတုတ်၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်နေပြီး မျက်လုံးများက ပြူးကျယ်နေသဖြင့် အောင်သန်းဦး ထိတ်လန့်သွားလေသည်။ အုန်းတောထဲသို့ လူအဝင်အထွက်မရှိသော်လည်း တစ်ယောက်ယောက်မြင်တွေ့သွားမည်ကိုစိုးရိမ်သဖြင့် ဦးဘတုတ်၏ အလောင်းကို အုန်းတောအစပ်မှ လှေရှိရာသို့ တရွတ်တိုက်ဆွဲသွားလေတော့သည်။

********************

“နတ်သမီးကျောက်ဆောင်အောက်က လိုဏ်ဂူထဲကိုထည့်လိုက်တာ သေချာလားအောင်သန်းဦး။ ငါ့ကို ညာဖို့မကြိုးစားနဲ့”

“တ…တကယ်ပြောတာပါ ဆရာ”

“အောင်သန်းဦး…..”

“ဗျာ…ဆရာ”

“ခင်ခင်ဦး အခုဘယ်မှာလဲ”

“သူ့..သူ့ရွာမှာရှိပါတယ်ဆရာ”

“ကောင်းပြီ…..”

“ဦးဘတုတ်အလောင်းကိုသယ်သွားတဲ့လှေက ဘယ်မှာလဲ”

“ဟို…ဟိုနားမှာပါ”

“ငါ့ကို လိုက်ပြစမ်း”

“ဟုတ်…..ဟုတ်ကဲ့ဆရာ”

ထိုင်ရာမှထကာ လှေရှိရာသို့ထွက်သွားသည့် အောင်သန်းဦးအနောက်မှ ရဲအရာရှိစောထီးက ထပ်ချပ်မကွာလိုက်သွားသည်။

“ဟောဒီမှာပါ ဆရာ”

အုန်းတောအစွန်ဘက်မှသောင်ပြင်ပေါ်ရှိလှေဆီသို့ရောက်သည့်အခါ ရဲအရာရှိစောထီးက လှေကိုအသေအချာစစ်ဆေးလေသည်။ ထို့ နောက် အုန်းတောကိုတစ်လှည့် လှေကိုတစ်လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

“အောင်သန်းဦး…”

“ဗျာ…ဆရာ..”

“ငါ့ကိုမလိမ်နဲ့လို့ပြောတယ်နော်”

“ဟုတ်…ဟုတ်ကဲ့။ မလိမ်ပါဘူးဆရာ”

“ဦးဘတုတ်ကို ဘယ်အချိန်လောက်မှာသတ်လိုက်တာလဲ”

“နေ့လယ်တစ်နာရီလောက်မှာပါဆရာ”

“ဗိုလ်လေး…….။ အုန်းတောကအိမ်မှာမရှိလို့ ဗိုလ်လေးကိုလိုက်ရှာနေတာ”

“ပြန်ရောက်လာပြီလား ဆရာသောင်းမြင့်”

“ဟုတ်ကဲ့ဗိုလ်လေး”

“ဘာထူးသေးလဲ”

ရဲကြပ်သောင်းမြင့်က အောင်သန်းဦးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဗိုလ်လေးစောထီးကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။ ဗိုလ် လေးစောထီးကလည်း ပါးနပ်သူဖြစ်သည့်အလျောက် ရဲကြပ်သောင်းမြင့်ထံသို့သွားကာ နှစ်ကိုယ်ကြားတီးတိုးစကား ပြောဆိုကြလေသည်။

“ကဲ….အောင်သန်းဦးရေ…ဦးဘတုတ်ပြန်ရောက်တာ နှစ်ပတ်လောက်ရှိပြီတဲ့။ သူအရက်ဝယ်နေကျ ဦးစံရွှေကတော့ ဦးဘတုတ် ပြန် ရောက်ရောက်ချင်း သူ့ဆီက အရက်နှစ်လုံးဝင်ဝယ်သွားတယ်တဲ့။ လေးရက်တစ်ခါလောက်သူ့ဆီရောက်လာတတ်တာ အခုမရောက်တာ နှစ်ပတ် လောက်ရှိပြီပြောတယ်။ ဦးဘတုတ်ရဲ့မိန်းမ ခင်ခင်ဦးလည်းလာမေးတယ်တဲ့”

“ဟုတ်…….ဟုတ်ကဲ့ ဆရာ”

“ဆရာသောင်းမြင့်”

“ဟုတ်ကဲ့ ဗိုလ်လေး”

“စခန်းကိုပြန်ပြီး တင်ကြိုင်နဲ့စိုးသန်းကိုခေါ်ဗျာ။ ပြီးရင် ကျောက်တစ်လုံးရွာကိုသွားကြရအောင်”

“ဟုတ်ကဲ့ဗိုလ်လေး”

ရဲကြပ်သောင်းမြင့်ထွက်သွားသည်နှင့် ရဲအရာရှိစောထီးက အောင်သန်းဦးကိုခေါ်ကာ အုန်းတောထဲမှ ဦးဘတုတ်၏အိမ်သို့ လျှောက် လာခဲ့ကြသည်။

“အောင်သန်းဦး…။ ငါ့ကို ဝေ့လည်ကြောင်ပတ်မလုပ်နဲ့ကွာ။ ဦးဘတုတ်ကိုသတ်ခဲ့တာ အမှန်ပဲလား”

“အမှန်ပါဆရာ။ ကျွန်တော် မညာပါဘူး”

“အလောင်းကို ဘယ်မှာဝှက်ထားသလဲ”

“ဗျာ…..”

“ဦးဘတုတ်ရဲ့အလောင်းကိုလှေပေါ်တင်ပြီး နတ်သမီးကျောက်ဆောင်ကိုသွားတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နေ့လယ်တစ်နာရီက ရေကျချိန်ဖြစ်နေပြီ။ ရေကျချိန်ဆို သောင်ပြင်နဲ့ရေစပ်ကအတော်လှမ်းတယ်။ ရေကျချိန်မှာလှေခွက်ချည်းဆွဲချဖို့ဆိုတာတောင် တစ်ယောက် တည်းနဲ့မရဘူး။ အလောင်းပါတင်ပြီးရေထဲရောက်အောင်ဆွဲတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

“ကျွန်..ကျွန်တော် မညာပါဘူးဆရာ”

“ကောင်းပြီလေ….တကယ်ဟုတ်ရင်တော့ ပေါ်လာမှာပါ။ ကဲ……မင်းကို ဦးဘတုတ်ခြောက်လှန့်တဲ့အကြောင်းပြောစမ်းပါဦး”

“ပြောပြပါ့မယ်ဆရာ”

“ဒီမှာထိုင်ပြီး ပြောပြကွာ။ ဆရာသောင်းမြင့်တို့ရောက်မလာမချင်း မင်းပြောတဲ့ သရဲအကြောင်းအပျင်းပြေနားထောင်ရတာပေါ့”

“ဟုတ်….ဟုတ်ကဲ့ဆရာ…..”

***********************

ညနေမှောင်ရီပျိုးချိန်၌ ဦးဘတုတ်၏အလောင်းအား ဖျောက်ဖျက်ခြင်းကိစ္စပြီးမြောက်သွားခဲ့သည်။ လက်စလက်နမကျန်ရစ်စေရန် ဖျောက်ဖျက်လိုက်ရသော်လည်း အောင်သန်းဦးတစ်ယောက် ကြောက်လန့်နေမိသည်။ ကိစ္စပြီးဆုံးပြီးနောက် ရေချိုးအဝတ်အစားလဲကာ တဲရှေ့ တွင် အရက်ထိုင်သောက်နေလိုက်သည်။

“မောင်……ခင်…ခင်ဦးကြောက်တယ်။ အိမ်မှာမအိပ်ရဲဘူး”

“ကြောက်ရင် မောင်နဲ့ တဲမှာလာအိပ်လေ”

“ဟုတ်…ဟုတ်ကဲ့…..”

“ဘာမှမကြောက်နဲ့။ မောင်ရှိတယ်”

“ဟုတ်ကဲ့ မောင်”

မခင်ခင်ဦးကိုမကြောက်ရန်ပြောဆိုရသော်လည်း အောင်သန်းဦး ကြောက်လန့်နေပါသည်။ ကြောက်လန့်နေရခြင်းက ဘဝပြောင်းသွား သည့် ဦးဘတုတ်ကိုမဟုတ်ဘဲ တစ်ယောက်ယောက်သိသွားပါက ထောင်ကျမည်ကိုစိုးရိမ်နေခြင်းဖြစ်ပေသည်။ တစ္ဆေသရဲခြောက်လှန့်ခြင်းကို ကြုံ တွေ့ဖူးခြင်းမရှိသော်လည်း မျက်လုံးပြူးထွက်နေသည့် ဦးဘတုတ်၏မျက်နှာကို ဖျောက်ဖျက်မရဖြစ်နေသည်။ ဖြစ်ပြီးသမျှကိစ္စအားလုံး တဒင်္ဂမေ့ လျော့သွားစေရန် အရက်ကိုသာဖိသောက်နေလေသည်။

ထိုနေ့ညက အောင်သန်းဦးတစ်ယောက် အမူးလွန်ကာ တဲရှေ့မှာပင် အိပ်ပျော်သွားခဲ့လေတော့သည်။

****************

ဦးဘတုတ်အသတ်ခံရပြီး သုံးရက်မြောက်ည…..

“မောင်…….အပုပ်နံ့ရတယ်”

“ကြွက်သေပုပ်နံ့ဖြစ်မှာပါ”

“မဖြစ်နိုင်ဘူးမောင်။ အပုပ်နံ့က တော်တော်နံတာ”

“မကြောက်နဲ့”

“သူ့ဟာသူကြောက်တာ ဘယ်လိုလုပ်မလဲမောင်ရယ်။ အစ်ကို လာခြောက်တာလားမသိဘူး”

“မဟုတ်နိုင်ပါဘူး။ သူ့ဟာသူတောင် သေသလားဆိုတာ သိသွားမှာမဟုတ်ဘူး”

“မောင်….ဒီနေ့ အရက်အများကြီးမသောက်နဲ့နော်။ ခင်ဦးအရမ်းအိပ်ချင်လို့ အတူလာအိပ်ပေးပါ”

“မောင် နည်းနည်းပဲသောက်ပြီး အိပ်ကြမယ်နော်”

“ဟုတ်ကဲ့မောင်…”

အရက်အနည်းငယ်သောက်ပြီးနောက် မခင်ခင်ဦး ခူးခပ်ပြင်ဆင်ပေးသည့်ညစာကိုအနည်းအကျဉ်းစားကာ အိပ်ရာဝင်ခဲ့ကြသည်။

“ဝုန်း………”

ကျယ်လောင်သည့်အသံနှင့်အတူ တဲတစ်ခုလုံးတုန်ခါသွားသဖြင့် အောင်သန်းဦးနှင့် မခင်ခင်ဦးသာမက ကလေးပါလန့်နိုးသွားလေသည်။

“မောင်…..မောင်…ဘာ….ဘာဖြစ်တာလဲမသိဘူး”

အောင်သန်းဦးက ခြင်ထောင်အပြင်သို့အမြန်ထွက်ပြီး မီးခွက်ထွန်းရန်မီးခြစ်ယူလိုက်သည့်အချိန်တွင် တဲရှေ့ပေါက်ဝ၌ရပ်နေသည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

“ဘယျသူလဲ…….”

“……………”

“အား………….ကယ်…..ကယ်ကြပါဦး……”

တဲရှေ့ပေါက်ဝ၌ရပ်နေသူကို မေးမြန်းနေစဉ် မခင်ခင်ဦးက ခြင်ထောင်ထဲမှကြောက်လန့်တကြားဖြင့်ထွက်လာပြီး အောင်သန်းဦးကို နောက်ကျောဘက်မှသိုင်းဖက်ထားလေသည်။

“ခင်ဦး…..ဘြာဖစ်လို့လဲ”

“ဆံ…ဆံပင်ကို ဆောင့်ဆွဲလို့”

“ဟင်…….”

အောင်သန်းဦးက မီးခြစ်ကိုခြစ်လိုက်ပြီးမီးစာသို့ညှိလိုက်သည့်အခါ မီးခွက်အလင်းရောင်ကြောင့် တဲတစ်ခုလုံး လင်းသွားသည်။

“ဟီး….ဟီး…..မေ….မေ…..”

ခြင်ထောင်ထဲမှ ကလေးငိုသံကိုကြားလိုက်သဖြင့် မခင်ခင်ဦးက ကလေးဆီသို့သွားရန် ခြင်ထောင်ကိုမလိုက်ရာ ကလေးဘေးနားတွင် ထိုင်နေသည့် ဦးဘတုတ်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရလေတော့သည်။

“အမလေး………”

“ခင်ဦး…..ဘာဖြစ်တာလဲ..”

“ခြင်…..ခြင်ထောင်ထဲမှာ အစ်…အစ်ကို….ဘ….ဘတုတ်”

အောင်သန်းဦးက အထိတ်တလန့်ဖြင့် တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေသည့် မခင်ခင်ဦးကို နောက်သို့ဆွဲခေါ်လိုက်ပြီး ခြင်ထောင်ကို မ ကြည့်လိုက်သည့်အခါ ကလေးဘေးနားတွင်ဆောင့်ကြောင့်ထိုင်ကာ ပြူးကျယ်သည့်မျက်လုံးများဖြင့်ကြည့်နေသည့် ဦးဘတုတ်ကို ထင်ထင် ရှားရှားမြင်တွေ့လိုက်ရတော့သည်။

“ဟာ……..ဦး…ဦးလေးဘ…ဘတုတ်”

ဦးဘတုတ်ကိုမြင်တွေ့လိုက်သဖြင့် ခြင်ထောင်ထဲမှပြန်ထွက်မည်ပြင်လိုက်စဉ် ကလေးကိုစိတ်မချသဖြင့် ကလေး၏လက်တစ်ဖက်ကို ကိုင်ကာ ခြင်ထောင်အပြင်သို့ဆွဲထုတ်လေသည်။ သို့သော်လည်း တစ်ဖက်မှပြန်ဆွဲထားသဖြင့် ကလေးက ခြင်ထောင်အပြင်သို့ပါမလာခဲ့ပေ။

“ခင်…ခင်ဦး….ခြင်ထောင်ကိုဆွဲဖြုတ်လိုက်။ မြန်မြန်လုပ်”

“ဟုတ်…..ဟုတ်ကဲ့”

မခင်ဦးက အမြန်ထကာ ခြင်ထောင်ကြိုးများကိုဆွဲဖြုတ်လိုက်သည်။ ခြင်ထောင်ကြိုးများပြုတ်သွားသည့်အခါ အောင်သန်းဦးက ခြင် ထောင်ဖြင့်လုံးထွေးနေသည့် ကလေးကိုပြေးပြီးပွေ့ချီကာ တဲအောက်သို့ဆင်းပြေးသွားလေသည်။

“ခင်ဦး…..တဲအောက်ကိုလိုက်ခဲ့”

“ဟုတ်…ဟုတ်ကဲ့…..”

တဲအောက်သို့ရောက်သည့်အခါမှ ခြင်ထောင်ဖြင့်လုံးထွေးနေသည့် ကလေးကိုအပြင်သို့ဆွဲထုတ်လိုက်လေသည်။

“မောင်……ခင်…ခင်ဦးကြောက်…ကြောက်တယ်”

“မကြောက်နဲ့ခင်ဦး…။ ကြောက်ရင်ပိုခြောက်လိမ့်မယ်။ စိတ်ကိုတင်းထား။ တဲပေါ်ကိုမကြည့်နဲ့"

“ဟုတ်…..ဟုတ်ကဲ့”

မခင်ခင်ဦးကို အားပေးရင်း တဲပေါက်ဝတွင်ရပ်နေသည့် ဦးဘတုတ်ကို မရဲတရဲဖြင့်ကြည့်လိုက်မိသည်။

“မောင်တို့ ဟိုနားကမြေကွက်လပ်ကိုသွားကြမယ်”

“ဟုတ်ကဲ့”

မခင်ခင်ဦးက ကလေးကိုခါးတစ်ခွင်ချီရင်း အောင်သန်းဦး၏လက်ကို တင်းတင်းကျပ်ကျပ်ဆွဲကာ အောင်သန်းဦးခေါ်ရာနောက်သို့လိုက် သွားလေသည်။

“ဒီမှာခဏထိုင်ကြမယ်။ ကလေးကိုသိပ်လိုက်ဦး ခင်ဦး”

“ကလေးက လန့်ပြီးမအိပ်တော့ဘူး”

မခင်ခင်ဦးတို့သားအမိနှင့် အောင်သန်းဦးတို့ အုန်းပင်အောက်ရှိမြေကွက်လပ်တွင်ထိုင်ကာ တစ်ယောက်နှင့်တစ်ယောက် စကားမပြော ကြဘဲ ငြိမ်သက်နေကြသည်။ အောင်သန်းဦးတို့အနားယူနေကြသည့်နေရာသည် ဦးဘတုတ်၏အိမ်နှင့် ပေခြောက်ဆယ်လောက်သာဝေးသဖြင့် လရောင်ရေးရေးအောက်၌ အိမ်ကိုကောင်းစွြာမင်တွေ့နေရသည်။

“မောင်……ဟို…….ဟိုမှာ……”

မခင်ခင်ဦးလက်ညှိုးထိုးပြရာသို့ကြည့်လိုက်သည့်အခါ ဦးဘတုတ်အသတ်ခံခဲ့ရသည့်နေရာမှ လူတစ်ယောက်ကုန်းထလာပြီး အိမ်ဘက် သို့ရပ်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

“မကြည့်နဲ့ခင်ဦး….မကြည့်နဲ့”

“ဟုတ်…ဟုတ်ကဲ့…”

မခင်ခင်ဦးက မကြည့်ရဲသဖြင့် ခေါင်းကိုငုံ့ထားသော်လည်း အောင်သန်းဦးက ထိုသူကို မမှိတ်မသုံကြည့်နေလေသည်။

“ပေ….ပေပေ…..”

ထိုအချိန်မှာပင် ကလေးထံမှ ရုတ်တရက်စကားသံထွက်လာပြီး အိမ်ဘက်သို့ရပ်ကြည့်နေသူကို လက်ယက်ခေါ်နေသဖြင့် မခင်ခင်ဦးက ကလေးပါးစပ်ကို လက်ဝါးဖြင့် အလျင်အမြန်ပိတ်ကာ မျက်နှာကိုလွှဲပေးထားလိုက်သည်။ သို့သော်လည်း ကလေးသံကြားလိုက်သဖြင့် ထိုသူက အောင်သန်းဦးတို့ထံသို့လှည့်ကြည့်ပြီး ပြေးလာလေသည်။

“မောင်….မောင်ရေ…..လုပ်ပါဦး”

ကြောက်လန့်တကြားဖြင့်ဆုပ်ထားသည့် မခင်ခင်ဦး၏လက်ကိုဆွဲဖြည်လိုက်ပြီး အနီးအနားတွင်ရှိသည့် တုတ်တစ်ချောင်းကို ကောက်ယူ ကာ မတ်တပ်ထရပ်လိုက်သည့်အခိုက် ဦးဘတုတ်ကို မမြင်ရတော့ပေ။

“တောက်…..ထပ်ပြီးခြောက်ရဲရင်ခြောက်ကြည့်၊ နောက်တစ်ခါထပ်သေစေရမယ်။ တောက်……”

“မောင်…….ဘယ်….ဘယ်ရောက်သွားပြီလဲ”

“မရှိတော့ဘူးခင်ဦး။ အနားရောက်ခါနီးမှာ ပျောက်သွားတယ်”

“ခင်…ခင်ဦး ဒီမှာမနေရဲတော့ဘူး”

“ဟုတ်တယ်ခင်ဦး။ ဒီမှာမနေသင့်တော့ဘူး။ မနက်ဖြန်ကျရင် ကျောက်တစ်လုံးကိုပြန်တော့”

“မောင်ကရော…..”

“မောင်က ဒီမှာဆက်နေခဲ့မယ်။ နှစ်ယောက်စလုံးပျောက်သွားလို့မဖြစ်ဘူး။ ဦးလေးဘတုတ်ပြန်မလာသေးလို့ မောင်နဲ့အတူနေဖို့ မသင့်တော်လို့ ကျောက်တစ်လုံးမှာလာနေတာလို့ ခင်ဦးက သတင်းလွှင့်လိုက်”

“မောင့်ကိုတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး။ စားရေးသောက်ရေးခက်နေမှာပေါ့”

“မောင်ပြောသလိုလုပ်ပါ ခင်ဦး။ မဟုတ်ရင် နှစ်ယောက်စလုံးထောင်ထဲရောက်သွာလိမ့်မယ်။ မောင့်အတွက်မပူနဲ့”

“ဟုတ်ကဲ့…..မောင်”

*****************

ဦးဘတုတ်အသတ်ခံရပြီး လေးရက်မြောက်ည။

မခင်ခင်ဦးတို့သားအမိ ကျောက်တစ်လုံးရွာသို့ပြန်သွားသဖြင့် အောင်သန်းဦးတစ်ယောက် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရလေသည်။ ဆီ၊ ဆန်၊ ဆားနှင့် ငါးခြောက်ငါးခြမ်းများကို မခင်ခင်ဦးမသွားခင် ကြိုတင်ယူထားနှင့်လိုက်သည်။ တစ်ယောက်စာမို့ ဆီပူလှိမ့်ထားသည့်ငါးခြောက် ဟင်းတစ်ခွက်ကိုသာ မနက်နှင့်ညစာအတွက်စီစဉ်ထားလိုက်သည်။ ဦးဘတုတ်မရှိတော့သည့်အတွက် အုန်းသီးဆံလှမ်းစရာလည်းမလိုတော့သလို အုန်းခွံခြောက်များကိုလည်း မနွှာရတော့ပေ။

ညနေမှောင်ရီပျိုးကတည်းက ငါးခြောက်ဆီပူထိုးကိုအမြည်းလုပ်ပြီး သောက်စားနေခဲ့သည်မှာ အရက်တစ်လုံးကုန်မှ ရပ်တန့်သွားလေ သည်။ ညစာထမင်းစားသောက်လိုစိတ်မရှိတော့သဖြင့် အိပ်စက်ရန်အတွက် ထိုင်ရာထရန်ပြင်လိုက်သည့်အချိန်တွင် အေးစက်နေသည့်အရာတစ် ခုက ပုခုံးပေါ်သို့ကျရောက်လာသဖြင့် ထိုအရာကိုလှည့်ကြည့်လိုက်သည့်အခါ လူတစ်ယောက်၏လက်ဖြစ်နေသဖြင့် နောက်သို့အမြန်လှည့်ကြည့် လိုက်လေသည်။ သို့သော်လည်း ပခုံးပေါ်သို့တင်ထားသည့် အေးစက်စက်လက်တစ်ဖက်မှလွဲ၍ လူရိပ်လူယောင်မမြင်ရသဖြင့် ထိတ်လန့်တကြား ဖြင့် ပခုံးပေါ်မှလက်ကို အတင်းဆွဲဖယ်လိုက်သည်။

ထိုအချိန်မှာပင် တဲအဝတွင်ရပ်နေသည့်လူတစ်ယောက်ကို မီးခွက်အလင်းရောင်ဖြင့် မြင်တွေ့လိုက်ရသည်။

“ဦး…ဦးလေး…ဦးဘ…ဘတုတ်”

ဦးဘတုတ်၏မျက်နှာသည် ဒေါသကြောင့်မာထန်နေပြီး အောင်သန်းဦးကို စားမတတ်ဝါးမတတ်ကြည့်နေလေသည်။

“ကျွန်…ကျွန်တော်တောင်းပန်ပါတယ်ဗျာ….။ ဦးလေးကို သေစေချင်တဲ့ဆန္ဒနဲ့လုပ်ခဲ့တာမဟုတ်ပါဘူး”

တဲဝမှ တရွေ့ရွေ့တိုးကပ်လာသည့် ဦးဘတုတ်ကို ရင်မဆိုင်ရဲသဖြင့် ချက်ချင်းထိုင်ချလိုက်ပြီး လက်အုပ်ချီကန်တော့လိုက်သည်။

“ဘုံး……..”

“အမလေးဗျ……….”

ကျောကုံးကို အရှိန်ပြင်းစွာထုနှက်ခြင်းခံလိုက်ရသဖြင့် အောင်သန်းဦး ရှေ့သို့ငိုက်ကျသွားပြီး အသံကုန်အော်ဟစ်လိုက်သည်။

“မ….မလုပ်ပါနဲ့………..ကျွန်….ကျွန်တော် တောင်းပန်ပါတယ်”

ရှေ့သို့ငိုက်ကျသွားစဉ် မမြင်ရသည့်အရာတစ်ခုက လက်တစ်ဖက်ကိုဆွဲခေါ်သွားသဖြင့် တဲရှေ့သို့ တရွတ်တိုက်ပါသွားလေသည်။

“ဦး……ဦးလေးရေ…..မလုပ်ပါနဲ့။ ကျွန်တော်ကြောက်ပါပြီဗျ………”

တဲရှေ့သို့ရောက်သည့်အခါ နောက်ကျောကိုတစ်ဘုံးဘုံးထုနှက်နေသဖြင့် တဲအောက်သို့ဆင်းပြေးလေတော့သည်။ တဲအောက်သို့ရောက် သော်လည်း အောင်သန်းဦးအတွက် ပြေးစရာမြေမရှိပေ။ တဲရှေ့၌ရပ်စောင့်နေသည့် ဦးဘတုတ်က အောင်သန်းဦး၏ရင်ဘတ်ကိုဆောင့်တွန်းလိုက် သဖြင့် နောက်ပြန်လန်ကျသွားလေသည်။

“ဦးလေး……ကျွန်…..ကျွန်တော့်ကို ခွင့်လွှတ်ပါ”

“မင်းကို ခွင့်မလွှတ်နိုင်ဘူး အောင်သန်းဦး။ သားရေပေါ်အိပ်ပြီး သားရေနားစားတဲ့ခွေးမျိုး။ မင်းကို အခုလာမယ့်တန်ဆောင်မုန်းလပြည့် နေ့မှာ အသေသတ်မယ်။ အဲဒီနေ့က ငါ့မွေးနေ့ပဲ အောင်သန်းဦး”

ထွက်ပေါ်လာသည့်အသံသည် မြင်တွေ့နေရသည့် ဦးဘတုတ်ထံမှမဟုတ်ဘဲ အနားသို့ကပ်ပြီးပြောဆိုနေသကဲ့သို့ဖြစ်နေပေသည်။

“မ…မလုပ်ပါနဲ့ ဦး….ဦးလေး။ ကျွန်…ကျွန်တော်မှားသွားပါတယ်”

ဦးဘတုတ်အား လက်အုပ်ချီတောင်းပန်နေစဉ် ဦးဘတုတ်က ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် စိတ်သက်သာရာရသွားစဉ် နောက် ကျော ကို ထုနှက်ရိုက်ပုတ်ခြင်းကိုခံလိုက်ရသဖြင့် လဲကျနေရာမှ လူးလဲထကာ ပင်လယ်ကမ်းစပ်ဘက်သို့ ထွက်ပြေးလေတော့သည်။

“ဘုံး…ဘုံး……”

“အမလေးဗျာ……အမ…လေး….ဗျ”

ထိုနေ့ညက အုန်းတောသို့မပြန်ရဲသဖြင့် မနက်အလင်းရောင်သမ်းချိန်အထိ သောင်ပြင်ပေါ်တွင်ထိုင်ခဲ့ရလေသည်။

ထိုသို့တွေ့ကြုံရပြီးနောက် မနက်ပိုင်းတွင် ချက်ပြုတ်စရာရှိသည်များကို ချက်ပြုတ်ကြော်လှော်ပြီး ညနေစောင်းသည်နှင့် တဲ၌မနေ တော့ဘဲ အုန်းတောအစပ်မှ အုန်းပင်အောက်၌ စားသောက်အိပ်စက်ခဲ့ရလေသည်။ ပုသိမ်သို့ပြန်လိုသော်လည်း ကင်းမှော်ရွာမှစက်လှေဖြင့် ပြန်ရ မည်ဖြစ်သောကြောင့် ပြန်၍မဖြစ်ပေ။ ယခုလာမည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဦးဘတုတ်က အသေသတ်မည်ဆိုသဖြင့် ကြောက်ရွံ့နေမိ သည်။ ရဲစခန်းသို့သွားရောက်ပြီး အဖြစ်မှန်ကိုဖွင့်ပြောလျှင်ကောင်းမည်ဟု တွေးလိုက်မိသည်။

*********************

အုန်းတောစပ်ရှိ အုန်းပင်အောက်၌သာအိပ်စက်ခဲ့ရသည်မှာ ခြောက်ရက်တိုင်တိုင်ရှိခဲ့လေပြီ။ ဦးဘတုတ်အသတ်ခံရသည်မှာလည်း ဆယ်ရက်ပြည့်မြောက်ခဲ့လေပြီ။ ချက်ပြုတ်စားသောက်စရာများလည်း ကုန်ခမ်းနေသဖြင့် ကင်းမှော်ရွာထဲသို့သွားရောက်ပြီး ဝယ်ခြမ်းလိုသော် လည်း ဦးဘတုတ်နှင့်ပတ်သက်ပြီး မေးမြန်းကြမည်ကိုစိုးရိမ်သောကြောင့် မသွားဖြစ်ခဲ့ပေ။ စိတ်ခြောက်ခြားနေသဖြင့် ကောင်းစွာမအိပ်စက်နိုင် သောကြောင့် မျက်တွင်းဟောက်ပက်ဖြစ်နေခဲ့လေပြီ။

လပြည့်နေ့နီးကပ်လာသဖြင့် ကောင်းကင်ယံထက်တွင် လမင်းကြီးကထိန်ထိန်သာနေသည်။ ပင်လယ်ပြင်မှသံသောင်ပြင်ထက်ဆီသို့ အမောတကောပြေးတက်လာကြသည့် လှိုင်းပုတ်သံတို့နှင့်အတူ အုန်းလက်များအချင်းချင်းပွတ်တိုက်နေသည့်အသံတို့က ညဉ့်ယံကို လွှမ်းမိုး ထားကြသည်။ စားသောက်ချင်စိတ်မရှိတော့သည့်အပြင် သောက်စရာအရက်လည်းမရှိတော့သဖြင့် အုန်းပင်အောက်တွင်ထိုင်ကာ စိတ်အလို လိုက် မိုက်မဲကျူးလွန်ခဲ့သည့် အပြစ်များကို တွေးတောနေသည်။ ပါဏာတိပါတကံနှင့် ကာမေသုမိစ္ဆာစာရကံကိုကျူးလွန်ခဲ့မိခြင်းကြောင့် ယခု ဘဝမှာတင် တွေ့ကြုံခံစားနေရလေပြီ။ မခင်ခင်ဦးနှင့်သာ မပတ်သက်ခဲ့မိလျှင် ယခုကဲ့သို့ဖြစ်လာမည်မဟုတ်ကြောင်း စဉ်းစားမိပြီး အောင်သန်း ဦးတစ်ယောက် နောင်တကြီးစွာရနေလေသည်။ သူတစ်ပါးမယားကိုပစ်မှားပြီး သူ့လင်ကိုသတ်ခဲ့သည့်အတွက် ပြစ်မှုကြွေးကိုပေးဆပ်ပြီးသည့်တိုင် ပတ်ဝန်းကျင်က မည်သို့မျှလက်ခံလိမ့်မည်မဟုတ်ပေ။ လူ့ဘောင်နှင့်စည်းခြားကာ တစ်သီးတစ်ခြားဖြစ်သွားရပေတော့မည်။

ဦးဘတုတ်မရှိတော့သည့်နောက် အုန်းတောတွင် အချိန်ကြာကြာနေနိုင်တော့မည်မဟုတ်ကြောင်းကိုလည်း နားလည်သည်။ ဦးဘတုတ် ၏လ်ုငန်းများကို ဆက်လက်လုပ်ကိုင်ရန်ကလည်းမဖြစ်နိုင်သလို အချိန်ကြာမြင့်လာသည့်နှင့်အမျှ ဦးဘတုတ်ပေါ်မလာခဲ့ပါက မီးခိုးကြွက် လျှောက်လိုက်လာကြပေတော့မည်။ ဦးဘတုတ်၏ ပထမအိမ်ထောင်သည်လည်း ဦးဘတုတ်ပျောက်ဆုံးနေကြောင်းသိပါက ငြိမ်နေကြလိမ့်မည် မဟုတ်ပေ။ ဦးဘတုတ်နှင့်ဆက်နွယ်မိသည်ကပဲမှားလေသလား၊ မခင်ခင်ဦးနှင့်ပတ်သက်မိခြင်းကပဲမှားလေသလားဆိုသည့်မေးခွန်းကို အောင် သန်းဦးတစ်ယောက် အဖြေရှာရခက်နေခဲ့သည်။

“ဒုန်း….ဒုန်း…”

“ဒုန်း…”

“ဝုန်း….”

လှိုင်းပုတ်သံများကြားမှ ရုတ်တရက်ထွက်ပေါ်လာသည့်အသံများကိုကြားလိုက်ရသဖြင့် အတွေးလွန်နေရာမှ နားစွင့်လိုက်လေသည်။ အသံလာရာကိုနားစွင့်ကြည့်သည့်အခါ ဦးဘတုတ်၏နေအိမ်ဘက်မှဖြစ်နေပေသည်။ သူခိုးသူဝှက်မရှိသည့်နေရာဖြစ်သော်လည်း လူသူအလစ် ၌ဝင်ရောက်ခြင်းဖြစ်နိုင်သည်ဟုထင်မှတ်ကာ မီးဖိုဆောင်သုံး ဓားမကိုကောက်ယူလိုက်ပြီး အခြေ အနေကိုစောင့်ကြည့်ကာ နားစွင့်နေလေသည်။ ဦးဘတုတ်၏အိမ်နှင့် အောင်သန်းဦးရှိနေသည့်နေရာသည် ပေနှစ်ရာနီးပါးမျှကွာဝေးသော်လည်း အသံများကို ကောင်းစွာကြားနေရသည်။ ယခု နေရာ၌ သူခိုးသူဝှက်နှင့်လုယက်ခြင်းများမရှိသဖြင့် အကျိုးအကြောင်းသိချင်လာမိသည်။ သူခိုးမဟုတ်ဘဲ ဦးဘတုတ်ကို လာရောက် ရှာဖွေသူ များဖြစ်ပါက မိမိရှိနေကြောင်းအခိုင်အမာပြသဖို့လိုသည်။ သူခိုးသူဝှက်ဆိုပါက ခုခံနိုင်ရန်အတွက် ဓားမတိုကို လက်ထဲ၌ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ကာ အုန်းပင်များကို အကာအကွယ်ယူပြီး ဦးဘတုတ်၏အိမ်သို့ချဉ်းကပ်လာသည်။ ထို့နောက် ဦးဘတုတ်၏အိမ်နှင့် မလှမ်းမကမ်းရှိ အုန်းပင်တစ်ပင်အကွယ်မှ ခြောင်းကြည့်လိုက်သည်။ အိမ်ရှေ့တံခါးပွင့်နေပြီး ထမင်းစား စားပွဲခုံနှင့် ကုလားထိုင်များက အိမ်ရှေ့မြေကွက်လပ်၌ ဖရိုဖရဲဖြစ်နေကြသည်။ အိမ်တံခါးပွင့်နေပြီး အိမ်ထဲတွင် မီးရောင်မမြင်ရသဖြင့် အောင်သန်းဦး၏စိတ်ထဲ၌ သံသယဖြစ်လာခဲ့သည်။

“ခွမ်း………….”

“ဂလုံး……..”

ပန်းကန်ခွက်ယောက်များကို အိမ်ရှေ့တံခါးပေါက်မှလွှင့်ပစ်နေသည်ကိုမြင်လိုက်သဖြင့် အိမ်ထဲတွင် လူရှိနေကြောင်း သိလိုက်လေသည်။ အုန်းပင်အကွယ်မှ အသာကြည့်နေစဉ် အိမ်ရှေ့တံခါးဝမှထွက်လာပြီး ရုတ်တရက်ပျောက်ကွယ်သွားသူကိုမြင်တွေ့လိုက်သည့်အခါ အောင်သန်းဦး အသက်ရှုမှားမတတ်ဖြစ်သွားလေတော့သည်။

“ဟာ….ဦး…ဦးလေး….ဘ…ဘတုတ်”

အောင်သန်းဦးလည်း ထိုနေရာတွင်မနေရဲတော့သဖြင့် အမြန်ထွက်သွားရန်ပြင်လိုက်စဉ် နောက်တွင်ရပ်နေသည့် ဦးဘတုတ်ကိုမြင်တွေ့ လိုက်ရသဖြင့် ကြက်သီးမွေးညင်းများထသွားလေသည်။ ဦးဘတုတ်၏မျက်လုံးများက မျက်ဆန်မပါသဖြင့် ကျောက်မျက်လုံးများကဲ့သို့ဖြစ်နေ သည်။ မျက်နှာနှင့် ခန္တာကိုယ်ပေါ်မှ အရေပြားများက ရိရွဲကာ ကွာကျနေသည်။ အပုပ်နံ့က မခံမရပ်နိုင်လောက်အောင် ဆိုးရွားလှသော်လည်း နှာခေါင်းမပိတ်နိုင်ဘဲ ပြေးပေါက်ကိုအမြန်ရှာဖွေနေသည်။ ဦးဘတုတ်နှင့် လက်တစ်ကမ်းအကွာအဝေးသာရှိသဖြင့် ဘယ်ဘက်ကိုဖောက်ထွက်ပြီး ပင်လယ်ဘက်သို့ထွက်ပြေးလိုက်စဉ် နောက်ကျောကို တွန်းလိုက်သဖြင့် မှောက်လျက်လဲကျသွားလေသည်။ ထို့နောက် ခန္တာကိုယ်အနှံ့ ထုထောင်း ရိုက်နှက်ခြင်းကို အလူးအလဲခံနေရသည်။ လဲကျနေရာမှ ထပြေးမည်ပြင်တိုင်း ကျောကုန်းပေါ်သို့ တက်ဖိထားသဖြင့် ပြေး၍မရပေ။ ကြောက်စိတ် ကြောင့် ဆီးများထွက်ပြီး အသားတဆတ်ဆတ်တုန်နေလေသည်။ ခန္တာကိုယ်တစ်ခုလုံး နာကျင်လွန်းသဖြင့် အော်ဟစ်တောင်းပန်နေစဉ် နားအ နီးသို့ကပ်ပြီးပြောလိုက်သည့် အသံကိုကြားလိုက်ရသဖြင့် အောင်သန်းဦး သေမတတ်ကြောက်ရွံ့သွားလေတော့သည်။

“မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့မှာ မင်းသေရတော့မယ် အောင်သန်းဦး”

ထိုနေရာမှလွတ်မြောက်အောင်ကြိုးစားပြီး ရဲစခန်း၌သွားရောက်အဖမ်းခံတော့မည်ဟု ဆုံးဖြတ်ကာ ကိုယ်ကိုတစ်ပတ်လှိမ့်၍ ထ ရပ်လိုက်ပြီး ပင်လယ်ဘက်သို့ ထွက်ပြေးလေတော့သည်။

******************

“ကျွန်တော် အဲဒီနေရာကနေ ဆရာတို့ဆီပြေးလာခဲ့တာပါ”

“ယုံရခက်ခက်ပဲ အောင်သန်းဦး။ ကိစ္စမရှိပါဘူး။ ကျောက်တစ်လုံးက ဦးဘတုတ်ရဲ့မိန်းမ ခင်ခင်ဦးကိုစစ်မေးရမှာပေါ့ကွာ”

“ဟုတ်…….ဟုတ်ကဲ့ဆရာ။ ကျွန်တော် ရေသောက်ချင်တယ်”

“သောက်ပါ....။ သရဲပုံပြင်ပြောလိုက်ရတာ အာခြောက်သွားပြီပေါ့”

အောင်သန်းဦးက ထိုင်ရာမှထကာ ဦးဘတုတ်၏အိမ်ဘေးရှိ စဉ့်အိုးထဲမှရေကို ငုံ့သောက်လိုက်သည်။

“ဟေ့ကောင်……မင်းနေတဲ့တဲမှာ သောက်ရေမရှိဘူးလား”

“ရပါတယ်ဆရာ၊ တဲဆီမသွားတော့ပါဘူး”

အောင်သန်းဦး ရေသောက်ပြီးချိန်တွင် ရဲကြပ်သောင်းမြင့်နှင့်အတူ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် ရောက်လာကြသည်။

“ကျွန်တော်တို့ရောက်ပြီ ဗိုလ်လေး”

“ကောင်းပြီ။ ကျောက်တစ်လုံးရွာကို သွားကြမယ်။ ကင်းမှော်ရွာက စက်လှေတစ်စီးလောက်စီစဉ်ရအောင်ဗျာ”

“ဟုတ်ကဲ့ ဗိုလ်လေး”

“အောင်သန်းဦး….။ ငါတို့ ကျောက်တစ်လုံးကိုသွားကြမယ်”

“ဟုတ်….ဟုတ်ကဲ့ ဆရာ”

**********************

ကျောက်တစ်လုံးရွာသို့ရောက်သည့်အခါ ငါးဖမ်းလှေမှ တံငါသည်တစ်ဦးက မခင်ခင်ဦးနေထိုင်သည့်အိမ်သို့ လိုက်လံပို့ဆောင်ပေးလေ သည်။ သို့သော်လည်း မခင်ခင်ဦးတို့သားအမိ ခရီးထွက်သွားသဖြင့် မိခင်ဖြစ်သူ ဒေါ်ချစ်လှနှင့်သာ တွေ့ခဲ့ရလေသည်။ အစ်ကိုအကြီးဆုံးနှင့် အစ် ကိုလတ်ကလည်း ပိုက်ချရန်ပင်လယ်သို့ထွက်သွားကြသောကြောင့် တွေ့ခွင့်မရခဲ့ပေ။ မခင်ခင်ဦး မည်သည့်နေရာသို့ ခရီးထွက်သွားသည်ကို လည်း ဒေါ်ချစ်လှက ရေရောရာရာမပြောနိုင်သဖြင့် ရဲအရာရှိစောထီး စိတ်ပျက်သွားလေသည်။

“ကဲ…….ပြန်ကြရအောင်”

“စခန်းကိုပြန်မှာလား ဗိုလ်လေး”

“အုန်းတောကိုပြန်မယ်။ ကင်းမှော်ရွာက လူကြီးအချို့ကို သက်သေခေါ်ပြီး ဦးဘတုတ်ရဲ့အိမ်ကို တက်စစ်မယ်ဗျာ”

“ဟုတ်ကဲ့ ဗိုလ်လေး”

ကျောက်တစ်လုံးရွာမှအုန်းတောသို့ ညနေခြောက်နာရီကျော်မှ ပြန်ရောက်ကြသည်။ ပြန်ရောက်ရောက်ချင်း ကင်းမှော်ရွာမှ လူကြီးများ ကို သက်သေအဖြစ်ထား၍ ဦးဘတုတ်၏အိမ်ပေါ်သို့တက်ရောက် စစ်ဆေးကြသော်လည်း ထူးခြားမှုမရှိခဲ့ပေ။ ကင်းမှော်ရွာမှ လူကြီးများအား ဦး ဘတုတ်ပျောက်ဆုံးနေကြောင်းအသိမပေးသေးဘဲ ဦးဘတုတ်၏အိမ်သို့လူတက်ပြီး ပစ္စည်းများကို လွှင့်ပစ်ထားကြောင်း အောင်သန်းဦးမှ သတင်း လာပေးသဖြင့် လာရောက်စစ်ဆေးရခြင်းဖြစ်ကြောင်းသာပြောထားလေသည်။ ထိုနေ့ညစာကို ကင်းမှော်ရွာလူကြီးများကစီစဉ်ပေးကြသည်။

“ဆရာသောင်းမြင့်နဲ့တင်ကြိုင်က စခန်းကိုပြန်ကြ။ စိုးသန်းက ငါနဲ့နေခဲ့”

“ဟုတ်ကဲ့ဗိုလ်လေး”

“ဗိုလ်လေး….စခန်းကိုမပြန်ဘူးလား”

“မပြန်ဘူး ဆရာသောင်းမြင့်။ ဒီနေ့ညက တန်တောင်မုန်းလပြည့်နေ့ဆိုတော့ အခြေအနေသိချင်လို့ ဒီမှာပဲစောင့်ကြည့်မယ်။ ခင်ဗျားနဲ့ တင်ကြိုင်က စခန်းကိုပြန်ကြ”

“ဟုတ်….”

“ဒီနေ့ည မထူးခြားရင် နတ်သမီးကျောက်ဆောင်အောက်က လိုဏ်ဂူထဲကိုဝင်ဖို့ ရေငုပ်ကျွမ်းကျင်တဲ့သူတွေကိုရှာရမယ် ဆရာသောင်း မြင့်”

“ဟုတ်ကဲ့ ဗိုလ်လေး”

“ဆ….ဆရာ…..။ ကျွန်…ကျွန်တော့်ကို စခန်းကအချုပ်ခန်းထဲမှာထားလို့ရမလား”

“အောင်သန်းဦး”

“ဗျာ…ဆရာ….”

“မင်းပြောတဲ့သရဲပုံပြင်က အမှန်ဟုတ်မဟုတ်သိချင်လို့ စောင့်ကြည့်ချင်တာ။ အိမ်ပေါ်က ပစ္စည်းတွေကို သရဲတစ္ဆေက လွှင့်ပစ်နိုင်တယ် ဆိုတာ ငါမယုံဘူး အောင်သန်းဦး”

“ဟုတ်….ဟုတ်ကဲ့ဆရာ”

“စိုးသန်း….”

“ဟုတ်….”

“ဒီကောင့်ကို လက်ထိပ်ခတ်ထားပြီး ဟိုအုန်းပင်အောက်မှာ ထားလိုက်ကွာ။ သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်ထား”

“ဟုတ်…”

******************

လမင်းကြီးက ကောင်းကင်ယံထက်တွင် ထိန်ထိန်သာနေသည်။ တစ်နေကုန်ပင်ပန်းထားသဖြင့် ရဲအရာရှိစောထီးတစ်ယောက် အိပ်ငိုက် လာလေသည်။ အုန်းတုံးပေါ်တွင်ထိုင်နေရာမှ အောက်သို့ဆင်းလိုက်ပြီး အုန်းတုံးကိုမှီကာ မျက်လုံးကိုမှိတ်ထားလိုက်သည်။

“ဗိုလ်…ဗိုလ်လေး….”

ရဲအရာရှိစောထီး မှေးကနဲအိပ်ပျော်သွားစဉ် အသံအုပ်အုပ်ဖြင့် ပခုံးကိုလှုပ်နှိုးနေသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ရဲတပ်သား စိုးသန်းဖြစ်နေလေသည်။

“ဘာလဲ စိုးသန်း”

“ဟို..ဟိုမှာ…..”

ရဲတပ်သားစိုးသန်းက အောင်သန်းဦးဆီသို့ လက်ညှိုးထိုးပြနေသဖြင့် ကြည့်လိုက်သည့်အခါ အောင်သန်းဦး၏အနားတွင်ရပ်နေသည့် လူရိပ်သဏ္ဌာန်တစ်ခုကို လရောင်အောက်၌ ရေးရေးမြင်တွေ့လိုက်ရသည်။

“စိုးသန်း…….ငါ့နားမှာနေပြီး စောင့်ကြည့်။ ဘယ်မှမသွားနဲ့”

“ဟုတ်….”

အောင်သန်းဦးက အုန်းပင်အောက် မြေကွက်လပ်တွင် ဘေးတစောင်းအိပ်ပျော်နေသဖြင့် သူ့အနားတွင်ရပ်နေသည့်အရာကို သတိ မထားမိသော်လည်း ရဲအုပ်စောထီးနှင့် ရဲတပ်သား စိုးသန်းတို့က ထိုအရာကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။ ခဏအကြာတွင် ထိုလူရိပ် သဏ္ဌာန်က အုန်းပင်ပေါ်သို့ လျင်မြန်စွာ တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

“ဟာ…..ဗိုလ်လေး…”

“ရှုး…….”

“ဟုတ်…..”

ခဏအကြာတွင် အောင်သန်းဦး၏ခေါင်းပေါ်သို့ အုန်းပင်ပေါ်မှ အုန်းသီးစိမ်းများကြွေကျလာလေသည်။

“ဟာ……”

“ဘုံး………”

“ဘုံး……”

“ခွပ်….”

“ဖောင်း…”

“စိုးသန်း…..လာ……အောင်သန်းဦးကို သွားဆွဲရအောင်”

“ဟုတ်ကဲ့ ဗိုလ်လေး”

ရဲအရာရှိစောထီးနှင့် ရဲတပ်သားစိုးသန်းတို့ အောင်သန်းဦးထံရောက်သွားသည့်အချိန်တွင် ခေါင်းနှင့် နားထင်ပေါ်သို့ အုန်းသီးစိမ်းများ အဆက်မပြတ်ထိမှန်ထားသဖြင့် အောင်သန်းဦး၏ဦးခေါင်း၊ ပါးစပ်နှင့်နှာခေါင်းထဲမှ သွေးများထွက်ကာ အကြောဆွဲနေလေပြီ။

“မရတော့ဘူးထင်တယ်”

“တောက်…….”

ရဲအရာရှိစောထီးက တောက်တစ်ချက်ခတ်လိုက်ပြီး အုန်းပင်ပေါ်သို့မော့ကြည့်လိုက်သော်လည်း အုန်းပင်ပေါ်၌ မည်သည့်အရာကိုမျှ မ တွေ့ရပေ။

ရဲတပ်သားစိုးသန်းက အောင်သန်းဦးကိုဆွဲထူလိုက်ပြီး လည်ပင်းမှသွေးကြောကိုစမ်းသပ်ကြည့်ခြင်း၊ နှာခေါင်းဝသို့နားဖြင့်ကပ်ပြီးနား ထောင်ကြည့်ခြင်းများကိုပြုလုပ်ပြီးနောက် ရဲအရာရှိစောထီးကိုမော့ကြည့်ကာ ခေါင်းခါပြလိုက်သည်။

“အသက်မရှိတော့ဘူး ဗိုလ်လေး”

“ဒုက်ခပါပဲကှာ…..”

ရဲအရာရှိစောထီး စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည့်အချိန်တွင် အောင်သန်းဦးထံမှ စကားသံထွက်ပေါ်လာလေသည်။

“ခွေးတစ်ကောင်တော့သေပြီ။ အိမ်သာကျင်းထဲမှာ ငါ့အလောင်းရှိတယ်။ သွားရှာကြ။ ဟိုခွေးမကို သတ်ရဦးမယ်”

“ခင်ဗျား…ဘယ်သူလဲ……။ ဦးဘတုတ်လား”

“အေး….ဟုတ်တယ်”

“ဦးဘတုတ်ဆိုတာ သေချာလား”

“-----------------“

မျက်လုံးမှိတ်ပြီး စကားပြောနေသည့်အောင်သန်းဦးထံမှ စကားသံထပ်ပေါ်မလာတော့ဘဲ ငြိမ်သက်သွားလေသည်။

“စိုးသန်း…..စခန်းကိုအမြန်ပြန်ပြီး ဆရာသောင်းမြင့်နဲ့ နောက်နှစ်ယောက်ကို သွားခေါ်ကွာ။ ငါက ကင်းမှော်ရွာထဲသွားပြီး လူကြီးတွေကို သွားခေါ်မယ်၊ အခုသွားတော့”

“ဟုတ်……”

***************

တစ်ညလုံး အလုပ်ရှုပ်နေသဖြင့် မနက်မိုးလင်းသည့်အခါမှ အိမ်သာကျင်းထဲမှအလောင်းကို ဖော်နိုင်ခဲ့လေသည်။ အလောင်းက ပုပ်ပွ ဆွေးမြည့်နေပြီး လောက်များတွယ်ကပ်နေသည်။ အိမ်သာကျင်းထဲ၌ အုန်းလက်များဖုံးထားသဖြင့် တော်ရုံမမြင်တွေ့နိုင်သလို အနံ့လည်းထွက် မလာခြင်းဖြစ်ပေသည်။ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ဦးဘတုတ်၏အလောင်းနှင့် အောင်သန်းဦး၏အလောင်းအား စက်လှေဖြင့်တင်ဆောင်ကာ ဆေးရုံပို့ဆောင်ရန်ပြင်ဆင်ရလေတော့သည်။

“ဦးဘတုတ်ရဲ့မယားကြီးနဲ့ အောင်သန်းဦးရဲ့ဆွေမျိုးတွေဆီ အကြောင်းကြားဖို့လုပ်ရအောင် ဆရာသောင်းမြင့်။ ကျွန်တော်တော့ ဘယ်လို ဖြစ်ဦးမယ်မသိဘူးဗျာ”

“စိတ်မပူပါနဲ့ ဗိုလ်လေး။ စိုးသန်းလည်း သက်သေရှိတာပဲ။ အုန်းသီးပြုတ်ကျလို့သေသွားတာပဲ ဗိုလ်လေးရာ”

“မယုံလို့ စောင့်ကြည့်မိတာ အမှားကြီးမှားသွားတယ်"

“ဗိုလ်လေးမှမဟုတ်ပါ့ဘူး။ ကျွန်တော်လည်း မယုံဘူး”

“မယုံလို့မရတော့ဘူး ဆရာသောင်းမြင့်။ ကျွန်တော်တို့ကိုယ်တိုင် ကြုံခဲ့ရပြီဗျာ။ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်ဗျာ”

“ဟုတ်ကဲ့ဗိုလ်လေး”

“မနက်ဖြန်မနက်မှာတစ်ယောက်ယောက်ကို ကျောက်တစ်လုံးရွာကို လွှတ်ပြီး ခင်ခင်ဦးပြန်လာပြီလားဆိုတာ သွားစုံစမ်းခိုင်းရမယ်”

“ဟုတ်…..”

နောက်တစ်နေ့၌ ကျောက်တစ်လုံးရွာသို့ သွားရောက်စုံစမ်းသော်လည်း မခင်ခင်ဦးပြန်မရောက်သေးသဖြင့် လှည့်ပြန်လာရပြန်သည်။ အောင်သန်းဦးသေဆုံးပြီး လေးရက်မြောက်နေ့တွင် ကျောက်တစ်လုံးရွာမှ အမျိုးသားတစ်ယောက်နှင့် မခင်ခင်ဦး၏မိခင် ဒေါ်ချစ်လှတို့ ရဲစခန်း သို့ရောက်လာကြသည်။ ဒေါ်ချစ်လှနှင့်အတူပါလာသည့်အမျိုးသားသည် မခင်ခင်ဦး၏အစ်ကိုကြီးဖြစ်ပေသည်။

“လာပါ…ထိုင်ကြပါ”

“ဟုတ်….ဟုတ်ကဲ့”

“မခင်ခင်ဦးပါမလာဘူးလား”

“ဟီး…….၊ ဟီး…..”

ရဲအရာရှိစောထီးမေးမြန်းလိုက်စဉ် ဒေါ်ချစ်လှက ရုတ်တရက် ကောက်ကာင်ကာငိုလိုက်သဖြင့် ရဲအရာရှိစောထီး အံ့အားသင့်သွားလေ သည်။

“အဒေါ်…ဘာဖြစ်လို့ငိုနေတာလဲ။ ကျွန်တော်မေးတာ ဖြေဦးလေ”

“ကျွန်တော့်ညီမ ခင်ခင်ဦး ဆုံးသွားပြီဆရာ”

“ဗျာ……။ ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲ”

“မနေ့ညနေက သူတို့သားအမိပြန်ရောက်ကြတယ်။ ဘယ်ကိုသွားတယ်ဆိုတာလည်း မေးလို့မရဘူး။ သူထွက်သွားတုန်းကလည်း ကျွန်တော်တို့ ညီအစ်ကိုတွေ မရှိဘူးဗျ”

“ဟုတ်ကဲ့….။ ဆက်ပြောပါဦး”

“သူပြန်ရောက်လာပြီး ရေချိုးဖို့ အိမ်ပေါ်ကအဆင်းမှာ အိမ်ပေါ်ကပြုတ်ကျပြီး အဝတ်လျှော်တဲ့ကျောက်တုံးနဲ့ဆောင့်မိသွားတယ်ဆရာ။ ကျွန်တော် အမြန်ပြေးသွားပြီး ကြည့်လိုက်တော့ သတိလစ်နေတယ်။ ကျွန်တော်လည်း ခင်ဦးကိုပွေ့ချီပြီး အိမ်ပေါ်တင်လိုက်တယ်။ အိမ်ပေါ် ရောက်တော့အသက်မရှိတော့ဘူးဆရာ”

“ဟာ………”

“ဒါ…..ဒါပမေဲ့…..”

“ဟုတ်ကဲ့။ ပြောပါခင်ဗျ”

“ခင်ဦးရဲ့အလောင်းကို အိမ်ပြင်မထုတ်သေးဘဲ အိမ်ရှေ့မှာပဲထားသေးတယ်။ ညရောက်တော့ ခင်ဦးက စကားထပြောတယ်ဆရာ”

“ဗျာ…ဘာတွေပြောလဲ”

“ခွေးပု၊ မင်းညီမကို ငါသတ်လိုက်ပြီ။ ဟိုခွေးကောင်နဲ့ မင်းညီမကို ဘယ်ဘဝရောက်ရောက် အသေသတ်ဦးမယ်တဲ့”

“ဒါဆို မခင်ခင်ဦးကို ဦးဘတုတ်သတ်လိုက်တယ်လို့ ခင်ဗျားပြောချင်တာလား”

“ဟုတ်ပါတယ်ဆရာ။ ခွေးပုဆိုတဲ့နာမည်ကို ဘတုတ်ပဲခေါ်တတ်တယ်။ အဲဒီနာမည်ကို ဘတုတ်ကလွဲရင် ဘယ်သူမှမသိဘူး။ ခင်ဦး ရေဆင်းချိုးဖို့အိမ်ပေါ်ဝအရောက်မှာ အောက်ကိုပြုတ်ကျသွားတာ ကျွန်တော်နဲ့အမေတို့မြင်လိုက်တယ်ဆရာ။ တစ်ယောက်ယောက်က နောက်ကနေ ဆောင့်တွန်းလိုက်သလိုမျိုးပဲ”

“ဟူး………။ အငြိုးကြီးလိုက်တာဗျာ။ မခင်ခင်ဦးရဲ့အလောင်းက အိမ်မှာလား”

“ဟုတ်ပါတယ်ဆရာ”

“ကျွန်တော်တို့ လိုက်ခဲ့မယ်ဗျာ”

ရဲအရာရှိစောထီးနှင့် ရဲတပ်ဖွဲ့ဝင်သုံးယောက်တို့ ကျောက်တစ်လုံးရွာသို့သွားရောက်ကာ မခင်ခင်ဦး၏အလောင်းအား စစ်ဆေးကြလေ သည်။ မခင်ခင်ဦး၏ နဖူးတည့်တည့်တွင် ချိုင့်ဝင်ရာတစ်ခုနှင့် ကျောကုန်းတွင် ညိုမည်းနေသည့်ဒဏ်ရာတစ်ခုကိုတွေ့ရသဖြင့် လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ဆောင်ကြပြီး အလောင်းကို ဆေးရုံသို့ပို့ဆောင်လိုက်ကြလေတော့သည်။

( ထိုအမှုအားနှစ်ပေါင်းအတော်ကြာသည့်အခါ ပိတ်သိမ်းလိုက်ရလေသည်။ ရဲအရာရှိစောထီးသည် ရခိုင်ပြည်နယ်မှ မြို့တစ်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ရဲအုပ်ရာထူးသို့တိုးမြှင့်ခံရပြီး နှစ်နှစ်ကျော်အကြာတွင် မော်တော်ယာဉ်တိမ်းမှောက်၍ ဆုံးပါးသွားခဲ့ပါ သည်)

( နေရပ်နှင့်အမည်များကိုလွဲပြောင်းရေးသားထားပါသည်)

***********************

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#ဦးဘ
#ခင်ခင်
#ခင်ဦး
#ဦးလေး
#အရက်

Some text some message..