မက်မောလွန်းသူရဲ့ နောင်တ (သို့) လောဘနိဂုံး
lotaya.mpt.com.mm
|
2020-06-12

“သမီးရယ်..ညီးနားကပ်အသစ်လုပ်ထားတာလား။လှလိုက်တာအေ။ တို့များကြတော့ ဘယ်သူကလုပ်ပေးပါ့။ ကိုယ့်သားကလည်း မိန်းမရပြီးကတည်းက ဘာမှအားမကိုးရ တော့။ ချွေးမကြတော့လည်း ပြောနေရတယ်။ ငါက လာကိုမလာချင်ပါဘူးအေ။ တော် ကြာနေတောင်းနိုးနိုးဖြစ်မှာဆိုးလို့”

ဒေါ်စိန်မြိုင်တစ်ယောက် တစ်ဦးတည်းသောသားဖြစ်သူ အိမ်ထောင်ပြုပြီးကတည်းက အမြဲပဲ ချွေးမအပေါ်မကျေမနပ်ဖြစ်လို့နေတာပါ။ အိမ်ထောင်ကျပြီးတော့ သားဖြစ်သူက အိမ်ခွဲနေမယ်ဆိုကတည်းက စလို့ ချွေးမကို အမြင်မကြည်တာတစ်ကြောင်း၊ နဂိုက သားရဲ့ လစာတွေအကုန်သူက စီမံခန့်ခွဲခဲ့ရပြီး အခုကြတော့ သားတို့မိသားစုရဲ့ တစ်လ တစ်ခါမှ ကန်တော့တဲ့ ငွေကြေးတွေက အရင်ကထက်နည်းတော့ အသုံးကြပ်တယ်လို့ ယူဆတာက တစ်ကြောင်းမို့ အမြဲပဲ မကျေမနပ်ဖြစ်နေတာပါ။

အခုလည်းသားတို့အိမ်ဖက်ကို လာလည်ရင်းချွေးမက စိန်နားကပ်ကြီးတဝင်းဝင်းနဲ့ ဆိုတော့ စိတ်ထဲကရှိတဲ့အတိုင်းကိုပြောချထည့်လိုက်တော့တာပါပဲ။

“အမေရယ်။ ဒါကျွန်မလစာနဲ့လုပ်ထားတာပါ။ ကိုကိုဝယ်ပေးတာ မဟုတ်ပါဘူး။ အမေ့ ကိုလည်း သမီးတို့ လတိုင်းကန်တော့တာပဲလေ။ အခုလည်း အမေပြန်ရင်သမီးက ကန် တော့လိုက်ဦးမှာပါ”

ဒီစကားက ဘယ်လို ထွက်သွားမှန်း ယမုံကိုယ်တိုင်တောင်မသိတော့။ ကိုကို့ အမေက သားကိုချစ်တာ မှန်ပေမယ့် အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ ယမုံထင် ပါ တယ်။ လစဉ်ကန်တော့နေကြငွေကြေးအပြင် ယမုံမသိအောင်တစ်မျိုး၊ သိပြီးပေးချင် အောင်တစ်ဖုံ ကိုကိုကလည်းပေးလေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာ ကိုကိုပေးတာ များ လို့ လစာတောင်ယမုံက နည်းနည်းပဲရတော့တဲ့ အခါမျိုးတွေလည်းရှိပါတယ်။

ဒါကြောင့်စိတ်ထဲမှာ ဒီတစ်ခါ ကိုကို့ အမေလာရင် ငွေကြေးအစား၊ ဆန်၊ ဆီစတာတွေ ကိုပေးလိုက်မယ်လို့ ရည်ရွယ်ထားတာပါ။ ဒါပေမယ့် အခုတလော ဘယ်လိုဖြစ်တယ် မသိ။ အဲဒီလိုစကားဖက်ကို မရောက်တော့ပဲ ငွေကြေးတွေကန်တော့လိုက်မိပြန်ပြီး ကိုကို့ မေမေ ပြန်သွားမှ ဟယ် ငါဘယ်လိုဖြစ်လို့ ပေးမိပြန်တာပါလိမ့်လို့ သတိရသွား ပြန်ပါတယ်။

အခုလည်း မေမေကတောင် ဘာမှ သိပ်မပြောရသေး။ ယမုံကပေးလိုက်ဖို့ ပြောပြီး နေပြန်တာသတိထားလိုက်မိပါတယ်။

“အို ဒီလိုမျိုးနားကပ်လေး လိုချင်တာသမီး။ မေမေ့မှာရှိတဲ့နားကပ်တွေက ဒိတ်အောက် နေပြီ။ သမီးကဘယ်အချိန်ပြန်လုပ်လုပ်ရပါတယ်။ မေမေ့ကို သမီးနားကပ်ပဲပေးလိုက် နော်”

ယမုံ့ စိတ်ထဲ တင်းကနဲ တစ်ချက်ဖြစ်သွားပေမယ့် ဘာရယ်ကြောင့်မှန်းမသိ စိတ်တွေက မေမေ့စကားကိုနားထောင်ချင်သလိုဖြစ်နေပြီး “ဟုတ်ကဲ့မေမေ။ ဒါဆိုလည်းဒီလောက် မေမေကြိုက်နေတာ ယူသွားလိုက်ပါတော့။ သမီးနောက်တော့မှ ပြန်လုပ်လိုက်မယ်လေ” ဆိုပြီး နားကပ်ကိုချွတ်ပေးလိုက်ယုံသာမက ထိုင်ပါကန်တော့လိုက်ပါတော့တယ်။

မေမေတစ်ယောက်တော်တော်လေးကို ကျေနပ်သွားပြီး ခါတိုင်းလို ကိုကိုပြန်လာအောင် တောင်မစောင့်တော့ပဲ တန်းပြန်သွားပါတယ်။ မေမေပြန်သွားတော့ ခေါင်းတွေမူးလာပြီး ယမုံအိပ်ချင်လာတာကြောင့် အိပ်ခန်းထဲဝင်အိပ်လိုက်ပါတယ်။

နိုးလာတော့ ခုဏက အိပ်မက်လိုလို တကယ်လိုလိုတွေဖြစ်နေပြီး နားကိုစမ်းကြည့်လိုက် တော့နားကပ်က မရှိတော့ပါဘူး။ ယမုံ့မှာလည်း နားကပ်တွေအများကြီးရှိပေးမယ့် အခု ဝယ်ထားတဲ့နားကပ်က ယမုံလည်းအရမ်းကြိုက်သလို ဈေးလည်းတော်တော်ပေးဝယ် ထားရတာကြောင့် စိတ်ထဲမှာ အရမ်းနှမျောမိနေပါတယ်။

“နှမျောရင်ဘာလို့ ချွတ်ပေးလိုက်သေးလဲ။ ငါဘာလို့ အခုတလော မေမေ့စကားတွေကို မလွန်ဆန်နိုင်ဖြစ်နေရတာလဲ။ဒါရိုးမှရိုးရဲ့လား။ ငါများရူးနေတာလား”

ယမုံအထပ်ထပ်အခါခါပြန်တွေးပေမယ့်လည်း အဖြေမရှိပါဘူး။ မေမေ့ကိုကြောက်နေ တာ၊ မေမေလာပြီး တစ်ခုခုမတောင်းရသေးခင်ကိုယ်က ပေးချင်နေတာ။ အမှန်တော့ တကယ့်စိတ်ရင်းအရဆိုရင် တော်တော်လွန်နေပြီမို့ မပေးချင်တော့တာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ လုံးဝမနေနိုင်ပဲ ပေးမိသွားတာတွေက ထူးဆန်းနေပါတော့ တယ်။

ကိုကိုက ယမုံ့နားကပ်အကြောင်းမေးလာတော့ မေမေတောင်းလို့ ပေးလိုက်တယ်ဆိုပြီး ပြောပြလိုက်ပါတယ်။ ကိုကိုကတောင် ယမုံနဲ့လိုက်ကြောင်း၊ နောက်ဆို မေမေတောင်း တိုင်းပေးစရာမလိုကြောင်းတွေ ပြောလာပါတယ်။ ယမုံလည်း ကိုယ်ကလည်းအလုပ်ရှိ ပါတယ်လေ။ စုပြီးပြန်ဝယ်ရင်ရနိုင်ပါတယ်။ နောက်ကိုသတိထားလိုက်မယ်ဆိုပြီး မေ့မေ့ ပျောက်ပျောက် နေလိုက် ပါတယ်။

ဒီလိုနဲ့ တစ်လလောက်ကြာတော့ မေမေတစ်ယောက်ရေးကြီးသုတ်ပြာနဲ့ ရောက်လာပြန် ပါတယ်။ ထုံးစံအတိုင်းယမုံတစ်ယောက်တည်းရှိတဲ့အချိန်ပေါ့။


“သမီးမေမေ့ကို သိန်းငါးဆယ်လောက်ပေးစမ်းပါဦး။ အရေးတကြီးငွေလိုနေလို့။ မေမေ့ လုပ်ငန်းတစ်ခုမှာ အဲဒီလောက်ထည့်မှ ပိုက်ဆံတွေကပြန်ထွက်မှာ။ ပိုက်ဆံပြန်ထွက် လာရင် မေမေသမီးကိုပြန်ပေးပါ့မယ်”
“ဟယ်မေမေရယ်။ တစ်နေ့ကပဲ ကိုကိုက ကားလဲဖို့ဆိုပြီးယမုံ့ ဆီက ပြန်တောင်းသွား လို့ ပေးလိုက်ရတယ်။ သမီးလက်ထဲမှာ အိမ်သုံးလောက်ပဲရှိတော့တာ”

ယမုံ့လက်ထဲမှာ တကယ်လည်းပိုက်ဆံသိန်းငါးဆယ်က ရှိမနေပါဘူး။ ဒီတစ်ခါတော့ ယမုံ မငြင်းချင်လည်းငြင်းရတော့မှာပါ။ တကယ့်ကိုလက်ထဲမှာ ပိုက်ဆံက မရှိတော့။

မေမေက အသာလေး ယမုံထိုင်နေတဲ့နားလေးကို ကပ်ထိုင်လိုက်ပြီး ယမုံလက်ကို ကိုင် လိုက်ပါတယ်။ “အော်သမီးရယ် သိန်းငါးဆယ်ထဲဟာကို သမီးမှာ ပိုက်ဆံလတ်တလော မရှိရင် ရွှေတွေရှိတာပဲ။ ပေါင်နှံလိုက်ရင်ပြည့်ပါတယ်..မေမေနောက်ကို အကူညီမ တောင်း တော့ပါဘူး။ ဒီတစ်ခါပဲ နောက်ဆုံးအနေနဲ့ ကူညီပါနော်”

“သွားပြီ..ယမုံခေါင်းတွေမူးလာပြီ။ ဟုတ်ကဲ့မေမေ။ ဒါဆိုလည်း သမီးတို့ သွားပေါင် ကြည့် ကြတာပေါ့” ဆိုပြီး အကုန်လုံးကိုပေါင်နှံလို့ ယောက္ခမကိုကြည်ကြည်ဖြူဖြူ ပေးလိုက်ပါတော့တယ်။

“မေမေသိပ်တရားလွန်နေပြီ။ ယမုံဘာကြောင့် ဒီလောက်သည်းခံနေမှန်းလဲ ကိုကို မသိ ဘူး။ တကယ်ဆို မေမေက ကိုယ်တို့ထက်တောင်ချမ်းသာသေးတယ်။ ကိုကိုတို့ဘာ တွေများ သားသမီးဝတ္တရားမကျေပွန်တာ ရှိလဲ။ ယမုံလည်းကိုကို့ကို အားနာစရာလုံး ဝမလိုဘူး။ နောက်ကို မေမေတစ်ခုခု လိုရင် ကိုကိုနဲ့ပဲ ပြောလို့ ပြောလိုက်။ အိမ်လာ လဲ တံခါးမဖွင့်ပေးနဲ့။ ကိုကိုလည်းမှာထားမယ်”

ကိုကိုတစ်ယောက် သူ့ အမေနဲ့ဖုန်းတွေဆက်စိတ်တွေဆိုးပြီး မေမေလည်းအိမ်မလာ တော့။ ယမုံလည်း အဲဒီလို ရွှေတွေကုန် ပိုက်ဆံတွေကုန်ပြီးကတည်းက ရောဂါတွေ မယ်မယ်ရရမရှိပါပဲ အိပ်ရာထဲက မထနိုင်တဲ့အထိကို ဖျားနာပါတယ်။ တရှောင်ရှောင် ဖြစ်လာပါတယ်။

နောက်ဆုံးမှာတော့ ယမုံရဲ့ တစ်ဦးတည်းသော ဒေါ်လေးက စစ်ကိုင်းကနေ ဆရာ တစ်ယောက်ပင့်ပြီးရောက်လာတော့မှ ယမုံ့ကို မကောင်းတဲ့ အတတ်နဲ့ပြုစားထား ကြောင်းသိရပါတယ်။ ပြောသမျှပြီးအောင်၊ ပြောတိုင်းရအောင် ကဝေမျက်နှာဖုံးဆို တဲ့ အရုပ်နဲ့ လုပ်တာတွေပါသိလိုက်ရပါတယ်။ ဒေါ်လေးကလည်းတရားသမား၊ ယမုံ ကလည်း ပြီးလွယ်စီးလွယ်တဲ့လူမို့ နောက်ကိုမပတ်သက်တော့လောက်ဖို့နဲ့ အခု လုပ် ထားတဲ့ ဆေးတွေ အကုန်ပြယ်ဖို့ကိုပဲ ဦးစားပေးလိုက်ပါတယ်။

ပြီးတော့ ယမုံအလုပ်ကခွင့်ယူလိုက်ပြီး တရားစခန်းဝင်လိုက်ပါတယ်။ ကိုကို့ကိုလည်း ပြန်ပြောပြမနေပေမယ့် သူကလည်း ရိပ်ဖမ်းသံဖမ်းနဲ့ ရိပ်မိနေပါတယ်။ ဒါပေမယ့် မွေး ထုတ်ထားတဲ့ အမေဆိုတော့လည်း အပြစ်တွေ တင်မနေတော့ပဲ နားလည်မှုနဲ့ နေ လိုက်ပါတယ်။

ဒါပေမယ့်လကုန်တိုင်း ဝတ္တရားမပျက်မေမေ့ဘဏ်ကတ်ထဲကိုတော့ ကန်တော့နေကျ ငွေပမာဏကို ကန်တော့ကြပါတယ်။ ဒီလိုနဲ့နေလာရင်းမေမေကလည်းသူ့ အပြစ်နဲ့ သူမို့ ဖုန်းမဆက်တာနဲ့ အဆက်သွယ်တွေပြတ်နေကြတုန်း ဖုန်းဝင်လာခဲ့ပါတယ်။

“သမီးရေ ယမုံ..ကြီးကြီးဝင်းပါကွယ်။ မောင်ပိုင်ခန့်အမေတော်တော်လေး နေမကောင်း လို့ သမီးတို့အားရင်လာကြည့်ကြပါဦးနော်”

မေမေတို့အိမ်က အိမ်တော်ထိန်းကြီးကြီးဖုန်းဆက်လာတာကြောင့် ယမုံကိုကို့ကို ဖုန်းခေါ်ပြီး တူတူသွားကြည့်လိုက်ပါတယ်။ မယုံနိုင်လောက်အောင် မေမေက သုံးလ အတွင်း ပိန်ခြုံးလို့ ရုပ်တော်တော်ပျက်သွားပါတယ်။


“မေမေဘာဖြစ်တာလဲ ကြီးကြီးဝင်း။ ဘာလို့ ဒီလောက်ကျသွားရတာလည်း။ ဘာရော ဂါတဲ့လဲ။ ဘာလို့ အခုမှအကြောင်းကြားရတာလဲဗျာ”
ကိုကို့ရဲ့ စကားအဆုံးမှာတော့ကြီးကြီးဝင်းက ဖုန်းဆက်ချင်ပေမယ့် မေမေက မဆက် ခိုင်းတာဖြစ်ကြောင်း၊ မေမေရဲ့ ရောဂါဟာ စိတ်ရောဂါအပျော့စားတစ်မျိုးဖြစ်နေတယ် လို့ ဆိုပါတယ်။

မေမေဘယ်လိုခံစားနေရသလဲလို့ ဝိုင်းမေးကြတော့မှ မေမေကပြောပါတယ်။ သူညဖက် အိပ်မပျော်ရာကစလို့ ဒီလိုမျိုးဖြစ်သွားပါတယ်လို့ ပြောပြပါတယ်။

“သမီးရယ် မေမေဝဋ်တွေပြန်လည်နေပါပြီ။ မေမေမှားခဲ့ပါတယ်။ မလုပ်ကောင်းတာတွေ ကို အပေါင်းအသင်းတွေ မြှောက်ပေးလို့ မေမေသမီးအပေါ်မှာကျူးလွန်ခဲ့ပါတယ်။ မေမေ့ကိုခွင့်လွှတ်ပါနော်”

ယမုံကလည်း အသည်းမာနိုင်သူတစ်ယောက်တော့မဟုတ်ပါဘူး။ ဒါကြောင့် ချက်ချင်း ဆိုသလိုပဲ ဘာမှစိတ်ထဲကိုမထားဖို့နဲ့ အမြန်ဆုံးသက်သာအောင်ဝိုင်းကုပေးကြမယ် လို့ ပြောဆိုအားပေးလိုက်ပါတယ်။

မေမေ့ရဲ့ ရောဂါက လည်းအတော်လေးကိုထူးဆန်းပါတယ်။ သူအိပ်ပျော်တော့မယ်လို့ ကြံရွယ်လိုက်တိုင်း ဘေးနားမှာလူတစ်ယောက်ကရပ်ပြီး ပိုက်ဆံအသစ်ကြပ်ချွတ်တွေ ကို ရေတွက်နေတဲ့ အသံကိုကြားရပါသတဲ့။ ဒီတော့ အဲဒီပိုက်ဆံတွေကို မေမေကလိုက် ရီပြီး တစ်ထောင်ကစလို့ ညတိုင်း ငါးသိန်းဆယ်သိန်းနီးပါးလောက် လိုက်လိုက်ရေနေ မိတယ်လို့ ဆိုပါတယ်။

အသံတွေမကြားရအောင်နားပိတ်ထားလည်းဘယ်လိုမှ မနေနိုင်ပဲလိုက်ရေတွက်မိနေ တဲ့အတွက် ညတိုင်းအိပ်ရေးတွေပျက်လာပါတယ်။ နောက်တော့ အစားအသောက် တွေပါပျက်လာပြီး အခုလို ဘာဆေးနဲ့ကုကု မပျောက်ပဲ စိတ်ရောဂါကုဆရာဝန်နဲ့ ပြ လည်း မသက်သာဖြစ်နေတော့တာပါပဲ။ နောက်ဆုံးမှာတော့ မေမေ့ဆီကို ယမုံတို့ ပြောင်းနေပြီး ပြုစုပါတယ်။

ဘယ်လိုမှမသက်သာတဲ့အဆုံး မေမေက သီလရှင်ဝတ်လိုက်ပါတော့တယ်။ သီလရှင် ဝတ်ပြီး တရားစခန်းတွေ ဝင်နေတော့မှသာ မေမေက ပြန်သက်သာလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘုရားမှတစ်ပါးကိုးကွယ်ရာမရှိဆိုတာကို သေသေချာချာကို သိ သွားပြီး ဝဋ်ကြွေးကံကြမ္မာတစ်ပတ်ပြန်လည်တတ်တယ်ဆိုတာကို ကောင်းကောင်း နားလည်သွားပါတော့တယ်။

ဒါကြောင့် တခြားလူတွေကိုလည်း သူလို အမှားမျိုးထပ်မဖြစ်ရလေအောင် ကြုံတိုင်း သူ့အဖြစ်အပျက်လေးကို ပြောပြခဲ့ပါတယ်။ အခုတော့ သူလည်း စစ်ကိုင်းက တရားစခန်းတစ်ခုမှာ အခုထိတရားစခန်းဝင်ရင်း ဘဝရဲ့ နောက်ဆုံးအချိန်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေပြီပဲဖြစ်ပါတယ်။

(ဇာတ်လမ်းလေးက အားပျော့ပေမယ့် ဝဋ်လိုက်တဲ့ရောဂါကဆန်းတာ ကြောင့် ရေးလိုက်တာပါနော်..။ ငွေမက်သူကို ငွေ တွေရေခိုင်းထားပြီး တစ်ည လုံးအိပ်မပျော်အောင်ဖြစ်စေတဲ့ ရောဂါဆိုတော့ ထူးဆန်းလွန်းလို့ ပြီးတော့ သဘောကျလို့ ရေးပေးလိုက်ပါတယ်...အားလုံးကို ချစ်တဲ့ မင်မင်)

https://web.facebook.com/permalink.php?story_fbid=540743496556262&id=336517150312232&__tn__=K-R

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#မေမေ
#နားကပ်
#ကန်တော့
#ကိုကို
#သမီး

Some text some message..