၁။
ကိုရေချမ်းသည် သားငယ် ဒိုဒိုးကို ပုံပြင်ပြောပြနေ၏။ အမှန်တော့ ပြောပြခြင်းထက် ဖတ်ပြနေသည်ဆိုရလျင် ပို၍ မှန်လိမ့်မည် ဖြစ်သည်။
ဒိုဒိုးက ကုတင်လေးပေါ်မှာ အိပ်လျက် နားထောင်နေပြီး၊ကိုရေချမ်းက ကုတင်ဘေးက ထိုင်ခုံပေါ် ထိုင်လျက် ပုံပြင်စာအုပ်တစ်အုပ်ကို သံနေသံထားဖြင့် ဖတ်ပြနေခြင်း ဖြစ်သည်။
ဒိုဒိုးဆိုတာက ၄နှစ်သားအရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ကိုရေချမ်းက ညစဉ် အိပ်ရာဝင် ပုံပြင်တစ်ပုဒ် ပြောပြပြီးမှသာ ဒိုဒိုးက ကျေနပ်စွာ အိပ်ပျော်တတ်၏။
" မင်းသမီးလေးကို မင်းသားလေးက မြင်းဖြူကြီးပေါ်တင်ပြီး ၊သူ့ရဲ့ နန်းတာ်ကြီးဆီကို ခေါ်သွားသတဲ့။နောက်ဆုံး၊
နန်းတော်ကြီးမှာ မင်းသားလေးနဲ့ မင်းသမီးလေးတို့ဟာ ချစ်ခင်ကြင်နာစွာ အသက်ထက်ဆုံး ပေါင်းသင်းကြတာပေါ့ကွယ် ..."
ပုံပြင်အဆုံးသတ်တွင် မျက်တောင်လေးများ မှေးစင်းကာ အိပ်ပျော်သွားသော ဒိုဒိုးအား စောင်ပါးလေးတစ်ထည် ခြုံပေးပြီး ကိုရေချမ်းသည် မိန်းမရှိရာ ကုတင်သို့ ကူးလာခဲ့သည်။
အိပ်ခန်း တစ်ခန်းထဲတွင် သူတို့လင်မယား အိပ်စက်သော ကုတင်တစ်လုံး နှင့် သားငယ် ဒိုဒိုး အတွက် ကုတင်တစ်လုံး ၊တစ်ခန်းတည်း၌ ကုတင် နှစ်လုံး သီးသန့် ခွဲထားရှိခြင်း ဖြစ်သည်။
ကိုရေချမ်းသည် သူ၏ မိန်းမဖြစ်သူ မသူဇာ နံဘေးတွင် ဝင်ရောက် လှဲလျောင်းလိုက်၏။ မအိပ်သေးသော မသူဇာက သူမ ခင်ပွန်း၏ ရင်ဘတ်ပေါ် လက်တစ်ဖက် တင်လိုက်ပြီး၊
" မောင့်သားက ပုံပြင် အရမ်းကြိုက်တာ၊
ပုံပြင် ဖတ်ပြတာချင်း အတူတူတောင်။
သူဇာ ဖတ်ပြရင် မကြိုက်ချင်ဘူး။ ဖေဖေ လာမှ အိပ်ရာဝင်မယ်တဲ့လေ "
ကိုရေချမ်းက မသူဇာအား ပြန်၍ ဖက်ထားလိုက်ပြီး ၊
" အဲ့တာက ဒီလို ရှိတယ် သူဇာရဲ့ ။မောင်က ပုံပြင် ဖတ်ပြရင် သံနေသံထားနဲ့ ဖတ်ပြတာကို သားက ကြိုက်ပုံရတယ်။
ပုံပြင်ထဲက ကျားကြီးက စကားပြောရင် အသံမာမာ တစ်မျိုး၊ ယုန်လေးက စကားပြောရင် နူးနူးညံ့ညံ့ အသံတစ်မျိုး ၊ အဲ့သလို ဇာတ်ကောင်တွေရဲ့ အမူအကျင့်အလိုက် လေသံမာတဲ့အခါ မာမာ ၊ လေသံပျော့သင့်တဲ့အခါ ခပ်ပျော့ပျော့နဲ့ မောင်က ပြောပြလေ့ရှိတော့ ၊ သားက မောင် ပြောပြတာပဲ နားထောင်ချင်တယ် ဖြစ်တာနေလိမ့်မယ် သူဇာ"
မသူဇာက ခပ်ပြုံးပြုံးဖြင့် ၊
"အဲ့သလိုဆိုလည်း ၊ မောင်ပဲ မောင့်သားကို ညတိုင်း ပုံပြင် ပြောပြပြီး သားကို ချော့သိပ်ပေါ့ ၊ သူဇာကတော့ တစ်နေကုန် အိမ်မှုကိစ္စတွေ လုပ်ရတာနဲ့ ပင်ပန်းလို့ အိပ်နှင့်တော့မယ်လေ ၊ မကောင်းဘူးလား မောင်"
ကိုရေချမ်းက သူ့မိန်းမကို ချစ်စနိုးဖြင့် နှာခေါင်းလေးကို လက်ဖြင့် ညှစ်ဆွဲလိုက်ရင်း ၊
" မယ် .. ဒါတော့ သူဇာ လူလည်ကျတာ မောင်သိပါတယ်နော် "
"ခဈခဈ "
ကိုရေချမ်းတို့ လင်မယားသည် တစ်ဦးကို တစ်ဦး ချစ်ခင်ကြင်နာစွာ ကျီစယ်ကလူပြု၍ ရယ်မောလိုက်ကြလေ၏။
တစ်ထပ်တိုက်လေး၏ အပြင်ဘက်၌ သာနေသော လမင်းသည် သူ၏ အလင်းရောင်ကို ပြည့်ဝစွာ ပေးဆပ်လျက် ကမ္ဘာမြေကို သာယာနေစေသည်။
ဤတစ်ထပ်တိုက်လေးသည် လျှပ်စစ်အဂျင်္နီယာ ကိုရေချမ်းအတွက် နိုင်ငံတော်က ပေးအပ်ထားသော တိုက်ကလေး ဖြစ်သည်။
တယ်လီဖုန်း၊ မီး၊ ရေ အပြည့်အစုံပါရှိသဖြင့် ကိုရေချမ်းတို့ မိသားစုအတွက် ဘုရားသခင်ကပေးသော နိဗ္ဗာန်ဘုံလေးဟုပင် ဆိုလိုက်ချင်ပါတော့သည်။
..................
၂။
အပြင်မှာ မိုးက သည်းသည်းမည်းမည်း ရွာနေသည်။တစ်ချက် တစ်ချက် ပြိုးပြိုးပြက်ပြက် လျှပ်ပန်းလျှပ်နွယ်များကြောင့် ဝင်းလက်သွားသည့် တခဏ၌ ကောင်းကင်သည် စိတ္တဇဆန်စွာ မိုးမိုးမှောင်မှောင်။
မသူဇာသည် ပြတင်းတံခါးများကို ပိတ်ရုံမျှမက ခန်းဆီးလိုက်ကာစများကိုပါ ဆွဲစေ့ထားလိုက်သည်။လျှပ်ပြက်သည့်အခါ လင်းထိန်သွားသော လျှပ်စီးကြောင်းကြီးများက သူမအား ကြောက်စိတ်ပိုစေသည်မဟုတ်လား။
ချိတ်ထားသော တိုင်ကပ်နာရီကို အမှတ်မထင် ကြည့်လိုက်တော့ ည ၈နာရီပင် ထိုးပြီဖြစ်လေ၏။
တိုင်းရုံး၌ အစည်းအဝေးရှိ၍ အိမ်ပြန်ချိန် နောက်ကျမည်ဟု ပြောသွားပေမယ့်၊ပို၍ နောက်ကျနေပါလားလို့ မချင့်မရဲ တွေးနေမိ၏။
ဧည့်ခန်းထဲက ဆက်တီထိုင်ခုံမှာ ပြန်လာတော့မည့် ကိုရေချမ်းကို သားအမိ နှစ်ယောက် ပွေ့ဖက်ကာ ထိုင်စောင့်နေကြသည်။
ဖောက်ကနဲ ဖောက်ကနဲ ပြတင်းပေါက်မှန်ကို မိုးရေစက်များက ထိမှန်နေ၏။
မိုးကား စဲပင် မစဲတော့ချေ။အရှိန်ကောင်စွာ ရွာသွန်းနေ၏။
မသူဇာ၏ ပေါင်ပေါ်ထိုင်နေသော ဒိုဒိုးလေးသည် အမေဖြစ်သူအား မော့ကြည့်ရင်း မေးလိုက်သည်။
"မေမေ ဖေဖေက ဘယ်အချိန် ပြန်လာမှာလဲ ၊ အလုပ်က အခုချိန်ထိ မပြီးသေးတာလား "
မသူဇာက စကားတတ်သော သားငယ်ကို ငုံ့ကြည့်၍ ပြုံးပြလိုက်ပြီး၊
" ဖေဖေက အလုပ်များနေလို့ပါ သားရဲ့၊ သူ့အလုပ်တွေ ပြီးရင် ပြန်လာမှာပေါ့။
ဘာလဲ သားလေးက အိပ်ချင်ပြီလား ၊
သားကို မေမေ ပုံပြောပြပြီး ချော့သိပ်မယ်လေ "
ဒိုဒိုးက ခေါင်းကို ခါရမ်းရင်း ၊
"သား ဖေဖေ ပြန်လာတဲ့အထိ စောင့်ဦးမှာ မေမေ။ ဖေဖေက သားကို ဒီနေ့ ပုံပြင်အသစ် ပြောပြမယ်လို့ ကတိပေးထားတယ် "
အမှန်တော့၊ ခါတိုင်းဆိုလျင် ည၈နာရီသည် ဒိုဒိုး အိပ်ရာ ဝင်ချိန်ဖြစ်သည်။ဒီကနေ့ ကိုရေချမ်းက တိုင်းရုံးသို့ မသွားမီ၊ ဒိုဒိုးအား ကတိတစ်ခု ပေးသွားခဲ့၏။
" ဖေဖေ အလုပ်က ပြန်လာရင်၊ သားကို ပုံပြင် အသစ်တစ်ပုဒ် ပြောပြမယ်။ပုံပြင်အသစ်ရဲ့ နာမည်က ဆင်လိမ္မာ နဲ့ မျက်မမြင် အဘိုးအိုတဲ့ ။ မေမေကြီးကို ဖေဖေ မရှိတုန်း ဂျီမတိုက်ရဘူးနော် "
" သား မေမေ့ကို ဂျီမတိုက်ပါဘူး ၊ ဖေဖေ ပြန်လာရင်သာ အဲ့ဒီ ပုံပြင် ပြောပြ ၊ သား အိမ်မှာ လိမ်လိမ်မာမာ နေပါ့မယ်"
" အိုကေ ၊ ဖေဖေ ပုံပြင်အသစ်ကို ညကျရင် ပြောပြမယ်လို့ သားကို ကတိပေးတယ်နော် ၊ ကတိ ကတိ"
အဲ့ဒီစကားကို ပြောပြီး၊ ကိုရေချမ်းနှင့်သားငယ်ဒိုဒိုးတို့ဟာ လက်သန်းချင်း ချိတ်ပြီး ကတိအဖြစ် အမှတ်အသား ပြုခဲ့ကြသေး၏။
ကိုရေချမ်း ကားပေါ်တက်ခါနီး သားငယ်ဒိုဒိုးက လိုက်လာပြီး ၊
"ဖေဖေ ကတိတည်ရမယ်နော် "ဟု သတိပေးလိုက်သေး၏။
မသူဇာသည်သားငယ်၏ အစွဲအလန်းကြီးစိတ်ကို အံဩနေမိ၏။ယခု မောင် ပြန်မလာသေး၍ သားငယ်အား ချော့မော့၍ ..
"သား ဖေဖေက ဘယ်တော့မှ ကတိမဖျက်တတ်ဘူး သားရဲ့။ သားဖေဖေ ပြန်လာတော့ ပုံပြင်အသစ်ကို ထပ်ပြောခိုင်းပေါ့။ အခုတော့ သားလေး အိပ်ချိန် ရောက်နေပြီနော်။ မေမေကပဲ သားကို ပုံပြင်တစ်ပုဒ် အရင်ပြောပြထားမယ်လေ ၊ ကဲ.. လာ ၊ သားလေးက လိမ္မာတယ် အိပ်ခန်းထဲ သွားကြစို့ရဲ့ "
မသူဇာသည် သားငယ်ကို ပွေ့ချီပြီး၊ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။သားငယ်ကို သူ့ကုတင်မှာ အိပ်စေပြီး၊ သူမသည် ပုံပြင်ဟောင်းတစ်ပုဒ်ကို ပြောပြနေ၏။
ဒိုဒိုးသည် မကျေနပ်သော်ငြားလည်း၊ မေမေ့အား ဂျီမတိုက်ပါဟု သူ၏ ဖေဖေ့ကို ကတိပေးထားသဖြင့် ငြိမ်သက်စွာ နားထောင်ရင်း အိပ်ပျော်သွားသည်။
မသူဇာသည် ဒိုဒိုး အိပ်ပျော်သွားသည့်အခါ စောင်ခြုံ ပေးထားခဲ့ပြီး၊ အခန်းအပြင်သို့ ထွက်လာခဲ့သည်။
ထိုအခိုက် ဧည့်ခန်းထဲက တယ်လီဖုန်းခွက်မှ အသံမြည်လာ၏။
" ကလင် ကလင် ကလင် "
ကိုရေချမ်းဆီက ဖုန်းပဲ ဖြစ်လိမ့်မည်ဟုတွေးတောကာ ဖုန်းခွက်ဆီသို့ ပြေးသွား ကိုင်လိုက်သည်။
"ဟယ်လို ...."
သူမဘက်မှ အသံပြုလိုက်ပေမယ့်၊ ဖုန်းခွက်ထဲက တဂျစ်ဂျစ်ဖြင့် အသံတွေသာ ကြားနေရသည်။ ထိုအသံများကြားတွင်၊
လူတစ်ယောက်၏ အသက် ခပ်ပြင်းပြင်း ရှုရှိုက်နေသော အသံ ပါဝင်သည်ဟု သူမ ထင်လိုက်မိသည်။
မသူဇာသည် စိတ်မရှည်ဟန်ဖြင့် ထပ်မံ၍ "ဟယ်လို ၊ဘယ်သူလဲ ၊ မောင်လား " ဟု ခပ်မာမာ မေးလိုက်သည်။
ဖုန်းထဲမှ တဂျစ်ဂျစ် တရှဲရှဲ အသံတို့ကိုသာ စဉ်ဆက်မပြတ် ကြားနေရ၏။ပြန်ထူးသည့်အသံ မကြားရချေ။နားထောင်နေရင်း ထိုအသံများသည် ဗြုန်းကနဲ ရပ်တန့်သွားသည်။ ထို့နောက် ဘာသံကိုမျှ မကြားရတော့ချေ။
မသူဇာသည် ဇဝေဇဝါဖြင့် ဖုန်းကို ဖုန်းခွက်ပေါ်သို့ ပြန်တင်ထားလိုက်သည်။
ဖုန်းကို နားထောင်ပြီးနောက် သူမ၏ စိတ်သည် မသက်မသာ ခံစားနေရသည်။
စိတ်ထဲဝယ် မတင်မကျ ဖြစ်နေ၏။
သူမ ဖုန်းခွက်ကို ယူ၍ နံပါတ်အချို့ကို နှိပ်လိုက်သည်။သူမ နှိပ်လိုက်သော ဖုန်းနံပတ်မှာ ကိုရေချမ်း၏ ဖုန်းနံပါတ်ပင် ဖြစ်၏။
သို့သော် နောက်ဆုံးဂဏန်းကို နှိပ်ခါနီးမှာ သူမ၏ လက်တို့ လေထဲ၌ ရပ်တန့်သွား၏။
'အင်း..အခုနေ ငါ ဖုန်းဆက်လိုက်ရင် သူ အနှောက်အယှက်များ ဖြစ်သွားမလား ၊ တော်နေကြာ အစည်းအဝေးခန်းမ ထဲဆိုရင် အထက်လူကြီးတွေနဲ့ ၊ အို မဖြစ်သေးပါဘူး၊ အချိန်တန်ရင် ပြန်လာမှာကို ငါကလည်း အစိုးရိမ်ကြီးနေပြန်ပါပြီနော် ..'
ဤသို့ဖြင့် မသူဇာသည် ဖုန်းမဆက်ဖြစ်တော့ပဲ၊ ဖုန်းကို ဖုန်းခွက်ပေါ် ပြန်တင်ထားလိုက်ပြီး ၊ အိပ်ခန်းဆီသို့ ဝင်လာခဲ့သည်။
တစ်နေကုန် အဝတ်တွေလျှော်၊နေပူလှန်း၊ မီးပူတိုက်နဲ့ ပင်ပန်းနေသဖြင့် သူမ ကုတင်ပေါ်သို့ လှဲလျောင်းလိုက်သည်။
မသူဇာ ငိုက်မြည်းလာ၏။ ကိုရေချမ်းတွင် အိမ်သော့အပို ပါသွားသည်ကို သတိရကာ သူမ စိတ်ချလက်ချ အိပ်ပျော်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ခါတရံ နောက်ကျတတ်သောကြောင့် ၊ ကိုရေချမ်း၌ အိမ်သော့အပို အမြဲဆောင်ထားတတ်သည်။
အရမ်းနောက်ကျသည့် ညများတွင်၊ ကိုရေချမ်းသည် မသူဇာကို မနှိုးတော့ပေ။ မသူဇာ၏ နံဘေးတွင် တိတ်တဆိတ် ဝင်၍ အိပ်နေတတ်သည့် အကျင့်ရှိ၏။
မသူဇာသည် ပင်ပန်းလွန်း၍ ထင်၏။မှေးကနဲ အိပ်ပျော် သွားတော့လေ၏။
သူမ အိပ်ပျော်လုဆဲဆဲတွင် ဧည့်ခန်းထဲက တယ်လီဖုန်း မြည်သံလိုလို ကြားရပြန်သည်။
သို့သော် ဖုန်းမြည်သံဟု တပ်အပ် မပြောသာ။ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မည်။
သူမ အမှန်တကယ် အိပ်ပျော်သွားပြီ ဖြစ်သည်။
.........................
၃။
ဆူညံသံ တစ်ခုကြောင့် မသူဇာသည် ဖြတ်ကနဲ လန့်နှိုးသွားသည်။
မသူဇာ သူမ၏ ဘေးတစ်ဖက်ကို လက်ဖြင့် စမ်းလိုက်မိသည်။ဒီအချိန်လောက်ဆိုရင် မောင် ပြန်ရောက်သင့်ပြီ မဟုတ်လား။
သို့ပေမယ့် ၊
"ဟင်! မောင်လည်း မရောက်သေးပါလား ၊ ဘယ်အချိန်တောင် ရှိနေပါလိမ့်"
အပြင်မှာ မိုးက သည်းနေဆဲပင်။အမိုးသွပ်ပြားပေါ်ကို မိုးရေစက်များ တဗြုန်းဗြုန်း ကျနေသံ ကြားနေရသည်။
အခန်းသည် မှောင်မည်းနေ၏။ ဧကန္တ မီးပျက်သွားခြင်း ဖြစ်လိမ့်မည်။
ညသည် ခါတိုင်းနှင့်မတူ ။ တမူထူးခြားနေသယောင်။အိမ်ထဲ၌ လေသံမိုးသံမှတစ်ပါး တိတ်ဆိတ်ငြမ်သက်ခြင်းသာ ကြီးစိုးလျက် ရှိ၏။
ထို တိတ်ဆိတ်ငြိမ်သက်ခြင်းသည်ပင် တစ်ယောက်တည်း ရှိသော သူမ၏ရင်ကို လေးလံလာစေသည်။
အတွေးတွေ ရှုပ်ပွစေလာ၏။
ထိုအခိုက်တွင်...
" ဂျစ် ဂျစ် ဂျစ် "
ဧည့်ခန်းထဲက ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘာသံပါလိမ့်ဟု ခန့်မှန်းကြည့်မိသည်။ လေးလံသည့် အရာတစ်ခုကို ပွတ်တိုက်ဆွဲလာသော အသံ ဖြစ်သည်။
အသံသည် မီးဖိုချောင်မှ ဧည့်ခန်းဆီသို့
သွားနေသည်ဟု မသူဇာ ထင်မြင်မိ၏။
မသူဇာသည် ကုတင်ဘေးက စားပွဲပေါ်သို့ လက်ဖြင့် စမ်းလိုက်သည်။တွေ့ပြီ။ စမ်းမိသွားပြီ။
ညဦးကတည်းက လိုရမယ်ရဆိုပြီး ဆောင်ထားသော ဖယောင်းတိုင်နှင့်မီးခြစ်ကို အရန်သင့် လက်ဖြင့်စမ်းကာ ယူလိုက်၏။
မီးခြစ်ကို ခြစ်၍ ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ပြီးနောက် ဖယောင်းတိုင်မီးဖြင့် အခန်းထဲကို လှည့်ပတ် ကြည့်လိုက်သည်။
သူမ အခန်းထဲက တိုင်ကပ်နာရီကို ဦးစွာ ကြည့်လိုက်မိတော့ ည ၁၂နာရီ ခွဲပြီ ဖြစ်သည်။ပြီးတော့ သားငယ်၏ ကုတင်ဆီသို့ အကြည့်က ရောက်သွား၏။
"ဟင်! သားငယ် ဒိုဒိုး "
ဒိုဒိုးကို ကုတင်ပေါ်တွင် မတွေ့ရချေ။
မသူဇာ စိတ်ပူသွားသည်။
ဖယောင်းတိုင်မီး ငြိမ်းသွားမည်စိုးသဖြင့် လက်ဖြင့် လေကွယ်ရင်း ဧည့်ခန်းသို့ သူမ ထွက်လာခဲ့သည်။
ဧည့်ခန်းကို ရောက်သည့်အခါ သူမ လက်ထဲက ဖယောင်းတိုင်မီးကို အနည်းငယ် မြှောက်၍ ကြည့်လိုက်သည်။
တွေ့ပါပြီ ။ ဒိုဒိုးသည် ကုလားထိုင်တစ်လုံးကို ဖုန်းခွက်တင်သည့် စင်အနီးသို့ ဆွဲယူထားပြီး၊ ထိုခုံပေါ်သို့ တက်၍ ဖုန်းခွက်ကို နားထောင်နေ၏။
ခုနက ကြားရသည့် ဂျစ်ဂျစ် ဟူသော ပွတ်တိုက်သံသည် ဒိုဒိုးက ခုံကို ဆွဲယူသွားသည့်အသံသာ ဖြစ်လိမ့်မည်။
ဒိုဒိုးသည် မျက်စိကို စုံမှိတ်၍ ဖုန်းခွက်ကို နားအနီးကပ်ခါ နားထောင်နေခြင်း ဖြစ်သည်။
ဘာတွေ သဘောကျနေသည် မသိ။ ဒိုဒိုး၏ မျက်နှာလေးသည် ပြုံးနေ၏။ကျေနပ်နေသည်။
ဒိုဒိုးထံမှ အသံထွက်လာသည်။
" ဒီပုံပြင်က အရမ်းကောင်းတယ် ဖေဖေ၊ပုံပြင်အသစ်လေးအတွက် ကျေးဇူးပါနော်။ ပုံပြင်လေးကို ထပ်ပြီး နားထောင်ချင်သေးတယ် ဖေဖေ "
ဟင်! ဒိုဒိုး ဖုန်းပြောနေတာ သူ့ အဖေနဲ့ပါလား ။ မောင်က အခုချိန်ထိ ပြန်မရောက်သေးဘူးပဲ ။
မသူဇာသည် ဖယောင်းတိုင်ကို စားပွဲခုံပေါ် မီးခံခွက်ဖြင့် ထွန်းထားလိုက်ပြီး ၊ တယ်လီဖုန်းစင်အနီးသို့ လျှောက်သွား၏။
အပြင်ဘက် ကားလမ်းမပေါ်က ကားတစ်စီးသည် သူမတို့ တိုက်အရှေ့မှ ဖြတ်သန်းမောင်းသွားသံ ကြားလိုက်ရ၏။
စက်သံ ခပ်ကြမ်းကြမ်းမို့ မောင့်ကားမဟုတ်သည်မှာ သေချာ၏။
"သားငယ်လေး ...၊ ဒိုဒိုး "
သူမ အတိုးညှင်းဆုံး လေသံဖြင့် သားငယ်ကို ခေါ်လိုက်ပြီး၊ ဖုန်းခွက်ကို အညင်သာဆုံး သားလက်ထဲမှ ခွာယူလိုက်သည်။
သားငယ် ဒိုဒိုးသည် သူမ ရင်ခွင်ထဲသို့ အသာအယာ လဲပြိုကျလာသည်။သဟ်တော့မှ သူမ သဘောပေါက်သွားသည်။
ဒိုဒိုးသည် အိမ်မက်ယောင်နေခြင်း ဖြစ်သည်။
ညက သူ၏ ဖေဖေ ပုံပြင်ပြောပြမည် ဟူသော စိတ်အစွဲဖြင့် အိပ်မက်ယောင်နေခြင်းသာ ဖြစ်လိမ့်မည်။
သားငယ်ကို လက်တစ်ဖက်က ပွေ့ထားရင်း၊ မသူဇာသည် ဖုန်းကို နားတွင်ကပ်၍ နားထောင်လိုက်သည်။
ဘယ်က လာသော ဖုန်းဖြစ်မှာလဲပေါ့။
ဖုန်းထဲမှ ညဦးပိုင်းကလိုပင် ၊ လေသံ တရှဲရှဲ ၊ တဂျစ်ဂျစ် ဟူသော အသံများကြားတွင် မောဟိုက်နေသော အသက်ရှုသံ ခပ်ပြင်းပြင်းကို သူမ ကြားလိုက်ရသည်။
ချက်ချင်းပဲ သူမသည် ထိတ်လန့်စွာဖြင့်၊
မေးလိုက်သည်။
" ရှင်ဘယ်သူလဲ ၊ ဘာကြောင့် ဒီဖုန်းကို ဆက်နေရတာလဲ "
ဖုန်းစပီကာခွက်ထဲမှ မညီမညာ အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
" မျက် မ မြင် ... အဘိုးအိုဟာ ......."
မသူဇာ ယောင်ယမ်း၍ ဖုန်းခွက်ကို လွှတ်ချလိုက်မိသည်။ ဖုန်းထဲက အသံသည် သူမ၏ ယောက်ကျားအသံမဟုတ်။
အက်ကွဲတုန်ရင်နေသော အသံပျက်တစ်ခု ဖြစ်နေသည်။
မသူဇာသည် ထိတ်လန့်နေသော သူမ၏ ကြောက်စိတ်ကို ပြန်လည် ထိမ်းမတ်ရင်း ၊
"အို ဒါဟာ တကယ် မဟုတ်ဘူး ၊ ဒါ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာ "
စိတ်ကို တည်ကြည်အောင် ပြုပြင်ပြီးနောက်။
မသူဇာ ကြိုးတန်းလန်း ကျနေသော ဖုန်းကို ပြန်ယူပြီး ဖုန်းခွက်ပေါ် တင်ထားလိုက်သည်။
ပြီးနောက် သူမသည် သားငယ်ကို ချီပွေ့လျက် အိပ်ခန်းက ကုတင်ပေါ် ပြန်သိပ်ထားလိုက်သည်။သားငယ် ဒိုဒိုးသည် နှစ်ခြိုက်စွာ အိပ်မောကျလျက် ရှိသည်။
မဖြစ်ချေတော့ဘူး ။ မသူဇာ သူမ၏ ယောက်ကျားထံ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူမ ထိုသို့ ဆုံးဖြတ်ချက် ချအပြီး၌၊
"ကလင် ကလင် ကလင်"
ဧည့်ခန်းထဲက ဖုန်းခေါ်သံ မြည်လာပြန်သည်။
ယနေ့ညအဖို့ ထို တယ်လီဖုန်း မြည်သံသည် သူမအတွက် ထိတ်လန့်စရာတစ်ခုလို ဖြစ်နေသည်။
မသူဇာသည် လေးလံသော ခြေလှမ်းများဖြင့် ဖုန်းခွက်တင်ထားသော စင်လေးရှိရာ လျှောက်သွားလိုက်သည်။
ဖုန်းခေါ်သံမှာ ဆက်တိုက် မြည်နေဆဲ ဖြစ်သည်။ မသူဇာ ဖုန်းကို မကိုင်သေးပဲ ရပ်ကြည့် ငေးနေမိသည်။
ပထမအကြိမ် ဖုန်းက ကျသွားပြီ။ သို့သော် ချက်ချင်းပဲ နောက်တစ်ကြိမ် ထပ်၍ ခေါ်လာပြန်သည်။
" ကလင် ကလင် ကလင် "
ဒီတစ်ကြိမ်တော့ မသူဇာသည် ဖုန်းကို ဆတ်ကနဲ ယူ၍ အသံမာမာဖြင့် ပြောလိုက်သည်။
"ဒီမှာ ! ရှင် ဘယ်သူလဲ ၊ ဘာလို့ ဖုန်းကို ခဏခဏ ခေါ်နေရတာလဲ "
တစ်ဖက်မှ အရေးတကြီးနိုင်သော အသံဖြင့် သူမနာမည်အား မေးလာ၏။
"ဟယ်လို မသူဇာလား ၊ ကျနော်ပါ ၊ ကိုရေချမ်းရဲ့သူငယ်ချင်း အောင်ခန့်ပါ "
မသူဇာ အားနာသွားသည်။ ကိုအောင်ခန့်ဆိုတာက သူမယောက်ကျားလို လျှပ်စစ်အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။
" ရှင် .. အော် ကိုအောင်ခန့် ၊ ဟုတ် ဘာကိစ္စလဲ ရှင့် "
တစ်ဖက်မှ သက်ပြင်း လေးလံစွာ ချသံကြားလိုက်ရပြီးနောက်၊
" သတင်းက သတင်းဆိုးဗျ ၊ မသူဇာ စိတ်ကို ထိန်းဗျာနော် .."
" ရှင်! ဘာဖြစ်လို့လဲ ကို အောင်ခန့်"
" မသူဇာယောက်ျား ၊ ကားအက်ဆီးဒင့် ဖြစ်လို့ ၊အခု ဆေးရုံကို ရောက်နေတယ်၊ အခြေအနေက အတော်ကို ဆိုးရွားတယ်လို့ ပြောရမယ်။ ကားက မီးလောင်သွားတော့........ "
မသူဇာ သူမ၏ နားကို သူမ မယုံကြည်နိုင်သလို ဖြစ်သွားသည်။
ဦးခေါင်းကို လေးလံသော တူကြီးတစ်လက်ဖြင့် အချက်ပေါင်း များစွာ ထုနှက်နေသလို ခံစားလိုက်ရသည်။
နှလုံးသားက အစိပ်စိပ်အမွှာမွှာ ကွဲထွက် လွင့်စင်ကုန်သလားအောက်မေ့ရသည်။ရင်ဘတ်ထဲ စူးအောင့် နာကျင်လာသည်။
" ရှင်! မ...မ ...မဖြစ်နိုင်တာ "
"ဗျာ ..ဘာပြောတာလဲ မသူဇာ ၊
အဲ့ဒီဘက်က အသံကို ကောင်းကောင်း မကြားရဘူးဗျ ၊ မသူဇာတို့ဆီ ကျနော့်ကား လွှတ်ပေးလိုက်မယ် ၊ ဆေးရုံကို လာခဲ့ပါ မသူဇာ "
မသူဇာ ထိုအသံကို ကြားရသလား၊ မကြားရလား မသိနိုင်။ ဖုန်းကို ဖုန်းခွက်ပေါ် ပြန်လည် ချထားလိုက်မိသည်။
ဝမ်းနည်းစိတ် ယူကြုံးမရ ဖြစ်သောစိတ်တို့ကြောင့် ခြေထောက်များက ခန္ဓာကိုယ်ကို ထမ်းပိုးမထားနိုင်တော့ချေ။
ဖုန်းတင်သည့်စင်လေး နံဘေးတွင် မသူဇာ တစ်ယောက် ညွှတ်ခွေ လဲကျသွားသည်။
..................
၄။
မသူဇာ ငိုရှိုက်လို့ ဝတော့မှ ၊ သတိ ပြန်ဝင်လာသည်။ သူမအား လာကြိုသည့် ကားမလာခင် ၊ သားငယ် ဒိုဒိုးကို နှိုးထားရန် လိုအပ်သည်မဟုတ်လား ။
မသူဇာ အိပ်ခန်းထဲသို့ ဝင်၍ ဝတ်ထားသော ညဝတ် အဝတ်အစားကို လဲလိုက်သည်။လိုအပ်မည် ထင်ရသော ပစ္စည်းအနည်းငယ်ကို သူမ၏ လက်ဆွဲအိတ်ထဲ ထည့်ထားလိုက်သည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသော သားငယ် ဒိုဒိုးကို အသာအယာ နိုးလိုက်သည်။
သားငယ်လေးသည် အိပ်စုံမှုန်ဝါးနှင့် ထလာပြီး ...
" အင်.. မေမေ ၊ ဖေဖေရောဟင် "
မသူဇာသည် မငိုမိအောင် အတင်းထိန်းထားရင်း ၊
" ထ သားလေး။ အခုပဲ သား ဖေဖေဆီသွားရအောင်နော် ၊ဒါကြောင့် သားလေးကို လာနိုးတာလေ "
ဒိုဒိုးက မသူဇာအား မော့ကြည့်၏။၊
" ဖေဖေက နောက်တစ်ခေါက် ပြန်ထွက်သွားတာလား မေမေ .."
မသူဇာ သည် ဒိုဒိုးအား အလန့်တကြား ကြည့်လိုက်ရင်း၊ နားမလည်ဟန်ဖြင့်။
" သားဖေဖေ ညက အိမ်ကို ပြန်မလာဘူးလေ "
ဒိုဒိုးက သူ၏ မေမေအား ရယ်ပြုံးပြလျက် ၊
" မေမေက အိပ်ပျော်နေလို့ပါ ၊ ဖေဖေက သားကို ညက ပုံပြင် အသစ်တောင် လာပြောပြသွားပြီးပြီ မေမေရဲ့ ၊ ဒါပေမယ့် သားက သိပ်နားမလည်လို့ ထပ်ပြောပြပါအုံးလို့ ဖေဖေ့ကို တောင်းဆိုထားတယ်လေ "
မသူဇာ သူမ၏ရင်ကို လက်ဖြင့် ဖိထားရင်း ဘုရားတလိုက်မိသည်။
"ဟင် ! ဘုရား ဘုရား "
ပြီးနောက် သူမ၏ သားကို ရင်ခွင်ထဲ ဆွဲယူ ပွေ့ဖက်ထားရင်း အင့်ကနဲ ရှိုက်လိုက်မိသည်။
သားငယ်ကို ပွေ့ချီ၍ သူမ ဧည့်ခန်းဆီသို့ ထွက်လာခဲ့သည်။
" ကလင် ကလင် ကလင် "
ဧည့်ခန်းထဲသို့ သူတို့ သားအမိ ရောက်သည်နှင့် တယ်လီဖုန်း ခေါ်သံက ကြိုနေသည်။
မသူဇာသည် သားငယ်ကို ပွေ့ချီထားရင်း၊ တယ်လီဖုန်းကို မမြင်ဖူးသည့် အရာတစ်ခုလို ငေးငေးငူငူ ကြည့်နေမိသည်။
သားငယ် ဒိုဒိုးက တယ်လီဖုန်းကို လက်ညှိုးထိုးပြရင်း ၊
" ဟော ဖေဖေ့ဆီက ဖုန်းထင်တယ် မေမေ ၊ ကိုင်လိုက်ပါဦး "
မသူဇာသည် သားငယ်ကို အောက်သို့ ချပေးရင်း တယ်လီဖုန်းခွက်ဆီသို့ သွား၍ ကိုင်လိုက်သည်။
ပထမဦးစွာ ကြားရသည်က ။
"ဂျစ် ဂျစ် ဂျစ် "
ထိုအသံသည် အသားစများကို မီးလောင်ကြွမ်းနေသော အသံပင် ဖြစ်နေရော့လားမသိနိုင်ချေ။ထို့နောက် အသံသည် ဆက်လက် ထွက်ပေါ်လာ၏။
" ရှဲ ရှဲ ဂျစ် ဂျစ် .....
မျက်မမြင်အဘိုးအိုဟာ ၊ ဆင်လိမ္မာကြီးယူလာတဲ့ အသီးအနှံတွေ စားသောက်ပြီး ......"
ပီသ ကြည်လင်ခြင်း မရှိပေမယ့် ၊ ဖုန်းထဲက အသံသည် ပုံပြင်တစ်ပုဒ်၏ အဆုံးသတ်ကို ပြောပြနေမှန်း မသူဇာ ကောင်းစွာ သိရှိလိုက်ပါသည်။
မသူဇာသည် သူမကိုယ်ကို ပြောလိုက်သလို ၊ တစ်ကိုယ်တည်း ရေရွတ်ဟန်ဖြင့် ၊
" ဒီလောက်ဆို လုံလောက်ပါပြီ မောင်ရယ် ၊တော်ပါတော့ကွယ်။ ဆက်ပြီး မပြောပြပါနဲ့တော့နော်။ မောင်...သားလေးအပေါ် ကတိတည်ပါတယ်ကွယ် ၊ မောင် အရမ်းကို ကတိတည်ပါတယ် မောင် တာဝန်ကျေပါတယ် မောင်ရယ် "
မသူဇာ၏လက်ထဲကကိုင်ထားသော ဖုန်းထဲကတော့ မပီမသ စကားလုံးများသည် လေသံ တဂျစ်ဂျစ် တရှဲရှဲများအကြား တီးတိုးထွက်ပေါ်နေဆဲပင်။
မကြာမီ သူမတို့အိမ်ရှေ့သို့ ကားတစ်စီး ဆိုက်ရောက်သံ ကြားလိုက်ရသည်။
မသူဇာသည် အသက်မဲ့သူပမာ ဖုန်းကို ဖုန်းခွက်ပေါ်သို့ အသာအယာ ပြန်တင်ထားလိုက်ပြီး သားငယ်ဒိုဒိုးကို ပွေ့ချီ၍ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။
မသူဇာ နှင့် သားငယ်လေးဒိုဒိုးတို့ နှစ်ယောက်ကို ခေါ်ဆောင်၍ ကားလေးသည် ဆေးရုံသို့ မောင်းထွက်သွားပြီ ဖြစ်သည်။
ထိုအိမ်လေးထဲတွင်တော့ တယ်လီဖုန်း မြည်သံက ၅မိနစ်ခြား တစ်ခါ၊ ဆယ်မိနစ်ခြားတစ်ခါလောက် ထွက်ပေါ်နေပါသည်။
" ကလင် ကလင် ကလင် "
ပြီးပါပြီ
#Pe Pe
ပီပီ(မန္တလေး)
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်