
လေထုထဲမှ သင်းပျံ့မွှေးနေသော နှင်းဆီပန်းရနံ့ကြောင့်
မြရည်ချိုသည် ကားပေါ်မှအမြန်ဆင်းပြီး နှင်းဆီပန်းခင်းကြီးထဲသို့ ပြေးသွားလေသည်။ နှင်းဆီခင်းကြီးထဲအရောင်အသွေးစုံလင်စွာ နှင်းဆီပန်းများကြီးစိုးမင်းမူနေ၏။ သူ့ထက်ငါ အလှချင်းပြိုင်နေသော ပန်းရောင်စုံများကို မြရည်ချို ကြည့်မဝဖြစ်နေရသည်။ ထိုထဲမှ ရဲရဲနီနေသည့် နှင်းဆီပန်းတစ်ပွင့်ကို ဆွတ်ယူကြည့်သည်။ နှင်းဆီကိုင်းများက တုတ်ခိုင်သန်မာနေသဖြင့် တော်တော်နှင့်ယူမရချေ။ ကိုင်းပေါ်ရှိ ဆူးရင့်ရင့်များစူးမည်ကိုလည်းစိုးနေရ
သောကြောင့် စိတ်ထင်တိုင်းနှင်းဆီကိုင်းကို မချိုးရဲ။ ထိုစဉ် ' ချပ်ကနဲ ' အသံနှင့်အတူသူမလက်ထဲသို့ နှင်းဆီပွင့်ကြီးပါလာခဲ့သည်။ နှင်းဆီကိုင်းကို ကတ်ကြေးဖြင့်ညှပ်ပေးသူအား လှည့်ကြည့်လိုက်၏။
" တီလေးငယ်... ''
မြရည်ချို၏ အဒေါ်အပျိုကြီး ဒေါ် မိုးရိပ်ချို။ ထိုနှင်းဆီခြံသည် သူမ၏ခြံဖြစ်သည်။ ဒေါ်မိုးရိပ်ချိုက အနေအေးသည်။ စကားများများမပြောတတ်ပေ။ အေးတိအေးစက်နေတတ်သဖြင့် ဖခင်ဖြစ်သူကပင် သူ၏ညီမနှင့် အနည်း
ငယ်စိမ်းနေသယောင်ပင်ဖြစ်နေသည်။ ဒေါ်မိုးရိပ်ချို
ကလည်း သူမဘာသာအေးအေးနေလို၍ ယခုခြံကျယ်
ကြီးတွင်နှင်းဆီခင်းကြီးစိုက်ပြီး သီးသန့်နေသည်။ အိမ်အကူကောင်မလေးနှစ်ယောက်တော့ထားထား၏။ မြရည်ချို၏ ဖခင်က မောင်နှမနှစ်ယောက်တည်းရှိသဖြင့် ညီမဖြစ်သူထံမကြာမကြာတော့လာကြည့်တတ်သည်။
ဒေါ်မိုးရိပ်ချိုက အစ်ကိုဖြစ်သူအပေါ် စကားနည်းသော်
လည်း တူမဖြစ်သူ မြရည်ချိုကိုတော့ ချစ်ရှာသည်။ မြရည်ချိုလာလျှင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးတတ်၏။ ယခုလည်း အေးအေးဆေးဆေးနေတတ်သည့်ဒေါ်မိုးရိပ်ချိုမှာ မြရည်ချိုအသံကြားသဖြင့် အိမ်ထဲမှထွက်လာခြင်းဖြစ်သည်။ သူမက ကတ်ကြေးကိုအောက်တွင်ချထား
သည့် ဝါးခြင်းထဲပြန်ထည့်နေ၏။
" နှင်းဆီတွေဟာ မိန်းမအဆန်ဆုံးပဲ မြရည်ချို... သိပ်လည်းလှသလိုဆူးတွေကိုလည်းသတိထားရတယ်... ဒီဆူးတွေက သူ့ရဲ့မာယာပဲ...တစ်ပွင့်နဲ့တစ်ပွင့်က ဆူးတွေထွက်တဲ့နေရာချင်းမတူတာသတိထားမိလား "
မြရည်ချို နှင်းဆီကိုင်းများကို သေချာစွာပြန်ကြည့်မိ
သည်။ ဒေါ် မိုးရိပ်ချို ပြောသလိုပင် ဆူးရှိသည့်နေရာများက တသတ်မတ်တည်းမရှိ။
" ဆူးတွေအကြောင်းကိုနားလည်တဲ့သူက ဆူးမစူးဘဲပန်းခူးနိုင်တယ်...သူ့ရဲ့ဆူးတွေကထင်သာမြင်သာရှိနေ
တာကိုး... ''
မြရည်ချိုသည် ဒေါ်မိုးရိပ်ချိုပြောသည်ကို နားမလည်စွာငေးကြည့်နေသည်။ ဒေါ်မိုးရိပ်ချို က ပြုံးပြရင်း ဆက်ပြောသည်။
" သမီးရဲ့ ဆူးကိုဘယ်တော့မှ မမြင်စေနဲ့သမီး... အရေးကြုံလာတဲ့အခါ မထင်မှတ်တဲ့နေရာကနေ ဆူးတွေထုတ်နိုင်ပါစေ ''
" အန်တီလေး နေကောင်းလားဗျ "
မြရည်ချိုတို့ နှစ်ယောက်နားသို့ ဇန်ထူးမြတ်ရောက်လာပြီး ဒေါ်မိုးရိပ်ချိုကို နှုတ်ဆက်လိုက်သဖြင့် စကားစပြတ်သွားရသည်။ ဒေါ်မိုးရိပ်ချိုက ဇန်ထူးမြတ်ကို တစ်ချက်လှည့်ကြည့်ကာ ခပ်စိမ်းစိမ်းကြည့်လိုက်၏။ ထို့နောက် အသက်မပါသောအသံဖြင့်ပြန်ဖြေသည်။
" ကောင်းပါတယ် ''
အဒေါ်ဖြစ်သူမှာ ချစ်သူအပေါ်အမြင်မကြည်လင်မှန်း မြရည်ချိုသိ၏။ထို့ကြောင့် စကားလမ်းကြောင်းလွှဲပစ်လိုက်သည်။
" ကိုကို... သဲ ကို ဓါတ်ပုံရိုက်ပေး... ''
ဒေါ်မိုးရိပ်ချိုက ၎င်းတို့နှစ်ယောက်ကိုထားခဲ့ကာ အိမ်ထဲဝင်သွားလေသည်။ မြရည်ချိုမှာတော့ ဓါတ်ပုံသာရိုက်နေရသည် စိတ်ထဲ၌ အဒေါ်ဖြစ်သူ၏စကားများကိုသာ တွေးနေမိ၏။
" အ... ''
" ဘာဖွဈတာလဲ... သဲ... ဆူးစူးတာလား "
မြရည်ချို၏ ညာဖက်လက်သန်းကြွယ်ထိပ်လေးမှ သွေးစအနည်းငယ်ထွက်လာခဲ့သည်။
" ရပြီကိုကို... နဲနဲလေးစူးသွားတာပါ "
မြရည်ချိုသည် နှင်းဆီဆူးများထံ အကြည့်ရောက်သွားသည်။
" သမီးရဲ့ ဆူးကိုဘယ်တော့မှ မမြင်စေနဲ့သမီး... အရေးကြုံလာတဲ့အခါ မထင်မှတ်တဲ့နေရာကနေ ဆူးတွေထုတ်နိုင်ပါစေ ''
ဒေါ်မိုးရိပ်ချို၏စကားများက ခေါင်းထဲတိုးဝင်လာနေ
သည်။
" တီလေးငယ်က... သိပ်ကဗျာဆန်တာပဲ "
သူမခပ်တိုးတိုးပြောလိုက်မိ၏။
" သမီးလေး... အများကြီးထည့်စား... ''
" ဟုတ်...တီလေးငယ် "
" တီလေးငယ်ကဟင်းချက်ကောင်းတယ်နော်... ကျွန်တော်တော့ဒီမှာထမင်းစားတိုင်း ထမင်းမြိန်ရတယ် "
ဇန်ထူးမြတ်သည် သူ့အားသိပ်မကြည်မှန်းသိသဖြင့် ဒေါ်မိုးရိပ်ချိုကိုစကားရောဖောရော ပြောလိုက်သည်။ ဇန်ထူးမြတ်မည်မျှပင် ချိုသာစွာပြောဆိုဆက်ဆံလည်း ဒေါ်မိုးရိပ်ချိုကတော့ ခပ်တန်းတန်းပင်။အဒေါ်ဖြစ်သူက မည်သည့်အတွက်ကြောင့် ချစ်သူအားအမြင်မကြည်ဖြစ်နေသည်ကို မြရည်ချိုနားမလည်ခဲ့။ သူမတွေးမိသည်က တူမကိုအချစ်ပိုသဖြင့်လော သို့တည်းမဟုတ် အပျိုကြီးများဇီဇာကြောင်တတ်သည်ဟူသောအဖြစ်ကြောင့်လော။ ထိုနှစ်ခုထဲကသာဖြစ်လိမ့်မည်ဟုတွေးနေမိသည်။ ဤသည်က ပြဿနာကြီးကြီးမားမားတော့မရှိ။ အချိန်ကြာလာလျှင် အဒေါ်ဖြစ်သူလည်း စိတ်ပြောင်းလဲပေလိမ့်မည်ဟုလည်းတွက်ထားလေသည်။
ဒေါ်မိုးရိပ်ချိုမှာတော့ ဇန်ထူးမြတ်အပေါ် မည်သို့သောအကြောင်းတရားမရှိသော်လည်း မနှစ်သက်နေပေ။ ဇန်ထူးမြတ်မှာ လူရည်မွန်ကလေးမှန်း သူမ သိသည်။ သို့
သော် မကြိုက်မနှစ်သက်ခြင်းက သူ့အလိုလိုဖြစ်ပေါ်နေ၏။ မြရည်ချိုလေး စိတ်မကောင်းဖြစ်မည်စိုးသဖြင့်
သာ ခေါ်ပြောနှုတ်ဆက်နေရသည်။ သူမ သဘောအတိုင်းဆိုလျှင် ဇန်ထူးမြတ်နှင့်မပတ်သက်ချင်ပေ။
မြရည်ချိုမှာတော့ အဒေါ်ဖြစ်သူနှင့် ချစ်ရသူတို့ကြား မြန်မြန်အဆင်ပြေပါစေဟုသာ ဆုတောင်းနေမိတော့သည်။ မြရည်ချိုလည်း နှင်းဆီခြံမှပြန်ခါနီး ခြံထဲကနှင်းဆီပန်းနီနီများ စိတ်ကြိုက်ယူလာသည်။ ကားနောက်ခန်းတွင် နှင်းဆီနီနီများထည့်ပြီး ဒေါ်မိုးရိပ်ချိုအား ပွေ့ဖက်ကာနှုတ်ဆက်လိုက်၏။
" သမီးပြန်ပြီနော်တီလေးငယ်... တစ်ခုခုလိုရင်ဖုန်းဆက်နော်...အပြင်မှာအေးတယ်... အိမ်ထဲမှာနွေးနွေးနေဦး ''
သူမကသာ ဒေါ်မိုးရိပ်ချိုကို စိတ်ပူစွာမှာနေသည်။ မြရည်ချို ကဒေါ်မိုးရိပ်ချိုကို ပွေ့ဖက်လိုက်ကတည်းက ဒေါ်မိုးရိပ်ချိုမှာ မျက်စိမျက်နှာပျက်ယွင်းနေခဲ့ပြီ။ မြရည်ချို၏ပုခုံးနှစ်ဖက်ကိုဆွဲခွါရင်း ဖြူလျော့သောမျက်နှာဖြင့် မြရည်ချိုကို ကြည့်လိုက်၏။
" တီလေးငယ်... နေမကောင်းဘူးလား... ဘာဖြစ်လို့လဲ "
မြရည်ချိုအလန့်တကြားအသံကျယ်ကျယ်နှင့်မေးမှ ဒေါ်မိုးရိပ်ချိုလည်းသတိပြန်ဝင်လာသလိုဖြစ်လာလေသည်။
" သမီးလေး... ''
" ဟုတ် "
" မပြန်ပါနဲ့လား... ဒီမှာ တစ်ပတ် နှစ်ပတ်လောက်နေပါဦး..."
" နေမကောင်းလို့လားတီလေးငယ်... ဘာဖြစ်လို့လဲ "
" မဟုတ်ပါဘူး... တီလေးငယ်နေကောင်းပါတယ် "
" အခုတော့နေလို့မရသေးဘူး... မနက်ဖြန်ကျရင် ဖေဖေကခရီးသွားမှာတဲ့... အိမ်စောင့်ရဦးမယ်...''
" မေမေရှိတယ်မလား "
" မေမေရောပါသွားတာ... ဖေဖေတို့ပြန်လာရင် လာနေမယ်နော်..မကြာလောက်ပါဘူး... ၃ရက် ၄ရက်ပေါ့... နော်...
တီလေးငယ် "
ဒေါ်မိုးရိပ်ချိုမှာ စိတ်မချသလိုကြည့်နေသည်။
" တီလေးငယ်ကလဲ... သမီးတကယ်လာအိပ်မယ်... ဟုတ်ပြီလား"
" စိတ်မပူပါနဲ့တီလေးငယ်ရေ... ကျွန်တော်ကိုယ်တိုင်လာပို့ပေးပါ့မယ်ဗျ "
ဒေါ်မိုးရိပ်ချိုမှာ နှုတ်ဆိတ်သွားသည်။ ပြီးမှခေါင်းညိမ့်ကာပြုံးပြ၏။
" ဖေဖေမျှော်နေတော့မယ်...သမီးသွားပြီနော်တီလေးငယ်...တာ့တာ "
သူမကိုနှုတ်ဆက်ပြီးကားပေါ်သို့ လွတ်လပ်ပေါ့ပါးစွာတက်သွားသော မြရည်ချိုကို ကြည့်ပြီး ရင်ထဲတွင်တစုံတရာအား စိုးတထိတ်ထိတ်ဖြစ်ပေါ်နေသည်ကတော့ အမှန်ပင်။ မြရည်ချိုတို့၏ကားလေးခြံထဲမှထွက်သွားပြီး မြင်ကွင်းမှပျောက်ကွယ်သွားသည့်တိုင် လိုက်ကြည့်နေမိသည်။ စင်စစ် သူမသည် ကြိုတင်နိမိတ်များကို မြင်တတ်
သည်က မွေးရာပါအရာတစ်ခုဖြစ်၏။ ထို့ကြောင့်လည်း လူတွေနှင့်နီးနီးမနေချင်ခဲ့။ နိမိတ်များကို သူမကြောက်ရွံ့နေမိ၏။ တစုံတခုကိုမြင်မိသည်နှင့် ထိုပုံစံအတိုင်းမကြာခင် အပြင်လက်တွေ့တွင် ဖြစ်လာတတ်သည်။
တိုက်ဆိုင်မှုဟုငယ်စဉ်ကခံယူသော်လည်း မကြာခဏတိုက်ဆိုင်နေခြင်းသည် သူမကိုပို၍ခြောက်လှန့်လာသည်။ ယခုလည်း တူမဖြစ်သူက ပွေ့ဖက်နှုတ်ဆက်စဉ် မြရည်ချိုသည် တကိုယ်လုံးသွေးအလိမ်းလိမ်းနှင့် နှုတ်ခမ်းများကို အပ်ချည်ဖြင့် ချုပ်ထားသည်ကို ရုတ်တရက်မြင်လိုက်မိချေပြီ။ ဒေါ်မိုးရိပ်ချို တကိုယ်လုံး တုန်ယင်လာ၏။
ထိုအရာသည်သာ အမှန်တကယ်ဖြစ်လာမည်ဆိုပါက သူမ မတွေးဝံ့တော့ပေ။အိမ်ထဲအမြန်ပြေးဝင်ပြီး မြရည်ချိုထံ ဖုန်းပြန်ခေါ်လိုက်သည်။
" တီလေးငယ်...နေမကောင်းလို့လား...ဘာဖြစ်လို့လဲ "
" သမီး... ဟို... တီလေးငယ်...ဖေဖေနဲ့လိုက်တွေ့မလို့...
အဲ့ဒါတီလေးငယ်ကို ပြန်လာခေါ်ပေးဦး ''
" အော်...ဟုတ်...ဟုတ်... ကားပြန်လှည့်ခဲ့မယ်နော် "
ဖုန်းချပြီးသည်နှင့် ခရီးဆောင်အိတ်ထဲသို့ အဝတ်အစား လေး ငါးစုံကို အမြန်ကောက်ထည့်လိုက်သည်။
" တိုးတိုးနဲ့ မိုးမိုးရေ... ''
သူမအသံကြောင့် အိမ်အကူနှစ်ယောက်က အခန်းထဲ အပြေးလေးလာကြသည်။
" အန်တီ့အစ်ကိုအိမ်မှာ ခဏသွားနေမလို့... သမီးတို့အိမ်စောင့်ကြဦး... ရော့... ဒါ တစ်ပတ်စာဈေးဖိုး... ကြည့်သုံးလိုက်ကြ...တစ်ခုခုလိုရင် အန်တီ့ကိုဖုန်းဆက်...ကြား
လား "
" ဟုတ်ကဲ့..."
" ဒါလေး အိမ်ရှေ့ပို့ပေးဦး "
ဒေါ်မိုးရိပ်ချိုက ခရီးဆောင်အိတ်ကို လှမ်းပေးသည်။ အိမ်အကူနှစ်ယောက်လည်း ယခုကဲ့သို့မကြုံဖူးသဖြင့် မအူ
မလည်နှင့် ခရီးဆောင်အိတ်အား ယူထွက်သွားကြလေတော့သည်။
" တီလေးငယ်... သမီးရောက်ပြီ "
" အေး...အေး... လာပြီသမီးရေ "
" တီလေးငယ် ရှေ့ခန်းမှာထိုင်လိုက်နော် "
" မထိုင်ပါဘူးသမီးရယ်... နောက်ခန်းမှာပဲအေးဆေးထိုင်မယ် "
" ဟုတ်ကဲ့ပါ "
ကားလေးသည် ဒုတိယအကြိမ်မြောက် နှင်းဆီခြံထဲမှ ပြန်ထွက်လာခဲ့လေတော့သည်။ ဒေါ်မိုးရိပ်ချိုသည် ရုတ်
တရက်မျက်လုံးထဲပေါ်လာသည့်ပုံရိပ်ကို တွေးလိုက် ကားရှေ့ခန်းတွင်ထိုင်နေသောမြရည်ချိုအားလှမ်းလှမ်းကြည့်လိုက်နှင့် အတွေးနယ်ချဲ့နေလေသည်။ ကြိုတင်နိမိတ်ပုံရိပ်များကို မွေးရာပါမြင်မြင်တတ်ခြင်းကြောင့် မိသားစု
ဝင်များနှင့်မကြာခဏစကားများခဲ့ရသည်။ မိဘများမရှိကြတော့သည့်နောက်ပိုင်းတွင် အစ်ကိုဖြစ်သူ ဦးရန်ပိုင်ချိုက အတူနေရန်ခေါ်သော်လည်းငြင်းဆန်ခဲ့ပြီး သီးသန့်ခွဲနေခဲ့သည်။ လူများနှင့်ကင်းဝေးရာ နှင်းဆီခြံကြီးသို့ပြောင်းနေကတည်းက နိမိတ်ပုံရိပ်များကို မတွေ့ရတော့ချေ။ပြောင်းရွေ့နေထိုင်ခဲ့သည်မှာပင် (၁၅) နှစ်ခန့်ပင်ရှိခဲ့ပြီ။
(၁၅) နှစ်ကာလအတွင်းနိမိတ်များမတွေ့ရတော့ဘဲ ယခုအခါ ပထမဆုံးပြန်လည်မြင်တွေ့ခြင်းလည်းဖြစ်သည်။ ဒေါ်မိုးရိပ်ချိုမှာ တူမဖြစ်သူအတွက် စိတ်မအေးနိုင်။
မြင်တွေ့မိသောနိမိတ်များမှ ရှောင်လွှဲနိုင်ဖို့ သူမကြိုးစားချင်သည်။သို့သော်အစ်ကိုဖြစ်သူ ဦးရန်ပိုင်ချိုက သူမ
ပြောသည်ကိုလက်ခံမည်မဟုတ်။ ယခုကဲ့သို့ ကြိုတင်နိမိတ်များမြင်ခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့်လည်း ယခုကိစ္စအားမပြောဘဲထားရန်သာ ဆုံးဖြတ်လိုက်
သည်။ သူမတစ်ယောက်တည်း မြရည်ချိုကို ကာကွယ်စောင့်ရှောက်မည်ဟုလည်းတွေးလိုက်၏။
" ဖေဖေ... တီလေးငယ်ကဖေဖေနဲ့တွေ့ချင်တယ်ဆိုလို့
ခေါ်လာတယ် "
ဦးရန်ပိုင်ချိုမှာ မြရည်ချို စကားကြောင့် ရုတ်တရက်မှင်သက်သွားသည်။ ညီမဖြစ်သူက သူ၏အိမ်သို့ မလာသည်မှာ ဆယ်စုနှစ်ပင်ကျော်ခဲ့ပြီ။ ထို့အတူ ရင်ထဲလည်း ထိတ်လန့်သွားသလိုဖြစ်လာသည်။
" ဒေါက်...ဒေါက် "
အခန်းတံခါးခေါက်သံကြောင့် ဦးရန်ပိုင်ချိုနှင့် မြရည်ချို တို့သားအဖတံခါးဘက်သို့လှည့်ကြည့်လိုက်၏။ ဒေါ်မိုးရိပ်ချိုက တံခါးဝတွင်ရပ်နေပြီး ပြုံးပြနေသည်။
" မိုးရိပ်ချို... လာ...ဝင်ခဲ့... နင့်အစ်မတော့ အပြင်ခဏသွားတယ်"
" အမလေး... မောင်နှမနှစ်ယောက်ကလဲစိမ်းကားနေလိုက်တာ... တီလေးငယ်...ဖေဖေနဲ့အေးဆေးစကားပြောလိုက်ဦးနော်...သမီး ဘုရားပန်းလဲရင်း ပန်းအိုးထိုးလိုက်ဦးမယ် "
" အေး..သမီးလေး "
မြရည်ချိုထွက်သွားမှ ဦးရန်ပိုင်ချိုလည်းစကားပြန်ဆက်တော့သည်။
" ဘာမြင်ပြန်ပြီလဲ...မိုးရိပ်ချို "
" ဘာမှမမြင်ပါဘူး... ကိုကြီးတို့မနက်ဖြန်ခရီးသွားကြမယ်ဆို...သမီးလေးတစ်ယောက်တည်းကျန်နေမှာဆိုလို့...
အဖော်လာလုပ်ပေးတာပါ ''
" တော်သေးတာပေါ့... အရင်လိုမဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့တော့... နှင်းဆီခြံမှာအဆင်ပြေရဲ့
လား... "
" ပြေပါတယ်ကိုကြီး ''
" ညီမလေးလိုချင်တာရှိရင်ပြော... ဘာလိုချင်လဲ... "
" မလိုပါဘူး...ညီမလေးပြည့်စုံပါတယ် "
ဦးရန်ပိုင်ချိုက မျက်မှောင်ကျုတ်သွားပြီး...
" ကားအသစ်လဲချင်လား... ကိုကြီးဝယ်ပေးမယ် "
ဒေါ်မိုးရိပ်ချိုက ခေါင်းရမ်းပြသည်။
" ဒါဆိုလည်း... လိုတဲ့အခါပြောဟုတ်လား... "
" ညီမလေးကိုစိတ်မပူပါနဲ့... လိုရင်ပြောပါ့မယ် ..ညီမလေး ဘယ်အခန်းမှာနေရမလဲကိုကြီး "
" မိုးရိပ်ချို... ကိုကြီးအိမ်ကညီမလေးအိမ်ပဲလေ... ကြိုက်တဲ့အခန်းနေပါ...ဒါတွေမေးစရာမလိုဘူး...ညီမလေးသဘောကျနေ...''
" ဟုတ်ကဲ့... ဒါဆို...ညီမလေးနားလိုက်ဦးမယ်နော် "
" အေး...အေး..."
ဦးရန်ပိုင်ချိုမှာ ညီမဖြစ်သူကို ငေးကြည့်ရင်းကျန်ရစ်ခဲ့လေသည်။ဒေါ်မိုးရိပ်ချိုလည်း မြရည်ချိုနှင့် အနီးဆုံးဖြစ်မည့်အခန်းကို ရွေးချယ်လိုက်၏။ သို့မှသာ တစ်ခုခုဆို သူမသိနိုင်ပေမည်။ ထိုညတစ်ညလုံးဒေါ်မိုးရိပ်ချိုအိပ်မပျော်ချေ။ ကြိုတင်နိမိတ်များကြောင့် ထိတ်လန့်
ပြီး အိပ်မရဖြစ်နေရသည်။ မနက်လင်းသည့်အခါ ဦးရန်ပိုင်ချိုတို့ဇနီးမောင်နှံက ခရီးထွက်သွားကြ၏။ သူမထံ
မြရည်ချိုကို အပ်ခဲ့သည်။ ထိုနေ့တစ်ရက်လုံးတော့ အစစ အရာရာ အဆင်ပြေနေသည်။
ညဖက်ရောက်သည့်အခါ ကိုယ့်အခန်းသူ့အခန်းဝင်နားကြသည်။ ဒေါ်မိုးရိပ်ချိုမှာ မြရည်ချိုကို စိတ်မချသဖြင့် အ
ခန်းအနီးသို့ ပြန်လာကြည့်သေးသည်။ မြရည်ချိုအခန်းထဲမှ ဖုန်းပြောနေသံကြားလိုက်ရပြီး စိတ်အေးကာ အခန်းထဲပြန်လာခဲ့လိုက်၏။ သူမ အိပ်ရာထက်လှဲချလိုက်ပြီး မှေးကနဲအိပ်ပျော်သွားလေတော့သည်။
" တီလေးငယ်.... ''
ဒေါ်မိုးရိပ်ချို၏နားထဲ စူးစူးဝါးဝါးအော်သံကိုကြားနေရ၏။ မြရည်ချိုထံမှအားကုန်ဟစ်အော်နေသောအသံမျိုးဖြစ်သည်။
" သမီး... သမီးလေး "
သူမလည်းပျာပျာသလဲဖြင့် အသံကြားရာသို့ လိုက်ရှာ
ကြည့်သည်။သို့သော်အရာရာသည်မှောင်မိုက်နေသလိုဖြစ်ပေါ်နေပြီး မည်သည်မှမမြင်ရချေ။ ထိတ်လန့်လွန်းသဖြင့် ရုတ်တရက်လန့်နိုးလာခဲ့တော့သည်။ ဒေါ်မိုးရိပ်ချိုတကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေ၏။ ကုတင်ပေါ်မှအမြန်ဆင်းကာ မြရည်ချိုအခန်းတံခါးအား ခေါက်လိုက်မိသည်။
" မြရည်ချို... သမီးလေး "
သူမ တံခါးခေါက်နေသော်လည်း အခန်းထဲမှပြန်ထူးသံမကြားပေ။တံခါးလက်ကိုင်ကို လှည့်ရန်ကိုင်လိုက်သည့်အခါ သူမတကိုယ်လုံးကြက်သီးမွှေးညှင်းများထောင်တက်သွားတော့သည်။ ကြိုတင်နိမိတ်ကို ထပ်မံမြင်ပြန်ပြီ။ မြရည်ချိုသည် သွေးအလိမ်းလိမ်းဖြင့် မြေကြီးပေါ် လဲ
ကျနေ၏။ မိုက်ကနဲဖြစ်သွားသည့်စိတ်ကို ပြန်ထိန်းရင်း တံခါးအမြန်ဆွဲဖွင့်ကြည့်လိုက်သည်။ အခန်းမီးရောင်မှိန်မှိန်ကြောင့် သဲသဲကွဲကွဲမမြင်ရချေ။ မီးခလုတ်ကိုလှမ်းဖွင့်လိုက်သည့်အခါ အလွန်ပင်ထိတ်လန့်သွားတော့လေသည်။ မြရည်ချိုသည် အခန်းထဲမရှိနေခဲ့ပေ။
" သမီး... မြရည်ချို "
ဒေါ်မိုးရိပ်ချိုမှာ တုန်လှုပ်စွာဖြင့် တစ်အိမ်လုံးလှည့်ပတ်ရှာဖွေတော့သည်။ သူမအသံကြောင့် အိမ်အကူကောင်
မလေးလည်း လန့်နိုးလာပြီး မြရည်ချိုအား လိုက်ရှာကြ၏။သို့သော်မြရည်ချို၏ အရိပ်အယောင်မျှပင် မတွေ့ရချေ။ ဒေါ်မိုးရိပ်ချိုမှာ ခေါင်းနဘန်းများကြီးလာချေပြီ။ မြရည်ချို၏ဖုန်းကို ဆက်သော်လည်း စက်ပိတ်ထားသည်
ဟူ၍သာ ဖြစ်နေလေသည်။
"နင်ပဲလွတ်လပ်ချင်တယ်ဆို နင့်ဆန္ဒကိုငါဖြည့်ပေးနေတာ ငါ့ကိုကျေးဇူးတင်သင့်တယ် ''
ဇန်ထူးမြတ်က မြရည်ချို၏မျက်နှာအနီးသို့ကပ်ကာ တည်တည်ငြိမ်ငြိမ်ပြောနေသည်။ မြရည်ချိုမှာတော့ ဇန်ထူး
မြတ်အနားကပ်လာလေ လူတစ်ကိုယ်လုံးဇောချွေးများပျံပြီး တုန်လှုပ်လာလေပင်။ မြရည်ချို၏အဖြစ်ကိုသိသော်
လည်း မသိဟန်ပြုရင်း ထသွားသည်။ထို့နောက် မြေကျင်းအောက်သို့တစ်ချက်ငုံ့ကြည့်လိုက်ပြီး မြရည်ချိုဖက်လှည့်ကြည့်ကာ အသံခပ်တိုးတိုးဖြင့် ပြောနေသည်။
" အေးအေးချမ်းချမ်းနေရစ်တော့ မြရည်ချို ''
သူ့ထံမှစကားတစ်ခွန်းကြားလိုက်ရတိုင်း တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသလိုလို မြရည်ချိုခံစားနေရသည်။ မြေပြင်ပေါ်လဲကျနေသောသူမ ခုခံဖို့ရန်မဆိုဘိ
ကိုယ့်ကိုကိုယ်ပင်မထရပ်နိုင်။လက်နှင့်ခြေထောက်များက လှုပ်၍မရအောင်နာကျင်နေသည်။အော်ဟစ်အကူအညီတောင်းဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင်ချေ။ သူမ၏ပါးစပ်နှုတ်ခမ်းများကို အပေါ်မှအောက်သို့ အပ်ချည်ဖြင့် ချုပ်
ထားသည်။ နှုတ်ခမ်းလေးတစ်ချက်လှုပ်ကြည့်ရုံနှင့် အသည်းခိုက်အောင်နာကျင်ရ၏။ မြရည်ချို တတ်နိုင်
သည်က မျက်ရည်ကျနေရုံသာ။မကြာခင် ထိုမြေကျင်းထဲသို့ သူမကို အရှင်လတ်လတ် ထည့်မြုပ်တော့မည်မှန်း သိနေခဲ့ပြီ။
မြရည်ချိုတွေးထားသလိုပင် ဇန်ထူးမြတ်က သူမထံတရွေ့ရွေ့ပြန်လျှောက်လာနေသည်။ မြရည်ချို၏ မျက်လုံးထဲတွင်တော့ သူမမြတ်နိုးစွာချစ်ခဲ့ရသောချစ်သူ ဇန်ထူးမြတ်ဟု မမြင်နိုင်တော့။သူမထံလျှောက်လာနေသူသည် ကြောက်မက်ရွံ့ရှာဖွယ်အတိပြီးသည့် မကောင်းဆိုးရွားတစ်ကောင်ဟုသာ ထင်မြင်မိနေသည်။ ထိုမကောင်းဆိုးရွားသည် ယခုပင် သူမကိုအရှင်လတ်လတ်
မြေမြုပ်သတ်ပေတော့မည်။ မျက်ရည်များ ဒလဟောကျဆင်းလာပြီးစိတ်ထဲတွင် အားကိုးစရာလူကို ရှာဖွေကြည့်လိုက်သည်။
" တီလေးငယ်... သမီးကိုကယ်ပါဦး "
စိတ်ထဲမှ ပြောနေမိသည်။ သူမပြောသည်ကို မကြားနိုင်မှန်းသိသော်လည်း ကြောက်ရွံ့တုန်လှုပ်နေသဖြင့် အ
ထပ်ထပ်အခါခါ ခေါ်မိနေတော့သည်။
" တီလေးငယ် "
မြရည်ချို၏ အသံကို ဒေါ်မိုးရိပ်ချိုကြားလိုက်မိသည်။
" သမီး "
" အန်တီလေး...ဘာဖြစ်လို့လဲ... မမကိုတွေ့ပြီလား "
" သီတာ...အန်တီ့ကို ကားသော့ယူပေး မြန်မြန် "
အိမ်အကူမလေးမှာ ကားသော့အမြန်ပြေးယူပေး၏။ ဒေါ်မိုးရိပ်ချိုကခြံထဲရှိ ပေါက်ပြားအငယ်လေးကို ယူပြီး ကားနောက်ခန်းသို့ထည့်လိုက်သည်။
" တံခါးတွေသေချာပိတ်ထား...ဘယ်သူလာလာမဖွင့်ပေးနဲ့ကြားလား... တစ်ခုခုဆို အန်တီ့ကိုဖုန်းဆက် "
ဒေါ်မိုးရိပ်ချိုက မှာခဲ့ပြီးသည်နှင့် ကားကိုမောင်းထွက်လာတော့သည်။စင်စစ် ဘယ်နေရာကို သွားရမည်မှန်း သူမ မသိပေ။ သူမ၌ အားကိုးစရာဟူ၍ ကြိုတင်နိမိတ်များမြင်တတ်ခြင်းတစ်ခုသာ ရှိပေသည်။
" တီလေးငယ် "
မြရည်ချို၏ စူးစူးဝါးဝါး အော်သံကို ထပ်မံကြားပြီး ခေါင်းထဲမိုက်ကနဲဖြစ်သွား၏။
" နင်လွတ်လပ်သွားပြီ...မြရည်ချို "
ဇန်ထူးမြတ်သည် မြေကျင်းထဲသို့ မြေဖို့ရင်း တစ်
ယောက်တည်းပြောနေလေသည်။ မြေကြီးများက ဖို့ရင်း
ဖို့ရင်း မြရည်ချို၏ မျက်နှာမှာမြေကြီးအောက်သို့ တဖြည်းဖြည်းနစ်မြုပ်လာချေခဲ့ပြီ။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်