
၁။
ချိုရီ မူးနေပါ၏။ သူမ ဘော်ဒါတစ်ယောက်၏ မွေးနေ့ပါတီပွဲမှာ Spy ဝိုင် သောက်လာခဲ့ခြင်း ဖြစ်သည်။
မွေးနေ့ရှင် သော်ဇင် ဝိုင်ထဲ ဘာတွေ ထည့်တိုက်သလဲ မသိ။ ဝိုင်မူးတာနဲ့ မတူ။လူက လွင့်နေ၏။
လှသော ၊ ခေတ်ဆန်သော ၊သွက်လက် ထက်မြက်သော ချိုရီသည် အပျော်အပါးလည်း မက်ပါ၏။
ချိုရီသည် အဆောင်နေရင်း သင်တန်းတက်နေသူ တစ်ဦး ဖြစ်၏။ထို့ကြောင့် အဆောင်ကို အချိန်မီ ပြန်ရမည် ဖြစ်သည်။
သူမ နေထိုင်သော အဆောင်သည် သီးသန့် ဘော်ဒါဆောင် ဖြစ်၏။ စည်းကမ်းကြီးသည်။ အချိန်မီ ပြန်မရောက်ပါက တံခါး ဖွင့်ပေးမည်မဟုတ်ချေ။
ပြီးတော့ ချိုရီ ဒီည အပြတ်ကဲမည်ဟု ဆုံးဖြတ်ကာ အဆောင်မှုးအား ည ပြန်မလာတော့ဟု တစ်ခါတည်း ခွင့်တောင်းလာခဲ့သည်မဟုတ်လား။
ဒါကြောင့် ချိုရီ သူမ၏ ကိုကို ကို ကြိုဒိတ်ထားခဲ့သည်။ညဘက် အပြန် ကိုကိုနဲ့ တစ်နေရာရာကို လိုက်သွားမည်ဟု စီစဉ်ထားခဲ့သည်။
ချိုရီ ပါတီပွဲသို့ အသွားတုန်းကတည်းက ကိုကိုပါ၏။ပါတီကို သူမ၏ ကိုကိုက ကိုယ်တိုက် လိုက်ပါ ပို့ပေးခြင်း ဖြစ်သည်။
အစောပိုင်းက ကိုကိုနဲ့ချိုရီ ပါတီပွဲမှာ ဝိုင်ခွက်ကို ကိုင်ကာ ခွက်ချင်းတိုက်၍ ချီးယားစ် လုပ်နေကြသေး၏။
ချိုရီရဲ့ ကိုကို့အကြောင်း ပြောရဦးမည်။
ကိုကိုဆိုတာက ဘော့စ် ။မကြာသေးသော ရက်ပိုင်းကမှ ချိုရီ အတင်းဆွဲစိထားတဲ့ ဘွိုင်းဖရန့် လူချောကြီး။
ကိုကိုက လုပ်ငန်းရှင်ကြီးတစ်ဦး၏ သားဖြစ်သလို ၊ သူ့မှာလည်း ကိုယ်ပိုင် လုပ်ငန်း ရှိ၏။ ရုပ်ရှိ ရေလျံ ကိုကို ပေါ့။
အဲ့ဒီတော့ ကိုကို့ကို ချိုရီ အလွတ်မပေးတော့ချေ။ တီတီတာတာ ချွဲ၏။ ပွတ်သီးပွတ်သပ်ဖြင့် အတင်းကပ်ထား၏။
ရင်းနှီးခွင့်ရသည့် ရက်အနည်းငယ်တွင်းမှာပဲ သူမ၏ အချွဲအနွဲ့ မာယာတွေ ကြားမှာ ကိုကို သက်ဆင်းလာရ၏။
ကိုကိုလည်း ဘာသားနဲ့ ထုဆစ်ထားတဲ့ လူမို့လို့လဲ။
တောင့်သော ဖြောင့်သော နုသော လှသော ခေတ်မီ သွက်လက်သော ယမင်းပျို ချိုရီ၏ တမင်ဆင်ထားသော ပင့်ကူအိမ်သဖွယ် အလှမာယာ ကွန်ယက် မှာ ငြိတွယ် ကျရောက် ရသည်ပဲပေါ့။
သူငယ်ချင်း မွေးနေ့မှာ ညဦးပိုင်းအထိ ကိုကိုသည် ချိုရီနဲ့ အတူ ရှိနေပြီး ၊ 20 မိနစ်လောက်အကြာမှာတော့ ကိုကို ထံ ဖုန်းတစ်ကော ဝင်လာပါ၏။ ဖုန်းဆက်နေသော ကိုကို့အား ကြည့်၍ ဖုန်းမှာ အရေးကြီးပုံရမှန်း ချိုရီ သိလိုက်သည်။
မှန်ပါ၏။ စီးပွားရေး လုပ်ငန်း ကိစ္စတစ်ခု အရေးတကြီး ပေါ်လာ၍ ဟုဆိုကာကိုကိုက ချိုရီ့အား ခွင့်တောင်းကာ ပြန်သွားခဲ့သည်။
ပြန်ချိန်မှီအောင် ကြိုးစားမည်ဟုသာ ပြောသွားခဲ့ပြီး ယခု ပါတီပွဲ သိမ်းချိန်အထိ ကိုကို ပြန်ရောက် မလာချေ။
အခု ချိုရီ အဆောင်ပြန်ဖို့ ခက်နေ၏။ဒီအချိန်ဆို အဆောင်က ပိတ်ပြီ ဖြစ်သည်။
သူမ အနေဖြင့်လည်း ကားကြုံလိုက်စီးရမှာကို အောက်သည်ဟု ခံယူထား၏။
ထို့ကြောင့် ချိုရီအား လမ်းကြုံခေါ်တင်လိုသူ များ သော်လည်း ချိုရီက ဟန်လုပ်ကာ ငြင်းထုတ်လိုက်၏။
တကယ်တော့ ချိုရီ မူးနေပါ၏။ မမူးပဲလား ၊ မွေးနေ့ရှင် သော်ဇင် ဘာတွေ အစွမ်းပြခဲ့ပြီလဲ သူမ မသိလိုက်ချေ။
ဒီလိုနဲ့ပဲ ချိုရီ အဆောင်ပြန်ချိန် နောက်ကျသွားလေ၏။အဆောင်ကို ပြန်လို့လည်း မဖြစ်တော့ချေ။
ကားတစ်စီးက ချိုရီ ရပ်နေသော ခြံဝရှေ့မှာ ရပ်လိုက်ပြီး ၊ မှန်တံခါးကို ချလိုက်သည်။ အထဲမှ ခပ်သွက်သွက် လူငယ်တစ်ယာက်က ခေါင်းကို ထွက်ကာ၊
" ဟေး ချို ၊ ဘာလဲ မင်းကိုကို က လာမကြိုဘူးလား ၊ လာလေ ကိုယ်တို့နဲ့လိုက်ခဲ့လေကွာ ၊
ကန်တော်ကြီးဘက် ဆက်လိမ့်ရအောင်၊ ကြိုက်တတ်ရင်တော့ နတ်ဆေးပါတယ် ချိုရေ ၊
ချို စမ်းသုံးကြည့်လေ ၊ အရမ်းလွင့်သွားလိမ့်မယ် အာမခံတယ် စိတ်ချ "
ချိုရီ ထိုလူငယ်ကို သိပါ၏။ အရာရှိကြီးတစ်ဦး၏ သားဖြစ်သည်။ သူတို့ အသိုက်အဝန်းကတော့ မိုက်ကယ်ဟု ခေါ်ကြသည်။
နာမည် အရင်းက ဇော်မင်းအောင် ။ မိဘ ပိုက်ဆံ ဖြုန်းတီးပြီး ၊ မိဘ၏ အရှိန်အဝါကို ကောင်းစွာ အသုံးချ၍ ကဲချင်တိုင်း ကဲနေသော ဆိုးသွမ်း လူငယ်တစ်ဦးဖြစ်သည်။ ဆေးစွဲနေသူ တစ်ယောက်လည်း ဖြစ်သည်။
ကားထဲတွင် မိုက်ကယ်လိုပဲ ၊ ဆေးရွဲနေသူ ဘော်ဒါ တစ်ချို့ပါ၏။ ချိုရီ ယဉ်ကျေးစွာပဲ ငြင်းပယ်လိုက်ပါသည်။
" ကျေးဇူး မိုက်ကယ် ၊ ငါ့ကိုကိုက ခုပဲ ထွက်လာနေပြီတဲ့ ၊ ခဏနေ ရောက်တော့မှာပါ ၊ မင်းတို့ပဲ သွားလိုက်တော့နော် "
မိုက်ကယ်က သူမအား မကျေမနပ် ကြည့်၏။ သူလို လူက တကူးတက ခေါ်တာကို ငြင်းပယ်သောကြောင့် ဖြစ်လိမ့်မည်။ မိုက်ကယ်က ချိုရီ မူးနေတာကို မြင်၍ တမင် ကားရပ်ခေါ်ခြင်း ဖြစ်သည်။
အကယ်၍သာ ချိုရီ သူတို့နဲ့ လိုက်သွားပါက ပျက်စီးရပေလိမ့်မည်။ ချိုရီ့ အဖြေက ကောင်း၏။ သူမ၏ ကိုကို မကြာခင် ရောက်လာတော့မည်ဆိုတော့ မိုက်ကယ်လည်း ဇွတ်အတင်း မခေါ်ဝန့်တော့ချေ။ဒါတောင် ချိုရီရဲ့ လှပသော ကိုယ်လုံးလေးကို စားမတတ် ဝါးမတတ် ကြည့်ရင်း နုတ်ဆက်သွား၏။
" ဒါဆိုလည်း သွားတော့မယ် ချို ၊ လိုရင်တော့ ဖုန်းဆက်လိုက်ပေါ့ "
မိုက်ကယ်၏ အမိုက်စား ကားကြီးက သူမအား ထား၍ ဝူးကနဲ လီဗာကို ဆောင့်နင်းကာ ထွက်သွားလေ၏။
သူတို့ ထွက်သွားလေမှ ချိုရီ ကိုကို့ထံ ဖုန်း ထပ်ဆက်ပြန်သည်။ ဖုန်းက မအားသေးပါဟုပဲ ဆက်တိုက် ဖြေဆိုနေ၏။ ချိုရီ စိတ်ညစ်သွားသည်။
မတတ်နိုင် ။ တက္ကစီတစ်စီး ခေါ်၍ ပြန်ရပေတော့မည်။ ပြန်ရမည်ဆိုတော့ သူမ ဘယ်ကို ပြန်ရမလဲ ။ သူမ နေထိုင်ရာ အဆောင်ကိုလည်း ပြန်လို့ မဖြစ်တော့ပေ။
ချိုရီ စဉ်းစားသည်။ နောက်ဆုံးတွင် သူမ စဉ်းစား၍ ရတာက သီရိ ။ သီရိက သူမနှင့် ငယ်ငယ်ကတည်းက ကျောင်းအတူ တက်လာခဲ့သူ။ တစ်မြေတည်းနေ တစ်ရေထဲသောက် လည်ပင်းဖက် ကြီးပြင်းလာကြသူများ ဖြစ်သည်။
သီရိက အပြင်မှာ လုံးချင်း တိုက်ခန်း သီးခြား ငှားနေသူ ဖြစ်၏။
ခက်တာက သူမကို သီရိက လက်သင့်ခံပါ့မလား ။ သီရိနဲ့သူမ ပြီးခဲ့သော ၅ရက်ခန့်က စကားများထားကြပြီး မခေါ်ကြဘူး မဟုတ်လား။
သီရိ နှင့် သူမသည် ဇာတိမြေ တစ်မြို့တည်းမှ ရန်ကုန်ကို လာရောက်ခဲ့သူများ ဖြစ်ကြသည်။
ငယ်သူငယ်ချင်း အရင်းကြီးတွေလည်း ဖြစ်ကြသည်။ရန်ဖြစ်သည့်အခါ အော်ဟစ် ဖြစ်လိုက်ကြပြီး ၊ မခေါ်မပြောနိုင်လောက်အောင် မုန်းတီးခြင်းတော့မရှိ။
ဒီလိုပဲ တစ်ယောက်ယောက်က စခေါ်လိုက်ရင် ပြန်ပြေလည်သွားကြသည်သာ။
သူမအတွက် အခုချိန်မှာ အားကိုးစရာ ခိုနားစရာဆိုလို့ သီရိသာ ရှိလေ၏။သီရိကို သူမကပဲ စ ခေါ်ရတော့မည်။ မတတ်နိုင်။
သူမ သီရိရဲ့ ဖုန်းနံပတ်ကို နှိပ်ကာ ခေါ်လိုက်သည်။
" တူ ... တူ ...."
ဖုန်းဝင်သွားသည်။ ဖုန်းဝင်သော အသံက တူ တူ ဟု ထွက်ပေါ်လာ၏။
သို့သော် မိသီရိက ဖုန်းမကိုင်။
အိပ်များ ပျော်နေသလား မသိ။ သူမ နောက်တစ်ကြိမ် ထပ်မံ ခေါ်ပြန်သည်။
ဖုန်းက ခုနကလိုပဲ ဝင်သွားသည်။ ကိုင်မည့်သူ မရှိ။ ဖြေကြားသူ မဲ့နေ၏။
' တောက်! ဒီနေ့ ဘာနေ့လည်းကွာ ၊ ပြသဒါးလားဟ ၊ ဘာခေါ်ခေါ် အဆင် မပြေဘူး '
ဒါနဲ့ ချိုရီဟာ စိတ်မရှည်နိုင်တော့ဘူး။
တက္ကစီကားတစ်စီးကို တား၍ သီရိ နေထိုင်ရာ ဗဟန်းမြို့နယ်ထဲရှိ တိုက်ခန်း လိပ်စာကို ပြောပြီး ထွက်လာခဲ့သည်။
သီရိ ..သူမအား စိတ်ဆိုး မပြေသေးဘူးဟု ချိုရီ သိလိုက်ပြီ။ တက္ကစီကား စီးနေရင်း ချိုရီ စိတ်ထဲကနေ သီရိ အကြောင်းတွေးတောကာ ကြုံးဝါးလိုက်သည်။
" ဒင်းကို ငါ ဘာနဲ့ ချော့ရမလဲ ။ ဟာ ဟုတ်ပြီ။ သီရိ အကြိုက် ၊ စပိုင်ဝိုင် နဲ့ စပျစ်သီးခြောက်ထုပ် ဝယ်သွားရမယ်။
ကောင်မ တွေ့မယ်။ ဒင်း မူးလာမှ ငါ သရဲတစ္ဆေတွေအကြောင်း ပြောပြရဦးမယ်။ ဒင်းက တစ္ဆေကားဆိုရင် တစ်ယောက်တည်း ကြည့်ရဲတာမဟုတ်ဘူး ။ ငါ ရှိမှသာ ကြည့်ရဲတဲ့ အနုမ ။ အကြောက်မ။တစ္ဆေကြောက်မ။
တွေ့ကြသေးတာပေါ့ မိသီရိရာ ၊ ငါက စခေါ်တာတောင် ဒင်းက မူနေသေးတယ် ဟွန်း "
သီရိတို့ တိုက်ခန်းသို့ မရောက်မှီ လမ်းထိပ်၌ မိုးအလင်း ဖွင့်သော စတိုးဆိုင် တစ်ဆိုင်ရှိပါ၏။
ချိုရီ ကားဆရာဦးလေးကြီးအား ထိုစတိုးဆိုင်ရှေ့မှာ ပဲ ရပ်ခိုင်းလိုက်ပြီး ကားငှားခ ကျသင့်ငွေကို ရှင်းပေးလိုက်သည်။
ပြီးတော့ သူမသည် စတိုးဆိုင်ထဲ ဝင်သွားပြီး ၊ စပိုင်ဝိုင်ပုလင်း ဒါဇင်ဝက်၊ စပျစ်သီးခြောက် အထုပ်ကြီးတစ်ထုပ် နှင့် အာလူးကြော်၊ ငါးမုန့်ကြော်၊ အချဉ်ထုပ် စသည်တို့ကို ဝယ်ယူလိုက်သည်။
ညဂျုတီကျသော အရောင်းဝန်ထမ်းလေးက ချိုရီ ဝယ်ယူထားသည်များကို တွက်ချက်၍ ကျသင့်ငွေ ဘောက်ချာဖြတ်ပိုင်း ကမ်းပေးရင်း တရင်းတနှီး စကားဆိုလေ၏။
ကောင်လေးက ချစ်စရာ အပြုံးလေးဖြင့်၊
" အစ်မ မတွေ့တာတောင် ကြာပြီနော်၊
ဟို စပျစ်သီးခြောက် ကြိုက်တဲ့ မျက်မှန်နဲ့ အစ်မရော မပါဘူးလားဗျ"
ချိုရီက ကောင်လေးစကားကြောင့် တအံတဩ ကြည့်ဖြစ်သွားသည်။
ချိုရီ သတိထားမိသည်က ထိုကောင်လေးသည် ငယ်ငယ်ချောချောလေး ဖြစ်၏။
ကောင်လေးက ချိုရီ သူ့အား မမှတ်မိမှန်း သိသောကြောင့်လား မဆိုနိုင်။
" ဟိုတစ်ခါ အစ်မတို့ ၂ယောက် Spy ဝိုင် ပုလင်း လာဝယ်တုန်းက ၊ ပိုက်ဆံ လုရှင်းရင်း ဝိုင်တစ်ပုလင်း ကျကွဲတာကြောင့် ကျွန်တော်က အစ်မတို့ကို မှတ်မိနေတာပါ အစ်မရဲ့"
ချိုရီ ခုမှ သတိရကာ ကောင်လေးကို ပြန်၍ ပြုံးရယ်ပြလိုက်ပြီး။
" အော် ဟုတ်ပါ့ကွယ်၊ မောင်လေး ပြောမှ မမလည်း မှတ်မိတော့တယ်။ အင်း အခု မမ သူ့ဆီ သွားလည်မလို့လေ ဟင်းဟင်း "
ကောင်လေးက ချိုရီ ဝယ်ယူထားသော အစားအသောက်များကို ပလပ်စတစ် လက်ဆွဲအိတ်ထဲ ထည့်ပေးရင်း၊ အခုထိ အမူး မပြေသေးသော ချိုရီအား ကြည့်ကာ ၊
" ညဥ့်တောင် နက်နေပြီနော် အစ်မ၊ ဘာလဲ အဲ့ဒီအစ်မဆီ ညအိပ်မှာလား "
" အဟင်း ဆိုပါတော့ကွယ် ၊ မရောက်တာလည်း ကြာပြီမို့၊ ဒီည သူငယ်ချင်း၂ယောက် ဝိုင်သောက်ရင်း စကားပြောကြမယ် ဆိုပါစို့ "
" ကောင်းပါလေ့ဗျာ ၊ အစ်မတို့ သူငယ်ချင်း ၂ယောက်က အတော် ခင်ကြ ချစ်ကြပုံ ရတယ် ၊ အဲ့ဒီ အစ်မတောင် ဈေးလာ မဝယ်တာ ၂ရက်လောက် ရှိပြီ "
ချိုရီက စဉ်းစားကာ ၊
" အင်း သူ သင်တန်းက ပေးထားတဲ့ ပရောဂျက်တစ်ခု ရေးနေပုံရတယ်၊ မမလည်း သူ့ဆီ မရောက်တာ တစ်ပတ် ဆယ်ရက်လာက်ရှိပြီ မောင်လေး "
ကောင်လေးက လူသာ ချောသည်မဟုတ်။ စကားပြောလည်း အတော် ရည်မွန်၏။ ကိုရီးယား မင်းသားလား အောက်မေ့ရ၏။
ချိုရီ ကောင်လေးနဲ့ စကား ပြောရတာ သဘောကျလာ၏။ ထို့ကြောင့် စပိုင်ဝိုင် တစ်ပုလင်းကို ဆိုင်ထဲမှာပဲ ဖောက်သောက်ရင်း ကောင်လေးနဲ့ စကားပြောနေမိပြသည်။
ဒီကနေ့ ဘာဖြစ်သည်မသိ။ ချိုရီရဲ့ စိတ်တွေ လွင့်နေ၏။ မူးနေတဲ့ အရသာကို နှစ်ခြိုက်နေမိ၏။
မိနစ်၂၀ခန့် ကြာသွားသည်။ တခြားသော ဈေးဝယ်သူ ဝင်လာမှ ၊ ချိုရီလည်း ကောင်လေးကို အားနာသွားပြီး သီရိထံ သွားရန် သတိရလေတော့သည်။
သို့ဖြင့် ချိုရီ ကျသင့်ငွေ ပိုက်ဆံကို ရှင်းကာ ကောင်လေးအား နုတ်ဆက်၍ စတိုးဆိုင်လေးထဲမှ ထွက်လာခဲ့၏။
ကောင်လေးကတော့ မမလှလှ တစ်ယောက် မူးယစ်ရီဝေစွာ ထွက်ခွာသွားသည်ကို စိုးရိမ်ဟန်ဖြင့် ကြည့်နေရစ်ခဲ့လေသည်။
..........................
၂။
ဝယ်ယူထားသော အစားအသောက်များကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ သီရိတို့ တိုက်ခန်းရှိရာသို့ သူမ ခြေလျင် လျှောက်လာခဲ့သည်။
လမ်းတစ်လျောက်လုံးရှိ ဘေးနှစ်ဘက် ဝဲယာမှ အိမ်များမှာ အိပ်ကုန်ကြပြီလား မဆိုနိုင်။ အိမ်ရှေ့မီး အချို့ပင် ငြိမ်းထားကြပြီ ဖြစ်သည်။သို့သော် လမ်းမီးတိုင် အချို့မှာ လင်းလျက်ရှိပါ၏။
အချို့သော လမ်းမီးတိုင်များက မီးလုံးများမှာ ကြွမ်းနေသည်လား မပြောတတ်။ မီး မလင်းချေ။
ထိုလမ်းမီးတိုင်အောက်က နေရာများမှာတော့ ကွက်ကြားမှောင်နေ၏။
လမ်းပေါ်မှာ လူသွားလူလာ မရှိတော့။ အချိန်ကိုလည်း ကြည့်ဦးလေ။ အနည်ဆုံးတော့ ည ၁၁နာရီခန့် ရှိလိမ့်မည်။
မအိပ်ပဲနေသော အစာရှာ ခွေးလေခွေးလွင့်အချို့ကတော့ အမှိုက်ပုံးအချို့ကို ထိုးဖွနေကြသည်။ စားကျွင်းစားကျန်များကို ရှာဖွေ စားသောက်နေကြပုံရ၏။
ရောက်ပါပြီ။ လေးထပ်တိုက်တန်းကြီး။
တိုက်တန်းကြီးကို မော့ကြည့်ပြီး ၊ ချိုရီ အမောဆို့သွားသည်။ သီရိ နေထိုင်ရာ အခန်းက အပေါ်ဆုံးထပ် တိုက်ခန်း နံပတ် (၄၂) ဖြစ်သည်။
အများသုံး ကွန်ကရစ်လှေခါးမှ သူမ အပေါ်ထိ တက်ရပေလိမ့်ဦးမည်။ စိတ်ကို တင်း၍ အိတ်၂အိတ်ကို လက်မှာဆွဲပြီး ၊ တက်ခဲ့လေ၏။
လှေခါးထစ်များကို လေးကန်စွာ နင်းလာရင်း သူမနှင့်သီရီ အကြောင်းကို စဉ်းစားလာခဲ့သည်။
တကယ်ဆို သူမတို့ သူငယ်ချင်း ၂ယောက်သည် လားလားမှ မတူ။
သူမက သွက်လက်သလောက် သီရိက လေးကန်၏။ သီရိမှာ သူမထက်သာတာက ချစ်စရာကောင်းသော ဆံနွယ်အရှည်ကြီးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
သီရိ၏ အသားအရေက အနည်းငယ် ညို၏။ သူမက ဖြူဝင်းသော အသားအရေကို ပိုင်ဆိုင်ထား၏။
သီရိက ပြင်ပြင်ဆင်ဆင် မနေတတ်။သို့ပေမယ့် သန့်ရှင်းစွာ နေတတ်၏။
သီရိရဲ့ပါးပြင်ပေါ်မှာ လက်သွေး သနပ်ခါး အမြဲလိမ်းထားတတ်သည်ကို မြင်တွေ့နိုင်ပါသည်။။
ချိုရီကတော့ သနပ်ခါးထက် မိတ်ကပ်ကို ပိုလူးဖြစ်သည်။
သီရိက သူမနှင့် လိုက်ဖက်မည့် အဝတ်အစားကို မရွေးတတ်။
သူမ သက်တောင့်သက်သာ ရှိမည် ထင်သော ခပ်ပွပွအဝတ်တို့ကိုသာ အလွယ်တကူ ဝတ်ဆင်တတ်ပြီး ချိုရီကတော့ သီရိလိုမဟုတ်။
ချိုရီက အဝတ်အစားကို ရွေး၏။သူမ အကြိုက် အဝတ်တို့ကိုသာ ရွေးချယ်၍ ဝတ်လေ့ရှိသည်။
သူမ၏ လှပသော ကိုယ်လုံးလေး ပေါ်လွင်အောင် ချပ်ချပ်ကပ်ကပ် ရှိသည့် အဝတ်တို့ကို ရွေးချယ်၍ အမြဲ ဝတ်လေ့ရှိသည်။
ထို့ကြောင့်ပင် သီရိနဲ့ ယှဉ်လိုက်ရင် ချိုရီက အများ အမြင်မှာတော့ ပို၍ ထင်ပေါ်လေသည်။
သို့သော် စေ့စေ့ကြည့်လျင် သီရိက မပြင်မဆင်ပဲ လှလေ၏။နှာတံပေါ်ပေါ် မျက်ခုံးတန်း ထူထူလေး နှင့် ချစ်စရာကောင်း၏။
ချုံး၍ ဆိုရသော် ချိုရီ၏ အလှက မြင်းတပြေးအလှ၊ ကြာရှည် အကြည့်မခံ ။
ညိုပေမယ့် စိုပြေသော အသားအရေ ပိုင်ရှင်မလေး သီရိကသာ တစိမ့်စိမ့် အကြည့်ခံသော အလှဟု ဆိုချင်မိသည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ၌ ချိုရီက ပိုမို ထက်မြက်၏။ ပျော့နွဲ့ခြင်း မရှိ။ သူမ မှန်သည်ဟုထင်လျင် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ရဲရဲဝံ့ဝံ့ ချတတ်၏။ ဟာသဉာဏ် ရှိသူ ဖြစ်၍ အပေါင်းအသင်း ပေါ၏။
သီရိက ထိုသို့မဟုတ်။ ခံစားလွယ်သလို မျက်ရည်လည်း ကျလွယ်၏။ နေရာတကာ၌ ပျော့ညံ့၏။ လူအများနဲ့လည်း ရောနှော မနေတတ်။ တစ်ယောက်တည်း ငေးငေးငူငူ ရှိလေ၏။
ချိုရီသည် သီရိအကြောင်းကို တွေးရင်း
လှေကားကနေ အပေါ်ကို တက်လာလိုက်တာ လေးလွှာ အပေါ်ဆုံးထပ်သို့ ရောက်ပြီ ဖြစ်၏။
လေးလွှာ စင်္ကြန်လမ်းတစ်လျောက်က မီးများက လင်းထိန်နေ၏။
တိုက်ခန်းတံခါးများကတော့ ပိတ်ထားကြလေပြီ ဖြစ်သည်။အိပ်စက် အနားယူ ကုန်ကြပြီ ဖြစ်မည်။
" ဝု.... အု... အူး "
ထိုအခိုက် အောက်ဘက် လမ်းမပေါ်က အစာရှာ ခွေးတစ်သိုက်သည် အကြောင်းမဲ့ စွဲငင်စွာ အူဟစ်လိုက်ကြသည်။
မကြောက်တတ်သော ချိုရီပင် ထိတ်ကနဲ ရင်ဖိုသွားလေ၏။
သူမ ခြေလှမ်းတွေကို သီရိ အခန်းရှေ့သို့ ခပ်သွက်သွက် လှမ်းလိုက်သည်။
အခန်းရှေ့ရောက်တော့ လူခေါ် လျှပ်စစ်ဘဲလ် ခလုပ်လေးကို သူမ ခပ်သွက်သွက် ဖိလိုက်သည်။
ပြီးလျင် တံခါး လက်ကိုင်ဘုကိုလည်း တဂျောက်ဂျောက်ဖြင့် လှည့်လိုက်မိသည်။
တံခါးက အတွင်းမှ လော့ခ် ချထားပုံရသည်။ တင်းခံနေ၏ ။ တွန်းဖွင့်သော်လည်း မပွင့်ချေ။
သူမ လက်ကိုင်ဘုကို တချောက်ချောက် မြည်အောင် လှည့်နေသောကြောင့်ထင်သည်။ သီရိအခန်းနှင့် အခန်းချင်း ကပ်လျက်က အန်တီကြီး၏ အသံ စူးစူး ထွက်ပေါ်လာ၏။
" ဟေ့ ဆူဆူညံညံနဲ့။ ဘယ်သူလဲဟေ့၊ ဒါ လူတွေ အိပ်ချိန်နော် ၊ ကိုယ်တစ်ယောက်တည်း နေတယ် မအောက်မေ့နဲ့ ၊ လူလိုသိဟေ့ "
ချိုရီ ထိုအန်တီကြီးကိုတော့ လန့်၏။ ဒီတိုက်ခန်းတွဲကြီးမှာ ထိုဘွားတော်သည် ဒေါ်စွာကျယ် ဖြစ်၏။ ဘွားတော်ကြီးထံမှ ထပ်၍ မြည်တွန်တောက်တီးသံ ထွက်ပေါ်လာပြန်ပါ၏။၊
" ဘယ်နှယ့်တော် တစ်ညလည်း မဟုတ်၊ ၂ညလည်းမဟုတ် ၊ ညတိုင်း လူတွေ အိပ်ချိန်ဆို တဘုန်းဘုန်း တဒိုင်းဒိုင်းနဲ့ ဆူချင်တိုင်း ဆူညံနေတော့တာပဲ ၊
ပတ်ဝန်းကျင်လည်း အားနာဦးဟေ့ "
ချိုရီ တံခါး လက်ကိုင်ဘုပေါ်မှ လက်ကို ရုတ်လိုက်၏။ ဆက် မလှည့်ရဲတော့ပေ။
သူမ ခေါင်းထဲမှာတော့ ၊
' ဒုက္ခပါပဲ ၊ မိသီရိကလည်း အအိပ်ကြီးလိုက်တာ ၊ ငါ ဘယ်လို နိုးရပါ့မလဲ ၊ ဖုန်းကလည်း မကိုင်ဘူး '
ချိုရီ အသံတိုးဖွဖွလေးဖြင့် ၊ အခန်းဘက်မျက်နှာမူ၍ လက်အုပ်ချီလိုက်မိ၏။
" ဘုရား ဘုရား ဟိုမိန်းမကြီး ထွက်မလာခင် မိသီရိ တံခါးလာဖွင့်ပေးပါစေ "
အမှန်မှာတော့ ချိုရီ ခမျာ ဟိုဘက်အခန်းက အဒေါ်ကြီး အပြင်ထွက်လာပြီး ရန်တွေ့မည်ကို ကြောက်ရွံသောကြောင့် ဖြစ်လေ၏။
" သီရိ မိသီရိ အသည်းလေးရေ ၊ ငါပါဟ တံခါး ဖွင့်ပေးပါဦးဟယ် ၊ ဒီမှာ နင့်အကြိုက် စပျစ်သီးခြောက် နဲ့ ဝိုင်ပုလင်းလည်း ပါလာပါတယ်နော်၊ ထတော်မူပါဦး အသည်းလေးရယ် ၊ ရှိကြီးခိုးပါရဲ့အေ "
သူမ၏ ဆုတောင်းပဲ ပြည့်လေသလား မသိ။
ချိုရီ၏ နားထဲသို့ ကလစ်ကနဲ ဟူသော အသံကို ကြားလိုက်ရသည်ဟု ထင်လိုက်မိသည်။ ထိုအသံသည် အတွင်းမှာ တခါးလော့ ဖြည်သံ ဖြစ်၏။
ချိုရီ အခုချိန်မှာ အတိုင်းမသိ ဝမ်းသာသွား၏။ သူမ ခပ်မြန်မြန်ပဲ အခန်းတံခါး လက်ကိုင်ဘုကို လှည့်ကာ တွန်းကြည့်လိုက်သည်။
အိုကေ ၊ တံခါးက ရှောရှောရှုရှုပဲ ပွင့်သွား၏။
တံခါးပွင့်သွားသည်နှင့် ချိုရီ အိတ် ၂အိတ်ကို ဆွဲကာ အထဲသို့ ဝင်လိုက်သည်။
အထဲရောက်သည်နှင့် တံခါးကို ကိုယ်စောင်းတိုက်ကာ ပိတ်လိုက်လေ၏။ပြီးနောက် သူမ တံခါးကို ကျောမှီကာ မျက်စိကို စုံမှိတ်၍ ၊
' ဟူး .. ကြောက်လိုက်တာဟယ် '
အခုမှပဲ ၊ ချိုရီ သက်ပြင်းမော ချနိုင်တော့သည်။
သီရိအခန်းက အဲကွန်းကြောင့်လား မသိ။ အခန်းသည် အပြင်ကထက် ပို၍ အေးစိမ့်နေသလိုပင်။
ချိုရီ မျက်စိကို ပြန်ဖွင့်လိုက်၏။ အခန်းထဲက စာကြည့်စားပွဲရှေ့တွင် သီရိ တစ်ယောက် လက်ပ်တော့ကို ဖွင့်ကာ အလုပ် လုပ်နေ၏။ သင်တန်းက ပေးသော ပရောဂျက်တစ်ခုကို အချောသတ်နေပုံပင်။
သူမကို သီရိ တံခါးလာဖွင့်ပေးရုံသာ ဖွင့်ပေးခဲ့ပြီး၊ ခါတိုင်းလို ကြိုဆိုခြင်း မရှိ။
သီရိ စိတ်ကောက်နေဆဲ ဖြစ်လိမ့်မည်။
သူမ ပြုံးလိုက်၏။ သီရိကို ချော့ရဦးမည်မဟုတ်လား။
အိတ်တွေကို ကောဇောခင်းထားသည့် ကြမ်းပြင်ပေါ်ချရင်း ၊
" သဲလေး ကိုယ့်ကို စိတ်ဆိုးပြေတော့နော်၊ ဒီမှာ သဲ အကြိုက် စပျစ်သီးခြောက်ရယ် ဝိုင်ရယ် ဝယ်လာခဲ့တယ် "
သူမအား ကျောပေး၍ ထိုင်နေသော သီရိသည် ဆံပင်ကို ဖားလျားချထား၏။
ညဝတ်အကျႌ နှင့် ဘောင်းဘီရှည်ကို ဝတ်ထား၏။
နက်မှောင်ပြီး သန်ချင်တိုင်း သန်နေသော သီရိ၏ ဆံနွယ်များမှာ အရမ်းလှသည်ဟု ချိုရီ တွေးလိုက်မိသည်။
ချိုရီက အိတ်ထဲက ဝိုင်ပုလင်းများ နှင့် အကြော်အလှော် အိတ်များကို ထုတ်ယူရင်း ၊
" နင့် လက်တော့ကြီး ပိတ်ထားခဲ့ဟာ ၊တအား ကြိုးစား မနေနဲ့ ၊ အချိန်တန်ရင် လင်ယူပြီး လင့်လုပ်စာ ထိုင်စားရုံပဲ ။
လာ ငါတို့ အတူဝိုင်းလိုက်ကြရအောင်"
ပုလင်းသံ အိတ်သံတွေ ကြားရတော့ စိတ်ကောက်နေသော မိသီရိ ကြာကြာ မကောက်နိုင်ပါ။ လက်ပ်တော့ကို ပိတ်၍၊ သူမနဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်၏။
" ဒီအချိန်ကြီးကျမှ ဘာလာလုပ်တာလဲ "
" ဟီး ဟိုကောင် သော်ဇင်ရဲ့ မွေးနေ့ပါတီက ပြန်လာတာလေ ၊ အဲ့ဒါ .."
" အဆောင်ပိတ်ချိန်ထိ ကဲနေတယ်ဆိုပါတော့ "
" ဟီးဟီး နင်ကလည်း ငါ့အကြောင်း သိသားနဲ့ ၊ ဟုတ်တယ် အဲ့ဒါကြောင့် ငါ နင့်ဆီ ဒီတစ်ည လာခိုတာ "
" နင် ငါ့ကို ဒီလို အချိန်မှ သတိရတာ မဟုတ်လား ကောင်မစုတ် "
" မဟုတ်ရပါဘူးနော် ၊ ငါ ခုနက နင့် ဖုန်းကို ဆက်သေးတယ် ၊ ဘာလို့ ဖုန်း မကိုင်တာလဲ "
"ဟင် ဟုတ်လား ၊ ငါ ခုနက ရေချိုး ခေါင်းလျော်နေတော့ ဖုန်းသံ မကြားမိလိုက်ဘူးဟာ "
ဟုတ်မှာပါ ။ သီရိရဲ့ ဆံပင်တွေဟာ ရေစိုနေဆဲ၊ ကောင်းကောင်း မခြောက်သေးချေ။ သီရိက ရေချိုးရင် စိမ်ပြေနပြေ ချိုးလေ့ရှိ၏။
သီရိသည် ချိုရီက သူမ၏ ဆံပင် စိုနေတာကို ကြည့်နေ၍ ၊
" ဒွိုင်ယာ (လေမှုတ်စက်) က ပျက်နေတာဟ ၊ အဲ့တာ တဘက်နဲ့ပဲ မနည်း သုတ်ထားရတယ် "
ချိုရီက ပုလင်းဖွင့်တံလေးဖြင့် Spy ဝိုင်ပုလင်း ၂လုံးကို စဖွင့်သည်။ ဖွင့်ပြီးသော ဝိုင်ပုလင်းကို သီရိအား ကမ်းပေးရင်း ၊
" ရော့ ချစ်ဆုံး ၊ ဒါက ဒို့သူငယ်ချင်း၂ယောက် ပြန်ခေါ်ခြင်း အထိမ်းအမှတ် ခစ်ခစ် "
သီရိကလည်း ရယ်၏။ ပုလင်းကို လှမ်းယူသည်။ နှစ်ယောက်သား ပုလင်းချင်း ခွမ်ကနဲ နေအောင် တိုက်၍ ချီးယား လုပ်ကြ၏။ ပုလင်းလိုက် မော့သောက်ကြ၏။ အာသာပြေရန် အမြည်းအဖြစ် စပျစ်သီးခြောက်ကို ကောက်ယူဝါး၏။
စပိုင်ဝိုင်လေးက ဗိုက်ထဲဝင် ၊ အယ်ကိုဟောဓာတ်က အစွမ်းပြတော့တာပေါ့။ မူးယစ်လာပြီ ဖြစ်တဲ့ နှစ်ယောက်သား အရှိန်လေး ရလာတော့ တခစ်ခစ်နဲ့ ရယ်စရာတွေပြောကာ ရယ်ကြသည်။
" ဟဲ့ လမ်းထိပ်က စတိုးဆိုင်က ကောင်လေးကတောင် နင့်ကို မေးနေတယ်။
သူ့ဆိုင် မလာတာ ၂ရက် ရှိပြီဆိုလားပဲ"
သီရိက မျက်နှာတစ်ချက် မဲ့သွားသည်။ပြီးတော့ အဖြေကို စဉ်းစားဟန်ပြုပြီး ၊
" အော် ဒါလား ၊ ဈေးဝယ်စရာမှ သိပ်မရှိတာ ၊ နယ်ကနေ အမေက စားစရာတွေ ပို့ထားတော့ သူ့ဆိုင် မရောက်ဖြစ်ဘူးပေါ့ဟာ ၊ ပြီးတော့ ငါ .."
သီရိက လက်ပ်တော့ ရှိရာ စားပွဲခုံကို လက်ညှိုးထိုးပြပြီး ၊
" အဲ့ဒါနဲ့ တစ်နေကုန် အလုပ် ရှုပ်နေတာဟ ၊ ဒါကြောင့် ဘယ်မှ မသွားဖြစ်ပါဘူး "
သူမ ထင်သည့်အတိုင်း မိသီရိ သင်တန်းကပေးထားသော အိမ်စာများနဲ့ အလုပ် ရှုပ်နေခြင်းပင်။
ချိုရီက ၊
" ဟဲ့ သီရိ ၊ စတိုးဆိုင်က ကောင်လေးက အလန်းစားနော် ၊ ကိုရီးယား မင်းသားလေး ကျနေတာပဲ ၊ ချောလိုက်တာဟယ် ခစ်ခစ် "
" ဟုတ်တယ် ၊ အဲ့ ကောင်ချောလေးက အလုပ်သမားလို့ အစက ငါ ထင်နေတာဟ၊ နောက်မှ သိရတာက အဲ့ကောင်လေးက ပိုင်ရှင်တဲ့ "
" ဟင်! ဟုတ်လို့လားဟယ် ၊ သူ့ အသက်ကဖြင့် ငယ်ငယ်လေး ၊ စတိုးဆိုင်ပိုင်ဆိုင်လောက်တဲ့ ငွေကို ဘယ်ကရတာလဲ "
သီရိက ချိုရီ ဖောက်ပေးသော နောက်ပုလင်းတစ်လုံးကို စတင် သောက်နေပြီဖြစ်သည်။ အာလူးကြော် တစ်ဖတ်ကို တကြွပ်ကြွပ် ဝါးပြီး ၊
" သေချာတော့ ငါ မသိဘူး ၊ သူ့ မိဘက လုပ်ငန်း ခွဲပေးတာလို့လည်း အကောင်းမြင်ပေးလို့ ရတယ်။ ဒါပေမယ့် သူ့ဆီကို တစ်ခါတလေမှ လာတတ်တဲ့ သိန်းထောင်ကျော်တန် ကားကြီးနဲ့ မမကြီး တစ်ယောက်တော့ ရှိတယ်ဟ၊ အဲ့ဒီ မမကြီးလာရင် ကောင်လေးက ဆိုင်ကို တခြားတစ်ယောက်နဲ့ ထားပြီး လိုက်သွားလေ့ ရှိတယ်တဲ့၊ ရပ်ကွက်ထဲတချို့က ပြောတာတော့ ကောင်လေးက အဲ့ဒီ မမကြီးဆီက စပွန်စာ ယူထားတယ်ဆိုလားပဲ ဟ "
" ဟယ် ! ဖြစ်နိုင်ပါ့မလား ၊ ကောင်လေး ကြည့်ရတာ ရည်ရည်မွန်မွန်လေးပါ ၊ မ ထင်ရဘူးနော် "
သီရိ မျက်နှာက ရဲနေပြီ။ သီရိက ချိုရီလောက် သောက်နိုင်သူ မဟုတ်။ စပိုင်ဝိုင် ၂လုံးနဲ့တင် လျှာသွက်အာသွက် မူးနေပြီ ဖြစ်ပါသည်။
သီရိက မူးမူးနဲ့ ချိုရီ့ကို မော့ကြည့်ရင်း၊
" ဘာလဲ နင်က အဲ့ဒီကောင်လေးကို ကြွေနေပြန်ပြီလား "
" ခစ်ခစ် ၊ ရုပ်လေးက ကြွေချင်စရာလေးကိုဟဲ့ ၊ ငါတို့ကြည့်တဲ့ ကိုရီးယား ဒရမ်မာကားတွေထဲက အိုပါးလီမင်ဟို နဲ့တူတယ်နော် သီရိ "
" ဘယ်သိမလဲ ကောင်မရဲ့ ၊ ငါက နင့်လို အသေအချာ လိုက်ကြည့်နေတာမှ မဟုတ်တာ "
သူတို့ ၂ယောက် စကားကောင်းနေစဉ် ၊ မျက်နှာကျက်က လျှပ်စစ် မီးချောင်းက ပုတ်ခတ်ခတ် ဖြစ်သွားသည်။
အခန်းသည် မှောင်တစ်လှည့် လင်းတစ်လှည့် ဖြစ်သွားသည်။ တိုက်ဆိုက်မှုဟု ဆိုရမလား မပြောနိုင်ချေ။
လမ်းမပေါ်က ခွေးလေခွေးလွင့်များက ရုတ်တရက် ထအူကြပြန်၏။
" ဝု အု အု အူး ...."
ဒီတစ်ခါ မီးက တကယ် ပျက်သွား၏။
သို့သော် စက္ကန့်၃၀လောက်သာ ကြာမည်။ ဖြတ်ကနဲ ပြန်လင်းလာ၏။ မီပြနလာချိန်မှာတော့ ၊
ချိုရီ ၊ မကြောက်တတ်သော ချိုရီ ဒီတစ်ခါ တကယ်ပဲ ထိတ်လန့်ခြောက်ခြားနေသော ဟန် အထင်းသားဖြင့် သီရိ၏ အနောက်ဘက် ငေးစိုက်ကြည့်ရင်း ၊
" သီ...သီ...သီရိ နင် နင် "
သီရိက ပုလင်းကို ကိုင်ထားရင်း ချိုရီ၏ ထိတ်လန့်နေသော အမူအယာကြောင့်၊
" ဟင်! ဘာလဲ ဘာလဲဟ "
ချိုရီက ထစ်ထစ်ငေါ့ငေါ့ဖြင့် ၊
" နင့်... နင့်.. နောက်မှာ "
သီရိ နောက်ပြန်လှည့်ကြည့်သည်။ နောက်မှာ ဘာမှ မရှိ။
လက်ပ်တော့တင်ထားသော စားပွဲခုံနှင့် ထိုင်ခုံသာ ရှိ၏။
ချိုရီက ..တအားကို ကြောက်လန့်နေဟန်ဖြင့် ၊
" စား...စား ပွဲ ခုံ အောက် မှာ "
ဒီတစ်ခါ သီရိ အသံကပါ ကြောက်လန့်လာသလို ရှိ၏။ သီရိက သရဲ ကြောက်တတ်သည်မဟုတ်လား ။
"ဟင်! ဘာကြီးလဲ "
သီရိမျက်နှာက ဝိုင်အရက်ကြောင့်လား ၊ ချိုရီကြောင့်လား မသိနိုင်။ ဖြူဖျော့လာပြီး ကြောက်လန့်ဟန် ပေါ်လွင်လာ၏။
" သ.. သ....သ...သရဲ "
" ဟင် ! ..."
သီရိ...ချိုရီက စားပွဲခုံအောက်ဆို၍ စားပွဲခုံအောက်သို့ မြင်နိုင်ရန် ထိုင်နေရာမှ ကြမ်းပေါ်သို့ ဝပ်ချကာ ငုံ့ကြည့်လိုက်သည်။စားပွဲခင်း အနာစက ရှည်လျားစွာ ကျနေသည့်မို့ စားပွဲခုံအောက်ကို မြင်နိုင်ရန် ထိုသို့ ငုံ့ကြည့်ရခြင်း ဖြစ်သည်။
သီရိ ကြည့်သာ ကြည့်နေ၏။ ကြောက်စိတ်ကြောင့် သူမကိုယ်က တုန်ရင်နေသည်။
သီရိ ငုံ့ကြည့်သည့်အခါမှ ချိုရီသည် အနောက်ကနေ ဟားတိုက် ရယ်မောတော့လေ၏။
" ဟားဟားဟား စကြောက်မ "
ထိုအခါမှ သီရိလည်း ချိုရီ့ နည်းတူ ပေါ့ပေါ့ပါးပါး လိုက်ရယ်နိုင်တော့၏။
" နင်ကတော့လေ ...၊ ငါ့ကို အခုထိကို ခြောက်တုန်း ၊ ငါ သရဲ ကြောက်ပါတယ်ဆိုမှ "
ချိုရီ ရယ်တာ ရပ်လိုက်ပြီး ၊ ကြမ်းပေါ်က ပုလင်းလွတ်များကို ကြည့်လိုက်သည်။ ၆လုံး ၊ ပုလင်းလွတ် ၆ လုံး ရှိ၏။ သူမ ဝယ်လာခဲ့သော ဝိုင်ပုလင်းငယ် ဒါဇင်ဝက်မှာ တက်တက်ပြောင်လေပြီ။
မူးတတ်သော သီရိက ဘာမှ မဖြစ်သလိုပင်။ ချိုရီကတော့ မွေးနေ့ပွဲက သောက်လာသော အခံကြောင့် အတော်ပဲ မူးနေပြီ ဖြစ်သည်။
ဝယ်လာသော ဝိုင်ပုလင်း ဒါဇင်ဝက်က သူငယ်ချင်း ၂ယောက် တက်ညီလက်ညီ လှော်လိုက်တာ ကုန်ပြီ။
ဝိုင်ရဲ့တန်ခိုးကလည်း ပြလေပြီ။ ဆီးအိမ် တင်းလာ၏။အပေါ့ သွားချင်လာသည်။ချိုရီ မတ်တပ်ထရပ်ရင်း၊
" ဒီည သောက်ရတာ မဝဘူးဟာ ၊ ငါ ဘာတွေ ဖြစ်နေတာလဲ မသိပါဘူး "
ချိုရီက ထိုသို့ ပြောတော့ သီရိက ခေါင်းကို ငြိမ့်ကာ ၊
" ဟုတ်တယ် ၊ ငါလည်း ထပ်သောက်ချင်သေးတယ်၊ ဒီည နင် ရောက်လာတာ ငါ သိပ်ပျော်တယ် ချိုရီ ၊ ငါ တစ်ယောက်တည်း အထီးကျန်နေတာ ၊ စိတ်တွေ လေးလံ ထိုင်းမှိုင်းနေတာ ပျောက်သွားတယ်၊ ဝိုင် ထပ်ဝယ်ကြရအောင်လား ချိုရီ "
သီရိက ထိုစကားကို ဖီလင် အပြည့်နဲ့ ပြောပြနေခြင်း ဖြစ်သည်။သီရိမျက်နှာက ပြောရင်း မှုန်မှိုင်းလာ၏။
ကြာကြာ မတ်မတ် ရပ် မနေနိုင်သူက ချိုရီ၊ သူမက လက်ကို ကာပြပြီး ၊
" နောက်မှ ဆက်ပြောမယ် ၊ ခု မရတော့ဘူး ၊ တွိုင်းလက်(ရေအိမ်) ဝင်လိုက်ဦးမယ်ဟာ "
ချိုရီ ရေအိမ် ရှိရာသို့ ပြေးဝင်သွားသည်။ သီရိတို့တိုက်ခန်းက ရေအိမ်သည် ဘိုထိုင် ကမုတ်ခုံဖြစ်ပြီး ၊ ရေချိုးခန်းနှင့် တွဲလျက် ဖြစ်၏။
ချိုရီ အပေါ့ သွားလိုက်သည်။ ပြီးလျင် ရေခလုပ်ကို နှိပ်၍ ရေဆွဲချလိုက်သည်။
ရေချိုးခန်းထဲမှာ တိတ်ဆိပ်နေသော ညဥ့်ယံဖြစ်၍ ရေကျသံက တဝေါဝေါ ဆူညံသွား၏။
ချိုရီလည်း အခုမှပဲ ပေါ့ပါးသွားသလို ခံစားရလေ၏။ ချိုရီ အမှတ်တမဲ့ ဖြင့် ရေချိုးခန်း ကြမ်းပြင်ပေါ်က ကြွေပြားများကို ကြည့်မိသွား၏။ခြောက်သွေ့နေပါသည်။
ချိုရီ အံဩသွားသည်။ ခုန သူမ ရောက်လာခါစက သီရိ ရေချိုး ခေါင်းလျော်သည်ဟု ပြောသွားသည်မဟုတ်လား။ သီရိဆိုတာက ရေချိုးလျင် စိမ်ပြေနပြေ ချိုးတတ်သူ။
အကယ်၍ သီရိသာ ရေချိုးထားခဲ့လျင်
ကြွေပြားများသည် ဤသို့ ခြောက်သယောင်း နေမည် မဟုတ်ပေ။ကြမ်းခင်းကြွေပြားများသည် ရေစိုစက်လက်တော့ ရှိနေရမည် မဟုတ်လား ။
အခု ကြမ်းပြင် ကြွေပြားများမှာ ရေကို အသုံးပြု မထားသည်မှာ ရက်ပိုင်းမျှ ကြာမြင့်ပုံရနေ၏။ ခြောက်သွေ့နေ၏။
ချိုရီရဲ့ စိတ်ထဲမှာ စနိုးနှောင့် ဖြစ်သွား၏။
စိတ် ခံစားချက် မကောင်းတော့ချေ။
သူမ လေးကန်သော ခြေလှမ်းများဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။ အပြင်ရောက်တော့ သီရိကို မတွေ့ရတော့ချေ။
ကြမ်းပေါ်တွင် သူမတို့ စားသောက်ထားသော ပုလင်းများ အိတ်ခွံများက သူမတို့ ရှိစဉ်ကနဲ့ မတူ ပြန့်ကျဲနေ၏။
ဝိုင်ပုလင်းလွတ် ၃လုံးက ချိုရီ ထိုင်ခဲ့သည့်ဘက်က ကြမ်းပြင်ပေါ် လဲလျက် ရှိပြီး
ကျန် ၃လုံးက သီရိထိုင်ခဲ့သည့်ဘက်တွင် ထောင်လျက်သားရှိနေ၏။
ချိုရီ တစ်စုံတရာသော အတိတ်ကို သတိရသွားလေ၏။ အဲ့ဒါကတော့ သီရိသည် သူမအား ပုန်းဝှက် နောက်ပြောင်လေ့ရှိတတ်၏။
"သီရိ ဟေ့ မိသီရိ !
ဘာလဲ အရင်တစ်ခါလို ငါ့ကို ပုန်းပြီး ခြောက်ဦးမလို့လား ၊ ဟင်းဟင်း ဒီတစ်ခါ တော့ မရတော့ဘူးနော် "
ချိုရီက သူမအား သီရိက ပုန်းဝှက်နေသည်ဟု ထင်မှတ်ကာ ပြောနေခြင်း ဖြစ်သည်။ သို့ပေမယ့် သီရိ ထံမှ ဖြေသံ ထွက်ပေါ်မလာချေ။
ချိုရီ သီရိ ပုန်းအောင်းနိုင်မည့် နေရာများကို ရှာဖွေလိုက်သည်။ နေရာလပ် မကျန်တော့ချေ။ သီရိအား မတွေ့ရ။
ချိုရီ အနည်းငယ် စိုးရိမ်စ ပြုလာသည်။
နောက်တော့မှ ချိုရီ သတိရသွားသည်။
ခုနက သူမ ရေအိမ် ဝင်ခါနီး သီရိ ပြောသွားခဲ့သည်မဟုတ်လား ။ ဝိုင်ပုလင်း ထပ်ဝယ်ကြရအောင်တဲ့။
သီရိသည် သူမ ရေအိမ်တက်နေသည်ကို မစောင့်နိုင်ပဲ လမ်းထိပ်က စတိုးဆိုင်သို့ ဝိုင်ပုလင်း ဝယ်ရန် ထွက်သွားခဲ့ပုံရသည်။
သို့ဖြင့် ချိုရီသည် အချိန်မတော်ကြီး တစ်ယောက်တည်း ထွက်သွားသော သီရိအား စိတ်ပူစွာ ဖုန်းဆက်လိုက်၏။
ဖုန်းက ချက်ချင်း ဝင်သွားသည်။ သို့သော် အခန်းထဲက စာကြည့်စားပွဲပေါ်က ဖုန်း ringtone မြည်သံ ထွက်ပေါ်လာ၍ သွားကြည့်လိုက်သည့်အခါ သီရိ၏ ဖုန်း ဖြစ်နေ၏။ သီရိ ဖုန်း ယူမသွားခဲ့ချေ။
စားပွဲပေါ်တွင်လည်း ဖိုင်တွဲတစ်ချို့ ပြန့်ကျဲနေသည်။ ဖိုင်တွဲတစ်ခုမှာ တစ်ခုခု ခုခံနေသလိုလို မို့ထွက်နေ၏။
သို့ဖြင့် ထိုဖိုင်တွဲအောက်တွင် ဘာရှိမလဲဟု ချိုရီ စပ်စုလိုက်သည်။ ဖိုင်တွဲအောက်တွင် ...
" ဟင်! ဒါ ဒါ က "
ချိုရီ အရမ်းအံသြသွားသည်။ သူမ တွေ့လိုက်ရတာ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်သည့် ဆီးစစ်သည့် တက်စ်လေး ဖြစ်နေပါ၏။
ဆီးစစ်သည့် အဖြေက ကိုယ်ဝန်ရှိနေပါသည်ဟု ညွှန်ပြနေသည်။ ချိုရီ အံဩလွန်း၍ ပိုမို သိချင်စိတ် များပြားလာပါ၏။
ထို့ကြောင့် ဖိုင်တွဲများကို လှန်လှော် ရှာလိုက်သည်။ အနီရောင် ဖိုင်ထဲမှ လက်တစ်ဝါးသာ သားရေအညိုရောင်ဖုံး ထားသော ဒိုင်ယာရီ စာအုပ်လေး ထွက်ကျလာ၏။
ချိုရီ ဒိုင်ယာရီ၏ စာမျက်နှာများကို လှန်လှော် လိုက်သည်။ ထိုအခါ ဒိုင်ယာရီ စာမျက်နှာများအကြား ညှပ်ထားသော ဓာတ်ပုံများ နှင့် စာရွက်ခေါက်လေး တစာခု ထွက်ကျလာ၏။
ချိုရီ ဓာတ်ပုံတွေကို စိတ်ဝင်စားစွာ တစ်ပုံချင်း ထုတ်ကြည့်လိုက်သည်။
ပထမ ကြည့်သော ဓာတ်ပုံများမှာ သီရိ နှင့် လူလတ်ပိုင်း အမျိုးသား တစ်ဦး၏ စုံတွဲပုံများ ဖြစ်နေ၏။ ထိုလူကို ချိုရီ မမြင်ဖူးချေ။ သီရိသည် အမြဲ ကွယ်ကွယ်ဝှက်ဝှက် ရှိတတ်သည်မဟုတ်လား။
အောက်ဆုံးက ဓာတ်ပုံတွေ ကြည့်မိတော့မှ ချိုရီ ဘုရားတလိုက်မိတော့လေ၏။
အောက်ဆုံးက ဓာတ်ပုံတစ်ပုံက သီရိနှင့်တွဲနေသော လူသည် သမီးကလေးတစ်ယောက်ကို ပွေ့ချီထားပြီး၊ ဇနီးမိန်းမ ဖြစ်ဟန်တူသော သီရိ မဟုတ်သည့် အခြား ကိုယ်ဝန်ဆောင်အမျိုးသမီးက ပြုံးရယ်နေသော မိသားစုပုံ ဖြစ်နေ၏။
ကျန်သော ပုံများမှာလည်း ထိုလူနှင့်မိသားစု အမှတ်တရ ရိုက်ထားသောပုံများ ဖြစ်နေသည်။
ချိုရီ တုန်တုန်ရင်ရင်ဖြင့် စာရွက်ခေါက်လေးကို ဖြန့်ဖတ်လိုက်မိသည်။စာရွက်ထဲတွင်တော့ ၊
ညီမလေး ၊
ဒါ မမ နဲ့ ကိုကျော်စွာတို့ရဲ့ မိသားစု ဓာတ်ပုံတွေပါ ။ ညီမလေးနဲ့ မမရဲ့ယောက်ကျား ဖောက်ပြန်နေကြတာကို ရပ်တန်းက ရပ်ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်။
အကယ်၍ ညီမလေးဘက်က ရှေ့ဆက်တိုးလာဦးမယ်ဆိုရင်တော့ ၊ မမကို အဆိုးမဆိုပါနဲ့ ။ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး ။
မမလည်း မမရဲ့ သမီးနဲ့ဗိုက်ထဲက ကလေးတို့ ဖခင် မဆုံးရှုံးရစေဖို့ မိခင်တစ်ယောက်အနေနဲ့ ကာကွယ်ရမယ့် တာဝန် ရှိနေလို့ပါပဲ ။
ကိုယ့်ကို မလိုတော့တဲ့သူကို တွယ်ကပ်ချင်လွန်းလို့ လို့ မထင်ပါနဲ့ ။ ဒီယောက်ကျားကို မမလည်း တကယ် ရွံသွားပါပြီ။ ဒါပေမယ့် ခုနက ပြောသလိုပဲ မမမှာ သမီးလေးနဲ့ လူ့လောကထဲ ရောက်လာတော့မယ့် သားငယ်လေး အတွက် ခုလို တောင်းပန်နေရတာပါ။
မမ ဆီမှာ မင်းတို့ အတူနေကြတဲ့ ဓာတ်ပုံတွေ သက်သေရှိနေပါတယ်။မယုံမှာစိုးလို့ အဲ့ဒီ ဓာတ်ပုံတွေပါ အခုစာနဲ့ တစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။
မမ တရားရုံးကို မသွားချင်သလို ညီမလေးကိုလည်း သူများလင်ခိုးတဲ့အမှုနဲ့ အရှက်တကွဲ ဖြစ်စေပြီး ထောင်ထဲ ရောက်မသွားစေချင်ဘူး ။
နောက်ဆုံးအနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ် ညီမလေးရယ်။ မမတို့ရဲ့ မိသားစုလေးကို မဖြိုခွဲချင်ပါနဲ့ကွယ်။
နောက်ဆုတ်ပေးပါလို့ ထပ်ပြီး တောင်းပန်ပါရစေ။
မိန်းမချင်းကိုယ်ချင်းစာနာစိတ်ဖြင့်
မအေးအေးဝင်း
စာက အဲ့ဒါပဲ ဖြစ်၏။ချိုရီ ကျန်ရှိသော ဓါတ်ပုံအချို့ကို ကြည့်လိုက်၏။ သီရီနှင့် ထိုလူသည် ကုတင်တစ်လုံးပေါ်အတူယှဉ်လျက် အိပ်စက်နေသော ပုံများဖြစ်နေ၏။ ခိုးရိုက်ထားသော ပုံများဖြစ်သော်လည်း မျက်နှာများက ထင်ရှားပြတ်သားနေသည်။
ချိုရီ ဓာတ်ပုံတွေကြည့်နေတုန်း သူမအား တစ်ဦးဦးက ဝင်တိုက်သွားသလို ခံစားလိုက်ရသည်။ ထိုခံစားမှုနဲ့အတူ သူမ၏ တစ်ကိုယ်လုံး အေးစိမ့်သွားလေ၏။
ထို့ကြောင့် သူမ အနောက်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။
အံဩစရာပင်။ ခုနက ပိတ်ထားသော တိုက်ခန်း အဝင်တံခါးသည် လူတစ်ကိုယ်ဝင်စာ ဟလျက် ပွင့်နေလေ၏။
အပြင်ဘက် လမ်းပေါ်မှာလည်း ခွေးတွေက တစီစီ အူဟစ်နေကြသည်။
ချိုရီ ဒိုင်ယာရီစာအုပ်ရဲ့ ရေးထားသော နောက်ဆုံး စာမျက်နှာကို ဖွင့်ဖတ်လိုက်သည်။
" ငါ့ကြောင့်တော့ သူများ မိသားစု မပျက်စီးစေရဘူး ၊ လူ့လောကကြီးမှာ ငါဟာ အတတ်နိုင်ဆုံး အသန့်ရှင်းဆုံး နေခဲ့ပေမယ့် အခု လူယုတ်မာ တစ်ယောက်ကြောင့် ငါဟာ အမှိုက်ဖြစ်ရပြီ။
အမှိုက်အဖြစ်နဲ့တော့ ငါ လူလောကကြီးမှာ ဆက် မနေလိုတော့ပါဘူး။ ငါ့ကို အလိုမရှိတော့တဲ့ သူတွေကြားမှာ ငါဟာ လူရယ်စရာ သတ္တဝါတစ်ကောင်လို နေရမှာ အရမ်းကြောက်တယ်။
ငါ မနေတော့ဘူး။ ငါ ဟောဒီလောကကြီးမှာ ဆက်မနေသင့်တော့ဘူး ။အဲ့ဒါကြောင့် ငါထွက်သွားပါတော့မယ်။
အားလုံးကို ငါ တောင်းပန်ခဲ့ပါတယ်။ငါ့ကို ..ခွင့်လွှတ်ပေးကြပါလို့ ...."
ဟင် ! မိသီရိ မိသီရိ ၊ နင် ဘာ ဘာ လုပ်မလို့လဲ ။
စာကို ဖတ်ပြီး ချိုရီ အံသြတုန်လှုပ်ကာ သီရိအတွက် စိုးရိမ်စိတ်များ မြင့်တက်လာလေ၏။
ပွင့်နေသော တံခါးဝမှ အေးစက်သော လေအေးတစ်ခုက ချိုရီ၏ ကိုယ်အား ပွေ့ဖက်သွားသလိုပင်။
ထိုအခိုက် ချိုရီထံ ကိုကိုက ဖုန်းဆက်လာ၏။ ချိုရီ ချက်ချင်း ကိုင်လိုက်သည်။
" ချို အခု ဘယ်မှာလဲ ၊ ကိုကိုတို့ စက်ရုံဘေးကပ်လျက်က အင်းထဲမှာ အမျိုးသမီး အလောင်းတစ်ခု ပေါ်လာလို့ ၊ စက်ရုံပိုင်ရှင်ဖြစ်တဲ့ ကိုကိုက ဖြေရှင်းနေရတယ် ချိုရယ်၊ အဲ့ဒါကြောင့် ချို့ ဖုန်းဝင်လာတာ သိပေမယ့် မကိုင်နိုင်ဘူး ဆောရီးနော် ချို "
ချိုရီက ဘာမှ ပြန်မဖြေသေးခင် ကိုကိုကပဲ တဆက်တည်း ပြောလာ၏။
" အဲ့ဒီထက် အရေးကြီးတာ တစ်ခု ပြောပြမလို့ ချိုရေ ၊ သေဆုံးသူရဲ့ အင်္ကျီ အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ရဲကတွေ့တယ်လေ။
အဲ့ဒီ အိတ်ထဲက ပလပ်စတစ်လောင်းထားတဲ့ ဓာတ်ပုံတစ်ပုံက ၊ ချိုရီနဲ့ သေသူကောင်မလေးရဲ့ပုံဖြစ်နေတယ်။
အဲ့ဒါကြောင့် ကိုကို ရဲအရာရှိဆီကို ခွင့်တောင်း ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူထားတယ်။ ချို့ ဆီပို့လိုက်မယ်နော် ။
ကြည့်လိုက်ပါအုံး ချို "
ချိုရီ၏ ဖုန်း မက်စင်ဂျာဘောက်ထဲသို့ ဓာတ်ပုံတစ်ပုံ ဝင်လာ၏။ ဓာတ်ပုံက ချိုရီနဲ့ သီရိတို့ အတူတွဲ ဆယ်ဖီဆွဲထားသော ဓာတ်ပုံ ဖြစ်နေ၏။
ချိုရီ ဒူးတွေ မခိုင်တော့။ ခြေတွေ လက်တွေ လေးလံလာ၏။ လူတစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို နှုံးချိသွားပြီး ဝမ်းနည်းစွာ ငိုရှိုက်လိုက်တော့သည်။
" ဖြစ်မှ ဖြစ်ရလေ သီရိရယ်၊ နင် ဘာလို့ ဒီလို လုပ်ရတာလဲ ၊ ငါ့ကိုတော့ နည်းနည်းပါးပါး တိုင်ပင်ပါဦးလား သူငယ်ချင်းရယ် အဟင့်ဟင့် "
သူမ ခုနတုန်းက မြင်တွေ့ စကားပြောနေသော သီရိသည် တကယ်တော့ ဝိဉာဉ်တစ်ကောင်ပဲပေါ့ ။
ရေနစ်သေတာမို့လို့ သီရိရဲ့ဆံပင်တွေက စိုနေတာပဲပေါ့ ။
သီရိတစ်ယောက် လူယုတ်မာတစ်ကောင်၏ လှည့်ဖျားမှုအောက် ကျရှုံးကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခြင်းပဲပေါ့။
သတိထားကြည့်မယ်ဆိုရင် အဖုံးဖွင့်ထားပြီး ဝိုင်တစ်စက်မှ မလျော့သေးသော ပုလင်း ၃လုံးကလည်း ခုနက သီရိ ထိုင်ခဲ့သည့်ဘက်တွင် ရှိနေပါသေး၏။
အော် ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်းရယ်။ ဘဝဆက်တိုင်း အခုလို အဖြစ်ဆိုးမျိုးတွေနဲ့ မကြုံမဆုံရတဲ့သူ ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်ဟာ ...။
ချိုရီ စင်္ကြန်လမ်း ဝရံတာသို့ ထွက်လိုက်သည်။ သူမ အောက်က မြင်နေရသော လမ်းမပေါ် ကြည့်လိုက်သည်။
အရိပ်ဖြူဖြူလေးတစ်ခုသည် လမ်းမပေါ်တွင် တရွေ့ရွေ့ လွင့်မျောနေပါ၏။
ထိုအရိပ်ဖြူလေးသည် မိသီရိလေလား မပြောနိုင်။ ဘာလို့လဲဆိုတော့ ထိုအရိပ်ဖြူလေးသည် ဟိုး လမ်းထိပ်က စတိုးဆိုင်လေး ရှိရာသို့ ဦးတည် ရွေ့လျားနေသည်မဟုတ်လား ။
ပြီးပါပြီ။
#PePe
ပီပီ(မန္တလေး)
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်