
" အူး...အူး "
အသက်ဘေးကြုံလာသည့်အခါ အပ်ချည်ဖြင့်ချုပ်ခံထားရသည့်ပါးစပ်နှုတ်ခမ်းသားများနာကျင်ရခြင်းကို မမှုနိုင်တော့ဘဲ ရှိ သလောက်အားအင်လေးဖြင့် မြရည်ချိုအော်
ဟစ်ရုန်းကန်လိုက်သည်။ ဇန်ထူးမြတ်ကမြရည်ချိုကို စိမ်းစိမ်းကြီးကြည့်နေသည်။
" ဘယ်လိုလဲ.. လွတ်လပ်ရတော့မယ်ဆိုတော့ နေသာထိုင်သာရှိတယ်မလား "
" အု... အူး "
ဇန်ထူးမြတ်သည် မြရည်ချို၏ အော်သံကို မကြားဟန်ပြုရင်းမြေဂေါ် ကြီးဖြင့် မြေကြီးအား ကော်ယူလိုက်သည်။ယခုတစ်ချက်နောက်ဆုံးမြေဖို့ပြီးလျှင် မြရည်ချိုသည် မြေကြီးအောက်သို့ရောက်သွားပေမည်။ ဘယ်သောအခါမှ ပြန်မထလာနိုင်တော့ပေ။ ကားကို လမ်းဘေးချရပ်ထားလိုက်ပြီး ဒေါ်မိုးရိပ်ချိုသည် မျက်လုံးကို စုံမှိတ်ထား
လေသည်။
" ဘုရား...ဘုရား... "
ဒေါ်မိုးရိပ်ချိုမျက်ဝန်းထဲတွင် မြင်ကွင်းများရှင်းလင်းပြတ်သားစွာမြင်နေရသည်။ ထို့ကြောင့် ဖုန်းကိုထုတ်လိုက်ပြီး ဇန်ထူးမြတ်၏ဖုန်းနံပါတ်အား contact ထဲ၌ကမန်း
ကတန်းရှာဖွေလိုက်သည်။ နံပါတ်တွေ့သည်နှင့် ဖုန်းခေါ်လိုက်လေ၏။ တုန်ယင်နေသောအသံ မဖြစ်ပေါ်စေရန် စိတ်ကိုအတတ်နိုင်ဆုံးထိန်းနေရသည်။
ဘောင်းဘီအိတ်ကပ်ထဲမှ မြည်လာသည့်ဖုန်းကြောင့် လက်ထဲကိုင်ထားသော မြေဂေါ်ကြီးကို ဘေးသို့ချလိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်သည်။
" ဒေါ် မိုးရိပ်ချို... "
ဇန်ထူးမြတ်က အမည်ကိုရေရွတ်ရင်း ထိတ်လန့်သွား၏။ ဖုန်းကိုင်လိုက်ပြီး မြေကျင်းအနားမှ ခွါသွားသည်။
" ဟဲလို...တီလေးငယ်... "
" သားရေ... တီလေးငယ် အကူအညီလေးတောင်းချင်လို့ "
ဒေါ် မိုးရိပ်ချိုမှာ အတတ်နိုင်ဆုံးအသံကို ချိုသာစွာပြောလိုက်သော်လည်း အသံမှာတုန်ယင်နေသလိုလိုပင်။
" ဟုတ်ကဲ့...တီလေးငယ်...ကျွန်တော်ဘာကူညီပေးရမလဲခင်ဗျ "
" မြရည်ချိုလေး ပျောက်နေလို့သားရေ.. အဲ့ဒါတီလေးကို ကူရှာပေးပါဦး..."
ဒေါ်မိုးရိပ်ချိုစကားကြားသည်နှင့် ဖုန်းကိုအနည်းငယ်ခွာလိုက်ပြီးဇန်ထူးမြတ် တုန်လှုပ်သွားသည်။ ဒေါ်မိုးရိပ်ချိုသည် ဖုန်းကိုနားနားကပ်ကာမျက်လုံးထဲပေါ်လာသည့် ပုံရိပ်များကိုသေချာစွာအာရုံစူးစိုက်ကြည့်နေ၏။ မြင်နေရသည့်ပတ်ဝန်းကျင်ပုံသဏ္ဍာန်ကို အဓိကထားကြည့်လိုက်သည်။ ထိုနေရာကို သူမ မြင်ဖူးနေသလိုလိုပင်။
" ဘယ်လိုဖြစ်ရတာလဲဗျာ... ခြံထဲမှာများလားမသိပဲတီလေးငယ်...သေချာရှာကြည့်ပါဦး "
" အု..အူး..."
မြရည်ချိုက ကြားနေရသည့်အသံကြောင့် အားကိုးတကြီး ရုန်းကန်အော်ဟစ်လာသည်။ မြရည်ချို၏အသံကြောင့် ဒေါ်မိုးရိပ်ချို လည်းတစုံတရာကိုသတိရသွားပြီး ဖုန်းစပီကာဖွင့်ကာ ကားကိုပြန်မောင်းထွက်လာခဲ့သည်။
" သားရေ... တီလေးငယ်က မြရည်ချိုကိုလိုက်ရှာနေတာ... အခုအပြင်ရောက်နေတယ်...သားအိမ်လာခဲ့လို့ရမလား "
" ဗျာ... "
ဇန်ထူးမြတ်မှာ အကြပ်ရိုက်သွားသလိုဖြစ်သွားရ၏။ အိမ်သို့ရောက်လာလျှင် သူ့အတွက်အခြေအနေမကောင်းနိုင်ပေ။
" ကျွန်တော်က သူငယ်ချင်းအိမ်မှာတီလေးငယ်... ဒီညအိမ်ပြန်မအိပ်ဘူးဗျ "
" ဟုတ်လား... သားသူငယ်ချင်းအိမ်က ဘယ်နားမှာလဲ...
တီလေးငယ်လာခေါ်မယ်လေ "
" ကျွန်တော်လည်း မညွှန်ပြတတ်ဘူး..ဒီလိုလုပ်လေတီလေးငယ်...တီလေးငယ်ခုဘယ်မှာလဲ....ကျွန်တော်လာခဲ့မယ် "
" တီလေးငယ်က လမ်းပေါ်မှာ... ညွှန်လို့အဆင်ပြေတဲ့နေရာရောက်ရင်သားကိုဖုန်းပြန်ခေါ်မယ်လေ "
" အော်...ဟုတ်ကဲ့...ရတယ်တီလေးငယ်...ပြန်ဆက်လိုက်လေကျွန်တော်ထွက်လာခဲ့မယ် "
ဖုန်းချလိုက်ပြီး ဇန်ထူးမြတ်မှာ အကြံထုတ်နေသည်။ အရေးကြီးသည်မှာ မြရည်ချိုအား အမြန်ဆုံးမြေမြုပ်ပစ်ဖို့ပင်ဖြစ်သည်။ သက်သေကျန်ရစ်ခဲ့၍မဖြစ်ချေ။ ထိုသို့တွေးမိသည်နှင့် မြေကျင်းနားသို့ပြန်လျှောက်လာခဲ့သည်။ မြရည်ချိုက မျက်ရည်များကြားမှ ဇန်ထူးမြတ်ကို ကြည့်နေသည်။
" တူ..တူ "
" ဒေါ်မိုးရိပ်ချို ဆီက...''
ဇန်ထူးမြတ်မှာ မြရည်ချိုကိုပြောပြရင်း ဖုန်းကိုင်လိုက်သည်။
" တီလေးငယ်...ဘယ်ရောက်နေပြီလဲ "
တစ်ဖက်မှ ပြန်ဖြေသံမကြားချေ။
" ဟဲလို... ဟဲလို... "
ဖုန်းကိုပြန်ကြည့်လိုက်၏။
" ဒုတ်ကနဲ '' အသံနှင့်အတူ ဇန်ထူးမြတ်၏ နောက်စေ့မှ သွေးများစီးကျလာလေသည်။ ရုတ်တရက်လှည့်ကြည့်လိုက်သည့်အခါ ဒေါ်မိုးရိပ်ချိုသည် ပေါက်ပြားဖြင့် ဇန်ထူးမြတ်၏မျက်နှာကို ထပ်မံရိုက်ချပစ်၏။ ဇန်ထူးမြတ်မှာထိုနေရာ၌ပင် လဲကျသွားလေတော့သည်။
" သမီးလေး... ဖြစ်ရလေသမီးရယ် "
ဒေါ်မိုးရိပ်ချိုသည် မြရည်ချိုအား မြေကျင်းထဲမှ ဆယ်ယူပြီး ကားပေါ်သို့တွဲခေါ်လာခဲ့သည်။ မြရည်ချိုမှာ တစ်ကိုယ်လုံးနာကျင်နေသဖြင့် ပျော့ခွေကာပါလာရ၏။
" လုပ်ရက်လိုက်တာ...ရက်စက်လိုက်တာ... ရဲစခန်းကိုဖုန်းခေါ်ရမယ်... သမီးလေး...အားတင်းထားနော်... တီလေးငယ်ဆေးရုံပို့ပေးမယ်နော် "
တူမဖြစ်သူအတွက် ဒေါသအလွန်ထွက်နေသည့် ဒေါ်မိုးရိပ်ချိုမှာကတုန်ကယင်ဖြင့် ရဲစခန်းကိုဖုန်းခေါ်ရန် ဖုန်းကိုင်လိုက်သည်။
" အု...အူး...အူး..."
မြရည်ချိုက ခေါင်းရမ်းပြပြီး ဖုန်းမခေါ်စေလိုကြောင်း ပေါ်လွင်စေသောအမူအရာပြနေသည်။
" သမီး... ဘာဖြစ်လို့လဲ... ဒီအကောင်ကလူသတ်သမား...
ဖမ်းရမှာ... ဖုန်းဆက်တိုင်ရမယ် "
" အု...အူး...အူး.."
ဒေါ်မိုးရိပ်ချိုက ကားပေါ်မှ ထွက်ပြီး ဇန်ထူးမြတ်လဲကျနေရာသို့စိတ်မချစွာ လှမ်းကြည့်လိုက်သည်။
" ရဲကိုမခေါ်ချင်ဘူးလား... "
ကားထဲပြန်ဝင်ပြီး မြရည်ချိုကိုထပ်မေးကြည့်၏။ မြရည်ချိုက ခေါင်းငြိမ့်ပြသည်။ ဒေါ် မိုးရိပ်ချိုက နားမလည်စွာဖြင့် မြရည်ချိုကို ပြန်ငေးကြည့်နေသည်။
" သမီးလေး... ကြည့်ပါဦးကွယ်... တစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ... တီလေးငယ်တော့ရင်ကျိုးပါပြီ "
မြရည်ချိုက သူမ၏လက်များကို ဖြည်းဖြည်းချင်းလှုပ်
ကြည့်နေ၏။အနည်းငယ်လှုပ်၍ရလာသည့်အခါ သူမ အင်္ကျီအိတ်ကပ်ထဲသို့လက်ထည့်ကာ တစုံတရာကို ထုတ်ယူနေသည်။ ဒေါ် မိုးရိပ်ချိုလည်းမြရည်ချို၏ လှုပ်ရှားမှုမှန်သမျှအား မှင်သက်စွာဖြင့် လိုက်ကြည့်နေ
မိနေသည်။ သူမ ထုတ်ယူလာသည့်အရာသည် ခလုတ်ဖြင့်ဖွင့်ရသည့် အိတ်ဆောင်ဓါးတစ်ချောင်းပင်။ ထိုဓါးကိုယူပြီး ခလုတ်နှိပ်လိုက်သည်။ ' ချပ်ခနဲ ' ပင် အထဲမှ ဓါးကလက်ခနဲထွက်လာတော့သည်။မြရည်ချိုသည် အား
တင်းကာဖြင့် ကားထိုင်ခုံမှီထားရာမှ ထထိုင်ပြီးကားရှေ့ခန်းမှ မှန်ကိုလှပ်ပစ်သည်။
ထို့နောက် သူမ၏ နှုတ်ခမ်းများတွင် ချုပ်ထားသော အပ်ချည်များအားဓါးဖြင့်ဖြတ်နေလေသည်။ ပြတ်သွား
သည့်အပ်ချည်များအား ဆွဲထုတ်လိုက်သည့်အခါ သွေးများကပန်းထွက်လာခဲ့သည်။ မြရည်ချိုကတော့နာကျင်လွန်းသဖြင့် အံကြိတ်ကာ အပ်ချည်စများအား ဆွဲထုတ်နေ၏။
" သမီး...ဘာတွေလုပ်နေတာလဲ... ဒီလိုလုပ်လို့မရဘူးလေ...ဆေးရုံသွားရမှာ... ပိုးဝင်တတ်တယ်သမီးရဲ့... တီလေးငယ်အခုပဲဆေးရုံပို့ပေးမယ်...နော်...ဘာမှလျှောက်
မလုပျနဲ့ "
ဒေါ် မိုးရိပ်ချိုက တားဆီးလိုက်ရင်း ကားတံခါးပိတ်ကာ ကားစက်နိုးလိုက်သည်။
" အ့... "
မြရည်ချိုထံမှာ နာနာကျင်ကျင် အော်သံကြီးကြားသဖြင့် ကားမမောင်းသေးဘဲ လှည့်ကြည့်မိပြန်သည်။ မြရည်ချိုမှာ ချုပ်ထားသည့်အပ်ချည်များအားလုံးကုန်သွားခဲ့ပြီ။
စီးကျလာသည့်သွေးများကို Tissue ဖြင့်သုတ်နေ၏။
" တီလေးငယ် "
မြရည်ချို၏အသံက တကယ်ပင်နွမ်းလျနေသည်။ ဒေါ်မိုးရိပ်ချိုမှာစိုးရိမ်တကြီးဖြင့် မြရည်ချို၏ ပုခုံးကိုဆုပ်
ကိုင်လိုက်သည့်အခါ...သူမအလွန်ပင်ထိတ်လန့်သွားသည့် မြင်ကွင်းကြီးအား တွေ့မြင်လိုက်ရလေတော့သည်။ မြင်လိုက်ရသည်က သူမတစ်ကိုယ်လုံးနှင်းဆီကိုင်းများထိုးစိုက်နေပြီး မြရည်ချိုက သူမ၏အသားကို ဓါးဖြင့်ထိုးခွဲလိုက် နှင်းဆီကိုင်းကြီးထိုးစိုက်လိုက် လုပ်နေသည့်
မြင်ကွင်းဖြစ်နေသောကြောင့် အသက်ရူပင်ရပ်တန့်သွားရလေ၏။
ဒေါ်မိုးရိပ်ချိုမှာ ထိတ်လန့်တုန်လှုပ်စွာ ဆတ်ခနဲလက်ကိုဖယ်ပြီးမြရည်ချိုကို ကြည့်လိုက်သည်။ မြရည်ချိုမှာ သူမကိုစိုက်ကြည့်ပြီးလက်ထဲမှ ဓါးဖြင့် ဒေါ်မိုးရိပ်ချို၏ ဘယ်ဖက်ဝမ်းဗိုက်နေရာသို့ထိုးပစ်လိုက်ချေပြီ။
" အား "
ဒေါ်မိုးရိပ်ချိုက ပူကနဲဖြစ်သွားသည့် ဝမ်းဗိုက်နေရာကို လက်ဖြင့်ဖိရင်း ကားပေါ်မှပြေးဆင်းတော့သည်။ သူမ
နားမလည်နိုင်ခဲ့။ ခေါင်းတစ်ခုလုံးချာချာလည်နေချေပြီ။ မည်သို့သော အရာများနှင့် ရင်ဆိုင်နေရမှန်း မသိနိုင်တော့။ သေချာသည်မှာ ဇန်ထူးမြတ်သည်လည်းကောင်း၊
မြရည်ချိုသည်လည်းကောင်းနှစ်ယောက်လုံးကြောက်မက်
ဖွယ်ရာကောင်းနေသည်ကအမှန်ပင်။ ဒဏ်ရာသည် အလွန်မနက်သော်လည်း သွေးများကတစက်စက်ကျနေ၏။ လည်ပင်းတွင်ပတ်ထားသည့် တဘတ်အဖြူလေးကို ဝမ်းဗိုက်နေရာ၌ချည်နှောင်ပြီးထိုနေရာမှ ပြေးထွက်ခဲ့သည်။
သို့သော်သူမစိတ်ရှိတိုင်းမပြေးနိုင်။ တုန်ယင်နေသည့်ခြေထောက်နှစ်ဖက်ကြောင့် ရပ်လိုက်တိုင်းပစ်လဲနေတော့သည်။ မြရည်ချိုကကားပေါ်မှ တည်ငြိမ်စွာထွက်လာနေပြီ။ နာကျင်နေသည့်တိုင် အားမာန်အပြည့်ဖြင့် လမ်း
လျှောက်လာ၏။ သူမလျှောက်နေသည်က ဇန်ထူးမြတ်ရှိရာသို့ဖြစ်သည်။ ဒေါ်မိုးရိပ်ချိုမှာ လဲကျနေရာမှ ပြန်ထ
ပြီး ကားဆီတဖန်ပြေးသွားပြန်သည်။ ဖုန်းလိုက်ရှာသော်လည်း ဖုန်းနှင့် ကားသော့မှာ မရှိတော့ပေ။
" ဘာတွေဖြစ်ကုန်ပြီလဲ... ဘုရား...ဘုရား...ကယ်တော်
မူပါ "
ဒုတ်ခနဲ အသံကြားသဖြင့် အမြန်လှည့်ကြည့်လိုက်သည့်အခါမြရည်ချိုက ဇန်ထူးမြတ်ကို ခြေထောက်ဖက်မှဆွဲပြီး မြေကျင်းထဲပစ်ချလိုက်သည်အား မြင်တွေ့လိုက်ရလေသည်။ ဒေါ်မိုးရိပ်ချိုမှာခေါင်းနဘန်းကြီးသွားရလေပြီ။ တူမဖြစ်သူအား သရဲသဘက်စီးနေသလိုပင် မြင်တွေ့နေရသည်။ မြေကျင်းအားအဝေးမှ လှမ်းမြင်နေရသည်မှာ မြေကြီးများမြေကျင်းထဲသို့ကျလာနေသဖြင့် သေချာ
ကြည့်လိုက်၏။ ဇန်ထူးမြတ်မှာသတိပြန်လည်လာပြီး မြေကျင်းထဲမှ ကုတ်ကပ်တက်နေဟန်ရှိသည်။ မြရည်ချိုက မြေဂေါ်ကြီးကို ဆွဲယူလိုက်ပြီး မြေကျင်းပေါ်မှ ဇန်ထူး
မြတ်၏လက်ချောင်းများအားရိုက်ချပစ်လေသည်။
" အား "
ဇန်ထူးမြတ်၏နာနာကျင်ကျင် အော်ဟစ်သံက ဒေါ်မိုးရိပ်ချို ရင်တစ်ခုလုံး တုန်လှုပ်သွားစေတော့၏။ မည်ကဲ့သို့သောအကြောင်းတရားများကြောင့် အလွန်ပင်မြတ်နိုးလှပါသည်ဆိုသော ချစ်သူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်သတ်ပစ်ဖို့ ကြံဆောင်ရသနည်း။
ဒေါ်မိုးရိပ်ချိုတွေးမရနိုင်ချေ။ ထို့အတူ တူမဖြစ်သူကပါ
အဒေါ်ဖြစ်သူအား သတ်ရန်ကြံစည်နေလေပြီ။ သူမတွေးထားသည်ကမှားယွင်းနေသည်လား။ ထိုအချင်းအရာကို ဆက်မကြည့်ဘဲထိုနေရာမှ ထွက်ပြေးရန် ဒေါ်မိုးရိပ်ချိုဆုံးဖြတ်လိုက်သည်။
ရသလောက်အားအင်ဖြင့် လမ်းမပေါ်သို့ ပြေးလိုက်၏။ သူမပြေးနေစဉ် အော်ဟစ်သံအားကြားလိုက်ရပြီး သူမနောက်သို့ တစုံတယောက်ပြေးလိုက်လာသံပါထပ်ကြား
လိုက်ရသည်။
" တီလေးငယ်...တီလေးငယ် "
ထိုအသံသည်ဇန်ထူးမြတ်၏အသံပင်။ ဒေါ်မိုးရိပ်ချိုသည် ငယ်ထိပ်မိုးကြိုးပစ်သကဲ့သို့ခံစားလိုက်ရသည်။ အသံကြားလေ ပြေးမိလေပင်။သို့သော်လည်းဝမ်းဗိုက်ဒဏ်ရာကြောင့် ထင်သလောက်ခရီးမပေါက်ချေ။
" တီလေးငယ်...ကျွန်တော်ပြောတာနားထောင်ပေးပါ ''
" နင်ကလူသတ်သမား...မြရည်ချိုကိုသတ်ဖို့ကြံနေတာ "
" ဒါဆိုကျွန်တော့ကိုမြရည်ချိုသတ်တာကြတော့ရော...တီလေးငယ်ဓါးနဲ့ထိုးခံထားရတယ်မလား "
ဒေါ်မိုးရိပ်ချိုမှာ ဝမ်းဗိုက်ကိုဖိထားရင်း ကြောက်လန့်စွာပြန်ကြည့်နေသည်။
" အခုဘာတွေဖြစ်နေလဲ တီလေးငယ်မသိဘူးမလား... ကျွန်တော်ခုပြောမှာကို သေချာနားထောင်ပေးပါဗျာ...
ကျွန်တော့ကိုအမြင်မကြည်ရင်တောင်မှ နားထောင်
ပေးပါ "
ဇန်ထူးမြတ်ပြောမှ ဒေါ်မိုးရိပ်ချိုပြန်စဉ်းစားမိသည်။ ဇန်ထူးမြတ်ကသူမကို စကားရောတတ်သော်လည်း သူမကရှောင်ထွက်သွားတတ်မြဲ။ ထိုအရာများကြောင့်သူမ အမြင်မကြည်မှန်းသိသွားပုံရသည်။
" ကျွန်တော်ပြောပြမယ်... မြရည်ချိုက လူမဟုတ်တော့ဘူး...မကောင်းဆိုးဝါးဝင်ပူးနေပြီ..''
" ဘာတွေလဲ... ဘယ်ကမကောင်းဆိုးဝါးလဲ "
" သူက မွေးစားသမီးဆိုတာတော့သိတယ်မလား...အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာတွေရနေရင်းက... "
" ဘာရယ်...မဖြစ်နိုင်တာ... သူ့ကိုမွေးတော့ ဆေးရုံမှာမွေးခဲ့တာပါ...ငါ့ကိုလာမလိမ်နဲ့...နင်လူသတ်သမားမလို့...ငါ့ကို ဇာတ်လမ်းဆင်ပြီးသတ်ဖို့ကြံနေတာမလား "
" တီ..... "
၎င်းတို့နှစ်ယောက်နောက်တွင် ကားမီးက ထိုးလာပြီး ဟွန်းအကျယ်ကြီးတီးလာလေသည်။
" ပြေးတော့ တီလေးငယ်... "
ကားက အရှိန်ပြင်းစွာမောင်းလာသည်။ ဒေါ်မိုးရိပ်ချိုနှင့် ဇန်ထူးမြတ်တို့မှာ လမ်းတစ်ဖက်တစ်ချက်သို့ အမြန်ကပ်လိုက်သဖြင့်သာ လွတ်သွားရသည်။ မြရည်ချိုမောင်းလာသည့်ကားမှာ တုံ့ခနဲ ဘရိတ်အုပ်သွားပြီး နောက်ပြန်ဆုတ်လာလေသည်။ ဇန်ထူးမြတ်က လမ်းတစ်ဖက်မှပြေးလာပြီး ဒေါ်မိုးရိပ်ချို လက်ကိုဆွဲကာ လမ်းဘေးတောလမ်း
များအတိုင်းပြေးဝင်တော့သည်။ မြရည်ချိုမှာ လမ်းနံဘေး၌ ကားရပ်လိုက်ပြီး အနောက်မှလိုက်လာ၏။ သူမလက်ထဲတွင် ဘယ်လက်၌အိတ်ဆောင်ဓါးကိုကိုင်ကာ ညာလက်တွင် မြေဂေါ်ကြီးကိုကိုင်ရင်းတရွေ့ရွေ့လိုက်လာတော့သည်။
" ရဲစခန်းကို ဖုန်းဆက်...ဇန်ထူးမြတ် "
" ကျွန်တော့ဖုန်းသူယူထားတယ် "
" ဘယ်လိုလုပ်ကြမလဲ.... လူလည်းမရှိ...အဝေးပြေးလမ်းကြီးမှာငါတို့သေရတော့မှာလား "
" ကျွန်တော်တို့လွတ်ဖို့နည်းလမ်းရှိမှာပါတီလေးငယ်... "
" မြရည်ချိုဘာဖြစ်သွားတာလဲ... သူကဘာလို့လိုက်သတ်နေတာလဲ "
" သူ့သူငယ်ချင်းကိုလည်းသတ်လိုက်တယ်တီလေးငယ်... "
" ဘာ... ဘယ်မှာလဲ "
ဇန်ထူးမြတ်မှာ ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ကို မြေဂေါ်ကြီးဖြင့် ရိုက်နှက်ခံထားရသဖြင့် ပြေးလွှားရသည်ကအဆင်မပြေနေချေ။ ထို့အတူ ဒေါ်မိုးရိပ်ချိုရိုက်ထား
သဖြင့် နောက်စေ့က အလွန်နာကျင်နေပြီး မျက်နှာတစ်ခုလုံးဖူးယောင်နေသေးသည်။ ကိုယ့်ကိုကိုယ်ပင် မဟန်နိုင်ဘဲ မူးနောက်နောက်ဖြစ်နေရသော်လည်းဒေါ်မိုးရိပ်ချိုကြောင့်အားတင်းထားနေရ၏။
" ရွှေသလွန်အိမ်မှာ "
" အဲ့ဒါဘယ်မှာလဲ "
" ဦးလေးဝယ်ထားတဲ့အိမ်ပဲ... မြရည်ချိုက လူမဟုတ်တော့ဘူးတီလေးငယ်...ကျွန်တော်အလောင်းတွေ့လို့
ကျွန်တော့ကိုသတ်ဖို့လုပ်တာကျွန်တော်လက်ဦးလို့ "
" နေပါဦး... နင်ပြောတာတွေက မဆီလျော်နေဘူး...
မွေးစားသမီးပြောလိုက်...မကောင်းဆိုးဝါးပူးတယ်ပြောလိုက်...ဘာကဘယ်လိုလဲ... နောက်ပြီးသူလူသတ်တယ်ဆိုရင်... ဘာလို့ရဲမတိုင်လဲ...ဘာလို့ ပါးစပ်တွေကိုအပ်ချည်နဲ့ချုပ်ထားတာလဲ... အရှင်လတ်လတ်မြေမြုပ်ဖို့ဘာလို့လုပ်တာလဲ "
ဇန်ထူးမြတ်မှာ မောဟိုက်စွာ ပြေးနေရာမှ ရပ်ပြီး ဒေါ်မိုးရိပ်ချိုကိုကြည့်ကာပြောသည်။
" ကျွန်တော်တို့မကောင်းဆိုးဝါးကို ခေါ်မိတယ် "
" ဘာမကောင်းဆိုးဝါးလဲ... နင်ဘာတွေပြောနေတာလဲ "
" ကျွန်တော်ပြောတာမယုံရင် မြရည်ချိုကိုကြည့်လိုက် "
ဒေါ်မိုးရိပ်ချိုသည် ထိတ်လန့်စွာ အမြန်လှည့်ကြည့်လိုက်
၏။ မြရည်ချိုမှာ ခန္ဓာကိုယ်အတောင့်လိုက်ကြီးလမ်း
လျှောက်လာနေသည်အားမြင်တွေ့လိုက်ရသည်။
" မြင်လား... သူသာလူဆိုရင် တီလေးငယ်ကို ဓါးနဲ့ထိုးမလား ''
" လျှောက်မပြောနဲ့ "
" အခုထက်မြန်မြန်ပြေးရမယ်... သူကအရမ်းမြန်တယ်...ကျွန်တော်တို့ဆီရောက်လာတော့မှာ "
ဒေါ်မိုးရိပ်ချိုမှာ အဝေးမှလှမ်းမြင်နေရသည့် မြရည်ချိုကိုကြည့်ပြီးဇန်ထူးမြတ်ကို တွန်းဖယ်လိုက်သည်။
" ငါ မပြေးဘူး... အခုပြော...ဘာတွေဖြစ်ခဲ့တာလဲ... ငါမြင်ခဲ့တာနင်က မြရည်ချိုကိုမြေကျင်းထဲထည့်ပြီး... လွတ်
လပ်ချင်တယ်ဆိုလို့ပြောနေတာ ငါကြားတယ်... "
ဒေါ်မိုးရိပ်ချိုစကားကြောင့် ဇန်ထူးမြတ်မှာ ထိတ်လန့်ပြီးကြည့်နေ၏။
" ဒါတွေဘယ်လိုသိတာလဲ "
" ငါ့မှာကြိုတင်နိမိတ်တွေကိုမြင်နိုင်စွမ်းရှိတယ်... ဒီနေရာကိုဘယ်လိုသိပြီးရောက်လာသလဲလို့မစဉ်းစားမိဘူးလား "
" ခဏလေးတီလေးငယ်...ဟုတ်တယ်...ဒီနေရာကိုဘယ်လိုသိပြီးရောက်လာတာလဲ...ရုတ်တရက်ကြီးရောက်လာတာ... ကျွန်တော့်ဖုန်း GPS ကိုလှမ်းကြည့်တာလား "
" GPS ကိုကြည့်ရအောင် ငါကနင့်ဖုန်းကိုဘယ်တုန်းက
ကိုင်ဖူးလို့လဲ.."
" ဒါလည်းဟုတ်တာပဲ...တီလေးငယ်တကယ်ပဲကြိုမြင်ရတာလား ''
" ငါမေးတာဖြေ... ဘာကိုလွတ်လပ်စေချင်တာလဲ "
ဇန်ထူးမြတ်မှာ တံတွေးကိုမြိုချရင်း ဒေါ်မိုးရိပ်ချိုကိုကြည့်လိုက်သည်။
" ဂျပ်...ချလပ် ''
၎င်းတို့နောက်တွင် မြရည်ချိုက တဖြည်းဖြည်းနီးကပ်လာချေခဲ့ပြီ။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်