ဒေါက်တာသက်ပိုင် ကချင်ပြည်နယ် မိုင်းနားမြို့လေးပေါ်က အင်ဂျီအိုဆေးခန်းကို ရောက်တာမကြာသေးဘူး။ ရည်းစားပစ်သွားလို့ အသည်းကွဲပြီး အားလုံးနဲ့ ဝေးရာကို ထွက်ပြေးလာခဲ့သူ။ စိတ်ဒဏ်ရာ ပြေပျောက်အောင် အလုပ်မှာပဲ နှစ်မြုပ်ထားသူ။
.
‘ဆရာဝန်။ ငါတို့ဘေးအိမ်က လူနာနေမကောင်းလို့ လိုက်ကြည့်ပေး’
.
ကချင်အဘိုးကြီးတစ်ယောက်က လာခေါ်တာနဲ့ သက်ပိုင်လည်း မြို့စွန်က အိမ်တစ်လုံးပေါ်က လူနာကို သွားကြည့်ပေးလိုက်တယ်။ အစကတော့ တီဘီလူနာထင်တာ။ စမ်းသပ်ကြည့်ရင်းနဲ့မှ လူနာရဲ့ ပေါင်ခြံက အကျိတ်ကြီးတွေက တီဘီအကျိတ်နဲ့ မတူဘဲ မဲမဲကြီးတွေ။ လူနာရဲ့ လက်နှစ်ဘက်ကလည်း မီးသွေးခဲကိုင်ထားသလို မဲတူးနေတယ်။ သွေးမလျှောက်တော့လို့ ပုပ်သွားတဲ့ ပုံစံမျိုး။ အိမ်ခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တစ်အိမ်လုံး ကြွက်တွေကလည်း ဟိုပြေးဒီပြေး။
.
‘ဒါတီဘီမဟုတ်ဘူးဗျ။ ဒါ ပလိပ်ရောဂါ’
.
ဒေါက်တာသက်ပိုင် အသံတွေ တုန်နေတယ်။ အဘိုးကြီးက သူပြောတာ နားမလည်ဘူး။ သက်ပိုင် မိုင်းနားမြို့ တိုက်နယ်ဆေးရုံ ဆရာဝန်ကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားလိုက်တယ်။
.
‘လူနာကို အိမ်ထဲက အိမ်ပြင်မထွက်စေနဲ့။ ကွာရန်တင်းလုပ်ထားလိုက်တော့။ ဆေးရုံမှာလည်း ကုတင်တွေပြည့်နေလို့ အိမ်မှာပဲ ရသလောက်ကုထားပေးလိုက်ပါ’ တိုက်နယ် ဆရာဝန်က ဖုန်းထဲကနေ ညွှန်ကြားတယ်။ လူနာကတော့ မျက်နှာငယ်လေးနဲ့။ ဒေါက်တာသက်ပိုင်လည်း လူနာကို သနားလို့ ကောင်းကောင်းမွန်မွန်ပဲ ရှင်းပြလိုက်တယ်။
.
‘ခင်ဗျားရောဂါက သူများကို ကူးနိုင်တယ်။ အဲဒါကြောင့် အပြင်ထွက်လို့မရဘူး။ လိုအပ်တဲ့ စားစရာတွေကို လာပို့ပေးဖို့ ကျွန်တော် အုပ်ချုပ်ရေးမှူးကို ပြောပေးမယ်’
.
ဒေါက်တာသက်ပိုင် လိုအပ်တဲ့ဆေးတွေ ပေးခဲ့ပြီး အဲဒီအိမ်က ပြန်ထွက်လာခဲ့တော့ သူ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ပလိပ်ရောဂါက အရမ်းကူးလွယ်တယ်။ အခု သူ လူနာနဲ့ အလွန်ပဲ နီးကပ်ခဲ့တာ။ သူ့ကိုများ ကူးသွားပြီလား။
.
……………..
.
နောက်နှစ်ရက်မှာ ဒေါက်တာသက်ပိုင် သူစိုးရိမ်ထားသလို ဖြစ်တော့တာပဲ။ သူ့ဂျိုင်းကြားနဲ့ ပေါင်ခြံမှာ မဲမဲအကျိတ်ကြီးတွေ ပေါ်လာတယ်။ လူနာဆီက ပလိပ်ရောဂါ သူ့ဆီ ကူးပြီလေ။ ဒါပေမဲ့ ဒီခေတ်မှာက ပိုးသတ်ဆေးတွေ ရှိတော့ အချိန်မီကုရင် ပျောက်နိုင်တယ်။ သူ အိမ်ပြင်မထွက်ဘဲ နေရမယ်။ အခုသူနေတာက ဆရာဝန်အဆောင်။ သူများတွေနဲ့ ရောနေရတာ။ တခြားဆရာဝန်တွေကို ရောဂါကူးသွားနိုင်တယ်။ သက်ပိုင် မြို့ပြင်က လူနာရဲ့ အိမ်ကို သတိရမိသွားတယ်။ ဒီလူနာလည်း အခြေအနေမကောင်းဘူး။ ဆရာဝန်လိုတယ်။ ငါ သူ့အိမ်မှာ ကွာရန်တင်းသွားဝင်ပြီး သူ့ကိုလည်း ဆေးကုပေးရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ကုသိုလ်လည်းရမှာလို့ သူစဉ်းစားပြီး အဲဒီ့အိမ်ကို ချက်ချင်းပဲ သွားလိုက်တယ်။ အိမ်ရောက်တော့ အုပ်ချုပ်ရေးမှူးဆီ သက်ပိုင် ဖုန်းဆက်လိုက်တယ်။ သူတို့ နှစ်ယောက်ကို အစားအသောက် ပုံမှန်လာပို့ပေးဖို့။ လာပို့ရင်လည်း အိမ်ရှေ့လှေကားထစ်မှာပဲ ချထားခဲ့ဖို့။
.
………………
.
အဲဒီအိမ်မှာ အခန်းနှစ်ခန်းရှိလို့ တော်သေးတယ်။ သက်ပိုင် လူနာအခန်းကို အရင်ဝင်ကြည့်တော့ သူ တော်တော်လန့်သွားတယ်။ လူနာက တော်တော်ဆိုးနေပြီ။ မလှုပ်နိုင်တော့ဘူး။ သူ့လက်နှစ်ဘက်က ကွေးကောက်နေတယ်။ လည်ပင်းက အကျိတ်ကြီးတွေက ဖောင်းကားပြီး ရုပ်ပျက်ဆင်းပျက်။ ဗိုက်ကြီးကလည်း ရေဖျဉ်းတွေစွဲပြီး ဖောင်းကားနေပြီ။ အနံ့အသက်ကြီးကလည်း ဆိုးလိုက်တာ။
.
‘ကျုပ်ခင်ဗျားကို အချိန်ပြည့်ဆေးကုပေးမယ်။ ပြီးတော့ ကျုပ်လည်း ဒီအိမ်မှာ နေရမယ်ဗျ’
.
သက်ပိုင်စကားကို အောင်စိုင်းဆိုတဲ့လူ ကြားပုံမပေါ်။ ဖျာပေါ်မှာ ခွေခေါက်နေတယ်။ အဲဒါနဲ့ ဆရာဝန်လည်း လိုအပ်တဲ့ဆေးတွေ ထိုးပေးပြီး စားစရာနည်းနည်း လူနာဘေးမှာ ချပြီး အခန်းထဲက ပြန်ထွက်လာတယ်။ သူလည်း သောက်ဖို့ လိုတဲ့ဆေးတွေ သောက်ပြီး အိမ်ပေါ်က တခြားအခန်းထဲမှာ ဝင်နေလိုက်တယ်။ ဆေးမှန်မှန်သောက်လို့ကတော့ နှစ်ပတ်လောက်နေရင် ပြန်ကောင်းသွားမှာ။ အောင်စိုင်းကတော့ ပြန်ကောင်းမကောင်း မပြောတတ်ဘူး။
.
အဲဒီညက ဒေါက်တာသက်ပိုင် အိပ်မပျော်ဘူး။ အခန်းအပြင်မှာ ကြွက်တွေ တဖျတ်ဖျတ်နဲ့ လျှောက်ပြေးနေတာကို ကြားနေရတာ။ ဒီကြွက်တွေက ကူးတာပဲ ဖြစ်ရမယ်။ ငါ မနက်ဖြန်မနက်ကျရင် အုပ်ချုပ်ရေးမှူးဆီ ဖုန်းဆက်ပြီး ဒီအိမ်မှာ ကြွက်သတ်ဆေးတွေ လာချထားခိုင်းရမယ် လို့ သူတွေးရင်း မှေးကနဲ ဖြစ်သွားရော။
.
‘ဘုတ် ဘုတ် ဘုတ်’
.
မနက်လင်းတာနဲ့ အောင်စိုင်းအခန်းထဲက အသံကြားလို့ သက်ပိုင် သွားကြည့်လိုက်တယ်။ သူ့မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ အောင်စိုင်းရဲ့ လည်ပင်းကြီးတစ်ခုလုံးက ဖောင်းကားနေပြီး သူ့ဆံပင်တွေက အထွေးလိုက် ကျွတ်ကျနေတာ။ မျက်နှာကိုတောင် ကောင်းကောင်း မမြင်ရတော့ဘူး။ အသက်ရှူလို့မှ ရသေးရဲ့လား။ သူ့လက်နှစ်ဘက်ကလည်း ကွေးကောက်ပြီး တိုဝင်သွားသလိုပဲ။
.
‘ဘတ် ဘတ် ဘတ်’
.
ခုနက ကြားတဲ့ အသံ။ အောင်စိုင်းရဲ့ စောင်အောက်မှာ တစ်ခုခုက တလှုပ်လှုပ်နဲ့ ဖြစ်နေတယ်။ ဘာများပါလိမ့်။ ကြွက်တွေများ ဝင်နေသလား။ ဒေါက်တာသက်ပိုင် စိုးရိမ်သွားတယ်။ လူနာ မလှုပ်နိုင်ရင် ကြွက်တွေ ဝင်ကိုက်တတ်တာ သူကြားဖူးတယ်။ အဲဒါနဲ့ သူ အခန်းထောင့်က တံမြက်စီးကို ကိုင်ပြီး တံမြက်စီး အဖျားနဲ့ စောင်ကို ကလော်ပြီး လှန်လိုက်တယ်။
.
‘အမလေး’
.
ရုတ်တရက်တော့ ကြွက်မဟုတ်ဘဲ စောင်အောက်မှာ မြွေကြီးတစ်ကောင်ဝင်နေတယ်လို့ သက်ပိုင်ထင်လိုက်တာ။
…. မဟုတ်ဘူး.. မြွေမဟုတ်ဘူး… ဟာ.. ဘာကြီးလဲ...။
.
မြွေမဟုတ်ပေမဲ့ မြွေလို ရှည်ရှည်မျောမျောအရာကြီးက အောင်စိုင်းရဲ့ ကိုယ်အောက်ကနေ ထိုးထွက်နေတယ်။ .. ဘုရားရေ… ။ အဲဒါကြီးက ကြွက်ကြီးတစ်ကောင်ရဲ့ အမြီးကြီးနဲ့ တူနေပါလား။ အရစ်အရစ်ကြီးတွေနဲ့။ တလူးလူးတလွန့်လွန့်ကြီးနဲ့ ကြမ်းပြင်ကို တဘုတ်ဘုတ်ရိုက်နေတာ။ ဟင်… ဒီအမြီးကြီးက အောင်စိုင်းဆီက ထွက်လာတာလား။
.
သက်ပိုင်သူ့ရှေ့မှာ လဲနေတဲ့ လူနာကို ထပ်ပြီးကြည့်မိတယ်။ အောင်စိုင်းရဲ့ လက်တွေတင် ကွေးကောက်နေတာမဟုတ်ဘဲ သူ့ခြေထောက်နှစ်ဘက်ကလည်း သိမ်ပြီး ကွေးကောက်နေတယ်။ ခြေထောက်နှစ်ချောင်းစလုံး သေးသေးလေးတွေပဲ ကျန်တော့တယ်။ ဗိုက်ကြီးကတော့ ဖောင်းပြီးပူထွက်နေတယ်။ လည်ပင်းကြီးက ဖောင်းကားပြီး ပေါက်ထွက်တော့မဲ့ ပုံ။ အဲဒါကြီး ပေါက်ထွက်သွားရင် အောက်က နောက်ထပ် ခေါင်းကြီးတစ်လုံး ထွက်လာမှာလား။
.
ဒေါက်တာသက်ပိုင် ကြောက်လန့်သွားပြီး သူ့အခန်းထဲ သူပြန်ဝင်ပြေးမိလိုက်တယ်။ အဝတ်အစားတွေ အကုန်ချွတ်ချပြီး ကိုယ့်ကိုယ်ကို အလန့်တကြား ပြန်စမ်းကြည့်လိုက်တယ်။
.
… ဘုရားသခင် ကယ်တော်မူပါ….
.
သူ့မြီးညောင့်ရိုးကြီးက တင်ပါးနှစ်ခုကြားကို ငေါပြီး ထွက်နေတာ လက်နဲ့ စမ်းလိုက်မိရင်ပဲ ငယ်ထိပ်ကို မိုးကြိုးပစ်ချသလို ခံစားလိုက်ရတာ။ သူ့ဗိုက်ကြီးကလည်း အရင်ကထက် ပိုပြီး ပူနေတယ်။ သူ့ လက်နှစ်ဘက်ကလည်း ပိုတိုပြီး နည်းနည်း ကောက်လာသလိုပဲ။
…. မဟုတ်ဘူး...။ ငါ အိပ်မက်မက်နေတာ။ အိပ်မက်ဆိုးကြီးကနေ လန့်နိုးပါတော့။
.
ဒေါက်တာသက်ပိုင် ကြောက်လန့်နေပေမဲ့ ဗိုက်ထဲက ဆာလာတယ်။ မနေနိုင်လောက်အောင်ကို ဆာလာတာ။ သူ အိမ်ရှေ့တံခါးမကြီးကို အသာလေး ဟကြည့်တော့ အိမ်ရှေ့လှေကားထစ်မှာ အစားအသောက် ဆွဲခြင်းတစ်လုံးလာချပေးထားတယ်။ ဘယ်သူမှ မမြင်အောင် အမြန်ဆုံး တံခါးကိုဖွင့်ပြီး ဆွဲခြင်းကို လက်နဲ့ လှမ်းဆွဲယူလိုက်တယ်။ သူ့လက်ကောက်ကောက်လေးတွေကြောင့် ဆွဲခြင်းတောင် လွတ်ကျတော့မလို့။ အခန်းထဲပြန်ဝင်ပြီး ခြင်းထဲက ငါးဆင့်ချိုင့်ကြီးကို ဖွင့်ပြီး စားနေတုန်း ဟိုဘက်အခန်းက တဘတ်ဘတ် အသံကြီးကို ကြားရပြန်ရော။ ပြီးတော့ ဂျစ်… ဂျစ်.. ဂျစ်… ဆိုတဲ့ အသံကြီးပါ ထွက်လာတယ်။ သက်ပိုင် ကြောက်ကြောက်နဲ့ အောင်စိုင်းအခန်းတံခါးကို သွားဖွင့်ကြည့်လိုက်တယ်။
.
အောင်စိုင်းရဲ့ ကိုယ်လုံးကြီးက ဖျာပေါ်မှာ မရှိတော့ဘူး။ အခန်းရဲ့ တစ်ဘက်ထောင့်မှာ မှောက်လျက်ကြီး။ သူ့ရဲ့ ခြေလက် ကွေးကွေးလေးတွေက ကြမ်းပေါ်မှာ လေးဘက်ထောက်လို့။ ခုနက တွေ့ခဲ့တဲ့ ကြွက်မြီးကြီးက သူ့မြီးညောင့်ရိုးဆီကနေ ငေါထွက်ပြီး လေထဲမှာ ဟိုဘက်ဒီဘက်ယမ်းနေတယ်။ သူ့မျက်နှာကို မမြင်ရပေမဲ့ ကြားရတဲ့ တဂျစ်ဂျစ် အသံကြောင့် အောင်စိုင်းဟာ သူ့သွားတွေနဲ့ အိမ်နံရံကို ဖောက်ထွက်ဖို့ ကြိုးစားနေပုံပဲ။ သက်ပိုင် အသက်မရှူရဲဘဲ အခန်းတံခါးကို ပြန်ပိတ်လိုက်တယ်။ သူဒီဘက်တံခါးဆီ ထွက်မလာတာပဲ ကံကောင်း။
.
သက်ပိုင် အခန်းထဲပြန်ရောက်တော့ သူ့ဖုန်းခလုတ်တွေကို နှိပ်တယ်။ သူ့လက်ချောင်းတွေကလည်း မည်းနက်ပြီး ပုပ်စပြုနေပြီ။ ခက်ခက်ခဲခဲနဲ့ အုပ်ချုပ်ရေးမှူးဆီကို မနည်းဖုန်းဆက်လိုက်ရတယ်။ သူတို့အိမ်ကို ကြွက်သတ်ဆေးတွေ လာပေးဖို့။
.
……………………..
.
နောက်တစ်နာရီလောက်နေတော့ အိမ်ရှေ့ လှေကားထစ်မှာ ကြွက်သတ်ဆေးပုလင်းတွေ အများကြီး လာချပေးသွားတယ်။ ဒေါက်တာသက်ပိုင် ပုလင်းတွေယူပြီး သူ့အခန်းထဲပြန်သွားလိုက်တယ်။ ခုနက ငါးဆင့်ချိုင့်ထဲက အမဲသားတုံးတွေကို ကြွက်သတ်ဆေးတွေနဲ့ နယ်၊ အောင်စိုင်းအခန်းတံခါးကို အသာလေးဖွင့်ပြီး အသားတုံးတွေ အထဲကို ပစ်ထည့်ပေးလိုက်တယ်။ အောင်စိုင်းရဲ့ ကိုယ်လုံးကြီး အမဲသားနံ့ရလို့ တဖြည်းဖြည်းလှည့်လာတယ်။ သူ့မျက်နှာကြီးက ပိုပြီး ရှည်မျောမျောကြီး ဖြစ်နေသလိုပဲ။ ပါးစပ်ထဲက လျှာကြီးကလည်း နီရဲလို့။ သက်ပိုင် ဆက်မကြည့်ရဲတော့ပဲ တံခါးကို ပိတ်လိုက်တယ်။
.
ပြီးတော့ သူ့အခန်းကို ပြန်ပြီး ခုနက စားလက်စ ထမင်းချိုင့်ထဲကိုလည်း ကြွက်သတ်ဆေးတွေ ခတ်ထည့်လိုက်တယ်။ ကြွက်သတ်ဆေးတဲ့။ ဒေါက်တာ သက်ပိုင် စဉ်းစားပြီးရယ်မိတယ်။ သူ့ကို ပစ်သွားတဲ့ ရည်းစားဟောင်းကိုလည်း သတိရတယ်။ ရည်းစားဟောင်းကတော့ အသည်းကွဲပြီး ကိုယ့်ကိုယ်ကို အဆိပ်သောက်သေသွားတယ်ထင်မလားပဲ။ ဒါပေမဲ့ တကယ်တမ်းကတော့ -
.
ကြွက်သတ်ဆေးဆိုတာ - ကြွက်တွေကို သတ်ဖို့ပဲမဟုတ်လား။
.
.
(ပြီးပါပြီ)
ကိုချမ်း။
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်