လွန်ခဲ့လပိုင်းလောက်တုန်းက လူသားပေါက်စီလုပ်တဲ့ စက်ရုံရှိတယ်ဘာညာဆိုပြီး ကောလဟလတွေ ထွက်ခဲ့ဖူးသေးတယ်။ တကယ်ပဲ လူသားပေါက်စီလုပ်သလား မလုပ်သလားဆိုတာတော့ အခုချိန်ထိ တိကျတဲ့ သက်သေအထောက်အထားတွေ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး လူသားပေါက်စီလုပ်တာနဲ့ပတ်သက်ပြီး နာမည်ကြီးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ဖူးတယ်။ အဲဒီဇာတ်လမ်းဟာ ၁၉၉၃ခုနှစ်မှာ ရုပ်ရှင်အဖြစ်နဲ့လည်း ထွက်ခဲ့ဖူးသေးတယ်။ ကျနော်တို့ မြန်မာပြည်က အသက် ၃၀ အထက် လူတော်တော်များများ ကြည့်ဖူးခဲ့ကြလိမ့်မယ်ထင်တယ်။ အဲဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကြည့်ရှုဖို့မသင့်တဲ့ ကားမျိုးပါ။ တကယ့်ကို အော်ဂလီဆန်စရာကောင်းတဲ့ သတ်ဖြတ်မှုတွေ၊ ခုတ်ထစ်မှုတွေပါဝင်နေပြီး ကျနော်တို့ငယ်ငယ်တုန်းကတော့ အဲဒီဇာတ်ကားကို ဖြစ်ရပ်မှန်လို့ မထင်ခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကမှ အဲဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်မှန်း သိလိုက်ရချိန်တာ တော်တော်လေးကို တုန်လှုပ်သွားမိတယ်။ ဒီဖြစ်ရပ်ဟာ ၁၉၈၄ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ မကာအို မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်ပြီး သွေးပျက်စရာ ချောက်ချားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အဖြစ်အပျက်လို့ ဆိုလို့ရတယ်။
၁၉၇၈ခုနှစ်၊ ဟောင်ကောင်မြို့ရဲ့ စားသောက်ဆိုင်တစ်ခုထဲမှာ လူနှစ်ယောက်အချင်းများနေတယ်။ တစ်ယောက် မာကျောက်ကစားတဲ့ တုံး တွေကို သိမ်းဆည်းနေပြီး နောက်တစ်ယောက်က ထိုသူဆီက ပိုက်ဆံ နှစ်သောင်း ချေးနေတာ။ ( စကားချပ်း မာကျောက်ဆိုတာ တရုတ်ရိုးရာကစားနည်းတစ်ခုဖြစ်သလို ငွေကြေးဖြင့်လည်း ကစားလို့ရသည့် လောင်းကစားနည်းတစ်မျိုးဖြစ်သည်။ ) ဝမ်ချီဟန် ဆိုသူက ဆိုင်ရှင်ဖြစ်သူထံမှ ပိုက်ဆံချေးတာပဲ ဖြစ်တယ်။ အမှန်တကယ်တော့ ဝမ်ချီဟန် က ဆိုင်ရှင်ဆီမှာ မာကျောက်ကစားတုန်းက ရစရာရှိတဲ့အကြွေးတွေရှိတယ်။ ဒါပေမဲ့ ဆိုင်ရှင်က မပေးနိုင်ဘူး။ မပေးနိုင်တဲ့အပြင် ဆိုင်ထဲကနေပြီးတော့ မောင်းထုတ်ပစ်လိုက်တယ်။ ဝမ်ချီဟန် ဟာ ဒေါသတော်တော်ထွက်သွားတယ်။ ဆိုင်ရှင်က သူ့ကိုကျောပေးပြီး ဆိုင်ထဲဘက်ကို လှည့်ထွက်သွားချိန်မှာ ဝမ်ချီဟန် က အနောက်ကနေ ဆိုင်ရှင်ရဲ့ ခေါင်းကို ခုံနဲ့ ရိုက်ပစ်လိုက်တယ်။ ရိုက်လိုက်တဲ့အရှိန်က တော်တော်လေးပြင်းတာကြောင့် ဆိုင်ရှင် က လဲကျသွားတယ်။ ဆိုင်ရှင်လဲကျသွားချိန်မှာ ဝမ်ချီဟန် က နောက်ထပ်တစ်ချက်ထပ်ရိုက်တယ်၊ ပြီးတော့ အကျီကော်လံစကိုဆွဲပြီး တိုင်နဲ့ခေါင်းနဲ့ ထပ်ဆောင့်ပြန်တယ်။ သွေးတွေက ချင်းချင်းနီသွားတယ်။ ဝမ်ချီဟန် က သွေးအေးအေးနဲ့ပဲ ဒဏ်ရာတွေ ရပြီး မထနိုင်တဲ့ ဆိုင်ရှင်ရဲ့ ခန္ဓာကိုယ်ပေါ် ဓာတ်ဆီတွေလောင်းပြီး မီးရှို့ပစ်လိုက်တယ်။ မီးတောက်တွေကြားထဲမှာ နာကျင်လွန်းလို့အော်ဟစ်လူးလှိမ့်နေတဲ့ ဆိုင်ရှင် ကို ဝမ်ချီဟန် က ကျေနပ်တဲ့အပြုံးနဲ့ကြည့်ပြီး ဆိုင်ကို တံခါးပိတ်ပြီး ထွက်လာခဲ့လိုက်တယ်။
အထက်ပါ အဖြစ်အပျက်တွေ ဖြစ်ပြီး နောက်ထပ် ၇နှစ်အကြာမှာတော့…. ။
မကာအို ရဲ့ ကမ်းခြေတစ်ခုမှာ သားအမိသုံးယောက် ခရုတွေလိုက်ကောက်နေတယ်။ အမေလုပ်သူက ခရုတွေကိုကောက်နေတုန်း ကလေးနှစ်ယောက်က ကမ်းခြေက ကျောက်တုံးတွေကြားမှာညှပ်နေတဲ့ ဂုန်နီအိတ်ကို ဆွဲထုတ်နေကြတယ်။ ကလေးနှစ်ယောက်ရဲ့ အားနဲ့ ဘယ်လိုမှဆွဲထုတ်လို့မရတော့ သူတို့အမေကို လှမ်းခေါ်ပြီး ဆွဲထုတ်ကြတယ်။ အမေဖြစ်သူကလည်း ဘာများလည်းဆိုတဲ့ စူးစမ်းစိတ်နဲ့ ဂုန်နီအိတ်ကို ဆွဲထုတ်လိုက်ချိန်မှာတော့ လူတွေရဲ့ လက်တွေ၊ ခြေထောက်တွေ မြင်လိုက်ရပြီး ကြောက်အားလန့်အားနဲ့ ကလေးနှစ်ယောက်ကို ပွေ့ချီပြီး အဲဒီနေရာကနေအသားကုန်ပြေးထွက်လာခဲ့ကြတယ်။ ပြီးတော့ ရဲစခန်းကို အကြောင်းကြားပေါ့။ ရဲတွေလည်း အလုပ်ရှုပ်သွားကြသလို စုံထောက်တွေလည်း ရောက်လာကြတယ်။ အချို့က ဒါဟာ ငါးမန်းကိုက်တာလို့ မှတ်ချက်ပေးတယ်။ ဒါပေမဲ့ ငါးမန်းကိုက်တယ်ဆိုတာက လုံးဝ ယုတ္တိမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခြေတွေလက်တွေက ခုတ်ဖြတ်ထားသလို တိတိရိရိပြတ်နေပြီး ဂုန်နီအိတ်ထဲမှာ သေသေချာချာထုတ်ပိုးထားတာဖြစ်လို့မကာအို ရဲ တွေအနေနဲ့ ဒါဟာ လူသတ်အလောင်းဖျောက်မှုလို့ပဲ သတ်မှတ်ခဲ့ကြတယ်။
ဒါပေမဲ့အမှုက အစ ရှာလို့ မရဘူး။ အထူးသဖြင့် ခြေတွေ၊ လက်တွေက ရိရွဲပုပ်ပွနေပြီး လက်ဗွေယူဖို့ အခက်အခဲရှိခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီထဲမှာမှ တစ်ခုတည်းသော လက် က နည်းနည်းလေး မာကျောနေပြီး လက်ဗွေယူဖို့အဆင်ပြေခဲ့တာကြောင့် အဲဒီအမှုရဲ့ ပထမဆုံး သဲလွန်စတစ်ခုကို ရရှိခဲ့တယ်။
ရရှိခဲ့တဲ့ လက်ဗွေရာအရဆိုရင်တော့ အဲဒီသူဟာ Eight immortal စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ချန်လန် ရဲ့ လက်ဗွေရာဖြစ်နေတယ်။ ရဲတွေအနေနဲ့ Eight immortal ဆိုင်ကို သွားစုံစမ်းတဲ့အခါမှာတော့ ချန်လန် ရဲ့ တစ်မိသားစုလုံးဟာ ပျောက်ဆုံးနေပြီး လက်ရှိအဲဒီဆိုင်ကို ပိုင်ဆိုင်နေသူက ဝမ်ချီဟန် ဆိုသူ ဖြစ်နေတယ်။ ရဲတွေက ဝမ်ချီဟန် နဲ့ ဆိုင်ရဲ့ စာရေးမတို့ကို မေးမြန်းရာမှာတော့ .. ဝမ်ချီဟန် က သူဟာ ပြီးခဲ့တဲ့နှစ်က ဒီဆိုင်ကို ဝယ်လိုက်တာဖြစ်ကြောင်း၊ ဒီဆိုင်ပိုင်ရှင်ဟောင်းတွေအနေနဲ့ ဘယ်ကိုပြောင်းရွှေ့သွားတယ်ဆိုတာမသိကြောင်း၊ သူဝယ်လိုက်တာ ယွမ် တစ်သိန်းရှစ်သောင်းနဲ့ ဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်။ ဆိုင်ရဲ့ စာရေးမကလည်း သူဆိုင်ကိုရောက်တာ ခြောက်လလောက်ပဲရှိသေးကြောင်း၊ သူရောက်ကတည်းကပိုင်ရှင်က ဝမ်ချီဟန် ပဲ ဖြစ်ကြောင်း၊ အရင်ပိုင်ရှင်ဟောင်းတွေကို မမြင်ဖူးလိုက်ကြောင်း ထွက်ဆိုခဲ့တယ်။ အဲဒီနေ့ က ဝမ်ချီဟန် က သူ့ဆိုင်က ပေါက်စီနဲ့ ရဲတွေကို ဧည့်ခံလိုက်သေးပြီး အပြန်မှာလည်း ပါဆယ်တွေတောင် ထုတ်ပေးလိုက်သေးတယ်။
Eight immortal စားသောက်ဆိုင်နဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ရဲတွေလာမစုံစမ်းခင် ပထမနေ့မှာ ဝမ်ချီဟန် ဟာ သူ့ရဲ့ စားသောက်ဆိုင်ထဲမှာ လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပါသေးတယ်။ သူ့ဆိုင်မှာ စားပွဲထိုး၊ အချက်အပြုတ်လုပ်နေတဲ့ တစ်ယောက်ကို ညဘက်မှာ သတ်ပစ်လိုက်တာပါ။ သတ်ပစ်လိုက်ရတဲ့အကြောင်းရင်းကတော့ ဝမ်ချီဟန် က ဆိုင်ပိတ်ချိန်တွေမှာ သူ့ဆိုင်ထဲမှာ မာကျောက်ကစားလေ့ရှိတယ်။ အဲဒီလိုကစားတိုင်းလည်း ဝမ်ချီဟန် က အနိုင်ရတာချည်းပဲ။ တကယ်တော့ ဝမ်ချီဟန် က မာကျောက်ကို ရိုးရိုးသားသားကစားတာမဟုတ်ဘဲ ကတ်ခိုးပြီးတော့ ဆော့တာပါ။ အဲဒီလို ကတ်ခိုးပြီးတော့ ဆော့တာကို စားပွဲထိုးလေးက မြင်သွားပြီး စာရေးမကို သွားပြောတယ်။ အဲဒါကို ဝမ်ချီဟန် က သိသွားပြီး ဒေါသထွက်သွားကာ ညဘက်မှာ စာပွဲထိုး အိပ်နေချိန် မျက်လုံးကို သံချွန်နဲ့ထိုးကာ၊ ခေါင်းကို ဟင်းမွှေတဲ့ယောက်မနဲ့ မသေမချင်း ရိုက်သတ်ခဲ့တာပဲ ဖြစ်တယ်။ ဝမ်ချီဟန် ရဲ့ အလောင်းဖျောက်နည်းက မြန်ဆန်ပြီး ပိရိလွန်းအားကြီးတာကြောင့် နောက်တနေ့မနက်မှာ ဆိုင်ထဲမှာ ဘာမှ သံသယဖြစ်စရာမကျန်ခဲ့ဘူး။ နောက်တနေ့ မနက်မှာ စာရေးမက စားပွဲထိုးလေးကို မေးတော့ ဝမ်ချီဟန်က သူ အလုပ်ထွက်ပြီး ပြည်မကြီးကို ပြန်သွားပြီလို့ ပြောလိုက်တယ်။ ပြီးတော့ ဝန်ထမ်းခေါ်စာကို ဆိုင်ရှေ့မှာ စာကပ်ထားလိုက်တယ်။
ရဲတွေအနေနဲ့ ပထမတစ်ခါလာတုန်းက လိုချင်တဲ့ အဖြေရလဒ်ကို မရခဲ့တာကြောင့် ဒုတိယအကြိမ် Eight immortal စားသောက်ဆိုင်ကို ထပ်ရောက်လာတယ်။ ဒီတစ်ခါတော့ စားသောက်ဆိုင်ရဲ့ အပေါ်ထပ်မှာရှိတဲ့ အိမ်ကိုပါ ဝင်ရောက်ကြည့်ရှုခဲ့တယ်။ အဲဒီမှာ ရဲတွေအနေနဲ့ ဝမ်ချီဟန် အပေါ်မှာ မသင်္ကာစရာကို စ တွေ့ ခဲ့တာပါပဲ။ အဲဒါကတော့ အဲဒီအိမ်မှာ အရင်ပိုင်ရှင်ဟောင်းရဲ့ မိသားစုဓာတ်ပုံတွေကို တွေ့ရှိခဲ့တာကြောင့် ရဲတွေက မေးမြန်းတဲ့အခါမှာ အရင်ပိုင်ရှင်ဟောင်းတွေအနေနဲ့ မေ့သွားခဲ့တာဖြစ်နိုင်ကြောင်း ပြောခဲ့တယ်။ ဒါပေမဲ့ ရဲတွေကတော့ ဝမ်ချီဟန် အပေါ်မှာမှာ လုံးဝသံသယဝင်သွားခဲ့တယ်။ နောက်ပြီးတော့ ဆိုင်ရဲ့ စာရေးမကို မေးမြန်းတဲ့အခါမှာလည်း ဒီရက်ပိုင်းမှာ ဆိုင်က စားပွဲထိုးတစ်ယောက် ရုတ်တရက်ပြည်မကြီးကို ထွက်သွားတာကလွဲရင် ထူးခြားတာမရှိဘူးလို့ ပြောလိုက်တော့ အဲဒီ စားပွဲထိုးရဲ့ နာမည်နဲ့ ရဲတွေက အကောက်ခွန်ဌာနမှာ ခရီးသွားမှတ်တမ်းရှိမရှိသွားစုံစမ်းတဲ့အခါမှာ ဒီရက်ပိုင်း အဲဒီနာမည်နဲ့ ခရီးသွားတဲ့လူ မရှိကြောင်း သိလိုက်ရပြန်တယ်။
ညနေဘက် ဆိုင်သိမ်းချိန်မှာတော့ စာရေးမလေးက ဝမ်ချီဟန် ကို သူ အလုပ်ထွက်ပြီးရွာပြန်တော့မယ်ဆိုတဲ့ အကြောင်းပြောလိုက်တယ်။ ဝမ်ချီဟန် က နင် ဒီမှာ ဘာအဆင်မပြေတာရှိလို့လဲ.. နင်အရမ်းပင်ပန်းလို့လား .. ငါလူထပ်ခေါ်ပေးပါ့မယ်.. မပြန်ပါနဲ့လို့ ပြောတယ်။ ဒါပေမဲ့ စာရေးမလေးက အခုတလော ရဲတွေ ခဏခဏလာမေးတာ၊ ဝမ်ချီဟန် ကို ကြောက်ရွံ့မိတာတွေကြောင့် ဆက်မလုပ်ချင်တော့ဘူး။ အဲဒါနဲ့ ဝမ်ချီဟန်ကလည်း လုပ်အားခကို ရှင်းပေးရင်း ဆိုင်တံခါးကို ဖွင့်မလိုလုပ်ပြီး ဂလန့်ထိုးလိုက်တယ်။ စာရေးမလေးလည်း ရုတ်တရက်ဆိုတော့ လန့်သွားတယ်။ ဝမ်ချီဟန် က ဒီစာရေးမဟာ သူ့ကို ဒုက္ခပေးနိုင်တယ်ဆိုတာကို တွက်ဆမိသွားတာကြောင့် အလွတ်မပေးလိုတော့ဘူး။ အဲဒါနဲ့ပဲ ဝမ်ချီဟန် စာရေးမလေးကို မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ပိရိသေသပ်တဲ့ အလောင်းဖျောက်နည်းအတိုင်းပဲ အလောင်းဖျောက်ပစ်လိုက်တယ်။
ရဲတွေကလည်း ဝမ်ချီဟန် အပေါ်မှာ သံသယတွေ ပိုတိုးလာတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ သက်သေအထောက်အထားတွေ မရသေးတာကြောင့် ဝမ်ချီဟန် ကို ဖမ်းလို့မရသေးဘူး။ နောက်ပိုင်းမှာ ရဲတွေက ညပိုင်းတွေမှာ ဝမ်ချီဟန် ကို စောင့်ကြည့်လာတယ်။ တစ်ညမှာတော့ ဝမ်ချီဟန် ဟာ ဆိုင်အပြင်ကို ထွက်လာတယ်။ လက်ထဲမှာလည်း အနီရောင်အထုပ်လေးတစ်ထုပ်နဲ့။ ပြီးတော့ ဆိုင်နားက အမှိုက်ပုံမှာ အဲဒါကို သွားပစ်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ အမှိုက်ပစ်တာဟာ မထူးဆန်းဘူး။ ဒါပေမဲ့ ဝမ်ချီဟန်က အမှိုက်ပစ်တာဆိုပေမဲ့ စားသောက်ဆိုင်တစ်ခုလိုအနေအထားမျိုးနဲ့ သူပစ်တဲ့အမှိုက်က တကူးတကကြီးလိုဖြစ်နေတယ်။ အဲဒါနဲ့ ရဲတွေက အမှိုက်ပုံကို မွှေနှောက်ရှာဖွေတဲ့အခါမှာတော့ ဝမ်ချီဟန် ပစ်ခဲ့တဲ့အမှိုက်အိတ်ထဲမှာ အရင် ဆိုင်ပိုင်ရှင် ချန်လန်ရဲ့ မှတ်ပုံတင်အပါအဝင် မိသားစုဝင်တွေရဲ့ သက်သေခံကတ်ပြားတွေကို တွေ့လိုက်ရတယ်။ နောက်ပြီးတော့ ချန်လန်ရဲ့ ကလေးတွေကလည်း သူတို့တက်နေတဲ့ကျောင်းကနေ ကျောင်းထွက်သွားတာမျိုးမဟုတ်ဘဲ ရုတ်တရက်ကြီးပျောက်ဆုံးသွားတယ်လို့လည်း သတင်းရထားသေးတာကြောင့် ရဲတွေဟာ ဝမ်ချီဟန် ကို အရင်ဆိုင်ပိုင်ရှင် ချန်လန်ရဲ့ မိသားစုကို သတ်မှုနဲ့ ဖမ်းဆီးပစ်ခဲ့တယ်။ ဒါတောင် လွယ်လွယ်ကူကူ ဖမ်းဆီးမိခဲ့တာမဟုတ်ဘူး။ ဝမ်ချီဟန် က သူ့ကို ရဲတွေစောင့်ကြည့်နေတာသိတော့ မကာအို ကနေ ပြည်မကြီးကို ပြေးဖို့ လုပ်တာ။ သင်္ဘောဆိပ်မှာ လုံးထွေးပြီး ဖမ်းဆီးခဲ့ရတာ။ ဒါပေမဲ့ မျက်မြင်သက်သေမရှိတာက တကြောင်း၊ ဝမ်ချီဟန်က ဝန်မခံတာက တကြောင်းကြောင့် ဝမ်ချီဟန်ကို တရားစွဲဖို့ ကြန့်ကြာနေခဲ့တယ်။ ဒေသတွင်းမီဒီယာတွေကလည်း ဒီအမှုကို စိတ်ဝင်စားပြီး ရဲစခန်းမှာ နေ့စဉ်နီးပါးလာရောက်ပြီး သတင်းယူနေကြတယ်။
ဘယ်လိုပဲ စစ်မေးမေး ဝမ်ချီဟန် က ဝန်မခံတာကြောင့် ရဲတွေက ရိုက်နှက်ပြီး မေးမြန်းကြတယ်။ တစ်ခေါက်မှာတော့ ရိုက်နှက်နေတဲ့အခန်းထဲကနေ ဝမ်ချီဟန်က အတင်းပြေးထွက်သွားပြီး မီဒီယာတွေရှေ့မှာ သူ့ကို ဂွင်ဆင်ပြီး ဖမ်းထားတာပါ အခုလည်း သူ့ကို နှိပ်စက်နေပါတယ်ဆိုပြီး သွားအော်တယ်။ နောက်ပြီးတော့ သူ့ရဲ့ အကျီကို ချွတ်ပြလိုက်တယ် ရိုက်နှက်ထားမှုကြောင့် အညိုအမဲတွေ စွဲ နေတာကို မီဒီယာတွေကလည်း သေသေချာချာ ဓာတ်ပုံမှတ်တမ်းတင်လိုက်နိုင်တယ်။ ဒေသခံပြည်သူတွေကလည်း အဖြစ်မှန်ကို သေသေချာချာမသိပေမဲ့ ခိုင်လုံတဲ့သက်သေမရှိဘဲနဲ့ လူတစ်ယောက်ကို ဒီလိုနှိပ်စက်တာဟာ မကောင်းဘူးဆိုပြီး ရဲတွေကို ဝေဖန်ကြတယ်။ မကာအို ရဲ တွေ အတွက်တော့ ဘေးကြပ်နံကြပ်ဖြစ်နေတယ်။ သူတို့အနေနဲ့ ဝမ်ချီဟန် ကို တရားစွဲဖို့ အမှုမတင်နိုင်ရင် ပြန်လွှတ်ပေးလိုက်ရတော့မယ်။ အဲဒီအချိန်မှာ မကာအို ရဲတွေအတွက် တစ်ပူပေါ်နှစ်ပူဆင့်လာတယ်။ အဲဒါကတော့ ဟောင်ကောင်က ရှေ့နေတွေဟာ ၁၉၇၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအတွက် ဝမ်ချီဟန် ကို တရားစွဲဖို့ သက်သေအထောက်အထားခိုင်ခိုင်လုံလုံရှိနေပြီ။ တကယ်လို့ မကာအို ရဲတွေအနေနဲ့ ဝမ်ချီဟန် ကို တရားစွဲဖို့ မလုပ်နိုင်ရင် တရားခံကို သူတို့ဆီလွှဲပေးဖို့ လာရောက်တောင်းဆိုတာပဲ ဖြစ်တယ်။ မကာအို ရဲ တွေကလည်း သူဒီမှာ သတ်ခဲ့တာက ၁၀ ယောက်လောက်ထိ ရှိတာကြောင့် လွယ်လွယ်နဲ့ မလွှဲပေးချင်ဘူး။ အဲဒါကြောင့် ဟောင်ကောင် က ရှေ့နေတွေကို ခဏစောင့်ဖို့နဲ့ သူတို့အမြန်ဆုံး တရားစွဲနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းပြောလိုက်တယ်။
ရဲတွေအနေနဲ့ ဝမ်ချီဟန် ကို ထပ်ပြီးတော့ ရိုက်နှက်စစ်ဆေးဖို့မဖြစ်နိုင်တော့တာကြောင့် သူ့ကို ထောင်ထဲကို ထည့်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထောင်ထဲမှာ ရှိနေတာက Eight immortal စားသောက်ဆိုင်ပိုင်ရှင်ဟောင်း ချန်လန် ရဲ့ ညီဖြစ်သူက ထောင်ထဲမှာ ရှိနေတယ်။ သူကလည်း သူ့အစ်ကို မိသားစုကို သတ်ခဲ့တဲ့ ဝမ်ချီဟန် ကို ရိုက်နှက်ဖို့အတွက် ရဲတွေနဲ့ ပူးပေါင်းခဲ့တယ်။ နေရာချင်းမတူပေမဲ့ ဝမ်ချီဟန် ရှိတဲ့အခန်းထဲကို ချန်လန် ရဲ့ ညီဖြစ်သူနဲ့ အပေါင်းအပါတွေကို ထည့်လိုက်တယ်။ ချန်လန်ရဲ့ ညီနဲ့ အပေါင်းအပါတွေ က ဝမ်ချီဟန် ကို နေ့စဉ်နှိပ်စက်တယ်၊ ရိုက်နှက်တယ်၊ ပါးစပ်ထဲကို မစင်တွေထည့်တယ်၊ မသေမရုံတမယ်နည်းအမျိုးမျိုးနဲ့ကို နှိပ်စက်ပြီး ဝန်ခံလာအောင်လုပ်တယ်။ ဒါပေမဲ့ ဝမ်ချီဟန် က လုံးဝဝန်မခံဘူး။ တစ်ညမှာတော့ ဝမ်ချီဟန် ဟာ သူ့ရဲ့ လက်ကောက်ဝတ်ကို ဂေါ်ပြားနဲ့ လှီးဖြတ်နေတာကို အခြားထောင်သားက တွေ့သွားပြီး အော်လိုက်တာကြောင့် ဝမ်ချီဟန် ဟာ ဆေးရုံရောက်သွားတယ်။ ဆေးရုံရောက်သွားတော့ မသေရုံတမယ်ဒဏ်ရာတွေကြောင့် အတွင်းလူနာဖြစ်သွားတယ်။ ရဲတွေကလည်း နည်းအမျိုးမျိုးနဲ့ မေးတယ်။ မရဘူး။ နောက်ဆုံးမှာတော့ ဆရာဝန်တွေဟာ ရဲတွေ ညွှန်ကြားတဲ့အတိုင်း ဝမ်ချီဟန်ကို အာရုံကြောဆေးတွေ ထိုးပေးတယ်။ ပြီးတော့ ကျောကုန်းထဲကို မိုးရေတွေထိုးထည့်ပြီး အရည်ကြည်ဖုတွေထအောင်လုပ်ထားလိုက်တယ်။ ဝမ်ချီဟန်ဟာ တော်တော်လေးတော့ ဇွဲကောင်းတယ်ပြောရမယ်။ သူဟာ လုံးဝဝန်မခံသေးသလို နောင်တရတဲ့ အရိပ်အယောင်တွေလည်း လုံးဝမရှိခဲ့ဘူး။ ထိုးထားတဲ့ အာရုံကြောဆေးတွေကြောင့် ဝမ်ချီဟန် က သုံးရက်လောက်လန်းဆန်းနေပေမဲ့ သုံးရက်လွန်သွားတဲ့အချိန်မှာ သူအရမ်းအိပ်ချင်လာတယ်။ ဒါပေမဲ့ ရဲတွေက သူ့ကို အိပ်ခွင့်လုံးဝမပေးဘူး။ ကျောကုန်းက အရေကြည်ဖုတွေကြောင့် လှဲအိပ်လို့မရလို့ ငုတ်တုတ်အိပ်တော့လည်း ရဲတွေက ပြန်ပြန်နှိုးပြီး ဝန်ခံလာအောင်လုပ်တယ်။ ကြာတော့ ဝမ်ချီဟန် ရဲ့ အာရုံကြောတွေက ပိုပြီးဆိုးဆိုးရွားရွားပျက်ဆီးလာတယ်။ သူလုံးဝ ခံနိုင်ရည်မရှိတော့ဘူး။ သူ ရဲ တွေကို မေးလိုက်တယ်။ သူ ဝန်ခံရင် အိပ်ခွင့်ပေးမှာလားဆိုပြီးတော့ပေါ့။
ဝမ်ချီဟန် က အားအင်တွေ လုံးဝဆုတ်ယုတ်နေပြီး သူ့ရဲ့ ဝန်ခံချက်ကို အားယူပြီး ပြောခဲ့တယ်။ သူ့ရဲ့ ဝန်ခံချက်ကတော့ …
သူဟာ ဟောင်ကောင်မှာ လူသတ်မှုဖြစ်ခဲ့ပြီး ကွမ်ကျိူး ကို ထွက်ပြေးခဲ့သေးတယ်။ ပြီးတော့မှ မကာအို ကို ရောက်လာတယ်။ မကာအိုမှာတော့ ချန်လန်ပိုင်တဲ့ Eight immortal စားသောက်ဆိုင်မှာ စားပွဲထိုးဝင်လုပ်တယ်။ ညနေဘက် ဆိုင်သိမ်းချိန်တိုင်း ချန်လန်တို့အတူတူ သူလည်း မာကျောက် ဝင်ကစားတယ်။ အမြဲတမ်းလိုလို သူကချည်းပဲ အနိုင်ရခဲ့ပြီး သူ့အလုပ်ရှင် ချန်လန်ဆီမှာ အကြွေးတွေတင်ခဲ့တယ်။ စုစုပေါင်းအကြွေး တစ်သိန်းရှစ်သောင်းကျော်ထိ တင်သွားတဲ့အချိန်မှာ ဝမ်ချီဟန်က ချန်လန် ကို ပိုက်ဆံပေးဖို့တောင်းတယ်။ ချန်လန်က လောလောဆယ်မပေးနိုင်သေးဘူး။ ချန်လန်က တကယ်လို့ သူ့အနေနဲ့ ဒီအကြွေးတွေကို အချိန်ကာလတစ်ခုအတွင်းမှာ မဆပ်နိုင်ရင် ဒီဆိုင်ကို ပေးပါ့မယ်ဆိုပြီး နှုတ်အားဖြင့် သဘောတူလိုက်တယ်။ အဲဒီလိုနဲ့ ပုံမှန်အတိုင်းပဲ ဆက်လာလိုက်တာ တစ်နှစ်ကျော်ကြာတဲ့အချိန်မှာတော့ အကြွေးတွေကလည်း ပိုတက်လာပြီး ဝမ်ချီဟန် ကလည်း အသည်းအသန်တွေတောင်းလာတယ်။ တကယ်လို့မပေးနိုင်ရင် ဒီဆိုင်ကိုအပ်တော့ဆိုပြီးတော့ ပြောတယ်။ ချန်လန်ကလည်း သူ့မိသားစုရဲ့ ပင်မစီးပွားရေးဖြစ်နေတာကြောင့် မပေးနိုင်ဘူးဆိုပြီး ပြန်ပြောတယ်။ အခြေအနေတွေက တင်းမာလာတယ်။ ဝမ်ချီဟန် က စားပွဲခုံကို လှန်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ အနားမှာဆော့နေတဲ့ ချန်လန် ရဲ့ သမီးလေးနှစ်ယောက်က အိမ်ပေါ်ကို တက်ပြေးသွားပြီး သူ့အမေကို အဖေနဲ့ ဦးလေးဝမ်တို့ ရန်ဖြစ်နေတယ်ဆိုပြီး သွားပြောလိုက်တယ်။ ချန်လန်ရဲ့ မိန်းမက ကလေးတစ်သိုက်နဲ့ အိမ်အောက်ကိုဆင်းလာပြီး ဆိုင်ထဲမှာ ရန်ဖြစ်နေတဲ့ သူ့ယောက်ျားနဲ့ ဝမ်ချီဟန် ကို ဝင်တားပြီး အခုကလေးနေမကောင်းဖြစ်နေတယ် မနက်ကျမှ ဆက်ရှင်းကြဆိုပြီး ဓားကိုင်ထားတဲ့ သူ့ယောက်ျားကို ဆွဲခေါ်လိုက်တယ်။ အဲဒီအချိန်မှာ ဝမ်ချီဟန် က ပုလင်းကိုင်ထားတာ။ ချန်လန်က ဝမ်ချီဟန် ကို မနက်ကျမှ မင်းနဲ့ရှင်းမယ်ဆိုပြီး ဓားကို ပြန်ချပြီး လှေကားပေါ်ကို တက်သွားတယ်။ ဒါပေမဲ့ ဝမ်ချီဟန် က ဓားမရှိတော့တဲ့ ချန်လန် ရဲ့ ခေါင်းကို ပုလင်းနဲ့ ရိုက်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ချန်လန်ရဲ့ မိန်းမက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းချိန်မှာ ဝမ်ချီဟန် က နေမကောင်းဖြစ်နေတဲ့ ကလေးလေးကို ဆွဲပွေ့လိုက်ပြီး လည်ပင်းကို ကွဲထားတဲ့ ပုလင်းရဲ့ ချွန်ထက်တဲ့ အစ နဲ့ ထောက်ပြီးတော့ နင်အော်ရင် ဒီကလေးကို ထိုးပစ်လိုက်မယ်လို့ ခြိမ်းချောက်လိုက်တယ်။ ချန်လန်ရဲ့ မိန်းမလည်း သူ့ကလေးတစ်ခုခုဖြစ်မှာစိုးလို့ မအော်ရဲတော့ဘူး။ အဲဒီအချိန်မှာ ဝမ်ချီဟန် က ချန်လန်ရဲ့ မိန်းမကို ကျန်တဲ့ကလေးတွေနဲ့ သူ့ယောက်ျားကို အကုန်လုံးကို ကြိုးတုပ်လိုက်ဖို့ ခိုင်းလိုက်တယ်။ ကလေးတွေကလည်း ကြောက်လန့်ပြီး ငိုယိုနေကြတာပေါ့။ ဝမ်ချီဟန် ချန်လန်ရဲ့ မိန်းမကို ကြိုးတုပ်လိုက်ပြီး ချန်လန် ကို မင်းရှေ့မှာ မင်းမိန်းမကို မုဒိန်းကျင့်ပြမယ် မင်းကြည့်နေလိုက် ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အငယ်ဆုံးကလေးလေးရဲ့ ငိုသံက တော်တော်လေးကျယ်လာတာကြောင့် ဝမ်ချီဟန် က အငယ်ဆုံးကလေးလေးကို ပြန်သွားချုပ်လိုက်ပြီး လည်ပင်းကို ပုလင်းကွဲထဲ ထောက်ထားရာမှာ အားပါသွားပြီး နေမကောင်းနေတဲ့ အငယ်ဆုံး ကလေးလေးက သေသွားခဲ့တယ်။ ဝမ်ချီဟန်ဟာ ဒေါသဘီလူးစီးနေတဲ့ လူတစ်ယောက်လိုပဲ ချန်လန် ကို မင်းမသုံးမကျလို့ မင်းသားသေပြီ တွေ့လားဆိုပြီး ကလေးရဲ့ အလောင်းကို ချန်လန်ဆီကို ပစ်ပေးလိုက်တယ်။ ပြီးတော့ ချန်လန်ရဲ့ မိန်းမ၊ ချန်လန် တို့ကို ပုလင်းကွဲနဲ့ပဲ ထိုးသတ်လိုက်တယ်။ ကျန်ခဲ့တဲ့ မိန်းကလေး လေးယောက်ထဲမှာ သုံးယောက်ကိုလည်း အသားခုတ်တဲ့ ဓားနဲ့ အကုန်လုံးကို ခုတ်သတ်ပစ်လိုက်တယ်။ အဲဒီထဲမှာ ကောင်မလေးတစ်ယောက်က ခုံအောက်ထဲကို ဝင်ပုန်းနေတယ်။ ဝမ်ချီဟန် ဟာ အကုန်လုံးကို သတ်ပြီးတဲ့နောက်မှာ အလောင်းတွေကို ရေကြည့်လိုက်တော့ တစ်ယောက်လိုနေတာကို တွေ့လိုက်တယ်။ ဝမ်ချီဟန် လိုက်ရှာတော့ ခုံအောက်ထဲမှာ ကြောက်လွန်းလို့ တုန်ယင်နေရှာပြီး သေးတွေတောင်ထွက်နေတဲ့ သနားစရာကောင်းတဲ့ ကလေးလေးတစ်ယောက်ကို မြင်လိုက်တယ်။ ဝမ်ချီဟန် ကတော့ သနားကြင်နာမှုလုံးဝမရှိခဲ့ပါဘူး။ အဲဒီကလေးမလေးကိုလည်း သတ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ဆိုင်ကို ဖုန်းက ဝင်လာတယ်။ ချန်လန်ရဲ့ ယောက္ခမ။ ဝမ်ချီဟန် က ဖုန်းကိုင်ပြီး ချန်လန်တို့ မိသားစု အပြင်ထွက်သွားတယ် သူလာခေါ်မယ်ဆိုပြီး ချန်လန်ရဲ့ ယောက္ခမကို သွားခေါ်လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချန်လန်ရဲ့ ဆွေမျိုးတွေက ပြည်မကြီးမှာပဲ ရှိကြပြီး ဒီ မကာအို မှာ အခြားဆွေမျိုးဆိုလို့ သူတို့ ယောက္ခမတစ်ယောက်ပဲ ရှိတာကြောင့် အဲဒီယောက္ခမကိုပါ အပြတ်ရှင်းဖို့ ကြိုးစားခဲ့တာပါပဲ။ ဝမ်ချီဟန် ခေါ်လာတော့ ချန်လန်ရဲ့ ယောက္ခမကလည်း လိုက်လာခဲ့ပြီး ဆိုင်ထဲအရောက်မှာတော့ ဝမ်ချီဟန် က အသားလှီးတဲ့ ဓားနဲ့ ခုတ်သတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီညမှာ Eight immortal စားသောက်ဆိုင်ထဲမှာ သွေးချင်းချင်းနီနေတဲ့ အလောင်းရှစ်လောင်းနဲ့ အတူတူ ဝမ်ချီဟန် တစ်ယောက် အလောင်းဖျောက်ဖို့ စဉ်းစားနေတယ်။ ပြီးတော့ သူဟာ အသားလှီးတဲ့ ဓား သုံးလက်လောက်ကို သေသေချာချာသွေးပြီး အလောင်းတွေရဲ့ ခြေတွေ၊ လက်တွေ၊ ခေါင်းတွေကို ဖြတ်ထုတ်ပစ်လိုက်တယ်။ ပြီးတော့ အဲဒီ ခြေတွေလက်တွေကို ဂုန်နီအိတ်ထဲထည့်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို အသားရအောင်ခုတ်ထွတ်ပြီး အသားကြိတ်စက်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ခြေတွေ၊ လက်တွေပါတဲ့ ဂုန်နီအိတ်ကို ပင်လယ်ကမ်းခြေမှာ သွားမျှောပစ်လိုက်တယ်။ သူသွားမျှောလိုက်တာ သုံးအိတ်လောက်ထိတောင် ရှိတယ်။ ဆိုင်ကို သုံးရက်လောက်နေမှ ပြန်ဖွင့်လိုက်တယ်။ ပြန်ဖွင့်ဖွင့်ချင်းမှာပဲ ချန်လန်တို့မိသားစုဟာ ဒီဆိုင်ဟာ သူ့ကို ရောင်းခဲ့ကြောင်း၊ သူတို့ မိသားစုပြောင်းသွားပြီဖြစ်ကြောင်း သတင်းလွှင့်ခဲ့တယ်။ ဝမ်ချီဟန် ဟာ ဒီပတ်ဝန်းကျင်နဲ့လည်း ရင်းနှီးနေပြီဖြစ်သလို ဒီဆိုင်မှာလည်း လုပ်တာကြာပြီဖြစ်တာကြောင့် သူပြောတာကို ဘယ်သူမှ သံသယမဝင်ခဲ့ကြဘူး။ အဲဒီကာလတွေမှာ Eight immortal စားသောက်ဆိုင်ရဲ့ ဝက်သားပေါက်စီဟာ အရသာတော်တော်ကောင်းတယ်ဆိုပြီး နာမည်ကျော်ကြားတာကြောင့် လာရောက်စားသုံးသူတွေ များပြားခဲ့တယ်။ ဝမ်ချီဟန် ရဲ့ ဝန်ခံချက်အရ အဲဒါတွေဟာ ချန်လန် တို့ မိသားစုရဲ့ အသားတွေနဲ့ လုပ်ထားတဲ့ ပေါက်စီပါတဲ့။
အဲဒီ ဝန်ခံချက်တွေအပြီးမှာ ရဲတွေဟာ စားပွဲထိုးနဲ့ စာရေးမလေးအကြောင်းကိုလည်း ထပ်မံမေးမြန်းတဲ့အခါမှာ သူတို့ကိုလည်း သူ့ရဲ့ လျှို့ဝှက်ချက်တွေပေါက်ကြားသွားမှာစိုးရိမ်တာကြောင့် သတ်ပစ်လိုက်တာဖြစ်ပြီး အသားတွေကို လူသားပေါက်စီလုပ်ပြီး အရိုးတွေကိုတော့ အိတ်အမဲနဲ့ထည့်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ကြောင်းပြောတယ်။ ပြီးတော့ အဲဒီနေ့က ရဲတွေကို ကျွေးလိုက်တဲ့ ပေါက်စီကလည်း ဝက်သားပေါက်စီမဟုတ်ဘဲ စားပွဲထိုးရဲ့ အသားနဲ့ လုပ်ထားတဲ့ ပေါက်စီပါဆိုပြီး ပြောခဲ့သေးတယ်။
ဝမ်ချီဟန် ရဲ့ ဖြောင့်ချက်ရပြီးတဲ့ နောက်မှာတော့ ရဲတွေဟာ ဝန်ချီဟန်ကို လူဆယ်ယောက်သတ်မှုနဲ့ စွဲချက်တင်ဖို့ စီစဉ်ခဲ့တယ်။ အဲဒီလို စီစဉ်နေတဲ့ကာလအတွင်းမှာ ဝမ်ချီဟန်ကို ထောင်ထဲကို ပို့ထားခဲ့တယ်။ ဒါပေမဲ့ ဝမ်ချီဟန် ကတော့ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် နောင်တ လုံးဝမရခဲ့တဲ့အပြင် သူ့ကို စွဲချက်တင်ပြီး အပြစ်ရှိတယ်လို့ ယူဆတာကိုတောင် လက်သင့်မခံခဲ့ပါဘူး။ သူ့ရဲ့ အခန်းဖော်ထောင်သားက မကာအိုမှာ သေဒဏ်မရှိဘဲ အမြင့်ဆုံးထောင်ဒဏ် ၂၄ နှစ်သာရှိတာကြောင့် မင်းအနေနဲ့ လိမ်လိမ်မာမာနေလိုက်ရင် ၁၅နှစ်လောက်နဲ့တောင် ပြန်လွတ်နိုင်တယ်လို့ အားပေးတယ်။ ဒါပေမဲ့ ဝမ်ချီဟန် ကတော့ သူတို့တွေ ငါ့ကို ဘယ်တော့မှာ စီရင်ချက်ချအပြစ်ပေးလို့ရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တယ်။ အဲဒီညမှာပဲ ဝမ်ချီဟန် ဟာ သူ့ရဲ့ လက်ကောက်ဝတ်ကို အအေးဗူးဖွင့်တဲ့ကလစ်နဲ့ လှီးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတော့တယ်။
ဝမ်ချီဟန် ပြောခဲ့သလိုပဲ သူ့ကို ဘယ်သူကမှ ပြစ်ဒဏ်မခတ်လိုက်ရဘဲ သူ့ဘဝဇာတ်သိမ်းကို သူကိုယ်တိုင် ရေးထိုးသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေဖြစ်ပြီးနောက်ပိုင်း ၁၉၈၉ခုနှစ်မှာ ချန်လန် မိသားစုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထပ်မံတွေ့ရှိခဲ့သေးတယ်လို့လည်း သိရတယ်။ ၁၉၉၃ခုနှစ်မှာ ရုပ်ရှင်ပြန်ရိုက်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ကျနော်တို့ငယ်ငယ်တုန်းကတော့ သာမန်လူသတ်ကားတစ်ကားလို့သာ ယူဆခဲ့မိပြီး ပေါ့ပေါ့တန်တန်သဘောထားခဲ့ပေမဲ့ အဲဒီအရာကြီးက တကယ်ကြီးဖြစ်ခဲ့တယ်တယ်ဆိုတာကို သိလိုက်ရချိန်မှာတော့ တစ်ခါတလေမှာ တကယ့်ဘဝတွေဟာ စိတ်ကူးယာဉ်ရုပ်ရှင်တွေထက်တောင် ဆန်းကြယ်နေပါလားလို့ တွေးမိနေတော့တယ်။ ။
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်