ဆရာဝန်မလေးသင်ဇာနှင့် မိစ္ဆာဘီလူးကြီးဒါရု - အပိုင်း (၃)
lotaya.mpt.com.mm
|
2020-12-29

‘ဒေါက် ဒေါက် ဒေါက်…’

တံခါးခေါက်သံကြားသဖြင့် သွားဖွင့်ပေးလိုက်လျှင် အမှိုက်အိတ်ကြီးတစ်လုံးကို ထမ်းသယ်လာသော ဦးညိုကို သင်ဇာတွေ့လိုက်ရသည်။

‘လာ.. မြန်မြန်အထဲဝင်’

သူမအိမ်သို့ ဦးညို မကြာခဏလာသော်လည်း ပတ်ဝန်းကျင်က သင်္ကာမကင်းဖြစ်မည်ကိုမူ သင်ဇာ စိုးရိမ်စရာမလိုချေ။ အများ၏အမြင်တွင် ဆေးရုံစောင့်ကြီး ဦးညိုက ဆရာဝန်မလေးကို ကူညီပေးနေသည်ဟုသာ ထင်စရာရှိလေသည်။ မည်သူကမျှ အိုစာရင့်ရော်နေပြီဖြစ်သော အဘိုးအိုနှင့် လှပချောမောနုပျိုလှသော ဆရာဝန်မကလေးတို့ကို စွပ်စွဲသမုတ်ကြမည်မဟုတ်ချေ။

ဦးညို အိမ်ထဲသို့ရောက်လျှင် သင်ဇာသည် အိမ်ခန်းတံခါးကို အမြန်ပြန်ပိတ်လိုက်သည်။ ဦးညို၏ လက်ကြမ်းကြီးများက သင်ဇာ၏ ဖြူဝင်းနူးညံ့သော လက်ဖျံလေးများကို လှမ်းကိုင်လိုက်၏။ ဆရာဝန်မကလေး ရွံရှာလွန်းသဖြင့် သတိလက်လွတ်ဖြစ်သွားပြီး အဘိုးကြီး၏ လက်ကို ပုတ်ချလိုက်သည်။ ဦးညို၏ မျက်လုံးများထဲတွင် ဒေါသရောင်များ ရုတ်တရက်လွှမ်းသွားသည်။

‘ကောင်မ နင် ဒါဘာလုပ်တာလဲ’

သင်ဇာ လန့်သွားသည်။ ဦးညိုသည် သူမကို အမြဲတမ်း ဆရာမလေးဟုသာ ခေါ်ပြီး ရိုရိုသေသေဆက်ဆံစမြဲ ဖြစ်သော်လည်း ယခုအခါ သူမ၏ ငြင်းပယ်ခြင်းကို ခံရ၍ ရင့်ရင့်သီးသီး ပြောလိုက်လေသည်။ ရုတ်တရက် သင်ဇာ ဘာပြန်ပြောရမှန်းမသိ။ ယနေ့သည် နောက်ဆုံးနေ့ဖြစ်သည်။ မိစ္ဆာဘီလူးကြီး ဒါရုကို အသက်သွင်းရန် ကလီစာများ ခန္ဓာကိုယ်အစိတ်အပိုင်းများ လုံလောက်ပြီ။ နောက်ဆုံးအဆင့်တွင်မှ အမှားခံ၍ မဖြစ်။ ထို့ကြောင့် စိတ်ကိုထိန်းရင်း ခပ်တည်တည်နှင့် ပြန်ဖြေလိုက်၏။

‘ရှင် ရူးနေလား။ ဧည့်ခန်းထဲမှာ လုပ်နေရင် အပြင်က တွေ့သွားလိမ့်မယ်။ နံရံတွေက လုံတာမဟုတ်ဘူး။ နောက် ကျွန်မကို ခုလို ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့။ ရှင် ကျွန်မကို မုဒိန်းကျင့်တယ်ဆိုပြီး ရဲအုပ်မင်းသိုက်ကို ပြောလိုက်ရင် တစ်ချက်တည်းနဲ့ ရှင် ထောင်ကျသွားမှာနော်။ ဘာမှတ်လဲ’

ဦးညို ဘာမှ မပြောတော့ဘဲ ပေစောင်းစောင်းနှင့် အမှိုက်ထုပ်ကြီးကို ကိုင်ကာ အိမ်အတွင်းသို့ ဝင်သွားသည်။ သင်ဇာ တစ်ခုခုလုပ်မှဖြစ်တော့မည်။ သို့သော် ဘာလုပ်ရမှန်းလည်းမသိ။ ဦးညိုသည် အသက်ကြီးသော်လည်း သန်မာထွားကျိုင်းလှသည်။ သူမအိမ်တွင် ဘာလက်နက်မှလည်း မရှိချေ။ သူမထံတွင် အားကိုးစရာ တစ်ခုသာ ရှိလေတော့သည်။

သင်ဇာ ဦးညိုနောက်သို့ လိုက်ဝင်သွားသည်။

‘ဦးညို။ ဒီနေ့ ကျွန်မတို့ လုပ်ငန်းစမယ်’

‘ကျွန်တော်တို့ အရင်ချစ်ကြလို့ရလား’

သင်ဇာ့ ရင်ထဲတွင် အော်ဂလီဆန်ပြီး ပျို့တက်မိသည်။ သို့သော် သူမ အမြန်ဟန်ဆောင်လိုက်ရသည်။

‘အချိန်ကိုက်လုပ်ရမှာ ဦးညို။ ဒီနေ့ဖြစ်မှရမှာ။ တချို့ကလီစာတွေက ပုပ်နေပြီ။ နို့မို့ဆို ဦးညို နောက်ထပ်လူတွေ လိုက်သတ်ရဦးမယ်’

‘လူသတ်ရတာ ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။ ဒီလူတွေကို သတ်ချင်နေတာကြာပြီ’

သင်ဇာ့ စိတ်ထဲတွင် မိစ္ဆာကောင်အစစ်မှာ ဒါရုလား ဦးညိုလား မသဲကွဲနိုင်အောင်ပင် ဖြစ်မိသည်။

‘မဟုတ်ဘူးဦးညို။ ဒီကိစ္စတွေဆိုတာ နက္ခတ်နဲ့အညီလုပ်ရတာ။ နောက်ကျလို့မဖြစ်ဘူး။ လုပ်ပါ။ ပြီးရင် စိတ်ကြိုက်ချစ်လို့ရပါတယ်’

သို့သော် သူမစိတ်ထဲကမူ ပြီးရင် ဆိုတာ ဘယ်တော့မှ ဖြစ်တော့မည်မဟုတ်ကြောင်း သိနေလေသည်။

သင်ဇာနှင့် ဦးညိုတို့ ကလီစာတွေကို အိပ်ခန်းထဲသို့ ယူလာကြသည်။ ဆရာဝန်မလေးက ဘီလူးကြီး ဒါရု၏ ခန္ဓာကိုယ်ကြီးဘေးတွင် ဒူးထောက်ထိုင်ကာ ခွဲခန်းသုံး ပစ္စည်း ကိရိယာများနှင့် ဘီလူးကြီး၏ ကိုယ်လုံးကြီးကို စတင်ခွဲစိတ်လေသည်။ ပုံမှန်ဆိုလျှင် ဒါရု၏ အရေပြားသည် ကျည်ဆံသော်မျှ မထွင်းဖောက်နိုင်ချေ။ ယခု အသက်ဝိညာဉ်ကင်းမဲ့နေသဖြင့်သာ ခွဲစိတ်နိုင်ခြင်းဖြစ်သည်။ ဒါရု၏ ကိုယ်တွင်းရှိ အသည်း နှလုံး ကျောက်ကပ် များမှာ ခြောက်ကပ်ပြီး ကျုံ့ဝင်နေကြသည်။ အထက်လမ်းဆရာကြီး၏ ဆေးမန်းကြောင့် ဖြစ်ရပေမည်။ အထက်လမ်းဆရာကြီးသည် ဒါရုကို သတ်ရန် မစွမ်းနိုင်သဖြင့် အင်းမန်း ဆေးမန်းများကို သုံးပြီး ဒါရု၏ ကိုယ်တွင်း ကလီစာများကို ကျုံ့ဝင်ခြောက်ကပ်သွားအောင် လုပ်ခဲ့ပုံရသည်။ ထိုသို့လုပ်ရင်း သူကိုယ်တိုင်လည်း အဆိုပါ ဆေးမန်းများ၏ ဒဏ်သင့်ကာ သေဆုံးသွားခဲ့ရရှာလေသည်။ ထို့ကြောင့်လည်း အထက်လမ်း ဆရာကြီးသည် ဒါရု၏ ရုပ်အလောင်းကြီးကို ခေါင်းတလားကြီးထဲသို့ ထည့်သွင်းချုပ်နှောင်ပြီးသည်နှင့် ထိုနေရာတွင်ပင် လဲကျသေဆုံးသွားခဲ့ရသည်။ ယခုမူ ဆရာဝန်မလေးသင်ဇာသည် ဤမြို့ကလေးရှိ သင့်တော်သော လူများထံမှ အသီးသီးသော ကိုယ်တွင်းကလီစာများကို ဦးညို၏ အကူအညီဖြင့် ရယူပြီး ဘီလူးကြီး၏ ကိုယ်တွင်းသို့ ပြန်ထည့်ကာ အသက်သွင်းပေးပေတော့မည်။

သင်ဇာသည် ရေခဲပုံးများထဲမှ သေဆုံးပြီး မိန်းကလေး၏ ကလီစာများ၊ ညီညီ၏ အသည်း နှလုံးများကို ဒါရု၏ ရင်ခေါင်းနှင့် ဝမ်းဗိုက်ကြီးထဲသို့ ထည့်ပေးလိုက်သည်။ သူမ၏ ပါးစပ်မှ ကျမ်းဂန်ထဲတွင် ရေးထားသော ဂါထာတစ်ပုဒ်ကို ထပ်တလဲလဲ တတွတ်တွတ် ရွတ်ဆိုနေခဲ့သည်။


            အသုဘာ - ခန်ဓာ - ဇီဝိတာ - မိစ်ဆာ - အသုဘာ - ခန်ဓာ - ဇီဝိတာ - မိစ်ဆာ -

သူမ အထူးတလည် ချုပ်ဆက်ပေးရန် မလိုဘဲ ကလီစာများသည် ဘီလူးကြီး၏ ကိုယ်တွင်း လိုဏ်ခေါင်းကြီးများထဲသို့ နေရာတကျ တွယ်ကပ်သွားကြလေသည်။ နောက်ဆုံးအဆင့်အနေနှင့် သင်ဇာသည် ဘီလူးကြီး၏ ဦးခေါင်းခွံကြီးကို လွှငယ်နှင့် တိုက်ဖွင့်ပြီး စာကြည့်တိုက်မှူး ဦးထွန်းငွေ၏ ဦးနှောက်ကို အစားသွင်းထည့်ပေးလိုက်သည်။ ဦးနှောက်ကြီးသည် ခေါင်းခွံထဲရောက်သွားသည်နှင့် တလှုပ်လှုပ်ဖြစ်လာတော့သည်။ သင်ဇာရော နံဘေးမှ ကြည့်နေသော ဦးညိုပါ ကြောက်လန့်ပြီး အနောက်သို့ အနည်းငယ် ဆုတ်လိုက်မိကြသည်။

ထိုစဉ်မှာပင် ဒါရု၏ မျက်လုံးကြီးနှစ်ဘက် ရုတ်တရက် ဖျန်းကနဲ ပွင့်သွား၏။

‘အမလေးဗျ’

ဦးညို၏ ထိတ်လန့်တကြားအော်လိုက်သံကြီး။ အဘိုးကြီးသည် တဏှာစိတ်ကြောင့်သာ သင်ဇာ့ကို ကူညီနေခြင်းဖြစ်ပြီး သူ့စိတ်ထဲကမူ ဒီဘီလူးကြီး အသက်ပြန်ဝင်လာမည်ဟု အယုံအကြည်မရှိခဲ့ချေ။ သို့သော် ယခုမူ သူထင်ထားသလိုမဟုတ်ဘဲ မိစ္ဆာဘီလူးကြီးသည် သူ့မျက်စိရှေ့တွင်ပင် ပြန်လည်အသက်ဝင်လာခဲ့လေပြီ။ ဒါရု၏ ရင်ခေါင်းထဲမှ နှလုံးကြီးသည် တဒုတ်ဒုတ်ခုန်လာသည်။ သူ့ကိုယ်ပေါ်ရှိ ဓားခွဲရာများသည် ဇစ်နှင့် ပြန်ပိတ်လိုက်သလို သူ့အလိုလို ပိတ်သွားကြလေသည်။ အရပ်ဆယ်ပေမျှ အမြင့်ရှိမည့် ဘီလူးကြီးသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရာမှ တဖြည်းဖြည်း ကုန်းပြီးထလာသည်။ ဒါရု၏ ဦးခေါင်းထက်တွင် ချိုကြီးနှစ်ချောင်းက ဟိုဘက်သည်ဘက် ကားပြီး ပေါက်နေသည်။ သူ့ပါးစပ်ထဲမှ အစွယ်ကြီးများက အပြင်ဘက်သို့ ငေါပြီး ထွက်နေကြလေသည်။ သူ့အရေခွံကြီးသည် မွဲခြောက်နေရာမှ တဖြည်းဖြည်း နီရဲလာသည်။ ဦးညိုသည် ဘီလူးကြီးကို ကြောက်လွန်းသဖြင့် အိပ်ခန်းထဲမှ ထွက်ပြေးလေသည်။ သို့သော် သင်ဇာက -


            ‘မရဏာ...’

ဟု ဘီလူးကြီးကို လှမ်းအော်ပြောကာ ထွက်ပြေးသော ဦးညို၏ ကုန်းနေသည့် ကျောပြင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ ဒါရု၏ မျက်လုံးကြီးများသည် မီးကျီးခဲကြီးများလို နီရဲသွားပြီး ရှည်လျားသော လက်တံကြီးဖြင့် ဦးညို၏ လည်ကုပ်ကို ဖမ်းဆွဲလိုက်လေသည်။

‘အမလေး ဘုရားရေ။ ကယ်ကြပါဗျ’

ကျက်သရေမရှိသော အသံဆိုးကြီးနှင့် ဦးညို အော်ဟစ်လိုက်၏။ သူ၏ ခါးကုန်းကိုယ်လုံးကြီးသည် ဒါရု၏ လက်ထဲတွင် ယက်ကန်ယက်ကန်နှင့် ပါသွားလေသည်။

‘ဂျွတ် ဂျွတ် ဂျွတ်’

မိစ္ဆာဘီလူးကြီးသည် သူလက်ထဲတွင် အော်ဟစ်ရုန်းကန်နေသော ဦးညို၏ ဦးခေါင်းကို လက်တစ်ဘက်နှင့် ကြက်သတ်သလို ဆွဲလိမ်ကာ ကိုယ်လုံးကြီးဆီမှ ဆွဲဖြုတ်လိုက်လေသည်။ ခေါင်းပြတ်သွားသော လည်ပင်းဆီမှ အနီရောင်သွေးများသည် ငေါက်ကနဲငေါက်ကနဲ ရေပန်းလို ပန်းထွက်လာလေတော့သည်။ ဦးညို၏ ဦးခေါင်းမရှိတော့သော ကိုယ်လုံးကြီးသည် စက်ဆုတ်ဖွယ်ရာ ဆက်လက်ပြီး ရုန်းကန်နေသေးသည်။ သင်ဇာသည် သူမ အလွန်မုန်းတီးရွံရှာသော တဏှာရူးကြီး အသေဆိုးနှင့် သေသွားရသဖြင့် ဝမ်းသာမိသော်လည်း မြင်နေရသည့် မြင်ကွင်းကြီးမှာ ကြောက်စရာကောင်းလှသဖြင့် တစ်ကိုယ်လုံး တုန်ရီနေမိသည်။ ဒါရုသည် ထိုသွေးများပန်းထွက်နေသော လည်ပင်းပြတ်ကြီးကို သူ့ပါးစပ်ဝတွင်တေ့ပြီး ပန်းထွက်နေသော သွေးများကို အငမ်းမရ စုပ်သောက်လေတော့၏။ ခေါင်းပြတ်ကိုယ်ခန္ဓာကြီးမှာ နှစ်မိနစ်မျှကြာအောင် တဆတ်ဆတ်တုန်နေပြီးမှ ငြိမ်ကျသွားတော့သည်။ ဘီလူးကြီးသည် ဦးညိုကိုယ်ထဲမှ သွေးများကို တစ်စက်မကျန်အောင် စုပ်ယူပြီးလျှင် ခေါင်းပြတ်ကြီးနှင့် အလောင်းကိုယ်လုံးကြီးတို့ကို ကြမ်းပြင်ပေါ်သို့ ဘုတ်ကနဲ ပစ်ချလိုက်တော့သည်။

ဘီလူးကြီးသည် သွေးပေနေသော အစွယ်ကြီးများကို ဖြီးလိုက်ပြီး သင်ဇာဘက်သို့ လှည့်လိုက်သည်။ သင်ဇာသည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း သူမ သမီးငယ်လေး၏ ဓာတ်ပုံကို လက်ထဲတွင်ကိုင်ပြီး ဒါရု၏ မျက်နှာတည့်တည့်သို့ ထောင်ပြကာ အော်ပြောလိုက်၏။

‘ဒါရု အသင့်အသက်ကို ငါကယ်တယ်။ အဲဒီ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ငါ့သမီးလေးကိုလည်း အသင်ပြန်ရှာပေးပါ။ သမီးလေး အသက်မရှိတော့ဘူးဆိုလည်း သင့်အစွမ်းနဲ့ အသက်ပြန်သွင်းပေးပါ’

သင်ဇာ ပြောနေရင်းမှ မျက်ရည်များ တွင်တွင်စီးကျလာသည်။ သူမကိုလည်း ဘီလူးကြီးသည် ခေါင်းဖြတ်သတ်စားပေတော့မည်ဟု စိတ်ထဲတွင် ထင်လာလေသည်။ သို့သော် ဒါရုသည် သင်ဇာ့လက်ထဲမှ ဓာတ်ပုံကို လက်သည်းရှည်ကြီးများ ချွန်ထွက်နေသည့် သူ့လက်ချောင်းကြီးများဖြင့် လှမ်းယူပြီး အသေအချာကြည့်လိုက်သည်။ ထို့နောက် ဓာတ်ပုံကို ဘေးသို့ လွှင့်ပစ်လိုက်၏။

‘သမီးလေး ဖူးဖူးကို ရှာပေးပါ။ ငါ့သမီးလေးကို ပြန်ခေါ်ပေးပါ။ ငါရှိခိုးတောင်းပန်ပါတယ်’

သင်ဇာ ဒါရု၏ ရှေ့တွင် ဒူးထောက်ထိုင်ချကာ ရှိခိုးတောင်းပန်လေတော့သည်။

‘ဂါး ဂါး ဂီးယား’

ဘီလူးကြီးသည် ဝမ်းခေါင်းသံကြီးမြည်ပြီး သင်ဇာ၏ ဆံပင်များကို ဆွဲကာ ပြန်ထခိုင်းလိုက်သည်။ ဒေါက်တာမလေးသည် ကြောက်လန့်တကြား ဘီလူးကြီးဆွဲခေါ်ရာနောက်သို့ လိုက်ပြီး မတ်တတ်ပြန်ရပ်ရလေသည်။ ဒါရုသည် ပါးစပ်ကြီးကို ဖြဲကာ ရှည်လျားလှသော လျှာကြီးကို ထုတ်လိုက်၏။ လျှာကြီးသည် မြွေကြီးတစ်ကောင်လို တုတ်ခိုင်ရှည်လျားပြီး တွန့်လိမ်ကောက်ကွေးကာ တလူးလူးတလွန့်လွန့်ဖြစ်နေသည်။ ထိုလျှာကြီးနှင့် ဒါရုသည် သင်ဇာ၏ မျက်နှာလေးကို လှမ်းလျက်လိုက်လေသည်။ သွေးညှီနံ့တွေ ဟောင်နေသော လျှာကြီး၏ အထိအတွေ့ကြောင့် သင်ဇာ ပျို့ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။ သို့သော် သူမ မအန်ချရဲ။ ဘီလူးကြီးသည် သူ၏ ရှည်လျားချွန်ထက်သော လက်သည်းကြီးများနှင့် သင်ဇာ၏ အင်္ကျီကို ဆွဲဖြဲချလိုက်သည်။ သူမကိုယ်ပေါ်တွင် ဝတ်ထားသော အဝတ်များအားလုံးကို မိစ္ဆာလက်သည်းကြီးများနှင့် တဗျိဗျိ ဆုတ်ဖြဲချွတ်ချလိုက်လေသည်။ သင်ဇာ အသက်ရှူများမြန်လာသည်။ သူမ ကြောက်လန့်နေသော်လည်း တစ်လက်မမျှ မလှုပ်ရှားရဲချေ။ ဒါရု၏ ဦးခေါင်းပေါ်ရှိ ဦးချိုကြီးနှစ်ချောင်းသည် ပိုပြီး ထောင်တက်လာသည်။ သူ၏ လျှာကြီးသည် သင်ဇာမျက်နှာပေါ်တွင် လှုပ်ရှားပွတ်သပ်နေရာမှ သူမ၏ ပါးစပ်ထဲသို့ တဖြည်းဖြည်းတိုးဝင်လာ၏။ ထိုစဉ်မှာပင် သင်ဇာ ထူးဆန်းသော အတွေ့အကြုံတစ်ခုကို ခံစားလိုက်ရသည်။ ဒါရု၏ လျှာကြီးသူမပါးစပ်ထဲရောက်လာချိန်တွင် သူမသည် ဘီလူးကြီးနှင့် စိတ်ချင်းဆက်သွယ်မိသလိုဖြစ်သွား၏။

သူမ အံ့သြမိသလို အင်မတန်မှလည်း ကြောက်လန့်သွားမိသည်။ သူမမျက်စိထဲတွင် ဒါရုကို ဝိုင်းပြီး သေနတ်နှင့် ပစ်နေကြသော ဂျပန်စစ်သားများ၊ ဆေးမန်းများနှင့် ပက်ဖြန်းနေသော အထက်လမ်းဆရာကြီး၏ ပုံရိပ်များကို ဖျတ်ကနဲ ဖျတ်ကနဲ မြင်လိုက်ရခြင်းပင်။

‘ဒိုင်း ဒိုင်း’

ကျယ်လောင်လှသော သေနတ်သံ နှစ်ချက်ကြောင့် သင်ဇာ အသိစိတ်များ ပြန်ဝင်လာသည်။ သူမပါးစပ်ထဲမှ မကောင်းဆိုးဝါးလျှာကြီး လှစ်ကနဲ ပြန်ထွက်သွားပြီး ဘီလူးကြီးသည် သူမကိုယ်လုံးလေးကို လွှတ်ချလိုက်သည်။ သေနတ်သံလာရာဆီသို့ လှမ်းကြည့်လိုက်လျှင် ဘီလူးကြီးကို သေနတ်နှင့် ချိန်ပြီး ပစ်နေသော ဒုရဲအုပ်မင်းသိုက်ကို တွေ့လိုက်ရလေသည်။

‘ကိုမင်းသိုက် မလုပ်နဲ့’

သူမအော်လိုက်သော်လည်း နောက်ကျသွားပြီ။ ဘီလူးကြီးသည် .. မာန်ဖီပြီး ကျယ်လောင်သော ဝမ်းခေါင်းသံကြီးကို မြည်ဟိန်းကာ မင်းသိုက်ကို ခုန်အုပ်လိုက်သည်။ မင်းသိုက်က အချိန်မီ ဘေးသို့ တိမ်းကာ ရှောင်လိုက်သဖြင့် ဘီလူးကြီးသည် မင်းသိုက်ကို မမိတော့ဘဲ မင်းသိုက်၏ ခန္ဓာကိုယ်ကသာ ဘီလူးကြီးနှင့် ဘေးချင်းတိုက်မိပြီး အေဝးသို့ လွင့်ထွက်သွားလေသည်။ ဒါရုကို ကြည့်ရသည်မှာ သူ၏ စိတ်အာရုံထဲတွင် အတိတ်က ပုံရိပ်များကို ပြန်လည်မြင်ယောင်နေပုံရသေးသည်။ သူ့ကြည့်ရသည်မှာ ဒုရဲအုပ်လူငယ်ကို တိုက်ခိုက်လိုသည်ထက် ဤနေရာမှ အမြန်ဆုံး ထွက်ပြေးသွားလိုစိတ်ပေါ်နေလေသည်။ ထို့ကြောင့်လည်း ကံကောင်းထောက်မစွာဖြင့် ဒါရုသည် ဒုရဲအုပ်မင်းသိုက်ကို ထပ်မံရန်မပြုတော့ဘဲ အိမ်ရှေ့တံခါးကြီးကို တွန်းလှဲဖြိုချကာ အိမ်ထဲမှ အပြင်သို့ ထွက်ပြေးသွားလေတော့သည်။

မင်းသိုက် ကပြာကယာလူးလဲထပြီး သေနတ်ကို ကိုင်ကာ ဘီလူးကြီးနောက်မှ အပြေးလိုက်မိသည်။ သို့သော် သူနောက်ကျသွားလေပြီ။ ဒါရုသည် ဆေးရုံဝင်းထဲကို ဖြတ်ပြီး မြို့ပြင်ဘက်ဆီသို့ လမ်းမကြီးအတိုင်း အပြေးထွက်သွားလေသည်။ အချိန်မှာ ညဘက် ဆယ်နာရီဝန်းကျင်ဖြစ်သဖြင့် မြို့ထဲတွင် လူပြတ်နေရာ လျင်မြန်စွာ ပြေးထွက်သွားသော ဘီလူးကြီးကို လူအတော်များများ ရုတ်တရက် သတိမပြုမိလိုက်ကြချေ။ ဒုရဲအုပ်မင်းသိုက် ဘီလူးကြီးကို လိုက်၍မမီတော့မှန်း သိလျှင် သင်ဇာရှိရာသို့ အကူအညီပေးရန် ပြန်လှည့်လာခဲ့သည်။ မိန်းကလေးသည် သူမခန္ဓာကိုယ်၏ အရှက်များကို လုံအောင်ဖုံးရင်း ကြမ်းပြင်ပေါ်တွင် ခွေလဲကျကာ တသိမ့်သိမ့်တုန်အောင် ငိုကြွေးနေရှာလေသည်။

‘မသင်ဇာ.. ဘယ်လိုဖြစ်ရတာလဲ’

သူမေးရင်းက နံဘေးတွင် ခေါင်းတခြားကိုယ်တခြား လဲကျသေဆုံးနေသော ဦးညို၏ အလောင်းကြီးကို လှမ်းမြင်သွားသည်။

‘ဒါ.. ဒါ ဦးညိုကွီးလား’

‘သူ… သူ… ကျွန်မကို အကျပ်ကိုင်ပြီး .. အဲဒီ့သတ္တဝါကြီးကို ပြန်.. ပြန် အသက်သွင်းခိုင်းတယ် ကိုမင်းသိုက်။ လူတွေအားလုံးကို သူပဲ သတ်လိုက်တာ’

သင်ဇာ လိမ်ပြောလိုက်သည်။ ပုံမှန်ဆိုလျှင် မင်းသိုက်သည် တစုံတယောက် လိမ်ပြောနေလျှင် ရိပ်မိသော်လည်း သင်ဇာနှင့် ပတ်သက်လျှင်မူ သူ့အတွေးအမြင်များသည် တိမ်ဖုံးနေခဲ့သည်။ သူ့စိတ်ထဲတွင် ညီညီနှင့် ပတ်သက်ပြီးလည်း ကြိတ်မနိုင်ခဲမရ ဖြစ်နေသေးလေသည်။

‘တောက်… တော်တော် ယုတ်မာတဲ့လူကြီးပဲ။ မသင်ဇာ ဒီမှာ စောင်ခြုံလိုက်ပါ’

မင်းသိုက် မိန်းကလေး၏ ကိုယ်ပေါ်သို့ အိပ်ခန်းထောင့်တွင် တွေ့ရသော စောင်တစ်ထည်ကို ကောက်ကာ ခြုံပေးလိုက်သည်။

‘မသင်ဇာ ဘာဖြစ်သွားသေးလဲ’

‘ဘာမှမဖြစ်ပါဘူး။ ကိုမင်းသိုက် ရောက်လာလို့ တော်ပါသေးတယ်။ ကိုမင်းသိုက်ပေးတဲ့ အသက်ပဲ ရှိပါတော့တယ်’

‘ကျွန်တော်ဖြင့် ခုထိ မယုံနိုင်သေးဘူးဗျာ။ ယုံတမ်းစကားတွေက တကယ်ဖြစ်နေတော့တာပေါ့။ ကျွန်တော့် တပည့်လေး ညီညီ အသတ်ခံရလို့ မသင်ဇာ့ကိုလည်း စိတ်ပူပြီး လာကြည့်မိတာ တော်သေးတာပေါ့ဗျာ။ အခုတော့ ဒီကောင်ကြီး ဘယ်သွားမလဲမသိဘူး။ ကျွန်တော် အဲ့ဒီ့ကိစ္စဆက်ရှင်းရဦးမယ်။ ဆေးရုံကို ကျွန်တော် အခုပဲ ဖုန်းဆက်လိုက်မယ်။ သူနာပြုဆရာမတွေ မသင်ဇာ့ကို လာကြည့်ပေးလို့ရအောင်’

‘ဟုတ်ကဲ့ ရပါတယ် ကိုမင်းသိုက်။ လုပ်စရာရှိတာလုပ်ပါ။ ကျွန်မအတွက် စိတ်မပူပါနဲ့’

‘ဘယ်လိုပြောလိုက်တာလဲ မသင်ဇာရယ်။ ကျွန်တော့်ဘဝမှာ မသင်ဇာက အရေးအကြီးဆုံးပါဗျာ’

မင်းသိုက် ရိုးရိုးသားသား ပြောလိုက်သည်ကို ကြားလျှင် မိန်းကလေးသည် စိတ်မထိန်းနိုင်တော့ပဲ ရှိုက်ကြီးတငင် ငိုကြွေးမိလေသည်။ မင်းသိုက်သည် ဆရာဝန်မလေးကို သူ့ရင်အုပ်ကျယ်ကြီးအတွင်းသို့ ဆွဲသွင်းလိုက်သည်။ သင်ဇာ မင်းသိုက်၏ ရင်ခွင်တွင် မျက်နှာအပ်ပြီး ရှိုက်ငိုမိသည်။

‘မသင်ဇာ’

‘သင်ဇာလို့ပဲ ခေါ်ပါရှင်’

‘ဟုတ်ကဲ့ သင်ဇာ။ ကျွန်တော်…’

မင်းသိုက် သူမကို ချစ်သည်ဟု ပြောရန်ပြင်ပြီးမှ နံဘေးရှိ ဦးညို၏ ခေါင်းပြတ်ကြီးကို သတိရမိသွားသည်။ ခေါင်းပြတ်ကြီးက သူတို့ဘက်သို့ မျက်နှာကြီးလည်ပြီး လဲလျောင်းနေသည်။ ကြောင်တောင်ပွင့်နေသော မျက်လုံးကြီးများက သူတို့နှစ်ဦးကို ပြူးပြီး စိုက်ကြည့်နေကြလေသည်။

‘သင်ဇာ ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ဆေးရုံကို အရင်လိုက်ပို့ပေးမယ်။ ဒီအိမ်မှာ တစ်ယောက်တည်း နေခဲ့လို့ မဖြစ်ဘူး’

မင်းသိုက် အသိစိတ်များကို ပြန်လည်စုစည်းလိုက်ရသည်။ သူ သင်ဇာ့ကို အဝတ်အစားများ ပြန်ဝတ်ပေးပြီး ဆေးရုံသို့ ခေါ်လာခဲ့၏။ သူနာပြုဆရာမများက သင်ဇာ့ကို ပြုစုစောင့်ရှောက်ပေးပြီး သီးသန့်လူနာခန်းတစ်နေရာတွင် နားနေစေလိုက်သည်။ မင်းသိုက် သင်ဇာ့ဘေးနားတွင် ထိုင်စောင့်နေစဉ် သူ့ခါးကြားမှ လက်ကိုင်ဖုန်း မြည်လာသည်။

‘ဟဲလို ဆရာမင်းသိုက်လား။ ကျွန်တော် ရဲတပ်သား အုပ်စိုးပါ။ အခုပဲ မြို့အဝင် ဘုန်းကြီးကျောင်းမှာ မကောင်းဆိုးဝါးကြီးတစ်ကောင် သောင်းကျန်းနေတယ်လို့ သတင်းရလို့။ ဆရာဘယ်မှာလဲခင်ဗျ’

‘အေး အုပ်စိုး။ ငါအခု ဆေးရုံမှာ။ မင်းတို့ လူစုပြီး ဘုန်းကြီးကျောင်းကို ချက်ချင်းလိုက်သွား။ ငါ ဒီကပဲ အခု လာခဲ့မယ်’

မင်းသိုက် ဖုန်းကို ခါးကြားပြန်ထိုးပြီး သင်ဇာ၏ လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။

‘သင်ဇာ။ ကျွန်တော် ဘုန်းကြီးကျောင်းကို လိုက်သွားလိုက်ဦးမယ်။ ဘီလူးကြီး အဲဒီ့မှာ သောင်းကျန်းနေတယ်တဲ့’

‘ဟုတ်ကဲ့ ကိုမင်းသိုက်။ သတိထားပြီး သွားပါနော်။ သင်ဇာ့မှာ အားကိုးစရာဆိုလို့ ကိုမင်းသိုက်တစ်ယောက်ပဲ ရှိလို့ပါ’

ဤစကားများကိုတော့ သူမ အမှန်အတိုင်း ပြောလိုက်ခြင်းပင်။ မင်းသိုက် မိန်းကလေး၏ နဖူးလေးကို ကုန်းနမ်းလိုက်ချင်သော်လည်း စိတ်များကို ထိန်းပြီး ထထွက်လာခဲ့ရသည်။ ဆေးရုံအပြင်ရောက်လျှင် ရပ်ထားသော ရဲကားဆီသို့ အမြန်ပြေးတက်ပြီး ဘုန်းကြီးကျောင်းဆီသို့ ဦးတည်ကာ တဟုန်ထိုး မောင်းထွက်သွားလေသည်။

မင်းသိုက်ထွက်သွားလျှင် သင်ဇာ တစ်ယောက်တည်း ဆေးရုံကုတင်ပေါ်၌ ကျန်ရစ်၏။ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းသဖြင့် သူမ အကြံထုတ်ရန်ပင် အချိန်မရခဲ့။ ဘီလူးကြီးကို အသက်သွင်းလိုက်နိုင်သော်လည်း သူမ အလိုရှိသော အဖြေကို မရလိုက်ချေ။ သို့သော် သူမလိုချင်သည်ကို ရနိုင်သည့် အလားအလာရှိနေလေသည်။ ဒါရု၏ လျှာကြီး သူမကိုယ်ထဲ ရောက်သွားချိန်တွင် သူမနှင့် ဒါရု စိတ်ချင်းဆက်သွယ်မိသွားသည်။ ထိုအချိန်မျိုးတွင် ထိုဘီလူးကြီး၏ အစွမ်းကို သုံးကာ သမီးလေးကို ရှာလို့ ရကောင်းရနိုင်ပေလိမ့်မည်။ မိစ္ဆာဘီလူးများတွင် အနံ့ခံကောင်းသော နောက်ယောင်ခံကောင်းသော အစွမ်းထူးများရှိနေတတ်သည်။ ထိုအစွမ်းများအကူအညီနှင့် သမီးလေး ဖူးဖူးကို ပြန်ရှာတွေ့နိုင်လိမ့်မည်။ ကံမကောင်း၍ သမီးလေး သေဆုံးသွားပြီဆိုလျှင်လည်း ဒါရုသည် သေပြီးသော လူများကို ပြန်အသက်သွင်းပေးနိင်သည်။ ဂျပန်ခေတ်တုန်းက ဒါရု ရွာထဲတွင် သောင်းကျန်းနေချိန်၌ မြို့ပြင်သင်္ချိုင်းရှိ အလောင်းကောင်ကြီးများ ပြန်လည်ရှင်သန်ပြီး ရွာထဲတွင် လမ်းသလားခဲ့သည်ဟု ယုံတမ်းစကားတွေ ရှိဖူးခဲ့လေသည်။

သို့သော် ဒါရုအတွက် အနံ့ခံနိုင်ရန် နောက်ယောင်ခံလိုက်နိုင်ရန် သမီးလေး၏ အသုံးအဆောင် တစ်ခုခု လိုအပ်သည်။ သင်ဇာ့ထံတွင် သမီးလေးမပျောက်ဆုံးသွားမီက ဝတ်ခဲ့သော အင်္ကျီကလေးတစ်ထည်ကို အမှတ်တရ သိမ်းထားတာတော့ ရှိသေးသည်။ ခက်သည်မှာ ထိုအင်္ကျီလေးသည် သူမ၏ အိမ်ထဲတွင် ဖြစ်နေလေသည်။ ထိုအင်္ကျီကို ပြန်ယူရန် သူမ အိမ်သို့ ပြန်သွားရမည်။ ရဲတပ်ဖွဲ့မှာ ဘုန်းကြီးကျောင်းသို့ သွားနေကြသဖြင့် သူမအိမ်သို့ လာနိုင်ဦးမည် မဟုတ်သေး။ သူမ အိမ်ပြန်ပြီး အင်္ကျီလေးကို ယူလို့ရသေးသည်။

သင်ဇာ လူနာခန်းအဝမှ ခေါင်းပြူပြီး အပြင်သို့ ချောင်းကြည့်မိသည်။ သူနာပြုများ လူနာဆောင်ထဲတွင် အလုပ်များနေကြပုံရသည်။ ဘယ်သူ့ကိုမျှ မတွေ့ရ။ သူမ ခြေဖျားထောက်ပြီး ဆေးရုံမှ အသာလေး ခိုးထွက်လာခဲ့၏။ ဆေးရုံအစောင့်တွေ့မှာကိုလည်း ပူစရာမလိုတော့။ ဆေးရုံအစောင့်ကြီး ဘာဖြစ်နေသည်ကို သူမ အသိဆုံး မဟုတ်ပါလား။ ထိုသို့တွေးမိမှ သူမ အိမ်ထဲတွင် ခေါင်းကြီးပြတ်ကာ သေဆုံးနေသော ဆေးရုံစောင့် ဦးညို၏ အလောင်းကြီးကို သတိရမိသွားသည်။ သူမ ကြောက်နေ၍ မဖြစ်။ ဖူးဖူးလေးကို ပြန်တွေ့ဖို့ကသာ အရေးအကြီးဆုံး ဖြစ်လေသည်။

ခဏအတွင်းမှာပင် သူမ အိမ်သို့ ပြန်ရောက်သွားသည်။ မိန်းကလေးသည် စေ့ရုံသာ စေ့ထားသော သူမအိမ်တံခါးကို လက်နှင့် အသာလေးတွန်းဖွင့်လိုက်လျှင် တံခါးသည် ကျွီကနဲမြည်ပြီး ပွင့်သွားသည်။ သူမ အသက်ကို မျှင်းမျှင်းရှူကာ အိမ်ထဲသို့ သတိထားပြီး ဝင်လာသည်။ ဦးညို၏ အလောင်းကြီးက ယခင်ထားခဲ့သည့်အတိုင်းပင် အိမ်ခန်းကြမ်းပြင်ပေါ်တွင် တုံးလုံးကြီးလဲလျက်ရှိနေသည်။ ခပ်လှမ်းလှမ်းတွင် ဘေးတစောင်းလဲနေသော ခေါင်းပြတ်ကြီး။ သူမ ခေါင်းပြတ်ကြီးနှင့် မျက်လုံးချင်းမဆုံအောင် သတိထားပြီး အလောင်းကိုယ်လုံးကြီးကို ကျော်ခွကာ အိပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။

‘အမလေး’

သင်ဇာ အလောင်းကောင်ကြီး၏ နံဘေးရှိ သွေးအိုင်ကို တက်နင်းမိပြီး ချော်လဲသွားခြင်းပင်။ သူမ လက်ကို အချိန်မီ ထောက်မိ၍ တော်သေး၏။ သူမ မျက်နှာအောက်တည့်တည့်တွင် ဦးညို၏ ခေါင်းပြတ်ကြီး။ နောက်တစ်လက်မလောက် နိမ့်ဆင်းသွားလျှင် ထိုခေါင်းပြတ်ကြီးနှင့် သူမ မျက်နှာ အပ်လျက်သွားဖြစ်သွားပေလိမ့်မည်။ သင်ဇာ သတိထားပြီး မတ်တတ်ပြန်ရပ်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ သူမ အဝတ်ဗီရိုကို ဖွင့်ပြီး သမီးလေး၏ ပန်းနုရောင် အင်္ကျီသေးသေးလေးကို ထုတ်ကာ သူမဝတ်ထားသော လည်ဟိုက်အင်္ကျီ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။ သူမ အခန်းထဲမှ ပြန်ထွက်ရန် ကိုယ်ကို လှည့်လိုက်လျှင် -

‘အလို ဘုရား ဘုရား...’

ခုနက ကြမ်းပေါ်တွင် တုံးလုံးလဲနေသော ဦးခေါင်းမဲ့ ကိုယ်ခန္ဓာကြီးသည် ဝမ်းလျားမှောက်ကြီး ရှိလျက်က သူ၏ ဦးခေါင်းကြီး ရှိရာဆီသို့ တရွေ့ရွေ့ တွားသွားနေလေသည်။ သင်ဇာ ခေါင်းပြတ်ကြီးကို ကြည့်လိုက်လျှင် ထိုခေါင်းပြတ်ကြီးသည် သူမကို စိမ်းစိမ်းကြီး ပြန်စိုက်ကြည့်နေသည်။

‘အယုတ်တမာ… မကောင်းဆိုးဝါးမ….။ ငါ့ကို သတ်တဲ့ဟာမ...။ နင့်ကိုလည်း ငါပြန်သတ်မယ်...’

ဦးညို၏ ခေါင်းပြတ်မှ ပါးစပ်ကြီး လှုပ်လာပြီး သင်ဇာ့ကို စိုက်ကြည့်ကာ ကျက်သရေတုန်းလှသည့် အသံကြီးနှင့် လှမ်းပြောလိုက်သည်။ မဟုတ်မှလွဲရော ဘီလူးကြီး ဒါရုကြောင့် သေပြီးသူများ အသက်ပြန်ရှင်လာကြခြင်း ဖြစ်ရပေမည်။ တဖြည်းဖြည်းနှင့် ဦးညို၏ လက်ကြီးများက သူ့ခေါင်းကြီးကို စမ်းမိသွားသည်။ လက်ကြီးနှစ်ဘက်နှင့် ခေါင်းပြတ်ကြီးကို ဆွဲယူပြီး လည်ပင်းကြီးပေါ်တွင် တပ်ပေးလိုက်၏။ ခေါင်းပြတ်ကြီးက လည်ပင်းငုတ်တိုကြီးပေါ်တွင် ကော်စေးနှင့် ကပ်သလို ကပ်သွားသည်။ သင်ဇာ ထိုအလောင်းကောင်ကြီးဘေးမှ ပတ်ပြီး အိမ်ရှေ့တံခါးရှိရာဆီသို့ ထွက်ပြေးလေသည်။ သို့သော် သူမ၏ ခြေထောက်တစ်ဘက်ကို အလောင်းကောင်လက်ကြီး တစ်ဘက်က ဘတ်ကနဲ လှမ်းဆွဲလိုက်သည်။ မိန်းကလေး အရှိန်လွန်ပြီး ဟပ်ထိုး လဲကျသွား၏။

‘ဟီး…ဟီး.. ဟီး… ကောင်မ ဘယ်ပြေးမလို့လဲ။ နင့်ကို ငါပိုင်တယ်လေ။ နင်က ငါ့ကျွန်လေ။ မေ့သွားပြီလား။ လာ တချီလောက် ထပ်နွှဲလိုက်ရအောင်.. လာစမ်းကောင်မ’

ဦးညို၏ ပါးစပ်ကြီးသည် စကားများကို ပြောနေရင်း အထဲမှ သွေးပုပ်များ ပွက်ကနဲ ပွက်ကနဲ ထွက်ကျနေသည်။ သင်ဇာ အားကုန်သုံးပြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း ဦးညို၏ လက်ကြီးမှာ ပြုတ်တူကြီးများလို သန်မာစွာဖြင့် သူမ၏ ခြေသလုံးကို ဖမ်းဆွဲထားသည်။ ကျန်သည့်လက်ကြီးတစ်ဘက်က သင်ဇာ့ထမီစကို လှမ်းဆွဲပြီး ချွတ်နေသည်။ အသုဘ အလောင်းကောင်ကြီးသည် မကောင်းဆိုးဝါးဘဝရောက်နေသည့်တိုင် တဏှာရာဂ လွန်ကဲလျက်ရှိနေတုန်းပင်။ သင်ဇာ ပက်လက်လန်သွားသည်။ သူမ၏ ထမီက ခါးဆီမှ တဖြည်းဖြည်း ပြေလျော့ကျလာသည်။

‘ဟီး ဟီး ဟီး နင့်ကို ငါပိုင်တယ်။ နင့်ကို ငါပိုင်တယ်။ နင်က ငါ့ရဲ့ကျွန်… ။ လာဖျော်ဖြေစမ်း ကျွန်မ...’

မိန်းကလေး သူမ၏ ထမီကို အတင်းပြန်ဆွဲသော်လည်း အားချင်းက မမျှချေ။ ဦးညို၏ ကိုယ်လုံးကြီးက သူမ ခြေထောက်များပေါ်သို့ တဖြည်းဖြည်း ဝမ်းလျားမှောက်ကြီး တက်လာသည်။ သင်ဇာ လွတ်နေသော ကျန်သည့် ခြေတစ်ဘက်နှင့် ဖုတ်ကောင်ကြီး၏ ခေါင်းကြီးကို ဆောင့်ကန်ချလိုက်သည်။

‘ဂွပ်… ဂွပ်...’

နှစ်ချက်လောက် ဆင့်ကန်လိုက်လျှင် ဦးညို၏ ပြန်ဆက်ထားသော ဦးခေါင်းကြီးသည် လည်ပင်းပေါ်တွင် တစ်ပတ်ကြီး လည်ထွက်သွားသည်။

‘သေစမ်း မသာကြီး’

သင်ဇာ ရွံရှာမုန်းတီးစွာနှင့် လည်ထွက်သွားသော ဦးညို၏ နောက်စေ့ကြီးကို တည့်တည့်ချိန်ကာ ဖနောင့်နှင့် ဆောင့်ကန်ချလိုက်သည်။

‘ဂွပ်.. ဂျွတ်...’

ဦးခေါင်းကြီးသည် လည်ပင်းဆီမှ ပြုတ်ထွက်ကာ ဟိုးအေဝး အခန်းထောင့်ဆီသို့ လိမ့်ထွက်သွား၏။ ဦးခေါင်းမရှိတော့သဖြင့် သူ့ကိုယ်လုံးကြီးသည် စမ်းတဝါးဝါးဖြစ်သွားသည်။ သူမ ခြေထောက်ကို ဆုပ်ကိုင်ထားသော လက်ကြီး ပြေလျော့သွားပြီး ဟိုစမ်းဒီစမ်းလိုက်လုပ်နေသည်။ သင်ဇာ ထမီကို ပြန်ဆွဲတင်ပြီး အလောင်းကိုယ်လုံးကြီးကို ဘေးသို့ တွန်းထုတ်လိုက်သည်။ ထိုအခါမှ သူမလည်း ကုန်းရုန်းထကာ အိမ်ထဲမှ အမြန် ပြေးထွက်ခဲ့လေသည်။ သူမ၏ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပေကျံနေတော့သည်။ သို့သော် သင်ဇာ ထိုအရာများကို ဂရုမစိုက်အား။ ရင်ဘတ်ထဲတွင် ထည့်ထားသော သမီးငယ်၏ အင်္ကျီလေးကိုသာ စိုးရိမ်တကြီး စမ်းမိသည်။

‘တော်သေးလို့။ အင်္ကျီလေး ရှိသေးတယ်’

သူမ အချိန်ဆွဲမနေတော့ဘဲ မြို့အဝင်ရှိ ဘုန်းကြီးကျောင်းရှိရာဆီသို့ အပြေးသုတ်ခြေတင်လေတော့သည်။

‘မင်းသိုက်တို့လူစု ဘီလူးကြီးကို မနှိမ်နင်းနိုင်ခင် ငါ အချိန်မီရောက်ရမယ်…’

သင်ဇာ တစ်လောကလုံးတွင် ဘာကိုမျှ မမြင်နိုင်တော့။ သူမ၏ မျက်စိထဲတွင် ပြုံးချိုသော ချစ်စဖွယ် မျက်နှာလေးနှင့် သူမဆီသို့ အပြေးလာနေသော နှစ်နှစ်အရွယ် သမီးကလေး ဖူးဖူးကိုသာ မြင်ယောင်နေမိလေတော့သည်။


(ဆက်ရန်)


ကိုချမ်း။

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#သင်ဇာ
#မိစ္ဆာ
#အင်္ကျီ
#ခေါင်းကြီး
#လက်ကြီး

Some text some message..