
၁။
တောင်ပေါ်လမ်း အကွေ့အကောက်တွေကို နေထက် ကျွမ်းကျင်စွာ မောင်းနှင်လာခဲ့သည်။
ဆိုင်ကယ်က ယာမဟာ အမျိုးအစား DT 200 ဆိုတော့ တောင်ပေါ် အတက်လမ်းတွေကို ပေါ့ပေါ့ပါးပါး မောင်းနှင်နိုင်၏။
လယ်သာဂျာကင်က တိုးဝေ့တိုက်ခတ်လာတဲ့ တောင်ပေါ်လေအေးကို ကြံကြံခိုင်နိုင်ပေမယ့် ၊ အင်္ကျီ နဲ့ ဆိုင်ကယ်စီး ဟဲလမက် အကြားက မေးဖျားနှင့် လည်ပင်းတွေက အေးစက်နေ၏။
ရောက်ချင်ဇောဖြင့် အပြင်း မောင်းနှင်နေရသည်။လိုရာ ခရီးကို မရောက်နိုင်သည့်အခါ ခရီးက တယ်ရှည်လှပါလားဟုလည်း စိတ်ကသိကအောက် ဖြစ်ရ၏။
အမှန်တော့ နေထက်သည် ဒီခရီးကို မနက်ကတည်းက မိသားစုနှင့်အတူ ကားဖြင့် လိုက်လာရမည်ဖြစ်သည်။
သူတို့ မိသားစုသည် တောင်ပေါ်မြို့လေးတစ်ခုနှင့် မနီးမဝေးရှိ ရွာလေးတစ်ရွာ ဖြစ်သော ရွှေစာချီ ရွာလေး၌ မိသားစုကထိန် အလှူ လေးတစ်ခု လာရောက် လှူဒါန်းကြခြင်း ဖြစ်သည်။
အလှူက မနက်ဖြန် နံနက် တန်ဆောင်မုန်း လပြည့်နေ့မှ စမည် ဖြစ်ပြီး၊ တစ်ရက် စော၍ ကြိုတင် လာခဲ့ကြခြင်း ဖြစ်သည်။
ဒီကနေ့ မနက် ဖေဖေ၊ မေမေ နှင့် သူ၏ ဇနီးဖြစ်သူ မေသူ ၊ ၃နှစ်သား သားငယ်လေး စည်သူတို့က ကားဖြင့် ကြိုတင် ထွက်သွားနှင့်ကြပြီ ဖြစ်သည်။
သူက နေ့လယ် ၁၀နာရီလောက်တွင် အရောင်းအဝယ် ကိစ္စတစ်ခု ချိန်းထားပြီး ဖြစ်၍ ချန်နေရစ်ခဲ့ခြင်းသာ။
နေထက်က မန္တလေးမြို့ခံ၊ ကျောက်အရောင်းအဝယ် လုပ်တဲ့သူ။ကျောက်ပွဲစားဆိုကြပါတော့။
ဖြစ်ချင်တော့ ဝယ်လက်က ချိန်းထားသည့် နေ့ခင်း ၁၀နာရီမှာ ရောက်မလာ။
နေ့လယ် ၂နာရီ ထိုးခါနီးမှ ရောက်လာ၏။နောက်ကျနေသည့်အတွက် တောင်းပန်စကားဆို၏။
ကျောက်ကို ဝယ်လက်က စိမ်ပြေနပြေကြည့်၏။ စေ့စေ့စပ်စပ် ကြည့်ပြီး ကျောက်ကို ကြိုက်သည်ဟုဆိုကာ အရောင်းအဝယ် စကားဆိုကြသည်။
အရောင်းအဝယ်တည့်တော့ ဝယ်လက်ဘက်က ပေးချေသော ငွေသားကို ဘဏ်မှာ အပြေးအလွှား သွားသွင်းရ၏။
သို့ဖြင့် နေထက်သည် မန္တလေးမြို့မှ ၃နာရီထိုးမှသာ ထွက်လာခဲ့နိုင်၏။
တစ်နေ့လုံး ဝယ်လက်နှင့် လွဲမည်စိုး၍ ဘယ်မှ မသွားနိုင်။
မနက်စာကို မြီးရှည်တစ်ပွဲ နှင့် လ္ဘက်ရည်တစ်ခွက်သာ သောက်ထားရသေးသဖြင့် လမ်းခရီး၌ ဗိုက်က တဂွီဂွီ မြည်ကာ ဆန္ဒပြလာ၏။
နေထက် ကျောက်ဆည်မြို့ ရောက်သည့်အခါ ဝင်းလိုက် စားတော်ဆက်မှာ ဝင်ပြီး ထမင်းကြော်တစ်ပွဲမှာ၍ ဗိုက်ဖြည့်ရ၏။
သူ နေ့လယ်စာကို ညနေ ၄နာရီထိုးမှ စားရခြင်း ဖြစ်သည်။ သို့ဖြင့် နေထက်သည် အချိန်တွေ လင့်ကုန်ပြီး ခရီးဖင့်ရခြင်းပင် ဖြစ်လေ၏။
လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းသဖွယ် သူ၏ ဆိုင်ကယ်သည် မြို့များ လမ်းများကို အလျင်အမြန် ဖြတ်သန်းလာခဲ့သည်။
ညနေ ၅နာရီခွဲလောက်တွင် သူ တောင်ပေါ်လမ်းကို စတင် ရောက်လာခဲ့၏။
နေ၏ အလင်းရောင် နည်းပါးသွားလေပြီ။မှောင်စပျိုးပြီဖြစ်သည်။
မြို့ကြီးမြို့ရောက်သည့်အခါ နေထက် ဆိုင်ကယ်ကို ဆီအပြည့် ပြန်ထည့်သည်။ အနီးနားတွင် တွေ့ရသော လေချိန်သည့် ဆိုင်၌ ဆိုင်ကယ်ဘီး နှစ်ဘီးစလုံးကို လေ ထပ်မံချိန်၏။
ပြီးလျင် ခရီးကို ဆက်ခဲ့သည်။
တောင်ပေါ်လမ်းလေးသည် သာယာသည်ဟုဆိုရမည်။ ဘေးဝဲယာ တစ်ဖက်တစ်ချက်စီ၌ စိမ်းမြမြ တောအုပ်ကိုသာ တမျော်တခေါ် မြင်ရသည်။
တောင်စွန်း တောအစွယ်ဆီမှ မြည်ကြူးနေသော အိပ်တန်းပြန်ငှက်လေးများ၏ တောင်ပံဖြန့်ကျက် ခတ်သံ တဖျောင်းဖျောင်းကို ဆိုင်ကယ်စက်သံအကြားမှပင် ကြားနေရသည်။
ရံဖန်ရံခါ တောင်ကြိုတောင်ကြားကို ကွေ့ဝှိုက် စီးဆင်းလာသော စမ်းရေကျသံကိုလည်း ကြားရတတ်၏။
အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာသော သူ၏ ဆိုင်ကယ်သည် ပင်စည်ဖွေးဖွေး အရပ်ရှည်ရှည် ယူကလစ်ပင်တောတန်းကို ဖြတ်သည့်အခါ အရိပ်ဖွေးဖွေးတို့သည် လှုပ်ကနဲ လှုပ်ကနဲ ကျန်ရစ်ခဲ့၏။
တောင်ကုန်းအဆင်းလေးနားရှိ ယာခင်းများဆီမှ မိုးကာဖျင်ခြုံ တဲပုပုလေးတို့သည် ထွက်ပြူစ လရောင်အောက်တွင် ငြိမ်သက်နေသော အရုပ်ကလေးများသဖွယ် စီစီရီရီ ရှိနေကြသည်။
ဖြတ်သွားစဉ် ထိုတဲငယ်ပုပုလေးများဆီမှ ခွေးဟောင်သံ၊ ကလေးငိုသံတို့သည် ညဥ့်အဝင်ကို သက်ဝင်လှပစေ၏။
သည်မြင်ကွင်းသည် တောင်ပေါ်မြို့လေး၏ အဝင်စပင် ဖြစ်တော့သည်။
မကြာခင် တောင်ပေါ်မြို့ကလေးသို့ သူ ရောက်လာခဲ့ပါ၏။
ဤမြို့လေးကို ဖြတ်ကျော်၍ မြေသားလမ်းနီနီလေးတစ်ခုကို ရောက်အောင် သူ ဆက်၍ မောင်းရဦးမည်။
မြို့ထဲကို ရောက်တော့ ရှမ်းရဋ္ဌ အိုးစည်သံကို ခပ်လွင်လွင်လေး ကြားနေရပြီ ဖြစ်သည်။
ဆိုင်ကယ်ကို စီးနင်းရင်း ကြားနေရသည့် အိုးစည်သံ ၊ မောင်းသံက တိုးသွားလိုက် ကျယ်လာလိုက်နှင့် အချိုးကျစွာ ထွက်ပေါ်နေသည်။
တောင်ပေါ်မြို့လေးကို လူတွေ မမေ့နိုင်သည်ကလည်း ရှမ်းအိုးစည်သံ၊ မောင်းသံ၊လင်းကွင်းသံ မြူးမြူးကြွကြွ ကြောင့်လည်းပါ၏။
ဒီအချိန် ဒီကာလမှသာ ရှမ်းရဋ္ဌဂီတသံက ပို၍ ဝေစည်မြူးကြွနေသလိုပင်။
ဖြတ်သွားရာ လမ်းတစ်လျောက် ရပ်ကွက်ဘုံကထိန်များ ခင်းကျင်း ပူဇော်ထားကြသည်ကို ကြည့်ရင်း သဒ္ဒါစိတ် ယိုဖိတ် ကြည်နူးမိသေးတော့သည်။
အလှူ မလုပ်မှီ တစ်လခန့်က နေထက်သည် ဖေဖေနှင့်အတူ ကားဖြင့် တစ်ခေါက် ရောက်ဖူးထားသည်။
အလှူ လုပ်မည့် ဘုန်းတော်ကြီးကျောင်းသို့ ကြိုတင် လျောက်ထားရန် လာခဲ့ဖူးခြင်း ဖြစ်သည်။
အသွားတုန်းက ဖေဖေက ကားမောင်းသဖြင့် သူက ဘေးနားက အိပ်ငိုက်နေခဲ့၏။ ထို့ကြောင့် အသွားတုန်းက လမ်းကို ကောင်းစွာ မမှတ်မိခဲ့။
သို့ပေမယ့် အပြန်တွင် အိပ်မငိုက်ပဲ လမ်းကို အသေအချာ ကြည့်ရှု့ မှတ်သားခဲ့သည်။
တောင်ပေါ်မြို့လေးကို ကျော်၍ ဆယ်မိနစ်သာသာခန့် မောင်းလျင် လမ်း၏ ညာဘက်ကို ချိုးကွေ့ ဝင်ရသည့် မြေနီ လမ်းသွယ်လေးကို ရောက်မည် ဖြစ်၏။
ထိုမြေနီလမ်းသွယ်လေးအတိုင်း ၁မိုင်သာသာလောက် မောင်းသွားလျင် အလှူ လုပ်မည့် ရွှေစာချီ ရွာလေးသို့ ရောက်ပြီ ဖြစ်သည်။
မြို့ထဲက မထွက်ခင် ၊ နေထက် လမ်းဘေး တစ်နေရာ၌ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး ရပ်လိုက်သည်။
ပြီးလျင် အိပ်ကပ်ထဲက ဟန်းဖုန်းကို ထုတ်ယူ၍ ဖုန်းလိုင်းမိ မမိ ကြည့်လိုက်သည်။ဖုန်းလိုင်း မိ၏။
ဖုန်းတွင် သူ့မိန်းမ ခေါ်ထားသော မစ်(စ်) ကောများစွာကို တွေ့လိုက်ရ၏။
သူ ဆိုင်ကယ်မောင်းနေသဖြင့် ဖုန်းခေါ်တာကို မကြားလိုက် မသိလိုက်ရခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် ချစ်ဇနီးထံ ဖုန်းဆက်လိုက်သည်။
ဖုန်း ဝင်သွားသည်။မကြာခင် တစ်ဖက်မှ ထူးသံကို ကြားရ၏။သို့သော် အသံက ကြည်လင် ပြတ်သားမှု မရှိ။
လေတိုးသံလိုလို တရှဲရှဲ တဂျစ်ဂျစ် မြည်နေပါသည်။
သူတို့ အလှူလုပ်မည့် ရွာဘက်က ဖုန်းလိုင်း ကောင်းစွာ မိပုံ မရချေ။
ထို့ကြောင့် နေထက်က လိုရင်းကိုသာ ပြောလိုက်သည်။
" ချစ်.. မောင် အခု တောင်ပေါ် မြို့လေးကို ရောက်ပြီ။ ရွာကို တစ်ခါတည်း တန်းမောင်းလာခဲ့မယ်နော် ၊ လမ်းခရီးက သာသာယာယာပါပဲ ။ မောင့်မိန်းမစိတ်ပူနေမှာစိုးလို့ ဆက်လိုက်တာ။ သားလေးရော အိပ်နေပြီလား "
တဖက်မှ တရှဲရှဲ အသံတွေနဲ့အတူ မိန်းမ၏အသံကို ပြတ်တောင်း ပြတ်တောင်း ကြားလိုက်ရသည်။
" အင်း မောင်ရေ၊ မောင့်မေမေက စိတ်ပူနေတာ။ ဖုန်းဆက်တော့ မောင်က မကိုင်ဘူးလေ။ သားက မအိပ်သေးဘူး မောင် ၊ ဆော့နေတယ်။ ဘုန်းကြီးကျောင်းက အကျယ်ကြီးဆိုတော့ တအားကို ဆော့နေတော့တာပဲ သိလား။
မောင် ဖြေးဖြေးသာ မောင်းလာခဲ့နော်။ချစ်တို့ မအိပ်သေးပဲ စောင့်နေမယ်။ အနွေးထည်ကို လည်ပင်းထိ ဇစ်တပ်ထားနော် မောင်။ ဒီမှာက မန္တလေးလို မဟုတ်ဘူး။ အရမ်းအေးတာ။ ပြီးတော့ ဒီဘက်က ဖုန်းလိုင်း သိပ် မမိဘူးမောင်၊ မောင့်အသံကို သဲသဲကွဲကွဲ မကြားရဘူး၊ ဖြေးဖြေးသာ မောင်းခဲ့တော့နော် "
ဖုန်းသံက တိုးဝင် ပြတ်တောက် သွားသည်။ဖုန်းလိုင်း မမိတော့ခြင်းလား မသိ။
နေထက် ဖုန်းကို အိပ်ကပ်ထဲ ပြန်ထည့်ထားလိုက်ပြီး ဆိုင်ကယ်ကို စက်နှိုး၍ ထွက်လာခဲ့သည်။
မကြာမီ သူ ရွှေစာချီ ရွာသို့ သွားရမည့် မြေသားလမ်းလေးသို့ ရောက်လာခဲ့တော့သည်။
သေချာအောင် မြေသားလမ်းထိပ်က လမ်းညွှန် ဆိုင်းဘုတ်ကို ဖတ်လိုက်သည်။
ရွှေစာချီရွာသို့ ၁မိုင်နှင့်၂ဖာလုံဟု မြှားပြကာ ရေးထားသည်ကို တွေ့လိုက်ရသည်။
ထိုမြေသားလမ်းလေးအတိုင်း သူ ဆိုင်ကယ်ကို မောင်းဝင်လာခဲ့သည်။
လရောင်အောက်တွင် လမ်း၏ ဘေးဝဲယာမှာ ပေါက်နေသော မယ်ဇလီပင်များကို ခပ်စိပ်စိပ် တွေ့နေရသည်။
ရာသီချိန်မို့ အဖူးအပွင့်များ ဝေစည်နေကြသည်။
ယခုလို ညမျိုးတွင် ဆေးဘက်ဝင် မယ်ဇလီဖူးသုပ် နှင့် ရှမ်းဌာနေလက်ဘက်ခြောက်မွှေးမွှေးခပ်ထားသော ရေနွေးကြမ်းပူပူလေး သောက်လိုက်စားလိုက်ရရင်ဖြင့် သူ၏ အမောပြေသွားနိုင်သည်ဟုပင် စိတ်ကူးယဉ်ကာ တွေးလိုက်မိသေးတော့သည်။
.................
၂။
မြေသားလမ်းလေးထဲကို ဝင်လိုက်သည်နှင့် သိပ်မကြာခင်မှာပဲ သူ၏ ဆိုင်ကယ်လက်ကိုင်သည် အနည်းငယ် ခါယမ်းစပြုလာ၏။
မကြာခင် လက်ကိုင်မှာ လေးလံလာပြီး ထိမ်းမရချင်သလို ဖြစ်လာ၍ နေထက်သည် ဆိုင်ကယ်ကို ရပ်လိုက်၏။
မူလီတွေ နတ်တွေများ ချောင်ကုန်ရော့လားဟု တွေးကာ၊ ဆိုင်ကယ်ရှေ့ဘီးက ဝန်ရိုးနတ်တိုင်ကို စမ်းကြည့်လိုက်သည်။ မချောင်ပါ။
သို့ပေမယ့် လက်ကိုင်ခါယမ်းရခြင်း၏ အဖြေကို သိလိုက်ရပါ၏။
ရှေ့ဘီး ပေါက်သွားခြင်း ဖြစ်သည်။သူ တာယာကို လှည့်ပတ်ကာ စမ်းကြည့်တော့ ၂လက်မခန့် ရှိမည့် အိမ်ရိုက်သံတစ်ချောင်းက တာယာ၏ မျက်နှာပြင်တွင် စူးနစ် ဝင်နေသည်ကို တွေ့လိုက်ရလေ၏။
" ဟား ...ရောက်ခါနီးမှကွာ "
နေထက် ငြီးငြူလိုက်ရင်း ဖုန်းကိုထုတ်ယူလိုက်သည်။ ဖုန်းကို ဖွင့်ကြည့်တော့ ဖုန်းလိုင်းက တစ်ငုတ်မှ မမိ။
မိန်းမဆီကို ဖုန်းဆက်ပြီး ကားဖြင့် လာကြိုရန် ခေါ်ယူမည့် စိတ်ကူး ပျက်သွားပြန်သည်။
တစ်မိုင်ခန့်သာ လိုတော့သည့် ကျန်ခရီးကို သူ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
ဆိုင်ကယ်ကို အရင်ဆုံး တွေ့ရသည့် အနီးဆုံးက အိမ်တစ်အိမ်မှာ အပ်နှံထားခဲ့မည်ဟု စိတ်ကူးကာ တွန်းလာခဲ့သည်။
မြေနီလမ်းလေးသည် အသွားအလာ မရှိ။ လူပြတ်၏။ထော်လာဂျီ တစ်စီးလောက် ဖြတ်သွားဖြတ်လာ တွေ့ရရင် ကောင်းလေစွဟု တွေးလိုက်မိသည်။
အကယ်၍ ထော်လာဂျီတစ်စီးသာ တွေ့ရပါက လေးလံစွာ တွန်းလာရသော ဤဆိုင်ကယ်ကို ထော်လာဂျီ ငှားရမ်း၍ တင်သွားမည်ဟု စိတ်ကူးမိသည်။
နေ့ခင်းဆိုရင်တော့ ထော်လာဂျီ တစ်စီးမဟုတ် တစ်စီးတော့ တွေ့နိုင်သည်။ယခုလို ညမျိုးတော့ တွေ့ဖို့ အလွန်ခက်ခဲမည် ဖြစ်သည်။
ကံဆိုးချင်တော့ လရောင်ကို မိုးသားတိမ်မည်းတွေ တဖြေးဖြေး ဖုံးအုပ်သွားသည်။
ကောင်းကင်သည် မှောင်အတိကျသွားလေ၏။
ဆိုင်ကယ်ကို စက်နှိုးထားပြီး ရှေ့မီးကြီးကို ဖွင့်ထား၍သာ လမ်းကို မြင်ရတော့သည်။
မကြာခင် မိုစက်မိုးပြောက်လေးများ ခပ်ဖွဲဖွဲ ကျလာသည်။
နေထက် အသံထွက် ငြီးလိုက်မိသည်။
" ဟူး အရေးထဲ မိုးက ရွာနေသေးကွာ၊သူ့ အချိန်အခါလည်းမဟုတ် "
ဤလသည် မိုးရာသီ ကုန်ဆုံးပြီး ဆောင်းအလယ်သို့ ဝင်နေပြီမဟုတ်လား။
တဖြေးဖြေး မိုးက ပိုသည်းလာသည်။
သူ့တစ်ကိုယ်လုံး မိုးရေတွေ ရွဲစိုကုန်၏။
မိုးခိုဖို့ နေရာတစ်ခု သူ ရှာသည်။
လမ်းတစ်လျှောက်လုံး လူနေအိမ်ခြေ တစ်လုံးမျှ မတွေ့ရ။နေထက် မိုးထဲမှာ လေးလံစွာ ဆိုင်ကယ်ကို တွန်းနေရ၏။
မိုးရေကြောင့် မြေနီလမ်းလေးသည် အပေါ်ယံ ချွဲကျိကျိ ဖြစ်လာသည်။လှမ်းနေသောခြေတို့ ကုတ်အားမမြဲချင်တော့။ အခန့်မသင့်လျင် လူရော ဆိုင်ကယ်ပါ လဲကျမည်ကို စိုးရိမ်လာရသည်။
လျပ်စီး တစ်ချက် ပြက်ကနဲ လင်းသွားသည်။ထိုလျပ်စီး အလင်းရောင်ကြောင့် နေထက်သည် သူ၏ အရှေ့တည့်တည့် လမ်း၏ ညာဘက်ဘေး ခပ်လှမ်းလှမ်း၌ နှစ်ထပ် ပျဉ်ထောင်အိမ်မည်း တစ်လုံးကို မြင်တွေ့လိုက်ရသည်။
နေထက်သည် ဝမ်းသာအားရ ထိုအိမ်ဆီသို့ သူ၏ ဆိုင်ကယ်ကို ခပ်မြန်မြန် တွန်းသွားလိုက်သည်။
ခြံဝမှ လှမ်းကြည့်သည့်အခါ အိမ်အောက်ထပ်တွင် မီးအိမ်ထွန်းထားသော အလင်းရောင်ကို မြင် တွေ့လိုက်ရ၍ အိမ်သားများမှာ အိပ်ကြသေးဟန်မတူသေးချေ။။
သူ ခြံတံခါးကို လှုပ်၍ အသံပေးလိုက်သည်။ခြံတံခါးသည် အထဲက ကလန့်ထိုးထားသလား၊ သော့ပဲ ခတ်ထားသလားမသိ။ တင်းခံနေသည်။ ပွင့်မသွားချေ။
နေထက် မိုးသံလေသံတွေကြား အသံ ခပ်ကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
" အိမ်ရှင်တို့ အိမ်ရှင်တို့ .."
သူ့အသံကို အိမ်ထဲက ကြားရဟန်တူသည်။မှန်ပြတင်းဝက လိုက်ကာလေးတွင် အရိပ်တစ်ခု ထင်ဟပ်လာပြီး ၊
ယောက်ကျားတစ်ဦးက လေသံမှန်မှန်ဖြင့် လှမ်းမေးလေ၏။
"ဘယျသူလဲ .. ဘာကိစ်စလဲ "
နေထက် လူရှိမှန်း သိလိုက်ရသည့်အခါ အားတက်သရော် ဖြစ်သွားပြီး၊သူ၏ အဖြစ်ကို ပြောပြလိုက်သည်။
" ကျနော် ရွှေစာချီရွာက ဘုန်းကြီးကျောင်းကို လာရင်း လမ်းမှာ ဆိုင်ကယ် ဘီးပေါက် သွားလို့ပါ "
အထဲက လူထံမှ..အသံ ခပ်ဝဲဝဲဖြင့်၊
" ရော်...ငါတို့လည်း ဘီးမဖာတတ်လေ၊ဒီနားမှာက ဘီးဖာဆိုင် မရှိနော် "
နေထက် ပြာပြာသလဲဖြင့်၊
" ဟာ ဘီးဖာ ပေးဖို့ မဟုတ်ပါဘူး။ဘီးပေါက်နေတဲ့ ဆိုင်ကယ်ကို နောင်ကြီးတို့ အိမ်မှာ ခဏလောက် အပ်ထားခဲ့ပြီး ၊ မိုးခို ချင်လို့ပါ။မိုးတိတ်တာနဲ့ ကျနော်က ရွှေစာချီရွာကို ခြေလျင် ဆက်ပြီး လျှောက်သွားမှာပါခင်မျ "
နေထက်..အထဲက ရှမ်းဘာသာစကားဖြင့် အချင်းချင်း စကားပြောနေသံကို ကြားလိုက်ရသည်။
ဧည့်သည်ကို လက်သင့်ခံသင့်၊ မခံသင့် သူတို့အချင်းချင်း ပြောနေကြပုံရသည်။
တခဏအကြာ.. အထဲမှ ယောက်ကျားက အိမ်ရှေ့တံခါးကို ဖွင့်လာပြီး ၊လက်ထဲက မီးအိမ်ကို မြှောက်ကာ နေထက်အား အသေအချာ စူးစမ်း၏။
ပြီးနောက်မှ ထိုအိမ်တံခါးဝကပင် လှမ်းပြောလိုက်သည်။
" ဝင်ခဲ့လေ..ခြံတံခါး ဖွင့်ထားတယ်၊ ဆိုင်ကယ်ကို ဒီအိမ်ရှေ့ထိ တွန်းယူလာခဲ့လိုက်နော်"
နေထက် အံဩသွားသည်။ သူ ခုနက ခြံတံခါးကို တွန်းဖွင့်ကြည့်သေးသည်။
ထိုစဉ်က ခြံတံခါးသည် မပွင့်။ အထဲမှ ကလန့်ထိုးထားသလိုလို သော့ခတ်ထားသလိုလို တင်းခံနေသည်မဟုတ်လား။
အခု အထဲက ဖိတ်ခေါ်မှုကြောင့် ခြံတံခါးကို သူ တွန်းဖွင့်လိုက်သည့်အခါ ခြံတံခါးသည် အသာအယာပင် ပွင့်သွားလေ၏။
သူ ခြံတံခါးကို ဖြတ်ဝင်ပြီးချိန် လေပြင်း ဆောင့်တိုက်လိုက်သည်လား မသိ။ခြံတံခါးသည် ဂျိုင်းကနဲ အလိုလို ပြန်ပိတ်သွား၏။
နေထက် ထိတ်လန့်စွာ နောက်ပြန် လှည့်ကြည့်လိုက်သည်။
ခြံတံခါးသည် သူ ရောက်စကလို ပိတ်ထားလျက် ပြန်ဖြစ်သွားသည်ကို မြင်လိုက်ရ၏။နေထက် စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားသေး၏။
တိုက်ဆိုင်မှု တစ်ခုဟုလို့တော့ နေထက် ဖြေတွေး တွေးလိုက်သေးပါ၏။
သို့သော်...
တိုက်ဆိုင်မှု တစ်ခုဆိုပေမယ့် နေထက် ရင်ထဲမှာ ထိတ်ကနဲ ခုန်သွားသည်အထိလန့်သွားရသည်ကိုတော့ ဝန်ခံ ရပေမည်။
ပြီးတော့....
ခြံထဲကို ခြေစချကတည်း သူ၏ ခန္ဓာကိုယ်သည် ရေခဲတိုက်တစ်ခုထဲ ရောက်သွားသလို အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားနေရခြင်း ဖြစ်သည်။
ဒါဟာ ကောင်းသော အခြေအနေ တစ်ခု မဟုတ်တာတော့ နေထက် သိနေပါ၏။ သို့သော် ဝင်လာမိသော သူ၏ ခြေလှမ်းများသည် နောက်ပြန် လှည့်ဖို့ မဖြစ်နိုင်တော့ချေ။
ဘာလို့လဲဆိုတော့ တံစက်မြိတ်အောက်မှာ အိမ်ရှင် အမျိုးသားက သူ့အား ခပ်ပြုံးပြုံးဖြင့် ပျူငှာစွာ ကြိုလင့်နေသောကြောင့် ဖြစ်ပါ၏။
....................
၃။
နေထက် ဆိုင်ကယ်ကို အိမ်ရှေ့ အထိ တွန်းယူကာ ဒေါက်ထောက် ရပ်ထားလိုက်၏။
ပြီးနောက် အိမ်ရှင် ရှိရာ နှစ်ထပ်ပျဉ်ထောင်အိမ်လေး၏ တံစက်မြိတ် အစွန်းမှာ သူ သွားကာ မတ်တတ် ရပ်လိုက်ပါ၏။
တံစက်မြိတ်အောက်က အုတ်ခုံလေးပေါ်တွင် ဒီဇယ်ဆီပုံးဟု ယူဆရသော ပုံးဝါ ၃ပုံး ထောင်ထားသည်။
သို့သော် ခြံဝန်းထဲတွင် မည်သည့်ကားကိုမျှ မတွေ့ရချေ။
နေထက်က အိမ်ရှင်အမျိုးသားကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ ၊ ကျနော် မန္တလေးကနေ လာတာပါ။ ရွှေစာချီ ဘုန်းတော်ကြီးကျောင်းမှာ အလှူ လာလုပ်တာပါ။ ကျနော့် နာမည် နေထက်ပါခင်ဗျ "
မိုရေတွေ စိုရွဲနေသော သူ့အား ထိုလူက အသေအချာ ကြည့်ရင်း ၊
" အော် မန္တလေးကကိုး ၊ တစ်ကိုယ်လုံးလည်း မိုးရေတွေ ရွဲလို့ ၊ လာ.. လာ အိမ်ထဲကို ဝင်ပါ။ အထဲမှာ မီးလင်းဖို ရှိတယ်။ အဝတ်အစား အပိုပါရင် တစ်ခါတည်း လဲထားလိုက်ပါအုံး "
ခန္ဓာကိုယ်အထက်ပိုင်းက တရုတ်ဖြစ် အနွေးထည်ကို ဇစ်အစေ့တပ်ဝတ်ထားပြီး၊ အောက်ပိုင်းက ရှမ်းဘောင်းဘီ နက်ပြာရောင်ကို ဝတ်ထားသော အသက် ၂၅နှစ်ခန့် အိမ်ရှင်အမျိုးသားက သူ့အား အထဲသို့ ဝင်ရန် ခေါ်နေခြင်း ဖြစ်သည်။
ထိုလူထံမှ ပျူငှာ နွေးထွေးမှုကို ကြားရသည့်အခါ နေထက် စိတ်တို့သည် ခုနကလို မဟုတ်တော့။ ကြည်လင်သွားသည်။
ရည်ရည်မွန်မွန်ရှိသော သဘောကောင်းဟန်တူသော အိမ်ရှင်အမျိုးသားက ခေါ်နေပေမယ့်၊ နေထက်က သူ့ကြောင့် အိမ်ကြမ်းပြင် ရေ စိုကုန်မှာ အားနာ၍ ၊
" ဟာ ရပါတယ်၊ အိမ်ထဲ မဝင်တော့ပါဘူး။ ကျနော့်ကြောင့် အိမ်ထဲ ရေတွေ ရွဲကုန်ပါလိမ့်မယ် အားနာပါတယ်ဗျာ "
နေထက်၏ အဝတ်အိတ်က မိန်းမနှင့်အတူ ပါသွားနှင့်ပြီ ဖြစ်၏။ထို့ကြောင့် သူ့၌ အဝတ်ပို မပါချေ။
"အိုး ..ဒီအတိုင်း ရေစိုကြီးနဲ့ ဘယ်ဖြစ်မှာလဲ ၊ ခင်ဗျား ဖျားလိမ့်မယ်။ အဝတ်ပို မပါလဲ ကျနော့် အဝတ်ကို ခဏ ယူဝတ်ထား ၊ မိန်းမရေ ..ငါ့ကို အကျႌနဲ့ပုဆိုးတစ်ထည် ယူခဲ့ပေးပါဟေ့ "
ထိုလူက အိမ်ထဲသို့ လှမ်းအော်ပြောလိုက်သည်။ တခဏ အကြာ အထဲမှ အသားဖြူဖြူ ခပ်ချောချော မိန်းမတစ်ယောက် ထွက်လာ၏။
သူမ လက်ထဲတွင် ပုဆိုးတစ်ထည်နှင့် ယောက်ကျားဝတ် ရှပ်အကျႌလက်ရှည် တစ်ထည်ပါလာသည်။
ထိုအိမ်ရှင်အမျိုးသားက သူ့ဇနီးထံမှ အဝတ်တို့ကို ယူ၍ နေထက်အား အဝတ်များ လဲစေ၏။
နေထက်လည်း အဝတ်တို့ကို ယူ၍ လဲ ဝတ်လိုက်သည်။
အိမ်ရှင်အမျိုးသားက သူ့အား ဧည့်ခန်းဟူ ယူဆရသော အိမ်ရှေ့ခန်းသို့ ခေါ်သွားသည်။
ဧည့်ခန်းတွင် ထင်းမီးလင်းဖို တစ်ခု ဖိုထား၏။
မီးလင်းဖိုအနီးတွင် ဒေါက်တိုင်ပါ တန်းစင်လေးတစ်ခု ရှိသဖြင့် နေထက်သည် သူ၏ အဝတ်စိုများကို ထိုတန်းလေးပေါ် လှန်း၍ မီးကင်ထားလိုက်သည်။
အိမ်ရှင် အမျိုးသားက နေထက်အား လွတ်နေသော ခုံတစ်လုံးမှာ ထိုင်စေပြီး၊ သူတို့လင်မယားက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်။
သူတို့အလယ်တွင် စားပွဲခုံပုလေး တစ်ခု ခြား၏။ထိုစားပွဲပေါ်တွင် ပန်းကိတ်အချို့ ၊ ချော့ကလက်ကိတ် အချို့ကို ပန်းကန်ပြားလေးများဖြင့် ထည့်ကာ တည့်ခင်း ဧည့်ခံထား၏။
အိမ်ရှင်အမျိုးသားက...
" ကော်ဖီနဲ့ မုန့် သုံးဆောင်ပါဦးဗျ "
နေထက်အတွက် အသင့်ဖျော် ကော်ဖီတစ်ခွက်လည်း ချထားပေးပါ၏။
သို့သော် နေထက်သည် မည်သည့် အစားအသောက်ကိုမှ ယူမစားချေ။
ဆာလောင်ခြင်း မရှိသလို ၊ အားနာသောကြောင့် ဖြစ်ပါသည်။
နေထက် အခန်းထဲကို ဝေ့ဝဲ အကဲခတ်လိုက်တော့ အံအားသင့် သွားသည်။
အခန်း၏ မျက်နှာကျက်တွင် ရာဘာဘူဘောင်းရောင်စုံကို ဖဲကြိုး အလိမ် အလိမ်လေးများနှင့်အတူ တွဲလွဲ ချိတ်ဆွဲထားသည်။
အခန်းတစ်ခုလုံးသည် သစ်လွင် တောက်ပနေသည်။မကြာသေးမီက ပွဲတစ်ခု ကျင်းပထားပုံရသည်။
အမျိုးသမီးချော၏ မျက်နှာတွင်လည်းလိမ်းကျံထားသော မိတ်ကပ်များ မပျက်သေး။ဒီညနေခင်းကမှ လိမ်းကျံထားသလိုပင်။
အဝတ်အစားမှာတော့ ညဝတ် အိမ်နေရင်း ဝတ်စုံပင် ဖြစ်၏။
မနီးမဝေးက ဗီရို အပုတစ်လုံးပေါ်တွင် သတို့သမီး လက်ကိုင်ပန်းစည်း တစ်ခု တင်ထားသည်ကို တွေ့ရသည်။
ထိုဗီရိုပုလေး၏ အနောက်ဘက် ကပ်လျက်က နံရံတွင် ချိန်သီးပါ တိုင်ကပ်နာရီတစ်လုံး ချိတ်ဆွဲထားသည်။
အံဩစရာကောင်းသည်က တစ်အိမ်လုံး သစ်လွင်နေပြီး ထိုတိုင်ကပ်နာရီက ပျက်နေခြင်းပင်။
နာရီလက်တံက( ၈ ) ဂဏန်းတွင် ညွှန်ပြထားပြီး၊ မိနစ်လက်တံက (၂၀) မိနစ်ကို ညွှန် ပြ ရပ်တန့်နေပါ၏။
ပျက်နေခြင်းလား၊ ဓာတ်ခဲ အားကုန်နေခြင်းလား အသေအချာ မသိနိုင်ပေ။ချိန်သီးသည် ညာဘက်သို့ တဖက်ကပ် ရပ်နေ၏။
အမှန်က အခုမှ ၇နာရီခွဲ ကျော်ကျော်လောက်သာ ရှိဦးမည်ဖြစ်သည်။ အလွန်ရှိလျင် ၇နာရီ ၄၅မိနစ်လောက်သာ။
နေထက်၏ စိတ်ထဲတွင် သူ ရောက်နေသော အိမ်သည် မင်္ဂလာဦးညကို ဖြတ်သန်းမည့် အသစ်စက်စက် ဇနီးမောင်နှံ၏ အိမ်များလားဟု တွေးလိုက်မိသည်။
နေထက်၏ အတွေးက သွေးထွက်အောင် မှန်နေပါ၏။ဘာလို့လဲဆိုတော့ အိမ်ရှင်အမျိုးသားက စတင် မိတ်ဆက်လာသောကြောင့် ဖြစ်ပါ၏။
" ကျနော့် နာမည်က စိုင်းသီဟပါ ၊ ဒါက ကျနော့်ရဲ့ ဇနီးမယား အသစ်စက်စက်ကလေး နန်းမူယာလင်းတဲ့ ။ ကျနော်တို့က ညနေကမှ လက်ထပ် မင်္ဂလာပွဲ ကျင်းပထားတာလေ ၊ မင်္ဂလာဦးညကို ဧည့်သည်ရောက်လာတယ် ဆိုပါတော့ "
အမျိုးသမီးက ရှက်ရွံဟန်ဖြင့် စိုင်းသီဟ၏ လက်ကို ဆွဲဆိတ်နေ၏။
နေထက် အလွန်ပဲ အားနာသွားမိသည်။
" ကွန်ကရက်ကျုးလေးရှင်းပါ ကိုစိုင်းသီဟနဲ့မနန်းမူယာလင်းရေ ၊ ကျနော်လည်း မိုးတိတ်တာနဲ့ သွားမှာပါ ၊ ခင်များတို့ ကြင်စဦးဇနီးမောင်နှံကို အနှောက်အယှက် ပေးမိနေပါပြီဗျာ "
ကိုစိုင်းသီဟက ၊ သဘောကောင်းစွာ ပြုံးရယ်လျက်၊
" ဟာ မဟုတ်တာပဲ၊ ရပါတယ်ဗျ ။ စိတ်အေးသက်သာစွာ နေပါ။ ကျနော်တို့ အတွက် အနှောက်အယှက် မဖြစ်ပါဘူး။ ကိုယ့်ရွာက ဘုန်းကြီးကျောင်းမှာ အလှူ လုပ်မယ့် လူကို ကူညီရတာပဲ။ ကျနော်တို့ ကုသိုလ်တောင်ရပါတယ်ဗျာ "
" အော် ကိုစိုင်းသီဟတို့ကလည်း ရွှေစာချီ ရွာကပဲလား ၊ ဘာလို့ ရွာနဲ့ အလှမ်းဝေးတဲ့ ဒီနေရာမှာ လာနေတာလဲ "
နေထက်က ရိုးရိုးသားသား မေးလိုက်ပေမယ့် ၊ စိုင်းသီဟတို့ လင်မယား နှစ်ယောက်စလုံးသည် သိသာစွာ မျက်နှာ ပျက်ယွင်း သွားကြသည်။
နန်းမူယာလင်းက သူမ၏ ခင်ပွန်းဖြစ်သူ စိုင်းသီဟ၏ မျက်နှာကို ကြည့်နေ၏။ ဘယ်လို ဖြေကြမလဲဆိုသည့်ဟန်ပင်။
စိုင်းသီဟက သူ ဖြေပါ့မည်ဟု သဘောဖြင့် နန်းမူယာလင်းကို ခေါင်းငြိမ့်ပြသည်။
စိုင်းသီဟသည် ပျက်သွားသည့် မျက်နှာကို ပြန်ပြင်ရင်း ၊
" အဲ့ဒါက ဒီလိုဗျ ၊ ကျနော်က ဒီ ရွာခံ မဟုတ်ဘူး ။ ကလောမြို့ဘက်ကပါ။ မူယာနဲ့ ယူတော့မယ်ဆိုတော့ အခု ဒီအိမ်ခြံမြေက မူယာ့ အဖေ လက်ဖွဲ့တဲ့ တောင်ယာမြေ ဆိုပါတော့။
တသီးတသန့် နေချင်တာနဲ့ လက်မထပ်ခင် ၅လလောက် အလိုမှာ လက်ဖွဲ့မယ့် ဒီတောင်ယာမြေထဲမှာ အိမ်လာဆောက်ထားတာဆိုပါတော့ဗျာ။ဒီနေရာက မြို့နဲ့လည်း မဝေးဘူးလေ "
အော် ဒါလေးကိုများ သူတို့က ဘာကြောင့် မျက်နှာ ပျက်သွားရတာပါလိမ့်။မြို့နဲ့ နီးနီးနားနား နေချင်တာကတော့ သိပ်ပြီး မထူးဆန်းလှချေ။
သို့ဖြင့် နေထက် နှင့် ကိုစိုင်းသီဟတို့ ဇနီးမောင်နှံသည် စပ်မိစပ်ရာ စကားများကို ပြောနေကြသည်။
အများအားဖြင့်တော့ ကိုစိုင်းသီဟကသာ မေးလိုက် ပြောလိုက် လုပ်နေခြင်း ဖြစ်ပြီး၊ မနန်းမူယာလင်းကတော့ ဘေးကနေ နားထောင်ရုံသက်သက်ဖြစ်လေ၏။
နေထက်က မန္တလေးမှာ ကျောက်အရောင်းအဝယ် လုပ်ပါသည်ဟု ပြောတော့ ကိုစိုင်းသီဟက သူ့အလုပ်က မိဘများ လက်ဖွဲ့ပေးလိုက်သော ဆယ်ဘီးကားဖြင့် တောင်ပေါ် မြေပြန့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း လုပ်ပါသည်ဟု ပြောလာ၏။
သူတို့ ဤနေရာကို ရွေးခြယ်၍ အိမ်ဆောက်ရခြင်းမှာ ကား ထားဖို့ လွယ်ကူစေရန် ရည်ရွယ်တာလည်း ပါသည်ဟု ဆို၏။
ရွှေစာချီရွာမှာဆိုလျင် ကားကို အတွင်းပိုင်းထိ ရောက်အောင် မောင်းရဦးမည်။
ပြီးတော့ မြေသားလမ်းကလည်း ကျဉ်းသည်ဟု အကြောင်းပြသည်။
စိုင်းသီဟ ပြောတာ သဘာဝကျပါသည်။ ဤနေရာက လမ်းမကြီးနှင့် မနီးမဝေးတွင် ရှိသည်မဟုတ်လား။ပြီးတော့ မြေနေရာက ကားကြီးတစ်စီးမက ထားရလောက်အောင် ကျယ်ဝန်းလေ၏။
နေထက် နှင့် စိုင်းသီဟသည် အသက်ချင်းလဲ သိပ် မကွာလှ။ ထို့ကြောင့် ခဏချင်းပင် ရင်းနှီးခင်မင်စွာ စကားများ ပြောဖြစ်သွားကြသည်။
ရောက်တတ်ရာရာ တွေ ပြောနေလိုက်ကြသည်မှာ နာရီဝက်ခန့် ကြာသွားလေ၏။ အပြင်ဘက်မှာလည်း မိုးတိတ်သွားပြီ ဖြစ်သည်။
သို့သော် စကားကောင်းနေ၍ ခရီးဆက်ရန်ကို မေ့နေမိသည်။
နေထက် နှင့် ကိုစိုင်းသီဟတို့ စကားပြောနေကြပေမယ့် ထူးခြားသည်က မနန်းမူယာလင်း ဖြစ်ပါ၏။
ဘာကြောင့်မှန်း မသိ။ မနန်းမူယာလင်းသည် အခန်းနံရံက ရပ်နေသော တိုင်ကပ်နာရီကို မကြာခဏ လှမ်းကြည့်နေသောကြောင့် ဖြစ်သည်။
ကြာတော့ နေထက်သည် သင်္ကာမကင်း ဖြစ်လာသည်။ နန်းမူယာလင်း ကြည့်နေသော တိုင်ကပ်နာရီကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။
ဟင်!
နေထက် အံဩသွားသည်။သူပဲ အမြင်မှား နေတာလားဟု ဇဝေဇဝါ ဖြစ်သွားရသည်။
သူ ရောက်စက ပျက်နေသော နာရီ ချိန်သီးသည် ယခုအခါ ဘယ်ညာ လှုပ်ခတ်နေပါ၏။ အချိန်ကလည်း သူ စရောက်စဉ်ကလို ၈နာရီ မိနစ်၂၀ မဟုတ်။
၈ နာရီ ၁၅ မိနစ်ကို ရောက်နေ၏။၅မိနစ်ခန့် ရှေ့သို့ ရောက်နေပြန်သည်။
ထူးခြားသော အခြေအနေကြောင့် နေထက် လက်ထဲက ဖုန်းကို မသိမသာ ဖွင့်ကြည့်လိုက်သည်။
ဖုန်းစကရင်ပေါ်၌လည်း ည ၈နာရီ ၁၅မိနစ်တိတိကို ဒစ်ဂျစ်တယ် ဂဏန်းများက ညွှန်းဆိုနေပါ၏။
နေထက် တကယ် အံဩမိနေသည်။
နေထက်၏ လှုပ်လှုပ်ရှားရှား ဖြစ်သွားသော အမူအယာကြောင့် ထင်ပါသည်။ ကိုစိုင်းသီဟသည်လည်း တိုင်ကပ်နာရီထံ အကြည့်ရောက်သွားလေ၏။
နာရီကို ကြည့်ပြီး ကိုစိုင်းသီဟသည် တစုံတရာကို သတိရသွားဟန်ဖြင့် ဝုန်းကနဲ မတ်တတ် ထရပ်လိုက်သည်။
စိုင်းသီဟ ထလိုက်သည်နှင့် သူ၏ ဇနီး နန်းမူယာလင်းလည်း ရုတ်တရက် မတ်တတ် ထရပ်လိုက်ပြန်သည်။
လင်မယား ၂ယောက်စလုံး၏ မျက်နှာများက စိုးရိမ်ထိတ်လန့်ဟန် အထင်းသား ပေါ်လွင်လာကြသည်။
နေထက်က ပြောင်းလဲသွားသော အခြေအနေကို မယုံနိုင်အောင် ဖြစ်သွား၏။
စိုင်းသီဟ နှင့် နန်းမူယာလင်းတို့ လင်မယားသည် တစ်ယောက်မျက်နှာကို တစ်ယောက် အဓိပ္ပါယ် ပါပါ ကြည့်လိုက်ကြသည်ကို တွေ့နေရ၏။
စိုင်းသီဟ ရော နန်းမူယာလင်းကပါ တီးတိုးရေရွတ်လိုက်ကြသည်။
" ၅ မိနစ်ပဲ လိုတော့တယ် "
ထိုသို့ အသံထွက် ရေရွတ်လိုက်ကြတဲ့ သူတို့နှစ်ယောက်၏ မျက်နှာတွေက စိုးရိမ်ထိတ်လန့်ခြင်း အသွင်ကို ဆောင်နေကြ၏။
စိုင်းသီဟ နှင့် နန်းမူယာလင်းသည် ၎င်းတို့၏ အသက်ဘေး နီးလာသည့်ပမာ လွန်စွာ ကြောက်ရွံ ထိတ်လန့် တုန်လှုပ်နေကြကြောင်း သူတို့၏ လက်ရှိ အမူအယာများက သိသာထင်ရှားစွာ ဖော်ပြနေကြပါသည်။
ပြီးတော့ စိုင်းသီဟသည် အံအားသင့်နေသော နေထက်ဘက်သို့ လှည့်ကာ ...၊
" ကိုနေထက်.. မိုးလည်း တိတ်ပြီ။ ခင်များ ခရီးဆက်တော့ဗျာ ၊ ကျွန်တော်တို့လည်း နားတော့မယ် "
ရုတ်တရက်ကြီး စိုင်းသီဟသည် နေထက်အား နှင်လွှတ်နေ၏။နေထက် နားမလည်နိုင်ပေ။
စိုင်းသီဟ၏ မျက်နှာက အလျင်စလို နိုင်လှသည်။ သူ နေထက်အား အိမ်ထဲမှ အမြန် ထွက်သွားစေချင်ပုံရသည်။
နေထက် ထိုင်နေရာမှ ထလိုက်ပြီး မီးကင်ထားသော အဝတ်တို့ကို ယူလိုက်သည်။
စိုင်းသီဟ၏ ပုံစံက နေထက် မထသေးလျင် ဆွဲထူ ထခိုင်းမည့်ပုံပင်။
နေထက်သည် အိမ်ရှင် စိုင်းသီဟ၏ အဝတ်တို့ကို ပြန်ပေးရန် လဲလှယ် ဝတ်ဆင်ရဦးမည်မဟုတ်လား။
ဝတ်ထားသော ရှပ်အကျႌမှ ကြယ်သီးများကို ဖြေးဖြေး ဖြုတ်နေလိုက်သည်။
ဒါကို ခုနက စကားတွေ ဖောင်ဖွဲ့မဆုံးအောင် ရွှန်းရွှန်းဝေ ဆိုခဲ့ ပြောခဲ့သော စိုင်းသီဟက အားမလို အားမရ ဖြစ်ကာ ၊ လေသံ ခပ်မာမာဖြင့်..
" ဟိတ်လူ အချိန် မရှိဘူး ။ မြန်မြန်လုပ်။ ခင်များ ဒီအိမ်ထဲက မြန်မြန်ထွက် "
နေထက် အံအားသင့်ပြီးရင်း အံအားသင့်နေရသည်ကတော့ အမှန်ပင်။
ကနဦးက ဖော်ရွေ ရည်မွန်သော စိုင်းသီဟသည် ချက်ချင်း ပြောင်းလဲ သွားသည်မဟုတ်လား။သူ့အား မလိုလားဟန်ဖြင့် နှင်ထုတ်နေ၏။
စိုင်းသီဟတင်လားဆိုတော့ မဟုတ်သေး။ ခုနက အိန္ဒြေရရ ထိုင်နေခဲ့သော မိန်းမချောလေး နန်းမူယာလင်းသည် ယခုအခါ ကတုန်ကရီ ဖြစ်ကာ တုန်လှုပ် ချောက်ချားနေပါ၏။
သူမကို ကြည့်ရတာက ခြေမကိုင်မိ လက်မကိုင်မိဖြင့် ထိုင်ရမလို ထရမလို ဖြစ်နေရှာသည်။
နေထက် ဘောင်းဘီရှည်ကို ပြန်လဲ ဝတ်ပြီးသည့်အခါ စိုင်းသီဟသည် နေထက်၏ လက်မောင်းကို ဆွဲ၍ အိမ်အပြင်သို့ ဇွတ်အတင်း ဆွဲထုတ်လေ၏။
နေထက်လည်း..
" ဟာ ဟေ့လူ ကိုစိုင်းသီဟ ဖြေးဖြေး လုပ်ပါ။ ကျနော် သွားမှာပါဗျ "
နေထက် ယက်ကန်ယက်ကန်နဲ့ ပါသွားသည်။နေထက် အိမ်အပြင်ရောက်လျင်
စိုင်းသီဟသည် အိမ်တံခါးကို ဂျောင်းကနဲ မြည်ဟီးအောင် ပိတ်လိုက်သည်။
အတွင်းမှ ကလန့်ထိုးသံ နှစ်ချက် ကြားရ၏။
"ဟိတ်လူ! ခင်များ မြန်မြန် သွားတော့"
နေထက် ဘာမှန်း မသိပေမယ့် တံခါးဝ အခြေက ခြေနင်းကို ယူလိုက်ပြီး စီးလိုက်သည်။
သူ့အား ခွေးမောင်းသလို အတင်း နှင်ထုတ်နေသော စိုင်းသီဟအား ဒေါသ ထွက်သွားသည်။
နေထက်သည် ခြေနင်းကြိုးတွေ ချည်နှောင်နေစဉ်မှာ ဒီလူတွေ ဘယ်လိုပါလိမ့် ရိုင်းလှချည်လားဟု မှတ်ချက်ချလိုက်မိသည်။
ထိုအခိုက် အိမ်ရှေ့က ခြံတံခါးသည် လေပြင်း ဆောင့်တိုက်လိုက်သလို ဝုန်းကနဲ ပွင့်သွားသည်။
ခြံတံခါး ပွင့်သွားသည်နှင့် အရပ်မြင့်မြင့် ရှမ်းဘောင်းဘီ ဝတ်ထားသော လူငယ်တစ်ယောက် ဒေါသတကြီး ဝင်လာသည်ကို နေထက် မြင်တွေ့ လိုက်ရလေတော့သည်။
ထိုလူငယ်သည် မေးကြောကြီးများ ထောင်ထလာသည့်တိုင် အံကို တင်းတင်းကြိတ်လျက် ဝင်လာခြင်း ဖြစ်သည်။
ထိုလူကို ကြည့်ရသည်မှာ သတ်ရဲဖြတ်ရဲသည့်အလား လူဆိုးလူမိုက်တစ်ယောက်၏အသွင်ကို ဆောင်နေ၏။
ထိုလူငယ်၏ လက်ထဲတွင် ငှက်ကြီးတောင်ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ကိုင်ဆောင်လာသည်ကို နေထက် မြင်လိုက်ရသည်။
တစ်ချက် တစ်ချက် ပြက်ကနဲ လင်းလက်သွားသည့် လျပ်စီးကြောင်း အောက်တွင် တဖွေးဖွေး တောက်ပြောင်နေသော ငှက်ကြီးတောင် ဓားသွားမှာ သွေးဆာနေသဘိကဲ့သို့ ထိတ်လန့်ဖွယ်ရာ ကြောက်ရွံဖွယ်ရာ ကောင်းလွန်းလှသည်။
ထိုလူသည် မည်သူ့ကို ရန်ပြုရန် ဝင်လာခြင်း ဖြစ်သနည်း။
သေချာသည်ကတော့ ထိုလူသည် သူ့ရှေ့ရှိ အတားအဆီးဟူသမျှကို ခုတ်ထစ် သတ်ဖြတ်ရန် ဝန်လေးနေမည့် သူ မဟုတ်ကြောင်း သူ၏ မျက်နှာက ဖော်ပြနေခြင်းပင်။
....................
၄။
နေထက် ရင်တွေ တဒိတ်ဒိတ်ခုန်ကာ ဇောချွေးများပင် ပျံလာလေ၏။
အဘယ်ကြောင့်ဆိုသော်...
မှင်သက် ငေးမောနေမိသော နေထက် ရှိရာသို့ ဓားကို ဝင့်ကာဖြင့် ထိုလူမိုက်သည် တည့်တည့် မတ်မတ်ကြီး လျှောက်လှမ်းလာနေသည်မဟုတ်ပါလား။
ထိုလူသည် ဒေါသသံဖြင့် အော်ဟစ်လာပါသည်။
" ဟေ့ သစ္စာဖျက်မ နဲ့ လူယုတ်မာကောင် ၊ နင်တို့နဲ့ စာရင်းရှင်းရအောင် ငါ လာပြီဟေ့ ။ ထွက်ခဲ့ကြစမ်း "
နေထက် သူ နှင့် နီးကပ်လာပြီ ဖြစ်သော ထိုလူ၏ မျက်နှာကို ထင်ရှားစွာ တွေ့လိုက်ရပါလေပြီ။
ထိုလူ၏ ဘယ်ဖက် ပါးပြင်တစ်ဝိုက်သည် မီးလောင်ဒဏ်ရာကဲ့သို့ သိသာထင်းရှားစွာ လက်နှစ်သစ်ခန့် အညိုရောင် အမှတ်ကြီးတစ်ခု ပါရှိလေ၏။
နေထက် မတ်တတ် ထရပ်လိုက်သည်။ ထိုသူအား ဖြောင်းဖြ ပြောဆိုရန် ဖြစ်လေ၏။
" ဒီမှာ မိတ်ဆွေ ၊ ပြသနာကို အေးအေးဆေးဆေး ရှင်းကြပါဗျာ ၊ သူတို့က အခုမှ ညားကာစ လင်မယား........"
နေထက်၏ စကားကို ထိုလူက ဆုံးအောင် နားမထောင်ပါ။ နေထက်အား လက်တစ်ဖက်ဖြင့် ဆွဲယူ တွန်းထိုး ပစ်လိုက်သည်။
နေထက် ထင်မှတ်မထားသောကြောင့် တံစက်မြိတ် အပြင်ဘက်သို့ လွင့်စင်သွားသည်။
ထိုလူသည် အလွန် အားကောင်း သန်မာသူ ဖြစ်သည်။နေထက်လိုလူကိုတောင် လက်တစ်ဖက်တည်းဖြင့် ဆွဲယူ တွန်းလှဲ ပစ်နိုင်၏။
နေထက် လဲကျနေစဉ် ထိုလူသည် ပိတ်ထားသော တံခါးကို သူ၏ ကိုယ်ဖြင့် အတင်း တိုက်ချိုး ပစ်လေသည်။
နှစ်ခါမျှ တွန်းတိုက်ရုံဖြင့် အိမ်တံခါးသည် ဗျောင်းကနဲ မြည်ကာ ပွင့်သွားလေသည်။
ပွင့်သွားသော တံခါးမှ ထိုလူ ဝင်ရောက်သွားလေပြီ။ ထိုလူသည် အထဲကို ရောက်သည်နှင့် တံခါးကို ခြေဖြင့် ကန်ကာ ပိတ်ပစ်လိုက်သည်။
နေထက်လည်း လူးလဲထကာ အထဲက စိုင်းသီဟနှင့်နန်းမူယာလင်းတို့အား ကူညီရန် အထဲကို ဝင်ရန် တံခါးကို တွန်းဖွင့်၏။
သို့သော် တံခါးမှာ အထဲမှ တစ်စုံတစ်ခုဖြင့် ပိတ်ခံထားပုံရသည် ။ မပွင့်ချေ။
" ဟားဟား သစ္စာဖောက်မနဲ့လူယုတ်မာကောင် မင်းတို့ ဘယ်ပြေးမလဲ၊ ပြေးလေ ပြေးကြ ငါ့လက်က လွတ်အောင် ပြေးကြစမ်း "
အိမ်ထဲမှ ထိုလူ၏ ကြုံးဝါးသံကို ကြားရသလို နန်းမူယာလင်း၏ တောင်းပန်သံ ငိုရှိုက်သံကိုလည်း ကြားနေရသည်။
ထို့အတူ စိုင်းသီဟ၏ ရှင်းပြနေသော အသံကိုလည်း ကြားရတစ်ချက် မကြားရတစ်ချက် မပီမပြင် ဖြစ်နေပါသည်။
တခဏ အကြာ၌ ဓားဖြင့် ထိုးခုတ်သံ၊ အော်ဟစ် ငြီးငြူသံ ၊ တားမြစ်သံ ၊ ရုန်းရင်းဆန်ခတ် ဖြစ်သံများ ဗလုံးဗထွေး ထွက်ပေါ်လာသည်။
နေထက် တံခါးကို ကိုယ်စောင်းတိုက်၍ အတင်း ဖွင့်လေ၏ ။ သို့ သော် မပွင့်ချေ။
တံခါး ဖွင့်မရသည့်အတူတူ နေထက်လည်း အတွင်းကို မြင်နိုင်မည့် မှန် ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး အထဲကို ကြည့်လိုက်သည်။
သရဲဘီလူးစီးသလို ဒေါသ အရမ်းကြီးနေသော ထိုလူ၏ လက်ထဲက ဓားရှည်တွင် သွေးများ စွန်းထင်းနေ၏။
နေထက် နောက်ကျသွားလေပြီ။ စိုင်းသီဟ နှင့် နန်းမူယာလင်းကို မကယ်တင်နိုင်တော့ချေ။
ထိုလူ ရပ်နေသော နေရာနှင့် မလှမ်းမကမ်းတွင် စိုင်းသီဟ နှင့် နန်းမူယာလင်းတို့သည် အချက်ပေါင်းများစွာသော ဓားဒဏ်ရာကိုယ်စီဖြင့် လဲကျ သေဆုံးနေကြလေ၏။
လဲကျနေသူတို့၏ ကိုယ်မှ သွေးများမှာ ကြမ်းပြင်ပေါ်တွင် မြင်မကောင်းအောင် စီးကျနေကြသည်။
နေထက် စိတ်မကောင်း ဝမ်းနည်းစွာ ကြည့်နေစဉ် ဓားနှင့်လူသည် ဘယ်အချိန်က အပြင်ထွက်သွားသည် မသိလိုက်ရ။ ပြန်ဝင်လာသည့်အခါ ထိုလူ၏ လက်ထဲတွင် လောင်စာဆီပုံး နှစ်ပုံး ဆွဲယူလာသည်ကို မြင်လိုက်ရသည်။
ထိုလူသည် လောင်စာဆီများကို အလောင်း ၂လောင်း ပေါ်ကိုသာမက တစ်အိမ်လုံးကို ပက်ဖျန်းနေလေ၏။
ဆီးပုံးများထဲက လောင်စာဆီများကုန်လေသော်အခါ ထိုလူသည် အိမ်ကို မီးစတင် ရှို့လေတော့သည်။
မီးတောက်များက တဖြေးဖြေး စတင် လောင်ကျွမ်းကုန်လေပြီ။ မကြာမီ မီးတောက် မီးလျံများ ကြီးမားစွာ လောင်ကျွမ်းကြလေ၏။
လူသတ်သမားသည် မီးရှို့ပြီးသည်နှင့် ထွက်ပြေးလေပြီ ဖြစ်သည်။
နေထက် တစ်ဦးတည်းသာ ဆောက်တည်ရာ မရ ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ဟိုပြေး ဒီပြေး ဖြစ်နေသည်။
မီးတောက်များက ပို၍ များလာပြီ။ တစ်အိမ်လုံး မီးတောက်များက ဝါးမြို လောင်ကြွမ်းလေပြီ။
သို့သော် အံဩစရာကောင်းသည်က ထိုမီးတောက်များက သူ့အား မည်သို့မှ မပူစေခြင်းပင်။
မီးတောက်မီးလျံများသည် သူ့အတွက် အပူဓာတ် မရှိချေ။ထွက်ပေါ်လာသော မီးခိုးများကလည်း သူ့အား အသက်ရှုကြပ်ခြင်းကို မဖြစ်ပေါ်စေ။
နေထက် ကြာကြာ အံဩနေချိန်မရပါ။
ဆိုင်ကယ်က မီးလောင်နေသည့် အိမ်ရှေ့မှာ ရပ်ထားမိသည် မဟုတ်လား။
နေထက်လည်း သူ၏ ဆိုင်ကယ်အား မီးကူးမည် စိုးရိမ်ရသောကြောင့် ဆိုင်ကယ်ကို ယူ၍ ခြံ အပြင်ဘက်သို့ ထွက်ခဲ့ရသည်။
အသစ်စက်စက် ကြင်စဦး ဇနီးမောင်နှံ၏ ပျဉ်ထောင်အိမ်လေးသည် တခဏအတွင်း မီးများ စွဲလောင်ကုန်တော့သည်။
နေထက် ဤ နေရာတွင် ကြာကြာနေ၍ ဘာမှ ထူးမလာမည့်အတူတူ ဆိုင်ကယ်ကို မီးလွတ်ရာသို့ ရွေ့ထားခဲ့ပြီး ရွာဘက်သို့ ပြေးသွားရန် ဆုံးဖြတ်လိုက်သည်။
နေထက် ထိုမီးလောင်ပြင်မှ အသားကုန် ပြေးထွက်ခဲ့သည်။ သူက အတော်ဝေးသေးသည်ဟု ထင်ရသော ရွှေစာချီရွာလေးသည် ဆယ်မိနစ်ခန့် ပြေးလာရုံဖြင့် ရောက်လာခဲ့လေ၏။
နေထက် မောပမ်းနေသည့်အကြားမှ အံဩနေမိသည်။
ထိုအချိန် ရွာထဲက ကားတစ်စီး ထွက်လာသည့် ကားမီးရောင်ကို မြင်လိုက်ရသည်။
အနီးသို့ ရောက်လာသော ကားမီးရောင်ရှေ့တည့်တည့် သူ ပြေး၍ ရပ်လိုက်သည်။
ကားရှေ့တည့်တည့်မှ သူသည် လက်နှစ်ဖက် ဝှေ့ယမ်းကာ တားမြစ်လိုက်သည်။
ကားက နေထက်အား မြင်သည်နှင့် ဘရိတ်ကို အုပ်ကာ ရပ်သွား၏။
နေထက်သည် ကြောက်စိတ် မောပမ်းစိတ်တို့ ရောပြွမ်းပြီး အားအင်ကုန်ခမ်းသလို ဖြစ်ကာ ကားရှေ့ လဲကျသွားပါလေတော့သည်။
ကားပေါ်မှ လူအချို့ ဆင်းလာကြပြီး သူ၏ နာမည်ကို ခေါ်သံကြားလိုက်ရသလို ရှိပေမယ့် ၊ သူ သတိကို မြဲမြံအောင် မထိမ်းနိုင်တော့ပါ။
နေထက် အားလျော့လိုက်သည်နှင့် ချက်ချင်း သတိလစ် မေ့မြောသွားလေတော့သည်။
ကားပေါ်မှ လူအချို့သည် သူ့အား စိုးရိမ်တကြီး ချီပိုး မယူကာ ကားပေါ်သို့ တင်ခေါ်သွားကြသည်ကို နေထက် မသိလိုက်တော့ပါ။
...................
၅။
နေထက် သတိပြန်ရလာတော့ ရွှေစာချီရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းပေါ်သို့ ရောက်နေပြီ ဖြစ်သည်။
နေထက်၏ ဆိုင်ကယ်ကိုလည်း ရွာဦးကျောင်းသို့ ထော်လာဂျီဖြင့် တင်ယူခဲ့ပြီး ဖြစ်၏။
ရွာဦးကျောင်းဆရာတော် ဥူးသောဘိတက နေထက်အား ဘာတွေ ဖြစ်ခဲ့တာလဲဟု မေးမြန်း၏။
နေထက်၏ မိဘများနှင့် ဇနီးဖြစ်သူ မေသူတို့လည်း နေထက် ဖြေကြားလာမည့် စကားကို စိတ်ဝင်တစား နားထောင်နေကြသည်။
နေထက်လည်း ဆိုင်ကယ် ဘီးပေါက်သည်မှစ၍ မိုးခိုရန် ဝင်ရောက်မိခဲ့သည့် ကိုစိုင်းသီဟ နှင့် မနန်းမူယာလင်းတို့၏ ပျဉ်ထောင် ၂ထပ်အိမ်လေးကို ရောက်ခဲ့ပုံ၊ ည ၈နာရီ ၂၀မိနစ်တိတိတွင် လူသတ်သမား ရောက်လာခဲ့ပုံ၊ အိမ်ကို မီးရှို့ခဲ့ပုံ သူ မြင်ခဲ့တွေ့ခဲ့သမျှ စ၊လယ်၊ဆုံး အားလုံးကို ဆရာတော်ဘုရားအား လျှောက်တင်လိုက်လေ၏။
နေထက် လျှောက်တင်နေစဉ်အတွင်း ဆရာတော်သည် တစ်လုံးတပါဒများ ကြဖြတ် မေးခြင်း ပြောခြင်း မလုပ်ချေ။
မိဘများနှင့် မေသူကတော့ ရင်တထိတ်ထိတ်ဖြင့် နားထောင်ခဲ့ကြသည်။
ဆရာတော်က ၊
" အင်း သံသရာဝဋ်ဆင်းရဲက တယ်လဲ ကြောက်ဖို့ ကောင်းပါကလား။နိဗ္ဗာန်မရောက်မှီ စပ်ကြားတော့ အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ ကြုံတွေ့နေကြရဦးမှာပဲ။
ဒီလိုကွယ့် ဒကာလေးရဲ့။ ဒကာလေး မြင်တွေ့ခဲ့တာတွေက တကယ့်အဖြစ်အပျက်တွေဆိုတာ မှန်ပေမယ့် အခု ဖြစ်ပျက်နေတာတွေ မဟုတ်ဘူး။ပြီးခဲ့တဲ့ ၃နှစ်ကျော်က ဖြစ်ပျက်ခဲ့တာကို ဒကာလေး မြင်တွေ့ခဲ့တာပဲ ..."
" ဘုရား ဘုရား ၊ အဲ့ဒါဆို တပည့်တော် သရဲ အခြောက်ခံရတာပေါ့ "
" အင်း အဲ့သလို ဆိုရတော့မှာပေါ့။ စိုင်းသီဟနဲ့ နန်းမူယာလင်းတို့ အသတ်ခံရတာ ၃နှစ်တောင် ကြာခဲ့ပြီလေ။
သတ်တဲ့သူက ရွာထဲကတော့ မှတ်ကြီးလို့ပဲ ခေါ်ကြတယ်။နာမည်အရင်းက စိုင်းဝဏ္ဏတဲ့။ သူ့ပါးပေါ်က လက်နှစ်ဆစ်လောက် ရှိမယ့် အညိုရောင် အမှတ်ကြီးကြောင့် မှတ်ကြီးလို့ပဲ ခေါ်ကြတာပေါ့။
နန်းမူယာလင်းက မန္တလေးမှာ တက္ကသိုလ်တက်တယ်။ မှတ်ကြီးက ရွာမှကတည်းက နန်းမူယာလင်းကို ကြိုက်တာလေ။ မှတ်ကြီးက ရွာထဲမှာ ဆိုးဆိုးမိုက်မိုက် ဆိုတော့ နန်းမူယာလင်းက ပြန်မကြိုက်ဘူး။ ဒါပေမယ့် မှတ်ကြီးက လူမိုက်ဆိုတော့ အလိုက်အထိုက် ဆက်ဆံပေးတယ်။ပြဿနာ မဖြစ်ချင်ရှာဘူးထင်ပါရဲ့။
ဒါကို လူမိုက်မှတ်ကြီးက သူ့ကို နန်းမူယာလင်းက ပြန်ကြိုက်တယ် ထင်ပါရဲ့။ မန္တလေးမြို့က နန်းမူယာလင်း နေတဲ့ အဆောင်ကို မကြာခဏ သွားလည်လေ့ရှိတယ်။
နန်းမူယာလင်း အကြိုက် ဒေသထွက် အစားအစာတွေ လက်ဆောင်တွေ ယူသွားရတာလည်း အမောပေါ့။
နန်းမူယာလင်းက ငြင်းရှာပါတယ်။ မလာခဲ့ဖို့၊ လက်ဆာင်တွေ မယူခဲ့ဖို့ ပြောတယ်ပေါ့ကွယ်။
နန်းမူယာလင်းမှာက တက္ကသိုလ်အတူ တက်နေတဲ့ စိုင်းသီဟနဲ့က ချစ်သူတွေ ဖြစ်နေကြပြီလေ။ကျောင်းပြီးရင် လက်ထပ်ကြဖို့အထိ ရည်ရွယ်ထားကြတာကိုး။
အတိုချုံး ပြောရမယ်ဆိုရင် မှတ်ကြီးက စိုင်းသီဟကို သူ့ချစ်သူ လုယူတဲ့ လူယုတ်မာလို့ တွေးထားသလို ၊ နန်းမူယာလင်းကိုလည်း သစ္စာဖောက်လို့ တစ်ဖက်သတ် နာကြည်းနေခဲ့တယ်။
လက်မထပ်ခင်မှာလည်း မှတ်ကြီးက နန်းမူယာလင်းတို့ အိမ်ရှေ့ မကြာခဏ သွားပြီး မူးယစ်ရမ်းကားလေ့ ရှိတယ်။ သစ္စာဖျက်မတို့ ဘာတို့ အော်ဟစ်ဆူပူလေ့ ရှိတယ်။
နန်းမူယာလင်း မိဘများက ရှက်လို့ ရဲတိုင်တော့ မှတ်ကြီး အဖမ်းခံရပါလေရော။ ဒါပေမယ့် အချုပ်ထဲ တစ်ညလောက်ပဲ အိပ်ခဲ့ရတယ်။ နောက်တစ်ရက် ပြန်လွတ်လာတာပါပဲ။
မှတ်ကြီးက အဲ့တာကို မကျေနပ်ဘူး။ ကြိမ်းဝါးထားတယ် ။ နင် လက်ထပ်တဲ့နေ့ ငါ လူသတ်တဲ့နေ့ပဲလို့ ကြိမ်းဝါးသတဲ့။ ဒါပေမယ့် နန်းမူယာလင်းက မှတ်ကြီး မလုပ်ရဲလောက်ဘူး အောက်မေ့ပြီး ဒီအတိုင်းနေခဲ့တယ်။
တကယ် လက်ထပ်ပြီး သူတို့လင်မယား သီးသန့်နေမယ့် အိမ်ကို ပြောင်းတဲ့နေ့ ၊ ညမှာပဲ မှတ်ကြီးက အရက်တွေ မူးအောင်သောက်ပြီး ဓားရှည်တစ်လက်နဲ့ စိုင်းသီဟကိုရော နန်းမူယာလင်းကိုပါ ခုတ်သတ်ပစ်လိုက်တယ်လေ။ လူသတ်ပြီး အားမရသေးဘူး။ မင်္ဂလာဦး အိမ်အသစ်ကိုပါ မှတ်ကြီးက မီးရှို့ပစ်လိုက်တယ်။
မှတ်ကြီးကို အဲ့ဒီ ညတွင်းချင်းပဲ ရဲက သွားဖမ်းကြတယ်။ ဒါပေမယ့် ရဲက မှတ်ကြီးကို သူ့အိမ်မှာပဲ သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားခဲ့တဲ့ ရုပ်အလောင်းကိုပဲ တွေ့ကြရတယ်လေ။ အိမ်ခေါင် ထုပ်တန်းမှာ မှတ်ကြီးက လည်ပင်း ကြိုးဆွဲချ ပြီး သေနေတာ တွဲလောင်းကြီးပေါ့ကွယ်။
ဘယ်သူ မပြု မိမိအမှုဆိုသလို ၊ သူလည်း ကံ ကံ၏ အကျိုးကို ခံစားရတာပါပဲ။ဝဋ်ကြွေးဆိုခဲ့လျင်လည်း စိုင်းသီဟရော နန်းမူယာလင်းရော ၊ နောက်ဆုံး အချစ်ကြီးလို့ အမျက်ကြီးတဲ့ မှတ်ကြီး ခေါ် စိုင်းဝဏ္ဏရော ဒီဘဝနဲ့ပဲ ဝဋ်ကြွေးတွေ ကျေကြပါစေလို့ပဲ ဥူးဇင်း ဆုတောင်းမိပါတယ် "
ဥူးဇင်း ဥူးသောဘိတသည် ထိုသို့ပြောပြီး စိတ်မကောင်းဟန်ဖြင့် အဝေးသို့ ငေးမျှော်နေရှာသည်။
နောက်မှ သိရတာက ၊ ဥူးဇင်း ဥူးသောဘိတသည် မနန်းမူယာလင်း၏ ဘကြီး တော်စပ်သည်ဟုပင်။
..................
( နိဂုံး )
ကထိန် အလှူပြီးတော့ နေထက်တို့ မိသားစုသည် ကားတစ်စီးထဲ အတူ ပြန်လာကြသည်။
ဆိုင်ကယ်ကို မန္တလေးသို့ ကုန်ပို့မည့် ကားဖြင့် တင်ပေးလိုက်ပြီး ဖြစ်သည်။
ကားလေးသည် ရွှေစာချီကျေးရွာမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
မကြာခင် နေထက်တို့ကားလေးသည် မြေနီလမ်းလေး၏ အနောက်ဘက်က မီးလောင်ပြင် သစ်ငုတ်တို ခြံဝင်းတစ်ခု အရှေ့သို့ ရောက်လာခဲ့သည်။
ထိုမီးလောင်ပြင်ကုန်းဟောင်းသည် နေထက် တခဏတာ ဝင်ပြီး မိုးခိုခဲ့ဖူးသော ကြင်စဦး ဇနီးမောင်နှံ၏ အိမ်ဂေဟာ ဖြစ်ခဲ့ဖူးသည်မဟုတ်လား ။
နေထက်သည် သူ လှူဒါန်းခဲ့သော ကထိန် သင်္ကန်း၊ ထီး၊ ဖိနပ် ၊ ဆေးဝါး ၊ စသည့် ကုသိုလ်ကောင်းမှုများကို ပြန်လည် အောက်မေ့ကာ အမျှ ပေးဝေလိုက်သည်။
" ယနေ့ ကျွန်တော် ပြုခဲ့သော ကုသိုလ် အစုစု၏ ကုသိုလ်အမျှကို မြင်အပ် မမြင်အပ်ကြသော သတ္တဝါအပေါင်း ရနိုင်ကြပါစေ။ သာဓု ခေါ်နိုင်ကြပါစေ"
" အထူးသဖြင့် ကိုစိုင်းသီဟ နဲ့ မနန်းမူယာလင်းတို့ ဇနီးမောင်နှံသည် ကျနော် ပေးဝေသော ကုသိုလ်အမျှအား ရောက်ရာ ဘုံဘဝကနေ ကုသိုလ် အမျှ ရယူနိုင်ကြပါစေ .."
" ကုသိုလ် အမျှ.. အမျှ ..အမျှ ယူတော်မူကြပါကုန်သော် ..."
အပြန်လမ်းခရီးမွာ သဲ့သဲ့မျ ကြားရသော ရှမ်းအိုးစည်သံဟာ မမြဲသော ဤသမုတိနယ်ပယ်တကြောမှာတော့ တကယ့် လွမ်းတေးတစ်ပုဒ်ပါပဲလေ။
ပြီးပါပြီ
#PePe
ပီပီ(မန္တလေး)
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်