
၁။
" တောက်! အချိန်မတော်ကြီးမှကွာ "
ဇော်ထွန်း စက်သေသွားသော ဆိုင်ကယ်ကိုကြည့်၍ ဒေါသထွက်ကာ တောက်ခေါက်ရင်း မြည်တွန်တောက်တီးလိုက်ခြင်းဖြစ်ပါ၏။
သူ စီးလာသော ဆိုင်ကယ်က စီးလာရင်း ဆန့်ငင် ဆန့်ငင် ဖြစ်လာပြီး လုံးဝ စက်ရပ်တန့်သွားခြင်း ဖြစ်လေ၏။
ကောင်းကင်၌ လသာနေ၍ တော်တော့သည်။သူ ရောက်နေသည့် နေရာသည် လူနေအိမ်ခြေ ဝေးသော နေရာတစ်ခု ဖြစ်နေသည်။
ဆိုင်ကယ်စက်ပျက်နေသော မြေသားလမ်း၏ ဘေးနှစ်ဖက်တွင် လယ်ကွင်းတွေသာ ရှိလေ၏။
လယ်ကွင်းထဲတွင် ထိုးထိုးထောင်ထောင် ပေါက်နေသော သူတို့ အညာမြေဒေသ၏ အမှတ်အသား ထန်းပင်ကြီး အချို့သာ ရှိကြကုန်၏။
ကျန်တာက စပါးပင်ပျို စိမ်းစိမ်းတွေ တမျော်တခေါ်။
လယ်တောထဲက စပါးပင်ပျိုများအကြားက ဖားအော်သံ တအွတ်အွတ်မှတစ်ပါး ဆိတ်ငြိမ်နေ၏။
ဇော်ထွန်းသည် စိတ်ရှုပ်စွာဖြင့် ဆိုင်ကယ်တိုင်ကီဖုံးကို လှည့်ဖွင့်လိုက်သည်။ပါလာသည့် ဖုန်းဖြင့် မီးထိုးကြည့်၏။
" ဟာ...သေပါရောကွာ၊ ငါ ဆီထည့်ဖို့ မေ့သွားတာပဲ "
အပြန်မှ ဆီထည့်မည်ဟု စိတ်ကူးထားသော်လည်း သူ သူငယ်ချင်းများနှင့် အရက်သောက်နေသဖြင့် မေ့သွားခဲ့၏။
သူ မြို့ကို ပြန်ခါနီးမှ အပြေးရောက်လာသော သူငယ်ချင်း စိုးလွင် အား သတိရသွားသည်။
သူ ဆီထည့်ဖို့ မေ့ရခြင်း အကြောင်းရင်းခံက ဒီကောင် စိုးလွင်ကြောင့်ဟု အပြစ်ဖို့ရမည်သာ။
နောက်ကျမှ လာတွေ့သည့်စိုးလွင်က သူ့အား ထပ်မံ အချိန်ဆွဲထားခဲ့သည်မဟုတ်လား။
ဖွားလေးသိန်းလှတို့ ခြံဝိုင်းထဲမှာ သူ မြို့ကို ပြန်ဖို့ ပြင်ဆင်နေတုန်း ငယ်သူငယ်သူချင်း စိုးလွင် ရောက်လာ၏။
စိုးလွင်က ခြံဝိုင်းထဲမှာ ထောင်ထားသည့် သူ၏ ဆိုင်ကယ်အသစ်စက်စက်ကို ကြည့်၍...
" ဇော်ထွန်း ... ဆောရီးကွာ၊ ငါ အခုမှ လယ်ထဲက ပြန်ရောက်လို့ မင်းဆီ ရောက်တာ နောက်ကျသွားတယ်။မင်းကလည်း နေပါဦးကွ၊ မပြန်နဲ့ဦး။မင်းမှာလည်း ဆိုင်ကယ်ပါသားပဲဟာ။ဖြေးဖြေးပေါ့ ။ ငါတို့တွေ ဆုံတုန်းလေး... ဟီး"
စိုးလွင်က စကားကို ဆုံးအောင်မပြော။လက်မတစ်ချောင်းထောင်ကာ ပါးစပ်ပေါက်သို့ တေ့၍ မော့ဟန်ပြသည်။
သိလိုက်ပြီ။ ဒီကောင် သူ့အား အရက်တိုက်လိမ့်ဦးမည်ဟု။
ဇော်ထွန်းကလည်း သူ့အကြိုက်မို့ စိတ်တိုချင်ယောင်ဆောင်ပေမယ့် ငြင်းတော့ မငြင်း။
" လခွမ်း ... မင်းလာတာလည်း ကြည့်ဦး။ညနေ ၅နာရီကျော်နေပြီဟ ။ ငါ အချိန် သိပ်မရဘူးဟေ့ယောင်။ စောစောကစ်ပြီး စောစောပြန်မယ်။သောက်မယ်ဆိုလည်း သွားကြစို့ "
စိုးလွင်က သူ့အဖြေကို သဘောကျစွာ ရယ်မောရင်း ..
"ဟားဟား ... ဇော်ထွန်းရာ ၊ မင်း အကြောင်းကို မသိတာကျလို့ ။ မင်းက ဒီလိုပြောပြီး မသောက်ပဲ နေတာကျလို့။ အရင်တစ်ခါလည်း ငါက မိုးချုပ်ပြီ၊ ပြန်ပါတော့ဆိုမှ မင်း အရက်ဝိုင်းက မထချင် ထချင်နဲ့ ပြန်သွားတာလေ ၊ ငါအတင်းပြန်ခိုင်းမှ ပြန်တဲ့ကောင်ကများ "
ဇော်ထွန်းလည်း အရင်တစ်ခေါက်က ဖြစ်အင်ကို ပြန်တွေးမိကာ စိုးလွင်နှင့်အတူ လိုက်ပါ ရယ်မောမိသည်။
သူတို့နှစ်ယောက်၏ အရိပ်အခြေကို ကြည့်၍ ဖွားလေးသိန်းလှက...
" ဟဲ့ အကောင်တွေ ဆုံတုန်း သောက်ကြ စားကြဦးမယ်ဆိုလည်း သိပ်မများကြစေနဲ့။ ငစိုး ...ငါ့မြေးက မြို့ထိပြန်ရမှာ ၊ ခရီးက နီးတာလည်းမဟုတ်ဘူး။ နည်းနည်းပါးပါး အာဆွတ်ရုံလောက် သောက်ပြီး ပြန်ပစေ "
ဖွားလေးက စိုးလွင်အား ငစိုးဟုခေါ်သလို၊ သူ့ကိုလည်း ဇော်လေးဟုခေါ်တတ်၏။ဖွားလေးက သူ့မြေး အရက်ကြိုက်တာ သိ၍ သတိပေးစကားဆိုလိုက်ခြင်း ဖြစ်ပါ၏။
တဆက်တည်း မြေးဖြစ်သူ ဇော်ထွန်းအား မျက်စောင်းထိုးရင်း ...
" ဒင်းက ဒါကြောင့် ငါ ညနေစာ ကျွေးတာကို မစားတော့ဘူးလို့ ပြောတာကိုး ၊ တတ်လည်း တတ်နိုင်ပါ့ ဇော်လေးရယ်။အေးနော် သောက်စားပြီး အပြန်ကို ဆိုင်ကယ် တလကြမ်း မောင်းမသွားနဲ့။ နောက်က အိတ်လည်း ပြုတ်ကျကျန်ခဲ့ဦးမယ်။ကြိုးကို သေချာချည်သွားဦး"
ဆိုင်ကယ်၏ အနောက်ကယ်ရီယာတွင် တင်၍ ကြိုးဖြင့် တွဲချည်ထားသော ဆာလာအိတ်ထဲ၌ ဘူးသီး၊ခရမ်းသီး၊ချဉ်ပေါင်ရွက်၊ဘူးညွန့်၊မြေပဲ စသည့် ခြံထွက်သီးနှံတို့က ပြည့်နှက်နေ၏။
ရွာကို တစ်ခေါက်လာတိုင်း မပျက်မကွက် ထည့်ပေးနေကျဆိုတော့ မငြင်းသာ။မြို့မှာ ဝယ်ရလွယ်ပါသည်ဟု ဘယ်လောက်ပဲ ပြောပြော ဖွားလေးသိန်းလှသည် ခြံထွက်သီးနှံများကို ဇွတ်အတင်း ထည့်ပေးနေကျဖြစ်၏။
မြို့နဲ့ ဒီရွာက ဆိုင်ကယ်ဖြင့်ဆိုလျင် အလွန်မောင်းရ တစ်နာရီသာသာပင်။
စိုးလွင်က သူ့အနီးသို့ကပ်ကာ လေသံတိုးတိုးဖြင့် ...
" ကိုကြီးသောင်းဒန် တောတက်သွားတာ ပြန်ရောက်နေပြီကွ။ ဖွတ်ညင်းခံကြီးတစ်ကောင် ရလာတယ်လို့ ကြားလို့ ငါ အသားသွားတောင်းထားတယ်။သူက ဒေါ်ဝိုင်းဆိုင်လာခဲ့မယ်လို့ ငါ့ကို ပြောလိုက်တယ်။ ဖွတ်သားအိအိလေးနဲ့ ဒေါ်ဝိုင်းရဲ့ ချက်အရက်က လိုက်မှလိုက်ပဲဟေ့ "
ဇော်ထွန်း၏ မျက်နှာကြီးက ကျေနပ်သွားတာ ထိမ်းမရ။ သူ့အပြုံးက နားရွက်တက်ချိတ်နေ၏။ဖွတ်သားက သူ့အကြိုက်မဟုတ်လား။
ဖွတ်သားအစို လတ်လတ်ဆတ်ဆတ်ကို စားရမည်ဆိုတော့ နောက်ကျချင်လည်း ကျပါစေတော့၊ သောက်စားပြီးမှ ပြန်တော့မည်ဟု စိတ်ဒုံးဒုံးချလိုက်လေ၏။
ကိုကြီးသောင်းဒန်ဆိုတာက တောတက်မုဆိုး။ဒူးလေးတစ်ချောင်းကို အရင်းပြု၍ တောတက်သွားတတ်သူ ဖြစ်၏။ပြီးတော့ သူတို့နဲ့ သောက်ဖော်စားဖက်လည်း ဖြစ်၏။
" အဲ့ဒါဆိုလည်း သွားစို့လေကွာ ။ ငါလည်း ဆိုင်ကယ်ကို ဆီဖြည့်ရအုံးမှာဟ "
ဒေါ်ဝိုင်း ချက်အရက်ဆိုင်သို့ သူငယ်ချင်းနှစ်ယောက် စိတ်တူကိုယ်တူ ချီတက်ခဲ့ကြသည်။
ဇော်ထွန်း ဆီဖြည့်ရန် မေ့သွားခဲ့သည်။ ဓာတ်ဆီဆိုင်ကို ကျော်လွန်၍ ဒေါ်ဝိုင်း ချက်အရက်ဆိုင်သို့ ရောက်လာခဲ့ကြသည်။
ဒေါ်ဝိုင်းရဲ့ ချက်အရက်ဆိုင်မှာ သူတို့ အရင် ကိုကြီးသောင်းဒန်က ရောက်နှင့်နေပြီ ဖြစ်သည်။
" လာကြဟေ့ ကောင်လေးတွေ။ငါ ဖွတ်သားကို ဇော်လေးအကြိုက် ခပ်စပ်စပ်လေး ချက်လာခဲ့တယ်။ အရည်သောက်လေးပေါ့ကွာ "
စားပွဲဝိုင်းပေါ်တွင် ဖွတ်သားဟင်းပန်းကန်က အငွေ့တထောင်းထောင်း ထနေတုန်းပင်။
ထိုပန်းကန်နံဘေးတွင် ပန်းကန်ပြားအသေးလေးဖြင့် သံပုရာသီးစိတ်လေးများနှင့်ဆားကို ပုံထားပေးသည်။
ဆင်တုန်းမနွယ်နှင့် ပေါင်းခံချက်လုပ်ထားသော ဒေါ်ဝိုင်း၏ တောအရက်အနံ့ကလည်း တသင်းသင်း မွှေးနေ၏။
ဇော်ထွန်းနှင့်စိုးလွင်က စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ကြသည်။စိုးလွင်က ဒေါ်ဝိုင်းအား ...
" ဒေါ်ဝိုင်း မစပ်ရည် ပေးနော်။တစ်ခါတစ်လေမှ အလည်လာတဲ့ ကျုပ် သူငယ်ချင်းကို ဒီနေ့ ရှယ်ဧည့်ခံရမယ်ဗျ "
မစပ်ရည်ဆိုတာက ပေါင်းခံရည် ချက်အရက် စစ်စစ်ကို ပြောတာ ဖြစ်၏။
ရေ လုံးဝ မရောရသေးသော ချက်အရက်စစ်စစ် ဖြစ်ပါသည်။
ဇော်ထွန်းတို့ စိုးလွင်တို့က မစပ်ရည်ကို သူတို့ဘာသာ စိတ်ကြိုက် ရေရော သောက်ရသည်ကို ပိုနှစ်သက်ကြသည်။
ရေရောထားပြီးသား ချက်အရက်ကိုတော့ ရေထပ်မံရောပြီး မသောက်လိုကြပေ။ဒါက သူတို့ အထာပင်ဖြစ်လေ၏။
၃ယောက်သား တောအကြောင်း၊တောင်အကြောင်း စပ်မိစပ်ရာ စကားများ ပြောကြရင်း အရက်သောက်လိုက်၊ဖွတ်သားချက်ပူပူလေး မြည်းလိုက်နှင့် အချိန်က လင့်သွား၏။
ပြန်ခါနီးတွင် ကိုကြီးသောင်းဒန်က သူ့ခါးပုံစကို ဖြည်၍ စက္ကူဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်ကို ဇော်ထွန်းအား ကမ်းပေးသည်။
" ရော့...ဇော်လေး၊ ဒါ ဖွတ်သားအစို ။
ဆားနယ်ထားပြီးသား ။ မင်းက ကြိုက်တတ်တော့ ငါ တမင်ယူလာခဲ့ပေးတာ။ လက်ဆောင်ပေါ့ကွာ "
သုံးဆယ်သား၊ လေးဆယ်သားလောက် ရှိလိမ့်မည်။ ဖွတ်သားအစိုကို သတင်းစာစက္ကူဖြင့် ပတ်ထားပြီး နှီးကြိုးဖြင့် ဆွဲရလွယ်အောင် ချည်ထားပေးသည်။
" ဟာ ရှယ်ပဲပေါ့ ကိုကြီးရာ။ ကျေးဇူးတင်တယ်ဗျာ ။ အဖေကလည်း တောစာ စားချင်တယ် တဖွဖွပြောနေတာနဲ့ အတော်ပဲပေါ့ ။ ကျနော် နောက်တစ်ခေါက် ရွာကို လာရင် ကိုကြီးဖို့ ဝီစကီကောင်းကောင်းလေး တစ်လုံး ဝယ်ခဲ့ပေးမယ်ဗျာ ။ အခုတော့ ဘာမှ မပါခဲ့ဘူး "
" ဟာဟား ရပါတယ် ဇော်လေးရာ၊ကြုံမှသာ ဝယ်ခဲ့ပါကွ ။ ငါတို့က ဒေါ်ဝိုင်းရဲ့ ချက်အရက်နဲ့လည်း ကောင်းနေတာပဲကွာ "
ဤတွင် စိုးလွင်က ...
" ဟာ... ဘယ်ရလိမ့်မလဲ ကိုကြီးသောင်းဒန်ရ။တစ်ခါတလေတော့လည်း ဂရန်းရွှေပတ်လေး ဟဲချင်တာပေါ့ဗျ။ ဟိတ်ကောင် ဇော်လေး ...မင်း နောက်တစ်ခေါက် ပြန်လာရင် ဂရန်းရွှေပတ် ဝီစကီ ဝယ်ခဲ့။နှစ်လုံး သုံးလုံး ဝယ်ခဲ့နော်။ ဒါမှ လောက်မှာ ဟီးဟီး "
"အေးပါ စိုးလွင်ရာ ၊ နောက်လဆန်းကျရင် ငါတစ်ခေါက်လာခဲ့ဦးမယ်။ အဲ့ကျရင် ငါ ပြည့်ပြည့်စုံစုံ လုံလောက်အောင် ဝယ်ခဲ့ပါ့မယ်။ မင်းသာ အမြည်းကောင်းကောင်း လုပ်ထားလိုက် "
ကိုကြီးသောင်းဒန်က ...
"ရှေ့လဆန်းဆိုရင်တော့ သခွတ်တွေ ပွင့်ပြီကွ ။ အဲ့ဒီချိန်ဆို ချေ(ဂျီ)ငယ်တွေ ထွက်လာတတ်တယ်။
စိတ်သာချကွာ ...ကိုကြီး မင်းတို့အတွက် ချေ (ဂျီ)ဝမ်းတွင်းသား ကောင်းကောင်းလေး ချက်ကျွေးမယ် ဟုတ်ပြီလား "
သူတို့တတွေ အရက်ဝိုင်းမှာ ရောက်တတ်ရာရာတွေ ပြောဆိုနေကြရင်း လာမည့် လဆန်းအတွက် အရက်ဝိုင်းဖွဲ့ရန် ကြိုတင် ချိန်းဆိုနေကြခြင်း ဖြစ်သည်။
တကယ်တော့ ကိုကြီးသောင်းဒန်ဆိုတာက သူတို့၏ ဆရာသဖွယ်၊ အစ်ကိုကြီးသဖွယ် လေးစားရတဲ့သူ ဖြစ်သည်။
ကိုကြီးသောင်းဒန်က သူတို့အား ဗန်တို
ကိုယ်လုံပညာကို သင်ပေးသူ ဖြစ်သလို၊ လေ့ကျင့်ဖော်လည်း လုပ်ပေးသူဖြစ်၏။
ဗန်တိုပညာကို ကိုသောင်းဒန်ထံမှ သင်ကြား လေ့ကျင့်ကြတာခြင်း အတူတူ မြို့မှာနေသည့် ဇော်ထွန်းက ပိုမို လေ့လာလိုက်စား သင်ယူပြီး၊ ရွာခံ စိုးလွင်က ခပ်ပေါ့ပေါ့ နေတတ်သူဖြစ်၏။
ထို့ကြောင့် သက်လုံရော တိုက်ခိုက်နည်းပညာရပ်ဘက်မှာရော ဇော်ထွန်းက စိုးလွင်ထက် သာလေ၏။ဖြတ်လတ် တက်ကြွပြီး အလေ့အကျင့် မပျက်ခြင်းကြောင့် ဖြစ်လိမ့်မည်။
ချက်အရက် ပုလင်း ၃လုံး ကုန်တော့ ည ၇နာရီ ခွဲလေပြီ။ သူတို့ ဘရိတ်လိုက်ကြသည်။ စားပွဲပေါ်က ဖွတ်သားဟင်းလည်း ကုန်ပြီ ဖြစ်သည်။
အရက်ဖိုးကို ရွာခံ စိုးလွင်က ရှင်းပေးသည်။ ပြန်ခါနီးတွင် ဇော်ထွန်းက သတိတရဖြင့် ...
" ကိုကြီးသောင်း ... ဖွတ်ခေါင်း အခြောက်ခံပြီးရင် ကျနော့်ကို ရောင်းပေးနော်။ အဖေက ဖွတ်ခေါင်းခြောက် ရချင်တယ်လို့ ပြောထားဖူးလို့ "
" အံမယ်လေး ငါ့ညီရာ၊ ဝယ်စရာ မလိုပါဘူးကွာ ။ ဦးလေးကို ပြောလိုက်ပါ... နောက်တစ်ခေါက် မင်းလာရင် ထည့်ပေးလိုက်မယ်လို့ "
ဖွတ်ခေါင်းခြောက်မှာ အသုံးဝင်၏။ဆူး စူးသည့်နေရာတစ်ဝိုက်ကို ထိုဖွတ်ခေါင်းခြောက် သွေးလိမ်းပါက မည်သို့မျှ ထွင်မရသည့် ဆူး ဖြစ်ပါစေ၊ နောက်တစ်နေ့တွင် သူ့အလိုလို ဆူးက ထွက်လာတတ်၏။
သို့ဖြင့် သူတို့ ည ၇နာရီခွဲလောက်တွင် ဒေါ်ဝိုင်း၏ ချက်အရက်ဆိုင်မှ လမ်းခွဲခဲ့ကြသည်။
ဇော်ထွန်းသည် ကိုကြီးသောင်းဒန် ပေးလိုက်သော ဖွတ်သားတွဲကို ဆိုင်ကယ်၏ ရှေ့ခြင်းထဲ ထည့်လိုက်ပြီး ၊ ပြန်လာခဲ့လေ၏။
ချက်အရက်လေး တထွေထွေနဲ့ဆိုတော့ ရွာက မထွက်ခင် ဓာတ်ဆီ ဝယ်ထည့်ဖို့ မေ့သွားခဲ့လေ၏။
ဤသို့ဖြင့် ဇော်ထွန်း၏ ဆိုင်ကယ်သည် လူပြတ်သော လယ်တောများအကြား လမ်းခုလပ်၌ စက်သေကာ ရပ်သွားခြင်းပင် ဖြစ်လေတော့သည်။
........................
၂။
" ဟူး...ငါတော့ ခက်ပြီ။ ဒီနေရာက လူပြတ်တယ်။ အကူအညီ ရဖို့လည်း မလွယ်ဘူး ။ မတတ်နိုင်ဘူး ၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲလေ ။ ဆိုင်ကယ်ကို တွန်းသွားရုံပေါ့ ။ လမ်းမပေါ် ရောက်ရင်တော့ ဆီဆိုင်လေးတွေ ဖွင့်ကောင်းပါရဲ့ "
ဇော်ထွန်း ထိုသို့ ငြီးငြူရင်း ဖုန်းထဲက နာရီကို ကြည့်လိုက်သည်။ ည ၈နာရီကျော်ပြီ ဖြစ်သည်။ မြို့ပြလိုနေရာတွင် ဤအချိန်က အသွားအလာ မပြတ်သေး။အခုဟာက ရွာဘက်ပဲ ရှိသေးတာမို့ လူသွားလူလာ မရှိချေ။
ဆိုင်ကယ်ကို ဒေါက်ဖြုတ်ပြီး တွန်းလာခဲ့လိုက်သည်။ စတွန်းကာစက မသိသာသေး။ နည်းနည်း ကြာလာတော့ ဆိုင်ကယ်ပေါ် ပါလာသည့် ခြံထွက်သီးနှံတွေက ဆာလာအိတ်နဲ့ အပြည့်နီးပါးဆိုတော့ လူက ဟိုက်လာ၏။ တွန်းရင်း လေးလံ မောပမ်းလာသည်။
သူငယ်ချင်းများနဲ့ အရက်သောက်ချင်စိတ်များနေသောကြောင့် ရွာက ဖွားလေးအိမ်မှာလည်း ညနေစာ မစားခဲ့ရတော့ အခု သူ၏ ဝမ်းထဲက တကြုတ်ကြုတ်နဲ့ ဆာလောင်လာသည်။
စားစရာကလည်း ပါမလာခဲ့ချေ။လူကလည်း ဆိုင်ကယ်ကို တွန်းလာရတာကြောင့် မောပမ်းပြီး အာခေါင်တွေ ခြောက်လာ၏။
အခုနေများ ရေတစ်ခွက်လောက် ဝဝသောက်လိုက်ရရင် ကောင်းလေစွဟု တွေးလိုက်မိသည်။
မိနှစ်၂၀ သာသာ နာရီဝက်လောက် တွန်းလာလိုက်တာ ဇော်ထွန်းသည် လေးဘက်ဖွင့် ဇရပ်ပျက်တစ်ခု အနီးသို့ ရောက်လာခဲ့လေ၏။
ဇရပ်မှာ မြေသားလမ်းနှင့်လယ်တောအစပ်၌ ပေါက်နေသော ထန်းပင်နှစ်ပင်အောက်တွင် ရှိလေ၏။
ဇရပ်ပေါ်တွင် ရေအိုးတစ်လုံးကို ကရွတ်ခွေဖြင့် တည်ထား၏။ဇော်ထွန်း ဝမ်းသာသွားသည်။
သူ ဆိုင်ကယ်ကို ဇရပ်ရှေ့က မြေသားလမ်းပေါ် ဒေါက်ထောက် ရပ်လိုက်ပြီး၊ ရေအိုးရှိရာသို့ လျှောက်သွားလိုက်သည်။ ရေအိုးအနီး ရောက်ခါမှ...
" ဗြန်း ... ဗြန်း ..."
ရုတ်တရက် ထွက်လာသော အသံကြောင့် သူ့ ခြေလှမ်းများ ရပ်တန့်သွားသည်။
အသံက သူ့ခေါင်းပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
အသံထွက်ပေါ်ရာသို့ မော့ကြည့်လိုက်သည်။
လေတိုက်နေတာကြောင့် ဇရပ်ခေါင်က သံချက်ပြုတ်နေသော သွပ်ပြားချပ်က လေဆောင့်တိုက်တိုင်း တဗြန်းဗြန်း မြည်နေခြင်းဖြစ်သည်။
ဇော်ထွန်းသည် သောက်ရေခွက်ကို ယူ၍ ရေတစ်ခွက် ခပ်သောက်လိုက်၏။
" အားပါး ...အရသာရှိလိုက်တာ "
တကြုတ်ကြုတ်နဲ့ မြည်နေတဲ့ ဆာလောင်ခြင်း ဝေဒနာသည် အခိုက်အတန့်အားဖြင့်တော့ ပြေငြိမ်းရပ်တန့်သွားပါသည်။
ပြီးတော့ ... ဒီတစ်ခါ သောက်ရတဲ့ ရေက ဘာနဲ့မှမတူ။ အရသာ ရှိလွန်းနေသလား မပြောတတ်ချေ။ ဆာလောင်ခြင်း ကို ငြိမ်းသတ်နိုင်စွမ်း ရှိလှပါလားဟု ကျေနပ်နေ၏။
ဝိတ်တင်ထားတဲ့ ဆိုင်ကယ်ကို မြေသားလမ်း မညီမညာမှာ အားစိုက် တွန်းလာခဲ့ရတာကြောင့် ခြေသလုံးကြွက်သားတွေက နာကျင် တောင့်တင်းနေ၏။
ထို့ကြောင့် ခရီးမဆက်သေးပဲ၊ ဇရပ်ကြမ်းပြင်ပေါ်မှာ အညောင်းဆန့် လှဲချလိုက်သည်။ထိုအခါ မျက်လုံးများက ဇရပ်၏ မျက်နှာကျက် သို့ အကြည့်ရောက်သွားလေ၏။
" အား ... "
ဇော်ထွန်း ကြောက်လန့်တကြား ထအော်လိုက်မိသည်။ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် ရုတ်တရက်ဆိုတော့ သူ ဘယ်လို ထထိုင်လိုက်သလဲတောင် မသိတော့ချေ။
ဇရပ်၏ မျက်နှာကျက် ထုပ်တန်းတစ်ခုပေါ်တွင် သူ့အား အမွှေးအမှင် စုပ်ဖွားဖွားအကောင်တစ်ကောင်က အေးစက်သော မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်နေသည်မဟုတ်လား။
သူ ကြမ်းပြင်ပေါ် မတ်တတ် ထရပ်လိုက်တော့ ...
" ခွီး... "
ထိုအကောင်သည် ထုပ်တန်းပေါ်မှ ခုန်ချကာ လမ်းပေါ် ထွက်ပြေးသွားလေ၏။
အသေအချာ ကြည့်လိုက်တော့ ဒီဘက်အရပ်မှာ တွေ့ရတတ်သည့် ကြောင်စုန်းတစ်ကောင် ဖြစ်နေ၏။
" ဟင်း ... "
ခုမှ သူ သက်ပြင်း ချနိုင်တော့သည်။ညအမှောင်၌ ကြောင်စုန်း၏ စိမ်းဖန့်ဖန့် မျက်လုံးက သူ့အား အမြင်လွဲသွားစေခြင်းသာ။
ဤအရပ်ဒေသ၌ သာမာန် အိမ်မွေးကြောင်များထက် ပိုမိုကြီးမားသော ကြောင်စုန်းများ ရှိတတ်လေ၏။
၎င်းတို့သည် လယ်ကြွက်ကြီးများကို ချောင်းမြောင်း သတ်ဖြတ် စားသောက်လေ့ရှိကြသည်။ကြောင်စုန်းဟုခေါ်ရသည်က ၎င်းတို့သည် တခြားသော မွေးကင်းစ ကြောင်ပေါက်လေးများကိုပါ ရက်စက်စွာ ကိုက်ဖြတ် စားသောက်တတ်၍ ဖြစ်သည်။
သူ့အဖြစ်ကို ပြန်တွေးကာ ဇော်ထွန်း ပြုံးလိုက်မိသေး၏။ အလကားနေရင်း၊ မဆင်မခြင်နဲ့ ငါ ကြောက်တတ်ရန်ကောဟူ၍တည်း။
ထိုအခိုက် သူနှင့် ဆန့်ကျင်ဖက် အရပ်ဆီမှ တကျီကျီ ဟူသော အသံကို စတင် ကြားလိုက်ရပြန်သည်။
လမင်းကြီး၏ အလင်းရောင် ဖြာကျနေသော မြေသားလမ်း တစ်နေရာတွင် လှုပ်လှုပ် လှုပ်လှုပ်ဖြင့် နှေးကွေးလေးလံစွာ လာနေသော နွားလှည်းတစ်စီးကို သူ မြင်တွေ့လိုက်ရသည်။
လှည်းပက်လက်ပေါ်တွင်၊နွားစာများ အပြည့်တင်လာသည်မှာ လှည်းမောင်းသူကိုပင် သူ ကောင်းစွာ မမြင်ရချေ။
အနားနီးလာမှ လှည်းဦးတွင် ယောက်ကျားတစ်ယောက်၊ မိန်းမတစ်ယောက် အတူစီးလာသည်ကို တွေ့ရလေတော့သည်။
လှည်းသည် သူ ရှိနေသော ဇရပ်နှင့် မလှမ်းမကမ်း၌ ရပ်တန့်သွားပြီး၊ လှည်းမောင်းသူ ယောက်ကျားက အရင်ဆင်းလာ၏။
ထိုယောက်ကျားကို အသေအချာ ကြည့်သော် မျက်နှာကို ကောင်းစွာ မမြင်ရချေ။
အဘယ်ကြောင့်ဆိုသော် ထိုလူသည် ခေါင်းကို ပုဆိုးဟောင်းတစ်ထည်ဖြင့် ဦးပေါင်းရစ် ပေါင်းထားသည်မှာ မျက်နှာကိုပင် ခပ်အုပ်အုပ် ရှိနေသောကြောင့် ဖြစ်လေ၏။ကိုယ်ထည်မှာ ခပ်ညက်ညက် ရှိသည်။
လှည်းပေါ်မှ မိန်းမသည်လည်း ဆင်းလာပြီ ဖြစ်သည်။ မိန်းမသည်လည်း ထူမခြားနားပင်။တဘက်ဟောင်းတစ်ထည်ကို ခေါင်း၌ ပေါင်းထား၏။
မိန်းမသည် ထူးခြားစွာ လှည်းမောင်းသူ ယောက်ကျားနှင့် ဆန့်ကျင်ဘက် ဖြစ်လေ၏။ အရပ်အမောင်း ကောင်းလှသည်။ကျန်းမာသန်စွမ်းသော လယ်သူမကြီးတစ်ဦးအသွင်ကို ဆောင်နေ၏။လှည်းမောင်းသူ ယောက်ကျားထက် လက်ငါးလုံးခန့် ပို၍ အရပ်မြင့်မားနေ၏။
သို့သော် ထိုလှည်းပေါ်မှ ဆင်းလာသူ နှစ်ဦးမှာ တူညီချက် တစ်ခုတော့ သိသာထင်လင်းနေပါ၏။
ထိုတူညီသော အချက်မှာ နှစ်ယောက်စလုံး၏ အဝတ်များသည် လွန်စွာ ဟောင်းနွမ်းလှသည်ဟု ဇော်ထွန်း မြင်တွေ့လိုက်ရခြင်းပင်။
အဝတ်များ ညစ်နွမ်းလှသည်မှာ မူလအရောင်ပင် မပေါ်တော့ပေ။
ယောက်ကျားဖြစ်သူက လှည်းမှ နွားများကို ချွတ်ကာ လှည်းဦးဒေါက် ထောက်၏။နွားများကို နားစေသည်။
မိန်းမဖြစ်သူက ပုဆိုးဟောင်းတစ်ထည်ဖြင့် သေချာ ထုပ်ပိုးထားသော ထမင်းအိုးဟုထင်ရသည်ကို လှည်းပေါ်မှ ချနေ၏။
ထိုအထုပ်ကို ယူ၍ ဇရပ်ထံသို့ လျှောက်လာသည်။ဇရပ်ပေါ် မတက်ခင် ဇော်ထွန်းအား တစ်ချက်မျှ အကဲခတ်ဟန်ဖြင့် လှမ်းကြည့်သည်။
ဇော်ထွန်းမှာ ထိုမိန်းမအား စောင့်ကြည့်နေသည်မို့ အကြည့်ခြင်း ဆုံတွေ့လေတော့သည်။
ဇော်ထွန်း ...အသည်းတွေ အူတွေ တုန်သွားသလား အောက်မေ့ရသည်။ ထိုမိန်းမ၏ အကြည့်သည် အေးစက်လွန်းသည်ဟု ထင်မြင်မိပြီး ၊ သူမ၏ မျက်ဆံများက အသေကောင်တစ်ယောက်၏ မျက်လုံးများသဖွယ် ရွေ့လျားခြင်း မရှိသောကြောင့် ထိတ်လန့်စဖွယ် ကောင်းနေ၏။
ဇော်ထွန်း...ကြာကြာ ရင်မဆိုင်ရဲသဖြင့် ချက်ချင်းပဲ မျက်နှာလွဲလိုက်ရသည်။
ထိုမိန်းမသည် ဇရပ်ပေါ်သို့ ရောက်လာပြီး ပုဆိုးထုပ်ကို ဖြည်လေ၏။
သူထင်သည့်အတိုင်း ထင်းမီးကြောင့် မည်းသယောင်းခတ်နေသော ထမင်းအိုးတစ်လုံး ဖြစ်နေ၏။
ထုပ်ပိုးလာသော ပုဆိုးကို ဖြန့်ခင်း၏။ပန်းကန်ပြား နှစ်ချပ်ထဲကို ထမင်းများ ခူးထည့်သည်။
ထမင်းအိုးထဲ ပန်းကန်လုံးဖြင့် ထည့်ယူလာသည့် ဟင်းပန်းကန်၂လုံးကို ပုဆိုးပေါ် ချထား၏။
အံဩစရာကောင်းသည်က၊ ထမင်း ဟင်းများမှာ ယခုမှ မီးဖိုပေါ်က ချထားသည်နှယ်။ အငွေ့တထောင်းထောင်း ထနေ၏။
ထိုမိန်းမသည် သူ လုပ်စရာ ရှိသည်တို့ကို ခပ်အေးအေးပင် လုပ်ကိုင်နေသည်။
ဇရပ်ပေါ် ရောက်နှင့်နေသော ဇော်ထွန်းအား နောက်တစ်ကြိမ် ယောင်လို့တောင် မော်မကြည့်ချေ။
ယောက်ကျားသည် လယ်ကန်စွန်းရွက် အနည်းငယ်ကို ခူးလာသည်။
" ငပိရည်နဲ့ မြုပ်စရာရအောင် လယ်ကန်စွန်းနည်းနည်း ခူးလာတယ် မိန်းမရေ "
ထိုလူသည် ထိုသို့ပြောရင်းမှ ဇရပ် တစ်ဖက်စွန်းမှာ ထိုင်နေသော ဇော်ထွန်းအား မြင်တွေ့သွားသည်။
" အော်... ဇရပ်ပေါ်ကို ခရီးသွားဧည့်သည် ရောက်နှင့်နေတာပါလား ၊ ဗျို့ ... ရောင်းရင်း ကျုပ်တို့နဲ့ ထမင်းအတူ လာစားပါလားဗျ "
ထိုလူက သူ့မိန်းမ ချခင်းထားသော ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း ဇော်ထွန်းအား လှမ်း၍ ဖိတ်မန္တကပြု ခေါ်လိုက်သည်။
" ဟင်းကတော့ လယ်ပုစွန်လုံး ချဉ်စပ်နဲ့ငပိရည်ပဲဗျို့ ၊တောဟင်း တောထမင်း စားနိုင်ရင်တော့ လာစားပါလား ၊ ထမင်းတွေ ဟင်းတွေ ပိုသဗျ ၊ အများကြီးပဲ "
ခန့်မှန်းအားဖြင့် အချိန်ကား ည၈နာရီကျော် ၉နာရီ ထိုးလုလု အချိန် ဖြစ်သည်။
ဒီအချိန်ကြီး သူတို့ ထမင်းစားကြမည်ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေ၏။
လယ်ပုစွန်လုံး ချဉ်စပ်ဟင်းက သူ ထိုင်နေရာ အထိ မွှေးပျံ့လာပေမယ့် အားနာစွာ ငြင်းပယ်လိုက်သည်။
" စားကြပါဗျာ ... ဖြေးဖြေး သုံးဆောင်ကြပါ။ ခင်များတို့ ထမင်းစား နောက်ကျနေပါပြီ ... "
" ဟုတ်သဗျာ ၊ တောသူတောင်သားဆိုတော့ အားတဲ့အချိန် စားရတာပါ့။ လယ်ထဲဆင်းရင်း ၊ နွားစာပါ ကောက်လာကြတာလေ။ ဆင်းရဲတော့လည်း ဒီအချိန်ထိ ရုန်းကန်ရတာပေါ့ "
ဆင်းရဲသည်ဆိုတာတော့ ငြင်းကွယ်နေစရာမလို။ သူတို့ ဝတ်ထားသည့် အဝတ်များက သူတို့၏ အခြေအနေကို ဖော်ပြနေသည်မဟုတ်လား။
ထိုသူသည် ထမင်းပန်းကန်ထဲသို့ ဟင်းရည်များ လောင်းချကာ ၊ ငပိရည်ကို အပေါ်မှ ဆမ်းကာ နယ်ဖတ်၍ အားပါးတရ ပလုပ်ပလောင်း စားလေ၏။လယ်ပုစွန်လုံးကို သွားကောင်းကောင်းဖြင့် တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေ၏။
သူ စားနေသည်မှာ အလွန် စားချင်စဖွယ် ကောင်းလှသည်။မြိန်ရေယှက်ရေ စားနေပုံက ဆာလောင်နေသော ထွန်းဇော်အဖို့ သရေကျချင်စရာပေ။
မြိန်ယှက်စွာ ထမင်းစားနေကြသော သူတို့လင်မယားကို ကြည့်လေမှ ဗိုက်က ပိုဆာလာ၏။
ထို့ကြောင့် အနီးက ရေအိုးထဲက ရေတစ်ခွက်ကို ခပ်သောက်မိပြန်သည်။
ဒါကို ထမင်းစားနေသော ယောက်ကျားက မြင်တွေ့သွားတော့ ၊
" ငါ့လူ ... ခင်ဗျား ကြည့်ရတာ ညနေစာ စားရသေးဟန် မတူဘူး။ ဆာလည်း ဆာနေပုံပဲ ။ ခင်ဗျား ရွံရှာတတ်လို့ ကျုပ်တို့နဲ့ လာမစားတာလား ။
ကျုပ်တို့နဲ့ အတူ မစားချင်လည်း ထမင်းနဲ့ဟင်း သီးသန့် ပုံပေးမယ်ဗျာ။ အဆာခံမနေပါနဲ့ ။ စားလိုက်ပါ "
ထိုလူသည် ပြောပြောဆိုဆိုဖြင့် ပန်းကန်ပြား အလွတ်တစ်ခုထဲကို ထမင်းနှင့်ဟင်းအချို့ကို ပုံထည့်လိုက်ပြီး ဇော်ထွန်း ရှိရာသို့ ယူလာပေးသည်။
" ရော့ဗျာ ... အားရပါးရ စား။ လိုရင် ပြောဦး။ ဟင်းတွေ ထမင်းတွေ အများကြီး ပိုသဗျ ။ အားမနာနဲ့ စား "
ဇော်ထွန်းက အတန်တန် ငြင်းသော်လည်း ထိုလူက သူ..မစားလျင် ထမင်ဆက်စားမည်ပုံမပေါ်။
ထို့ကြောင့် အမှန်တကယ်လည်း ဆာနေသည်က တစ်ကြောင်း၊ ထိုလူ၏ စေတနာကို ဆက်၍ ငြင်းပယ်လျင် ရိုင်းရာကျတော့မည်ဟု တွေးမိသည်ကတကြောင်း ၊ အားနာပါးနာဖြင့် ထမင်းပန်းကန်ကို ယူလိုက်မိသည်။
လက်ထဲရောက်လာသည့် ထမင်းဟင်း ရနံ့က သင်းပျံ့နေသောကြောင့် သူလည်း မရှက်နိုင်တော့ပါ။ အားပါးတရ စားလိုက်တော့လေ၏။
တကယ် စားလိုက်တော့လည်း ဟင်းနှင့်ထမင်းက အလွန်ပင် ကောင်းလှလေ၏။ပြိုက်ကနဲ ကုန်သွား၏။
ထိုလူက ထပ်ထည့်ပါဦးဟု ဆိုသော်လည်း ဇော်ထွန်းမှာ အမှန်တကယ် အဆာပြေသွားပြီ ဖြစ်၍ တော်ပါပြီ ဝပါပြီဟု ငြင်းဆိုလိုက်သည်။
ထမင်း စားပြီးသည့်အခါ ၊ ထိုလူက ဝင်းမှည့်နေသော ဖီးကြမ်းငှက်ပျောသီးဖြင့် ထပ်မံ ဧည့်ခံပြန်၏။
ဝါဝင်းနေသော ဖီးကြမ်းငှက်ပျောသီးမှာ စားလိုက်တော့ ချိုနစ် အီမွှေးနေသည်။
ဇော်ထွန်းသည် ထိုတောင်သူလင်မယားအား အကြိမ်ကြိမ် ကျေးဇူးတင်မိနေသည်။
စားသောက် ဗိုက်ပြည့်သွားတော့ တောင်သူမိန်းမက ထမင်းအိုးကို ယူလာစဉ်ကလို ပြန်၍ သိမ်းထုပ်၏။
" ဒါထက် ကိုယ့်လူက ဒီအနီးနားက ဟုတ်ဟန်မတူဘူး ၊ ဆိုင်ကယ်ကလည်း တောင်ဘက် ခေါင်းပြုထားတော့ မြို့ပြန်ရမှာ ထင်ပါရဲ့ "
" ဟုတ်တယ်ဗျ ၊ ကျနော်က မြို့ပြန်မှာ။ ဆိုင်ကယ်က ဆီပြတ်သွားလို့ ခန နားနေတာပါ ။ သိမ်ဖြူကုန်းရွာက အဖွားဆီ အလည်လာတာဆိုပါစို့ "
ထိုလူက ဆိုင်ကယ်ရှိရာသို့ လှမ်းကြည့်ရင်း နှာခေါင်းကို ရှုံ့ပွပွ လုပ်၏။
" ဆိုင်ကယ်နောက်က အိတ်ကြီးပါလား။ ဘာတွေများ ထည့်ယူလာတာတုန်းဗျ "
" အော် ... ဖွားလေးတို့ ခြံထွက် ဘူးသီးတို့ ခရမ်းသီးတို့ အသီးအရွက်တွေပါဗျာ ။ မယူချင်ပါဘူး ငြင်းလည်း မရဘူးဗျို ။ အတင်း ထည့်ပေးလိုက်လေရဲ့၊ အဖွားလေးက သူ ပေးတာ မယူရင်လည်း စိတ်ဆိုးတတ်တယ် "
ထိုလူက ဇော်ထွန်း ပြန်ဖြေတာကို စိတ်မဝင်စားပဲ၊ ဆိုင်ကယ်ရှိရာသို့သာ စူးစူးစိုက်စိုက်ကြည့်လျက် ...
" ဒါတင်ပဲလား ... "
ဇော်ထွန်းက ထိုလူ၏ အရင်းအဖျားမရှိသော မေးခွန်းကို နားမလည်၍ ...
" ဗျာ ... ဘာပြောတာလဲ မသိဘူး "
" ဘူးသီး ခရမ်းသီး နဲ့ အသီးအရွက်တွေဆို ၊ အဲ့တာတင်ပဲလားလို့ ... "
ဇော်ထွန်း အူကြောင်ကြောင် ဖြစ်သွားသည်။ ထိုလူ၏ မေးခွန်းက ဘာကို ရည်ရွယ်သည်မသိ၍ ...
" ဟုတ်ကဲ့ ...ထွေထွေထူးထူး မပါလာခဲ့ပါဘူး ။ ခြံထွက် သီးနှံနဲ့မြေပဲနည်းနည်းပါပဲ ။ ဘာလဲ ခင်ဗျား လိုချင်လို့လား ၊ ယူသွားလေ ။ အကုန်သာ ယူသွားလိုက်။ ခင်ဗျား ယူသွားရင် ကျနော်တောင် ဆိုင်ကယ်တွန်းရတာ ဝန်ပေါ့သွားသေးတယ် "
ထိုလူသည် ဇော်ထွန်းအား လုံးဝ လှည့်မကြည့်ပဲ ခုနလိုပဲ ဆိုင်ကယ်ကို စူးစိုက်ကြည့်ကာ ...၊
" မဟုတ်ဘူး ... ကျန်နေသေးတယ် "
ထိုသို့ ပြောပြီး ဆိုင်ကယ်၏ ရှေ့ခြင်းတောင်းကို လက်ညှိုးထိုးပြသည်။
ဇော်ထွန်း သဘောပေါက်သွားသည်။သူ ရှေ့ခြင်းထဲကို ကိုကြီးသောင်းဒန် ပေးလိုက်သော ဖွတ်သား အစိုတစ်တွဲ ထည့်လာခဲ့သည်မဟုတ်လား ။
ဇော်ထွန်းက ထိုလူ၏ အမြင် စူးရှမှုကို မအံဩပဲ မနေနိုင်လောက်အောင် ဖြစ်ကာ ထိုလူဘက်သို့ လှည့်၍ ဖြေမည်အပြု၌ ...
" ဟင် ! ... "
ယခုအခါ တောင်သူလင်မယား ၂ယောက်စလုံးသည် သူ့ဘက်သို့ လုံးဝ မလှည့်ပဲ ဆိုင်ကယ်ကိုသာ ပြိုင်တူ စူးစိုက်ကြည့်နေကြသောကြောင့် ပို၍ အံဩသွားသည်။
ပြီးတော့ ဆိုင်ကယ်ခြင်းထဲက အသားတွဲမှာလည်း ဤနေရာမှ ကြည့်လျင် ဘယ်လိုမှ မမြင်နိုင်ပေ။နောက်တစ်ခုက အသားတွဲမှာ သတင်းစာစက္ကူဖြင့် လုံခြုံစွာ သိမ်းထုပ်ထားသည်မဟုတ်လား။
ဤလင်မယားသည် မမြင်နိုင်ပဲ ၊ အနံ့ခံ အာရုံကောင်းလွန်းနေသည်ဆိုတော့..
အသာအညှီနံ့ကို ကြိုက်သူများမှာ လူစင်စစ် မဖြစ်နိုင်တော့ချေ။ ဒါဆိုရင် သူ့အနီး ထိုင်နေကြသော ဇရပ်ပေါ်က တောင်သူလင်မယားသည် ...
ဇော်ထွန်း တဖြေးဖြေးနှင့် ထိုင်နေရာမှ ထလိုက်သည်။
ဗွေဆော်ဦး... သူ ထိုလင်မယား၏ လှည်းရှိရာသို့ လှမ်းကြည့်လိုက်သည်။
" ဟာ ! ဘုရား ဘုရား "
သူ ခုနက မြင်ခဲ့သော နွားစာအပြည့်နဲ့ လှည်းသည် မြေသားလမ်းပေါ်မရှိတော့ချေ။ ယခု သူမြင်ရသည်က မြေသားလမ်းပေါ်တွင် နွားလှည်းအစား စင်းစင်းကြီး လှဲလျောင်းနေသော ထန်းလက်ခြောက် တစ်ခုနှင့် အမှိုက်စများ။ ဆန်ပြာသည့် ဇ(စ)ကော အစုပ်အပြတ် နှစ်ချပ်။
ပြီးတော့ ခုနက လမ်းဘေး၌ လွှတ်ကျောင်းထားခဲ့သော နွားနှစ်ကောင်လည်း လုံးဝ မရှိတော့ချေ။
နာနာဘာဝတို့ ဖန်ဆင်းထားသော အရာများသည် အညှီနံ့ရသည့်အခါ ပျောက်ကွယ်ကုန်ပြီလားမသိ။
အညှီနံ့ကြောင့် သူတို့ ဖုံးကွယ်ထားသမျှ ပေါ်ကုန်ပြီ ဖြစ်လေမည်။
ဒါဆိုရင် သူ့အနီး ထိုင်စကားပြောနေကြသော လင်မယားနှစ်ယောက်၏ မျက်နှာများမှာ ဘယ်လိုဖြစ်ကုန်ကြပြီလဲ။
သူ အလန့်တကြားဖြင့် ဇရပ်ပေါ်က လင်မယားဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။
ဇရပ်ပေါ်တွင် ထိုလင်မယား နှစ်ယောက်စလုံး မရှိတော့ချေ။ ဘယ်ကိုများ လွင့်ပါး ပျောက်ကွယ်ကုန်ကြပါလိမ့်။
" ဟင် ... ဘယ်... ဘယ် ရောက် သွား ကြ တာ လဲ "
သူတို့ ထိုင်နေခဲ့သည့်နေရာတွင် ထမင်းအိုးထုပ်လည်း မရှိတော့သလို ၊ ထိုနေရာတွင် အင်ဖက်များ၊ငှက်ပျောခွံများ ပြန့်ကျဲလျက် ရှိသည်။
ရုတ်တရက် ဇော်ထွန်း အတွေးထဲ ဒေသိယထုံးတမ်းစဉ်လာတစ်ခုကို တွေးမိသွားလေသည်။
ဤအရပ်ဒေသတွင် သေသူအား သုသာန်သို့ ပို့ဆောင်သည့်အခါ အခေါင်းနှင့်အတူ စားမြိန်ထုပ် နှင့် ငှက်ပျောတစ်ဖီးထည့်ပေးသည့် ထုံးစံရှိလေ၏။
ထိုစားမြိန်ထုပ်ကို အင်ဖက်ဖြင့် ထုပ်လေ့ထုပ်ထ ရှိသည်မဟုတ်လား။ အခု တွေ့နေရတာလည်း အင်ဖက်တွေဆိုတော့ ...
သူ ခုနက စားခဲ့သော ထမင်းဟင်းများမှာ သုသာန်က စားမြိန်ထုပ်တွေပဲ ဖြစ်နေမလား ။
ထိုသို့ ချောက်ချောက်ချားချား တွေးချင်ရာ တွေးမိလေတော့ သူ့ဗိုက်ထဲက ပူလာသလိုလို ၊ အောင့်လာသလိုလိုနဲ့။
စားမိတဲ့ အစာတွေက အပင်းစာတွေများလားပေါ့ ...။
စိတ်က ချောက်ချားထိတ်လန့်လာတော့ ပတ်ဝန်းကျင်က အသံဗလံတွေတိုင်း သူ့အတွက် ထိတ်လန့်တုန်လှုပ်လာစေသည်မှာ အမှန်။
" ဖလပ် ... ဖန်း ဖန်း "
လေတိုက်ခတ်သည့်အခါ ဇရပ်အနီးက ထန်းပင်ပေါ်မှ ထန်းရွက်များရဲ့ လှုပ်ခတ်သံက ချောက်ချားစဖွယ် မြည်လာသည်။
တစ်ချက် တစ်ချက် တောင်လေ ဆောင့်တိုက်လိုက်သည့်အခါတိုင်း ဇရပ် အမိုးက သွပ်ပြား ရိုက်ခတ်သံနှင့်အတူ ဇရပ်မှာလည်း အခြေမခိုင်တော့ ယိမ်းသွားလေ့ရှိ၏။
လယ်တောက စပါးပင်စိမ်းစိမ်းတွေကို
လေတိုးသည့်အခါမှာလည်း တရွီရွီနှင့် မကောင်းဆိုးဝါးတွေရဲ့ အချက်ပြလေချွန်သံ ပေးနေသကဲ့သို့ပင်။
ဇော်ထွန်း ဤဇရပ်ပေါ်မှာ ဆက်မနေရဲတော့ချေ။ ထို့ကြောင့် ဆိုင်ကယ်ရှိရာသို့ ပြေးသွားရန် စိတ်ကူးလိုက်သည်။
ဆိုင်ကယ်ဘက်ကို မျက်နှာမူလိုက်တော့ သူ ခေါင်းနပမ်း ကြီးသွားသည်။
ရှိသမျှ ခေါင်းမွှေးတွေ အကုန် ထောင်ထကုန်အောင် ထိတ်လန့်သွား၏။
လူဟု ပြောရန် ခက်ခဲလှသော အရိပ်မည်းမည်းကြီး နှစ်ခုသည် သူ၏ ဆိုင်ကယ် ရှေ့ခြင်းထဲမှ ဖွတ်သားအစိုထုပ်ကို ယူငင် လုယက် နေကြသည်ကို မြင်လိုကာရသောကြောင့်ပင်။
အရိပ်မည်းမည်းကြီး နှစ်ခုသည် ဖွတ်သားအစိုတွဲကို သူ့ဘက် ကိုယ့်ဘက် အပြိုင် လုဆွဲနေကြသည်။
သူတို့၏ ပါးစပ်များမှ နာတာရှည် ဖျားနာနေသူ၏ ငြီးသံကဲ့သို့သော တဟင်းဟင်း အသံကြီးများလည်း ထွက်ပေါ်နေ၏။
ကြောက်စိတ်က ငယ်ထိပ်ကပ်နေပြီ။ဒီတော့ လူတစ်ကိုယ်လုံးက ကတုန်ကယင်နဲ့။
ဇော်ထွန်း သူ့ဆိုင်ကယ်အနီးက မည်းမည်းကြီးတွေကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ဘာလုပ်မိသလဲဆိုတော့။
ဇရပ်ပေါ်က ခုန်ဆင်းကာ မြေဆိုင်ခဲတစ်ချို့ကို ကောက်ယူ၍ ... လှမ်းထုလေ၏။
မြေဆိုင်ခဲတွေက မည်းမည်းအကောင်ကြီးတွေကို ထိ မထိတော့မသိ။သူ့ ဆိုင်ကယ်အသစ်လေးကို တဖုန်းဖုန်းနဲ့ ထိမှန်ကုန်၏။
" ဖောင်း ! ... ဖုန်း! ဖုန်း! "
ဇော်ထွန်းက မြေစာခဲနဲ့ ပစ်ပြီး ပါးစပ်ကလည်း ...
" ဟေး ... သွား သွား သွားကြ "
အော်ဟစ် နှင်ထုတ် လိုက်သည်။
အသံကြောင့်လား၊မြေစိုင်ခဲတွေကြောင့်လား ဘာကြောင့်ဟု တိတိကျကျ မဆိုနိုင်။ အရိပ်မည်းမည်းကြီး တစ်ကောင်သည် ဖွတ်သားတွဲကို လုယက်နေရာမှ ဇော်ထွန်းဘက်သို့ လှည့်လာ၏။
တော်ရုံလူဆို အဲ့ဒီနေရာမှ လန့်ပြီး မေ့လဲသွားလိမ့်မည်။ နီရဲနေသော မျက်လုံးအစုံက မီးကျီခဲပမာ။ရိရွဲစုပ်ပြတ်သတ်နေသော ရွံရှာထိတ်လန့်ဖွယ်ရာ မျက်နှာသွင်ပြင်ကြီးက စာဖြင့် ရေး၍ မဖော်ပြနိုင်အောင်ပင်။
ဇော်ထွန်း အနေဖြင့် ကြောက်စိတ် အမြင့်ဆုံး ရောက်ခဲ့ပြီးပြီ။ ကြောက်စိတ်ရဲ့ အခြားတစ်ဘက်က ရင်ဆိုင်တိုက်ခိုက်ရုံသာ ။
မြေစာခဲ ထိမှန်ခံရ၍လား၊ အစာကို လုယူမရ၍လား မသိ။တစ္ဆေယောက်ကျားသည် ဇော်ထွန်းထံ ဒေါသတကြီး ပြေးလာ၏။
သူ့ထံ ဒေါသတကြီး ပြေးဝင်လာသော တစ္ဆေမည်းမည်းကြီးကို ဇော်ထွန်းသည် လက်သီးအစုံဖြင့် ဘယ်ညာပင့်ထိုး၏။
ခြေ၊ ဒူး ၊ တံတောင်၊ လက်သီး အစုံကို အသုံးပြု၍ ပြန်လည် ခုခံတိုက်ခိုက်သည်။
သို့သော် သူ ရင်ဆိုင်နေရသည်က တစ္ဆေဆိုတော့ ထိုးကြိတ်ကန်ကျောက်သမျှက လေထိုးအိတ် ခပ်ပျော့ပျော့ကို ထိုးခွဲနေရသလိုပင်။
ထိုးလိုက်တိုင်း ပျော့စိစိနဲ့၊ လေဟာနယ်တစ်ခုကိုသာ ထိုးကြိတ်ကန်ကျောက်နေမိတော့သည်။
သူ့ဘက်ကသာ မထိရောက်ပေမယ့်၊ တစ္ဆေကြီး ကိုင်ပေါက်လိုက်သည့်အခါတိုင်း သူ့ခမျာ မြေပေါ်သို့ တဘိုင်းဘိုင်း ပစ်ကျသွားသည်။
ခါးတွေနာ ရင်ဘတ်တွေအောင့် ခြေကုန်လက်ပမ်းကျကုန်၏။
တစ္ဆေကြီးပြုသမျှ ဇော်ထွန်း ခံနေရသည်။ ကြာရင် ရင်ထဲက ကလီစာတွေ ပြုတ်ထွက်ကာ သွေးပွက်ပွက်အန် သေရတော့မည်။
သူ စွမ်းသမျလည်း ခုခံတိုက်ခိုက်နေမြဲ ဖြစ်သည်။ သောက်ထားသည် အရက်တွေလည်း ဘယ်ရောက်ကုန်ပြီလည်း မသိတော့။ချွေးသီးပေါက်ပေါက် ကျနေ၏။
တစ်ကြိမ်မှာ တစ္ဆေက ဇော်ထွန်း၏ ဂုတ်ပိုးကို အမိအရ ဖမ်းဆွဲပြီး မြေပေါ်သို့ အားကုန် ပစ်ပေါက်လေ၏။
ဇော်ထွန်း ခပ်ဝေးဝေးက မြေပျော့ထဲသို့ ပိုးစိုးပက်စက် ကျသွားသည်။မြေပျော့မို့ ဇော်ထွန်း ခံသာတော့သည်။မြေသားလမ်းပေါ်သို့သာ ကျပါက ခါးရိုးကျိုးမည်မှာ မလွဲမသေပင်။
မြေပျော့ထဲ ကျသွားသည့် ဇော်ထွန်းခမျာ ချက်ချင်း မထနိုင်ချေ။အကြိမ်ကြိမ် ပစ်ချခံနေရသည့် ဒဏ်တွေကြောင့် လူတစ်ကိုယ်လုံး နာကျင်နေပြီ ဖြစ်သည်။
တစ္ဆေသည် ဒီတစ်ခါ ဇော်ထွန်းအား မြေမာ၌ ကိုင်ပေါက် ရိုက်ချိုးတော့မည် ဖြစ်သည်။ ဇော်ထွန်း မျက်လုံးတွေ ပြာလာပြီ။ခေါင်းတွေလည်း မူးနောက်နေပြီ။ပြန်လည် ခုခံရန် မလွယ်တော့ချေ။
တစ္ဆေသည် ဇော်ထွန်း ရှိရာသို့ ရွေ့လျားလာသည်။ တဖြေးဖြေး နီးကပ်လာချေပြီ။
ထိုအခိုက် ... အလင်းရောင်တန်းတစ်ခု သူတို့ထံ ပြေးဝင်လာသည်။ ဇော်ထွန်း နားထဲ ဆိုင်ကယ် အိပ်ဇောသံ တဖုန်းဖုန်း ကြားလိုက်ရသည်။ အလင်းတန်းသည် ဆိုင်ကယ်တစ်စီး၏ ရှေ့မီးရောင် ဖြစ်လေ၏။
ဆိုင်ကယ်သည် သူတို့အနီး ကမန်းကတန်း ထိုးရပ်သွားပြီး ၊ လူနှစ်ယောက် ပြေးလာသည်ကို မြင်တွေ့လိုက်ရသည်။
ဇော်ထွန်း အံဩဝမ်းသာ သွားသည်။ ပြေးလာသူ နှစ်ယောက်သည် သူ့သူငယ်ချင်းများ ဖြစ်ကြသော ကိုကြီးသောင်းဒန်နှင့်စိုးလွင်တို့ ဖြစ်နေကြသည်။
ကိုကြီး သောင်းဒန်သည် ပါးစပ်မှ ဂါထာဟုထင်ရသော ပါဠိဘာသာအချို့ကို ရေရွတ်၍ ဇော်ထွန်းအား ဒုက္ခပေးနေသော တစ္ဆေအား ပြေးကန်လိုက်သည်။
အံဩစရာပင် ၊ ဇော်ထွန်း အကြိမ်ပေါင်းများစွာ ထိုးကြိတ် ကန်ကျောက်နေစဉ်က တစ္ဆေအား မထိခိုက်သမျှ ကိုကြီးသောင်းဒန်၏ ကန်ချက်တစ်ခုတည်းနဲ့ တစ္ဆေသည် အထိနာစွာ ခပ်ဝေးဝေးသို့ လွင့်စင်သွားသည်။ တစ္ဆေသည် နောက်ရောက်လာသော ကိုကြီးသောင်းဒန်သည် သူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိ၍ ထွက်ပြေးလေတော့သည်။
ထို့အတူ ဆိုင်ကယ်အနီးတွင် ဖွတ်သားအစိုများကို ပါးဖြဲနားဖြဲ စားသောက်နေသာ တစ္ဆေမကိုလည်း စိုးလွင်သည် တွေ့ရာ ဇီး(ဆီးသီး)ကိုင်းခြောက်ဖြင့် တဖုန်းဖုန်း လိုက်ရိုက်ရာ တစ္ဆေမသည် ကြောက်လန့်တကြား ထွက်ပြေးလေတော့၏။
တစ္ဆေ နှစ်ကောင် ထွက်ပြေးသွားသည့်အခါ ၊ ကိုကြီးသောင်းဒန်နှင့်စိုးလွင်သည် အပြေးအလွှား ဇော်ထွန်းအား ပြေးထူ ကူတွဲကြသည်။
ိစိုးလွင်က ဇော်ထွန်းအား မချိတင်ကဲ ကြည့်ရင်း ...
" ထင်တဲ့အတိုင်းပဲ ... ငါတို့ အရောက်မြန်ပေလို့သာပေါ့ ဇော်ထွန်းရာ "
ကိုကြီးသောင်းဒန်ကလည်း ...
" ဟုတ်တယ် ဇော်ထွန်း ၊ ငါတို့ အရက်ဆိုင်ကပြန်တော့ ဓာတ်ဆီဆိုင်ရှေ့အရောက် စိုးလွင်က မင်း ဓာတ်ဆီလည်း ထည့်မသွားရသေးဘူးလို့ ပြောတယ်လေ။ ဒါနဲ့ ငါက မင်းတော့ လမ်းမှာ ဓာတ်ဆီပြတ်ပြီး ဒုက္ခရောက်တော့မယ်ဆိုပြီး ရွာထဲက ဆေးဆရာ ဦးမြတ်သာဆီက ဆိုင်ကယ်ကို ငှားပြီး လိုက်လာတာ ။ ဓာတ်ဆီလည်း ဝယ်လာခဲ့တယ်။ ဒီရောက်တော့မှ မင်းနဲ့ မည်းမည်း အကောင်ကြီး နပမ်းလုံးနေတာ တွေ့ရတာပဲဟေ့ ... "
ဇော်ထွန်းက ...
" အဲ့ဒါ နာနာဘာဝတွေ မဟုတ်လား ကိုကြီးသာဒင် "
စိုးလွင်က ကြားဖြတ်၍ ...
" လခွမ်း! မင်းကွာ ကိုယ်နဲ့ နပမ်းလုံးနေတာ တစ္ဆေမှန်းတောင် မသိဘူးလားဟ။ အဲ့တာ ဒီဇရပ် အနောက်က ရွာပျက်က တစ္ဆေတွေ နေမှာပေါ့ "
ကိုကြီးသောင်းဒန်က ...
" ဟုတ်ပါ့ ... အဲ့ဒါ ရွာပျက်ကြီးက တစ္ဆေတွေပဲ ဖြစ်မှာ ၊ သေချာတယ်ကွ "
" ရွာပျက်ကြီး ဟုတ်လား ၊ ဟို လွတ်လပ်ရေး ရပြီးကာစက ကာလဝမ်းရောဂါကြောင့် လူတွေ အများကြီးသေပြီး ၊ ကျန်တဲ့သူတွေက ရွာကို စွန့်ခွာသွားလို့ ပျက်သွားတဲ့ ရွာပျက်ကြီးလား "
" အေး ဟုတ်ပါ့ဗျာ ။ အဲ့ဒီ ရွာပျက်ကြီးက ဒီ့အနောက်က လယ်ကွင်း နှစ်ကွင်း အကျော်လောက်မှာ ရှိခဲ့ဖူးတယ်လေ ၊ မီးလောင်ငုတ်တိုတွေတောင် ခုထိ ရှိသေးတယ်ကွ ... "
ဇော်ထွန်း တစ္ဆေလင်မယား ကျွေးသော ထမင်းတစ်နပ်ကို သတိရကာ ပျို့တက်လာသည်။
" အော့ ... ဒါဆိုရင် ကျနော် ခုနက စားခဲ့တာ ထမင်းနဲ့ဟင်းရော ဟုတ်ရဲ့လား။
တစ္ဆေလင်မယားကို တောင်သူတွေ မှတ်ပြီး သူတို့ကျွေးတာ ကျနော် စားလိုက်မိတယ် ကိုကြီး ။ အဲ့တာ ဘာလုပ်ရမလဲ ။ ကယ်ပါအုံး ကိုကြီးရာ "
ကိုသောင်းဒန်က ဇရပ်ကြမ်းပြင်ပေါ်က ပြန့်ကျဲနေသော အင်ဖက်ဟောင်းများ၊ ငှက်ပျောခွံများနှင့် စကောဝိုင်းတစ်ချပ်ကို မြင်တွေ့သွားသည်။
" အင်း ... မင်းတော့ ခေါစာ ပစ်ထားတွေ စားမိပြီး ကယောင်ကတန်း ဖြစ်နေတာပါလား ။ ဒီတစ်ညတော့ ရွာကိုသာ ပြန်လိုက်ခဲ့တော့ကွာ ။ မြို့ ပြန်မနေနဲ့တော့။ ရွာရောက်မှ ရွာဦးကျောင်း ဆရာတော် ဦးစိတ္တသာရ ပေးထားတဲ့ ရေမန်း သောက်လိုက်ပေါ့ ။ အဲ့ကျရင် မကောင်းတာတွေ ပြန်အန်ထုတ်လိမ့်မယ်။ ဘာမှ မဖြစ်ပါဘူး ။ ပူမနေပါနဲ့ "
ဇော်ထွန်းလည်း မြို့ကို တစ်ယောက်တည်း မပြန်ရဲတော့။ ထို့ကြောင့် ကိုကြီးသောင်းဒန် ပြောသလို ရွာကိုသာ ပြန်လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
ဆိုင်ကယ်ကို ကိုသောင်းဒန်တို့ ယူလာပေးသည့် ဓာတ်ဆီ ဖြည့်ပြီး ရှေ့ခြင်းတောင်းထဲကို ကြည့်လိုက်သည်။
ရှေ့ခြင်းထဲက ဖွတ်သားအစိုထုပ်မှာ မရှိတော့ချေ။ မြေပေါ်တွင် အသားစအချို့ ပြန့်ကျဲနေသည်။အသားစများမှာ မြေမှုန် များ အလိမ်းလိမ်း ကပ်နေပြီ ဖြစ်သည်။
တစ္ဆေမ စားရင်း ကျန်ခဲ့သော အသားအနည်းငယ်သာ ဖြစ်၏။ပြန်မကောက်တော့ပါ။
ဇော်ထွန်းသည် ဆိုင်ကယ်ကို စက်မနှိုးခင် သူ အသိချင်ဆုံးကိစ္စကို ကိုသောင်းဒန်အား မေးလိုက်သည်။
" အော်...ဒါနဲ့ ကိုကြီး ကျနော် မရှင်းတာလေး မေးပါရစေဦး "
" မေးလေကွာ ... ဘာများတုန်းဟ "
" တစ္ဆေကို ကျနော် ပြန်ချတုန်းက လက်သီးတွေရော တံတောင်တွေရော ဒူး ခြေ အကုန်အစုံ သုံးပြီး ဖိုက်တာပဲ။
ဒါပေမဲ့ ကျနော် ထိုးတုန်းက တစ္ဆေက ဘာမှ မဖြစ်ပဲ ၊ ကိုကြီးနဲ့ စိုးလွင်တို့ ထိုးကြိတ်ရိုက်နှက်တော့မှ အထိနာပြီး ထွက်ပြေးကြတာ ဘာကြောင့်လဲဗျ "
ကိုသောင်းဒန်က ခေါင်း တဆတ်ဆတ် ငြိမ့်လိုက်ပြီး ...
" ဒါက ရှင်းပါတယ်ကွာ ၊ မင်းက သူတို့ ကျွေးထားတဲ့ အပင်းစာ စားထားတော့ တိုက်ခိုက်တဲ့အခါ မထိရောက်တော့တာနေမှာပေါ့။ နောက်တစ်ခုက ငါတို့က တစ္ဆေကို တိုက်ခိုက်တဲ့ အချိန် (ဗုဒ္ဓေါ မေ သရဏံ ဧညံနတ္ထိ)လို့ အော်ပြီး တိုက်ခိုက်လို့ပါ ။
ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိဘူးလေကွာ ။ မဟုတ်ဘူးလား ငါ့ညီရ "
ရှင်းသွားလေပြီ။ ဇော်ထွန်း ကောင်းစွာ သဘောပေါက် နားလည်သွားပြီ ဖြစ်သည်။
နောင်များဆိုရင်တော့ ဘယ်သူစိမ်း ကျွေးတဲ့ အစားစာကိုမှ မစားတော့ဟု သံဓိဌာန် ချလိုက်မိသည်။
လမ်းခရီး၌ သူစိမ်း ကျွေးတဲ့ အစာကို မစားခြင်းဖြင့် ကိုယ့်ကိုယ်ကာကွယ်နိုင်ကြပါစေဟုသာ။
ပြီးပါပြီ
ပီပီ(မန္တလေး)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။