
၁။
အဖွားဆုံးပြီး ၆လကျော်ကြာမှ ၊ ဇာတိမြေကို ပြန်ရောက်၏။ မလေးရှားမှာ အလုပ်လုပ်နေသော နေလင်း တစ်ယောက်သည် မပြန်ချင်ပဲ ပြန်ရောက်လာခြင်း ဖြစ်ပါသည်။
နေလင်းသည် မလေးရှား၌ ၄နှစ်နီးပါး ကြာအောင် အလုပ် လုပ်နေခဲ့ခြင်း ဖြစ်သည်။
သူ နိုင်ငံခြား ထွက်သွားတော့ အိမ်မှာက အိမ်သားဆိုလို့ အဖွားရယ်၊ အမေရယ် နှစ်ယောက်ပဲ ကျန်ခဲ့သည်။ အမေကလည်း ကျန်းမာရေး ကောင်းသူမဟုတ်။အဖွားမရှိတော့ဘူးဆိုတော့ သူ မပြန်၍မဖြစ် ၊ စုပြီးဆောင်းမိသမျှလေးဖြင့် အထုပ်လေးကိုပိုက်ကာ မြန်မာပြည်ကို ပြန်လာခဲ့ရ၏။
ရွာကို ရောက်တော့ အမေက အားရဝမ်းသာ ကြို၏။ငယ်ပေါင်း သူငယ်ချင်းများက လာနုတ်ဆက်ကြသည်။
မြန်မာပြည် ပြန်ရာက်မှ မြို့က ဝယ်လာသည့် မုန့်များကို သူငယ်ချင်းများအား တည်ခင်း ဧည့်ခံရင်း စကားပြောဖြစ်ကြသည်။
" မင်း ဘယ်တော့ ပြန်သွားမှာလဲ နေလင်း ၊ ဟိုမှာ လုပ်ငန်းကိုင်ငန်း အဆင်ပြေတယ်မို့လား "
" အင်း ... ဒီမှာထက်စာရင်တော့ ဝင်ငွေကောင်းတယ် ပြောရမယ်ပေါ့ကွာ။ ဒါပေမယ့် ဟိုမှာက အနေအစား ဆင်းရဲသကွ။ ငါ့လို ဘဝတူတွေ အများကြီး၊ ဒီလိုပဲ ရုန်းကန်ကြရတာပေါ့ ၊ ရတဲ့လခကို မဖြုန်းပဲ စုရင်တော့ ပိုတာပေါ့ကွာ။ ဟိုမှာက တို့ရွာလို မဟုတ်ဘူးဟ၊ အပျော်အပါးနဲ့ ငွေကုန်စရာတွေက ပေါမှပေါဟေ့ယောင်ရေ ။ စိတ်အလိုလိုက်မိလို့ကတော့ ပြန်စရိတ်တောင် ကျန်မှာမဟုတ်ဘူး ။ ပြန်သွားမလားဆိုတော့ လောလောဆယ် မပြန်ဖြစ်သေးပါဘူးကွာ "
သူငယ်ချင်းက ထောက်ခံဟန်ပြု၏။
" အေးပေါ့ ... ဒီမှာက အရီးလေး တစ်ယောက်ထဲရယ် "
" ဟုတ်တယ် ၊ ဒါကြောင့် အငှားချထားတဲ့ လယ်တွေကို နောင်နှစ်ကျရင် ငါပဲ ဦးစီးလုပ်တော့မယ် ၊ အမေလည်း တစ်လှည့် နားပါစေပေါ့ "
" ကောင်းတယ် သူငယ်ချင်း ၊ လိုတာ ရှိရင် ငါ့တို့ကို ပြောကွာ၊ ငါတို့လည်း တတ်နိုင်သလောက် ကူညီပါ့မယ် "
သူတို့ ဝိုင်းဖွဲ့ စကားပြောနေသည်က လဲ့မှိုပင်ကြီးအောက်က သစ်သားကွပ်ပြစ်လေးပေါ် ဖြစ်၏။
သူတို့ စကားဝိုင်း အလယ်တွင် ရေနွေးကြမ်းအိုးနှင့် မုန့်မျိုးစုံပန်းကန် ချထား၏။
နေလင်းက စကားလည်းပြော ၊ စားလည်း စားကြဦးကွာဟုဆိုတော့မှ သူငယ်ချင်းများက မုန့်များကို ယူစားကြသည်။ နေလင်းလည်း ရေနွေးကြမ်းကို ခွက်စေ့ လိုက်ငှဲ့ပေးလိုက်သည်။ရေနွေးကြမ်းခွက်တွေ ကမ်းပေးရင်း ဘကြီးထွန်းတို့အိမ်ဘက်သို့ မျက်စိက ရောက်သွား၏။
နေလင်း အခုမှ သတိထားမိသည်။ သူတို့အိမ်နှင့်ဘကြီးထွန်းတို့အိမ်သည် ယခင်က ဇီးကိုင်းခြောက်များဖြင့် စည်းရိုးလေးတစ်ခုအဖြစ်သာ မည်ကာမတ္တ ကာရံထားပြီး ယခုအခါ ထိုသို့မဟုတ် ဝါးထရံ အမာဖြင့် ခြံစည်းရိုးကို အလုံပိတ်ကာထားသည်ကို တွေ့ရသည်။
နောက်တစ်ခု သတိထားမိသည်က ဘကြီးထွန်းတို့အိမ်က လူများသည် သူ ပြန်ရောက်လာပေမယ့် လာမတွေ့ကြချေ။ဟိုးအရင်က နှစ်အိမ့်တစ်အိမ်လို နေလာကြသည့် အိမ်းနီးချင်းများ ဖြစ်ကြသည်။ အမေတို့နဲ့ စကားများထားကြဟန်တူသည်ဟု တွေးလိုက်မိသည်။
သူ မလေးရှားမှာ ရှိနေစဉ်က အမေ ဒီအကြောင်းကို ဖုန်းထဲမှာ ထည့်မပြောခဲ့ပေ။သူ စိတ်မကောင်း ဖြစ်မှာစိုး၍ ရေငုံနုတ်ပိတ် နေခဲ့သည်လား မဆိုနိုင်။ဘာကြောင့်လည်းဆိုတော့ ဘကြီးထွန်းတို့မိသားစုက နေလင်းအား သားအရင်းလို ချစ်ခင်ကြ၍ ဖြစ်ပါသည်။
" အင်း ညဘက်ကျမှ အမေ့ကို မေးကြည့်ရဦးမယ် ၊ စကားများထားလည်း ဘာဖြစ်လဲလေ ၊ ငါကတော့ ဘကြီးထွန်းတို့အိမ်ကို အရင်လိုပဲ ဝင်ထွက် သွားလာရမှာပေါ့။ "
စိတ်ထဲက ထိုသို့သာ ကြိမ်းထားလိုက်၏။
.................
၂။
အမေ ပြောမှပဲ သတိထားမိတော့သည်။ လဲမှို့ပင်ကြီးက သူတို့ ခြံဝိုင်းဘက်ကို ရောက်နေ၏။
ဟိုယခင်က ထိုအပင်ကြီးသည် ဘကြီးထွန်းတို့ ခြံဝိုင်းဘက်ဟု ဆိုရမည်ဖြစ်သည်။စည်းရိုးနှင့်ကပ်လျက် ဘကြီးထွန်း စိုက်ထားသည့်အပင် ဖြစ်သည်။
" အမေလည်း မင်းအဖွားဒေါ်စိမ်းကို ပြောပါတယ်။ ဒါပေမယ့် မင်းအဖွားက အသက်ကြီးတော့ မေ့တယ်လားမပြောတတ်ပါဘူး ၊ မင်းပို့လိုက်တဲ့ ပိုက်ဆံနဲ့ ခြံစည်းရိုးအသစ်ကာတော့ မင်းအဖွားက အဲ့ဒီ လဲ့မှိုပင်ကြီးကို သူ့ဘက်အပါ ခတ်လိုက်သကွယ့် ။
ဘကြီးထွန်းက တားသေးတယ်။မစိမ်း ခင်ဗျား ခြံခတ်တာ ကျုပ်မြေ တစ်တောင်လောက်ပါနေပြီ ၊ ပြင်ခတ်ပေးဦး ဆိုတော့ မင်းအဖွားအကြောင်းလည်း မင်း အသိသား ။ တယူသန် တဇွတ်ထိုးကြီးလေ ၊ ဟဲ့ ငါမြေကို ငါခြံခတ်တာ ဘာပြင်စရာလိုလဲ ၊ နင်တို့သာ သူများမြေကို ကျူးကျော် အပိုင်လိုချင်နေကြတာမဟုတ်လားဆိုပြီး ကက်ကက်လန်အောင် ရန်တွေ့တော့တာပဲပေါ့ "
" ဘကြီးထွန်းက အုပ်ချုပ်ရေးမှုး မတိုင်ဘူးလား အမေရဲ့ "
" ဘကြီးထွန်းက မတိုင်ပါဘူး။သူ့သမီး မမြကတော့ မခံချင်စိတ်နဲ့ မင်းအဖွားနဲ့ စကားများ ရန်ဖြစ်ကြတာပေါ့။ စကား အခြေအတင် ပြောကြရင်း နင်ပဲငဆတွေ ဖြစ်ကုန်ကြတယ်လေ။ နောက်ဆုံးတော့ မမြက အုပ်ချုပ်ရေးမှုးကို တိုင်မယ်တောမယ် ဖြစ်ကုန်ရော။ ဒါပေမယ့် မမြအဖေ ဘကြီးထွန်းက တစ်ချက်လွှတ် အမိန့်ထုတ်လိုက်တယ်။ဘယ်သူမှ မတိုင်ကြနဲ့လို့ တားလိုက်တယ်။
မင်းအဖွားကို တစ်ခွန်းပဲ ပြောသွားတယ်။ မစိမ်း ခင်ဗျား စိတ်ချမ်းသာလိုသာ လုပ်တော့ ၊ နောင်ဘဝကျရင် သူများမြေ ထမ်းနေရမယ်ဆိုတာတော့ မမေ့လေနဲ့ တဲ့။ မင်းအဖွားက ခပ်တင်းတင်းပဲ ။ အကြောမခံဘူး ။ ဟဲ့ မောင်ထွန်း နောင်ဘဝဆိုတာ ငါ ဘယ်ရောက်နေမှန်း သိနိုင်တာမဟုတ်ဘူး ။ ငါ့မှာ ငါ့လယ်ထောက်ခနဲ့ ငါမြေး ပို့တဲ့ငွေကို လှူတန်းနေရလို့ ကုသိုလ်တွေ အလျံအပယ်ရပြီးသား ။ ငါသေရင် နတ်ပြည်ရောက်မှာဟဲ့ လို့ ပြန်ရန်တွေ့တယ် "
ဟုတ်တော့ ဟုတ်နေသည်။ အဖွားသည် ကုသိုလ်ရေး၌ လက်မနှေးတတ်သူ ဖြစ်၏။ ရွာဦးကျောင်းက ကုဋီ (ရေအိမ်)နှင့် အုတ် ရေချမ်းစင်ကို အဖွား လှူခဲ့သည်။ မကြာခဏလည်း ရွာဦးကျောင်းက ဆရာတော် ဦးစန္ဒိမာ နှင့် သံဃာတော်များကို ဆွမ်းလုပ်ကျွေးလေ့ရှိသည်။
နေ့စဉ်လည်း နံနက်စောစောထ၍ ဆွမ်းခံကြွသော သံဃာတော်များကို ဆွမ်းလောင်းလှူလေ့ ရှိသည်။ သဒ္ဒါတရား ထက်သန်လွန်းသူ ဖြစ်ပါ၏။ဒါပေမယ့် အဖွားသည် ခေါင်း အလွန်မာသူ ဖြစ်သည်။သူမှန်တယ်ထင်ရင် နောက်မဆုတ်တတ်ပေ။အဖွားသည် အဘိုးရှိစဉ်က လယ်ပိုင်ရှင်ကြီး ဖြစ်ခဲ့သည်။
နောင် အဘိုးဆုံးပြီး အမေတို့လက်ထက်ကျတော့ လယ်ဧက အနည်းငယ်သာ ကျန်တော့သည်။ အဖွားသည် သေသည်အထိ ထိုလယ်ထောက်ခနှင့် လောက်ငအောင် ခြိုးခြံစားသောက်နေထိုင်ခဲ့ပြီး ၊ ပိုလျံတာကို အလှူအတန်း ပြုလေ့ရှိသည်။
သေလွန်လျင် ကောင်းမွန်သော ဘုံဘဝသို့ ရောက်လိမ့်မည်မှာ သေချာ၏။ဒါပေမယ့် သူ သိမှီသလောက် ခြုံငုံ သုံးသပ်ရလျင် ခြံခတ်သည့် ကိစ္စ၌ အဖွား မှားယွင်းနေသည်ဟု ခံစားရသည်။
ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ကံ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံဆိုတာ ပြုလုပ်ခြင်း မည်၏။ ကုသိုလ် (ကောင်းမှု)ကို ပြုလုပ်လျင် ကောင်းကျိုးကို ခံစားရပြီး ၊ အကုသိုလ်(မကောင်းမှု)ကို ပြုကျင့်က မကောင်းသော အကျိုးကို မလွဲမသေ ခံစားရမည် ဖြစ်သည်။
မှတ်မှတ်သားသား ဆိုရလျင် ယခု သူတို့ ခြံဝိုင်းဘက်သို့ ရောက်နေသည့် လဲ့မှိုပင်ကြီးသည် ဘကြီးထွန်းက သူ့ခြံစည်းရိုးအတွင်းဘက် စိုက်ခဲ့သော လဲ့မှိုပင်ကြီး ဖြစ်သည်။
.................
၃။
ဘကြီးထွန်းက အဖွားအား စိတ်ဆိုးပြီး
ပြောခဲ့သော သေပြီးရင် သူများမြေ ထမ်းနေရမယ် ဆိုသည့်စကားကို ပြန်သတိရသွားဟန်တူသည်။
" အဲ့တုန်းကတော့ ဘကြီးထွန်းလည်း ဒေါသဖြစ်ဖြစ်နဲ့ မစိမ်းကို ပြောလိုက်မိတာပေါ့ ၊ ဒါပေမယ့် ကြမ်းကျွံရင်သာ နုတ်လို့ရတာ ၊ စကားကျွံခဲ့တော့ နုတ်မရတော့ဘူးပေါ့ကွယ်။ ပြောတုန်းက ပြောလိုက်တာပဲ ၊ စိတ်ထဲ အငြိုးအတေးရယ်လို့ မထားပါဘူး သားရယ်။
အိမ်က သမီးကတော့ လူငယ်ဆိုတော့ မခံချင်စိတ်နဲ့ တိုင်မယ်တောမယ် လုပ်တယ်။ ဒါပေမယ့် ဘကြီးထွန်းက မလုပ်ရဘူးလို့ ပြောထားလို့ ၊ မတိုင်ကြပါဘူး ။ တစ်တောင်လောက်မြေ သူ့ဘက်ပါသွားလဲ ဘာဖြစ်သေးလဲ ။ ဘကြီးထွန်းမှာ နေစရာအကျယ်ကြီးပါ "
နေလင်းသည် မြို့ကပါလာတဲ့ မုန့်အချို့ကို ယူပြီး ဘကြီးထွန်းတို့ မိသားစုထံ လက်ဆောင်ပေးရင်း အလည်ရောက်နေခြင်း ဖြစ်သည်။
ဘကြီးထွန်း သမီး ဒေါ်မြက ခုထိ စိတ်ဆိုးနေဟန်ဖြင့် ...၊
" ဟုတ်တယ် နေလေးရေ ၊ အဲ့ဒီနောက်ပိုင်း အဒေါ်တို့နဲ့ မင်းအဖွား ခေါ်ပြောဆက်ဆံမှု မရှိတော့ဘူး ။ မင်းအဖွားက ငါတို့ မြင်တိုင်း ထွီကနဲ ထွမ်ကနဲ လုပ်တယ်လေ ။ အဖေက ဖွားစိမ်းနဲ့ ရန်ဖြစ်ရင် နင်တို့ကို အသတ်ပဲဆိုလို့ ၊ အဒေါ်တို့ကပဲ ရှောင်နေလိုက်ကြရတယ်၊ မင်းတို့အမေနဲ့တော့ လမ်းမှာတွေ့ရင် နုတ်ဆက်ဖြစ်ပါတယ် "
နေလင်းက ဒေါ်ဒေါ်မြနဲ့ဘကြီးထွန်းဘက်သို့ လက်အုပ်ချီလျက် ...
" အဖွား ပြုခဲ့သမျှ အမှားတွေ အပြစ်တွေကို ကျနော်ကပဲ တောင်းပန်ပါတယ်။
အဖွားလည်း မရှိတော့ဘူးပဲ ။ အာလုံးက အဖွားကို ခွင့်လွှတ်ပေးလိုက်ကြပါနာ် "
ထိုအခါမှ ဒေါ်ဒေါ်မြက အားနာသွားဟန်တူသည်။
" ဟယ်ကွယ် အဒေါ်က စိတ်ဆိုးနေတုန်းလို့ ပြောတာမဟုတ်ပါဘူး နေလေးရယ်။ အဒေါ်တို့ မမှားခဲ့ကြောင်း နေလေး သိအောင် ပြောပြတာပါ "
ဒေါ်ဒေါ်မြက သူ့အား ငယ်စဉ်ကတည်းက နေလင်းဟုမခေါ်ပါ။ ချစ်စနိုးဖြင့် ' နေလေး ' ဟု ခေါ်တတ်သည်။
သူက ဘကြီးထွန်းနဲ့ဒေါ်ဒေါ်မြကို ကတိပေးခဲ့သည်။
" ကျနော်လည်း ခုမှ ရောက်ကာစမို့ပါ ။ တပတ်လောက်နေရင် ခြံစည်းရိုး အသစ်ပြန်ခတ်ပေးပါ့မယ် ၊ ကျနော်တို့ဘက် ရောက်နေတဲ့ ဘကြီးထွန်းရဲ့ မြေကို ပြန်လက်ခံပေးပါနော် "
ဘကြီးထွန်းက ငြင်းသည်။ မရလိုတော့ပါဟု ဆို၏။ ဒေါ်ဒေါ်မြကတော့ တုံဏိဘာဝေ။ ဘကြီးထွန်း ဆန္ဒကိုသာ အလေးထားဟန်တူ၏။ ဘကြီးထွန်းက ...
" မစိမ်းက သေသွားပေမယ့် ၊ သူ လိုချင်လို့ ဒါမှမဟုတ် သူ့မြေလို့ပဲ ထင်ထားလို့ သူ့ဘက် အပိုင်ယူ ခတ်သွားခဲ့တာပဲ လူလေးရ။ သေသူရဲ့ဆန္ဒကို ဘကြီးထွန်း မပစ်ပယ်ချင်ပါဘူး ၊ နေပါစေတော့ ၊ ပိုနေမြဲ ကျားနေမြဲ ဒီအတိုင်းပဲ ရှိပါစေတော့ကွယ် "
သူ ဘကြီးထွန်းအား အတန်တန် တောင်းပန်ပြီး ခြံစည်းရိုး ပြန်သတ်မှတ်ရန် ပူဆာခဲ့သည်။
သို့ပေမယ့် ဘကြီးထွန်းက ပြတ်သားသည်။ မယူတော့ပါဟု ယတိပြတ် ငြင်းဆိုလိုက်သည်။
.................
၄။
ပူစပ်စပ်နဲ့ နွေလယ်ညကို အိပ်မပျော်သောကြောင့် နေလင်းသည် ခြေဖွဖွနင်းကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ခန့်မှန်းချေ ည ၁၁ နာရီထိုးခန့် ရှိလိမ့်မည်ဟု ထင်သည်။နေ့အပူက လျော့မသွားသေး။
တော်သလင်းနေ ပုစွန်သေလို့တောင် ဆိုရိုးရှိခဲ့တာပဲ။ ရေထဲက ပုစွန်တောင် သေအောင်ပူသည့် တော်သလင်းလပင် ဖြစ်လေ၏။
ရေအိုးစင်က ရေကို စတီးမတ်ခွက်ဖြင့် တစ်ဝက်သာသာလောက် ခပ်ယူပြီး အကုန်အစင် သောက်ချလိုက်သည်။
အပူဒဏ် ခံစားနေရတာ နည်းနည်းတော့ လျော့ပါးသွား၏။ ဝါးနှီး ယပ်တောင် တစ်ချောင်းကို တွေ့၍ ယူလိုက်ပြီး ခြံထဲက ကွပ်ပြစ်လေးဆီ ထွက်လာခဲ့သည်။
အပြင်ဘက်တွင်လည်း လေငြိမ်နေ၏။သူ ကွပ်ပြစ်ပေါ် လှဲလျောင်းလိုက်သည်။ ယပ်တောင်ကို တဖျပ်ဖျပ် ခတ်၏။
လေရတော့ အပူလျော့သွားသလို ခံစားရသည်။ ခေါင်းအုံးတန်းပေါ် သူ မှေးကနဲ့ အိပ်ပျော်သွားသလို ဖြစ်နေစဉ် ၊
ကွပ်ပြစ်အောက်က မြေကြွက်ဟု ထင်ရသည်။ တကျွိကျွိနဲ့ နားညီးအောင် အသံပြုကာ လှုပ်ရှား ပြေးထွက်လာသံကြားလိုက်ရ၏။
နေလင်း ထထိုင်လိုက်မိသည်။ ကြွက်ပြေးသည့်နောက်သို့ အကောင်ရှည်(မြွေ)လိုက်လာတတ်သည်မဟုတ်လား။
သူထင်သည့်အတိုင်း ကွပ်ပြစ်အောက်ကနေ မြေကြွက်တစ်ကောင် ခြံစည်းရိုးဘက် ပြေးထွက်သွားတာ မြင်လိုက်ရသည်။ အကောင်ရှည်တော့ မမြင်မိချေ။
သူ့အကြည့်က ခြံစည်းရိုးဘက် ရောက်သွားသည်။ခြံစည်ရိုးသည် လေမတိုက်ပဲ လှုပ်ယိမ်းနေ၏။လူတစ်ယောက်က ကိုင်လှုပ်နေသလိုပင်။
သူ ခြံစည်းရိုးတစ်လျောက်လုံးကို ဟိုကြည့်ဒီကြည့် ကြည့်လိုက်သည်။ ခြံအနောက်ပိုင်း ခြံစည်းရိုးအရောက်တွင် သူ မျက်လုံးပြူးကျယ်သွား၏။
မျက်လုံးကို ပွတ်သပ်ကြည့်သည်။သူတို့အိမ်၏ အရိပ်ကျရာဘက် ခြံစည်းရိုးတစ်နေရာ၌ မည်းမည်းလုံးလုံးကြီး တစ်ခုသည် ငုတ်တုတ် ထိုင်နေလေ၏။
ရေလှောင်ထားသည့် စဥ့်အိုးကြီးလားဟု မျက်လုံးကို ပွတ်သပ်ကြည့်လိုက်ခြင်း ဖြစ်သည်။
သို့ပေမယ့် မဟုတ်ချေ။ ထိုမည်းမည်းလုံးလုံးကြီး အပေါ်၌ ဖြူတစ်ဝက်နက်တစ်ဝက် ဆံချည်မျှင်များပါသော ဦးခေါင်းတစ်လုံး ပါရှိလေ၏။ထိုအရာကြီးသည် သူ ကြည့်နေစဉ်မှာပင် မတ်တတ်ထရပ်လာ၏။ခြေထောက်မှာ ခပ်ခွင်ခွင်၊ အချိုးအစားမကျချေ။ ခြံစည်းရိုးကြီး ယိမ်းခါနေသည်မှာ ထိုမည်းလုံးကြီး ကိုင်လှုပ်နေခြင်းကြောင့် ဖြစ်မှန်း နေလင်း သိရှိသွားလေ၏။
မည်းလုံးကြီးသည် ခြံစည်းရိုးကို လဲကျအောင် လှုပ်ခတ်နေခြင်း ဖြစ်ပါ၏။
နေလင်း ခေါင်းနပမ်း ကြီးသွားသည်။သူ သရဲတစ္ဆေဆိုတာကို မြင်ဖူးသူမဟုတ်။ယခုတွေ့နေရတာ နာနာဘာဝဟုထင်မိသောကြောင့် ထိတ်လန့်သွားသည်။
ရာဝင်စဥ့်အိုးကြီး တစ်လုံးစာလောက် ကြီးမားသော ကိုယ်ထည်ရှိပြီး ၊ ဦးခေါင်းမှာ သာမန်လူတစ်ယောက်၏ ဦးခေါင်းလိုပင် ရှိနေလေသည်။
ထိုမည်းမည်းလုံးလုံးကြီးသည် ခြံစည်းရိုးကို ဘာရည်ရွယ်ချက်ဖြင့် လှုပ်ခတ်နေသည်မသိချေ။ ခြံစည်းရိုးကြီးမှာ လှုပ်ယိမ်းနေပေမယ့် လဲပြိုမသွားပေ။
ရွာလယ် မီးကင်းမှ နာရီသံချောင်းခေါက်သံထွက်ပေါ်လာသည်။ဆယ့်နှစ်ချက်တိတိ ဖြစ်လေ၏။
မည်းမည်းလုံးလုံကြီးသည် လှုပ်ရမ်းနေခြင်းကို တိကနဲ ရပ်တန့်ပစ်လိုက်သည်။
သူ၏ ရာဝင်အိုး ကိုယ်လုံးကြီးကို ခြေခွင်ခွင်လေး နှစ်ချောင်းက မနိုင့်တနိုင် သယ်မလာသည်။
မည်းလုံးကြီးသည် ခြံစည်းရိုးအတိုင်း ရွေ့လျားလာခြင်း ဖြစ်သည်။ အံဩစရာ ထပ်မံ ဖြစ်ပေါ်လာပြန်ပါသည်။
ထိုအံအားသင့်စရာကား ရာဝင်အိုး ကိုယ်လုံးကြီးသည် တဖြေးဖြေး လေလျော့သွားသည့် ရာဘာဗူဗောင်းတစ်ခုလို ပြားချပ်သွားနေခြင်းပင်ဖြစ်သည်။
တဖြေးဖြေး လူသားတစ်ယောက်လို ဖြစ်သွားသည်။နေလင်းသည် ကြောက်လန့်စိတ်ကြောင့် ငေးကြောင်ကြည့်နေမိသည်။ သူ့အနီးက ပြေးသွားသော နာနာဘာဝကို အသေအချာ မြင်တွေ့လိုက်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
သေးကွေး ပိန်လှီသော အဖွားအို တစ်ဦး ဖြစ်နေသည်။ အဖြူစ များသော ဆံပင်ခပ်ကျဲကျဲကို မစည်းနိုင် မသိမ်းနိုင် ဖားလျားချထား၏။မျက်နှာက လူသေအလောင်းကောင်၏ မျက်နှာမျိုး ဖြူလျော်နေ၏။သူ့အား ကြည့်သွားသည့် အကြည့်၌ ဝမ်းနည်းဟန် ၊ ယူကြုံးမရဟန် ၊ နောင်တကြီးစွာရဟန် တို့နှင့်အတူ ကိုးစားလိုဟန် အပြည့်ပါလေ၏။
ခြံစည်းရိုးထိပ် ရောက်သည့်အခါ အဖွားအိုသည် ရုတ်တရက်ကြီး ပျောက်ကွယ်သွားလေ၏။
ပါးစပ်အဟောင်းသား ကြောင်ငေးနေသော နေလင်းသည် ထိုအခါမှ သတိဝင်လာသည်။
သူ၏ ပါးစပ်မှ အသံထွက်လာသည်။
" အဖွား ... "
နေလင်းသည် အိပ်ပျော်နေရာမှ ရုတ်တရက် လန့်နိုးလာသူပမာ ရှိလေ၏။
သူ မြင်တွေ့ခဲ့ရသည်များမှာ အိမ်မက်လား ၊ တကယ်လား မဝေခွဲနိုင်အောင်ပင်။
သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တိတ်ဆိတ်ငြိမ်သက်မြဲပင်။
သူသည် ခြံဝန်းထဲရှိ လဲ့မှိုပင်ကြီးအောက်က ကွပ်ပြစ်ပေါ်တွင် လဲလျောင်း အိပ်စက်နေခြင်း ဖြစ်သည်ကို တွေ့ရသည်။
ထိုအခိုက် အိမ်အပေါ်ထပ်မှ အော်ခေါ်သံ ကြားလိုက်ရသည်။
" သားရေ ... အိမ်အောက်မှာလား ။ အိပ်တော့လေကွယ်။ ညဥ့်နက်နေပြီကွဲ့။ လာ လာ အိပ်လိုက် "
အမေ၏ ခေါ်သံ ဖြစ်သည်။
နေလင်းလည်း ထိုအခါမှ ကွပ်ပြစ်ပေါ်မှ ဆင်းကာ မတ်တတ်ထလိုက်သည်။တိတ်ဆိတ် ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ကြည့်၍ သူ၏ တကိုယ်လုံးသည် ကြက်သီး ဖျန်းဖျန်း ထားသွားလေ၏။
သူ၏ နှာဝတွင် အဖွားကြိုက်သော စံပယ်ပန်းနံ့က တသင်းသင်း မွှေးကြိုင်လာ၏။ အဖွားများ သူ့အား အနံ့လာပေးတာလားဟု စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားမိလေသည်။
.................
၅။
နောက်တစ်ရက်တွင် သူသည် ရွာပြင်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူ သွားနေသည်က သူတို့ရွာ၏ သင်္ချိုင်း သို့ ဖြစ်၏။
အညာဒေသ ဆိုတော့ သုသာန်ထဲတွင် မန်းကျီး၊ကုက္ကို စသော အရိပ်ရ အပင်ကြီးများသည် အုတ်ဂူများ၊ မြေစာပုံ မို့မို့လေးများကို ကောင်းစွာ အုပ်မိုးပေးထားကြ၏။
" အုတ်ဂူတော့ မလုပ်ဖြစ်ပါဘူး သားရယ်။ တောင်ဖျားက ကုက္ကိုပင်ကြီး အောက်မှာ ရိုးရိုးပဲ မြေမြုပ်သင်္ဂြိုလ်လိုက်တယ်။ ဆေးဝါနဲ့ ကဗျည်းမှတ်တိုင်လေးတစ်ခု အမေ့မြေစာပုံ ခေါင်းရင်းမှာ စိုက်ထားတော့ ရှာကြည့်ရင် အလွယ်ပဲ တွေ့နိုင်ပါတယ် ။ အမေ မလိုက်တော့ဘူးနော် သား "
မျက်ရည်စမ်းစမ်းနဲ့ အမေက အဖွားရဲ့ မြေပုံရှိရာကို ညွှန်ပေးလိုက်သည်။သုသာန်ထဲ ဝင်လာတော့ အပင်ကြီးတွေရဲ့ အေးရိပ်ကြောင့်လားမသိ။ အေးကနဲ ဖြစ်သွားသည်။
သုသာန်မြေ၏ တောင်ဖျားရှိ ကုက္ကိုပင်ကြီး အောက်သို့ သူ ရောက်လာခဲ့သည်။ တွေ့ပါပြီ။ ဆေးဝါဖြင့် ရေးထားသော ကဗျည်းမှတ်တိုင်။ ဒေါ်စိမ်း ၊ အသက် ၈၁နှစ် ၊ ၁၂ ရက် စက်တင်ဘာလ ၊ ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သည်တဲ့။
အမေ လယ်ထဲ ဆင်းနေချိန်တွင် သူ အဖွားနဲ့သာ အနေများခဲ့သည်။ အဖွားသည် သူ့အား အလွန်ချစ်၏။ ထမင်းကို ၇နှစ်သားလောက် အရွယ် ရောက်သည့်တိုင် အဖွားကပဲ ခွန့်ကျွေးခဲ့ခြင်း ဖြစ်သည်။ သူ စားလိုသော သရေစာမှန်သမျှ အဖွားက မငြိုမငြင် ဝယ်ကျွေးခဲ့သည်ကို သတိရမိသည်။
သူ သတိအရဆုံးကတော့ ကျောက်ဆေး ထိုးစဉ်က အဖွား၏ ပုံရိပ်များပင်။
သူ လက်မောင်း ကျောက်ဆေးထိုးတော့ ဖျား၏။ အဖွားသည် သူ့လက်မောင်းလေးကို ကိုင်၍ လေမှုတ်ပေးရင်း ယောင်ကိုင်းနေသည့် လက်မောင်းကိုကြည့်ကာ ငိုရှာသည်။
ကျောက်ဆေး လာထိုးပေးသွားသည့် ကျန်းမာရေး ဆရာမများကို ပါးစပ်က တတွတ်တွတ်ဖြင့် ဆဲရေးနေတတ်၏။
ရွာထိပ်က မူလတန်းကျောင်းမှာ သူ ကျောင်းစတက်စဉ်က အဖွားသည် ကျောင်းအပြင်မှ ရပ်စောင့်ကြည့်နေခဲ့သည်။
ကျောင်းက ဆရာကြီးက အဖွား အိမ်ပြန်ပါ၊ ကလေးကို စိတ်ချပါဟုဆိုသော်လည်း မပြန်။ သူ့မြေးငိုလျင် ကျောင်းထဲ ဝင်၍ အိမ်ပြန်ခေါ်သွားရန် စောင့်ကြည့်နေခြင်း ဖြစ်သည်ဟု ဆိုလေ၏။
တွေးရင်း ဆွေးမြေ့လာသည်။ အဖွားကို လွမ်းလိုက်တာဟုလည်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အိမ်ရှေ့က ကွပ်ပြစ်လေးပေါ်မှာ ဆန်ပြာနေသည့်အဖွား ၊ မီးဖိုချောင်မှာ ကန်းစွန်းရွက် သင်နေသည့်အဖွား ၊ ဘုရားရှိခိုး အရှည်ကြီးရွတ်ပြီး မေတ္တာပို့အမျှဝေသည့်အခါ အသံတိုးသွားတတ်သည့်အဖွား ၊ နားပေါက်ဟောင်းလောင်းလေးနဲ့ ကျိုးတို့ကျဲတဲ သွားများပေါ်အောင် ပြုံးပြတတ်သည့်အဖွား ၊ အခုနေများ ရှိသေးရင် သိပ်ကောင်းမှာပဲဟု ခပ်လွမ်းလွမ်းလေး ဆွေးနေမိသည်။
" အဖွားရေ ... သားပြန်ရောက်တဲ့အထိတောင် မစောင့်ဘူးနော်။ အဖွားရဲ့ နောက်ဆုံး အချိန်တွေမှာ သား ရှိမနေပေးနိုင်ခဲ့တာ သားကို ခွင့်လွှတ်ပါနော် ... "
သူ မလေးရှားမှာ အလုပ်သွားလုပ်ချင်တယ်လို့ ပြောတော့ အဖွားက မသွားစေလို။ ဒါပေမယ့် မြေးပြောသမျှ နိုင်ငံခြားအိမ်မက်တွေကို အဟုတ်ထင်ခဲ့သည်။ အဲ့ဒီတော့ မလေးရှားသွားဖို့ စရိတ်စကကို အဖွားပိုင် လယ်အချို့ ရောင်းချပေးခဲ့၏။ လယ်တွေ ရောင်းစဉ်က အမေက နှမျောလွန်း၍ ဝင်ပြောတော့။
" ကင်းခြေများ ခြေတစ်ချောင်းကျိုးလို့ အသွားမပျက်ပါဘူးအေရယ် ။ ငါ့မြေးက နိုင်ငံခြားသွားမှ ကြီးပွားမယ်တဲ့။
ထောင်မြင်ရင် ရာစွန့်ရဲရမှာပေါ့ ၊ ငါ့မှာ လယ်တွေ ကျန်ပါသေးတယ်၊ ကလေးရဲ့ ကြီးပွားရေးလမ်းမှာ ပိတ်မရပ်ချင်စမ်းနဲ့ ၊ သွားပလေ့စေ "
တကယ်တော့ အဖွားတွင် လယ်ဧက အနည်းငယ်သာ ကျန်တော့သည်။ ဒါပေသိ အဖွားသည် သူ စိတ်မကောင်း ဖြစ်မှာစိုး၍ ဖွင့်မပြောခဲ့ချေ။
သူ သွားခါစကာလများတွင် အဖွားသည် ပြုနေကျ အလှူတချို့ မလှူဖြစ်တော့ဟု သိရသည်။နှစ်စဉ် ရနေကျ လယ်ထောက်ခများ လျော့ပါးသွား၍ ဖြစ်မည်။
ညနေစောင်း သူ သုသာန်မှ ပြန်ခါနီးတွင် အဖွားမြေပုံအား ကန်တော့၍ ...
" အလှူအတန်း ရက်ရောတဲ့ အဖွား ခုဆိုရင် နတ်ပြည်မှာပဲ နေမှာပါ ။ နတ်ပြည်ကြီး ဘယ်လောက်သာယာသလဲဆိုတာ ကျနော့်ကို လာပြောပါဦးအဖွားရေ ၊ နတ်ပြည်မှာ စည်းစိမ်အခြံအရံတွေနဲ့ ပျော်နေပြီဆိုရင်လည်း အိမ်ကို အလည်လေး ဘာလေး လာခဲ့ပါဦးဗျ "
သူ စစနောက်နောက်နဲ့ ပြောလိုက်ခြင်း ဖြစ်သည်။ သူ မြေစာပုံလေးက ထတော့ ကုက္ကိုပင်ပေါ်က ငှက်များသည် ရုတ်ခြည်း ထပျံကုန်၏။ သူပင် အနည်းငယ် လန့်သွားသေးသည်။
မြေစာပုံကို ကြည့်၍ စိတ်ဝယ် သရိုးသရီ ခံစားရသည်။ ဘာမှန်းမသိ ။
အပြန်လမ်းတလျောက်တွင် သူ့နောက်ကနေ လူတစ်ယောက် ကပ်လျှောက်လာသလို ခံစားမိနေသည်။စိတ်ထဲ ရိုးရိုးယွယွ ဖြစ်လာ၍ မကြာခဏ အနောက်သို့ လည်ပြန်ကြည့်၏။သူ့နောက်က ဘယ်သူ့မှ ပါမလာချေ။
ဒါပေမယ့် ရွာထဲကို စဝင်လာကတည်းက သူ့နှာဝတွင် စပယ်ပန်းရနံ့လေး စွဲကပ်လာသည်မှာ ခြံဝ ရောက်သည်အထိပင်။ အိမ်ထဲ ဝင်တော့မှ စံပယ်ရနံ့က ပျောက်ကွယ်သွားလေ၏။
သူ တစ်ခုသော အကြောင်းအရာကို တွေးမိတော့ ကြက်သီးပင် ဖျန်းဖျန်းထသွားသည်။
အဖွားသည် စံပယ်ပန်း သိပ်ကြိုက်သည်မဟုတ်လား။
...............
၆။
ဒီကနေ့ညတော့ အပူကလည်းလျော့၊ ညနေစောင်း သုသာန်က အပြန်မှာ ရေချိုးထားတာကြောင့် နေလင်းသည် ခပ်စောစောကပင် အိပ်ပျော်သွားခဲ့သည်။
သူ တရေးနိုးလာတော့ သူ့ ကုတင်ဘေးမှာ ပိန်ပိန်ပါးပါး ၊ ရင်ဖုံးအင်္ကျီ နံသာရောင်နှင့် ဂန့်ဂေါလုံချည် အစင်းကို ကျနစွာ ဝတ်ဆင်ထားသည့် အဖွားကို မြင်တွေ့လိုက်ရသည်။
အဖွားသည် အမေကိုယ်တိုင် အဖွား၏ အလောင်းပေါ်လွှမ်းပေးခဲ့သော အဝတ်များဖြင့် သူ့အား လာတွေ့ခြင်း ဖြစ်သည်။
အဖွားမျက်နှာသည် သိသာထင်ရှားစွာ ညှိုးနွမ်းနေရှာ၏။ တမလွန်တွင် လွန်စွာ ပင်းပန်း ဆင်းရဲနေပုံလည်း ရသည်။ခါးချိကာ ဇက်ကလေး ပုဝင်နေ၏။
အမြဲတန်း ဆီလိမ်း စုစည်းပြီး သနပ်ခါးဘီးဖြင့် ပတ်ထားလေ့ ရှိသည့် ခပ်ပါးပါးဆံစတို့မှာ ပြေလျော့ နွမ်းခြောက်နေသည်။ မီးလောင်ထားသကဲ့သို့ပင်။
နဖူးပေါ်တွင်လည်း ချွေးစများ သီးနေ၏။
သို့သော်လည်း အဖွားကိုယ်မှ စပယ်ပန်းရနံ့ကို ရနေဆဲပင်။ အဖွားက သူ့လက်ကို လာဆွဲသည်။ အဖွားလက်တွေက ရေခဲတမျှ အေးစက်နေကြသည်။
နေလင်းသည် သေလွန်ပြီးသော အဖွားအား ကြောက်လန့်နေမိသည်။သူ့အား လာတွေ့သော အဖွားသည် သူထင်ထားသလို နတ်ပြည်က လာတာမဟုတ်မှန်း သေချာနေ၏။
" အဖွား မြေးကို လွမ်းလို့ လာခေါ်တာ၊ လာ ... မြေး အဖွားနောက်ကို လိုက်ခဲ့ "
နေလင်းသည် အာစေးမိနေသူပမာ စကားတစ်ခွန်းမှ မဆိုနိုင်သလို ၊ ငြင်းဆန်ခြင်းလည်း မရှိချေ ။ အဖွား ခေါ်ရာနောက်သို့ ခပ်ကုပ်ကုပ် လိုက်ပါသွားလေ၏။
အဖွားက သူ့ကို ဘကြီးထွန်းတို့အိမ်နှင့်သူတို့အိမ် အကြားက ခြံစည်းရိုးရှိရာသို့ ခေါ်သွားခြင်း ဖြစ်သည်။
ခြံစည်းရိုး ရောက်သည်အခါ အဖွားက သူ့အား မချိတရိလေး ပြုံးယောင်သမ်းပြ၏။ ပြီးလျင် သူ၏ လက်ကို လွှတ်ပေးလိုက်သည်။ မကြာမီ အဖွားရှေ့က ခြံစည်းရိုး မြေသားသည် သူ့ရှေ့တွင် ကွဲအက်လာသည်။ ကွဲအက်သွားသည့် မြေသားတွင် အက်ကြောင်းကြီးတစ်ခု ထင်ဟပ်လာ၏။ အတွင်း၌ ချော်ရည်ပူကဲ့သို့သော် မီးလျံများ အရှိန်ငြီးငြီးဖြင့် တောက်လောင်နေကြသည်။
အဖွားသည် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ထိုမီးလျံတွေကြားထဲ ခုန်ဆင်းသွားသည်။ သူ ကြောက်လန့်တကြား အော်ဟစ်လိုက်ပေမယ့် အသံသည် လည်ချောင်းဝတွင် တစ်ဆို့ကာ အပြင်သို့ ထွက်မလာခဲ့ချေ။
မကြာပါ ... အဖွားသည် အက်ကြောင်အပေါ်သို့ ပြန်တက်လာ၏။ တက်လာသည့် အဖွား၏ ခေါင်းပေါ်တွင် မီးလျံများ အရှိန် တငြီးငြီး တောက်လောင်နေသော မြေစိုင်ခဲကြီးကို မနိုင်မနင်း ရွက်လာရ၏။
အဖွားမျက်နှာသည် ဆင်းရဲပင်ပန်းစွာ ပူလောင်နေရှာသည်။ ထမ်းရွက်ထားသော မီးတောက်နေသည့် မြေစိုင်ခဲကြီးမှာ တဲငယ်တစ်လုံး နီးပါးရှိလေ၏။
အဖွားသည် ထိုမြေပူကြီးကို ရွက်ကာ ခြံစည်းရိုး အရှေ့နောက် ခေါက်တုံခေါက်ပြန် လျှောက်လှမ်းနေရပြန်သည်။
အဖွားခမျာ ရွက်ထားသည် မြေစိုင်ခဲကြီးက ပူလောင်လွန်း၍ ကယ်ပါယူပါ တစာစာ ဟစ်အော်နေရသည်။
သူ သိလိုက်ပြီ။ အဖွားသည် တပါးသူ၏ မြေကို ခိုးယူကျူးကျော်လေသောကြောင့် မြေခံနေရခြင်း ဖြစ်လိမ့်မည်။တနည်းဆိုသော် ငရဲ ကျနေခြင်းသာ။
" မြေးလေးရေ အဖွားကို ကယ်ပါဦး ၊ ပူလှပါပြီ ၊ လေးလှပါပြီ ၊ ကြောက်လှပါပြီ ၊ အဖွားကို ကယ်ပါဦး မြေးလေးရေ "
အဖွားသည် အကြိမ်ကြိမ်အခါခါ အော်ဟစ် အကူအညီ တောင်းခံနေရှာသည်။ သူ မတတ်နိုင်ပါ ။ အခုချိန်၌ သူ မကူညီနိုင်ချေ။
သူ့နားထဲတွင် ...
" မြေး ... အဖွား အခုလို ငရဲ ခံနေရတာ ၊ အဖွား လူ့ဘဝမှာ အသက်ရှိစဉ်က သူများမြေကို ခိုးခဲ့ ၊ ကျုးကျော်ခဲ့လို့ပဲ ။
ဒါပေမယ့် အဖွား သက်ရှိထင်ရှား ရှိစဉ်က ပြုခဲ့ဖူးသမျှ ဒါနအစုစုတွေကြောင့် ဒီဝဋ်ဆင်းရဲကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။
အဲ့ဒါကတော့ မြေးက ဘကြီးသိန်းကို သေချာပြောပေးပါ။ အဖွား အမှတ်မှားပြီး ဇွတ်တရွတ် အပိုင်သိမ်းခဲ့တဲ့ မြေကို ပြန်လက်သင့်ခံပါလို့ ။
အဖွားကိုယ်၌က ဘကြီးသိန်းကို ပြန်ပေးခိုင်းတာပါလို့ ပြောနော်။ဘကြီးသိန်းက လက်ခံတာနဲ့ မြေးကိုယ်တိုင် ခြံစည်းရိုးကို အမှားအယွင်းမရှိ ပြန်ခတ်ပေးပါ။ပြီးရင် အဖွားကိုရည်စူး ကုသိုလ် လုပ်ပေးပါ ။
အရင်တစ်ခါ မင်းအမေ ကုသိုလ် အမျှဝေတုန်းက အဖွား သာဓု မခေါ်ဆိုနိင်ခဲ့ပေမယ့် ၊ မင်းက အဖွားပြောသလို ဆောင်ရွက်ပေးရင် သာဓု ခေါ်နိုင်ပါပြီကွယ်။
အဲ့ဒါဆိုရင် အဖွား ဒီငရဲက လွတ်ပါလိမ့်မယ်။ မြေးရေ အချိန် မဆွဲပါနဲ့နော် ၊ အဖွား ဝဋ်ဒုက္ခတွေ ခံစားရတာ ကြောက်လွန်းလို့ပါကွယ် "
ထိုသို့ပြောပြီး အဖွားသည် မြေပူကြီးကို ခေါင်းပေါ် ထမ်း၍ ပျောက်ကွယ်သွားလေ၏။သူ၏ နှာဝတွင် စပယ်ပန်း ရနံ့သည် စွဲမြဲစွာ ကျန်ရစ်နေဆဲဖြစ်သည်။
..................
၇။
နောက်တစ်ရက်တွင် နေလင်းသည် အမေ့ကို ခေါ်၍ ဘကြီထွန်းတို့ ခြံဘက်ကို ကူးခဲ့သည်။
သူ ဒီရက်ပိုင်း မြင်မက်နေသော အိမ်မက်ဆန်းကို ဘကြီးထွန်းအား ဖွင့်ပြောပြသည်။ ဘကြီးထွန်းသည် စိတ်မကောင်း ဖြစ်သွားသည်။
ထို့နောက် သူနဲ့အမေက ဘကြီးထွန်းအား အဖွား ကျုး၍ ခတ်ထားသော တစ်တောင်ခန့် မြေကို ပြန်၍ လက်သင့်ခံပါရန်၊ အဖွားအား ခွင့်လွှတ်ပေးပါရန် တောင်းပန်ကြသည်။
ဘကြီးထွန်းသည် ဒီတစ်ခါတော့ နားလည် သဘောပေါက်ဟန်တူသည်။
" သား ကြိုက်သလိုသာ စီစဉ်ပါ။ ဘကြီးထွန်း မစိမ်းအပေါ် ဗွေမယူပါဘူး။ အပြစ်ဟူသမျှ ခွင့်လွှတ်ပါတယ် "
ဘကြီးထွန်းက ခြံစည်းရိုး ပြန်ခတ်မည်ကို လက်သင့်ခံလိုက်သည်။ နေလင်းတို့ သားအမိမှာ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း ။
သေချာပါသည်။ ခြံစည်းရိုးကို သူ့မူလရှိခဲ့သည့်အတိုင်း ပြန်ခတ်လိုက်သည်။လဲ့မှိုပင်ကြီးသည် ဘကြီးထွန်းခြံဘက် ပြန်ရောက်သွားသည်။ ရက်အနည်းငယ်အတွင်း ရွာဦးကျောင်း ဆရာတော်နှင့် သံဃာများအား ပင့်ဖိတ်၍ အဖွားကို ရည်စူးပြီး ဆွမ်းလုပ်ကျွေးသည်။အဖွား အသက်စေ့ သင်္ကန်း ဒွိစုံ ၈၁စုံ ကပ်လှူသည်။ ရေစက်ချ တရားနာသည့်အခါ အဖွားအား တရားနာဖိတ်ခေါ်သည်။
ထူးခြားသည်မှာ ဆရာတော် တရားဟောနေစဉ် လဲ့မှိုပင်ကြီးပေါ်သို့ ကျီးကန်းများ အုပ်လိုက် လာနားပြီး ငြိမ်သက်စွာ တရားနာကြခြင်းပင် ။
ရေစက်ချ ကုသိုလ်အမျှဝေသည့်အခါမှာတော့ ထိုကျီးငှက်အုပ်ကြီးသည် တအာအာနဲ့ အသံပြုပြီး အုပ်လိုက်ကြီး ပျံထွက်သွားကြခြင်း ဖြစ်သည်။
နေလင်း နှင့် အမေသည် တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြပြီး ကျေနပ် ဝမ်းမြောက်စွာ ပြုံးရယ်လိုက်ကြသည်။အဖွားသည် ကုသိုလ်အမျှ ရသွားပါလိမ့်မည်။ ဘာကြောင့်ဆိုတော့ ...
သူတို့ တစ်အိမ်လုံး စပယ်ပန်းရနံ့ မွှေးကြိုင်သွားသည်ကို တရားနာ ကြွလာကြသည့် ဘကြီးထွန်းတို့ သားအဖရော ၊ ရွာထဲက လူအချို့ရော ရှုရှိုက်မိသွားကြသောကြောင့် ဖြစ်ပါသည်။
ပီပီ(မန္တလေး)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။