အတိတ်ရဲ့အရိပ်
lotaya.mpt.com.mm
|
2021-05-04

အတိတ်ရဲ့အရိပ်

အပိုင်း ( ၁ )

( အေးရိပ်ငြိမ်) မိဘမဲ့ဂေဟာ... ။

"" ဝုန်း ""

"" ဆရာမ.. အီး..ဟီး..ဟီး.. သားကြောက်တယ်..

ဆရာမ.. ""

ဂေဟာအပေါ်ထပ်မှ ဆူညံသံကြောင့် ဆရာမဒေါ်စံထားယဉ် ထိတ်ထိတ်ပြာပြာနှင့် ပြေးတက်သွားသည်။သူမအပေါ်ထပ်အခန်းထဲသို့ရောက်သွားချိန်တွင် မထင်မှတ်ထားသော ထိတ်လန့်ဖွယ်ရာမြင်ကွင်းကြောင့် အသက်ရှုကြပ်သွားခဲ့ရ၏။

အခန်းနံရံပေါ်တွင် မြှောက်တက်နေပြီး ငိုယိုနေသော မြတ်သူအောင်ဆိုသည့်အသက် ( ၈ )နှစ်အရွယ်ကောင်လေးကိုတလှည့်ကြည့်လိုက်မြတ်သူအောင်အား စားတော့ဝါးတော့မတတ်စိုက်ကြည့်နေသောမှုံနံ့သာ ဆိုသည့်အသက် ( ၁၂ )

နှစ်အရွယ် ကလေးမလေးကိုတလှည့်ကြည့်လိုက်နှင့် သူမဆွံ့အနေခဲ့သည်။ပြီးမှ သတိပြန်ဝင်လာပြီး မြတ်သူအောင်ကို ဆွဲခေါ်လိုက်ေတာ့သည်။

သို့သော် မမြင်ရသောစွမ်းအင်တစ်မျိုးကို ဒေါ်စံထားယဉ်

မထိန်းချုပ်နိုင်ချေ။ သူမချွေးဒီးဒီးကျရင်း ဂေဟာအောက်ထပ်မှ အခြားသောဆရာ ၊ဆရာမများကို အော်ခေါ်လိုက်သည်။အောက်ထပ်မှ ပြေးတက်လာကြသော ဆရာ ၊ ဆရာမ များအသံကြားသည်နှင့် မှုံနံ့သာသည် သူမ၏ အကြည့်များကို ရုတ်သွားလေသည်။ထိုအခါမှ မြတ်သူအောင်လည်း နံရံမှ လျောကျလာခဲ့တော့သည်။

"" ထားရေ.. ဘာဖြစ်တာလဲ.. ""

မြတ်သူအောင်အား ပွေ့ထားပြီး တုန်ယင်နေသောသူမကို

ဆရာများဆရာမများက နားမလည်စွာကြည့်နေကြ၏။

ဒေါ်စံထားယဉ်ပြန်ဖြေဖို့ အဖြေမရှိခဲ့ချေ။သူမပြောသည်ကိုလည်း မည်သူကမှယုံကြည်လိမ့်မည်မဟုတ်ခဲ့။ထို့ကြောင့်သူမလိမ်ညာပြောလိုက်သည်။

"" မြတ်သူအောင်လေး.. စားပွဲပေါ်ကပြုတ်ကျလို့ပါ.. ""

ဟူ၍ ဆင်ခြင်ပေးကာ ထိုအဖြစ်အပျက်ကို သင်ပုန်းချေပစ်လိုက်တော့သည်။သို့သော် အဖြစ်အပျက်များကိုသိမြင်ခဲ့ရသဖြင့် သူမစိတ်ကျေနပ်မှုမရခဲ့ပေ။ မြတ်သူအောင်အားချော့မော့ပြီး သူမခေါ်သွားလိုက်သည်။ဒဏ်ရာများကို ရှာကြည့်သော်လည်း မည်သည့်ဒဏ်ရာမှမရှိေန၍ ကလေးကိုချော့မော့ကာ ထိတ်လန့်မှုကိုဖြေဖျောက်ပေးရင်း သူမသိချင်သည်ကိုမေးမြန်းကြည့်သည်။

မြတ်သူအောင်က ငယ်သေးသည့်အရွယ်ဖြစ်၍ ဘာမှသိဟန်မရှိပေ။ သူမကျေနပ်စေမည့်အဖြေကိုမပေးနိုင်ခဲ့။ထို့ကြောင့်လက်လျော့ကာမှုံနံ့သာကိုသာ မေးရမည်ဟု သူမစိတ်ကူးလိုက်သည်။စိတ်ကူးသာစိတ်ကူးရသည် မေးမြန်းရမည်ကိုမဝံ့ရဲသလိုဖြစ်နေမိသည်။ မှုံနံ့သာ ဆိုသည့်ကလေးမလေးသည် အေးရိပ်ငြိမ်ဂေဟာသို့ရောက်လာသည်မှာ တစ်လခန့်ပင်ရှိသေး၏။

ကလေးမလေး၏မိဘနှစ်ပါးနှင့်အတူခရီးထွက်ရာမှကား

အက်ဆီးဒန့်ဖြစ်ကာ သူမတစ်ယောက်ထဲ အသက်ရှင်ကျန်နေရစ်သူဖြစ်သည်။နီးစပ်ရာဆွေမျိုးအသိုင်းအဝန်းများကမည်သူမှ မှုံနံ့သာကိုမစောင့်ရှောက်ချင်ကြဘဲ ဟိုလူလွှဲချ ဒီလူလွှဲချနှင့် အုပ်ထိန်းသူကင်းမဲ့နေသော မှုံနံ့သာကို သူမမိဘအသိမိတ်ဆွေအချို့က အေးရိပ်ငြိမ်သို့ပို့ပေးခဲ့ခြင်းဖြစ်သည်။

မှုံနံ့သာဂေဟာသို့ရောက်သည့်အခါ ကလေးမလေးသည်

စကားနဲလွန်းပြီးအခြားကလေးများလိုဆော့ကစားခြင်း

မရှိချေ။ သူမဘာသာသီးသန့်နေ၏။ဂေဟာသို့ရောက်ပြီး နှစ်ပတ်ကြာသောအခါသူမတွင်သူငယ်ချင်းအသစ်ရသွားခဲ့သည်။

ထိုကလေးမလေးမှာ ဂျူလိုင်မိုး ဟုခေါ်ပြီး သွက်သွက်လက်လက်နှင့် ချစ်စရာကောင်းသည်။ မှုံနံ့သာ နှင့်ဂျူလိုင်မိုး တို့မှာ တွယ်တာရာမဲ့သောအခြေအနေတွင်အချစ်ဆုံးသူငယ်ချင်းဖြစ်သွားကြသည်။

အသက်အရွယ်ကလည်း အသက် ( ၁၂ )နှစ်အရွယ် အတူတူပင်ဖြစ်၏။ဒေါ်စံထားယဉ်သည် အတွေးစတို့ကိုဖြတ်တောက်ရင်း..မှုံနံ့သာရှိရာသို့ ထွက်လာခဲ့သည်။ခါတိုင်းမြင်တွေ့နေကြအတိုင်းမှုံနံ့သာ နှင့် ဂျူလိုင်မိုး တို့ကို ဂေဟာခြံဝင်းထဲရှိ ပိတောက်ပင်ကြီးအောက်တွင် ထိုင်နေကြသည်ကိုတွေ့လိုက်ရသည်။

သူမထိုနေရာသို့ တစ်လှမ်းချင်းလျှောက်လှမ်းသွားသော်လည်း ရင်တဒိတ်ဒိတ်ခုန်နေ၏။ မှုံနံ့သာနံဘေး

တွင် ထိုင်လိုက်ပြီး...

"" သမီးလေး.. မြတ်သူအောင်နဲ့ ဘာလို့ရန်ဖြစ်တာလဲသမီး..ဆရာမကိုပြောပြပါလား..နော်သမီး.. ""

မှုံနံ့သာက သူမကိုတစ်ချက်စောင်းငဲ့ကြည့်ပြီး စကားတစ်

ခွန်းမှမဟဘဲ ဆိတ်ဆိတ်နေနေလေသည်။ဂျူလိုင်မိုးကတော့ တစုံတခုကိုကြောက်ရွံ့နေဟန်ဖြင့် သူမကိုကြည့်နေ၏။

"" သမီးဂျူလိုင်.. သမီးသိရင် ဆရာမကိုပြောပြနော်.. ""

ဂျူလိုင်မိုးက မှုံနံ့သာ ကိုကြည့်လိုက်သောအခါ ကလေးမလေးကပိတောက်ပင်အောက်မှ ထထွက်သွားလေသည်။ဂျူလိုင်မိုးမှ အသံတိုးတိုးလေးဖြင့်...

"" မှုံနံ့သာက မပြောစေချင်ဘူးဆရာမ.. ""

"" သမီးဘာမှမကြောက်နဲ့.. ဆရာမကသူ့ကိုကူညီပေးဖို့မေးတာပါ..ရိုက်မှာလည်းမဟုတ်ဘူး..ဆူလည်းမဆူဘူး..

နော်.. ""

"" ဟုတ်ကဲ့ဆရာမ.. မြတ်သူအောင်ကသမီးအင်္ကျီကို

ဘောလ်ပင်နဲ့ခြစ်တယ်.. သမီးဆံပင်ကို ဝါးပြီးသားပီကေ

နဲ့ကပ်တယ်ဆရာမ..ပြောလို့မရလို့ မှုံနံ့သာ က အပြစ်ပေး

လိုကျတာပါ.. ""

"" ဘယ်လိုအပြစ်ပေးလိုက်တာလဲ.. ခုနကလိုမျိုးလား.. ""

ဒေါ်စံထားယဉ် အလန့်တကြားမေးလိုက်သည်။

"" ဟုတ်ကဲ့.. မှုံနံ့သာက နတ်သမီးပါဆရာမ.. ဘယ်သူမှ

မပြောပြပါနဲ့နော်ဆရာမ..""

"" နတ်သမီး.. ဟုတ်လား.. ""

"" ဟုတ်ဆရာမ.. ""

သူမရင်ထဲမွှန်းကြပ်ကြပ်ကြီးခံစားလိုက်ရ၏။ယခုလို

အဖြစ်မျိုးသည်သူမဘဝတွင်အိပ်မက်ပင်မမက်ဖူးခဲ့ချေ။နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများတွင်သာ တွေ့ရတတ်သော

စိတ်စွမ်းအင် ကိုသူမအပြင်တွင်လက်တွေ့ကျကျတွေ့မြင်ခဲ့ရချေပြီ။

သူမကတော့ ယခုမှုံနံ့သာဖြစ်နေသောအရာကို စိတ်စွမ်းအင်ဟုသာ ယာယီသတ်မှတ်လိုက်တော့၏။အခြားသောဆရာ၊ဆရာမ များနှင့် အခြားသူများမသိစေရန်လည်းသူမကာကွယ်ပေးထားရဦးမည်ဟု ခံယူလိုက်သည်။

ဗဟုသုတနည်းပါးသည့်အရပ်ဒေသဖြစ်၍ သိရှိသွားပါက စုန်းမဟူသောစကားလုံးများနှင့် အရွယ်ငယ်သေးသောကလေးကို ဒုက္ခရောက်စေနိုင်လိမ့်မည်။ ထိုထက်ပိုဆိုးသည်က စုန်းမအဖြစ်အားလုံးကလက်ခံသွားပါလျှင်

မှုံနံ့သာ၏ အသက်အန္တရာယ်စိုးရိမ်ရပေမည်။

ဒေါ်စံထားယဉ်သည် ထိုညတစ်ညလုံး မအိပ်ဘဲစဉ်းစားနေ၏။ထို့နောက်သူမဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချမှတ်လိုက်တော့သည်။နောက်တစ်နေ့တွင် အေးရိပ်ငြိမ်ဂေဟာမှ အလုပ်ထွက်စာတင်ပြီး မှုံနံ့သာ နှင့် ဂျူလိုင်မိုးတို့နှစ်ယောက်ကိုသူမ၏ အမွေစားအမွေခံသမီးအဖြစ်မွေးစားလိုက်လေသည်။

ဒေါ်စံထားယဉ် သည်သူမကိုယ်တိုင်ကမိဘမဲ့တစ်ဦးဖြစ်ခဲ့၏။အိမ်ထောင်ကျပြီး အိမ်ထောက်ဖက်ဆုံးပါးသွားရာမှ သားသမီးလည်းမထွန်းကားချေ။ သူမခင်ပွန်းချန်ထားရစ်ခဲ့သည့်စည်းစိမ်များကသူမယခုတစ်သက်ထိုင်စားနေ၍

ရ၏။

ထို့ကြောင့်သူမ၏ဘဝကို မိဘမဲ့ဂေဟာတွင်မြုပ်နှံထားခဲ့သူဖြစ်သည်။မှုံနံ့သာ နှင့်ဂျူလိုင်မိုးတို့ကိုခေါ်ပြီး သူမနေထိုင်ရာအိမ်ကိုရောင်းချကာ ခြေရာဖျောက်သွားခဲ့တော့သည်။

****************************

မီးရောင်များက ထည်ထည်ဝါဝါ ထွန်းတောက်နေသည်။အလှဆင်ထားသည့်ပန်းမျိုးစုံကလည်း ရနံ့များမွှေးကြိုင်နေပြီး ဝတ်ကောင်းစားလှနှင့်လူများစွာတို့ဖြင့် စည်ကားနေသော မင်္ဂလာညစာစားပွဲတစ်ခုတွင်.. ဂျူလိုင်မိုးသည် အလှဆုံးသတို့သမီးဖြစ်ခဲ့သည်။ ထိုနေရာသည် ကိုရဲရင့်ထွဋ်ခေါင်နှင့် မဂျူလိုင်မိုး တို့၏မင်္ဂလာဧည့်ခံပွဲဖြစ်၏..။

ငယ်စဉ်ကသွက်လက်ချက်ချာပြီး ချစ်စရာကောင်းသလောက် ယခုအသက် ( ၂၄ ) နှစ်တွင်တော့ အလှဆုံးပန်းတစ်ပွင့်လို အစွမ်းကုန်ပွင့်လန်းလာချေပြီ။

"" နင်အရမ်းလှတယ်..ဂျွန်... ""

မှုံနံ့သာက ဂျူလိုင်မိုးအား ဂျွန်ဟု ချစ်စနိုးခေါ်သည်။

"" ငါ့အနားမှာ ရှိပေးလို့ နင့်ကိုအမြဲကျေးဇူးတင်နေမှာပါ..

မှုံရေ.. ""

တစ်ယောက်နှင့်တစ်ယောက် ဝမ်းသာဝမ်းနည်းစွာဖြင့်

ကြည့်ရင်းစကားပြောနေစဉ်..

"" ဂျူလိုင်ရေ..သမီး.. ခန်းမထဲဝင်ရတော့မယ်..လာ.. ""

ဒေါ်စံထားယဉ်က နွေးထွေးစွာ လာခေါ်သွားတော့သည်။

ဂျူလိုင်မိုး၏မင်္ဂလာပွဲသည် အခမ်းနားဆုံးနှင့် ပျော်ရွှင်စွာအဆုံးသတ်သွားခဲ့သည်။

ဂျူလိုင်မိုး မင်္ဂလာဆောင်ပြီး ( ၆ ) လခန့်ကြာသောအခါ..

မှုံနံ့သာထံ ဖုန်းဆက်လာသည် ။ မင်္ဂလာပွဲပြီးကတည်းက အဆက်အသွယ်နည်းပါးသွားပြီး အပြင်တွင်မဆုံဖြစ်တော့သောကြောင့် ယခုကဲ့သို့ဖုန်းခေါ်လာမှုကို မှုံနံ့သာ ဝမ်းသာ

သွားခဲ့ရသည်။

"" ဟဲလို... ဂျွန်.. နင်အဆင်ပြေနေလား.. ပျော်နေလား..

ပြောပါဦး""

သူမအမေးကို ပြန်မဖြေဘဲ တစ်ဖက်မှ ငိုရှိုက်သံသာ ထွက်လာခဲ့၏။ဂျူလိုင်မိုး၏ ငိုသံသည် မှုံနံ့သာအတွက် ထိတ်လန့်စရာဖြစ်ခဲ့ရသည်။

"" ဂျွန်.. ဘာဖြစ်တာလဲ..ငါ့ကိုပြော.. ""

"" ငါ..ငါ.. သေချင်တာပဲ..မှုံရယ်.. ဟီး..အီး..ဟီး.. ""

"" ငါမေးနေတယ်..ဘာဖြစ်တာလဲလို့.. ""

"" ကိုရဲရင့်မှာ မယားကြီးရှိတယ်တဲ့ မှုံရယ်.. ငါ..ငါ..ဘာဆက်လုပ်ရမလဲ မှုံ.. ငါသေလိုက်ရမလား.. အီး..ဟီး.. ""

"" ဘာရယ်.. ဒီလူ..ကွာ.. ""

"" နောက်မှ ပြန်ဆက်မယ်မှုံ.. ပြန်လာနေပြီ.. ဒါပဲနော်.. ""

"" ဂျွန်... ဂျွန်... ဟဲလို.. ""

ဖုန်းအမြန်ချသွားသော ဂျူလိုင်မိုးအား စိတ်ပူပန်စွာဖြင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေခဲ့သည်။မှုံနံ့သာ၏ အကျင့်ကလည်း မည်သည့်ပြဿနာဖြစ်ဖြစ် သူမကိုယ်တိုင်သာဖြေရှင်းတတ်သည်။ယခုကိစ္စကြီးအား မွေးစားမိခင်

ဒေါ်စံထားယဉ်ကို အသိမပေးလိုပေ။

အသက်အရွယ်အရ ရောဂါဝေဒနာများခံစားနေရပြီး မသွားနိုင် မလာနိုင်ဖြစ်နေပြီဖြစ်၍ စိတ်ဒုက္ခမပေးလိုခြင်းလည်းဖြစ်သည်။ သူမဆုံးဖြတ်ချက်ချပြီး အဝတ်အစားအနည်းငယ်ကို ခရီးဆောင်အိတ်ထဲထည့်လိုက်သည်။

"" မှုံ..အရေးကြီးကိစ္စတစ်ခုပေါ်လာလို့.. ခရီးခဏထွက်ရ

မယ်မာမီ""

"" ဘယ်ကိုလဲမှုံ.. ကြာမှာလား.. ""

"" မကြာဘူးမာမီ.. တစ်ရက် နှစ်ရက်ပေါ့.. မာမီ့ကိုပဲစိတ်မချဘူး..ကလေးမလေးတွေခေါ်အိပ်နော်.. ကိစ္စပြီးတာနဲ့ မှုံ ချက်ချင်းပြန်လာမှာ.. ""

ဒေါ်စံထားယဉ်က ခေါင်းငြိမ့်ပြရင်းသက်ပြင်းချနေ၏။

မှုံနံ့သာကသူမထိန်းချုပ်ရနိုင်မည့်သူမဟုတ်မှန်းသူမသိနေခဲ့သည်မို့ အသာတကြည် ခွင့်ပြုပေးလိုက်ရတော့သည်။

ကားကိုအပြင်းမောင်းနှင်ရင်း မှုံနံ့သာ၏စိတ်က ဂျူလိုင်မိုးထံသို့သာရောက်နေခဲ့၏။ရဲရင့်ထွဋ်ခေါင်ကို အမှုန့်ကြိတ်ပစ်ချင်သော်လည်းဒေါ်စံထားယဉ်က သူမကိုမွေးစားကတည်းက မွေးရာပါအစွမ်းများကို ပေးမသုံးခဲ့တော့

သဖြင့် စိတ်ကိုလျှော့ချနေရသည်။ သူမသာစိတ်ထင်တိုင်းလုပ်ရလျှင် ရဲရင့်ထွဋ်ခေါင်သည် တစ်စစီဖြစ်သွားနိုင်ချေမည်။

တစ်နေ့လုံးကားမောင်းလာပြီး ညသန်းခေါင်လောက်တွင်

ဂျူလိုင်မိုးရှိရာမြို့သို့ ဆိုက်ရောက်လာခဲ့တော့သည်။ဂျူလိုင်မိုး၏ အိမ်သို့မောင်းသွားပြီး ခြံအပြင်ဖက်ခပ်လှမ်းလှမ်းတွင် ကားကိုမှောင်ရိပ်ထဲရပ်ထားလိုက်သည်။ထို့နောက်အိမ်ထဲကို ကြည့်ရင်း အခြေအနေကို စနည်းနာနေခဲ့၏။

အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေသော်လည်း မှုံနံ့သာ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို ခံစားနေရသည်။အမျိုးအမည်မသိသည့်လှုံ့ဆော်မှုက သူမ၏ခေါင်းထဲသို့ တိုး

ဝင်လာသည်။

"" ဟာ.. ဂျွန်.. ""

သူမ မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်နေချေပြီ။သူမကားပေါ်မှဆင်းပြီး ခြံထဲကျော်ဝင်ရန် ခြံအနားသို့ကပ်လိုက်စဉ် ခြံတံခါးပွင့်လာပြီး အရှိန်ပြင်းပြင်းနှင့်ကားတစ်စီးမောင်းထွက်သွားလေသည်။

"" ဂျွန်.. ""

သူမကားရှိရာသို့ အပြေးပြန်လာကာ ထိုကားနောက်သို့အမှီလိုက်မောင်းလိုက်သည်။ဂျူလိုင်မိုးအိမ်မှကားသည် သူမရှေ့၌ပင် ပျောက်ကွယ်သွား၏။လမ်းကြားများစွာသို့ကွေ့ဝင်သွားပြီး အစရှာမရတော့ချေ။မျက်ခြေပြတ်သွားသဖြင့် မှုံနံ့သာ ဒေါသစိတ်ကဆိုးရွားလာခဲ့တော့သည်။သူမကားကိုလမ်းဘေးတွင် ထိုးရပ်လိုက်ပြီး မျက်စိစုံမှိတ်ထားလိုက်သည်။

စိတ်ထဲမှ အသံလှိုင်းများရှိရာသို့ အာရုံခံကြည့်သည်။ပုံရိပ်များသည်ပီပြင်လာချေပြီ။ကားနောက်ခန်းထဲတွင် တစ်ကိုယ်လုံးကြိုးတုပ်ခံထားရပြီး ဒဏ်ရာဗရပွနှင့် ပါးစပ်တွင်အဝတ်ဖြင့်စည်းထားခြင်းခံရသော ဂျူလိုင်မိုး၊ သူမ၏

မျက်လုံးမှ မျက်ရည်စတို့ကစီးကျနေသည်။ကားရှေ့ခန်းတွင် မိန်းမတစ်ယောက် ကားမောင်းနေသည်။သူမ၏ နံဘေးတွင် ရဲရင့်ထွဋ်ခေါင်က တိတ်ဆိတ်စွာလိုက်ပါသွား၏။

မှုံနံ့သာ မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်နေချေပြီ ။လီဗာကုန်နင်းပြီး ထိုကားနောက်သို့ အသည်းအသန်လိုက်သည်။မြို့ပြင်ဖက်ခြုံတောအစပ်တွင် ကားရပ်သွားသည်ကိုသူမမြင်လိုက်ရသည်။ထိုကားနှင့်သူမသည် အလှမ်း

ဝေးလွန်းနေသေးသည်။ကားကိုအမြန်မောင်းပြီး အမှီလိုက်၏။သို့သော်သူမ မရောက်ခင်မှာပင်ကားကမောင်းထွက်သွားခဲ့ချေပြီ။အသွားတစ်လမ်း အပြန်တစ်လမ်းလည်းဖြစ်၍ ကားကဆက်မောင်းသွားသည်။

ထိုကားရပ်ခဲ့ရာနေရာသို့ ကားကိုရပ်ကာ ဆင်းကြည့်သော

အခါ..ခြုံတောထဲတွင် တစ်ကိုယ်လုံးဒဏ်ရာများသွေးများဖြင့် မေ့မျောနေသည့်ဂျူလိုင်မိုးကိုတွေ့သွားတော့၏။

"" ဂျွန်... ဂျွန်... ဘယ်လိုဖြစ်ရတာလဲဟာ.. ""

ချည်နှောင်ထားသောကြိုးများကိုဖြည်ပြီး ခြုံတောထဲပစ်ထားခဲ့ဟန်ရှိသည်။ မှုံနံ့သာက ဂျူလိုင်မိုးအားပွေ့ဖက်ပြီး ရင်ထဲနာကျင်စွာနှင့်အံကြိတ်လိုက်သည်။ထို့နောက် ဂျူလိုင်မိုးအား လှုပ်နိုးနေသည်။

အသက်မျှင်းမျှင်းသာကျန်ရှိတော့သော ဂျူလိုင်မိုးသည် မှုံနံ့သာအားကြည့်ပြီး...

"" ငါ့ဆီလိုက်လာတယ်နော်..မှုံ.. ""

"" အဲ့ဒါတွေပြောမနေနဲ့.. ငါနင့်ကိုရအောင်ကယ်မယ်..ဂျွန်..

ကြားလား.. ငါတွဲခေါ်မယ်..ထ.. ""

ဂျူလိုင်မိုးက ခေါင်းယမ်းပြရင်း...

"" ငါ..ငါ.. မနေရတော့ဘူး..မှုံ.. ငါသေရင်..မာမီ့ခြံထဲမှာမြုပ်ပေးပါဟာ..နော်.. ငါ..ငါ.. အ..အ.. ""

"" ဂျွန်... ဂျွန်... နင်မသေရဘူး.. ဂျွန်.. ""

မှုံနံ့သာ သည် အသံကုန်အော်ဟစ်ရင်း ပြောနေသော်လည်း

ဂျူလိုင်မိုးက အသက်မရှင်နိုင်တော့ပေ..။

"" အား... ""

ဝမ်းနည်းပက်လက်ဖြင့် သူမအော်ဟစ်ပစ်လိုက်သည်။မငိုတတ်သောသူမသည် ပါးပြင်ပေါ်တွင် မျက်ရည်များကစီးကျလာခဲ့ချေပြီ။ သူမနှုတ်ခမ်းများကို ကိုက်ရင်း...

"" နင် မသေရဘူးဂျွန်... နင့်ကိုငါပြန်ရှင်ခိုင်းမှာ.. ငါကသာမာန်လူမှမဟုတ်တာ.. ငါကနတ်သမီးလေ.. နင်မေ့နေတာလားဂျွန်.. ""

မှုံနံ့သာ ၏မျက်လုံးများသည် အစိမ်းရောင်သန်းသွားပြီး ဂျူလိုင်မိုးကို ' မ ' ချီလိုက်သည်။သူမမျက်နှာပေါ်တွင် ဒေါသများ..နာကြည်းမှုများနှင့် တင်းမာခတ်ထန်၍

နေသည်။

ကားတံခါးကိုတစ်ချက်စိုက်ကြည့်လိုက်ရာ ကားတံခါးသည်သူ့အလိုလိုပွင့်သွားခဲ့သည်။ကားထဲသို့ ဂျူလိုင်မိုးအလောင်းအားထည့်ပြီး သူမထိုနေရာမှ လှည့်ပြန်လာခဲ့လေ၏။

"" ငါနဲ့တွေ့ကြတာပေါ့..ရဲရင့်ထွဋ်ခေါင်.. ""

သူမ၏ အသံတိုးတိုးဖြင့် ကြိမ်းဝါးသံအဆုံး မြို့ပြင်ဖက်မှ

ငှက်အုပ်ကြီးက ထိတ်ထိတ်လန့်လန့်ဖြင့် ထပျံသွားကြလေသည်။

"" ကျွီ... "''

"" ဝုန်း.. ''"

"" မာမီ... မာမီ... ""

အိမ်ရှေ့မှကားတံခါးဆောင့်ပိတ်သံနှင့်အတူ မှုံနံ့သာ၏

အသံစူးစူးကိုပါကြားလိုက်ရသဖြင့် ဒေါ်စံထားယဉ် ထိတ်

ထိတ်ပြာပြာဖြစ်သွားရတော့သည်။ဘုရားရှစ်ခိုးနေရာမှ ရုတ်တရက်ထရပ်လိုက်သော်လည်းဒူးမကောင်းသောသူမ

အဖို့ နှုတ်မှ တကျွတ်ကျွတ်ညည်းရင်း အားတင်းကာထရပ်လိုက်၏။

ဘုရားခန်းမှ ခပ်သွက်သွက်ထွက်လာပြီးအိမ်အောက်ထပ်

သို့ငုံ့ကြည့်လိုက်သောအခါ မှုံနံ့သာသည် ဂျူလိုင်မိုး

အလောင်းကို ပွေ့ချီပြီး အိမ်အပေါ်ထပ်လှေကားသို့တက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

"" မှုံ..ဂျူလိုင်ဘာဖြစ်လို့လဲ.. ဟင်.. ""

သူမမြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ထိတ်လန့်သွားကာ မေးမြန်းလိုက်သည်။မှုံနံ့သာက ဂျူလိုင်မိုးအလောင်းကို အိပ်ခန်းထဲပို့လိုက်ပြီး...

"" ရဲရင့်ထွဋ်ခေါင်နဲ့သူ့မိန်းမနဲ့.. ဂျွန်ကိုသတ်ပြစ်ကြတယ်

မာမီ.. ""

"" ဘာ... နင်ဘာတွေပြောနေတာလဲမှုံ... ""

"" ဟုတ်တယ်မာမီ.. မနေ့နေ့လည်က ဂျွန်..မှုံ့ဆီဖုန်းဆက်

တယ်..ရဲရင့်ထွဋ်ခေါင်မှာ မယားကြီးရှိတယ်တဲ့..သူသေ

လိုက်ရမလားဆိုပြီးပြောတယ်.. ပြောလို့မပြီးခင်မှာပဲ..ဖုန်းချသွားတာ..ဂျွန့်ကိုစိတ်ပူလို့မှုံ လိုက်သွားတာမာမီ.. ဒါပေမယ့်..ဂျွန်ကိုမကယ်လိုက်နိုင်ဘူး.. ""

မှုံနံ့သာသည် ပြောရင်း မျက်ရည်များစီးကျလာလေသည်။

ဒေါ်စံထားယဉ်ကတော့ မှုံနံ့သာ ပြောသမျှ နားထောင်းရင်း ငိုရှိုက်နေ၏..။

"" သမီးဂျူလိုင်လေး.. အဟီး..အီး... ငါဘယ်လောက်တောင်ပေးဆပ်ပြီး..နင်တို့ကိုမွေးခဲ့ရလဲ.. ဒီလိုဖြစ်ဖို့ငါမွေးခဲ့တာမဟုတ်ဘူး..ဟီး..အီး.. မာမီ..ရင်တွေကွဲပါပြီသမီးလေးရယ်.. ""

"" မငိုပါနဲ့..မာမီရယ်.. ဂျွန့်ကိုပြန်ခေါ်မယ်.. ""

"" ဘာတွေပြောနေတာလဲမှုံ.. ""

"" မာမီ.. မှုံနံ့သာက ဘာဆိုတာ..မာမီသိပါတယ်.. မှုံ့ကို ယုံလိုက်""

ဒေါ်စံထားယဉ်သည် မှုံနံ့သာ ကိုတွေတွေကြီးကြည့်နေ၏။

မှုံနံ့သာ၏အမူအယာများက အေးစက်စက်နိုင်သလို ကျောချမ်းဖွယ်လည်းကောင်းနေသည်ဟု သူမခံစားမိနေသည်။ယခုကိစ္စအား မှုံနံ့သာစီစဉ်သည့်အတိုင်းပင်

လက်ခံရမည်ဟုလည်းသူမသဘောပေါက်သည်။

မှုံနံ့သာက ဂျူလိုင်မိုးကို သူ့ဘဝဟုသတ်မှတ်ထားသူ.. ငယ်စဉ်ကတည်းက ဂျူလိုင်မိုးမျက်နှာတစ်ချက်မှ အညှိုးမခံခဲ့သူ..ယခုကိစ္စကြီးအတွက် ဒေါ်စံထားယဉ် ရတက်မအေးဖြစ်သွားရတော့သည်။

ဂျူလိုင်မိုးအတွက် ဝမ်းနည်းပူဆွေးသော်လည်း မှုံနံ့သာမည်သည့်အရာများပြုလုပ်မည်နည်းဟူသည်က ပို၍ထိတ်လန့်နေမိသလိုဖြစ်ပေါ်နေရှာသည်။ဒေါ်စံထားယဉ်က မှုံနံ့သာကို စေ့စေ့ကြည့်ပြီး..

"" သမီး မှုံ.. ""

"" မှုံ့ကို မာမီယုံတယ်..ဒါပေမယ့်မှုံဘာပဲလုပ်လုပ်.. မာမီ့မျက်နှာကိုအရင်မြင်ပေးပါသမီးရယ်.. မာမီ..နောက်ထပ်သမီးတစ်ယောက်ကိုထပ်အဆုံးရှုံးမခံနိုင်တော့ဘူး.. မှုံသာတစ်ခုခုဖြစ်ရင်..မာမီသေလိမ့်မယ်..ကြားလား..သမီး.. ""

မှုံနံ့သာ သည် ဒေါ်စံထားယဉ်ကို ပွေ့ဖက်လိုက်ပြီး..

"" မှုံ့ကို..ဘယ်သူမှသတ်လို့မရနိုင်ပါဘူးမာမီ.. ""

ထိုသို့ပြောပြီး အိမ်ထဲမှ ထွက်သွားလေတော့သည်။ဒေါ်စံထားယဉ်ကမှုံနံ့သာ၏ ကျောပြင်ကိုကြည့်ရင်း..

"" ဘုရား..ဘုရား.. ဘာမှလျှောက်မလုပ်ပါစေနဲ့.. ""

စိတ်ပူပန်စွာ ရေရွတ်နေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#နံ့သာ
#ဆရာမ
#ဂေဟာ
#သမီး
#နတ်သမီး

Some text some message..