ဝိဉာဉ်ကလဲ့စား
lotaya.mpt.com.mm
|
2021-07-20

၁။

' အခါတော်ပေးတာက ... နတ်ရေးငယ်ရွှေစာ ... '

ရွာထဲက လွင့်ပျံလာတဲ့ မင်္ဂလာသီချင်းက လော်သံ ခပ်စူးစူးနဲ့ဆိုတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဧည့်ပရိတ်သတ်တို့မှာ မဏ္ဍပ်ထဲ ဝင်လာမစဲ တဖွဲဖွဲပင် ရှိနေတော့၏။

မဏ္ဍပ်ဝမှာ တိုက်ပုံအင်္ကျီနဲ့ ပိုးပုဆိုးကို ကျကျနန ဝတ်ဆင်ထားတဲ့ ရုပ်ချင်းဆင်တူတဲ့ ညီအစ်ကို ၂ယောက်ဟာ ဧည့်ကြိုတာဝန်ကို ယူထားကြပုံရ၏။

၎င်းညီအစ်ကို ၂ဦး၏ မျက်နှာမှာ အထူး ဝမ်းမြောက်နေကြပုံလည်း ရ၏။ ပြုံးရွှင် ကြည်နူးနေကြသည်။

၎င်းတို့မှာ ယခု ကျင်းပနေသော မင်္ဂလာပွဲမှ သတို့သမီး မရတနာပုံ၏ အစ်ကိုရင်း နှစ်ဦး ဖြစ်ကြ၏။ ရွှေရအောင် နှင့် ငွေရအောင် ဟု ခေါ်ဆိုကြသော အမြွှာ ညီအစ်ကို ဖြစ်ကြသည်။

မင်္ဂလာမဏ္ဍပ်အဝက အဝင်ဆိုင်းဘုတ်မှာ သတို့သား အမည် ဖတ်၍ သိနိုင်သည်။ သတို့သား အမည်က မောင်စိန်သီး တဲ့။ ယနေ့သည် မောင်စိန်သီး နှင့် မရတနာပုံတို့၏ လက်ထပ်မင်္ဂလာ ရက်မြတ် ဖြစ်လေသည်။

မောင်စိန်သီးသည် ဤရွာမှ မဟုတ်။ တစ်ဖက်သော မြေပုံကြီးရွာမှ သူကြီးမင်း ဦးရွှေဘော်ရဲ့ ပထမ သားကြီးဖြစ်သည်။ ထို့ကြောင့် မင်္ဂလာမဏ္ဍပ်နှင့် မနီးမဝေးက ကွင်းပြင်မှာ တစ်ဖက်ရွာမှ လာကြသော ဧည့်ပရိတ်သတ်များ၏ လှည်းများကို တစီတတန်းကြီး တွေ့နိုင်သည်။

သတို့သမီးငယ် မရတနာပုံမှာ မျက်နှာသွယ်သွယ်လေးနှင့် အလွန်လှပနေပါသည်။ မိတ်ကပ်မကူ ဆေးမခြယ်ပဲတောင် မရတနာပုံ၏ အလှက ထင်ရှားသော အလှဖြစ်ပြီး ၊ အခုလို အလှပြင်ထားတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး တစ်လက်အလား ပေါ်လွင်ထင်ရှားလွန်း နေတော့သည်။

သတို့သား မောင်စိန်သီးသည် လှကညာ မရတနာပုံအား မြင်မြင်ချင်းပင် ချစ်မိလေသောကြောင့် ၊ အရအမိပိုးပန်းကာ ၊ မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ယူခဲ့ခြင်း ဖြစ်သည်။

ရွှေရအောင် နှင့် ငွေရအောင်တို့၏ ဓားကို သူ၏ မေတ္တာစစ် မေတ္တာမှန်ဖြင့် ဖယ်ရှားပြီး မဉ္ဇူသက အလှနတ်ပန်းကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

ဤ လက်ပံရွာမှာ ရွှေရအောင် နဲ့ ငွေရအောင်၏ ဓား ဘယ်လောက်ထက်လည်းဆိုတာ အထူးမေးစရာမလို။ ၎င်းတို့၏ နှမငယ် ရတနာပုံအား ပိုးပန်းခဲ့ကြဖူးသော ကာလသားတိုင်းက သိကြလေ၏။

ဓားထက်သည် ဆိုငြားလည်း ရွှေရအောင်နှင့်ငွေရအောင် ညီနောင်မှာ ဆိုးသွမ်းနေသည့် လူမိုက်များ မဟုတ်ကြပေ။ လယ်ယာလုပ်ငန်းခွင်၌ သူမတူအောင် ကြိုးစားကြသည့် တိုးတက်သော၊ ခေတ် အမြင်ရှိသော လူငယ်များ ဖြစ်ကြသည်။ ၎င်းတို့သည် နှမထွေးလေး မရတနာပုံအား ပုံအော ချစ်ကြသည်ဖြစ်ရာ ၊ နှမငယ်အား ထိကပါး ရိကပါး စနောက်ကြသည့် ကာလသားများနှင့်သာ ရန်ဖြစ်လေ့ရှိကြသည်။

ရွာဓလေ့ အတိုင်း ၊ လူငယ်တွေ ရန်ပွဲမှာ ဓားတပြက် ဒုတ်တပြက်ပင်။ ထိုအခါမျိုးမှာ ရွှေရအောင်တို့ ညီအစ်ကို၏ ဓားချက်ကို မည်သူကမှ အံမတုနိုင်ကြချေ။ အရှုံးပေးရသည်သာ။

ယခုအခါမှာတော့ ရွှေရအောင်နှင့်ငွေရအောင်တို့သည် နှမထွေးလေးအတွက် စိတ်ချရပြီ ဖြစ်သည်။ တစ်ဖက်သော သတို့သား အသိုက်အဝန်းက ပစ္စည်းဥစ္စာ ပြည့်စုံသည်သာမက ၊ ဩဇာအာဏာပါ ရှိကြသောကြောင့် နှမလေး၏ ရှေ့ရေးကို သူတို့ စိတ်အေးသွားကြပြီ ဖြစ်၏။

ရွှေရအောင် နှင့် ငွေရအောင်တို့ ညီအစ်ကိုသည် ' နှမလင်နေ ၊ မောင်ဖင်ကျိန်း ' ဆိုရိုးစကားကို ပြောင်းပြန် လှန်ပစ်လိုက်ကြပြီး ၊ နှမ လင်စံကောင်းတော့ မောင် ဝမ်းမြောက်ရ၏ ဆိုရတော့မည် ဖြစ်သည်။ ၎င်းတို့ ညီအစ်ကို နှစ်ဦး၏ ပီတိအပြုံးက နှမအတွက် ဂုဏ်ယူဝင့်ကြွားနေသည်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပေ။

_________

၂။

တောက် !

စည်သူ ... တောက်ခေါက်လိုက်သည်။ ၎င်း၏ မျက်နှာမှာ ချစ်သောသူကို ဆုံးရှုံးရပြီဟု သိရသော ဒသဂီရိဘီလူး သဖွယ် ၊ ဒေါသူပုန် ထနေ၏။

" ဒင်းတို့က ... တစ်ရွာသားကိုမှ အထင်ကြီးကြတာကိုး ...။ အေးလေ ... ဟိုက လယ်ပိုင်ရှင် သူကြီးသားမဟုတ်လား ၊ ငါလိုလူကိုတော့ ဘယ် အဖက်လုပ်နေမှာလဲ ... "

ထန်းရေအိုး လာချပေးသော ထန်းတောပိုင်ရှင် ကိုချစ်ဝင်းက မီးလောင်ရာလေပင့် ဆိုလေ၏။

" ဟိုက ပစ္စည်းဥစ္စာတင် ကြွယ်ဝတာမဟုတ်ဘူး စည်သူ ၊ ဘွဲ့ရပညာတတ်တဲ့ကွ ။ ဒါကြောင့် ဟိုအမွှာ ညီနောင်က ချက်ချင်း သဘောတူလိုက်တာလေ။ ဒင်းတို့က ငွေတင်မက်တာမဟုတ်ဘူး ၊ ဂုဏ်ကလည်း မက်လိုက်သေး။ တကယ်တော့ ညီမကို ဓနဥစ္စာ၊ ဂုဏ်ပကာသတွေနောက် ရောင်းစားလိုက်တာပဲကွ ... "

ပြောပြီး ကိုချစ်ဝင်းက ထွက်သွားသည်။ ကျန်ရစ်သူ စည်သူက လည်ပင်းက အမာရွတ်ဖုကို လက်ဖြင့် စမ်းကြည့်ရင်း ၊ ဒေါသမီးတွေ ဝင်းဝင်းတောက်လာသည်။

ဒီဒဏ်ရာက မတော်လိုက်ရတဲ့ ယောက်ဖ ညီနောင်ရဲ့ ဓားချက်ဒဏ်ရာ ဖြစ်သည်။ တနေ့သော်အခါ၌ စည်သူသည် ထန်းရေ မူးပြီး ၊ ရေခပ်ဆင်းလာသော ကွမ်းတောင်ကိုင် လှပျိုဖြူ ရတနာပုံအား ချစ်ရေးဆိုမိသည်။

ရတနာပုံက စည်သူအား ခါးခါးသီး ငြင်း၏။ ထန်းရေ မူးနေတော့ မိုက်သွေးကြွမိသည်။ သူ့အား မတူသလို မတန်သလို ပြောလာသော ရတနာပုံ၏ နုထွေးသော လက်တစ်ဖက် အတင်းဆွဲလိုက်မိ၏။

ရတနာပုံက ရေခပ်လာသူ အပျိုမများ သူမအား အရှက်ခွဲရပါ့မလားဆိုပြီး ဝမ်းနည်း ငိုကြွေးကာ ရေအိုးကို ချထားခဲ့ပြီး အိမ်ကို ပြန်ပြေးသွားခဲ့သည်။

မကြာပါ။ ရတနာပုံ၏ အစ်ကိုတော် အမွှာညီနောင်က တစ်ယောက် ဓားတစ်စင်းစီနဲ့ စည်သူရှေ့ ရောက်ချလာတော့သည်။

" ဟေ့ကောင် စည်သူ ၊ မင်းက ငါတို့နှမကို လက်ဆွဲတယ်ဆို ၊ ဘာလဲ မင်းက သွေးကောင်းလို့ ဓားတောင်းတာပေါ့လေ ... "

စည်သူဆိုတာကလည်း ' ဇ 'ကသေးသူမဟုတ်။ အဲ့ဒီတော့ မင်းဘာလဲ၊ ငါဘာလဲနဲ့ ရန်မီး စပွားတော့သည်။

ရွှေရအောင်က သူ့ညီ ငွေရအောင်ကို မျက်စပစ်ပြသည်။ ငွေရအောင်က သဘောပေါက်ဟန်တူသည်။ ကိုင်ထားသော ဓားလွတ်ကို စည်သူ့ရှေ့သို့ ပစ်ချပေးလိုက်ပြီး ...

" ငါတို့က ညီအစ်ကို ၂ယောက်ဆိုပြီး၊ တစ်ယောက်တည်းသမား မင်းကို အနိုင် မကျင့်ချင်ဘူး ၊ အဲ့ဒီတော့ မင်း တကယ် ' ဇ ' ရှိတယ်ဆိုရင် ၊ အဲ့ဒီဓားကို ကောက်လိုက် ငစည်သူ "

ငွေရအောင်က ထိုသို့ ပြောမှ စည်သူသည် သူနှင့်အတူပါလာသော မူးဖော်သောက်ဖက်များကို သတိထား ကြည့်လိုက်မိသည်။ သူ့အနားတွင် တစ်ကောင်တမြီးမှ မရှိကြတော့ ။ ဓားရေးထက်သည့် ရွှေရအောင်တို့ ညီအစ်ကို ရောက်လာသည်နှင့် အလျိုလျို ထွက်ပြေးသွားကြလေပြီ ဖြစ်သည်။

နောက်ဆုံးတွင် စည်သူ နှင့် ရွှေရအောင်တို့ ဓားကို ဓားချင်း ယှဉ်ပြိုင် ခုတ်သတ်ကြသည်။ စည်သူ ဆိုတာကလည်း ဓားရေး ခပ်ညံညံကောင်မဟုတ်ပါ။ သို့ပေမယ့် အမြဲတန်း ဓားသွေးပြီး ဓားရေး လေ့ကျင့်မပျက်သော ရွှေရအောင်ကို သူ မယှဉ်သာ။

ရွှေရအောင် ပုတ်ချလိုက်သော ဓားချက် ခပ်ပြင်းပြင်းကြောင့် ၊ သူ၏ ဓား မြေပေါ်သို့ လွတ်ကျသွားခဲ့သည်။

ရွှေရအောင်၏ ဓားဦးက သူ့လည်တိုင်ပေါ် တင်ထားလေပြီ ။

ခပ်တင်းတင်း ဖိထားသော ဓားချက်ကြောင့် စည်သူ၏ လည်ပင်းနံဘေးဘက်က သွေးတို့ စီးကျလာသည်။ တကယ် အသက်ဘေးနဲ့ နဖူးတိုက်ဒူးတိုက် ကြုံရပြီဆိုတော့ စည်သူ ဒူးထောက် တောင်းပန်ရလေပြီ။

"ငါ့ ... ငါ့ကို မသတ်ပါနဲ့ကွာ ။ ငါ မှားပါတယ် ။ ငါ တောင်းပန်ပါတယ် ။ မင်းတို့ ကျေနပ်တဲ့အထိ ငါ ဘာလုပ်ပေးရမလဲ ပြောပါ ။ မင်းတို့ ခိုင်းတာ ငါလုပ်ပါ့မယ် ... "

တုန်တုန်ရင်ရင် တောင်းပန်နေတဲ့ စည်သူကို သိန်းငှက်ကဲ့သို့သော ရဲဝန့်စူးရဲတဲ့ မျက်လုံးနဲ့ ရွှေရအောင်က ကြည့်ရင်း ...

" ငါ့နှမအတွက်ဆို ငါ လူသတ်ပြီး ထောင်ထဲ ဝင်ရမှာ ဝန်မလေးဘူး စည်သူ ၊ အေး ဒီတစ်ခါတော့ မင်းအမေ ဒွေးလေးမျက်နှာ ထောက်ပြီး ငါ လူမသတ်တော့ဘူး ၊

ဒါပေမယ့် မင်း ငါတို့ညီအစ်ကိုကို ကတိတစ်ခုပေးရမယ် ။ ဘယ်လိုလဲ ပေးနိုင်မလား စည်သူ "

စည်သူကား ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြီး ၊ ဘာဖြစ်ဖြစ် ကတိပေးပါမည်ဟု ဝန်ခံလေ၏။

" နောက်တစ်ခါ ... ငါ့နှမကို နှောက်ယှက်တာ ကြားရင် ၊ ငါ့အဆိုးမဆိုနဲ့။ မင်း အသက်ကို ငါယူပြမယ် ။

အေး ... မင်း ပေးရမယ့် ကတိက ၊ နောက်နောင် မင်း ငါ့ညီမရဲ့ မျက်စိရှေ့တောင် ဖြတ်မလျှောက်ပါဘူးဆိုတဲ့ ကတိပဲ ။

ဘယ်လိုလဲ စည်သူ ။ မင်း အဲ့ဒီ ကတိ ပေးနိုင် ၊ တည်နိုင်မလား "

စည်သူမှာ ၎င်း၏ လည်ပင်းပေါ်တင်ထားသည့် ဓားကို ကြောက်ရွံလွန်း၍

ရွှေရအောင်တို့ ညီအစ်ကို တောင်းသော ကတိကို ပေးလိုက်ရလေ၏။ ဒါတောင် ရွှေရအောင် ပေးထားတဲ့ ကတိကို တည်အောင် ကြိုးစားပါဟု သတိထပ်ပေးနေသည်။

ရွှေရအောင် ဓားကို ဆတ်ကနဲ ရုတ်လိုက်တော့ ၊ စည်သူ၏ လည်တိုင်မှ သွေးအချို့ ဖြာထွက်သွားသည်။ လည်ပင်းမှာ အတန်ငယ်နက်သော ဓားဒဏ်ရာ ကျန်ရစ်ခဲ့သည်။ ထို ဓားဒဏ်ရာကား သေရာပါ အမာရွတ် ကျန်နေခဲ့ခြင်း ဖြစ်လေ၏။

စည်သူသည် ထိုလည်ပင်းက အမာရွတ်ကို ဖိကိုင်လိုက်ရင်း ...

" ရွှေရအောင် ... ငွေရအောင် ...

ဒီတစ်သက် မင်းတို့ ညီအစ်ကို ငါ့ကို တစိမ့်စိမ့်တွေးပြီး ကြောက်လန့်နေရစေမယ်ကွ ၊ ငါ မင်းတို့ ညီအစ်ကိုကို ကောင်းကောင်းကြီး လက်စားချေပြမယ်။ စောင့်ကြည့်နေလိုက် ..."

____________

၃။

" ဒိုင်း ... "

သေနတ်သံသည် တောစပ်မှ ထွက်ပေါ်လာ၏။ လှည်းလမ်းကြောင်းပေါ် ဖြတ်လာသော အုန်းခွံရောင် မြင်းပေါ်က လူသည် သေနတ်သံနဲ့အတူ မြင်းပေါ်မှ လွင့်စင်ကျသွားလေ၏။

မကြာမီ လူတစ်ယောက်သည် သေနတ်ကို ထမ်းလျက် တောစပ်မှ ထွက်လာ၏။ ထိုလူသည် အခြားမဟုတ်။ စည်သူ ဖြစ်လေ၏။

မြင်းပေါ်က ပြုတ်ကျသူမှာ သွေးအိုင်ထဲ လဲကျနေသည်။ သို့သော် အသက် မသေသေး။ ပြင်းသော ဒဏ်ရာကြောင့် မြေပေါ်၌ ငြီးငြူနေရှာသည်။

စည်သူသည် ထိုလဲကျနေသော လူ၏ အနားကို ရောက်လာ၏။ ထိုလူက သူ့အား သေနတ်နဲ့ ပစ်ခတ်သောသူကို မော်ကြည့်၍ ... တအံတဩဖြစ်သွားလေ၏။

"ဟင် ... မင်း မင်း ...စည်သူ"

စည်သူက ဟက်ဟက်ပက်ပက် ရယ်မောလှောင်ပြောင်လိုက်ရင်း ...

" ဟားဟားဟား ... ဟုတ်တယ် ၊ ငါ စည်သူပဲ ရွှေရအောင် ။ ဘယ်လိုလဲ အခုတော့ မင်း ငါ့ခြေထောက်အောက်မှာ ပြားပြားဝပ်နေရပြီ မဟုတ်လား၊ မင်း ဘာတတ်နိုင်သေးလဲ ရွှေရအောင် ၊ မင်း ပြီးရင် မင်းရဲ့ညီအလှည့်ပဲကွ "

ရွှေရအောင်သည် ခံပြင်းဒေါသ ဖြစ်ကာ ...

" တောက်! မင်း လူယုတ်မာပဲ စည်သူ ။ မင်း ယောက်ကျားမဟုတ်ဘူးလား ၊ ငါ့ကို အလစ်ချောင်း လုပ်ကြံရဲတာ ၊ ယောက်ကျားကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူးကွ ။

အဲ့ဒါ အောက်တန်းကျတဲ့ လုပ်ရပ်။ မင်း မရှက်ဘူးလား စည်သူ "

ရွှေရအောင်က မှန်တာပြောတော့ စည်သူ မခံနိုင် ။ ဒေါသတကြီး ရွှေရအောင်၏ မျက်နှာကို ဖြတ်ကန်လိုက်သည်။

" ခွပ် ... "

" အား "

စည်သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

" ဟေ့ကောင် အပိုတွေ ပြောမနေနဲ့ ၊ မင်းကို ငါသတ်မှာ ၊ နောက်ဆုံးအနေနဲ့ မင်းညီကို ဘာမှာချင်သေးလဲ ၊ မင်းညီကို ခုလို ငါသတ်တဲ့အချိန်မှာ ဘာပြောပေးရမလဲ ဟားဟားဟား "

ရွှေရအောင်သည် ၎င်း သေရမည်ကို အမှုမထား ၊ ညီဖြစ်သူကို သတ်မည်ဟူသော စကားကို ကြားရသည့်အခါ ...

" စည်သူ ... မင်း ငါ့ကိုသာ သတ်ချင် သတ်လို့ရမယ် ။ အေး ... ငါ့ညီကိုတော့ မင်း သတ်လို့မရဘူး ။ မင်း ငါ့ညီကို သတ်ဖို့ကြံတိုင်း ငါက မင်းကို ပြန်လက်စားချေ သတ်မယ်ဆိုတာ မင်း မြဲမြဲ မှတ်သွားလိုက် ... "

စည်သူက ရွှေရအောင်အား သနားသလို စုပ်သပ်လိုက်ပြီး ...၊

" ကျွတ်... ကျွတ် ... ကျွတ် ၊ ဒီကောင်ကတော့ သေခါနီး သွေးရူးသွေးတန်း လျှောက်ပြောနေပြန်ပါပြီ ၊ ကဲ ... သွားပေဦးတော့ ရွှေရအောင်ရေ ၊ မကြာခင် မင်းညီလည်း မင်းနောက်လိုက်လာလိမ့်မယ် "

ထိုသို့ပြောပြီး ၊ စည်သူသည် ရွှေရအောင်၏ ခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်ပြီး မောင်းခလုပ်ကို ဆွဲညစ်လိုက်တော့သည်။

" ဒိုင်း ... "

သေနတ်သံကား တောင်ကြားနံရံကို ထိစပ်ပြီး ပဲ့တင်သံ ဟိန်းထွက်လာသည်။

__________

ျ၄။

( နောက် ၃လ အကြာ )

ငွေရအောင် လယ်တောက ပြန်လာချိန်ကို လမ်းခုလပ်မှ ဖြတ်၍ လုပ်ကြံရန် ၊ စည်သူ စောင့်စားနေခြင်း ဖြစ်သည်။

ငွေရအောင်သည် သူ၏ ပစ်ကွင်းထဲ ရောက်လာသည်နှင့် ပစ်ခတ်နိုင်ရန် ၊ ၎င်း၏ လုပ်သေနတ်ထဲကို ကျည်ဖြည့်ထားပြီး ဖြစ်သည်။

ဤသေနတ်နဲ့ပင် အမွှာ ညီအစ်ကိုထဲမှ အစ်ကိုဖြစ်သူ ရွှေရအောင်ကို ကလဲ့စားချေ သတ်ဖြတ်ခဲ့ပြီး ဖြစ်လေ၏။

စည်သူသည် လူပါးလူနပ် ဖြစ်သည့်အတိုင်း ရွှေရအောင်တို့ ညီအစ်ကိုအား လက်စားချေရန်မှာ ဓားကို ဓားချင်းနဲ့ မဖြစ်နိုင်မှန်း သိလေ၏။ ထို့ကြောင့် လုပ်သေနတ်တစ်လက်ကို မြို့ပေါ်တက် ရှာဖွေခဲ့လေ၏။

သူလို လူဆိုးလူမိုက်တစ်ယောက်အတွက် ၊ လုပ်သေနတ် တစ်လက် ရရန်မှာ သိပ်ပြီး ခဲယဉ်းသည်တော့မဟုတ်။ အဖိုးအခ ကောင်းစွာပေးလျင် သေနတ်အစစ်ပင် ရနိုင်သည်။ သို့သော် စည်သူမှာ ငွေအလုံအလောက် မရှိ၍ ၊ လုပ်သေနတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

လုပ်သေနတ် တစ်လက်၊ ကျည်ဆံ ၁၂တောင့် သူ ဝယ်ယူလာခဲ့သည်။ သေနတ်မှာ ယခင်က ရွာကို မကြာခဏလာသော မြို့က အရာရှိများနှင့် တောကောင်လိုက်ခဲ့စဉ်က ရင်းနှီးကျွမ်းဝင်နေ၍ တောင်းယူ ပစ်ခတ်ဖူးနေခဲ့သည်။

သေနတ် ပစ်ခတ်ပုံ အဆင့်ဆင့်ကို လွယ်ကူစွာ သင်ယူတတ်မြောက်ထားသူ ဖြစ်လေ၏။ ယခု လုပ်သေနတ်ကိုလည်း ကျည် ၅တောင့်ကုန်အောင် ပစ်ခတ် လေ့ကျင့်ထားပြီး ဖြစ်သည်။ နှစ်တောင့်မှာ ရွှေရအောင်အား လုပ်ကြံစဉ်က သုံးပြီးဖြစ်၍ ၎င်းထံတွင် ကျည်ဆံ ၅တောင့်သာ ကျန်တော့သည်။

လုပ်သေနတ်၏ သဘောမှာ ကျည်တစ်တောင့်သာ ထိုးထားနိုင်ပြီး ၊ နောက်တစ်ချက် ပစ်ခတ်လိုပါက ကျည်ခွံကိုယ်ထည်ကို ထုတ်ယူ၍ နောက်ကျည်အသစ် ထပ်မံ ထိုးရလေ၏။ ထိုအခါမှသာ နောက်တစ်ကြိမ် ပစ်ခတ်နိုင်၏။

ယခုလည်း စည်သူသည် ငွေရအောင် ပြန်လာမည့် လမ်းခုလပ် ခြုံကွယ်တစ်ခုထဲ ဝင်ရောက် ပုန်းအောင်းနေရင်း သေနတ်ဖြင့် လုပ်ကြံရန် စောင့်ဆိုင်းနေပါ၏။

သူ စောင့်ဆိုင်းနေစဉ်မှာပဲ ငွေရအောင်သည် ပေါက်ပြားတစ်လက်ကို ပခုန်းပေါ် တင်လျက် ခပ်ဖြေးဖြေး လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

၎င်း၏ လုပ်သေနတ်မှာ ကိုက်၂၀အတွင်း ပစ်မှတ်ကို ကောင်းစွာ ချေမှုန်းနိုင်သည်ဖြစ်ရာ ၊ ချက်ကောင်းကို ပစ်ခတ်နိုင်ရန် သည်းခံ စောင့်ဆိုင်းနေ၏။

မျက်စိတစ်ဖက်ကို မှိတ်လျက် ၊ ကျန်မျက်စိတစ်ဖက်ဖြင့် ငွေရအောင်၏ ရင်ဘတ်နေရာကို သေနတ်ပြောင်းဝဖြင့် အသေအချာ ချိန်ရွယ်လိုက်သည်။ မကြာမီ သူ၏ ပစ်ကွင်းထဲသို့ ငွေရအောင်သည် အေးဆေးစွာ လျှောက်လှမ်းလာနေသည်။

ကိုက်နှစ်ဆယ်ဟူသော အကွာအဝေးအတွင်းကို ငွေရအောင် ရောက်လာခဲ့လေပြီ။ ငွေရအောင်သည် သူ၏ အသက်ဘေးကို မသိ။ အေးချမ်းစွာ လမ်းလျှောက်လာနေ၏။ စည်သူသည် သေနတ် မောင်းခလုပ်ကို ဆွဲညှစ်ရန် အသက်ကို အောင့်ထားလိုက်သည်။

တစ်စက္ကန့် ...

နှစ်စက္ကန့် ...

သုံးစက္ကန့် ... ... ...

စည်သူ မောင်ခလုပ်ကို ညှစ်ရန် လက်ညှိုးကို တဖြေးဖြေး ကွေးညှစ်လာသည်။ သို့သော် သူ ပစ်ခတ်တော့မည့်အချိန် ၊ သူ၏ ခေါင်းပေါ်မှ ငှက်တစ်ကောင်သည် ချေးပါချလိုက်သည်။ သူ့နားထဲတွင် အသံခပ်တိုးတိုးလည်း ကြားလိုက်ရသည်။

' ဗျစ် ဗလစ် တစ် တစ် ' ဟူသောအသံနဲ့အတူ သူမျက်လုံးပေါ်သို့ ငှက်ချေးများက စီးကျလာ၏။

စည်သူ၏ နားထဲ ကြားရသော အသံက ထိုအသံမဟုတ် ။ အလွန်တိုးညှင်းသော အက်ရှရှ အသံတစ်ခု ။

"ဟေ့ကောင် စည်သူ ! သေပေတော့ "

စည်သူသည် ထိုအသံကြောင့် ရုတ်တရက် လန့်သွားပြီး ၊ ခြေဖျား လက်ဖျားမှ အစပြုလျက် တကိုယ်လုံး အေးစက်သွားသည်။ ယောင်ယောင်မှားမှားနဲ့ သေနတ်ကို အပေါ်သို့ အနည်းငယ် မြှောက်မိသွားသည်။ ထို့အတူ ခလုပ်ကိုလည်း ဆွဲညှစ်ပြီး ဖြစ်သွားလေ၏။

" ဒိုင်း ... "

ဟိန်းထွက်လာသော သေနတ်သံကြောင့် သစ်ပင်ပေါ်က ငှက်များသည် လန့်ဖြန့်ကာ ပျံကုန်ကြသည်။ စည်သူ ၏ ပစ်ခတ်မှုသည် လွဲချော်စွာဖြင့် ငွေရအောင်၏ ခေါင်းပေါ်မှ ကျည်ဆံ ဖြတ်သန်းသွားလေတော့သည်။

ငွေရအောင်သည် ထိုအခါမှ သူ့အား သေနတ်ဖြင့် လုပ်ကြံမှန်း သိသွားလေသော်အခါ လမ်းဘေးမြောင်းထဲသို့ ခုန်ချပြီး ၊ ဝပ်နေလိုက်သည်။

သေနတ်သံကြောင့် လယ်ယာလုပ်ငန်းမှ ပြန်လာကြသော ရွာသားအချို့လည်း ထိုနေရာသို့ ပြေးလာကြသည်။ ကိုယ်စီမှာ တံဇဉ် ၊ ပေါက်တူး ၊ ပေါက်ပြား စသော လယ်ယာခွင်သုံး လက်နက်ကိုယ်စီ ပါလာသဖြင့် စည်သူသည် နောက်ထပ် တစ်ကြိမ် ထပ်မံ ပစ်ခတ်ရန် အခွင့်မသာတော့ပေ။ ကျည်ဆံ ၄တောင့်နှင့် တစ်ချက်ပစ် လုပ်သေနတ်သည် ထိုလယ်သမားအုပ်စုကို ခုခံနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ခြုံကွယ်မှ အသာယာ လျို၍ ထွက်ပြေးသွားခဲ့သည်။ ထိုသို့ ထွက်ပြေးရင်း ခပ်လှမ်းလှမ်းရောက်တော့ သူ့အား တစုံတစ်ယောက်က လှောင်ပြောင်ပြီး စူးစိုက်ကြည့်နေသည်ဟု အောက်မေ့ကာ ခုနက ခြုံပုတ်ကြီးဘက်ကို လှည့်ကြည့်လိုက်၏။ ခြုံပုတ်ကြီး အနီးတွင် သူ သတ်ခဲ့သော ရွှေရအောင်အား မတ်တတ်ရပ်နေသည်ဟု မြင်ယောင်လာသောအခါ ၊ ထိုနေရာမှ ခြေကုန်သုတ် ပြေးလာခဲ့တော့သည်။

ငွေရအောင် အနီးသို့ ရွာသားများ ဝိုင်းလာကြသည်။ ငွေရအောင်အား ဘာဖြစ်သွားသေးလဲဟု စိုးရိမ်တကြီး မေးကြသည်။

ငွေရအောင်က ၎င်းတို့၏ မေးခွန်းများကို မဖြေနိုင်။ ခုနက သူ့နားထဲ သေနတ်သံ၏ အရင် ကြားလိုက်ရသော အသံတိုးတိုးလေး တစ်ခု ။

" ညီလေး ... သတိထား "

ထိုအသံကို သူ ကောင်းစွာ ရင်းနှီးနေပါသည်။ အသံက သူ၏ အစ်ကို ရွှေရအောင်၏ အသံပင် ။ ရွှေရအောင်ကား လွန်ခဲ့သော ၃လက မြို့ကအပြန် တောလမ်း တောင်ကြားတစ်နေရာ၌ ဓားပြများ သတ်ဖြတ်၍ သေသွားပြီ ဖြစ်သည်။

ကွယ်လွန်ပြီးဖြစ်သော အစ်ကို ဖြစ်သူသည် သူ့အား ဝိဉာဉ်ဘဝနှင့်ပင် လာရောက် ကာကွယ်ပေးနေသည်လားလို့တောင် သူ ဝမ်းနည်းအားငယ်စွာ တွေးလိုက်မိသည်။ နောက်ပြီး သူ့ကို မည်သူက သေနတ်ဖြင့် လုပ်ကြံသနည်း။ ထိုအဖြေကို ငွေရအောင်တစ်ယောက် အရမ်း သိချင်နေမိတော့သည်။

" တောက် ! ငါ့ကို ချောင်းမြောင်း လုပ်ကြံတာ ဘယ်သူလဲ ၊ ယောက်ကျားစစ်ရင် အဖြောင့်ကြံစမ်းပါလေ "

____________

၅။

စည်သူသည် ၎င်းပုန်းခိုသော တောထဲက အိမ်လေးသို့ ယောင်တိယောင်ချာနှင့် ပြန်ရောက်လာပြီ ဖြစ်သည်။

အိမ်လေးထဲ ဝင်၍ သောက်ရေအိုးစင်မှ ရေကို ခပ်ယူ၍ မော့သောက်လိုက်သည်။ သူ၏ ကြောက်စိတ်သည် အေးမြသော ရေနဲ့အတူ လျောကနဲ ပျောက်ကွယ်သွားလေ၏။ သူ့ အတွေးထဲတွင် ခုနက မြင်ခဲ့ရသော မြင်ကွင်းကို ထပ်ဖန်တလဲလဲ မြင်ယောင်နေသည်။

အားလုံးသည် ရုပ်ရှင်အနှေးပြကွက် တစ်ခုကဲ့သို့ စီကာစဉ်ကာ ပေါ်လာ၏။ သူ့လက်ထဲက လုပ်သေနတ်ကို ငုံ့ကြည့်မိသည်။

သေနတ်သည် သူ့တာဝန်ကို ကျေပွန်ခဲ့သည်။ နားခွက်က မီးတောက်သည်။ ပြောင်းဝကလည်း ကျည် ထွက်ခဲ့၏။ သို့သော် မမြင်နိုင်သော ကံကြမ္မာက သူ မုန်းတီးနေသော ငွေရအောင်အား ဖေးကူမခဲ့ဟန်တူသည်။

ရင်ဘတ်ကို အသေအချာ ချိန်ရွယ် ပစ်ခတ်ခဲ့ပါသော်ငြားလည်း ကျည်ဆံသည် ငွေရအောင်၏ ဦးခေါင်းပေါ်မှ တစ်ထွာခန့်အထိ လွဲချော်သွားခဲ့သည်။

သူသတ်၍ သေခဲ့သော ရွှေရအောင်သည် အမှန်တကယ်ပဲ ညီဖြစ်သူ ငွေရအောင်အား ကယ်တင်ခဲ့လေသလား။

ခြုံစပ်တွင် သူ့အား မုန်းတီးရွံရှာစွာ ကြည့်နေသော ဦးခေါင်းတစ်ခြမ်း မရှိတော့သည့် ကြောက်မက်ဖွယ်ရာ ရွှေရအောင်၏ ဝိဉာဉ်ကို သူသည် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

" တောက် ! ငါ အမြင်မှားတာပဲ ဖြစ်မှာပါ ၊ တစ္ဆေတစ်ကောင်က ငါ့ကို ဘာပြန်လုပ်နိုင်မှာမို့လဲ ၊ မဖြစ်ဘူး ... မဖြစ်ဘူး ၊ ငွေရအောင်ကို ငါ ဒီည သတ်နိုင်မှ ဖြစ်မယ် ၊ ကြာကြာ အချိန်ဆွဲထားရင် ဒင်း ငါ့ကို ရိပ်မိသွားနိုင်တယ် "

လူတို့သည် အနိဌာရုံ တစ်ခု၌ စွဲလန်းမိသော ထိုအနိဌာရုံအား သိစိတ်မှ ဖျောက်ဖျက်ခြင်း၌ မလွယ်ကူ ။ ယခုလည်း စည်သူသည် ၎င်းက သေနတ်ဖြင့် လဲကျနေသော ရွှေရအောင်၏ ခေါင်းကို အနီးကပ်တေ့ပစ်ခဲ့စဉ်က ဦးခေါင်းတခြမ်း ပွင့်ထွက်သွားသော ရုပ်အလောင်းကြီးကို မျက်စိထဲ အဖန်ဖန် အခါခါ ပြန်မြင်ယောင်နေမိခြင်း ဖြစ်သည်။

စည်သူသည် ယခုအခါ၌ ထိုမြင်ကွင်းကို ပျောက်စိမ့်ငှာ ရွှေရအောင်၏ ညီကို ညတွင်းချင်း လုပ်ကြံသတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

" ညဘက် သေနတ်သံ ထွက်သွားရင် ၊ တစ်ရွာလုံးက ဝိုင်းလာကြမှာပဲ ။ အဲ့ဒီတော့ ငွေရအောင်ကို ငါ သေနတ်နဲ့ ပစ်မသတ်ပဲ ၊ အနီးကပ် ဓားနဲ့ထိုးသတ်နိုင်အောင် စီမံမှ ဖြစ်မယ် "

ထိုအတွေးကို တွေးမိလေသော်အခါ စည်သူသည် ၎င်းခါးကြားမှ အမဲလိုက် ဓားကို သတိတရ လက်ဖြင့် ကိုင်မိလေတော့သည်။ ဓားကို ဆွဲထုတ်၍ မျက်စိရှေ့ ထောင်ကြည့်လိုက်သည်။ ဓားပြားပေါ်တွင် သူ၏ မျက်နှာက ပေါ်လာ၏။

ရက်စက်မည့် မျက်လုံးများက သွေးဆာနေသော မိစ္ဆာတစ်ကောင်အလားပင်။ အသွားချွန်ချွန်ထိပ်ကို လက်ညှိုးလေးဖြင့် အသာအယာ ထိတွေ့ပွတ်သပ်လိုက်ရင်း ...

" စိတ်ချ ရွှေရအောင် ၊ မင်းညီကို ငါ ဒီညပဲ မင်းရဲ့နောက် အလိုက်ခိုင်းလိုက်ပါ့မယ် ၊ မင်းရဲ့ညီကို ကြိုဖို့သာ ပြင်ထားလိုက်တော့ ... ဟားဟားဟား "

တဲအိမ်လေးထဲက ကြုံးဝါးသံသည် အနီးအပါးက သစ်ပင်များပေါ် နားခိုနေသည့် ငှက်များကို ခြောက်လှန့် ထုတ်လိုက်သလား အောက်မေ့ရသည်။ ငှက်များ တဝုန်းဝုန်းနဲ့ ထပျံကုန်ကြလေသည်။

သို့သော် အနက်ရောင် ကျီးမည်းတစ်ကောင်ကတော့ တဲအိမ်၏ ပြတင်းဝမှာ နားခိုရင်း တစ်ယောက်တည်း အရူးတယောက်ပမာ ရယ်မောနေတဲ့ စည်သူအား မမှိတ်မသုန် စူးစိုက်ကြည့်နေပါ၏။

____________

၆။

တစ်ညလုံးနီးပါး သူ ငွေရအောင်အား သတ်ဖြတ်ရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ယနေ့ညမှ ရွာက လူငယ်များက ကင်းဖွဲ့၍ တစ်ရွာလုံးကို လုံခြုံရေးယူ ကင်းလှည့်နေကြသည်။ ထို့ကြောင့် နံနက် ၄နာရီ ထိုးသည်အထိ သူ့ခမျာ အခွင့်မသာခဲ့ချေ။

ညနေက သူ ပစ်ခဲ့သော သေနတ်သံကြောင့် ၊ ရွာသူရွာသားများ အထိတ်တလန့် ဖြစ်ကာ ယခုလို ကင်းလှည့်နေကြခြင်းလည်း ဖြစ်နိုင်သည်။မနက် ၄နာရီထိုးတော့ ကင်းအဖွဲ့ သိမ်းသွားလေပြီ။ ထိုသောအခါမှ စည်သူ ရွာထဲကို ခိုးဝှက် ဝင်နိုင်၏။

သူ ငွေရအောင်တို့ အိမ်အနီးသို့ လျင်မြန်စွာ ချည်းကပ်နိုင်ခဲ့သည်။ သူ ခြံဝင်းထဲသို့ လှမ်း၍ အကဲခတ်လိုက်သည်။ ခြေတံရှည် အိမ်ကြီး၏ အပေါ်ထပ် ပြတင်းပေါက်များသည် လေရစေရန် တံခါးများကို ဖွင့်လျက်သား ရှိသည်။

အောက်ထပ်သည် အကာအရံ မရှိ။ လှေခါး တစ်ဖက်၌ နွားနှစ်ကောင် ရှိသည်။ နွားတစ်ကောင်၏ အနီးနားတွင် သံပုံးတစ်လုံးဖြင့် လူတစ်ယောက် အလုပ်ရှုပ်နေသည်။ ထိုလူကို သူ အသေအချာ ကြည့်လိုက်တော့ သူ သတ်လိုသည့် ငွေရအောင်၏ နောက်ကျော ဖြစ်နေသည်။

စည်သူသည် အပိုင်ပဲဟု တွေးကာ ခါးကြားက လုပ်သေနတ်ကို မေ့လျော့ပြီး ဆွဲထုတ်လိုက်မိသည်။ ပြီးတော့မှ ၊ ရွာထဲက ကင်းအဖွဲ့ကို သတိရသွားကာ သေနတ်ကို ခါးကြား ပြန်ထိုးထားလိုက်၏။ သေနတ်သံ ထွက်လို့မဖြစ်။ သေနတ်သံသည် သူ၏ ရန်သူများအား ဖိတ်ခေါ်လိုက်သလို ဖြစ်သွားလိမ့်မည်။

ငွေရအောင်ကားသူ့အလုပ်နဲ့သူဗျာများနေသည်။ နွား၏ နောက်ခြေအား ကြိုးဖြင့် စည်းနှောင်ထားသည်။ ၎င်းနို့ညှစ်နေစဉ် မကန်ရန် စည်းထားခြင်း ဖြစ်မည်။ ပြီးလျင် ထိုင်ခုံပုလေးပေါ် အကျအန ထိုင်၍ နွားမကြီး၏ နို့ကို ညှစ်ယူနေသည်။ ၎င်း၏ အာရုံက နွားမကြီး၏ နို့ပေါ် စိုက်ထား၏။

ခြံတံခါးကို အသာ လက်နှိုက်ဖွင့်လိုက်ပြီး ၊ အထဲကို ခြေသံလုံလုံ ဖြင့် စည်သူ ဝင်လာခဲ့သည်။ သူ ငွေရအောင် နို့ညှစ်နေသော နွားမကြီးအနီးသို့ တဖြေးဖြေး ချည်းကပ်လာခဲ့သည်။ သူ၏ လက်ထဲမှာ အမဲလိုက် ဓားကို ထိုးစိုက်ရန် အသင့် မြှောက်ကိုင်လာသည်။

စည်သူသည် စိတ်လှုပ်ရှားစွာ ငွေရအောင်၏ နောက်ကျောသို့ တိုးကပ်လာခဲ့သည်။ ရွှေရအောင်ကို သတ်ခဲ့တုန်းက ဒီလောက် စိတ်လှုပ်ရှားခြင်း မရှိခဲ့ ။ အထူးပင် သွေးအေး ရက်စက်ခဲ့သည်။ ယခု ငွေရအောင်အား သတ်ဖြတ်ရန် ကြိုးစားသည့်အခါ သူသည် တစ်စုံတရာကို အထူးပင် ကြောက်ရွံနေမိသည်။

စည်သူ ဓားကိုင်လက်ကို အသာယာ မြှောက်ကိုင်လိုက်သည်။ သူ၏ ရှေ့က ပုဂ္ဂိုလ်ကတော့ မော့မကြည့်ပါ။ နို့တစ်ဝက်သာသာခန့် ရနေပြီဖြစ်သော ပုံးထဲသို့ နို့များကိုသာ တရှဲရှဲ ညှစ်ထည့်နေသည်။ ထိုအသံသည်ပင် သူ၏ ခြေသံကို မကြားရစေအောင် ဖန်တီးပေးနေသည်ဟု ထင်မိသည်။

နောက်ဆုံးတွင် သူသည် ငွေရအောင်၏ နောက်ကျောကို အမဲလိုက် ဓားမြောင်ဖြင့် ထိုးစိုက်နိုင်တော့မည်ကို တွေးကာ ပြုံးလိုက်သည်။ ပြီးလျင် သူ၏ ဓားကိုင်လက်ကို မြှောက်၍ ရှေ့က ပုဂ္ဂိုလ်၏ နောက်ကျောပြင်ထဲ တစ်ဆုံး ထိုးစိုက် ပစ်လိုက်သည်။

" ကဲ ... သေစမ်းကွာ "

သူ၏ ဓားသည် လူတစ်ယောက်ကို ထိုးရသည်နဲ့မတူ ။ လေဟာပြင်တစ်ခုကို ထိုးရသည်အလား ဗလာဟင်းလင်းပြင်ထဲသို့ လူပါ ငိုက်ကျသွားသည်။

ငိုက်ကျသွားသော စည်သူသည် နို့ပုံးအလွတ်ကြီးအား ထိမိသွားသည်။

" ခွမ် ! ဂလွမ် ! "

သံပုံးသည် ဘေးသို့ လွင့်စင်သွားသလို ၊ သူလည်း အရှိန်နှင့် မှောက်ခုံကြီး လဲကျသွား၏။ လဲကျအပြီး သူ ချက်ချင်း ထရန် ကြိုးစားလိုက်သည်။ သို့သော် သူ အလွန်နောက်ကျသွားပြီး ဖြစ်သည်။ သူ၏ ကျောပြင်မှ စူးကနဲ ပူခြစ်ကာ အောင့်သွားသည်။ လှေကားပေါ်မှ ဆင်းလာသူသည် သူ၏ ကျောပြင်အား နှစ်ခွမှိန်းချွန်နှင့် ထုတ်ချင်းခတ် ထိုးစိုက်ခြင်းကြောင့် ဖြစ်သည်။

စည်သူ၏ ပါးစပ်မှ သွေးများ ယိုစီးလာသည်။ မှိန်းချွန်သည် သူ၏ နှလုံးကို ထိုးဖောက်သွားခြင်းကြောင့် ဖြစ်မည်။သူ အံအားသင့်စွာ မသေခင်နောက်ဆုံး လှေကားပေါ်ကို ကြည့်လိုက်မိသည်။ လှေကားပေါ်က နှစ်ခွမှိန်းပိုင်ရှင်သည် သူသတ်ရန် ကြံစည်ထားခဲ့သော ' ငွေရအောင် ' ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒါဆိုရင် နွားနို့ညှစ်နေသော ကျောပေးနေသည့် လူသည် မည်သူနည်း။ထိုအဖြေကို သူ အသက်ရှင်စဉ်မှာ ရှာမတွေ့နိုင်ခဲ့ ။ သူ၏ ရုပ်ကိုယ်ထည်မှ နာမ်ဝိဉာဉ် ထွက်လေသောအခါ ... သူ ရှာတွေ့ပါလေပြီ။

သူ့အား ပြုံးပြုံးကြီး စိုက်ကြည့်နေသော နွားနှစ်ကောင်အနီးက ' ရွှေရအောင်၏ ဝိဉာဉ် ' ကို တွေ့လိုက်ရလေတော့သည်။

ရွှေရအောင်၏ ဝိဉာဉ်သည် သူ့အား ကောင်းစွာ လှည့်စား၍ ကလဲ့စား ချေနိုင်ခဲ့ပြီ ဖြစ်လေသည်။

ပြီးပါပြီ။

ပီပီ (မန္တလေး)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#ရွှေ
#လုပ်သေနတ်
#ညီအစ်ကို
#နတ်သံ
#ရတနာပုံ

Some text some message..