'တစ္ဆေနိုင်ကိုရင်လေးနဲ့ကဝေအကျော်'
lotaya.mpt.com.mm
|
2021-07-22

အခန်း (၁)

ဆော့ကစားနေကြတဲ့ ကလေးတွေထဲမှာ မိဂျမ်းက အကြီးဆုံး အစွာဆုံး။ငွေတိုးချေးတဲ့ မဆွဲမိရဲ့သမီးအကြီးမပေါ့။ မအေတူသမီးမို့ နာမည်ရင်း မေမိုးဦးဆိုတဲ့ နာမည်ပျောက်ပြီး ၊ မိဂျမ်းလို့ နာမည်တွင်နေလေရဲ့။

ကောင်မလေးက အသက်က ၁၀နှစ်သာ ပြောတယ်၊ သူ့အမေ မဆွဲမိလိုပဲ ပါးစပ်ကြမ်းတယ်။ အဆဲသန်တယ်။ ဖေတရာ မောင်တကျိပ် အကုန် ငါကိုင်တုပ်ဆဲတတ်တာ။

အခု သူတို့ကလေးတသိုက်ကစားနေတာက ' မတုန်မလှုပ် ကျောက်ရုပ် 'ဆိုတဲ့ ကစားနည်း။ မိဂျမ်းက ကလေး၆ယောက်ကို ကျောပေးပြီး

' စည်းကျော်တဲ့သူ ရှိလား ... ၊

၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀ '

လို့ ခပ်မြန်မြန်လေး တိုင်ပင်အော်ပြီး သူ့နောက်ကျောဘက် ပေ၂၀ အကွာလောက်မှာရှိသော မြေပြင်၌ စည်းအဖြစ်တားထားသည့် မျဉ်းကြောင်း အနောက်က ၊ ညှပ်စိ ၊ အောင်ရဲကျော် ၊ အပုလေး ၊ ဇင်မာဦး ၊ ပေတိုးစတဲ့ ကလေးတွေရှိရာကို ဖတ်ကနဲ လှည့်ကြည့်လိုက်တယ်။

သူ လှည့်ကြည့်တဲ့အချိန် ကျန်တဲ့ကလေးတွေက နည်းနည်းမှ မလှုပ်ရဘူး ။ လှုပ်ရင် ရှုံးပြီပဲ။မတုန်မလှုပ် ကျောက်ရုပ်ပေါ့။ ကျောက်ရုပ်တစ်ရုပ်လို နေရတယ်။

ကလေးတွေက သူ ဟိုဘက်လှည့်ပြီး အော်နေချိန်မှာတော့ လှုပ်ရှားလို့ရတယ်။ သူ့ အနီးကို ရောက်အောင် ပြေးကပ်ရတယ်။

သုံးခါလောက် အော်အပြီးမှာ ကလေးတွေက သူ့အနား တဖြေးဖြေး ကပ်လာကြပြီ။ မိဂျမ်း ကျောပေးနေချိန် ကလေး၆ယောက်ထဲက တယောက်ယောက်က သူ့ကို လက်နဲ့ထိပြီး ခုနက သူတို့လာခဲ့တဲ့ စည်း ဟိုဘက်ရောက်အောင် အမြန် ပြေးကြရတယ်။

စည်းနဲ့ မိဂျမ်း ရပ်နေတဲ့ နေရာက ပေ၂၀ လောက် ဝေးတယ်။ ကလေးတွေ ပြေးတဲ့အခါ မိဂျမ်းက တစ်ယောက်တော့ မိအောင် ဖမ်းရတယ်။ ဖမ်းမိတဲ့ တယောက်က မိဂျမ်းလိုပဲ ၊ ခုနကလို ပြန်လိုက်ဖမ်းရတယ်ပေါ့ ။ တယောက်မှ မမိရင်တော့ မိဂျမ်းပဲ ပြန်လိုက်ရတယ်။

ဒီလိုနဲ့ မိဂျမ်း လိုက်ကလှဲ့မှာ ညှပ်စိကို ဖမ်းမိသွားတယ်။ ဖမ်းမိတာက စည်းနားမှာ ဆိုတော့ ညှပ်စိက ငြင်းတယ်။ ကလေးဆိုတော့ စကားက မပီဘူး။

" အစ်မမိဂျမ်း... ထများ ကျုပ်ကို ချီးပေါ်ရောက်မှ မိတာ ၊ အဲ့ရာ ကျုပ် မရိုက်နိုင်ဘူး "

စည်းက မြေပေါ် ဒုတ်ခညောင်းနဲ့ ခြစ်ထားတာဆိုတော့ ကလေးတွေ ပြေးလိုက်နင်းလိုက်လုပ်လို့ သိပ်ပြီး မထင်ရှားတော့ဘူး ။ ညှပ်စိက သူ စည်းပေါ်နင်းပြီးမှ မိဂျမ်း ဖမ်းမိတာလို့ ငြင်းနေတယ်။

" အံမယ် ကောင်စုတ် ညှပ်စိ ၊ နင် ညာမပြောနဲ့ ၊ ငါ ဖမ်းမိပြီးတော့မှ နင် စည်းကို နင်းလိုက်တာ ၊ ဟုတ်တယ်မို့လား အပုလေးနဲ့ ဇင်မာဦး၊ နင်တို့လည်း မြင်တယ်မို့လား "

မိဂျမ်းက ကလေးနှစ်ယောက်ဆီကို လှမ်းပြီး သူ မှန်ကြောင်း ထောက်ခံမဲ တောင်းလိုက်သေးတယ်။

အပုလေး နဲ့ ဇင်မာဦးက မိဂျမ်းကို ငယ်ကြောက်ဆိုတော့ ချက်ချင်းပဲ အင်း ဟုတ်တယ် ၊ ငါတို့လည်း မြင်တယ်လို့ ပြောရတာပေါ့ ။ ညှပ်စိက မကျေနပ်ပေမယ့် အများနဲ့ တစ်ယောက်ဆိုတော့ စူပုပ်ပုပ်နဲ့ လိုက်ရမယ့်နေရာကို ခြေဆောင့် ထွက်သွားတယ်။ ပါးစပ်ကလည်း

'နာ့ကို ဝိုင်းညစ်တာ မကျေနပ်ဘူးနော်'

လို့ ပွစိစိ ပြောသွားတယ်။

အဲ့ဒီနောက် ဆက်ကစားကြတဲ့အခါ ညှပ်စိက သူ့အလှည့် လိုက်ရရင် တခြားသူကို မဖမ်းဘူး။ မိဂျမ်းကိုပဲ မည်းတင်းပြီး ရွေးဖမ်းတယ်။ သူလည်း သူ့မကျေနပ်ချက်နဲ့ သူပဲမို့လား။

ဒါကို မိဂျမ်းက မသိတာမဟုတ်ဘူး။ သိတယ်။ ညှပ်စိကို မျက်စောင်းတထိုးထိုးပေါ့။ ဒါပေမဲ့ ပြသနာတော့ မလုပ်သေးဘူး။ သူမှ မလိုက်ရသေးတာကိုး။

အဲ့ဒီလို ကလေးတွေ ကစားနေတုန်း ၊ ညောင်ညိုပင်အောက်ကို ဈေးသည် အဒေါ်ကြီးတစ်ယောက် အရိပ်ခိုနားဖို့ ရောက်လာတယ်။ အဒေါ်ကြီးက ခေါင်းပေါ်က ထန်းခေါက်တောင်းကို မြေပေါ် ချပြီး သစ်မြစ်ဆုံတစ်ခုမှာ ကလေးတွေ ကစားနေတာကို ကြည့်ရင်းနဲ့ အမောဖြေတယ်။

ကလေးတွေကတော့ ဖာသိဖာသာပဲပေါ့။ ဈေးသည် ဖြစ်ဟန်တူတဲ့ အဒေါ်ကြီးကို ဂရုမစိုက်ပဲ သူတို့ဖာသာ ဆက် ကစားနေကြတယ်။ အဒေါ်ကြီးဟာ ဆယ်မိနစ်လောက် နားပြီးသည်အထိ မထသေးဘူး။ မိဂျမ်းတို့ ကစားနေတာကို တခုတ်တရ ငေးနေတယ်။

တကြိမ်မှာ ညှပ်စိက မိဂျမ်းကို ဖမ်းမိသွားတယ်။ ဖမ်းမိတာက ဒီလို ။ မိဂျမ်း စည်းနားအရောက်၊ ညှပ်စိက မိဂျမ်းရဲ့ အင်္ကျီခါးစကို ဆွဲမိသွားတာဆိုလေတော့။ ဆွဲတဲ့သူက အတင်းဆွဲ ၊ ပြေးတဲ့သူကလည်း စည်းဟိုတဖက် လွတ်လို့လွတ်ငြား ဇွတ်ပြေးဆိုတော့ အင်္ကျီစက ပြဲပါလေရော။ အဲ့ဒီမှာ စွာကျယ်မ မိဂျမ်း နဲ့ လူကောင်သေးသေး ညှပ်စိတို့ ပြသနာ ဖြစ်ကြပြီပေါ့။

စွာတေးမ မိဂျမ်းက ထုံးစံအတိုင်း အသံကျယ်ကျယ်နဲ့ ...

" ဟဲ့ အကောင် ညှပ်စိ ၊ နင့်ကြောင့် ငါ့အင်္ကျီ ပြဲသွားပြီ။ နင်ဘယ်လို လုပ်မှာလဲ။ လျော်ပေး ... နင် ပြန်လျော်ပေး "

ညှပ်စိ မျက်နှာက ဇီးရွက်လောက် ငယ်သွားသလားပဲ။ မပီကလာ ပီကလာနဲ့ သူ တမင် လုပ်တာ မဟုတ်ကြောင်း လျောက်လဲချက်ပေးရှာတယ်။

" ဟာဂျာ ... ကျုပ်ယဲ အစ်မကို ဖမ်းရိုက်တာပဲယေ ၊ ကစားတုန်း ဖြစ်ယာ... ဘာယို့ လျော်ပေးရမှာတုန်း ၊ တေချာရုပ်ရိုက်တာမှ မဟုတ်ယာ ၊ လျော်နိုင်ပါဘူး "

မိဂျမ်းက ဒေါသတကြီးနဲ့ ...

" ဘာ သေချာ လုပ်တာ မဟုတ်ဘူးလဲ၊ နင် ငါ့ကို ငြိုးပြီး လိုက်နေတာ မသိဘူးများ မှတ်နေလား ၊ သူတောင်းစားလေး အမျိုးယုတ်လေး နင် လျော်မလား မလျော်ဘူးလား ဒါပဲ ပြောစမ်း "

မိဂျမ်းပါးစပ်က အဆဲစပါလာပြီ။ ဒါကို ညှပ်စိက သိတော့ မခံဘူး ။

" ထများ ကျုပ်ကို မချဲပါနဲ့ ၊ အတူတူ ချော့တာ ကဂျားတာပဲဟာ ၊ ဘာလို့ လျော်ရမှာလဲ ၊ မလျော်နိုင်ဘူးဂျာ ၊ ဘာခြစ်ယဲ "

ညှပ်စိက ဒီတခါ ဘယ်သူ့အားကိုးနဲ့ စိန်ခေါ်လိုက်တယ် မသိပါဘူး။ ဘာဖြစ်ချင်လဲတောင် မေးလိုက်သေးတယ်။

အဲ့ဒီမှာ မိဂျမ်း ဒေါသက ပေါက်ကွဲပြီလေ၊ ညှပ်စိကို မအေရော နှမပါ ကိုင်တုပ်တော့တာပေါ့ ။ ဆဲရုံတင်လားဆိုတော့ မဟုတ်ဘူး ။ ပါးစပ်က ဆဲရတာတင် အားမရဖြစ်လာပြီး ညှပ်စိရဲ့ ခေါင်းမွှေးကို စုကိုင်ပြီး ရင်ဘတ်တို့ လက်မောင်းတို့ကို လက်သီးဆုပ်နဲ့ ထုရိုက်နေတော့တယ်။ ညှပ်စိနဲ့မိဂျမ်းတို့ ခန္ဓာကိုယ်ချင်းက ဆင်နဲ့ဆိတ်လို ကွာခြားတယ်လေ။

အထုရိုက်ခံရတဲ့ ညှပ်စိက ပြန်မလုပ်နိုင်တော့ အသံဗြဲကြီးနဲ့ ငိုတာပေါ့။ ကလေးတွေဆိုတာက ဖျင်ရကောင်းမှန်းလည်း မသိကြဘူး။ သူတို့နှစ်ယောက် ရန်ဖြစ်တာကို ကျန်တဲ့ကလေးတွေက ဝိုင်းအုံ ကြည့်နေကြတယ်။

အဲ့ဒီမှာ ခုနက ဈေးရောင်းလာတဲ့ အဒေါ်ကြီးက မိဂျမ်းကို ပြေးဆွဲတယ်။ ကလေး နှစ်ကောင် ပူးသတ်နေတာကို ခွာဖြဲပေးလိုက်ပြီး

" ဟဲ့ ... ဟဲ့ ကလေးတွေ ၊ ရန်မဖြစ်ကြနဲ့လေ ။ သင့်သင့်မြတ်မြတ် ကစားကြမှာပေါ့ "

လို့ ပြောလိုက်တယ်။

ဒေါသ သိပ်ကြီးတဲ့ မိဂျမ်းက အဒေါ်ကြီးကို ကျော်ပြီး ညှပ်စိကို ထပ်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဒီတစ်ခါ အဒေါ်ကြီးက မိဂျမ်း ရင်ဘတ်ကို ဆတ်ကနဲ တွန်းထုတ်လိုက်တယ်။ နာစေလိုလို့ တွန်းလိုက်တာ မဟုတ်ပါဘူး။ ညှပ်စိလေး ထပ်ပြီး ခံရမှာ စိုးတာကြောင့် အားမပါပဲ တွန်းလိုက်တာပါ။ ဒါပေမဲ့ မိဂျမ်းက သူ့အားနဲ့သူ ဖင်ထိုင်ရက် လဲကျသွားတယ်။

မိဂျမ်း မျက်လုံးတွေက ဝင်းဝင်းတောက်ကုန်သလား အောက်မေ့ရတယ်။ ဒေါသကြောင့် မျက်လုံးတွေက အရောင်တွေ လက်သလား မပြောတတ်ပါဘူး။ အဲ့ဒီ ဖြန်ဖြေပေးတဲ့ အဒေါ်ကြီးကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ...

" တော်ကြီးက ဘာဆိုင်လို့ ညှပ်စိဘက်က ပါရတာတုန်း ။ ညှပ်စိအဖေရဲ့ မယားငယ်မို့လား ၊ ဖေ ×××မကြီး ၊ သူတောင်းစားမကြီး ၊ လင်တရူးမကြီး၊

×××× ...××× ...××× "

အို တကယ်ကို မကြားဝန့်မနာသာတွေ ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်လို့ပဲ။ သူ့အရွယ်လေးနဲ့ ဒီလောက် ဆဲတတ်မယ်တောင် ထင်မထားဘူး ။ အယုတ်နတ္တဆဲနည်း အမျိုးစုံပါပဲ။ သူ့အမေ ငွေတိုးချေးသူ မဆွဲမိ ဆဲတာ ဆိုတာတွေ ကြားပြီး ၊ မှတ်ထားပုံရတယ်။ တကယ်တည်း အဆဲပေါင်းစုံ ဆဲလိုက်တာ မောလည်း မမောနိုင်ဘူး ။

အစပထမတော့ ဈေးသည် အဒေါ်ကြီးက အံဩနေဟန်တူတယ်။ ပါးစပ်အဟောင်းသားနဲ့။ နောက်တော့ ရင့်ရင့်သီးသီးတွေ ကလေးမတန်ပဲ ဆဲဆိုနေတာ ကြားရတော့ နားမခံသာဘူးနေမှာ။

ဆဲနေတဲ့ မိဂျမ်းရှေ့ ၃ပေ အကွာလောက်ထိ လှမ်းလာပြီး ...

" နင့် ပါးစပ် အခု ပိတ်လိုက်စမ်းဟဲ့ "

လို့ မိဂျမ်းမျက်နှာကို စေ့စေ့ကြည့်ပြီး လေသံမာမာနဲ့ ပြောလိုက်တယ်။ အဒေါ်ကြီးရဲ့ လေသံက အမိန့်သံ အာဏာသံ ပါသလားပဲ။ မိဂျမ်း ပါးစပ် ချက်ချင်း ပိတ်သွားတယ်။ စေ့ ပိတ်ထားတဲ့ နုတ်ခမ်းတွေကတော့ တရွရွ တုန်နေလေရဲ့။

ကလေးတွေ အံဩစွာနဲ့ မိဂျမ်းကို ဝိုင်းကြည့်နေကြတယ်။ ဘာလို့လဲဆိုတော့ ထပ်ပြီး မဆဲတော့တဲ့ မိဂျမ်း မျက်နှာက ထူးဆန်းနေလို့ပဲ။

မျက်လုံးနှစ်လုံးက ခါတိုင်းထက် ပြူးကျယ်နေပြီး၊ လည်ပင်းက တံတွေးကို ခဏခဏ မြိုချသလို လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။အသံက ထွက်မလာတော့ဘူး။ နုတ်ခမ်းအစုံတင်မက၊ သွားပါ စေ့စေ့ကြီး တင်းနေအောင် ဖိကြိတ် ပိတ်ထားသလိုပဲ။

လူကလည်း တောင့်တောင့်ကြီး၊ လက်နှစ်ဖက်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ မတ်တတ်ကြီး တက်နေသလား အောက်မေ့ရတယ်။

ဈေးသည်အဒေါ်ကြီးက မိဂျမ်း မျက်နှာကို စေ့စေ့ကြည့်ပြီး ...

" နင့်လို ရိုင်းစိုင်းတဲ့ ကလေး ငါ တစ်ခါမှ မတွေ့ဖူးဘူး ၊ နင် အတော်ရိုင်းတာပဲ ကလေးမ ။

ကဲ နင် အခု ဆဲနိုင်သေးလား၊ ရိုင်းနိုင်သေးလား ၊ နင့် လည်ချောင်းထဲမှာ ကင်းခြေများတစ်ကောင် ယွယွတက်လာသလို မခံစားရဘူးလား ။ တစ်ဆို့ကြီး ဖြစ်မနေဘူးလား ။ အခု နင် ခံစားရခက်နေပြီ ။ အဲ့ဒါ နင် အဆဲယုတ်လို့ ဖြစ်တာ။ ငါ ပြောတာ နားလည်ပြီလား ။ နင် နောက်တခါ ဆဲဦးမလားဟဲ့ ကလေးမ "

ဈေးသည်အဒေါ်ကြီး ပြောသမျှ စကားလုံးတိုင်းဟာ မိဂျမ်းရင်ညွန့်ကို မီးစနဲ့ ထိုးနေသလိုပဲ ပူခနဲ ပူခနဲ ခံစားနေရရှာတယ်။ တကယ်လည်း တခွန်းမှ ခွန်းတုံ မပြန်နိုင်ဘူး။ ပြူးကျယ်နေတဲ့ မျက်လုံးတွေက မျက်ရည်စတွေ ပိုးခနဲ ပေါက်ခနဲ ကျလာတယ်။ ဒါပေမဲ့ ငိုသံ တစက်ကမှ မထွက်ဘူး။

မိဂျမ်းရဲ့ အဖြစ်ကို ဝိုင်းကြည့်နေကြတဲ့ ကလေးတွေဟာ ဈေးသည် အဒေါ်ကြီးကို ကြောက်ရွံ့လာကြတာပေါ့။ကလေးတွေရဲ့ စိတ်ထဲမှာ အဒေါ်ကြီးက မိဂျမ်းကို မထိမကိုင်ပဲ ပြုစားထားတယ်လို့ အောင့်မေ့ကြဟန်တူတယ်။

အကြောက်လွန်တဲ့ ဇင်မာဦးဆိုတဲ့ ကလေးမဟာ ကစားဝိုင်းကနေ လျစ်ကနဲ ထွက်ပြေးသွားတယ်။ ကျန်တဲ့ ကလေးတွေကတော့ အဒေါ်ကြီးနဲ့ မိဂျမ်း ဘာဆက် ဖြစ်မလဲ သိချင်စိတ်နဲ့ ဆက်ရှိနေကြတုန်းပါပဲ။

" နောက်ကို ကလေးတန်မဲ့ အခုလို မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲအုံးမလား ၊ ဖြေစမ်း "

တကိုယ်လုံး အကြောတွေ သေနေသလို ဖြစ်နေရှာတဲ့ မိဂျမ်းဟာ အဒေါ်ကြီးရဲ့ မေးခွန်းကို ဖြေ မရဘူး ဖြစ်နေတယ်။ မျက်လုံးတွေက မျက်ရည်စီးကျလို့ ၊ ပါးပြင်ပေါ်က သနပ်ခါး ပါးကွက်ကြားပေါ် မျက်ရည်စီးကြောင်းကြီးက ထင်းလို့ ။အဲ့ဒီတော့မှ အဒေါ်ကြီးက ...

" ပါးစပ်နဲ့ ဖြေမရရင် မျက်စိတ် မှိတ်ပြ၊ အခုမှ ငိုပြမနေနဲ့ "

မိဂျမ်းဟာ အဲ့ဒီတော့မှ မျက်တောင်တွေကို နှစ်ကြိမ် သုံးကြိမ်လောက် ပုတ်ခတ် ပြရှာတယ်။ နောက်နောင် မဆဲတော့ပါဘူးပေါ့ ။

ဈေးသည်အဒေါ်ကြီးက ...

" အေး ဒီတခါတော့ ညည်းကို ငါ ခွင့်လွှတ်လိုက်မယ် ၊ နောက်တခါ ညည်းဆဲတာ ငါ ကြားလို့ကတော့ တသက်လုံး အအ,မ ဖြစ်အောင် လုပ်ပစ်လိုက်မယ် ၊ မှတ်ထား ငါ့နာမည်ကို ...

ယောပြန် အမေနီတဲ့ "

အဲ့သလို ပြောပြီး အဒေါ်ကြီးက မိဂျမ်းခေါင်းပေါ်က ဆံပင်စကို သပ်ချလိုက်တယ်။ ချက်ချင်းပဲ မိဂျမ်းကိုယ်က ပိတ်ဆို့နေတဲ့ သွေးကြောလေကြောတွေဟာ ပွင့်သွားပုံရတယ်။ မိဂျမ်း လှုပ်ရှားလို့ ရသွားသလို လည်ချောင်းထဲက အသံလည်း ပြန်ထွက်လာတယ်။ အရင်ဦးဆုံးတော့ ငိုသံပဲပေါ့ ။

"ဟစ်ဟီးဟီး ... နောက်ကို ဘယ်သူ့မှ မဆဲတော့ပါဘူး ၊ ကြောက်ပါပြီ ဂျီးဒေါ်ရဲ့ ၊ အီးဟီးဟီး "

မိဂျမ်းဟာ ငိုရင်း အဒေါ်ကြီးရှေ့ ဒူးထောက် ချလိုက်တယ်။ လက်နှစ်ဖက်ကလည်း လက်အုပ်ကလေးချီလို့ ။ ခုနက သူ့ကိုယ်တွင်းမှာ မခံမရပ်နိုင်အောင် ခံစားလိုက်ရတယ်နဲ့ တူတယ်။ နောက်တကြိမ် အဲ့ဒါမျိုး ထပ်ခံစားရမှာကို သေမလောက် ကြောက်သွားပုံပဲ။

အဲ့ဒီအချိန် စောစောက ပြေးထွက်သွားတဲ့ ဇင်မာဦးဆိုတဲ့ ကလေးနဲ့အတူ၊မိဂျမ်းရဲ့အမေ ငွေတိုးချေးစားတဲ့ မဆွဲမိရယ် သူ့ယောက်ကျား ကိုထွန်းအုံရယ် အပြေး ရောက်ချလာတယ်။

မဆွဲမိ လက်ထဲမှာ တလံလောက်ရှိမယ့် ဝါးရင်းတုတ်ကြီး ကိုင်ထားပြီး၊ ကိုထွန်းအုံလက်ထဲမှာတော့ မြိနေအောင် သွေးထားတဲ့ ငှက်ကြီးတောင်ဓားကြီး ပါလာတယ်။ သားသမီးဇောဆိုတော့ ခုတ်မယ် ရိုက်မယ် သတ်မယ်ဆိုသည့်သဘော။ နဂိုကလည်း မိုက်တိမိုက်ကန်းတွေမဟုတ်လား ။ ရပ်ကျော် ရွာကျော် လူမိုက်လင်မယားနဲ့ အမေနီဆိုတဲ့ ဈေးသည် အဒေါ်ကြီးတွေ့ကြပြီ။

" ဟေ့ ငါ့သမီးကို ငိုအောင် လုပ်တာ ဘယ်သူလဲဟေ့ "

လူမိုက် ထွန်းအုံက ကြောက်စရာ အသံဆိုးကြီးနဲ့ အော်ဟစ်လိုက်ပေမယ့်၊ အဒေါ်ကြီးက ရှိနေတယ်လို့တောင် ဂရု မစိုက်ပါဘူး။ ငိုနေတဲ့ မိဂျမ်းအနားကနေ သူ့ ထန်းခေါက်တောင်း ရှိရာကို အေးအေးပဲ လျှောက်သွားတယ်။

ဒါကို မြင်တဲ့ မဆွဲမိက သူ့ဝသီအတိုင်း

ခပ်ကြမ်းကြမ်းလေသံနဲ့ ...

" ဟဲ့ ကောင်မကြီး ၊ ဒါက ဘယ်ပြေးတာလဲ ၊ နင် ငါ့သမီးကို ကလေးဆိုပြီး အနိုင်ကျင့်တုန်းကတော့ ကျင့်ပြီးတော့"

အဒေါ်ကြီးလား ... တခွန်းမှ ပြန်မပြောသေးဘူး။ ဖာသိဖာသာပဲ။ ထန်းခေါင်းတောင်းထဲက ဝါးပြောင်းတိုလေးထဲ စွပ်ထားတဲ့ ဆေးလိပ်တိုကို နုတ်ယူပြီး ပါးစပ်ကနေ ဖွာလိုက်တယ်။

ဆေးလိပ်တိုမီးက ရဲခနဲ ဖြစ်သွားပြီး၊ မီးပွားတချို့ပင် လွင့်စင်သွားသေးတယ်။

ကိုထွန်းအုံက သူ့သမီး မိဂျမ်းကို ပွေ့ချီလိုက်ပြီး ၊ တကိုယ်လုံးအနှံ့ ပွတ်သပ်ကြည့်ကာ ...

" ပြော ငါ့သမီး ၊ ဒီအဖွားကြီး ငါ့သမီးကို ဘာလုပ်သလဲ ၊ နောက်တခါ ငါ့သမီးကို မထိရဲအောင် ဆုံးမပြလိုက်မယ် "

မိဂျမ်းက အားကိုးရသွားတာနဲ့ ချက်ချင်း သူမအဖေကို ပွေ့ဖက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တာပေါ့။ မဆွဲမိက သူ့သမီး ငိုတာကြည့်ပြီး ဒေါသကို ထိမ်းနိုင်ဟန် မတူဘူး ။ လက်ထဲက တုတ်ကြီးနဲ့ အဒေါ်ကြီးကို ရိုက်ဖို့ ပြေးဝင်သွားတယ်။အဒေါ်ကြီးက မဆွဲမိ ပြေးလာတာကို သိတယ်။ သူ့ကို ရိုက်မယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဆေးလိပ်ဖွာ မပျက်သလို၊ ထိုင်နေရာကလည်း မထဘူး ။

မဆွဲမိက ဆဲလည်းဆဲတဲ့အပြင် ၊ ကိုယ်ထိလက်ရောက် ကျုးလွန်ဖို့ စိတ်ပိုင်းဖြတ်ထားဟန်တူတယ်။

" သေချင်းဆိုးမကြီး ၊ ငါ့သမီးကို ဘာမှတ်လို့ အနိုင်ကျင့်တာလဲ ။ ဘာ လူပါးဝတာလဲ ။ ဖေ×××မကြီး ၊ သူတောင်းစားမကြီး ၊ ××ו•• ××× ××× "

အဒေါ်ကြီးနဲ့ သုံးလေးပေအကွာလောက်မှာ မဆွဲမိက တုတ်ကို မြှောက်ကိုင် ရိုက်ဖို့ အရောက်မှာတော့ ...

" ဟိတ် ! "

ဟူသည့် အဒေါ်ကြီးဆီက အောင်မြင်သော ရင်ခေါင်းသံကြီး ထွက်ပေါ်လာတယ်။ လူက သစ်မြစ်ဆုံပေါ်က မထဘူးနော်။ ဒါပေမဲ့ မဆွဲမိခမျာ သူ့လက်ထဲက တုတ်ကြီး လွတ်ကျကာ မြေပေါ် ခေါက်ကနဲ လဲကျသွားတာ အားလုံးက မြင်လိုက်ကြရတယ်။ မဆွဲမိ ထ မလာနိုင်တော့ဘူး။ ပါးစပ်က အမြုပ်တွေ တစီစီနဲ့ အကြောတွေ တက်ကုန်တယ်။

ဒါကို မြင်လိုက်တဲ့ ကိုထွန်းအုံက သူ့သမီး မိဂျမ်းကို အသာချပြီး ၊ အဒေါ်ကြီးဆီ ဓားကြီး ဝင့်ကာ ပြေးဝင်သွားပြန်တယ်။ ပါးစပ်ကလည်း ...ရုန့်ရင်းကြမ်းတမ်းစွာဖြင့် ...

" သေပေတော့ ငါ ××မ ဖာသယ်မကြီး "

ဒီတခါ အဒေါ်ကြီးဟာ ကိုထွန်းအုံရဲ့ အဆဲကြောင့်ထင်တယ်။ ဒေါသထွက်သွားပုံရတယ်။ အဒေါ်ကြီးရဲ့ မျက်လုံးတွေက အရောင်တောက်သွားသလား အောက်မေ့ရတယ်။ ဖျိုးကနဲ ဖျတ်ကနဲပဲ ။

ပါးစပ်က ဖွာနေတဲ့ ဆေးလိပ်တိုကို လက်နဲ့ ဖြုတ်ယူပြီး သူ့ကို ဓားနဲ့ ခုတ်ဖို့ ပြေးဝင်လာတဲ့ ကိုထွန်းအုံဘက် တောက်ချလိုက်တယ်။

" အား အောင်မယ်လေးဗျ ၊ သေပါပြီးဗျ ၊ ပူလိုက်တာ ပူလိုက်တာ ကယ်ကြပါအုံးဗျို့ "

တောက်လိုက်တာက ဆေးပေါ့လိပ်မီးပဲ၊ ဒါပေမဲ့ ကိုထွန်းအုံဆီ ပြေးဝင်လာတဲ့ မီးပွားစတွေက ရဲရဲငြီးငြီး မီးစွဲလောင်နေတဲ့ ထင်းမီးတွေအလား ထင်မှတ်ရတယ်။ ကိုထွန်းအုံ ကိုယ်ပေါ်က ရှပ်အင်္ကျီပေါ် လွင့်စင်ပြီး မီးတွေ ထတောက်ကုန်တယ်။

ကိုထွန်းအုံ ဓားကို လွှတ်ချပြီး မီးစွဲနေတဲ့ အင်္ကျီကို အဆောတလျင် ချွတ်ချနေရတယ်လေ။ အင်္ကျီ ကျွတ်သွားတော့ သူ့ ရင်ဘတ်ပေါ် လက်မောင်းပေါ် ဝမ်းဗိုက်ပေါ် နဲ့ ကျောမပါ မကျန် မီးပူဟပ်ရာ နီနီရဲရဲ အကွက်ကြီးတွေ ထကုန်တော့တာပေါ့ ။

အခုဆိုရင် မဆွဲမိက မြေပေါ်မှာ အကြောဆွဲနေသလို ၊ ကိုထွန်းအုံကလည်း ကိုယ်အထက်ပိုင်း တခုလုံး အပူလောင်ဒဏ်ရာတွေနဲ့ လူးလွန့်နေရရှာတယ်။

" ဖျန်း ... ဖျန်း ..."

မီးဟပ်တဲ့ ဒဏ်ကြောင့် လူးလဲနေတဲ့ ကိုထွန်းအုံခမျာ ၊ ပါးပေါ် လက်ငါးချောင်း အရာထင်သည်အထိ တဖျန်းဖျန်းနဲ့ အရိုက်ခံရပြန်တယ်။ ကိုထွန်းအုံ ကြောက်လွန်းလို့ မော့ကြည့်လိုက်တဲ့အခါ သူ့အနား ဘယ်အချိန်က ရောက်လာသလဲ မသိလိုက်တဲ့ ဈေးသည်အဒေါ်ကြီးကို သူ့အား မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံး အစုံနဲ့ စိုက်ကြည့်နေတာကို မြင်တွေ့လိုက်ရတာပေါ့။

" ဟဲ့ အမျိုးယုတ် ! နင်လား ငါ့ကို ငါကိုင်တုပ်ပြီး ဆဲတာ "

အဲ့သလို မေးမေးပြီး ၊ ပါးတွေ ထပ်ရိုက်တယ်။ ရိုက်ချက် ပြင်းတယ် မပြင်းတယ်။ ထွန်းအုံခေါင်းခမျာ တချက်ရိုက်တိုင်း တချက်လည်ထွက်သွားလေရဲ့။

ကြောက်လွန်းလို့ ...လူမိုက်ထွန်းအုံဟာ ပုဆိုးထဲကို ကြောက်သေး ပါချလိုက်မိတယ်။ အဒေါ်ကြီးကို မော်ကြည့်ပြီး ဒူးထောက် လက်အုပ်ချီ တောင်းပန်တယ်။

" ကြောက်ပါပြီ ဂျီးဒေါ်ရဲ့ ၊ နာလှပါပြီဗျ ၊ တော်ပါတော့ ဆက်မရိုက်ပါနဲ့တော့ ၊ ရှိကြီးခိုးပါရဲ့ "

အဲ့ဒီတော့မှ အဒေါ်ကြီးဟာ ဆက်မရိုက်တော့ပဲ ၊ မြေပေါ် တဆတ်ဆတ်တုန်လူးနေတဲ့ မဆွဲမိဘက်ကို လှည့်ကာ တံတွေး တစ်ခါ လှည့်ထွေးလိုက်တယ်။

" ထွီ ! ... "

အံဩစရာ။ လူးလွန့်ပြီး အကြောဆွဲနေတဲ့ မဆွဲမိဟာ တံထွေး အထွေးခံရပြီးနောက် ငြိမ်သက်သွားတယ်။ ဖုန်တွေ ပေပွနေတဲ့ မျက်နှာ၊ ပြေကျနေတဲ့ ဆံပင် ဖယိုဖယဲနဲ့ သူလည်း ကိုထွန်းအုံလိုပဲ ဒူးထောက် လက်အုပ်ချီထားလိုက်တယ်လေ။သူမ မြေပေါ် လူးလွန့်နေစဉ်က ကိုယ်တွင်းမှာ ပုရွက်ဆိတ်အနီ အကောင်တစ်ထောင်လောက် ကိုက်ခံနေရသလို ပူခြစ်ပြီး စပ်ပူစပ်လောင် ခံစားနေရတာ ဘယ်လိုမှ မသက်သာဘူးမဟုတ်လား။နောက်တကြိမ် အဲ့ဒီဝေဒနာကို မခံစားလိုသောကြောင့် အဒေါ်ကြီးကို လင်မယားနှစ်ယောက် ဒူးထောက် လက်အုပ်ချီ တောင်းပန်နေကြတာပဲ ဖြစ်တယ်။

အမေနီဆိုတဲ့ ဈေးသည်ကြီးက စိတ်ဆိုးပြေသေးဟန် မတူဘူး။ ဘာလို့လဲဆိုတော့ ဒီလင်မယားနှစ်ယောက်လုံးက သူ့ကို သတ်ဖို့အထိ ရည်ရွယ် လုပ်တာမဟုတ်လား။ အမေနီ စိတ်ဆိုးတာက သူ့ကို သတ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ကို မဟုတ်ဘူး။ သူ အင်မတန် မုန်းတီးတဲ့ အဆဲကြောင့် စိတ်ဆိုး မပြေနိုင်တာ။ မဆွဲမိရော ကိုထွန်းအုံရောက အမေနီကို ယုတ်တီးညစ်ပတ်တွေ ဆဲခဲ့ကြတာကိုး။

ဒီလင်မယားကိုတော့ အသေ မလုပ်ချင်ပေမယ့် ၊ မှတ်မှတ်သားသား ဖြစ်အောင် ဆုံးမလေမှ သင့်တော်မယ်လို့ အမေနီက ဆုံးဖြတ်လိုက်ဟန်တူတယ်။

ဓားဖြင့် ခုတ်သတ်ရန် ကြံရွယ်သူ ကိုထွန်းအုံရဲ့ လက်နှစ်ဖက်ကို အမေနီက လက်ဖြင့် အသာယာ ပုတ်လိုက်တယ်။ ကိုထွန်းအုံ ခမျာ နာကျင်လွန်းလို့ အံမယ်လေးတကာ တအင်းအင်း တအားအား ငြီးတွားအော်ဟစ်ရင်း လက်နှစ်ဖက်လုံး လှုပ်မရတော့ဘူး။

မဆွဲမိကိုတော့ ဘာလုပ်လိုက်လဲ မသိဘူး။ မဆွဲမိဟာ ခါးအောက်ပိုင်း လှုပ်မရတော့ပဲ မြေပေါ် ထိုင်လျက်ကြီး၊ ထလို့ မရတော့ဘူး။ အောက်ပိုင်း သေသူတစ်ယောက်ပမာ ဖြစ်သွားတယ်။

လူမိုက်က လက်ကို အသုံးချမရရင် ဘယ်သူ့အပေါ် အနိုင်ကျင့်လို့ ရဦးမှာလဲ။

အဲ့သလိုပဲ ငွေတိုးချေးစားသူ မဆွဲမိက နေ့စဉ်နေ့တိုင်း သူ ရစရာရှိတဲ့ ငွေတိုးကို ရွာထဲ လှည့်ကောက်လို့ မရတော့ဘူး။ သူ့ခြေတွေ လှုပ်ရှားလို့မှ မရတော့တာလေ။

အမေနီက ကလေးဖြစ်သော မိဂျမ်းကိုတော့ ဗွေမယူတော့ပါဘူး။ ဒီအတိုင်း လွှတ်ပေးလိုက်တယ်။

အမေနီက လူမိုက်လင်မယားကို ကျေနပ်လောက်အောင် ဆုံးမပြီးတော့ သူ့ ထန်းခေါက်တောင်းလေးကို ခေါင်းပေါ်ရွက် ထွက်သွားလေပြီ။ ကျန်နေခဲ့တာကတော့ ၊ ဒုက္ခိတ လင်မယားပဲပေါ့ ။

____________

အခန်း (၂)

ကန်တော့ပွဲတွေ တန်းစီနေတဲ့ အိမ်ကြမ်းပြင်ရဲ့ အရှေ့မှာ ၊ ယောဂီရောင် ဝတ်စုံနှင့် ယောက်ျားကြီးက သူ့ဆီကို ဆေးလာကုတဲ့ ၊ မဆွဲမိကို မေးလိုက်တယ်။

" အရပ်ရှည်ရှည် ၊ အသားညိုညိုနဲ့ ပိန်ပိန်ပါးပါး အသက်၅၀လောက်ရှိမယ့် မိန်းမကြီး ဟုတ်လား ၊ ဆွဲမိ "

လှုပ်မရတဲ့ ခြေနှစ်ဖက်ကို ဆန့်ဆန့် ဆင်းထားလျက် မဆွဲမိက ၊ ဆေးဆရာ ထွန်းအောင်ကျော်ကို ပြည့်စုံအောင် ဖြေလိုက်တယ်။

" ဟုတ်တယ်တော့ ၊ သူ့မှာ သစ်စေးနီသုတ်ထားတဲ့ ထန်းခေါက်တောင်းလည်း ပါတယ်။ ကျုပ်တို့ နယ်ဘက်က ဟုတ်ဟန်မတူဘူး ၊ ပြောင်းဖူးဖက်ဆေးလိပ်ကြီး ပါးစပ်မှာ ခဲထားသေးတယ်"

ဆေးဆရာ ထွန်းအောင်ကျော် မျက်လုံး ပြူးသွားတယ်။ သူ့လက်ထဲက မဆွဲမိရဲ့ ခြေသလုံးကို ပေါက်ဖို့ ကိုင်ထားတဲ့ဂဝံရုပ်ပါ စုပ်ပေါက်တံကို သိမ်းရန် ပြင်လိုက်ပြီး၊

" ဟယ် ... အမိုက်မ လင်မယား ၊ နင်တို့တော့ ကဝေကျော် အမေနီနဲ့ တွေ့ခဲ့ကြတာကိုး ၊ တော်ပြီ တော်ပြီ ဆွဲမိနဲ့ထွန်းအုံ ၊ နင်တို့ လင်မယား ပြန်ကြတော့၊ အမေနီ လုပ်ထားတာဆိုရင် ငါ မကုရဲဘူး ၊ ငါ့ကိုပါ အငြိုးထားရင် ဒုက္ခရောက်လိမ့်မယ် ၊ နင်တို့ အခု ချက်ချင်း ငါ့အိမ်ပေါ် ဆင်းကြ ၊ သွားကြတော့ "

ဆေးဆရာ ထွန်းအောင်ကျော်ရဲ့ မျက်နှာက အရမ်း ကြောက်သွားမှန်း သိသာသည်။ မဆွဲမိတို့ လင်မယားကို သာမန် စုန်းကဝေက ပြုစားသည်ဟု ထင်ထားမိ၍ သူက ဆေးကုပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ယခု ကဝေအကျော် အမေနီမှန်း သိသွားသည့်အခါ မတို့ရဲ မထိရဲတော့ချေ။

" ဟင် အဲ့သလို မလုပ်ပါနဲ့ ဆရာရယ်။ ဆေးဖိုး ကျသလောက် ယူပါ။ ကျမတို့ လင်မယားကိုတော့ ကုပေးပါနော်။ ကျမတို့က ဆရာ့ဆီကို အားကိုးတကြီးနဲ့ လာခဲ့ရတာပါ ..."

" ဆွဲမိ ၊ နင်လည်း ငါ့အကြောင်းသိနေသားပဲဟာ ၊ ငါ ကုပေးလို့ရရင် ကုပေးချင်တာပေါ့ ၊ အခုဟာက တခြားသူ လုပ်တာမဟုတ်ဘူး ၊ ကဝေအကျော် အမေနီဟဲ့...သူ့ ပြုစားထားတာကို ငါ့ မပြောနဲ့၊ ငါ့ဆရာတောင် မထိရဲဘူး၊ အမေနီဆိုတာ အရမ်းစွမ်းတာ ၊ သွားပါအေ ၊ ငါတောင်းပန်ပါတယ်၊ ညည်းတို့ ပြန်ကြပါ "

မဆွဲမိ မျက်ရည် တလည်လည်နဲ့ ဆရာထွန်းအောင်ကျော်ကို တောင်းပန်တယ်။ သူ ဘယ်လိုပဲ တောင်းပန် တောင်းပန် ၊ ဆေးဆရာက ခေါင်းပဲ ခါပြနေတယ်။ နောက်ဆုံးတော့ မဆွဲမိက ...

" ဒါဆိုရင် ကျမတို့ လင်မယားက ဒီအတိုင်းကြီး ဒုက္ခိတဘဝနဲ့ တသက်လုံးဆက်နေသွားရတော့မှာလား ဆရာရယ်။

ဒီလိုလုပ်ပါလား ဆရာ။ ဆရာ မကုရဲရင်လည်း ဘယ်လို လုပ်ရင် ကျမတို့ လင်မယား ပြန်ကောင်းမယ်ဆိုတာ လမ်းညွှန်ပေးပါလား ၊ နော်ဆရာ ထွန်းအောင်ကျော် ၊ ဒါလေးတော့ ကျမတို့ကို အရင်မျက်နှာတွေ ထောက်ထားပြီး ကူညီပါရှင် "

ဆေးဆရာလည်း နဖူးကြော ရှုံ့တွနေအောင် စဉ်းစားပြီး သကာလ...

" သူ့အတိုက်ကို ဖြေပေးနိုင်မလား ၊ မဖြေပေးနိုင်မလားဆိုတာတော့ သေသေချာချာ အတတ်မပြောနိုင်ဘူး ။ ဒါပေမဲ့ အခုတလော ဟိုဘက်ရွာမှာ နာမည်ကြီးနေတဲ့ တစ္ဆေနိုင် ကိုရင်လေးဆိုတာ ရှိသဟဲ့။ နင်တို့ လှည်းငှားပြီး သွား အကူအညီ တောင်းကြည့်ပါလား။

အမေနီက သံဃာတွေကိုတော့ အရိုသေသား။ သူ့အတိုက်ကို ဖြေပေးသူက သံဃာဆိုရင် ရန်ပြုမယ်မထင်ဘူး"

လို့ အကြံဉာဏ် ပေးလိုက်သတဲ့။

________________

အခန်း (၃)

" တပည့်တော်မတို့ လင်မယားရဲ့ ဒုက္ခကို ကယ်တင်ပေးပါအုံး ကိုရင်။ ဒီဒုက္ခတွေကို ကိုရင် တပါးတည်းကသာ ကယ်တင်နိုင်မှာပါဘုရား "

ကိုရင်နန္ဒိယဟာ မရယ်မပြုံး ၊ အိနြေ္ဒတည်ကြည်စွာဖြင့် ...

" ဒကာမကြီးဒေါ်ဆွဲမိတို့ ဒီရက်အတွင်း ကိုရင့်ဆီကို လာမယ်လို့ အဒေါ်ကြီး တစ်ယောက်က လာပြောသွားတယ်။ အဲ့တုန်းက ကိုရင် အံဩနေသေး။နောက်တော့ အဲ့ဒီ အဒေါ်ကြီးကပဲ ကိုရင့်ကို ပြည့်ပြည့်စုံစုံ လျှောက်သွားတော့ ကိုရင် လက္ခံလိုက်မိတယ်လေ။

ကဲ ကိုရင် လိုရင်းပဲ မေးတော့မယ်။ဒကာမကြီး ဒေါ်ဆွဲမိတို့က အင်မတန် နုတ်ဝဇီ ကြမ်းတမ်းသတဲ့ ။ အဲ့ဒါ မှန်ပါသလား ဒကာမကြီး "

မဆွဲမိ မလိမ်ရဲရှာဘူး ။ အမှန်တိုင်းပဲ ကိုရင်ကို ဝန်ခံရတယ်။

" တင်ပါ့ဘုရား ၊ လုပ်ငန်းသဘောတရားအရ တပည့်တော်မ ဆဲမိဆိုမိပါတယ်ဘုရား "

" ဒါဖြင့် ... နောက်နောင်ကို အခုလို ဆဲဆူအော်ဟစ်နေဦးမှာပဲလား ဒကာမကြီး "

" နောက်နောင်တော့ မဆဲဝန့်တော့ပါဘုရား ၊ ဒီတစ်ခါနဲ့ပဲ မှတ်ပါပြီ "

" အင်း ... ဒါဖြင့် ၊ ကိုရင့်ဆီမှာ ငါးပါးသီလများ ခံယူပြီး ၊ နောက်နောင် ယုတ်ရင့်ကြမ်းတမ်းစွာ မဆဲတော့ပါလို့ သစ္စာပြုနိုင်မလား ဒကာမကြီး "

" တပည့်တော်မတို့ လင်မယားရဲ့ ဒုက္ခိတ ဘဝက လွတ်မြောက်မယ်ဆိုရင် သစ္စာပြုရဲပါတယ်ဘုရား "

" ဒကာမကြီးတို့ လင်မယားနဲ့ တွေ့ဆုံခဲ့တဲ့ ကဝေကျော် အမေနီဆိုတာနဲ့ ကိုရင်ဆီ လွန်ခဲ့တဲ့ နှစ်ရက်က လာပြီး တွေ့တယ်။

ခင်များတို့ လင်မယားလာမယ်ဆိုတာလည်း သူပဲ ပြောပြသွားတာ။ ခင်ဗျားတို့ကို သူ့ပညာနဲ့ ပြုစားထားခဲ့တယ်တဲ့။ ဖြေဆေး ကျုပ်ကို ပေးသွားခဲ့တယ်။ နောက်နောင် မဆဲတော့ပါဘူးလို့ ကတိသစ္စာပြုရင် ဖြေပေးလိုက်ပါလို့လည်း ကျုပ်ကို အသေအချာမှာသွားပါတယ်။

အဲ့ဒီတော့ ခင်ဗျားတို့ဘက်က ငါးပါးသီလ ခံယူပြီး ၊ သစ္စာပြုပေါ့ ၊ ကျုပ်က ဖြေဆေး ပေးရုံပါပဲ ဒကာမကြီး"

ကောင်းပါပြီဟု မဆွဲမိရော သူ့ခင်ပွန်း ကိုထွန်းအုံရော ဝန်ခံလေတော့ ၊ ကိုရင်နန္ဒိယကပဲ ငါးပါးသီလ ပေးတယ်။ လင်မယားနှစ်ယောက်က ငါးပါးသီလ ခံယူပြီးနောက် ၊ နောက်နောင် ဝဇီ ကြမ်းတမ်းသော အပြစ်မှ ရှောင်ကြဉ်ပါမည်ဟု သစ္စာပြုလေ၏။

ကိုရင် နန္ဒိယက ...

" သစ္စာမြဲရင် ကောင်းကျိုး ချမ်းသာ ခံစားရမှာပေါ့ ၊ သစ္စာပျက်ခဲ့ရင်တော့ ဒကာ၊ဒကာမတို့ပဲ တာဝန်ခံရလိမ့်မယ်နော်။ မြဲအောင် ကြိုးစားကြ "

"တင်ပါ့ဘုရား တပည့်တော်တို့ ကတိသစ္စာကို မြဲအောင်ထိမ်းသိမ်းသွားပါ့မယ်ဘုရား "

ကိုရင်သည် သောက်ရေခွက်တခွက်ကို ကိုင်ကာ မဆွဲမိတို့ အရှေ့က တန်းလျားခုံလေးပေါ် တင်ပလ္လင်ခွေထိုင်လိုက်ပြီး ... မျက်စိကိုမှိတ် ရတနာသုံးပါးကို ရည်မျှော်လျက် ( မဟာသမယသုတ်)ကို ရွတ်ဖတ် ပူဇော်တယ်။

ရွတ်ဖတ်ပူဇော်ပြီးစီးသည့်အခါ ထိုသောက်ရေခွက်ထဲမှ ရေတို့ကို လင်မယားနှစ်ယောက်အား တိုက်လည်း တိုက်၏။ ပိုသော ရေကို ကိုယ်ပေါ်သို့ လက်ဖြင့်လည်း တောက်ကာပေး၏။

မကြာမီ မဆွဲမိ၏ ခြေထောက်များသည် သွေးလေ ပွင့်ကာ လှုပ်ရှား၍ ရလာတယ်။ ထို့အတူ ကိုထွန်းအုံ၏ လက်နှစ်ဖက်သည်လည်း စပ်ဖျဉ်းဖျဉ်းနဲ့ ဖြစ်လာကာ လှုပ်ရှားလို့ ရသွားတယ်။

လင်မယား နှစ်ယောက်စလုံး အကောင်းပကတိ ပြန်ဖြစ်သွားသည့်အခါ တဦးနဲ့တဦး ကြည့်ကာ ဝမ်းသာဝမ်းနည်း မျက်ရည်များ ဝဲကုန်ကြတယ်။ နောက်တော့ ကျေးဇူးရှင် ကိုရင်လေးအား ရိုသေစွာ ဝပ်တွား ကန်တော့ကြလေ၏။

သေချာပါတယ် ၊ ယခုလို ဝဋ်ဒုက္ခကို နောက်ထပ် အရှင်လတ်လတ်ကြီး မခံစားလိုကြသောကြောင့် ကိုထွန်းအုံ ၊ မဆွဲမိတို့ လင်မယားအပြင်၊ သူတို့သမီး မိဂျမ်း ခေါ် မေမိုးဦးလည်း နောက်နောင်တွင် ကြမ်းတမ်းသော နုတ်ထွက်စကားတို့ကို ဆိုရဲမည် မဟုတ်တော့ချေ။

ပြီးပါပြီ

ပီပီ၊မန္တလေး၊

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#ဒေါ်ကြီး
#လင်မယား
#ကိုရင်
#ဒကာမ
#အမေ

Some text some message..