သွေးနှောချစ်သူ (၄)
lotaya.mpt.com.mm
|
2021-08-15

ရဲရင့် သတိပြန်ရလာလျှင် သူ၏ တစ်ကိုယ်လုံးကို သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့် ကပ်ပြီး ကြိုးများနှင့် တုပ်နှောင်ထားသည်ကို တွေ့လိုက်ရသည်။ သူ ဘေးဘီကို ကပျာကယာကြည့်လျှင် သူနှင့် ဘေးချင်းကပ် အခြားသစ်ပင်တစ်ပင်တွင် အလားတူ ကြိုးများအတုပ်ခံထားရသော နွေဦးကို တွေ့လိုက်ရလေသည်။ ရဲရင့် စိတ်ထဲတွင် ယူကြုံးမရဖြစ်သွားသည်။ သူ့ကြောင့် သူချစ်ရသော မိန်းကလေး ဒုက္ခရောက်ရလေပြီ။ နွေဦးသည် သတိမရတစ်ချက် ရတစ်ချက်သာ ရှိသေး၏။

‘ဟေ့လူကြီး ဟေ့ကောင်ကြီး မိုဖီ။ ငါတို့ကို ခု ကြိုးဖြေပေးစမ်း။ လူယုတ်မာကြီး’

ရဲရင့် အသံကုန်ခြစ်အော်လိုက်၏။ တောအုပ်ကြီးထဲတွင် နေဝင်သွားပြီဖြစ်သဖြင့် မှောင်မဲနေပြီ။ တဲအိမ်ရှေ့တွင် ထွန်းထားသော မီးပုံကြီးဆီမှ မီးအလင်းရောင်ကသာ ရဲရင့်တို့ရှိရာဆီသို့ ဖြာထွက်နေသဖြင့် ပတ်ဝန်းကျင်ကို မြင်နေရခြင်းပင်။

‘ဟေ့ အနူရက်ခ်။ မင်းဘယ်မှာလဲ။ သတ္တိရှိရင် ကြိုးဖြေပေးလကွာ။ ငကြောက်။ သရဲဘောကြောင်တဲ့ကောင်။ ခွေးမသား အနူရက်ခ်’

သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများတင်းမာလာသည်။ သို့သော် တုပ်နှောင်ထားသော ကြိုးများမှာ ခိုင်မြဲလှသဖြင့် နည်းနည်းမျှ လှုပ်မရချေ။

‘နွေဦး… နွေဦး… သတိရပြီလား။ ငါ ဒီမှာရှိတယ် နွေဦး… နင်ဘာမှမပူနဲ့...’

‘ဟင်.. ငါတို့ ဘယ်ရောက်နေတာလဲဟင်...’

နွေဦး သတိမေ့နေရာမှ နိုးလာပြီး မူးနောက်ရီေဝလျက်ရှိ၏။

‘နွေဦး။ ငါတို့ကို ခုနက ရှားမန်းကြီး အိပ်ဆေးတိုက်ပြီး ဖမ်းထားတာဟ။ ငါ့ကို သူ သမန်းကျားမှန်း သိသွားပြီ။ ငါတောင်းပန်ပါတယ်ဟာ။ ငါ့ကြောင့် ခုလိုဖြစ်ရတာ ငါတောင်းပန်ပါတယ်။’

ထိုစဉ်မှာပင် မိုဖီကြီး အနူရက်ခ်သည် သစ်လုံးအိမ်ဘက်ဆီမှ သူတို့ရှိရာဆီသို့ တဖြည်းဖြည်း လျှောက်လာသည်။ သူ့လက်ထဲတွင် ဆေးတောင်ေဝှးကြီး ပါမလာတော့။ သူ့ခါးကြီးမှာလည်း ယခင်လို ကုန်းမနေတော့။ သန်သန်မာမာကြီး ဖြစ်နေသည်။ သူ့လက်ထဲတွင် ဆေးတောင်ေဝှးအစား ဧရာမ ဒူးလေးကြီးတစ်လက်ပါလာ၏။ မိုဖီကြီးသည် ရဲရင့်၏ အော်ဟစ်ကြိမ်းဝါးသံများကို ရှိသည်ဟုပင် မအောက်မေ့လေဟန်ဖြင့် တည်ငြိမ်စွာ သူတို့နားသို့ လျှောက်လာခဲ့သည်။ ရဲရင့်နှင့် ဝါးနှစ်ပြန်စာလောက် အရှေ့ရောက်လျှင် သူ့လက်ထဲမှ ဒူးလေးကြီးကို မြေပေါ်သို့ချပြီး ဒေါက်တိုင်ကို ထောက်ကာ ဒူးလေးပေါ်မှ မြားချွန်ကြီးကို ရဲရင့်၏ ရင်ဝနှလုံးသားတည့်တည့်ရှိရာသို့ သွေးအေးစွာ ချိန်ရွယ်နေလေသည်။

‘အမလေး.. မိုဖီကြီးရယ်။ မလုပ်ပါနဲ့။ ရဲရင့်ကို မသတ်ပါနဲ့။ ကျွန်မတောင်းပန်ပါတယ်ရှင့်။ ရှင်လိုချင်သလောက် ပိုက်ဆံ ကျွန်မပေးပါ့မယ်။ ကျွန်မ မိဘတွေမှာ ပိုက်ဆံတွေ အများကြီးရှိပါတယ်။ ရှင်ဘယ်လောက်လိုချင်လဲ ပြောပါ။ ရဲရင့်ကို မသတ်ပါနဲ့..’

နွေဦး ကြောက်လန့်တကြားတောင်းပန်လေသည်။

‘နွေဦး ဒီလူယုတ်မာကြီးကို ဘာမှတောင်းပန်နေစရာမလိုဘူး။ ဒီမှာ အနူရက်ခ်။ ဒီကိစ္စက ခင်ဗျားနဲ့ ကျုပ်နဲ့ကြားမှာပဲဆိုင်တယ်။ မိန်းကလေးကို ခုချက်ချင်းလွှတ်ပေးလိုက်စမ်းပါ။ ပြီးမှ ကျုပ်ကို ခင်ဗျားလုပ်ချင်ရာလုပ်’

ဆေးဆရာကြီး အနူရက်ခ်သည် ဒူးထောက်ပြီး ဒူးလေးကြီး၏ ပစ်မှတ်ကို ချိန်နေရာမှ နွေဦးနှင့် ရဲရင့်တို့ကို တလှည့်စီ လှမ်းကြည့်မိသည်။ သူ၏ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးဖြူများနှင့် ဖုံးနေသော ပါးစပ်ကြီးမှ သွားများပေါ်အောင် ဖြီးသွားလေသည်။

‘အိုး ချစ်နေလိုက်ကြတာပါလား။ နေပါဦးကွယ် မင်းကို ငါ မသတ်သေးပါဘူး။ မင်းကို ငါ လူအဖြစ်နဲ့ သတ်လို့ ငါ့အတွက် ဘာမှ အကျိုးမရှိဘူး။ မင်းကျားဖြစ်သွားမှ ငါ ဒီ ဒူးလေးကို မောင်းဖြုတ်ချမှာ။ ငါလိုချင်တာက ကျားအကောင်လိုက်။ မင်းရဲလူသေအလောင်းက ဘာမှ သုံးမရဘူး။ ဆေးဖော်လို့လည်းမရ။ အရေဆုတ်လို့လည်းမရ။ အစွယ်ယူလို့လည်းမရ။ အမြီးဖြတ်လို့လည်းမရ။ မင်း ကျားဖြစ်သွားရင်တော့ မင်းရဲ့ တစ်ကိုယ်လုံးက မိုဖီတွေအတွက် နတ်ဆေးပဒေသာပင်ကြီးလိုပဲဟေ့’

ထိုအခါမှ အနူရက်ခ် ဘာတွေကြံနေသလဲဆိုတာ သူတို့ ရိပ်မိသွားကြသည်။ သူသည် ပထမ ရဲရင့်ကို ဒေါသတွေထွက်၊ စိတ်တွေ ကြွပြီး သမန်းကျားဖြစ်အောင် ဆွပေးလိမ့်မည်။ ရဲရင့် ကျားအဖြစ်ပြောင်းသွားမှ သူက ဒူးလေးကြီးနှင့် ရင်ဝတည့်တည့်ကို ပစ်သတ်ကာ သမန်းကျားအကောင်ကြီးကို သူ့ရှားမန်းဆေးပညာ အောက်လမ်းပညာများအတွက် အသုံးပြုပေလိမ့်မည်။ အကြံကား ပက်စက်လွန်းပေစွ။ သို့သော် ရဲရင့် အကြီးအကျယ် ဒေါသစိတ်များပေါက်ကွဲအောင် အနူရက်ခ်သည် မည်သည့်နည်းကို သုံးမည်နည်း။

မိုဖီကြီးသည် ခပ်လှမ်းလှမ်းတွင် ချထားသော အဖုံးဖုံးထားသည့် သံဖြူရေပုံးတစ်ပုံးကို သွားဆွဲယူလာခဲ့သည်။ သူသည် ရေပုံးကို ဆွဲရင်း နွေဦးနားသို့ တဖြည်းဖြည်းချဉ်းကပ်သွားသည်။

‘နင် ခုနတုန်းက ငါကျွေးတဲ့ ပုရွက်နီ ခါချဉ်ဥ စွပ်ပြုတ် စားကောင်းရဲ့လားဟင်’

အနူရက်ခ်သည် ပြောပြောဆိုဆို သံဖြူရေပုံး အဖုံးကို လှပ်လိုက်လျှင် အထဲတွင် အနီရောင်ရဲရဲထနေသည့် ခါချဉ်ကောင်ကြီးများကို ရေပုံးနှင့် အပြည့် တွေ့လိုက်ရလေသည်။

‘အား…. ကယျကွပါ...’

နွေဦး ကြောက်လန့်စွာနှင့် အသံကုန်ဟစ်အော်ရှာသည်။ သို့သော် နောက်ကျသွားလေပြီ။ မိုဖီကြီးသည် ခါချဉ်ကောင်ကြီးများ အပြည့်ပါသည့် သံပုံးကို နွေဦး၏ ဦးခေါင်းပေါ်တည့်တည့်သို့ မှောက်သွန်ချလိုက်သည်။ မိန်းကလေး၏ တစ်ကိုယ်လုံး ရဲရဲနီသော ခါချဉ်ကောင်များဖြင့် ဖုံးလွှမ်းသွား၏။ ခါချဉ်ကောင်ကြီးများသည် သူတို့၏ ဥများကို စားသုံးထားသည့် လူ၏ အနံ့ကို သိသွားသည့်အလား နွေဦး၏ ဖြူဖွေးနုဖတ်သော အသားစိုင်များ အရေပြားများကို နေရာအနှံ့ ထိုးစိုက်ကိုက်ခဲကြလေတော့သည်။

‘အား…’

မိန်းကလေး ဆောက်တည်ရာမရ အော်ဟစ်ငိုကြွေးလေသည်။

‘နွေဦး… နွေဦး….။ ခွေးမသားကြီး လူမဆန်တဲ့ကောင်ကြီး...’

ရဲရင့် စိတ်များ ထိန်းမရတော့ပြီ။ သူ့မျက်နှာကြီးတစ်ခုလုံး နီရဲလာသည်။ သူ၏ လည်ပင်းကြောကြီးများ ထောင်ထလာ၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားစိုင်ကြီးများ မို့မောက်ဖောင်းကားလာသည်။ သူ၏ အရပ်သည် ရှည်ထွက်လာ၏။ ရှားမန်းကြီး တုပ်နှောင်ထားသော ကြိုးခွေများ တဖျစ်ဖျစ်မြည်လာသည်။ ရှားမန်း အနူရက်ခ်သည် ရဲရင့်၏ ပြောင်းလဲလာပုံကို ပြူးကျယ်သောမျက်လုံးကြီးများဖြင့် သဘောကျစွာ လှမ်းကြည့်နေသည်။ နွေဦးခမျာမှာတော့ ရဲရင့် ဘာဖြစ်နေသည်ကို သတိမမူနိုင်ရှာ။ သူမတစ်ကိုယ်လုံးပေါ်တွင် တရွရွတက်ကာ အဆက်မပြတ်ကိုက်ခဲနေသော ခါချဉ်ကောင်ကြီးများကြောင့် အော်ဟစ်ငိုကြွေးနေရရှာသည်။ အနူရက်ခ်သည် ဒူးလေးကြီးဆီသို့သွားကာ ဒူးလေးခလုတ်မောင်းပေါ်တွင် လက်ညှိုးကို အသင့်တင်ရင်း ရဲရင့် အလုံးစုံ ကျားအဖြစ်ရောက်သွားမည့်အချိန်ကို ဒူးထောက် စောင့်ဆိုင်းနေလေတော့သည်။

‘ဂါး ဂါး ဝေါငျး…..’

ပေါက်ကွဲထွက်လာသော ဒေါသစိတ်ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် ရဲရင့်သည် ကိုးတောင်ကျော်မျှ ရှည်လျားပုံရသည့် ကျားကြီးတစ်ကောင်အဖြစ်သို့ စင်စစ်ပြောင်းလဲသွားလေသည်။ အဝါရောင်အရေပြားပေါ်တွင် အနက်ရောင်အစင်းကြားများနှင့် ကျားကြီးသည် တုပ်ထားသော ကြိုးများကြားမှ ရုန်းမထွက်နိုင်သေးသော်လည်း အချို့ကြိုးစများမှာ သမန်းကျားကြီး၏ သန်မာလှသော ခွန်အားကြောင့် ပြုတ်ထွက် ပြတ်ထွက်စပြုနေလေပြီ။ အနူရက်ခ်၏ မျက်နှာကြီးသည် အဆီများပြန်လာပြီး ပြုံးပြုံးကြီးဖြစ်သွားသည်။

‘မင်းအဖေကို လွတ်သွားလို့ ဆယ့်ငါးနှစ်လုံးလုံး ငါ အခဲမကြေဖြစ်နေခဲ့တာ။ အခုသားကိုယ်တိုင် ငါ့လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့တာပဲ။ ကဲ - သေစမ်းဟာ’

မိုဖီကြီးသည် ဒူးလေးမောင်းခလုတ်ကို ဖြုတ်ချလိုက်သည်။ မြားတံကြီးသည် လက်နက်ဆီမှ ‘ဝှီး’ ကနဲ အသံမြည်ကာ ရဲရင့် တဖြစ်လဲ သမန်းကျားကြီး၏ ရင်အုံနှလုံးသားတည့်တည့်ဆီသို့ တဟုန်တိုး ထွက်သွားလေသည်။

‘ဝေါငျး.. ဂရား….’

‘ဟာ..’

မိုဖီကြီး၏ ပါးစပ်ကြီး ဟောင်းလောင်းပွင့်သွားသည်။ သူ့မျက်စိကို သူမယုံနိုင်။ သူ့ဒူးလေးမြားသည် ရဲရင့်ကို မထိမှန်လိုက်။ အကြောင်းမှာ ဘယ်ကဘယ်လို ထွက်ပေါ်လာမှန်းမသိသော အခြား ဧရာမကျားကြီးတစ်ကောင်က ရဲရင့်ရှေ့သို့ ဖြတ်ခုန်ကာ ကာကွယ်ပေးလိုက်သောကြောင့်ပင်။ ဒူးလေးမြားတံသည် ထိုခုန်ဝင်လာသော ကျားကြီး၏ ညာဘက်နံစောင်းတွင်းသို့ နက်ရှိုင်းစွာ ဖောက်ဝင်သွားလေသည်။ ထိုကျားကြီးသည် နောက်ခြေတစ်ဘက် ကျိုးနေပြီး အရောင်မှာ အဝါရောင်ထက် အနီရောင်သန်းနေသည်။

‘ကာဆင်း၊ မကောင်းဆိုးဝါး။ ဆယ့်ငါးနှစ်လုံးလုံး မင်းဘယ်မှာပုန်းနေသလဲ’

‘ဂရား...’

ထိုစဉ်မှာပင် ရဲရင့်သည် အားကုန်သုံးလိုက်သဖြင့် သူ့ကို ချည်နှောင်ထားသော ကြိုးများမှာ လုံးဝပြေလျော့သွားတော့သည်။ သူသည် ပတ်ဝန်းကျင်တစ်ခုလုံးကို သတိမရဘဲ နွေဦးရှိရာသို့ အပြေးသွားကာ သူမကို ချည်နှောင်ထားသော ကြိုးများကို သူ၏ ချွန်ထက်သော အစွယ်ကြီးများနှင့် ကိုက်ဖြတ်ချလိုက်၏။

‘ဟင်. အမလေး.. ရဲရင့် ရဲရင့်လား’

ရဲရင့် ဝမ်းခေါင်းသံကို မြည်ဟည်းကာ အသံပြန်ပြုလိုက်သည်။ ထို့နောက် သူ့ကျောပေါ်ကို ခေါင်းငဲ့ကာပြလိုက်၏။ နွေဦးကို သူ့ကျောပေါ်တက်ဟု အချက်ပြသည့်သဘောပင်။ နွေဦးသည် ခါချဉ်ကောင်ကြီးများကို အတတ်နိုင်ဆုံးခါချရင်း သမန်းကျားကြီး၏ ကျောပေါ်သို့ ဝမ်းလျားမှောက်ကာတက်လိုက်သည်။

‘ဝေါငျး...’

သမန်းကျားကြီးသည် မာန်ဖီသံကြီးကိုပြုပြီး အန္တရာယ်ကင်းရာသို့ အမြန်ဆုံး ခြေလှမ်းကြီးများနှင့် ပြေးသွားလေသည်။ ရဲရင့်သည် ကျားအဖြစ်သို့ ရောက်သွားသည်နှင့် သူ၏ ဗီဇသိစိတ်များသည် သဘာဝနှင့် ပိုပြီးနီးစပ်သွားသည်။ ယခုသူ အမြန်ဆုံးသွားလိုသည်မှာ စမ်းချောင်းတစ်ခုခုဆီသို့။ သိပ်မကြာမီမှာပင် သူတို့နှစ်ဦး စမ်းချောင်းငယ်တစ်ခုဘေးသို့ ရောက်သွားကြသည်။

‘ဗွမ်း’

နှစ်ယောက်သား စမ်းချောင်းထဲသို့ ခုန်ဆင်းလိုက်ကြ၏။ နွေဦးသည် စမ်းရေ၏ အထိအတွေ့ကြောင့် သက်သာသွားသည်။ သူ့ကိုယ်ပေါ်တွင် တွယ်ကပ်နေသေးသော ခါချဉ်ကောင်များမှာလည်း ရေနှင့် မျောပါသွားကြတော့သည်။ အေးမြသော ရေနှင့် ထိတွေ့ခြင်း၊ အန္တရာယ်နှင့် ေဝးလာခြင်းတို့ကြောင့် ရဲရင့်၏ စိတ်များ အနည်းငယ်ပြန်ငြိမ်သွားကာ သူသည် တဖြည်းဖြည်းချင်း ရေထဲမှာပင် လူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားလေသည်။ ရဲရင့် လူပြန်ဖြစ်လာသည်ကို နွေဦးသည် အံ့သြစွာ ငေးကြည့်နေမိသည်။

‘တကယ်မယုံနိုင်စရာပဲ ရဲရင့်’

လူငယ်သည် မိန်းကလေးဆီသို့ လာကာ သူမကို ပွေ့ဖက်လိုက်သည်။

‘ငါတောင်းပန်ပါတယ် နွေဦးရယ်။ ငါ့ကြောင့် နင် အသက်အန္တရာယ်နဲ့ ကြုံရတာ။ ငါတို့ ဒီကနေ အမြန်ပြန်ကြစို့ဟာ’

နွေဦးခေါင်းကိုခါပြီး ရဲရင့်ကို စူးရှစွာပြန်ကြည့်လိုက်သည်။

‘နိုးပါ ရဲရင့်။ ငါတို့ လာရင်းကိစ္စမပြီးသေးဘူး။ နင့်အမေကို မတွေ့သေးဘူး။ ပြီးတော့.. ပြီးတော့ နင့်ကို ဝင်ကယ်သွားတဲ့ ကျားကြီးက ဘယ်ကလဲ၊ ဘယ်သူလဲဟင်။ ငါ သေချာမမြင်လိုက်ပေမဲ့ ငါတို့ကို တခြားကျားကြီးတစ်ကောင် ဝင်ကယ်သွားတာတော့ သိလိုက်တယ်’

ထိုအခါမှ ရဲရင့်သည် သူ့အသက်ကို ဝင်ကယ်လိုက်သည့် ကျားနီကြီးကို သတိရမိသွားသည်။ နွေဦးကို စိတ်ပူမှုက အားလုံးကို မေ့လျော့သွားစေလေသည်။

‘လုခ်ချိုင်း’

ထိုင်းဘာသာနှင့် အော်ခေါ်လိုက်သံကို ကြားသဖြင့် ရဲရင့် လှည့်ကြည့်လိုက်သည်။ အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးသည် သစ်ကိုင်းတစ်ကိုင်းကို ထောက်ရင်းသူတို့ဆီသို့ လျှောက်လာနေသည်။ ရဲရင့် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ အန္တရာယ်အတွက် အသင့်ပြင်လိုက်၏။ သို့သော် သူ့ဗီဇစိတ်က ထိုလူသည် သူတို့၏ ရန်သူမဟုတ်ကြောင်း သိသွားသည်။ ‘လုခ်ချိုင်း’… ဆိုသည်မှာ ထိုင်းဘာသာနှင့် ‘သား’ ကို ပြောသည်ကို ရဲရင့် သတိရလိုက်သည်။ သေချာကြည့်မှ ထိုလူကြီး၏ ခြေတစ်ဘက်သည် ထော့နင်းနေပြီး ညာဘက်နံစောင်းမှ သွေးများထွက်နေသည်ကို သစ်ရွက်များဖြင့် အုပ်စည်းထားသည်ကို တွေ့လိုက်ရသည်။

‘အလို ဒါငါ့ကို ဝင်ကယ်သွားတဲ့ ကျားနီကြီးပါလား။ သူလည်း သမန်းကျားပဲပေါ့’

ရဲရင့် နှုတ်မှ ရေရွတ်မိသည်။ ထိုလူကြီးသည် အနားရောက်လာလျှင် သူ့လက်ထဲတွင် ကိုင်ထားသော ဘောင်းဘီအစုတ်တစ်ထည်ကို ရဲရင့်ဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် ထိုင်းဘာသာနှင့် ဆက်ပြော၏။

‘သား - ဒါကို ဝတ်လိုက်။ ပြီးရင် မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့ကြ။ ဒီနေရာမှာ အန္တရာယ်မကင်းသေးဘူး။’

ရဲရင့်နှင့် နွေဦးတို့ ရေထဲမှ ပြန်တက်ကာ ဒဏ်ရာရထားသော လူကြီးနောက်မှ ခပ်ခွာခွာလိုက်လာကြသည်။

‘ဦးလေး။ ကျွန်တော်တို့ကို ဘယ်ခေါ်သွားမှာလဲ။ ဦးလေးက ဘယ်သူလဲဗျ’

‘ငါ့နာမည် ကာဆင်း။ မင်းတို့ကို ရသေ့ကြီး အာနန္ဒာဆီခေါ်သွားမလို့။ ဒီတောထဲမှာ စိတ်ချရတာ သူ့ကျောင်းသင်္ခမ်းပဲ ရှိတယ်။ ကျန်တာတော့ ဟိုရောက်မှပဲ ငါထပ်ပြောပြမယ်’

မိနစ်အနည်းငယ်မျှ သွားပြီးလျှင် သူတို့သည် တောင်ကမူလေးတစ်လုံးပေါ်တွင် တည်ဆောက်ထားသော သစ်လုံးအိမ်ငယ်လေးတစ်လုံးကို တွေ့လိုက်ရသည်။ သူတို့အနားရောက်လာလျှင် သစ်လုံးအိမ်ထဲမှ အညိုရောင် သင်္ကန်းကို ခြုံထားသော ဦးပြည်းကတုံးနှင့် ဘုန်းကြီးတစ်ပါးထွက်လာသည်။ ဘုန်းကြီးဖြစ်သော်လည်း အာနန္ဒာသည် သူ့ကိုယ်သူ ရသေ့ဟုသာ သတ်မှတ်သည်။ သူသည် စကားပြောခဲသည်။ ဝစီပိတ်လုံးလုံးမဟုတ်သော်လည်း တစ်နှစ်နေ၍ စကားတစ်ခွန်းပင် ပြောခဲလွန်းလေသည်။ သူသည် ရဲရင့်တို့ လူစုကို မအံ့သြသည့် အမူအရာနှင့် ခရီးကြိုဆိုခဲ့သည်။ ချက်ချင်းပင် တဲအိမ်တွင်းသို့ သူတို့အားလုံးကို ခေါ်သွားပြီး ကာဆင်းကို သစ်လုံးကုတင်ပေါ်တွင် လှဲအိပ်စေလိုက်သည်။ ထို့နောက် ကျောင်းသင်္ခမ်းထောင့်ရှိ ဆေးပုလင်းများဆီသို့သွားပြီး ကာဆင်းအတွက် ဆေးတစ်ခွက်ကို အမြန်ဖော်စပ်လေသည်။

သမန်းကျားနီတဖြစ်လဲ ကာဆင်းသည် သစ်လုံးကုတင်ပေါ်တွင် လဲလျောင်းရင်း စိတ်ကို လျှော့ချလိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ဖြူလျော်ပြီး ချက်ချင်းပင် အားအင်ချိနဲ့လွန်းသည့်ပုံပေါက်သွားသဖြင့် ရဲရင့်ရော နွေဦးပါ စိတ်ပူသွားရသည်။ သူ သွေးထွက်လွန်နေလေပြီ။

‘ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးမမေ့ပါဘူး ဦးလေးခင်ဗျ’

လူကြီးသည် ကြေကွဲသော မျက်နှာနှင့် ရဲရင့်ကို သေချာစွာ ကြည့်ပြီး တစ်လုံးချင်းစီပြောလေသည်။

‘သား။ မင်းက ငါ့ကို မမှတ်မိပဲကိုး။ အင်းလေ။ နှစ်တွေကလည်း ကြာပြီဆိုတော့ ရုတ်တရက် ဘယ်မှတ်မိပါ့မလဲ’

ထိုစကားကို ကြားမှ ရဲရင့်သည် ထိုပုဂ္ဂိုလ်ကြီးကို စိုက်ကြည့်ပြီးလျှင် တုန်ရီသောအသံနှင့် မျက်ရည်များကျကာ -

‘ဟာ… အဖေ.. အဖေပါလား။ ဘယ်လိုကနေ ဘယ်လို...’

ကာဆင်းသည် သစ်လုံးကုတင်ပေါ်တွင် လှဲအိပ်နေရာမှ တံတောင်နှစ်ဘက်ကို အားယူကာ ထထိုင်မည်ပြုလျှင် ရဲရင့်သည် သူ၏ ဖခင်ဖြစ်သူထံ အပြေးသွားပြီး ပွေ့ဖက်လိုက်လေသည်။

‘ဟုတ်တယ်သား။ အဖေ မသေဘူး။ သားကတော့ နောက်ဆုံးတွေ့လိုက်ရတဲ့ မြင်ကွင်းကို သတိရပြီး အဖေ့ကို ရှားမန်းကြီးလက်ချက်နဲ့ သေသွားပြီလို့ ထင်ခဲ့မှာပဲ။ ဒါပေမဲ့ အဲဒီ့နေ့က အဖေ အစွမ်းကုန် ပြန်တိုက်ပြီး လွတ်အောင်ပြေးခဲ့တယ်။ ခြေတဘက်ကတော့ မင်းတို့တွေ့တဲ့အတိုင်း ကုမရအောင် သွင်သွင်ကျိုးသွားခဲ့တာပေါ့။ အဖေ တောထဲထွက်ပြေးတော့ အခု ရသေ့ကြီး အာနန္ဒာက အဖေ့ကို ကယ်ပြီး ဝှက်ပေးထားခဲ့တာပဲ။’

ရဲရင့် သူအဖေဘေးတွင် ဝင်ထိုင်ရင်း နားမလည်နိုင်စွာ မေးလိုက်သည်။

‘အဖေမသေဘူးဆိုရင် အမေကရော။ ပြီးတော့ ကျွန်တော့်ကိုရော ဆယ့်ငါးနှစ်လုံးလုံး ဘာလို့ လိုက်မရှာခဲ့သလဲ’

‘မင်းမေးတာ သဘာဝကျပါတယ်။ အဲဒါကိုပဲ ငါ ရှင်းပြချင်တာပဲ .. အဟွတ်.. အဟွတ်...’

ကာဆင်း ချောင်းနှစ်ချက်ဆင့်ဆိုးလိုက်လျှင် သူ့ပါးစပ်ထဲမှ သွေးစများ ပွက်ကနဲထွက်လာသည်။ ရဲရင့် ရင်ထဲတွင် ဒိတ်ကနဲဖြစ်သွားသည်။ သူ့ဖခင် သေဆုံးတော့မည်လား။ ထိုစဉ်မှာပင် ရသေ့ကြီးသည် ကုတင်ဘေးသို့ရောက်လာသည်။ သူ့လက်ထဲတွင် ဆေးခွက်နှစ်ခွက်ကို ကိုင်လာ၏။ ဆေးရည်တဝက်ခန့်ပါသော ဆေးခွက်ကို ကာဆင်းလက်ထဲထည့်ပြီး သောက်ရန် အမူအယာနှင့် ပြလိုက်သည်။ ကာဆင်း ရသေ့ကြီး၏ ဆေးရည်ကို သောက်ပြီးလျှင် မျက်နှာရှုံ့မဲ့သွားသည်။ ဆေးက အတော်ပြင်းပုံရ၏။ ရသေ့ကြီးသည် ကာဆင်း၏ အင်္ကျီကို ပင့်တင်လိုက်လျှင် သူ၏ ညာဘက်နံရိုးများတလျှောက် ဟက်တက်ကြီးပွင့်ဟနေသော မြားဒဏ်ရာကြီးကို တွေ့လိုက်ရသည်။ ဒဏ်ရာကို သစ်ရွက်အချို့နှင့် ဆို့ထားသဖြင့်သာ သွေးစိမ်းရှင်ရှင် ထွက်မနေခြင်းပင်။ ရသေ့ကြီးသည် ထိုသစ်ရွက်များကို ဆွဲဖယ်ပြီး သူ့လက်ထဲရှိ ဆေးခွက်ထဲမှ ပျစ်ခဲနေသော လိမ်းဆေးတကော်ကို လက်ချောင်းများနှင့်ကော်ပြီး အနာပေါ်တွင် သိပ်ထည့်လိုက်သည်။

‘အား...’

အနာနေရာမှ စပ်လှသဖြင့် ကာဆင်း အော်မိသည်။ ရသေ့ကြီးက နှုတ်ခမ်းပေါ်တွင် လက်တင်ကာ အသံမကျယ်ရန် သတိပေးလေသည်။ ဆေးထည့်ပေးပြီး အနာကို ပိတ်ပါးစနှင့် စည်းပေးကာ သူ၏ အခန်းထောင့်သို့ ပြန်ထွက်သွားသည်။ ကာဆင်းသည် စကားကို ဆက်ပြော၏။

‘ဒါပါနဲ့ဆို သူငါ့အသက်ကို ကယ်တာ နှစ်ကြိမ်မြောက်ပဲ။ သူ့မှာ တန်ခိုးပဲ ရှိတာလား။ အရှိန်အဝါပဲ ကြီးတာလားတော့မသိဘူး။ ရှားမန်း အနူရက်ခ် ပထမဆုံးတစ်ခါ ဒီကို လာရှာပြီးကတည်းက ထပ်မလာတော့တာ။ အဲတုန်းကလည်း ဒီကျောင်းသင်္ခမ်းထဲကို သူမဝင်ရဲခဲ့ဘူး။

ခုနကစကားကို ဆက်ပြောရရင်တော့ - မင်းအမေဟာ ဘန်ကောက်မြို့တစ်နေရာမှာ ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေတုန်းပဲ။ ငါ မင်းကိုရော မင်းအမေကိုရော မဆက်သွယ်ရတဲ့ အကြောင်းရင်းကတော့ - အဟွတ် အဟွတ်...’

ရဲရင့် ရသေ့ကြီးပေးသွားသော ဆေးခွက်ကို သူ့ဖခင်အား ထပ်တိုက်ရသည်။ ကာဆင်း အသက်ကို မှန်အောင်ရှူရင်း ဆက်ပြောသည်။

‘ရှားမန်းတွေဟာ သမန်းကျားတွေကို မရရအောင် အနံ့ခံပြီး အစဖျောက်နိုင်တဲ့ အစွမ်းရှိတယ်။ အဲလို ခြေရာခံမိသွားရင် သမန်းကျားတွေတင်မကဘူး။ သူတို့ရဲ့ မိသားစုတစ်စုလုံးကို သတ်ဖြတ်အဆုံးစီရင်လေ့ရှိတယ်ဆိုတာပဲ။ သား - ဒီအန္တရာယ်တွေကြောင့် ငါ ဒီတောထဲမှာပဲ ဘဝကို ဇာတ်မြှုပ်နေရတာ။ မင်းကိုယ်တိုင် အခု ဒီရှားမန်းတွေ ဘယ်လောက် ရက်စက်သလဲဆိုတာ တွေ့ခဲ့ပြီမဟုတ်လား။ အခုချက်ချင်း ဒီနေရာက ရှောင်ထွက်သွားပါ။ ပြီး - ပြီးတော့ -’

ရဲရင့်၏ ဖခင်ကြီးသည် နွေဦးကို တချက်စောင်းငဲ့ကြည့်လိုက်ပြီး -

‘သား - သမန်းကျားတစ်ယောက်ရဲ့ဘဝမှာ ကိုယ်ချစ်ခင်ရတဲ့လူတွေနဲ့ ေဝးနိုင်သမျှ အေဝးဆုံးနေတာ အကောင်းဆုံးပဲ။ သူတို့ကို အန္တရာယ်မပေးချင်ပါနဲ့ကွယ်’

အဖေလုပ်သူ၏ စကားကို ရဲရင့် ပြန်မဖြေနိုင်ချေ။ ရုတ်တရက် ဘာပြန်ပြောရမှန်းလည်း မသိ။ သို့သော် သူ့စိတ်ထဲမှတော့ ဖခင်၏ အကြံကို လက်မခံချင်ပဲ ရှိသည်။

‘အဖေ။ ဒါဆို ကျွန်တော်က အမေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးပေါ့ ဟုတ်လား’

ကာဆင်း၏ အသားအရောင်သည် တဖြည်းဖြည်း ဖြူလျော်လာလေသည်။ သူ၏မျက်နှာတွင် အသက်ဓာတ်များ လျော့သထက်လျော့နည်းလာသည်။ သူမကြာခင်သေဆုံးပေတော့မည်။

‘အဖေ့ကို ခွင့်လွှတ်ပါသားရယ်’

ရဲရင့် သူဖခင်ကို ဖက်ကာ ငိုကြွေးလေသည်။ နွေဦးလည်း မျက်ရည်များကို မထိန်းနိုင်တော့။

‘အဖေက ကျွန်တော့်ကို အသက်ပေးပြီး ကယ်သွားခဲ့တာပါ။ နောက်ပြီး အခုအဖြစ်တွေဟာ အဖေ့အပြစ် လုံးဝမရှိပါဘူးအဖေ။’

သူ့စိတ်ထဲတွင် သူတို့ မိသားစု တကွဲတပြားဖြစ်အောင်၊ ယခု သူ့အဖေ အသက်ဆုံးရှုံးရအောင် ရက်စက်စွာ လုပ်ကြံခဲ့သော မိုဖီကြီး အနူရက်ခ်၏ မျက်နှာကြီးကို ရွံရှာမုန်းတီးစွာ မြင်ယောင်မိလေသည်။ ထိုစဉ်မှာပင် ကာဆင်းသည် အဆက်မပြတ်ချောင်းများဆိုးကာ ပါးစပ်မှ သွေးများစီးကျလျက် သေဆုံးသွားရှာလေတော့သည်။ ရသေ့ကြီးသည် သူ့မိတ်ဆွေကြီး တဖြည်းဖြည်း အသက်ပျောက်သွားရှာသည်ကို အိမ်ခန်းထောင့်မှ ထိုင်လျက် တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သည်။ ရဲရင့် အားရအောင် ငိုကြွေးပြီးသည်အထိ စောင့်ပြီးမှ ရသေ့ကြီးသည် ရဲရင့်၏ လက်မောင်းကို လာရောက်ဆုပ်ကိုင်ကာ သူ့ကို ကျောင်းသင်္ခမ်းအပြင်သို့ ခေါ်ယူသွားသည်။

ပထမတော့ ရဲရင့်သည် ရသေ့ကြီးက သူ့ကို အားပေးနှစ်သိမ့်ရန်အလို့ငှာ အပြင်သို့ ခေါ်ဆောင်လာသည်ဟု ထင်မိသော်လည်း ကျောင်းသင်္ခမ်းရှေ့ မြေကွက်လပ်ရောက်မှ သူထင်သလိုမဟုတ်မှန်း သိလိုက်ရသည်။ ရသေ့ကြီး အာနန္ဒာသည် ရဲရင့်နှင့် မျက်နှာချင်းဆိုင်ကာ ရပ်လိုက်သည်။ မျှော်လင့်မထားသည့်ကြားမှပင် ရသေ့ကြီးသည် ကျင်လည်ပေါ့ပါးစွာ လှစ်ကနဲ လှစ်ကနဲနှင့် နောက်ဂျွမ်းသုံးပတ်ကို ရဲရင့်ရှေ့တွင် ရုတ်တရက် ထိုးပြလိုက်လေသည်။ လူငယ်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရသေ့ကြီးကို ကြောင်ကြည့်နေမိသည်။ ထိုအခါမှ ရသေ့ကြီးအာနန္ဒာသည် အဘယ်ကြောင့် သူ့ကိုယ်သူ ရသေ့ဟု ခေါ်ေဝါ်မှန်း သဘောပေါက်သွားတော့သည်။ ရသေ့ကြီးသည် တရားဘာဝနာ အားထုတ်သည့်အပြင် လောကီ အားထုတ်မှုများကိုလည်း အထိုက်အလျောက် ကျင့်ကြံအားထုတ်ခြင်းကြောင့် ဖြစ်ရပေမည်။ ရသေ့ကြီးသည် နောက်ဂျွမ်းသုံးပတ်ထိုးပြီးလျှင် လက်တဘက်ကို ရှေ့သို့ဆန့်တန်းပြီး မေ့ငေါ့ပြလိုက်သည်။ ရဲရင့် ပြုလုပ်ရန် အလှည့်ကျပြီဆိုသည့် သဘောပင်။

ရဲရင့်အတွက်တော့ ဖခင်သေဆုံးပြီးချိန်မှာပင် သူ့ကို နောက်ဂျွမ်းလာထိုးခိုင်းသော ရသေ့ကြီးကို မယုံနိုင်စွာ ပြန်ကြည့်နေသည်။ သို့သော် ရသေ့ကြီး၏ မျက်နှာသည် တည်ငြိမ်လွန်းနေ၏။ ထို့ပြင် ရသေ့ကြီးသည် သူ့ဖခင်ကို ဆယ့်ငါးနှစ်လုံးလုံး စောင့်ရှောက်ပေးခဲ့သော ကျေးဇူးရှင်တစ်ဦးဖြစ်သည်။ ဤသို့လူမျိုးက ခိုင်းသည်မှာ အကြောင်းတစ်ခုခုတော့ ရှိရပေမည်။ ထို့ကြောင့်လည်း ရဲရင့်သည် ရှည်ရှည်ေဝးေဝး စဉ်းစားမနေတော့ပဲ ခန္ဓာကိုယ်ကို နောက်သို့ပစ်ကာ ဂျွမ်းထိုးရန် ကြိုးစားလိုက်သည်။ သူ့စိတ်ထဲတွင်မူ တခါမှ မလုပ်ဖူးသော ဂျွမ်းထိုးခြင်းကို လုပ်ဆောင်နိုင်မည်ဟု မထင်ခဲ့။ သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် သူ့တစ်ကိုယ်လုံးသည် လေထဲသို့ မြောက်တက်သွားသည်။ သူ၏ စိတ်နှင့် ကိုယ်သည် လေထဲတွင် လွင့်မျောနေရင်း အခြားကမ္ဘာတစ်ခုခုနှင့် ဆက်သွယ်သလို ဖြစ်သွားသည်။ ဂျွမ်းသုံးပတ်ပြည့်လျှင် သူသည် မြေကြီးပေါ်သို့ ပေါ့ပါးစွာ ပြန်ကျလာသည်။ သို့သော် ခြေနှစ်ချောင်းပေါ်သို့ ကျခြင်းမဟုတ်ဘဲ - ခြေလေးချောင်းပေါ်သို့ ဘုတ်ကနဲ ကျလေသည်။

‘အလို’

ရဲရင့် အံ့သြစွာ ရေရွတ်မိလိုက်သည်။ သူ သမန်းကျားအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ လပြည့်ညလည်း မဟုတ်။ ဒေါသလည်း မထွက်ပဲ သမန်းကျားအဖြစ်ပြောင်းနိုင်ခြင်းကို သူသိရှိလိုက်သည်။ ထူးဆန်းသည်မှာ သူ၏ အသိစိတ်သည် လူစိတ်အတိုင်း ကြည်လင်နေခြင်းပင်။ သူ့လှုပ်ရှားမှု၊ အပြုအမူအားလုံးကို လူစိတ်နှင့် ထိန်းချုပ်နေနိုင်သည်။ လူစိတ်နှင့် ခန္ဓာကိုယ်က ကျားကြီးဖြစ်နေသဖြင့် သူ၏ ခွန်အားများ၊ အာရုံခံမှုများမှာ စူပါဟီးရိုးတစ်ယောက်ပမာ အံ့မခန်းဖြစ်နေလေတော့သည်။ တဲအိမ်ထဲမှ ထွက်လာသော နွေဦးသည်လည်း ထိုဖြစ်စဉ်ကို အံ့သြစွာ ရပ်ကြည့်နေမိသည်။ သူသည် ရသေ့ကြီးထံမှ လမ်းညွှန်ချက်ကိုပင် စောင့်နေစရာမလိုတော့။ ဘာလုပ်ရမည်ကို အလိုလို သိရှိသွားသည်။ ကျားအဖြစ်နှင့် နောက်ဂျွမ်းသုံးပတ် ဆက်တိုက်ပြန်ထိုးချလိုက်လျှင် လူစင်စစ်ပြန်ဖြစ်သွားတော့သည်။ ရဲရင့်သည် နံဘေးတွင် စုတ်ပြဲကျသွားသော သူ၏ ဘောင်းဘီကို ကောက်ယူပြီး အရှက်လုံအောင် ပြန်ဖုံးလိုက်သည်။ သူ့ဖခင်သည် တောတွင်းတစ်နေရာတွင် သမန်းကျားအဖြစ်မှ လူအဖြစ်ပြန်ရောက်တိုင်း အသင့်ဝတ်နိုင်ရင် အဝတ်အစားများကို သိုဝှက်ထားပုံရ၏။ ထို့ကြောင့်လည်း စမ်းချောင်းအနီး သူတို့နှင့် တွေ့စဉ်က သူ့လက်ထဲတွင် ရဲရင့်အတွက် ဘောင်းဘီတစ်စုံအပိုပါလာခြင်း ဖြစ်ရပေမည်။ ရဲရင့်သည် သမန်းကျားတစ်ဦး သိထားသင့်သော အရာများကို တဖြည်းဖြည်းချင်း သင်ယူနေမိသည်။

သို့သော် သူ့စိတ်ထဲတွင် ဖခင်အရင်းကြီးနှင့် ဆယ့်ငါးနှစ်ကြာမှ ပြန်လည်ဆုံစည်းပြီး ချက်ချင်းပင် ဖခင် သေဆုံးသွားသောကြောင့် အလွန်ပင် ဝမ်းနည်းနေမိသည်။ ဝမ်းနည်းနေရာမှ အနူရက်ခ်အပေါ် မုန်းတီးစိတ် ဒေါသစိတ်များက ပြန်လည်ပေါ်ပေါက်လာတော့သည်။

‘နွေဦး - ငါ ဒီရှားမန်းကြီးကို ပြန်သွားလက်စားချေမယ်။ သူဟာ ငါတို့ မိသားစုပြိုကွဲအောင် လုပ်ခဲ့တဲ့ လက်သည်တရားခံပဲ’

နွေဦးရော၊ ရသေ့ကြီးပါ ရဲရင့်ကို ဘာမှ ပြန်မပြောကြ။ တားလည်း မတားကြချေ။ သူတို့အားလုံး ရဲရင့်၏ ဆုံးဖြတ်ချက်ကို သဘောတူကြပုံရလေသည်။ ရသေ့ကြီးကတော့ ဘာမှ ဝင်မပါတော့ဘဲ ကျောင်းသင်္ခမ်းအတွင်းသို့သာ ပြန်ဝင်သွားခဲ့သည်။ မိတ်ဆွေကြီး ကာဆင်းကို မြေမြှုပ်သင်္ဂြိုလ်ရန် တာဝန် ရှိသေးလေသည်။

ရဲရင့် နွေဦး၏ ခါးလေးကို သိုင်းဖက်လိုက်သည်။ သူမ ရဲရင့်ကို မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်ရှာသည်။ ရဲရင့် ရင်ဆိုင်ရမည့် အန္တရာယ်သည် မည်မျှကြီးမားကြောင်း သူမသိနေသည်။ အခန့်မသင့်လျှင် အသက်ပင် ဆုံးရှုံးသွားနိင်လေသည်။ ထို့ပြင် ရဲရင့်သည် ရှားမန်းကြီးများအကြောင်းလည်း ဘာမျှ သေချာမသိပေ။ သူတို့ထံတွင် ဘာအစွမ်းများရှိသည်၊ သူတို့ကို ဘယ်လို တိုက်ခိုက်ရမည်ကိုလည်း ရဲရင့် လုံးဝမသိချေ။ သို့သော် နွေဦးသည် ရဲရင့်ကို မတားရက်။ သူမသည် ရဲရင့်၏ စိတ်ဓာတ်ကို သိနေသည်။ သူမ၏ ချစ်သူသည် မဟုတ်မခံတတ်သူတစ်ဦးဖြစ်သည်။ မတရားမှုဆိုလျှင် ဘယ်တော့မှ ခေါင်းငုံ့ခံတတ်သူမဟုတ်။ ပြဿနာကို ရှောင်ပြေးတတ်သူလည်းမဟုတ်။ ဤအရည်အသွေးများကြောင့်လည်း ရဲရင့်ကို သူမ ချစ်ခဲ့ရခြင်းပင်။

‘ငါ လိုက်ခဲ့ရမလားရဲရင့်’

‘ရတယ်နွေဦး။ နင်ပါနေရင် ငါ စိတ်မဖြောင့်ဘဲ နေမယ်။ ဒီပွဲက ငါတစ်ယောက်တည်း တိုက်ရမဲ့ပွဲပဲ’

‘အမြန်ဆုံးရောက်အောင် ပြန်လာခဲ့နော်။ ငါစောင့်နေမယ် ရဲရင့်’

‘စိတ်ချနွေဦး။ ငါက နင်နဲ့ တစ်သက်လုံး အတူနေဦးမှာ’

မိန်းကလေးသည် သူမချစ်သူ၏ နှုတ်ခမ်းများကို နမ်းစုပ်လိုက်သည်။ နှစ်ယောက်သား အတော်ကြာအောင် တင်းကျပ်စွာ ဖက်ထားမိသည်။ ရဲရင့် နောက်သို့ ခြေလှမ်းနှစ်လှမ်းမျှဆုတ်ပြီး နွေဦးကို နှုတ်ဆက်လိုက်၏။ ထို့နောက် သူ နောက်ပြန် ဂျွမ်းသုံးကြိမ်ထိုးလိုက်လျှင် ကိုးတောင်ကျော်ရှည်လျားသော အဝါရောင် သမန်းကျားကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

‘ဝေါငျး.. ဂရား…’

ရဲရင့်သည် ဝမ်းခေါင်းသံကြီးနှင့် မာန်ဖီဟိန်းဟောက်ကာ မိုဖီကြီး အနူရက်ခ်ရှိရာ တောနက်ပိုင်းဆီသို့ တဟုန်တိုး ပြေးထွက်သွားလေတော့သည်။

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#သမန်းကျား
#ရသေ့
#ခါချဉ်ကောင်
#တစ်ကိုယ်လုံး
#အဖေ

Some text some message..