သွေးနှောချစ်သူ (ဇာတ်သိမ်း)
lotaya.mpt.com.mm
|
2021-08-20

ရဲရင့် တဖြစ်လဲ သမန်းကျားကြီး အနူရက်ခ်၏ သစ်လုံးအိမ်အနီးသို့ ရောက်လျှင် အရုဏ်တက်စပြုနေလေပြီ။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ ရဲရင့်သည် ကျားတစ်ကောင်ပီပီ ခြေသံလုံးဝမကြားရအောင် ရန်သူပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ ရှေ့ခြေများသည် ကျားတစ်ကောင်အတိုင်းဖြစ်သော်လည်း လက်မနှစ်ချောင်းမှာမူ လူသားတစ်ယောက်ကဲ့သို့ဖြစ်သဖြင့် လက်နက်ပစ္စည်းများကို လိုအပ်လျှင် ကိုင်ဆောင်နိုင်လေသည်။ ရဲရင့်သည် ဤတစ်ကြိမ်ကျားအဖြစ်ရောက်ရသည်မှာ တမင်ဖန်တီးယူထားခြင်းဖြစ်သဖြင့် ခါတိုင်းလိုမဟုတ်ဘဲ လူစိတ်က အပြည့်အဝရှိနေသည်။ သူ၏ ခေါင်းမှာ ကြည်လင်ပြီး အရာအားလုံးကို အတိုင်းသား သိရှိနေလေတော့သည်။

အနူရက်ခ်သည် သစ်လုံးအိမ်ရှေ့ ငြိမ်းစပြုနေသော မီးဖိုကြီးရှေ့တွင် လှံတံကြီးတစ်ချောင်းကို မြေကြီးတွင် ထောက်ကိုင်ကာ တရားထိုင်လျက်ရှိသည်။

‘မင်းပြန်လာမယ်ဆိုတာ ငါသိလို့ အသင့်စောင့်နေတာပဲကွ’

ရှားမန်းကြီးသည် မျက်လုံးပင် ဖွင့်မကြည့်ဘဲ ရဲရင့်ကို လှမ်းအော်ပြောလိုက်သည်။ ရဲရင့်၏ ကျားနားရွက်နှစ်ဘက် အနောက်သို့ ပိကျသွားပြီး ကိုယ်လုံးမှာ မြေကြီးနှင့် ပိုကပ်သွားသည်။ သူ အချိန်ဆွဲမနေတော့ဘဲ အနူရက်ခ်ကို နံဘေးမှ ခုန်အုပ်လိုက်၏။

‘ဝေါငျး...’

သို့သော် ရဲရင့်သည် ရှားမန်းကြီးကို မအုပ်မိဘဲ သူ့ကိုယ်လုံးကြီးကို ဖောက်ထွက်ကာ မီးဖိုကြီး၏ တစ်ဘက်သို့ ချော်ကျသွားသည်။ အနူရက်ခ်၏ ပုံရိပ်သည် အစစ်အမှန်မဟုတ်။ သူ၏ မှော်ပညာကို သုံးပြီး ပုံရိပ်ယောင်ဖန်ဆင်းထားခြင်းပင်။ အနူရက်ခ်သည် သူထင်ထားသည်ထက်ပိုပြီး အစွမ်းထက်နေလေသည်။

‘ဟား ဟား ဟား.. မင်းရဲ့ တိရစ္ဆာန် ဥာဏ်လေး တထွာတမိုက်နဲ့ ငါ့ကို လာယှဉ်ချင်သေးတယ်။ သမန်းကျားဆိုတာ ရှားမန်းတွေလက်က ထွက်ပြေးရတာချည်းပဲ။ ငါ့ကို ပြန်လာချတဲ့ သမန်းကျားဆိုလို့ မင်းတစ်ကောင်ပဲ ရှိသေးတယ်။ သေချင်တဲ့ကျား အနူရက်ခ်ဆီလာ ဆိုသလိုပေါ့ကွာ.. ဟားဟား’

အနူရက်ခ်သည် မီးဖို၏ အခြားတစ်ဘက်သို့ရောက်နေသည်။ မီးဖိုကြီးသည် ကြည့်နေရင်းမှာပင် တဖြည်းဖြည်း ငြိမ်းကျသွားသည်။ နေရောင်က ပိုလင်းလာသည်။ ရဲရင့် ဘယ်ရှားမန်းက အစစ်မှန်း သေချာမသိတော့။ သို့သော် သူ့ရှေ့ရှိ အနူရက်ခ်ကို ထပ်ပြီး ခုန်အုပ်လိုက်ပြန်၏။ အနူရက်ခ် လျင်မြန်လွန်းစွာ လက်ထဲရှိလှံတံကြီးနှင့် သူ့ထံခုန်ဝင်လာသော သမန်းကျားကို ရိုက်ချလိုက်သည်။

‘ဖျောင်း’

‘ဂါး...’

ရိုက်ချက်ကြောင့် ရဲရင့် လမ်းတဝက်တွင် ဘေးတစောင်း ပြုတ်ကျသွားသည်။ သူ၏ ဘယ်ဘက်နံစောင်း တစ်ခုလုံး မချိမဆန့်နာကျင်သွား၏။ ထိုစဉ်မှာပင် အနူရက်ခ်သည် မြေပေါ်တွင် လဲနေသော သမန်းကျားကို လှံတံကြီးနှင့် အားကုန်ထိုးစိုက်ချလိုက်သည်။

‘ဒုတ်’

‘ဝေါငျး… ဂရား...’

ရဲရင့်သည် ဘေးတိုက်လဲကျနေရာမှ အသက်ဘေးလွတ်အောင် အမြန်လှိမ့်ထွက်လိုက်ရသည်။ ရှားမန်း၏ လှံတံကြီးက မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။ အနူရက်ခ် သူ့ဝတ်ရုံကြီးထဲမှ ငွေရောင်တောက်နေသော သံမဏိ ဓားစကြာများကို ထုတ်လိုက်သည်။ ထို့နောက် ရဲရင့်ဆီသို့ ချွန်ထက်လှသော ဓားစကြာများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပစ်လွှတ်လေသည်။ သမန်းကျားသည် ဓားစကြာများကို မထိမိအောင် ဟိုသည် ခုန်ရှောင်ရင်း ရှားမန်းကြီးနှင့် ခပ်လှမ်းလှမ်းသို့ ပြန်ရောက်သွားသည်။

‘ငါ ဒီရှားမန်းကို လွယ်လွယ်နဲ့ တိုက်လို့ မရနိုင်ဘူး ...’

ရဲရင့် မြေပြင်ပေါ်တွင် ဟိုဘက်ဒီဘက်လျှောက်လျက် အစွယ်ကြီးများဖွေးနေအောင် မာန်ဖီပြီး စဉ်းစားမိသည်။ သမိုင်းတလျှောက်တွင် ရှားမန်းများသည် မုဆိုးဖြစ်ခဲ့ပြီး သမန်းကျားများသည် သားကောင်သာ ဖြစ်ခဲ့ရသည်။ ယခု ရဲရင့် ထိုသမိုင်းကို မည်သို့ ပြောင်းပြန်လှန်ရမည်နည်း။ ရှားမန်း သို့မဟုတ် ထိုင်းအခေါ် မိုဖီဆရာကြီးများသည် မှော်ပညာ လောကဓာတ်ပညာ ကိုယ်ခံပညာပေါင်းစုံကို တတ်ကျွမ်းကြသည်။ ထိုမျှ အစွမ်းထက်သော မိုဖီကြီးများကို ရဲရင့်သည် မည်သို့ အနိုင်တိုက်ရပါမည်နည်း။

သူအကြံထုတ်နေစဉ်မှာပင် အနူရက်ခ်သည် သစ်လုံးအိမ်ထဲဝင်သွားပြီး အိမ်ထဲမှ ဓားရှည်ကြီးနှစ်လက်ကို ယူကာပြန်ထွက်လာသည်။

‘ကဲ မင်းကို အဆုံးစီရင်ရမဲ့အချိန်ရောက်ပြီ’

ရှားမန်းကြီးသည် ဓားရှည်ကြီးနှစ်လက်ကို လက်နှစ်ဘက်နှင့်ကိုင်ရင်း ကျင်လည်စွာ ေဝှ့ယမ်းကစားကာ ကြိမ်းဝါးလိုက်သည်။

ထိုစဉ်မှာပင် ရဲရင့်သည် ခြေလေးချောင်းပေါ်တွင် ရပ်နေရာမှ နောက်ခြေနှစ်ချောင်းပေါ်တွင် ပတတ်ရပ်လိုက်သည်။

‘ငါဟာ သမန်းကျား။ ဒါပေမဲ့ ငါဟာ တိရစ္ဆာန်မဟုတ်ဘူး။ ငါဟာ ကျားအစွမ်းရှိတဲ့ လူသားတစ်ယောက်’

ရဲရင့် သူ့စိတ်ထဲတွင် ကြွေးကြော်လိုက်သည်။ မိုဖီကြီး အနူရက်ခ်သည် ရဲရင့်၏ လုပ်ရပ်ကိုကြည့်ပြီး အံ့သြသွားသည်။ ယခုလိုမျိုး သူတစ်ခါမှ မတွေ့ဖူးခဲ့။ ရဲရင့်သည် နောက်ခြေနှစ်ချောင်းပေါ်တွင် ထောက်လျက်က မြေပြင်တွင် စိုက်ဝင်နေသော လှံတံကြီးဆီသို့ ပြေးသွားကာ မြေကြီးထဲမှ ဆွဲနှုတ်လိုက်သည်။

‘ဂရား’

ရဲရင့်၏ ပါးစပ်ထဲမှ အစွယ်ကြီးများအားလုံးပေါ်အောင် ဟိန်းဟောက်ပြလိုက်၏။ အနူရက်ခ်သည် ဓားရေးပြခြင်းကို ရပ်ဆိုင်းကာ လေ၏ လျင်မြန်ခြင်းမျိုးနှင့် ရဲရင့်ကို ပြေးဝင်ခုတ်ပိုင်းလေသည်။

‘ချလွင်’

သမန်းကျားကြီးသည် အနူရက်ခ်လက်ထဲမှ ဓားရှည်ကြီးနှစ်ချောင်းလုံးကို လှံတံရှည်ကြီးနှင့် ရိုက်ချလိုက်သည်။ ဓားနှစ်ချောင်းလုံး မြေပြင်ပေါ်သို့ ချလွင်ကနဲ ပြုတ်ကျသွားသဖြင့် အနူရက်ခ် လက်နက်ဗလာဖြစ်သွားသည်။ သူ့မျက်နှာကြီး တင်းမာသွား၏။

‘မကောင်းဆိုးဝါး’

သူ ရဲရင့်ကို ဆဲဆိုကြိမ်းမောင်းပြီး သစ်လုံးတဲအိမ်ထဲသို့ ပြေးဝင်သွားသည်။ ရဲရင့် အသာစီးရနေပြီဖြစ်၍ စိတ်လိုက်မာန်ပါနှင့် အနူရက်ခ်နောက်မှ အပြေးလိုက်ဝင်သွားမိသည်။ တဲအိမ်ထဲရောက်လျှင် အရာအားလုံး မှောင်မဲနေသည်။ ပြတင်းပေါက်များအားလုံးကို ပိတ်ထားသဖြင့် နေရောင်လုံးဝမ၀င်။ မိုဖီကြီးကို ရုတ်တရက်မတွေ့ရ။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ရဲရင့်၏ သမန်းကျားမျက်လုံးများက အမှောင်ထဲတွင် ကျင့်သားရလာပြီး အရာဝတ္ထုများကို ခပ်ရေးရေး မြင်လာရသည်။ အခန်းထောင့်တစ်နေရာတွင် တစ်စုံတစ်ယောက်ရပ်နေ၏။ ထိုအရာသည် အရပ်အမောင်းမြင့်မားလှသည်။ တစ်ကိုယ်လုံးသည် မှောင်မဲနေသည်။ ဝတ်ဖြူစင်ကြယ်နှင့် အနူရက်ခ်တော့မဖြစ်နိုင်။ ချက်ချင်းပဲ အဝတ်လဲလိုက်သလား။

‘ဖရူး….’

ရဲရင့် စိုက်ကြည့်နေဆဲမှာပင် ထိုအရာသည် လင်းနို့ကြီးတစ်ကောင်ပမာ တဟုန်တိုး ပျံထွက်လာပြီး ရဲရင့်ကို တိုက်ခိုက်လိုက်သည်။ ရဲရင့် နောက်ပြန်လဲကျသွားသည်။ လက်ထဲမှ လှံတံလည်း လွတ်ကျသွား၏။ ထိုအခါမှ သူ့ကို တိုက်ခိုက်သော ထိုအရာကို အမှောင်ထဲတွင် သူမြင်လိုက်ရသည်။ ထိုလူ… သို့မဟုတ် သတ္တဝါ၏ မျက်နှာကြီးတစ်ခုလုံးသည် နို့ရည်လို ဆွတ်ဆွတ်ဖြူနေသည်။ မျက်လုံးကြီးနှစ်ဘက်က အသက်မရှိတော့သလိုမျိုး။ ထိုသတ္တဝါ၏ ပါးစပ်ထဲတွင်မူ - ရှည်လျားချွန်ထက်လှသော အစွယ်ကြီးများ။ ပိန်ပိန်သွယ်သွယ် ထိုပုဂ္ဂိုလ်သည် သူ့ထက်ကြွက်သားကြီးများ ပိုမိုသန်မာလှသော သမန်းကျားကြီးတစ်ကောင်လုံးကို ကြမ်းပေါ်တွင် မလှုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်လေသည်။

‘မင်းပြန်လာရင် လိုရမယ်ရ အကူအညီရအောင် ဒီက ငါ့မိတ်ဆွေကြီးကို ခေါ်ထားရတာပဲ သမန်းကျားကောင်ရေ ဟား ဟား ဟား’

အနူရက်ခ်သည် အခန်းထောင့်ရှိ သေတ္တာကြီးထဲမှ ထွက်လာပြီး သဘောကျစွာ ရယ်မောလျက်ရှိသည်။

‘မှောင်နဲ့မည်းမည်းကြီးဖြစ်နေတာတော့ အားနာပါတယ်ကွာ။ ဒါပေမဲ့ ငါ့မိတ်ဆွေကြီးက နေရောင်ထိလို့ မရလို့ပါ’

ရှားမန်း၏ လက်ထဲတွင် သူ့ဖခင်ကို အသက်ဆုံးစေခဲ့သော ဒူးလေးကြီးကို တွေ့လိုက်ရသည်။ ရဲရင့်သည် အနည်းငယ်လှုပ်ရှားလို့ ရသေးသော သူ၏ လက်တစ်ဘက်နှင့် ကြမ်းပြင်ပေါ်မှ လှံတံကို လှမ်းဆွဲနေမိသည်။ သို့သော် သူ့လက်သည်းထိပ်ပိုင်းများကသာ လှံတံကို ကုတ်ခြစ်မိလေသည်။ အခန်းသည် မှောင်မည်းနေသဖြင့် ရဲရင့် လှံတံကို လက်လှမ်းနေသည်ကို မည်သူမျှ သတိမထားမိကြ။

သူ့ကို ဖိထားသော မကောင်းဆိုးဝါးကြီးသည် ရဲရင့်၏ လည်မျိုနားတွင် သူ့အစွယ်ကြီးများကို ကပ်ကာ ကိုက်ရန် တပြင်ပြင် ဖြစ်နေသည်။

‘နိုး နိုး ဂရန်ဒို… ဒါ ငါ့သားကောင်လေကွယ်။ မင်းအတွက် မြူဆာရွာသားတစ်ယောက် ငါရှာပေးပါ့မယ်’

အနူရက်ခ်သည် ပြောရင်းဆိုရင်းနှင့် ဒူးလေးကို မောင်းတင်ကာ ရဲရင့်၏ နဖူးတည့်တည့်ကို ချိန်ရွယ်လိုက်သည်။

‘ဒုတ်’

‘အီး ရှီး ရှီး…..’

ရုတ်တရက် အသွားချွန်တစ်ခုက တစုံတခုကို ထွင်းဖောက်သွားသံ ထွက်ပေါ်လာပြီး တဆက်တည်းမှာပင် မြွေတစ်ကောင်၏ တွန်မြည်သံလိုမျိုးကြီးကို ကြားလိုက်ရသည်။ ဂရန်ဒို အမည်ရသော သွေးစုပ်ဖုတ်ကောင်ကြီးသည် ရဲရင့်ကို ချုပ်ထားရာမှ သူ့ရင်ဘက်ကို ငုံ့ကြည့်လိုက်လျှင် သူ့နှလုံးအိမ် တည့်တည့်တွင် စိုက်ဝင်နေသော လှံတံကြီးကို တွေ့လိုက်ရလေသည်။ ဂရန်ဒို၏ ဖြူဖွေးသော မျက်နှာကြီးသည် စက္ကူစုတ်တစ်ခုလို တွန့်လိမ်သွားပြီး ပါးစပ်ကြီးကို အသားကုန်ဖြဲကာ အော်ဟစ်လိုက်သည်။ သို့သော် သူ့ပါးစပ်မှ ဘောလုံးတစ်လုံး လေပေါက်သွားသလို တရှူးရှူးအသံကြီးသာ ထွက်လာပြီး သူ့ကိုယ်လုံးကြီးသည် ရုတ်တရက် မွဲခြောက်သွားကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ သူ့မိတ်ဆွေ ဘဝပြောင်းသွားသည်ကို မြင်လျှင် ရှားမန်းကြီးသည် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလိုက်၏။

‘သေစမ်းကွာ ဒီလောက် ဖြစ်တဲ့ကောင်’

‘ဝေါငျး’

အနူရက်ခ် လက်ထဲမှ ဒူးလေးကို မောင်းမဖြုတ်နိုင်ခင် ရဲရင့်သည် ရှားမန်းကြီး၏ ခြေထောက်တစ်ဘက်ကို ခုန်ပြီး ကိုက်ချလိုက်သည်။ ရှားမန်း၏ ညာခြေထောက်သည် ဒူးတည့်တည့်မှ ပြတ်ထွက်သွားလေသည်။

‘အား… သပေါပွီ’

အနူရက်ခ်သည် မချိမဆန့်အော်ဟစ်ရင်း လဲကျသွားသည်။ နာကျင်လှသဖြင့် ဒူးလေးကြီးကိုလည်း မနိုင်တော့။ သူ ကြောက်အားလန့်အားနှင့် တဲအိမ်တံခါးဆီသို့ တရွတ်ဆွဲကာပြေးလေသည်။ ရဲရင့် သူ့နောက်မှ တလှမ်းချင်းလိုက်လာသည်။ အနူရက်ခ်သည် တဲအိမ်ရှေ့ မြေကွက်လပ်သို့ရောက်လျှင် ဆက်မပြေးနိုင်တော့။ သူ အားလျှော့ပြီး နောက်သို့ လှည့်ကြည့်လိုက်လျှင် သူ့နောက်တွင် လူသားအဖြစ် ပြန်ရောက်နေသော ရဲရင့်ကို တွေ့လိုက်ရသည်။ ရဲရင့်သည် သွေးအေးစွာပင် တဲအိမ်တွင်းမှ ဖျင်ကြမ်းတစ်စကို ယူကာ သူ့ခါးတွင် ပတ်ထားလိုက်သည်။

‘ဟင်းဟင်း.. မင်းကြည့်ရတာ သမန်းကျားဘဝကို ကောင်းကောင်း ထိန်းချုပ်နိုင်နေပြီပဲ.. အား ကျွတ်ကျွတ်’

‘ဒီမှာ အနူရက်ခ်။ ခုနက တဲထဲက ဘယ်သူလဲ။ ခင်ဗျားနဲ့ ဘယ်လိုသိလဲ’

‘ဟဲဟဲ.. မင်းက ငါတစ်ယောက်ထဲ တောထဲမှာ တရားအားထုတ်နေလို့ ဘယ်သူနဲ့မှ မသိဘူးထင်နေတာလား။ ဒီမှာ လူကလေး။ ငါတို့ ရှားမန်းတွေဆိုတာ တလောကလုံးမှာရှိတဲ့ အမှောင်ကမ္ဘာသားတွေအားလုံးနဲ့ သိတယ်ကွ။ ငါတို့အားလုံးက မုဆိုးတွေချည်းပဲ။ မင်းတို့ကသာ သားကောင်တွေ…’

ရဲရင့် သူ့ဖခင်ပြောခဲ့သော စကားများကို ပြန်သတိရလာသည်။

‘ဒါဆို ခင်ဗျားသေသွားလည်း ခင်ဗျားမိတ်ဆွေတွေက ကျုပ်ကို ရန်လိုက်ရှာဦးမှာပေါ့ ဟုတ်လား’

‘အဟင်းဟင်း.. အားနာလိုက်တာ..။ ဟဲဟဲ ဟုတ်တာပေါ့ကွာ။ မင်းက တိရစ္ဆာန်ပေမဲ့ ဒီလောက်တော့ စဉ်းစားတတ်တာပဲ။ ဒီမယ် ဟေ့ကောင်။ မင်းအတွက် ပြေးစရာမြေမရှိဘူး။ မင်းတို့လို တိရစ္ဆာန်မျိုးတွေကို ငါတို့လို ပညာရှင်တွေက တနေ့မဟုတ် တနေ့ အနံ့ခံပြီး လိုက်သုတ်သင်ဦးမှာပဲ’

ရဲရင့် တစုံတခုကို အလေးအနက်ထားစဉ်းစားမိသွားသည်။

‘ဒါဆို အဲဒီလိုမဖြစ်အောင် ကျုပ် ဘာလုပ်ရမလဲ’

‘အင်း… တစ်ခုတော့ မင်းလုပ်လို့ရတယ်’

‘ဘာလဲ ပြောပါ’

‘အဲဒါကတော့ မင်း ငါ့ကို အခု သွေးတိတ်အောင် လုပ်ပေးပြီး ဆေးရုံပို့ပေးပါ။ ငါ အသက်ရှင်ရင် မင်းကို ချမ်းသာပေးဖို့ ငါ့ မိတ်ဆွေတွေကို ပြောပေးမယ်။ ငါကတိပေးတယ်ကွာ...။ မင်းရော၊ မင်း ကောင်မလေးရော၊ မင်းအမေရော ဘာဒုက္ခမှ မရောက်စေရဘူး’

‘ကောင်းပြီ’

ရဲရင့် ရှားမန်းကြီး နံဘေးတွင် ဒူးထောက်ရင်း သူ၏ ဝတ်ရုံကြီးမှ ပိတ်ဖြူသားတချို့ကို ဆွဲဆုတ်ပြီး ဒဏ်ရာပေါ်တွင် တင်းကျပ်နေအောင် စည်းလိုက်လျှင် သွေးတိတ်သွားသည်။ အနူရက်ခ်သည် အံကိုကြိတ်ရင်း တင်းခံနေသည်။

‘ကျေးဇူးပဲကွာ။ ကဲ ဒါက မင်းကို ကျေးဇူးဆပ်တာပဲ။ သေစမ်း’

အနူရက်ခ်သည် သူ့ခါးကြားတွင် ထိုးထားသော ဓားမြောင်ကို ဆွဲထုတ်ကာ ရဲရင့်၏ လည်မျိုကို ဘေးမှ စိုက်ချလိုက်သည်။ သို့သော် ရဲရင့်က အချိန်မီပင် ရှားမန်းကြီး၏ လက်ကို သူ့လက်နှစ်ဘက်နှင့် ပြန်လည် ဆုပ်ကိုင်လိုက်သည်။ အနူရက်ခ်သည် အင်အားကြီးမားလှသဖြင့် သူတပြန်ကိုယ်တပြန်ဖြစ်ပြီး လုံးထွေးသွားကြ၏။

‘ဟာ.. မိုဖီကြီး.. မိုဖီကြီး...’

အေဝးတစ်နေရာမှ ထွက်ပေါ်လာသော ထိုင်းလူငယ် ဆွမ်ချိုင်း၏ အသံ။ ထိုင်းလူငယ်သည် ရဲရင့်တို့ကို ပြန်လာကြိုရန် ရောက်ရှိလာခြင်းဖြစ်သည်။ လူငယ်သည် ရဲရင့်နှင့် အနူရက်ခ်တို့ လုံးထွေးနေကြသည်ကို မြင်၍ အပြေးလာလေသည်။ အနားရောက်လျှင် ရဲရင့်သည် အနူရက်ခ်ပေါ် မှောက်လျက်သားရှိရာမှ မတ်တတ်ရပ်လိုက်သည်။ ယခုမူ ရဲရင့်၏ လည်မျိုကို ထိုးချိန်ခဲ့သောဓားမြောင်သည် အနူရက်ခ်၏ လည်ပင်းကြီးတွင် ထုတ်ချင်းပေါက်လျက်ရှိလေပြီ။ မိုဖီကြီး အနူရက်ခ်သည် မျက်လုံးကြီး အကြောင်သားနှင့် သေဆုံးလျက်ရှိတော့သည်။

‘မင်း.. မင်း.. မိုဖီကြီးကို ဘာလို့ သတ်လိုက်တာလဲ...’

ရဲရင့် ဘာပြန်ပြောရမှန်းမသိ။ အဖြစ်မှန်တွေကို သူဘယ်လို ရှင်းပြရမည်နည်း။

‘ဆွမ်ချိုင်း မင်းထင်သလိုမဟုတ်ဘူး။ ဒီ မိုဖီဟာ မကောင်းဆိုးဝါး။ မင်းတို့ရွာကို မကောင်းကြံမဲ့လူ..’

‘မင်း မင်း လူသတ်သမား … မင်းကို ရဲတိုင်မယ်။ ဟေ့ကောင် မပြေးနဲ့...’

ရှင်းပြလည်း ထူးမည်မထင်သဖြင့် ရဲရင့်သည် တောထဲသို့ ပြေးဝင်ကာ ဆွမ်ချိုင်း မျက်ကွယ်ရာသို့ ရောက်လောက်လျှင် နောက်ဂျွမ်းသုံးပတ်ထိုးကာ သမန်းကျားအသွင်ပြောင်းလိုက်သည်။ ထို့နောက် နွေဦးရှိရာဆီသို့ အမြန်ပြေးလေသည်။

ရသေ့ကြီး၏ ကျောင်းသင်္ခမ်းဆီရောက်လျှင် သူ့ဖခင်၏ ဈာပနအတွက် ကူညီပြင်ဆင်ပေးနေသော နွေဦးကို တဲအပြင်တွင် တွေ့လိုက်ရသည်။ ချစ်သူနှစ်ဦး ဝမ်းသာအားရပွေ့ဖက်လိုက်ကြသည်။ ရဲရင့်က ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုံးပြောပြလိုက်၏။ သူတို့နှစ်ဦး တဲထဲသို့ ဝင်လာလျှင် ဖခင်ကြီး၏ ရုပ်အလောင်းကို ရသေ့ကြီးက ပိတ်ဖြူစဖြင့် ဖုံးအုပ်ပေးလျက်ရှိသည်။ မြေမြှုပ်သင်္ဂြိုလ်ရန် မကြာမီစီစဉ်မည် ဖြစ်လေသည်။

‘ရသေ့ကြီးခင်ဗျာ။ ကျွန်တော့်အမေဘယ်မှာရှိသလဲ သိပါသလား’

မျှော်လင့်ချက် သိပ်မရှိသော်လည်း ရဲရင့် မေးလိုက်မိသည်။ ရသေ့ကြီးသည် ခေါင်းညိတ်ပြပြီး အခန်းထောင့် မီးဖိုအောက်မှ မီးသွေးတစ်တုံးကို ကောက်ကာ ပိတ်ဖြူတစ်စပေါ်တွင် လိပ်စာတစ်ခုကို ရေးခြစ်ပေးလေသည်။ ရသေ့ကြီး မည်သို့ သိသည်ကိုမူ ရဲရင့် မေးမနေတော့။ ဈာန်အစွမ်းနှင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ့ဖခင်ကိုယ်တိုင် မိခင်ကို နောက်ယောင်ခံလိုက်ပြီး ရသေ့ကြီးကို ပြောပြခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ရဲရင့် ရသေ့ကြီးကိုရော ဖခင်၏ ရုပ်အလောင်းကိုရော ဦးချကန်တော့ပြီး -

‘ကျွန်တော်တို့ ဒီကနေ အမြန်ထွက်ပြေးမှ ဖြစ်ပါမယ်ဘုရား။ ဒီနေရာမှာ ဆက်နေရင် အန္တရာယ်များလို့ပါ။ အရှင်ဘုရားကျေးဇူးတွေကို ကျွန်တော်တို့ တစ်နေ့ပြန်ဆပ်ပါ့မယ်’

ရသေ့ကြီးက ခေါင်းကို အသာညိတ်ပြရင်း ကျန်ခဲ့လေသည်။ ရဲရင့် နွေဦးကို လက်ဆွဲထွက်ပြေးလာရင်း တောတွင်းသို့ရောက်လျှင် ကျားအသွင်သို့ ပြောင်းလိုက်သည်။ သူ့ခါးတွင် ပတ်ထားသော ဖျင်ကြမ်းစကို နွေဦးက ရဲရင့်၏ ခြေထောက်တစ်ဘက်တွင် ချည်နှောင်ပေးလိုက်၏။ လူပြန်ဖြစ်လျှင် ပြန်ဝတ်လို့ရရန်ဖြစ်သည်။ ထို့နောက် နွေဦးသည် ရဲရင့်၏ ကျောပေါ်တွင် တက်ထိုင်ပြီး မဲဆောက်မြို့ဆီသို့ သုတ်ခြေတင်လေတော့သည်။

မိနစ်အနည်းငယ်မျှကြာလျှင် သူတို့သည် မြို့အနီးသို့ ရောက်လာကြသည်။ ရဲရင့်သည် လူအသွင်ပြန်ပြောင်းလိုက်သည်။

‘နွေဦး - နင့်ဆီမှာ အမေ့လိပ်စာ ပါတယ်နော်’

‘အေးပါ။ စိတ်ချပါ။ ငါ အလွတ်လည်း မှတ်ထားပါတယ်။ လာ မြန်မြန်။ ကားတစ်စီးလောက်တားစီးပြီး သွားရအောင်။ နင့်အမေရှိတဲ့နေရာရောက်ဖို့ နောက် ခြောက်နာရီလောက် ကားထပ်စီးရဦးမယ်’

ရဲရင့် နွေဦးကို တင်းတင်းဖက်လိုက်မိသည်။ မိန်းကလေး ရုတ်တရက် ကြောင်သွား၏။

‘ငါတောင်းပန်ပါတယ်နွေဦး။ ငါနင်နဲ့အတူ လိုက်ဖို့ မဖြစ်နိုင်တော့ဘူး’

‘ဘာ.. ရဲရင့် ဘာပြောတယ်’

နွေဦး၏ မျက်ခုံးလေးများ ကုပ်မှောင်သွားကြသည်။ သူမ ရဲရင့်ကို စားတော့ ဝါးတော့မလို စိုက်ကြည့်လာသည်။

‘နွေဦး။ ငါပြောတာ သေချာနားထောင်ပါ။ ငါနင့်ကို အတင်းအကြပ်မလုပ်ခိုင်းဘူး။ နင်လည်း ဝိုင်းစဉ်းစားပေးလို့ရပါတယ်။ ဒီမှာ နွေဦး - ငါ အနူရက်ခ်ကို သတ်လိုက်တာ ဆွမ်ချိုင်းတွေ့သွားတယ်။ သူက ရဲကို ချက်ချင်းအကြောင်းကြားမှာပဲ။ ငါတို့ရဲ့ သဲလွန်စကို ငှားလာတဲ့ ဆိုင်ကယ်တွေက နောက်ကြောင်းပြန်လိုက်ရင် အလွယ်လေး။ ဆိုင်ကယ်တွေက လေဆိပ်ကနေ ငှားလာတာ။ လေဆိပ်ထဲက နင်နဲ့ငါ အတူလာတယ်ဆိုတာ သူတို့ သိသွားလိမ့်မယ်’

မိန်းကလေး၏ မျက်နှာ အနည်းငယ်ပျော့ပျောင်းလာသည်။ သူမ ရဲရင့် ရှင်းပြသည်ကို သေချာနားထောင်နေသည်။ သို့သော် စကားကို ဖြတ်ပြောသည်။

‘ငါအဖမ်းခံရမှာ မကြောက်ဘူး။ နင်နဲ့အတူဆို ဘာမဆိုလုပ်ရဲတယ်’

‘အဲဒါ ငါသိပါတယ်ဟာ။ ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်သလဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ နင့်ကို ငါတောင်းပန်ပါရစေ။ ငါ့အမေကို နင်တွေ့အောင်ရှာပေးပါ။ ဖြစ်နိုင်ရင် မြန်မာပြည်ကို နင်နဲ့အတူတူခေါ်သွားပေးပါ။ ပြီးတော့ ငါ အသက်ရှင်နေတယ်ဆိုတာ ပြောပြပေးပါ။ အဲဒါတွေလုပ်ဖို့ နင်အဖမ်းမခံရဖို့လိုတယ်ဟာ။ ငါပြောတာသိလား’

‘ဒါဆို နင်က အဖမ်းခံမှာလား’

‘ဟုတ်တယ်။ ငါ အဖမ်းခံမှရမယ်။ ဒါမှ နင် အလိုတူအလိုပါ မဟုတ်ဘူးဆိုတာကို ပြောလို့ရမှာ’

ရဲရင့်သည် အကယ်၍ သူမကို ရဲများ စစ်ဆေးလျှင် မည်သို့မည်ပုံ ဖြေရှင်းရမည်ကို သင်ပေးနေသည်။ နွေဦးသည် နားထောင်ရင်း မျက်ရည်များကျလာရှာသည်။

‘ငါ.. ငါနင်နဲ့ မခွဲနိုင်ဘူး ရဲရင့်။ ငါတို့ ပြန်တွေ့ကြဦးမှာလားဟင်...’

‘ငါ့အဖေပြောသွားတဲ့စကားကို နင်မှတ်မိလား။ ဒီကမ္ဘာပေါ်မှာ ငါ့ကို လိုက်သတ်မဲ့ လူတွေ အများကြီးရှိနေတယ်။ အနူရက်ခ်ရဲ့ တဲအိမ်ထဲမှာ ငါ မကောင်းဆိုးဝါးတစ်ကောင်ကိုလည်း တွေ့ခဲ့ရတယ်။ အခုလောက်ဆို ရဲတွေတင်မကဘူး တခြား ရှားမန်းတွေရော၊ အဲဒီမကောင်းဆိုးဝါးရဲ့ အနွယ်တွေရော ငါ့ကို သတ်ဖို့ စိုင်းပြင်းနေလောက်ပြီ’

‘နင်အဲလိုတွေပြောတော့ ငါက ပိုစိတ်ပူတာပေါ့ ရဲရင့်ရဲ့’

နွေဦးသည် ရဲရင့်ကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ သို့သော် သူမသည် စိတ်ဓာတ်ခိုင်မာသူတစ်ဦးပီပီ ကိုယ့်စိတ်ကို ပြန်ထိန်းလိုက်သည်။ မျက်ရည်များကို လက်ခုံနှင့် သုတ်ရင်း -

‘နင်ပြောတာတွေ အားလုံး ငါနားလည်တယ်ရဲရင့်။ ငါ နင့်အမေကို သွားရှာမယ်။ မြန်မာပြည်ခေါ်သွားမယ်။ ငါ သူ့ကို အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး ထားပေးမယ်။ သူမြန်မာပြည် လိုက်မလိုက်တော့မသိဘူး။ အဲဒါတော့ သူ့သဘောပဲ။ အရေးအကြီးဆုံးက နင် အသက်ရှင်နေတယ် - သူ့ကို လိုက်ရှာနေတယ်ဆိုတာကို ငါပြောပြလိုက်မယ်။ အဲဒါဆို သူဝမ်းသာမှာပဲ’

‘ဟုတ်တယ် နွေဦး။ နင့်ကျေးဇူးတွေ -’

နွေဦး လူငယ်၏ နှုတ်ခမ်းများကို သူမ လက်ချောင်းလေးများနှင့် ပိတ်လိုက်သည်။

‘ငါ့စကားမဆုံးသေးဘူး။ နင့်အမေကိစ္စပြီးရင် ငါနင့်ကို ကူညီမယ်’

ရဲရင့် ခေါင်းကို ခါမိသည်။

‘နင့်အတွက် အန္တရာယ်အရမ်းများတယ်။ ရဲတွေရော - ရှားမန်းတွေရော - သွေးစုပ်...’

‘ရဲရင့်၊ နင်ဘယ်တုန်းကများ ငါ့ကို စကားနိုင်အောင် ပြောဖူးလို့လဲ။ ရဲတွေနင့်ကို ဖမ်းတော့ရော ဘာဖြစ်လဲ။ နင်ထောင်ကျရင်ရော။ နင် သမန်းကျားမဟုတ်ဘူးလား။ ထောင်ထဲကနေ လွယ်လွယ်လေး ထွက်ပြေးလာလို့ရတယ်။ ထောင်နံရံတွေကို အသာလေးကျော်တက်လာလို့ရတယ်။ ထောင်ထဲက လွတ်အောင်ပြေးဖို့သာ နင်လုပ်။ အပြင်ပြန်ရောက်လာရင် ကျန်တာတွေ ငါ့တာဝန်ထား’

ရဲရင့် နွေဦးကို အံ့သြစွာကြည့်လိုက်သည်။

‘နင်က ဘာလုပ်မှာလဲ နွေဦး’

‘ရဲရင့် - နင်ပြောသလို ရှားမန်းတွေ အများကြီး ရှိသလို၊ သမန်းကျားတွေလည်း အများကြီးရှိမှာပဲ။ နင်လို မျိုးတူတွေ၊ နင့်လိုမျိုး ထွက်ပြေးနေရတဲ့ အခြားသမန်းကျားတွေ ဘယ်နှစ်ယောက်ရှိနိုင်မလဲ။ သူတို့က စစ်ပွဲစရင် နင်တို့ဘက်ကရော ဘာလို့ ပြန်မတိုက်နိုင်ရမလဲ’

ချစ်သူ၏ စကားကို နားထောင်ရင်း ရဲရင့်၏ စိတ်များ တက်ကြွလာသည်။

‘ဒါကြောင့် ကျန်တာ ငါ့တာဝန်ထားလို့ ပြောတာပဲ ရဲရင့်။ အခုပဲ ဒီနေရာအထိ ရောက်အောင် ငါစီစဉ်ပေးခဲ့တယ်မဟုတ်လား။ နင်ငါ့ကို ယုံစမ်းပါ’

အမှန်ပင် ရဲရင့်သည် သူ့ချစ်သူမိန်းကလေးကို ယုံကြည်အားကိုးသွားမိသည်။ သူမပြောသည့်စကားတွေသည် ယုတ္တိရှိနေလေသည်။ သို့သော် အခြားသော သမန်းကျားများကို မည်သို့ ရှာဖွေရမည်နည်း။ သူနှင့် မျိုးနွယ်တူ သမန်းကျားများသည် ကမ္ဘာကြီး၏ မည်သည့်နေရာများတွင် ပုန်းအောင်းနေကြသနည်း။ သို့သော် ရဲရင့်အတွက် အခြားရွေးစရာလမ်းမရှိတော့ချေ။ သူသည် သူ့ဘဝကို သူ့ဖခင်ကြီးလို တောကြီးမျက်မည်းထဲတွင် ပုန်းအောင်းပြီး အဆုံးရှုံးခံမည်လား။ သို့မဟုတ် အန္တရာယ်ကို တည့်တည့်ရင်ဆိုင်ပြီး စစ်ကြေငြာမည်လား။ သူတစ်ယောက်တည်းဆိုလျှင်တော့ သူလည်း အားလျှော့မိပေလိမ့်မည်။ သို့သော် ယခုမူ သူ့နံဘေးတွင် နွေဦးတစ်ယောက်လုံး ရှိနေသည်။ သူ့ကြောင့်များ နွေဦး အန္တရာယ်ရှိမည်လား။ ရဲရင့်၏ တွေဝသော အတွေးများသည် မိန်းကလေး၏ မျက်လုံးများကို ကြည့်မိလျှင် အဖြေတစ်ခုသာရှိကြောင်း သိသွားလေသည်။

‘ငါ နင့်စကားနားမထောင်ရင် ရှားမန်းတွေ မသတ်ခင် နင်ငါ့ကို အရင် အသေသတ်မှာမဟုတ်လား’

ရဲရင့်၏ စကားကို ကြားလျှင် နွေဦးသည် ဖြူဖွေးညီညာသော သွားကလေးများပေါ်အောင် ပြုံးလိုက်ပြီး ချစ်သူကို အားရပါးရ နမ်းရှုပ်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ရင်း ဤလောကကြီးထဲမှ အန္တရာယ်များ သောကများအားလုံးကို ခေတ္တခဏမျှဆိုသလို မေ့လျော့သွားကြလေသည်။ သမန်းကျားရဲရင့်သည် သူ၏ ချစ်သူနွေဦးကြောင့် ရှေ့လာမည့် ဘေးရန်ဟူသမျှကို ရင်ဆိုင်ရန် ခွန်အားတွေ အပြည့်ရှိသွားသလို မိန်းကလေးသည်လည်း သူမ၏ သွေးနှောချစ်သူ ကြုံတွေ့ရမည့် အမှောင်ကမ္ဘာကြီးထဲသို့ မခွဲမခွာ လိုက်ပါရန် ဆုံးဖြတ်ချက် ချလိုက်ပြီး ဖြစ်လေတော့သတည်း။

(ပြီးပါပြီ)

ကိုချမ်း။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#သမန်းကျား
#လှံတံ
#ရသေ့
#သစ်လုံး
#အစွယ်

Some text some message..