
အိမ်ဘေးမှာ အိမ်အသစ်ဆောက်နေတာကြောင့် အသံ
တွေဆူညံလွန်းနေတဲ့အတွက် ကျွန်မခေါင်းတွေထိုးကိုက်
လာခဲ့ရတယ်။
" ယောကျာ်း ... အဲ့ဖက်ပြူတင်းပေါက်လေးလှမ်းပိတ်
ပေးကြည့် ... ခေါင်းတွေမတရားကိုကိုက်နေပြီ "
ယောကျာ်းဖြစ်သူက ပြူတင်းပေါက်ပိတ်ပေးတဲ့အခါ
ဆူညံသံတွေနည်းနည်းသက်သာသလိုရှိလာတယ်။
" ပတ်ဝန်းကျင်ဆိုတော့ သည်းခံလိုက်ပါကွာ ... မျက်
နှာကြီးစူမထားနဲ့ ... သူတို့အိမ်လည်းပြီးတော့မှာပဲ "
ကျွန်မကတော့ မျက်စောင်းသာခဲထားလိုက်မိတော့
တယ်။
" မိုးရေ ... မိုး ...
ကိုထိုက်... "
စက်သံဆူဆူညံညံကြားထဲမှ ခေါ်သံကြောင့် ကျွန်မအိမ်
ရှေ့ထွက်ကြည့်လိုက်တဲ့အခါ သူငယ်ချင်းဖြစ်တဲ့ ယွန်း
မျက်ချယ် ကိုတွေ့လိုက်ရတယ်လေ။
" ဟဲ့ ... ယွန်းရယ် ... အိမ်ထဲမဝင်ဘဲ ဘာလို့အော်ခေါ်နေ
ရတာလဲ .. လာ ဝင်ခဲ့ "
ယွန်းကိုကြည့်ရတာ တမျိုးဖြစ်နေတယ်။ မျက်နှာတော်
တော်လေးမကောင်းနေဘူး။ ယွန်းကအိမ်ထဲရောက်ပြီး
ဆိုဖာပေါ်ထိုင်လိုက်တာနဲ့ ငိုချလာတော့တယ်။
ကျွန်မယောကျာ်းကလည်း ကျွန်မတို့ချင်းစကားပြော
ရအဆင်ပြေအောင် အပြင်ထွက်ပြီး ရှောင်ပေးသွား
လို့ ကျေးဇူးတင်မိတာတကယ်။
" ဘာဖြစ်လာတာလဲယွန်း ... ကိုဘုန်းနဲ့ရန်ဖြစ်လာတာ
လား "
ယွန်းကခေါင်းခါပြတယ်။
" ဘာဖြစ်လဲပြောမှငါသိမှပေါ့ ... စိတ်ကိုလျော့ပါဟာ...
ငါ့ကိုပြော ... ဘာတွေဖြစ်တာလဲ "
ယွန်းကို tissue ပေးလိုက်တော့ ယွန်းကမျက်ရည်တွေ
ထိုင်သုတ်နေတယ်။ ပြီးတာနဲ့ အသက်ခပ်ပြင်းပြင်းတစ်
ချက်ပါရှုရှိုက်လိုက်တယ်။ ယွန်းကိုကြည့်ပြီး ကျွန်မစိတ်
ပူမိသွားတာတော့အမှန်ပါ။
ဘာတွေဖြစ်လာလို့ခုလိုရှိုက်ကြီးတငင်ငိုကြွေးနေရတာလဲ
မသိဘူးလေ။ ရေသန့်ဗူးလေးကိုဖောက် အရင်သောက်
ခိုင်းလိုက်ပြီး အကဲခတ်ကြည့်နေတာပေါ့။
" ငါဘာလုပ်ရမှန်းမသိတော့ဘူးမိုးရယ် "
" ဘာကိုဘာလုပ်ရမှန်းမသိတာတုန်း "
" ကိုဘုန်းမှာ ကောင်မလေးရှိနေပြီဟ "
" ဟင် ... "
ယွန်းစကားကြောင့် ကျွန်မတော်တော်အံ့ဩထိတ်လန့်
သွားမိတယ်။
" ငါခုနမှသိရတာဟာ ... အဟင့် ... အီး "
ယွန်းကပြောရင်းငိုပြန်တယ်။
" မဟုတ်နိုင်ပါဘူးယွန်းရယ် ... နင်အထင်မှားတာနေ
မှာပါ "
" မမှားဘူး... ငါသေချာသိခဲ့ရတာ ... "
" ဘယ်လိုသိခဲ့တာလဲ ... အစအဆုံးပြော "
" ငါ ပိုက်ဆံစာရင်းစစ်မယ် စစ်မယ်နဲ့ မစစ်ဖြစ်တာကြာ
ပြီ ... ဒီမနက်သတိရတာနဲ့ စာရင်းတွေစစ်ကြည့်တာ ...
သိန်း ၂၀၀ ကျော်ပျောက်နေတယ် "
" ပျောက်တယ်ဆိုတာက ... "
" ကိုဘုန်းက ဆိုင်စာရင်းတွေကို ငါ့ကိုပေးမကိုင်ဘူး...
သူ့အလုပ်သူ့သူလုပ်မယ်ပဲပြောနေကြ ... ငါလည်းဝင်
မပါပါဘူး ... ဒါပေမယ့်နင်သိတဲ့အတိုင်း ငါအိမ်ဆောက်
နေတာပိုက်ဆံလိုတယ်လေ ... အဲ့ဒါသူ့ဆီတောင်းတော့
ပထမတစ်ခါ ၅၀ ပေးတယ် ... နောက်တစ်ခါထပ်တောင်း
တော့ ၈၅သိန်းပေးတယ် ... အဲ့ဒါလေးနဲ့ဘယ်လိုလောက်
မလဲ ... ငါလည်းထပ်တောင်းရတာပေါ့ ... သူကပိုက်ဆံ
တောင်းမှာကိုသေမလောက်ကြောက်နေတယ် ... ငါနဲ့
စကားတွေများရန်တွေဖြစ်ရရော ... သူ့ဆိုင်ဝင်ငွေငါ
သိနေတာပဲ ... ပေးနိုင်ရဲ့သားနဲ့မပေးတာ ... ငါလည်း
ဆိုင်ကစာရင်းကိုစစ်ကြည့်မယ်ဆိုပြီးတေးထားတာပေါ့..
ဒါပေမယ့်မစစ်ဖြစ်ဘူး ... နောက်တစ်ပတ်ကြရင် အိမ်အတွက် ပိုက်ဆံ သိန်း ၇၀ ထပ်ချပေးရတော့မှာ ... ငါ့လက်ထဲပိုက်ဆံမပြည့်ဘူး .. သူ့ဆီတောင်းလည်းမပေး
နဲ့ ငါလည်းစိတ်မရှည်လာတော့ဘူး... ဒီမနက်သူမရှိတုန်း သူ့ဆိုင်သွားပြီး စာရင်းစစ်ကြည့်တာ သိန်း ၂၀၀ ကျော်ပျောက်နေတာသိရတာပဲ "
" နေပါဦးဟ ... ကိုဘုန်းက အဲ့ပိုက်ဆံတနေရာရာမှာ
ခဏသုံးထားတာနေမှာပေါ့ဟာ "
" အေ သုံးထားတာဟုတ်တယ် ... ဘယ်မှာသုံးလဲသိ
လား ... မယားငယ်ကို ကားဝယ်ပေးထားလို့ဟေ ...
ငါရင်နာလို့မဆုံးဘူး ... အီး ဟီး "
" နင်ကသေချာလို့လား "
" သေချာတာမှသက်သေပါရှိတယ် ... ငါစာရင်းမစစ်
ခင်ရှေ့( ၂ )ရက်လောက်ကကိုနိုင်ဝင်းနဲ့ cake မုန့်ဝယ်
ရင်းမုန့်ဆိုင်မှာတွေ့တာ...နင်ကိုနိုင်ဝင်း ကိုသိတယ်
မလား... "
" မသိဘူး သူကဘယျသူလဲ "
" မသိလည်းထားပါ ... သူက ကားပွဲစားတွေလုပ်တယ်
အဲ့နေ့က ငါနဲ့ တွေ့တော့ ကားအဆင်ပြေလားမေး
တယ်... ငါလည်းကြောင်ပြီးအဆင်ပြေပါတယ်ဖြေ
တာပေါ့... သူက နောက်လိုလည်းသူ့ဆီပြောပါဆိုလာ
တော့ ငါတွေးမရတော့ဘူး ... အိမ်ကကားနှစ်စီးလုံး
သူ့ဆီကတစ်ဆင့်ဝယ်ထားတာမှမဟုတ်ဘဲဟ ... အဆိုး
ဆုံးက ဆိုင်ကအတူထွက်လာတော့ငါမောင်းလာတဲ့ကား
ကိုကြည့်နေတယ် ... ပြီးတော့ ကျွန်တော်က မယွန်းမျက်
ချယ်မောင်းနေတယ်ထင်တာတဲ့ ... ကားသုံးစီးဆိုတော့
မိုက်တယ်ဗျာ ... ကြိုက်ရာစီးရုံပဲ လို့ပြောတယ် ... ငါ
ကအဲ့အထိစိတ်ဝင်တစားမတွေးမိသေးဘူး ... ပိုက်ဆံ
စာရင်းကွာမှသတိရသွားတာရယ် ... အဲ့ဒါနဲ့ ကိုနိုင်ဝင်း
ဆီလိုက်သွားပြီး မေးကြည့်တော့ ပြီးခဲ့တဲ့တစ်ပတ်က
ကိုဘုန်းကားအသစ်ဝယ်သွားတယ်ဆိုတာသိရတာပဲ
... အိမ်မှဆောက်မပြီးသေးတာ တန်းလန်းကြီးကို ကား
လည်းမလိုဘဲ ဘာလို့ဝယ်ရတာလဲငါစဉ်းစားမရဘူး...
ပြီးတော့ အဲ့ကားဝယ်တာလည်းငါမသိရဘူး ... "
" အေ အဲ့ဒါတော့မဟုတ်သေးဘူး ... အဲ့ဒီတော့ဘာ
ဆက်ဖြစ်ကြလဲ "
" ငါလည်းရအောင်စုံစမ်းမယ်ဆိုပြီး ကားပွဲစားတန်းကို
မယောင်မလည်သွားလိုက်တာ ကိုနိုင်ဝင်းပြောတဲ့ကား
အကြောင်းတီးခေါက်ကြည့်တော့ ပွဲစားတစ်ယောက်က
အဲ့ကားကရောင်းထွက်သွားတာတစ်ပတ်လောက်ရှိပြီ
လို့ပြောတယ် ... ကိုနိုင်ဝင်းပွဲဖြစ်သွားတာပါပြော
တော့ သေချာနေပြီ ... ငါလည်းကားနံပါတ်တွေဘာ
တွေမေးပြီး သိရတာနဲ့ ချစ်မင်းဦးကိုစုံစမ်းခိုင်းလိုက်
တာ ... "
" ချစ်မင်းဦးဆိုတာ နင့်ဆိုင်တာဝန်ခံမလား "
" ဟုတ်ပါ့ ... သူက နေ့လည်ခင်းတစ်ခင်းလုံးပျောက်
သွားပြီး ခုနလေးတင်ပြန်ရောက်လာတယ် ... ကိုဘုန်း
ဝယ်လိုက်တဲ့ကားက ခေတ္တာလမ်းထဲကအိမ်ရှေ့မှာ
ရပ်ထားတယ်တဲ့ ... သူဆက်စောင့်နေတုန်း အဲ့အိမ်က
မိန်းကလေးတစ်ယောက်ထွက်လာပြီးမောင်းထွက်
သွားတာတွေ့တယ်လို့လာပြောတယ် ... နင်ပဲစဉ်းစား
ကြည့်လေ ... အဲ့မိန်းမကဘာကိစ္စကိုဘုန်းဝယ်တဲ့ကား
ကိုစီးမှာလဲ ... နောက်ပြီး ကားဝယ်ရောင်းလုပ်စားနေ
တာလည်းမဟုတ်ဘူး ... မယားငယ်ပဲသေချာတယ်...
ငါမသိအောင် မယားငယ်ထားနေပါပြီမိုးရယ် ... ဟီး...
အီး ... "
ယွန်းကပြောရင်းငိုပြန်ရော။ ကျွန်မလည်းသူ့ကိုနှစ်သိမ့်
ပေးနေတုန်း ကျွန်မသား ( ၇ ) နှစ်အရွယ်လေး ဘေးအိမ်
ကနေဆော့ပြီးပြန်လာလို့ စကားစခဏပြတ်သွားရတယ်။
သားက ဘောလုံးယူပြီးပြန်ထွက်သွားမှ စကားပြန်ဆက်
ရတာပေါ့။
" ငါ့အထင်တော့ တခြားကိစ္စလို့ထင်တာပဲ ... စနိုက်မ
တော့ မဟုတ်လောက်ပါဘူး "
" ငါကတော့ မယားငယ်သေချာတယ်လို့ပဲခံစားမိနေ
တယ် ... မိုး ... ငါ့ကိုကယ်ပါဦးဟာ ... ငါဘာဆက်လုပ်
ရမလဲ "
" သေချာစုံစမ်းရမှာပေါ့ဟ ...နင်သိတာ ကိုဘုန်းမသိ
သေးဘူးမလား "
ကျွန်မအမေးကိုယွန်းကခေါင်းလေးပြန်ညိမ့်ပြရှာတယ်။
ယွန်းခမျာတော်တော်ပူလောင်နေရှာတာမြင်ရတော့ ကျွန်
မစိတ်မသက်သာခဲ့ပါဘူး။ ဘယ်မိန်းမ မဆို သေသေ
ချာချာသိချင်မှာ သဘာဝကျပါတယ်။
ပိုက်ဆံပျောက်တာထက် ကိုယ့်ယောကျာ်းကကိုယ့်
နောက်ကွယ်မှာခြေရှုပ်နေမလားဆိုတဲ့အသိက ဘာနဲ့မှ
နှိုင်းမရအောင် ပူလောင်မိမှာပါပဲ။
" ဒီလိုလုပ် ... နင်အခုစိတ်ကိုသေချာငြိမ်အောင်
အရင်ထိန်းဦး ... ကိုဘုန်းကိုတစ်ခွန်းမှမဟမိစေနဲ့ ...
သူအပြင်သွားတဲ့အခါ နင်သူ့နောက်တိတ်တိတ်လေး
လိုက်သွား ... နင်ဘယ်ရောက်နေလဲဆိုတာငါ့ကိုဖုန်း
ဆက်ပြော ... ငါချက်ချင်းလာခဲ့မယ် ... အဲ့ကြမှ လက်
ပူးလက်ကြပ်ဖမ်းကြတာပေါ့ ... သက်သေမရှိဘဲပြော
ရင် နှစ်ဖက်လုံးနစ်နာရမှာ ... ငါပြောတာနင်သဘော
ပေါက်လား "
ယွန်းကတော့မျက်ရည်တွေပဲသုတ်နေလေရဲ့။ ယွန်းကို
နှစ်သိမ့်ပြီးပြန်လွတ်လိုက်ရပေမယ့် ကျွန်မစိတ်ထဲလည်း
မတင်မကျကြီးဖြစ်ကျန်ရစ်ခဲ့တယ်။
သိန်း ၂၀၀ ဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူး။ အဲ့ဒါကို
စီးပွားရေးကြောင့်မဟုတ်ရင် တခြားမိန်းမတစ်ယောက်
ကို ပေးစရာဘာအကြောင်းရှိသေးလို့လဲ။
" မိန်းမရေ ... သားကဗိုက်ဆာနေပြီတဲ့ "
" အကုန်အဆင်သင့်ချက်ထားပြီးသား.. ခူးကျွေးရုံကိုကျွေးလိုက်လေ "
ယွန်းကိစ္စကြားပြီး ကိုယ့်ယောကျာ်းကိုကိုယ်မကြည်ချင်
နေဘူး။ ယောကျာ်းတွေများကောင်းကိုမကောင်းဘူးလို့
စိတ်ထဲရေရွတ်ရင်း ကျွန်မမျက်စောင်းခဲလိုက်မိသေး။
ဘာမဆိုင်ညာမဆိုင် ဆွဲထည့်မိနေတာ။
နောက်ရက် ညနေရောက်တော့ ယွန်းဆီကဖုန်းဝင်လာ
တယ်။ သူ အပြင်မှာရောက်နေတဲ့အကြောင်း၊ အမြန်လာ
ဖို့ဆက်လာတော့ ကျွန်မလည်းအပေါ်ထပ်အင်္ကျီလေး
ကောက်စွပ်ရင်း တက္ကစီငှားပြီးလိုက်သွားခဲ့လိုက်တယ်။
ယွန်းက သစ်ပင်ကြီးအောက်မှာစောင့်နေတယ်ဆိုလို့
အဲ့ဒီသစ်ပင်ကြီးရှိရာကို မောင်းခိုင်းရတာပေါ့။ ယွန်း
ကိုတွေ့မှ တက္ကစီကိုပြန်လွှတ်လိုက်တယ်။
" ဘာထူးလဲ "
" ဟိုမှာကိုဘုန်းကားတွေ့လား ... ခဲရောင်လေး "
ယွန်းညွှန်ပြရာကိုကျွန်မကြည့်လိုက်တော့ ဆိုင်တစ်ဆိုင်
ရှေ့မှာခဲရောင်ကားလေးရပ်ထားတာကိုမြင်လိုက်ရပါ
တယ်။
" အင်း ... သူကဆိုင်ထဲမှာလား "
" ဟုတ်ပါ့ "
ဆိုင်က မာလာရှမ်းကောရောင်းတဲ့ဆိုင်။
" ကိုဘုန်းကမာလာရှမ်းကောလာစားတာနေမှာပေါ့ဟ "
" အေ ... အဲ့ဒါကြောင့် ငါဒေါသထွက်နေတာ "
" ဘာလို့လဲ "
" ကိုဘုန်းကဘယ်တော့မှမာလာရှမ်းကောမစားဘူး ...
ငါစားချင်ရင် ငါ့ဘာသာဝယ်စားရတာ ... "
ယွန်းရဲ့စကားကြောင့် ကျွန်မစိတ်ဝင်စားသွားမိနေတုန်း
မာလာရှမ်းကောဆိုင်ကနေ ကိုဘုန်းက အထုပ်ဆွဲပြီးထွက်
လာတော့တယ်။
" ပြန်ထွက်လာပြီ ... ထွက်လာပြီ "
ကျွန်မမှာ ဘာမှန်းမသိ အသက်အောင့်ထားမိပါရော။
စိတ်လှုပ်ရှားတယ်ဆိုတာတကယ်ပါပဲ။ ကိုဘုန်းက
မာလာရှမ်းကောပါဆယ်လာဝယ်ပုံရတယ်။
ယွန်းပြောသလို မာလာရှမ်းကောမကြိုက်တဲ့သူက
ပါဆယ်ဝယ်နေတာ ထူးတော့ထူးနေပြီလေ။ ကိုဘုန်း
ကားမောင်းထွက်သွားတာနဲ့ ယွန်းကလည်း နောက်က
နေ ခပ်ခွာခွာ လိုက်မောင်းလာခဲ့တာပေါ့။
မနေ့က ချစ်မင်းဦးပြောတဲ့ ခေတ္တာလမ်းဘက် ကားကွေ့
လိုက်တာနဲ့ ယွန်းက ကျွန်မလက်မောင်းကိုတဗုံးဗုံးရိုက်
ပြီးငိုသံကြီးနဲ့ပြောတော့တယ်။
" ငါထင်တာဟုတ်နေပါပြီ ... နင်ယုံပြီမဟုတ်လားမိုး "
ကျွန်မလည်းဘာပြောရမယ်မသိ ကြောင်နေမိတော့
တာပဲ။
" နေပါဦးဟ ... နင်ကလဲ ... ခုထိဘာမှမသေချာသေး
ပါဘူး "
ပြောနေရင်းကိုဘုန်းရဲ့ကားရပ်သွားပြီး ကိုဘုန်းက
မာလာရှမ်းကောပါဆယ်ထုပ်ကိုကိုင်ရင်း ကားပေါ်က
ဆင်းလာပါရော။ ပြီးတော့ တစ်ထပ်တိုက်လေး ထဲ
ဝင်သွားတော့တယ်။
ယွန်းက မပြောမဆိုနဲ့ ကိုဘုန်းကားနောက်မှာလိုက်
ရပ်လိုက်ပြီး အထဲဝင်ဖို့ပြင်နေလေရဲ့။
" ဝင်လို့မဖြစ်သေးဘူးလေဟာ ... သူများအိမ်ကြီးဟ "
" ဘာဖြစ်လဲ ... ငါ့ယောကျာ်းတစ်ယောက်လုံးဝင်သွား
တာပဲ... လိုက်ဝင်ပြီးလက်ပူးလက်ကြပ်ဖမ်းရအောင် "
စိတ်လောနေတဲ့ယွန်းကို ကျွန်မကအတင်းဆွဲထားရ
တယ်။
" စိတ်လိုက်မာန်ပါမလုပ်သေးနဲ့လေယွန်းရ ... ငါတို့
အချိန်ယူရမယ် ... နင့်ကားနောက်ပြန်ဆုတ်ဦး .. ငါတို့
လိုက်လာတာ ကိုဘုန်းသိလို့မဖြစ်သေးဘူး ... ငါ့ကိုယုံ
ပါဟာ "
ယွန်းက လက်မခံချင်ဘဲတွန့်ဆုတ်ဆုတ်လုပ်ရင်း ကားနောက်ဆုတ်လိုက်ပါတော့တယ်။ ကားကိုလမ်းကနေ
ထွက်ပြီး တခြားတနေရာမှာရပ်ခဲ့ပြီးတော့နှစ်ယောက်
သား ခေတ္တာလမ်းထဲ လမ်းလျှောက်ပြီးပြန်ဝင်လာခဲ့
ကြတယ်။
ကိုဘုန်းဝင်သွားတဲ့အိမ်ရဲ့မျက်စောင်းထိုးလောက်မှာ
ရပ်ထားတဲ့ကားတစ်စီးနောက် အသာရပ်ရင်း အိမ်ထဲ
ကိုအခြေအနေကြည့်နေကြတာပေါ့။
စောင့်ရတာခြေထောက်နှစ်ဖက်တောင်ညောင်းနေပြီ၊
ကိုဘုန်းကပြန်ထွက်မလာသေးဘူး။ ကျွန်မလည်းစိတ်
မရှည်လာဘူးလေ။ ဒါကြောင့်အကြံရတာနဲ့ ယွန်းကို
ပြောလိုက်တယ်။
" နင် ကိုဘုန်းကိုဘယ်ရောက်နေလဲဖုန်းဆက်ကြည့်ပါ
လား ... "
ယွန်းကလည်းမဆိုင်းမတွပဲ ကိုဘုန်းကိုချက်ချင်းဖုန်း
ခေါ်ပါရော။
" ယောကျာ်း ... ဘယ်မှာလဲ "
တစ်ဖက်ကပြန်ဖြေသံကို ကျွန်မခပ်တိုးတိုးကြားလိုက်
ရတယ်။
" အလုပ်ကိစ္စနဲ့အပြင်မှာ ... ဘာလို့လဲ "
" အော် ... မိန်းမအပြင်ရောက်နေလို့ ယောကျာ်းနဲ့အတူ
ပြန်မလို့ လှမ်းခေါ်တာ ... ဘယ်အချိန်ပြီးမှာလဲ "
" ကြာဦးမှာ ... ပြန်ရင်ပြန်နှင့်လေ ...စောင့်မနေနဲ့ "
ယွန်းက မျက်နှာပျက်သွားတော့တယ်။ စိတ်ကိုထိန်းပြီး
ပြောနေရတဲ့ပုံပဲ။
" ဒါဆိုယောကျာ်းဆီလိုက်လာခဲ့မယ် ... ပြီးမှတူတူပြန်တော့မယ် ... ခုဘယ်မှာလဲ ... မိန်းမလာမလို့ "
ယွန်းရဲ့စကားကြောင့် ကိုဘုန်းနည်းနည်းလန့်သွားတာ
သေချာတယ်။ အသံချက်ချင်းပြောင်းသွားပြီလေ။
" မိန်းမလာတတ်မှာမဟုတ်ဘူး ... လမ်းတွေကညွှန်ရ
ခက်တယ် ... ဒီလိုလုပ် မိန်းမ hot pot စားချင်တယ်ဆို
စားရင်းစောင့်နေလိုက် ... အဲ့ကိုလာခေါ်မယ်နော် "
" ပြောတော့ကြာမှာဆို ... ကြာရင်မစောင့်ချင်ဘူး...
မိန်းမပဲလာခဲ့ပါ့မယ် ... လာတတ်ပါတယ်ယောကျာ်းရဲ့ "
" သိပ်မကြာတော့ဘူး ... နောက်နာရီဝက်လောက်ပဲ ...
ပြန်လာတော့မှာ ... Hot Pot ဆိုင်မှာစောင့်နေနော်...
ယောကျာ်းပြန်ဆက်လိုက်မယ် "
ကိုဘုန်းကပြောပြီးတာနဲ့ဖုန်းချသွားတာပဲ။ ယွန်းပြန်
ပြောမှာတောင်မစောင့်တော့ဘူး။ ကျွန်မတောင် ယွန်း
လိုပဲ သံသယဝင်လာမိတော့တယ်။
" ကြားလားမိုး ... ငါထင်တာမှန်နေပါပြီဆို "
ယွန်းမှာ အသံလေးတွေတုန်နေရှာတယ်လေ။
" စောင့်ကြည့်ရမှာပေါ့ဟာ ... နောက်နာရီဝက်ပဲဟာ...
ဆက်စောင့်တာပေါ့ "
နာရီဝက်ကျော်တဲ့အထိ ကိုဘုန်းကပြန်ထွက်မလာသေး
ပါဘူး။
" ယွန်း ထပ်ဆက်ဟာ ... အချိန်ကျော်နေပြီ "
ယွန်းကလည်း ငိုမဲ့မဲ့လေးနဲ့ ဖုန်းဆက်ဖို့ပြင်နေတုန်းမှာပဲ
တစ်ထပ်တိုက်အိမ်တံခါးလေးကပွင့်လာခဲ့တယ်။ အဲ့ဒီ
မှာဘဲ တံခါးပေါက်ဝရှေ့ ကိုဘုန်းပုခုံးကိုမှီထားတဲ့ အရိပ်
တစ်ခုကိုတွေ့လိုက်ရတော့တယ်။
ကျွန်မတောင် အသံမထွက်နိုင်အောင် အံ့ဩရတယ်ဆို
ယွန်းကတော့ဆိုဖွယ်မရှိတော့ဘူး။ အဲ့ဒီအရိပ်လေးက
အပြင်အထိလိုက်မလာပါဘူး။ တံခါးဝနားတင်ရပ်ကျန်
နေရစ်ခဲ့တယ်လေ။
ကိုဘုန်းတစ်ယောက်တည်း ဟိုကြည့်ဒီကြည့်နဲ့ ပတ်ဝန်း
ကျင်ကိုအကဲခတ်လို့ ခပ်သုတ်သုတ်ထွက်လာနေတာ
ပေါ့။
ကိုဘုန်းရဲ့ကားမောင်းထွက်သွားတာနဲ့ ယွန်းက လမ်း
ပေါ်ထိုင်ချပြီး ငိုပါလေရော။
" ငါအသက်မရှင်ချင်တော့ဘူးမိုးရယ် ... ငါ့သမီးလေး
ကိုငါဘယ်လိုပြောရမလဲ ... ငါသေသာသေလိုက်ချင်
တော့တာပဲဟာ အီး ... ဟီး ... ဟီး "
ကျွန်မလည်းဘာပြောရမယ်မသိတော့ဘူး။ အဲ့ဒီအချိန်
မှာပဲ ယွန်းဆီကိုဘုန်းရဲ့ဖုန်းဝင်လာပြီ။
" ယွန်း ဖုန်းကိုင်လိုက်လေ "
ယွန်းက ဖုန်းကို reject လုပ်လိုက်တယ်။ ခုလိုချိန်မှာ
ကိုဘုန်းကို ဘာမှပြောချင်မှာမဟုတ်မှန်း ကျွန်မခံစား
မိနေပါတယ်။ ဖုန်းကနောက်တစ်ခါထပ်ဝင်လာပြန်ရော။
" ယွန်း ... နင် ကိုဘုန်းနဲ့ ပေါ်တင်ချဲကြတော့မှာလား ...
သူငြင်းရင်ငါ့တစ်ယောက်လုံးသက်သေရှိတယ် ...
နင့်ဖက်မှာငါရှိတယ်နော် "
ယွန်းကမျက်ရည်သုတ်လိုက်ပြီး ဖုန်းကိုကိုင်လိုက်ပါ
တယ်။
" Hot Pot စားမလို့လုပ်နေရင်း မိုးက နေမကောင်းလို့
ခဏလာပါဦးဆိုတာနဲ့ သူ့ဆီသွားနေတာ ..ယောကျာ်းအလုပ်မပြီးသေးရင်ဆက်လုပ်လိုက်ဦးနော် ... "
" အဲ့ဒါကို ဖုန်းဆက်မပြောဘူး ...မိန်းမစောင့်နေရ
မှာစိုးလို့ အလုပ်အမြန်ဖြတ်ပြီးထွက်လာရတာ "
ကိုဘုန်းကအပြစ်တင်တဲ့လေသံနဲ့ပြောနေတာကို ယွန်း
ကဆက်နားထောင်ချင်ပုံမရဘဲ ဖုန်းချပစ်လိုက်ပါတယ်။
" ငါကနင်တေ့တေ့ဆိုင်ဆိုင်ရှင်းတော့မယ်ထင်နေတာ "
" ရှင်းမှာပါ ... မရှင်းခင် ငါ အဲ့မိန်းမနဲ့အရင်တွေ့ရ
မယ် ... "
" တကယ်တွေ့မလို့လား "
" အင်း "
ယွန်းမှာ ဘာစိတ်ကူးပေါက်တယ်မသိ ... အဲ့ဒီတစ်ထပ်
အိမ်ကြီးထဲဝင်သွားပါတော့တယ်။ ကျွန်မလည်း ယွန်း
နောက်ကနေလိုက်ဝင်သွားခဲ့လိုက်တယ်။
အိမ်ရှေ့တံခါးကိုခေါက်လိုက်တဲ့အခါ သိပ်မကြာဘူး
အထဲကနေတံခါးဖွင့်လိုက်သံကြားလိုက်ရတယ်။ တံခါး
ဖွင့်လိုက်တာနဲ့ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်းနဲ့ ချော
ချောလှလှ ကောင်မလေးတစ်ယောက်ထွက်လာတယ်
လေ။
ကောင်မလေးက ကျွန်မတို့ထက်ငယ်တယ်။ ဆံပင်က
ခါးလည်လောက်ရှည်ပြီး ဖြောင့်စင်းနေတာပဲ။ ကိုဘုန်း
နဲ့သာမပတ်သက်ရင် အရုပ်လေးလိုလှတဲ့ အဲ့ဒီကောင်
မလေးကို ကျွန်မတို့ ချစ်ခင်မိမှာပါပဲ။
ကောင်မလေးက ယွန်းကိုမြင်တာနဲ့ မျက်လုံးတွေပြူး
ကျယ်သွားပြီး အံ့ဩရင်းကြည့်နေတယ်။ ယွန်းကတော့
မကျေနပ်တဲ့အကြည့်နဲ့ကြည့်နေတာအထင်းသားပေါ်နေ
တော့တယ်။
" ညီမပုံစံကြည့်ရတာ အစ်မကိုသိနေတဲ့ပုံပဲ "
ယွန်းရဲ့စကားကိုကြားတာနဲ့ ကောင်မလေးရဲ့မျက်နှာပေါ်
ထီမထင်သလိုပုံမျိုး ဖျပ်ခနဲ ပေါ်လာတယ်။
" ဘာကိစ္စရောက်လာရလဲဆိုတာသိပြီးသားပါ ... အစ်မ
တစ်နေ့ရောက်လာမယ်မှန်းလည်းသိတယ် ... ခုလောက်
မြန်မြန်ရောက်လာမယ်မှန်းတော့မထင်ထားဘူး "
ကောင်မလေးက ယွန်းကိုဂရုစိုက်ဟန်မရတဲ့အပြင်
အထင်သေးတဲ့ပုံစံပါပေါ်နေသေးတယ်။ ယွန်းက စိတ်
ကိုတော်တော်လေးတည်ငြိမ်အောင် ထိန်းနေရမှန်း ကျွန်
မ သိနေပါတယ်။
" မင်းသိပေမယ့် ငါဘာမှမသိရသေးဘူး ... ငါ့ယောကျာ်း
ဒီအိမ်ထဲကထွက်လာတာရယ် ... မင်းအိမ်ရှေ့မှာရပ်ထား
တဲ့ကားက သိပ်မကြာသေးတဲ့ရက်ကမှ ငါ့ယောကျာ်း
ဝယ်ထားတယ်ဆိုတာရယ်ပဲ ငါသိသေးတယ် ... "
" ဒီလောက်ဆိုသဘောပေါက်သင့်ပြီပေါ့ အစ်မကြီးရယ်
... ဘယ်ယောကျာ်းကများတန်ဖိုးကြီးတဲ့အရာမျိုး မဆိုင်
တဲ့သူကို ပေးမလဲ ... မဟုတ်ဘူးလား "
ယွန်းကနှုတ်ခမ်းလေးကိုတင်းတင်းစေ့ရင်း မျက်လုံးအစုံကခဏမှိတ်သွားပါတယ်။ ကျွန်မလည်းကြားထဲကနေဒေါသကထွက်လာပြီလေ။
" ဒီမှာကလေးမ ... နင့်အသက်ကငယ်ငယ်လေးရှိပါ
သေးတယ် ... သူများယောကျာ်းကို စနိုက်ကြော်ပြီး
လုယူတာ သိပ်အောက်တန်းကျတယ်ဆိုတာရော နား
လည်ရဲ့လား ... "
" အစ်မကြီးကဝင်ပြောနေရအောင် ကိုဘုန်းမြတ်သွေး
က အစ်မကြီးနဲ့ပတ်သက်နေလို့လား ... အစ်မကြီးက
ကိုဘုန်းမြတ်သွေးရဲ့မိန်းမ မလို့လား ... မဆိုင်ရင်ဝင်
မပြောပါနဲ့ "
တကယ်ကိုမခေတဲ့ မိန်းကလေးပါပဲ။ ကတ်ကတ်လန်
အောင်ရန်တွေ့နေပုံကိုကြည့်ရင် ယွန်းဟာ ဒီပြဿနာ
ကို တော်တော်လေးရှင်းရမယ်ဆိုတာ ကျွန်မသိနေပြီ။
" ငါ့ယောကျာ်းတော့မဟုတ်ဘူး ... ငါ့သူငယ်ချင်းရဲ့
ယောကျာ်းမလို့ဝင်ပြောနေရတာ ... ဘယ်လိုအရိုင်း
အစိုင်းပါလိမ့် "
" သူများရဲ့ personal ကိုဝင်စွက်ဖက်တဲ့အစ်မကြီး
ကသာ အရိုင်းအစိုင်းဖြစ်နေတာပါ ... ကျွန်မတို့ကိစ္စ
မှာဝင်မပြောပါနဲ့ ... ကိုဘုန်းမြတ်သွေးက အစ်မကြီး
ယောကျာ်းဆိုရင်တော့ ဝင်ပြောနိုင်တယ် "
ကျွန်မတအံ့တဩဖြစ်နေချိန်မှာပဲ အဲ့ဒီမိန်းကလေးရဲ့
ပါးပြင်ပေါ်ကို ယွန်းလက်ကရောက်သွားပြီး ဖြန်းခနဲ
အသံမြည်သွားပြီလေ။
" ရှင်က ကျွန်မအိမ်ထဲထိကျူးကျော်လာပြီး ကိုယ်ထိ
လက်ရောက်စော်ကားရဲတယ်ပေါ့ "
မိန်းကလေးက ပြောပြောဆိုဆို ယွန်းရဲ့ဆံပင်ကိုပြန်
ဆွဲတော့တယ်။ ကျွန်မလည်း သူ့လက်ကို လိုက်ဆွဲပြီး
နှစ်ယောက်တစ်ယောက် နဘန်းသတ်မိသွားကြပါရော။
အဲ့ဒီမိန်းကလေးကတော်တော်စွာပါတယ်။ နဘန်းသတ်
နေရင်း ပါးစပ်ကနေတရစပ်ပြောနေတော့တယ်။
" ကိုဘုန်းမြတ်သွေးက ရှင်နဲ့ကွဲပြီးကျွန်မကိုယူတော့
မှာ ... ရှင့်ကိုရှင်ဟုတ်လှပြီထင်မနေနဲ့ ... "
" တိတ်စမ်း ... နင့်ပါးစပ်ပိတ်ထား ... ငါကဘုန်းမြတ်
သွေးရဲ့ တရားဝင်မိန်းမပဲ ... ငါမကွာရှင်းပေးရင် နင်
ယူလို့ရမယ်ထင်နေသလား ... ဒီနေ့နင့်ကိုသတ်ပြီး
ထောင်ထဲဝင်ပြမယ် "
ယွန်းဒီလောက်ဒေါသကြီးနေတာကို ကျွန်မတစ်ခါမှ
မမြင်ဖူးခဲ့ပါဘူး။ လက်လွန်ခြေလွန်မဖြစ်ခင် ထိန်းနိုင်
မှရမှာမလို့ ကျွန်မမှာသူတို့နှစ်ယောက်ကြားဝင်ဆွဲမိပါ
တော့တယ်။
" ယွန်း ... တော်တော့ ... နင်သတ်ချင်မှန်းငါသိပါတယ်
ငါတို့ဒီလိုရှင်းလို့မရဘူး ... မလုပ်နဲ့တော့ယွန်း "
ယွန်းကိုပြောမရတဲ့ကြားထဲ အဲ့ဒီမိန်းကလေးက ယွန်း
ရဲ့ဆံပင်ကိုထပ်ဆွဲတာမလွှတ်တော့ပါဘူး။ အဲ့ဒါနဲ့ ကျွန်
မလည်း မိန်းကလေးကို အနောက်ကသိုင်းဖက်ပြီး လိုက်
ဆွဲလိုက်မိတယ်။
သူ့ကိုချုပ်ထားသလိုဖြစ်နေချိန်မှာပဲ ယွန်းဟာ ပိုက်ဆံ
အိတ်ထဲကနေ ရှစ်လက်မ အရွယ်ရှိတဲ့ဓါးကိုထုတ်ယူ
လာပြီး အဲ့ဒီမိန်းကလေးရဲ့ ဝမ်းဗိုက်တည့်တည့်ကို ထိုး
ပစ်လိုက်ပါတော့တယ်။
" အား... ကျွန်မကိုသတ်နေကြပြီ ကယ်ကြပါဦး "
မိန်းကလေးက အသံစူးစူးကြီးနဲ့အော်ပစ်တဲ့အခါ ကျွန်မ
တကိုယ်လုံးထူပူသွားသလိုဖြစ်သွားမိတာပေါ့။ အိမ်တံ
ခါးရှေ့မှာဆိုတော့ ပတ်ဝန်းကျင်ကလူတွေ တွေ့သွားမှာ
စိုးထိတ်သွားမိတယ်။
ယွန်းက မိန်းကလေးအော်လိုက်တာနဲ့ ဖွင့်ထားတဲ့တံခါး
ကနေအိမ်ထဲကိုတွန်းထည့်လိုက်တော့တယ်။ ကျွန်မက
လည်း အလိုက်တသိ အနောက်ဆုတ်ပြီးဆွဲခေါ်လိုက်
တော့ ကျွန်မတို့သုံးယောက်လုံး အိမ်ထဲရောက်သွားကြ
တာပေါ့။
တံခါးပေါက်ဝမှာတော့ မိန်းကလေးရဲ့ဝမ်းဗိုက်ကထွက်
လာတဲ့သွေးစက်တွေက အများကြီးပဲ။ သွေးတွေမြင်
တာနဲ့ ကျွန်မမူးနောက်နောက်တောင်ဖြစ်သွားမိပါတယ်။
ယွန်းကတော့ သူ့အပေါ်ထပ် အင်္ကျီကိုဆွဲချွတ်ပစ်ပြီး
မိန်းကလေးရဲ့ ပါးစပ်ထဲ အင်္ကျီကို ထိုးထည့်ပစ်လိုက်
တယ်။
" နင်ချုပ်ထားမိုး "
ယွန်းကပြောပြီးတာနဲ့ ဝမ်းဗိုက်ကဓါးကိုပြန်ဆွဲထုတ်ပြီး
ဆင့်ကာဆင့်ကာထိုးစိုက်ပစ်လိုက်တယ်လေ။
ရုန်းရင်းဆန်ခတ်လှုပ်ရှားနေတာက ငြိမ်သက်သွားသလို
ကျွန်မရဲ့ လက်နှစ်ဖက်လည်း အားပျော့ကျသွားခဲ့တယ်။
ကျွန်မခြေထောက်နားမှာ သွေးအိုင်ထဲ ခွေခွေလေးလဲကျ
သေဆုံးနေတဲ့ မိန်းကလေးအလောင်း။
" ယွန်း ... သူ .. သူ ... သေသွား ... သွား ပြီလား ... "
ယွန်းကငူငူငိုင်ငိုင်ကြီး ရပ်ကြည့်နေဆဲပဲ။
" ဖြေဦးလေဟာ ... ငါတို့ လူသတ်မိပြီမဟုတ်လား "
ကျွန်မခုမှ အရမ်းလန့်သွားမိတယ်။ ကျွန်မနဲ့ယွန်း
လူသတ်မိသွားပြီ။ ယွန်းလည်းလက်ထဲကဓားကိုလွှတ်
ချလိုက်ပြီး ခုမှအသိစိတ်ပြန်ဝင်လာသလိုပဲ။
" မိုး ... ငါ စိတ်မထိန်းနိုင်ဘဲ လုပ်လိုက်မိတာ ...ဘယ်...
ဘယ်လိုလုပ်ကြမလဲ ... ငါ ... ငါအဖမ်းခံလိုက်တော့
မယ် ... နင်ဒီကမြန်မြန်သွားတော့ "
ကျွန်မဘယ်လိုလုပ်ရမလဲ။ ယွန်းကိုထားခဲ့ပြီး ပြန်ပြေး
ရမလား။ ဒါပေမယ့် ကျွန်မလည်း ဒီကောင်မလေးကို
သတ်တဲ့အထဲ ပါတာပဲလေ။
ကျွန်မခေါင်းတစ်ခုလုံး အကြီးကြီးဖြစ်သွားသလိုလို၊
သေးသေးလေးဖြစ်သွားသလိုလို ခံစားနေရတယ်။
ယွန်းတစ်ယောက်တည်းခေါင်းခံခိုင်းရအောင်လည်း
ကျွန်မ မလုပ်ချင်ဘူး။
ဖြစ်ပြီးမှတော့ အဆုံးထိသွားရတော့မယ်။ ကျွန်မအိမ်
အပြင်ဘက်ကို တစ်ချက်ချောင်းကြည့်လိုက်တော့ ပတ်
ဝန်းကျင်က အားလုံးပုံမှန်အတိုင်းတိတ်ဆိတ်နေတယ်။
" ယွန်း ... ငါတို့စိတ်ငြိမ်ငြိမ်ထားရအောင် ... "
ကျွန်မကပြောပြီး အိမ်တံခါးကို လှမ်းပိတ်လိုက်တာ
ပေါ့။ အဲ့ဒီအခါမှ စိတ်နည်းနည်းလုံသွားသလိုဖြစ်လာ
ရတယ်။
မိန်းကလေးရဲ့ သွေးစွန်းနေပြီးအသက်မဲ့နေတဲ့ ခန္ဓာကိုယ်
ကြီးကို ကြည့်လိုက်၊ ဘာလုပ်ရမယ်မသိ ကြံရာမရဖြစ်
နေရတော့တယ်။
" ငါတို့အလောင်းဖျောက်ကြမလား "
ယွန်းရဲ့ တုန်တုန်ယင်ယင်ပြောနေတဲ့အသံတိုးတိုးလေးက
ကျွန်မ နားထဲတော့ အကျယ်ကြီးကြားနေရသလို စူးရှ
နေလွန်းတယ်။ ကျွန်မတို့မှာ အဖမ်းမခံချင်ရင် အလောင်း
ဖျောက်ရုံကလွဲလို့ ဘာနည်းလမ်းရှိသေးလို့လဲ။
" အေ ... အလောင်းဖျောက်လိုက်ကြတာပေါ့ ... "
ကျွန်မလည်း ဒူးတွေတုန်၊ လက်တွေတုန်၊ အသံတွေတုန်
လို့ ဒါပေမယ့် ရှောင်လွှဲမရတဲ့ကိစ္စကြီးက မထင်မှတ်ဘဲ
ဖြစ်လာခဲ့ပြီပဲ။ ရင်ဆိုင်ရတော့မှာပဲပေါ့။
" ဘယ်လိုဖျောက်ကြမလဲ ... အလောင်းသယ်သွားကြ
မလား "
အရေးပေါ်လုပ်စရာကိစ္စရပ်ကြီးတစ်ခုလုပ်ကိုလုပ်ရ
တော့မှာမလို့ ကျွန်မမှာ အာရုံစူးစိုက်မှု ပိုကောင်းလာ
သလိုဖြစ်လာတော့တယ်။
" အခု အပြင်မှာလင်းနေတုန်းဟ ... အပြင်ကိုသယ်
သွားရင် သူများမြင်သွားနိုင်တယ် ... ဒီအိမ်ထဲမှာပဲ
မြုပ်ရင်ပိုကောင်းမယ် "
ကျွန်မစကားကို ယွန်းကမျက်ရည်တွေနဲ့ ခေါင်းညိမ့်ပြ
လာတယ်။
" ငါ နေရာရှာကြည့်လိုက်မယ် ... နင်မှာ ခဏစောင့် "
အခန်းထဲကနေယွန်းထွက်သွားတဲ့အခါ မိန်းကလေး
အလောင်းနဲ့ ကျွန်မပဲကျန်ခဲ့တော့တယ်။ မိန်းကလေး
ကမျက်လုံးအပွင့်လိုက်ကြီးနဲ့ အသက်မဲ့နေပုံက စိတ်
ထဲ ချောက်ချားလာမိတာအမှန်ပဲ။
ပြီးတော့ သူ့မျက်လုံးတွေက ကျွန်မကိုစိုက်ကြည့်နေ
သလိုလို ကျွန်မသူနား ကြာကြာမနေချင်နေဘူး။ ဘယ်
သူကများ အသက်မဲ့နေတဲ့အလောင်းနဲ့ နှစ်ယောက်တည်း
နေချင်မှာလဲလေ။
ဒါကြောင့် ယွန်းနောက်လိုက်သွားဖို့ ဆုံးဖြတ်လိုက်တော့
တယ်။ ယွန်းနောက်လိုက်ဖို့ ကန့်လန့်ခံနေတဲ့ မိန်းကလေး
အလောင်းကို ကျော်ခွပြီးမှ သွားလို့ရမှာ။
ကျွန်မ မဝံ့မရဲနဲ့ မျက်လုံးကိုမှိတ်ပြီး အလောင်းကို ကျော်
လိုက်တာပေါ့။ ဒါပေမယ့် တုန်ယင်ပြီး မခိုင်တဲ့ဒူးကြောင့်
ကျွန်မစီးထားတဲ့ ဒေါက်ဖိနပ်က မိန်းကလေးရဲ့ စကပ်
အစွန်းနဲ့ငြိသွားတယ်။ ကျွန်မမှာ ဟပ်ထိုးကြီးလဲကျသွား
ရတော့တယ်။
ကျွန်မရဲ့ပေါင်နှစ်ဖက်က အလောင်းပေါ်မှာ၊ ကိုယ်က
ကြမ်းပြင်ပေါ်မှာ။ ကြောက်လန့်တကြားအမြန်ထဖို့ လက်
ကတောင်ကိုအားယူလိုက်ရင်း အလောင်းကိုကြည့်မိ
တော့ မိန်းကလေးရဲ့မျက်လုံးတွေက ကျွန်မကိုကြည့်
နေတာတွေ့လိုက်ရတယ်။
ကျွန်မအသံကုန်အော်ဟစ်ပစ်လိုက်မိတာပေါ့။ ဘယ်
လိုမှမဖြစ်နိုင်တာလေ။ ခုနက အလောင်းရဲ့ဟိုဖက်မှာ
ရှိနေတုန်းကလည်း အဲ့ဒီမျက်လုံးတွေက ကျွန်မကိုစိုက်
ကြည့်နေတယ်။ ခု ဒီဖက်ရောက်လာတော့လည်း ကျွန်မ
ကိုကြည့်နေပြန်တယ်။
သေသွားတဲ့သူက မျက်လုံးလှုပ်ရှားနိုင်တာဖြစ်နိုင်ပါ့
မလား။ ဒါမှမဟုတ် ဒီမိန်းကလေး မသေသေးတာများ
လား။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။