
ကျွန်တော်မှင်သက်ပြီးကြည့်နေတာသိပေမယ့်ရတုက
ဘာမှမထူးဆန်းသလိုမျိုးကြီး။ပြီးတာနဲ့ဆက်တီခုံမှာ
ထိုင်ဖို့ခေါ်တယ်။
"ကဲပြောပါဦးကိုကို...ဘာတွေဖြစ်လာတာလဲ"
ကျွန်တော်လည်း ရတုလက်ကိုတင်းတင်းဆုပ်ကိုင်ရင်း
ဆက်တိုက်ပြောလိုက်တော့တယ်။
"ကိုကိုမှားသွားတယ်ရတုရယ်...မေမေ့ဘက်ကိုငဲ့ပြီး
မိုးသံစဉ်နဲ့စေ့စပ်မိတာအမှားကြီးမှားသွားတယ်...မချစ်
တဲ့သူကိုဘယ်လိုမှလက်မထပ်နိုင်ဘူးဆိုတာဒီနေ့သေချာ
သိခဲ့ရပြီ...ကိုကိုတို့ဝေးခဲ့ကြရင်တစ်သက်လုံးစိတ်ဆင်း
ရဲနေရမှာ...မေမေ့ကိုစိတ်ညစ်အောင်လုပ်မိတာမှန်ပေ
မယ့်မေမေနားလည်အောင်သေချာရှင်းပြဖို့စဉ်းစားထား
တယ်...ရတုကလည်းကိုကို့ကိုခွင့်လွတ်ပေးပါနော်...
စိတ်ညစ်အောင်လုပ်မိတာအတွက်အရင်ထက်ပိုပြီးကြင်
နာဂရုစိုက်ပါ့မယ်ရတုရယ်"
ကျွန်တော့်စကားကိုရတုကပြုံးပြီးနားထောင်နေတယ်။
"ကိုကိုပြောတာကြားရတာရတုအရမ်းပျော်တာပဲ...
ဒီတစ်ခါဘယ်တော့မှမခွဲဘူးလို့ကတိပေးမှာလား"
"ပေးမှာပေါ့...ဘယ်တော့မှမခွဲဘူး...နော်"
ကျွန်တော်လည်းရတုကိုရင်ခွင်ထဲဆွဲယူလိုက်မိတော့
တယ်။
"အော်...ဒါနဲ့...ယောက္ခမကြီးရော"
"ကိုကိုနော်...ပိုင်စိုးပိုင်နင်းနဲ့...ဟွန့်"
"မဟုတ်လို့လားရတုရဲ့"
ရတုကကျွန်တော့်ကိုမျက်စောင်းလေးထိုးရင်းတွန်းဖယ်
ပစ်လိုက်တယ်။
"ဖေဖေအပေါ်ထပ်မှာနားနေတယ်...ဒီနေ့တော့မိတ်မ
ဆက်ပေးတော့ဘူးနော်...နောက်တစ်ခေါက်မှသေချာ
မိတ်ဆက်ပေးမယ်"
"ဟုတ်ပါပြီဗျာ...ခုနကရတု...ကိုကို့ကိုထွက်မတွေ့
တုန်းက...ရတုဖေဖေနဲ့စကားပြောရတယ်...ကိုကို့ကို
သိပ်မကြည်ဘူးထင်တယ်...ယောက္ခမကြီးအမြင်ကြည်
ဖို့ကိုကိုကြိုးစားရဦးမယ်...ရတုကဘေးကနေလိုတာ
ပြောပေးနော်"
"ဖေဖေကလူတွေနဲ့မတွေ့တာကြာပြီလေကိုကိုရဲ့...
အဲ့ဒါကြောင့်စကားပြောရင်တိုတိုတုတ်တုတ်ပဲပြော
တာအကျင့်ဖြစ်သွားလို့ပါ"
"ရတု...ကိုကိုတစ်ခုလောက်မေးချင်လို့"
"အင်း...မေးလေ"
"ခုနကအိမ်အပေါ်ထပ်မှာရန်ဖြစ်နေသံလိုကြားမိ
လိုက်သလိုပဲ...ဘာဖြစ်တာလဲ...ကိုကို့ကြောင့်ဖြစ်
တာမလား"
ရတုမျက်နှာတစ်ချက်ပျက်သွားတာကိုသတိထားမိ
လိုက်တယ်ဗျ။ရတုကချက်ချင်းပြန်ထိန်းလိုက်နိုင်
တယ်။
"မဖြစ်ပါဘူးကိုကိုရယ်...ထိုင်ခုံလဲသွားလို့ဖေဖေက
ရတုကိုပြောနေတာပါ...ကိုကို့ကြောင့်မဟုတ်ပါဘူး"
"တော်သေးတာပေါ့...ကိုကို့ကြောင့်ထင်ပြီးစိတ်ပူ
သွားတာ"
"ဖေဖေကမေမေမရှိတော့တဲ့အချိန်ကစပြီးခုလိုပဲ
စိတ်ဆတ်လာတယ်...အဲ့ဒါလေးတော့ကိုကိုသည်း
ခံပေးပါနော်"
ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ရတုမေမေဒေါ်လှ
လွန်းယဉ်အကြောင်းကခေါင်းထဲရောက်လာပြန်တယ်။
မိုးသံစဉ်ပြောတာတွေပြန်ကြားယောင်မိပြီးရတုအတွက်
လည်းစိတ်မကောင်းဘူး။ကိုယ့်မျက်စိရှေ့မှာမိခင်တစ်
ယောက်လုံးအသတ်ခံခဲ့ရတယ်ဆိုတာဟုတ်မဟုတ်ကို
နောက်မှမေးကြည့်တော့မယ်လို့စိတ်ကူးမိတယ်။သူ့ကိုဒဏ်ရာအဟောင်းကအသစ်မဖြစ်စေချင်ဘူးဗျာ။
ရတုနဲ့ပြန်အဆင်ပြေသွားပြီဆိုတော့ ကျွန်တော့်မိဘတွေ
နားလည်လက်ခံလာအောင်ရှင်းပြပြောပြရဦးမှာမလို့
စိတ်ပူမိပြန်ရော။ရတုအိမ်ကပြန်လာတဲ့အခါကားမောင်း
လာတဲ့လမ်းတလျှောက်လုံးအိမ်ကိုဘယ်လိုရှင်းပြရ
မလဲလို့ပဲတွေးလာမိတယ်။
နောက်ဆုံးဘာဖြစ်ဖြစ်အဖြစ်မှန်အတိုင်းပဲပြောပြဖို့
သာကျွန်တော်ရွေးလိုက်ပါတယ်။အိမ်ရှေ့ရောက်တာ
နဲ့ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားရပြန်တယ်။အိမ်
ရှေ့မှာမိုးသံစဉ်ရဲ့ကားရပ်ထားတာတွေ့လိုက်လို့ပဲဗျ။
ကျွန်တော့်ထက်အရင်ဘာတွေပြောထားမလဲဆိုပြီး
စိတ်ပူမိတာလည်းပါတာပေါ့။အိမ်ထဲကိုအပြေးတစ်ပိုင်း
ဝင်သွားတော့အောက်ထပ်မှာလူတစ်ယောက်မှမရှိကြ
ဘူး။
အဲ့ဒီမှာအိမ်အပေါ်ထပ်ကနေကျွန်တော့်ညီဆင်းလာ
တာတွေ့လို့မေးကြည့်တော့မေမေမူးလဲလို့တဲ့။ကျွန်
တော်တအားစိုးရိမ်သွားတယ်။
မေမေ့အခန်းကိုအပြေးတပိုင်းသွားကြည့်တဲ့အခါ
မေမေကခေါင်းအုံးကိုထောင်ပြီးမှီထားရင်းမိုးသံစဉ်နဲ့စ
ကားပြောနေကြတာကိုတွေ့လိုက်တော့တယ်။
"မေမေ့သားကြီး...လာပါဦးသားရယ်..."
မေမေ့လက်ကိုဆုပ်ကိုင်လိုက်တဲ့အခါမေမေကခပ်တင်း
တင်းပြန်ဆုပ်ကိုင်လာတယ်။
"မေမေခုနကမူးလဲသွားလို့လေ..."
"ရဲထက်ပြောတယ်မေမေ...ဘာဖြစ်သွားသေးလဲ...
အခုရောဘယ်လိုနေလဲ"
"အိမ်မှာမေမေတစ်ယောက်တည်းအိမ်ရှင်းနေတုန်း
ရုတ်တရက်ကြီးမူးသွားတာ...ဘယ်သူ့မှလည်းမရှိကြ
ဘူး...ကံကောင်းတာကသမီးလေးရောက်လာလို့ပေါ့...
သူမြင်ပြီးဆရာဝန်ခေါ်ပေး...ပြုစုပေးလို့...ခုတော့
သက်သာလာပါပြီ"
မေမေ့စကားကြောင့်မိုးသံစဉ်ကိုကျေးဇူးတင်မိသွား
တယ်ဗျာ။တော်ပါသေးတယ်လို့လည်းတွေးလိုက်မိ
တယ်။
"ကျေးဇူးတင်ပါတယ်မမိုးသံစဉ်"
"ဟဲ့သား...ကိုယ့်ဇနီးလောင်းပဲကွယ်...သူစိမ်းတွေမှ
မဟုတ်ဘဲ...ဘာလို့တောင့်တောင့်ကြီးပြောနေရတာ
တုန်း"
မေမေကမိုးသံစဉ်နဲ့အရမ်းရင်းနှီးသွားစေချင်နေတယ်။
"ရပါတယ်အမေရယ်...နောက်တော့ရင်းနှီးလာမှာပါ"
မိုးသံစဉ်ကကျွန်တော့်ကိုယ်စားပြန်ဖြေပေးလိုက်ပေမယ့်
ကျွန်တော်ကတော့သိပ်သဘောမကျလှဘူး။မေမေကမတင်မကျဖြစ်ပြီးသက်ပြင်းချနေတယ်။ခုလိုအချိန်မှာစေ့စပ်တာဖျက်သိမ်းဖို့အကြောင်းပြောလို့မဖြစ်သေးဘူး
လေ။မေမေသက်သာလာမှပြောတော့မယ်လို့စိတ်ကူးလိုက်ရပြန်တယ်။
မိုးသံစဉ်ကဘာကိစ္စရောက်လာလဲဆိုတာကျွန်တော်
တွေးမရနေဘူး။ခုနကပဲသူနဲ့ကျွန်တော်စကားပြောခဲ့
ပြီးပြီပဲ။အခုကဘာကြောင့်အိမ်ရောက်နေရတာလဲ။
"အမေသက်သာသွားပြီဆိုတော့မိုးပြန်လိုက်ဉီးမယ်
နော်...မနက်ဖြန်မနက်မှတစ်ခေါက်ဝင်လာခဲ့မယ်..."
"အော်...နေပါဦးသမီးရယ်...သားနဲ့တစ်ခုခုစားရင်း
စကားလေးပြောကြပါဦး..."
မိုးသံစဉ်ကကျွန်တော့်ကိုဖျပ်ခနဲတစ်ချက်ကြည့်ပြီး
ရယ်လိုက်တယ်ဗျ။
"မိုးအလုပ်ကိစ္စလေးရှိသေးလို့ပါအမေ...မောင်နဲ့
နောက်မှအေးဆေးပြောပါ့မယ်"
"အေးပါကွယ်...သားလိုက်ပို့ပေးလိုက်ဦး"
"ဟုတ်မေမေ"
လှေကားကနေဆင်းတဲ့အချိန်ကျွန်တော်မနေနိုင်လို့မေး
ကြည့်လိုက်တယ်။
"မမိုးသံစဉ်အခုလာတာ...စေ့စပ်ထားတာဖျက်တယ်
လာပြောပေးတာလား"
ကျွန်တော့်စကားဆုံးတဲ့အခါမိုးသံစဉ်ကလှေကားဆင်း
နေရင်းရပ်လိုက်တယ်။
"စေ့စပ်ထားတာမဖျက်ပေးဘူးလို့ပြောထားပြီးသား
လေမောင်..."
"ဒါဆိုမမိုးသံစဉ်ဘာကိစ္စရောက်လာတာလဲ..."
"မိုးလုပ်စရာရှိတာလာလုပ်တာပါ...မောင်မသိလည်း
ရတဲ့ကိစ္စပါ..."
တင်စီးသလိုစကားမျိုးအပြောခံလိုက်ရသလိုခံစား
လိုက်ရတယ်ဗျ။
"ကျွန်တော်ရှင်းအောင်ပြောထားပြီးသားနော်...မေမေ
သက်သာလာတာနဲ့ကျွန်တော်ပြောလိုက်တော့မှာ..."
မိုးသံစဉ်ကဘာမှမပြောဘဲလှေကားကနေဆင်းသွား
တာပဲ။ကျွန်တော်လည်းစိတ်ထဲမကျေမနပ်ဖြစ်နေတာ
မလို့လိုက်ပို့ပေးမနေတော့ဘူး။
သူ့ကားထွက်သွားတဲ့အသံကြားပြီးမှကျွန်တော့်ညီဆီ
သွားမေးကြည့်လိုက်တော့တယ်။
"ရဲထက်...သူမေမေ့ကိုဘာတွေလာပြောတာကြား
သေးလဲ"
"အွန်း...သိဘူးလေ...ကျွန်တော်ရောက်လာတော့
ဆရာဝန်ရောက်နေပြီ...ဘာမှပြောတာမကြားမိပါဘူး...
ကိုကြီးတို့ရန်ဖြစ်ထားလို့လား"
"မဖြစ်ပါဘူးကွာ...ငါခဏမှပြောပြမယ်...မေမေ့ကို
အရင်သွားကြည့်လိုက်ဦးမယ်"
အမေ့ခြေဖဝါးကိုနှိပ်ပေးရင်းနေမကောင်းတာဘက်စိတ်
မရောက်အောင်ထွေရာလေးပါးပြောပေးနေတာပေါ့။
ကျွန်တော်စကားလွှဲလည်းစိတ်ပျော့တဲ့အမေကသူ့ရော
ဂါအကြောင်းဆီပဲပြန်ပြန်ရောက်လာတယ်။
"ဒီလိုမူးမူးနေတာဘာများဖြစ်လဲမသိဘူးသားရယ်...
"ဆရာဝန်ကဘာပြောသွားလဲ..."
"သွေးနဲနဲတိုးနေတယ်တဲ့...အပေါ်သွေး၁၂၀...အောက်
သွေး၇၀လို့တော့ပြောတယ်..."
"အထူးကုဆီပြကြည့်မလားမေမေ...သားလိုက်ပို့မယ်"
"မပြသေးပါဘူးသားရယ်...မေမေဆေးရုံဆေးခန်း
ကြောက်တယ်...ဗမာဆေးလေးပဲသောက်ကြည့်မလား
လို့"
"မေမေတို့ကခက်တာပဲဗျာ...ဗမာဆေးကမကောင်း
ဘူးမဟုတ်ဘူး...တကယ်ဖြစ်လာရင်ဆေးရုံဆေးခန်း
ပဲနိုင်တာမေမေရ...ရောဂါသိမှကုဖို့ဆေးရှိမယ်...
ဒါမှမြန်မြန်သက်သာမှာပေါ့"
"အင်း...ဒီနေ့တော့ဆရာဝန်ပေးခဲ့တဲ့ဆေးလေးစမ်း
သောက်ကြည့်လိုက်ပါဦးမယ်...မသက်သာမှသွား
မယ်လေ"
အမေခုလိုဖြစ်နေတာကြာပြီဗျ။ခဏခဏမူးနေတယ်။
အထူးကုဆီပြမယ်ဆိုလည်းမပြဘူး။
"သားနဲ့မိုးသံစဉ်အဆင်ပြေကြရဲ့လား...သားကသူ့ကို
ဆိုခပ်စိမ်းစိမ်းနဲ့ကွယ်...ကလေးမလေးကိုအားနာမိ
တယ်"
ကျွန်တော်ပြောပြလိုက်ချင်ပေမယ့်မြိုချပစ်လိုက်ရ
တယ်။
"ဒီလိုပါပဲမေမေ...အဆင်ပြေပါတယ်"
"သားကိုကြည့်ပြီးအားမရဘူး...ဒီကလေးမလေးက
တော်တယ်...ထက်တယ်...ရိုးရိုးအေးအေးနဲ့လူကြီး
သူမအပေါ်လည်းသိတတ်တယ်...သားနဲ့နေရာချပေး
ပြီးရင်မေမေစိတ်အေးပါပြီ...ရဲထက်လေးအတွက်ပဲ
ပူရတော့မယ်..."
ကျွန်တော်လည်းခပ်ဆိတ်ဆိတ်ပဲနေပြီးမေမေအိပ်တာ
နဲ့ကျွန်တော့်ညီဆီသွားလိုက်တော့တယ်။
"မမိုးသံစဉ်ကပုံမှန်ပါပဲ...ကိုကြီးရ...ကျွန်တော်ကြည့်
ရသလောက်တော့အဲ့လိုပုံမပေါ်ပါဘူး"
"ဒါဆိုမဖြစ်နိုင်တာတွေဘာလို့ပြောမလဲ...ရိုးရိုးပဲတွေး
ကြည့်ကွာ...ရတုနွေရဲ့အမေကမကျွတ်ဘဲပြန်ဝင်စား
ဖို့စောင့်နေတယ်တွေ...လူသတ်သမားကြိုးဆွဲချသေ
တဲ့နေရာမှာလက်ဝါးရာကြီးပေါ်နေတာတွေ...အဲ့ဒါတွေ
ကဘာတွေတုန်း...ငါဘယ်လိုတွေးတွေးဒီတစ်ယောက်
မှာဆိုက်ကိုရှိနေတယ်ပဲထင်မိတယ်..."
ကျွန်တော့်ညီကကျောင်းပြီးလို့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ဝင်နေပြီ။သူကကျွန်တော့်ထက်(၃)နှစ်
ငယ်ပြီးရတုနွေထက်(၂)နှစ်ကြီးတယ်။သူလည်းကျွန်တော့်လိုပဲလက်တွေ့မကျရင်ယုံတတ်တဲ့သူမဟုတ်ဘူး။ညီအစ်ကိုနှစ်ယောက်ထဲရှိတဲ့အတွက်ဘာကိစ္စဖြစ်ဖြစ်
အမြဲတိုင်ပင်ဖြစ်ကြတယ်။
"ဒီလိုလုပ်လေကိုကြီး...မိုးသံစဉ်အကြောင်းစုံစမ်းကြည့်
ပါလား...ဆိုက်ကိုဟုတ်မဟုတ်ပေါ့..."
"အင်း...ဒါပေမယ့်သူ့ကိုသိက္ခာချသလိုဖြစ်သွားမှာလည်းစိုးတယ်...သိလည်းသိချင်တယ်...ဘယ်လိုမေး
ရင်ကောင်းမလဲ"
ကျွန်တော့်ညီလည်းခဏငြိမ်သွားတယ်။ပြီးမှ
"သူကမြိုင်ဟေဝန်အိမ်ယာမှာနေတာမဟုတ်လား"
"ဟုတ်တယ်"
"ဘော်ဒါတွေကိုမေးကြည့်လိုက်ဦးမယ်"
"ကောင်းပါ့မလားရဲထက်ရာ...တစ်ခုခုလွဲသွားရင်
ဘယ်လိုလုပ်မလဲ"
"ကိုကြီးကလည်းဒီလောက်တော့နပ်ပါတယ်...မစုံစမ်း
ဘဲဒီတိုင်းထားရင်...ကိုကြီးယုံထင်ကြောင်ထင်ထင်နေ
ရမှာလေ...သေချာသိရတော့မကောင်းဘူးလား"
ရဲထက်ပိုင်ပြောတာလည်းဟုတ်တယ်ဗျ။
"ဘယ်သူနဲ့စုံစမ်းခိုင်းမှာလဲ"
"ညီလုပ်လိုက်ပါ့မယ်ကိုကြီးရာ...အေးဆေး"
"တကယ်လို့မိုးသံစဉ်ဖက်ကပြဿနာမရှိဘူးဆိုရင်
ဘယ်လိုလုပ်ရမလဲ"
"အဲ့ဒီအခါရတုနွေကိုပြန်စုံစမ်းပေါ့...အိမ်ထောင်ပြု...
ဘုရားတည်...ဆေးမှင်စုတ်ထိုးတဲ့...မယူခင်စိတ်ရှင်း
တော့ကိုကြီးလည်းအတွေးမများရတော့ဘူးမဟုတ်
ဘူးလား..."
ညီဖြစ်သူကိုဆရာတင်နေရတဲ့ကိုယ့်အဖြစ်ကိုယ်ပြန်
စဉ်းစားပြီးရယ်လိုက်မိတယ်။
"အစ်ကိုထက်ညီတစ်လကြီးနေပြန်ပြီ"
"ဟဲ...ဟဲ"
အဲ့ဒီညကတော်တော်နဲ့အိပ်မပျော်ဘူး။ရတုနဲ့ပြန်အဆင်
ပြေသွားလို့ပျော်ပေမယ့်မိဘတွေကိုဘယ်လိုပြောရမလဲ
မတွေးတတ်အောင်ဖြစ်နေရတယ်။
မှေးခနဲအိပ်ပျော်သွားတဲ့အချိန်မှာတစ်ခုခုခံစားလိုက်
ရလို့ကျွန်တော်နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်လာတယ်။
အသည်းထဲ၊ကလီစာထဲကနေကြောက်နေသလိုမျိုး
ခံစားနေရတယ်။
ဘာကိုကြောက်လို့ကြောက်မှန်းမသိဘူး။တစ်ယောက်
ယောက်ကကျွန်တော်နဲ့နီးကပ်လာနေသလိုမျိုး။အဲ့ဒီ
အရာကြီးကိုကြောက်နေတာ။ဘာဆိုတာလည်းသေ
ချာမပြောပြနိုင်ဘူး။
တကိုယ်လုံးချွေးတွေပျံလာပြီးအတင်းရုန်းထပစ်လိုက်
တော့တယ်။ကျွန်တော်လည်းထအထိုင်၊ပြူတင်းပေါက်
မှန်တံခါးဆီကနေဒုန်းခနဲအသံတစ်ချက်ကြားလို့လှည့်
ကြည့်လိုက်မိတာပေါ့။
ဘာမှတော့မရှိပါဘူး။မှန်တံခါးကအပိတ်လိုက်ကြီး။
ဘာသံလဲမသိလို့မှန်ပြူတင်းနားကပ်သွားပြီးတော့
အပြင်ဖက်ကိုလိုက်ရှာကြည့်ကြည့်တယ်။
ခြံအပြင်ဖက်မှာဖြူဖြူအရိပ်တစ်ခုဖျပ်ခနဲပျောက်
သွားတာကိုတွေ့လိုက်မိတယ်ဗျ။သေချာကိုတွေ့မိ
တာ။ဒါပေမယ့်အကောင်တစ်ကောင်ကောင်အရိပ်ပဲ
နေမှာလို့စိတ်ဖြည်လိုက်ရတယ်။
ကြောက်နေတာအရှိန်မပြယ်သေးလို့ဘာမြင်မြင်လန့်
နေတုန်းဆိုတော့ကိုယ့်စိတ်ကိုယ်ဖြည်ရတာပေါ့ဗျာ။
ရေထသောက်၊အပေါ့သွားပြီးပြန်အိပ်လိုက်တဲ့အခါ
လင်းခါနီးလောက်မှာအိပ်မက်မက်တော့တာပဲ။
ပန်းချီကားထဲကမြင်ခဲ့ရတဲ့ရတုအမေကတကိုယ်လုံးသွေးချင်းချင်းနီရဲနေပြီးကျွန်တော့်ကိုရပ်ကြည့်နေတယ်
လို့မက်ခဲ့တယ်။အိပ်မက်ထဲမှာတော့သူ့ကိုအသေကြောက်နေခဲ့တာ။အဲ့ဒါနဲ့လန့်နိုးလာတော့မနက်(၇)
နာရီထိုးနေပြီ။
နေ့လည်ကပြောသမျှတွေအိပ်မက်ထဲလျှောက်မက်နေ
ပုံရတယ်။ရေမိုးချိုးပြီးတာနဲ့မေမေ့ကိုအရင်သွားကြည့်
လိုက်တော့မေမေကနည်းနည်းသက်သာလာပြီ။
"မေမေ...ဘာစားမလဲ"
"စားပြီးပြီသား...သားဖေဖေရှမ်းခေါက်ဆွဲသွားဝယ်
ပေးလို့စားပြီးဆေးသောက်ပြီးပြီ"
"သက်သာလား"
"မဆိုးပါဘူး...ဒီမနက်တော့ကောင်းနေတယ်...ဘယ်
အချိန်ထဖောက်မလဲမသိပါဘူးသားရယ်"
"ဖေဖေရော...သွားပြီလား"
"မသွားသေးဘူးထင်တယ်...ကိုမင်းထက်ရေ...ဒီမှာ
သားကမေးနေတယ်"
အဖေဘုရားခန်းကထွက်လာတာကိုအိပ်ခန်းဖက်မှန်
ကနေလှမ်းမြင်နေရတာပေါ့။ကျွန်တော်လည်းအဖေ
နဲ့စကားပြောမလို့ကြည့်နေရင်းအဖေ့နောက်မှာအရိပ်
မည်းမည်းတစ်ခုကိုတွေ့လိုက်ရပြန်ရော။
အဲ့ဒီအရိပ်ကအဖေ့အရိပ်မဟုတ်တာသေချာတာမှအ
သေအချာပဲ။ချက်ချင်းထကြည့်လိုက်တယ်။အခန်း
အပြင်ရောက်တဲ့အခါမရှိတော့ပြန်ဘူး။
"ဘာဖြစ်တာလဲသား"
"အော်...ဘာမှမဟုတ်ပါဘူး...ရဲထက်လားလို့ကြည့်
တာ"
"အိပ်မက်မက်လို့ကောင်းနေတုန်းနေမှာပါကွာ...အလုပ်
ချိန်နီးမှပျာယာပျာယာထပြီးပြေးမှာ"
ကျွန်တော်ဘာမှဆက်မပြောဖြစ်တော့ဘူး။အဲ့ဒီအရိပ်
ကဘာများလဲပဲတွေးနေမိတယ်။
"သားကဘယ်အချိန်သွားမှာလဲ"
"ခနနေမှဖေဖေ...ရှစ်ခွဲလောက်မှသွားမယ်"
"အေ...အေ...ဒီဇိုင်းအသစ်ထွက်ပြီဆို...အဆင်ပြေရဲ့လား"
"ပြေပါတယ်..."
ကျွန်တော့်အိမ်ကရတနာဆိုင်ဖွင့်ထားတယ်။ကျွန်တော်
ဘွဲ့ရတော့မေမေကအဲ့ဒီဆိုင်ကိုကျွန်တော့်ကိုလက်လွှဲ
ပေးခဲ့တာ။
ကျွန်တော်ကလည်းသေချာကြိုးစားခဲ့တော့မေမေ့လက်
ထက်တုန်းကဆိုင်သေးသေးလေးဟာခုဆိုသုံးခန်းတွဲ
ဆိုင်ကြီးဖြစ်လာခဲ့ပြီ။နာမည်လည်းရလာပြီ။ပြောရရင်အောင်မြင်လာတယ်ပေါ့ဗျာ။
"ထက်"စိန်ရွှေရတနာဆိုင်လို့ဆိုရင်မသိတဲ့သူမရှိဘူး။
အဲ့နာမည်လေးကကျွန်တော်တို့မိသားစုနာမည်လေး
ဖြစ်လို့ပေးဖြစ်ခဲ့ပေမယ့်အကျိုးပေးတယ်ဆိုရမယ်။
ဖေဖေဦးစိုးထက်၊မေမေဒေါ်ချစ်ထက်ခင်၊မိဘနှစ်
ယောက်လုံးကလည်း'ထက်'ဆိုတဲ့စာလုံးပါတော့ကျွန်
တော်တို့ညီအစ်ကိုနှစ်ယောက်ကလည်းဇွဲထက်ပိုင်နဲ့ရဲ
ထက်ပိုင်ဖြစ်လာရတော့တာပေါ့။
ထက်မျိုးထက်နွယ်လို့ပြောရမလိုပါပဲ။အမေကတော့
မြေးဦးမွေးလာရင်'ထက်'ဆိုတာထည့်ဦးမယ်တဲ့ဗျာ။
မြေးဦးဆိုလို့ရတုကိုသတိရမိပြီးအိမ်ကနေထွက်လာ
ခဲ့လိုက်တယ်။
ညနေဆိုင်သိမ်းပြီးရင်ရတုဆီသွားတွေ့ဖို့စိတ်ကူးထား
တော့လက်ဆောင်တစ်ခုခုယူသွားဖို့ရွေးနေမိနေတာပဲ။
ဘာပေးရမယ်မသိနဲ့ကျွန်တော်ကအဲ့ဒီနေရာတော့ညံ့
တယ်ဗျ။
နောက်တော့အကြံရသွားတယ်။မနက်ကအဖေမေးတာ
သတိရသွားတာ။ဆိုင်ကဒီဇိုင်းအသစ်ထုတ်တယ်။ပတ္တ
မြားမှာစိန်ခြယ်ထားတဲ့လက်စွပ်ဒီဇိုင်းအသစ်လေး။
အရောင်းတောင်မတင်ရသေးဘူး။ဦးဦးဖျားဖျားလက်
ဆောင်ပေးမယ်လို့အကြံပေါ်လာခဲ့တယ်။အဲ့ဒါနဲ့ဆိုင်
မှာရွေးနေတုန်းရတုဆီကဖုန်းလာတာနဲ့ပျော်သွားမိတာ
ပေါ့။
"ကိုကို...ရတုဒီနေ့သွားစရာရှိလို့ကိုကိုနဲ့မတွေ့တော့
ဘူးနော်...ကိုကိုအိမ်စောစောပြန်"
ကျွန်တော့်စိတ်ကူးတွေကပျက်သွားရပြန်ရော။
"အင်းပါ...ဒါမှမဟုတ်ရတုပြန်ရောက်မှကိုကိုလာခဲ့
မယ်လေ"
"ရတုကဘယ်အချိန်ရောက်မယ်မသိလို့...ဖေဖေ့အမျိုး
တွေရောက်လာတော့လိုက်ပို့ပေးရမှာမလို့ပါ"
"ကောင်းပါပြီဗျာ...ရတုအမျိုးဆိုတော့လည်းကိုကို့
အမျိုးပဲပေါ့"
"မပြောချင်ဘူးနော်...ရတုမှာတာမမေ့နဲ့...အိမ်စော
စောပြန်နော်"
"ဟုတ်ကဲ့ပါခင်ဗျ"
အဲ့ဒီတုန်းကကျွန်တော့်ကိုစိတ်မချဘူးပဲထင်ခဲ့တာလေ။
ဒါတွေဟာအကြောင်းမဲ့မဟုတ်ဘူးဆိုတာနောက်မှသိခဲ့
ရတယ်။
အိမ်ပြန်ရောက်တော့မေမေကမထနိုင်တော့ဘူး။အသက်
တောင်မနည်းရှုနေရတယ်။အဲ့ဒါနဲ့ဆေးရုံအမြန်ပြေးရ
တာ။ကျွန်တော်စောစောရောက်သွားတာကံကောင်းလို့။
အကုန်လုံးကအလုပ်ကမပြန်ကြသေးဘူးလေ။ဒီပုံအ
တိုင်းဆိုမဖြစ်တော့ဘူး။အမျိုးထဲကမိန်းကလေးတစ်
ယောက်လောက်ခေါ်ထားမှဖြစ်တော့မှာ။
မေမေတစ်ယောက်တည်းအိမ်မှာထားခဲ့ရတာစိတ်
မဖြောင့်တော့ဘူး။ဆေးရုံမှာဆေးတွေစစ်၊သွေးတွေ
စစ်တော့ဘာရောဂါမှမတွေ့ဘူးဗျ။
ဆေးပုလင်းတော့ချိတ်ပေးကြတယ်။အဲ့ဆေးကုန်တာ
နဲ့မေမေလည်းသက်သာလာပါတယ်။ရောဂါမတွေ့
တာတော့စိတ်ထဲခိုးလို့ခုလုကြီးပေါ့။
ဆေးရုံမှာတစ်ညအိပ်ပြီးမနက်ဆင်းလို့ရပြီလို့သူနာပြု
တစ်ယောက်ကလာပြောတော့အဖေကသူစောင့်အိပ်မယ်
ဆိုတာနဲ့ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ပြန်လာခဲ့
ကြတယ်။
"ကိုကြီး"
"အင်း"
ရဲထက်ပိုင်ကပြောသင့်မပြောသင့်တော်တော်ကြာစဉ်း
စားနေသေးတာ။ကျွန်တော်လည်းစိတ်မရှည်တာနဲ့ကား
မောင်းရင်းသူ့ဖက်လှည့်မေးလိုက်တာပေါ့။
"ပြောလေ...ဘာတုန်း"
"ဘယ်လိုပြောပြရမလဲမသိတော့ဘူး"
"ဟာကွာ...စကားပုလ္လင်ခံနေသေးတယ်..."
"ညနေကကိုကြီးဖုန်းဆက်တော့ဆေးရုံလာရင်အိမ်မှာ
ရေနွေးဓါတ်ဗူးနဲ့မေမေ့အင်္ကျီတစ်စုံယူလာခိုင်းတယ်
မလား"
"အေးလေ..."
"အဲ့ဒါအိမ်ရောက်တော့မေမေ့အခန်းထဲအင်္ကျီသွား
ယူတာ...အခန်းထဲမိန်းမတစ်ယောက်ဝင်သွားတာတွေ့
လိုက်တယ်"
"ဟမ်"
"သေချာကိုမြင်လိုက်တာ...ညီမညာဘူးဆိုတာကိုကြီး
သိပါတယ်"
"ဘယ်လိုပုံလဲ"
"အနောက်ကပဲမြင်လိုက်တော့သေချာမပြောတတ်
ဘူး...ဆံပင်ကပုခုံးကျော်ကျော်ပဲ...အရပ်ကမိုးသံ
စဉ်လောက်မမြင့်ဘူး...အသားဖြူတဲ့ပုံရတယ်...
ကျန်တာတော့မသိဘူး"
"ဝင်သွားတော့...သွားလိုက်ကြည့်လား"
"ကြည့်တာပေါ့...အခန်းထဲဘယ်သူ့မှမရှိဘူးလေ"
ကျွန်တော်လည်းစဉ်းစားမရဘူး။မေမေအဖော်ရအောင်
ကောင်မလေးတစ်ယောက်ခေါ်မယ်လို့တိုင်ပင်ထားတုန်း
ရှိသေးတာ။ဘယ်သူမှလည်းခေါ်မထားရသေးဘူးလေ။
"ကိုကြီးဘယ်လိုထင်လဲ...သရဲလား...လူလား"
"အမြင်မှားတာနေမှာပါကွာ"
"မမှားပါဘူးဆိုကိုကြီးကလဲ"
"သရဲတွေမယုံဘူးဆို...ခုတော့သရဲလားလာမေးနေ
တယ်"
"မြင်လိုက်ပြီးပျောက်သွားလို့လေ...ယုံတာတော့မယုံ
ပါဘူး"
"ထားလိုက်ပါကွာ...ဘာမှဟုတ်တာမဟုတ်ဘူး..."
ဒီလိုနဲ့အိမ်ရောက်လာတဲ့အခါကိုယ့်အခန်းသူ့အခန်း
ဝင်ပြီးနားလိုက်ကြတယ်။ည(၉)နာရီရောက်တော့
လှေကားကနေတဒုန်းဒုန်းပြေးတက်လာသံကိုကြား
ရလို့ထွက်ကြည့်တဲ့အခါကျွန်တော့်ညီရဲထက်။
"ဘာဖြစ်တာတုန်းဟ"
"ကိုကြီး...အိမ်မှာဘာတွေဖြစ်ကုန်ပြီလဲမသိဘူး"
"ဘာလို့လဲ"
"ညီအိပ်ပျော်နေတာမေမေ့အခန်းထဲအသံကြားလို့
လန့်နိုးလာတာနဲ့နောက်မှသတိရသွားတယ်...မေမေမှ
မရှိတာ"
"အင်း"
"အစကကိုကြီးလားပေါ့...စကားပြောသံလိုကြားလိုက်
ရော...မိန်းမအသံ...မိန်းမနှစ်ယောက်စကားပြောနေ
တာကိုကြီးရ...သေသေချာချာကိုကြားရတာ...ဘာပြော
နေမှန်းတော့မသဲကွဲဘူး...ညီလည်းသွားကြည့်မယ်ဆိုပြီး
အခန်းတံခါးကိုအဖွင့်လှေကားကနေဘယ်သူဆင်းလာ
တယ်ထင်လဲ"
"ဘယ်သူလဲ"
"ရတုနွေပေါ့...လေပေါ်မျောပြီးဆင်းလာတာ...လမ်း
မလျှောက်ဘူး"
"မဖြစ်နိုင်တာကွာ"
"ညီ့မျက်လုံးနဲ့တပ်အပ်မြင်တာပါဆို ...သူကဆင်းလာ
ပြီးဒီနားမှာပဲပျောက်သွားတယ်"
ရဲထက်ပြောတဲ့နေရာနားအခန်းမီးဖွင့်ကြည့်လိုက်တယ်။
ဘာမှမတွေ့ခဲ့ပါဘူး။
"မိုးသံစဉ်ပြောတာဟုတ်နေမလားမသိဘူးကိုကြီးရ"
ကျွန်တော်သက်ပြင်းချလိုက်မိတယ်ဗျ။
"ရဲထက်...ညီပဲဒါမျိုးတွေမယုံဘူးဆို...မရှိဘူးဆို"
ရဲထက်ပိုင်ရဲ့မျက်နှာပေါ်မှာဝေခွဲမရတဲ့ပုံမျိုးတွေ့လိုက်
ရတယ်။
"ကိုကြီးစုံစမ်းရမှာမိုးသံစဉ်မဟုတ်ဘူး...ရတုနွေကိုပဲ
...ကိုကြီးမစုံစမ်းလည်းညီကတော့စုံစမ်းကြည့်တော့
မယ်"
"ငါမယုံဘူးရဲထက်...ရတုကအဲ့လိုမဟုတ်ပါဘူးကွာ..."
"ညီကလည်းညီ့မျက်လုံးကိုယုံတယ်...ကိုကြီးကလည်း
ရတုကိုယုံတယ်...ဒီတော့ရှင်းသွားအောင်လုပ်ရတော့
မှာပဲ...ညီမြင်ခဲ့တဲ့အတိုင်းသေချာရင်တော့ညီလည်း
ရတုနဲ့သဘောမတူနိုင်တော့ဘူးကိုကြီး"
ရဲထက်ပိုင်ကအမြဲကျွန်တော့်ဘက်နေပေးခဲ့တဲ့သူ။သူ
ကိုယ်တိုင်ကအဲ့လိုပြောနေပြီဆိုတော့ကျွန်တော်စိတ်
ဓာတ်လည်းကျမိသလိုအားလည်းလျော့သွားခဲ့ရတယ်။
တစ်ညလုံးလည်းအိပ်မပျော်ခဲ့ဘူး။မိုးသံစဉ်ပြောတဲ့
အကြောင်းတွေနဲ့ရဲထက်ပြောတာတွေကခေါင်းထဲတစ်
လှည့်စီကြီးစိုးနေတော့တာပဲ။
မနက်ဖြန်မေမေဆေးရုံဆင်းပြီးတာနဲ့ ရတုနွေဆီသွား
ဖို့တွေးထားတယ်။ရတုမေမေရဲ့အကြောင်းကိုမေး
ကြည့်ရင်ကောင်းမယ်လို့ထင်တယ်။မိုးသံစဉ်ပြောတာ
ကိုမယုံပေမယ့်ရဲထက်ပိုင်ပြောတာကိုတော့ပြန်စဉ်း
စားရမယ်။
မနက်ရောက်တော့မေမေ့ကိုဆေးရုံကနေသွားကြိုတာ
ပေါ့။မေမေကနည်းနည်းတော့လန်းလာပြီ။လုံးဝအ
ကောင်းကြီးတော့မဟုတ်သေးဘူးဗျ။ကျွန်တော်တို့မိ
သားစုလေးယောက်သားပြန်လာတဲ့အခါအိမ်ရှေ့လည်း
ရောက်ရောဘုန်းကြီးတစ်ပါးကကျွန်တော်အိမ်ကိုရပ်
ကြည့်နေတာကိုတွေ့လိုက်ရတော့တယ်။
"ဆွမ်းခံကြွလာတာလားမသိဘူး...သားငယ်သွားမေး
ကြည့်ပါဦးကွယ်...နေ့ဆွမ်းဖြစ်ဖြစ်ကပ်လိုက်ရအောင်...
မေမေလည်းအလှူလေးဖြစ်ချင်လို့"
မေမေကတော့ဆေးရုံဆင်းတဲ့အချိန်နိမိတ်ကောင်း
တယ်ဆိုပြီးဝမ်းသာနေရှာတယ်။ကျွန်တော်တို့အိမ်
ဖက်ကိုသံဃာတွေကဆွမ်းခံကြွလေ့မရှိဘူး။ခုလိုကြုံ
တဲ့အခါမေမေကတက်ကြွနေတော့တယ်။ကားပေါ်က
ဆင်းပြီးဘုန်းဘုန်းဆီလျှောက်သွားတာပေါ့။
"နေ့ဆွမ်းကပ်မှာလားမေမေ..."
ရဲထက်ကလှမ်းမေးတယ်။
"ကပ်မှာပေါ့သားရဲ့...ဘုန်းဘုန်းဘုရားတပည့်တော်မ
တို့အိမ်မှာဆွမ်းဘုန်းပေးပါဦးဘုရား"
ဘုန်းဘုန်းကခေါင်းပဲညိမ့်ပြလာတယ်။ပြီးတော့မေမေ့
ကိုတစ်ချက်ကြည့်ပြီးမျက်လွှာချသွားတယ်ဗျ။တကယ့်သိက္ခာတော်ရဘုန်းဘုန်းလားမပြောနိုင်ဘူး၊မျက်နှာကကြည်လင်ပြီးအေးချမ်းနေတယ်။
အိမ်ထဲပင့်ဖိတ်ပြီးနေရာထိုင်ခင်းအမြန်စီစဉ်ပေးလိုက်
တာပေါ့။ကျွန်တော်ကနေ့ဆွမ်းအတွက်ဆိုင်မှာသွားဝယ်
ဖို့ထွက်လာခဲ့တယ်။မေမေတို့ဖေဖေတို့ကဘုန်းဘုန်းနဲ့စကားပြောရင်းကျန်ခဲ့တာပေါ့ဗျာ။
ကျွန်တော်ပြန်လာတော့မိုးသံစဉ်ရဲ့ကားကအိမ်ရှေ့က
ဖြတ်သွားတာကိုမြင်လိုက်ရလို့အိမ်ရောက်လာပြီးပြန်
သွားတယ်ပဲထင်နေတာ။ကျွန်တော့်ညီကိုမေးကြည့်တော့
မှမလာဘူးတဲ့။အိမ်မှာလူမရှိဘူးထင်လို့လှည့်ပြန်သွား
တာနေမှာ။မိုးသံစဉ်နဲ့တွေ့ရင်ရတုအကြောင်းနည်းနည်း
တီးခေါက်ကြည့်မလို့ပဲ။နောက်မှပဲမေးကြည့်တော့မယ်
ဆိုပြီးထားထားလိုက်တော့တယ်။
"ဒကာမကြီးနေမကောင်းတာကြာပြီလား"
"ကြာနေပြီဘုရား...ရောဂါလည်းတိတိကျကျအဖြေ
ရှာမရပါဘူးဘုရား..."
ဘုန်းဘုန်းကမျက်လွှာချပြီးဆက်မေးနေတယ်။
"ဘယ်တုန်းကစပြီးနေမကောင်းဖြစ်လဲမှတ်မိလား"
ကျွန်တော့်အမေကလည်းခဏကြာအောင်တွက်ချက်
ပြီးပြန်ဖြေလာတယ်။
"တစ်နှစ်နီးနီးရှိပြီထင်တယ်ဘုရား"
"ဘုန်းဘုန်း...မေတ္တာပို့ပေးမယ်...ရှေ့တိုး"
မေမေ့ရဲ့ခေါင်းကိုလက်နဲ့ထိပြီးဘုန်းဘုန်းကမေတ္တာပို့
ပေးနေတယ်။
"ခုနကရေစက်ခွက်ကိုမြေကြီးပေါ်သွားသွန်လိုက်ဒကာ
မကြီး...ပြီးရင်အမျှဝေလိုက်"
"တင်ပါ့ဘုရား"
အဲ့လိုနဲ့ဘုန်းဘုန်းကိုနေ့ဆွမ်းကပ်၊အချိုပွဲကပ်ပြီးတာ
နဲ့ဘုန်းဘုန်းလည်းပြန်ကြွသွားတယ်။တစ်ခုခုအခက်
အခဲရှိရင်လာရှာဖို့ဆိုပြီးကျောင်းလိပ်စာလည်းပေးခဲ့
တယ်။
မေမေ့ကိုနေ့လည်စာကျွေးပြီးမေမေနားဖို့အခန်းထဲလိုက်ပို့ပေးလိုက်တာပေါ့။အခန်းထဲရောက်တော့မေ
မေကပြောတယ်။'သူ့အခန်းထဲဘယ်သူဝင်သေးလဲ'
တဲ့။ရဲထက်အဝတ်ဝင်ယူတာကလွဲလို့မဝင်ဘူးဆို
တော့မေမေကသူ့အိပ်ရာမှာဘာတွေစွန်းနေလဲမသိ
ဘူးလို့ပြောတယ်။
ကျွန်တော်ကြည့်တော့လည်းဘာမှမရှိပါဘူး။အဲ့ဒါ
နဲ့စိတ်ရှင်းသွားအောင်အိပ်ရာခင်းအသစ်လဲပေးပြီး
နားခိုင်းလိုက်ရတယ်ဗျ။
ကျွန်တော်လည်းအလုပ်ရှုပ်နေတာနဲ့ရတုဆီမရောက်
ဖြစ်နေဘူး။ညနေတော့သွားမယ်လို့စဉ်းစားနေတုန်း
ရတုဆီကဖုန်းဝင်လာတယ်။
"ကိုကို...အခုလာခဲ့မှဖြစ်မယ်"
"ဘာဖြစ်လို့လဲ...ရတု"
"လာမှပြောပြမယ်ကိုကို"
"ကိုကိုစိတ်ပူတယ်...ဘာဖြစ်တာလဲအရင်ပြော"
"ဟိုဘွားတော်ကတဖြည်းဖြည်းဆိုးလာပြီ...ရတု
တစ်ခုခုလုပ်မှဖြစ်တော့မယ်"
"ဘယ်သူလဲ"
"ကိုကို့ဇနီးလောင်းကြီးလေ"
"ဟင်...သူကရတုကိုဘာလုပ်လို့လဲ"
"လာရင်သိရမှာပေါ့ကိုကိုရယ်...မြန်မြန်လာခဲ့"
ကျွန်တော်မျက်လုံးတွေပြူးကျယ်သွားခဲ့ရပြီလေ။
ဘာတွေလဲမသိတော့ဘူး။နေ့လည်စာတောင်မစား
နိုင်ဘဲရတုဆီထွက်လာခဲ့လိုက်တော့တယ်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory