"" နှစ်ဆောင်ပြိုင်တို့၏မာယာကြိုး "" အပိုင်း ( ၃ )
lotaya.mpt.com.mm
|
2021-10-15

ရတုအိမ်ရှေ့ရောက်တော့ရတုကခြံတံခါးနားမှာထွက်

စောင့်နေတယ်။ 

"မနေ့ကတည်းကတွေ့မယ့်ဟာရတုမအားတာနဲ့ကိုကို

လည်းအလုပ်များနေတာနဲ့ခုမှတွေ့ရတော့တယ်"

"လာ...ကိုကို"

ရတုကအိမ်ထဲခေါ်ဝင်တဲ့အခါလိုက်ဝင်သွားတာပေါ့။

ဧည့်ခန်းရောက်နေပေမယ့်မထိုင်ခိုင်းဘဲဆက်ခေါ်သွား

တယ်။ကျွန်တော်လည်းဘာဖြစ်မှန်းမသိ၊တစ်ခုခုပဲဆို

ပြီးကြောင်တောင်တောင်နဲ့ပါသွားရော။ 

ရတုခေါ်သွားတာကသူတို့အိမ်ရဲ့ထမင်းစားခန်းကို။

စားပွဲပေါ်မှာလည်းထမင်း၊ဟင်းအဆင်သင့်ခူးခပ်ပြီး

သား။

"ရတုမစားရသေးဘူးလား"

မေးရင်းနဲ့ကျွန်တော်နေ့လည်စာမစားလာရတာကိုသတိ

ရသွားမိတယ်။

"ကိုကိုစားဖို့ပြင်ထား‌ပေးတာ"

အဲ့လိုမျိုးပြောလိုက်တော့ကျွန်တော်နည်းနည်းအံ့ဩ

သွားမိတယ်။ 

"ဘာလို့ပြင်ထား‌ပေးတာလဲဟင်..."

"ကိုကိုဗိုက်ဆာနေပြီမလား...စားရင်းပြောပြမယ်"

ကျွန်တော်လန့်သွားမိတယ်။ကျွန်တော်ဗိုက်ဆာနေတာ

ရတုဘယ်လိုသိလဲ။မိုးသံစဉ်နဲ့ရဲထက်ပြောသလိုများ

လား။တခြားအတွေးတွေဝင်လာရပေမယ့်ကျွန်တော့်

ဗိုက်ထဲကအသံမြည်လို့ရတုသိသွားပြီးစားခိုင်းတာ

နေမှာပါလို့ဖြည့်တွေးကြည့်တယ်။ 

ဒါပေမယ့်ထမင်းဝိုင်းကအဆင်သင့်ပြင်ထားပြီးသား

လေ။ဗိုက်လည်းဆာနေတာနဲ့အများကြီးတွေးမနေ

တော့ဘူး၊ခုံမှာဝင်ထိုင်ပြီးစားလိုက်တာပေါ့။ 

"ခုပြောမှာအရေးကြီးတယ်ကိုကို...သေချာနား

ထောင်မှဖြစ်မှာ"

"အင်း...ပြောလေရတုရဲ့"

ရတုနွေကမျက်နှာတည်သွားပြီးပြောချလာတယ်။

"မိုးသံစဉ်ကို...ကိုကိုတို့အိမ်ကိုပေးမလာပါနဲ့ကိုကို..."

စားလက်စထမင်းလုတ်တောင်နင်သွားရတယ်။မိုးသံ

စဉ်အိမ်ကိုလာလာနေတာသူဘယ်လိုသိသွားလဲမသိ

ဘူးဗျ။ 

"သူကသူ့သူလာလာနေတာ...ဘယ်လိုပြောလို့ကောင်း

မှာလဲ"

"တစ်ခုခုပြောလိုက်ပေါ့...နောက်ပြီးကိုကိုကလည်းပြတ်ပြတ်သားသားပြောသင့်နေပြီ...ကိုကို့ဖေဖေနဲ့မေ

မေကိုဒီညပဲဖွင့်ပြောပြလိုက်တော့"

"ဘာပြောရမှာလဲရတုရဲ့...စေ့စပ်တာဖျက်တဲ့ကိစ္စ

လား"

"အင်းလေ..."

"ကိုကိုပြောမယ်လုပ်တိုင်း...တစ်ခုခုပေါ်လာတာနဲ့

မပြောဖြစ်တာ"

"သိပါတယ်..."

ရတုအဖြေကတမျိုးဖြစ်နေတယ်။ဘာကိုသိတာလဲ။

ဘယ်လိုသိတာလဲ။ 

"ဘာသိတာလဲရတု"

"အော်...ကိုကိုကရှင်းရှင်းလင်းလင်းပြောမယ့်ဟာ

တစ်ခုခုအနှောင့်အယှက်ဝင်လို့မပြောရမှန်းရိပ်မိတယ်

ပြောတာပါ"

"ဟုတ်တယ်ရတုရာ...မေမေကလည်းနေမကောင်း

ဘူး...ခုပိုဆိုးလာတယ်...တစ်ပတ်၂ခါလောက်မူး

လဲမလိုဖြစ်နေတာ...ဘယ်လိုပြောပြရမှန်းမသိတော့

ဘူး"

ရတုကတော့တိတ်ဆိတ်နေတာပေါ့။ဘာမှထပ်မပြော

လာဘူး။ထမင်းစားပြီးတဲ့အခါလက်ဆောင်ပေးဖို့ယူ

လာတာသတိရသွားမိတယ်။

"အော်...ရတုကိုပေးစရာရှိတယ်"

ရတုကကျွန်တော့်ကိုကြည့်ပြီးပြုံးနေတယ်။ကျွန်တော်

လည်းအိတ်ကပ်ထဲကဗူးကိုထုတ်ပြီးလက်စွပ်ကိုပြလိုက်

ပြီးပြောလိုက်တယ်။ 

"ဒါကဆိုင်ကဒီဇိုင်းအသစ်လေ...ရတုကိုအရင်ဦး

ဆုံးလက်ဆောင်ပေးတာ"

ရတုရဲ့လက်မှာစွပ်ပေးရင်းကျွန်တော်ကပျော်နေတာ။

ဒါလေးပေးဖို့မနေ့ကတည်းကစောင့်နေရတာမဟုတ်

လား။ရတုကသူ့လက်ကိုမြှောက်ကြည့်ပြီးလွတ်ခနဲ 

ပြောလာတယ်။ 

"ကိုကိုကပထမတစ်ကွင်းယူလာရမှာ...ဒါကရတုနဲ့

နည်းနည်းလေးကြပ်နေတယ်"

ကျွန်တော်ဆွံ့အသွားမိရော။မနေ့တုန်းကလက်စွပ်နှစ်

ကွင်းယှဉ်ချပြီးဘယ်တစ်ကွင်းယူရမလဲရွေးခဲ့တာ။လက်တိုင်းမသိလို့မှန်းပြီးရွေးယူလာတာကိုရတုက

ကြိုသိနေသလိုပြောနေပြီလေ။ 

"ကိုကိုရွေးတာရတုဘယ်လိုသိတာလဲ" 

ရတုကသူ့မျက်နှာကိုချက်ချင်းပြင်လိုက်ပြီးတော့ 

"ရတုပြောဖို့မေ့နေတာ...အရေးကြီးကိစ္စမပြောရသေး

ဘူး" 

"အင်း..."

"ဒီရက်ပိုင်းအတွင်းအဆင်ပြေမယ့်နေ့လောက်..ကိုကိုနဲ့

 လက်ထပ်ချင်တယ်..."

"ဟင်"

"ကိုကို့အိမ်ကိုနောက်မှပြောပေါ့...ရတုတို့တရားဝင်

ဖြစ်သွားဖို့ပဲအရေးကြီးတာပါ...ကိုကို့အိမ်ကိုသေချာ

ရှင်းပြပြီး‌အေး‌ဆေးဖြစ်မှမင်္ဂလာဆောင်လည်းရတာပဲ"

ကျွန်တော့်ရင်ထဲဒိန်းခနဲဖြစ်သွားမိတယ်ဗျ။ဘာလုပ်

ရမယ်မသိဘူး။မိုးသံစဉ်နဲ့ကလည်းစေ့စပ်ထားတာမပြတ်

သေးဘူး။မေမေကလည်းတရှောင်ရှောင်ဖြစ်နေချိန်၊ 

ရတုနဲ့လက်မှတ်ထိုးထားဖို့အဆင်ပြေနိုင်ပါ့မလားစိတ်

ပူမိတယ်။

ကျွန်တော့်ကြောင့်မိန်းကလေးနှစ်ယောက်နစ်နာသွား

ရမှာမဖြစ်ချင်ဘူးဗျ။ကျွန်တော့်သဘောထားအမှန်ဆို

ရတုကိုခုချက်ချင်းလက်ထပ်ချင်တာပေါ့။ဒါပေမယ့်

မိုးသံစဉ်နဲ့ကနှစ်ဖက်မိဘဆွေမျိုးတွေနဲ့၊ရပ်ကွက်လူ

ကြီးတွေရှေ့စေ့စပ်မိခဲ့တာ။ 

တစ်ဖက်ကိုပြတ်ပြတ်သားသားမဖြစ်သေးဘဲဘာမှ

မလုပ်ချင်ဘူး။တစ်ခုခုဖြစ်လာရင်အားလုံးစိတ်ဆင်း

ရဲရမှာ။ 

"ရတုလေး...ကိုကိုပြောပြမယ်...ရတုကိုကိုကိုက

လက်ထပ်ဖို့အထိရည်ရွယ်ထားတာပါ...မိုးသံစဉ်နဲ့

ကိစ္စမပြတ်သေးဘဲ...လက်မှတ်မထိုးထားချင်သေး

ဘူး..."

ရတုကဝုန်းကနဲထရပ်လိုက်တော့ကျွန်တော်လန့်

သွားမိတယ်။

"ဘာလဲကိုကို...ဟိုဘွားတော်ကိုမဖြတ်နိုင်ဖြစ်နေ

တာလား"

"မဟုတ်ပါဘူးရတုရာ..."

"ဘာမဟုတ်ရမှာလဲ...ကိုကိုခုတလောဘာဖြစ်နေလဲ

ရတုသိတယ်...ရတုကိုမကောင်းဆိုးရွားမ...စိတ်မနှံ့

ဘူးအဲ့လိုထင်နေတာမလား...မိုးသံစဉ်ပြောတာကို

လက်ခံချင်နေတာမလား"

ကျွန်တော့်ခေါင်းတစ်ခုလုံးချာချာလည်သွားခဲ့တယ်။

"နေ...နေပါ...ဦး...ရတုရယ်...ဘာလို့အဲ့လို...ပြော

...ပြောရ...တာလဲ...မိုးသံစဉ်ပြောတာကို...လက်ခံ...

ချင်နေတယ်ဆိုတာက...ဘာ...ဘာများလဲ"

"တော်ပြီကိုကို...လက်မှတ်မထိုးထားနိုင်ဘူးဆိုရင်

ရတုဆီထပ်မလာပါနဲ့..."

"မဟုတ်...မဟုတ်သေးပါဘူး...ရတု"

"ပြန်ပါတော့ကိုကို" 

ဘယ်လိုပြောပြောမရတဲ့အဆုံးကျွန်တော်ပြန်လာခဲ့ရ

တော့တယ်။စိတ်တွေလည်းရှုပ်ပြီး၊ရင်ထဲပြည့်ကြပ်

နေတော့တာပဲ။ 

ရတုအိမ်ကနေထွက်လာတဲ့အခါခြံထဲရောက်တော့ 

ကျွန်တော့်ကျောပြင်ကိုတစ်ခုခုနဲ့ပစ်လာလို့လာမှန်

သွားတယ်ဗျ။ဘာလဲဆိုပြီးယူကြည့်လိုက်တဲ့အခါ 

ခဲလုံးသေးသေးလေးနဲ့ရောလုံးထားတဲ့စာရွက်အပိုင်း

တိုလေး။ 

ဘယ်ကပစ်လာတာလဲရှာကြည့်လိုက်တော့အိမ်အ

ပေါ်ထပ်ဝရံတာမှာရတုအဖေ။ဝှီးချဲပေါ်ထိုင်ပြီးကျွန်တော့်ကိုကြည့်နေတယ်။ဘိုးတော်ပစ်တယ်လို့ထင်နိုင်

စရာမရှိပေမယ့်သူကလွဲပြီးဘယ်သူ့မှမဖြစ်နိုင်ပြန်ဘူး။

စက္ကူလုံးလေးကိုဖြည်ကြည့်လိုက်တဲ့အခါ'သူတို့နဲ့

ဝေးဝေးနေပါ'ဆိုတာလေးတစ်ကြောင်းထဲရေးထား

တာကိုဖတ်လိုက်ရတာပါပဲ။ 

သူတို့နဲ့ဆိုတာဘယ်သူတွေလဲ၊ဘာကိုပြောချင်တာလဲ

ကျွန်တော်မသိပါဘူး။ရတုဖေဖေကိုပြုံးပြနှုတ်ဆက်

ပြီးပြန်လာခဲ့လိုက်တော့တယ်။ 

တစ်လမ်းလုံးစဉ်းစားပေမယ့်စဉ်းစားမရခဲ့ဘူး။အဲ့ဒါ

နဲ့စာကိစ္စခေါင်းထဲကတစ်ခါထုတ်ပစ်လိုက်ပြီးရတုပြော

တာတွေပြန်တွေးကြည့်နေတယ်။ပြောတဲ့စကားတွေကိုပြန်ချိတ်ဆက်ကြည့်တော့ပုံမှန်မဟုတ်ဘူးဆိုတာသ

ဘောပေါက်လာတော့တယ်။ 

သူတို့သားအဖနှစ်ယောက်လုံးတစ်ခုခုတော့တစ်ခုခုပဲ။

မိုးသံစဉ်နဲ့တွေ့မှဖြစ်တော့မယ်လို့စဉ်းစားမိတဲ့အခါ

သူပြောတာတွေကရော၊ယုံလို့ရပါ့မလား။ 

ကျွန်တော်ပတ်သက်နေရတဲ့မိန်းကလေးနှစ်ယောက်လုံး

ဘာတွေပြောလို့ပြောမှန်းမသိဘူး။ကျွန်တော်ကပဲလိုက်

မမီနေတာလား၊သူတို့ကပဲအကြားအမြင်ရနေတာလား

မစဉ်းစားတတ်တော့ဘူး။ 

ကျွန်တော့်ညီကိုဝင်ခေါ်ပြီးမှမိုးသံစဉ်ဆီသွားတာပို

ကောင်းမယ်လို့တွေးမိလိုက်တယ်။ဒီနေရာမှာရဲထက်

ကကျွန်တော့်ထက်ပိုပြီးလူကဲခတ်တတ်တာကိုး။သူ့ကိုဝင်ခေါ်တဲ့အခါမေမေ့နားမှာဖေဖေစောင့်ပေးနေလို့

အဆင်သင့်သွားရတယ်။ 

"ခုနမှပြန်လာတာ...အပြင်ထပ်မထွက်ချင်ဘူး"

"ခဏလေးပါကွာ...ကိုကြီးကိုဒါတောင်မကူညီချင်

ဘူးလား"

ရဲထက်ကမလိုက်ချင်၊လိုက်ချင်နဲ့ပါလာခဲ့တော့တယ်။

ဟိုရောက်တဲ့အခါမိုးသံစဉ်ကကျွန်တော်တို့လာမှာသိ

နေသလိုမျိုးကြိုစောင့်နေတဲ့ပုံကြီးဗျ။ကျွန်တော်က

တော့အဲ့လိုမျိုးထင်မိတာပါ။ 

ဘာလို့လဲဆိုတော့ကျွန်တော်တို့ရောက်ပြီးထိုင်ရုံပဲရှိ

သေးတယ်ဘေးဆိုင်ကမုန့်တွေလာချပေးလို့ပဲ။ပုဇွန်

အာလူးလိတ်နဲ့အအေးနှစ်ခွက်ကိုချက်ချင်းလာပို့တာ

နည်းနည်းကြောင်တောင်တောင်နိုင်နေတယ်။ 

ရတုနွေနဲ့မိုးသံစဉ်ကြောင့်ကျွန်တော်လည်းရူးကြောင်

ကြောင်ဖြစ်လာပြီလို့ကိုယ့်ကိုကိုယ်‌စိတ်ထဲပြောနေမိ

တော့တယ်။

"မိုးဆီလာတာပျော်သွားတာပဲ...အမေသက်သာလာ

ပြီလား"

"နည်းနည်းတော့သက်သာလာပါပြီ"

"ဆေးရုံဆင်းတယ်ဆိုလို့လာဦးမလို့ပဲ...မိုးလည်း

အလုပ်တွေများနေတော့မလာဖြစ်လိုက်ဘူး"

ကျွန်တော်ဘာပြောရမယ်မသိတော့ဘဲအံ့ဩသွားမိ

ရတယ်လေ။ဘုန်းဘုန်းကိုဆွမ်းကပ်ဖို့ဝယ်ပြီးပြန်လာ

တုန်းကမိုးသံစဉ်ကားကိုကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာ

ပဲ။သူအိမ်ကိုလာတာသေချာပါတယ်။ဘာလို့ညာပြော

ရတာလဲ။ 

"မိုးဆီဘယ်ကနေလှည့်လာတာလဲ"

"‌ဟင်...အော်...မမိုးသံစဉ်ဆီကိုပဲလာတာပါ"

"ဟုတ်...မောင်အကြောင်းတစ်ခုခုရှိလို့ထင်ပါရဲ့"

"ဟုတ်...ဟိုတနေ့ကပြောတဲ့ကိစ္စ...ရတုအကြောင်း

လေ..."

"အင်း"

ရဲထက်ကအအေးခွက်ကိုင်ရင်းကျွန်တော်တို့နှစ်ယောက်

ကိုအကဲခတ်နေတယ်။

"နောက်ထပ်ဘာတွေထူးခြားသေးလဲသိချင်လို့...

မမိုးသံစဉ်ပြောပြပေးနိုင်မလား"

ကျွန်တော့်စကားဆုံးတာနဲ့မိုးသံစဉ်ကသဘောကျပြီး

ရယ်လာတယ်။

"ရပါတယ်...မိုးပြောပြပါ့မယ်...ဒါပေမယ့်ဟိုနေ့က

လိုမျိုး...မိုးကိုဒေါသထွက်မှာလည်းစိုးရသေးတာ"

"မထွက်ပါဘူး...ပြောပြပါလားမမိုးသံစဉ်...ကျွန်တော်

သိချင်လို့ပါ"

"အင်းလေ...မောင်ကဘာကိုသိချင်တာလဲ"

"ရတုကစိတ်ဝေဒနာခံစားနေရတယ်ဆို...အဲ့ဒါအသေး

စိပ်သိချင်တာ...နောက်တစ်ခုကကျွန်တော်ပွင့်ပွင့်လင်း

လင်းပဲမေးမယ်...ရတုနဲ့မမိုးသံစဉ်တို့ကြားမှာပြဿနာ

တစ်ခုခုရှိနေတာလား"

မိုးသံစဉ်ကခေါင်းကိုတစ်ချက်စောင်းလိုက်ပြီး...

"တကယ်တော့ရတုနွေကမိုးဆီကနေမောင့်ကိုလုသွား

တာပါ..."

"ဗျာ"

"မိုးကမောင့်ကိုအရင်ဆုံးသိခဲ့တာ...သူကမိုးကြောင့်

မောင့်ကိုမရ...ရအောင်ကပ်ခဲ့တာပဲမောင်..."

မိုးသံစဉ်ကဒေါသထွက်မှာစိုးတယ်လို့ကြိုပြောထား

ပေမယ့်ကျွန်တော့်ဒေါသကထောင်းခနဲထွက်လာခဲ့

တယ်။ရဲထက်ကကျွန်တော့်ကိုလက်တို့ပြီးသတိပေး

လို့ပြန်ထိန်းထားရတာ။ 

"ဟိုနေ့ကပြောတော့ချစ်သူရှိတာသိလို့စေ့စပ်ဖို့လက်

မခံခဲ့တာဆို...ရတုနွေမှန်းသိလို့စိတ်ဝင်စားသွားတာ

ဆိုပြီးဘာလို့စကားအမျိုးမျိုးပြောနေရတာလဲမမိုးသံ

စဉ်..."

"အမျိုးမျိုးပြောတာမဟုတ်ပါဘူး...အမှန်ပြောတာပါ...

ရှင်းသွားအောင်ပြောရရင်မိုးကမောင့်ကိုအရင်သိခဲ့တာ...

မောင်နဲ့နီးဖို့အမေ့ကိုချဉ်းကပ်နေတုန်းမှာအမေကမောင်ချစ်သူရသွားပြီလို့ပြောတယ်...အဲ့ဒါနဲ့လက်လျော့ပြီး

ရှေ့မတိုးဘဲနေခဲ့တာ...နောက်မှသိလိုက်ရတာကရတု

နွေကမိုးဆီကနေတမင်လုသွားတယ်ဆိုတာပဲ...အဲ့ဒါ

ကြောင့်မိုးလည်းရှေ့ပြန်တိုးခဲ့မိတယ်"

"ဒါဆို...ကျွန်တော့်ကောင်မလေးကရတုနွေဆိုတာ

နောက်မှသိတာပေါ့"

"ဟုတ်တယ်...ရတုနွေကမောင့်ကိုတကယ်မချစ်ဘဲ

ဟန်ဆောင်နေတာပါ...မကွယ်မဝှက်ဘဲပြောရရင်မိုး

မေမေနဲ့သူ့မေမေကပြဿနာကြီးကြီးရှိခဲ့ကြတယ်...

ဒါကြောင့်မိုးကိုတမင်အနှောင့်အယှက်ပေးနေတာ"

"ဘာပြဿနာရှိခဲ့တာလဲ...ကျွန်တော်သိလို့ရမလား"

"ကိုယ်ရေးကိုယ်တာကိစ္စမလို့မပြောပြနိုင်တာနားလည်

ပေးပါနော်..."

"မမိုးသံစဉ်အမေကရောဒါတွေသိပြီးသားလား"

"သူသိပါတယ်...လူငယ်ချင်းဖြစ်တာမလို့မေမေက

ဘာမှဝင်မပါတာပါ..."

"ဒါဆိုဟိုတစ်နေ့ကပြောသလိုရတုဆီကနေကျွန်တော့်

ကိုကာကွယ်ပေးချင်တယ်ဆိုတာမဟုတ်ဘဲ...မမိုးသံ

စဉ်ဆီကနေလုသွားသလိုဖြစ်နေလို့...ပြန်လိုက်လုတယ်

ဆိုတဲ့သဘောလား"

မိုးသံစဉ်ကမျက်လုံးတွေဝိုင်းစက်လာပြီး‌လန့်သွားတဲ့

ပုံရတယ်။

"အဲ့ဒီသဘောမဟုတ်ပါဘူး...တကယ်ကာကွယ်ပေး

ချင်တာပါ"

"အဲ့ဒါကိုမရှင်းတာလေဗျာ...ရတုမှာဆိုက်ကိုလိုလို

ရှိနေလို့...သူ့အမေကသူတို့နားမှာစွဲနေလို့ဆိုပြီးလျှော

ချသွားပြီးပြီ...ကျွန်တော်အခုသေသေချာချာလေးသိ

ချင်တယ်မမိုးသံစဉ်...ပွင့်ပွင့်လင်းလင်းပဲပြောဗျာ"

မိုးသံစဉ်ကရဲထက်ပိုင်ကိုမျက်လုံးဝေ့ကြည့်နေတာ

သတိထားမိလိုက်တယ်။ရဲထက်ပိုင်ရှေ့မှာပြောချင်

ပုံမရဘူး။ 

"ကျွန်တော့်ညီနဲ့ကျွန်တော့်ကြားမှာဘာမှကွယ်ဝှက်

ထားစရာမရှိဘူး...ပြောပြလို့ရပါတယ်ဗျ"

ကျွန်တော်လည်းစကားဝင်ထောက်လိုက်ရတာပေါ့။

အဲ့ဒီအခါမှမိုးသံစဉ်လည်းဖွင့်ဟလာတော့တယ်။

"မိုးဟိုနေ့ကပြောသလိုပဲမေမေနဲ့ဒေါ်နှင်းဆီတို့က

ငယ်ပေါင်းသူငယ်ချင်းတွေ...သူတို့ကခြံဝင်းကြီး

ထဲမှာသူ့အိမ်ကိုယ့်အိမ်ဆောက်နေကြတာ...ဘိုး

ဘွားပိုင်ခြံဆိုတော့ရွာမှာအဲ့လိုနေကြတယ်...မေမေ

ကဒေါ်နှင်းဆီဆီသွားလည်တိုင်းဒေါ်လှလွန်းယဉ်

အိမ်ကိုဖြတ်ရတာ...ဒေါ်လှလွန်းယဉ်အမေကမျက်

နှာစာနေရာယူထားပြီးနေတာလေ...မေမေသွားတိုင်း

ဒေါ်လှလွန်းယဉ်ကစောင်းမြောင်းပြီးပြောတတ်တယ်

...အိမ်လာလည်တိုင်းတစ်ခုမဟုတ်တစ်ခုစောင်းပြော

တော့မေမေကလည်းဆတ်ဆတ်ထိမခံတဲ့သူ...ရန်

ဖြစ်ကြတာပေါ့...ဒေါ်နှင်းဆီနဲ့တည့်ပေမယ့်ဒေါ်လှ

လွန်းယဉ်ကြောင့်အဲ့ဒီအိမ်ကိုသိပ်မလည်ဖြစ်တော့

ဘူး...တစ်နေ့ကြတော့မေမေကအိမ်ရှေ့ကပြင်မှာ

စံပါယ်ပန်းသီနေတာ...ဒေါ်လှလွန်းယဉ်ကတွေ့သွား

ပြီးလင်မျှော်နေတာလို့ရန်စတယ်...အဲ့ဒီမှာပြဿနာ

အကြီးအကျယ်တက်ပြီးရွာလူကြီးဆီတောင်ရောက်

သွားကြတာပဲ"

"နောက်တော့ဒေါ်လှလွန်းယဉ်ကအသက်ငယ်ငယ်နဲ့

ခိုးရာလိုက်သွားတာ...မေမေလည်းအဲ့ဒီရွာကထွက်

လာပြီးမြို့မှာအလုပ်ဝင်ရင်းဖေဖေနဲ့ရတော့ရွာမပြန်

ဖြစ်တော့ဘူး...အဲ့ဒီကတည်းကအဆက်အသွယ်ပြတ်

သွားတာပါ..."

မိုးသံစဉ်ပြောတာတွေကကြားထဲမှာကျန်နေမှန်းကျွန်

တော်သိနေတယ်။ 

"အဆက်အသွယ်ပြတ်သွားတယ်လို့မမိုးသံစဉ်ထည့်

ထည့်ပြောတယ်နော်...ဒါဆိုရတုနွေနဲ့မမိုးသံစဉ်က

ဘယ်လိုသိကြတာလဲ"

ကျွန်တော်မေးလိုက်တဲ့အခါမိုးသံစဉ်မျက်တောင်လေး

ပုတ်ခတ်ခတ်လုပ်နေတယ်။ပြီးတော့‌ဆက်ပြောတယ်။

"လူချင်းမတွေ့ကြပေမယ့်ရွာကိုသူ့အမျိုးငါ့အမျိုး

ဖုန်းဆက်ကြရင်းသတင်းကြားလို့သိတာပါ...ဒေါ်လှ

လွန်းယဉ်သမီးလေးမွေးတယ်...ရတုနွေလို့ခေါ်တယ်...

အဲ့လိုမျိုးလေ...ပြောရရင်အတင်းပြောတယ်ဆိုပါတော့..."

"မဟုတ်သေးဘူးမမိုးသံစဉ်...ဟိုနေ့ကပြောတော့ 

ရွာကိုအလှူပြန်လုပ်မှသိတာဆို"

ကျွန်တော်ကလည်းပြောထားတဲ့စကားကိုအသေမှတ်

ထားတာ။မိုးသံစဉ်ကလည်းတစ်ခါပြောတစ်မျိုးထွက်

နေတာကိုး။ 

"အင်း...ဟုတ်တယ်လေ...အဲ့ကြမှအကြောင်းစုံသိ

တာပါ...အဲ့မတိုင်ခင်နာမည်တွေတော့ရင်းနှီးနေတာ

ပေါ့"

"ဒါဆိုမမိုးသံစဉ်နဲ့ရတုနွေကအပြင်မှာတစ်ယောက်

နဲ့တစ်ယောက်မတွေ့ဖူးဘူးပေါ့...ဒါမှမဟုတ်တွေ့ဖူး

ကြတာလား"

"ဟို...တစ်ခါတွေ့ဖူးပါတယ်...မောင်မေးနေပုံက

တရားခံစစ်နေသလိုပဲနော်...မိုးကိုမယုံဘူးမလား"

မယုံတာတော့သိပ်မယုံချင်ဘူး။ဒါပေမယ့်လည်းအ

လိုက်အထိုက်တော့ပြောလိုက်ပါတယ်။

"မယုံတာတော့မဟုတ်ပါဘူး...ကွဲလွဲနေတာတွေများ

နေလို့သေချာအောင်မေးတာပါ"

"မောင့်ကိုကာကွယ်ပေးချင်တယ်ဆိုတာကရတုနွေ

မှာစိတ်ဝေဒနာခံစားနေရရှာတယ်...မိုးချစ်တဲ့သူဆို

တာသူသိနေတော့မိုးကိုနာကျင်စေချင်တာနဲ့မောင့်

ကိုတစ်ခုခုလုပ်မှာစိုးတာပါ...နောက်ပြီးရတုနွေက

မောင့်ကိုတကယ်မချစ်ဘူး...သူဟန်ဆောင်နေတာ

အဲ့ဒါတွေကိုမိုးတားရမယ်...အဲ့ဒီလိုပြောချင်တာပါ"

မိုးသံစဉ်နဲ့စကားကြာကြာပြောလို့မဖြစ်တော့ဘူး။သူ

များရဲ့ခံစားချက်ကိုသူကိုယ်တိုင်လိုက်ခံစားပြီးသိနေ

ရအောင်သူကဘာမလို့လဲဗျာ။ 

"ကျွန်တော်တစ်ခုတော့ပြောချင်တယ်မမိုးသံစဉ်...

ရတုနဲ့ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုတပ်

အပ်သိနေသလိုပြော‌နေတာတော့မကောင်းဘူးဗျ...

မမိုးသံစဉ်ကရတုမဟုတ်သလို...ကျွန်တော့်ချစ်သူ

လည်းမဟုတ်ဘူး..."

"သိပါတယ်...မကြာတော့ပါဘူး...ရတုနွေဘာဆိုတာ

မောင်သိရလိမ့်မယ်"

မိုးသံစဉ်ရဲ့စကားသံကနည်းနည်းမာထန်လာတယ်။

ဆက်ပြောနေရင်အငြင်းပွားဖို့ပဲရှိမှာမလို့ကျွန်တော်

ပြန်ခဲ့လိုက်တယ်။

"ဘယ်လိုထင်လဲ...ရဲထက်"

"တစ်မျိုးတော့တစ်မျိုးပဲကိုကြီး...သူတို့ကြားမှာ

ပြဿနာကြီးကြီးမားမားရှိတယ်ထင်တယ်...ကိုကြီး

ကကြားထဲကဓါးစာခံဖြစ်သွားမှာပဲညီစိုးရိမ်တာ"

"အဲ့လိုတော့မဖြစ်လောက်ပါဘူး...ရတုအကြောင်း

ကိုကြီးသိတယ်...သူကိုကြီးကိုတော့နာကျင်အောင်

လုပ်မယ့်သူမဟုတ်ဘူး"

"ကိုကြီးဆိုလိုတာက"

"မိုးသံစဉ်ကိုယုံလို့မဖြစ်ဘူး...သတိထားရမယ်"

အိမ်ပြန်ရောက်တဲ့အခါကျွန်တော့်မှာအတွေးပေါင်း

စုံနဲ့စိတ်တွေရှုပ်နေခဲ့ရတယ်။ရတုနဲ့ပဲလက်မှတ်ထိုး

ထားရင်ကောင်းမလားတွေးကြည့်တော့လည်းမေမေ

သိရင်စိတ်မကောင်းဖြစ်ပြီးရောဂါတိုးမှာလည်းစိုးမိ

တယ်။ 

ဖေဖေကတော့မေမေ့သဘောကျမလို့မေမေ့ကိုပဲ

သေချာပြောပြဖို့ဆုံးဖြတ်ပြီးပြောဖို့အခန်းထဲသွား

လိုက်တာပေါ့။မေမေကအခန်းထဲမှာလှဲပြီးအတွေး

နယ်ချဲ့နေတာတွေ့လိုက်ရတယ်။ဘေးမှာအသာဝင်

ထိုင်လိုက်ပြီး...

"မေမေ...သက်သာရဲ့လား"

မေမေကကျွန်တော့်ကိုတစ်ချက်ကြည့်ပြီးမျက်နှာ

မာမာနဲ့ပြောလာပါလေရော။

"ဟိုကောင်မလေးနဲ့တွေ့တွေ့နေတာ...မေမေမကြိုက်

ဘူးနော်သား"

"ဗျာ"

ရတုနဲ့ပြန်ဆက်သွယ်နေတာမေမေဘယ်လိုသိသွားလဲ

မသိဘူး။

"မေမေဘာတွေပြောနေတာလဲ...သားကဘာလုပ်လို့

လဲ.."

"ဆိုင်မှာဒီဇိုင်းအသစ်ခုမှထွက်တာ...ဟိုကောင်မလေး

ကိုဦးဦးဖျားဖျားသွားပေးတယ်ဆို"

ကျွန်တော်အာခေါင်တွေခြောက်ကပ်သွားတယ်။

"မေမေ့ကိုဘယ်သူပြောတာလဲ"

"ဘယ်သူပြောပြော...အဲ့ကောင်မလေးကိုမေမေ

သဘောမကျဘူးသား...ချွေးမလည်းမတော်ချင်ဘူး"

ကျွန်တော်လည်းပြောပြမှရတော့မယ်လေ။

"မေမေ...ဘာတွေအထင်လွဲနေတာလဲ...ရတုကိုဘာ

လို့သဘောမကျတာလဲဆိုတာအရင်ပြောပြပါလား..."

"ဘာလို့သဘောမကျလဲဆိုရင်...သူ့မိသားစုကလည်း

အဆင်မပြေဘူး...သူ့အဖေကဒုက္ခိတလိုဖြစ်နေတာ...

သူနဲ့ယူရင်သူ့အဖေကိုသားပဲတာဝန်ယူရတော့မယ်...

ကောင်မလေးကကျောင်းလည်းမပြီးသေး...အလုပ်

လည်းမရှိ..."

"အဲ့ဒါတွေကအရေးကြီးလို့လားမေမေရာ..."

"ဘာရယ်...ဘာလို့အရေးမကြီးရမှာလဲ...သားကသူ့

အဖေကိုပြုစုကျွေးမွေးပြီးသူ့ကိုပါကျောင်းဆက်ထား

ပေးရဦးမှာ...ဒီ့ထက်အရေးကြီးတာကတော့ကောင်

မလေးကဆိုက်ကိုရှိနေတယ်ဆိုလား...ရူးနေတယ်ဆို

လား...အဲ့ဒါမျိုးနဲ့တော့သားကိုသဘောမတူနိုင်ဘူး..."

မေမေ့စကားတွေ‌ကြောင့်မျက်လုံးပြူးသွားရတယ်။

ဒါတွေမေမေ့ကိုဘယ်သူပြောတာလဲ။မိုးသံစဉ်လား၊

ရဲထက်လား၊ကျွန်တော်တွေးနေတုန်းမေမေကဆက်

ပြောတယ်။

"သူကကျေးတောရွာဖက်ကဆို...မေမေ့မိတ်ဆွေဆီ

စုံစမ်းကြည့်တော့..အဲ့ရွာဖက်ကပညာသည်တွေများ

သတဲ့...ဟိုးအရင့်အရင်ခေတ်တုန်းကရွာကနှင်ထုတ်

ခံရတဲ့(၁၂)ကြိုးတွေဟာစုပြီးနေကြထိုင်ကြရင်း

အိမ်ခြေများလာပြီးကျေးတောရွာဖြစ်လာတယ်လို့ 

အဘိုးအဘွားတွေကပြောပြဖူးတယ်လို့ပြောတယ်...

သူ့အမေသေရတာလည်းအဲ့ပညာတွေနဲ့ပတ်သက်

တယ်လို့ကြားတယ်...အဲ့လိုဟာကြီးကိုမယူချင်စမ်း

ပါနဲ့သားရယ်"

ကျွန်တော်ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး။

"မေမေ...ဒီလိုဆိုသားပြောပြမယ်...မိုးသံစဉ်က

လည်းအဲ့ဇာတိပဲဆိုတာမေမေသိလား"

အဲ့ဒီအခါမေမေကမျက်လုံးဝိုင်းသွားပြီးအိပ်ရာကလူး

လဲထလိုက်ချိန်မှာမူးလဲသွားပါရော။ကျွန်တော်လည်း

ရဲထက်ကိုအော်ခေါ်၊ဆရာဝန်ပင့်နဲ့တော်တော်ပျာသွား

ခဲ့ရတယ်။ 

ဆရာဝန်ရောက်လာတဲ့အခါစမ်းသပ်ပြီးတော့ဒီလိုခဏခဏဖြစ်နေတာမကောင်းတဲ့အကြောင်း၊သေချာ

တိကျတဲ့ကုသမှုခံယူသင့်တဲ့အကြောင်း၊ဖြစ်နိုင်ရင်

ဆေးရုံမှာခဏနေစေလိုကြောင်းပြောပါတယ်။အဲ့ဒါနဲ့ 

မေမေ့ကိုဆေးရုံတက်ဖို့ထပ်ပြင်ဆင်ရတာပေါ့။

မေမေသတိရလာတော့ဆေးရုံမတက်ချင်တဲ့အကြောင်း

ပြောတယ်။ကျွန်တော်တို့ကဆရာဝန်ညွှန်ကြားတဲ့အ

တိုင်းဆေးရုံတက်တာပိုကောင်းတဲ့အကြောင်းနားချ

ရတာပေါ့။အဲ့လိုနဲ့ဆေးရုံထပ်တက်ဖြစ်လိုက်တယ်။

ဖေဖေကအလုပ်ပင်ပန်းလာတာမလို့ဒီညကျွန်တော်

စောင့်မယ်လို့ပြောပြီးဖေဖေနဲ့ရဲထက်ကိုအိမ်ပြန်ခိုင်း

လိုက်တော့တယ်။မေမေခုလိုဖြစ်ရတာကျွန်တော့်

ကြောင့်ဖြစ်ရတာလို့လည်းထင်မိတယ်။ 

ထူးခြားတာကဆေးရုံမှာဆိုမေမေကအကောင်း၊သက်

သာလာတယ်။အိမ်‌ပြန်ရောက်ပြီဆိုတာနဲ့ပြန်ပြန်ဖြစ်

နေတော့တာ။မေမေကဆေးသွင်းထားလို့အိပ်သွားပြီ။

ကျွန်တော်ကတော့အိပ်လို့မရနေဘူး။

ကိုယ်ချစ်တဲ့သူနဲ့ဝေးရမယ့်အဖြစ်ကိုမခံစားနိုင်ဘူး

ဗျာ။ရတုအပေါ်မေမေကနားလည်မပေးဘူးဆိုရင် 

ကျွန်တော်ဘာဆက်လုပ်ရမလဲ။ကျွန်တော်ဆုံးဖြတ်ရ

တော့မယ်။ 

နောက်ဆုံးအဆုံးစွန်တွေးမိတာကတော့ ရတုနဲ့သဘော

မတူဘူးဆိုလည်းမိုးသံစဉ်ကိုတော့လက်မထပ်ဘူး

လို့ငြင်းဖို့စဉ်းစားထားတယ်။ 

ကိုယ်ချစ်တဲ့သူနဲ့မပေါင်းရမှတော့ဗျာ၊တစ်ယောက်

တည်းနေတာပိုကောင်းပါတယ်။အတွေးတွေနဲ့လွင့်မျော

နေရင်းကျွန်တော်မှေးခနဲဖြစ်သွားမိတယ်။ 

တချွတ်ချွတ်နဲ့နားထဲမှာအသံကြားနေရတယ်။မေမေ

အပေါ့အပါးသွားချင်တာများလားဆိုပြီးအိပ်နေရင်း

မျက်လုံးအတင်းဖွင့်ကြည့်လိုက်တော့မေမေကဆေး

ရုံကုတင်ပေါ်မှာအိပ်ပျော်နေရက်သား။ 

ဒါနဲ့‌ကုတင်ခြေရင်းဖက်အကြည့်ရောက်သွားတဲ့အခါ

ကျွန်တော်ပါးစပ်တွေခါးလာတယ်။တစ်သက်နဲ့တစ်

ကိုယ်ခုလိုလန့်ရတာမျိုးမဖြစ်ခဲ့ဖူးဘူး။ 

ကုတင်ခြေရင်းမှာရပ်နေတဲ့သူကရတု။မေမေ့ကိုစိုက်ကြည့်နေတယ်။ကျွန်တော်ထလို့မရဘူး။လူတစ်ကိုယ်

လုံးလှုပ်မရနေဘူး။အားကုန်သုံးပြီးထလိုက်တဲ့အခါ

ချောက်ထဲကိုဝုန်းခနဲပြုတ်ကျသွားသလိုမျိုးခံစားလိုက်

ရတယ်။

ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကနေခါးအပေါ်ထိကျွန်တော့်ဝိဉာဉ်ကခွာသွားလို့ပါပဲ။ကျွန်တော့်စိတ်ဝိဉာဉ်

ကလန့်နိုးနေပြီးခန္ဓာကိုယ်ကအိပ်နေလို့။ကြုံဖူးကြ

လားမသိဘူးဗျာ။ 

ကျွန်တော်အတွက်တော့အဲ့ဒီအဖြစ်အပျက်ဟာတော်

တော်ချောက်ချားစရာကောင်းနေတယ်။သေသွားတာ

လည်းမဟုတ်ဘူးဗျ။ရုပ်နဲ့နာမ်ကွဲတယ်ဆိုရမလားမ

ပြောတတ်ဘူး။

ခန္ဓာကိုယ်ကနေခွာသွားပြီးဝုန်းခနဲပြန်ပြုတ်ကျလာ

တဲ့အချိန်ကျွန်တော်ပြန်နိုးလာခဲ့တယ်။ကြောက်အား

လန့်အားနဲ့အမြန်ထလိုက်တော့ရတုမရှိတော့ဘူး။ 

သိပ်ထူးဆန်းတယ်ဗျာ။ကျွန်တော်ကိုယ်တိုင်သာမ

ဟုတ်ရင်ဒါကြီးကိုဘယ်လိုမှယုံမယ်မထင်ဘူး။လူ

တစ်ကိုယ်လုံးလည်းအထိတ်ထိတ်အလန့်လန့်နဲ့ချောက်

ချားနေပြီ။ 

ခုနကအဖြစ်အပျက်ကိုဘယ်လိုမှဆက်စပ်တွေးလို့

မရနေတော့ဘူး။ငါဘာဖြစ်သွားတာလဲဆိုပြီးအခါခါ

မေးနေမိတယ်။ရတုကရောဘာလဲ။ဘာလို့သူ့ကိုမြင်

လိုက်တာလဲ။ 

နေ့လည်ကမိုးသံစဉ်ပြောတာကိုပြန်သတိရသွားမိ

တယ်။"သိပါတယ်...မကြာတော့ပါဘူး...ရတုနွေ

ဘာဆိုတာမောင်သိရလိမ့်မယ်"ဆိုတာ။ 

အဲ့ဒီတစ်ညလုံးပြန်အိပ်မရတော့ဘဲမိုးလင်းပေါက်

ငုတ်တုတ်ထိုင်နေမိတော့တယ်။ရှေ့တစ်ခေါက်မေမေ

ဆေးရုံဆင်းတော့ပြောလိုက်တဲ့စကား'သူ့အိပ်ရာမှာ

ဘာတွေပေနေလဲ'ဆိုတာရယ်၊ဆေးရုံရောက်ရင်အ

ကောင်းအိမ်မှာနေရင်မကောင်းတော့တာရယ်၊ရဲထက်

ပြောတာတွေရယ်၊ခုကျွန်တော်မြင်လိုက်ရတာတွေရယ်

ဆက်စပ်ကြည့်တဲ့အခါမေမေ့မိတ်ဆွေပြောပြတယ်ဆို

တာလည်းလက်ခံရမလိုဖြစ်လာမိတယ်။ 

မနက်လင်းတာနဲ့ရဲထက်ကိုဖုန်းခေါ်မယ်။လာစောင့်ခိုင်းမယ်။ကျွန်တော်ကတော့ရတုနဲ့မိုးသံစဉ်တို့နှစ်ယောက်

လုံးကိုတ‌စ်နေရာချိန်းပြီးဒဲ့ရှင်းလိုက်တော့မယ်ဗျာ။ 

ကျွန်တော့်ကိုထိခိုက်မှာထက်ကျွန်တော့်အမေကိုထိ

ခိုက်မှာလုံးဝမဖြစ်ချင်ဘူး။ခုကြည့်ရသလောက်ဆိုရင်

ကျွန်တော်ချစ်တဲ့ရတုဟာမကောင်းတဲ့အတတ်ပညာကို

တတ်မြောက်နေတဲ့သူလို့ကျွန်တော့်စိတ်ကလက်ခံနေ

မိပြီ။ရင်ထဲမှာတော့ငြင်းဆန်နေတုန်းပါပဲ။ 

ဒီကိစ္စကိုရေဆုံးမြေဆုံးစုံစမ်းဖို့လည်းဆုံးဖြတ်လိုက်

တယ်။မနက်ဖြန်မှသူတို့ဆီကသေချာတဲ့အဖြေမသိရ

ဘူးဆိုရင်ကျေးတောရွာအထိသွားဆိုလည်းသွားလိုက်

တော့မယ်ဗျာ။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

lotaya_shortstory


#ဝတ္ထုတိုများ
#ကျန်းမာရေး
#အလုပ်
#အိုးအိမ်
#မိန်းကလေး

Some text some message..