ငါ့လက်တစ်ဖက်ပြန်ပေး
lotaya.mpt.com.mm
|
2021-10-19

အခန်း(၁)

ညဦးပိုင်းအချိန်၇နာရီသာသာခန့်၌ပုဂံမြို့ဟောင်းအတွင်းရှိဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင်...

ထိုဘုန်းကြီးကျောင်းပေါ်ရှိဘုရားကျောင်းဆောင်ရှေ့တည့်တည့်ကြမ်းပြင်၌၊ကျောင်းထိုင်ဆရာတော်နှင့်သံဃာ၄ပါးစုဝေးရောက်ရှိနေတယ်။ 

သံဃာတော်များအရှေ့တွင်လည်းပရိတ်သတ်၁၂ယောက်ခန့်ကစုဝေးကာပဆစ်တုပ်ထိုင်နေကြလေရဲ့။

၎င်းတို့မှာအသက်၂၀အရွယ်ခန့်လူငယ်များဖြစ်ကြပြီးအားလုံးသည်ရန်ကုန်၊ဒဂုံတက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်ကြတယ်။။

ထိုကျောင်းသားများနှင့်သံဃာတော်များအကြားတွင်တော့၊အသက်၁၈နှစ်ခန့်အချိုးကျကျလှပသောခေတ်ဆန်ဆန်မိန်းမပျိုလေးတစ်ဦးတည်းသီးခြားတင်ပလ္လင်ခွေထိုင်နေသည်ကိုတွေ့ရတယ်။

သူမ၏အမည်ကအိဖြူ။

အိဖြူတို့အဖွဲ့မှာတက္ကသိုလ်ကျောင်းပိတ်သည့်အားလပ်ရက်တွင်ဘုရားဖူးအတူစုထွက်လာကြခြင်းဖြစ်ပါတယ်။

အိဖြူတို့အဖွဲ့ကရန်ကုန်မြို့မှပုဂံသို့ဘုရားဖူးလာသည်ဟုသိရပြီး၊ယခုအိဖြူ၏ခန္ဓာကိုယ်၌အမှောင့်ပရောဂတခုပူးကပ်ဝင်ရောက်နေသည်ဟုဆိုကြတယ်။

အိဖြူကိုကြည့်ပါ။ဆံပင်ကျောမအလယ်လောက်ရှည်လျားပြီးဖားလျားဖြန့်ချထား၏။သူမကြည့်ရသည်မှာမျက်လုံးများကဂဏှာမငြိမ်ဟိုဟိုဒီဒီလျှောက်ကြည့်နေပါတယ်။

ဆရာတော်သံဃာတော်များကိုပရိတ်တရားချီးမြှင့်ပေးပါရန်လျှောက်ထားလိုက်တယ်။

ဆရာတော်အပါအဝင် ဦးဇင်းလေး၄ပါးကပရိတ်တရားများကိုစတင်ပြီးညီညီညွတ်ညွတ်ရွတ်ဖတ်သရဇ္ဇယ်ပေးတယ်။

အဲ့ဒီအခါမှာတော့...

အိဖြူကိုယ်အတွင်းဝင်ရောက်ပူးကပ်နေသောပရလောကသားသည်ဆရာတော်များ၏ပရိတ်တရားကြောင့်ထင်ပါတယ်၊လွန်မင်းစွာပူလောင်ဟန်ဖြင့်ယိမ်းထိုးကာနားနှစ်ဖက်ကိုပိတ်၍အော်ဟစ်ပါတော့တယ်။

"တော်ပါတော့တော်ကြပါတော့

ငါမနေနိုင်တော့ဘူးပူလောင်လှပြီ၊ရပ်ကြပါ၊ရပ်ပေးပါတော့..."

အိဖြူပါးစပ်မှလိုက်ဖက်မှုမရှိသောအသံအောအောကြီးထွက်လာခြင်းဖြစ်ပါတယ်။

အိဖြူနဲ့အတူပါသည့်သူငယ်ချင်းများအားလုံးကအံအားသင့်သွားကြသည်။ထိတ်လန့်သွားကြတယ်။ 

သူတို့အားလုံးကြားလိုက်ရတာကယောက်ကျားကြီးတယောက်ရဲ့အသံ။

အိဖြူ၏ပင်ကိုယ်အသံမဟုတ်သောကြောင့်ထိတ်လန့်သွားကြခြင်းပင်။

ဘုန်းတော်ကြီးကပရိတ်တရားရွတ်ဖတ်ခြင်းကိုခေတ္တခဏရပ်လိုက်ပြီး၊

"ဒကာမလေးကိုယ်မှာဝင်ရောက်နေတဲ့သင်ကဘယ်သူလဲ။ဘယ်လိုဘုံဘဝကလာတာလဲ။ဘုန်းကြီးတို့ရှေ့ကဒကာမလေးကိုဘာအတွက်နဲ့အနှောင့်အယှက်ပေးနေရတာလဲ။ 

ဒါသာသနာ့နယ်မြေပါ။သင်ဘာကိုအလိုရှိလို့ဒီလိုမျိုးလုပ်ရပါသလဲဆိုတာအမှန်ကိုပြောပါ"

အိဖြူသည်ခေါင်းငိုက်စိုက်ဖြင့်ဆရာတော်အားမော်မကြည့်ပဲ၊

"ဟင်းဟင်းဟီး"

"သူက...ငါ့လက်တဖက်ကိုချိုးတယ်

ပြီးတော့ပြန်မဆက်ပဲလွှင့်ပစ်တယ်"

"အခုငါ့မှာလက်တဖက်မရှိ၍၊ငါတို့လောကတွင်အများသူငါလှောင်ပြောင်ခြင်းကိုငါ့မှာနေ့စဉ်ခံနေရတယ်။ဒါကြောင့်ဒင်းအားလက်တဖက်ပြန်တပ်ပေးရန်အိပ်မက်ပေးရန်လိုက်လာရတာဖြစ်တယ်"

"ဒါပေမဲ့ဒင်းကအယုံအကြည်မရှိဘူး၊

ခေတ်ပညာတတ်ဆိုလို့ငါ့အကြောင်း

ပြသရခြင်းပဲဟီးဟီးဟင်း"

အိဖြူပါးစပ်မှတဟီးဟီးငြီးငြူရင်းထိုသို့ပြောဆိုလေသောအခါ...

အတူပါလာသောကျောင်းသားကျောင်းသူများမှာတစ်ယောက်တစ်ပေါက်ဖြင့်၊

ဟာ..!

"ဟုတ်သားပဲကွာ"

"အေးငါပြောသားပဲ"

"အဲ့ဒါဆို...ဘယ်လိုလုပ်ကြမလဲဟ."

အိဖြူ၏အစ်မတဝမ်းကွဲယွန်းယွန်းက၊

"လုပ်ကြပါအုံးဟ။ငါအိဖြူကိုသူ့မိဘတွေဆီကနေတာဝန်ခံခေါ်လာခဲ့တာဟ "

တစ္ဆေပူးကပ်နေသောမိန်းမပျိုလေးသည်ပထမနှစ်(သင်္ချာမေဂျာ)ကအိဖြူ.။ 

သူမအားအမတဝမ်းကွဲဖြစ်သူတတိယနှစ်ကျောင်းသူယွန်းယွန်းတာဝန်ခံခေါ်လာခဲ့ခြင်းဖြစ်ပါ၏။

ပထမနှစ်ဝက်စာမေးပွဲအပြီးသူငယ်ချင်းများစုကာပရိုက်ဗိတ်တက္ကစီငှါး၍

ပုဂံသို့ဘုရားဖူးထွက်လာကြခြင်းပင်။

      _________

အခန်း(၂)

အဖြစ်အပျက်ကဘယ်ကစလည်းဆိုတော့စာမေးပွဲဖြေအပြီးကျောင်းသားသဘာဝအတိုင်းအပန်းဖြေရင်း၊ဒေသန္တရဗဟုသုတရှာဖွေသည့်အနေဖြင့် ပုဂံကိုဘုရားဖူးထွက်ကြမယ်လို့ပြည့်ဖြိုးကစပြောတယ်။ 

လူစုတော့ဆယ်တန်းကျုရှင်ကတည်းကအတူလက်တွဲလာတဲ့သူငယ်ချင်းတွေစုမိတာပေါ့။

ပြည့်ဖြိုး၊မျိုးငြိမ်းသူ၊သက်ပိုင်စိုး၊ရန်နိုင်ဝင်းတို့ယောကျ်ားလေးအုပ်စုနဲ့၊ယွန်းယွန်း၊မေသူ၊နီနီအောင်၊စုမြတ်ထွေးတို့လေးယောက်စုစုပေါင်းယောက်ျာလေး၄ယောက်မိန်းကလေး၄ယောက်ဆိုတော့ပေါင်းငယ်သူငယ်ချင်းရှစ်ယောက်ရှိတယ်။

နောက်တော့ယွန်းယွန်းက သူ့ညီမတဝမ်းကွဲဖြစ်သူပထမနှစ်ကျောင်းသူအိဖြူကိုပါအဖေါ်ခေါ်လာခဲ့တာပေါ့။

ဒါနဲ့စုစုပေါင်းကိုးယောက်ဖြစ်သွားတယ်။ကားမောင်းတဲ့အစ်ကိုကြီးရောဆို၁၀ယောက်ပေါ့။

ရန်ကုန်ကစထွက်လာကတည်းက

တဦးနဲ့တဦးအချင်းချင်းစနောက်ခါ

ရီမောပျော်ရွှင်စွာခရီးထွက်ခဲ့ကြတယ်။

အိဖြူကတော့နည်းနည်းစိမ်းနေသေးတော့၊အစပိုင်းမှာငြိမ်နေသေးတယ်။

နောက်ပိုင်း သူလည်းမနေနိုင်ပါဘူး။

လူငယ်ကလည်းဖြစ်ပြန်၊ပင်ကိုယ်ကလည်းသာလိကာမလေးဆိုတော့ဟိုလူကစဒီလူကစနဲ့ခရီးတဝက်ကားပေါ်မှာရင်းနှီးသွားကြတယ်။အငယ်ဆုံးအသွက်ဆုံးဖြစ်လာပါလေရော။

မိတ္ထီလာလမ်းခွဲမှာထမင်းဝင်စားကြတော့အိဖြူနဲ့ကျန်တဲ့သူတွေအကုန်ရင်နီးသွားပြီလေ။

ဒီလိုနဲ့စားသောက်ပြီးကျောက်ပန်းတောင်းမြို့ကိုခရီးဆက်ခဲ့တယ်။

ထမင်းစားပြီးတော့အားလုံးနည်းနည်းငြိမ်သွားပြီ။ကားထဲကအဲကွန်းရဲ့အအေးဓာတ်လေးနဲ့ဗိုက်လေးပြီးအိပ်ချင်ကုန်ကြပြီလေ။

ကျောက်ပန်းတောင်းမြို့ရောက်တော့

နာမည်ကြီးရွှေလမင်းလ္ဘက်ရည်ဆိုင်

ဝင်ကြတယ်။ 

အားလုံးအပေါ့အပါးသွားကြ၊မျက်နာသစ်ကြပေါ့။

ပြည့်ဖြိုးကလ္ဘက်ရည်သောက်ရင်းပုဂံရောက်တဲ့အခါဘယ်မှာတည်းမလည်းအရင်စမေးတယ်။

အားလုံးကမသိဘူးပဲပြောကြတယ်။တည်းခိုခန်းခသက်သာအောင်ဘုန်းကြီးကျောင်းမှာတည်းခိုဖို့ယွန်းယွန်းကအကြံပြုတော့။

ပြည့်ဖြိုးကပဲအကုန်ကျသက်သာအောင်ဆိုရင်ပုဂံမြို့ဟောင်းမှာရှိတဲ့အာနန္ဒာဘုရားမြောက်ဘက်ကတောင်ကြီးကျောင်းတိုက်မှာတည်းဖို့အကြံဉာဏ်ပေးတယ်။

ပြည်ဖြိုးကသူတခါတည်းခိုဖူးတော့၊

"တောင်ကြီးကျောင်းတိုက်ကမိန်းခလေးသတ်သတ်၊ယောကျ်ားလေးသတ်သတ်အခန်းပေးတယ်ကွ"

"ရေချိုးလည်းသတ်သတ်စီပဲ၊ရေလောင်းအိမ်သာ၈လုံးပါတယ်ကွာ။သန့်ရှင်းတယ်၊ကားထားဖို့လည်းလုံခြုံစိတ်ချရတယ်"

"ပြီးတော့ကျောင်းထိုင်ဘုန်းကြီးက

အရမ်းသဘောကောင်းတယ်ကွ၊ဒို့အားလုံးစုပြီး၅သောင်းလောက်လှူကြမယ်လေ"

အားလုံးကကန့်ကွက်သူမရှိ။ပြည့်ဖြိုးစကားကိုခေါင်းငြိမ့်လိုက်ကြပြီးသဘောတူကြတယ်။

ယွန်းယွန်းက...

"အဲ့ဒါဆို...ပုပ္ပါးကအပြန်မှဝင်မှာလား"

မျိုးငြိမ်းသူက..

"အေး...အဲ့ဒါပိုကောင်းတယ်။

ပုပ္ပါးမှာလည်းငါတို့တစ်ညအိပ်မယ်လေ"

ကျန်တဲ့သူများကသဘောကျစွာ...

"ဝေးဟေးဟေး၊သဘောတူတယ်

သဘောတူတယ်ဟေ့"

အားလုံးရယ်မောပျော်ရွှင်စွာခရီးဆက်ခဲ့ရာ၊ညနေ၆နာရီခန့်တွင်ပုဂံမြို့ဟောင်းသရပါတံခါး၏အရှေ့ဘက်နှင့်မနီးမဝေးကအာနန္ဒာဘုရားကြီး၏မြောက်ဘက်တောင်ကြီးကျောင်းတိုက်သို့

အားလုံးချောချောမောမောရောက်ကြတယ်။

ကျောင်းတိုက်သို့ရောက်တော့ပါလာသည့်အဝတ်စားအိပ်များအောက်သို့ခဏချကာကျောင်းပေါ်သို့တက်၍ကျောင်းထိုင်ဆရာတော်ဘုန်းကြီးအား၂ညခန့်တည်းခိုခွင့်ပြုပါရန်ပြည့်ဖြိုးကဦးဆောင်ပြီးလျောက်ထားတယ်။

ဆရာတော်ကတည်းခိုမည့်လူဦးရေအရေအတွက်မေးမြန်းတယ်။ဘယ်အရပ်ဒေသမှလာပါသလဲဟုကောင်းစွာမေးမြန်း၍သိလိုသည်များသိရသောအခါတည်းခိုခွင့်ပြုပါတယ်။ 

မိန်းခလေးသတ်သတ်ယောကျ်ားလေးသတ်သတ်တခန်းစီပေးတယ်။ 

ပြည့်ဖြိုးတို့လူစုလည်းခေတ္တခဏနားကာရေချိုးအဝတ်စားလဲပုဂံမြို့၏အထင်ကရဖြစ်သောကျန်စစ်သားမင်းကြီး၏ကောင်းမှုတော်အာနန္ဒာသို့သွားဖူးကြတယ်။အာနန္ဒာဘုရားကသူတို့တည်းခိုရာကျောင်းတိုက်နဲ့ဆိုလမ်းလျှောက်သွားရုံနီးကပ်လျက်ရှိနေတယ်မဟုတ်လား။ 

      ____________

အခန်း(၃) 

နောက်တနေ့နံနက်မှာစီစဉ်ထားသည့်အတိုင်းမနက်၄နာရီထပြီးဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းကူးဖို့အတွက်ဗူးဘုရားရေဆိပ်ကိုချီတက်ခဲ့ကြတယ်လေ။

ရေဆိပ်ရောက်တော့မော်တော်မောင်းမဲ့သူကအသင့်စောင့်နေပြီးအနောက်ဘက်ကမ်းကိုပို့ပေးပါတယ်။

အနောက်ဘက်ကမ်းရောက်တော့တောင်ပေါ်လိုင်းကားစီးပြီးတန့်ကြည်တောင်ပေါ်တက်ခဲ့ကြတယ်။

တန့်ကြည့်တောင်ပေါ်ကစွယ်တော်မြတ်စေတီကိုပန်း၊ရေချမ်း၊ဆီမီးနှင့်သစ်သီးဆွမ်းကပ်လှူတယ်။

ပြီးတော့လိုရာဆုတောင်းပြီး

သူငယ်ချင်းတွေစုဓာတ်ပုံရိုက်တယ်။

နောက်အရှေ့ဘက်ကမ်းက ရွှေစည်းခုံ၊လောကနန္ဒာ၊တူရွှင်းတောင်(သို့)တုရင်တောင်စတဲ့စွယ်တော်လေးဆူဘုရားလေးဆူကိုနေ့လည်၁၂နာရီမထိုးခင်အစီအစဉ်တိုင်းအပြီးဖူးလိုက်ကြတယ်။

နောက်ဆုံးဖူးတဲ့တုရင်တောင်ကအပြန်လမ်းသင့်တဲ့ဓမ္မရာဇကဘုရားကြီးကိုဝင်ဖူးကြပြန်တယ်။

ဒီဘုရားကြီးကရွှေသင်္ကန်းကပ်ထားတာမကြာသေးဘူလေ။

အငြိမ်းစားဗိုလ်ချုပ်ကြီးခင်ညွန့်ဦးစီးပြီး

ပြန်လည်ပြုပြင်မွမ်းမံထားတာတဲ့။

ဘုရားကြီးရဲ့ဂေါပကရုံးခန်းမှာဓာတ်ပုံကြီးတစ်ပုံ၊ဘုရားဖူးလာသူများကိုထူးထူးခြားခြားချိတ်ဆွဲပြသထားတယ်။

အဲ့ဒီဓာတ်ပုံကစေတီတော်မြတ်ကိုဓာတ်ပုံရိုက်ရာကာနေဓမ္မရာဇကစေတီတော်ကြီးရဲ့အစောင့်အရှောက်စစ်သူကြီးပုံပေါ်နေတဲ့ဓာတ်ပုံကြီးပါ။

ပြည်ဖြိုးတို့အဖွဲ့လည်းတအံတဩနဲ့

လေ့လာခဲ့ကြတယ်။

အိဖြူကအငယ်ဆုံးဆိုပေမဲ့သူ့စိတ်ကမာတယ်။ရုပ်ဝါဒီသမား။ဘာဖြစ်ဖြစ်လက်တွေ့ကျမှယုံကြည်မယ်ဆိုတဲ့လူစားမျိုးပေါ့။မရင့်ကျက်သေးသည့်အရွယ်လည်းဖြစ်တယ်။

သူ့အဖေကမင်္ဂလာဒုံလေတပ်ကအင်ဂျင်နီယာဗိုလ်မှုး၊ပြီးတော့သူ့မေမေကခွဲစိတ်ဆရာဝန်တစ်ယောက်။

သူကိုယ်တိုင်ကမျက်မြင်ကိုယ်တွေ့မဟုတ်တဲ့ပရလောကဆိုတာကိုအယုံအကြည်မရှိဘူး။ဒါကြောင့်အဲ့ဒီဓာတ်ပုံကိုကြည့်ပြီးအဆင်ခြင်မဲ့ပြောချလိုက်တယ်။

"ဟားဟားလိမ်ဆင်တွေပါ၊မမရာ

ဓာတ်ပုံကိုကွန်ပျူတာနဲ့အဖက်လုပ်ပြီး

ပြင်ထားတာပါ"

အိဖြူအသံကအနည်းငယ်ကျယ်သွားတယ်ထင်ပါတယ်။ဓာတ်ပုံလာကြည့်သောဘုရားဖူးတစ်ချို့ကသူတို့အုပ်စုအားမနှစ်မြို့သလိုကြည့်သွားပြီးဘုရားထဲဝင်သွားကြတယ်လေ။

အဲ့ဒီမှာယွန်းယွန်းကသူ့ညီမကိုလက်ကုပ်ကာလူရှင်းသောနေရာတနေရာကိုခေါ်သွားတယ်။

လူရှင်းသည့်နေရာတွင်ယွန်းယွန်းက

သူ့ညီမအိဖြူအားအသံမာမာဖြင့်၊

"အိဖြူ.နင်မယုံရင်နင့်ဗိုက်ထဲထားအသံမထွက်နဲ့ဟဲ့၊ဘေးလူတွေရှိသေးတယ်"

အိဖြူ ခေါင်းငုံ့သွားတယ်။ယွန်းယွန်းကဆက်ပြီးသတိပေးစကားဆိုတယ်။

"နောက်ကိုတဖက်သားအနှောင့်အယှက်ဖြစ်စေမဲ့စကားမပြောမိပါစေနဲ့ကြားလား"

အိဖြူ နှင့်ယွန်းယွန်းကအသက်၃နှစ်လောက်ကွာတယ်။ပြီးတော့ယွန်းယွန်းတို့မိသားစုကချမ်းသာတယ်။ 

ယွန်းယွန်းမိဘများကအိဖြူမေမေကိုငယ်စဉ်ကစောင့်ရှောက်လာခဲ့ပြီးယခုအိဖြူဖေဖေဗိုလ်မှုးနဲ့ပေးစားခဲ့ကြတာတဲ့။

ဒါ့ကြောင့်အိဖြူမိဘများကယွန်းယွန်း၏မိဘများကိုယခုတိုင်လေးစားကြ၏။

ဒီတော့အိဖြူတစ်ယောက်လည်းအစ်မဖြစ်သူယွန်းယွန်းအားမကျေနပ်ပေမဲ့

ပြန်မပြောရဲဘူး။အသာယာခေါင်းငြိမ့်ပြကာ...၊

"ဟုတ်ကဲ့မမယွန်း၊သမီးနောက်မပြောတော့ပါဘူး"

အိဖြူကမျက်နှာလေးငယ်သွားသည်။ယွန်းယွန်းကပြောပြီးရှေ့ကထွက်သွားပြီ။အိဖြူ ရပ်ကျန်နေခဲ့တယ်။

သူတို့ညီအမကိုအကဲခတ်နေသည့်ဖြည့်ဖြိုးကိုအိဖြူကမြင်သွားတယ်။ရှက်ရွံစွာခေါင်းကိုငုံ့ချသွားရှာတယ်။

ပြည့်ဖြိုးကအိဖြူရှိရာသို့ပြေးသွားကာ

"လာ...ညီမလေး၊ဘာမှစိတ်မကောင်းမဖြစ်နဲ့၊ယွန်းယွန်းကအဲ့သလိုပဲပြောစရာရှိရင်ချန်မထားတတ်ဘူး၊ပွင့်လင်းတယ်"

ပြည့်ဖြိုးကညီအစ်မနှစ်ယောက်အကြားပြေလည်အောင်ဝင်ဖျန်ဖြေတဲ့သဘော။

အိဖြူ.ဘာမှမပြော၊ပြည်ဖြိုးနှင့်အတူစေတီကြီး၏လူရှင်းသည့်ဘက်ကိုထွက်လာခဲ့တယ်။

စေတီ၏မြောက်ဘက်ဇရပ်တဆောင်သို့အရောက်တွင်အိဖြူလှေကားထစ်ကိုခလုတ်တိုက်လဲမလိုဖြစ်သွားတော့။

"အို...အမေ့"

အိဖြူနောက်ကိုလန်အလဲတွင်၊နောက်ကပါလာတဲ့ပြည့်ဖြိုးကအရန်သင့်အိဖြူရဲ့ကိုယ်လုံးအိအိလေးကိုပွေ့လိုက်မိတာပေါ့။

ပြည့်ဖြိုးကချက်ချင်းပြန်မလွှတ်မိ။အိဖြူကိုယ်လုံးလေးကပြည့်ဖြိုးရင်ခွင်ထဲမှာလေ။

အိဖြူကမျက်လုံးလေးပြူးကာ၊ပြည့်ဖြိုးကိုမော့ကြည့်ရင်းရုန်းထွက်လိုက်တယ်။သူမပါးစပ်ကလည်းရှက်ရွံဟန်ဖြင့်...၊

"ဟာအကိုကလည်း"

အိဖြူတစ်ယောက်အရှက်သည်းကာမျက်နာလေးပန်းသွေးရောင်ရဲနေတော့။

ပြည့်ဖြိုးက...

"အာ...sorryညီမ၊အစ်ကိုအဲ့လိုမရည်ရွယ်ဘူး၊ညီမလဲကျမှာစိုးပြီးထိမ်းလိုက်တာပါ"

အိဖြူကတော့ပြည့်ဖြိုးအား မော့မကြည့်ပဲနှင့်၊

"အင်းပါ...အင်းပါ၊ရပါပြီအစ်ကိုရ..

ကျေးဇူးတင်ပါတယ်နော်"

ပြည့်ဖြိုးကအိဖြူရှက်နေမည်စိုး၍စကားလမ်းကြောင်းပြောင်းကာ၊

"လာ...ညီမလေး၊အစ်ကိုတို့ဇရပ်ပေါ်တက်ကြည့်ရအောင်နော်"

ဇရပ်ပေါ်ရောက်တော့သစ်သားပန်းပုရုပ်များ၊အုပ်ခွက်အကျိုးအပဲ့များစွာကို သစ်သားစင်တခုပေါ်မှာစီစီရီရီနဲ့တွေ့ရတယ်။

အိဖြူတယောက်ပြည့်ဖြိုးနောက်ကကပ်ပါလာပြီး အရုပ်များကိုလက်ဖြင့်ပွတ်သပ်ကိုင်ကြည့်နေပြန်တယ်။သူမအရှက်ပြေသေးဟန်မတူ။ဒါ့ကြောင့်သာ လုပ်မိလုပ်ရာလုပ်နေခြင်းဖြစ်မယ်။ 

ပြည့်ဖြိုးကတော့သူ့ဖုန်းကိုထုပ်ကာ

ကင်မရာဖြင့်အုပ်ခွက်များ၊သစ်သားပန်းပုရုပ်များကိုဓာတ်ပုံရိုက်နေတယ်။

ထိုသို့ရိုက်နေရင်းပြည့်ဖြိုးမသိမသာဖြင့်၊ဓာတ်ပုံခိုးရိုက်ရန်အိဖြူဘက်သို့လှည့်လိုက်တယ်။

အိဖြူကပြည့်ဖြိုးအခြေနေကိုမသိ။သစ်သားပန်းပုရုပ်တစ်ခုကိုလွန်စွာစိတ်ဝင်စားနေလေ၏။

အိဖြူ ကိုင်ကြည့်နေသည့်အရုပ်ကတစ်ပေခွဲခန့်ရှိလိမ့်မည်ထင်တယ်။

အရုပ်၏ပုံသဏ္ဍာန်ကားပုဂံခေတ်စစ်သားရုပ်တစ်ရုပ်ပင်။

လက်တဖက်ကိုအပေါ်မြှောက်ထားပြီး

ညာဘက်လက်ဖဝါးတခုကကနေသည့်ဟန်ကော့ထားတယ်။

ကျန်လက်တဖက်ကဆောင်ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီးခြေနှစ်ဖက်ကိုမြင်းထိုင်ထိုင်သလိုလှပစွာကွေးညွတ်ထားတယ်။

အဖျားကော့ထားသည့်၊လက်မှာနဂိုလ်ကတစ်ခုခုတင်ထားဟန်ရှိတယ်။ခန့်မှန်းရတာတော့ဆီမီးခွက်တင်ခဲ့ဟန်တူပါတယ်။

အိဖြူကပန်းပုရုပ်ကိုဖင်လှည့်ခေါင်းလှည့်သေချာလေ့လာနေတယ်။အတော်လေးစိတ်ဝင်စားနေဟန်တူတယ်။

"ဟော...တွေ့ပြီ"

အိဖြူ  အားရဝမ်းသာအသံထွက်လာရင်းပြည့်ဖြိုးဘက်ကိုသူမလက်ဖြင့်ရမ်းခါအပြတွင်သူမကိုင်ထားသည့်အဖျားကော့နေသောလက်တဖက်မှာ၊

ကျွတ်..ဖြောက်..

ရုတ်တရက်အိဖြူကြောင့်လက်တဖက်ကျိုးသွားတယ်။ကျိုးသွားတဲ့လက်လည်းအောက်သို့ကျသွားတယ်။အရုပ်လည်းစင်ပေါ်ကနေပြုတ်ကျသွားတယ်။

ဘုတ်...ဂလုပ် 

"အဲတော့ကျိုးသွားပြီ၊ဒုက္ခပဲအဟင့်"

အိဖြူကသူမကြောင့်ကျိုးကျသွားတဲ့လက်တစ်ဖက်ကိုပြန်အကောက်မှာ...

"အား...အံမယ်လေးလေး..."လို့အသံတခုခပ်တိုးတိုးလေးကြားလိုက်ရတယ်။သေချာကိုကြားလိုက်ရတာ။

အိဖြူရဲ့မျက်လုံးလေးကပြူးစက်ဝိုင်းလည်သွားတာပေါ့။

အိဖြူ  သူမလက်ထဲကအဖျားကော့နေသောအရုပ်လက်တဖက်ပြတ်ကြီးကိုင်ကာကြောင်အမ်းအမ်းနဲ့အသံရှင်ကိုရှာဖွေတယ်။ဒါပေမဲ့လို့သူ့အနီးမှာပြည့်ဖြိုးကလွဲပြီးဘယ်သူမှရှိမနေဘူး။ပြည့်ဖြိုးကသူမကိုဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်နေတယ်။ပြည့်ဖြိုးအသံမဟုတ်ဘူးဆိုတာသူမသိတယ်။

အသိစိတ်ပြန်ကပ်လာတော့သူမလက်ထဲကအရုပ်လက်တဖက်ကိုဇရပ်၏ညာဘက်ထောင့်သို့အလန့်တကြားပစ်လိုက်တယ်။

မြေပြင်ပေါ်ကျနေသောပန်းပုရုပ်ကိုယ်ထည်ကိုအိဖြူအမြန်ကောက်ကာစင်ပေါ်ပြန်တင်လိုက်ပါတယ်။

အဲ့ဒီအချိန်မှပြည့်ဖြိုးကပန်းပုရုပ်များတင်ထားသည့်စင်တွင်ကပ်ထားသောသတိပေးဆိုင်းဘုတ်သေးသေးလေးကိုဖတ်မိသွားတယ်။

ကိုင်တွယ်မကြည့်ရတဲ့။

အိဖြူကဘာလို့လွှင့်ပစ်လိုက်လဲဆိုတော့ဇရပ်အနီးသို့ နောက်ဝင်လာတဲ့ဘုရားဖူးဧည့်သည်များရောက်လာတော့မှာကိုမြင်လိုက်ရသောကြောင့်ပင်။

အိဖြူကပြည့်ဖြိုးလက်ကိုဆွဲကာထိုနေရာမှသုတ်သီးသုတ်ပျာဖြင့်ကားရှိရာသို့ထွက်လာခဲ့တယ်။

ကားစီသို့ရောက်သောအခါလူကမစုံသေး။ယွန်းယွန်းလည်းမရောက်သေး။

အအေးသောက်နေသည့်မျိုးငြိမ်းသူနှင့်သက်ပိုင်စိုးတို့ကိုတွေ့ရတယ်။

အဲ့ဒီနှစ်ယောက်ကပြည့်ဖြိုးလက်ကိုဆွဲလာသောအိဖြူအားကြည့်ကာဘာလားညာလားထင်သွားပုံရတယ်။

စပ်ဖြီးဖြီးနဲ့၊

"ဟိတ်ကောင်လေးလက်ကိုလွှတ်လိုက်"ဆိုပြီးလှမ်းအော်စကြတယ်။

အိဖြူကအဲ့ခါကျမှ..ပြည့်ဖြိုးလက်ကိုလွှတ်ဖို့သတိရသွားပြီးဆတ်ကနဲလွှတ်လိုက်တယ်။

ပြီးတော့ ပြည့်ဖြိုးဘက်သို့မျက်ရိပ်မျက်ကဲပြကာ၊ခုနကကိစ္စကိုမပြောရန်တိုးတိုးပြောတယ်။ 

ပြည့်ဖြိုးလည်းအင်းပါဟုခေါင်းငြိမ့်ပြလိုက်တယ်လေ။

တအောင့်လောက်ကြာတော့၊လူစုံပြီ။ဒါနဲ့သူတို့အဖွဲ့မနုဟာဘုရားဘက်ကို

ဆက်ထွက်ခဲ့တယ်ပေါ့။

အင်း...နေ့လယ်၂နာရီထိုးလုပြီလေ။

     ______________

အခန်း(၄)

သူတို့မနူဟာဘုရားကိုရောက်ပြီ။မနူဟာဘုရားကိုဖူးပြီးဘုရားကြီးရဲ့

တောင်ဘက်ဘေးကနေပြည့်ဖြိုးတယောက်တည်းသဲကျောက်နဲ့ဆောက်ထားတဲ့နန်းဦးဘုရားကိုသွားကြည့်တယ်။

အဲ့ဒီဘက်ကျတော့လူပြတ်တယ်။နန်းကျဘုရင်မနုဟာမင်းကြီးရဲ့အကျဉ်းစံဘဝကမွန်းကြပ်ခက်ခဲကြောင်းဖွင့်ဟလှစ်ဆိုပြထားတဲ့ပြယုဒ်တွေကြည့်ပြီး၊စာနာမွန်းကြပ်လာလို့အေးအေးလူလူနဲ့ဘယ်သူ့မှမပြောပဲထွက်လာခဲ့တာဖြစ်တယ်။

ပြည့်ဖြိုးပြန်စဉ်းစားနေတယ်။ခုနကဓမ္မရာဇကဘုရားထဲကဇရပ်မှာအိဖြူကြောင့်လက်ကျိုးသွားတုန်းက

သူ့နားထဲမှာနာနာကျင်ကျင် အား..အမယ်လေးလို့အော်သံသဲ့သဲ့ကိုကြားမိသလိုပဲ။

ဒါပေမဲ့နောက်ဝင်လာတဲ့ဘုရားဖူးတွေရဲ့စကားသံများကြောင့်သူကြားရတဲ့

အသံကိုဇဝေဇဝါဖြစ်နေရှာတယ်။

မနေ့ညကညဥ့်နက်တဲ့အထိမအိပ်ပဲ၊ဂိမ်းကစားမိတော့အိပ်ရေးပျက်ထားတယ်။ဒါကြောင့်ထင်ယောင်ထင်မှားဖြစ်ကာနားကြားလွဲတာ ဖြစ်နေမလား။

"အစ်ကို...ဒီရောက်နေတာလား"

အိဖြူတစ်ယောက်နောက်မှာရောက်နေတာတောင်ပြည့်ဖြိုးမသိလိုက်ဘူး။အသံပေးမှလှည့်ကြည့်မိတယ်။

"အော်...အိဖြူ ညီမတယောက်ထဲလား၊ဘယ်သူမှမပါဘူးလား"

"မဟုတ်ဘူးအစ်ကို။တဖွဲ့လုံးပါတယ်။အိဖြူကနေပူလို့ပြေးလာလိုက်တာ

မမတို့နောက်မှာပါပါတယ်.."

"ဟေ့ကောင်မလေးကိုလွှတ်လိုက်ဟားဟားဟား"

လာပါပြီ။အာကျယ်မျိုးငြိမ်းသူ။အနှောင့်မလွတ်၊အသွားမလွတ်စရင်းနောက်ရင်းပြေးလာနေတာတွေ့လိုက်ရတယ်။

ပြေးရမှာပဲလေဘုရားကြီး၏ရင်ပြင်ကနေပူဒဏ်ကြောင့်ခြေဖဝါးကျက်အောင်ပူလွန်းလှသကိုး။

အာလုံးစုံတော့ကျနော်တို့ဘုရားဝင်းအတွင်းကမန်းကျီးပင်ကြီးရဲ့အရိပ်မှာသွားထိုင်ပြီးနားကြတယ်။

ကြီးမားတဲ့မန်ကျီးပင်ကြီးအောက်မှာ

၂ယောက်တဝိုင်း၊၃ယောက်တဝိုင်း

ထိုင်ကာအမောဖြေရင်းနဲ့၊

စကားတွေပြောစကြနောက်ကြနဲ့

ပုဂံရဲ့အပူကိုခဏမေ့ထားလိုက်ကြတယ်။

ပြည်ဖြို့းရှိရာကိုအိဖြူရောက်လာပြီးမေးတယ်။

"အစ်ကိုခုနဇရပ်ထဲမှာပန်းပုရုပ်လက်ကျိုးတုန်းကအသံတခုခုကြားမိသေးလား.."

ဟမ်!

ပြည့်ဖြိုးအံ့ဩသွားတာပေါ့။

အိဖြူကဆက်ပြောတယ်။

"အိဖြူ နားနဲ့ဆတ်ဆတ်ကြားခဲ့မိတာ၊

အဲ့ဒါအိဖြူတယောက်တည်းပဲကြားမိ

သလားလို့ပါ"

ပြည်ဖြို့းကသူအမှန်တိုင်းပြောလိုက်ရင်အိဖြူ ကြောက်သွားမလားဆိုပြီး

အိဖြူကိုကြည့်လိုက်တော့...။

အိဖြူပုံစံကခပ်အေးအေးပင်။ဘာကိုမှစိုးရိမ်ပုံမပေါ်ပဲသိချင်တာမေးသည့်ခလေးတယောက်လိုပင်။ဒါနဲ့ပြည့်ဖြိုးက

"အင်းအစ်ကိုလည်းကြားလိုက်မိတယ်အိဖြူ"

အိဖြူအံဩဟန်မပြ။ခေါင်းတဆတ်ဆတ်ငြိတ်ကာ...။

အင်းဟူသောစကားကိုသံရှည်ပြုငြီးငြူရင်း၊သူ့ထံမှထောက်ခံချက်တောင်းခံ၏။

"အင်း...တခုခုတော့လွဲချော်နေတာပဲဖြစ်မှာပါ အကိုရာနော့"

"သက်မဲ့ပန်းပုရုပ်ကတော့အသံမထွက်နိုင်ဘူးညီမလေးရ၊ဒါပေမဲ့အစ်ကိုလည်းတခါမှမကြုံဖူးတော့..."

ထိုစဉ်အိဖြူအစ်မယွန်းယွန်းရောက်လာပြီး 

"ဟိတ်...ဟို၂ယောက်၊ဘာတွေတိုးတိုး တိုးတိုးပြောနေကြတာလဲ။ဟိုကောင်ပြည့်ဖြိုးနော်၊ငါ့ညီမကို ကြူမနေနဲ့၊ငါ့ညီမမှာမိဘကသဘောတူထားတဲ့သူရှိပြီးသား"

ဟားဟားဟား

ယွန်းယွန်းကအတည်ပေါက်နောက်တတ်တယ်။နောက်ပီးရင်လည်းသူ့ဘာသာရယ်တတ်သေးတယ်။

ပြည့်ဖြိုးလည်းသူ့အလိုက်သင့်ပဲရယ်နေလိုက်မိတယ်။ပြီးတော့အိဖြူကိုတချက်ခိုးအကြည့်တွင်အကြည့်ချင်းဆုံမိ၍ 

ရင်တွေကထူးထူးခြားခြားခုန်နေသလိုပင်။အိဖြူကတော့ဟန်ဆောင်ကောင်းသည်လားမဆိုနိုင်။တည်ငြိမ်လွန်းလှတယ်။

        _________

အခန်း(၅)

အနီးနားကဘုရားတွေဝင်ဖူးပြီးညနေ၃နာရီလောက်မှာတည်းခိုရာတောင်ကြီးကျောင်းတိုက်ကိုပြန်နားကြတယ်။

ရာဇကုမာရကျောက်စာရှိတဲ့မြစေတီ..

ထီးလိုမင်းလို..အလိုတော်ပြည့်..ဂေါတော့ပလ္လင်..စူဠာမဏိ...နန်းဦးစေတီ..မင်္ဂလာစေတီ စသည်တို့ကိုဖူးပြီးသွားပြီ။

ညနေကျမှ...ကမ္ဘာကျော်ပုဂံနေဝင်ချိန်ကိုကြည့်ဖို့ပြသာဒ်ကြီးဘုရားခေါ်

ပြဿသဒါဘုရားကိုညနေ၅း၀၀နာရီပြနာထွက်ကြဖို့သဘောတူခဲ့ကြတယ်။

ကိုယ့်အခန်းကိုပြန်ကြတော့၊အိဖြူကခါင်းကိုက်နေသည်ဟုဆိုသဖြင့်ပြည့်ဖြိုးကဘိုင်အိုဂျက်ဆစ်ပြေးဝယ်ပေးလိုက်တယ်။

အားလုံးလည်းအပြင်မှာနေပြင်းသောကြောင့်ပင်ပန်းပြီးခနလှဲနေလိုက်ကြတယ်။

ယွန်းယွန်းတို့မိန်းခလေးတွေလည်း

အဝတ်စားလဲကာ၎င်းတို့ရိုက်လာသည့်ဓာတ်ပုံများကိုကြည့်ကာလှတယ်မလှဘူးငြင်းခုံနေကြတယ်။

တယောက်နဲ့တယောက်တိုးတိုးတိုးတိုးဖြင့်ကြိတ်ကာရီမောနေကြတယ်။

ခေါင်းကိုက်သည်ဟုဆိုသောအိဖြူကတော့သူ့အိပ်ယာမှာလှဲကာနေသည်။

 မကြာခင်အိဖြူတစ်ယောက်အိပ်ပျော်သွားတယ်နဲ့တူပါတယ်။ဘာသံမှထွက်မလာတော့ဘူး။

အိဖြူ အိပ်ပျော်သွားတာဘယ်လောက်ကြာမှန်းမသိ။ 

အိပ်ယာကနိုးတော့သူမဘုရားပွဲတော်ကြီးတစ်ခုကိုရောက်သွားတယ်။ဘုရားပွဲမှာအလွန်စည်ကားလွန်းတယ်။

ဘုရားကြီးကိုအိဖြူ ဖူးမြော်ရန်စေတီကြီးကိုမော့အကြည့်တွင်၊ထိုစေတီကြီးမှာသူမရောက်ဖူးသလိုလိုဖြစ်နေတယ်။ဘယ်လိုစဉ်းစားစဉ်းစားအိဖြူ.မမှတ်မိချေ။

ပွဲဈေးတန်းဘက်ကိုတစ်ယောက်ယောက်ကဆွဲခေါ်နေသလိုအိဖြူလျှောက်သွားမိနေတယ်။

ပွဲဈေးတန်းကြီးကရှည်လျားစွာခင်းကျင်းထားတယ်။အဝတ်အထည်ဆိုင်များ

အိုးခွက်ပန်းကန်များရောင်းချသည်ကိုလည်းတွေ့ရတယ်။

ထန်းရွက်ဖြင့်ပြုလုပ်သောတောင်းများ၊

ပလုံးများဖျာများရောင်းသည့်ဆိုင်တွေ

သံသေတ္တာများ၊ကလေးကစားစရာအရုပ်များရောင်းသည့်ဆိုင်များတန်းစီနေပါတယ်။

မုန့်ဈေးတန်းကြီးကလည်း၊အညှော်နံများဖြင့်တရှဲရှဲကြော်လှော်နေကြသတယ်။

သို့နှင့်အိဖြူတစ်ယောက်လမ်းလျှောက်လာလိုက်တာ၊လူများစွာကြည့်နေသောပြဇာတ်ကနေသည့်ဇာတ်စင်တခုအနီးသို့ရောက်သွားပါတယ်။

ထိုအခိုက်....

ဇာတ်စင်အရှေ့မှလူအုပ်ကြီးဝေါကနဲပြိုဆင်းလာတယ်။လူငယ်လူရွယ်များရန်ဖြစ်ကြပုံပဲ။

ခိုက်ရန်ဖြစ်ပွားသောလူငယ်များမှာတုတ်တွေခဲတွေနှင့်မို့ထိမိခိုက်မိမည်စိုးရိမ်၍လူတွေရှောင်ထွက်လာပုံပင်။

အိဖြူ ကြောင်အမ်းအမ်းဖြင့်ရပ်နေစဉ်

သူ့လက်တဘက်ကိုလူတစ်ယောက်ကဆတ်ကနဲဆွဲခေါ်သွားခြင်းခံလိုက်ရတယ်။

အိဖြူလည်းထိုလူဆွဲခေါ်ရာသို့တရွတ်ဆွဲမတတ်ပါသွားတယ်။

အိဖြူခမျာကြောက်လွန်းလို့ရင်တွေတဒိန်းဒိန်းခုန်နေတာပေါ့။

လူရှင်းသည့်နေရာရောက်မှထိုလူကအိဖြူလက်အားလွှတ်ပေးတယ်။အိဖြူလည်းအသက်ရှုမှန်အောင်ခေတ္တခဏနားလိုက်ရတယ်။

ထို့နောက်အိဖြူ သတိရကာထိုလူကိုကြည့်လိုက်တော့...

အိဖြူ အံဩသွားတာပေါ့။

သူမကိုလက်ဆွဲခေါ်လာတာကိုပြည့်ဖြိုး။

"အစ်ကို အိဖြူ နောက်လိုက်လာတာလား"

ပြည့်ဖြိုးကစကားပြန်မပြော။အိဖြူကိုစိုက်ကြည့်နေတယ်။ပြည့်ဖြိုးမျက်လုံးတွေကဘယ်လိုကြီးမှန်းမသိဘူး။အရင်လိုနွေးထွေးမှုမရှိဘူးလို့အိဖြူ ခံစားလိုက်ရတယ်။

"အစ်ကို အစ်ကို၊ဘယ်လိုဖြစ်နေတာလဲ။အိဖြူကိုမမြင်ဖူးတဲ့သူအတိုင်းပဲ

စူးစူးကြီးကြည့်နေတာ။အိဖြူကြောက်လာပြီနော်။အဲ့သလိုမကြည့်ပါနဲ့"

ပြည်ဖြိုးကဘာမှပြန်မပြောဘူး။အိဖြူအနီးတိုးလာကာ၊

"ငါ့လက်... ပြန်ပေး

ငါ့လက်ကို ခုပြန်ပေး

ငါ့လက်ပြန်ပေးပါ..."

သူမတခါမှမကြားဖူးတဲ့အသံဩဩကြီးနဲ့ပြောလာတော့၊အိဖြူနောက်ဆုတ်ရင်း

"ရှင်!ဘယ်လက်ကိုပြောနေတာလဲ၊

အစ်ကို  အိဖြူကိုမနောက်ပါနဲ့နော်၊

အိဖြူ တကယ်ကြောက်လာပြီ"

ပြည့်ဖြိုးမျက်နှာကြီးကတကယ်လည်း

ကြောက်စရာကောင်းလာသည်ဟုအိဖြူထင်မိတယ်။

ရွေ့လျားမှုမရှိတဲ့မျက်လုံးအသေကြီးမှာ၊အိဖြူကိုစားတော့ဝါးတော့မလို

အန္တရာယ်တစုံတခုပေးတော့မလိုလို။

သူ့ပါးစပ်ကပြောသည်မှာ..

"ငါ့လက်ကိုပြန်ပေးပါ

 ငါ့လက်...ပြန်ပေးပါ

 ငါ့လက်ကိုပြန်ပေးပြန်ပေး"

အိဖြူ.တကယ်ကြောက်လန့်လာပြီးမျက်စိကိုစုံမှိတ်လိုက်သလို၊ပြည့်ဖြိုးကိုလည်းအော်ဟစ်လိုက်မိတယ်။

"မရှိဘူး...မရှိဘူး၊ဘာလက်မှမရှိဘူး...မသိဘူး။သွား...သွားငါ့အနားကထွက်သွား"

ပြည့်ဖြိးထံမှအသံတိတ်သွားတယ်။ဒါနဲ့ အိဖြူ မျက်လုံးကိုမရဲတရဲဖွင့်ကြည့်လိုက်တော့...

ဟင်!

သူ့ရှေ့မှာကပြည့်ဖြိုးမဟုတ်တော့ပဲ၊ 

ရှေးပုဂံခေတ်ကအဝတ်အစားနဲ့

စစ်သည်တစ်ယောက်ရပ်နေတာမြင်လိုက်ရတယ်။

လက်တစ်ဖက်ကဓားကိုကိုင်ထားပြီး

လက်တဖက်ကတော့လက်မောင်းရင်းမှပြတ်ထားဟန်တူသည်။

လက်တစ်ဖက်မပါပဲသူမအားစိမ်းစိမ်းကြီးကြည့်၍ဒေါသတကြီးအော်လိုက်တယ်။

"နင်လွှင့်ပစ်လိုက်တဲ့လက်လေ၊နင့်ကြောင့်ပြတ်သွားတဲ့လက်၊ငါ့လက်ကိုပြန်ပေးပါ၊ငါ့လက်ပြန်ပေးပါငါ့လက်ပြန်ပေးပါ"

အိဖြူ.ဇောချွေးပြန်လာပြီးကြောက်လန့်တကြားနဲ့

"အံမယ်လေးကယ်ကြပါအုံး 

မမယွန်းရေ...သမီးကိုကယ်ပါအုံး"

ထိုလက်ပြတ်ပုဂံစစ်သားကြီးကိုလည်း

"မရှိဘူး၊မသိဘူး၊ဘာလက်မှမရှိဘူး"

"သွား..သွား...ထွက်သွား"

သူမ မျက်စိစုံမှိတ်၍အော်ဟစ်လိုက်တယ်။အဲ့ဒီအချိန်သူမကိုယ်ပေါ်ကိုလက်တစုံကျလာပြီး...

ဟဲ့...အိဖြူ  အိဖြူ

ညီမလေး...အိဖြူ

ဘာတွေအော်နေတာလဲ

အိဖြူ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

အိဖြူ တကိုယ်လုံးချွေးတွေရွှဲစိုနေတယ်။အိဖြူ  ကြောင်တောင်တောင်နဲ့

အိပ်မက်မှနိူးထလာတာပေါ့။

မျက်လုံးလေး...ပေကလပ်ပေကလပ်နဲ့အစ်မယွန်းယွန်းကိုကြည့်ကာ

"ညီမလေး...အိပ်ပျော်သွားတယ်။အိပ်မက်မက်နေတာမမ၊အိပ်မက်ကကြောက်စရာကြီး..."

ယွန်းယွန်းက..သက်ပြင်းချကာ

"အမယ်လေး..အိဖြူရာမမဖြင့်လန့်သွားတာပဲ၊ကဲပါထတော့မျက်နှာသစ်လိုက်၊အဝတ်စားလဲပြီးမမတို့

ပုဂံနေဝင်ဆည်းဆာသွားကြည့်ရအောင်၊အားလုံးကစောင့်နေကြပီ၊မြန်မြန်လုပ်ညီမလေးရေ"

ရင်ခုန်မပြယ်သေးသောအိဖြူ ထထိုင်လိုက်ပြီးသက်ပြင်းကိုမှုတ်ထုတ်လိုက်တယ်။ 

တကယ်ပဲ အိပ်မက်လား၊အိပ်မက်ဆိုရင်စွဲလန်းလို့မက်တာလား၊ 

ဒါမမဟုတ် တမင်သက်သက်သူမအားသတိလာပေးတဲ့အိပ်မက်လားဆိုတာ...။

       __________

အခန်း(၇)

ပြသာဒ်ကြီးဘုရားခေါ်ပြဿသဒါးဘုရားရင်ပြင်ပေါ်ကနေအနောက်ဖက်နေဝင်ဆည်းဆာကြည့်တဲ့ပြည်တွင်းကဘုရားဖူးတွေရော၊ပြည်ပကဘုုရားဖူးတွေရောပြဿဒါးဘုရားအပေါ်ရင်ပြင်မှာပြည့်ကြပ်နေတယ်။

ပြည့်ဖြိုးတို့လည်း လွတ်တဲ့နေရာတနေရာကနေပုဂံနေဝင်ချိန်အလှကိုတမေ့တမောခံစားခဲ့ကြတယ်။

ပြဿဒါးဘုရားကနေအပြန်မှာစူဠာမဏိစေတီတော်နဲ့ပိရမစ်အဆောက်အုံနဲ့တူတဲ့အရှေ့တိုင်းပိရမစ်လို့ခေါ်တဲ့ဓမ္မရံကြီးဘုရားကိုဝင်ဖူးခဲ့ကြတယ်။

ဓမ္မရံကြီးဘုရားဒါယိကာရဲ့ရက်စက်မှု

တွေကိုတွေ့ရတော့ပဒေသရာဇ်စနစ်ရဲ့သက်ဦးဆံပိုင်တွေလက်အောက်ကနင်းပြားပြည်သူတွေဘဝကိုတွေးပြီးအာဏာရှင်စနစ်ကိုနာကြဉ်းမုန်းတီးမိတယ်။

ညနေ၆း၄၅လောက်မှာ၊သူတို့ကားလေးဟာစူဠာမဏိဘုရားရဲ့မြေနီလမ်းလေးကနေကားလမ်းမပေါ်အထွက်မှာလမ်းမှားပြီး၊နေ့လယ်တုန်းကအိဖြူပြဿနာဖြစ်ခဲ့တဲ့၊ဓမ္မရာဇကဘုရားဘက်ကိုရောက်လာခဲ့ကြတယ်။

လမ်းမှားချင်စရာပဲလေ။

ဘယ်နေရာကြည့်စေတီပုထိုးတွေကြည့်ပဲ။

လမ်းကလည်းလမ်းညွှန်အမှတ်သားမတွေ့ရဘူး။မောင်းရင်း...လမ်းရှာရင်းနဲ့

ဓမ္မရာဇကဘုရားဘက်ကိုရောက်ဖြစ်အောင်ကိုရောက်သွားတယ်။

ကားဆရာက...ရယ်မောကာ..

"ဘုရား၂ခါဖူးရတာပေါ့ကွာ၊အပြန်ကို

မြို့သစ်လမ်းကနေပြန်ကြတာပေါ့၊အဲ့ဒါဆိုလမ်းမှားစရာမရှိတော့ပါဘူး၊ဦးလေးလည်းကားမောင်းစားတာအိုတောင်နေပြီ၊ဒါမျိုးတခါမှလမ်းမမှားဖူးဘူးကွ"

အဲ့ဒီဓမ္မရာဇကဘုရားနားရောက်တော့လက်တွေ့မှယုံတတ်ပါသည်ဆိုသောအိဖြူတစ်ယောက်ကတော့ မျက်နှာပျက်ကာတုန်တုန်ရီရီစဖြစ်လာတယ်။

ပြည့်ဖြိုးကအိဖြူကိုအကဲခတ်နေတယ်။သူဘာလုပ်မလဲပေါ့။အိဖြူကပြည့်ဖြိုးကိုသတိမထားမိဘူး။

အိဖြူကားရပ်တော့ဆင်းသွားတယ်။ပြီးတော့နေ့လယ်ကသွားခဲ့တဲ့ဇရပ်ဘက်ကိုထွက်သွားတယ်။တယောက်ထဲသွားတာနော်။ဘယ်သူမှအဖော်မခေါ်ဘူး။

ပြည့်ဖြိုးက အိဖြူရဲ့မူပျက်နေဟန်ကိုကြည့်ပြီးမသင်္ကာဘူး။ဒါကြောင့်လိုက်သွားမယ်အလုပ်မှာ၊

"ဟေ့ကောင်...ကုပ်ချောင်းချောင်းနဲ့ဒါကဘယ်ကိုလဲ"

မျိုးငြိမ်းသူ။မျိုးငြိမ်းသူကပြည့်ဖြိုးနဲ့အိဖြူကိုတမျိုးထင်နေတာလေ။ပြည့်ဖြိုးကမျိုးငြိမ်းသူကိုအသာလက်ကုပ်ပြီးခေါ်လာတယ်။တော်နေကြာအိဖြူကိုမျက်ခြေပြတ်သွားမှာလည်းစိုးရတယ်မဟုတ်လား။

အိဖြူနောက်ကိုလိုက်ကြတယ်။ 

ပြည့်ဖြိုးနဲ့မျိုးငြိမ်းသူအိဖြူကိုမှီတော့...

အိဖြူကြည့်ရသည်မှာလမ်းလျှောက်နေတာနှင့်မတူညနေစောင်းအမှောင်ကြီးစိုးလုလုမှာလေထဲဝဲနေသလိုပင်...

အိဖြူ တန်းတန်းမတ်မတ်ကြီးဇရပ်ထဲကိုဝင်သွားတယ်။သေချာပြီ၊အိဖြူဟာသူ့စိတ်သူထိမ်းချုပ်မှုမဲ့နေတယ်။တစုံတရာကလှမ်းခေါ်လို့ဝင်သွားရသည့်ဟန်။

ပြီးတော့...အိဖြူဟာ နေ့လယ်ကပန်းပုရုပ်စင်အနားတိုးကပ်သွားပြန်တယ်။

ပြည့်ဖြိုးကမျိုးငြိမ်းသူကိုဘာစကားမှ

မဟရန်လက်ဟန်ခြေဟန်နဲ့ပြထားလိုက်တယ်။

အိဖြူဟာအရုပ်စင်နားမှာတစ်ယောက်ထဲစကားတွေပြောနေတာကို၂ယောက်သားတွေ့လိုက်ရတယ်။

ပြီးတော့ဇရပ်ထဲမှာအရိပ်မည်းတစ်ခု

အိဖြူအနားဝဲလည်ခတ်နေတာလည်း

အံအားသင့်စွာမြင်လိုက်ကြရတယ်။..

ခဏလောက်ကြာတော့ အိဖြူဆီကဝူးဝူးဝါးဝါးနဲ့မပီမသအသံကျယ်ကြီးကြားလိုက်တယ်။ 

အိဖြူ လဲကျသွားတာတွေ့လိုက်တော့ပြည့်ဖြိုးနဲ့မျိုးငြိမ်းသူတို့နှစ်ယောက်အိဖြူ လဲကျရာဇရပ်ထဲအတင်းပြေးဝင်ခဲ့

ကြတယ်။ 

သို့သော်လဲကျနေသည့်နေရာရောက်တော့သူတို့နှစ်ယောက်စလုံးအိဖြူကိုပဲတွေ့ရတယ်။ 

အရိပ်မည်းကြီးကိုတော့မမြင်ရတော့ဘူး။ဘယ်ကိုရောက်သွားသလဲဆိုတာလဲသူတို့နှစ်ယောက်စလုံးအဖြေရှာမရကြဘူး။

ပြည့်ဖြိုးကလဲနေတဲ့အိဖြူကိုပွေ့ထူလိုက်တယ်။

ပါးစပ်ကလည်းအိဖြူ အိဖြူလို့ခေါ်တယ်။

ဘယ်လိုကနေဘယ်လိုသိပြီးလိုက်လာကြလည်းမသိပါဘူး။အိဖြူအစ်မယွန်းယွန်းတို့ရောသူတို့တဖွဲလုံးအကုန်ရောက်လာကြတယ်။

အိဖြူကိုသူတို့နိူးကြတယ်။မနိူးလာဘူးမေ့မျောနေသလိုပဲ။ဒါနဲ့မျိုးငြိမ်းသူက

ယွန်းယွန်းလက်ထဲကရေသန့်ဗူးယူပြီး

အိဖြူမျက်နှာကိုရေနဲ့တောက်ကာနိူးတယ်။

အိဖြူ မျောနောရာကလူးလွန့်လာတယ်။ဒါပေမဲ့အိဖြူကအိဖြူမဟုတ်တော့ဘူး။

မျက်ဆံမည်း၂ခုကဘယ်ညာရွေ့ရှားမှုမရှိ။မျက်လုံးသေကြီး။ 

ပါးစပ်ကလည်းပြန်ပေးပြန်ပေး

လို့ဗလုံးဗထွေးရွတ်နေတယ်။

အိဖြူခန္ဓာကိုယ်ဟာတသိမ့်သိမ့်တုန်ရီနေပြီးသူတို့ကိုတစိမ်းတွေလိုကြည့်နေတယ်။

ယွန်းယွန်းက...

"ညီမလေး..သတိထားလေ

ဘာဖြစ်တာလဲ..မမယွန်းကိုပြော

ဘာလုပ်ပေးရမလည်း.."

အိဖြူကတော့ခေါင်းကိုဘယ်ညာယိမ်းထိုးလျှက်...

"ပြန်ပေး....

ငါ့လက်ပြန်ပေး

ငါလက်..ပြန်ပေးပါ

ငါ့လက်...ပြန်ပေးကြ..."

ဆိုတာကိုပဲတတွတ်တွတ်ရေရွတ်နေလေတယ်...။

အဲ့ဒီအချိန်ဓမ္မရာဇကစေတီတော်ကြီးရဲ့ဂေါပကလူကြီးဖြစ်ဟန်တူသူဘုရားလူကြီးတစ်ဦးနှင့်လုံခြုံရေးတစ်ချို့ရောက်လာတယ်။

ထိုလူကြီးကအဖြစ်အပျက်ကိုမြင်ပြီး

"ကဲ...ကဲ...ဒီတိုင်းမရဘူးခလေးတို့၊

မင်းတို့.သူငယ်ချင်းကို...ခေါ်ခဲ့ကြ၊

ဦးလေးဘုန်းကြီးကျောင်းကိုလိုက်ပို့ပေးမယ်၊လာကြ...လာကြ..."

သူတို့လည်းအိဖြူကိုဘယ်ညာညှပ်ထိန်းကာဘုရားလူကြီးခေါ်သွားတဲ့ဘုန်းကြီးကျောင်းကိုရောက်လာခဲ့ကြတယ်။

ဘုန်းကြီးကျောင်းရောက်တော့ထိုလူကြီးဘဲကျောင်းထိုင်ဆရာတော်ကိုဖြစ်ကြောင်းကုန်စင်လျှောက်ထားကာအကူအညီတောင်းခဲ့တယ်

ဆရာတော်ကကျောင်းထဲရှိအခန်းနေဦးဇင်းများကိုကိုရင်တစ်ပါးအားပင့်ခိုင်းလိုက်ပါတယ်။

ဦးဇင်းတွေရောက်လာတဲ့အခါအိဖြူကိုဘုရားစင်အရှေ့ထားကာသံဃာတော်များကပရိတ်ရွတ်ဖတ်ကြတယ်။

အိဖြူရဲ့ခန္ဓာကိုယ်ထဲရှိတဲ့အမှောင့်ပယောဂမှာမီးလိုနေလိုပူပြင်းဟန်ရှိသည်။

လူးလိမ့်ကာ

"အမယ်လေး...ပူတယ် ပူတယ်

တော်ပါတော့ပူလှပါပြီ။ကြောက်ပါပြီမရွတ်ဖတ်ကြပါနဲ့တော့"လို့အော်ဟစ်နေတာပေါ့။

"ဘုရားတပည့်တော်ခေါ်စရာအမည်နာမမှာသံဒိဗ္ဗပါဘုရား။

  တပည့်တော်ဟာ ဓမ္မပါလစစ်သူကြီးရဲ့အိမ်တော်ပါငယ်ကျွန်ကြီးဖြစ်ပါတယ်ဘုရား။

  ဓမ္မပါလစစ်သူကြီးထံအမှုမထမ်းမှီကတပည့်တော်ဟာစည်တီးလက်လှုပ်အနုသုခုမသဘင်အသည်သားပါဘုရား။

   အသို့တွက်ကြောင့်တပည့်တော်ဟာအင်မတန်မှအလှမက်ပါတယ်ဘုရား။

   ပရလောက၌မကျွတ်လွတ်သော်ငြားလည်းလောကသားတို့အလယ်၌ဘုရားတပည့်တော်ဟာအလှအပတို့ဖြင့်အင်မတန်ဂုဏ်မောက်ခဲ့ပါတယ်ဘုရား။

   ထိုသို့အလှအပ၌ဂုဏ်မောက်သောသူ၊စွဲလန်းရာဖြစ်သောပန်းပုရုပ်ကိုမှဟောဒီမိန်းကလေးကလက်ကိုချိုးယူလွှင့်ပစ်ခဲ့ပါတယ်ဘုရား။

   ဒီမိန်းကလေးကြောင့်ယခုအခါ၌ တပည့်တော်တို့လောကသားများအလယ်မှာတပည့်တော်ဟာခေါင်းမဖော်နိုင်အောင်အရှက်ရနေပါတယ်ဘုရား။လက်တဖက်ပြတ်ကြီးလို့အစအနောက်အလှောင်အပြောင်ခံနေရပါတယ်ဘုရား။ 

   သို့အတွက်ကြောင့်တပည့်တော်ဟာဒီမိန်းကလေးကိုပထမတကြိမ်အိပ်မက်ပေးပြီး၊လက်ကိုပြန်တပ်ပေးပါလို့သတိပေးခဲ့ပါသေးတယ်။ဒါပေမဲ့မိန်းကလေးကယုံကြည်မှုရှိဟန်မတူပါဘူး။တပည့်တော်ရဲ့သတ်ပေးမှုကိုလျစ်လျူရှု့ခဲ့လို့၊အခုတခါ၌တပည့်တော်ဟာသူမခန္ဓာကိုယ်ကိုပူးကပ်၍အနှောက်အယှက်ပေးမိပါတယ်ဘုရား။ 

    သံဃာတော်များကိုစော်ကားလိုစိတ်စိုးစဉ်းမျှမရှိပါဘုရား။ဟောဒီမိန်းကလေးကိုသာမကျေမနပ်ဖြစ်မိကြောင်းပါဘုရား"

ဆရာတော်လည်းသဘောပေါက်ပြီမို့

"ကိုင်းသဟာဖြင့်သင်၏လက်ကိုပြန်ဆက်ပေးရင်သင်ကျေနပ်မယ်မဟုတ်လား"

"ကျေနပ်ပါမယ်ဘုရား"

" ကောင်းပြီဒကာသံဒိဗ္ဗ၊အသို့ဆိုလျင်သင်လည်းသင့်နေရပ်ပြန်ပါ။ဘုန်းကြီးတို့ကသင့်လက်ကိုပြန်ဆက်ပေးရန်ဒီဒကာမလေးအားပြောပေးပါ့မယ်"

"ကောင်းပါပြီဘုရား၊တပည့်တော်မိန်းကလေးကိုယ်မှထွက်ပါ့မယ်ဘုရား၊တပည့်တော်ရဲ့လက်ကိုတော့အမြန်ဆုံးပြန်ဆက်ပေးပါဘုရား"

ထိုသို့ပြောပြီးစက္ကန့်ပိုင်းလောက်အကြာမှာ၊အိဖြူဟာတကိုယ်လုံးပျော့ခွေပြီးကြမ်းပြင်ပေါ်ခွေကျသွားတယ်။

ဆရာတော်ကြီးကပရိတ်ရေမန်းကိုယူပြီးအိဖြူကိုယ်ပေါ်ကိုတောက်ပေးတယ်။မကြာခင်မှာအိဖြူပြန်သတိရလာပါတယ်။ 

ဇာတ်လမ်းအစကဆိုသလိုပဲအိဖြူခန္ဓာကိုယ်ထဲဝင်ပူးကပ်နေတဲ့ပရလောကသားကသူ့အဖြစ်ကိုပြောပြပြီး၊ဆရာတော်ကိုရှင်းပြခဲ့ပါတယ်။

အိဖြူကြောင့်ကျိုးသွားသည့်ပန်းပုရုပ်မှာဓမ္မရာဇကဘုရားတည်စဉ်အခါကအစောင့်အရှောက်ဖြစ်နေခဲ့ရတဲ့

ဓမ္မပါလစစ်သူကြီး၏အိမ်တော်ပါလက်ရုံးတပည့်ဖြစ်သောစစ်သည်ရဲမက်သံဒိဗ္ဗလို့ခေါ်ပါသတဲ့။

သံဒိဗ္ဗကားလွန်စွာမှရဲရင့်သောစစ်သားဖြစ်ပါသတဲ့။သံဒိဗ္ဗဟာဓမ္မပါလစစ်သူကြီးထံမခစားမှီကမြေဝိုင်းဇာတ်တခုမှာမင်းသားဘဝနဲ့ကျင်လည်ခဲ့ဖူးပါသတဲ့။

စစ်သည်ဘဝတွင်လည်း မည်မျှပင်အတိုက်ခိုက်ကောင်းစေကာမူဇာတ်သဘင်လောကတွင်ကခဲ့ရသောအနုသုခုမပညာတို့ကိုမမေ့လျော့ပေ။

ယောကျ်ားတန်မဲ့အလှအပကိုလည်းမက်ခဲ့သေးတယ်။ထို့ကြောင့်ဘုရားတွင်အလုပ်အကျွေးပြုရင်သေလွန်ခဲ့သော်သူ၏ရုပ်ပုံထွင်းထုထားသောအရုပ်အားစွဲလန်းတပ်မက်စိတ်ဖြင့်မကျွတ်လွတ်ဟုသိရပါတယ်။

ပရလောကတွင်လည်းသူ၏အလှအားအမြဲဂုဏ်ယူခဲ့သူဖြစ်ပြီး၊ယခုလိုလက်ပြတ်ပြီးအရုပ်ဆိုးအကျည်းတန်သော်အခါ

သံဒိဗ္ဗတစ်ယောက်အိဖြူအားအငြိုးကြီးကြီးဖြင့်သူ့လက်ကိုပြန်တပ်ပေးရန်တောင်းဆိုနေခြင်းဖြစ်ပါတယ်တဲ့။

ဆရာတော်ကသံဒိဗ္ဗအားတရားချကာအိဖြူခန္ဓာကိုယ်မှထွက်စေခဲ့တယ်။

အိဖြူလွှင့်ပစ်ခဲ့သောလက်တစ်ဖက်ကိုလည်း ဇရပ်ထောင့်တွင်ပြန်လည်ရှာဖွေစေပြီးပန်းပုဆရာတို့အားစနစ်တကျပြန်တပ်စေခဲ့တယ်။ 

နောက်တစ်နေ့နံနက်၁၀နာရီခွဲခန့်တွင်ဓမ္မရာဇကစေတီတော်မြတ်၏မြောက်ဖက်ဓမ္မပါလစစ်သူကြီးရဲ့ဇရပ်တွင်

ရန်ကုန်မြို့မှတက္ကသိုလ်ကျောင်းသား

၁၀ယောက်ခန့်ဟာသံဃာဆယ်ပါးအားအမှုးထား၍ဆွမ်း၊သင်္ကန်း၊ဝတ္ထုငွေလှူဒါန်းကြတယ်။

ကျောင်းသူကျောင်းသားတွေဟာမကျွတ်မလွတ်သေးတဲ့ပရလောကသားများအားရည်စူးပြီးကုသိုလ်အမျှပေးဝေရေစက်ချလှူဒါန်းကြပါတယ်

ကုသိုလ်အမျှ၃ကြိမ်၃ခါဝေအပြီးမှာ 

အဲ့ဒီဇရပ်ထဲသာမက၊ဘုရားရင်ပြင်တခုလုံးမွှေးကြိုင်သောရနံ့တခုလူတိုင်းနှာဝမှာသင်းနေပါသတဲ့။

သံဒိဗ္ဗရဲ့ပန်းပုရုပ်ဟာအခုခါမှာသူ့ပင်ကိုယ်အတိုင်းဖြစ်သွားပါပြီ။

အိဖြူဟာ ပြန်ခါနီးမှာပြည့်ဖြိုးရဲ့လက်ကိုမရဲတရဲဆွဲပြီးပန်းပုရုပ်ရဲ့မျက်နှာကိုအသေအချာပြန်ကြည့်ပါတယ်။

သံဒိဗ္ဗရုပ်တုရဲ့မျက်နှာဟာပြုံးနေသယောင်ယောင်၊သူ၏အလှကိုဂုဏ်ယူဝင့်ကြွားနေသယောင်ယောင်။

ပီပီ၊မန္တလေး၊

16.9.2021

#lotaya_shortstory


#အိပ်
#ဆံပင်
#ပရိတ်သတ်
#ကျောင်းသား
#ဘုရားစင်

Some text some message..