
အခန်း၁။
အားလုံးက မြို့တော်ခန်းမဆီကို ဝတ်ကောင်းစားလှတွေနှင့် သွားကုန်ကြပြီ။
ဒီကနေ့ ခရစ်စမတ်နေ့။
သူတို့ မြို့လေး၏ နှစ်စဥ် ဘာသာရေးပွဲတော် ကျင်းပရာ မြို့တော်ခန်းမမှာ တမြို့လုံးက လူတွေနှင့် စည်ကားနေမှာအမှန်ပင်။
သို့သော် တောင်ပေါ်မြို့လေးဖြစ်သည့်အလျောက် လူနေထူထပ်ခြင်းမရှိ။
ထို့အတွက်ကြောင့် ဤမြို့ငယ်လေးတွင် လူဦးရေ နည်းပါးသည်။ရပ်ကွက်ငယ် (၁၁)ခုဖြင့်သာ မြိုပြအဖြစ် ဖွဲ့စည်းတည်ရှိသည်။
မြို့တော်ခန်းမသည် တခြားမြို့တွေလို မြို့လယ်ခေါင်မှာမဟုတ်။
လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုသည့် မြို့အဝင် ဆိုင်းဘုတ်နှင့် မလှမ်းမကမ်းရှိ ဝန်းခြံ အကျယ်ကြီးနှင့် အဖြူရောင် အဆောက်အဦးသည် မြို့တော်ခန်းမပင် ဖြစ်၏။
ထင်းရူးပင်တွေနဲ့ မြက်ခင်းစိမ်းစိမ်းတွေ ရှိသည်။
မြက်ခင်းပြင်သည် သေချာစွာ ရိတ်သင်ဖြတ်တောက်ထားသဖြင့် ညီညီညာညာ သပ်သပ်ရပ်ရပ် ရှိလေ၏။
ထင်ရူးပင်များတွင် ရောင်စုံမီးများ ထွန်းထားသဖြင့် ဝါစိမ်းနီပြာ ရောင်စုံမီးသီးများမှာ မျက်စိပသာဒ ဖြစ်လှသည်။
ခန်းမရှေ့တည့်တည့် စင်မြင့်တခုတွင် လူငယ်အချို့ တေးသီချင်းများဖြင့် ဖျော်ဖြေနေကြသည်။ နိုင်ငံကျော် အဆိုတော်များမပါ။ မြို့ထဲရှိ ဝါသနာရှင် လူငယ်များက စတိတ်ရှိုးကဏ္ဍတခုအဖြစ် တာဝန်ယူ ဖျော်ဖြေကြခြင်း ဖြစ်သည်။
အားပေးနေသူ အတော်များ၏။
ကျယ်ဝန်းသော မြက်ခင်းပြင်တွင် ယာယီမိုးကာတဲလေးများက ဟိုနား တလုံး ၊ ဒီနားတလုံး ခပ်ကျဲကျဲနှင့် နေရာ ယူထားကြ၏။
ထိုမိုးကာတဲလေးများတွင် ခရစ်စမတ်နှင့် ပတ်သက်သော အမှတ်တရ ပစ္စည်းများ ရောင်းချသည့် ဆိုင်ငယ်လေးများပါသလို ၊ လာရောက် ပျော်ပါးသူများအတွက် အစားအစာနှင့် အဖျော်ယမကာ ရောင်းချသည့် ဆိုင်များလည်း ပါရှိ၏။
အချို့ မိုးကာတဲများမှာ အရုပ်လေးများ တန်းစီ ချိတ်ထားပြီး၊ ၄ကိုက်ခန့် အကွာအဝေးရှိ တန်းစင်ပေါ်က ဘီယာဘူးများကို လေသေနတ်နဲ့ ပစ်ချနိုင်လျင် အရုပ်လက်ဆောင်ပေးသည့် ဆိုင် ဖြစ်သည်။
တခြားသော ဆိုင်ငယ်လေးတွေလည်း မြင်တွေ့နိုင်သည်။
လူငယ်အများအပြားသည် သစ်လွင်သော အဝတ်အစားတို့ဖြင့် မြို့တော်ခန်းမ ဝန်းကြီးအတွင်း တနေရာမှ တနေရာ ကူးပြောင်း သွားလာ ပျော်ပါးနေကြသည်။
အချို့ သက်လတ်ပိုင်း လူကြီးများကတော့ ကော်ဖီဆိုင်လေးများက ခင်ကျင်းထားသော စားပွဲပုလေးများမှာ စုဝေး စကားလက်ဆုံကျနေကြသည်။
မြို့တော်ခန်းမ၏ ဝဲဘက် ကားပါကင်တွင် ပတ္တရောင်လှည့်သော ရဲကား၂စီး တွေ့ရပြီး၊ ရဲသားအချို့ ထိုကားအနီးတွင် စကားပြောရင်း ကော်ဖီသောက်နေကြသည်။
အချိန်သည် ည ၈နာရီ ၃၀မိနစ် ဖြစ်၏။
ကလေးအချို့သည် မြက်ခင်းပြင်ပေါ် ပြေးလွှား ဆော့ကစားနေကြဆဲပင်။ ဒီည အတော်နှင့် အိမ်ပြန်ကြမည်မဟုတ်။
နောက်ကျမှ ရောက်လာသော လူအုပ်ထဲတွင် မိုးကာအင်္ကျီ စစ်စိမ်းရောင် နှင့် ဂျင်းဘောင်းဘီ အနက်ရောင်တွဲဝတ်ထားသော လူတယောက်က်သည် ရောနှောပါလာ၏။
ထိုလူသည် အနားပြားပါသော ဦးထုပ်အဝိုင်းတလုံးကို ခပ်ငိုက်ငိုက် ဆောင်းထားသည်။
မည်သူ့ကိုမှ မကြည့်ပဲ ထိုလူသည် လေသေနတ်ပစ်သည့်ဆိုင်လေးထဲ ဝင်လာ၏။
သူ မရောက်ခင်က အပျော်တမ်း သေနတ် ပစ်နေသော လူငယ်စုံတွဲ တတွဲ ရှိသည်။
မိန်းကလေးက ဘေးက အားပေးနေပြီး ၊ ယောက်ကျားလေးက မာန်ပါပါဖြင့် ဘီယာဘူးကို သေနတ်နှင့် ချိန်နေသည်။
" ဖေါက် ... "
" ဟာ! လွဲပြန်ပြီ မောင်ရာ ၊ ဒါနဲ့ဆို ကျည်ဆံဖိုး ၁၃၀၀၀ ရှိသွားပြီ ၊ ဒါက နောက်ဆုံးကျည်ဆံနော် ၊ မှန်အောင် ပစ်ပေးကွာ ၊ ချစ် ဟိုစတစ်အရုပ်လေး ရချင်လို့ပါဆိုနေကွာ "
ဆိုင်ရှင်ကတော့ ပြုံးနေ၏။
ထိုလူငယ် ပစ်နေသည်မှာ အရုပ်တရုပ်ဖိုးစာလောက် ရှိနေပြီမဟုတ်လား။
နောက်ဆုံး ကျည်ဆံသည်လည်း ထူးမခြားနားပင်။ လွဲပြန်၏။
ကောင်မလေးက စိတ်ကောက်ပြီး အရင်ထွက်သွားသည်။
ကောင်လေးလည်း သေနတ်ကို ခုံပေါ်ချကာ ကောင်မလေးနောက်သို့ ခပ်သွက်သွက် လိုက်ချော့လေ၏။
ဆိုင်ရှင်က ပြုံးရွှင်သော မျက်နှာပေးနှင့် နောက်ရောက်လာသော စစ်စိမ်းရောင် မိုးကာအင်္ကျီနှင့်လူအား
" ကိုယ့်လူ သေနတ်ပစ်မလို့လား ။ ကျည်ဆံ ၃တောင့်ကို တထောင်ကျပ်တည်းပါ ။
တချက်ထိရင် အရုပ်သေးတရုပ်၊ ၂ချက်ထိရင် အရုပ် ခပ်လတ်လတ် တရုပ် ရပြီး၊ ၃ ချက်စလုံး ထိမှန်ရင်တော့ ဟိုးစင်ပေါ်က အကြီးဆုံး အရုပ်ကြီးကို ရမှာ ဖြစ်ပါတယ်။
ဟဲဟဲ ကိုယ့်လူ့ရဲ့သေနတ်ပစ်စွမ်းရည်ကို ဒီမှာ ကံစမ်းရင်း စစ်ဆေးနိုင်ပါတယ်နော် "
ဟူ၍ စည်းကမ်းချက်များကို ရွှန်းရွှန်းဝေအောင်ပြောရင်း သေနတ်ပစ်ရန် ဖိတ်ခေါ်လိုက်သည်။
ထိုလူသည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲက ခပ်နွမ်းနွမ်း ငွေစက္ကူ တထောင်ကျပ်တန် တရွက်ကို ထုတ်ယူ၍ ဆိုင်ရှင်အား ပေးလိုက်သည်။
ဆိုင်ရှင်က သေနတ်ထဲကို ကျည်၃တောင့် ထည့်ပေး၏။
ထိုလူသည် သေနတ်ကို စီတန်းထားသော ဘီယာဘူးများထဲမှ ညာအစွန်ဆုံး ဘီယာဘူးထံ ချိန်ရွယ်လိုက်သည်။
သေနတ်ကိုင်သည့် ပုံသဏ္ဍာန်က သေနတ်နှင့် စိမ်းဟန်မတူ။
ခဏချင်း၌ အသက်ကို အောင့်၍ မောင်းခလုပ်ကို ညှစ်ဆွဲ လိုက်သည်။
" ဖေါက် ... "
" ဖေါင်း ရှုး "
ဘီယာဘူးသည် ကျည်ထိမှန်ပြီး လွင့့်စင်သွား၏။
ပထမဆုံးကျည်ဆံသည် ညာအစွန်ဆုံး ဘီယာဘူးကို ထိမှန်သွားခြင်း ဖြစ်သည်။
ဒုတိယအကြိမ် ဆက်၍ ထပ်ပစ်သည်။
သူ့ကြည့်ရတာ ဤမျှ အကွာအဝေးသည့် သူ့အတွက် ကလေး ကစားစရာဟု ထင်မှတ်ဟန် ရှိလေ၏။
ဖေါက် !
ဖောင်း ရှုး
ခုနက ကျသွားသော ဘီယာဘူး နံဘေးက နောက်တဘူးကို ထိမှန်သွားပြန်၏။
ဆိုင်ရှင် မျက်လုံးပြူးသွားသည်။
ဒီလူ စစ်တပ်က လက်ဖြောင့် သေနတ်ပစ်သမားများလားဟု အံဩစွာကြည့်နေမိသည်။
ထိုလူက နောက်ဆုံးကျည်ဆံကို ပစ်မှတ်ကို ချိန်ရွယ်၍ ဆက်ခါ ထပ်ပစ်လိုက်ပြန်သည်။
ကျည်ဆံသည် ဘီယာဘူးကို ထိမှန်သွားပြန်၏။
ဆိုင်ရှင် ဆွံ့အသွားရှာသည်။
ငွေတထောင်ကျပ်တည်းနဲ့ တသိန်းကျော်တန်သည် သူ၏ မွှေးပွရုပ်ကြီးကို ပေးလိုက်ရမည်ကို နှမြောတသနေဟန်တူ၏။
ကျည်ဆံ ၃ခုလုံး ပစ်မှတ်ကို မှန်အောင် ပစ်နိုင်သည့် ထိုလူစိမ်းကိုလည်း တအံတဩ ဖြစ်နေ၏။
စစ်စိမ်းရောင်မိုးကာဂျက်ကက်ကို ဝတ်ထားသူက သေနတ်ကို လေသနတ်စင်တ်စင်ပေါ်သို့ ပြန်တင်ပေးပြီး ၊ ဆိုင်ရှင်အား သူ၏ပခုန်းကို စုံတွန့်ပြလိုက်သည်။ပြီးလေမှ
" ကြက်ကန်းဆန်အိုးတိုးတာပါဗျာ ဟင်းဟင်းဟင်း"
ဟု အသံခပ်ဩဩနှင့် ပြောလိုက်သည်။ ယင်းအသံသည် သူတို့ မြို့ခံတို့ လေယူလေသိမ်းမဟုတ်။
မြေပြန့်သား တယောက်ဖြစ်ဟန်တူ၏။
ဆိုင်ရှင်က တရုပ်တည်းရှိသော အရုပ်ကြီးကို ယူ၍ ထိုလူအား မပေးချင်ပေးချင်ဆတ်တောက်တောက်နဲ့ ယူလာပေးသည်။
ထိုလူက အရုပ်ကို မယူသေးပဲ ...
" ဒီအရုပ်ကြီး ကျုပ်ယူသွားရင် ၊ ခင်များ ထပ်ပေးစရာ မရှိတော့ပဲ နေမှာပေါ့ ။ ဒီလိုလုပ်ပါလား။ ကျုပ်လဲ ဒီလောက်ကြီးတဲ့ အရုပ်ကြီးကို ကိုင်သွားရမှာ ပျင်းတယ်ဗျ။
အဲ့ဒီအရုပ်ကြီးအစား ကျုပ်ကို အရုပ်သေးတရုပ်နဲ့ ငွေနှစ်သောင်းပဲ ပေးပါလား"
ဆိုင်ရှင်က ဝမ်းသာသွားသည်။
ချက်ချင်းပဲ သဘောတူလိုက်ပြီး ၊ စတစ်ရုပ်လေး တရုပ်နဲ့ ငွေနှစ်သောင်း ထုတ်ပေးလိုက်၏။
ပိုက်ဆံပေးရင်း ထိုလူ့ကို ဆိုင်ရှင်က မှတ်မိအောင် ကြည့်လိုက်သည်။
ထိုလူအား နောက်တခါ လာပစ်ရင် ပေးမပစ်တော့ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။
မျက်ခုံးအပေါ်ဘက်တွင် ထင်ရှားသော အမာရွတ်တခု ပါရှိ၏။ နှာတံ အနည်းငယ် ပွ၏။
မျက်ပေါက်မှာ ကျဥ်းသယောင် ရှိပြီး ၊ မျက်ရစ်မပါချေ။ နုတ်ခမ်းလွှာ ပါးလျ၏။
ခြုံ၍ ဆိုရလျင် မျက်နှာမှာ သွေးအေးဟန် တိကျပြတ်သားဟန် ပေါ်လွင်နေသည်။
ထိုလူသည် ပိုက်ဆံကို ယူ၍ ရေတွက်မနေတော့ပဲ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။
ပြီးလျင် အရုပ်ကို ဘယ်ဘက်လက်ဖြင့် ကိုင်ဆောင်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလေ၏။
ခရစ်စမတ် လက်ဆောင်ပစ္စည်းများ ရောင်းချသော ဆိုင်တန်းဘက်သို့ ထွက်သွားတာ နောက်ဆုံး မြင်တွေ့လိုက်ရသည်။
ဆိုင်ရှင် နောက်ဆုံး သတိထားမိတာက ... ထိုလူ စီးသွားသော ခြေနင်းမှာ အကျဥ်းဦးစီး ဝန်ထမ်းများ စီးသော ခြေနင်းနှင့် အလွန်တူသည်ဟုပင်။
__________
အခန်း၂။
ဦးကျော်ဆန်းသည် သူ၏ အခန်း မှန်ပြတင်းပေါက်မှ အပြင်သို့ ဟိုဟိုဒီဒီ ငေးမျှော်ကြည့်နေသည်။ အချိန်သည် ည ၉နာရီ ဖြစ်လေ၏။
ဒီကနေ့ည သူတို့အိမ် တအိမ်သားလုံး မြို့တော်ခန်းမရှိ ခရစ်စမတ်ပွဲတော်ညသို့ သွားကြလေ၏။
ဒီညကတော့ သူတို့အိမ်မှ မဟုတ်၊ ရပ်ကွက်ထဲရှိ တခြားသော အိမ်များလည်း အိမ်ရှိ လူကုန် အားလုံး မြို့တော်ခန်းမ ဝန်းကြီး၏ မြက်ခင်းပြင်ပေါ်ရှိ ပျော်ပွဲရွှင်ပွဲသို့ သွားကြသည်။
အချို့အိမ်များသည် လူစောင့်တောင်မချန်ပဲ သော့ခတ်ထားခဲ့ကြ၏ ။
သူခိုးသူဝှက်ရန်ကို ဤမြို့ငယ်လေးက လူတို့သည် စိုးရိမ်ပူပန်ခြင်း မရှိကြချေ။
မြို့လေးသည် တောင်ခါးပန်းတွင် ကွေ့ကာဝိုက်ကာ ရှည်လျားစွာ တည်ထားသော မြို့လေးဖြစ်ပြီး ၊ ရာဇဝတ်မှု အလွန်နည်းပါးသော မြို့လေးလည်းဖြစ်၏။
နောက်တခုက ရဲတပ်ဖွဲ့သည် ဤလိုနေ့ရက်မျိုးတွင် အထူးကြပ်မတ် ကင်းလှည့် ပေးနေသောကြောင့်ဖြစ်သည်။
မြို့နယ်ရဲမှုးသည် ဦးကျော်ဆန်း၏ တပည့်ဟောင်းဖြစ်ပြီး ၊ ဦးကျော်ဆန်း တာဝန် ယူစဥ်ကလိုု ဤခရစ်စမတ်နေ့၌ မြို့ကို အထူး ကြပ်မတ် ကင်းလှည့်စေ၏။
ဒါကလည်း ရဲမှုး ဦးကျော်ဆန်းလက်ထက် လွန်ခဲ့သော
၇နှစ်ခန့်က ဖြစ်ပျက်သွားသော ရင်နင့်စရာ လူသတ်မှုတခုကြောင့်ဟု ဆိုကြသည်။
ဦးကျော်ဆန်း ကြည့်နေစဥ်မှာ၊ သူတို့နှင့် မျက်နှာချင်းဆိုင်က တထပ်တိုက်လေးမှ အခန်းတခန်းသည် လျှပ်စစ်မီး ဖျတ်ခနဲ လင်းသွားသည်ကို တွေ့လိုက်ရလေ၏။
အသက်ပင် ၆၀ကျော်ငြားလည်း ဦးကျော်ဆန်းသည် လွန်စွာမှ မျက်စိကောင်းလေ၏။ ကိုက်၃၀လောက်က အကွာအဝေးကို ကောင်းစွာ မြင်နိုင်သည်။
ထိုမီးလင်းသွားသည့် အခန်းမှာ ထမင်းစားခန်းမှန်း ရင်းနီးနေ၏။ ထိုအိမ်သည် ဤမြို့၏ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ဦးခမ်းရွှေ နှင့် ဒေါ်နှင်းဝါတို့ တိုက်ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင်တဦးမို့ ဦးတပ်ခေါ်ရသော်လည်း ဦးခမ်းရွှေသည် အသက် ၃၅နှစ်ခန့်သာ ရှိလိမ့်မည်ဖြစ်ပြီး ၊ ဒေါ်နှင်းဝါမှာ အသက် ၃၀ဖြစ်၏။ သူတို့ ထိုတိုက်ကလေးကို ဝယ်ယူ နေထိုင်ကြသည်မှာ မကြာသေး။
လင်ကိုယ်မယား နှစ်ယောက်တည်းသာ နေထိုင်ကြပြီး ၊ ၎င်းတို့၏ သားနှင့်သမီးမှာ ရန်ကုန်မြို့က အဖိုးအဖွားများထံ နေထိုင်ရင်း ပညာသင်ကြားနေကြသည်။
ယခု ၎င်းတို့လင်မယားသည် မြို့တော်ဝန်က ဖိတ်ကြား၍ မြို့တော်ခန်းမဆီသို့ သွားနေကြသည်ဟု ဦးကျော်ဆန်း သိထားသဖြင့် ထိုမီးလင်းသည့် အခန်းကို စပ်စုလိုက်သည်။
မြို့တော်ဝန်က တကူးတက ဖိတ်ကြားထားခြင်းကြောင့်လည်း မိသားစုရှိရာ ရန်ကုန်မြို့သို့ မပြန်ဖြစ်ကြခြင်း ဖြစ်သည်။
ခရစ်မတ်ညပြီးမှ ရန်ကုန်ဆင်းမည်ဟု သိထား၏။
နေ့ခင်းဆိုလျင် ကောင်းစွာမြင်ရမည်ဖြစ်သော်လည်း ညအချိန်ဖြစ်နေ၍ သဲသဲကွဲကွဲ မမြင်ရ။
မှန်ပြတင်းပေါက်ပေါ်သို့လည်း ဆီးနှင်းများက ရိုက်ထားသည်မဟုတ်လား။
အားမလိုအားမရဖြစ်ကာ ၊ ဦးကျော်ဆန်းသည် သူ၏ ဝှီးချဲဘီးကို လက်ဖြင့် ရွေ့လျား၍ ပြတင်းပေါက်အနီးထိ တိုးကပ်သွားလိုက်သည်။
ထမင်းစားခန်းထဲက လူရိပ်သည် မိန်းမတဦးမှန်းတော့ သိနိုင်၏။
ဆံပင်ကို ကျောပြင်ပေါ် ဖါးလျားချထားသည်။
" မနှင်းဝါ ထင်တယ်။ အိမ်ရှေ့မှာ သူတို့ကားလည်း မတွေ့ပါဘူး ၊ မနှင်းဝါ တယောက်တည်း ပြန်လာတယ် ထင်ရဲ့ "
ထိုသို့ တွေးမိသည့်အခါ ဦးကျော်ဆန်း စိတ်ဝယ် စိတ်ဝင်စားမှု နည်းပါးသွား၏။
ဝှီးချဲကို နောက် အနည်းငယ် ပြန်တွန်း၏။
ပြီးသော် သူ့မျက်လုံးထဲ မြင်လိုက်ရသည့် ခပ်လှမ်းလှမ်းဆီမှ လမ်းလျှောက်လာနေသော လူတယောက်ထံ အာရုံက ရောက်သွားပြန်၏။
လမ်းလျှောက်လာသောသူသည် လိုအပ်သည်ထက်ပို၍ လမ်းဘေးက ကပ်၍ လျှောက်နေခြင်း ဖြစ်သည်။
အမှောင်ရိပ်ဘက် ရောက်လွန်းနေ၏။
ထိုလူကို ဦးကျော်ဆန်း မသင်္ကာတော့ချေ။ ထို့ကြောင့် ဂရုတစိုက် ကြည့်နေလိုက်သည်။
ထိုခဏ၌ လမ်းလျှောက်လာသောသူသည် နောက်ကို လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း၊ လမ်းထောင့်ချိုး တခုထဲသို့ ဖျတ်ခနဲ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
ဘာပါလိမ့်ဟု ဦးကျော်ဆန်းက စိတ်ဝင်တစား ကြည့်နေစဥ်မှာ ကားမီးရောင် တခု ကျောက်လမ်းမပေါ်သို့ ကျလာ၏။
တခဏအကြာ သူတို့လမ်းထဲသို့ ကားခေါင်မိုးပေါ်၌ အချက်ပြ မီးတန်းပါသော ပတ္တရောင်လှည့်သည့် ရဲကားတစီးသည် ဖြေးဖြေးချင်း မောင်းဝင်လာသည်ကို တွေ့လိုက်ရလေ၏။
ကင်းလှည့်သည့် ရဲကားသည် တဖြေးဖြေး ဦးကျော်ဆန်းတို့ အိမ်ရှေ့သို့ ရောက်လာပြီး ဖြတ်ကျော်သွားသည်။
သို့သော် ...
အနည်းငယ်မျှ ဖြတ်ကျော်သွားပြီးမှ ရဲကားသည် တုံ့နှေးနှေးလုပ်ရင်း ရပ်သွားလေ၏။
ပြီးနောက် ကားကို အနည်းငယ်မျှ ဆုတ်လာပြီး ကင်းလှည့် ရဲသားသည် ကားပေါ်မှ မဆင်းပဲ လက်နှိပ်ဓာတ်မီးဖြင့် ဦးခမ်းရွှေတို့ တထပ်တိုက်လေးသို့ ဟိုဟိုဒီဒီ ထိုးကြည့်၏။
ဘာကိုမြင်၍ ထိုးကြည့်သည်မသိ။
မျက်နှာစာက မြက်ခင်းပြင်နှင့် ရေပန်းအရုပ်လေးနား မီးရောင် တဝဲဝဲလည်လည် ရှိ၏။
ဦးကျော်ဆန်း စပ်စုလိုစိတ် ပြင်းပြလာသောကြောင့် ပြတင်းတံခါးကို တွန်းဖွင့်၍ ...
" မောင်ရင်တို့ ဘာထူးခြားလို့လဲကွဲ့ "
ဟု လှမ်းအော်မေးလိုက်သည်။
ရဲတပ်သားသည် တလေးတစားဖြင့် ကားပေါ်မှ ဆင်းလာပြီး အရင်င်ဦးစွာ နုတ်ဆက်စကားဆို၏။
" မင်္ဂလာညချမ်းပါ ဦးလေး၊ မယ်ရီခရစ်စမတ် ... "
" ခုနကလေ ကျနော်တို့ ဖြတ်သွားတုန်း ကလေးမလေးတယောက် ရေပန်းအရုပ်လေးနား ဆော့နေသလားလို့ပါ ၊ ကလေးက ဆယ်နှစ်လောက်ပဲ ရှိမယ်ထင်တယ် ဦးလေး "
ဦးကျော်ဆန်းသည် မျက်မှောင်တွန့် စဥ်းစားလိုက်ရင်း ...
" ဟေ ! မဟုတ်တာကွယ်။ အဲ့ဒီအိမ်က ကလေးမရှိပါဘူး။ လင်ကိုယ်မယား နှစ်ယောက်တည်း နေကြတာကွဲ့ ၊ မင်းတို့ အမြင်မှားတာ ဖြစ်မယ်ထင်တယ် "
ဦးကျော်ဆန်း စဥ်းစားသည်က ဦးခမ်းရွှေ၏ သားနှင့်သမီးများလားလို့ စဥ်းစားလိုက်ခြင်း ဖြစ်ပေမယ့် ၊ ကလေးနှစ်ယောက်က ရန်ကုန်မှာပါလားဟု သတိရသွားသောကြောင့် ဖြစ်သည်။
ကင်းလှည့်ရဲတပ်သားထံမှ ...
" အော် ... ဒါဆို ကျနော် အမြင်မှားတာ ထင်ပါရဲ့ ဦးလေးရယ်။ ခရစ်စမတ်မတိုင်မီကတည်းက ညဂျုတီ ဆက်တိုက် တာဝန်ထမ်းဆောင်နေရလို့ အိပ်ရေးပျက်တာများနေတယ် ။ ဒါကြောင့် ထင်ပါတယ်။ ကဲ ဒါဖြင့် ကျနော်တို့ ဒီနား ရပ်ကွက်တွေဘက် ဆက်ပြီး ကင်းလှည့်လိုက်အုံးမယ် ဦးလေးရေ ၊ တခုခု ထူးခြားရင် ဖုန်းဆက်လိုက်ပါ ၊ ကျနော်တို့ ချက်ချင်း အရောက်လာခဲ့ပ့ါမယ်ခင်ဗျ ။ အခုတော့ ခွင့်ပြုပါအုံးခင်မျ"
ရဲတပ်သားသည် ကားပေါ်ပြန်တက်ပြီး ကားကို မောင်းထွက်သွားသည်။
ရဲကားထွက်သွားလေမှ ဦးခမ်းရွှေတို့ တိုက်ရှေ့သို့ ရောက်လာကြသော ခွေးတအုပ်သည် ခြံထဲကို ကြည့်၍ စူးစူးဝါးဝါး ထိုးဟောင်ကြသည်။
" ဝုတ် ... ဝုတ် ... ဝုတ် "
" ဂီး ဂဲ ... "
ဦးကျော်ဆန်းသည် ခွေးများ၏ ထူးခြားသော အပြုအမူကြောင့် ဦးခမ်းရွှေတို့၏ ခြံဝန်းထဲကို စေ့စေ့စပ်စပ် ကြည့်လိုက်မိ၏။
ထိုအခါ ရေပန်းအရုပ်နှင့် အသည်းပုံ ရေကန်လေးအနီးတွင် ဖြူဖြူအရိပ်လေးတခု ဆော့ကစားနေဟန်ကို မပီပြင်ဝိုးတဝါး တွေ့လိုက်ရလေသည်။
သို့သော် ခွေးများက ဆက်တိုက်ဟောင်နေကြသဖြင့် ....
အရိပ်ကလေးသည်လည်း အိမ်ထဲမှ တစုံတယောက်က အော်ခေါ်လိုက်သည့်အလား ၊ လျစ်ခနဲ အိမ်ရှေ့တံခါးအနီးသို့ ပြေးသွားပြီး ပျောက်ကွယ် သွားလေ၏။အံဩစရာ၊ အိမ်ရှေ့တံခါးသည် ပိတ်လျက် အနေအထားပင် ရှိနေလေ၏။
ထိုအရိပ်ဖြူဖြူလေးသည် တံခါးကို ထိုးဖေါက်၍ အိမ်အတွင်းသို့ ဝင်သွားလေသလား။
ခုနကဟောင်နေကြသော ခွေးများသည် ယခုအခါ၌ ....
" အု အု ဝူး အူး "
" ဝူ အု အူ အူး "
စွဲစွဲငင်ငင် အူလိုက်သော ခွေးအူသံရယ် ၊ မြင်ကွင်းက ရုတ်ခြည်း ပျောက်ကွယ်သွားသော အရိပ်ဖြူဖြူလေးရယ်ကြောင့် ၊ ဤရပ်ကွက်၌ အနှစ်၃၀ခန့့်နေထိုင်လာတာ ကြာခဲ့ပြီ ဖြစ်သော ဦးကျော်ဆန်းသည် တစုံတရာကို ဆက်စပ်တွေးမိလိုက်ပုံရသည်။
တကိုယ်လုံး ကြက်သီးမွှေးညင်းများ သီးထလာပြီး ၊ ကျောရိုးတလျောက် စိမ့်ခနဲ အေးမြသွားသည်။
ဦးကျော်ဆန်း ပါးစပ်က ကတုန်ကရင်နိုင်စွာ ...
" အို ကြာခဲ့ပြီပဲ ၊ အခုထိ သူတို့ ရှိနေကြတုန်းလား ၊ အဖဘုရားသခင် သူတို့မိသားစုကို ကောင်းကင်ဘုံသို့ ဆောင်ယူတော်မူပါ ... အာမင်င်" ဟု တယောက်တည်း ရေရွတ်ပြောဆိုရင်း တံခါးကို အမြန်ပိတ်လိုက်သည်။
ပြီးသော် မျက်စိမျက်နှာ ပျက်ယွင်းစွာဖြင့် အိပ်ရာရှိရာသို့ ဝှီးချဲကို တွန်းရွေ့သွားပြီး ကုတင်ပေါ်သို့ တက်လိုက်သည်။
ကုတင်ပေါ်ရောက်သည်နှင့် ဦးကျော်ဆန်းသည် စိပ်နေကျ စိပ်ပုတီးကို ယူ၏။ ပုတီးကို ယူပြီးသော်လည်း မစိပ်
ယောင်ယောင်မှားမှားနှင့် ထိုစိပ်ပုတီးကို လည်မှာပတ်၍ မျက်စိကို စုံမှိတ်ကာ အိပ်ပျော်အောင် အတင်းအိပ်လေတော့၏။
သို့သော် သူ၏ မျက်လုံးထဲဝယ် လွန်ခဲ့သော ၇နှစ်ခန့်က
ပျော်ရွှင်စရာ မိသားစုတစုရဲ့ အဖြစ်ဆိုးကြီးကို ပြန်လည် မြင်ယောင်နေမိရှာသည်။
မှတ်မှတ်ရရဆိုရလျင် ...
လွန်ခဲ့သော် ၇နှစ် ဒီဇင်ဘာလ ၂၅ရက် ။ ယခုလို ခရစ်စမတ်ပွဲည တညကိုပဲပေါ့ ။
_________________
အခန်း၃။
အိမ်ရှေ့ ပန်းခြံလေးအလယ်က အသည်းပုံ ရေကန်ငယ်အနီးတွင် ကူးကူးသည် အမွှေးစုတ်ဖွား ခွေးလေး ဂျက်ကီနှင့် ပြေးလွှားဆော့ကစားနေသည်။
" သမီးရေ ကူးကူး ၊ တအား မဆော့နဲ့နော် ၊ အင်္ကျီအဝတ်စားတွေ ပေကုန်မယ် ၊ တော်နေကြာ သမီးဖေဖေလာရင် ၊ မေမေတို့ မြို့တော်ခန်းမက ကစားကွင်းကို သွားကြမယ်လေ "
အိမ်ပေါက်ဝက ထွက်လာသော မနန်းချယ်ရီဦးက သမီးဖြစ်သူကို လှမ်းအော် သတိပေးလိုက်ခြင်း ဖြစ်သည်။
မနန်းချယ်ရီဦး၏ ခင်ပွန်းဖြစ်သူသည် ခွင့်ရက် ရသဖြင့် ဒီကနေ့ည ပြန်လာမည် ဖြစ်သည်။
ခရစ်စမတ်ညကို အမှီ ပြန်လာခဲ့မည်ဟု ဖုန်းဆက်ထားသည်။
မနန်းချယ်ရီဦး၏ ခင်ပွန်းသည် ရဲ သေနတ်ပစ် လေ့ကျင့်ရေးကွင်း၏ ကြီးကြပ်ရေးမှုး ဖြစ်၏။
ဤမြို့နှင့် ၂၄မိုင် ကွာဝေးသော ရဲသင်တန်းကျောင်း၌ တာဝန်ကျနေခြင်းဖြစ်သည်။
ရာထူးမှာ ရဲအရာခံဗိုလ်ကြီး ဖြစ်သည်။
သူ၏ ထူးချွန်သော သေနတ်ပစ်စွမ်းရည်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဤရာထူးကို ရရှိထားသူ ဖြစ်သည်။
နာမည်မှာ ကိုကျော်စွာဖြစ်၏။
အသက် ၃၆နှစ် ရှိပြီဖြစ်ပြီး ၊ မနန်းချယ်ရီဦးနှင့် အိမ်ထောင်ကျကာ ၊ ကူးကူးဟု အိမ်နာမည် ခေါ်တွင်နေသည့်အသက် ၉နှစ်အရွယ် ချစ်စရာကောင်းသော သမီးလေး တယောက် ရှိလေ၏။
သင်တန်းကျောင်း၌လည်း ခရစ်စမတ်ပွဲ ပြုလုပ်ပေးသည်ဖြစ်ရာ ၊ ကိုကျော်စွာသည် ဝိုင်းကူ လုပ်ပေးနေ၍ ညနေ ၅နာရီကျော်မှ ပြန်လာခဲ့နိုင်သည်။
၂၄မိုင်သာ ကွာဝေးသည်ဟု ဆိုငြားလည်း တောင်ပေါ် အကွေ့အကောက် များသည့် လမ်းဖြစ်၍ အချိန်တိုတွင်း မရောက်နိုင်။
အနည်းဆုံး တနာရီခန့် ကားမောင်းရသေး၏။
ရုံးက ကားကို အသုံးပြုခွင့်ရသဖြင့်သာ တော်တော့သည်။
သို့ပေမယ့် ရုံးက မော်တော်ကားကလည်း ခပ်နန။ ထို့ကြောင့် ခရီးဖင့်နွှဲရခြင်း ဖြစ်သည်။
ဆောင်းဥတု နေဝင်စော၏။မနန်းချယ်ရီဦးသည် လက်မှ လက်ပတ်နာရီကို ကြည့်လိုက်သည်။
ညနေ ၆နာရီထိုးရန် ဆယ်မိနစ်ခန့်သာ လိုတော့၏။
မကြာခင် ကိုကျော်စွာ ပြန်လာတော့မည်။
" သမီးရေ ... ခနနေ ဖေဖေကြီး ရောက်တော့မှာနော် ၊ မေမေ ဟင်းအိုးလေး သွားနွှေးလိုက်အုံးမယ် ၊ အပြင်ထွက် မဆော့ရဘူးနော် "
" ဟုတ်ကဲ့ပါ မေမေရဲ့ ၊ သမီး အပြင် မထွက်ပါဘူး ၊ စိတ်ချပါနော် "
မနန်းချယ်ရီဦးသည် ကူးကူးအား ထိုသို့ပြောအပြီး ၊ အိမ်ထဲ ဝင်သွားသည်။
မီးဖိုချောင်၌ ယနေ့ညအတွက် အထူးစပါရှယ်ဟင်းလျာဖြစ်သော ကြက်ဆင်သား ချက်ထား၏။
အိုးဖုံးကို လှပ်၍ ဟင်းအနှစ်နှင့် အသားတုံးများကို သမအောင်၊ အိုးမကပ်အောင် မွှေပေးလိုက်သည်။
ကြက်ဆင်သားဟင်းလျာ ရနံ့က သင်းသင်းလေး မွှေးပျံ့နေတော့သည်။
" အင်း အစ်ကိုကတော့ သူ ပြန်လာရင် ၊ အတက်လမ်းက နာမည်ကြီး ဒီဇင်ဘာ မက်မန်းခြံကနေ နှစ်ချို့ ဝိုင် ဝယ်ခဲ့မယ် ပြောတာပဲ ၊ မေ့တော့ မမေ့တန်ကောင်းပါဘူး "
အိမ်လေးထဲတွင် ခရစ်စမတ် သစ်ပင်တုလေး တခု ၊ ထိုသစ်ပင်တု၌ မီးသီးရောင်စုံလေးတွေ သီဆွဲထား၏။
တခြားသော ခရစ်စမတ်နှင့် ဆက်စပ်သော ပစ္စည်းများလည်း အခန်းလေးထဲမှာ ပြည့်နှက်နေပါ၏။
ကိုကျော်စွာသည် ဒီဇင်ဘာ မက်မန်းခြံသို့ ဝင်၍ မက်မန်းဝိုင် ဝင်ဝယ်ယ်၏။
"ညီလေး ... ' December ' အမှတ်တံဆိပ် 11 years old ဝိုင်ပုလင်း ရှိလား"
"Eleven years က ကုန်နေတယ် အစ်ကို ၊ အစ်ကို လိုချင်ရင်တော့ ten years old ရှိမယ်"
ခက်ပြီ ၊ ကိုကျော်စွာ လိုချင်တာက ဒီဇင်ဘာ အမှတ်တံဆိပ် ၁၁နှစ်သား နှစ်ချို့ဝိုင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့ မင်္ဂလာသက်တမ်းသည် ၁၁နှစ်ပြည့်ပြီ ဖြစ်သောကြောင့်ပင်။
" ရှာကြည့်ပေးပါအုံး ညီလေးရာ၊ အစ်ကိုက eleven years ရမှကို ဖြစ်မှာမို့ပါ ၊ ဒီကနေ့က အစ်ကိုတို့ လင်မယား မင်္ဂလာသက်တမ်း ၁၁နှစ်ပြည့်ကွ ၊ အဲ့ဒါကြောင့်မို့ပါ "
ဈေးရောင်းသော လူငယ်သည်၊ ကိုကျော်စွာအား နားလည်သဘောပေါက်ဟန် တူ၏ ။ သဘောကောင်းရှာသည်။
" ခဏတော့ စောင့်ပါ အစ်ကို ၊ ကျနော် ဟိုဘက်က ကောင်တာတွေဆီ သွားမွှေပေးမယ်။ အစ်ကို ကံကောင်းရင်တော့ တလုံးတလေ ရနိုင်ပါတယ် "
ကောင်လေးက ဈေးဝယ်များ ကျနေသည့်အချိန်၌ပင် ဈေးဝယ်သူ ဆန္ဒပြည့်ရန် ကူညီပေးရှာ၏။
တခဏအကြာ ကောင်လေး ပြန်ရောက်လာ၏။
သူ့လက်ထဲတွင် ကိုကျော်စွာ လိုချင်သော eleven years old ... ဒီဇင်ဘာမှတ်တံဆိပ် မက်မန်းဝိုင်ပုလင်းရှည် တလုံးပါလာ၏။
" ဟာ ! ကျေးဇူးတင်လိုက်တာကွာ ၊ တကယ်ပါ ငါ့ညီရာ "
ကောင်လေးက ပုလင်းကို အသေအချာ ထုပ်ပိုးပေးသည်။
ကိုကျော်စွာက ကျသင့်ငွေအပြင် ကောင်လေးကို မုန့်ဘိုး ၃၀၀၀ကျပ် ပေးလိုက်၏။
ကောင်လေးက ရိုးသား၏။ ပေးသော ပိုက်ဆံကို မယူပါဟု ငြင်းသည်။
" မယူပါရစေနဲ့ အစ်ကို ၊ ဒီနေ့ ခရစ်စမတ်နေ့လေ ၊ အစ်ကို့ကို ကျနော် ခရစ်စမတ်လက်ဆောင်က်ဆောင်အဖြစ် ရှာပေးတယ်လို့ သဘောထားလိုက်ပါ"
ကိုကျော်စွာက ဘယ်လိုပေးပေး ကောင်လေးက မယူ။
သို့ဖြင့် ကိုကျော်စွာလည်း ကျေးဇူးတင်စကား ထပ်မံပြောဆို၍ နုတ်ဆက်ကာ ထွက်လာခဲ့သည်။
ဒီဇင်ဘာ မက်မန်းခြံ အရှေ့က အရောင်းဆိုင်မှ အထွက် ကားမောင်းလာရသည်မှာည်မှာ ကိုကျော်စွာအတွက် ပေါ့ပါးနေ၏။
ကားပေါ်မှာ သူလိုချင်သော မက်မန်းဝိုင်အပြင် ၊ သမီးလေး ကူးကူးအတွက် ခရစ်စမတ်လက်ဆောင် အရုပ်လေးလည်း ပါလာခဲ့သည်မဟုတ်လား။
နာရီကို ကြည့်လိုက်တော့ ညနေ ၆နာရီတိတိ။ အိမ်ရောက်ဖို့ဆို နောက်ထပ် မိနစ်၂၀အပြင် ပိုမမောင်းရတော့ဘူးလေ။
ကံကြမ္မာဆိုတာ ဘုရားသခင်ကလွဲရင် ဘယ်သူ့ကမှ ကြိုတင်ပြီး မမြင်နိုင်ဘူး။ မသိနိုင်ဘူး။
သူတို့အိမ်ရှိရာ လမ်းထဲ ဝင်လာတော့ လမ်းသွားလမ်းလာ တိတ်ဆိတ်နေပြီ။
လမ်းထဲက လူတွေ မြို့တော်ခန်းမရှိရာသို့ ရောက်နေကြပြီ ဖြစ်မည်။
ကိုကျော်စွာ တယောက်က် ရင်ထဲက အပျော်များစွာနှင့် အိမ်ကို ရောက်လာခဲ့သည်။
ချစ်ဇနီးအတွက် ဝိုင်ပုလင်း ၊ ခရစ်စမတ်ပန်းစည်း ၊ သမီးလေးအတွက် အရုပ်ကလေး စသည်တို့ကို လက်ထဲ ပွေ့ပိုက်ရင်း အိမ်ထဲကို ဝင်လာခဲ့သည်။
သူ့ကို မြင်လျင် ချစ်ဇနီးနှင့် သမီးလေး အရမ်းပျော်ရွှင်သွားလိမ့်မည်ဟု တွေးကာ ကြည်နူးနေမိသည်။
ဒါပေမဲ့ သူ ခြံထဲဝင်ကတည်းက ငြိမ်သက်တိတ်ဆိတ်နေသည်ကို သတိထားမိသွားသည်။
အိမ်တံခါးသည် ပိတ်ထားမြဲ ဖြစ်၏။ သို့သော် သူ လက်ကိုင်ဘုကို လှည့်ဖွင့်လိုက်သည့့်အခါ အထဲမှ လော့မချထားမှန်း သိလိုက်ရ၏။
" အင်း ... နန်းနဲ့ သမီးလေး ကူးကူးက ငါ့ကို ဘာများ ဆပ်ပရိုက် လုပ်မလို့ ပုန်းနေတာလဲ မသိဘူး ... "
ထိုသို့ တွေးပြီး ကိုကျော်စွာသည် အိမ်တံခါးကို တွန်းဖွင့်၍ ဝင်လိုက်သည်။
ဟာ !
အိမ်၏ ဧည့်ခန်းအဝင်ဝမှာ အရင်င်ဦးဆုံး တွေ့ရတာက အသက်မဲ့နေသော မွှေးပွခွေးလေး ဂျက်ကီ။
ဂျက်ကီသည် သွေးအိုင်ထဲ လဲကျ သေဆုံးနေ၏။ ခရစ်စမတ် သစ်ပင်တုသည် မီးသီးလေးများ လင်းလိုက်မှိတ်လိုက် ရှိသည်။ ဧည့်ခန်းအတွင်းရှိ ရှိုးကေ့စ် ဗီရိုသည် ပွင့်လျက်သား ရှိပြီး အထဲက ပစ္စည်းများက ဖရိုဖရဲ ဖြစ်နေ၏။
သူ သေနတ်ပစ် ချန်ပီယံ ဆုရထားသော ဆုတံဆိပ်များစွာမှာ ကြမ်းခင်းပေါ် ပြန့်ကျဲလျက်ရှိသည်။
ကိုကျော်စွာ လက်ထဲက ကိုင်လာသော ပစ္စည်းများကို ချထားလိုက်ပြီး သူ၏ မိသားစု အိပ်ခန်းဆီသို့ ကမူးရှုးထိုး ပြေးသွားလိုက်သည်။
" ဒုတ် ... "
အိပ်ခန်းဝအရောက်သူ့အားနောက်ကျော တံခါးဘက်မှ ဆီးကြိုရိုက်နှက်ခြင်းကိုခံလိုက်ရသည်။
မျက်လုံးတွေ ပြာဝေသွားသည်။ ဘယ်ဘက် မျက်ခုံးကွဲသွားကာ မျက်လုံးထဲသို့ သွေးများ ယိုစီးကျလာ၏။
ဒုတ် ခွပ် !
နောက်တကြိမ် နောက်စေ့ကို ပြင်းထန်စွာ အရိုက်ခံရပြန်သည်။ သူ ကြမ်းပြင်ပေါ်သို့ မှောက်ခုံကြီး လဲကျသွားလေ၏။
လောကကြီးနှင့် အဆက်ပြတ် မသွားခင် သူ မြင်လိုက်ရတာက ...
သွေးအိုင်ထဲ လဲကျနေကြသော ချစ်ဇနီး နန်းချယ်ရီဦးနှင့် သမီးငယ်လေး ကူးကူး ။
အရိုက်ုက်ခံရသော ဒဏ်ရာများထက် သူ ဒီကမ္ဘာပေါ်မှာ အတွယ်တာရဆုံး ၊ အချစ်ရဆုံး သူ နှစ်ဦးဆုံးရှုံးသွားပြီဆိုတဲ့ အသိက ရင်ထဲ တစစ်စစ် နာကျင်ရင်း သတိလစ်မေ့မြော သွားလေတော့၏။
_____________
အခန်း ၄။
အိပ်ရာပေါ် လူးလွန့်ရင်း တောင်ဘက်လှည့်လိုက် ၊ မြောက်ဘက် လှည့်လိုက်နှင့် ၊ အိပ်မပျော်နိုင်သေးသော ဦးကျော်ဆန်းသည် သူ အငြိမ်းစား ယူခါနီး အချိန်က အဖြစ်အပျက်ဆိုးတို့ကို ပြန်တွေးနေမိခြင်း ဖြစ်သည်။
တိတိပပ ဆိုရသော လွန်ခဲ့သော ၇နှစ် ခရစ်စမတ် ည တညက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
အဲ့ဒီနောက်ပိုင်း အဖြစ်အပျက်များက ပို၍ စိတ်ညစ်ညူးဖွယ် ၊ စိတ်ဆင်းရဲဖွယ် ကောင်းလှသည်။
ကိုကျော်စွာ မသေပါ။ မနန်းချယ်ရီဦးနှင့် သမီးလေး ကူးကူးကတော့ ထိုအဖြစ်ဆိုးမှာ အသက်ဆုံးရှုံးခဲ့ရသည်။
ကိုကျော်စွာသည် ထိုအဖြစ်အပျက်နောက်ပိုင်း၌ ဘယ်သူနဲ့မှ စကားမပြော၊ အမြဲ သုန်သုန်မှုန်မှုန် ရှိလေ၏။
အကြောင်းအရာ တခုကို အဖန်ဖန်တလဲလဲ ဆင်ခြင် သုံးသပ်နေဟန်တူ၏။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး ၃လခန့်အကြာမှာတော့ ၊ ကိုကျော်စွာသည် တရားခံပြေး အဖြစ် ရဲတပ်ဖွဲ့က ကြေညာခြင်းကို ခံရသည်။
ဘာကြောင့်လဲ ဆိုတော့ ၊ သူ့ဇနီးနှင့် သမီးကို သတ်သွားသည့် လူသတ်တရားခံ ၃ယောက်ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့၍ ဖြစ်သည်။
ထိုအထဲတွင် မနန်းချယ်ရီဦး၏ မောင် ဝေလင်းအောင်လည်း အပါဖြစ်သည်။
တကယ်တော့ ဝေလင်းအောင်သည် မနန်းချယ်ရီဦးနှင့် မောင်နှမ အရင်းမဟုတ်ချေ။
မနန်းချယ်ရီဦး၏ မိဘများက သနား၍ ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်၏။
တဦးတည်းသော သမီး နန်းချယ်ရီဦးကို အဖေါ်ရစေရန် ရယ်ရွယ်၍ မွေးစားခဲ့ခြင်း ဖြစ်သည်။
ဝေလင်းအောင်သည် ငယ်ရွယ်စဥ်ကတည်းက ဆိုးပေခဲ့သူဖြစ်သည်။
အထက်တန်းကျောင်းသား ဘဝ ရောက်စဥ်ကပင် ဆေးလိပ်ခိုးသောက်နေတတ်ပြီ ဖြစ်၏။
နောက်တော့ ဆယ်တန်းစာမေးပွဲကို အကြိမ်ကြိမ်ကျ၊ တေပေလေလွင့် နေခဲ့သည်။
အပေါင်းအသင်းကလည်း စုံလေတော့ မူးယစ်ဆေးဝါး သုံးစွဲတတ်လာ၏။
အိမ်ကနေ ပိုက်ဆံတောင်း၊ မရသည့်အခါ အိမ်ရှိ အဖိုးတန် ပစ္စည်းများကို ခိုးယူရောင်းချ၍ ဆေးသုံး၏။
နောက်ဆုံးတွင် ဝေလင်းအောင်ကို မိဘများက အမွေပြတ် စွန့်လွှတ်လိုက်ကြ၏။
ဝေလင်းအောင်ကြောင့် မနန်းချယ်ရီဦး၏ မိဘများသည် စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရသည်ည်။ စီးပွားရေးလည်း ကျဆင်းသွားခဲ့ရသည်ည်။
နောက်ဆုံးတွင် မြို့ပေါ်က တိုက်ကြီးကို ရောင်း၍ ဤတထပ်တိုက်လေးသို့ ပြောင်းပြေးခဲ့ရ၏။ ဝေလင်းအောင်နှင့် အဆက်ဖြတ်ရန် ဖြစ်သည်။
မိဘနှစ်ပါးသည် ဤတထပ်တိုက်လေး ရောက်မှ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသည်။
မိဘများ ကွယ်လွန်ပြီး တနှစ်ကျော်အကြာ မနန်းချယ်ရီဦးသည် သူငယ်ချင်း ဖြစ်သူ မဝင်းမာအေး၏ အစ်ကို ကိုကျော်စွာနှင့် အကြောင်းပါ၍ လက်ထပ်ခဲ့ကြသည်။
မကြာမီ သမီးလေး ကူးကူးကို မွေးဖွားခဲ့လေ၏။
သမီးလေး ၇နှစ်သမီး အရွယ်တွင် ဝေလင်းအောင် ဆေးမှုဖြင့် ထောင်ကျရာမှ ပြန်လွတ်လာသည်ဟု သိရသည်။
ထိုအချိန်ကတည်းက မနန်းချယ်ရီဦးသည် မလိုအပ်ပဲ အိမ်အပြင် မထွက်ခဲ့ချေ။
ဝေလင်းအောင်နှင့် ဆုံတွေ့နေရမည်ကို စိုးရိမ်၍ ဖြစ်သည်။
သို့သော် အမှုမဖြစ်မီ ၇လခန့်က ဝေလင်းအောင်သည် မနန်းချယ်ရီဦးထံ စုံစမ်း ရောက်ရှိလာပြီး ၊ ပိုက်ဆံလာတောင်း၏။
မနန်းချယ်ရီဦးလည်း ဒီတခါတော့ ငယ်ငယ်က မောင်နှမသံယောဇဥ်ဖြင့် ပေးလိုက်မည်။ နောက်တခါ လာရောက် မဆက်သွယ်ရန် အပြတ်ပြောလွှတ်လိုက်သည်။
ထိုအချိန်က ငွေ ၇သောင်း ထုတ်ပေးလိုက်၏။
ဝေလင်းအောင်က ပြန်ခါနီးမှာ ပြောသွား၏။
မိဘနှစ်ပါး၏ အမွေအနှစ်များကို မမ တယောက်တည်း မောင်ပိုင်စီးထားတာ တရားသလား ဟုပင်။ တနေ့နေ့ကျရင် မမ ပြန်ပေးရလိမ့်မည်ဟုလည်း ခြိမ်းခြောက်သလို ပြောသွားခဲ့သေး၏။
ယင်းနောက်ပိုင်း ဝေလင်းအောင်ကို မတွေ့ရတော့ချေ ။ မြဝတီ နယ်စပ်မှာပဲ မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားနေသလိုလို ၊ ဖါးကန့် မှော်တွင်းမှာပဲ ကျောက်တူးနေသလိုလို
ကြားခဲ့ရသည်။
နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းမှာတော့ မနန်းချယ်ရီဦး ကံမကောင်းခဲ့ရှာ ။ သမီးလေး ကူးကူးပါ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို အသတ်ခံခဲ့ရသည်ည်။
ဒီကိစ္စတွေကို ကိုကျော်စွာက ရက်များစွာ သည်းခံ၍ စနစ်တကျ စုံစမ်းခဲ့ပြီးနောက်လက်စားချေခဲ့ခြင်း ဖြစ်သည်။
ကိုကျော်စွာသည် ရဲသေနတ်ပစ်ကွင်းမှ သူ့စိတ်ကြိုက် သေနတ်တလက်ကို ခိုးယူခဲ့ခြင်း ဖြစ်သည်။ ကြီးကြပ်ရေးမှုး တယောက်အတွက် ခိုးယူရန် အခက်အခဲ သိပ်မရှိလှပေ။
ထိုသေနတ်ဖြင့် ဝေလင်းအောင်တို့ အဖွဲ့ရှိရာသို့ သွား၍ စိတ်တိုင်းကျ လက်စားချေ ပစ်သတ်ခဲ့ခြင်း ဖြစ်၏။
ရက်တပတ်ခန့်အကြာ ကိုကျော်စွာကို မြို့လေး၏ ခရစ်ယာန် သင်္ချိုင်းမှာ ဖမ်းမိခဲ့သည်။ သူ၏ သမီးလေးနှင့် ချစ်ဇနီးတို့၏ မြေပုံမှတ်တိုင်အနီးမှာ ဖမ်းဆီးရခဲ့မိခြင်း ဖြစ်သည်။ မိုးရေထဲ သတိလစ်မေ့မြောနေ၏။
ဖမ်းဆီးရမိချိန်၌ ကိုကျော်စွာသည် ပြင်းထန်သော နမိုးနီးယား အဆုတ်အအေးမိခြင်း ဝေဒနာ ခံစားနေရချိန်ဖြစ်၏။
၎င်းကို ဆေးရုံတင်လိုက်ရ၏။ နောက်တော့ ရဲက တရားစွဲဆို ရုံးတင်လိုက်သည်။
လက်နက်မှု ၊ လူသတ်မှု ၊ ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်မှု ၊ စသော အမှုများစွာဖြင့် ထောင်ဒဏ် အနှစ်၂၀ ကျသွားခဲ့သည်။
အမိန့်ချသည့်နေ့က ကိုကျော်စွာသည် သူရူးတယောက်ပမာ ရေရွတ် ပြောဆိုနေခဲ့သည်။
ကျုပ်ကို လွတ်ပေးပါဗျ ၊ အိမ်မှာ မိန်းမနဲ့ သမီးက ကျုပ်အပြန်ကို မျှော်နေကြလို့ပါဗျာ ... ၊ ကျုပ် သူတို့အတွက် ဝယ်လာတဲ့ ပစ္စည်းလေးတွေ သွားပေးပါရစေ ...
ဟူ၍ မကြာခဏ ရေရွတ်ပြောဆို ရုန်းကန်ရင်း အကျဥ်းထောင်သို့ ပါသွားလေတော့၏။
သူ၏ စိတ်ထဲဝယ် သူ လူ ၃ယောက်ကို သတ်ခဲ့သည်ကို၎င်း၊ သူ့ဇနီးနှင့် သမီးလေး အသတ်ခံရသည်ကို၎င်း မှတ်မိခြင်း မရှိတော့ချေ။
သူ့စိတ်က ခရစ်စမတ် ညကို အိမ်ပြန်နေသည်ဟုသာ စွဲမြဲစွာ ထင်မှတ်မှားနေလေတော့၏။
___________
အခန်း၅။
" အဖေ ... ရောက်တဲ့အခါ တခါ ... ပြန်နှိုးပါနော် "
တေးသံရှင် ဆွန်ကျဲအိုရဲ့ သီချင်းလေးက အခန်းထဲမှာ ဂရုဏ ရသ လူးကျံကာ ပျံ့လွင့်လို့ နေသည်။
ခရစ်စမတ်သစ်ပင်တုလေးဆီက မီးသီးလေးတွေက မှိတ်တုတ်မှိတ်တုတ်နှင့် ။
ကြမ်းခင်းပေါ် မွှေးပွကောဇောတချပ် ခင်းထားသည်။ ထိုကောဇောပေါ်ဝယ် ၉နစ် ၁၀နှစ်ခန့် ရှိမည့် သမီးငယ်လေးသည် သူ၏ မွှေးပွခွေးလေးကို ပွတ်သပ်ပေးနေ၏။
ထိုအခိုက် ...
ကျွီ
အိမ်အဝင် တံခါးမကြီးသည် တစုံတဦးက တွန်းဖွင့်လိုက်သည့့်အခါ တဖြေးဖြေး ပွင့်လာ၏။
" ကူးကူးရေ ... သမီး "
တိုးအက်တုန်ခိုက်နေသည့် ယောက်ကျားကြီးတယောက်က်၏ ခေါ်သံ ဦးစွာ ထွက်ပေါ်လာပြီး ၊ မရှေးမနှောင်းမှာ နှင်းများ ပေလူးနေသော တောစီးဖိနပ်ကို စီးထားသည့် ခြေတဖက် ဝင်ရောက်လာ၏။
ထိုလူသည် စစ်စိမ်းရောင် မိုးကာ ဂျက်ကက်ကို ဝတ်ဆင်ထားသည်။ မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးတို့ကို သပ်ရပ်သန့်ရှင်းစွာ ရိပ်သင်ထားသည်။
ထိုလူသည် ရဲအရာခံဗိုလ်ကြီး ကျော်စွာပင် ဖြစ်လေ၏။
၎င်း၏ လက်ထဲတွင် ဝိုင်အရက် ပုလင်းတလုံး ၊ စတစ်မွှေးပွရုပ် တခု၊ ခရစ်စမတ် ပန်းစည်း တခု ပွေ့ပိုက်လာ၏။
မီးဖိုချောင်ထဲက ကြက်ဆင်သားဟင်းလျာရနံ့သည် ဧည့်ခန်းသို့တိုင် စီးမျောလာ၏။
ထိုလူ၏ အသံကြောင့် မီးဖိုချောင် ထမင်းစားခန်းမှ မိန်းမတဦးသည် အပြေးလေး ထွက်လာသည်။
သူမ မျက်နှာတွင် ဝမ်းနည်းဝမ်းသာ မျက်ရည်များ သီဝေ့လျက်ရှိသည်။
သူမ၏ မျက်လုံးများက ထိုလူ့ဆီမှ မခွါတော့။
ချစ်ခင်ခြင်း ၊ ယုံကြည်ကိုးစားခြင်း ၊ လွမ်းဆွတ်တမ်းတခြင်းတို့ဖြင့် ပြည့်လျှမ်းလျက်ရှိသည်။
အထက်အောက် တွဲလျက် ဂါဝန်ဖြူလေး နဲ့ ကူးကူးသည် မတ်တတ်ထရပ်လိုက်သည်။
သူမနှင့်အတူ ဂျက်ကီ ဟူသော မွှေးပွခွေးလေးသည် သခင့်ထံ ပြေးသွားကြ၏။
" ဖေဖေ ... ဖေဖေ "
" ဝု ဝု ... ဝု ဝု "
သမီးငယ်လေးကူးကူးသည် သူမ၏ဖခင်အား လွတ်ထွက်သွားမည့်အလား အတင်းပွေ့ဖက်ထားလေသည်။
ကိုကျော်စွာသည်လည်း သမီးငယ်ကို ပြန်လည် နှစ်သိမ့် ပွေ့ဖက်ထားလေ၏။
ကိုကျော်စွာ ... မနန်းချယ်ရီဦးရှိရာသို့ ကြည့်ရင်း သူ့လက်ထဲက ၁၁နှစ်သား သက်တမ်းရှိ ဒီဇင်ဘာ အမှတ်တံဆိပ်ပါ ဝိုင်ပုလင်းကို မြှောက်ခါပြလိုက်သည်။
မချယ်ရီဦးသည် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာရှာ၏။
သူမတို့သားအမိ ... ဒီလို ခရစ်စမတ်ညကို ဟောဒီ အိမ်လေးထဲမှာ ၇နှစ်ကြာအောင် စောင့်စားနေခဲ့ကြရသည်မည်မဟုတ်လား ။
သားအဖနှစ်ဦး ဖက်လို့ဝတော့ ခွါလိုက်၏ ။ ကိုကျော်စွာသည် သူ့လက်ထဲက စတစ်မွှေးပွရုပ်ကလေးကို သမီးငယ်အား ကမ်းပေးလိုက်သည်။
ကူးကူးသည် အားရဝမ်းသာ ယူလိုက်၏။
ပြီးတော့ ...
" ဖေဖေ ဒီတခါ အရမ်းကြာတာပဲနော် ။ သမီး ဖေဖေ့ကို တွေ့ဖို့ အကြာကြီး စောင့်နေတာ ၊ မေမေရောပဲ သိလား ဖေဖေ "
မနန်းချယ်ရီဦး ရှိရာသို့ ကိုကျော်စွာ ဖြေးလေးစွာ လှမ်းသွားလိုက်ပြီး ၊ ခရစ်စမတ် ပန်းစည်းကို ပေးအပ်ကာ ...
" ကိုယ့်ကို ခွင့်လွှတ်ပါ နန်းရယ် ၊ ကိုယ် မင်းတို့သားအမိအပေါ် ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့မိပါတယ်ကွယ် ၊ ကိုယ် မင်းကို ..."
မနန်းချယ်ရီဦးက ကိုကျော်စွာ စကားကို ဆုံးအောင် ပြောခွင့်မပေး။ ကိုကျော်စွာ့ ရင်ခွင်ထဲ ပြေးဝင်၍ တသိမ့်သိမ့် ရှိုက်ငိုလေတော့သည်။
" အစ်ကို့မှာ အပြစ်မရှိပါဘူး အစ်ကိုရယ် ။ ကျွန်မကသာ သူ အရင်တခါ ပိုက်ဆံလာတောင်းတုန်းက အစ်ကို့ကို အသိမပေးဘဲ ဖုံးကွယ်မိခဲ့တာမဟုတ်လား ။ အဲ့ဒီအတွက် နန်း အစ်ကို့ကို တောင်းပန်ပါတယ်နော် ... "
ကိုကျော်စွာသည် ဘာမှပြန်မဖြေဘဲ မနန်းချယ်ရီဦးကိုသာ တိုး၍ဖက်ထားလိုက်သည်။ တဦးကို တဦး ပျောက်ကွယ်သွားမည် စိုးသည့်အလား ဖက်ထားမိကြလေ၏။
ထိုအခိုက် ၎င်းတို့ မိသားစု ရှိနေသော အခန်းထဲရှိ မှန်ပြတင်းပေါက်များမှ ဆလိုက်မီးရောင်များ ထိုးဖေါက် ဝင်ရောက်လာကြသည်။
ဂျက်ကီသည် အိမ်အပြင်ဘက်သို့ ခေါင်းတည်၍ တဝုတ်ဝုတ်နှင့် ဟောင်လေ၏။
ဝုတ်ဝုတ် ... ဝုတ်ဝုတ်
ကိုကျော်စွာ မနန်းချယ်ရီဦးကို ပွေ့ဖက်ထားသည့် လက်များကို ဖြေလျော့၍ အပြင်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
မနန်းချယ်ရီဦးသည် အလန့်တကြားနှင့် သူ့သမီး ကူးကူးလေးကို ပြေးပွေ့လိုက်သည်။
သူတို့မျက်နှာမှာ စိုးရိမ်ထိတ်လန့့်နေသည့်ဟန် အထင်သား ပေါ်နေ၏။
ထိုအခိုက် အပြင်ဘက်မှ လက်ကိုင်လော်စပီကာနှင့် လှမ်းအော်ပြောသံ ကြားလိုက်ရလေ၏။
" ကိုကျော်စွာ ... ခင်များ အိမ်ထဲမှာ ရှိနေတယ်ဆိုတာ ကျုပ်တို့ ရဲတပ်ဖွဲ့ သိထားပြီးပြီ ၊
ခင်များ အကျဥ်းဦးစီးဝန်ထမ်းကို ရိုက်နှက်ပြီး ထွက်ပြေးလာတာ ကျုပ်တို့ သတင်းရထားလို့ စောင့်နေကြတာ။
ကိုကျော်စွာ အသာတကြည် အဖမ်းခံပါ ။
ကျုပ်တို့မှာ ခင်များကို ဖမ်းဖို့ ပစ်မိန့်ပါ ရထားပါတယ်။
ဒါကြောင့် လက်နှစ်ဖက် မြှောက်ပြီး အေးအေးဆေးဆေး ထွက်လာခဲ့ပါ "
ကိုကျော်စွာ သက်ပြင်းကို လေးလံစွာ ချလိုက်ပြီး မနန်းချယ်ရှိရာသို့ လျှောက်လာသည်။
ပြီးတော့ မနန်းချယ်ရီဦးကို တလှည့် ၊ သမီးငယ် ကူးကူးကို တလှည့် ညင်သာစွာ နမ်းရှိုက်လိုက်သည်။
" နန်းရော သမီးရော ကိုယ့်အတွက် ဘာမှ နောက်ဆံတင်းမနေကြနဲ့ နော်။ မကြာခင် ကိုယ် နန်းတို့သားအမိရှိရာကို အပြီးလိုက်ခဲ့မယ် သိလား။
ကိုယ် အားလုံးကို ပြင်ဆင်ထားပြီးပြီနော် ၊ စိတ်ချ ဒီတခါ အရင်လို မကြာစေရပါဘူး ... "
မနန်းချယ်ရီဦးက ကိုကျော်စွာကို တခုခု ပြောရန် ပါးစပ်က ပြင်လိုက်ပေမယ့်...
ကိုကျော်စွာသည် သူတို့သားအမိ အနီးမှ ခြေလှမ်းကြဲကြီးများဖြင့် ထွက်သွားပြီ ဖြစ်လေ၏။
ကိုကျော်စွာ အိမ်တံခါးကို ဖွင့်၍ လက်မြှောက်လျက် အနေအထားဖြင့် အပြင်ထွက်လိုက်သည်။
အပြင်ဘက်တွင် သူ့အား အသင့် ပစ်ခတ်ရန် ချိန်ရွယ်ထားသော သေနတ်ကိုင် ရဲများကို တွေ့လိုက်ရသည်ည်။
ကိုကျော်စွာ ပြုံး၏။ သူ့အပြုံးက လျှို့ဝှက်နိုင်လွန်း၏။ ကျေနပ်သည့်အပြုံးလား ၊ နာကျင် ခံရခက်သော မချိတင်ကဲ ပြုံးသည့် အပြုံးလား မဝေခွဲနိုင်ပေ။
ကိုကျော်စွာထံသို့ ရဲများက တဖြည်းဖြည်း တိုးကပ်လာကြသည်။
ထိုအခါ ကိုကျော်စွာသည် မြှောက်ထားသော လက်တဖက်ကို အောက်သို့ချလိုက်ပြီး ကျန်လက်တဖက်က သူ၏ စစ်စိမ်းရောင် မိုးကာဂျက်ကက်၏ အိတ်ကပ်ထဲ နှိုက်လိုက်လေ၏။
ထိုလက် ပြန်ထုတ်သည့်အခါ
အမည်းရောင် ပစ္စတို သေနတ်တလက် ပါလာ၏။
ရုတ်ခြည်း ပြောင်းလဲသွားသော အခြေအနေ၌ ရဲတပ်ဖွဲ့ဝင်များ အုတ်အုတ်သဲသဲနှင့် အထိတ်တ်တလန့် ဖြစ်သွားကြသည်။ သူတို့သည် ကိုကျော်စွာအား လက်ဖြောင့် သေနတ်သမားမှန်း သိနေကြသည်မဟုတ်လား။
ရဲတယောက်က်က အရင်ဦးစွာ ကိုကျော်စွာ့ ရင်ဘတ်ကို ပစ်ခတ်လိုက်သည်။ သို့သော် ကမန်းကတန်း ပစ်ခတ်ရသည်မို့ ကျည်ဆံသည် ချိန်ရွယ်ရာကို မရောက်။
ဒိုင်း ...
ကျည်ဆံက ကိုကျော်စွာ၏ ပခုံးစွန်းကို ထိမှန်သွားသည်။ ကိုကျော်စွာ လည်ထွက်သွားသည်။ သို့သော် ချက်ချင်း လူးထလိုက်ပြီး လက်ထဲက သေနတ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရှိရာကို ချိန်ရွယ်လိုက်ပြန်၏။
အဖြစ်အပျက်ကို အစအဆုံး မြင်နေရသော ဦးကျော်ဆန်းသည် အောင်မြင်ထည်ဝါသော အသံကြီးနှင့် ဟစ်အော်လိုက်ပါ၏။
" မပစ်နဲ့ ... မပစ်နဲ့ ... အဲ့ဒါ သေနတ် အစစ်မဟုတ်ဘူး "
သို့သော် နောက်ကျသွားလေပြီ ။ ရဲများထံမှ သေနတ်သံများ ဆူညံသွားလေ၏။
ဒိုင်း ဒိုင်း ဒိုင်း
ကိုကျော်စွာကား တချက်ပြီး တချက် များစွာသော ကျည်ဆံများကို သူ၏ ကိုယ်ခန္ဓာနှင့် ခံယူလျက် လဲကျသွားတော့လေ၏။
ဦးကျော်ဆန်းသည် အဖြစ်အပျက်ကို ကြည့်၍ မချိတင်ကဲ တောက်ခေါက်လိုက်မိလေ၏။
ယခု အဖြစ်အပျက်မတိုင်မီ ရဲမှုးဟောင်း ဦးကျော်ဆန်းသည် ၊ လမ်းချိုးထဲ ဝင်ရောက်ပျောက်ကွယ်သွားသည့် လူကို သင်္ကာမကင်း ဖြစ်လာသည့်အတွက် ရဲကို ဖုန်းဆက် သတင်းပေးခဲ့သူ ဖြစ်၏။
ထို့အပြင် ဦးကျော်ဆန်းသည် မြို့တော်ခန်းမဝင်းထဲ ရောက်နေသော သူ့သားထံ ဖုန်းဆက်၍ ထူးခြားဖြစ်စဥ် ရှိမရှိ လှမ်းမေးရာ ၊ လူစိမ်းတယောက်သည် အပျော်တန်း သေနတ်ပစ်ကွင်းမှာ ၃ချက်ပစ် ၃ချက်ထိမှန်ကြောင်း၊ ပြီးတော့ ထိုလူစိမ်းသည် ခရစ်စမတ် လက်ဆောင် ရောင်းချသည့်ဆိုင်မှ ၊ ဝိုင်ပုလင်း၊ ပန်းစည်းတို့အပြင် ၊ ကလေးကစားစရာ သေနတ်တလက်ကိုပါ ဝယ်ယူသွားသည်ဟု သိထားသောကြောင့်ပင်။
အခုတော့ သူလည်း ဘာမှ မတတ်နိုင်တော့ချေ။ ကိုကျော်စွာသည် သူ့အစီအစဥ်ကို အကောင်အထည် ဖေါ်သွားခဲ့ပြီ ဖြစ်၏။ ကိုကျော်စွာ တယောက် သွေးအိုင်ထဲ လဲကျ နေသည်။
သို့သော် ဦးကျော်ဆန်း၏ မျက်လုံးထဲဝယ် ၊ ထိုတထပ်တိုက်လေး၏ အသည်းပုံ ရေကန်ငယ်လေးအနီးတွင် မိသားစု ၃ယောက်ကို မြင်တွေ့နေရပါ၏။
သူတို့သည် တဦးလက်ကို တဦး ကြင်နာမြတ်နိုးစွာ ခိုင် ခိုင်တွဲထားကြသော ကိုကျော်စွာ၊ မနန်းချယ်ရီဦး နှင့် ကူးကူးလေးတို့ပင်။
သူတို့မျက်နှာများတွင် ကျေနပ်ခြင်း၊ ပျော်ရွှင်ခြင်း တို့ဖြင့်၊ တဦးကို တဦး မေတ္တာ ရောင်ပြန် ဟပ်လျက်ရှိရာ ...
" ဒီတခါတော့ ဘုရားသခင်က သူ့သားသမီးတွေကို စုံစုံညီညီနဲ့ ကောင်းကင်နိုင်ငံတော်ကို ခေါ်သွားနိုင်ပြီပေါ့ " ဟုသာ ဖြေတွေး တွေးလိုက်မိရှာတော့သည်။
ပြီးပါပြီ ။
ပီပီ၊မန္တလေး၊
#lotaya_shortstory