
အခန်း [ ၂၁ ]
မရောက်သည်မှာ နှစ်ကာလအတော်ကြာပြီဖြစ်သဖြင့်
အိမ်ကြီးကိုမြင်ရုံနှင့် ဒေါ်အေးအေးဝင်း၏ရင်ထဲ ဝမ်း
နည်းရိပ်များပြည့်လျှံလာခဲ့သည်။
ငယ်ဘဝအချိန်က ထိုအိမ်ကြီးထဲတွင် မိဘမောင်ဘွား
များနှင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ဖူးသည်များကို ပြန်
လည်အမှတ်ရနေမိ၏။
" တံမြက်စည်းအရင်လှည်းမှရမယ် ... အန်တီအေး "
၎င်းတို့နှစ်ယောက် အိပ်ရန် အိမ်အောက်ထပ်ဧည့်ခန်း
ကို လှဲကျင်းလိုက်သည်။ ထို့နောက် ဒေါ်အေးအေးဝင်း
အိမ်မှယူလာခဲ့သည့် ခေါက်အိပ်ယာ ( folding bed ) တစ်
ယောက် တစ်ခုစီ နေရာချလိုက်ကြသည်။
" ဧည့်ခန်းက မီးရလို့တော်သေးတယ် "
" အန်တီလေး ကြောက်လို့လား "
နုရည်ဝင်းက ဒေါ်အေးအေးဝင်းကို စနောက်လိုက်သဖြင့်
ဒေါ်အေးအေးဝင်းလည်း မျက်စောင်းတစ်ချက်ခဲပြလိုက်
လေတော့သည်။
" ဒါက ညဗိုက်ဆာရင် စားဖို့ မုန့်ထုပ်နဲ့ ရေဗူး "
" ဟိုအထုပ်ကဘာကြီးလဲ အန်တီအေး "
" အော် ... ဒါက ညကြရင် အန်တီဘုရားရှိခိုးဖို့ ပဌာန်း
စာအုပ်နဲ့ ပုတီးထည့်လာတာ "
" ဟင် ... အန်တီအေးကလဲ ... ရလို့လား "
" ဘာကိုတုန်း "
" ဘုရားစာရွတ်ရင် ပူတယ်ဆို ... လာလို့မရဘဲနေမှာ
စိုးလို့ "
" ဘုရားစာရွတ်ပြီး ပြုခဲ့ဖူးသမျှကုသိုလ်တွေကို အမျှ
ဝေပေးရင် သာဓုခေါ်လို့တောင်ရသေးတာ "
" ဒါဆို ဘိုးဘိုးက မကျွတ်ဘူးဆိုတာ လက်ခံလိုက်တာ
လား "
" တော် "
နုရည်ဝင်းလည်း ဇက်ကလေးပုသွားရ၏။ ဦးအောင်ဒင်
မကျွတ်ဟုပြောမိသည့်အခါတိုင်း မိခင်နှင့် အဒေါ်ဖြစ်သူ
မှာ မကြိုက်မနှစ်သက်ကြောင်း အရိပ်အမြွက်ပြကြစမြဲ။
ထိုထဲတွင် သူမမိခင်ကပို၍သာဆိုးသေးသည်ဖြစ်ကြောင်း
နုရည်ဝင်း သိနေသည်။
ညကတဖြည်းဖြည်းဉာဉ့်နက်လာခဲ့ပြီ။ အိမ်အဟောင်း
ကြီးထဲ နှစ်ယောက်တည်းရှိသဖြင့် တော်တော်နှင့်အိပ်
မပျော်ကြပေ။ ဒေါ်အေးအေးဝင်းမှာ ဖခင်ဖြစ်သူ၏စာ
အုပ်ကို ဖတ်ရင်း နားမလည်နိုင်ဘဲဖြစ်နေလေသည်။
" ဆရာရွှေဇံက သွေးအန်ပြီးဆုံးတယ် ... ဒါဆိုဆရာကြိုင်
ကရော ... "
" အန်တီအေးကသူတို့ကို သိလို့လား "
" စာအုပ်ထဲပါတာကို ပြောတာ "
" ဟုတ် "
ဒေါ်အေးအေးဝင်းမှာ ဖတ်လိုက် တွေးလိုက်နှင့် အလုပ်
ရှုပ်နေတော့သည်။ နုရည်ဝင်းမှာမူ ဒေါ်အေးအေးဝင်းထံ
မှ မည်သည့်အရာများသိရမည်နည်းဟု မျှော်လင့်ကာ
စောင့်ကြည့်နေခဲ့သည်။
" မီးမီးလေး ... "
အိမ်အပြင်ဘက်ကနေ အသံဩဩကြီးနှင့် ခေါ်လိုက်သံ
ကိုကြားလိုက်သဖြင့် နုရည်ဝင်းငေးနေရာမှ ခါးကိုမတ်
ကာ နားစွင့်လိုက်သည်။
အိမ်အပြင်ဘက်တွင် အသံတစ်ခုပါကြားနေရ၏။ ထို
အသံမှာ တစ်ခုခုကို သံကြိုးနှင့်အပေါ်သို့ဆွဲတင်နေသံလိုလို၊ ရေသံနှော၍ကြားနေရလေသည်။
နုရည်ဝင်းမှာ အဒေါ်ဖြစ်သူထံ ထသွားပြီး လက်ကိုအသာကုပ်လိုက်သည်။ ဒေါ်အေးအေးဝင်းက ' ဘာဖြစ်လို့လဲ '
ဟု လေသံတိုးတိုးဖြင့် မေး၏။
" အပြင်မှာ အသံကြားနေရတယ် ... အန်တီအေးနား
ထောင်ကြည့်အုံး "
ဒေါ်အေးအေးဝင်းလည်း ဖတ်လက်စ စာအုပ်ကိုဘေးသို့
ချလိုက်ကာ ငြိမ်သက်ပြီး နားစွင့်လိုက်သည်။
" မကြားပါဘူး ... ဘာသံလဲ "
" တစ်ခုခုကို ရေထဲကဆယ်နေသလိုမျိုးအသံ ... နောက်
ပြီး ခုနက သမီးကို တစ်ယောက်ယောက်ခေါ်လိုက်သံ
လည်းကြားလိုက်တယ် ... "
" ဘယ်သူကခေါ်မှာလဲ ... ဒီမှာလူမနေတာ တစ်ရပ်ကွက်
လုံးသိနေတာကို "
" အဲ့ဒါပြောတာလေ ... ခေါ်တာက သမီးနာမည်လည်း
မဟုတ် ... မီးမီးလေးတဲ့ ... ဒါပေမယ့်သမီးခေါ်တာလို့
ဘာလို့ခံစားနေရလဲမသိဘူး "
" တကယ်မသိဘူးလား "
ဒေါ်အေးအေးဝင်းက မေးရင်းပါးစပ်လေးဟကာ ကြည့်
နေတော့သည်။
" အန်တီအေး အသိလား ... "
" ဘာမှမဟုတ်ပါဘူး... နားကြားမှားတာနေမှာ "
ဒေါ်အေးအေးဝင်းအဖြေကို နုရည်ဝင်း မယုံနေပေ။ တစ်ခု
ခုတော့သိပေမည်ဟု တွေးမိနေသည်။
" တံခါးတွေပိတ်ထားတာပဲ ... ဘယ်သူ့မှမဝင်လာနိုင်ပါ
ဘူး ... သွားအိပ်တော့ ... သွား "
ထိုစဉ်မှာပင် နုရည်ဝင်းအိပ်ရာခေါင်းရင်းဘက်ဆီအနီးရှိ
ပြူတင်းတံခါးကို အပြင်မှထုလာလေ၏။
" အန်တီအေး ... ဘယ်သူကြီးလဲမသိဘူး "
ဒေါ်အေးအေးဝင်းလည်း ထိုအခါမှ မျက်လုံးပြူးသွား
ရသည်။
" သူခိုး ... သူခိုးနေမှာ "
လူမနေသည့်အိမ်ဖြစ်၍ သူခိုးကပ်သည်ဟု ဆိုပြီး တုတ်
ရှာကြတော့သည်။ သို့သော် အိမ်ဟောင်းကြီး၌ မည်သည့်
တုတ်မှရှာမတွေ့ပေ။
" အော် ... လှေကားအောက်က သေတ္တာထဲမှာ တူတစ်
ချောင်းရှိတယ် ... သွားယူမယ်လေအန်တီအေး "
တူဝရီးနှစ်ယောက်မှာ လှေကားအောက်ရှိ တိုလီမိုလီထား
သည့်အခန်းသို့သွားကာ တံခါးဆွဲဖွင့်လိုက်ကြလေသည်။
ထို့နောက် သေတ္တာထဲမှ တူကိုထုတ်ယူလိုက်ကြသည်။
" ဘယ်လိုလုပ်မလဲ ... အပြင်တော့ ထွက်လို့မဖြစ်ဘူးနော်
နုရည် ... အိမ်ထဲဝင်လာမှ ဆော်ရမယ် "
" အသံ နားထောင်ပြီး သူဝင်လာမယ့် နေရာကနေစောင့်
ဖမ်းမယ်လေ... အန်တီအေး "
" ဖမ်းမိပြီဆိုမှ ဘေးအိမ်တွေကိုအော်ခေါ်ရမှာပဲ "
နှစ်ယောက်သား တီးတိုးတိုင်ပင်ကာ အိမ်အပြင်ဘက်မှ
အသံကို နားစွင့်နေကြသည်။ မြေပေါ်ရှပ်တိုက်မိနေသော
သံကြိုးကြီး၏အသံက အိမ်ထဲအထိ အတိုင်းသားကြား
နေရ၏။
ထိုသံကြိုးကြီးမှာ လူလမ်းလျှောက်လိုက်တိုင်း ဒရွတ်တိုက်ပါနေဟန်ရလေသည်။ ထို့ကြောင့် တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြတော့သည်။
" ဘယ်လိုကြီးလဲမသိဘူး နုရည် ... ထောင်သားများလား "
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ဒီမြို့တဝိုက်မှာ ဘာထောင်
မှမရှိတာကို "
" အင်း ... အချုပ်ထဲကထွက်ပြေးလာတာများလားမသိ
ဘဲနဲ့ "
ထိုလမ်းလျှောက်သံမှာ အိမ်တံခါးဝရှေ့၌ ရပ်တန့်သွား
ပြီး အသံဩဩကြီး ထွက်ပေါ်လာခဲ့တော့သည်။
" မီး ... မီး ... လေး ... ဘိုးဘိုးကို ကယ်ပါအုံး "
" ဟင် "
" အန်တီအေး ... ကြားလား "
ဒေါ်အေးအေးဝင်းမှာ ချွေးစေးများပျံရင်း တံခါးပေါက်
ကို မမှိတ်မသုန်စိုက်ကြည့်ကာ ခေါင်းညိမ့်ပြနေလေသည်။
အိမ်မကြီးတံခါးဆီသို့ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နှစ်
ယောက်သား တိုးကပ်သွားကြ၏။ တံခါးအပြင်ဘက်
တွင်မူ နာကျင်လွန်းသဖြင့် အသံဩဩကြီးနှင့် ငြီးငြူ
နေသံအား ထင်ထင်ရှားရှား ကြားနေရလေသည်။
" အဖေ "
ဒေါ်အေးအေးဝင်းမှာ မည်သို့မှ မထင်မှတ်ထားသည့်
အချင်းအရာကြောင့် အသံပင် တုန်ယင်နေ၏။ ထို့နောက်
မျက်ရည်များ ချက်ချင်း ကျဆင်းလာကာ အိမ်တံခါးကို
ဖွင့်ကြည့်လိုက်လေတော့သည်။
" အဖေ "
" ဘိုးဘိုး "
" ကယ်... ပါ ... အုံး "
တကိုယ်လုံး သွေးချင်းချင်းနီလျက် ခြေကျင်းဝတ်နှစ်
ဘက်လုံးတွင်လည်း သံကြိုးကြီး ချည်ထားခံရပြီး သံ
ကြိုးကြီး၏အဆုံးတွင်မူ ကျောက်တုံးကြီးနှစ်တုံးကိုပါ
တွေ့မြင်လိုက်ရလေသည်။
ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းတို့မှာ အံ့အားသင့်လွန်း
သဖြင့် စကားမပြောနိုင်ကြသေးဘဲ ငုတ်တုတ်မေ့နေလေ
ပြီ။
ထိုအချိန်မှာပင် ဦးအောင်ဒင်မှာ တစုံတရာက ဆောင့်ဆွဲလိုက်သကဲ့သို့ လေထဲမြှောက်တက်သွားကာ လွင့်ပါသွား
ေတာ့သည်။ သူ၏အော်သံနက်ကြီးသာ ပဲ့တင်ကျန်နေရစ်ခဲ့၏။
" အဖေ "
ဒေါ်အေးအေးဝင်းလည်း ဖလင်ဖြစ်သူလွင့်ပါသွားရာနောက်သို့ လိုက်ပြေးရင်း အသံကုန်အော်ဟစ်နေသည်။
ဦးအောင်ဒင် ဝင်ရောက်ပျောက်ကွယ်သွားသောနေရာမှာ ယခင်ကရေတွင်းဟောင်း နေရာဟု သိလိုက်သည်နှင့်
မြေကြီးပေါ် ခွေကျသွားလေတော့သည်။
***********
အခန်း [ ၂၂ ]
ကားကိုအရှိန်ပြင်းပြင်းမောင်းလာရင်း ခြံရှေ့တွင် ရပ်
သွားသောအသံကြောင့် ဦးသန်းတိုးနှင့် ဒေါ်သန်းသန်း
ဝင်းမှာ အိမ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ကားပေါ်မှဆင်းလာသူများမှာ ဒေါ်အေးအေးဝင်းနှင့် နု
ရည်ဝင်း ဖြစ်နေသဖြင့် ရင်ထဲထိတ်သွားကြလေ၏။
ခြံရှေ့မှ အော်ခေါ်နေကြသည်ကို ပြန်ထူးရင်း တံခါး
အမြန်သွားဖွင့် ပေးလိုက်ကြသည်။
" ဟဲ့ ... ညကြီးမင်းကြီး ... ဘာတွေဖြစ်လာတာတုန်း "
ဒေါ်အေးအေးဝင်းမှာ အစ်မဖြစ်သူ၏ လက်ကို ဆွဲကာ
အိမ်ထဲ သို့ခေါ်ဝင်သွားသည်။
" မမ ငါ့ကိုဘာလို့ညာခဲ့တာလဲ ... နင်ဘာလို့ညာတာလဲ "
" ဘာကိုညာတာလဲ "
" နင်နဲ့ ကိုကြီးနဲ့ ပြောတော့ ဖေဖေက ကောင်းရာဘုံဘဝ
ရောက်နေပြီဆို "
ဒေါ်အေးအေးဝင်းစကားကြောင့် ဒေါ်သန်းသန်းဝင်း
လည်း နုရည်ဝင်းအား ဒေါသစွက်နေသောအကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
" နုရည်ကို နင်ဘာမှ မပြောနဲ့ ... သူ့ကြောင့်သာ ငါအား
လုံးသိရတာ ... "
" သူအိပ်မက်တွေလျှောက်မက်တာကို နင်ကယုံနေတာ
လား "
" အိပ်မက်မဟုတ်ဘူး ... တကယ်ဖြစ်နေတာ ... ငါဘာ
မြင်ခဲ့လဲ နင်သိလား ... "
ဒေါ်အေးအေးဝင်းမှာ အသံတွေတုန်ရင်း အစ်မဖြစ်သူကို
ရန်တွေ့နေလေတော့သည်။
" ငါ့မျက်စိနဲ့သာမမြင်ခဲ့ရင် ငါယုံမှာမဟုတ်ဘူး ... ဖေဖေ့
ကို ငါ့မျက်လုံးနဲ့ တွေ့ခဲ့တာ "
" တော်တော့ အေးအေးဝင်း ... နင်လည်း အိပ်မက်မက်
ပြန်ပြီလား ... ငါ့ကိုခေါင်းလာမရှုပ်စမ်းနဲ့ "
" ဟိုအရင်က အဲ့ဒီအိမ်ကိုငါယူမယ်ဆိုတော့ ... နင်မပေး
ဘူး ... နင်ရအောင်ယူသွားတယ် ... နင်သာမယူရင် ငါယူ
ဖြစ်မှာ ... ငါလည်း အဲ့အိမ်မှာဆက်နေဖြစ်မှာ ... ဒါဆို
ဖေဖေမကျွတ်တာကို အစောကြီးကတည်းက သိရမှာ ... "
" နင်အဲ့ဒီအိမ်မရလို့ ငါ့ကိုပြဿနာလာရှာနေတာလား ...
အခုယူလိုက် ... ပေါက်ဈေးအတိုင်းသာ ငါ့ကိုပြန်ပေး "
" မမ ... ဖေဖေကနင့်ကိုအချစ်ဆုံးဆိုတာ နင်သိတယ် ...
ဒါတောင် နင်ဘာမှ မလုပ်ပေးနိုင်ဘူးလား ... ဟင် "
" ငါသမီးတစ်ယောက်တာဝန် ကျေခဲ့တယ် ... အေးအေး
ဝင်း ... နင်ဘာမှမသိဘဲ ကိုယ့်အစ်မကို ရန်လာလုပ်မနေ
နဲ့ "
" အရင်က ကိစ္စတွေ ငါမသိဘူးထား ... ခု ငါသိနေပြီလေ...
ဖေဖေ မကျွတ်ဘူး ... နင်ဘာလုပ်ပေးမှာလဲ ... "
" မကျွတ်ဘူးလို့ နင်ကဘယ်လိုများသေချာနေတာလဲ "
" နင်မယုံဘူးမဟုတ်လား ... အဲ့ဒီအိမ်မှာ နင်တစ်ညသွား
အိပ်လိုက် ... မကျွတ်တာသိပြီဆိုရင် ငါဘာလုပ်လုပ် နင်
ငါ့ကို လာမတားနဲ့ ... "
ဒေါ်သန်းသန်းဝင်းမှာ ညီမဖြစ်သူထံမှ ယခုကဲ့သို့ ရင့်ရင့်
သီးသီးပြောဆိုခြင်း မခံခဲ့ရဖူးသဖြင့် မည်သည့်စကားမှ
ပြန်မပြောနိုင်ဘဲ ဖြစ်နေလေသည်။
" ဒီမှာ ဖေဖေကိုယ်တိုင်ရေးခဲ့တဲ့ စာအုပ် ... နင်ဖေဖေ့ကို
တကယ် ဂရုစိုက်တယ် ... ချစ်တယ်ဆိုရင် ... ဒီစာအုပ်ကို
သေချာဖတ် ... အသက်ရှိချိန်က ဘယ်လောက်ပြုစုပြုစု...
မကျွတ်မှန်းသိသိရက်နဲ့ နေစိမ့်နေရင် နင်ဟာ သမီးတစ်
ယောက်တာဝန် မကျေသေးဘူး ... "
စာအုပ်ကို စားပွဲပေါ်သို့ပစ်ချပြီး ဒေါ်အေးအေးဝင်းက
ဆတ်ခနဲ လှည့်ပြန်သွားလေသည်။
" ဒါ ဘယ်သူ့လက်ချက်လဲ "
ဒေါ်သန်းသန်းဝင်း၏ ဒေါသသံစွက်နေသောအေးစက်စက်
အသံကြောင့် ဦးသန်းတိုးနှင့် နုရည်ဝင်းမှာ ရင်ထဲထိတ်
သွားကြတော့သည်။
" သမီး စာအုပ်ယူသွားပြီး အန်တီအေးကို ပြလိုက်တာပါ "
နုရည်ဝင်းက လေသံတိုးတိုးလေးနှင့် ပြန်ဖြေလာသည်။
" နင်တို့သားအဖတွေ တီးတိုးတီးတိုးနဲ့ အကြံထုတ်နေကြ
ကတည်းက ငါမသင်္ကာတာ ... ကိုသန်းတိုး ... ရှင်လည်း
ပါတယ်မဟုတ်လား "
" မင်းကလဲကွာ ... စာအုပ်လေးပဲဟာ "
" အဲ့ဒီစာအုပ်လေးပဲက ခုပြဿနာတက်နေရပြီ ... ရှင်တို့
သားအဖတွေ နေခဲ့ကြ ... ကျွန်မ မရှိလေ ကောင်းလေ
မဟုတ်လား "
ညီမဖြစ်သူ၏ ရန်လာတွေ့မှုကြောင့် ဒေါသအလွန်ထွက်
နေသော ဒေါ်သန်းသန်းဝင်းမှာ စာအုပ်ကိုကောက်ယူပြီး
အိမ်အပေါ်ထပ် တက်သွားသည်။ ပြီးနောက် ပြန်ဆင်းလာကာ ညကြီးအချိန်မှာပင် ကားမောင်းပြီး ထွက်သွားလေတော့၏။
" ဖေဖေ ... မေမေ့နောက်သွားလေ ... တစ်ယောက်ထဲ
ရယ် "
" သမီးမေမေအကြောင်းလည်း သိရဲ့သားနဲ့ ... မနက်ကြ
ရင် ပြန်လာလိမ့်မယ် ... မအေးနဲ့ ဘယ်လိုဖြစ်ကြတာလဲ
ပြောအုံး "
သားအဖနှစ်ယောက်သား ဧည့်ခန်းဆိုဖာတွင်ထိုင်ရင်း
နုရည်ဝင်းက ဖြစ်ကြောင်းကုန်စင်ပြောပြသလို ဦးသန်း
တိုးကလည်း အကြံဉာဏ်ပေးကာ တိုင်ပင်ဖြစ်ကြလေ
တော့သည်။
" ဒါကြောင့် ညနေတုန်းက နောက်ကျောဘက်ကနေ တစ်
ယောက်ယောက် တွန်းလိုက်ပါတယ်လို့ တွေးနေတာ ...
အဖေများလားမသိဘူး "
" ဟုတ်မယ်ထင်တယ်ဖေဖေ ... ဘိုးဘိုးက စာအုပ်မဖတ်
မှာစိုးလို့ လုပ်တာနေမှာ "
" အကုသိုလ်လုပ်မိတော့ အကုသိုလ်အကျိုးကို ပြန်ခံစား
နေရတာပေါ့ သမီးရယ် ... သမီးဘိုးဘိုး ပြောတဲ့အတိုင်း
သူအပြစ်လုပ်ခဲ့တဲ့သူတွေဆီ သွားတောင်းပန်ပေးရမှာ
ပေါ့ ... ပြီးရင် ကုသိုလ်ကောင်းမှုတွေလုပ်ပြီး အမျှပေး
ရမှာပဲ သမီး ... သူခံစားနေရတာတွေကနေ မလွတ်နိုင်
ရင်တောင်မှ အထိုက်အလျောက်တော့ အေးချမ်းသွား
မှာပါ "
အိမ်အဟောင်းကြီးထဲတွင် နုရည်ဝင်းတို့ချန်ထားရစ်
သော folding bed ပေါ်သို့ ဒေါ်သန်းသန်းဝင်း ဝင်ထိုင်
ကာ ငိုရှိုက်ပစ်လိုက်သည်။
" ဖေဖေ ... သမီးကဖေဖေ့ကိုအချစ်ဆုံးဆိုတာ ဖေဖေ
အသိဆုံးပါ ... ဖေဖေမကျွတ်ဘူးဆိုရင်လည်း ဘာလို့
သမီးဆီမလာတာလဲ ... အိပ်မက်ထဲတောင်မလာခဲ့တဲ့
ဖေဖေ့ကို ... မကျွတ်ဘူးလို့ လာပြောနေကြတာ ... သမီး
ဘယ်လိုမှ မယုံဘူးဖေဖေ ... "
ပါးပြင်ပေါ်သို့ကျဆင်း လာသော မျက်ရည်များကို မ
သုတ်ပစ်နိုင်ဘဲ ပါးစပ်မှ တတွတ်တွတ်ပြောရင်း ငိုကြွေး
နေတော့၏။
***********
အခန်း [ ၂၃ ]
" ဟာ ... ဆရာနိုင်မိုး ... ထူးထူးဆန်းဆန်း အစောကြီး
ရောက်လာလို့ပါလား ... ထူးပြီလားဆရာကြီးရေ "
ဒေါ်စိန်သန်း၏ အာကျယ်ကျယ်နှုတ်ဆက်လိုက်သံကြား
သည်နှင့် ဦးငွေတိုးလည်း အခန်းထဲမှ ပြေးထွက်လာခဲ့
၏။
" ထူးတာတော့မဟုတ်ဘူး ... နည်းလမ်းတစ်ခုရလာလို့
ဗျို့ "
" လာ ... လာ ... ဆရာကြီး ... အိမ်ပေါ်ကြွ "
ဒေါ်စိန်သန်းက ရှေ့ကဦးဆောင်ပြီး ဆရာနိုင်မိုးကို ခေါ်
ဝင်လာလေသည်။ အိမ်အပေါ်ထပ်ရောက်သည့်အခါ
ဘုရားရှိခိုးပြီးသည်နှင့် ဘုရားစင်ဘေး၌ ထိုင်လိုက်၏။
" ဆရာကြီး ရောက်လာတာ အဆင်သင့်သွားပြီဗျာ ...
ကျွန်တော် အဲ့ဒီသစ်နက်ရုပ်လေးကို မိခါနီးနေပြီ... မကြာ
တော့ဘူး ... မိတော့မှာ "
" ဟုတ်လားကိုငွေတိုး ... ဘယ်လိုမိခါနီးတာလဲ "
" ဒီလိုဆရာကြီး ... သစ်နက်ရုပ်ကြီးက အိမ်ကိုပတ်ပြီဆို သူမြေတိုးတဲ့အသံကို ကျွန်တော်ကြားရတယ်... သူက
ခုမှ ပတ်တာမဟုတ်ဘူး ... အိမ်တစ်ပတ် ပတ်နေတာ
( ၁ ) နှစ်ရှိနေပြီ ... သူ့ပတ်လမ်းပြည့်ခါနီးလေ အသံ
ကျယ်လေပဲ ဆရာကြီး ... နောက်ပြီးသူက နေ့တိုင်းည
တိုင်း မပတ်ဘူး ... တစ်ပတ်မှာ ( ၂ ) ရက်ပဲ ပတ်တာ...
တစ်ခါပတ်ရင် တနေရာနဲ့ တနေရာ သိပ်မဝေးဘူး ...
သူ့အသံဆုံးတဲ့နေရာကို တူးရင် မိမှာပဲ ... ခက်တာက
သူငြိမ်ကျသွားတဲ့ နေရာကို မှန်းရခက်နေတာ "
" သူငြိမ်တဲ့နေရာက ဘာလို့မှန်းရခက်တာလဲ ... အသံ
ကျယ်တယ်ဆို "
" အသံကျယ်ပေမယ့် သူရပ်မယ့်နေရာနဲ့နီးရင် အသံက
တိုးသွားတာ ဆရာကြီးရ ... ဒါကြောင့် ဖမ်းရခက်နေ
တာပေါ့ "
" အခုက မိတော့မှာဆိုတော့ သူရပ်နေတဲ့နေရာကို သိ
ပြီလား "
ဆရာနိုင်မိုးစကားကို ဦးငွေတိုး ပြုံးရင်းပြန်ဖြေလာသည်။
" သိတော့သိနေပြီဆရာကြီး ... ဒီတစ်ခါ သူပတ်လမ်းထဲ
ပြန်ပတ်ရင် မိပြီဗျ ... "
" ဘယ်လိုမျိုးလဲ "
" သူအိမ်ကိုပတ်နေရင် မြေကြီးထဲတိုးလို့ မြေငလျင်လို
လှုပ်တယ်မလား ... ကျွန်တော်လည်း ခြံထဲမှာ အမှတ်
အသားတွေမှတ်ထားတာပေါ့ ... နောက်ဆုံးတစ်ကြိမ်
သူပတ်တဲ့ညက အသံကိုသေသေချာချာနားထောင်တော့
အရှေ့မြောက်အရပ်မှာ အသံရပ်သွားတယ်ဆရာကြီးရ...
မနက်သွားကြည့်တဲ့အခါ အဲ့မှာ စံပါယ်ပင်ကြီးတစ်ပင်
ရှိတယ်လေ ... စံပါယ်ပန်းတွေ အများကြီး မြေပေါ်ကြွေ
ကျနေတာ တွေ့ရတာပဲ .... သူမြေတိုးတဲ့အရှိန်ကြောင့်
စံပါယ်ပွင့်တွေ ကြွေကျတာပေါ့ ... ဒါဆိုသူဝေးဝေးမရှိ
ဘူး ... စံပါယ်ပင်တဝိုက်မှာပဲရှိရမယ် ... ဒါကြောင့် နောက်
တစ်ခါသူပတ်ရင် စံပါယ်ပင်ကြီးကိုကြည့်ပြီး သိပြီပေါ့...
ဘယ်ဘက်ကိုပတ်သလား ... ညာဘက်ကိုပတ်သလား ...
စံပါယ်ရုံနဲ့ ဘယ်လောက်အကွာကို ပတ်သလဲ သိရပြီ...
ဒါဆို မကြာခင် မိကိုမိမှာပဲမဟုတ်လား "
ဦးငွေတိုးအဖြေကြားသည့်အခါ ဆရာနိုင်မိုး မျက်နှာ
ဝင်းလက်သွားလေသည်။
" ဒါဆို အဆင်သင့်သွားပြီ ... ကိုယ်စားလက်လှယ်လုပ်
နည်း ကျွန်တော်တွေ့ထားတယ်... သူပတ်လမ်းပေါ် စပတ်
တာနဲ့ ရပ်သွားတဲ့နေရာကို ခင်ဗျားမှတ်ထား .... အကွာအ
ဝေးသိပြီဆိုတာနဲ့ ခင်ဗျားကိုယ်ပွားအရုပ်လုပ်ပြီး သူရပ်
မယ့်နေရာမှာ ချထားလိုက်မယ်ဆို ... သစ်နက်ရုပ်ကြီး
ဟာ ခင်ဗျားကိုယ်ပွား အရုပ်ကို စားသွားမယ် ... ဒါဆို
ခင်ဗျားအသက်ဘေးကလွတ်ပြီပေါ့ ကိုငွေတိုးရ "
ဆရာနိုင်မိုးစကားကိုကြားပြီး ဦးငွေတိုးရော၊ ဒေါ်စိန်
သန်းပါ အလွန်ဝမ်းမြောက်သွားကြလေသည်။ ယခု
ပုံအတိုင်းဆိုလျှင် သူတို့မောင်နှမ နှစ်ယောက်မှာ အ
သက်ရှင်နိုင် လိမ့်မည်။ မျှော်လင့်ချက်ရှိလာပြီ မဟုတ်
လော။
" ဒီလိုဆိုရင်တော့ အားတက်စရာပဲ ဆရာကြီးရေ ...
ဒါနဲ့ဆရာကြီး ရောက်လာရတဲ့ အကြောင်းအရင်းက
ရော ... ဘာများလဲ ဆရာကြီး "
" ကျွန်တော်ရောက်လာရတာလည်း ကိုယ်စားလက်လှယ်
အရုပ်နဲ့ လမ်းလွှဲဖို့ပဲဗျ ... လွတ်မြောက်ချင်လို့ အံကိုက်
ဖြစ်သွားတယ်ထင်တယ် ... ကိုယ်စားလက်လှယ်လုပ်
ပြီးသွားရင် သစ်နက်ရုပ်ကြီးက အဲ့ဒီနေရာမှာပဲ အချိန်
ကြာကြာ ရှိနေအုံးမှာပဲ ... ဒါဆို ရှာရလွယ်ပြီပေါ့ "
" ဖြစ်ပါစေဆရာကြီးရယ် ... "
" ဒါပေမယ့် တစ်ခုရှိသေးသဗျ ... "
" ဟုတ်ကဲ ဆရာကြီး "
" တကယ်လို့ မအောင်မြင်ခဲ့သည်ရှိသော် ... ဒီအိမ်ကြီး
ကို မြေလှန်ပစ်လိုက်တော့ဗျာ ... "
" ရှင် "
" ငွေရေးကြေးရေးအတွက် အိမ်တစ်ခြမ်းရောင်းလိုက်
ပေါ့ ... မဟုတ်ဘူးလား ... ဒါဆို မြေလှန်ပြီး အတိုက်
လည်း ထုတ်နိုင်မယ် ... အိမ်အသစ်လည်းဆောက်နိုင်
မယ် ... လာဘ်လာဘတွေလည်း ပြန်ဝင်မယ် ... မကောင်း
ဘူးလား "
" အင်းပေါ့လေ ... အဲ့လိုလည်း အရင်ကတွေးထားဖူးပါ
တယ် ... အိမ်ကိုရောင်းပြီး အမွေခွဲကြဖို့လေ ဆရာကြီး ...
ဒါပေမယ့် အိမ်ကရောင်းမထွက်ဘူး ဖြစ်နေလို့ မလုပ်ရ
တာ "
" မြေလှန်ပြီး အရုပ်ကို ထုတ်လိုက်တာနဲ့ ရောင်းထွက်
ပြီပေါ့ဗျာ ... နေရာကောင်းကြီးပဲဟာ ... ဝယ်ချင်သူတွေ
လက်ညိုးထိုးမလွဲပါဘူး "
ဆရာနိုင်မိုး၏ အားတက်သရော အားပေးစကားများ
ကြောင့် တစ်အိမ်လုံး ပြုံးပျော်မဆုံး ဖြစ်သွားကြလေသည်။
ထို့နောက် ဦးငွေတိုးအတွက် ကိုယ်စားလက်လှယ်လုပ်
ပြီးလျှင် အရုပ်ကို တူးထုတ်ကြမည်။ ကိုယ်စားလက်
လှယ်မအောင်မြင်ခဲ့သော် မြေလှန်ကာ အရုပ်ကို ထုတ်ယူကြမည်ဟု စီစဉ်လိုက်ကြတော့သည်။
***********
အခန်း [ ၂၄ ]
ဒေါ်သန်းသန်းဝင်းနိုးလာသည့်အခါ အိမ်ဟောင်းကြီး
တွင် အိပ်ပျော်သွားမှန်း သတိရလိုက်မိသည်။ သူမတစ်
ညလုံး ထိုအိမ်ကြီး၌ တစ်ယောက်တည်း အိပ်ခဲ့သည်။
ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းပြောသကဲ့သို့ မဟုတ်
နေသဖြင့် ဒေါသကတဖန် ပြန်ထွက်ပေါ်လာရသည်။
မည်သည့်အကြောင်းကြောင်းကြောင့်ဆိုဆို ဖခင်ဖြစ်သူ
မကျွတ်ပါက ယခုလို သူမတစ်ယောက်တည်းရှိချိန်မျိုး
တွင် တစ်ခုခု အသိပေးမည်ဟု သူမယုံကြည်မိ၏။
" ဒီတစ်ခါတော့ ငါအလျော့မပေးနိုင်တော့ဘူး ... မရှိ
တော့တဲ့ ဖေဖေ့ကို အသုံးချနေကြတာ သည်းမခံနိုင်
ဘူး ... "
တစ်ယောက်တည်း ကြိမ်းဝါးရင်း အိမ်ဟောင်းမှ လက်
ရှိ နေထိုင်သည့်အိမ်သို့ ပြန်လာခဲ့လေသည်။
" နုရည် ... ကိုသန်းတိုး "
မိခင်ဖြစ်သူအသံကြောင့် နုရည်ဝင်းလည်း အခန်းထဲမှ
ပြေးထွက်လာခဲ့သည်။
" ဖေဖေ အလုပ်သွားပြီ မေမေ "
ဒေါ်သန်းသန်းဝင်းလည်း ဆိုဖာပေါ် ထိုင်ချပစ်လိုက်၏။
" နုရည် ... ဒီမှာလာထိုင် "
" ဟုတ် "
" မေမေညက အိမ်အဟောင်းမှာ တစ်ယောက်တည်း
သွားအိပ်တယ် "
" တကယ်ကြီး "
" နားထောင် ... သမီးနဲ့ အေးအေးဝင်း ပြောသလို ဘာ
မှမဖြစ်ခဲ့ဘူး ... လေတိုက်လို့ အပင်လှုပ်သံနဲ့ အိမ်ကဆွေး
နေပြီမလို့ ကျွီ ကျွီ မြည်သံကလွဲပြီး ဘာမှမရှိဘူး ... "
ဒေါ်သန်းသန်းဝင်းစကားကြောင့် နုရည်ဝင်း အားပျော့
သွားလေ၏။ အဘိုးဖြစ်သူကို မိမိနှင့် အဒေါ်ဖြစ်သူက
မျက်ဝါးထင်ထင် မြင်ခဲ့ရသော်လည်း မိခင်ဖြစ်သူက
မတွေ့ မမြင်ဟု ဆိုသဖြင့် ယုံကြည်အောင် မည်ကဲ့သို့
သက်သေပြရမည် မသိဘဲဖြစ်နေရသည်။
" ဒီတော့ ခုချိန်ကစပြီး ဘိုးဘိုးမကျွတ်ဘူးတွေ ... အိပ်မက်
မက်တာတွေ ... ဘာမှမကြားချင်ဘူး ... မဟုတ်တာထပ်
မပြောနဲ့ ... ကြားလား "
" မေမေ "
" မေမေတစ်ယောက်ထဲ အိပ်ခဲ့ပြီးပြီ ... ဒီထက်ခိုင်လုံတဲ့
သက်သေ မရှိတော့ဘူး ... "
" မေမေ မယုံဘူးဆိုတာသိပါတယ် ... မယုံလို့လည်းရ
တယ် "
နုရည်ဝင်းက ဒေါ်သန်းသန်းဝင်း၏ မျက်နှာရိပ် မျက်နှာ
ကဲ ကို အကဲခတ်ရင်း ဆက်ပြောသင့် မပြောသင့် တန့်
နေလေသည်။
" သမီးဘိုးဘိုးက ခုဆိုရင် ကောင်းရာမွန်ရာ ရောက်နေ
ပြီ ... သူ့ကိုမဟုတ်တာတွေ ပြောတာမျိုး မေမေ မဖြစ်
ချင်ဘူး ... ကြားလည်းမကြားချင်ဘူး "
" မေမေပြောသလို ကောင်းရာမွန်ရာ ရောက်နေတာလည်း
ဖြစ်နိုင်ပါတယ် ... ဒါပေမယ့် ဘိုးဘိုးချန်ခဲ့တဲ့ စာအုပ်ကို
တော့ မေမေ ဖတ်ကြည့်သင့်တယ် ... ဘိုးဘိုးကိုယ်တိုင်
ရေးထားတာမလို့ ဖတ်ကိုဖတ်သင့်တယ် မဟုတ်လား "
ဒေါ်သန်းသန်းဝင်းက မည်သည်မှ ပြန်မပြောတော့ဘဲ
နှုတ်ဆိတ်သွားသဖြင့် နုရည်ဝင်းလည်း ဆက်ပြောတော့
သည်။
" အဲ့စာအုပ်ထဲမှာ မေမေ မသိတဲ့ အကြောင်းအရာတွေ...
ဘိုးဘိုးကြုံခဲ့ ဖြတ်သန်းခဲ့ရတာတွေ ရေးထားတယ် ...
သမီးတို့ပြောတာ မယုံလို့ရတယ် ... ဘိုးဘိုးကိုယ်တိုင်
ရေးခဲ့တာကိုတော့ မေမေ လက်ခံရမှာပါ "
" အမေကို ဆရာပြန်လုပ်နေတာလား နုရည် "
" သမီးကဖြစ်သင့်တာကို ပြောပြတာပါမေမေ ...
မေမေမဖတ်ချင်လည်းနေပါ ... သမီးသာ မေမေ့နေရာ
မှာဆိုရင် ကိုယ့်အဖေ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာတော့
သိအောင်လုပ်မှာပဲ "
" တော်ပြီနော် ... သမီးကိုမလို့ မေမေဒီလောက်အထိ
သည်းခံနေတာ ... ဆက်မပြောနဲ့တော့ "
ဒေါ်သန်းသန်းဝင်းမှာ နုရည်ဝင်းအား မာန်မဲပြီး အိမ်
အပေါ်သို့တက်သွားလေတော့သည်။
နုရည်ဝင်းမှာတော့ အဒေါ်ဖြစ်သူနှင့် တွေ့ဖို့ သွားမှဖြစ်
မည်ဟုတွေးရင်း ဒေါ်အေးအေးဝင်းထံ ထွက်လာခဲ့လိုက်
လေ၏။
အိမ်ရှေ့မှ ကားစက်သံကြားရသဖြင့် ဒေါ်သန်းသန်းဝင်း
တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
" ဘယ်တွေသွားအုံးမှာလဲမသိဘူး ... ဟူး "
အဝတ်အစားလဲရန် ဗီဒိုကိုဖွင့်လိုက်မှ စာအုပ်ကိုသတိ
ရသွားမိသည်။ ဗီဒို အံဆွဲထဲ အောက်ဆုံးနေရာ၌ ထည့်
ထားခဲ့သည့် စာအုပ်ကို ထုတ်ယူကြည့်နေသည်။
" ဖေဖေ ... သမီးဒီစာအုပ်ကို ဆက်မဖတ်ရဲဘူး ... သမီး
ကြောက်နေတယ်ဖေဖေရယ် ... သမီးမဖြစ်ချင်တာတွေ
ဒီစာအုပ်ထဲမှာ ရှိနေတယ်ဆိုတာ သမီးသိတယ် ... "
စာအုပ်လေးကို ရင်ခွင်ထဲ ဖက်ထားလိုက်စဉ်မှာပင်
မျက်ရည်များက ပါးပြင်ပေါ်သို့ စီးဆင်းလာခဲ့ချေပြီ။
" အန်တီအေး ... အန်တီရေ "
နုရည်ဝင်း အသံကြားသည်နှင့် ဒေါ်အေးအေးဝင်း၏
သားဖြစ်သူ စွမ်းထက်နိုင်က ထွက်လာပြီး အိမ်တံခါး
လာဖွင့်ပေးလေသည်။
" အန်တီအေးရှိလား စွမ်းထက် "
" ရှိတယ် ... အပေါ်မှာ "
" အေ ... အေ "
နုရည်ဝင်းက ထိုသို့သာပြောပြီး အိမ်အပေါ်ထပ်သို့
တက်သွား၏။ အပေါ်ထပ်တွင် စားပွဲခုံပေါ် ဗလာစာ
အုပ်တင်ပြီး ရေးလိုက် ခြစ်လိုက် လုပ်နေသော ဒေါ်အေးအေးဝင်းကို တွေ့လိုက်ရတော့သည်။
" နုရည် ... လာ "
နုရည်ဝင်းက စားပွဲခုံဘေးရှိ ဆိုဖာထိုင်ခုံပုလေးတွင်
ဝင်ထိုင်လိုက်၏။
" စာရင်းချုပ်နေတာလား အန်တီအေး "
" ဒီမှာလေ ... "
ဗလာစာအုပ်ကို နုရည်ဝင်းထံ ပြလာသည်။ စာအုပ်ထဲ
၌ အမည်များ တန်းစီရေးထား၏။ နုရည်ဝင်းက ဖတ်
ကြည့်ရင်း သူသိသောသူများမှာ ဦးအောင်ဒင်စာအုပ်
ထဲမှ အမည်များဖြစ်နေသည်။
" ဒီနာမည်တွေက "
" အန်တီမှတ်မိသလောက်ရေးထားတာ ... သူတို့နဲ့ တွေ့
ရမယ် နုရည် "
" ဒီလူတွေကတော့ ဘိုးဘိုးစာအုပ်ထဲက နာမည်တွေပဲ...
ကျန်တဲ့သူတွေက ဘယ်သူတွေလဲ "
နုရည်ဝင်းမှာ အမည်စာရင်းများကို လက်ဖြင့်ထောက်
ပြရင်း ပြောလိုက်သည်။
" စာအုပ်ထဲမပါတဲ့သူတွေက သမီးဘိုးဘိုးနဲ့ ရင်းနှီးတဲ့
သူတွေပေါ့ ... "
" သူတို့က ခုချိန်ထိ ရှိနေသေးလား "
" တချို့ကတော့ဆုံးသွားကြပြီ ... တချို့ကတော့ ကျန်
ပါသေးတယ် "
" သူတို့သိမှာ သေချာလို့လား အန်တီအေးရဲ့ "
" စာအုပ်ထဲက ကိစ္စတွေတော့ ဘယ်သိမှာလဲ ... သူတို့
သိလောက်တာတော့ရှိတယ် "
" ဘာသိတာများလဲ "
" ဆရာရွှေဇံနဲ့ ဆရာကြိုင် အမျိုးတွေကို "
" ဟင် ... ဒါဆို "
" ဟုတ်တယ် နုရည် ... အဲ့ဒီဆရာနှစ်ယောက်ရဲ့ သား
သမီးဖြစ်ဖြစ် တပည့်ဖြစ်ဖြစ် စုံစမ်းလို့ရရင် ... ဟိုအ
တိုက်ကို ဖျက်လို့ရပြီ "
" ဟုတ်သားပဲ ... အန်တီက တော်သွားပြန်ပြီ "
" ဒီကိစ္စကို သမီးမေမေလိုပဲ... သမီးဘကြီးကလည်း
မယုံဘူး ... စွမ်းထက်တို့လည်း မယုံဘူးတဲ့ သမီး ...
ဒီတော့ သမီးဘိုးဘိုးမှာ အားကိုးစရာ အန်တီနဲ့ သမီးပဲ
ရှိတော့တယ် ... ဒါကိုကြိုသိလို့ ကျန်တဲ့သူတွေကို သူ
အကုသိုလ်ကံကြီး ခံနေရကြောင်း မပြဘဲ သူအားကိုး
ရနိုင်မယ့် အန်တီနဲ့ သမီးကိုပဲ ပြတာဖြစ်မယ်သမီး "
" အဲ့လိုလားမပြောတတ်ဘူးနော် အန်တီ "
" ဘဝခြားသွားပေမယ့် သူတို့ကို ဘယ်သူက ကူညီပေး
နိုင်တယ် ... ဘယ်သူကဖြင့် အကူအညီမပေးနိုင်ဘူးဆို
တာ သူတို့သိတယ် "
" ဟုတ် ... ဘိုးဘိုး အဲ့ဒီဘဝက ကျွတ်လွတ်သွားအောင်
နည်းလမ်းအကုန်ရှာကြည့်ကြမယ်လေအန်တီ "
ဒေါ်အေးအေးဝင်းက နုရည်ဝင်း၏ လက်ကို ဆုပ်ကိုင်
ရင်း မျက်ရည်များဝဲနေ၏။
" သမီးဘကြီးကို အန်တီဖုန်းဆက်ပြီးမေးကြည့်တယ် ...
စာအုပ်ထဲမှာ သမီးဘိုးဘိုးရေးထားတာမှတ်မိလား ...
သူခွေးနက်ကြီးတွေ ကိုက်ခံရလို့ နဖူးမှာဒဏ်ရာရသွား
တုန်းက ဘကြီးရှိတယ်လို့ပါတယ်လေ ... "
" သမီးလည်း အဲ့ဒါမေးမလို့အန်တီ ... ဘိုးဘိုးက သားကြီး
ကစားနေတယ်လို့ရေးထားတာ ... ဘကြီးက ကလေးလည်းမဟုတ်ဘဲ ဘာကစားမှာလဲ ... တစ်ခုခုမှားနေတာ
လား "
" မမှားဘူး ... ဘိုးဘိုးက အရင်ခေတ်လူဆိုတော့ မပြော
တတ်ဘူးလေ ... အဲ့နေ့ရှေ့ရက်လောက်ကတည်းက ဘကြီးပြန်ရောက်နေတာ ... အဲ့တုန်းက ခလုတ်ဂိမ်းလေး
တွေ ပေါ်တယ်လေ ... သမီးဘကြီးက လူငယ်ဆိုတော့
အဲ့လိုဂိမ်းစက်လေးနဲ့ ဆော့နေတာပေါ့ ... ဒါကိုဘိုးဘိုးက
မပြောတတ်တော့ ကစားတယ်လို့ ရေးထားတာသမီးရေ "
" အော် ... ဘကြီးကရော ခွေးနက်ကြီးတွေ မမြင်ဘူး
လားတဲ့ "
" သူ မမြင်ဘူးလေ ... ဘိုးဘိုးချော်လဲလို့ နဖူးကွဲတာလို့
ပဲ ထင်နေတာ ... သူက အိမ်မှာလည်းသိပ်မနေတော့ ...
ဒီမိသားစုနဲ့ ပတ်သက်လာရင် ဘာမှ လေးလေးနက်နက်
ကို မတွေးပါဘူး သမီးရယ် "
ထို့နောက် မည်သို့မည်ပုံဆက်လုပ်ကြမည်ကို တိုင်ပင်
သည့်အခါ ချရေးထားသောလူစာရင်းအတိုင်း အတူသွားစုံစမ်းကြမည်ဟု ရွေးချယ်လိုက်ကြလေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory