
‘ဇင်ကို… ဇင်ကို…’
ဒုန်း ဒုန်း ဒုန်း
လင်းလက် တံခါးကို အပြင်းထုလိုက်လျှင် တိုက်ခန်းတွင်းမှ ရုပ်ချောချော လူငယ်တစ်ဦး ပြေးထွက်လာပြီး တံခါးလာဖွင့်ပေးသည်။ လူငယ်သည် ည၀တ်ဘောင်းဘီတိုကိုသာ ၀တ်ဆင်ထားသဖြင့် ကြွက်သားများရှိသော ကိုယ်အပေါ်ပိုင်းမှာ ဗလာဖြစ်နေသည်။
‘ဟာ.. လင်းလက်။ ဘာဖြစ်လို့ အဲလောက်တောင် တံခါးခေါက်နေတာလဲ။’
‘နင့်ကို ဖုန်းခေါ်တာ ဘာလို့မကိုင်လဲဟဲ့။’
‘ဟင်.. နင်တို့ပဲ နိုက်ကလပ်သွားမယ်ဆိုလို့ ငါလည်း ဖုန်းပိတ်ပြီး အိပ်နေတာလေ။ လာလာ အိမ်ထဲ၀င်’
လင်းလက် အိမ်ထဲ၀င်ပြီး ဆိုဖာခုံတွင် ထိုင်ချလိုက်သည်။ သူမမျက်နှာလေးမှာ ငိုမဲ့မဲ့ဖြစ်နေသည်။
‘လင်းလက်.. ဘာဖြစ်လို့လဲ’
‘မေစက်နိုင် ပျောက်သွားလို့ဟ...’
‘ဟင်.. ဘယ်လို။ သူက ပျောက်ရအောင် ကလေးမှ မဟုတ်တာ’
‘ကလေးမဟုတ်တာတော့ ငါလဲ သိတာပေါ့ဟဲ့။ ဒါပေမဲ့ မပျောက်ခင်တုန်းက သူ အရမ်းမူးနေတယ်။ ငါထင်တာတော့ ကလပ်ထဲက ကောင်တစ်ကောင် ကားပေါ်တင်ပြေးသွားတာဖြစ်ရမယ်။ ငါ ဖုန်းခေါ်တာတွေလည်း မကိုင်ဘူး။ မေစက်တော့ ဒုက္ခရောက်ပြီထင်ပါတယ်ဟာ...’
လင်းလက် ပြောရင်းဆိုရင်း ငိုချလိုက်သည်။ ဇင်ကို သူမဘေးတွင် ၀င်ထိုင်ပြီး သူမကို သိုင်းဖက်လိုက်၏။
‘မငိုပါနဲ့ လင်းလက်ရယ်။ နင်လည်း သူ့အတွက်နဲ့ စိတ်ဆင်းရဲနေရတာကြာပြီ’
‘စိတ်ဆင်းရဲတယ်ဟဲ့။ ငါက သူ့အချစ်ဆုံးသူငယ်ချင်း။ နင်နဲ့ငါနဲ့ ဖြစ်နေကတည်းက ငါ ဘယ်လိုမှ လိပ်ပြာမလုံဘူး။ ငါက သူ့အပေါ်သစ္စာဖောက်ထားတဲ့သူ။ အခုတော့ ငါ့ကြောင့် မေစက်ခမျာ ဒုက္ခရောက်ရပြီ။ လိုင်းပေါ်ကို ပုံတွေ ဗီဒီယိုတွေ တက်လာရင်တော့ သူ လုံး၀ ဘ၀ပျက်ပြီ။ လုပ်ပါဦး ဇင်ကိုရယ်’
‘ဟာ နင်ကလည်း။ ဘာမှ သေချာမသိသေးဘဲ အဲလောက်တွေးပူမနေပါနဲ့။ ငါ မေစက်အကြောင်း သိပါတယ်။ သူက ဒီလောက်မတုံးပါဘူး။ သိပ်စိတ်မပူနဲ့’
ကလင်… ကလင်… ကလင်….
ထိုစဥ်မှာပင် လင်းလက်၏ ဖုန်း အသံမြည်လာသည်။ သူမ ဖုန်းကို ကြည့်လိုက်လျှင် ခေါ်သူမှာ မေစက်နိုင်ဖြစ်နေသည်။ သူမ ဖုန်းကို အမြန်ထူးလိုက်၏။
‘ဟဲလို မေစက်လား’
‘လင်းလက်...’
မေစက်နိုင်၏ အသံမှာ အားယုတ်နေသည်။
‘မေစက် နင်နေကောင်းလား။ အခုဘယ်မှာလဲ။ ငါဖုန်းခေါ်တာ ဘာလို့မကိုင်လဲ။ နင့်အိမ်လည်း ငါ သွားရှာတယ်။ ဘယ်သူမှ မရှိဘူး။ ဘာဖြစ်တာလဲ’
‘ဘာမှမဖြစ်ဘူး လင်းလက်။ ငါ အခုပဲ အိမ်ပြန်ရောက်တယ်။ စိတ်မပူနဲ့။ မနက်မှ ငါပြောပြမယ်။ အခု အိပ်လိုက်ဦးမယ်။ နင်ရော အိမ်ပြန်ရောက်ပြီလား’
‘အေး.. ငါအိမ်ပြန်ရောက်ပြီ။ အေး အေး မေစက် .. နင်နားလိုက်ဦး’
ဖုန်းချပြီးမှ လင်းလက်ရင်ထဲရှိ အလုံးကြီးကျသွားသည်။ ဇင်ကိုက သူမ နဖူးလေးကို နမ်းလိုက်၏။
‘ကဲ.. မနက် လေးနာရီရှိပြီ။ နင် ဒီမှာပဲ အိပ်လိုက်တော့..’
‘အို.. ငါ့မှာ လဲစရာအ၀တ်အစားမှ မပါတာ။ အိပ်လို့ ဘယ်ဖြစ်မလဲ’
ဇင်ကို ရာဂထန်စွာပြုံးလိုက်သည်။
‘ဟဲ ဟဲ… ဒီမှာ အိပ်ဖို့ အ၀တ်အစားမလိုဘူးလေ...’
‘ဟာ.. လွှတ်ပါ.. အခုဖယ်...’
လင်းလက် ပါးစပ်မှသာ လွှတ်ပါဟု ပြောနေသော်လည်း ကိုယ်ခန္ဓာကမူ ရုန်းကန်ခြင်း မရှိခဲ့ချေ။
x x x
ထိုအချိန်တွင် မေစက်နိုင်သည် သူမ အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် တစ်ယောက်တည်း ကွေးအိပ်ကာ ငိုကြွေးနေရှာသည်။ သူမ၏ သားအိမ်အတွင်း အက်စစ်နှင့် အလောင်းခံထားရသလို ပူလောင်နာကျင်လွန်းနေ၏။ ၀မ်းဗိုက်အောက်ပိုင်းရှိ မီးတောက်တက်တူးများသည် တလွန့်လွန့်လှုပ်ရှားနေကြပြန်သည်။
‘အားးးးး’
သူမ မခံမရပ်နိုင်အောင် အော်ဟစ်မိလေသည်။ နာကျင်နေသည့်ကြားမှ သူမ၀မ်းဗိုက်ထဲမှ ထွက်သွားသော ယောကျ်ားလေးကို သူမ သတိရမိ၏။ သူမသည် ထိုကလေးငယ်ကို ထိတ်လန့်မိသော်လည်း တစုံတခုသော ခွန်အားတစ်ခုက သူမအား မိခင်တစ်ယောက်က ရင်သွေးကို လွမ်းဆွတ်သလို ခံစားမိနေစေသည်။ အမှန်တော့ ထိုကလေးငယ်သည် ကလေးမဟုတ်တော့ဘဲ စက္ကန့်ပိုင်းအတွင်းမှာပင် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်လေသည်။ မည်သို့သော သတ္တ၀ါမျိုးပါနည်း။ လူစင်စစ်မှ ဟုတ်ပါလေစ။
ယခုဖြစ်ခဲ့သော အရာအားလုံးသည် သူမ ၀မ်းဗိုက်ပေါ်ရှိ တက်တူးကြောင့်ပင်ဖြစ်ကြောင်း သူမရိပ်စားမိသည်။ သူမနှင့် နိုက်ကလပ်တွင် တွေ့ခဲ့သော ၀တ်စုံအနီရောင်နှင့် အမျိုးသမီး။ မီးပုံကြီးဘေးတွင် ၀ိုင်း၀န်း အော်ဟစ်ရွတ်ဆိုနေကြသော ၀တ်ရုံဖြူများနှင့် လူအုပ်ကြီး။ သူတို့တွေက ဘယ်သူတွေလဲ။ .. ဟိုတယ်ထဲက လူကရော သေပြီလား။ သူ့အလောင်းကြီး ဘာဖြစ်သွားလဲ။ ငါ့ကို ရဲတွေ လာဖမ်းကြတော့မှာလား။ ငါဘာလုပ်ရမလဲ။ သူမခေါင်းထဲတွင် မေးခွန်းများ တသီတသန်းကြီး ထွက်ပေါ်လာကြလေသည်။ ၀မ်းဗိုက်မှ နာကျင်မှုကလည်း မခံမရပ်နိုင်အောင် နှိပ်စက်လွန်းနေတော့သည်။
မေစက်နိုင် လင်းလက် စိတ်မပူစေရန် ဖုန်းဆက်ပြီး ပြောလိုက်ရသော်လည်း သူ တစ်စုံတစ်ယောက်ကို အနားတွင် ရှိနေစေချင်သည်။ သူ့စိတ်က ဇင်ကို ကို သတိရသွားသည်။ … အို.. ဇင်ကို ကိုတော့ ဘယ်လိုမှ ခေါ်လို့မဖြစ်နိုင်။ ဇင်ကိုသည် သူမအပေါ် သစ္စာရှိသူတစ်ယောက်မဟုတ်ချေ။ ဇင်ကိုသည် သူမနှင့် ငါးနှစ်ကျော် တွဲခဲ့သော ရည်းစားတစ်ဦးဖြစ်သည်။ သူမ စင်္ကာပူတွင် ကျောင်းတက်စဥ် ကာလတလျှောက်လုံး ဇင်ကိုနှင့် တွဲခဲ့သည်။ သို့သော် သူမနှင့် မပြတ်မီ လပိုင်းအလိုတွင် ဇင်ကို မူပျက်လာသည်ကို မေစက်နိုင် သတိပြုမိခဲ့သည်။ သူမနှင့် အတွေ့နည်းလာသည်။ အတူရှိနေစဥ်များတွင် ဖုန်း၀င်လာလျှင် ကပျာကယာထကိုင်ကာ သူမနှင့် ဝေးရာတွင် သွားသွားပြောနေတတ်သည်။ နောက်ဆုံးတွင်မူ ရိုးသားပွင့်လင်းသော မေစက်နိုင်သည် ဇင်ကို့ကို မျက်နှာချင်းဆိုင် ဖွင့်မေးခဲ့ရာ ငြင်းမရသည့်အဆုံးတွင် ဇင်ကိုသည် သူ တခြားမိန်းကလေးတစ်ယောက်နှင့် ဖောက်ပြန်နေခဲ့ကြောင်း ၀န်ခံခဲ့လေသည်။ ထိုအချိန်မှစပြီး မေစက်နိုင်သည် ဇင်ကို့မျက်နှာကိုပင် ဆက်မကြည့်တော့ဘဲ ကျောခိုင်းခဲ့သည်။ ထိုမိန်းကလေး မည်သူဖြစ်သည်ကိုပင် သူမ မမေးခဲ့ပေ။ သူမ သိချင်စိတ်လည်း မရှိခဲ့။ သို့သော် သံယောဇဥ်ကြီးလွန်းသော မေစက်နိုင်သည် နှစ်ပေါင်းများစွာ တွဲခဲ့သော ဇင်ကို နှင့်ပတ်သက်ပြီး အကြီးအကျယ် အသည်းကွဲခဲ့ရသည်။ ခြောက်လတိတိ အလူးအလဲ ခံခဲ့ရသည်။ ထို့ကြောင့်လည်း လင်းလက်က ယမန်နေ့ညက သူမ စိတ်ပြေလက်ပျောက်ဖြစ်စေရန် နိုက်အောက် အခေါ်ထွက်ခဲ့ခြင်းပင်။
အား… နာလိုက်တာ…
သူမ၏ သားအိမ်ထဲမှ ပူသည်ထက်ပူလာသည်။ မေစက်နိုင် ဆောက်တည်ရာမရဖြစ်လာတော့၏။ သူမ ၀မ်းဗိုက်ပေါ်တွင် ရေခဲအိတ်ကပ်မှ ဖြစ်တော့မည်ဟု ယူဆသဖြင့် မေစက်နိုင်သည် အိပ်ခန်းထဲမှ ထွက်ကာ မီးဖိုချောင်ဆီသို့ လျှောက်လာခဲ့သည်။ မနက် လေးနာရီကျော်သာ ရှိသေးသဖြင့် အပြင်တွင် မှောင်နေတုန်း ရှိသေးသည်။ သူမသည် ၀မ်းဗိုက်နာလွန်းသဖြင့် ခါးမှာ ကုန်းလျက်ရှိသည်။ နာကျင်မှုကြောင့် ဘေးပတ်၀န်းကျင်ကိုလည်း ဂရုမမူနိုင်ခဲ့။ ထို့ကြောင့်လည်း သူမ ကုတင်ခြေရင်းတွင် မတ်တတ်ကြီးရပ်နေသော အနီရောင်၀တ်ရုံကို ခေါင်းမြီးခြုံထားသည့် အမျိုးသမီးတစ်ဦးကို သတိမထားမိလိုက်ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် မီးဖိုချောင်ဘက်သို့ ထွက်သွားသော မေစက်နိုင်၏ နောက်ကျောမှ ကပ်ကာ ခြေထောက်များ မလှုပ်ရှားဘဲ တရွေ့ရွေ့လိုက်ပါသွားလေသည်။
ထိုအမျိုးသမီးသည် အ၀တ်နီစကို လုံအောင်ခြုံထားသဖြင့် သူမ၏ မျက်နှာ ခြေလက်များကို မမြင်ရချေ။ မေစက်နိုင်သည် နာကျင်လှစွာဖြင့် ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်သည်။ ယခုချိန်ထိ သူမနောက်တွင် ကပ်ပြီး ရပ်နေသော အမည်မသိအမျိုးသမီး ရှိနေကြောင်း မေစက် မသိသေး။ သူမ ခါးကိုကုန်းပြီး ရေခဲသေတ္တာအောက်ဘက်မှ အေးခဲနေသော ပဲသီးစိမ်းအထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ ထိုရေခဲ ပဲသီးအိတ်ကို သူမ ၀မ်းဗိုက်ပေါ်တွင် ကပ်လိုက်၏။
… အင်း….
မီးခဲပေါ်သို့ ရေနှင့် လောင်းလိုက်သလိုမျိုး - သူမ၏ ပူပြင်းလှသော သားအိမ်ထဲမှ ဝေဒနာသည် အနည်းငယ် သက်သာသွားသည်။
… အင်း.. အင်း….
မေစက်နိုင် ဆက်တိုက်ညည်းညူရင်းမှ ရေခဲသေတ္တာတံခါးကို ပြန်ပိတ်ကာ အနောက်သို့ လှည့်လိုက်၏။ ၀တ်ရုံနီခြုံထားသော အမျိုးသမီးသည်လည်း မေစက်နိုင်ဘေးမှဝေ့ဝိုက်ကာ အတူလိုက်လှည့်လိုက်သဖြင့် သူမတို့နှစ်ဦး မျက်နှာချင်းဆိုင်မိမည့် အဖြစ်မှ သီသီလေး လွတ်သွားခဲ့သည်။ မေစက်နိုင်သည် သူမ၏ ကျောနောက်တွင် ခေါင်းမြီးခြုံအမျိုးသမီးတစ်ဦး ကပ်လျက် လိုက်ပါလာသည်ကို မသိရှိသေးဘဲ အိပ်ခန်းထဲသို့ ပြန်၀င်လာခဲ့သည်။
လက်တဘက်က ရေခဲပဲသီးအိတ်ကို ဗိုက်ပေါ်တွင် ကပ်ပြီး ကုတင်ပေါ်တက်မည်အလုပ် - မေစက်၏ မျက်လုံးများက ကုတင်ခေါင်းရင်းရှိ မှန်တင်ခုံဆီသို့ ရောက်သွားသည်။ မှန်တင်ခုံပေါ်ရှိ မှန်ထဲတွင် သူမ၏ ပုံရိပ်ကို ပြန်တွေ့လိုက်ရသည်။ သူမ ပုံရိပ်၏ နောက်တွင်မူကား -
သူမနောက်မှ အုပ်မိုးကာ ရပ်နေသည့် အနီရောင် အရာကြီးတစ်ခု …
မိန်းကလေး၏ ကျောပြင်တစ်လျှောက် ရေခဲရေနှင့် လောင်းချလိုက်သလို အေးစိမ့်သွားသည်။ သူမ၏ အသည်းနှလုံး ပါးစပ်ထဲမှာ ခုန်ထွက်သွားသလို ခံစားလိုက်ရ၏။
အမလေး…
မေစက် လန့်အော်ပြီး အလျင်အမြန် လှည့်ကြည့်လိုက်သည်။
သူမနောက်တွင် မည်သူမျှမရှိ။ မှန်ထဲသို့ အမြန်ပြန်ကြည့်လိုက်သည်။ ခုနက တွေ့ခဲ့သော အနီရောင် အရာကြီးမရှိတော့။ သူမ ဘေးပတ်လည် ပတ်ချာလှည့်ကာ လိုက်ကြည့်သည်။ အခန်းထဲတွင် ညအိပ်မီးအိမ်မှ မီးရောင်ဖျော့ဖျော့သာ ထွန်းထားသဖြင့် အခန်းထောင့်များကိုမူ အသေအချာ မမြင်ရပေ။ ခြေရင်းအခန်းထောင့်များထဲတွင် မှောင်မဲနေသည်။ ထိုအမှောင်ရိပ်များထဲတွင် ခုနက တွေ့လိုက်သော အနီရောင်အရာ၀တ္ထု ပုန်းခိုနေနိုင်လေသည်။ မေစက် နာကျင်နေသည့်ကြားမှ အားတင်းကာ ခေါင်းရင်းရှိ မီးခလုတ်ဆီသို့ သွားပြီး အိပ်ခန်းမီးချောင်းကို ဖွင့်လိုက်၏။
ဖျတ်…
တစ်ခန်းလုံး မီးချောင်းရောင်နှင့် လင်းထိန်သွားသည်။ မှောင်ရိပ်ကျနေခဲ့သော အခန်းထောင့်များထဲတွင် မည်သည့်အရာမျှ မရှိချေ။ သူမ သက်ပြင်းချမိ၏။
ငါ.. မျက်စိမှားတာဖြစ်မှာပါ…
သို့သော် သူမမျက်စိနှင့် ထိုအရာကို တွေ့ခဲ့ကြောင်း သေချာလွန်းနေသည်။ ဘာပဲဖြစ်ဖြစ် - အခန်းထဲမှာ ဘာမှမှ မရှိတော့တာ … အဲ.. ဟုတ်ပါ့မလား...။ အခန်းထဲမှာ တကယ်မရှိတာလား။ ဒါမှမဟုတ် တနေရာရာမှာများ ပုန်းနေသေးတာလား...။
သူမ စဥ်းစားရင်းမှ ကျောပြင်တစ်ခုလုံး အေးစက်သွားမိပြန်သည်။ သူမ၏ အိပ်ခန်းသည် မီးချောင်းအလင်းရောင်ကြောင့် တခန်းလုံး လင်းထိန်ပြီး မည်သူမျှ မရှိသော်လည်း အခန်းထဲတွင် သူမ မရှာဖွေရသေးသော - သူမ မမြင်နိုင်သော နေရာတစ်ခု ရှိသေးလေသည်။ ထိုနေရာသည်ကား သူမ၏ ကုတင်အောက်။ သူမကုတင်ဘေးတွင် အိပ်ရာခင်းက အောက်သို့ လျော့ကျနေသဖြင့် ကုတင်အောက်ကို အဝေးမှ လှမ်းကြည့်လို့မရဘဲ ရှိနေသည်။ ကုတင်အောက်ကို သေချာမြင်လိုလျှင် ကုတင်အနီးသို့ ကပ်သွားပြီး ကြမ်းပြင်တွင် ဒူးထောက်ကုန်းကြည့်မှသာ ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။ မေစက် စိတ်ထဲတွင် အကြီးအကျယ် ခြောက်ခြားထိတ်လန့်လာသည်။ သူမသည် သရဲတစ္ဆေ အယုံအကြည်ရှိသူ မဟုတ်သော်လည်း ယခုအထိ သူမကိုယ်တွေ့ ကြုံခဲ့ရသော အဖြစ်များသည် ဆန်းကြယ်လွန်းနေလေသည်။
… ကုတင်အောက်မှာ ဘယ်သူ ရှိလဲ…
သူမ တုန်ရီသော အသံနှင့် အော်မေးလိုက်သည်။ မေးပြီးမှ မေစက်နိုင် နောင်တရသွားသည်။ သူမ၏ အသံသည် တုန်ရီလွန်းနေသဖြင့် အလွန်ပင် ကြောက်လန့်နေကြောင်း ထင်ရှားသွားလေပြီ။ သရဲ တစ္ဆေစသည့် နာနာဘာ၀များသည် ကြောက်တတ်သူကို ပိုပြီး ဖြဲခြောက်တတ်သည်ဟု သူမကြားဖူးသည်။ .. ငါ ထွက်ပြေးလို့ရတာပဲ… သူမ အိပ်ခန်းထဲမှ ထွက်ပြေးရန် စဥ်းစားမိ၏။ … ဒါပေမဲ့ ထွက်ပြေးပြီးရင် … ငါ ဒီအိပ်ခန်းထဲကို ဘယ်တော့မှ ပြန်မလာတော့ဘူးလား..။ မဟုတ်သေးပါဘူး။ ထွက်ပြေးတာဟာ ပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူး။ တကယ်တော့ ငါ့စိတ်က ငါ့ကို ပြန်ခြောက်နေတာ။ ဒီကုတင်အောက်မှာ ဘာမှ မရှိဘူး။ ဘယ်သူမှ မရှိဘူး။ မယုံရင် စောင့်ကြည့်။ ငါ့စိတ်က ထင်နေတာ…
မေစက်နိုင် သူမကိုယ်သူမ အားပေးကာ ကုတင်အနီးသို့ တရွေ့ရွေ့ ချဥ်းကပ်သွားသည်။ သူမ၏ အသံတုန်ရီနေခဲ့ရာမှ ယခုအခါ သူမ၏ ဒူးခေါင်းများ တုန်ရီလာလေသည်။
.. ငါကြောက်လိုက်တာ.. ကုတင်အောက်မှာ ဘာမှမရှိပါစေနဲ့.. ကုတင်အောက်မှာ ဘာအကောင်ကြီးမှ မရှိပါစေနဲ့...။
သူမ ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက် ခါးကို ကုန်းကာ အနည်းငယ် အမှောင်ကျနေသော ကုတင်အောက်ထဲသို့ ကုန်းကာ ကြည့်လိုက်၏။ သူမ၏ ဆုတောင်း မပြည့်ခဲ့ချေ။ ကုတင်အောက်ထဲတွင် မှောက်လျက်ကြီးဖြစ်နေသော အမျိုးသမီးတစ်ဦးသည် သူမကို ပြူးကျယ်သော မျက်လုံးကြီးများနှင့် ပြန်ကြည့်နေခဲ့သည်။ ထိုအမျိုးသမီး၏ မျက်နှာသည် သွေးတစ်စက်မျှ မရှိသလို ဖြူဆွတ်လွန်းနေသည်။ ကိုယ်ပေါ်တွင် သွေးရောင်နှင့်တူသော ကတ္တီပါ ၀တ်ရုံနီကြီးကို ခြုံထားခဲ့သည်။ မေစက် ထိုအမျိုးသမီးကို ရုတ်ခြည်း မှတ်မိလိုက်လေသည်။ လက်သည်းရှည်ကြီးများနှင့် သူမ၀မ်းဗိုက်ပေါ်တွင် တက်တူးထိုးပေးခဲ့သော အမျိုးသမီး။ ထို ပိန်ပိန်ပါးပါးနှင့် ဖြူဖွေးပါးလျကာ အရိုးများငေါထွက်နေသော အမျိုးသမီးသည် ခြေလက်များမလှုပ်ရှားဘဲ မေစက်ရှိရာဆီသို့ ကြမ်းပေါ်တွင် အပြားလိုက်ကြီး ရွေ့လျားလာလေတော့သည်။
… အမလေး။ ကယ်ကြပါရှင့်…
မေစက်နိုင် အလန့်တကြားခုန်ထပြီး အနောက်သို့ ရှောင်လိုက်ရာ အားလွန်ပြီး ဖင်ထိုင်လျက်လဲကျသွားသည်။ အနီရောင်၀တ်ရုံနှင့် အမျိုးသမီးသည် ယခုအခါ ကုတင်အောက်မှ ကိုယ်တစ်ပိုင်း ထွက်လာပြီ ဖြစ်၏။ သူမ၏ ရှည်လျားသော လက်ချောင်းကြီးများက မေစက်နိုင်ဆီသို့ တဖြည်းဖြည်း လှမ်းလာနေသည်။
……နင်.. မပြေးနဲ့တော့…. နင်… ပြေးလည်း မလွတ်တော့ဘူး….
သူမသည် အသက်သုံးဆယ်ကျော်မျှဟုသာ ထင်ရသော်လည်း အသံကြီးမှာ အနှစ်တစ်ရာမျှရှိမည့် အဘွားအိုကြီး၏ အသံမျိုးဖြစ်နေသည်။
… အား.. ရှင်.. ရှင် ဘယ်သူလဲ။ ကျွန်မအခန်းထဲကို ဘယ်လိုရောက်လာတာလဲ…
မေစက်နိုင် သူမအနားချဥ်းကပ်လာသော မိန်းမကြီးကို ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လဲနေရာမှ ခြေထောက်များနှင့် ကန်ကျောက်ရင်း ပြန်မေးလိုက်သည်။ ထိုမိန်းမသည် ကုတင်အောက်မှ တကိုယ်လုံး ထွက်ပြီးလျှင် မေစက်နိုင်ရှေ့တွင် မားမားမတ်မတ်ရပ်လိုက်၏။ ထို့နောက်တွင် သူမသည် စကားဆက်ပြောလျှင် အိုမင်းနေသော အဘွားအိုအသံကြီးအဖြစ်မှ ပုံမှန် လူလတ်ပိုင်း အမျိုးသမီးအသံအဖြစ်သို့ တဖြည်းဖြည်းနှင့် ပြောင်းလဲသွားသည်ကို မေစက်နိုင် အံ့သြစွာ ကြားလိုက်ရသည်။
‘ငါ့နာမည် - စိတ္တရဒေ၀ီ။ နင့်အခန်းထဲကို ငါဘယ်လိုရောက်လာသလဲ ဟုတ်လား။ ငါဆိုတဲ့ စိတ္တရဒေ၀ီက သွားချင်တဲ့နေရာ အကုန်သွားလို့ ရတယ်ဟဲ့’
‘… ဟုတ်.. ဟုတ်… ကျွန်မ တောင်းပန်ပါတယ်ရှင်။ ကျွန်မကို မသတ်ပါနဲ့...။ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ’
မေစက်နိုင် ပြောရင်းမှ မျက်ရည်များကျလာသည်။ အနီရောင်၀တ်ရုံခြုံထားသော အမျိုးသမီးသည် လက်ကို လှုပ်လိုက်လျှင် မေစက်နိုင်၏ ကိုယ်လုံးသည် လေထဲတွင် မြောက်တက်သွားပြီး အိပ်ခန်းထောင့်ရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက်သားလေး ဖြစ်နေလေသည်။
‘နင့်ကို မကြောက်စေချင်လို့ ငါက အိပ်မွေ့ချပြီးမှ အိပ်မက်ပေးပြီး ပြောမလို့ဘဲ။ ခုလို တွေ့သွားတော့လည်း ဒီအတိုင်း ပြောပြရတာပေါ့’
‘ဟုတ်.. ဟုတ်ကဲ့ရှင့်...။ ကျွန်မ ဘာကိုမှ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ အစ်မကြီး.. အဲ.. အဒေါ်..’
‘ဟင်း ဟင်း.. နင် ငါ့အသက်ကို မခန့်မှန်းနိုင်ဘူးမဟုတ်လား။ ငါ့အသက်က အနှစ်ငါးထောင်ရှိပြီ မိန်းကလေး။ နင်ငါ့ကို စိတ္တရဒေ၀ီလို့ပဲ ခေါ်ပါ’
‘ဟုတ်ကဲ့ရှင့်’
‘နင်ဘာမေးချင်လဲ’
‘ကျွန်.. ကျွန်မ.. ဗိုက်ထဲက အရမ်းနာနေတယ်ရှင်… ကျွန်မ သေတော့မှာလား။ ကယ်ပါဦးရှင့်...’
‘အဲဒီအတွက်နဲ့တော့ နင်မသေဘူး။ အဲ.. မသေဘူးလို့ ငါထင်တာပဲ..’
အမျိုးသမီး၏ စကားမှာ အားပေးစကားနှင့် တူမနေခဲ့ချေ။
‘ကျွန်မဗိုက်ထဲက ထွက်သွားတဲ့ ကလေးကရောရှင့်။ အခု သူဘယ်မှာလဲ..။ ပြီးတော့ ဒီ တက်တူးကြီးကရော.. အင်း ကျွတ် ကျွတ် နာလိုက်တာ...’
‘မိန်းကလေး။ ငါ နင့်ဆီ လာရတဲ့ အဓိကအကြောင်းအရင်းက နင်ဟာ အဲဒီကလေးကို မွေးပြီး အသက်ဆက်ရှင်နေသေးတဲ့အတွက်ပဲ...’
‘ဘာ.. ဘယ်လိုရှင့်’
‘အေး ဟုတ်တယ်။ အဲဒါကြောင့် နင်ဟာ သူများနဲ့မတူဘဲ ထူးခြားတဲ့ အရည်အသွေးရှိရမယ်လို့ ငါတွက်မိတာနဲ့ လာခဲ့တာပဲ။ အခု ငါ ဘာပြောပြော နင်နားလည်မှာမဟုတ်ဘူး။ ငါနင့်ကို လက်တွေ့ပြမှရမယ်။ လာ ငါနဲ့ လိုက်ခဲ့...’
စိတ္တရဒေ၀ီသည် မေစက်နိုင်၏ လက်ကို ဖမ်းဆုပ်ကိုင်လိုက်လျှင် သူမတို့ နှစ်ဦးသည် အိပ်ခန်းထဲမှ ဟုတ်ကနဲ အငွေ့လို ပျောက်ကွယ်သွားပြီး တောနက်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။
‘ဒါ… ဒါ ဘယ်နေရာလဲ စိတ္တရဒေ၀ီ’
‘ပဲခူးရိုးမတစ်နေရာပဲ ရှူးတိုးတိုး။ အသံမထွက်ဘဲ ဒီအတိုင်းကြည့်’
သူမတို့နှစ်ဦးသည် လေထဲတွင် လွင့်တက်သွားပြီး သစ်ပင်ကြီးများ၏ အပေါ်ပိုင်းနားလောက်ဆီသို့ ရောက်သွားကြ၏။ မေစက်နိုင်သည် ကြောက်လန့်သဖြင့် စိတ္တရဒေ၀ီ၏ မာကျောနေသော လက်မောင်းများကို ဆုပ်ကိုင်ထားမိသည်။ သူတို့နှစ်ဦးသည် ပဲခူးရိုးမတောနက်ကြီး၏ ထူထဲလှသော သစ်ပင်ကြီးများ အပေါ်မှ တရိပ်ရိပ်နှင့် ပျံသန်းနေကြသည်။ တစ်မိနစ်မျှ သွားမိလျှင် တောကြီး၏ တစ်နေရာတွင် မြေကွက်လပ်သဖွယ် သစ်ပင်များ လွတ်နေသော နေရာတစ်ခုသို့ ဆိုက်ရောက်သွားကြလေသည်။ စိတ္တရဒေ၀ီသည် ထိုနေရာရောက်လျှင် ပျံသန်းခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ ပါးစပ်ပေါ်တွင် လက်ညှိုးကို တင်ကာ မေစက်နိုင်အားအသံမထွက်ရန် ညွှန်ကြားလိုက်သည်။ မေစက်နိုင်သည် သားအိမ်ထဲမှ နာလွန်းသဖြင့် ညည်းညူချင်ပါသော်လည်း အသံမထွက်ရဟု ဆိုသည့်အတွက် ကြိတ်မှိတ်ကာ တင်းခံနေရရှာလေသည်။
မေစက်နိုင်သည် စိတ္တရဒေ၀ီ လက်ညှိုးညွှန်ပြရာ မြေပြင်ဆီသို့ လှမ်းကြည့်လိုက်လျှင် ၀မ်းဗိုက်ဆီမှ နာကျင်မှုများကိုကပင် မေ့လျော့သွားရလောက်အောင် အံ့အားသင့်သွားမိသည်။ သူမ၏ ပါးစပ် ဟောင်းလောင်းပွင့်သွားသည်။ မျက်လုံးအစုံမှာလည်း ပြူးကျယ်သွားလေသည်။ မြေပြင်ပေါ်ရှိ ကွက်လပ်လို ဖြစ်နေသော နေရာတွင် အ၀တ်မပါသော ကိုယ်တုံးလုံးနှင့် လူသားများသည် တလှုပ်လှုပ်နှင့် မြေကြီးများကို တူးသူတူး သစ်လုံးကြီးများကို သယ်သူသယ်နှင့် အင်းဆက်ပိုးကောင်များပမာ အလုပ်များနေကြလေသည်။ သူတို့အားလုံးကို ကြည့်ရသည်မှာ တွေးတောစရာမလိုဘဲ မိမိတို့ ဘာလုပ်ရမည်ကို ကြိုသိနေကြသလိုပင်။ အားလုံး၏ အသက်အရွယ်များမှာ နှစ်ဆယ်ခန့်ရှိမည်ဖြစ်ပြီး ယောကျ်ားလေး မိန်းကလေး ရောနေသော ထိုလူများအားလုံးမှာ ကျန်းမာသန်စွမ်းသောသူများဖြစ်သည်ကို မေစက်နိုင် သတိပြုမိလိုက်သည်။ အားလုံးသည် အာရှတိုက်သားလူငယ်များဖြစ်ကြပြီး အချို့မှာ တရုတ်လူမျိုးများနှင့် တူ၍ အချို့မှာ မြန်မာလိုလို ထိုင်းလိုလို ရှိကြပြီး အချို့မှာ အိန္ဒိယဆန်သည်ကို သူမတွေ့ရသည်။ ထိုစဥ်မှာပင် သူမ တစ်ကိုယ်လုံး တောင့်တင်းသွားသည်…
‘အလို… ဘုရား ဘုရား’
စိတ္တရဒေ၀ီသည် အချိန်မီပင် သူမ၏ ပါးစပ်ကို ဖမ်းပိတ်လိုက်၏။ ထို့နောက်တွင်မူ လေသံလေးနှင့် …
‘ငါသိတယ် မေစက်နိုင်။ အသံမထွက်စေနဲ့’
သူမ မြေပြင်ပေါ်တွင် တွေ့လိုက်သည်မှာကား - သူမ ၀မ်းဗိုက်ထဲမှ မွေးထုတ်ခဲ့သော ယောကျ်ားလေးပင်။ ထိုလူငယ်လေး၏ မျက်နှာကို သူမ အတိအကျ မှတ်မိနေသည်။ မမှတ်မိဘဲ ရှိပါဦးမလား။ ထိုလူငယ်သည် သူမ၏ သွေးသားရင်းချာ ရင်သွေးစစ်စစ်ပင်။ တစ်ယောက်နှင့် တစ်ယောက်ပူးကပ်ပြီး လှုပ်ရှားနေကြသော လူများကြားတွင်မှ တိုက်တိုက်ဆိုင်ဆိုင် ထိုသူငယ်ကို သွားတွေ့မိလေသည်။ သူမ ရင်ထဲတွင် မိခင်စိတ်များက တဖွားဖွားပေါ်လာသည်။ သူမ ငိုချင်လာ၏။
သူမ၏ သားငယ်သည် သူမနှင့် ရွယ်တူနီးပါးရှိနေလေတော့သည်။ မေစက်နိုင် လေသံလေးနှင့် စိတ္တရဒေ၀ီကို မေးလိုက်သည်။
‘သူတို့ ဘာလုပ်နေကြတာလဲ’
အ၀တ်မပါသော လူငယ်များကိုကြည့်ရသည်မှာ ကြီးမားသော အရာကြီးတစ်ခုကို တည်ဆောက်နေပုံရသည်။ သူတို့၏ ကိုယ်လုံးများပေါ်တွင် ရွှံ့စေးများ မြေကြီးများနှင့် ပေကျံဖုံးလွှမ်းလျက်ရှိသည်။ မြေကွက်လပ်၏ အလယ်တွင် ပိရမစ်ပုံစံ မြင့်တက်နေသော သစ်လုံးပုံကြီးရှိနေသည်။ ထိုသစ်လုံးပုံကြီး၏ ပတ်ပတ်လည်တွင် ဟိုးအောက်အထိ နက်ရှိုင်းပုံရသော မြေတွင်းလေးများကို ပတ်လည်တူးထားကြသည်။ အချို့ လူငယ်များသည် မြေတွင်းအသစ်များကို ယခုမှစပြီး တူးဖော်နေဟန်တူသည်။ လူငယ်စုစုပေါင်း ရေတွက်ကြည့်လျှင် ခန့်မှန်းခြေ လူငါးရာမျှပင် ရှိပေလိမ့်မည်။
အမျိုးသမီးကြီးသည် မေစက်နိုင်၏ အမေးကို ချက်ချင်း မဖြေဘဲ သူမကို လှည့်ကြည့်လိုက်သည်။
‘နင် အခု ဒါတွေ မြင်ပြီးပြီဆိုတော့ အကြောင်းစုံ ရှင်းပြဖို့ပဲ ရှိတော့တာပေါ့။ ကဲ.. ငါတို့ ပြန်ကြရအောင်’
ဟု ပြောပြီး မေစက်နိုင်၏ လက်ကို ဆတ်ကနဲ ဆောင့်ဆွဲလိုက်ပြန်လျှင် သူတို့နှစ်ဦးသည် မေစက်နိုင်၏ အိပ်ခန်းထဲသို့ ‘ဟုတ်’ ကနဲ ပြန်လည် ရောက်ရှိသွားကြလေသည်။
x x x
လင်းလက် နိုးလာလျှင် မနက် ရှစ်နာရီ ထိုးနေပြီ။ သူမခေါင်းထဲတွင် ကိုက်ခဲနေတုန်း ရှိသေး၏။ သူမ၏ ပါးပြင်အောက်တွင် တောင့်တင်းလှသော ဇင်ကို၏ ရင်အုပ်ကြီးရှိနေသည်။ ခြုံထားသော စောင်အောက်မှ သူမ ကပြာကယာထွက်ပြီး ကုတင်ဘေးမှ အ၀တ်အစားများကို ကောက်၀တ်လိုက်သည်။ ဇင်ကိုလည်း နိုးလာသည်။
‘ငါ လိုက်ပို့ပေးမယ်လေ။’
လင်းလက်၏ ၀တ်စုံမှာ နိုက်ကလပ်တက်သော ၀တ်စုံဖြစ်နေသဖြင့် ဇင်ကိုက သူ့ကားနှင့် လိုက်ပို့ပေးမည်ဟု ပြောလိုက်ခြင်းဖြစ်သည်။
‘နင်လိုက်ပို့လို့မဖြစ်ဘူးဇင်ကို’
‘ဘာလို့လဲ။ နင်ဒီပုံစံနဲ့ မနက်ခင်းကြီး သွားလို့ ဖြစ်ပါ့မလား’
‘ငါ အဲဒါတွေ ဂရုမစိုက်ပါဘူးဟာ။ ငါ့ကို ဖာထင်ရင်တောင် ကြေးကြီးဖာလို့ပဲ ထင်ကြမှာ။ နင်လိုက်လို့ မဖြစ်ဘူး။ ငါ မေစက်ဆီသွားမလို့’
ဇင်ကို အိပ်ရာထဲတွင် ထထိုင်ရင်း သက်ပြင်းချမိသည်။
‘ငါ အခုလို နင်နဲ့ ခိုးကြောင်ခိုး၀ှက်ချိန်းတွေ့နေရတဲ့ဘ၀ကနေ လွတ်ချင်ပြီဟာ’
လင်းလက် ဇင်ကို၏ စကားကို အလေးအနက် နားထောင်နေသည်။
‘ဟုတ်ပါတယ်။ ငါလည်း အတူတူပဲ။ ဒါပေမဲ့ ငါတို့ မေစက်ကို အားလုံး အမှန်အတိုင်း ပြောလို့တော့မဖြစ်ဘူး’
‘အဲဒါတော့ ငါလည်း သိပါတယ်။ ဒီလိုလုပ်လေ - ငါ သူနဲ့ ပြတ်သွားပြီးမှ နင်နဲ့ဖြစ်တယ်လို့ ပြောလိုက်မယ်’
‘အေး - အဲဒါကောင်းတယ်။ နင် ဘယ်တော့ ပြောမှာလဲ’
‘ဟင်.. ဘာ။ ငါကပြောရမယ်ဟုတ်လား။ နင်ပြောမယ်ထင်လို့’
လင်းလက် အသံတိတ်သွားသည်။ အမှန်တော့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သော သူမ ပြောသည်က ပို၍ သင့်တော်ပေလိမ့်မည်။
‘အေးပါ ဇင်ကို။ ငါတို့နှစ်ယောက်အကြောင်း မေစက်ကို ပြောလိုက်မယ်။ သူ တော်တော်တော့ ခံစားရမှာပဲ’
လင်းလက် ဇင်ကို၏ တိုက်ခန်းမှ ဆင်းလာစဥ် စိတ်လှုပ်ရှားသဖြင့် ခြေဖျားလက်ဖျားများ ရေခဲရိုက်ထားသလို အေးစက်နေလေတော့သည်။
x x x
ဆက်လက်ဖတ်ရှုပါရန်
(ကိုချမ်း)
#lotaya_shortstory