အပြာရောင်ဂျင်းဂျာကင်
lotaya.mpt.com.mm
|
2022-01-10

(၁)

မိုးဝဿန်အတွက်တော့ အပျော်ဆုံးနေ့တစ်နေ့လို့ ဆိုရမည်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့မှာ သူဟာ သူ့အဖေရဲ့ စွဲစွဲမြဲမြဲဝတ်လေ့ရှိတဲ့ ဂျင်းဂျာကင်ကို မွေးနေ့လက်ဆောင်အဖြစ် ရရှိသောကြောင့်ဖြစ်သည်။ မိုးဝဿန်ရဲ့ အသက် ၂၀ပြည့် မွေးနေ့မှာ သူ့အဖေက ဘာလိုချင်လဲဟု မေးတဲ့အခါ မိုးဝဿန်က သူ့အဖေရဲ့ ဂျင်းဂျာကင်ကို လိုချင်တယ်ဟု တောင်းဆိုလိုက်သည်။

“ဒီဂျာကင် သမီးကို မွေးတဲ့နေ့ပဲ ဝယ်ဖြစ်ခဲ့တာပေါ့”

“သမီးမွေးတဲ့ အထိမ်းအမှတ်နဲ့ ဝယ်ခဲ့တာလား”

“အဲဒီလိုတော့ မဟုတ်ဘူး။ အဲဒီနေ့က သမီးအမေက ရုတ်တရက်ပြီး ဗိုက်နာလာလို့ သမီးကို မွေးဖို့ဆေးရုံကို ကမန်းကတန်းထွက်လာခဲ့ရတော့ အဖေ့အကျီက ပါးပါးလေးလေ။ အဲဒီနေ့ကလည်း မိုးတွေအရမ်းရွာပြီး အေးနေတော့ ဆေးရုံနားက စတိုးဆိုင်မှာ ဒီအကျီလေးကို ဝယ်လိုက်တာပဲ”

ဂျာကင်လေးက မိုးဝဿန်ဝတ်လိုက်တော့ ဖားဖားလျားလျားလေးဖြစ်နေသည်။ ဒါပေမဲ့ မိုးဝဿန်ကတော့ သဘောကျ၏။ အဲဒီနေ့က သူ့ရည်းစားနဲ့သွားတွေ့တာတောင် အဲဒီဂျာကင်လေးကို ဝတ်ပြီးသွားလိုက်သေးသည်။

ဦးမိုးအောင်ကတော့ ဂျာကင်လေးဝတ်ပြီး ပျော်ရွှင်နေတဲ့ မိုးဝဿန်ကို ကြည့်ပြီး တွေးမိသည်။ “အော် .. ငါ့ဘဝထဲကို ဂျာကင်နဲ့ သမီးလေးက တစ်ရက်ထဲ ရောက်လာခဲ့တယ်။ အခုတော့ ငါ့သမီးလေးက ငါ့ဆီက ဂျာကင်လေးကို တောင်းယူသွားပြီ နောက် ဘယ်တော့များ ငါ့သမီးလေးကို ငါ့ရင်ခွင်ထဲကနေ ဆွဲထုတ်တောင်းရမ်းသူ ပေါ်လာမလဲမသိဘူး” ဟု တွေးမိနေခြင်းဖြစ်သည်။

(၂)

ဦးမိုးအောင် တစ်ယောက် သရက်သီးကို တံချူနဲ့ ခူးနေချိန် ..

“အဖေ ..”

“ဟေ .. “

“အဖေ့ကို ပြောစရာရှိလို့”

“ကဲ ... ပြောမယ်ဆိုရင်လည်း ဒီသရက်သီးလေးတွေ ဝိုင်းထည့်ပြီးပြော”

ဦးမိုး‌အောင်က ထိုသို့ဆိုလိုက်တော့ မိုးဝဿန်က ခူးပြီးသားသရက်သီးတွေကို တောင်းထဲထည့်ရင်း ..

“သမီးမှာ ရည်းစားရှိနေပြီ အဖေ”

ဦးမိုးအောင် ပုံစံက ဘာမှမထူးဆန်းတာကို ကြားလိုက်ရသလို။

“အင်း အဖေလည်း နည်းနည်းပါးပါး ရိပ်မိပါတယ်”

“အဲဒါ .. သမီး သူနဲ့ အိမ်ထောင်ပြုတော့မလို့ အဖေ့ကို လာပြောတာ”

အဲဒီစကားမှာတော့ နည်းနည်းတုန်လှုပ်သွားပုံရသည်။

“မစောလွန်းဘူးလားသမီးရယ် .. အခုမှ သမီးအသက်က ၂၁နှစ်တောင် မပြည့်သေးတာကို”

မိုးဝဿန်က မျက်ရည်လေးတွေ ဝေ့ဝဲလာပြီး ခေါင်းငုံ့ထားလေသည်။ ပြီးတော့ ဦးမိုးအောင်ကပင် ...

“သမီးတို့ ကြိုက်နေတာ ဘယ်လောက်ကြာပြီလဲ”

“တစ်နှစ်နဲ့ သုံးလလောက်တော့ ရှိပြီအဖေ”

ဦးမိုးအောင်က ဘယ်တုန်းကမှ သူ့သမီးရဲ့ တောင်းဆိုမှုတွေ ကို ငြင်းပယ်လေ့မရှိ။ အထူးသဖြင့် သူ့အမေဆုံးပြီး‌နောက်ပိုင်းမှာပေါ့။ မိုးဝဿန်ကလည်း လိမ္မာ‌ရေးခြားရှိတာကြောင့် ဦးမိုးအောင်အတွက် သူ့သမီးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ပူပင်သောကရောက်ရတယ်ဆိုတာမျိုးမရှိခဲ့။ အခုတော့ သူမျှော်လင့်ထားတဲ့ နေ့တစ်နေ့က စောစောစီးစီးရောက်ရှိလာတာဖြစ်ပြီး ဝမ်းနည်းမိတာတော့အမှန်ပင်။

“ကဲပါ ... အဲဒါဆိုရင်လည်း .. ကောင်လေးမိဘတွေကို လာတောင်းဖို့ ပြောလိုက်ပေါ့”

မိုးဝဿန်က ဦးမိုးအောင်ခါးကို ဖက်လိုက်ပြီး .. မျက်ရည်တွေနှင့် ..

“ကျေးဇူးပါ အဖေ”

(၃)

ဒီလိုနဲ့ မိုးဝဿန်တို့ အိမ်ထောင်ကျပြီး တစ်နှစ်လောက်အထိ ဦးမိုးအောင် အိမ်မှာပဲ အတူတူနေကြသည်။ တစ်ရက်မှာတော့ .. မိုးဝဿန်ရဲ့ ယောကျ်ား လင်းမြတ် က ..

“အဖေ .. ကျနော်တို့ အိမ်ခွဲနေတော့မယ်”

“ဟေ .. ဒီမှာ ဘာအဆင်မပြေလို့လဲဟ”

“အားလုံးပြေပါတယ် ဒါပေမဲ့ ကျနော့်အမေက မြို့ထဲမှာ တိုက်ခန်းတစ်ခန်းဝယ်ပေးမယ်တဲ့ အဲဒီမှာပဲ ပြောင်းနေဖို့ ပြောလို့ပါ”

အဲဒီအချိန်မှာပဲ မိုးဝဿန်က အိပ်ခန်းထဲကနေ ထွက်လာပြီး ..

“ကိုကိုကလည်း ဝဿန်တို့ မြို့ထဲမှာ သွားနေရင် ဒီမှာ အဖေတစ်ယောက်ထဲကျန်ခဲ့မှာပေါ့”

“အဲဒါဆိုလည်း အဖေပါ လိုက်နေလေ ဟိုမှာ အိပ်ခန်းတစ်ခန်းပိုနေတာပဲ”

ဦးမိုးအောင် စဉ်းစားမိသည်။ ဒီမှာနေတဲ့ တစ်နှစ်အတောအတွင်း သူ့သားမက်ရဲ့ အကျင့်စရိုက်တွေက မဆိုးဘူးလို့ ယူဆမိသည်။ ပြီးတော့ သူတို့က လူငယ်လင်မယားတွေဆိုတော့ လွတ်လွတ်လပ်လပ်နေလိုကြမှာပဲ။ နောက်တစ်ချက်က သူ့အနေနဲ့လည်း ဒီအိမ်လေးကို မစွန့်ခွာချင်ဘူး ဒီအိမ်လေးမှာပဲ ခေါင်းချဖို့ စိတ်ကူးထားတာကြောင့် ..

“မလိုက်တော့ပါဘူး သားတို့သမီးတို့ပဲ ဟိုမှာ အဆင်ပြေအောင်နေကြပါ”

“ဟင့်အင်း ... ဟင့်အင်း .. ဝဿန်က အဖေမပါဘဲ မသွားချင်ဘူး အဖေနဲ့လည်းမခွဲချင်ဘူး”

“အော် .. သမီးရယ် ... အရမ်းကြီးဝေးတာမှ မဟုတ်တာ .. တွေ့ချင်ရင် အချိန်မရွေးလာလို့ ရတာပဲ .. မောင်လင်းမြတ်အတွက်ကျတော့လည်း မြို့ထဲမှာက ပိုအဆင်ပြေတယ်လေ .. “

ဦးမိုးအောင်က အကျိုးအကြောင်းသေချာရှင်းပြလိုက်တော့ မိုးဝဿန်က စူပုပ်ပုပ်မျက်နှာ လင်းမြတ်ကို မျက်စောင်းထိုးပြီး ခေါင်းညိမ့်လိုက်၏။

(၄)

မိုးဝဿန်နဲ့ လင်းမြတ်တို့ ကြားမှာ ပုံမှန်အားဖြင့် အဆင်ပြေတဲ့အိမ်ထောင်ရေးလို့ဆိုလို့ရပေမဲ့ အဖုအထစ်လေးတစ်ခုတော့ရှိသည်။ အဲဒါကတော့ လင်းမြတ်က ကလေးအရမ်းလိုချင်နေတာဖြစ်ပြီး မိုးဝဿန်က နောက်နှစ်နှစ်လောက်နေမှ ယူဖို့ ဆန္ဒရှိနေတာပင်။ ဒီကိစ္စဟာ တကျက်ကျက်ရန်ဖြစ်ရမယ့်ကိစ္စမျိုးမဟုတ်ပေမဲ့ အခါအခွင့်သင့်တိုင်း အငြင်းပွားနေရတဲ့ ကိစ္စဖြစ်နေတာပင်။

“ဝဿန့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ရှင်မတစ်ယောက်ဆိုတာကိုလည်း သတိရဦး”

အဲဒီနေ့ မိုးဝဿန်က သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ပြီးပြန်လာတော့ အချိန်က ည ၁၁နာရီခွဲနေပြီ။ ပြန်‌ရောက်ရောက်ချင်း လင်းမြတ်ရဲ့ ဆီးကြိုအပြစ်တင်စကားကြောင့် .. မိုးဝဿန် ဒေါသထွက်သွားပြီး ..

“ရှင့် .. သူငယ်ချင်းတွေနဲ့ မူးရူးပြီး အိမ်ပြန်နောက်ကျတုန်းက ကျမ အဲဒီလိုပြောဖူးလား”

“မတူဘူးလေကွာ .. စကားကို ကတ်သပ်မပြောနဲ့”

မိုးဝဿန်ကလည်း အလျှော့မပေး။

“ရှင်က ငါက ယောကျ်ားပဲဆိုတဲ့ ဖိုဝါဒကြီး ကြီးစိုးနေတာတော့မဟုတ်ပါဘူးနော် .. ရှင်လုပ်တော့အကောင်း ကျမလုပ်မှ အပြစ်ဖြစ်ရတယ်ပေါ့”

“ဟာ ..ကွာ .. ငါမင်းကို ပြောနေတာ .. သတိထားဖို့ .. ဒီလိုအချိန်မျိုးမှာ အိမ်ထောင်သည်အမျိုးသမီးအနေနဲ့ လင်ယောကျ်ားမပါဘဲ လမ်းသလားနေတာ ပတ်ဝန်းကျင်အမြင်လည်း မတင့်တယ်ဘူးဆိုတာ မင်းနည်းနည်းလေးတောင် မတွေးမိဘူးလား”

“အော် ရှင်က ကျမကို လမ်းသလားတယ်လို့ ပြောတယ်ပေါ့လေ ... မယူခင်တုန်းကတော့ ကျမရဲ့ လွတ်လပ်ခွင့်တွေကို မပိတ်ပင်ပါဘူးဆို.. ရှင်က တကယ့်ကလိန်ကကျစ်ယောကျ်ားပဲ”

လင်းမြတ် ဒေါသ က ငယ်ထိပ်ထိ ဆောင့်တက်သွားသည်။ ဘေးမှာရှိတဲ့ ပန်းအိုးကို ထိုးခွဲချလိုက်ပြီး ..

“တော်တော့ကွာ .. သောက်စကားဆက်မပြောချင်တော့”

လင်းမြတ်က ပြောပြောဆိုဆိုတဲ့ အိမ်ရှေ့ဝရန်တာဘက်ကို ထွက်သွားသည်။ မိုးဝဿန်ကလည်း စိတ်ဆိုးဆိုးနဲ့ အခန်းထဲဝင်သွားပြီး အခန်းတံခါးကို လော့ခ်ချထားလိုက်၏။ အဲဒီညက သူတို့ အိမ်လေးက တိတ်ဆိတ်လို့။

(၅)

နောက်သုံးလေးရက်လောက်နေတော့ စိတ်ဆိုးပြေသွားကြ၏။

“ကိုယ်တို့ ကလေးယူကြရအောင်”

“မယူချင်သေးပါဘူး ကိုကိုရယ် ဒီအတိုင်းလွတ်လွတ်လပ်လပ်လေးနေချင်သေးတယ်”

“ဝဿန့်ကို ပြောလိုက်ရင် အဲဒီအတိုင်းချည်းပဲ”

လင်းမြတ်က စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဂိမ်းဆော့နေတော့သည်။ မိုးဝဿန်ကတော့ ကိုရီးယားပဲ ဆက်လက်ကြည့်နေ၏။ သူတို့နှစ်ယောက်ကြားကလေးယူမယ့်ကိစ္စက အခုချိန်ထိ ညှိနှိုင်းလို့မရသေး။ အဲဒီအချိန်မှာပဲ လင်းမြတ်ရဲ့ အမေဆီက ဖုန်းဝင်လာသည်။ အဆင်ပြေလား ဘာညာ အာလာပသလ္လာပ စကားတွေပြောရင်း .. လင်းမြတ်အမေက ..

“ဒါနဲ့ မင်းတို့က ကလေးမယူသေးဘူးလား အမေတို့က မြေးချီချင်နေပြီ”

လင်းမြတ်က မိုးဝဿန်ဘက်ကို စောင်းကြည့်ပြီး ...

“ရှေ့နှစ်လောက်တော့ ယူမယ်လို့ မှန်းထားတယ် အမေ”

“အေးပါ ... အရမ်းကြီးလည်း အချိန်ဆွဲမနေကြနဲ့ဦး”

“ဟုတ် .. ဟုတ်”

လင်းမြတ်အမေ ဖုန်းချသွားတော့ လင်းမြတ်နဲ့ မိုးဝဿန်တို့ ထပ်ပြီး စကားများကြပြန်သည်။

(၆)

ဦးမိုးအောင် ဆီ ဖုန်းဝင်လာသည်။

“ဟဲလို .. အဖေ .. ဝဿန် အခု ဆေးရုံ‌ရောက်နေတယ် အရမ်းစိုးရိမ်ရတယ်”

“ဟာ .. “

ဦးမိုးအောင် တစ်ယောက် သတင်းကြားကြားချင်း ဆေးရုံသို့ သုတ်ချေတင်တော့သည်။ ဆေးရုံရောက်သွားချိန်မှာတော့ ...

“အဖေ .. ဝဿန် ဆုံးပြီ”

“ဘာ ... “

ဦးမိုးအောင် ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလိုပင်။ ရင်ဘတ်တစ်ခုလုံးဆို့တက်သွားသည်။ ပြီးတော့ .. ဆို့နင့်ကြေကွဲစွာနဲ့ .

“ဘယ်လို ဖြစ် ..ရ ..တာ ..လဲကွာ.. မနေ့ကတောင် ငါနဲ့ ဖုန်းပြောသေးတယ်လေ”

လင်းမြတ်ကလည်း မျက်ရည်လည်ရွှဲနှင့် ..

“ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ အဖေ..”

“ဘာ ..ဘာ .. ပြန်ပြောစမ်း”

“ဝဿန်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာဗျ”

“ဟာ .. ကွာ ..လုံးဝ မဖြစ်နိုင်ဘူး ငါ့သမီးက အဲဒီလောက်ထိ သတ္တိမရှိဘူး ... “

ဦးမိုး‌အောင် တစ်ယောက်လုံးဝမယုံကြည်နိုင်ပေ။ ထို့နောက် လင်းမြတ်ကို အမှုစစ်ရဲက သေမှုသေခင်းနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်သွားသည်။ ဦးမိုးအောင်က တော့ သူ့သမီးရဲ့ ရုပ်အလောင်းကိုတောင် မမြင်ရသေးဘဲ ‌ပူဆွေးငိုကြွေးနေသည်။ သိပ်မကြာခင်မှာပဲ မှုခင်းစစ်ရဲက ဒီနေ့ည သူ့ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီး မနက်ဖြန် မှတ်ချက်‌ပေးမယ့်အကြောင်းပြောလေသည်။ နာရေးကိစ္စတွေအတွက် ဦးမိုးအောင်တစ်‌ယောက်လည်း အိမ်မပြန်တော့ဘဲ မြို့ထဲက လင်းမြတ်ရဲ့ တိုက်ခန်းကိုသာ လိုက်လာခဲ့၏။

(၇)

တိုက်ခန်းကိုရောက်တော့ ဦးမိုးအောင်တစ်ယောက် အနံ့တစ်ခုကို ရသည်။ ထိုအနံ့က သူအရမ်းရင်းနှီးနေတဲ့အနံ့။ သူ့သမီးရဲ့ ရေမွှေးနံ့။ ပြီးတော့ အဲဒီရေမွှေးက သူ့သမီးကို လက်ဆောင်ပေးလိုက်တဲ့ အပြာရောင်ဂျင်းဂျာကင်ပေါ်မှာ စွတ်ထားတဲ့ ရေမွှေးနံ့။ ဒီအနံ့ကို ဦးမိုးအောင် ကောင်းကောင်းမှတ်မိသည်။

“မောင်လင်းမြတ်”

“ဗျာ”

“သမီးရဲ့ အသုံးဆောင်လေးတွေ အဖေကြည့်ချင်လို့”

“ရတယ်အဖေ အခန်းထဲက ဗီရိုထဲမှာ”

လင်းမြတ်က နာရေးကိစ္စစီစဉ်စရာရှိတာတွေ စီစဉ်ဖို့ တိုက်အောက်ကိုဆင်းသွားသည်။ ဦးမိုးအောင်က အခန်းထဲက ဗီရိုကို ဖွင့်လိုက်ပြီး အဝတ်ပုံထဲမှာ သူပေးထားတဲ့ ဂျင်းဂျာကင် ရှာဖွေနေမိသည်။ ဒါပေမဲ့ လုံးဝမတွေ့။ အခန်းထဲကို ဝေ့ကြည့်တော့လည်း မတွေ့။ ရေချိုးခန်းထဲသွားရှာကြည့်တယ်၊ အဝတ်လျှော်စက်ထဲ သွားရှာကြည့်တယ် လုံးဝမတွေ့။ ပြီးတော့ နာရေးသတင်းမေးသူတွေ၊ စီစဉ်သူတွေရောက်လာတော့ လူတွေများနေတာနဲ့ ဦးမိုးအောင်လည်း ဧည့်ခန်းထဲမှာပဲ သွားပြန်ထိုင်ပြီး နေလိုက်သည်။

နောက်လူရှင်းသွားတော့မှ သူ့သားမက်ကို ..

“လင်းမြတ် .. သမီးက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံစံနဲ့ သတ်သေသွားတာလဲ”

“လက်ကောက်ဝတ်က သွေးကြောကို ကိုယ့်ကိုယ်ကိုယ် လှီးသွားတာ”

“အဲဒီအချိန်မှာ မင်းမရှိဘူး”

“ကျနော် အပြင်ရောက်နေတာ ကျနော်ပြန်လာတော့ သူ့ကို ကုတင်ပေါ်မှာ သွေးတွေနဲ့ တွေ့တာပဲ”

ဦးမိုးအောင် တစ်ယောက် လင်းမြတ်ကို စူးစူးရဲရဲကြည့်ပြီး ..

“မင်းသတ်လိုက်တာတော့ မဟုတ်ပါဘူး”

လင်းမြတ် တုန်လှုပ်သွားသည်။

“အဖေဗျာ .. ဘယ်လိုစကားမျိုးပြောလိုက်တာလဲ .. ကျနော်ချစ်လို့ယူထားတဲ့ မိန်း .. မ ကို ကျနော် က သတ်စရာလား”

လင်းမြတ်ရဲ့ တုန်လှုပ်သွားပုံကိုကြည့်ပြီး ဦးမိုးအောင်တစ်‌ယောက် သံသယတော့ဖြစ်မိသွားသည်။ ဒါပေမဲ့လည်း မဟုတ်လောက်ပါဘူးလေလို့တွေးပြီး ..

“ဆောရီးသားရာ .. ငါအရမ်းပူလောင်နေလို့ ပြောမိပြောရာပြောလိုက်မိတာပါ”

“ရပါတယ် အဖေရာ ကျနော်လုပ်စရာရှိတာလေးတွေ လုပ်လိုက်ဦးမယ်”

(၈)

နောက်တစ်နေ့ မှုခင်းဆရာဝန်နဲ့ ဦးမိုးအောင်ရော လင်းမြတ်ပါ သွားတွေ့ကြသည်။

“ပြောရရင် ဒီကလေးမလေးက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ပါဘူး ..အသတ်ခံရတာပါ”

“ဗျာ ... “

“ဟာ ..”

ဦးမိုးအောင်က လင်းမြတ်ကို ကြည့်လိုက်သည်။ လင်းမြတ်က မယုံကြည်နိုင်သလို မျက်နှာမျိုးနဲ့ ..

“ဆရာ .. ဘယ်လိုအချက်တွေကြောင့် အသတ်ခံရတယ်လို့ ယူဆတာလဲ”

“အဓိက က တော့ သူ့ရဲ့ ကျောရိုးမှာ မာကျောတဲ့အရာတစ်ခုနဲ့ အရိုက်နှက်ခံထားရတဲ့ ပုံစံကို တွေ့ရတယ် နောက်ပြီးတော့ .. လည်ပင်းက အရိုးကလည်း တစ်ခုကျိုးနေတယ် ဖြစ်နိုင်ခြေရှိတာက အသက်မြော့မြော့ကျန်နေတဲ့အချိန်ကျမှ လက်ကောက်ဝတ်ကို သူ့လက်နဲ့သူလှီးတဲ့ ပုံသဏ္ဍန်ဖန်တီးခဲ့ပုံရတယ်”

“လူသတ်တရားခံက ဘယ်သူဖြစ်နိုင်လဲ ဆရာ”

ဦးမိုးအောင်က ဝင်မေးတော့ ..

“အဲဒါကို‌တော့ ကျနော်တို့ စုံစမ်းရမှာပါ ... အခုက ဘာသဲလွန်စမှ မကျန်ခဲ့တာက အခက်ခဲဆုံးပါပဲ”

လင်းမြတ်က ..

“တကယ်လို့ ကျနော့်မိန်းမဟာ အသတ်ခံရတာဆိုရင် လူသတ်သမားကို အမြန်ဆုံးဖော်ထုတ်ပေးပါ .. ကျနော့်လက်နဲ့ ကိုယ်တိုင်ပြန်သတ်မယ်ဗျာ”

ဦးမိုးအောင်က ..

“မင်းမသတ်နဲ့ ငါသတ်မှာ”

(၉)

ဒီလိုနဲ့ ရက်လည်ညအပြီးမှာတော့ ဦးမိုးအောင်နဲ့ လင်းမြတ်တို့ နှစ်ယောက်သာတိုက်ခန်းမှာရှိတော့သည်။ ဦးမိုးအောင်က အရက်ခွက်ကို တရှိန်ထိုးမော့ချလိုက်ပြီး ..

“ငါ့ သမီးလေးမှာ ဘာအပြစ်ရှိလို့လဲကွာ”

မျက်ရည်တွေက ကျလာ၏။ လင်းမြတ်က ..

“ဝဿန်က ကလေးလေးတစ်ယောက်လိုပါပဲ .. ကျနော် ဘယ်လိုဖြေရမလဲ အဖေရာ”

လင်းမြတ်က ငိုသည်။ ဦးမိုးအောင်က လင်းမြတ်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး ..

“ငါ့သမီး ဂျာကင်ရော”

လင်းမြတ်ရဲ့ မျက်လုံးတွေက ဂဏာမငြိမ်။

“ဘယ်ဂျာကင်လဲ အဖေ”

“အပြာရောင်ဂျင်းဂျာကင်ကွာ”

“ကျနော် မသိဘူးအဖေ”

လင်းမြတ်ရဲ့ အဖြေစကားကို ဦးမိုးအောင်မကျေနပ်။

“ဒီမှာ ဟေ့ကောင် ... အဲဒီ ဂျင်းဂျာကင် က ငါ့သမီးတန်ဖိုးအထားဆုံးပစ္စည်း .. အဲဒါကို မင်းက ဘာလို့မသိရတာလဲ”

“အဖေက ကျနော့်ကို သံသယဝင်နေတာလား”

“ငါ့သမီးကို သတ်တာဟာ မင်းကလွဲပြီး အခြားမရှိဘူးလို့ကို ငါယုံတယ်ကွာ”

စကားဝိုင်းက တင်းမာလာသည်။

“အဖေ အခုလို တစ်ဖက်သတ်မစွပ်စွဲနဲ့ ... ကျနော့်မိန်းမကို ကျနော်က ဘာဖြစ်လို့ သတ်ရမှာလဲ .. အဲဒီနေ့က ကျနော်တစ်နေကုန်ရုံးမှာ မယုံရင် ကျနော့်ရုံးက လူတွေကိုမေးကြည့်လို့ရတယ်”

ဦးမိုးအောင်က လင်းမြတ်ရဲ့ ခေါင်းကို ဆေးလိပ်ပြာခွက်နဲ့ ရိုက်ချပစ်လိုက်သည်။ သွေးတွေက ဖြာကနဲ .. လင်းမြတ်က ကမူးရှူးထိုးနဲ့ တံခါးဝဘက်ကို ပြေးသည်။ ဦးမိုးအောင်က ခြေကျင်းဝတ်ကို ဖြတ်ကန်လိုက်တာကြောင့် လင်းမြတ်ပစ်လဲသွားသည်။ ဦးမိုးအောင်က ပစ်လဲနေတဲ့ လင်းမြတ်ရဲ့ ဆံပင်ကို တရွတ်တိုက်ဆွဲပြီး အခန်းထဲကို ခေါ်သွား၏။

“ငါ့သမီးကို သတ်ခဲ့သလို မင်းကို ငါသတ်ပြမယ်”

“အ..ဖေ... ကျနော် .. ကျနော် ... တောင်း ... တောင်းပန်...ပါတယ်”

ဦးမိုးအောင်က အရမ်းသွေးအေးနေပုံရသည်။ အခန်းထဲရောက်တော့ ... လင်းမြတ်ရဲ့ လက်တွေကို ကြိုးနဲ့တုတ်လိုက်ပြီး ပါးစပ်ကိုအဝတ်စည်းလိုက်၏။ ပြီးတော့ ခါးကို ကုတင်စောင်းနဲ့ ကိုင်စောင့်လိုက်သည်။ ဂျွတ်ကနဲ အသံနဲ့အတူ လင်းမြတ်က ငယ်သံပါအောင်အော်သော်လည်း အဝတ်ဆို့ထားတာကြောင့် ဝူးဝူးဝါးဝါးသာ ထွက်ပေါ်လာသည်။

ဦးမိုးအောင်က ..

“ဘယ်လိုလဲ ... ငါ့သမီးလေးကို ကုတင်စောင်းပေါ်မှာ ခါးရိုးကျိုးအောင် ကိုင်ပေါက်ခဲ့ရတာပျော်ရဲ့လား”

ဦးမိုးအောင်က‌ ပြောလည်း‌ပြော .. ထပ်ပြီးတော့လည်း ကိုင်ပေါက်ပြန်သည်။ လင်းမြတ်က ဘယ်လိုမှ တုန့်ပြန်လို့မရ။ ပြီးတော့ ဦးမိုးအောင်က လင်းမြတ်ကို ကုတင်ပေါ်တင် ခေါင်းကို ကုတင်အောက်ကို တွဲလောင်းချပြီး လှန်ချိုးပစ်လိုက်သည်။ လင်းမြတ်ငြိမ်ကျသွားသည်။ အသက်တော့မထွက်သေး။ လေကို ခက်ခက်ခဲခဲရှုရှိုက်နေပုံရသည်။ ပြီးတော့ .. ခဲတံချွန်တဲ့ဓါးကို ကြွပ်ကြွပ်အိတ်နဲ့ကိုင်ကာ ကုတင်ပေါ်မှာ မလှုပ်နိုင်တော့တဲ့ လင်းမြတ်ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ကို ပါးပါးလေးလှီးဖြတ်လိုက်သည်။ ပြီးတော့ အဲဒီဓါးကို လင်းမြတ်ရဲ့ ဘယ်ဘက်လက်ထဲ ထိုးထည့်ထားခဲ့ပြီး ဧည့်ခန်းထဲပြန်ထွက်သွားကာ ရဲစခန်းကို ဖုန်းဆက်ပြီး အရက်သွားသောက်နေသည်။

(၁၀)

ရဲတွေရောက်လာချိန်မှာတော့ လင်းမြတ်က အသက်ထွက်နေပြီပဲ ဖြစ်သည်။ ရဲတွေက ဦးမိုးအောင်ကို လက်ထိပ်ခတ်ဖို့ လာချိန်မှာတော့ ဦးမိုးအောင် က ...

“ခဏလေး .. ကျနော်ထွက်မပြေးပါဘူး .. ယူစရာလေးတစ်ခုရှိလို့ပါ”

ပြီးတော့ ဦးမိုးအောင်က ကုတင်အောက်မှာရှိတဲ့ ဂျင်းဂျာကင်အပြာလေးကို သွားယူပြီး ဝတ်လိုက်သည်။ ဂျင်းဂျာကင်လေးကတော့ သူ့သမီးရဲ့ ရေမွှေးရနံ့လေးတွေနဲ့ပေါ့။

ဦးမိုးအောင်ရဲ့ ပြောပြချက်တွေကို နားထောင်ပြီး .. လူသတ်မှုနဲ့ထောင်ကျလာတဲ့ ... ဝေယံပိုင် ..

“ဦးလေး သားမက်ကို ဘာဖြစ်လို့ ဦးလေးသမီးကို သတ်တဲ့သူလို့ တထစ်ချယုံကြည်လိုက်ရတာလဲ”

“ဒီလိုကွ .. အဲဒီနေ့ ငါ့သမီးလေးဆုံးတဲ့နေ့ပေါ့.. ငါတိုက်ခန်းထဲကို ဝင်ဝင်ချင်း ငါ့သမီးရဲ့ ရေမွှေးနဲ့ငါပေးထားတဲ့ ဂျင်းဂျာကင်အနံ့လေးကို ရတယ်။ ငါလိုက်ရှာကြည့်တော့ .. ဂျင်းဂျာကင် က ဘယ်နေရာမှာမှ မတွေ့ဘဲ အမှိုက်ထုပ်ထဲမှာ သွားတွေ့တယ်။ ပြီးတော့ သွေးတွေပေနေတဲ့ စာလေးတစ်စောင်က ဂျင်းဂျာကင်ရဲ့ အတွင်းအိတ်ထဲမှာ။ “အဖေရယ် သူအရမ်းရက်စက်တယ်” ဆိုတဲ့ စာလေးကို Eye Linear နဲ့ ရေးထားတာ ။ ဂျင်းဂျာကင်ရဲ့ အနောက်ဘက် ခါးနားမှာ ကုတင်စောင်းက ထွက်နေတဲ့ သံနဲ့ ငြိပြီး နည်းနည်းလေးပြဲနေတယ်။ နောက်ဆုံးအခိုင်မာဆုံးအချက်က ငါ့သမီးရဲ့ ဗီရိုတွေကို မွှေရင်းနဲ့ ငါ့သမီးရဲ့ ဒိုင်ယာရီစာအုပ်လေးကို သွားတွေ့တယ်။ သူအသတ်မခံရခင် ၂ရက်မှာနောက်ဆုံးရေးခဲ့တာ .. သူတို့တွေ ဒီရက်ပိုင်းရန်ခဏခဏဖြစ်ပြီး လင်းမြတ်က လက်ခဏခဏပါတဲ့အကြောင်းပေါ့”

ဦးမိုးအောင်က ရှည်လျားစွာရှင်းပြပြီး မောသွားပုံရသည်။

“အခု .. အဲဒီ ဂျင်းဂျာကင်အပြာလေးရော”

“ငါ့သမီးလေးရဲ့ အုတ်ဂူထဲမှာပေါ့ကွာ”

ခြူသစ်မောင်

#lotaya_shortstory


#ရေမွှေး
#အခန်း
#အသက်
#အချိန်
#လောက

Some text some message..