
‘အနုရှ် ခုချက်ချင်း ငါ့ဆီလာစမ်း’
‘ကောင်းပါပြီ သခင်မကြီး’
အနုရှ်ချန်ဒရာ၀င်စားသည့် အသားအရေနီမြန်းသော ကောင်လေးသည် တောင်လုံးမျှ မြင့်မားလှသည့် ယာဥ်ပျံကြီးကို တည်ဆောက်နေရင်းမှ မေစက်နိုင်ရှေ့သို့ အပြေးအလွှားလာပြီး အရိုအသေပြုလိုက်သည်။
‘ငါ့ကိုယ်ထဲမှာ စိတ္တရဒေ၀ီရှိနေတာ နင်သိနေတယ်မဟုတ်လား။ ပြောစမ်း’
‘ကျွန်..ကျွန်တော်… ဟိုဟာကြီး ဆောက်ဖို့ကိုသာ...’
အနုရှ်သည် ဆောက်လက်စယာဥ်ပျံကြီးကို လက်ညှိုးထိုးပြသည်။ အချိန်ကား ညတာကုန်ဆုံးတော့မည်ဖြစ်သဖြင့် အရှေ့အရပ်မှ ရောင်နီလာနေပြီ။ ရုပ်လုံးပေါ်စပြုလာပြီဖြစ်သည့် ယာဥ်ပျံကြီးသည် အာရုဏ်ဦး နေရောင်နောက်ခံတွင် ထီးထီးကြီးတည်ရှိနေသည်။
‘ဟိုတစ်နေ့ကတင် စိတ္တရဒေ၀ီလို့ နင့်ပါးစပ်က ပြောလိုက်တာ ကြားတယ် အနုရှ်။ နင့်ကို ငါ့ဗိုက်ထဲက မွေးလိုက်တာပါ။ နင် ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေရှိသလဲဆိုတာ ငါသိတယ်’
လုလင်ပျိုသည် ဆက်မလိမ်ရဲတော့ဘဲ မေစက်နိုင်ရှေ့တွင် ဒူးထောက်လျက်သာရှိသည်။ မေစက်နိုင်သည် ယခုအခါ စိတ္တရဒေ၀ီ၀တ်ဆင်ခဲ့သော အနီရောင် ၀တ်ရုံကို မဆင်တော့ဘဲ သူမကိုယ်တိုင် တန်ခိုးနှင့် ဖန်ဆင်းထားသော မဲနက်နေသည့် ငှက်မွေး၀တ်ရုံကြီးကိုသာ ဆင်ယင်ထားသဖြင့် ကျီးနက်မကြီး တစ်ကောင်နှင့် ဆင်တူနေသည်။
‘မေ .. စက်.. နိုင်.. နင် ငါ့တန်ခိုးတွေလည်း အားလုံး ရပြီးပြီ။ အခု နင်က ဘာကို ထပ်လိုချင်သေးတာလဲ...’
သူမ ခေါင်းထဲတွင် ကြားဖူးသော အသံတစ်သံထွက်ပေါ်လာသည်။ စိတ္တရဒေ၀ီ၏ အသံ…
‘စိတ္တရဒေ၀ီ။ ရှင် ကျွန်မခေါင်းထဲကနေ အခုထွက်စမ်း။ အဲလိုမျိုး ခေါင်းထဲ၀င်ပြီး ခြယ်လှယ် နေတာကို အခု ရပ်တန်းက ရပ်ပစ်လိုက်စမ်း’
‘မေ .. စက်… နိုင်...။ နင့်ခေါင်းထဲကို ငါ၀င်ချင်လို့ ၀င်နေတာ မဟုတ်ဘူးလေ။ နင့်ရဲ့ တက်တူးက ဆွဲမျိုလိုက်လို့ ငါ နင့်ကိုယ်ထဲ ရောက်နေရတာမဟုတ်လား။ နောက်ပြီး ငါ နင့်ကိုယ်ထဲက ထွက်သွားရင် နင့်မှာ အခုရှိနေတဲ့ အစွမ်းတွေ ဆုံးရှုံးလိုက်ရမှာကို နင်မတွေးမိဘူးလား’
မေစက်နိုင် အမျက်ချောင်းချောင်းထွက်သွားသည်။ စိတ္တရဒေ၀ီ၏ စကားများ မှန်နေကြောင်း သူမသိသည်။ သို့သော် သူမသည် ထိုစိတ္တရဒေ၀ီဆိုသော စုန်းမကြီး သူမခေါင်းထဲတွင် ရှိနေသည်ကို လုံး၀မလိုလားချေ။
‘ဒါဆို ရှင်က ကျွန်မကိုယ်ထဲမှာ ခေါင်းထဲမှာ တစ်သက်လုံး ပိတ်မိနေတော့မှာပေါ့။ အဲလိုလား’
‘အမှန်အတိုင်း ပြောရရင် ငါလည်း နင့်ကိုယ်ထဲမှာ တစ်သက်လုံး ပိတ်မနေချင်ဘူး မေစက်နိုင်။ ငါစဥ်းစားထားတာရှိတယ်။ အဲဒီအတွက် အနုရှ်ချန်ဒရာရဲ့ အကူအညီလိုတယ်။ ဒါပေမဲ့ အဲလို ကူညီဖို့အတွက် အနုရှ်ဟာ သူမွေးဖွားလာတဲ့ တာ၀န်ကို အရင်ကျေပွန်အောင် လုပ်ဆောင်ရလိမ့်မယ်’
မေစက်နိုင်သည် အရူးမတစ်ယောက်လို သူမ ခေါင်းထဲမှ အသံနှင့် တစ်ယောက်တည်း ပြောနေမိသည်။ လူငယ်သည် သူမရှေ့တွင် ဒူးထောက်ခစားဆဲပင်။
‘ဒါဆိုရှင်ပြောချင်တာက ဒီကောင် သူတို့ရဲ့ ယာဥ်ပျံကြီးကို အရင်ပြီးအောင် ဆောက်ရမယ်ပေါ့။ ဟုတ်လား။’
‘အမှန်ပဲ’
‘ကျွန်မမှာ တန်ခိုးတွေ ရှိတာပဲ။ ကျွန်မ စက္ကန့်ပိုင်းအတွင်း ဒီယာဥ်ပျံအစုတ်ကို ချက်ချင်းပြီးအောင် ဖန်ဆင်းလိုက်လို့ရတယ်။’
‘မေစက်နိုင်။ ဒါဟာ နင့်အတွက် ပထမဆုံး အတွေ့အကြုံပဲ။ ငါ့အနေနဲ့တော့ နှစ်ပေါင်း ငါးထောင်အတွင်း ဒီကလေးတွေရဲ့ အလုပ်တွေကို ဘယ်တော့မှ ၀င်စွက်လို့မရခဲ့ဘူး။ သူတို့ဟာ မွေးလာကတည်းက ဘာလုပ်ရမလဲဆိုတာ သိပြီးသား။ ငါတို့ ၀င်လုပ်ရင် ငါတို့ရဲ့ အလိုပဲ ဖြစ်သွားလိမ့်မယ်။ သဘာ၀တရား - ဒါမှမဟုတ် ဘုရားသခင် - နင်ဘယ်လိုပဲ ခေါ်ခေါ် - အဲဒီစွမ်းအင်ကြီးရဲ့ သဘောအတိုင်းဖြစ်ဖို့ဟာ ဒီမျိုးပွားထားတဲ့ လူငယ်တွေရဲ့ ဗီဇစိတ်ပေါ်မှာပဲ မူတည်နေတယ် မိန်းကလေး’
‘ကောင်းပြီ။ ဒီမတိုင်ခင် ရှင်ဘာမှ မကူညီနိုင်ဘူးဆိုရင်လည်း ကျွန်မခေါင်းထဲမှာ တိတ်တိတ်သာ နေပါတော့။ နားငြီးလွန်းလို့ပါ’
စိတ္တရဒေ၀ီ ဘာမှ ဆက်မပြောတော့။ မေစက်နိုင်သည် သူမရှေ့မှ အနုရှ်ချန်ဒရာကို မောင်းထုတ်လိုက်သည်။
‘နင်လည်း သွားတော့။ ဒီယာဥ်ကြီးကိုသာ မြန်မြန်ပြီးအောင် သွားဆောက်ချေတော့’
x x x
မေစက်နိုင်သည် ထိုနေ့ညတွင် လွန်ခဲ့သော သုံးရက်ခန့်က သူမကို လင်းလက် ခေါ်သွားခဲ့သော နိုက်ကလပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သုံးရက်အတွင်းတွင် သူမ၏ ဘ၀သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဤအဖြစ်အပျက်များ မတိုင်မီက သူမသည် အင်မတန် ရိုးစင်းသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။ မေစက်နိုင်၏ မိဘများသည် အလွန်ချမ်းသာကြသည်။ သူမသည် တစ်ဦးတည်းသော သမီးဖြစ်သဖြင့်လည်း ငယ်စဥ်ကတည်းက အစစအရာရာ လိုလေသေးမရှိအောင် ထားခဲ့ကြသည်။ သူမ စင်္ကာပူတွင် ကျောင်းသွားတက်စဥ် ဇင်ကိုနှင့် ရည်းစားဖြစ်သည်။ သူမဘ၀တွင် သူငယ်ချင်းဟူ၍လည်း လင်းလက်တစ်ယောက်သာ ခင်ခင်မင်မင်ရှိခဲ့သည်။ ဇင်ကိုနှင့် ပြတ်စဲပြီး အသည်းကွဲနေစဥ် သူမတစ်ဦးတည်း မိဘများ၏ ကုမ္ပဏီအလုပ်ကို ဦးစီးလုပ်ကိုင်ရင်း အချိန်ကုန်ခဲ့သည်။
ယခုမူ သူမသည် သာမန် မိန်းကလေးတစ်ယောက်မဟုတ်တော့ချေ။ မည်သူမျှ စိတ်ပင်မကူးနိုင်လောက်အောင် ထူးဆန်းအံ့သြဖွယ်များကို ကြုံတွေ့ခဲ့ရလေပြီ။ သူမသည် အခင်ဆုံး သူငယ်ချင်း လင်းလက်နှင့် ရည်းစားဟောင်း ဇင်ကိုတို့ကို ရက်ရက်စက်စက် သေစေခဲ့ပြီ။ သူမနှင့် မသိသော ယောကျ်ားတစ်ယောက်၊ အမျိုးသမီးငယ်နှစ်ယောက်တို့ကိုလည်း သေစေခဲ့ပြီ။ ရှေ့ဆက်ပြီးလည်း သူမကြောင့် လူဘယ်နှစ်ယောက်သေဦးမည်မသိ။ သူမ၏ စိတ်များသည် အလွန်ကြမ်းတမ်းခက်ထန်လာသည်။ အကြောင်းမှာ သူမကိုယ်ထဲတွင် ၀င်ရောက်နေသော စိတ္တရဒေ၀ီကြောင့်ပဲလား၊ သို့မဟုတ် သူမ တစ်သက်လုံး မျိုသိပ်ထားခဲ့သော အငုံ့စိတ်များကြောင့်လား - သူမကိုယ်သူမလည်း မသိနိုင်ခဲ့ချေ။
မေစက်နိုင်သည် အရက်ဘားတွင် ထိုင်ကာ အပြင်းစားအရက်တစ်ခွက်ကို တစ်ယောက်တည်း သောက်နေသည်။ သူမသည် အနက်ရောင် ငှက်မွေး၀တ်ရုံကြီးကို ၀တ်ဆင်ထားဆဲဖြစ်သည်။ ဘားထဲတွင်ရှိသော အခြားလူငယ်များက သူမကို တကြည့်ကြည့်ဖြစ်နေကြသည်။ ထိုစဥ်မှာပင် ယခင်နေ့ညက သူမနှင့် စကားပြောဖြစ်ခဲ့သော မော်ဒယ်ဘွိုင်းလူငယ်သည် သူမကို တွေ့သွားသဖြင့် သူမဘေးရှိ ခွေးခြေခုံတွင် ၀င်ထိုင်လိုက်လေသည်။
‘ဟိုတစ်နေ့က အမပါလား။ ဒီနေ့ တစ်ယောက်ထဲလား အမ’
‘ဟုတ်တယ်။ အမ တစ်ယောက်ထဲပဲ’
လူငယ်သည် အရက်နှစ်ခွက်ထပ်မှာပြီး သူမဘေးသို့ ကပ်လာသည်။
‘ဟိုတစ်နေ့က လူကြားထဲမှာ အမကို ပျောက်သွားလို့။ အခုပြန်တွေ့ရတာ ၀မ်းသာတယ်’
‘မင်းက ဘာလို့၀မ်းသာတာလဲ’
‘သြော် အမက ခင်ဖို့ ကောင်းလို့’
‘မင်း ငါ့အကြောင်း ဘယ်လောက်သိလို့လဲ’
လူငယ်သည် အူကြောင်ကြောင်နှင့် မေစက်နိုင်ကို လှည့်ကြည့်သည်။ သူ၏ ပုံစံသည် ကိုရီးယားမင်းသားတစ်ယောက်ယောက်နှင့် တူနေသည်။ မည်သည့်မင်းသားမှန်းတော့ မေစက်နိုင်လည်း မပြောတတ်။ သူမ စိတ်ထဲတွင် ကိုရီးယားမင်းသားများအားလုံးသည် တစ်ရုပ်ထဲလိုပင်။
‘မင်း ငါ့ဆီက ဘာလိုချင်တာလဲ’
‘ဟို.. အမနဲ့ မိတ်ဆွေဖြစ်ချင်...’
‘မင်းငါ့ကို လုပ်ချင်လို့မဟုတ်လား’
‘ဟင်...’
ဒဲ့ကြီးမေးချလိုက်သော မေစက်နိုင်၏ စကားကြောင့် လူငယ် မျက်လုံးပြူးသွားသည်။
‘ငါမေးတာကို ဖြေစမ်းပါ။ မင်းငါ့ကို လုပ်ချင်တယ်မဟုတ်လား’
‘အမက တော်တော်ပွင့်လင်းတာပဲ။ ကျွန်တော်ကလည်း ပွင့်လင်းတာကြိုက်တယ်။ ဟုတ်ပါတယ်။ ကျွန်တော် အမနဲ့ အိပ်ချင်တယ်’
‘ဒါပဲလေ။ အားလုံးက ဒါပဲ။ လူတွေဟာ ဘာပဲပြောပြော ဘာပဲလုပ်လုပ် နောက်ဆုံးတော့ ဒီ ဘူတာပဲ ဆိုက်တာမဟုတ်လား’
‘ဗျာ.. ဘယ်ဘူတာ’
‘မျိုးပွားဖို့လေ’
‘ခင်ဗျာ….’
‘မင်းတို့အားလုံး ဒီ မျိုးပွားဖို့ကိုပဲ တချိန်လုံး တွေးနေကြတာမဟုတ်လား။ မိတ်လိုက်ဖက်ရအောင်လို့ ငွေတွေရှာကြ၊ ဘော်ဒီလှအောင် ရုပ်ချောအောင်တွေ လုပ်ကြ။ မိန်းမတွေကလည်း မျိုးအောင်တဲ့ ခန္ဓာကိုယ် ရှိတာကို ထုတ်ကြွားကြ။ နောက်ဆုံးတော့ ဒီဘူတာပဲ မဟုတ်လားလို့...’
မော်ဒယ်ဘွိုင်းလူငယ် မေစက်နိုင်ကို ထပ်ပြီး ကြည့်ပြန်သည်။ ဒီမိန်းမ မူးနေပြီလား။ ဆေးကြောင်နေပြီလား။ ဒါမှမဟုတ် စိတ်မနှံ့ဘူးလား။
‘အိုကေ အိုကေ။ ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ အခုမှ သတိရလို့’
ဟု စကားဖြတ်ပြီး ထိုနေရာမှ အမြန်လစ်ပြေးလေတော့သည်။ သို့သော် မေစက်နိုင်သည် ထိုလူငယ်၏ လက်ကို ဖမ်းဆွဲလိုက်သည်။
‘နင်ဘယ်ပြေးမလို့လဲ။ နင်တခြား မိန်းကလေးတစ်ယောက်နဲ့ မိတ်သွားလိုက်ဦးမလို့မဟုတ်လား’
‘အား.. ဖယ်ပါဗျ။ ဘာလုပ်တာလဲ’
လူငယ် အကြောက်အကန် ရုန်းသော်လည်း နောက်ကျသွားချေပြီ။ မေစက်နိုင်သည် သူမ၏ အနက်ရောင် ငှက်မွေး ၀တ်ရုံကြီးကို ဆွဲဟလိုက်သည်။ သူမဗိုက်အတွင်း တက်တူးပေါ်မှ မီးတောက်မီးလျှံများသည် ရေဘ၀ဲကြီး၏ လက်ချောင်းများသဖွယ် လှုပ်ရှားထွက်ပေါ်လာပြီး မော်ဒယ်ဘွိုင်းလူငယ်ကို ချုပ်ကိုင်လိုက်ကြသည်။
‘အမလေး ကယ်ပါဦးဗျ’
သူမတို့ ဘေးပတ်၀န်းကျင်ရှိ လူအများ ရုတ်တရက် ရပ်တန့်ပြီး ထိုအဖြစ်အပျက်ကို ကြောင်ကြည့်နေမိကြလေသည်။ ဘားထဲတွင် စုစုပေါင်း လူ ငါးဆယ်မျှတော့ အနည်းဆုံးရှိလိမ့်မည်။ အားလုံးမှာ အသက်နှစ်ဆယ် သုံးဆယ်၀န်းကျင် လူငယ်များဖြစ်ပြီး ယောကျ်ားလေး မိန်းကလေး ရောနေကြ၏။
‘အား...’
မိန်းကလေးတစ်ယောက် ကြောက်လန့်ပြီး အော်လိုက်သံ။
မော်ဒယ်ဘွိုင်းလူငယ်သည် ရုန်းကန်နေသည့်ကြားမှ မေစက်နိုင်၏ ၀မ်းဗိုက်ထဲရှိ မီးတောက် တက်တူးကြီး၏ ဆွဲမျိုခြင်းကို ခံနေရလေပြီ။ ပထမဆုံး လူငယ်၏ လက်တစ်ဘက်သည် အမျိုးသမီး၏ ၀မ်းဗိုက်ထဲသို့ နစ်မြုပ်၀င်သွားသည်။ လူငယ်သည် အဆက်မပြတ် အော်ဟစ်အကူအညီတောင်းနေသော်လည်း သူ့ကို မည်သူမျှ ၀င်ရောက်ကယ်ဆယ်ခြင်း မရှိကြချေ။
‘ကယ်ကြပါဗျ...’
အမျိုခံနေရသော လူငယ်ကို ကယ်တင်ဖို့ နေနေသာသာ ကျန်သော လူများသည် ထိုအခါမှ သတိ၀င်လာပြီး ဘားကောင်တာထဲမှ အလုအယက် ထွက်ပြေးကြသည်။
‘ဂျိန်း… ဂျိန်း.. ဂျိန်း...’
အရက်ဘား၏ တံခါးများ ပြတင်းပေါက်များအားလုံးသည် သူ့အလိုလို အသေပိတ်သွားကြသဖြင့် ဘားထဲမှ လူများသည် အပြင်သို့ မထွက်နိုင်ကြပဲ တံခါး ပေါက်များကို ထုရိုက်ရင်း ထွက်ပေါက်နားတွင် ပြုံတိုးနေကြတော့သည်။ သူတို့ထဲမှ အချို့လူများသည် ကြောက်လန့်တကြား ကျောချမ်းစွာနှင့် အနောက်သို့ လှည့်ကြည့်လျှင် မေစက်နိုင်၏ ၀မ်းဗိုက်သည် မော်ဒယ်ဘွိုင်းလူငယ်၏ ကိုယ်အပေါ်ပိုင်းတစ်၀က်ကို မျိုထားပြီဖြစ်ပြီး အပြင်တွင် ကျန်ခဲ့သည့် ခြေနှစ်ဘက်ကိုသာ ယက်ကန်ယက်ကန်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
‘အမလေး၊ သရဲမကြီးဗျ… ကယ်ကြပါဦး’
‘ဘုရားရေ.. ကယ်ပါဦးရှင့် .. ဘုရား ဘုရား...’
မေစက်နိုင်သည် သူမ၏ အနက်ရောင် ငှက်မွေး၀တ်ရုံကြီးကို လက်နှစ်ဘက်နှင့် ဆွဲကိုင်ကာ ဟထားပြီး သူမနှင့် ဝေးရာဆီသို့ အတင်းထွက်ပြေးရန် ထွက်ပေါက် တံခါးနံရံ၌ ပြုံတိုးနေကြသော လူအုပ်ကြီး ရှိရာဆီသို့ တစ်လှမ်းချင်း ချဥ်းကပ်လာလေတော့သည်။
‘လာကြစမ်း၊ ဒီလောက်တောင် မျိုးပွားချင်ကြတဲ့ ကောင်တွေ ကောင်မတွေ။ ငါ့ဗိုက်ထဲ ငါ့သားအိမ်ထဲ၀င်ပြီး အထဲမှာ မျိုးတွေ ပွားကြစမ်း။ အထီးတွေက သုက်ပိုးတွေဖြစ်၊ အမတွေက သားဥတွေဖြစ်ပြီး မျိုးတွေ အောင်အောင် ပွားကြစမ်း။
ဟား ဟား ဟား.. ဟီး ဟီး ဟီး….’
မေစက်နိုင်၏ ရယ်သံကြီးသည် အော်ဟစ်ငိုကြွေးနေကြသော လူငယ်များအတွက် ပိုပြီး ခြောက်ခြားစရာဖြစ်စေတော့သည်။ လူငယ်များသည် နိုက်အောက်ထွက်ရန် အစွမ်းကုန် ပြင်ဆင်ပြီး ၀တ်စား ဆင်ယင်လာခဲ့ကြသည်။ သူတို့သည် လွန်ခဲ့သော စက္ကန့်အနည်းငယ်အထိ အင်မတန် စတိုင်ကျသော ဆွဲဆောင်အား ကောင်းသော အထက်တန်းလွှာ ယောကျ်ားလေး မိန်းကလေးများ ဖြစ်ခဲ့ကြသည်။ သို့သော် ယခုအခါမူ မကောင်းဆိုး၀ါးမကြီး၏ သားအိမ်ထဲသို့ ၀ါးမျိုခြင်းမခံရအောင် အလုအယက် အသက်လုပြီး ပြေးလွှားနေကြသော သနားစဖွယ် သားကောင်လေးများ ဖြစ်နေကြလေပြီ။ ကလပ်အတွင်းမှ သီချင်းသံများလည်း တိတ်သွားပြီး လူငယ်များ၏ အော်ဟစ် အသနားခံသံများနှင့်သာ ဆူညံနေလေတော့သည်။
‘မေစက်နိုင်… စိတ်ကို ထိန်းပါ...’
သူမခေါင်းထဲတွင် စိတ္တရဒေ၀ီ၏ အသံကို ကြားလိုက်ရသည်။
‘စုန်းမကြီး ပါးစပ်ပိတ်ထားစမ်း။ ရှင် လျှာရှည်နေရင် ဒီ့ထက်ပိုဆိုးမယ်’
ထို့နောက်တွင်မူ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော မေစက်နိုင်သည် နိုက်ကလပ်အတွင်းမှ လူငယ်များကို တစ်ယောက်ပြီး တစ်ယောက် သူမ၏ ၀မ်းဗိုက်အတွင်းသို့ ထည့်သွင်း၀ါးမျိုလိုက်လေတော့သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က လူများရှုပ်ထွေးပြီး ဆူညံစည်ကားနေခဲ့သော ကလပ်ခန်းမကြီးတစ်ခုလုံးသည် ယခုအခါ လူတစ်ယောက်မှ မရှိတော့ဘဲ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီ။ မေစက်နိုင်သည် သူမ ယခင်က ထိုင်နေခဲ့သော ဘားကောင်တာရှိ ထိုင်ခုံသို့ ပြန်သွားထိုင်ပြီး သောက်လက်စ အရက်ခွက်ကို ကောက်ကိုင်လိုက်သည်။
‘အော်… သူများပြောတာ ကြားဖူးတာက - ကိုယ်၀န်ရှိရင် အရက်မသောက်ရဘူးတဲ့လား.. ဟား ဟား ဟား’
သူမသည် သဘောကျစွာ ရယ်မောရင်း အရက်ခွက်ကို မော့သောက်လိုက်လေသည်။
x x x
မေစက်နိုင် ပြန်ရောက်လာလျှင် အနုရှ်ချန်ဒရာ ဦးဆောင်သည့် လူငယ်အုပ်ကြီး တည်ဆောက်နေသည့် ယာဥ်ပျံကြီးမှာ ပြီးဆုံးနေလေပြီ။ တစ်ခုပဲ ကျန်ရှိတော့သည်။ ထိုယာဥ်ပျံကြီးကို ကာရံမည့် အပြင်ဘက်ဆုံး အလွှာပင်။ ယာဥ်ပျံကြီးသည် သဘာ၀ သစ်တောထွက် ပစ္စည်းများနှင့် တည်ဆောက်ထားသဖြင့် ကမ္ဘာလေထုကို ထိုးဖောက်ထွက်ရန် အပူချိန်ကို ခံနိုင်မည်မဟုတ်။ ထို သစ်သား ရွှံ့စေး မြေစေးတို့အပေါ်မှ ဖုံးလွှမ်းရန် အခွံတစ်ခုလိုအပ်နေသေးသည်။ မေစက်နိုင်သည် ပုရွက်ဆိတ်များသဖွယ် လှုပ်ရှား လုပ်ကိုင်နေကြသော လူငယ်များကို စိတ်ပျက်လက်ပျက်နှင့် ရပ်ကြည့်နေမိသည်။ ထိုလူငယ်များအတွက် အရေးအကြီးဆုံး လုပ်ငန်းကြီးမှာ သူမအတွက်တော့ ဟာသလိုဖြစ်နေသည်။
‘အင်းလေ။ ငါတို့ ကမ္ဘာပေါ်က သာမန်လူတွေရဲ့ ဘ၀တွေကို အပြင်က လာကြည့်ရင်လည်း ဒီကောင်လေးတွေလိုပဲ နေမှာပါပဲ။ ငါတို့အတွက် အရေးကြီးတယ်ဆိုတဲ့ အရာတွေဟာ အပြင်ကနေကြည့်ရင် ရယ်စရာလိုဖြစ်နေမှာပဲ မဟုတ်လား’
လွန်ခဲ့သော လေးရက်မတိုင်မီကအထိ သူမသည် ညတိုင်းလိုလို အိပ်ရာထဲတွင် ဇင်ကို့ကို သတိရသော စိတ်နှင့် ငိုကြွေးနေခဲ့မိသည်။ မနက်လင်းလျှင် အလုပ်သွားရသည်။ ညရောက်လျှင် အိမ်ပြန်သည်။ ညစာစားပြီး တီဗီကြည့် ဖုန်းပွတ်သည်။ သူမ ဘ၀ကရော ယခု ဤလူငယ်တွေ ဘ၀နှင့် ဘာများ ကွာခြားခဲ့ပါသလဲ။
တကယ်တော့ သူမသည် ဇင်ကိုအား လိုချင်ခဲ့ခြင်းမှာ အချစ်ကြောင့်ဟု ထင်ခဲ့သည်။ သူမသည် ဇင်ကို့ကို ချစ်ခဲ့သည်။ ဇင်ကိုနှင့် ဘ၀တစ်ခုကို တည်ဆောက်ချင်ခဲ့သည်။ မိသားစု ဘ၀လေးကို ရချင်ခဲ့သည်။
အားးး… အိုးမိုင်ဂေါ့ဒ်.. မိသားစု ဘ၀… ။ ငါလည်းပဲ မျိုးပွားချင်ခဲ့တာပဲ မဟုတ်လား။
မေစက်နိုင် သူမ အဖြစ်ကို ပြန်စဥ်းစားပြီး အသံထွက်အောင်ပင် ရယ်လိုက်မိသည်။ … နောက်ဆုံးတော့ ဒါပဲ။ ဒီဘူတာပဲ။ Sex ပဲ။ ငါတို့ အားလုံးဟာ ဒီကိစ္စကြီးရဲ့ သားကောင်တွေပဲ...။ တကယ်တော့ ငါ့ကိုယ်ပေါ်မှာ စိတ္တရဒေ၀ီ ထိုးပေးခဲ့တဲ့ တက်တူးပေါ်လာမှ ဒီပြဿနာက စတာမဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်ထဲမှာ မွေးကတည်းက ပါလာခဲ့တဲ့ မျိုးပွားအင်္ဂါတွေရဲ့ လွှမ်းမိုးချယ်လှယ်မှုကို ငါတို့အားလုံး ခံနေခဲ့ကြရတာပဲ မဟုတ်လား။ ဒါကို ငါတို့ဟာ လူကြားထဲမှာ ထုတ်မပြောရဲကြဘူး။ လျစ်လျူပြုထားကြတယ်။ ဟိတ်ကြီးဟန်ကြီးတွေထုတ်ကြတယ်။ ဟော… လူကွယ်ရာလည်းရောက်ရော၊ ညဘက်လည်းရောက်ရော - သူတော်ကောင်းကြီးတွေ၊ အိန္ဒြေရှင်ကြီးတွေပါမကျန် - အားလုံး အရှက်တွေ မရှိတော့ဘဲ ဒီကိစ္စကြီးကိုပဲ လုပ်ကြတော့တာ မဟုတ်လား...။
… စိတ္တရဒေ၀ီရေ။ ရှင့် တက်တူး မရောက်ခင်ကတည်းက ကျွန်မတို့အားလုံး ဒီ ကျိန်စာဆိုးကြီးရဲ့ အောက်မှာ ရှိနေကြတာမဟုတ်လား...။
သူမ၏ စကားကို စိတ္တရဒေ၀ီ တုံ့ပြန်ခြင်းမပြုခဲ့။ သူမကိုယ်ထဲတွင် ၀င်နေသော စုန်းမကြီးသည် တစုံတခုကို ကြံစည်နေပုံရသည်။
‘ဟဲ့ အနုရှ်။ လာခဲ့စမ်း ဒီကို’
‘မှန်ပါ သခင်မကြီး’
အနုရှ်သည် မေစက်နိုင်ရှေ့သို့ ရောက်လာပြန်သည်။
‘နင်တို့ ပရောဂျက်ကြီးက ပြီးပြီလား’
‘ခဏလေးစောင့်ပါ သခင်မကြီး’
အနုရှ်သည် ပေနှစ်ရာကျော်မြင့်မားသည် ဒုံးပျံကြီး၏ အောက်တွင် ပတ်လည်စုရုံးကာ ရပ်နေကြသော လူငယ်များဆီသို့ ပြေးသွားကာ ညာသံပေးလိုက်သည်။
‘အေး လေး လေး လေး လေး...’
သူ၏ အသံကြီးကို ကြားလျှင် ကျန်သော လူငယ်များသည်လည်း ထိုအသံနှင့် အလားတူ လိုက်လံ အော်ဟစ်လိုက်ကြလေသည်။
‘အေး လေး လေး လေး လေး...’
ထို့နောက်တွင်မူ တစ်ထောင်မျှရှိမည့် လူငယ်များသည် မြင့်မားလှသော ယာဥ်ပျံကြီး၏ ဘေးနံရံများအတိုင်း မျောက်သတ္တ၀ါများပမာ အသီးသီး တွယ်တက်သွားကြသည်။ သူတို့သည် အောက်သို့ ပြုတ်ကျမည်ကို စိုးရိမ်ခြင်းမရှိဘဲ ယာဥ်ကြီး၏ ထိပ်ပိုင်းဆီသို့ လျင်မြန်စွာ ကုပ်ကပ်တက်သွားကြလေသည်။ ခဏမျှကြာလျှင် မိုးမျှော်တိုက်ကြီးတစ်လုံးမျှ ကြီးမား မြင့်မားလှသော ယာဥ်ပျံကြီး၏ နံရံများပေါ်တွင် လူငယ်များသည် အသီးသီး ဖက်တွယ်ပြီး နေရာယူပြီးသား ဖြစ်သွားကြသည်။
မေစက်နိုင်သည် ဤအချိန်ထိ အံ့သြထူးဆန်း အော်ဂလီဆန်ဖွယ်များကို တွေ့ခဲ့ပြီးဖြစ်သည်။ သူမကိုယ်တိုင်လည်း မယုံကြည်နိုင်စရာ အဖြစ်များကို ဖန်တီးပြုလုပ်ခဲ့ပြီးလေပြီ။ သို့သော် ယခု ရှေ့ဆက်ပြီး သူမ တွေ့မြင်လိုက်ရသည့် မြင်ကွင်းမှာကား - သူမအတွက်ပင်လျှင် ခြောက်ခြားတုန်လှုပ်ဖွယ်အတိ ဖြစ်သွားရလေသည်။ အသင်စာဖတ်သူအားလည်း ရှေ့ဆက်ဖတ်မည်ဆိုလျှင် စဥ်းစားချင့်ချိန်ပြီးမှသာ ဖတ်ရှုပါရန် သတိပေးအပ်ပါသည်။
ယာဥ်ပျံကြီး၏ အပြင်ဘက်နံရံတွင် အသီးသီး နေရာယူ ကုပ်တွယ်ထားကြသော လူငယ်များသည် ယာဥ်ပျံကြီး၏ ထိပ်ဆုံးမှ အနုရှ်ချန်ဒရာ၏ အချက်ပေး အော်ဟစ်သံကြီး ထပ်မံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် -
‘အူး.. လား လား လား လား...လားးးး’
သူတို့အားလုံးသည် မိမိတို့ ခန္ဓာကိုယ်ဒွါရပေါက်များအားလုံးထဲမှ ထွက်လို့ရသမျှသော အညစ်အကြေး အရည် အကျိအချွဲများအားလုံးကို ယာဥ်ပျံကြီးအပေါ်သို့ တပြိုင်တည်း စွန့်ပစ်ပန်းထုတ်လိုက်ကြလေတော့သည်။ ထိုမျှမကဘဲ တချို့သော လူငယ်များသည် သူတို့၏ အရေပြားများကို ယာဥ်ပျံကြီး၏ ချွန်ထွက်နေသော အစိတ်အပိုင်းများနှင့် ထိုးဖောက်လှီးဖြတ်ချကာ ဒလဟော ထွက်လာသော သွေးစိမ်းရှင်ရှင်များကိုပါ ယာဥ်ကြီး၏ နံရံပေါ်သို့ သွန်ချနေကြလေသည်။ ခဏအတွင်းမှာပင် ရွှံ့စေး မြေစေး သစ်ရွက် သစ်ခက်များနှင့် ကြိုတင်ကာရံထားသော ယာဥ်ပျံကြီးသည် လူငယ်များ၏ တစ်ထောင်မျှသော ကိုယ်လုံးများမှ ထွက်သည့် သွေး အညစ်အကြေး အရည် အကျိအချွဲများနှင့် ဖုံးလွှမ်းသွားတော့သည်။
‘အား လား လား လား လား လား...’
အနုရှ်ချန်ဒရာသည် နောက်ဆုံး အော်ဟစ်သံကြီးကို ပြုလိုက်လျှင် လူငယ်အပေါင်းသည် ယခုအခါ ချွဲကျိနေပြီဖြစ်သော ယာဥ်ပျံကြီး၏ နံရံများကို ဖက်တွယ်ရင်း အလျင်အမြန် ကုပ်တွယ်ဆင်းကြလေတော့သည်။ ထိုသို့ဆင်းကြရင်း တချို့လူငယ်များမှာ ခြေချော်လက်ချော်ဖြစ်ပြီး ပြုတ်ကျကြလေရာ မြေပြင်နှင့် ရိုက်မိလျှင် ကိုယ်လုံးများ အစိတ်စိတ်အမြွာမြွာ ကျိုးပဲ့ကွဲကြေသေဆုံးသွားကြသူများမှာ အယောက်နှစ်ဆယ်မျှ ရှိပေလိမ့်မည်။
လူငယ်များအားလုံး မြေပြင်ပေါ်သို့ ရောက်ကြလျှင် အားလုံးသည် ယာဥ်ပျံကြီး၏ ဘေးပတ်ပတ်လည်တွင် ဒူးများထောက်လျက် ပြားပြား၀ပ်ရှိကြပြီးလျှင် ပါးစပ်များမှ အမည်မသိ ရှေးဟောင်း ဂါထာမန္တာန်များကို သံပြိုင် ညီညာစွာ ရွတ်ဆိုနေကြတော့သည်။
… ဝေါ … ဝေါ… ဝေါ.. ဝေါ….။
ထိုလူငယ်များ၏ ရွတ်ဆိုသံကြီးသည် ပဲခူးရိုးမတောကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။ ယခုအခါ ညသည် တဖြည်းဖြည်းနက်လာပြီး ကောင်းကင်သည် ကြည်လင်နေရာမှ တိမ်မည်းများနှင့် ဖုံးလွှမ်းလာသည်။ ကောင်းကင်တွင် လျှပ်စီးများလက်လာပြီး မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာလေသည်။ ရာသီဥတုသည် ကြည်လင်နေရာမှ ရုတ်တရက် ဖောက်ပြန်ပြောင်းလဲသွားခဲ့သည်။
… ဝေါ … ဝေါ… ဝေါ.. ဝေါ….အော… အော… အော….။
လူငယ်များသည် နဖူးများကို မြေကြီးနှင့် ဆောင့်ရင်း ဆောင့်ရင်း ဂါထာများကို ဆက်လက်ရွတ်ဆိုနေခဲ့သည်။ တိမ်တိုက်ကြီးများသည် တဖြည်းဖြည်းနှင့် ယာဥ်ပျံကြီး၏ ထိပ်ဖူးတည့်တည့်ဆီသို့ ဦးတည်ပြီး စုရုံးလာလေသည်။ နောက်ဆုံးတွင်မူ ကောင်းကင်တွင် တပြက်ပြက် လက်နေသော လျှပ်စီးများသည် တစ်နေရာထဲတွင် စုစည်းသွားကြပြီး အားကောင်းလှသော မိုးကြိုးတန်းကြီးအဖြစ် ယာဥ်ပျံကြီး၏ ထိပ်ဖူးတည့်တည့်ကို ‘ဂျိန်း’ ကနဲ ပစ်ချလိုက်လေတော့သည်။
‘ဂျိန်း.. ဂျိန်း.. ဂျိန်း….’
မိုးကြိုးသွားများသည် ရပ်မသွားပဲ ငါးမိနစ်မျှကြာအောင် ယာဥ်ပျံကြီးကို ဆက်တိုက်ပစ်ချနေခဲ့၏။ ယာဥ်ပျံကြီး၏ နံရံပေါ်တွင် ရှိနေခဲ့သော လူငယ်များကိုယ်မှ ထွက်ခဲ့သော ဓာတ်ပစ္စည်းများသည် လျှပ်စစ်စွမ်းအင်နှင့် ထိတွေ့ပြီး သတ္တုဓာတ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
‘ဟေး… ဝေး ဟေး ဟေး...’
လူငယ်များသည် ထိုအချင်းအရာကို မြင်လျှင် ၀မ်းမြောက်၀မ်းသာဖြင့် ထခုန်ကာ အော်ဟစ်ကြွေးကြော်လေတော့သည်။ ညသန်းခေါင်၏ ကောင်းကင်ပြင်ကြီးသည်လည်း တဖြည်းဖြည်းနှင့် ပြန်လည် ကြည်လင်သွားခဲ့သည်။
‘ကဲ.. စိတ္တရဒေ၀ီ။ ဒီသတ္တ၀ါလေးတွေရဲ့ တာ၀န်ပြီးဆုံးပြီ။ ရှင့်ကတိအတိုင်း ကျွန်မကိုယ်ထဲက ထွက်ပါတော့။ ဒါပေမဲ့… ရှင့်ရဲ့ တန်ခိုးတွေကိုတော့ ထားခဲ့ရလိမ့်မယ်’
‘နင်ငါ့ကို ဘယ်လိုယုံနိုင်သလဲ မေစက်နိုင်။ ငါ တန်ခိုးတွေ နင့်ဆီမှာ မထားခဲ့ဘဲ နင့်ကို ပြန်လုပ်ကြံမှာ မကြောက်ဘူးလား’
‘ကျွန်မဟာ ရှင့်အကြောင်းကို သိပြီးပြီ စိတ္တရဒေ၀ီ။ ရှင့်ရဲ့ နှစ်ပေါင်း ငါးထောင်ကျော်က အတွေ့အကြုံတွေ၊ စိတ်ဓာတ်တွေကို သိပြီးပြီ။ ရှင်ဟာ ရက်စက်ကြမ်းကြုတ်သော်လည်း ဘယ်တော့မှ လိမ်မပြောတတ်ခဲ့ဘူး။ ကတိကို မဖောက်ဖျက်ခဲ့ဘူး။ ဒါကြောင့် ရှင့်ကို ကျွန်မ မုန်းတီးသော်ငြားလည်း ရှင့်ကတိကိုတော့ ကျွန်မယုံကြည်တယ်။ ဒါကြောင့် ရှင့်ဆီက ကတိကို တောင်းနေခြင်းဖြစ်တယ်။’
‘အင်း… နင် တော်တော် ပါးနပ်တာပဲ။ မှန်ပါတယ်။ ငါက ကတိပေးပြီးရင် မချိုးဖောက်တတ်ဘူးဆိုတာမှန်တယ်။ ဒါပေမဲ့ ပြဿနာတစ်ခုကတော့ဖြင့် ရှိနေတယ်’
‘ဘာပြောတယ် စိတ္တရဒေ၀ီ။ ရှင်ပဲပြောတော့ ဒီကောင်တွေ လုပ်ငန်းပြီးရင် အနုရှ်ချန်ဒရာက ရှင့်ကို ကျွန်မကိုယ်ထဲက ပြန်ထုတ်ပေးနိုင်မယ်ဆို’
‘အဲဒါဟာလည်း အမှန်ပဲ။ နင်သိတဲ့အတိုင်း ငါ ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ။ ပြဿနာက သူတို့ရဲ့ လုပ်ငန်းဟာ မပြီးမြောက်သေးဘူး။ သူတို့ဟာ နင် တန်ခိုးနဲ့ တွေ့ခဲ့တဲ့ အဲဒီ ဂြိုလ်ကမ္ဘာဆီကို ရောက်အောင် သွားရဦးမယ်။ အဲဒီ့တော့မှ သူတို့ရဲ့ လုပ်ငန်းဟာ ပြီးမြောက်မယ် မေစက်နိုင်’
စိတ္တရဒေ၀ီ၏ စကားကို ကြားလျှင် မေစက်နိုင် တုန်လှုပ်သွားလေတော့သည်။
‘ဒါ.. ဒါဆို… ရှင့်တန်ခိုးတွေဟာ အဲဒီဂြိုလ်ကမ္ဘာကနေ ဒီကမ္ဘာကို ပြန်လာလို့ရလောက်အောင် စွမ်းသလား စိတ္တရဒေ၀ီ’
မေစက်နိုင်၏ အမေးကို စုန်းမကြီးသည် ရုတ်တရက်ပြန်မဖြေ။ ခဏကြာမှ မသေချာ မရေရာသော အသံနှင့်…။
‘အဲဒါတော့ ငါ တစ်ခါမျှ မစမ်းကြည့်ဖူးခဲ့ဘူး။ ငါက အနှစ်ငါးထောင်လုံးလုံး ဒီကမ္ဘာပေါ်မှာပဲ နေခဲ့တာလေ’
မေစက်နိုင်သည် သူမ၏ မျက်စိရှေ့တွင် ထီးထီးကြီး ရပ်တည်နေသော ယာဥ်ပျံကြီးကို ခြောက်ခြားစွာ ငေးကြည့်နေမိလေတော့သည်။
ဒါဆို ငါ အလင်းနှစ် သန်းပေါင်းများစွာဝေးတဲ့ အမည်မသိဂြိုလ်ပေါ်ကို ဒီသတ္တ၀ါတွေနဲ့အတူ လိုက်သွားရတော့မှာလား...။
x x x
(ဇာတ်သိမ်းပိုင်းကို ရှေ့အပတ်တွင် ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
#lotaya_shortstory