မောင့်လက်ကိုဆွဲ မောင်နဲ့မခွဲ Part - 3
lotaya.mpt.com.mm
|
2022-02-20

တစ်လ......။

အချိန်တစ်လ ကြာသည်အထိ မောင် ပြန်ရောက်မလာခဲ့သလို ဒေါ်လေးဆို စိတ်အရမ်းဆိုးကာ နေမကောင်း ဖြစ်သွားသေးသည်အထိ။ မုန်းကတော့ အပြင်ပန်းမှာ အေးဆေးတည်ငြိမ်ဟန်ဆောင်နေရပေမယ့် ညတိုင်း ခိုးငိုရသည်။ မောင့်ကို လွမ်း၍ငိုမိသလို ၊ မောင် ထားခဲ့ပြီဆိုတဲ့အသိကြောင့် နှလုံးသားက ပြင်းပြင်းထန်ထန် နာကျင်ရ၏။

မုန်းကို မောင် ဘာကြောင့်များ ထားခဲ့ရတာလဲ မောင််ရယ်။ မုန်းက မျက်မမြင်ဖြစ်နေ၍ မောင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့လေသလား။ မျက်စိမမြင်တဲ့မိန်းမ မို့ ဇနီးတော်ရမှာ မောင် ရှက်နေရော့သလား။ မုန်း မောင့်ကို စိတ်မဆိုးနိုင်ပါ။ တစ်သက်မှာ တစ်ခါသာ ချစ်ဖူးသလို ချစ်ရသူမောင့်ကို စိတ်မဆိုးရက်သည်အထိ မုန်း မောင့်ကို ချစ်သည်။ မုန်း ရဲ့ ချို့ယွင်းချက်သာမို့ မုန်း ထိုက်နဲ့ မုန်းကံသာရှိပါစေတော့လေ။ 

ခြံထဲက ဒန်းလေးပေါ်ထိုင်နေရင်း ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်စတွေကြောင့် တစ်ယောက်ယောက်များ မြင်သွားမလားဟု စိုးရိမ်ကာ ကပျာကယာလေး မျက်ရည်သုတ်ပစ်မိသည်။ 

လွမ်းတယ် မောင်။

မောင့် အသံသြသြလေးကိုလဲ လွမ်းတယ်။

မောင့် ဂရုစိုက်မှု အကြင်နာတွေလဲ လွမ်းတယ်။ 

တံခွန်သွေး စီးကရက်ကို ဇိမ်ခံဖွာရှိုက်နေရင်း အကြည့်တို့က လက်ထဲမှ ရှယ်ယာပိုင်ဆိုင်ခွင့်စာချုပ်ကို အေးအေးလူလူ စစ်ကြည့်နေမိသည်။ မုန်း အဖေပိုင်သည့် ကုမ္ပဏီက ရှယ်ယာတွေ သူ ဝယ်စုနေတာ အခုဆို သူက ရှယ်ယာတစ်ဝက်ပိုင်နေပြီဖြစ်၏။ 

" ဟျောင့်.....သွေး မင်း တကယ် မသွားတော့ဘူးလား။ "

" ငါက ဘယ်ကိုသွားရမှာလဲ။ "

ဘုကြည့်ပြန်ကြည့်လာကာ မေးခွန်းပင် တစ်ပြန်စီး ပြန်​မေးလာသည့် တံခွန်သွေးကြောင့် မြတ်သူ ပိုမချင့်မရဲဖြစ်သွားရသည်။

" ဂမုန်းနွယ်ဆီလေ.......မင်း နဲ့ သူ့အခြေအနေက....ကျစ်! မင်း အဲ့ဒါတော့ ငါသဘောမကျဘူးနော် ခွန်သွေး။ အခြား လက်စားချေနည်းတွေ အများကြီးရှိတယ်။ မင်းမှာလဲ ညီမရှိဖူးတာပဲကွာ.....မင်း ကိုယ်ချင်းစာမှပေါ့။ "

ညီမဖြစ်သူအကြောင်းပါလာတော့ တံခွန်သွေး ၏အကြည့်စူးစူးက မြတ်သူကို ပေစောင်းစောင်း လှမ်းကြည့်လာသည်။

" ကိုယ်ချင်းမစာနိုင်ဘူး.......ငါ့ညီမ က အဲ့မိန်းမ​ကြောင့် သေသွားပြီ။ ငါ့မှာ အခု ညီမ မရှိတော့တဲ့အတွက် မသိဘူး။ "

မြတ်သူ ဟင်းခနဲ သက်ပြင်းချလိုက်ရင်းမှ......

" ကားမောင်းတာက သူ့အဖေလေကွာ။ "

" ခု သူ့အဖေမှ မရှိတော့တာ.....မိဘအကြွေးဆိုတာ ဆပ်ပေးရင် ကုသိုလ်တောင်ရသေး။ "

" ဒါဆို မင်း သူ့ကို မယူဘူးပေါ့။ "

တံခွန်သွေး တွေခနဲ ဖြစ်သွားရင်းမှ တိတ်ဆိတ်သွားပြန်သည်။ မျက်နှာလှလှလေးကို မြင်ယောင်မိတော့ ရင်မောသွားရသလို ဘဝင်လဲမကျနိုင်ပြန်။

" ငါ့ကိစ္စငါကြည့်လုပ်ပါမယ်။ မနက်ဖန် meeting ရှိတယ် မဟုတ်လား။ ငါ မှန်းသိရင် အဲ့မိန်းမ ဘယ်လိုဖြစ်မလဲ သိချင်တယ်။ "

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိရင်း တံခွန်သွေး သဘောအကျကြီး ကျနေသည်။ ဂမုန်းနွယ် အရူးတပိုင်း ဖြစ်တာ သူ မြင်ချင်သည်။ သူ့ကို လက်ထပ်ပေးရန် ခယတောင်းဆိုလာတော့မှ သူ လက်ထပ်မည်။ ထိုအခါကျလျှင် ညီမလေး ဆုံးတုန်းက ငွေနဲ့ဖြေရှင်းရန် ထိုမိန်းမကြိုးစားခဲ့သလို ပြန်ခံစားစေရမည်။ 

အသင့်ပြင်ထားပါ ဂမုန်းနွယ် ။

အခုမှ စရမှာ မဟုတ်လား။

-------------------------------

ကုမ္ပဏီကို စောရောက်နေပေမယ့် မုန်းက ဘာမှ သိပ်လူလုံးထွက်မပြနိုင်ပဲ အန်တီလေးကသာ လုပ်ကိုင်သွားသည်ချည်းသာ။ အခုလဲ တစ်ဖက်က အများဆုံးရှယ်ယာရှင် မရောက်လာသေးခင် အခြားရှယ်ယာရှင်တွေအား စည်းရုံးနေပေမယ့် မုန်းတို့ အခြေအနေကို သိတာမို့ မလှုပ်ကြပဲ မသိဟန်ဆောင်နေကြ၏။

" နောက်ကျသွားတာ ဆောရီးဗျာ....လူစုံကြပြီထင်တယ်။ "

" ဟင်! "

ရင်းနှီးပြီးသားအသံသြသြကြောင့် မုန်း ထိုင်ရာမှ ထရပ်လိုက်မိသလို ဒေါ်ကြည်ပြာလဲ တံခွန်သွေးကိုမြင်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့် ခန့်ညားထည်ဝါစွာရှိနေသော တံခွန်သွေးပုံစံကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်းမှ......

" မင်း.......မင်း "

" တွေ့ရတာဝမ်းသာပါတယ်......ကျွန်တော့်နာမည် တံခွန်သွေးပါ။ Tree Group ရဲ့ Director ပါ။ "

နှုတ်ဆက်လိုက်ရင်း နေရာမှာ ဝင်ထိုင်လိုက်ကာ တံခွန်သွေး၏ အကြည့်က ဂမုန်းနွယ်ဆီ ဝေ့ခနဲ ရောက်သွားရသည်။ ခေါင်းလေးငုံ့ချထားသည်မို့ မျက်နှာကို ဆံနွယ်တွေနဲ့ကွယ်ကာ သူ့ဖက်က မမြင်ရပေမယ့် ဝတ်ထားသည့် မိုးပြာရောင်ထဘီလေးပေါ် တင်ထားသော လက်သီးဆုပ်လေးက တုန်ယင်နေတာ မြင်နေရသည်။ 

ဒေါ်ကြည်ပြာ အံကို တင်းခနဲ ကြိတ်လိုက်မိရင်း ကျောချမှ ဓားပြမှန်း သိလိုက်ရသည့် အဖြစ်ကို ရင်ထဲတနုံ့နုံ့ ဖြစ်နေရသည်။ ဒီနေရာမှာ ပွဲထကြမ်းလျှင်လဲ ကိုယ့်တူမပဲ အရှက်ကွဲကာ မိအေးနှစ်ခါနာဖြစ်မှာစိုးသဖြင့် ထွက်လာသည့် ဒေါသတွေကို မနည်းမျိုသိပ်နေရသည်။ ရှယ်ယာတွေလိုချင်လို့ သူမတို့အနား ပိပိရိရိဟန်ဆောင်ချည်းကပ်လာသည့် လူ။ သမီးမုန်းက စိတ်ထားကောင်းပြီး သနားတတ်သည်ကို အခွင့်အရေးယူကာ လှည့်စားသွားရက်သည်။ 

" ကုမ္ပဏီက အရှုံးအရမ်းပေါ်နေတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကျွန်တော့် သဘောကတော့ ဒီအတိုင်း ဆက်သွားနေမယ့်အစား ကုမ္ပဏီ ဖျက်သိမ်းပြီး အခြားလုပ်ငန်းတစ်ခု ပြင်ဆင်ကြရင် ကောင်းမယ်။ "

ဟင်....။

မုန်းရော ဒေါ်ကြည်ပြာပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို ထိုကဲ့သို့ စိုးရိမ်ထိတ်လန့်သွားကြသည်ကိုပင် သူ သိပ်သဘောကျသည်။ 

" ကုမ္ပဏီက အရမ်းကြာနေပါပြီ။ ဝန်ထမ်းတွေရဲ့ ဘက်ကိုလဲ ကြည့်ပေးရမှာပေါ့။ မုန်း ဆန္ဒကတော့... "

" ဆန္ဒနဲ့ဘဝက တစ်ထပ်ထဲမှမကျပဲ မဂမုန်းနွယ်။ အလုပ်လုပ်နေတာ ကလေးကစားနေတာမှ မဟုတ်ပဲ။ ရှယ်ယာဝင်တယ်ဆိုတာ အမြတ်လိုချင်လို့......ခင်ဗျား စိတ်သဘောကို အလိုလိုက်နေရင် ကျွန်တော်တို့ ရှယ်ယာရှင်တွေမွဲရချည်ရဲ့။"

ပြတ်သားသလို သူစိမ်းဆန်ပြီး တင်းတင်းမာမာပြောလာသည့် မောင့်အသံကြောင့် မုန်း မျက်ရည်စတွေ ဝဲတက်လာရသည်။ မုန်းအနားကို မောင်ရောက်လာတာ ဒီရှယ်ယာတွေအတွက် ပါပဲလား။ မုန်း အချစ် မုန်း ဘဝလေးကို မောင်မို့ လှည့်စားရက်တယ် မောင်ရယ်။ မုန်း အံလေးတင်းခနဲ ကြိတ်လိုက်မိကာ.....

" ခွန်က ကုမ္ပဏီကို တကယ်ဖျက်စေချင်နေတာလား။ "

အသံလေးတိမ်ဝင်ကာ သူ့ကို မေးခွန်းပြန်ထုတ်လာသည့် မုန်းကြောင့် တံခွန်သွေး လွန့်ခနဲ ပြုံးမိသည်။

" ဟုတ်တယ်..... "

" ကောင်းပါပြီ။ မုန်း မကန့်ကွက်ပါဘူး။ "

ဒေါ်ကြည်ပြာ အလန့်တကြား သမီးမုန်းကို ကြည့်မိသလို တံခွန်သွေးကတော့ ခပ်မဲ့မဲ့သာ ပြုံးသည်။ အသင့်ပြင်လာပြီးသား အခြားလုပ်ငန်းကို တံခွန်သွေးက ရှင်းပြရင်း မုန်းကတော့ တုံဏှိဘာဝေသာ။ မုန်း မောင့်ကို မေးခွန်းတစ်ခုသာ မေးချင်ပါသည်။

မောင် မုန်းကို တကယ်မချစ်ခဲ့ဘူးလား။

@@@@@@@@@@@

အစည်းအဝေးပြီး၍ ရှယ်ယာရှင်တွေ ပြန်သွားကြတာမို့ ရုံးခန်းထဲ သူ နဲ့ လွင်မောင် ၊ မုန်းတို့သာ ကျန်ခဲ့သည်။ ဒေါ်ကြည်ပြာက သူ့ဆီ လျှောက်လာရင်း ပါးကိုလွှဲရိုက်ချလိုက်ပေမယ့် တံခွန်သွေးက ထိုလက်ကို ဖမ်းကိုင်ထားကာ ဆောင့်လွှတ်ချပစ်တော့ ဒေါ်ကြည်ပြာ အနားရှိဆိုဖာပေါ် ယိုင်ကျသွားသည်။ ကြားနေရသည့် အသံတွေကြောင့် မုန်း လက်လေးတစမ်းစမ်းဖြစ်သွားရရင်း ကမန်းကတန်း လိုက်မေး၏။

" ဘာဖြစ်တာလဲ.....အန်တီလေး....အန်တီလေး။ "

တံခွန်သွေး မုန်းပုံစံကို ကြည့်ကာ ကိုယ်ရှိန်ပြန်သပ်လိုက်ရင်းမှ.....

" ကျုပ်ကို ထိပါးဖို့ မစဥ်းစားတာကောင်းမယ်။ "

" မင်းက လူယုတ်မာပဲ တံခွန်သွေး.....မင်း ငါ့တူမလေးကို ပန်းကောင်းအညွန့်ချိုးလုပ်တာ။ ရှယ်ယာလိုချင်တာနဲ့....."

တံခွန်သွေး ဟက်ခနဲ လှောင်သလို ရယ်မောလိုက်တော့ ဒေါ်ကြည်ပြာက ပြန်ထရပ်လိုက်ရင်း စူးစူးရဲရဲ ငေးကြည့်နေသည်။ 

" ခင်ဗျားတူမက ပန်းကောင်းဆိုတာ သေချာလား။ အဟွန်းးးးမေးကြည့်စမ်းပါ ခင်ဗျားတူမကို။ ကျုပ်သူ့ဆီက ဘာပိုင်ဆိုင်မှုတွေ တောင်းရမ်းဖူးလဲ။ နစ်နာတယ်ထင်ရင် နစ်နာကြေး ဘယ်လောက်ပေးရမလဲ ။"

မုန်း သက်ပြင်းလေးချလိုက်မိသလို.....

" တော်ကြပါတော့...... မုန်း အညှာလွယ်လို့ ဖြစ်ရတာပါ အန်တီလေးရယ်။ ခွန့် အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ခွန်....မင်း မုန်းကို တကယ်..."

" မုန်းတာ.... "

အို.....။

မုန်းမေးမည့် မေးခွန်းကို သူ သိသလို ရှေ့ကပိတ်ဖြေပစ်လိုက်တော့လဲ မုန်းခံစားရတာ မချိမဆန့်ပါပဲ။ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရင်း ခုချိန်ထိ သူ မုန်းကို ချစ်ပါတယ်ဟု မာန်တင်းခဲ့သမျှ ရေစုန်မျောသွားရသည်။ 

" ပြန်ကြရအောင် အန်တီလေး......"

" သမီးမုန်း...."

" မုန်း တောင်းပန်ပါတယ်.... ပြန်ချင်တယ် အန်တီလေးရယ်။ "

လေသံတိုးတိုးဖြင့် တောင်းဆိုလာတော့ ဒေါ်ကြည်ပြာ တံခွန်သွေးကို စူးစူးရဲရဲ စိုက်ကြည့်ကာ တူမဖြစ်သူလက်ကို ဆွဲ၍ နေရာမှ ထွက်လာခဲ့သည်။ တံခွန်သွေး သူ့ဘေးမှ ဖြတ်သွားသည့် မုန်း မျက်နှာကို မသိမသာ လှမ်းကြည့်မိရင်း ဘာလို့မှန်းမသိ စိတ်ထဲမတင်မကျ။ အခန်းဝနားရောက်တော့ မုန်း၏ ​ခြေလှမ်းတွေ ရပ်တန့်သွားရင်း သက်ပြင်းလေးချလာသည်။

" မုန်း မင်းကို တရားစွဲမှာ မဟုတ်သလို မကျေနပ်တာမျိိုးလဲ မရှိပါဘူး။ မင်း စိတ်အေးလက်အေး နေပါ။ " 

ထိုနေရာမှ ထွက်လာခဲ့ပြီးသည့်အချိန် မုန်း ရင်တစ်ခုလုံး နာကျင်ရလွန်းလို့ ရူးမတတ်ပါပဲ။ မောင် မုန်းကို မချစ်ခဲ့ရုံမက မုန်းသည်တဲ့လေ။ စိတ်ကူးထဲတောင် မစဥ်းစားမိခဲ့ဖူးပါ။ ဘာကြောင့်များ မောင်ဟာ မုန်းကို ဤမျှအထိ မုန်းရပါသလဲ။ ရည်ရွယ်ချက်ရှိရှိ မုန်းအနားချည်းကပ်ခဲ့သည်အထိ မောင် မုန်းကို မုန်းနေရသလားကွယ်။ 

ထိုနေ့က မုန်း အိမ်ပြန်ရောက်ရောက်ချင်း စိတ်ထိခိုက် လွန်းရသဖြင့် ဖျားပါဖျားသည်။ နှလုံးသားက အကျင့်ပါပြီး မောင့်ကိုတမိတော့ အန်တီလေးက မုန်းကို ဂရုဏာဒေါသဖြင့် ထုရိုက်ရင်း ငိုသည်။ မိုက်မဲလွန်းသည်တဲ့လေ.....ဟင့်အင်း....မုန်း မိုက်မဲမှန်း သိပါတယ်။ ဒါပေမယ့် မောင့်ကို ချစ်မိနေတာ မုန်း ဘာတတ်နိုင််မည်လဲ။ 

-----------------------

တံခွန်သွေး ကားမှန်အမဲတွေအပြည့်တင်ထားသည့် ကားထဲမှနေ၍ ဝရန်တာလေးတွင် ထွက်ရပ်ကာ ငေးငိုင်နေသော မုန်းကို လှမ်းကြည့်နေမိသည်။ ပြုံးနေကျမျက်နှာလေးက သိသိသာသာညှိုးနွမ်းနေသလို တစ်စုံတစ်ခုကို အလေးအနက် တွေးနေဟန်ရသည်။ 

" မင်း ဘာလို့ ဒီရောက်လာတာလဲ ခွန်သွေး။ ".

သူ့ဘေး ထိုင်နေသည့် မြတ်သူအမေးကို ပြန်မဖြေနိုင်ပဲ လေပူတစ်ချက်ကို ရင်ပူစွာမှုတ်ထုတ်မိသည်။ သက်ပြင်းတစ်ချက် ခိုးရှိုက်ရင်းမှ ........

" ငါ ဂမုန်းနွယ် နဲ့ လက်ထပ်မယ် မြတ်သူ ။ "

မြတ်သူ မျက်နှာ​က ဝမ်းသာသွားပုံရကာ သူ့ကို အံ့အားတကြီး ငေးကြည့်လာသည်။ စိတ်ပြောင်းသွားမှာလဲ စိုးရိမ်တာကြောင့်......

" ကောင်းတာပေါ့ကွ.......ငါ သိပါတယ် မင်း အဲ့လိုစိတ်ဓာတ်မရှိဘူးဆိုတာ။ ကောင်းတယ် ခွန်သွေး ...မင်း ဆုံးဖြတ်ချက်မှန်တယ်။ "

တံခွန်သွေး ပြုံးမိသွားရင်းမှ.....

" အစထဲက လက်ထပ်မလို့ ပြင်ဆင်ထားပြီးသားပါ။ တမင် စိတ်ဒုက္ခပေးချင်လို့ကို ပေးတာ။ လက်ထပ်ပြီးလဲ အဲ့မိန်းမကို မုန်းတာက မုန်းတာပဲ။ "

မြတ်သူ ရင်မောသွားရပေမယ့် ဘာပဲဖြစ်ဖြစ် လက်ထပ်ဖို့သာ အဓိက မဟုတ်လား။ အထွန့်တက်မနေပဲ သူလဲ ဂမုန်းနွယ်ကို အရင်က အမြင်ကတ်ပါသည်။ သို့ပေမယ့် မျက်စိမမြင်တော့ဘူးဆိုတဲ့အချိန်မှာ သနားသည်။ မိန်းကလေးတစ်ယောက် ကိုယ်ကျိုးနည်းအောင် လုပ်တာတော့ သူလဲ မကြိုက်။ 

! ကလင်........ကလင်......ကလင်!

ဖုန်းမြည်သံကြောင့် ဒေါ်ကြည်ပြာ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ တံခွန်သွေး၏ အထက်စီးလေသံက ထွက်လာသည်။ 

" မနက်ဖန်မနက် ဂမုန်းနွယ်ကို လာတောင်းရမ်းမယ်။ မင်္ဂလာပွဲကိုတော့ အရင်ပြောထားသလိုပဲ လုပ်တာပေါ့။ "

" ဘာ! တံခွန်သွေး မင်း ငါတို့ကို ဘာထင်နေတာလဲ ။ ခုတစ်မျိုး တော်ကြာတစ်မျိုး မင်းက...."

" ခင်ဗျား တူမဘက်ကပဲ နစ်နာမယ်ဆိုတာ ခင်ဗျား သိမှာပါ။ မလာနဲ့ဆိုလဲ အိုကေ....ကျုပ်အတွက် အဆင်ပြေတယ်။ ဘယ်လိုလဲ လာရမလား မလာရဘူးလား။ "

ဒေါ်ကြည်ပြာ အံကိုတင်းတင်း ကြိတ်လိုက်မိရင်း စိတ်ကို ပြန်လျော့ချမိသည်။ ကိုယ့်တူမလေး ဘဝမှာ အမဲစက်ကြီးလဲ ထင်ကျန်မနေချင်။ တံခွန်သွေးကိုလဲ ကြည့်လို့မရ။ သို့ပေမယ့် သွားလေသူ ကိုယ့်အစ်ကို မျက်နှာပြန်မြင်မိတော့ သက်ပြင်းချလိုက်မိကာ လက်ခံလိုက်ရသည်။ ပတ်ဝန်းကျင် မှာ သွားပုတ်လေလွင့်ပြောတာလဲ မဖြစ်စေချင်သလို မုန်းလေးက စိတ်ပျော့တာ သိနေ၏။ 

တစ်ဖက်မှ လက်ခံလိုက်တော့ တံခွန်သွေး သဘောကျစွာ ပြုံးမိသွားရသည်။ ကျိန်းသေ လက်ခံမည်ဆိုတာ သိပြီးသား မဟုတ်လား။ 

@@@@@@@@@@@@

လူကြီးတွေ မင်္ဂလာစကားပြောဆိုနေကြသည်ကို နားထောင်နေရပေမယ့် တံခွန်သွေးအကြည့်က ဒေါ်ကြည်ပြာအနား ထိုင်ကာ ခေါင်းငုံ့ထားသည့် မုန်းဆီသာ တစိုက်မက်မက် ။ ရောက်လာထဲက သူမ မျက်နှာမကောင်းတာ သူ ရိပ်မိသလို အခုထိ ခေါင်းက မော့မလာ။

" ဒါဆို မင်္ဂလာပွဲက ဒီအပတ် သောကြာသတ်မှတ်လိုက်ပြီနော်။ အဆင်မပြေတာ ရှိလား။ "

" ရှိတယ်..... "

တံခွန်သွေးဆီမှ အသံထွက်လာတာမို့ ဒေါ်ကြည်ပြာလဲ ရင်ထိတ်သွားရကာ မုန်းလဲ လက်သီးလေးကို ယောင်ယမ်းဆုပ်မိသွားရသည်။ တံခွန်သွေးက ဆိုဖာပေါ် ခြေချိတ်ထိုင်နေရာမှ ဂမုန်းနွယ်ကို ငေးစိုက်ကြည့်ရင်း...

" သတို့သမီးက ဇက်ကျိုးနေတာလား။ အဲ့ခေါင်းက ဘာကိစ္စတစ်ချိန်လုံး ငုံ့ထားရတာလဲ။ "

ဒေါ်ကြည်ပြာ တံခွန်သွေးကို ခပ်တည်တည် လှမ်းကြည့်ရင်းမှ...

" သမီးမုန်းက နေမကောင်းဘူး ။ ကုမ္ပဏီကနေ ပြန်လာထဲက ဖျားနေတာ ခုမှ သက်သာခါစ။ "

နေမကောင်းဘူးဆိုသည့် စကားကြားတော့ တံခွန်သွေးက မယုံသလို သေချာလိုက်စူးစမ်းကြည့်သည်။ ပြီးမှ ထရပ်ရင်း.....

" ပြီးတာပဲ......မင်္ဂလာပွဲကျရင်တော့ ပြုံးနေတာပဲ လိုချင်တယ်။ "

ပြောချင်တာပြောပြီး အိမ်ထဲမှ ထွက်သွားသည့် ခြေသံကို မုန်း ကြားနေရပါသည်။ ခြံထဲကနေ ကားတွေ ထွက်သွားသံကြားမှ မုန်း သက်ပြင်းလေးချမိရင်း ဘာကိုရင်မောမှန်းမသိမောနေမိသည်။ မောင့်ကို ချစ်၍ လက်ခံချင်စိတ်က တစ်ဖက်.....ယခုပြောင်းလဲသွားသည့် မောင့်ကို ကြောက်သည့်စိတ်ကတစ်ဖက် လွန်ဆွဲနေကာ နှလုံးသား နှင့် ဦးနှောက် လွန်ဆွဲပွဲတွင် မုန်းဟာ နှလုံးသားကို အလိုလိုက်ခဲ့ခြင်းပင်။

မင်္ဂလာပွဲကိစ္စစီစဥ်တော့လဲ မောင်က သူ့ဘာသာ အကုန်စီစဥ်ပြီးသားဖြစ်ကာ ဘာမှ အထွန့်တက်ခွင့်မရှိ။ မုန်း ဝတ်ရမည့်ဝတ်စုံကအစ သူ့စိတ်ကြိုက် ပို့ပေးသလို မုန်း ရွေးခွင့်မရ။ အခုလဲ မနက်ခင်းဆို မင်္ဂလာပွဲမို့ မုန်း စိတ်တွေလှုပ်ရှားကာ ညရောက်တာတောင် ခြံထဲက ဒန်းလေးပေါ် ထိုင်နေမိခြင်းပင်။

! တီ တီ တီ!

ကားဟွန်းတီးသံကြောင့် မုန်းကိုယ်လေး ဆတ်ခနဲဖြစ်သွားရသလို ဒီအချိန်ကြီး ဘယ်သူလာသလဲဟု တွေးမိသွားရသည်။ အိမ်ထဲမှ ပြေးထွက်လာကာ ခြံတံခါးဆီ လျှောက်သွားသည့်အသံကို ကြားလိုက်ရပြီး မကြာလိုက်ပဲ ခြံတံခါးမကြီး ဆွဲဖွင့်သံနှင့် ကားဝင်လာသံကြောင့် အသိမိတ်ဆွေထဲက ဖြစ်ပုံရသည်။

တံခွန်သွေး ကားပေါ်ကနေ ဆင်းလာရင်းမှ ဒန်းလေးပေါ်ထိုင်ကာ နားစွင့်နေဟန်ရသည့် မုန်းဆီသာ တည့်တည့်မတ်မတ် လျှောက်လာခဲ့၏။ 

" ဟင်......မောင် လား။ "

အနားရောက်လာသည်နှင့် ရလိုက်သည့် ရေမွှေးနံ့ပြင်းပြင်း ၊ ယဥ်ပါးဖူးသည့် ကိုယ်သင်းနံ့ကြောင့် မုန်း တန်းသိသည်။ မုန်းဆီမှ ထိုမေးသံကြားတော့ တံခွန်သွေး၏ နှုတ်ခမ်းက မဆိုစလောက် ပြုံးသလို တွန့်ချိုးသွားသည်။ 

" နေကောင်းပြီလား။ "

ခပ်ဆတ်ဆတ် မေးသံကြောင့် မုန်း ခေါင်းလေးငြိမ့်ပြမိသည်။ တံခွန်သွေး မုန်း၏ အရှေ့တည့်တည့်တွင် ရပ်နေရင်းမှ မုန်း မျက်နှာလေးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

" မောင်......"

" မနက်ဖန် ဆို ခင်ဗျားက ကျုပ်မိန်းမဖြစ်ပြီ ဂမုန်းနွယ်။ ကျုပ် ခင်ဗျား ကို ဘာကြောင့် လက်ထပ်လဲ သိလား။ "

မောင့်မေးခွန်းကို ကြားလိုက်သည့် ခဏ မုန်း အလိုအလျောက် အံလေးကြိတ်မိသွားရသည်။ အဖြေကို ကြိုတင်ရိပ်မိသလို နားလဲမထောင်ရဲခဲ့ပါ။ 

" ချစ်ဖူးငုံဆိုတာ ကျုပ်ညီမလေးပဲ ဂမုန်းနွယ် ။ "

မြတ်စွာဘုရား ။

မုန်း အံ့သြတာ မဟုတ်ပဲ တုန်လှုပ်သွားခြင်းပင်။ ပြီးတော့ အတွေးတွေ ၊ အဖြစ်အပျက်တွေ အားလုံးဆပ်စပ်ပြီး မုန်း ရိပ်မိလိုက်သည်။ 

" မောင်.....မောင် မုန်းကို တမင်။ "

" ဟုတ်တယ်..... တမင် လက်စားချေချင်လို့ကို ကျုပ် ခင်ဗျား ကို ယူမှာပဲ ဂမုန်းနွယ်။ ခင်ဗျားက ကျုပ် ချစ်လို့ လက်ထပ်တဲ့ မိန်းမ မဟုတ်ဘူး...မုန်းလို့ လက်ထပ်ချင်တဲ့ မိန်းမပဲ။ "

ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရရင်းမှ မုန်း မျှော်လင့်ချက်မဲ့သွားရသည်။ မောင် မုန်းကို ချစ်မှာပါလေဟု ဖြေသိမ့်ခဲ့ရသမျှ မုန်း တွေးပင်မတွေးရဲအောင်ကို မောင်က ရိုက်ချိုးပစ်သည်။ မောင် ပြန်သွားသည့်တိုင် မုန်းမှာ ရင်ထဲတင်းကြပ်စို့နင့်ကာ နာကျင်ရင်း တစ်ညလုံး မျက်ရည်တစမ်းစမ်း။ 

မုန်း မောင့်ကို ချစ်တယ် မောင်။

မောင့်ကို ဆုံးရှူံးဖို့ မစဥ်းစားရဲလောက်အောင် မုန်း မောင့်ကို ချစ်မြတ်နိုးတယ်။ 

@@@@@@@@@@@@@@@@@@@@@.

To be continue P - 4

Author - အနမ်းခြွေ

#lotaya_shortstory


#မေးခွန်း
#မျက်နှာ
#ကုမ္ပဏီ
#လက်ထပ်
#အနာ

Some text some message..